Thursday, May 2, 2024

မောင်စောကြည်ဖြူ နှင့် မမြင့်စန်းရီ ( ၁၅ )


 ဆရာတော်ဘုရား ကား ခြေလှမ်း မှန်စွာ ဆွမ်းခံ ကြွ၏ ၊ သူ့ နောက် မှ ကပ္ပိယ ဖိုးသက် က ငြိမ်သက်စွာ လိုက်သည် ။ ကျွန်တော် က သာ ဆွမ်းခွက်တင် ဆိုင်းထမ်းကြီး နှင့် ဂနာ မငြိမ်စွာ ဖြစ်နေ၏ ။ ဖြစ်နိုင် လျှင် ဆွမ်းလောင်းအိမ် အားလုံး ကို ကျော် ၍ ချစ်သူ ရှေ့မှောက် ရောက် ချင်ပြီ ။


သို့သော် ဖြစ်ချင်စိတ် ကို မျိုသိပ် ၍ သာ စိတ် ထဲ တွင် လည်း သိပ် မကြာတော့ ဟု ။


အိုး ... ဟိုမှာကြည့်စမ်း ။


နံနက်ခင်းစ နှင်းမှုံ ကြား ချစ်သူ ကို မှုန်ဝါးဝါး မြင် နေရတာ ကို က မမြင်ဘူးသော ရွှေငါးလေး ကို မြင် လိုက်ရသော ကလေးငယ် တစ်ဦး လို မှင်တက် အံ့အားသင့် စေပါသည် ။


အို ... မြင့်စန်းရီ ။ ဘာကြောင့်များ ဤလောက် သန့်ရှင်း စင်ကြယ် လှပ နေရပါသလဲ ။ ရှေးဘဝ အဆက်ဆက် ကုသိုလ်ကံ ပါရမီ ထူး တို့ ကြောင့် ပင် ဤ ဘ ဝ၌ ရွှေဝါဝင်းသော အဆင်း ကို ပိုင်ဆိုင်ရ နေ ခြင်းလား ။


ရှေး ဘဝ က ပါရမီတော် အစုစု က ယခု ဘဝ မှာ လာ၍ အကျိုး ပေး ထူး နေခြင်းလား ။ မာန်မာန ကင်းမဲ့သော မျက်နှာ ၊ အေးချမ်းသော အဆင်အပြင် တို့ က တစ်ဖက်သား ကို ထင်ရှား စေပါသည် ။ လူ့ ဘဝ တွင် ကောင်းရာမွန်ရာ လုပ်၍ ကောင်းရာမွန်ရာ နေထိုင်တတ် သူ မှန်း အဝေး မှ လှမ်း ကြည့်ရုံ နှင့် ခန့်မှန်း နိုင်ပါသည် ။


ဒါဆို ကျွန်တော် က ရော ... ။


အဖန်ပေါင်း မြောက်မြားစွာ က ပြုပြုခဲ့သော အကုသိုလ် က ယခု ဘဝ မှ ထူး၍ စူးနေရော့ သလား ။ ထို အကုသိုလ် မျိုးဆက် ပြတ်ဖို့ ယခု ဘဝ တွင် ပြန်လည် တောင်းဆု ပြုနေတာ များ လား ။ မဖြစ်ပါရစေ နဲ့ မြင့်စန်းရီ ။


ဆရာတော်ဘုရား နှင့် ကိုဖိုးသက် တို့ ကျော်လွန် ပြီး ချစ်သူ ရှေ့ ခြေစုံ ရပ် မိသည် ။


“ မြင့်စန်းရီ ”


ဆွမ်းခွက် ကို လှမ်း ယူအံ့ဆဲသော ချစ်သူ ၏ လက်များ ရပ်တန့် သွား၏ ။


“ စောကြည်ဖြူ ”


အံ့အားသင့် သော အရိပ်အယောင်များ မြင် လိုက် ရသည် ။ ကျွန်တော့် မျက်နှာ ကို လူ မိ သွားသော ဝါရင့် ခွေးသူခိုး အို အို ချလိုက်သည် ။


“ ကျွန်တော် မတွေ့ရ မနေနိုင် လွန်း လို့ လိုက် လာ တာပါ မြင့်စန်းရီ ”


ချစ်သူ က သက်သောင့်သက်သာ ပင် ဆွမ်းခွက် ကို လှမ်း ယူ ရင်း ဆွမ်းဟင်းများ ထည့်သည် ။ ကျွန်တော် က သာ ဆက်၍ ... 


“ ကျွန်တော် မြင့်စန်းရီ ကို မမြင်ရ ရင် မနေနိုင် လို့ လာခဲ့ရတာပါ မြင့်စန်းရီ ”


သူမ က သူ့ အလုပ် သူ ဆက် လုပ်သည် ။ သို့သော် လက်များ က တုန်ယင် နေ သယောင် ...


“ ဖြစ်ပျက်ခဲ့ သမျှ အားလုံး ဟာ လည်း ကျွန်တော့် ရဲ့ အမှား ကြောင့် မို့ ကျွန်တော် က ပဲ ဝန်ချ တောင်းပန်ပါရစေ ”


သူမ လက်ကလေး ရပ်တန့် သွားသည် ။ နောက် သက်ပြင်း ချသည် ။


“ ကျွန်မ ဘဝ မှာ လူ့ လောက ကို စိတ်ပျက်ပြီး သီလရှင် ဝတ်ချင် ခဲ့တာ နှစ်ကြိမ် ရှိတယ် စောကြည်ဖြူ ”


ကျွန်တော် သူ့ စကား ကို သာ ငေးစိုက် နေမိသည် ။ 


“ အဲဒါ .. ရှင် နဲ့ မတွေ့ ခင် တစ်ကြိမ် ”


ကျွန်တော် ဘာမှ မမေးမိ ။


“ ရှင် နဲ့ တွေ့ပြီး တစ်ကြိမ် ပါ ”


ထမ်း ထားသော ဆိုင်းထမ်း ပင် မြေပြင် နှင့် ထိ မလောက် ညွှတ်ခွေ သွားမိသည် ။ ရုတ်တရက် စကား ပြန်ရန် အစ ကို ပင် ရှာ မရ ။ 


“ ဘာပဲ ဖြစ်ဖြစ် မြင့်စန်းရီ ၊ ကျွန်တော့် ရဲ့ မေတ္တာ က ခိုင်မြဲလှပါတယ် ၊ ဒါပေမဲ့ ကျွန်တော့် ရဲ့ ဘဝပေး ကုသိုလ်ကံ ကို က ”


“ ကျွန်မ ဘဝ မှာ ဒီလို အပူတွေ ကို စိတ်ပျက် ခဲ့တာ နှစ်ကြိမ် ရှိ ပါပြီ စောကြည်ဖြူ ၊ ဒါကလည်း ရှင် နဲ့ မတွေ့ခင် တစ်ကြိမ် ၊ ရှင် နဲ့ တွေ့ပြီး တစ်ကြိမ် ပါ ၊ ကျွန်မ ဖက် က ဖိတ်စာ တစ်ခြမ်း ဖျက် ပြီး ကြောင်း သေချာ နေပါပြီ ၊ ဆက် မကြိုးစားပါ နဲ့ ”


အသက် ကို သာ ခပ်ပြင်းပြင်း ရှူ လိုက်မိသည် ။ လွယ် ထား သော ဆိုင်းထမ်းကြီး ပင် ပခုံး ပေါ် ရှိလေလား ၊ မရှိလေလား မသိ ။


“ ဒါဆို ကျွန်တော့် ဖက် က လည်း ပြောပါရစေ မြင့်စန်းရီ ၊ ကျွန်တော့် မှာ လည်း အိမ်ထောင် ပြုချင်စိတ် ရှိခဲ့တာ ရှင် နဲ့ ၊ အဲလေ မြင့်စန်းရီ နဲ့ မဆုံခင် တစ်ကြိမ် ၊ မြင့်စန်းရီ နဲ့ ဆုံပြီး မှ တစ်ကြိမ် ပါ ၊ ဒါဟာ အသေအချာပါ ပဲ ၊ မများပါဘူး ၊ နှစ်ကြိမ် တည်း ပါ မြင့်စန်းရီ ”


ချစ်သူ ကျွန်တော့် ကို ငေး သွားသည် ။ ဒါကို ကျွန်တော် က လည်း လက်လွှတ် မခံဘဲ ခိုင်မာသော မျက်နှာ ပေး ဖြင့်  ... 


“ ဟုတ်ကဲ့ ... နှစ်ကြိမ် ထဲ ပါ ”


ချစ်သူ လက် နှစ်ချောင်း ထောင် သွားသည် ။ စဉ်းစား နေပုံ ရသည် ။ အမှန်တော့ ထို နှစ်ကြိမ် သည် မွေးကတည်း က ဟု အဓိပ္ပာယ် ရ ပေလိမ့်မည် ။ ဒါကို ချစ်သူ စဉ်းစားမိ သွားမည် စိုး၍ အမြန် လုံးချပြီး 


“ အခုလည်း မြင့်စန်းရီ နဲ့ ဝေးမှာ ကို စိုးလို့ ကျွန်တော် ဒီ ရွာ အထိ ကို ဒုက္ခ ခံပြီး လိုက် ခဲ့တာပေါ့ ၊ ဒါကိုတော့ ယုံပါ ” 


ချစ်သူ ခေါင်း ငုံ့ သွားသည် ။


“ ကျွန်တော် မြင့်စန်းရီ မှ မပါရင် ဒီ ရွာ အထိ ကို ဒုက္ခ ခံပြီး လိုက်ခဲ့တာပါ ၊ ဒါကို တော့ ယုံ ပါ ” 


ချစ်သူ ခေါင်းငုံ့ သွားသည် ။ 


“ နောက်ကျ သွားပြီ စောကြည်ဖြူ ” 


“ ဗျာ ”


“ မနက်ဖြန် ဆို ပဲ မြင့်စန်းရီ ဒီက ကြီးမေ တွေ နဲ့ မြန်မာပြည် တစ်ပတ် ဘုရားဖူး ထွက် ဖို့ ပြင်ဆင် ပြီးပြီ ၊ အညံ့တွေ ပျောက်အောင် လို့ လေ ၊ ဒီတော့ စောကြည်ဖြူ ၊ မြင့်စန်းရီ မပါဘဲ ဒီ ရွာ က မခွာနိုင်လည်း နေခဲ့ရုံ ပေါ့ ”


ချစ်သူ ၏ စကားသံ က တိုးတိုးလေး ပါ ။ သို့သော် ကြိုတင် ကြံစည်ထားခြင်း မရှိလျှင် ဘာ စကားမှ မထွက်သူ မို့ ခေတ္တ ကြောင်ငေး နေ မိသည် ။


ဆရာတော်ဘုရား ၏ ဆွမ်းတန်း က လည်း ခပ်ဝေးဝေး ကို ရောက် နေ ပေပြီ ။ သို့သော် ချစ်သူ နား ရောက်လျှင် လုံးဝ မခွာချင်သော စိတ် က ကြီးစိုး နေပြီမို့ ခြေလှမ်း က ကျောက်ချ ထားတဲ့ အတိုင်း မရွေ့နိုင် သေး ။ ထို့ကြောင့် ...


“ ဘာပဲဖြစ်ဖြစ် မြင့်စန်းရီ ၊ ကျွန်တော် မြင့်စန်းရီ ကို မခွဲနိုင်ဘူး ၊ ဒါကြောင့် ”


ကျွန်တော့် စကား မဆုံးမီ မှာ ပင်  ...


“ ဟဲ့ ... မြင့်စန်းရီ ဆွမ်း လောင်းတာ မပြီးသေးဘူးလား ၊ နောက် ဘယ်သူ က လည်း မခွဲနိုင်တာ ”


ဖြတ်ဝင် လာသော မြင့်စန်းရီ ၏ ကြီးမေ အသံ ၊ ဣန္ဒြေ ရလွန်းသော မြင့်စန်းရီ ပင် လှုပ်လှုပ်ရွရွ ဖြစ် သွားသည် ၊ ကျွန်တော့် ဆို ဆိုဖွယ် မရှိတော့ ။ သို့သော်လည်း အတည်သာ မရတာ ရှိမည် ။ ပေါက်ကရ ဆို ဘယ်က ဘယ်လို ထွက်မှန်း မသိသော ရွှေပါးစပ် ။


“ အေး ... အဲဒီလို မခွဲနိုင်ပါဘူး ဆိုပြီး တွယ်ကပ် နေသော သားတော် ကို မယ်တော် က မခွဲချင် လည်း ခွဲရဦးမယ် ၊ သားတော် ဆိုပြီး တရား ချတော်မူ သတဲ့ ၊ အဲဒီ နောက်မှာ တော့ သဒ္ဓံဟောန္တု သုခိသဗ္ဗေ ၊ ပရိဝါရေဟိ အတ္တနော ၊ အနီဃာသုမနာဟောန္တု ၊ သဟ သဗ္ဗေဟိ ဉာတိဘိ ၊ သာဓု ... သာဓု ... သာဓု မှတ်ထားနော် ၊ ဒကာမလေး ” 


“ တင်ပါ့ဘုရား ”


မြင့်စန်းရီ က လည်း ယောင်တောင်တောင် နှင့် လက်အုပ်ချီ ပြောသည် ။


ဘုန်းကြီး လေးကြိမ် ဝတ် ခဲ့သော အကျိုးကျေးဇူး ကြောင့် တရားစာ က ချက်ချင်း ထွက် လာသည် ။ မြင့်စန်းရီ တို့ ကြီးတော် ပင် ကြောင်တောင်တောင် နှင့် သာဓု သုံးကြိမ် ခေါ်မိ သွားသည် ။


“ ကဲ ... တရားတော် လည်း ပြီးပြီမို့ ခွင့်ပြုပါဦး ကွယ် ၊ အင်း အနိစ္စ ... အနိစ္စ ဘယ်အရာမှ မမြဲပါလား ကွယ် ၊ အင်း သာဓု သာဓု သာဓု ”


ဟု ဆိုရင်း သုတ်ချေ တင် ရတော့သည် ။ အနောက် မှ ကပ်ပါ လာသော အသံ က ..


“ ဟဲ့ ... ဟို သူငယ် က ဘုန်းကြီး လည်း မဟုတ်ဘဲ ဘာလို့ တရား ဟော နေရတာလဲ ”


“ မသိပါဘူး ကြီးမေ ရယ် ၊ ကြောင်တောင်တောင် နဲ့ ” 


မြင့်စန်းရီ နှုတ်ဖျား မှ ထို စကား ကြားရတော့ ရင် ထဲ နင့်ခနဲ ဖြစ်သွား မိ၏ ။


ချစ်သူ နှင့် ဝေးရာ သွား ရသော ခြေလှမ်း ကား လွန်စွာ လေးကန် လွန်းလှပါသည် ။ ပခုံး ပေါ် ထမ်း ထားသော ဆိုင်းထမ်း က လည်း လွန်စွာ လေးလံ လှပါသည် ။ သို့သော် စိတ် တစ်ခု ကား ဘယ်ဆီ ရောက် သည် မသိ ၊ လွင့်ချင် ရာ ကို လွင့် နေတော့သည် ။ ဆရာတော်ဘုရား က ဘယ် လမ်း က ကြွသလဲ မသိ ။ ဘုန်းကြီးကျောင်း သို့ ကျွန်တော် အရင် ရောက် ပါသည် ။


◾ အကြည်တော် 


📖 မောင်စောကြည်ဖြူ နှင့် မမြင့်စန်းရီ 


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment