Thursday, May 30, 2024

ချစ်လို့သာ ခွဲရ

❝ ချစ်လို့သာ ခွဲရ ❞
  ( ရန်ကုန်ဘဆွေ )

လယ်တော က ပြန် ပန်ချင်တယ် ကြာညိုဖူး ဆိုလို့ မောင် ခူးကာပေး ... ။

မနက်တုန်း ဆီ က ၊ ကြော့ဆုံး ကို မောင် မြင်တော့ သူ့ ဆံပင် နှင်းဆီပန်း နဲ့ ဂုဏ် တင့်တယ်လေး ... တကယ်တမ်း ချစ်တာလား ကွ .. ။

“ ခုလို ဆိုတော့ ငါ့ စိတ် ထဲ မှာ ဝမ်းနည်း ဝမ်းသာချည်းပဲ ၊ တစ်ခါတစ်ခါ ရှေးဟောင်း နောက်ဖြစ် တွေ တွေးမိရင် လဲ မချိတရိ ဖြစ်သွားတာပဲ ၊ ဒါပေမယ့် ကိစ္စ မရှိဘူး ၊ မင်း ချမ်းသာမယ် ၊ ဂုဏ် ရှိမယ် ဆိုရင် ပြီးရော ၊ မင်း မှတ်မိသေးရဲ့လား ၊ ဘကြီးအောင် တို့ တဲ မှာ ပေါ့ လယ် အပြန် ထွန်ရေး တငင်ငင် နဲ့ လယ်ကွက် ထဲ မှာ ရေတွေ က လဲ ပြည့် လို့ အနောက်ဘက် ကောင်းကင် မှာ တိမ်တွေ တောက် နေတယ် ၊ မြက်ခင်းကလေး တွေ က လဲ ညီ လို့ ကတ္တီပါ အစိမ်းကြီး ခင်းထား သလိုပဲ ၊ ရေလေး ပြောင်ပြောင် တိမ်ရောင်ကလေး ဟပ်ဟပ် မြက်ခင်းစပ်ကလေး အလွန် မှာ ...

“ ကိုထွန်းနွယ်ကြီး လုပ်ပါဦးတော့ ” လို့ အော်ပြီး လူ ဆီ ကို ပြေးလာတာ နဲ့ ငါ က လည်း ဘာလဲ ဘာလဲ ဘာလဲ လို့ မေး ရင်း ဆီး ဖက် အထား ...

မင်း ရင်ဘတ်ကလေး က လည်း ခုန် လို့ ၊ မင်း ခြေထောက်ကလေး နှစ်ချောင်း ဆောင့်ဆောင့် ပြီး မင်း မျက်နှာလေး ဟာ နီတျာတျာ နဲ့ ဖြစ်သွားတာပဲ ၊ ရေစပ် နဲ့ မြက်ခင်း အကြား က ကျွဲမျှော့ကြီး တွယ်လိုက်တုန်း က ပေါ့ ...

ပြီးတော့ … မင်း က နှုတ်ခမ်းကလေး စူ ပြီး ဇောင့်ဇောင့် နဲ့ ရှေ့ က အသွား ရေကတွတ်ပေါက် နား က ငွေဗျိုင်းဖြူကလေး နှစ်ကောင် က လည်း လန့် အပျံ ငါ က ငွေဗျိုင်းဖြူ ၊ ပညာရှိရယ် ၊ ကျော့တို့မောင် ဒီမှာ ရှိတယ်လို့ ဆိုလိုက်တော့ ...

မင်း မျက်လုံးကလေး နှစ်လုံး ဟာ ဒေါင့် ကပ်ပြီး ကြည့် နေလိုက်တာ ငါ့ ရင် ထဲ မှာ ခုထက် ထိ ဖို နေသလိုပဲ ။

ဒီလိုနဲ့ပဲ .. မင်း နဲ့ ငါ စကား မပြောဘဲ ငြိမ် ပြီး ကိုယ့် အတွေး နဲ့ ကိုယ် လာကြတော့ ကျွဲ ချောင်းရိုးကလေး နား အရောက် မှာ သီချင်း ဆိုသံ ကြားရတယ် မဟုတ်လား ...  ။

လှေနှစ်စင်း နဲ့ လေ ၊ ရှေ့ က လှေ က ကောက်စိုက် ပြန် လာတဲ့ မိန်းမ တွေ ပေါ့ ၊ သူတို့ က ...

“ တို့နန္ဒာ လယ်တော်တိုက် မအေ့ ၊ ညည်း စိုက်တဲ့ ကောက်ပင်သွယ်ငယ် ... မှန်း ဘယ်မျှ ကြီး ၊ ဟော ကြည့်စမ်း မွန်းတနှံ မှာ ဆယ်ပြန် ထွက်တယ် ၊ ဖြိုးအယ်လို့သီး ” လို့ ဆို လိုက်တော့ နောက်က ပျိုး နုတ်ရာ က ပြန် လာတဲ့ ယောက်ျား တွေ လှေ က မင်း သောက်မြင်ကပ်တယ် ဆိုတဲ့ စံဖြိုးကြီး လည်း အားကျမခံ ပြန် ဆိုတယ် မဟုတ်လား ။

“ ဘာဆိုလား အင်း … သိပြီ သိပြီ ... ”

ယောက္ခမကြီး ဆိုလို့ ဆဲ .. အိမ်ခွဲပါလို့ ဆောက် ရအောင် ၊ မဲဇာဆို ရွှေလီ ထဲ ဝါး တွဲခဲ့မောင် ၊ တစ်ဆောင် နှစ်ဆောင် ကျယ်ကျယ် ဆောက်မှ ၊ နေလောက်မယ် ပျို့ သက်ထားရယ် ... အလို သားတွေ က များ တဲ့ ... ။

ဒီတော့ .. ရှေ့ က လှေ က မတိုးကြီး က ခုံဖိနပ်စာ ရယ် ... နာအုံစပ် မှာ တွယ် နဲ့ ဆိုလို့ သူတို့ လှော်သွားတဲ့ လှေ က ရေလှိုင်းကလေးတွေဟာ လေ အနိမ့်ပိုင်း က ကျွဲစားကျက် ချိုင့်ကြီး ထဲ ဂယက် ရိုက် သွားတော့ ။ ကားကားစွင့်စွင့် နဲ့ ပွင့် နေကြတဲ့ ကြာညိုပန်း သင်းသင်းကလေးတွေ က လည်း ဟိုယိမ်း ဒီနွဲ့ နဲ့ လှိုင်းသွဲ့တိုင်းတာလို့ ။ ကြာညိုပွင့်ကလေး တွေ မြင်တော့ မင်း မျက်နှာ ဟာ အဲဒီ ကြာညိုပွင့်ကလေးတွေ နဲ့ ပြိုင်ပြီး ငါ့ ကို ကြည့် နေ တယ်လေ ။

နောက် မင်း က ပန်ချင်လှချည် ရဲ့ ဆို လို့ ငါ သွား ခူးတော့ ကြာညိုပန်းကလေး ပေါ် မှာ ပိတုန်းကြီးတွေ ဟာ တဒီဒီ နဲ့ တေးသီရင်း ဝဲလို့ ၊ ငါ့ ရင်ဘတ် ကို လည်း ငွေလှိုင်းဖြူကလေးတွေ က တဖျတ်ဖျတ် နဲ့ ခပ်လို့ ၊ မင်း နဲ့ ငါလည်း ရွာခြေ ရောက် ကြရော ။

ဖိုးလမင်းကြီး က လည်း အရှေ့ဘက် ကျော်တက် လာရော ၊ သူ့ ပတ်ဝန်းကျင် မှာ လည်း ကြယ်တာရာတွေ ခြံရံ လို့ လယ်ကွင်း ထဲ မှာ ဖားငယ်ကလေးတွေ သာ သြဘာ ပေးရင်း ကျန် နေရစ် ရှာတယ် ။

••••• ••••• •••••

ညစာ ထမင်း စားပြီးစ ။ ရေနံဆီခွက်ကလေးတွေ က လည်း မှိတ်တုတ်မှိတ်တုတ် နဲ့ မပွင့်တပွင့် လင်းစ ။

အချိန် ညဉ့်ဦး လေရူးသုန်သုန် လကလေး မှုန်မှုန် မှာ မင်းတို့ အိမ်ရှေ့ က ခရေပင်ကြီး လည်း တစ်ကိုယ် တည်း ငြိမ် လို့ ၊ တောင်ဘက် ခြံစပ်က ဝါးရုံပင်ကလေးတွေ က လည်း လေ သွဲ့တိုင်း ယိမ်း ယိမ်းပြီး ခရေပင်ကြီး ကို တီးတိုး စကား ပြော ရှာကြတယ် ။ အခက်အရွက် ကြား ကို ဖောက်လာတဲ့ လရောင် ကတော့ ခရေပင် အောက် မှာ ပြိုးပြိုးပြောက်ပြောက် ထင် လို့ …. ။

ခရေပင် ပေါ် က ဒီးဒုတ်ကလေး ဟာ လည်း ငါးစက္ကန့် တစ်ကြိမ် မှန်မှန် အော် နေတယ် ။ ခရေပင် ရိပ် အောက် က နေပြီး မင်းတို့ အိမ် ထဲ ကို ကြည့် နေတုန်းပေါ့ ။ အဲဒီတုန်း က မင်း အမေ အရီးဗွေးဒုတ်ကြီး ဟာ ခေါင်းရင်းခန်း ဆီ က ကျုံ့ကျုံ့ကလေး ထိုင်ပြီး ကွမ်းစား နေရာ က ဖက်ဖြူလိပ်ကြီး ကို ဖွာ နေတယ် .. ။

ဖိုးလမင်းကြီး ကို မနာလို လို့ မိုးသားရိပ်တွေ က မျက်နှာ ညိုပြီး တက် လာတော့ ငါ လည်း မင်း တို့ အိမ် ခြေရင်း ဘက် က မှောက် ထားတဲ့ ပုတ်ကြီး တွေဘေး ကို ရောက် လာတယ် မဟုတ်လား ။ မိုးရိပ်တွေ ကင်း လို့ လရောင်ကလေး လင်း လာ ရော ၊ မင်း မျက်နှာ ဝင်းဝင်းကလေး လည်း ငါ့ အနား ရောက် လာ ရော ၊ မင်း က ငါ နဲ့ တစ်လံ ကွာ လောက် လရောင်ကလေး အောက် မှာ စုံ ရပ်လို့ ၊ ငါ က လည်း ပုတ်ကြီး ကို မှီ လို့ စကား မပြောဘဲ မင်း ရင်ဘတ် က ဖန်ကြယ်သီးကလေး ကို မင်း လက်ချောင်း ကလေးတွေ နဲ့ ကစား နေ တော့ ကြယ်သီး က အရောင် ဟာ လရောင် နဲ့ ဟပ်ပြီး လက်ခနဲ လက်ခနဲ ဖြစ် သွားတယ်လေ ။

မင်း တစ်ကိုယ်လုံး လည်း တုတ်ကျ သလို တဆတ်ဆတ် နဲ့ တုန်နေတာပဲ ။ လယ်ကွင်း ဆီ က ပုစဉ်းရင်ကွဲကလေး တွေ က လည်း သံစုံ ကျူးလို့ ဖားတလက် ကလေး တွေ မြူး ကြတဲ့ တေးသံ ကလည်း တညံညံ နဲ့ ၊ တောင်လေကလေး က လည်း အိမ်ရှေ့ က ခရေပင်ပန်းနံ့ တွေ ကို သယ်ယူပြီး တို့ နှစ်ယောက် ကြား မှာ ပတ် သွားတယ် ။ မြောက်ပိုင်း က ပလွေသံကလေး က လည်း ရွာပေါ် ကို ပြန် တက်လာတုန်း ရွာလယ်လမ်း က သာဂေါင်ကြီး သီချင်း ဆို လာတယ် မဟုတ်လား ။ သူ ဆိုလာတဲ့ သီချင်း က ..

“ လသာ နေသောအခါ … မောင့် ကို ချစ်စမ်းပါ ၊ မိုးမှောင် နေသောအခါ နှစ်ယောက်တည်း တွေ့ချင်တာ ”

အဲဒီ သီချင်း က လည်း အဆို ၊ ငါ က လည်း မင်း ကို အကြည့် လိုက် မင်း က လည်း ငါ့ ကို အကြည့် မျက်စိလေး အစုံ ရင် ထဲ မှာ ကတုန်ကယင်ကြီး ဖြစ်ရင်း ငါ က အပြုံးလိုက် မှာ မင်း က နှုတ်ခမ်းကလေး စူပြီး ခေါင်း ငုံ့ သွားတယ် မဟုတ်လား ... ။

နောက် သီချင်းသံ က ...

“ လ လဲ သာပါဘူး … မောင် လဲ ချစ်နိုင်ဘူး ၊ မိုး လဲ မှောင်ပါဘူး ၊ တွေ့လဲ တွေ့ချင်ဘူး ” လို့ ဆို လိုက်တော့ မင်း က ငါ့ ကို ပြုံးပြီး ကြည့်ပြန်တယ် ။ ပုစဉ်းရင်ကွဲသံ တွေ လဲ ရပ် သွား ရော တစ်ရွာလုံး ကို တိတ် လို့ ၊ တစ်ခါတစ်ခါ မှ ပလွေသံ သဲ့သဲ့ကလေး ကို ကြားရတယ် ။

ဖိုးလမင်းကြီး က လဲ သာမြဲ သာ လို့ ၊ မင်း မျက်နှာကလေး က လဲ လှ မြဲ လှ လို့ ၊ ငါ့ စိတ် ထဲ မှာ မချင့်မရဲကြီး ဖြစ်ပြီး ရှေ့ ကို တစ်လှမ်း အတိုးလိုက် မှာ မကျော့ ရေ လို့ အိမ် ပေါ် က အရီးဗွေးဒုတ် က ခေါ် တော့ ငါ့ တောင် လှည့် မကြည့်နိုင်ဘဲ မင်း အပြေး တက် သွားရတယ် မဟုတ်လား … ။

ငါ လဲ ခေါင်း ငိုက်စိုက် ချပြီး အိမ်ဘေး က တစ်လှမ်း ချင်း လှမ်း ပြီး ပြန် လာခဲ့တော့ မင်းတို့ အိမ် ပေါ် က သူကြီးသား သာအေး တို့ စကား ပြောသံ ၊ ရယ်သံ တွေ ကြား ခဲ့ရတာပဲ ။ အိမ် ပြန် ရောက် ပေမယ့် ဖားအော်သံ ၊ ခွေးအူသံ ၊ ကြက်တွန်သံ ၊ တုံးခေါက်သံ ၊ ကြေးစည်သံ တွေ ကို တစ်ည လုံး နားထောင် ရင်း မိုး လင်း ခဲ့ရတယ် ။ မနက် လင်း ပြန် တော့ လယ်ကွင်း ကို ပျိုးနုတ် ဆင်း မလို့ မင်း ကို လည်း ကောက်စိုက် ရ အောင် ဝင် အခေါ် မှာ မင်း မျက်နှာ မှာ လဲ သနပ်ခါး ရေကျဲကလေး ပွတ် လို့ ၊ မင်း ဆံပင် မှာ လဲ နှင်းဆီပွင့်ကလေး တွေ စီရရီ နဲ့ နှင်းဆီငုံကလေး တွေ နဲ့ ပြိုင် နေတဲ့ မင်း နှုတ်ခမ်း ကလေး က “ ဒီနေ့ ကျုပ် မလိုက်နိုင်တော့ဘူးတော် တဲ့ ”

အဲဒီ နေ့ ဟာ … ငါ လယ် ထဲ သာ ဆင်း ရတယ် စိတ်ပါ မှတ်သလား ၊ မပါဘူး ၊ အကျော့ ရေ မပါဘူး ၊ ဟဲ့ … မင်း ခေါင်း က နှင်းဆီပွင့်ကလေး တွေ ဟာ သာအေး တို့ အိမ်ရှေ့ မှာ စိုက် ထားတဲ့ နှင်းဆီပင် က အပွင့်တွေ ပဲ ငါ မှတ်မိပါတယ် ဟယ် ၊ မင်း ကုသိုလ် ထူးလှချည် ရဲ့ ၊ ခြင်္သေ့ဆီ နဲ့ သိင်္ဂီခွက် ၊ နတ် တင် ထိုက်တာပေါ့ကွယ် ။

သာအေး ဟာ လူကောင်း တစ်ယောက် လည်း ဖြစ်တယ် ၊ ပိုက်ဆံ ရှိတယ် ၊ ဂုဏ် ရှိတယ် ၊ ငါ့ ကို အလုပ် ပေးတဲ့ ထမင်း ကျွေးတဲ့ ငါ့ ကျေးဇူးရှင် ပဲ ။ ဦးဝိသုဒ္ဓကျောင်း မှာ ငါ နဲ့ အတူ နေခဲ့ရဖူး လို့ သာအေး အကြောင်း ငါ ကောင်းကောင်း သိတာပေါ့ ။ လူကောင်း တစ်ယောက် ပါ ဟာ … ။

သာအေး ကို ယူ ရင် မင်း ဂုဏ်ရှိမယ် ၊ ချမ်းသာမယ် ။ ငါ့ ကို ယူ ရင် မင်း ဂုဏ်ငယ် မှာ ၊ ဆင်းရဲ မှာပေါ့ ။ မင်း ကို လေ ငါ သိပ် ချစ်တယ် ။ ဒါကြောင့် မင်း ဂုဏ် ငယ်မှာ ဆင်းရဲမှာ ကို ငါ မကြည့်လိုဘူး ။ အို မိုးလေး က လည်း တစိမ့်စိမ့် ရွာ နေတုန်းပါလား ။ ရေ တွေ က လည်း ပြည့် လို့ ။ ငါ့ အနား မှာ လည်း ဘယ်သူ မှ မရှိတော့ဘူး ။ ငွေဗျိုင်းဖြူကလေးတွေ က လည်း အိပ်တန်း တက် ရအောင် ပြန် ကုန်ကြပြီ ။ တစ်နေ့လုံး တကုန်းကုန်း နဲ့ ပျိုးနုတ် နေ ရတယ် ၊ ဘယ်လောက် ကုန် လို့ ဘယ်လောက် ပြီး မှန်း လည်း မသိဘူး ။

ရွာကလေး မှာ လည်း ရီဝေဝေ နဲ့ ။ ရွာ ကို ပဲ ပြန်ရ ကောင်းလေ မှာလား ၊ မပြန် လို ၊ ငါ မပြန် ချင်ပြီ ။ ရွာ ဘက် ကို စူးစူးစိုက်စိုက် တစ်ချက် ကြည့် ပြီး အံကြိတ်မိ သေးရဲ့ ၊ ငါ့ စိတ် ထဲ မှာ လည်း မချိတယ်နဲ့ ပေါ့ ။ ဒါပေမယ့် မျက်စိ ကို မှိတ် ရွာဘက် ကို ကျောခိုင်း ပြီး ထွက် လာခဲ့တော့တာပဲ ။ အကျော့ မင်း နေရစ်ခဲ့တော့ လို့ ညည်းညူ မိရင်း ရွာဘက် ကို လှည့် ကြည့် မိ တော့ ရွာဘက်ထိပ် က လမုပင်ကြီး တွေ ဟာလေ ခေါင်း တညိတ်ညိတ် နဲ့ လက်ရက် ခေါ် နေကြ သလိုလို ။

တစ်နှစ် က ဒီလ ဒီအချိန် တုန်း က ပေါ့ ။ အခုလို ပဲ တစ်မိုးလုံး မိုးဖွဲ မိုးမှုန်တွေ နဲ့ ဖုံးလို့ ၊ အကျော့ ရေ မင်း အခု အချိန် ဆို ရင် သားဦးကလေး တောင် ရ နေရောပေါ့ ၊ ငါ တော့ … ငါ တော့ … ။

ဪ ... အချစ်ဦး အချစ်ဦး .. ။

◾ရန်ကုန်ဘဆွေ

📖 စာပန်းချီ ၊ ၂/၉
      ဇူလိုင် ၊ ၁၉၅၉

#ကိုအောင်နိုင်ဦး

.

 

No comments:

Post a Comment