Wednesday, May 1, 2024

မောင်စောကြည်ဖြူ နှင့် မမြင့်စန်းရီ ( ၁၂ )


 

ဘုရားပွဲ ဖြစ်မြောက်ရေး ကော်မတီ လူကြီးများ က ကျွန်တော်တို့ နှစ်ယောက် ကို အသေအချာ ကြည့်သည် ။ သူတို့ စိတ် လဲ ဝေခွဲရ ခက် နေပုံ ။ အတန်ကြာ မှ တစ်ယောက် က သက်ပြင်း ချပြီး ...

“ ဘယ်သူ သူတောင်းစားလဲ ”

ကျွန်တော် မဖြေမီ ဟို လူကြီး ၏ လက်တိုတို က ကျွန်တော့် ဖက် လှည့် လာ၏ ။ လူကြီးများ အားလုံး ၏ မျက်လုံး က ကျွန်တော့် အပေါ် စုပြုံ ကျ လာ၏ ။ ဟို လူကြီး သရုပ်ဆောင် ကောင်း ပြန်ပြီ ။ ထိုတော့ မှ ကျွန်တော် လည်း လန့် သွားပြီး ...

“ ဟာ ... ကျွန် ... ကျွန်တော် ရှင်း ”

စကားပင် မစရသေး လူကြီး က လက် ကာ ပြသည် ။ ပြီးမှ

“ မတောင်းစားရဘူး ဆိုတာ မသိဘူးလား ”

ခေါင်းခါ ပြ ရမလား ၊ ခေါင်းညိတ် ပြ ရမလား မသိ ။ ဟို လူကြီး က တော့ လက်တိုတိုကြီး ကို မတ်မတ် ပိုက် ထား၏ ။ တကယ့် ပွဲ ထဲ က သူကြွယ် အတိုင်း ။ သူ့ သမီး နှင့် ပေးစားရန် မတူမတန် ကြည့် နှင့် ကြည့် နေသော ယောက္ခမ ကြည့် ။

ကြည့် လိုက် တော့ လည်း ယုံချင်စရာ ။ ပတ်တီး စီး ထားသူ ချင်း အတူတူ သူ က အင်္ကျီ နှင့် ။ ကိုယ် က ဗလာကျင်း ။ မျက်ခွက် က ကိုယ် က ပို စုတ်ပြတ် နေသေးသည် ။

“ မင်း က တောင်းစား ရုံ မကဘူး ၊ သူများ ပစ္စည်း ပါ လုသေးတယ် ဆိုတော့ မလွန်လွန်း ဘူးလား ”

သူ့ အမေး ကို ကျွန်တော် မ ဖြေဘဲ မတ်တပ် ရပ် လိုက်သည် ။

“ တစ်ခုပဲ ပြောချင်ပါတယ် ၊ အိတ် ထဲ က မှတ်ပုံတင် ကို စစ် ကြည့်လိုက်ပါ ”

“ ဂိန် ... အိုင် ... အိုင် ... အိုင် ”

သည်တစ်ခါ ခွေးသံ ထွက် သွားသည် က လက်တိုတို နှင့် လူကြီး ။

“ ဂစ် ... ဂစ် ... ဂစ် ”

ချက်ချင်း တက် သလို ဖြစ်ပြီး ဖုန်းခနဲ မြေပြင် ပေါ် ပစ်လဲ သွား၏ ။ ရှိနေကြသော လူ အားလုံး လည်း ကြောင် သွားပြီး ...

“ ဟ... ဟ ဘာဖြစ် သွားတာလဲ ဟ ”

“ ဝက်ရူးပြန် ... ဝက်ရူးပြန် လား မသိဘူး ၊ ခြေမချိုး ၊ ခြေမချိုး ”

“ အာ ... ခြေမ မှ မရှိတာ ဘယ်လို ချိုးရမလဲ ”

“ ဒါဆိုလည်း ခြေမ နဲ့ တူတာ ချိုးကွာ ”

လူတွေ အားလုံး ယောက်ယက်ခတ် သွား၏ ။ ဟို လူ က လည်း တွန့်လိမ်ကောက်ကွေး ကာ လူးလွန့်ရင်း လူ လွတ် ရာသို့ လှိမ့် သွားသည် ။

“ ဂစ် ... ဂစ် ... ဂစ် ”

“ ဟေ့ကောင် မိချောင်းနတ်များ ဝင် ပူးသလား ”

“ အေး ... လိမ့် နေတာ ဖမ်းတောင် မမိဘူး ”

လူ လစ်သည် နှင့် ဟို လူ မှာ လှစ်ခနဲ ထ ထွက်ပြေး သွားသည် ။

“ ဟာ ”

“ ဟယ် ... ဘယ် ... ဘယ်လို ”

မသိ လျှင် မသန်မစွမ်း ဟု ပင် မထင်ရ ။ ခဏခြင်း ပင် မြင်ကွင်း မှ ပျောက်ကွယ် သွားရတော့၏ ။ အားလုံး ကြက်သေ သေ၍ သူ့ ကို ပင် လိုက် ကြည့် နေမိကြသည် ။ အတန်ကြာ မှ ...

“ မာရသွန် ပြိုင် ရင် ဒီကောင် ရမှာကွ ၊ ဒါနဲ့ နေပါဦး မှတ်ပုံတင် မေး လိုက်ရုံ နဲ့ ဒီကောင် ဘာ ဖြစ်သွားတာလဲ ”

ထိုတော့ မှ ကျွန်တော် လည်း အခွင့်အရေး ရပြီး ...

“ ရှင်းပါတယ် ခင်ဗျာ ... ဒါဟာ ကျွန်တော့် အိတ် မို့ ကျွန်တော့် မှတ်ပုံတင် ပဲ ရှိ နေမှာပါ ၊ ဒါကို အလိမ် ပေါ် မှာ စိုး လို့ ထွက် ပြေး သွားတာပါ ”

“ ဟင် ... ဒီလိုလား ”

ကျွန်တော် ရှင်းပြ လိုက်တော့ လူကြီးများ သဘောပေါက် သွား တော့၏ ။ သူတို့ ၏ စိတ်ဝင်စားမှု က ကျွန်တော့် ဆီ ပြန် ရောက်လာသည် ။

“ နေပါဦး ... ဒါက မင်း အိတ် ဆိုတော့ မင်း ဘယ်က ကောက်ရ လာတာလဲ ”

“ ကောက်ရတာ မဟုတ်ပါဘူး ၊ ကျွန်တော် အိမ် က ထွက် ကတည်း က ပါလာတဲ့ အိတ် ပါ ”

လူကြီး တစ်ဦး က အိတ် ဖွင့် ကြည့်သည် ။

“ အေး ... အတွင်းပါ ပစ္စည်းတွေ က အကောင်းစား တွေ ချည်းပဲ ၊ ဒီကောင့် ရုပ် နဲ့ တော့ မလိုက် သလိုပဲ နော် ”

မှတ်ပုံတင် ထုတ် ကြည့် ပြန်သည် ။

“ အေး ... ရုပ် ကတော့ ခပ်ဆင်ဆင် ပဲ ၊ ဒါပေမဲ့ မင်း မျက်နှာကြီး က ဘာလို့ စုတ်ပြတ် နေတာလဲ ၊ အင်္ကျီ က ဘာလို့ မပါတာလဲ ”

“ လက်ဝှေ့ ထိုးလို့ ”

မျက်မှောင်ကျုံ့ သွား ကြသည် ။

“ ဘာလို့ လက်ဝှေ့ တက် ထိုးတာလဲ ”

“ တိရစ္ဆာန်ဆေးကု က လက်ပတ်တီး စည်းပေးလို့ ”

“ တိရစ္ဆာန်ဆေးကု က ဘာလို့ လက်ပတ်တီး စည်း လွှတ်တာလဲ ”

“ ရထား ပေါ် က ပြုတ်ကျလို့ ”

“ ရထား ပေါ် က ဘာလို့ ပြုတ်ကျတာလဲ ”  

“ မြင့်စန်းရီ ကို သတိရ လို့ ” 

“ ဟေ ”

အားလုံး ဘယ်လိုမှ ဆက်စပ်မိ ပုံ မရ ၊ အဖြစ်အပျက် က လည်း ဆက်စပ် လို့ ရချင်စရာ မရှိ ။

“  ကဲ ... အစက အသေအချာ ပြန် ရှင်းပြပါဦး ”

“ ရထား ပေါ် က ဆတ်ဆော့ ပြီး ခုန်ချ မိလို့ လက်တွေ စုတ်ပြတ် ပြီး တိရစ္ဆာန်ဆေးကု ဆရာ ဆီ ရောက်ပါတယ် ၊ အဲဒီမှာ သူ က ဒဏ်ရာ တွေ ဆေး ထည့်ပြီး လွှတ်လိုက် တော့ လက်ဝှေ့ပွဲ နား ရောက်ပါတယ် ၊ လက်ဝှေ့ပွဲ နား မှာ လက် မှာ ပတ်တီး နဲ့ မို့ လက်ဝှေ့ ထိုး ဖို့ လာတယ် ထင်ပြီး စင်ပေါ် တင် ပါတယ် ၊ စင်ပေါ် က ပြန် ဆင်းတော့ ခုန လူ နား ပစ်ချ ခဲ့ ပါတယ် ၊ အဲဒီမှာ အထုပ်လုပွဲ ဖြစ်ပြီး ဒီ ရောက် လာတာပါ ”

ကျွန်တော် ၏ ရှည်လျားလှသော ရှင်းပြ စကား ကို အားလုံး နားလည်ပုံ မရ ။

ရထား နဲ့ တိရစ္ဆာန်ဆေးကု ၊ တိရစ္ဆာန်ဆေးကု နှင့် ပတ်တီး ၊ ပတ်တီး နှင့် လက်ဝှေ့ ၊ လက်ဝှေ့ နှင့် သူတောင်းစား ၊ သူတောင်းစား နှင့် အိတ် ။ အတော်ကလေး ကို ဆက်စပ် နေရပုံ ပေါ်၏ ။ အတန်ကြာ မှ ...

“ အေးလေ ... ဟုတ်ရင် လည်း ပြီးတာပဲ ၊ တို့ က လည်း ဘုရားပွဲ မှာ ပျော်ပျော်ရွှင်ရွှင်ပဲ ဖြစ်ချင်တာ ၊ ကဲ ကဲ အထုပ် ယူပြီး သွားပေတော့ ၊ အဲ ... ဒါနဲ့ ဘယ်ကို သွားမှာလဲ ဟင် ”

ကျွန်တော် သက်ပြင်း ချ မိသည် ။

“ လောလောဆယ် ဒီ ရွာ မှာ လည်း အသိ မရှိတော့ မြန်မာတို့ ရဲ့ ထုံးစံ အတိုင်း ဘုန်းကြီးကျောင်း မှာ ပဲ ”

အားလုံး ခေါင်းညိတ် ကြသည် ။ အတန်ကြာ မှ တစ်ယောက် က ...

“ အေးကွာ ... သွားမယ်ဆို မင်း မျက်နှာကြီး ကို အုပ် သွား ပါကွာ ၊ ထွီ တွေ့ကရာ လူ အန်ချင် နေလိမ့်မယ် ”

မတတ်သာသည့် အဆုံး ကျွန်တော် လည်း လုံချည်လေး ဖြေပြီး

“ ဟုတ်ကဲ့ ... ကျွန်တော် ဒီ လုံချည် ကို ပဲ ”

ဖျတ်ခနဲ လုံချည် ကို ခေါင်း ပေါ် ဆွဲ အုပ် လိုက်မိသည် ။

◾ အကြည်တော်

📖 မောင်စောကြည်ဖြူ နှင့် မမြင့်စန်းရီ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment