Tuesday, May 14, 2024

ဗာဒံပင် နှင့် တူသော ထမင်းဆိုင်ရှင် တစ်ဦး ( ၁ )


 

❝ ဗာဒံပင် နှင့် တူသော ထမင်းဆိုင်ရှင် တစ်ဦး ❞
        
        ( အပိုင်း - ၁ )

သစ်ပင် တစ်ပင် သည် ရှိ၏ ။ ထို သစ်ပင် ကို အချို့ က ‘ ဗန်နာ ’ ပင် ဟု ခေါ်၏ ။ အချို့က ‘ ဗန်ဒါ ’ ပင် ဟု ခေါ်၏ ။ အချို့ က ‘ ဗာဒံ ’ ပင် ဟု ခေါ်၏ ။ ကျွန်ုပ် ကိုယ်တိုင် ပင် ထို သစ်ပင်ကို မည်သို့ ခေါ်ရမည် မသိ ။ “ ဗန်နာ ” ဟု ခေါ်သူများ နှင့် တွေ့ လျှင် ကျွန်ုပ် က ရော၍ ‘ ဗန်နာ ’ လိုက်၏ ။ ‘ ဗန်ဒါ ’ ဟု ခေါ်သူများ နှင့် တွေ့ လျှင် ကျွန်ုပ် က “ ဗန်ဒါ ” ဟု ပင် ပြော၏ ။ “ ဗာဒံ ” ဟု ပြောသူများ နှင့် တွေ့ လျှင် ‘ ဗာဒံ ’ ဟု ပင် ပြော၏ ။

အမှန်စင်စစ် ထို သစ်ပင် ၌ အမည် တစ်မျိုး တည်း သာ ရှိ၏ ။ ကျွန်ုပ်တို့ က မခေါ်တတ် သောကြောင့် သာ လျှင် နေရင်း ထိုင်ရင်း အမည် သုံးမျိုး ကွဲပြား သွားခြင်း ဖြစ်ပေသည် ။ ထို့အပြင် ကျွန်ုပ်တို့ သည် ထို အပင် ၏ အကြောင်း ကို ဂဃနဏ သိသူ နည်း၏ ။ ထို အပင် ကို အချို့ က မဇ္ဈိမဒေသ မှ ရောက် လာသော အပင် ဟု အယူ ရှိကြ၏ ။ အချို့ က လည်း ဂန္ဓာလရာဇ်တိုင်း မှ ရောက်လာသည် ဟု အယူ ရှိကြ၏ ။

အချို့ သည် ထို အပင် ကို မိမိ ခြံဝင်း အတွင်း ၌ မစိုက်ကောင်း ဟု ဆိုကာ ပေါက် လျှင် နုတ် ပစ် တတ်ကြ၏ ။ အချို့က လည်း “ ဗန်ဒါ ” ဆိုသည် မှာ “ ဘဏ္ဍာ ” ဟု အဓိပ္ပာယ် ရသော ကြောင့် ဥစ္စာဘဏ္ဍာ တိုးတက်ခြင်း နိမိတ် ပင် ဖြစ်သည် ။ ထို့ကြောင့် ခြံ ထဲ တွင် စိုက်ကောင်း သည် ဟု အယူ ရှိပေသည် ။

အချို့က ဆို လျှင် ထို အပင် တစ်ရပ် ကျော် လျှင် သရဲ ကပ်တတ် သည် ဟု ယုံကြည်၏ ။ အချို့ က လည်း ဗန်ဒါပင် အကိုင်း ခုနစ်ဆင့် တက် လျှင် ဘုံခုနစ်ဆင့် ဖြစ်၍ ရုက္ခစိုး ရောက်လာတတ်သည် ဟု အယူ ရှိပြန်သည် ။

အမှန်စင်စစ် ထို အယူများ ထို ယုံကြည်ချက်များ သည် ခြေခြေမြစ်မြစ် ရှိလှသည် မဟုတ် ။ မိမိ စိတ်သဘော အလျောက် ထင်ချင် ရာ ထင် ၍ ယုံချင် ရာ ယုံထားခြင်း မျှသာ ဖြစ်၏ ။

ကျွန်ုပ် သည် ‘ ဗာဒံ ’ ပင် ကို အများသူငါ ကဲ့သို့ ပင် ခြေခြေမြစ်မြစ် မသိလှပါ ။ သို့ရာတွင် ထို အပင် ကို ချစ်၏ ။ ရှုပ်ထွေးခြင်း မရှိသော သူ ၏ ပင်စည် နှင့် အကိုင်းများ ကို သဘောကျ၏ ။ ပုဝိုင်းဝိုင်း သဏ္ဌာန် ရှိသော သူ ၏ အရွက် ကို နှစ်သက်၏ ။ သူ ၏ အရွက် သည် အချိန် ကာလ အလျောက် အစိမ်းနုရောင် လည်း ရှိ၏ ။ အစိမ်းရင့်ရောင် လည်း ရှိ၏ ။ အဝါရင့် ရောင် လည်း ရှိ၏ ။ နီနီရဲရဲ လည်း ရှိ၏ ။ ထို့ပြင် သူ ၏ အသီး ကို ကျောက်ခဲ ဖြင့် ထု ၍ အထဲ မှ အဆန် ကို ငယ်စဉ် က အကြိမ်ပေါင်း များစွာ စားဖူးသော ကြောင့် ကျွန်ုပ် အဖို့ ငယ်ပေါင်း သူငယ်ချင်း ကဲ့သို့ ရှိ၏ ။

ကောက်ညှင်းပေါင်းသည် တို့ သည် ဗာဒံရွက် ကို အများဆုံး အသုံး ပြုကြ၏ ။ ကျွန်ုပ် သည် ကောက်ညှင်းပေါင်း ကြိုက်သော ကြောင့် ယခု ထက် တိုင် ဗာဒံရွက် နှင့် ရင်းနှီး နေဆဲ ရှိ၏ ။ သူ ၏ အကြောင်းကို ခြေခြေမြစ်မြစ် မသိဘဲ သူ ၏ နာမည် ကို မှန်မှန်ကန်ကန် မခေါ်တတ်ဘဲ လျက် ရင်းနှီးခင်မင်သော အရာ ကို ပြပါ ဆိုလျှင် ကျွန်ုပ် အဖို့ ဗာဒံပင် ကို သာ ပြရန် ရှိပေတော့၏ ။

ထို့ပြင် ကျွန်ုပ် ၌ ခင်မင်သော မိတ်ဆွေ တစ်ဦး ရှိ၏ ။ သို့ရာတွင် ကျွန်ုပ် အနေ နှင့် ထိုမိတ်ဆွေ ၏ အကြောင်း ကို ဂဃနဏ မသိပါ ။ ယုတ်စွ အဆုံး ထို သူ ၏ အမည် ကို ပင် မှန်မှန်ကန်ကန် မခေါ်တတ် ပါ ။ သို့သော် ကျွန်ုပ် သည် သူ့ ကို ခင်၏ ။ ထို့ကြောင့် ထိုသူ အား “ ဗာဒံပင် နှင့် တူသော မိတ်ဆွေ ” ဟု ဆိုရန် ရှိ၏ ။

ထို သူ သည် ထမင်း ရောင်း သောကြောင့် “ ဗာဒံပင် နှင့် တူသော ထမင်းဆိုင်ရှင် ” ဟု လည်း ဆိုနိုင်ပေသည် ။

ထိုအချိန် က ကျွန်ုပ် သည် ဆီစက် တစ်စက် ၌ အလုပ် ဆင်း ရ၏ ။ အလုပ် ဆင်းသည် ဆိုသော် လည်း ကျွန်ုပ် အလုပ် မှာ ကြီးကြီးကျယ်ကျယ် မဟုတ်ဘဲ စက်ရုံ ၏ ညစောင့် ဒရဝမ် မျှ သာ ဖြစ်ပေသည် ။ ကျွန်ုပ် သည် စက်ရုံ သို့ ည ( ၆ ) နာရီ တွင် အလုပ် ဝင်၍ နံနက် ( ၇ ) နာရီ တွင် အလုပ် ထွက် ရ၏ ။

ထို စက်ရုံ သို့ သွားသော လမ်း တွင် ထမင်းဆိုင် တစ်ဆိုင် ရှိ၏ ။ ထို ထမင်းဆိုင် မှာ ကြီးမားသော ဗာဒံပင်ကြီး နှစ်ပင် အောက် တွင် ဖွင့်လှစ် ထားခြင်းဖြစ်၏ ။ ထို ထမင်းဆိုင် မှာ တရုတ်ထမင်းဆိုင် ဖြစ်၏ ။ သို့ရာတွင် မြန်မာထမင်းဟင်း လည်း မှာယူ စားသောက် ၍ ရ၏ ။

ကျွန်ုပ် သည် စက်ရုံ သို့ သွားသော အခါ ၌ ထို ထမင်းဆိုင် တွင် ဝင်၍ ထမင်း စား၏ ။ ထို ဆိုင် ၌ ပင် ဆေးလိပ် ၊ မီးခြစ် စသည့် ကျွန်ုပ် ၏ တစ်ညတာ လိုအပ်ချက်များ ကို ဝယ်ယူ၏ ။ ထို့နောက် မှ စက်ရုံ သို့ သွား လေ၏ ။ နံနက် မိုး လင်း၍ စက်ရုံ မှ ပြန်လာ လျှင် လည်း ထို ထမင်းဆိုင် တွင် ပင် ထမင်းကြော် နှင့် လက်ဖက်ရည် တစ်ခွက် ဝင် ၍ သောက် သေး၏ ။ ထို တရုတ်ထမင်းဆို င်၌ လက်ဖက်ရည် ကော်ဖီ လည်း ရ၏ ။ဆေးလိပ် ၊ မီးခြစ် လည်း ရ၏ ။ ခေါင်းကိုက်ပျောက်ဆေး ၊ ဝမ်းနုတ်ဆေး ၊ လက်နှိပ်ဓာတ်မီး ၊ ဘတ်သီး ၊ ဓာတ်ခဲ ၊ ဗလရှင်ဆေးပြား စသည် တို့ လည်း ရ၏ ။

ကျွန်ုပ် သည် စက်ရုံ မှ ပြန် လာ လျှင် အထက် က ဆိုခဲ့သည့် အတိုင်း ထမင်းကြော် နှင့် လက်ဖက်ရည် တစ်ခွက် သောက်သေး၏ ။ ထို့နောက် မှ သတင်းစာ လည်း ဖတ်သေး၏ ။ ထို့နောက် မှ ကျွန်ုပ် နေထိုင်ရာ တာမွေ ဘက် ဆီသို့ ကား အဆင့် ဆင့် စီး၍ ပြန် လေတော့၏ ။

ထို ဆိုင် ၌ အထက်က ဆိုခဲ့သည့် အတိုင်း နေ့ တစ်ခါ ၊ ည တစ်ခါ ဝင် ၍ စားသောက်သော ကြောင့် ထမင်းဆိုင်ရှင် တရုတ်ကြီး နှင့် မျက်မှန်းတန်း မိလာ၏ ။ ထို ထမင်းဆိုင်ရှင်ကြီး အား ထမင်း လာရောက် စားသောက်သူများ က ‘ အီးနုံ ’ ဟု ခေါ်သူ လည်း ရှိ၏ ။ တရုတ်ကြီး က ထူး၏ ။ အချို့က လည်း ‘ အီးနောင် ’ ဟု ခေါ်၏ ။ ထိုအခါ၌ လည်း တရုတ်ကြီး က ထူး၏ ၊ အချို့က လည်း ‘ အီးနု ’ ဟု ခေါ်၏ ။ တရုတ်ကြီး က ထူး၏ ။ ထို့ကြောင့် ကျွန်ုပ် က တစ်ခုသော နံနက် တွင် ..

“ နေစမ်းပါဦး ပေါက်ဖော်ကြီး ရယ် ခင်ဗျား ကို ‘ အီးနုံ ’ လို့ လဲ ခေါ်ကြတယ် ။ တချို့ ကလဲ ‘ အီးနောင် ’ တဲ့ ၊ တချို့ က လည်း ‘ အီးနု ’ တဲ့ ၊ ဘယ်ဟာ အမှန်လဲဗျာ ” ဟု ကျွန်ုပ် က မေး လိုက်ရာ ထမင်းဆိုင်ရှင် တရုတ်ကြီး က ...

“ ဘယ်ဟာ မှ မမှန်ဘူးကွ ၊ ပြီးတော့ အားလုံးလဲ မှန်တယ် ” ဟု ပြော ကာ ကျွန်ုပ် နံဘေး ရှိ ထိုင်ခုံ တွင် ဝင် ၍ ထိုင် လေ၏ ။

“ ပေါက်ဖော်ကြီး ခင်ဗျား စကား က လဲ နှစ်လုံး တည်း နဲ့ မျက်စိ လည်စရာကြီး ပါလား ၊ ရှင်းပြစမ်းပါဦး ” ဟု ကျွန်ုပ် က ပြန်၍ ပြော လိုက်လေ၏ ။

“ ဒီလိုလေကွာ ၊ တရုတ် လို ပေးထားတဲ့ ငါ့ နာမည် ကို ဗမာတွေ က ခေါ်တော့ ဘယ်လို လုပ် မှန်မှာတုန်း ကွာ ၊ တစ်ယောက် မှ မမှန် ဘူး ၊ မင်း ခေါ်ရင် လဲ မှန် မှာ မဟုတ်ဘူး ” ဟု ပေါက်ဖော်ကြီး က ပြော လေ၏ ။

“ ဒါဖြင့်ရင် အားလုံး မှန်တယ် လို့ ဘာကြောင့် ပြောရတာတုန်းဗျာ ” ဟု ကျွန်ုပ် က မေး လိုက်ရာ ပေါက်ဖော်ကြီး က ...

“ အားလုံး မှန်တာပေါ့ကွ ၊ အားလုံးဟာ ငါ့ ကို ခေါ်တာချည်း ပဲ မဟုတ်လား ၊ အီးနုံ ဆိုတာလဲ ငါ့ ကို ခေါ်တာပဲ ၊ အီးနောင် ဆိုတာလဲ ငါ့ ကို ခေါ်တာပဲ ၊ အီးနု ဆိုတာလဲ ငါ့ ကို ခေါ်တာပဲ မဟုတ်လား ၊ အဲဒါ ငါ့ ကို ခေါ်တာချည်း ပဲ ဆိုတော့ ငါ က ထူးတာပေါ့ ။ အဲဒါကြောင့် အားလုံး မှန်တယ် လို့ ပြောတာပေါ့ကွ ” ဟု ပေါက်ဖော်ကြီး က ပြော လေ၏ ။

“ ဒီလို ဆိုတော့လဲ ရှင်းပါပြီဗျာ ၊ အဲဒီတော့ ကျုပ် က နာမည် သုံးမျိုးတည်း မှာ ခေါ်ရလွယ်တာ ကတော့ အီးနောင် ပဲ ဗျ ၊ ခင်ဗျား ကို အီးနောင် လို့ ခေါ်မယ် ” ဟု ကျွန်ုပ် က ပြော လိုက်ရာ ပေါက်ဖော်ကြီး က ပြုံးလေ၏ ။

ထို့နောက် ကျွန်ုပ် အား ...

“ နေစမ်းပါဦး ၊ မင်း က ဒီ က နေ ထမင်း စားပြီး ညနေတိုင်း အလုပ် ဆင်းတာကိုး ၊ ဆီစက် မှာ ဆင်းတာလား ၊ ညနေ အလုပ် ဆင်းပြီး မနက် မှ ပြန်လာရတယ် ဆိုတော့ မင်း အလုပ် ဟာ ညစောင့် နဲ့ တူတယ် ” ဟု ပေါက်ဖော်ကြီး က ပြောလိုက်လေ၏ ။

“ ဘာဖြစ်လို့ ကျုပ် ကို ညစောင့် လို့ ထင်ရတာတုန်း ၊ ညဆင်း အလုပ်သမား တစ်ယောက်ကော မဖြစ်နိုင်ဘူးလား ” ဟု ကျွန်ုပ် က မေးလိုက်ရာ ...

“ အဲဒီလိုလဲ ငါ စဉ်းစားလိုက်ပါသေးတယ် ကွာ ၊ ဒါပေမယ့် မင်း ရဲ့ ခြေဆံ ၊ လက်ဆံ ၊ ခြေချောင်း ၊ လက်ချောင်းတွေ ဟာ ပင်ပင်ပန်းပန်း အလုပ် လုပ်တဲ့ ပုံစံမျိုး မဟုတ်ဘူးကွ ၊ အဲဒီတော့ ဖြစ်စရာ ရှိရင် လဲ ညစောင့် ပဲ ဖြစ်ဖို့ရှိတယ် ” ဟု ပေါက်ဖော်ကြီး က ပြန်၍ ပြောလေ၏ ။

“ မှန်ပါတယ် ပေါက်ဖော်ကြီး ၊ ကျုပ် ဟာ ညစောင့် တစ်ယောက် ပါပဲ ” ဟု ကျွန်ုပ် က ပြော လိုက်ရာ ပေါက်ဖော်ကြီး က. ..

“ နောက် တစ်ခု ငါ စဉ်းစား ကြည့်သေးတယ် ၊ ဒီ စက်ရုံ မှာ အမြဲတမ်း ညစောင့် ဆိုတာ မရှိတော့ဘူး ၊ ခန့် လဲ မခန့်တော့ဘူး ၊ သုံးကျပ်ဆယ့်ငါးပြား နဲ့ တွက်ပြီး လ ကုန်မှ ရှင်း ပေးလို့ ရတဲ့ ညစောင့် တွေ ပဲ ထားရတော့တယ် ၊ အဲဒီတော့ မင်း က သုံးကျပ်ဆယ့်ငါးပြား နဲ့ စောင့် တဲ့ ညစောင့် ပဲ ၊ ဒါပေမယ့် ညနေတိုင်း ငါ့ ဆီ မှာ မင်း ထမင်း ဝင်ပြီး စားတာ တစ်ကျပ်ခွဲ ကျတယ် ၊ ဆေးလိပ်ဖိုး ဘာဖိုး က ငါးမူး လောက် ကျတယ် ၊ မနက် ဘက် စက်ရုံ က အလုပ် ထွက်ပြီး ပြန် လာတဲ့ အခါ မှာ ထမင်းကြော် နဲ့ လက်ဖက်ရည် သောက်သေးတယ် ၊ အဲဒီမှာ တင် မနေ့ည က ထမင်းဖိုး နဲ့ ပါ ရောပြီး တွက် လိုက်ရင် သုံးကျပ် လောက် ကျ နေပြီ ၊ အိမ် အသွားအပြန် လမ်းစရိတ် ပါ ထည့် တွက် လိုက်ရင် မင်း ရတာတွေ တက်တက်ပြောင် ပြီပေါ့ ၊ ဒီအချက် ကို ကြည့်ရင် မင်း ဟာ သားမယား မရှိသူ တစ်ယောက် ဖြစ်ရမယ် ” ဟု ပြောပြန်လေ၏ ။

ထိုအခါ ကျွန်ုပ် က ...

“ ဟုတ်ပါတယ် ပေါက်ဖော်ကြီး ၊ ခင်ဗျား ပြောတာ မှန်ပါတယ် ၊ ကျုပ် ဟာ တစ်ကိုယ်ရေ တစ်ကာယ သမား တစ်ယောက် ပါ ပဲ ၊ ထမင်း ကို တော့ ညစာ တစ်နပ်ပဲ ခင်ဗျား ဆီ မှာ စားတယ် ၊ မနက်စာ ကို တော့ ခုလို ထမင်းကြော် ပဲ စားလိုက်တာပါပဲ ၊ မနက်စာ ရယ် လို့ သီးသန့် မစားတော့ပါဘူး ၊ ရှင်းရှင်း ပြောရရင် မစားနိုင်လို့ပါ ၊ အဲဒီတော့ ပေါက်ဖော်ကြီး စဉ်းစား ကြည့်စမ်းပါ ၊ လုံချည် တစ်ထည် ပြဲ သွားရင် နောက် တစ်ထည် ကျုပ် ဘယ်လိုလုပ် ဝယ်မလဲ ၊ အင်္ကျီ တစ်ထည် ပြဲ သွားရင် နောက်ထပ် ကျုပ် ဘယ်လို လုပ် ဝတ်မလဲ ၊ ကျု ပ် ရဲ့ အဖြစ် ဟာ အသူရကာယ် လိုပဲ ၊ ညနေ ရောက် လာရင် ညစာ ကို ခင်ဗျား ထမင်းဆိုင် မှာ စားတယ် ၊ တစ်ည လုံး ဆာလောင်ခြင်း မရှိဘဲ နေရတယ် ၊ ဒါပေမယ့် နောက် တစ်နေ့ တစ်နေ့လုံး ကျုပ် ဗိုက် ထဲ မှာ ခင်ဗျား ဆီ က ဝယ်စား သွားတဲ့ ထမင်းကြော်ကလေး နဲ့ လက်ဖက်ရည် ပဲ ရှိတယ် ၊ တစ်နေ့လုံး ဆာလောင် နေတော့တာပဲ ၊ အဲဒီအခါမှာ ကျုပ် ဟာ ရေ သောက်ပြီး အိပ်နေရတော့တာပေါ့ ” ဟု ကျွန်ု ပ်က ပြော လိုက်ရာ ပေါက်ဖော်ကြီး က ရယ်မော လေ၏ ။

“ ကောင်းတယ် ... ကောင်းတယ် ၊ မင်း ရဲ့ အစာအိမ် ဟာ မှန်မှန်ကြီး နားခွင့် ရတော့တာပေါ့ကွာ ၊ အသက် ရှည်ဖို့ အကြောင်း တစ်ခုပဲကွ ” ဟု ပေါက်ဖော်ကြီး က ပြော လေ၏ ။

“ ဘယ် က လာ ကောင်းရမှာလဲ ဗျာ ၊ လူ စင်စစ်က ပြိတ္တာ တစ်ကောင် လို စားရမဲ့ သောက်ရမဲ့ ဖြစ်နေတာ ဘယ်လို လုပ် ကောင်းရမှာ တုန်း ” ဟု ကျွန်ုပ် က ပြော လိုက်လေ၏ ။ ထိုအခါ၌ ပေါက်ဖော်ကြီး က ...

“ ဟုတ်တယ် .. ဟုတ်တယ် ၊ လုံးဝ မကောင်းဘူး ၊ လူ ဟာ ဝဝလင်လင် စားရမယ် ၊ ပြိတ္တာ တစ်ကောင် လို စားရမဲ့ သောက်ရမဲ့ ဖြစ်နေတာ ကျက်သရေ မရှိဘူး ” ဟု ပြောပြန် လေ၏ ။

“ ခင်ဗျား ပဲ အမျိုးမျိုး ၊ စောစောတုန်း က တော့ ကောင်းတယ်တဲ့ ၊ ခု မကောင်းဘူး တဲ့ ၊ တတ်လဲ တတ်နိုင်တယ် ” ဟု ကျွန်ုပ် က ပြောလိုက် လေ၏ ။

“ စိတ် မဆိုးပါနဲ့ကွာ ၊ ငါ ပြောချင်တာ က ဒါမဟုတ်ဘူး ၊ ကောင်းတယ် မကောင်းဘူး ဆိုတာ က ကာယကံရှင် ရဲ့ သဘောထား ပေါ် မှာ မူတည်တယ် ၊ မင်း ကို ထမင်း မဝတာ ကို ကောင်းတယ် လို့ ငါ က ပြော ကြည့်တယ် ၊ မင်း က လက်မခံဘူး ၊ အဲဒါကို မကောင်းဘူး လို့ မင်း က ခံယူတယ် ၊ အဲဒီတော့ မကောင်းဘူးပေါ့ကွာ ၊ အဲဒီ အဖြစ် အပျက် ကို မင်း က မကောင်းဘူး လို့ ယူဆ ထားတာကိုးကွ ၊ ဘယ်လို လုပ်ပြီး ကောင်းတော့မှာတုန်း ” ဟု ပေါက်ဖော်ကြီး က ပြန်၍ ပြောလေ၏ ။

“ ခင်ဗျား နဲ့ စကား ပြောရတာ တစ်မျိုးကြီး ပဲ အီးနောင်ရေ ” ဟု ကျွန်ုပ် က ညည်း လိုက်လေ၏ ။

“ ဒါတွေ ထားလိုက်ပါတော့ ငါ့ လူ ရာ ၊ ငါ့ အနေနဲ့ မင်း ကို ကူညီနိုင်တာ တစ်ခု ရှိတယ် ၊ တခြား အကြောင်း မရှိ ရင် မင်း ခု ပြန်အိပ် ရတဲ့ နေရာ ကို မပြန်နဲ့ တော့ ၊ ညနေကျ တော့ မှ ထမင်း စားပြီး စက်ရုံ သွား ၊ အဲဒီတော့ လမ်းစရိတ် သက်သာ သွားမယ် ၊ အဲဒါကို စုနိုင်တာပေါ့ ကွာ ၊ နေ့ခင်း နေ့လယ် မှာ အိပ် မနေဘဲ ငါ့ အလုပ် ကို ဝိုင်းပြီး ကူညီမယ် ဆိုရင်တော့ မင်း ထမင်းစားတဲ့ အတွက် ကော လက်ဖက်ရည် သောက်တဲ့ အတွက် ကော ငါ က ပိုက်ဆီမ ယူတော့ဘူး ၊ အဲဒီလို ဆိုရင် မင်းအ နေနဲ့ အင်္ကျီ အဝတ်အစားလေး ဘာလေး ဝယ် ပြီး ဝတ်နိုင်တာပေါ့ ” ဟု ပေါက်ဖော်ကြီး က ပြော လိုက်လေ၏ ။

“ သိပ်ပြီး ကောင်းတာပေါ့ ပေါက်ဖော်ကြီး ရယ် ၊ ကျုပ် ဒီ က နေ ပြန် နေရတာ ပြန်ချင်လို့ ပြန်နေရတာ မဟုတ်ဘူး ၊ အိပ်စရာ မရှိ လို့ ပြန် နေရတာ ၊ ခင်ဗျား ဆီ မှာ အိပ်စရာ နေရာ ရမယ် ဆိုရင် ကျုပ် အတွက် ကောင်းတာပေါ့ ၊ ဒါပေမယ့် ခင်ဗျား ဆီ မှာ အိပ်ပြီး ခင်ဗျား ကို ကူညီ ဖို့ ကတော့ စဉ်းစားရ လိမ့်မယ် ၊ ကျုပ် က အော်တာ ငေါက်တာ ကို မကြိုက်ဘူးဗျာ ။ ခင်ဗျား က ကျုပ် ကို အော်လား ငေါက်လား လုပ်ရင် ခင်ဗျား နဲ့ ကျုပ် ဟာ မိတ်ဆွေ က နေ ရန်သူ ဖြစ်သွားလိမ့်မယ် ” ဟု ကျွန်ုပ် က ပြော လိုက်ရာ ပေါက်ဖော်ကြီး က ပြုံး ပြန်လေ၏ ။ ထိုသို့ ပြုံးပြီး နောက် ...

“ ဒီလိုတော့ ရှိတယ်ကွ ၊ အလုပ် လုပ်တဲ့ အခါ မှာ ငါ က သေသေ ချာချာ ပြထားပါ လျက် တလွဲတချော် တွေ လျှောက်ပြီး လုပ်မယ် ဆိုရင် တော့ ငါ က အော်တတ် ငေါက်တတ်တယ် ကွ ၊ ဒါပေမယ့် လဲ မင်း က အော်တာ ငေါက်တာ ကို မကြိုက်ဘူး လို့ ကြိုပြီး ပြော ထားတော့ ငါ က ငေါက်လို့ မဖြစ်လေဘူး ၊ ဒီတော့ ဒီလို လုပ်ကြရအောင် ၊ မင်း လုပ်တာ မှားသွား ရင် ငါ က “ မှားသွားပြီ ” လို့ မင်း ကို သတိ ပေး လိုက်မယ် ။ အဲဒီ အခါမှာ ငါ က မင်း ကို အော်ရ ငေါက်ရမဲ့ အစား မင်း က ငါ့ ကို အော်လိုက် ငေါက်လိုက် ကွာ ၊ ဘယ်လို အော်ငေါက် ရမလဲ ဆိုတော့ “ ခင်ဗျား ဟာ အလကား လူပဲ ၊ ကျုပ် လို ငတုံး ကို အလုပ် လုပ်ခိုင်းရ သလား ၊ အဲဒီတော့ မှား ကုန်တာပေါ့ ။ ကျုပ် လို အသုံးမကျတဲ့ ကောင် ကို ခိုင်းတယ် ဆိုတာ ခင်ဗျား ရဲ့ မိုက်မဲမှု ပဲ ၊ ခု ကြည့်စမ်း ခင်ဗျား ရဲ့ မိုက်မဲမှုကြောင့် အမှားမှား အယွင်းယွင်း ဖြစ် ကုန်ပြီ ၊ ခင်ဗျား သာ ကျုပ် ကို မခိုင်းရင် ခုလို ဖြစ်မှာ မဟုတ်ဘူး ” လို့ မင်း က ငါ့ ကို အော်ငေါက်ပေတော့ကွာ ” ဟု အီးနောင် က ပြောလေ၏ ။

“ ခင်ဗျား ဟာ ရယ်စရာကြီး ဗျာ ၊ ကျုပ် က လဲ မှား သေးတယ် ၊ ခင်ဗျား ကို လဲ အော်ငေါက်ရဦးမယ် ဆိုတော့ ဘယ်လို လုပ် ပြီး အဓိပ္ပာယ် ရှိမှာတုန်းဗျ ။ သူ့ ထုံးစံ က မှား တဲ့ လူ က အအော် ခံရမှာ ၊ ခုတော့ မှား တဲ့ လူ က အော်ရငေါက်ရမယ် ဆိုတော့ အဓိပ္ပာယ် မရှိပါဘူးဗျာ ၊ လူ ကြားရင်လဲ ရယ်စရာ ကောင်းပါတယ် ။ ကျုပ် ကိုယ်တိုင် လဲ အဲဒီလို ခင်ဗျား ကို အော်ရငေါက် ရ ရင် ရယ်မိမှာပဲ ” ဟု ကျွန်ုပ် က ပြောလိုက်လေ၏ ။

“ မင်း အခု ပြောတဲ့ ‘ ရယ်မိမှာပဲ ’ တို့ ၊ ‘ ရယ်စရာကြီး ’  တို့ ဆိုတဲ့ စကားတွေ ဟာ သိပ်ပြီး တန်ဖိုး ရှိတာပဲ ၊ လောကကြီး မှာ ရယ်စရာ ဖြစ်တယ် ဆိုတာ ကို မင်း အနေ နဲ့ သေသေချာချာ စဉ်းစား ကြည့်စမ်း ၊ ဘယ်လို အခါမျိုး မှာ ရယ်စရာ ဖြစ်သွားသလဲ ” ဟု အီးနောင် ဆိုသည့် ပေါက်ဖော်ကြီး က ကျွန်ုပ် အား မေးလေ၏ ။

ထိုအခါ ကျွန်ုပ် သည် မည်သည့် အခါမျိုး၌ ရယ်စရာ ဖြစ်တတ် သည် ကို စဉ်းစားရ လေတော့၏ ။ ကျွန်ုပ် သည် အကြိမ်ပေါင်း များစွာ ရယ်ခဲ့ဖူး၏ ။ သို့ရာတွင် မည်သို့သော အဖြစ်အပျက် ၊ မည်သို့သော အကြောင်းအရာများ သည် ၊ မည်သို့သော အကြောင်းကြောင့် ရယ် ခဲ့ ရသည် ကို မစဉ်းစားခဲ့ဘူးချေ ။

ရယ်စရာ ဆိုသည်မှာ မည်သည့် အရာ ကို ခေါ်သနည်း ဟု မိမိ ကိုယ် မိမိ အကျအန မမေးခဲ့မိဘူးချေ ။ ယခု ထို မေးခွန်း ကို မိမိ ဘာသာ မိမိ မေးလိုက်သော အခါ၌ အဖြေ မထွက်ဘဲ ရှိလေ၏ ။ ထို့ကြောင့် ကျွန်ုပ် က ထမင်းဆိုင်ရှင် တရုတ်ကြီး အီးနောင် အား ...

“ ရယ်စရာ နဲ့ ပတ်သက်လို့ အနက်အဓိပ္ပာယ် ကို ကျုပ် မသိ ပါဘူးဗျာ ” ဟု ဝန်ခံ လိုက်လေ၏ ။ ပေါက်ဖော်ကြီး သည် ပြုံး၏ ။ ထို့နောက် ...

“ ပွဲ သွား ကြည့်တဲ့ အခါမှာ လူရွှင်တော် က ပြက်လုံးတွေ ကို ထုတ်တယ် ။ အဲဒီ အခါမှာ မင်းတို့ ငါတို့ တွေ က ရယ်တယ် ။ သူ က  ရယ်စရာတွေ ပြောတယ် ၊ ရယ်စရာတွေ လုပ် ပြတယ် ။ ဇာတ် တစ်ခု ကို ငါ သွား ကြည့်ဖူးတယ် ။ အဲ ဒီထဲ မှာ လူရွှင်တော် က သူတောင်းစား အဖြစ် သရုပ်ဆောင် ရတယ် ၊ သူ က အခြား သူတောင်းစား အဖြစ် သရုပ်ဆောင် တဲ့ လူရွှင်တော် ကို ဘာ ပြော လိုက်သလဲ ဆိုတော့ မင်း ပြောစရာ ရှိတာ ပြောပြီးရင် ပြန်တော့ ငါ့ အတွက် အချိန် မရှိဘူး ၊ သံရုံး က ဖိတ်ထားတဲ့ ညစာစားပွဲ သွားရ ဦးမယ် လို့ ပြောလိုက်တယ် ၊ အဲဒီအခါ မှာ ပရိသတ် က ‘ ဝါးခနဲ ’ ရယ်မောကြတယ် ၊ အဲဒီ ရယ်တဲ့ ထဲ မှာ ငါ လဲ ပါတယ်ကွ ၊ သူ ပြောတဲ့ စကား ကို တစ်လုံးစီ ကြည့်ရင် ရယ်စရာ ဆိုလို့ ဘာမှ မပါဘူးကွ ။ အဲဒီ စကား ကို သံအမတ် အဖြစ် သရုပ်ဆောင် ရ တဲ့ သူ က ပြောရင် ဘယ်သူမှ ရယ် မှာ မဟုတ်ဘူး ၊ အခု ရယ်တာ က သူတောင်းစား က ပြော လို့ ရယ်တာကွ ၊ အငြိမ့် တစ်ခု မှာလဲ ဒီလိုပဲ ကွ ၊ လူရွှင်တော် တစ်ယောက် က သူဌေး အဖြစ် သရုပ်ဆောင်တယ် ၊ မင်းသမီး က “ ကော်ဖီ ဖျော်လိုက်ဦးမယ် ၊ ခဏလေး စောင့်ပါ ” ပြောတယ် ၊ အဲဒီ အခါမှာ သူဌေး အဖြစ် သရုပ်ဆောင် တဲ့ လူရွှင်တော် က မဖျော်ပါနဲ့ ၊ မဖျော်ပါနဲ့ ၊ ကျုပ် အခုပဲ ဟိုတယ် က တောင်း သောက်လာတယ်လို့ ဆိုရင်ပဲ ပရိသတ်က “ ဝါးခနဲ ” ရယ်တော့တာပဲ ၊ အဲဒီ စကား ကို စောစောက သူတောင်းစား က ပြောရင်လဲ ရယ်မှာပဲ ကွ ၊ ဘာဖြစ်လို့လဲ ဆိုတော့ ဟိုတယ် ဆိုတာ ပိုက်ဆံ ပေးသောက်ရတာကွ ၊ တောင်း သောက်လို့ မရဘူး ။ ဟိုတယ် နဲ့ တောင်း သောက်ခြင်း ၊ ပေါင်း လိုက်တဲ့ အခါမှာ ရယ်စရာ ဖြစ်သွားတယ် ။ ပြီးတော့ မင်းသမီး ကို လူရွှင်တော် က လူပျိုစကား ပြောတဲ့ ထဲ မှာ ဘာ ပြောသလဲ ဆိုတော့ မင်း ငါ့ ကို မမုန်းပါနဲ့ကွာ ၊ မင်း အမေ ငါ့ ယောက္ခမကြီး မြင်းစီး ချင်တယ် ဆိုလို့ ငါ က တပင်တပန်း အုန်းလက်ကြီး ခုတ် ပေးခဲ့ရ တဲ့ သူ ပါ လို့ ပြောလိုက်တယ် ဆိုရင်ပဲ ပရိသက် က ရယ်ပြန်တာပဲ ၊ အဲဒီလိုပဲ ငါ့ လူ ရေ ဆပ်ကပ် ကို သွား ကြည့်တဲ့ အခါမှာ လူရွှင်တော် ပါတယ် ကွ ၊ သူ့ကို ‘ ကလောင်း ’ လို့ ခေါ်တယ် ။ အဲဒီ ကလောင်း တွေ ဟာ ဆပ်ကပ်ပညာ ကို ကောင်းကောင်း တတ်ကြတယ် ၊ ဒါပေမယ့် အဝတ်အစား ပျောက်တိ ပျောက်ကျား ကွက်တိ ကွက်ကျားကြီး တွေ ဝတ် ထားတယ် ၊ မျက်နှာ ကို လဲ ကိုးရိုးကားယားကြီးတွေ ချယ်လိမ်း ထားတယ် ၊ ခေါင်း မှာ လဲ ဦးထုပ် ချွန်ချွန်ရှည်ရှည်ကြီး ကို ကိုးရိုးကားယား ဆောင်း ထားတယ် ၊ ပြီးတော့ ကြိုးတ န်း ကို လျှောက်တတ် သလို နဲ့ လျှောက် ပြပြီး တစ်ဝက် လောက် မှာ မထိန်းနိုင် သလိုနဲ့ ချော်ကျ ပြတယ် ၊ လူတွေ အားလုံးက ချော်ကျ သွားပြီ လို့ ထင်တဲ့ အခါမှာ သူ က ကြိုးတန်း ကို ခြေထောက် နဲ့ ချိတ်ပြီး ပြန် တက်လာတယ် ၊ အဲဒီ အခါမှာ ပရိသတ် ဟာ ရယ်တော့တာပဲ ၊ ကောင်းကင်ဘား လွှဲတဲ့ အခါ မှာ လဲ ဟုတ်တိပတ်တိ လွှဲပြီး လူ က တစ်ဘက် ကို မရောက် ဘဲ ဘောင်းဘီကြီး ပဲ ကျွတ်ပါ သွားပုံ လုပ် ပြတယ် ။ အဲဒီ အခါမှာလဲ ရယ်ကြတာပဲ ။ အဲ့ဒီလိုပဲ ငါ တို့ ဟာ အကြိမ်ပေါင်း များစွာ လူရှေ့ သူရှေ့ မှာ ပုဆိုးကျွတ် ကျတဲ့ လူ ကို ရယ်ခဲ့ ကြဖူးတယ် ။ ဒေါက်မြင့်ဖိနပ်ကြီး ဟန် နဲ့ ပန် နဲ့ စီးလာတဲ့ မိန်းမတစ်ယောက် ချော်လဲရင် လဲ မင်းတို့ ငါတို့ ရယ်ခဲ့ကြတာပဲ ။ ဒါဖြင့်ရင် မင်းတို့ ငါတို့ အဖို့ ရယ်စရာ ဆိုတာ ဘာကို ဆိုတာလဲ ဆိုတာ စဉ်းစားဖို့ လို လာတယ် ၊ ဒီ လောကကြီး ဟာ ဟန်ချက်ညီညီ အချိုးညီ လို့ သင့်လျော် ညီညွတ်မှုတွေ နဲ့ စခန်းသွား နေရတဲ့ လောကကြီး ဖြစ်တယ် ကွ ၊ အဲ့ဒါကို အင်္ဂလိပ်စကားနဲ့ ‘ ဟာမိုနီ ’ လို့ ခေါ်တယ် ၊ အဲဒီသင့် လျော်ညီညွတ်မှုတွေ ပျက်ယွင်း သွားတာ ကို တော့ “ ဒစ်ဟာမိုနီ ”  လို့ ခေါ်တယ် ၊ အဲဒီ သင့်လျော် ညီညွတ်မှုတွေ ပျက်ယွင်း သွားတဲ့ အခါ မျိုး မှာ ကိုးရိုးကားရား ဖြစ် သွားတတ်တယ် ၊ အဆီအငေါ် မတည့် ဖြစ်သွားဘတတ်တယ် ၊ အဲဒီ အခါမှာ ရယ်စရာ ဖြစ် ကုန် တော့တာပဲ ၊ အဲဒီတော့ လူရွှင်တော် တို့ ၊ လူပျက် တို့ ကလောင်း တို့ ဟာ ဟာမိုနီ ကို ကောင်းကောင်း သိကြတယ် ၊ အဲဒီလို သိမှ လဲ ဟာမိုနီ ကို ဖျက် ပြီး ရယ်စရာ လုပ် ပြနိုင်တာပေါ့ ၊ မသိရင် လုပ် ပြလို့ မရဘူး ၊ ဒါကြောင့် ကုလသမဂ္ဂကြီး မှာ ကလောင်း လူရွှင်တော်ကြီး လေးယောက် ကို အကြီးဆုံး ရာထူး ပေးပြီး ခန့်အပ်လိုက်မယ် ဆိုရင် ကမ္ဘာကြီး ဟာ ဒီထက် မြန်မြန် ငြိမ်းချမ်းသွားဖို့ ရှိတယ် ၊ အဲဒီ လူရွှင်တော်ကြီး တွေ က ဟာမိုနီ ကို သိကြတယ်လေ ကွာ ၊ သူတို့ အနေ နဲ့ ကမ္ဘာကြီး ကို ဘယ် နေရာမှာ ဟာမိုနီ ပျက် နေတယ် ဆိုတာ ရှာ လိုက်တာနဲ့ ဒက်ခနဲ သိတာပေါ့ကွာ ၊ အဲ့ဒါဆို ပြီးပြီ ” ဟု ပြော ဆိုကာ ထမင်းဆိုင်ရှင် ပေါက်ဖော်ကြီး အီးနောင် သည် တဟဲဟဲ ရယ် နေလေတော့၏ ။

ထို့ကြောင့် ကျွန်ုပ် က ...

“ ခင်ဗျား ပြောတော့လဲ ဟုတ် သလိုလိုပဲ ” ဟု ပြော လိုက်လေ၏ ။ ထိုအခါ ပေါက်ဖော်ကြီး က ...

“ အခုပဲ မင်း စဉ်းစား ကြည့်လေ ၊ ငါ က အလုပ်ရှင် ၊ မင်း က အလုပ်သမား ၊ မင်း အလုပ် လုပ်လို့ မှား သွားတာ ကို တွေ့ရင် ငါ က မင်း ကို ကြိမ်းမောင်းရမယ် ၊ အဲ့ဒါ ဟာမိုနီပဲ ၊ အဲ့ဒါကို တို့ က ဘယ်လို လုပ်ကြမလဲ ဆိုတော့ အလုပ်သမား မှား သွားတာကို အလုပ်ရှင် က ကြိမ်းလား မောင်းလား မလုပ်ပဲ ၊ အလုပ်သမား က အလုပ်ရှင် ကို ကြိမ်းလားမောင်းလား လုပ်ကြဖို့ စီစဉ်ကြတယ် ၊ အဲ့ဒီမှာ ဟာမိုနီ ပျက် သွားတယ် ၊ ဟာမိုနီ ပျက် သွားရင် ရယ်စရာ ဖြစ်သွားတော့ တာပဲ ၊ သာမန် ကိစ္စတွေ မှာ ပျက် ရင်တော့ ၊ ဟာမိုနီ ပျက်မှု ဟာ ရယ်စရာ လောက်ပဲ ဖြစ်တယ် ကိုယ့် လူ ရေ ၊ လောက စည်းကမ်း မှာ သွားပြီး ပျက်ရ င်တော့ ငရဲကြီး တော့ တာပဲ ၊ မိဘ က သားသမီး ကို ရိုက်ရမဲ့ အစား ၊ သားသမီး က မိဘ ကို သွား ပြီး ရိုက် ကြည့်ပါလား ။ အဲဒါလဲ ဟာမိုနီ ပျက်တာပဲ ၊ အဲ့ဒါ ရယ်စရာ မဟုတ်တော့ဘူး ၊ အဝီစိ ကို ဆင်း သွားလိမ့်မယ် ” ဟု ထမင်းဆိုင်ရှင် တရုတ်ကြီး က ပြောလေ၏ ။

ထိုအခါ ကျွန်ုပ် က ...

“ ကျုပ် သဘောပေါက်ပါပြီဗျာ ” ဟု ပြော လိုက်လေ၏ ။

“ အေး အဲဒီလို သဘောပေါက် ရင် မင်း လုပ်တာ ကိုင်တာ မှားလို့ ငါ့ က ကြိမ်းလား မောင်းလား လုပ်ရင် မင်း လက်ခံပြီပေါ့ ” ဟု ထမင်းဆိုင်ရှင် တရုတ်ကြီး က မေး ပြန်လေ၏ ။

“ လက်ခံပါပြီဗျာ ၊ ခင်ဗျား က ပဲ ကျုပ် ကို ကြိမ်းလား မောင်းလား လုပ်ရမှာပေါ့ ၊ ကျုပ် က ခင်ဗျား ကို ပြန် လုပ် နေရင် ဟာမိုနီတွေ ပျက်ကုန်မှာပေါ့ ” ဟု ကျွန်ုပ် က ပြောလျှင် ပေါက်ဖော်ကြီး က ရယ်လေ ၏ ။ ကျွန်ုပ် လည်း ရယ်လေ၏ ။ ထိုအချိန် မှ စ၍ ကျွန်ုပ် သည် ပေါက်ဖော်ကြီး ၏ ဆိုင် တွင် နေထိုင် စားသောက်ခွင့် ရ သွားလေ တော့၏ ။

ကျွန်ုပ် သည် စက်ရုံ မှ ပြန် လာသော အခါတွင် တရေးတမော အိပ်၏ ။ ထို့နောက် အိပ်ယာ မှ ထ၍ ရေမိုး ချိုးပြီး လျှင် ပေါက်ဖော်ကြီး ၏ အလုပ် ကို ကူညီလေ၏ ။ စားပွဲခုံများ သုတ် ပေး၏ ။ တံမြက်စည်း လှည်းပေး၏ ။ ပန်းကန်များ ဆေးပေး၏ ။ ဝိုင်း ၍ စားပွဲထိုး ပေး၏ ။

ပေါက်ဖော်ကြီး ဆိုင် တွင် ထမင်း ကို ဝလင်စွာ စားရလေ၏ ။ တစ်နေ့ လျှင် လက်ဖက်ရည် သုံးကြိမ် သောက်ရလေ၏ ။

ကျွန်ုပ်တို့ ဆိုင် သည် ချောင် ကျသောကြောင့် စုံတွဲများ အများစု လာလေ၏ ။ တစ်နေ့ တွင် အတွဲ တစ်တွဲ သည် ရောက်ရှိ လာလေ၏ ။ စားသောက်ဖွယ်ရာ များ မှာ သဖြင့် ကျွန်ုပ် လည်း စားပွဲထိုး လေ၏ ။ မိန်းမ လုပ်သူ က ယောက်ျား လုပ်သူ ၏ လက် ကို ကိုင် ၍ ချော့ နေ၏ ။ တောင်းပန် နေ၏ ။ ယောက်ျား လုပ်သူ က မစား ဟု ဆိုသော ကြောင့် မိန်းမ လုပ်သူ က အတင်း ချော့၍ ကျွေးနေ၏ ။

ကျွန်ုပ် သည် အနည်းငယ် ဆန်း သကဲ့သို့ ဖြစ်သွား၏ ။ ဤ ဆိုင် ၌ အတွဲပေါင်း များစွာ ကို တွေ့ဖူး၏ ။ တွေ့ ဖူး သမျှသော အတွဲ တို့ တွင် ယောက်ျားက သာ မိန်းမ ကို ချော့၏ ။ ယခု အတွဲ မှာ မူ မိန်းမ က ယောက်ျား ကို ချော့ နေ၏ ။ ထို့ကြောင့် ကျွန်ုပ် သည် အီးနောင် ထံ သို့ သွား၍ အဖြစ်အပျက် ကို ပြောပြ လိုက်၏ ။

ထိုအခါ အီးနောင် က ...

“ မင်း ပြောသလို ဆိုရင် ဒီ အတွဲ ဟာ ဟာမိုနီ ပျက်နေပြီ ၊ ဒီတော့ ရယ်စရာကြီး ဖြစ်နေပြီ ၊ ဒီ အတွဲ ရဲ့ နောက်ကွယ် မှာ ရယ်စရာ မဟုတ်တဲ့ ဟာမိုနီ ဖြစ်တဲ့ အတွဲ တစ်တွဲ မုချ ရှိရမယ်ကွ ၊ အဲဒီတော့ တောင်းပန် နေတဲ့ အမျိုးသမီး ဟာ ဟာမိုနီ ကို ဖျက်ပစ်တဲ့ အမျိုးသမီး ပဲ ” ဟု ပြော လေ၏ ။

“ ပေါက်ဖော်ကြီး ၊ ခင်ဗျား ဘာတွေ ပြော နေတာလဲ ၊ ကျုပ် ဖြင့် တစ်လုံးမှ နားမလည်ဘူး ” ဟု ကျွန်ုပ် က ပြောရာ ပေါက်ဖော်ကြီး က ရယ်လေ၏ ။ ထိုသို့ ရယ် ပြီးနောက် ...

“ ဒီ မိန်းမ မှာ ယောက်ျားကြီး ရှိ လိမ့်မယ် ၊ ဒီ ကောင် က တော့ လင်ငယ် ဖြစ်လိမ့်မယ် ။ ငါ တွေ့ ဖူး သမျှ လင်ငယ်တွေ ဟာ လင်ကြီး လို မဟုတ်ဘူးကွ ၊ အားကြီး ဈေးကိုင်ကြတယ် ” ဟု ပြောလိုက်ချိန် ၌ ပင် မော်တော်ကား တစ်စီး သည် ဆိုင်ရှေ့ တွင် လာ ၍ ရပ်၏ ။ ထို့နောက် ယောက်ျားကြီး နှစ်ဦး ဆိုင် ထဲ သို့ ဝင်လာပြီး လက်ဖက်ရည် မှာ လေ၏ ။ ထိုသို့ လက်ဖက်ရည် မှာ သံ ကို စောစောက စုံတွဲ ကြား လျှင် လှုပ်လှုပ်ရှားရှား ဖြစ် သွားလေ၏ ။

( ဒုတိယပိုင်း ဇာတ်သိမ်း ဆက်ရန် )

◾ မင်းသိင်္ခ

📖 တူသော ... ဝတ္ထုတိုများ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment