Wednesday, May 29, 2024

ခြွင်းချန်၍ ကြွင်းကျန်ရစ်ရရှာသော်ငြား


 

❝ ခြွင်းချန်၍ ကြွင်းကျန်ရစ်ရရှာသော်ငြား ❞

ကျွန်တော် သည် ကား လည်သလို စား နေသော ကားပွဲစား ဖြစ်ပေသည် ။

  •••••   •••••   •••••
 
ကားပညာ နှင့် ပတ်သက်၍ ကျွန်တော် ၏ လက်ဦးဆရာ မှာ အဖေ ဖြစ်၏ ။ အဖေ သည် ကားဝပ်ရှော့ တစ်ခု ထောင်ထားသည် ။ ဝင်ရောက် လုပ်ကိုင်ရာ မှ နှိုက်တတ် ၊ ချွတ်တတ် ၊ ပြင်တတ် လာသည် ။ သို့သော် သန့်သန့်ပြန့်ပြန့် ဘော်ကြော့ နေတတ်သော ကျွန်တော် သ ည် အဖေ ကဲ့သို့ ဆီချေး ပေစွန်းသော စက်ပြင်ဆရာ တစ်ဦး ဖြစ်မလာခဲ့ပေ ။

သိပ္ပံဘွဲ့ တစ်ခု ရရှိပြီး နောက် အဖေ့ ဝပ်ရှော့ တွင် လည်း မလုပ်ချင်သည် နှင့် မြို့ထဲတွင် လည်ပတ် သွားလာ နေ တတ်သော ကျွန်တော် သည် နောက်ဆုံးတွင် ကားပွဲစား ဖြစ်လာသည် ။ အလုပ် က သင် သွား သဖြင့် လည်လည်ဝယ်ဝယ် ဖြစ်လာသည် ။

မိတ်ဆွေ အပေါင်းအသင်း ပေါများ သဖြင့် ဝင်ငွေ လည်း ကောင်း လာသည် ။

ကျွန်တော် ဆိုသည့် သတ္တဝါ က ဝင်ငွေလေး ကောင်းလာသည် နှင့် ယခင် က အလျှဉ်း မလုပ်ခဲ့ ဖူး သော ဖဲ ကို ကစား တတ်လာသည် ။ ရှုံး လည်း မထ ၊ နိုင် လည်း မပြန် နိုင်အောင် ဖဲစွဲ လာသော အခါ အဖေ တို့ သိ သွားသည် ။ အဖေ သည် လောင်းကစားခြင်း ကို လုံးဝ မကြိုက်ပေ ။

အကွပ် မရှိသည့် ကြမ်း ပရမ်းပတာ ဖြစ်တတ်သည် မို့ ကျွန်တော့် ကို မိန်းမ တည်းဟူသော ကြိမ်ကြိုး ဖြင့် အနားကွပ် ရန် အဖေ တို့ စီစဉ်ကြသည် ။

အိမ်ထောင် ပြုရန် စိတ်ကူး မရှိ သော်လည်း မိဘများ က စီမံ လျှင် ရှောင်ရှားဝံ့သော သတ္တိ သည် ကျွန်တော့် တွင် မရှိပေ ။ ဤသည် မှာ ကျွန်တော် တစ်ယောက် တည်း မဟုတ် ။ ကျွန်တော် တို့ မောင်နှမ သုံးယောက် လုံး သည် မိဘများ ကို အလွန်ကြောက်ရသည် ။ ကျွန်တော် တို့ ငယ်ငယ် က ဆိုလျှင် သားသမီး ကို ချစ်သော်လည်း ဆုံးမသည့် နေရာတွင် အလွန် လက်သံ ပြောင်သည် ။ အတွဲ ညီသော စုံတွဲ သည် တစ်ယောက် က ကလေး ကို ရိုက်လျှင် တစ်ယောက် က ဝင် မဆွဲပေ ။ ဝင်ရောက် ခေါင်းခေါက် ခြင်းဖြင့် တစ်တ ပ်တစ်အား ချီးမြှင့်တတ် ပါ သေးသည် ။ ထို့ကြောင့် အ ဖေ တို့ က “ ဟဲ့ ” ဟု တစ်ချက် ငေါက် လိုက်လျှင်ပင် ကျွန်တော် တို့ ငြိမ်ကုပ် နေရသည်  ။

မိဘများ ၏ တင်းကျပ်စွာ ဆုံးမမှု ကြောင့် အစ်ကိုကြီး နှင့် အစ်မ တို့ သည် ထားသည့်ပုံစံ အတိုင်း နေထိုင်သည် ။ ကျွန်တော် က တစ်ဘာသာ ထူးသည် ။ အိမ် တွင် ကုပ် နေသော်လည်း မိဘများ မျက်ကွယ်ရာ ရောက် လျှင် ချုပ်တည်း ထား သမျှ အတိုးချ၍ ဆော့သည် ။

အဖေ သည် ကျွန်တော် တို့ တက္ကသိုလ်ကျောင်းသားကြီး များ ဖြစ်သည် အထိ အမြင်မတော် တာ တွေ့လျှင် ရိုက်နှက် ဆုံးမသည် ။ သို့သော် ကျွန်တော့် ငယ်ကျင့်များ မပျောက်ပေ ။ ကွယ်ရာ ရောက် လျှင် ထင်ရာ လုပ်မြဲပင် ။

ကျွန်တော် သည် အပေါင်းအသင်း ကို အလွန် ခင်တွယ်သော သတ္တဝါလည်း ဖြစ်သည် ။ သူငယ်ချင်းများ နှင့် ဟေးလားဝါးလား နေရလျှင် အလွန်ပျော်သည် ။ အိမ် အနီး ရှိ အထက်တန်း ကျောင်း မှ ထွက် ၍ တက္ကသိုလ် သို့ ရောက် သွားသောအခါ ကျွန်တော် သည် လွတ်လပ်ရေး ကို အပြည့် အဝ ရရှိသည် ။ အဖေ တို့ ၏ အုပ်ချုပ်မှု နယ်ပယ် မှ ဝေးသွားပြီ ။

အဖော် ကောင်း လျှင် ဤ ကို ကျွဲ ဖတ်တတ်သော ကျွန်တော် သည် အဖော်အပေါင်း နှင့် ခွဲခွာ ရ မှာ စိုးရိမ်၍ ရည်းစားသနာ ပင် မထားခဲ့ပေ ။ ရည်းစား ကို တွဲ လို လျှင် အပေါင်းအသင်း နှင့် ခွဲရမည် ။ အပေါင်းအသင်း နှင့် လွတ်လွတ်လပ်လပ် အချိန်ပြည့် နေလိုလျှင် ရည်းစား ကို စွန့်ရမည် ။ နှစ်ခုလုံး ကို တွဲဖက် ထား၍ မရပေ ။ ရည်းစား နှင့် အပေါင်းအသင်း သင် မည်သည် ကို ရွေးမည်နည်း ဟု မေး လျှင် အပေါင်းအသင်း ကို ရွေးချယ်ပါသ ည် ။ လွတ်လပ်မှု ကို မြတ်နိုးပါသည် ။

ရည်းစား ထားသော သူငယ်ချင်းများ ကို ကြည့်၍ ကျွန်တော် တို့ အဖွဲ့ သည် အလွန်အမင်း သနား ခဲ့ကြသည် ။ ထို သူများ မှာ အချိန် ရှိသရွေ့ အမျိုးသမီးဆောင် နား တွင် တဝဲလည်လည် လှည့် နေ ရသည် ။ သူတို့ ကောင်မလေး နား တွင် အချိန်ပြည့် ကိုယ်ရံတော် လုပ် နေရသည် ။ ချစ်သူ နှုတ်ဖျား မှ ထွက်လာသော စည်းကမ်းဥပဒေ အောက် တွင် ဝပ်စင်း နေကြရသ ည် ။ နှစ်ဦး တည်း နှင့် ချစ်ကမ္ဘာလေး တစ်ခု တည်ထောင် နေရ သဖြင့် စုံတွဲအများ စု သည် ကြာလေ ပတ်ဝန်းကျင် နှင့် ကင်းကွာလေ ဖြစ်သည်  ။

ကျွန်တော် တို့ မှာ ကြိုက် သလို ဝတ် နိုင်သည် ။ ကျယ်လောင်စွာ တဝါးဝါး ရယ်မောနိုင်သည် ။ ပေါက်တတ်က ရတွေ ပြောနိုင်သည် ။ လက်ဖက်ရည်ဆိုင် တွင် ထိုင်ချင်သည့် ပုံစံ နှင့် အချိန် ဘယ်လောက် ကြာကြာ ထိုင်နိုင်သည် ။ ဘတ်စ်ကား ကို ပျော်ပျော်ပါးပါး ခိုစီး နိုင်သည် ။ ကြည့် ချင် သည့် မိန်းကလေး ကို စူးစူးရဲရဲ ကြည့် နိုင်သည် ။ ရုပ်ရှင်ရုံ တွင် နှစ်ကျပ်ခွဲတန်း ၌ ပြောင်ပြောင်တင်းတင်း တန်းစီ နိုင်သည် ။

ချစ်သူ ရှိသော သူများ မှာ စကား ကို တိုးတိုး တိုးတိုး နှင့် နှစ်ကိုယ်ကြား ပြောရသည် ။ ခိုးခိုး ခစ်ခစ်ရယ်ရသည် ။ သားသားနားနား ဝတ်ရသည် ။ ငွေကြေး အကုန်ခံ၍ ယုဒဿန်ရိပ်သာ နား သွားကာ အငှားကား စီးရသည် ။ ရုပ်ရှင် ကြည့်လျှင် အနည်းဆုံး ငါးကျပ်တန်း မှ ကြည့်ရသည် ။ အခြား မိန်းမလှများ ကို ခိုးကြောင်ခိုးဝှက် ကြည့်ရသည် ။ ဟူး ... သူတို့ အစား ကျွန်တော် မောသည် ။

ထို့အပြင် ရည်းစား ရှိသော သူတို့ သည် အဖိုးတန် စာရွက်များ ကို အလကား ဖြုန်းတီးနေသူ အဖြစ် လည်း မြင်သည် ။ စုံတွဲများ ထိုင်တော့မည် ဆို လျှင် ကျောင်းသုံး ဗလာစာအုပ် ထုတ်၍ အလယ် မှ စာရွက် ဖြုတ်ပြီး ကြီးကျယ်စွာ ဖင်ခု ထိုင် ကြကုန်၏ ။ အမျိုးသားများ သည် တစ်ရွက် နှင့် ထိုင် လောက် သော် လည်း အမျိုးသမီးများ မှာ မူ နှစ်ရွက် ဆက် မှ ထိုင်သာသည်  ။ ဟော ... သုံးရွက် ကုန်ပြီ ။ ဖင်ခု ထိုင် ထားခဲ့သော စာရွက်များ ၏ တန်ဖိုး ကို တွက်စစ် ကြည့်ပါ ။

ထို ထိုသော အကြောင်းအချက်ကြီး များ ကြောင့် သူငယ်ချင်းများ နှင့် ဝေလေလေ လုပ် နေသော ကျွန်တော် သည် လွမ်းလွမ်းဆွေးဆွေး ချစ်ဇာတ်လမ်းလေး မခင်းလိုက်ရဘဲ ဘွဲ့ ရခဲ့သည် ။ သို့သော် ထို အတွက် ကျွန်တော် နောင်တ မရပါ ။ အဖေ က မိန်းမ ပေးစားမည် ၊ မင်း မှာ ချစ်သူ ရှိပြီ လား ဟု မေးသော အခါတွင် မူ ကျွန်တော် အနည်းငယ် ရှက်မိပါသည် ။ ခေါင်းယမ်း ပြ လိုက်ရသော ကျွန်တော် သည် “ ငါတို့ ပေးစားတာ ကို မင်း ယူ ” ဟု အမိန့် ချမှတ် လိုက်သောအခါ ခေါင်းညိတ် ပြ ရပြန်၏ ။

ကျွန်တော် တို့ မောင်နှမ တစ်တွေ တွင် မိဘများ ဝယ် ပေးသော အဝတ်အစားများ ကို ကြိုက်ကြိုက် မကြိုက်ကြိုက် ဝတ်ဆင် ရသော အလေ့အကျင့် လည်း ရှိသည်  ။ ထို့ကြောင့် ကျွန်တော် တို့ ဝတ်ဆင်ရ သမျှ မှာ လူကြီး ဆင်တွေ ချည်းသာ ဖြစ်၏ ။ တက္ကသိုလ် ကျောင်းသားကြီးများ ဖြစ်သည် အထိ မိမိ စိတ်ကြိုက် ကို မဝယ်ရပေ ။

ယခု ကျွန်တော့် အတွက် အဖေတို့  ရွေးချယ် လာသော မိန်းမ မှာ လည်း လူကြီးဆင် ‘ လူကြီးကြိုက် ’ သာ ဖြစ်ပါသည်  ။ ပုဆိုး သာ ဆိုလျှင် အရောင်မှိုင်းမှိုင်း အကွက်ကြီးကြီး ဖြစ်မည် ။ မိန်းမ မို့ အသားညိုညို လုံးကြီးပေါက်လှ ဖြစ်၏ ။

အမည် မှာ မလေးမြင့် ၊ ဇာတိ မှာ ရွှေဘို ။ မိဘများ က ဆန်စက်ပိုင် များ မို့ ချမ်းသာသည် ။ မန္တလေးတက္ကသိုလ် မှ ပထဝီ အဓိက ဖြင့် ဘွဲ့ရသည် ။ အနေ အေးဆေး၍ ရိုးသားသည် ။ ဤ အရည်အချင်းများ ကို ကြည့်၍ ရွေးချယ်ကြဟန် တူ၏ ။

မိန်းမ ရွေးချယ်ရာ တွင် အဖေ တို့ သည် ကိုယ့် သား အရပ်အမောင်း နှင့် ဗလ ကို နည်းနည်းပါးပါး ထည့်သွင်း စဉ်းစား သင့်သည် ။ ကျွန်တော် က ဖြူဖြူ ပိန်ပိန်ပါးပါး လူဗလံလေး သာ ဖြစ်သည် ။ မလေးမြင့် က ခပ်တည်တည်ကြီး ၊ ဗလ ကောင်းသည်  ၊ အရပ်အမောင်း ကောင်းသည် ။ ကျွန်တော် တို့ သည် ဆင် နှင့် ဆိတ် လို ကွာခြားသည်  ။

ကျွန်တော် ကြိုက်သည် မှာ ကောက်ညှင်းထုပ်လေး စည်းနှောင် ထား သလို အမို့အမောက် အဝန်းအလုံး ပီပြင် လွန်းသော ချောချော သေးသေး သာ ဖြစ်သည်  ။ မိဘ ကို ကြောက် သဖြင့် ယမင်းရုပ် ကို လိုချင်သော ကျွန်တော်သည် ပန်းပုရုပ် အကြမ်းထည် ကို ယူ လိုက်ရသည် ။

မိဘများ ကောင်းမှု ကြောင့် ကျွန်တော့် လက် ထဲ တွင် ထောင်ထောင်မောင်းမောင်း မိန်းမ တစ်ယောက် အဖတ် တင် ကျန်ရစ်ပါကြောင်း ။

  •••••   •••••   •••••

မလေးမြင့် သည် ကိုယ်ခန္ဓာ ကြီးထွား သော်လည်း ကြမ်းရမ်းခြင်း မရှိ ပေ ။ အလွန် မိန်းမ ပီသ သည် ။ စကား ပြော ချိုသာ၍ ယဉ်ကျေးသည် မှာ သူ့ ခန္ဓာကိုယ် နှင့် ပင် မလိုက်ဖက် ။ လူ က ကြီး သလောက် ရွေ့ရှား သွားလာ ရာတွင် နူးညံ့သိမ်မွေ့သည် ။

ကျွန်တော့် ကို အလွန် ဂရုစိုက်သည် ။ အတော်လေး လည်း ချစ်ရှာသည် ။ ဘာကိစ္စ ဆောင်ရွက် ဆောင်ရွက် ကျွန်တော့် သဘောထား ကို ဦးစွာ ခံယူသည် ။ ကျွန်တော် ခံတွင်း တွေ့အောင် ချက်ပြုတ် ကျွေးနိုင် သလို ကျွန်တော် ရှာဖွေသမျှ ကို မလေလွင့်ရအောင် ကျစ်လျစ်စွာ သိမ်းဆည်းနိုင်သည် ။

ကျွန်တော် ပြန် လာမှ ထမင်း စားသည် ။ ည အိပ်ရာ ဝင် လျှင် အနန္တော အနန္တငါးပါးကို သာ မက ကျွန်တော့် ကို လည်း ရှိခိုးကန်တော့ ပြီး မှ အိပ်သည် ။

ရုပ်ရည် မှ လွဲ၍ အားလုံး ကောင်းပါသည် ။

သို့သော် ခက် နေသည် မှာ ကျွန်တော် က ရုပ်ချော မှ အကောင်း ထင်သည် ။ အပေါင်းအသင်းများ နှင့် တွေ့လျှင် “ ဟေ့ကောင် ၊ ငါ ယူထားတဲ့ မိန်းမ တွေ့တယ် မဟုတ်လား ” ဟု လက်မ ထောင် ကာ ကြွား ချင်သည် ။ မ လေးမြင့် ကို မြင်သူ ငေးရသော အချောအလှလေး သာ ဖြစ်စေချင်သည် ။

“ မလေး မျက်ခုံးမွေး ထူထူကြီး ကို ရိတ်လိုက်ပါလား ”  ဟု အကြံပြု ဆွေးနွေး ကြည့်၏ ။

“ အို ... ကိုချို က လည်း နောက်စရာ ရှားလို့ ”

ရှက်ပြုံးလေး ဖြင့် ဖြေ လိုက်သော အခါ ကျွန်တော် သည် ဘာ ဆက် ပြောရမှန်း ပင် မသိတော့ပေ ။

“ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလေးတွေ လုပ်ပါလား မလေး ” ဟု သေးသေးရှည်ရှည် ကိုယ်ခန္ဓာ ဖြစ်အောင် ပြော ကြည့်ပြန်သည် ။

“ ကိုချို ရယ် ၊ လေ့ကျင့်ခန်း မလုပ်ဘဲ နဲ့ တောင် မလေး မှာ စားကောင်း အိပ်ကောင်းနေတာ လေ့ကျင့်ခန်း လုပ်မှ ပို ဝ လာလိမ့်မယ် ”

မလေးမြင့် ၏ အဖြေ စကား ကြောင့် ဆက်လက် မတိုက်တွန်းရဲတော့ပေ ။

“ မလေး ဆံပင် ကို နည်းနည်း လောက် ဖြတ် လိုက်ရင် သိပ်ကြည့်ကောင်းသွားမယ် ” ဟု တစ်မျိုး လှည့်၍ စည်းရုံး ကြည့်ပြန်သည် ။

“ သည် အသက်အရွယ် ရောက်မှ ဆံပင် မဖြတ်ချင်ပါဘူး ၊ ရှက်စရာကြီး ”

လေးဆယ်ကျော် မမများ ဆံပင် ဖြတ် နေသော ကာလ တွင် နှစ်ဆယ့် ငါးနှစ် သာ ရှိသေးသော မလေးမြင့် က ရှက် နေပြန်ပြီ ။

နောက် နောင် တွင် မည်သည့် အကြောင်းအရာ မျှ ထပ်ဆင့် တင် မနေ တော့ဘဲ သူ ဝတ် ရန် ရည်ရွယ်၍ အင်္ကျီ ပုံဆန်းများ ၊ အရောင်အသွေး လှလှ ထဘီများ ၊ အလှပြင်ပစ္စည်းများ ဝယ် ပေးသည် ။ မလေးမြင့် လုံးဝမ သုံး ။ မာလာဆောင် ရှိ သူ့ ညီမ တက္ကသိုလ် ကျောင်းသူ ခင်ခင်အု ကို ပေးပစ်သည် ။

ကျွန်တော့် ပန်းပုရုပ် အကြမ်းထည် ကို အချော ကိုင်ရန် စီမံကိန်းကြီး အား လက်လျော့ ဖျက်သိမ်း လိုက်ရပါကြောင်း ။

  •••••   •••••   •••••

တစ်နေ့ တွင် မောင်းကီး ၊ သိန်းထွန်း ၊ သီရိ ၊ ကျော်ခိုင် ၊ မြင့်သောင်း ၊ မြင့်အောင် နှင့် ဟန်ခန့်လျန် အစ ရှိသော တက္ကသိုလ် တက်စဉ်က သူငယ်ချ င်းများ နှင့် ပြန်လည် ဆုံစည်းခြင်း အထိမ်းအမှတ် အဖြစ် ကျွန်တော့် အိမ် တွင် ထမင်းစားပွဲ တစ်ခု လုပ်သည်  ။ မိန်း မရှိသော သူငယ်ချင်းများ က မိန်းမ တွေ ခေါ်လာကြသည် ။ သူတို့ မိန်းမတွေ မှာ တစ်ယောက် တစ်မျိုးစီ လှကြပါသည် ။

မလေးမြင့် သည် သူ့ချည်း သာ ဆိုလျှင် သည်လောက် ဆိုးမှန်း မသိသာ ။

သူငယ်ချင်းများ ၏ ဇနီးမယား တို့ နှင့် နှိုင်းယှဉ် လိုက်သော အခါ သိသိသာသာ ကွာခြား နေသည် ။

သန့်ရှင်း ပြောင်လက်နေ သော အိမ် ၊ ဖွယ်ဖွယ်ရာရာ ချက်ပြုတ်ထား သော ဟင်းလျာ ၊ ဖော်ရွေ သော အပြုံး မျက်နှာ ၊ ကြည်အေးသော အသံသာယာ တို့ ကို ကြည့်၍ ..

“ မလေး က သိပ် တော်တာပဲနော် ၊ သဘော လည်း သိပ်ကောင်းတာပဲ ”  ဟု မှတ်ချက် ပြုသွားကြ သည် ။ ကျွန်တော် ကြားချင်သည် မှာ “ မလေး က သိပ်လှတာပဲနော် ” ဆိုသော စကား ဖြစ်သည် ။

သူငယ်ချင်းများ ပြန် သွား သောအခါ အလွယ်တကူ လက်ထပ် ယူခဲ့ သော မိမိ ကိုယ် ကို စိတ်ဆိုး ရ မလို ၊ ဘယ်လို ဟာကြီး မှန်း မသိသည့် မိန်းမ နှင့် ပေးစားသော အဖေ တို့ ကို စိတ်ဆိုးရ မလို ၊ မွေး ကတည်းက ချောချောလှလှလေး မွေး မလာသော မလေးမြင့် ကို စိတ်ဆိုးရ မလို ဟို လိုလို သည် လိုလို ဖြင့် အိပ် ၍ များ ပင် မပျော်ခဲ့ချေ ။

သည် လို အချိန်မျိုး တွင် မတော်တဆ လာရောက် ဆုံစည်းမိသူမှာ မာယာတင် ။

မာယာတင် သည် နုငယ်သည် ။ ချောမောသည် ။ သွက်လက်သည် ။ ရန်ကုန်မြို့လယ် ရှိ ရုံးတစ်ရုံး မှ စာရေးမ တစ်ဦး ဖြစ်သည် ။

ဆုံစည်းမိကြသည် က သမ္မတရုံ မှာ ။

သူငယ်ချင်းများ နှင့် ရုပ်ရှင် ကြည့်ရန် ချိန်းဆို ပြီး မလာရောက်ကြ သဖြင့် ပို နေသော ကြိုတင် လက်မှတ် နှစ်စော င်ကို ပြန် လည်ရောင်းချရန် လုံးပန်း နေစဉ် ရုပ်ရှင်လက်မှတ် ရရန် ကြိုးစား နေသော မာယာတင် တို့ သူငယ်ချင်း နှစ်ဦး နှင့် တွေ့ဆုံမိသည် ။

မူလ က ကျွန်တော် သည် ရောင်းသူ ၊ သူတို့ က ဝယ်သူ ။ ရုံ ထဲ ရောက် တော့ တစ်ဆင့်တ က်၍ ရင်းနှီးခင်မင်သူ ။ ရုံပြင် ရောက် တော့ သမ္မတဟိုတယ် တွင် ကျွန်တော် က တကာခံ သူ ။

သူတို့ နှစ်ယောက် ကို ကျွေးမွေး လိုက်ရသည် မှာ သူတို့ ထံ မှ ရသော လက်မှတ်ဖိုးထက် များ စွာ ကျော်လွန်သည် ။ လှသော ၊ နုသော မာယာတင် နှင့် ရင်းနှီးသိကျွမ်းရသည် မှာ ကုန်ကျသော ငွေကြေး ထက် များစွာ တန်သည် ဟု ကျွန်တော် ယူဆသည်  ။ ရုပ်ရှင် ကြည့်ရန် ကြိုတင်လက်မှတ် ဝယ်ပြီးမှ မလာရောက်သော မောင်မောင်ကျော် နှင့် စိုးတင့် တို့ ကို စိတ် ဆိုးဆိုးဖြင့် ဖိ ကြိမ်းလိုက်မည် ဟု အားခဲ ထားမှုများ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်သည် ။

မောင်မင်းကြီးသားများ မလာသည် ကို ကျေးဇူး ဥပကာရ များ စွာတင်ရှိပါကြောင်း ။

  •••••   •••••   •••••

ပထမ ဆုံး ဆက်သွယ်သူ မှာ မာယာတင် ဖြစ်သည် ။ ဤမျှ မြန်ဆန်စွာ တယ်လီဖုန်း ဆက်လိမ့် မည် ဟု ကျွန်တော် မမျှော်လင့်မိခဲ့ပေ ။

သမ္မတ ဟိုတယ် တွင် စားသောက်စဉ် က သူ့ အကြောင်း ကိုယ့် အကြောင်း ပြောကြရင်း လူမှုဝတ္တရား အနေဖြင့် သူ့ ရုံးတယ်လီဖုန်းနံပါတ် ကို ယူထား လိုက်သည် ။ ကျွန်တော်တို့ အမြဲ ထိုင်နေကျ လက်ဖက်ရည်ဆိုင် ၏ တယ်လီဖုန်း နံပါတ် ကို လည်း ပေးခဲ့သည် ။

“ ဟယ်လို .... အစ်ကိုလား ၊ မာယာတင်ပါ ”

“ ဟုတ်ပါတယ် ကိုယ် ပါ ၊ ဆိုပါဦး ဘာကိတ် ”

“ ပလိန်းကိတ် ပေါ့ အစ်ကို ရဲ့ ”

ပြောပြီး တခစ်ခစ် ရယ် နေပြန်သည်  ။

“ ကိစ္စ ရှိမှ ဆက်ရမှာ လား အစ်ကို ရဲ့  ၊ သတိ ရ လို့ ဆက်တာပေါ့ ။ အစ်ကို က မာယာတင် ကို မေ့နေပြီလား ”

မနေ့က တွေ့သိသော မိန်းကလေး သည် သည် နေ့ သည် စကား ပြော လာသော အခါ ကျွန်တော် တစ်မျိုးကြီး ဖြစ်သွားသည် ။

“ အင်း ... အဲ .. မမေ့ပါဘူး ၊ ကိုယ် လည်း သတိရ ပါတယ်ကွာ ။ ကဲ အားသလား ၊ အားရင် တစ်ခု ခု သွားစားပြီး စကားစမြည် ပြောကြတာပေါ့ ”

“ အိုကေ မာယာ ရုံး နား က စောင့်နေမယ်နော် အစ်ကို ”

တယ်လီဖုန်း ကို ချပြီး ကားသော့ ဆွဲ ထုတ်လိုက်သည် ။ လက်ညှိုး တွင် ကားသော့ကွင်း ကို စွပ်၍ ဝေ့ယမ်းသည် ။ စိတ် အစဉ်တို့ သည် ပေါ့ပါးရွှင်မြူး နေ၏ ။

လေ တချွန်ချွန် ဖြင့် ကား မောင်း လာရာ ရုံးနား တွင် ရပ်စောင့် နေသော မာယာတင် ကို တွေ့ ရသည် ။ ကား ကို လမ်းဘေး ထိုး ရပ်ပြီး ကားတံခါး ဖွင့် ပေးသည် ။ မာယာတင် သည် စွေ့ခနဲ ဝင် ထိုင် သည် ။ မိတ်ကပ်နံ့ ရေမွှေးနံ့ သည် ကား အတွင်း သင်းပျံ့ သွားသည် ။

“ တို့ ကိုကို က ဒါမျိုးတွေ ကြောင့် ခင်စရာ ကောင်းတာ ”  

“ တို့ မာယာ က လည်း ခင်စရာ ကောင်းအောင် ချောတာကိုးဗျ ” 

ဟက်ဟက်ပက်ပက် ရယ်ကြသည် ။ ကျွန်တော့် အတွက် မူ မိန်းမလှလေး တစ်ဦး နှင့် ဤသို့ ရင်းနှီးခင်မင်ရခြင်း သည် ပထမဆုံး အကြိ မ်မို့ အတိုင်းမသိ ဝမ်းသာ ကြည်နူးမိ၏ ။

ရွှေလမင်းသို့ သွားသည် ။ စားကြ ၊ သောက်ကြ ၊ ရယ်ကြ ဖြင့် ပျော်စရာ ကောင်းပါဘိ ။

နောက်နေ့ တွင် တွေ့ကြ ၊ ပြောကြပြန်သည် ။ နောက်နေ့များ တွင် လည်း သည် အတိုင်း ။

စားသောက်ဆိုင်များ ဝင်သည် သာ မက ရုပ်ရှင် လည်း လိုက်ပြရသ ည် ၊ ဈေးကိုလည်း လိုက်ပို့ ရသည် ။

မည်မျှပင် ကုန်စေ ၊ ကျွန်တော် ပျော်မြူးရွှင်ပျမိပါကြောင်း ။

•••••   •••••   •••••

မာယာတင် နှင့် တွဲနေသည့် ကာလ တွင် အိမ် က မိန်းမကြီး ကို ကျွန်တော် မေ့သည် ။ မိမိ ကိုယ် ကို လူပျိုပေါက်ကလေး ဟု ထင်မှတ် နေမိသည် ။

မလေးမြင့် တွင် မရှိသည့် ကျွန်တော် လိုချင်သော ဆန္ဒ အားလုံး မာယာတင် တွင် ရှိသည် ။

ကျွန်တော်က  ဆန်းပြားပေ့ ဆိုသည့် အဝတ်အစားများ ဝယ်ပေး လျှင် မာယာတင် သည် အလွန် သဘော ကျသည် ။ ကျွန်တော် က အလှပြင်ဆိုင် ခေါ် သွားလျှင် မာယာတင် သည် ဆွေ့ဆွေ့ခုန် မတတ် ဝမ်းသာ နေတတ် သည် ။ မာယာတင် က လှချင်သည် ။ ဆန်းချင်သည် ။ ကျွန်တော် က အလှ အဆန်းတွေ သဘောကျသည်  ။ ကဲ ... လိုက်ဖက် မညီဘူးလား ။

တစ်ခါတစ်ရံ တွင် အရောင်းအဝယ် လုပ်ငန်း သဘောအရ မိတ်ဖြစ် ဆွေဖြစ် အရက် သောက် လာ လျှင် မလေးမြင့် သည် နှာခေါင်း တရှုံ့ရှုံ့ ဖြစ်နေတတ်သည် ။ မာယာတင် တို့ ကတော့ သည်သို့ မဟုတ် ။ ကျွန်တော့် အတွက် အရက် ကို သူ ကိုယ်တိုင် ငှဲ့ပေးသည် ၊ ကျွန်တော် ရမ် သောက် လျှင် မာယာတင် က ဘီယာ သောက်သည် ။ ကျွန်တော် ရီဝေဝေ ဖြစ် ၍ စကားတွေ မှား လာ လျှင် မာယာတင် က ရယ်မောမဆုံး ။

ထို့ကြောင့် မာယာတင် နှင့်တွေ့ပြီး နောက်ပိုင်း တွင် မာယာတင် သဘောကျသောကြောင့် အရက် သောက်သည် ။ မလေးမြင့် သဘော မကျ သောကြောင့် တမင် သောက်သည် ။

အရက် ကို ကျွန်တော် မကြိုက်ပါ ။ အရောင်းအဝယ် ကိစ္စကြောင့် သာ ဟိုတုန်း က တစ်ခါတစ်ရံ သောက်ခဲ့သည် ။ အရက် နှင့် ကျွန်တော့် သွေးသားသည် မတည့်ပေ ။ နှစ်ပက် လောက် သောက်လိုက် လျှင် မျက်နှာ တွေ နီရဲထူအမ်း လာသည် ။ များ လျှင် ယားယံသည် ၊ လေးပက် လောက် သောက် လျှင် လူမှန်းသူမှန်း မသိအောင် မူးပြီး အဖုအပိန့်တွေ ထွက်ပြီး ကျွန်တော် ခံ ရပြီ ။

သို့သော် မလေးမြင့် မကြိုက်မှန်း သိသောကြောင့် အရက်န ည်းနည်း ဆော်ဒါများများ ရောစပ် ၍ သောက်သည် ။ အိမ် ရောက် လျှင် နည်းနည်း မူး ၍ များများ ရမ်းပြသည် ။

ရေ ငတ်၍ တရေး နိုးသော အချိန်တွင် အရက် အရှိန် ပြေပြီ ။ ထိုအခါ မူး စဉ် က ရမ်းခဲ့မိသည် များ ကို ပြန် တွေးပြီး ကျော ထဲ မှ စိမ့်စိမ့် သွားအောင် ကြောက်မိသည် ။ မလေးမြင့် သည် သာ ကျွန်တော့် ကို ဒေါသဖြင့် တစ်ချက် ဝှေ့ယမ်း လိုက်လျှင် ကမ္ဘာ့အပြင် လွင့်သွားနိုင်သည် ။ သို့သော် သူ သည် ကျွန်တော် ရေခွက် နှင့် ပေါက် လျှင် ၊ ထမင်းပန်းကန် နှင့် ပစ်လျှင် အသာကလေး ကွေ့ရှောင် ပေးသည် ။ ကျွန်တော် ရိုက် လျှင် ၊ ကန် လျှင် ငုတ်တုတ် ထိုင်၍ ခံသည် ။ တစ်ချက် မတုံ့ပြန် ။ တစ်ခွန်း ပြန် မပြော ။ တကယ် ဆို လျှင် သူ့ ဗလကြီး နှင့် ကျွန်တော့် ကို အလဲ ထိုး၍ အနိုင် ယူ နိုင်သည် ။

ကျွန်တော် သည် လူ နု သလို အသည်း နုသည် ။ သနား တတ်သော ဓာတ်ခံရှိသည် ။ အချစ်သစ် ဖြစ်ပေါ် နေသော ကျွန်တော့် နှလုံးသား သည် အရက် မူးမူး ဖြင့် သည် သို့ ပြုမိ သော်လည်း မိုး လင်းလျှင် မလေးမြင့် ကို သနား နေတတ်သည် ။ အပြစ် မရှိသူ ကို အပြစ် ရှာမိခြင်း အတွက် နောင်တ ရ တတ်သည် ။ မလေးမြင့် သည် ည က ရိုက်ခဲ့ ၊ ဆူခဲ့ သမျှကို မသိ သလိုပင် ကျွန်တော့် ကို ပြုစု ကျွေးမွေးရှာသည် ။ မေတ္တာ မပျက် ဆက်ဆံရှာသည် ။ ကျွန်တော် သည် သနားစိတ် ကို ဇွတ် အတင်း မျိုချ ပြီး တမင်ဟန်လုပ် က မျက်နှာထား တင်း၍ သူ ပြင် ထားသော ထမင်းပွဲ ကို မစားဘဲ မြို့ ထဲ သို့ ထွ က်တတ်သည်  ။

နောက်သို့ လှည့် မကြည့်မိ အောင်လည်း ကြိုးစားရသေးသည် ။

လှည့် ကြည့် မိလျှင် အိမ်ဝ တွင် မျက်နှာငယ်လေး နှင့် သနားစဖွယ် ငေးမျှော် နေရှာသော မလေးမြင့် ကို မြင်နေရဦးမည် ။ ရုပ်ရည် ဖြင့် မဆွဲ ဆောင် နိုင်သော်လည်း အပြုအစု အယုအယများ ဖြင့် ဆွဲဆောင် နေသော မလေးမြင့် ၏ သံယောဇဉ် နှောင်ကြိုး မှ လွတ်အောင် ရုန်းရမည် ။

ကျန်စေချင် ၍ ချန်ရစ်ရခြင်း သာ ဖြစ်ပါကြောင်း ။

•••••   •••••   •••••

သင်္ဘော ပေါ်မှ ချ လာသော ကားသစ် တစ်စီးကို ကျွန်တော် တို့ ပွဲစားများ ဝိုင်းအုံကြည့်ရှု နေစဉ် လူရည်သန့် လူငယ် တစ်ဦး ကျွန်တော့် အနား ရောက်ရှိလာသည်  ။

“ ကိုလှချို ဟုတ်ပါသလား ခင်ဗျာ ”

ကျွန်တော် မသိသူ တစ်ဦး က ကျွန်တော့် အမည် ကို ထုတ်ဖော် မေးမြန်း သဖြင့် အံ့ဩ သွားသည် ။

“ ဟုတ်ပါတယ် ၊ ကျွန်တော် လှချို ပါ ”

“ ကျွန်တော် က မြင့်ထွန်း ပါ ။ မာယာတင် နဲ့ ပတ်သက်ပြီး စကား ပြောချင်လို့ ပါ ”

မာယာတင် အမည် ပါလာ သဖြင့် ကျွန်တော် စိတ်ဝင်စား သွားသည်  ။

“ လာဗျာ ၊ ကိုမြင့်ထွန်း လက်ဖက်ရည်ဆိုင် ထဲ သွားရအောင် ”

ဆိုင် အတွင်း သို့ ရောက်သော အခါ ထောင့် ထဲ ရှိ လူ ရှင်းသော ခုံ တွင် ဝင်ထိုင်ကြ၏ ။

“ ကဲ .. ဆိုပါဦး ကိုမြင့်ထွန်း ။ မာယာတင် ဘာဖြစ်လို့ လဲ ” 

“ ပြောရမှာ အားတော့ နာပါတယ်ဗျာ ။ မပြော မဖြစ်လို့ ပြောရတာပါ ။ သည်လိုဗျ
....... ။ မာယာတင် ဟာ ကျွန်တော့် ချစ်ဦးသူ ပါ ။ မာယာတင် နဲ့ လွန်ခဲ့တဲ့ နှစ်နှစ်လောက် ကတည်း က ချစ်ကြိုက်ခဲ့တာပါ ။ သူတို့ က ဆင်းရဲတယ် ဗျ ။ ကောင်မလေး က ဆယ်တန်း ခဏခဏ ကျတယ် ။ ကျူရှင် လည်း မယူနိုင်ဘူးပေါ့ ဗျာ ။ သည် တော့ ကျွန်တော် သွားပြီး သင်ပြ ပေးခဲ့ပါတယ် ။ ကျွန်တော် က အလယ်တန်းပြ ဆရာ ပါ ။ ဘွဲ့ရ တစ်ဦး ပါ ။ ကျွန်တော် ကြိုးစားပြီး သင်ပြပေးတယ် ။ သူ ဆယ်တန်း အောင် သွားတယ် ။ အဲသည် အထိ ကျွန်တော်တို့ ဘာမျှ မဖြစ်သေးပါဘူး ။ မာယာတင် အလုပ် အကိုင် ရရှိဖို့ ကျွန်တော် ပဲ လိုက်လံ ရှာဖွေ ပေးပါတယ် ။ သူ အလုပ် ရပြီး မှ ကျွန်တော် တို့ ကြိုက်ကြတာပါ ”

ကျွန်တော် သည် ဘာမျှ ပြန် မပြောမိ ။ ခေါင်းကလေး ညိတ်ပြီး နားထောင် နေမိသည်  ။ ဆက် ပြောစေချင်သည့် သဘော ။

“ မာယာတင် က ငယ်ရွယ်သူ ပီပီ လှချင်တယ် ဗျ ။ သုံးဖြုန်းချင်တယ် ဗျ ။ သူ့ အလို ကို ကျွန်တော် မဖြည့်နိုင်ဘူး ။ ကျွန်တော် က အလယ်တန်းပြဆရာလေး သာ ဖြစ်ပြန် ၊ အမေ နဲ့ ညီမလေး တွေ က ရှိပြန် ဆိုတော့ သူ့ ကို မေတ္တာ ပဲ ပေးနိုင်တယ် ။ သူ စာပေးစာယူ တက်ပြီး ဘွဲ့တစ်ခု ခု ရဖို့ အတွက် ကိုယ်အား ဉာဏ်အား ရှိသမျှ ကူညီနိုင်တာပဲ ရှိတယ် ။ သူ ပူဆာ သမျှ ဘာ ပစ္စည်းမျှ ဝယ် မပေးနိုင်ဘူး ။ ဒီ အချိန်မှာ ခင်ဗျားက သူ့ အကြိုက်တွေ အကုန်ဝယ်ပေးပြီး ...... ဪ ..... စိတ် မရှိနဲ့ နော် ကိုလှချို ၊ ငွေ နဲ့ ပေါက်ပြီး လူ ကို ယူဖို့ ကြိုးစားတယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး ။ ပွင့်ပွင့်လင်းလင်း ပြော ရရင် ကိုလှချို နောက် ဆုတ်ပေးပါဗျာ နော် ၊ နောက် ဆုတ်ပေးပါ ။ မာ ယာတင် ဟာ ကျွန်တော် ပျိုးခဲ့တဲ့ ပန်း တစ်ပွင့် ပါဗျာ ”

သူ့ ကို ကြည့်၍ ကျွန်တော် သနား မိသည် ။ လူရိုးလူကောင်းကြီး မှန်း သိသာသည် ။ သူ သည် ရည်းစားဦး ဖြစ် သော်လည်း အောက်ကျို့ ကာ တောင်းပန်တိုးလျှိုး ၍ ဝင်လာသည် ။ ဤလို လူမျိုး အပေါ် တစ်ဖက်သတ် အနိုင် ယူရမှာ ကို မလိုလား သလို ဖြစ်မိပြန်၏ ။ ပြီးတော့ ကိုမြင့်ထွန်း ၏ ပုံစံ မှာ ချစ်သူ တစ်ဦး ကို ပြန် တောင်းဟန်သာ မက တပည့် တစ်ဦး ၊ နှမ တစ်ဦး ၊ သမီး တစ်ဦး ကို ရိုးသားစွာ ပြန် တောင်းနေပုံပေါ်နေသည် ။ ခက် သည် က ကျွန်တော် နှင့် မာယာတင် တို့ မှာ ခုထိ ပွင့်ပွင့်လင်းလင်း ဖွင့် ပြောပြီး ချစ်သူများ မဟုတ်ကြသေး ။ ကျွန်တော် က လည်း ယနေ့ ထိ မာယာတင် ကို ဖွင့်ဟ မပြောသေး ။ ရင် ထဲ မှာ သာ ချစ် နေမိသူ ။

ကျွန်တော်တို့ နှစ်ဦး လုံး အတန်ကြာ ငြိမ် နေမိသည် ။ နောက်ဆုံး တွ င် အကောင်းဆုံးနည်း တစ်ခု ကို စဉ်းစားပြီး ကျွန်တော် ပြောလိုက်သည် ။

“ သည်လို လုပ်ဗျာ ကိုမြင့်ထွန်း ။ မာယာတင် ရဲ့ အဆုံးအဖြတ် ကို ခံယူ ရအောင် ။ မနက်ဖြန် ရုံးဆင်းချိန် မှာ ပန်းခြံ ထဲ လာခဲ့ဗျာ ။ သည်နေ့တော့ ကားအရောင်းအဝယ် စကား ပြောစရာ ရှိသေး လို့ မအားဘူး ။ မနက်ဖြန် ရုံးဆင်းချိန် မှာ ကျွန်တော် မာယာတင် ကို ခေါ်လာမယ် ။ ကျွန်တော်တို့ သုံး ယောက် ဆုံကြတာပေါ့ ”

“ သဘော တူပါတယ်ဗျာ ၊ လုပ်ပါ ”

ကိုမြင့်ထွန်း သည် လက်ဖက်ရည် သောက်ပြီးသော် နှုတ်ဆက်၍ ပြန် ထွက်သွားသည် ။ ကား တွေ ရှုပ်ထွေး နေသော လမ်းမကြီး ကို ဖြတ်ကျော် ကာ ခေါင်း ငိုက်စိုက် နှင့် လျှောက်သွား ရှာသော ကိုမြင့်ထွန်း ၏ ကျောပြင် ကို ကြည့်၍ သက်ပြင်း တစ်ခု မှုတ်ထုတ်လိုက်သည် ။

ရင် ထဲ မှာ စိတ်ကူးကလေး နှင့် မျိုသိပ် ထားရသော အချစ် ၏ ဝေဒနာ သာ ဖြစ်ပါကြောင်း ။

•••••   •••••   •••••

နိုးသည် နှင့် တစ်ပြိုင်နက် အကျင့်ပါ နေသော လက်တို့ သည် ခြင်ထောင် အပြင်ဘက် ရောက်၍ ဆေးလိပ်ခွက် ကို စမ်း၏ ။ တွေ့သော အခါ ခြင်ထောင် အပြင် ခေါင်း ထုတ်ပြီး ဆေးလိ ပ်ကို မီးညှိ ဖွာရှိုက်သည် ။

နောက်ဖေး မီးဖိုချောင် မှ မလေးမြင့် ၏ ချက်သံပြုတ်သံများ ကြားနေ ရသည် ။ ကျွန်တော် သည် ထမ င်းကို စားချင်သည့် အချိန် စားတတ်သော ကြောင့် အဆင်သင့် ဖြစ်စေရန် အမောတကော ချက် နေ ခြင်း ဖြစ်ပေမည် ။ မလေးမြင့် မှာ လင် ကို ပြုစုဖို့ မော နေချိန်တွင် ကျွန်တော် သည် ရင် ထဲ က အချစ်သစ် ဖြစ်ပေါ်မှု ပြဿနာ နှင့် စိတ်မော နေသည် ။

ည က ခံစားရ လွန်း သဖြင့် ကောင်းစွာ အိပ်မပျော်ခဲ့ပေ ။ အတွေးအာရုံ ထဲ တွင် မာယာတင် နှင့် မလေးမြင့် တို့ သည် တစ်လှည့် စီ ပေါ်နေသည် ။

အပြစ် ဟူ၍ မြူ မျှ ပင် ရှာ မတွေ့သော မလေးမြင့် ကို မရက်စက်ချင် သ လို နုသောလှသော မာယာတင် ကို လည်း မစွန့်လွှတ်နိုင် ။ ဘယ် ငါးရံ့ ကို လွှတ်ရမည်နည်း ။ အဖြေ ကား မရ ။

လေးလံသော ခြေလှမ်းများ ဖြင့် အိမ် မှ ထွက်ခဲ့သည် ။ မြို့ ထဲ သွားသည် ။ စုဝေးနေကျ လက်ဖက်ရည်ဆိုင် တွင် ထိုင်သည် ။ ပလက်ဖောင်း တစ်လျှောက် ရပ်ထားသော ကားများ ကို စိတ် မဝင်စား ။ အရောင်းအဝယ် စကားတွေ မပြောချင် ။ စီးကရက် တစ်ဘူး ဝယ်ပြီး ချောင် ထဲ မှ ကုလားထိုင် တွင် ဝင် ထိုင်သည် ။ စီးကရက် ကို တစ်လိပ် ပြီး တစ်လိပ် မီး ကူးသည် ။ ဖွာရှိုက် မိသည့် အခါ ရှိ သလို ၊ ပြာ အတောင့်လိုက် ဖြစ်ကာ ကြွေကျ သွား သည့် အခါ လည်း ရှိ၏ ။

နာရီလက်တံ တွေ သာ ရွေ့လျား သွားလာ၍ အတော် ခရီး ရောက်နေပြီ ။ ကျွန်တော့် ဆုံးဖြတ်ချက် မှာ ခရီးမပေါက်သေး ။ မာယာတင် ဘက် အလေး သာ သလိုလို ၊ မလေးမြင့် ဘက် အလေး သာ သလိုလို ။

ညနေ လေးနာရီ ထိုးသော် ကျွန်တော် သည် ဆုံးဖြတ်ချက် တစ်ခု ကို ခိုင်မာစွာ ရ လိုက်သည် ။ ကျွန်တော့် တွင် မိန်းမ ရှိကြောင်း ဖွင့်ပြောမည် ။ မလိမ့်တစ်ပတ် ဖြင့် လိမ်ညာ နေခြင်း မပြုလိုတော့ ။

ကားသော့ ကို ကောက် ယူပြီး ဆိုင် ထဲ မှ ထွက်သည် ။ ကား စက်နှိုး၍ မာယာတင့် ရုံး သို့ မောင်း ထွက်ခဲ့သည် ။ ခါတိုင်း စောင့်နေကျ နေရာတွင် လက်ဆွဲခြင်း ကိုင် ၍ ရပ်နေသည် ။

“ ကား ပေါ် တက် မာယာ ။ ပန်းခြံ ထဲ သွားရအောင် ”

“ အစ်ကို က လည်း သည် တစ်ခါ ထူးထူးဆန်းဆန်း ပဲ နော် ။ ပန်းခြံ ထဲ ခေါ်ပြီး ဘာတွေ ပြောမှာ လဲ ။ ဒါပဲနော် ရိုးရိုးသားသား စကား ပဲ ပြောရမယ် ”

“ ပြောတော့ သိမှာ ပေါ့ မာယာ ရယ် ”

ဘာမျှ မသိရှာ သော မာယာတင် သည် ပျော်ရွှင်မြူးထူးစွာ လိုက်ပါ လာသည် ။ ပန်းခြံ ထဲ ဝင်၍ ခုံတန်း တစ်ခု ပေါ် ကျွန်တော် တို့ ထိုင်မိသည် နှင့် မလှမ်းမကမ်း မှ လျှောက်လာသော ကိုမြင့်ထွန်း ကို တွေ့ရသည် ။ မာယာတင် သည် လည်း မြင်ဟန်တူ၏ ။ ထို့ကြောင့် မျက်စိမျက်နှာ ပျက်ကာ “ အစ်ကို ရယ် သည် မှာ လူတွေ သိပ်စုံတာပဲ ။ ဆိုင် တစ်ဆိုင် သွားရအောင် ပါ ။ မာယာ ဆာလှပြီ ” ဟု ချွဲချွဲပျစ်ပျစ် ပြောသည် ။

“ ခဏ လောက် ထိုင်ပါဦး မာယာ ရယ် ။ ပြီးတော့ သွားတာပေါ့ ”

မာယာတင် သည် ကိုမြင့်ထွန်း ကို မမြင်ဟန် ဆောင်၍ မျက်နှာ လွှဲ ထားသည် ။ ကိုမြင့်ထွန်း သည် ရှေ့တည့်တ ည့်တွင် လာ ရပ်သည် ။

“ လာ ... ကိုမြင့်ထွန်း ထိုင်ဗျာ ။ ဆွေးနွေးပွဲလေး စရအောင် ”

မာယာတင် သည် ထိတ်လန့် အံ့ဩဟန် ဖြင့် .....

“ ဟင် .... အစ်ကိုတို့ သိနေကြတယ်လား ”

“ သိပြီးပြီ မာယာ ၊ ကိုမြင့်ထွန်း မနေ့က လာ ပြောလို့ အကြောင်းစုံ သိပြီးပြီ ။ အဲဒီ ကိစ္စ နဲ့ ပတ်သက်ပြီး ”

ကျွန်တော့် စကား မဆုံးမီ မာယာတင် သည် ထိုင်နေရာ မှ ဇိုးဇိုးဇတ်ဇတ် ထ၍ ကိုမြင့်ထွန်း ရှေ့ တွင် ခါးထောက် ရပ်သည် ။ သူ့ တစ်ကိုယ်လုံး သည် နတ်ကျ သလို တဆတ်ဆတ် တုန် နေသည် ။ မျက်မှောင် ကုပ်၍ အံခဲ ထားသည် ။

“ ကိုကိုထွန်း ဘာလို့ လာတာလဲ ။ ပြန်ပါ ”

“ ကိုကိုထွန်း တို့ ဆွေးနွေးဖို့ ”

“ အို ... မလိုဘူး ၊ တော်ပြီ ... တော်ပြီ ။ ကိုကိုထွန်း ကို မချစ်တော့ဘူး ။ သည် နေ့ က စ မုန်း လိုက်ပြီ ။ ထွက်သွားပါ ။ ဘာ ဆွေးနွေးစရာမှ မလိုဘူး ” 

“ ကိုယ် ပြောတာ ခဏလေး နားထောင်စမ်းပါ မာယာ ။ ကိုမြင့်ထွန်း လည်း နားထောင် ပါ ။ ကိုမြင့်ထွန်း ထင် ထား သလို ကျွန်တော် နဲ့ မာယာ နဲ့ ဘာမှ လည်း မဖြစ်သေးပါဘူး ။ ပြီးတော့လည်း ကျွန်တော် ဟာ လူပျို မဟုတ်ပါဘူး ”

“ အို ... အစ်ကို အသာ နေစမ်းပါ ။ မာယာ သူ နဲ့ အပြတ် ရှင်းမယ် ”

မာယာတင် သည် သားကောင် ကို ခုန် အုပ်မည့် ကျားသစ်ပျိုမ ဟန်မျိုးဖြင့် ကိုမြင့်ထွန်း ဘက် လှည့် လိုက်သည်  ။

“ သွား ဆိုတာ နင် ခုထိ မသွားသေးဘူးလား ။ ဘာလို့ လာ ရှုပ်တာလဲ ။ ငါ ချမ်းသာ မှာ ကို နင် မနာလို လို့ လား ။ နင့် လို ကျောင်းဆရာ ငမွဲ ကို ငါ မယူနိုင်ဘူး ။ နင့် ကို ချစ်မိတာ သိပ် မှားတယ် ။ ကျက်သရေ မရှိ နင့် မျက်နှာ ကို မမြင်ချင်ဘူး ”

မာယာတင် ၏ ရင့်သီးသော စကားလုံး တို့ ကို ကြားရသော အခါ ကျွန်တော် သည် လွန်မင်းစွာ ထိတ်လန့်တုန်လှုပ် မိသည် ။ ကိုမြင့်ထွန်း ကဲ့သို့ ကျေးဇူးရှင် ဆရာသမား တစ်ဦး ၊ အသက် ကြီးသူ တစ်ဦး ကို ရိုင်းစိုင်းစွာ ‘ နင် ’ ၊ ‘ ငါ ’ တွေ ဖြင့် ပြောနေသံ သည် နား ထဲ ဓားရမ်း ဆင်း သလို အကြား ရ ခက်လှသည် ။ အပြော ခံရသော ကိုမြင့်ထွန်း တော့ မည်သို့ ခံစားရမည် မသိ ။ ကျွန်တော် မှာ မူ ဒေါသ မီးတောက် သည် ဟုန်းခနဲ ထလာသည် ။ မာယာတင် ၏ လက်မောင်း ကို တင်းကျပ်စွာ ဆုပ်ကိုင်ပြီး ဆွဲဆောင့် လိုက်သည်  ။

“ တော်စမ်း မာယာ ၊ ဒါ မင်း ရဲ့ ဆရာ ၊ မင်း ရဲ့ ကျေးဇူးရှင် ။ ဆရာ ကို မစော်ကားနဲ့ ၊ မကြိုက် ရင် လည်း ယဉ်ယဉ်ကျေးကျေး ပြော ”

“ ပြောပါစေ ကိုလှချို ရယ် ၊ ကျွန်တော့် ကို မေတ္တာ မှ မရှိတော့ပဲ ။ ကျွန်တော် နောက် ဆုတ်ပေး ပါမယ် ။ ညီမ ရယ် ... နောက်နော င်မှာ ကိုကိုထွန်း မျက်နှာ ကို မမြင်စေရပါဘူး ”

ပြောပြောဆိုဆို လှည့် ထွက် သွားသော ကိုမြင့်ထွန်း လက် ကို ဖမ်းဆွဲလိုက်၏ ။

“ နေပါဦး ကိုမြင့်ထွန်း ၊ ကျွန်တော် ပြောပါရစေဦး ။ ကျွန်တော့် မှာ မိန်းမ ရှိပါတယ် ။ ကျွန်တော် ဟာ အိမ်ထောင်ရှင် တစ်ဦး ပါ ။ ကျွန်တော် ဝင် ရှုပ် လို့ ခင်ဗျား တို့ ချစ်ရေးချစ်ရာ မှာ ကယောက်ကယက် ဖြစ်ရတာ စိတ်မကောင်းဘူးဗျာ ။ ကျွန်တော့် ကို ခွင့်လွှတ်ပါ ကိုမြင့်ထွန်း ။ ကဲ .. ကျွန်တော် သွားမယ် ”

အရာရာ ကို ကျောခိုင်း ၍ လှည့် ထွက်ခဲ့သည် ။ ကား ကို အရှိန် ပြင်းစွာ မောင်းနှင်မိ၏ ။ ဘယ်လမ်း တွေ ဝင်၍ ဘယ် လမ်း တွေ ထွက်ပြီး ဘယ် ခရီး ပေါက်မှန်း ပင် ကျွန်တော် မသိ ။ နောက်မှ မိမိ စိတ် ကို ပြန်လည် ဖြေ လျော့ လိုက်သည် ။ ကားဦး ကို အိမ်ဘက် သို့ ဦးတည်သည် ။

ရုပ်အလှ အပေါ် မူးယစ်ဝေ နေ မိသော ကျွန်တော့် စိတ်အစဉ် ကို လမ်း မှား မှ ခွဲထွက်ခဲ့ ပါကြောင်း ။

•••••   •••••   •••••

“ ဟယ် .. ကိုချို သည်နေ့ အစောကြီး ပြန်လာပါလား ”

သနပ်ခါး အဖွေးသား လိမ်း ထားသော မလေးမြင့် သည် ပြေးထွက် ဆီး ကြိုသည် ။ ရေမိုး ချိုးပြီး စ မို့ ထင်၏ ။ လန်းဆန်းကြည်လင် နေသည် ။

“ ကိုချို ... မျက်နှာတွေ လည်း မကောင်းပါလား ။ နေ မကောင်းဘူးလား ဟင် ”

“ ကိုယ် နေကောင်းပါတယ် မလေး ရယ် ၊ အလုပ်များ လို့ ငြီးစီစီ ဖြစ်နေ တာပါ ၊ ရေချိုး လိုက်ရင် ပျောက်သွားမယ် ထင်တယ် ”

“ ဒါဆိုလည်း ခဏ နားလိုက်ဦးနော် ၊ ချက်ချင်း မချိုးနဲ့ ”

အိပ်ခန်း ထဲ ဝင်၍ ကျွန်တော် လဲလှယ်ရန် အဝတ်အစားများ ယူ လာသည် ။

“ မလေး မှာ ပြောစရာ ရှိလို့ ကိုချို ကို စောင့်နေတာ ။ ဘုရား ရှိခိုးတော့ လေ ကိုချို စောစော ပြန်လာပါစေ ၊ အရက် တွေ သောက် မလာပါစေနဲ့ လို့ ဆုတောင်း ခဲ့တာ ။ အခုတော့ ဆုတောင်း ပြည့် သွားပြီ ”

မလေးမြင့် သည် ခါတိုင်းနေ့ များ ထက် ရွှင်မြူးကာ နှုတ်လျှာ တွေ သွက် နေပေသည် ။ သူ့ အမြူးဓာတ် သည် ကျွန်တော့် ထံ ကူးစက် လာ သဖြင့် ရွှင်လန်း လာသည် ။

“ ကဲ ... ပြောစမ်းပါဦး မလေး ရယ် ၊ ဘာလဲ သိန်းထီကြီး ဆယ်ဆု ပေါက်လို့ လား ”

“ သိန်းထီ ဆယ်ဆု ဘယ် က မလဲ ကိုချို ရဲ့ ၊ အများကြီး ။ ဟို - ဟို လေ မလေး တို့ မှာ ကလေး ရတော့မယ် ”

“ အို ... တကယ်လား မလေး ရယ် ၊ သေချာရဲ့ လား ဟင် ”

ကျွန်တော် သည် ဆိုဖာ ပေါ် ထိုင်နေရာမှ ကြမ်းပေါ် တွင် ပုဆစ်တုပ် ထိုင် နေသော မလေးမြင့် ထံ သွား၍ ပခုံး နှစ်ဖက် ကို ဆွဲကိုင် လိုက်သည် ။

“ သေချာတာပေါ့ ၊ သည် နေ့ ဆေးခန်း က ပြန်လာခဲ့ပြီ ”

“ ဆေးခန်း သွားမယ် ဆို ကိုယ့် ကို ခေါ်ပေါ့ကွာ ”

“ ကိုချို က အလုပ် များ တယ် မဟုတ်လား ၊ မိုးလင်း က မိုးချုပ် ဆိုတော့ ”

မလေးမြင့် စကားကြောင့် မျက်နှာ တွင် ရှက်သွေး တို့ ပြည့်လျှံ သွားသ ည် ။ အမှန်တကယ် အလုပ် ရှုပ်သည် မဟုတ်ဘဲ မာယာတင် နှင့် သွားလာ နေရသော ကြောင့် အချိန်ကုန် နေခြင်း ဖြစ်ကြောင်း မလေးမြင့် မသိရှာ ။ သို့သော် ရှေ့ လျှောက် ၍ အချိန်မှန် အိမ်ပြန် နိုင်တော့မည် ။ မာယာတင် နှင့် ပတ်သက်သော ဇာတ်လမ်း က ပြီးခဲ့ပြီ မဟုတ်ပါလား ။

ကျွန်တော့် ကို မလေးမြင့် နှင့် လက်ထပ်ရန် စီစဉ်ခဲ့ စဉ် က အဖေ ပြော သော စကား ကို သတိ ရ မိသည် ။

“ ဟဲ့ကောင် လှချို ၊ ဣတ္ထိ ရူပံ ဓနံ ဆိုတဲ့ စကား ကို ငါ နားလည်တယ် ။ မိန်းမ ဆိုရင် ရုပ်ဆင်း အင်္ဂါ လှပရမယ် ဆိုတာ ငါ လက်ခံတယ် ။ ဒါပေမဲ့ မင်း အခု ယူရမှာ က မယား ကွ ။ မိန်းမ တိုင်းဟာ မယား မပီသဘူး ။ မယား မှာ အလှအပ ဟာ အဓိက မကျတော့ဘူး ။ မယားဝတ် ကျေပွန်ဖို့ က အဓိက ။ မင်း က ကားပွဲစား ပီပီ မော်ဒယ် နောက် ကို လိုက်တာကိုး ကွ ။ ငါ က မက္ကင်းနစ် ဆိုတော့ မော်ဒယ် ထက် အင်ဂျင် ကို အဓိက ထားတယ် ဟေ့ ။ ဒါတွေကို ငါ့ သား နောင်မှ သိမယ် ”

အဖေ့ စကား တို့ သည် သွေး ထွက်အောင် မှန် နေပြီ ။ မယားကောင်း ကို ရှာဖွေပေးသော မိဘများ ကို ဝစီကံ ၊ မနောကံ ဖြင့် အပြစ် ပြောမိ သမျှ ဝန်ချ တောင်းပန်ပါ၏ ။

ဪ ... ချွင်းချန်၍ ကြွင်းကျန်ရစ်ရရှာ သော် ငြား မေတ္တာ မပျက် အမုန်း မဖက် ခဲ့သော မလေးမြင့် ။ ကျွန်တော် ဆူပူရမ်းကား သမျှ ကို ရန် ရန်ချင်း မတုံ့ပြန် ဘဲ ခွင့်လွှတ် တတ်သော သည်းခံ တတ်သော မလေးမြင့် ။ လင် ကို မြင် က ၊ အလျင် ထ ၏ ။ နောက်မှ အိပ်မှု ၊ မေးပြု လိုလိုက် ၊ စရိုက် ချစ်ဖွယ် ၊ သူ့ ဝယ်မဆံ ၊ နှုတ်သံ ချိုမြေ့ ၊ ပြောဆိုလေ့ဖြင့် ၊ စုံစေ့ခြောက်လီ ၊ ကျင့်ရေးညီသည့် မလေးမြင့် ။

ထို မလေးမြင့် သည် ကျွန်တော့် အတွက် ရင်သွေးရတနာ ပေးဦးမည် ။

လင် မပီသစွာ ပြုမူ ကျင့်ကြံခဲ့ သမျှ ကို သူ သိသည် ဖြစ်စေ ၊ မသိသည် ဖြစ်စေ ၊ ခွင့်လွှတ်ပါရန် တောင်းပန်တိုးလျှိုး သော မျက်လုံးများ ဖြင့် ကြည့်မိ၏ ။ မလေးမြင့် သည် ကျွန်တော့် ကို ပြုံး ၍ ပြန်ကြည့်သည် ။ ခွင့်လွှတ်ပြုံး လား ၊ ဥပေက္ခာပြုံး လား မသိပါ ။ သို့သော် ချစ်စရာ ကောင်းသော ပြုံးပန်း တစ်ပွင့် တော့ ဖြစ်ပါကြောင်း ။  ။

◾ ကိုရိုးကွန့်

📖 ဂီတ ပဒေသာ မဂ္ဂဇင်း
     ၁၉၈၄ ၊ နိုဝင်ဘာ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment