Friday, May 3, 2024

ကြယ်စင်များဆီသို့


 

❝ ကြယ်စင်များဆီသို့ ❞

( ၁ )

ဘာမျှ ဆန်းကြယ်သော ကိစ္စ တော့ မဟုတ်ပေမဲ့ ခံတော့ လည်း ခံစားရသည် ။

သူ့ ဘဝ မှာ သူ အင်မတန် လိုချင် တပ်မက်သော အရာများ အားလုံး နီးနီး ဘာမျှ သူမရခဲ့ ။ သည်တော့ သည် တစ်ခါ လည်း စွဲလမ်းတပ်မက် သော အရာ ကို မျှော်လင့်နိုင်ခွင့် မရှိသည် မှာ ဘာမျှ ထူးဆန်းသော ကိစ္စ မဟုတ် ။

သို့သော် သူ့ အသက်က ၁၈ နှစ် မဟုတ်ပါလား ။

အသား ဖြူလွန်းတာ က လွဲ၍ အခြား သူများ အမြင်တွင် သာမန် ကြည့်ပျော် ရှုပျော်မျှ သာ ဖြစ်သော “ မိုးနန္ဒာ ” ဆိုသည့် ၁၈ နှစ် အရွယ် မိန်းကလေး သည် သူ့ မျက်စိ ထဲ တွင် မူ တကယ့် ကို မိုး ပေါ် က နတ်သမီးကလေး တစ်ပါး လို လှပ တင့်တယ်နေသည် ။

မိုးကောင်းကင်ကြီး အောက် မှာ ရေကန်ကြီး တစ်ကန် ရှိနေခဲ့မည် ဆိုပါစို့ ။ ထို ကန် ၏ ရေပြင် သည် မိုးနန္ဒာ ၏ မျက်ဝန်း တစ်စုံ လိုပင် ကြည်လင်အေးမြ ၍ နေပေလိမ့်မည် ။ ရေစီးသံ တို့ က လည်း မိုးနန္ဒာ ၏ ရယ်မောသံ တိုးတိုးကလေး လို ပင် ချမ်းမြေ့ ညွတ်နူးဖွယ်ရာ သာယာ ၍ နေစေ လိမ့်မည် ။

ခက်တာ က မိုး ပေါ် တွင် လည်း ရေကန်ကြီး တစ်ကန် ရှိနေခဲ့မည် ဆိုပါစို့ ။ ထို ကန် ၏ ရေပြင် သည် မိုးနန္ဒာ ၏ မျက်ဝန်း တစ်စုံ လို ပင် ကြည်လင်အေးမြ၍ နေပေလိမ့်မည် ။ ရေစီးသံ တို့ က လည်း မိုးနန္ဒာ ၏ ရယ်မောသံ တိုးတိုးကလေး လို ပင် ချမ်းမြေ့ညွတ်နူးဖွယ်ရာ သာယာ ၍ နေစေ လိမ့်မည် ။

ခက်တာ က မိုးပေါ် တွင် ကြယ်စင်များ သာ ရှိပြီး ဘယ်တုန်း က မှ ရေကန်ကြီး တစ်ခု ရှိ မနေခဲ့ ။ မိုးနန္ဒာ သည် လည်း နတ်သမီးကလေး တစ်ပါး မဟုတ်ခဲ့ ။

သူ့ အဖေ စာရင်းကိုင် တာဝန် ထမ်းဆောင် နေသော ကုမ္ပဏီကြီး တစ်ခု မှ ပိုင်ရှင်သူဌေးကြီး ၏ သမီး သာ ဖြစ်သည် ။

မိုးနန္ဒာ နှင့် သူ တွေ့ဆုံခွင့် ရသည့် အကြောင်းရင်း သည် ပင်လျှင် သူ့ ဖခင် က သူ့ ကို ထား ပေးရန် မတတ်နိုင်သည့် သင်တန်း တစ်ခု ကို မိုးနန္ဒာ ဖခင် က ငွေကြေး စိုက်ထုတ်၍ ထား ပေး ရာမှ တစ်တန်း တည်းသား အဖြစ် မြင်ဖူးခဲ့ရခြင်း ဖြစ်သည် ။

“ မင်း မမ ကို လည်း စောင့်ရှောက် ၊ တစ်တန်းတည်းသား ပဲ ဖြစ်ဖြစ် ၊ အပြင် က  ပဲ ဖြစ်ဖြစ် ကောင်လေးတွေ လာ နှောင့်ယှက်ရင် ဦး ကို တိုင် ”

မိုးနန္ဒာ က သူ့ ထက် လပိုင်းမျှ အသက် ကြီးသည် ဟု သိရသည် ။ ဘာပဲဖြစ်ဖြစ် သူ့အဖေ က မိုးနန္ဒာ ၏အဖေ ကို ‘ ဆရာ ’ ခေါ် ရတော့ သူ က လည်း မိုးနန္ဒာ ကို မမနန္ဒာ ဟု ပင် ခေါ်ရပေ လိမ့်မည် ။

ဒါပေမဲ့ ဒါကလည်း စိတ်ကူး ကြည့်မိသော အဆင့်တွင် ပင် ရပ်တန့် သွားရသည် ။ စောင့်ရှောက်ရမည် ဟု တာဝန်ပေး ခံရသော မိုးနန္ဒာ နှင့် လက်တွေ့ တွင် စကား တစ်ခွန်း မျှ မပြောဖူးခဲ့ပါ ။

ဘယ်လိုမှ လည်း ခေါ်ခွင့်မရခဲ့ပါ ။

( ၂ )

မိုးနန္ဒာ မာန ကြီးသလား ဟု မေးလျှင်တော့ သူ မသိပါ ဟု ပင် ဖြေရမည် ။

မကြီးဘူး ဟု ထင်သည် ။ ဒါလည်း သိပ်တော့ မသေချာလှ ။ သူ့ ကို သူ မ၏ ဖခင် ခန့်ထားသော ဝန်ထမ်း တစ်ဦး ၏ သား ဟု တော့ သိထား ဟန် တူသည် ။ တစ်ခါ နှစ်ခါ ပင် အဝေး က ပြုံး ပြ ဖူးသည် ။ ဒါကလည်း သူ့ ကို ပြုံးပြသည် ဟု သူ ထင်တာလည်း ဖြစ်ကောင်း ဖြစ်နိုင်သည် ။

မိုးနန္ဒာ နှင့် ပတ်သက်လျှင် ဘယ်အရာ မှ မသေချာ ။

သေချာတာ တစ်ခု သာ ရှိသည် ။ အဲဒါက မိုးနန္ဒာ သည် သိပ် ချစ်စရာကောင်းသည်ဆိုသည့် အချက် ပင် ဖြစ်သည် ။

( ၃ )

ဗလာစာအုပ် နောက်ဆုံး စာမျက်နှာ မှာ ဘောလ်ပင် နှင့် ခပ်ကြမ်းကြမ်း ခြစ်ဆွဲထားသော ပုံ ကို သူငယ်ချင်း ရဲနောင် မြင် သွားသည် ။ အတင်း လု ယူ၍ ကြည့် သဖြင့် မြင်သွားခြင်းပါ ။

ကိုယ့် ပန်းချီ လက်ရာ က ဘယ်သူ ဆိုတာ သိသာလောက်အောင် ကောင်းမည် မဟုတ်၍ ဘာမေးမေး ဘူး ခံ လိုက်လျှင် ပြီးတာပဲ ဟု သဘော ထား လိုက်သည် ။

သို့သော်

“ မင်းသက်မွန် ”

ရဲနောင် က ကြက်သေသေ နေသော မျက်နှာ ဖြင့် ခေါ်သည် ။

“ ဘာလဲ ”

“ ဒါ မိုးနန္ဒာ မဟုတ်လား ”

သွားပါပြီ ။

“ မဟုတ်ပါဘူး ။ ဒီလိုပဲ မိန်းကလေး ပုံ ဆွဲ ထားတာပါ ။ မင်း က လည်း မျက်နှာတောင် မပါ ။ ကျောဘက် က ဆွဲထားတဲ့ပုံ ဥစ္စာ ကို ဘယ်လိုလုပ် ‘ မိုးနန္ဒာပုံ ’ ဖြစ်ရမှာလဲ ”

“ ကျောဘက် က ဆွဲ ထားလို့ သိတာပေါ့ ကွ ၊ သင်တန်း မှာ မင်း နဲ့ ငါ ဘေးချင်းယှဉ်ထိုင် နေတာ ။ အဲဒီ နေရာ က နေ မိုးနန္ဒာ နေရာ ကို လှမ်း ကြည့် လိုက်ရင် ဘယ်လို ‘ အင်န်ဂယ်လ် ’ နဲ့ မြင်ရတယ် ဆိုတာ ငါ သိတာ ပဲ ၊ မင်း တစ်ချိန်လုံး လှမ်း လှမ်းကြည့်နေတာလည်း ငါ မြင် မြင်နေတာပဲ ”

သည် တစ်ခါတော့ တကယ် သွားပါပြီ ။

( ၄ )

“ ဒီလောက် ခံစား နေရရင်လည်း ဖွင့် ပြောကွာ ”

ရဲနောင် က အင်းလျားရေပြင် ကို ငေးမော ကြည့်နေသော သူ့ ကို ပြော သည် ။

“ မဖြစ်နိုင်တာကွာ ”

“ ဘာ မဖြစ်နိုင်တာလဲကွာ ၊ မဖြစ်နိုင်တာ ဘာမျှ မရှိဘူး ၊ မင်း ယောက်ျား မဟုတ်ဘူးလား ”

သူ က ဖွဖွ ရယ်သည် ။

“ ဘာ ရယ်တာလဲကွ ”

“ ယောက်ျား မဟုတ်ဘူးလား ဆိုတဲ့ စကား ကိုပါ ၊ သတ္တိ နဲ့ ပတ်သက် ရင် အဲသည်စကား တော်တော် ပြော ကြတယ် ၊ ယောက်ျား ဆိုတာ သတ္တိ ရှိရမယ်ပေါ့ ။ သတ္တိ ရှိတာတော့ မိန်းကလေး လည်း ရှိရမှာပါပဲ ၊ ယောက်ျား မဟုတ်ဘူးလား ဆိုတဲ့ စကား နဲ့ သတ္တိ မရှိဘူးလား ဆိုတဲ့ စကား အတူတူ ပါပဲ ထင်တယ် ၊ အေး ... ငါ က ယောက်ျား ၊ သတ္တိ လည်း ရှိတယ် ၊ ငါ ရှိ တဲ့ သတ္တိက တစ်မျိုးပဲ ”

ရဲနောင် မျက်မှောင်ကြုတ် ၍ ...

“ ဘယ်လို သတ္တိလဲ ”

ဟု မေးသည် ။

“ ကိုယ် လိုချင်တာ ကို မရ ရအောင် ယူ တတ်တာ ကို ငါ က သတ္တိ လို့ မထင်ဘူး ၊ ဖြစ်သင့်တာ နဲ့ ယှဉ် လာရင် ဖြစ်ချင်တာ ကို နောက်ဆုတ် ပေး ရဲ တာ ကို သတ္တိ လို့ ထင်တယ် ၊ အဲသည်လို ယောက်ျားမျိုး ကို ယောက်ျား ပီသတယ် လို့ ငါ ယုံကြည်တာ ”

ရဲနောင် က “ ငါ မရှင်းသေးဘူး ” ဟု ပြောသည် ။

“ ရှင်းရှင်းကလေး ပါ ၊ ငါ နဲ့ မိုးနန္ဒာ မေးထူး ခေါ်ပြော တောင် မရှိ ဘူး ၊ ငါ့ အဖေ က သူ့ အဖေ ရဲ့ ကျေးဇူးခံ ကျေးဇူးစား ၊ အေး ... ငါ လည်း ပါတာပါပဲ ၊ အဲဒါ ငါ နားလည်ရမယ် ”

“ ချစ်တာ မှာ အဆင့်အတန်း တို့ ၊ ကျေးဇူး တို့ မရှိဘူးကွ ”

“ အဆင့်အတန်း တွေ ထား ၊ ကျေးဇူး တွေ ထား ၊ လောက ကို စောင့် တဲ့ လောကပါလတရား ဆိုတာ တော့ အမှန်ပဲ ရှိတယ် ။ ဒါ ဖေဖေ တစ်ချိန် လုံး ငါ့ ကို ဆုံးမခဲ့တဲ့တရား ”

“ ဘာလဲကွ ၊ လောကပါလတရား ”

“ ဟိရီ နဲ့ သြတ္တပ္ပ လေ ၊ မကောင်းမှု ပြုရမည် ကို ရှက်ခြင်း နဲ့ မကောင်းမှု ပြုရမည် ကို ကြောက်ခြင်း လို့ အဓိပ္ပာယ် ရတယ် ”

ရဲနောင် က ခေါင်းခါသည် ။

“ ချစ်တာ မကောင်းမှုလား ကွ ”

“ ချစ်တာ က မကောင်းမှု မဟုတ်ဘူး ၊ ပိုင်ဆိုင်ချင် လာရင်တော့ တစ်ခါတလေ မကောင်းမှု ဖြစ်သွား တတ်တယ် ။ ငါ အခု မိုးနန္ဒာ ကို ဖွင့် ပြောကြည့် ၊ မိုးနန္ဒာ က စိတ် ဆိုးလို့ သူ့ အဖေ ကို တိုင်ရင် ဘာ ဖြစ်မလဲ ။ ငါ လည်း ကျောင်း ထွက်ရမယ် ။ ကံ ဆိုးရင် အဖေ လည်း အလုပ် ပြုတ်နိုင်တယ် ”

“ မင်း က အဆိုး မြင်တာကိုးကွ ၊ မိုးနန္ဒာ က ခေတ် မိန်းကလေး ပဲ ၊ ကြိုက် ရင် ပြန် ကြိုက်မယ် ၊ မကြိုက် ရင် တောင် တိုင်မယ်တော့ မထင်ပါ ဘူး ”

“ ငါ အဲဒီ အထိ တောင် စဉ်းစား ထား ပြီးပြီ ”

မင်းသက်မွန် က တိုးတိုး ရယ်သည် ။

“ ဖြစ်တော့ မဖြစ်နိုင်ပါဘူး ၊ မိုးနန္ဒာ က ငါ့ ကို မှတ်မှတ်သားသား ရှိရင် တောင် ကံကောင်း ၊ အေး တကယ်လို့ မဖြစ်နိုင်ဘူး လို့ ထင် တာတွေ ဖြစ်ခဲ့လို့ မိုးနန္ဒာ က ငါ့ ကို ပြန် ချစ်ခဲ့ရင် တောင် သူ့ မိဘ သိရင် အတင်း ခွဲ မှာပဲ ။ သူ က စွန့်စားပြီး ငါ့ နောက် လိုက်ခဲ့ရင် လည်း ငါ ဟာ ကိုယ် တကယ် ချစ်တဲ့ သူ ကိုယ့် ကြောင့် သိမ်သိမ်ငယ်ငယ် နေရတာ ကို ကြည့် ပြီး တစ်သက် လုံး စိတ်ဆင်းရဲ သွားရမှာပဲ ၊ အချစ် ဆိုတာ ဘာလဲ ။ ငါ သေသေ ချာချာ မသိပေမဲ့ ငါ သူ့ ကို ချစ်တဲ့ အချစ် က အဲသလိုမျိုး တော့ မဖြစ်စေချင် တာ အမှန်ပဲ ”

ရဲနောင် က မဲ့ပြုံး ပြုံးသည် ။

“ မင်း က ရှေးရှေးက ဝတ္ထုစာအုပ်တွေ ထဲ က လို အချစ်စစ် ဆိုတာ စွန့်လွှတ်ခြင်းတွေ ၊ ဘာတွေများ ကြွေးကြော်ချင်သေး လို့ လား ။ ခေတ် လူငယ်တွေ ပါ ကွာ ၊ အချစ် ဆိုတာ ရယူပိုင်ဆိုင် နိုင်အောင် ကြိုးစားရဲတာ ကို ခေါ်တာကွ ”

မင်းသက်မွ န်က ခေါင်း ခါသည် ။

“ ခေတ် လူငယ်တွေ မှာ ရှေး က လူငယ်တွေ နဲ့ မတူတဲ့ ခံယူချက်တွေ ရှိကောင်း ရှိမယ် ၊ လောကပါလ တရား ကို တော့ သွား ပြောင်းလို့ မရ ဘူး ၊ ကိုယ့်ကြောင့် သူ တစ်ပါး ဘဝ ကသိကအောက် ဖြစ်အောင် ၊ နိမ့်ကျ ဆင်းရဲ သွားအောင် လုပ်ရင် ဒါ မကောင်းမှု ပဲ ။ အဲဒီလို မကောင်းမှုမျိုး ကို ကိုယ် သိပ်ချစ်ပါတယ် ဆိုတဲ့ မိန်းကလေး အပေါ် မှာ သွား ကျူးလွန်ဖို့ ခေတ်လူငယ် ဆိုပြီး ဆင်ခြေ ပေးလည်း ဟိရီသြတ္တပ္ပ မရှိတာ က မရှိတာ ပဲ ။ ငါ ရင် ထဲ က ပဲ ချစ်တော့မယ် ရဲနောင် ၊ ငါ့ ကို ဘာမှ မတိုက်တွန်း နဲ့ ၊ ဘယ်သူ မှ လည်း မသိစေနဲ့ ”

ရဲနောင် သက်ပြင်း ချသည် ။

“ မင်း အမြတ်နိုးဆုံး အရာ ကို ဘဝ မှာ မပိုင်ဆိုင် လိုက်ရလည်း အရေး မကြီးဘူးပေါ့ .. ဟုတ်လား ”

“ ဆုံးရှုံးရတယ် ဆိုတာ ကျူးလွန်မိတာ ထက် တော့ ခံသာတယ် ရဲနောင် ၊ ပြီးတော့ ငါ့ ဘဝ မှာ မရှိတာ ၊ မပိုင်ဆိုင်ရတာ တွေ အများကြီး ပဲ ၊ သိပ်တော့ မထူးပါဘူး ၊ ငါ ကွန်ပျူတာ နဲ့ ပတ်သက်တဲ့ ဘွဲ့တွေ လို ချင်တယ် ။ ဒါပေမဲ့ မိဘ အခြေအနေ အရ သင်္ချာ စာပေးစာယူ ဘွဲ့ ပဲ တက် ယူနိုင်တယ် ။ ငါ့ မိဘ ကို အိမ် ငှား နေရတဲ့ ဘဝ ကနေ ကိုယ်ပိုင် အိမ် ၊ အနည်းဆုံး တိုက်ခန်း ရှိစေချင်တယ် ။ လက်တွေ့ မှာ တော့ ငါ တောင် မိဘ ဆီ က လက်ဝါး ဖြန့် နေရတုန်း ။ ဖေဖေ အသက် ၅ဝ ကျ မှ ဘတ်စ် ကားကြီး စီး နေရတာ မကြည့်ရက်ဘူး ၊ ဒါပေမဲ့ ငါ လည်း စီး နေရတာပဲ ။ ငါ့ မှာ အစ်ကို တစ်ယောက် ပဲ ရှိတာ ၊ မွေး ကတည်း က ဉာဏ်ရည်နိမ့် ရောဂါ ပါ လာလို့ စာသင် ဖို့ မပြောနဲ့ ၊ သူ သွားလေရာ နောက် က တကောက် ကောက် လိုက် ကြည့်နေရတယ် ၊ ငါ လည်း မင်း မှာ ရှိသလို ဉာဏ် ကောင်း ပြီး ကိုယ့် ဘဝ ကို ဦးဆောင်လမ်းပြ နိုင်မယ့် အစ်ကို တစ်ယောက် ရှိချင် တာပေါ့ ။ ဒါပေမဲ့ မဖြစ်နိုင်ဘူး ၊ ဘဝ မှာ မဖြစ်နိုင် လို့ လက်လျှော့ ထား ရတာတွေ အများကြီး ပါ ကွာ ၊ ချစ်သူ တစ်ယောက် ကို မပိုင်ဆိုင်ရ လို့တော့ ဘဝကြီး က ထူးပြီး စုတ်ပြတ် မသွားနိုင်ပါဘူး ”

မင်းသက်မွန် ရင် ထဲ ရှိသမျှ စကားတွေ အရှည်ကြီး ပြော လိုက်ရလို့ မောသွားဟန် ဖြင့် အဝေး တစ်နေရာ သို့ ငေးမော နေသည် ။ ရဲနောင် က တော့ အားမလို အားမရ ဟန် ဖြင့် ပြောသည် ။

“ ဘဝ မှာ မပြည့်စုံတာ တွေ ကို ချည်း စဉ်းစားပြီး အားလျှော့ နေရမှာ မှ မဟုတ်တာ ၊ ရှိ လာအောင် ပြည့်စုံ လာ အောင် ကြိုးစားရမှာ လေ ”

မင်းသက်မွန် ပြုံး ၍ ခေါင်းခါ ပြသည် ။

“ ကြိုးစားမှု က တော့ အမြဲ စိုက်ထုတ် နေရမှာ အမှန်ပါပဲ ။ ဒါပေမဲ့ ဖေဖေ ပြောဖူးတယ် ။ ရ ကို ရ ရမယ် ။ ဖြစ် ကို ဖြစ်ရမယ် ဆိုပြီး အရူးအမူး စိတ် နဲ့ ကြိုးစားရ မှာ မဟုတ်ဘူး တဲ့ ။ ပေး လာတဲ့ အခြေအနေ ပေါ် မှာ မူတည်ပြီး လုပ်သင့်တာ ကို စဉ်းစား ၊ အကောင်းဆုံး ဖြစ်အောင် လုပ် တဲ့ ၊ ဖြစ်လာ တာ မဖြစ်လာ တာ ကံတရား တဲ့ ။ အဲသလို စိတ် ထား တတ်ရင် ဖြစ် မလာရင် လည်း ဝမ်းမနည်းတော့ ဘူးတဲ့ ။ အေး ... ဖြစ်လာရင် တောင် ”

မင်းသက်မွန် က ရယ်ပြန်သည် ။

“ ဖြစ်လာရင် တောင် သိပ် ပျော်ချင် မှ ပျော် မှာတဲ့ ၊ အခြေအနေ က လည်း ပေး ၊ ကြိုးစားအားထုတ်မှု လည်း အလုံအလောက် ထည့် ပြီးတဲ့ အခါကျ ရင် ပင်ပန်း ပြီး အရင် က လိုချင် မက်မောခဲ့တဲ့ အရာတွေ ကို တောင် မရ လည်း နေ ဆိုပြီး စိတ်မဝင်စားတော့ဘူး ဆိုတဲ့ စိတ်မျိုး ပေါ်လာရော တဲ့ ၊ အဲဒီလို သိပ် မလိုချင်တော့ လောက်အောင် မောပန်းနွမ်းနယ် တဲ့ အခါကျ တော့ မှ တစ်သက်လုံး လိုချင် ထားတဲ့ အရာတွေ က တစ်ခု ပြီး တစ်ခု ရ လာတတ်တာမျိုး တဲ့ ”

ရဲနောင် က နှုတ်ခ မ်းရှုံ့ ၍

“ မင်း စကား တွေ ရော ၊ မင်း အဖေ စကား တွေ ရော ၊ ဘာမှ နားမလည် တော့ပါဘူးကွာ ” ဟု ဆိုသည် ။

( ၅ )

ကြိုတင် မျှော်လင့်ထားသည့် အတိုင်းပင် မိုးနန္ဒာ နိုင်ငံခြား သို့ ထွက် ခွာ သွားသည် ။ ကျောင်း ဆက် တက်မည် ဟု သိရသည် ။ မင်းသက်မွန် နှင့် သိကျွမ်းရုံ မျှ ပင် မရှိခဲ့သဖြင့် နှုတ်ဆက်လ ည်း မသွား ။ အဆက်အသွယ် လည်း မရှိတော့ ။

မင်းသက်မွန် က စာပေးစာယူ ဖြင့် ဘွဲ့ ရပြီး ကွန်ပျူတာဆိုင်ရာ နိုင်ငံတကာ စာမေးပွဲ တစ်ခု ကို ပြည်တွင်း မှ ဝ င်ဖြေ၍ ထူးချွန်စွာ အောင်မြင်ခဲ့သည် ။ မိုးနန္ဒာ ၏ ဖခင် က သူ့ ကုမ္ပဏီ တွင် အလုပ် ပေး သော်လည်း မင်းသက်မွန် ၏ ဖခင် က သား ကို စကော်လားရှစ် ရှာ ၍ နိုင်ငံခြား သွား ပညာ သင်စေချင်သည် ။

“ ဖေဖေ လုပ်နိုင်ပါသေးတယ် သား ရယ် ၊ ကိုယ့် ရှေ့ရေး ကိုယ် ကြည့်ပါ ”

ထူးချွန်စွာ အောင်မြင်ခဲ့သည့် စာမေးပွဲ ၏ ရှေ့ပိုင်း က ရင်ဆိုင်ခဲ့ ရ သော အိပ်ပျက်ညပေါင်း များစွာမှ နာလန်ကောင်းကောင်း မထသေး သော် လည်း ဖခင်ကြီး ၏ စေတနာ ကို အသိအမှတ် ပြုသည့် အနေနှင့် မင်းသက်မွန် ဆက် ကြိုးစားခဲ့သည် ။

တစ်နှစ် မပြည့်မီ အချိန် အတွင်း တွင် ယူကေနိုင်ငံ ဘာမင်ဟန် တက္ကသိုလ် တွင် ကွန်ပျူတာ ဘွဲ့လွန်သင်တန်း တက်ရန် ပညာသင် ဆု ရခဲ့သည် ။

ယူကေနိုင်ငံ ရောက်ပြီး အချိန်ပိုင်း အလုပ် လုပ်လိုက် ၊ ကျောင်း တက် လိုက် ရုန်းကန် နေဆဲ အချိန် တွင် ကိုသက်နောင် နှင့် ဆုံရ လေသည် ။

( ၆ )

ကိုသက်နောင် က မင်းသက်မွန် လို ပင် မြန်မာပြည် မှ အင်ဂျင်နီယာ ပညာ သင်ရန် ယူကေနိုင်ငံ သို့ ရောက်ရှိပြီး ဘာမင်ဟန် တက္ကသိုလ် တွင် ပင် တက်ရောက် နေသည့် မင်းသက်မွန် ထက် သုံးနှစ် ခန့် ကြီးသည့် အစ်ကို အရွယ် လူငယ် တစ်ဦး ဖြစ်သည် ။

“ ညီ ကြိုးစားတာ တော့ ကြိုးစား ကွ ၊ ဒါပေမဲ့ လူ လို ကြိုးစား ၊ စက်ရုပ် လို မကြိုးစား နဲ့ ၊ မင်း ဒီလို ပုံစံနဲ့ ဆို မကြာဘူး ၊ ရူးမယ် ”

မင်းသက်မွန် မချိသွားဖြဲ ရယ် ပြသည် ။

“ အစ်ကို့ လို မိဘ က ကုမ္ပဏီ ဖွင့် ပေးဖို့ ငွေထုပ်ပိုက် စောင့်နေတာ မဟုတ်ဘူး အစ်ကို ၊ ကျွန်တော် တို့ ဘဝ က ပညာ ပဲ အားကိုးစရာ ရှိတာ ”

“ မင်း ငါ့ ဆီ လုပ် လို့ ကတော့ ငါ က ခန့်ပြီးသားပဲ ။ မင်း လို လူ တစ်ယောက် ကုမ္ပဏီ မှာ ထည့်ထား ပြီးရင် ငါ ဂေါ့ဖ်ကလေး မှန်မှန် ရိုက်ပြီး နှပ် နေရုံပဲ ”

“ အင်းပါ မြန်မာပြည် ပြန် ရောက် မှ အစ်ကို့ စကား အစ်ကို မေ့ မနေ နဲ့  ၊ ကျွန်တော် က ဒုက္ခ ရောက်တာ နဲ့ ပြေး လာမှာ ”

တကယ်တမ်း ကျ တော့ မြန်မာပြည် ပြ န်မရောက်ခင် ကတည်း က မင်းသက်မွန် ဒုက္ခ တွေ ကို ကိုသက်နောင် ကယ်တင် နေရပြီ ၊ အလုပ် က တစ်ဖက် နှင့် စာ ဖိ ကြိုးစား ရင်း က ဖျား ပြီး အိပ်ရာ ထဲ လဲ တော့လည်း ဆွေမရှိ ၊ မျိုးမရှိ နိုင်ငံခြားသားတွေ ကြား ထဲ မှာ အစ်ကိုရင်း တစ်ယောက် လို ဂရုစိုက် ပြုစုစောင့်ရှောက် ပေးခဲ့သည် ။ တော်တော် နှင့် အလုပ် ပြန် မလုပ်နိုင် သဖြင့် လူဝင်မှုကြီးကြပ်ရေးရုံး သို့ ငွေလက်ကျန် ပြရန် အခက်အခဲ ကြုံသော အခါ တွင် လည်း မင်းသက်မွန် ၏ ဘဏ်စာရင်း ထဲ သို့ သူ့ ငွေများ သွင်း၍ ပြေလည် စေခဲ့သည် ။

“ အားနာလိုက်တာ အစ်ကို ရာ ”

“ ဟကောင် ရ ၊ ငါ က အကြံသမား ကွ ”

“ ဘာလဲ အစ်ကို ရ ”

“ တဲလင့်စကောက် ဆိုတာလေ ၊ မင်း မကြားဖူးဘူးလား ၊ လုပ်ငန်းခွင် ထဲ ကျရင် ကြိုးစားမယ့် တော်မယ့် ကောင်တွေ ကို ကျောင်းသားဘဝ ကတည်း က တွေ့အောင်ရှာ ထားပြီး ကျေးဇူး ရှိအောင် တမင် လာ ချည် တာလေ ။ ဟား ဟား ဟား ၊ မြန်မာပြည် ရောက်ရင် ငါ့ ဆီ က လွဲပြီး ဘယ်မှာမှ လုပ်ဖို့ စိတ် မကူးနဲ့ တော့ ”

ဘုရားရေ ။

တကယ်ကို ဉာဏ် ကောင်းပြီး ငါ့ အပေါ် ကူညီလမ်းပြမယ့် အစ်ကို တစ်ယောက် ရနေပါပေါ့လား ။ မင်းသက်မွန် ကြည်နူးစွာ ပြုံး မိသည် ။

( ၇ )

နှစ်ဦး စလုံး မြန်မာပြည် ပြန် ရောက်လာကြပြီး မကြာခင် ကိုသက်နောင် က တကယ့် ကို ကုမ္ပဏီ တစ်ခု ထူထောင် ခဲ့ပြီး မင်းသက်မွန် ကို လည်း သူ့ ကုမ္ပဏီ တွင် အိုင်တီပညာရှင် အဖြစ် ခန့်ထား ခဲ့သည် ။

ကိုသက်နောင် ၏ လာဘ် မြင်မှု ၊ လက်အောက်ငယ်သားများ အား မိဘ သဖွယ် ချစ်ခင်စွာ စောင့်ရှောက်တတ်မှု ၊ လက်အောက်ငယ်သားများ က လည်း ကျေးဇူးတုံ့ပြန် ကြိုးစားကြမှု ၊ မင်းသက်မွန် ၏ မိတ်ဆွေရင်း တစ်ယောက် လို ပံ့ပိုးမှု တို့ ကြောင့် သုံးနှစ်ခန့် အတွင်း တွင် ကိုသက်နောင် ၏ ကုမ္ပဏီ က အရှိန်အဟုန် ကြီးမားစွာ အောင်မြင်မှု ရ လာသည် ။

“ အစ်ကို ကျွန်တော့် ကို လခ တိုး ပေးပြန်ပြီ ဆို ”

“ ဖြည်းဖြည်းလုပ်ပါ ငါ့ ကော င်ရာ ၊ လခ တိုး တာ ဒီလောက် အလန့်တကြား ဖြစ်စရာ မလိုပါဘူး ”

“ များလွန်းလားလို့ အစ်ကို ရ ”

“ များ ရင် ငါ့ လိုက်ကျွေး ကွာ ၊ မင်း က လည်း မင်း က အိုင်တီ မဟုတ်တော့ဘူး ၊ ဂျီအမ်မ် ဖြစ်သွားပြီ ၊ တန်းတူကုမ္ပဏီ တွေ က ဂျီအမ်မ်တွေ နဲ့ အတူတူပေးတာ ၊ ပြီးတော့ အခု မင်း စီးစီး နေတဲ့ ဆလွန်းကား ကို မင်း အိမ် ယူ သွားတော့ ၊ မင်း မိဘတွေပါ သုံး ချင် သုံး ၊ အေး တစ်ခု ပဲ ရှိတယ် ”

“ ဘာလဲ အစ်ကို ”

“ မင်း ကို ဟန်းဖုန်း ပေးထားတာတော့ ပေးထားတာပေါ့ ကွာ ၊ ဒါပေမဲ့ ရုံး က တစ်ချိန်လုံး ခေါ်နေတာ ဆိုတော့ မင်း ရော ၊ မင်း မိဘတွေ ရော ယောက်လမ်း က တိုက်ခန်း ကို ပြောင်း နေကြတော့ ၊ ဖြစ်မလား ”

ရယ်ကျဲကျဲ နှင့် သာ ...

“ အားနာစရာကြီး အစ်ကို ရာ ” ဟု ဆို ရသည် ။

“ အားနာ မနေနဲ့ ၊ နေ့ရော ညပါ ငါ့ အလုပ် ထဲ မှာ ပဲ နစ် နေလို့ မင်း ကို ငါ က ပြန် အားနာ နေတာ ၊ မင်း အခု အသက် ၂၆ နှစ် မဟုတ်လား ”

“ ၂၅ နှစ်ကျော်ပြီ အစ်ကို ၊ ဘာလို့လဲ ”

“ ရည်းစားတောင် မထားအားသေးဘူး ဟုတ်လား ”

မိုးနန္ဒာ ကို ရိပ်ခနဲ သတိရ မိသည် ။ နိုင်ငံခြား မှာ ပဲ နဲ့ တူပါရဲ့ ။ ခေါင်း သာ ခါ ပြလိုက်ပြီး အစ်ကို ကျတော့ရော ဟု ပြောတော့ ဟက်ဟက် ပက်ပက် ရယ်သည် ။

“ ငါ မိန်းမ ယူတော့မယ်ကွ ညီ ရ ၊ ယူကေ တုန်း က ငါ အွန်လိုင်း နဲ့ ချိတ်မိ နေတဲ့ ကောင်မလေး လေ ၊ မိုးသူဇာ ဆိုတာ ၊ အခု ဒီမှာ ဆုံပြီး အဆင် ပြေ နေကြတာ ကြာပြီ ။ အခု ဝါ မဝင်ခင် ယူမှာ ၊ မင်း တောင် လူပျိုရံ လုပ်ရဦးမှာ ”

“ အစ်ကို က လျှိုတယ် ဗျာ ”

“ လျှို မနေနဲ့ ၊ ဒီမှာ ငါ့ ခယ်မလောင်း က အပျိုရံ လုပ်ရမှာ ၊ အဲဒါ ယူ ၊ မယူရသေးဘူး ၊ သူဇာ က ငါ့ ကို ညှောင့် နေတယ် ။ သူ ညီမလေး က စင်ကာပူ က နေ အိုင်တီ နဲ့ ကျောင်း ပြီး လာတာ ၊ ငါ့ ကုမ္ပဏီ မှာ ခန့် ပါလား ၊ ဘာညာ ပေါ့ကွာ ၊ ငါ က လည်း အိုင်တီ က မင်း ပဲ တွဲ ကိုင်နေတာ ဆိုတော့ ဆွေတွေ မျိုးတွေ သိပ် မထည့်ချင်ဘူး ကွ ၊ မင်း လေ့လာ ကြည့်လေ ၊ လေ့လာ ကြည့်ရင်း က မင်း နဲ့ ပြေလည် သွား လည်း ကောင်းတာပဲ ။ မင်း နဲ့ ငါ တကယ့် ညီအစ်ကို ဖြစ်ရော ပေါ့ ၊ ဟား ဟား ဟား ”

ရှက်ရယ် သာ လိုက် ရယ် နေလိုက်ရသည် ။

( ၈ )

“ ဪ ... ကိုမင်းသက်မွန် ပဲ ကိုး ၊ ထင်သားပဲ ၊ ဒီ နာမည်တူ တော့ မရှိလောက်ပါဘူး လို့ ”

မိုးနန္ဒာ က ချစ်စဖွယ် ပြုံး ၍ ဆိုသည် ။ တုန်ယင်သော နှလုံးသား ၊ လှိုက်ခါနေသော ရင် ၊ ရီဝေသော အသိဉာဏ် ဖြင့် မင်းသက်မွန် ရုတ်တရက် ဘာ ပြန်ပြောရမည် မသိသေး ။

“ ဟ မင်းတို့က သိနေတာလား ”

သက်ပြင်း တစ်ချက် မသိမသာ ချ၍

“ ဖေဖေ မနားခင်တုန်း က တော့ အလုပ် လုပ်ခဲ့တာ မမိုးနန္ဒာ တို့ အဖေ ကုမ္ပဏီ မှာ ပါ ” ဟု တိုးတိုး ဖြေလိုက်သည် ။

မိုးနန္ဒာ က သူ့ ပခုံး တစ်ဖက် ကို ရင်းရင်းနှီးနှီး လက်သီး နှင့် ဖွဖွ ထိုးသည် ။

“ ဘာတွေ ပြော နေတာလဲ ၊ တစ်တန်းတည်းသား သူငယ်ချင်းတွေ လို့ ပြောရမှာလေ ၊ မဆုံတာတောင် ရှစ်နှစ် လောက် ရှိပြီ ”

တုန်ယင်ဆွံ့အ နေသော မင်းသက်မွန် ကို ခဏမျှ စိုက် ကြည့် နေပြီးမှ ကိုသက်နောင် ပေါ့ပါးစွာ ပြုံးသည် ။

“ သူငယ်ချင်းတွေ ဆို အတော်ပဲ ပေါ့ ၊ အစ်ကို နဲ့ မမသူဇာ က ဟိုတယ်ကိစ္စ သွားမယ် ၊ နန္ဒာ က ဒီ ကောင်ကြီး ခေါ်ပြီး ဖိတ်စာကိစ္စ ကို သွားပေးမလား ”

မိုးနန္ဒာ က လက်မ တစ်ချောင်း ထော င်၍ ပြုံးပြ ခေါင်းညိတ် ပြသည် ။ မင်းသက်မွန် က ကြောင်အအ ဖြင့် ...

“ ကျွန်တော် က ဒီ နေ့လယ် ကပ်စတန်ဟောက်စ် ကို သွားရမှာလေ အစ်ကို ”

ဟု ပြန် ဖြေမိသည် ။

ကိုသက်နောင် က မင်းသက်မွန် ကို လက်ညှိုး နှင့် လက်မ ကို သေနတ်ပုံစံ လုပ်၍ ပစ်ထည့်ဟန် ချိန် ပြသည် ။

“ မင်း ကို ငါ ပြောတာ ဘယ်နှခါ ရှိပြီလဲ ၊ အလုပ် ကြိုးစားတာ ကြိုး စား ၊ စက်ရုပ် လို မကြိုးစား နဲ့ ၊ လူ လို ကြိုးစား ၊ ကပ်စတန်ဟောက်စ် မနက်ဖြန် မှ သွား ၊ ဒီနေ့ နန္ဒာ နဲ့ ဖိတ်စာကိစ္စ လုပ် ၊ နေ့လယ် ကျ ရင် နန္ဒာ ကို တစ် ခုခု ဝင် ကျွေးလိုက်ဦး ၊ မဆုံတာ ရှစ်နှစ် ရှိပြီဆို ၊ အေးအေးဆေးဆေး စကား ပြောကြပေါ့ ၊ နောက် ကျရင် ကုမ္ပဏီ ပြန် မလာနဲ့ တော့ ။ နန္ဒာ သာ ပြန် ပို့ ပေးလိုက် ၊ ငါ လည်း ဒီနေ့ ကုမ္ပဏီ ပြန် မလာတော့ဘူး ၊ ဖုန်း ပဲ ဆက် လိုက်မယ် ”

ကိုသက်နောင် က တက်ကြွ ဖျတ်လတ်စွာ ပင် မိုးသူဇာ နှင့် အတူ ထွက်ခွာ သွားသည် ။

မိုးနန္ဒာ က လှပစွာ ပြုံး ၍ ကား ပါတယ် မဟုတ်လား ဟု မေးသည် ။

ထို အပြုံး ကလေး က မင်းသက်မွ န်၏ နှလုံးသား ထဲ သို့ နူးညံ့စွာ စိမ့်ဝင် သွားပါသည် ။

◾ လင်္ကာရည်ကျော်

📖 သရဖူ မဂ္ဂဇင်း
      ဇူလိုင် ၊ ၂၀၀၉

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment