Sunday, May 12, 2024

ချစ်စရာ မကောင်းတော့တဲ့ ခြစ်ရာတွေ နဲ့ အချစ်


 

❝ ချစ်စရာ မကောင်းတော့တဲ့ ခြစ်ရာတွေ နဲ့ အချစ် ❞

ကိုယ် ချစ်တဲ့ သူ နဲ့ အတူ ပေါင်းသင်းရတဲ့ ဘဝ ကို ရရှိတဲ့ မိန်းကလေး တစ်ယောက် ဟာ အလွန် ကံကောင်းသူ လို့ ဆိုရပါမယ် ။

ကိုယ်တိုင် ချစ် တဲ့ သူ က လွဲပြီး ဘယ်သူ မှ မချစ် သလို ကိုယ် ချစ်တဲ့ သူ ကလည်း ကိုယ် က လွဲပြီး ဘယ်သူမှ မချစ် တဲ့ သူမျိုး ဖြစ်ဖို့ ကျတော့ မလွယ်လှပြန်ဘူး ။ ဒီလို ပြည့်စုံတဲ့ အချစ် ဘဝ ကို ရရှိတဲ့ မိန်းကလေး က တော့ တကယ့် ' စံ ' ဖြစ်သွားပြီ ။

ရှာ မှ ရှား ဖြစ်သွားပြီ ။ အိမ်ထောင်သက် တစ်ထောင် မှ တစ်ယောက် တွေ့ဖို့ လွယ်ပါ့မလား ။

ဇနီးမောင်နှံ တွေ မှာ ရိုးမြေကျ သက်ဆုံးတိုင် ပေါင်းသင်း သွားကြလေ ရဲ့ လို့ အများ အမြင်မှာ တွေ့နေရ ပေမယ့် သူတို့ ဘဝ ချစ်ခရီးလမ်း မှာ စည်း ကျော်သွားတာလေးတွေ ၊ ဖောက်လွဲ ဖောက်ပြန် ကိစ္စလေးတွေ ကို ဖုံး ဖုံးဖိဖိ မသိမသာ ကျော်လွန် ခဲ့ကြရတာတွေ နဲ့ ကင်းခဲ့ပါလိမ့်မလား ။

ဒီလို ဖောက်ပြန်မှုတွေ ကို မိန်းမသား တွေ ဘက် က လည်း ကျူးလွန် တတ်ကြ တာပါ ။ ဒါပေမဲ့ ဒီ အဖြစ်မျိုး တစ်ရာ မှာ တစ်ယောက် လောက် တော့ ရှိမယ် ထင်ပါရဲ့ ။ ကျန်တဲ့ ကိုးဆယ့်ကိုး က ယောက်ျား ဆိုတဲ့ ‘ လင် ’ တွေ က ပျက်ကွက် ခဲ့ကြလို့ ပဲ ။ သစ္စာ မဲ့ ခဲ့ကြလို့ ပဲ ။ ကျွန်မ က မိန်းကလေး မို့ မိန်းကလေး တွေ ဘက်က လိုက် ပြောတယ်လို့ စွပ်စွဲချင်ပါ သလား ။ ဟုတ်ကဲ့ ၊ ဒါဆိုလည်း ငြင်းစရာ မရှိပါဘူး ။ ကျွန်မ က တောင်မှ ထပ်မံ ဖြည့်စွက် ပြောပါဦးမယ် ။

လင်ယောက်ျား ဖောက်ပြန် လို့ နှလုံးသား လည်း ကြေမွ ၊ ဘဝ လည်း ယိမ်းယိုင် သွားကြတာ ‘ မိန်းမ ’ ဖြစ်သလို အဲဒီ လင်ယောက်ျား ဖောက်ပြန် ဖို့ အတွက် အတူ ကြံစည် ကျူးလွန် ခဲ့သူ တတိယ လူ ဟာ လည်း ‘ မိန်းမ ’ ဖြစ် နေ ပြန်တာပါ ။

ယောက်ျားတွေ သစ္စာမဲ့ ဖို့ အဓိက မီး ဟာ မိန်းမတွေ ပဲ မဟုတ်လား ။ မယားကြီး ငုတ်တုတ် မြင် နေရက် က ‘ ကိုကို့ ကို မှ ချစ်တယ် ’ ဆိုတဲ့ မိန်းကလေးတွေ ရှိ နေတာ ကျွန်မ လည်း မသိဘဲ နေပါ့ မလား ။

လူတွေ အရှက်အကြောက် နည်း လာလေ ဒီလို နောက်ကြောင်း မကင်း ‘ ခေတ်ပေါ် အချစ် ဇာတ်လမ်း ’ တွေ က ရှုပ်ထွေး လာလေ ဖြစ်နေရပြီ ။ ကျွန်မတို့ မှာ ဒါတွေ မြင်ရ တွေ့ရ လွန်းလို့ ရိုး နေပြီ ပြောရတော့မယ့် ပုံမျိုး ။

ကျွန်မ အတွက် ရိုးအီ နေပြီ ဖြစ်တဲ့ ဇာတ်လမ်းတွေ ထဲ မှာ အဓိက ဇာတ်ကောင် အဖြစ် ပါဝင် နေရ ရှာတဲ့ စတေးခံ နှလုံးသားပိုင်ရှင်တွေ ကို သတိ ထား လေ့လာ မိတတ်တယ် ။ သူတို့ က မှ လူ့ လောက အတွက် စိတ်ဝင် စားစရာ အကောင်းဆုံး လူသားတွေ မဟုတ်လား ။

ကျွန်မ ပြောမယ့် ‘ မကြာကြီး ’  အကြောင်း ကို စိတ်ဝင်စား ကြည့်ပါလား ကျွန်မ ရင် ထဲ မှာ ခံစား မှုတစ်စုံ တစ်ခု မရဘဲ နဲ့ ဘယ်တော့မှ မပြောတတ်ဘူး ။

အဲ - ခံစားရပြီ ဆိုရင်လည်း မပြောရ မနေနိုင်တော့ဘူး ။ ဒါကြောင့် ...

•••••   •••••   •••••

အမှန်က မကြာကြီး ဆိုတာ သူ့ နာမည်ရင်း မဟုတ်ဘူး ။ သူ့ နာမည်  ‘ မကြာပွင့် ’ တဲ့  ။ မကြာပွင့် ဆိုတဲ့ အတိုင်း သူ့ ရဲ့ ပျိုမျစ်တဲ့ ဘဝ တုန်း လန်းလန်းဆန်းဆန်း မွှေးမွှေးမြမြလေး လှတဲ့ မိန်းကလေး ပါ ။

ဒါကြောင့်လည်း မိန်းကလေး တိုင်း က တစ်ခါ တွေ့ပြီး နောက် တစ်ကြိမ် ပြန် လှည့် ကြည့်ချင် အောင် ဆွဲဆောင် နိုင်တဲ့ ရုပ်ရည် ကို ပိုင်ဆိုင်တဲ့ ကိုဘတင့် လို လူမျိုး က သူ့ ကို ချစ်ခဲ့တာပါ ။

သူတို့ နှစ်ယောက် ညားခါစ က များ နှစ်ယောက် တွဲ သွားရင် အားမကျ တဲ့ သူ မရှိဘူး ။ အလွန် လိုက်ဖက် ကျက်သရေ ရှိတဲ့ စုံတွဲ မဟုတ်လား ။ ပြီးတော့ သူတို့ နှစ်ယောက် က သိပ် ချစ်ကြလို့ မိဘတွေ သဘော မတူတဲ့ ကြား က ဇွတ် လက်ထပ် ခဲ့ကြတဲ့ သူတွေပါ ။

အချစ် အတွက် စွန့်စား ခဲ့ကြတဲ့ အချစ် သူရဲကောင်း ဇနီးမောင်နှံ ပေါ့ ။ သူတို့ ကို ကြည့်ပြီး စိတ်ကူး ယဉ်ကြတဲ့ လူငယ်တွေ လည်း မနည်းဘူး ။ သူတို့ နှစ်ယောက် က လည်း ခပ်ကဲကဲတွေ လေ ။ မယား လုပ်သူ က လည်း ‘ ကိုကို ... ကိုကို ’ နဲ့ ပါးစပ် က မချဘူး ။ လင် ဖြစ်သူ က လည်း ‘ ကြာကြာ ’ တဲ့ ။ ကိုယ့် ဇနီး ကိုယ် ခပ်ဆန်းဆန်းလေး ခေါ်တတ် လိုက်တာ ။

အဲဒီတုန်း က သူတို့ နေခဲ့ကြတာ က အညာဒေသ က တောမြို့လေး တစ်မြို့ မှာ မဟုတ်လား ။ လူကြား သူကြား မှာ ပခုံး ဖက် သွားတဲ့ သူတို့ အတွဲ ကို လူတိုင်း သတိထား မိတယ် ။ လူကြီး တွေ မျက်စိ ထဲ မှာ ရိုင်း လိုက်လေ လို့ ကြည့် မရအောင် ဖြစ်ကြသလို လူငယ်တွေ မှာ တော့ ရင်ခုန်ချင် စရာ ထူးခြား နေတာပေါ့ ။

ဒါကို မကြာကြီး က အကျေနပ်ကြီး ကျေနပ်ခဲ့တာ ။ သူ့ ဘဝ မှာ ချစ်တဲ့ သူ နဲ့ ပေါင်းဖက်ခွင့် ရလို့ လည်း ဂုဏ်ယူတယ် ။ ကိုယ် ဖြစ်ချင်တဲ့ အရာ ကို ဖြစ်အောင် လုပ်တတ်တယ် ဆိုတဲ့ သူ့ လုပ်ရပ် ကို လည်း မှန်တယ်လို့ ယုံတယ် ။ ကိုဘတင့် နဲ့ လက်ထပ် ခဲ့ တဲ့ အတွက် ဘယ်တော့ မှ နောင်တ ရလိ မ့်မယ် မဟုတ်ဘူး လို့ ဆုံးဖြတ် ထားတာပါ ။

ဒါကြောင့်လည်း ကိုဘတင့် နဲ့ အိမ်ထောင် ကျ ပြီး ကတည်း က သဘော မတူ လို့ ဆွေမျိုးစာရင်း က ဖျက်ပစ် လိုက်တယ် ဆိုတဲ့ သူ့ ရဲ့ မောင်နှမတွေ ဆီ ခြေဦး မလှည့်တော့ တာပေါ့ ။ သူ လုပ်ခဲ့ တဲ့ လုပ်ရပ် ၊ သူ တည်ဆောက်ခဲ့ တဲ့ ဘဝ သူ့ ဘာသာ ခံမယ် ဆိုတဲ့ မာန် ကို တင်းရင်း စွန့် ထွက်ခဲ့တာပါ ။

တကယ်တမ်း သူ့ မောင်နှမတွေ သဘော မတူတာ လည်း မလွန်ဘူး ။ ဘာလို့ လဲဆိုတော့ ကိုဘတင့် က လက်ကြော တင်းတဲ့ သူ မှ မဟုတ်တာ ကလား ။ မိဘ အိမ် မှာ နေစဉ် ကတည်း က အရပ် ထဲ မှာ ဟေးလေးဝါး လေး လုပ်ရင်း အချိန် ကုန် နေတဲ့ သူပါ ။ ကျောင်းစာ ကျ တော့လည်း ဆယ်တန်း တောင် မှ ဆယ်ခါ ဖြေ လို့ မအောင်ခဲ့ ဘူးလေ ။

ဝင်ငွေ ရ မယ့် အလုပ် လည်း စည်းစည်းဝါးဝါး မလုပ်လေ တော့ ယောင်ခြောက်ဆယ် ဖြစ်လို့ ။ ဒါတောင် ဝတ်စားတာ က တကယ့် အရာရှိကြီး စတိုင် နဲ့ တဲ့ ။ ရုပ်ရည် ကလည်း အသင့် ရှိတဲ့ လူ ဆိုတော့ မသိတဲ့ လူ ဆိုရင် မြင်တာ နဲ့ အထင် ကြီးချင် စရာပဲ ။

အချစ် မှာ မျက်စိ မရှိဘူး ဆိုတဲ့ စကား ကို မကြာကြီး လည်း ကြားဖူးခဲ့ တာပေါ့ ။ ကိုဘတင့် ဆိုတဲ့ လူ ဟာ လက်ကြော တင်းအောင် မလုပ်ချင် တာ ခပ်ပေါ့ပေါ့ နေတတ်တာတွေ ကို မကြာကြီး အမြင် သားပဲ ။ ဒါပေမဲ့ သူ က သိသိကြီး နဲ့ ယူခဲ့တာပါ ။ သူ့ ကို ချစ် မှ တော့ သူ့ ဒဏ်ခံနိုင်ရမယ်လို့ နှလုံးသွင်း ရင်း ။

ဒီလိုနဲ့ တည်ဆောက်ခဲ့တဲ့ သူတို့ ရဲ့ အိမ်ထောင် ဟာ ကလေး နှစ်ယောက် ရတဲ့ အထိ တော့ လိမ်ဖည်လိမ်ဖည် နဲ့ မြဲ ခဲ့ ၊ သာယာ သလို ရှိခဲ့ပါ ။ နွား နှစ်ကောင် ရုန်းမှ သွားမယ့် ထွန်တုံး ကို တစ်ကောင် တည်း ရုန်းပြီး ကျန်တဲ့ တစ်ကောင် က ကတ်သီးကတ်ဖဲ့ လုပ် နေ မှတော့ ရန်း ရတဲ့ ကောင် မျက်ဖြူ ဆိုက် ပြီပေါ့ ။ မကြာကြီး အဖြစ် က အဲဒီ အဖြစ်လို တဖြည်းဖြည်း ထိ လာခဲ့တယ် ။

ကိုဘတင့် မှာ တော့ ဟိုတုန်း က အတိုင်း တစ်စက် မှ မပြောင်းဘူး ၊ ပြင်ဆင် ထား လိုက်တာ လည်း လူပျို ရှုံး လောက်ရဲ့ ။ မကြာကြီး မှာ သားကလေး နှစ်ယောက် အမေ အသက် အစိတ် အရွယ် နဲ့ အဘွားအို တစ်ပိုင်း ဖြစ် ရရှာတယ် ။

မကြာကြီး ရဲ့ ဆွေမျိုးသားချင်း တွေ ကတော့ ထုံးစံ အတိုင်း မကျေမနပ် ဖြစ်ကြတာပေါ့ ။ မကြာကြီး ကို လည်း မိုက်တဲ့ ကောင်မ မှတ်ကရော လို့ ကျိန်ဆဲကြ ပြန်သေးတယ် ။ အပေါ်ယံ ကြည့် ရင်တော့ မကြာကြီး ဘက် က နာလို့  ၊ မခံနိုင်လို့ အပြစ် ပြောကြတာ လို့ ထင်စရာ ရှိပေမယ့် ဒီလောက် ဒုက္ခ ရောက် နေတဲ့ ကိုယ့် နှမ ၊ ကိုယ့် ညီမ တစ်ယောက် ကို မထောက်ပံ့ စတမ်း ပစ်ထားတာကတော့ မေတ္တာတရား နည်းလွန်းတယ် လို့ မကြာကြီး ထင်တယ် ။

မကြာကြီး တစ်ယောက် ဆွေမျိုးတွေ ကို လည်း စိတ် နာ ၊ တည် မိတဲ့ ဘု ရား လင်းတ ပဲ နားနားဆို တဲ့ သဘောမျိုးတောင် မဟုတ်ဘဲ တစ်နေ့ တော့ သူ့ ဘဝ သူ သိတတ်လာ မှာ ဆိုတဲ့ ( လင် ချစ်စိတ် တွေ နဲ့ ) မျှော်လင့်ချက် ကြီးပြီး ကိုဘတင့် ရဲ့ ဒဏ် ကို တာရှည် တာမျော ခံ နိုင်အောင် ကြံစည် ရ တော့တယ် ။

မကြာကြီး ရဲ့ တစ်ခု တည်း သော နည်းလမ်း က တော့ ဒီ မြို့ကလေး က အပြီးအပိုင် ထွက် သွား ပြီး မြို့ကြီး တစ်မြို့ မှာ ခိုလှုံရင်း စီးပွားရေး လုပ်ဖို့ ပါပဲ ။

အဲဒီ အတွက် မကြာကြီး အရင်းအနှီး ရှာ ရတယ် ။ မြို့ကြီး က မိတ်ဆွေ တွေ ဆီ ဆက်သွယ် အကူအညီ တောင်းတယ် ။

အားလုံး ပြီးပြည့်စုံပြီ ဆိုတော့ မှ သား နှစ်ယောက် နဲ့ လင်သည် ကိုဘတင့် ကို ခါးစောင်း တင်ပြီး မြို့ ကို တက်ခဲ့တယ် ။ မုန့်ဟင်းခါး ရောင်း မလို့ တဲ့ ။

•••••   •••••   •••••

လူ တစ်ယောက် ရဲ့ လိုအင်ဆန္ဒ တွေ လက်တွေ့ ဘဝ မှာ ဖြစ်လာဖို့ တွက် “ အချစ် ”  ဟာ မြင်းကောင်ရေ အား အများ ဆုံး တပ်ဆင် ထားတဲ့ အင်အားကြီးမားဆုံး အင်ဂျင်စက် ပါ ပဲ ။

မကြာကြီး လည်း အချစ် က မောင်းနှင် လိုက်လို့ ကျင်ကျင်ခတ် လည်ပတ်ရင်း ကြိုးစား ပစ် လိုက်တာ မြို့ကြီး မှာ နာမည် အကြီးဆုံး မုန့်ဟင်းခါးဆိုင်ကြီး ကို ပိုင်ဆိုင် သွားခဲ့ပြီလေ ။

ကိုယ်ပိုင် အိမ် ၊ ကိုယ်ပိုင် ဆိုင်ခန်း နဲ့ တင့်တင့်တယ်တယ် ဖြစ် လာတယ် ။ ကလေး လည်း မွေး ပစ်လိုက်သ မှ ခြောက်ယောက် တောင် ရှိနေပါ ပေါ့ လား ၊ ဒီ ကလေးတွေ ရော ၊ ကိုဘတင့် ကို ရော ၊ သူ ကိုယ်တိုင် ရော ဝတ်စား ထားလိုက်တဲ့ ရွှေငွေလက်ဝတ်လက်စားတွေ က လည်း ဝင်းအိ လို့ ။

ကိုဘတင့် က တော့ မော်တော်ဆိုင်ကယ်ကြီး တထုန်းထုန်း နဲ့ ၊ လက် က လည်း ပိုက်ဆံအိတ်ကြီး က ဖောင်း နေတာပဲ ။ သူ့ အနား မကပ်ခင် ဝါး တစ်ရိုက်လောက် အကွာ ကတည်း က ရေမွှေးနံ့ သင်း နေ တော့တယ် ။

မကြာကြီး က သူ့ လင်ကြီး ဒီလို နေတာကိုပဲ ကျေနပ် ပြန်တယ် ။ ဟိုတုန်း က တော့ သူ့ ဘဝ သူ သိတတ် လာပါစေလို့ မျှော်လင့်ခဲ့ ဖူးပါရဲ့ ။ ခုတော့ လည်း စီးပွားရေး က အဆင်ပြေ လာ ၊ သားသမီး တွေ ကလည်း လိမ္မာကြ လေတော့ မကြာကြီး မမှုတော့ပါဘူးပေါ့ ။ ဪ - သူ့ ခမျာ ငါ့ လို အနွံအတာ ခံ တဲ့ မယားမျိုး ရရှာတာ ကံကောင်းလိုက်တာ ။ သူ့ ကံ နဲ့ သူ ခံစား တာပါလေ လို့ ချီးကျူးမိသေးရဲ့  ။

မုန့်ဟင်းခါးဆိုင် က လည်း ရောင်း ကောင်းတာ ရက်စက်တယ် ။ မုန့်ဟင်းခါး ကို လည်း ကိုယ့် စက် နဲ့ ကိုယ် လုပ်တယ် ။ ငါးခူ ဆိုရင် တစ်ရက် တစ်ခါ ဈေးမှာ သွား ဝယ်ရတာ အလျဉ် မမီလို့ ကိုယ့် အိမ် မှာ ကိုယ် ပဲ သံကန်ကြီးတွေ နဲ့ ငါးအရှင် ဝယ် လှောင် ထားရတယ် ။ လိုတဲ့ အချိန် ကျ မှ လို သလောက် ဆယ် ယူပြီး ချက် တော့ လတ်လတ်ဆတ်ဆတ် လည်း ရတယ် ၊ အရသာ လည်း ပို ရှိတယ်လေ ။

ဒါကြောင့် မကြာကြီး ရဲ့ မုန့်ဟင်းခါးဆိုင်လေး မှာ ရော အိမ် က မုန့်ဖို မှာ ပါ အလုပ်သမားတွေ ငှား ထားရတယ် ။ မိန်းကလေး ၊ ယောက်ျား လေး အလုပ်သမား စုစုပေါင်း ၁၅ ယောက် ရှိတယ် ။

ကိုဘတင့် တို့ က အလုပ် သာ ဦးစီး ပြီး မလုပ်တာ အိမ် မှာ ရှိတဲ့ အလုပ်သမားတွေ ကို တော့ ဩဇာ ပေး တတ်တယ် ။ သူ လည်း နား မလည် ဘဲ ဝင် ဝင် အမိန့် ပေးတော့ အလုပ်သမားတွေ လည်း သူ နဲ့ မတည့် လို့ ထွက်ထွက် သွား ကုန်ကြတာ များ တယ် ။

ဒါကြောင့် မုန့်ဟင်းခါးဆို င်နဲ့ ပတ်သက်တဲ့ အလုပ်သမား တွေ ကို တော့ ဝင် မပြောပါနဲ့ လို့ တောင်းပန် ထားရတယ် ။ အိမ် ရဲ့ ဗာဟီရ အလုပ် တွေ လုပ်ဖို့ အတွက် ကိုဘတင့် စိတ်ကြိုက် အလုပ်သမားတွေ ထားရတာပေါ့ ။

အဲဒီ မှာ ပဲ သန္တာဝင်း နဲ့ အကြောင်း ပါ ဖို့ ဖန်တီး လာတယ် ။ သန္တာဝင်း က လူ က ငယ်ငယ် မိန်းမ လည်လေး ။ ဝတ်ချင် စားချင် ၊ ကြွားချ င်ဝါချင် တယ် ။ သူ့ အတွက် ရဖို့ ဆိုရင် ဘာမဆို လုပ်ဝံ့တယ် ၊ မရှက်ဘူး ။

ဒီလို အရည်အချင်းတွေ ပြည့်စုံ မှ တော့ သူများ လင် နဲ့ ညား ဖို့ သေချာ နေပြီပေါ့ ။ ကိုဘတင့် က တော့ မကြာကြီး မသိ အောင် ရှုပ် ခဲ့တဲ့ ဇာတ်လမ်းပေါင်း က များ လို့ ရိုး နေပြီ ။ သန္တာဝင်း လို ကောင်မလေး တော့ မလိုအပ် တော့ရင် လက်ညှိုးလေး နဲ့ တောက် လွှတ်လို့ ရတယ် ဆိုတဲ့ စိတ် နဲ့ ထိတ်ထိတ်ကြဲ လိုက်ကြပါလေရော ။

နှစ်ယောက် ပေါင်းပြီး သစ္စာမဲ့ ဓာတ်ဆီ လောင်းပြီး ဖို လိုက်ကြတဲ့ ကာမကျုးလွန်မှု မီးဖိုကြီး က လောင်လိုက်တာ လေ ၊ မငြိမ်းနိုင် တော့ဘူး ။ အပွဲပွဲ နွှဲ ခဲ့တဲ့ ကိုဘတင့် လည်း သန္တာဝင်း နဲ့ ကျမှ သမီး ရည်းစား ခိုးပြေးကြ တဲ့ အဖြစ် ထိ ရောက် သွားတယ် ။

ကိုဘတင့် တစ်ယောက် တည်း ဆို ရင်တော့ သန္တာဝင်း က လည်း ဘယ် လက်ခံပါ့မလဲ ။ ကိုဘတင့် နဲ့ အတူ ရွှေ တစ်ကျပ်သား နဲ့ ငွေသား ငါးသိန်း လောက် ပါလာတာ ကိုး ။ ကိုကို့ ကို ချစ် ပြီပေါ့ ။

•••••   •••••   •••••

မကြာကြီး ရဲ့ အခု လက်ရှိ ပုံပန်း ကို ပြောပါရစေဦး ။ သူ့ မျက်နှာ မှာ မေး က သုံးထပ် လောက် အရစ် ရစ် ထ နေရဲ့ ။ မျက်လုံး က အဆီတွေ အိကျ တဲ့ အောက် မှာ ဝင် ပုန်းနေရဲ့  ။ မျက်နှာ အစ်ပြဲပြဲကြီး ရဲ့ နောက်မှာ ထုံး ထားတဲ့ ဆံထုံးလေး က ဆရာကြီး ဦးပုည ရဲ့ ဆံထုံးတော်ကြီး တမာသီး ကို အောက်မေ့ ဖွယ်ဖြစ်လို့ ။

အောက်ပိုင်း ခန္ဓာကိုယ် က တော့ ဝလွန်းလို့ လမ်းလျှောက် လို့ တောင် မကောင်းတော့ဘူး ။ အိပဲ့ အိပဲ့ ။

သားသမီး တွေ က အဖေ နောက် မိန်းမ ခိုး ပြေးတာ စိတ်ဆိုး စိတ်နာ ကြ တာပေါ့ ။ မကြာကြီး မှာ လည်း မျက်ရည် စက်လက် ။ ဒါပေမဲ့ စိတ် မနာနိုင် ပါဘူး ။ သူတို့ သာ ပြန်လာမယ် ဆိုရင် နှစ်ယောက် လုံး တင် ကျွေး ထားလိုက်ချင် သေးတယ် ။ ဟိုတုန်းက ကိုဘတင့် လို ပဲ အခု ကိုဘတင့် ကို နေ စေ ချင်တယ် ။

ဒါကို သားသမီး တွေ ကို ဖွင့် ပြောမိတော့ သားကြီး က စိတ် ဆိုးလွန်း လို့ အမေ့ ကို ငို ပြီး ပြော တယ် ။ ‘ အဖေ ဆိုးတာ အမေ အလို လိုက်လွန်းလို့ ’ တဲ့ ။ ဒီတော့ မကြာကြီး ဘာ ပြောတယ် မှတ်လဲ ။

“ အမေ က သား ရဲ့ အဖေ ကို အလို လိုက်တာ မဟုတ်ပါဘူး ကွယ် ။ အ မေ က ဇနီးမယား ကောင်း တစ်ယောက် ဖြစ်အောင် လည်း ကြိုးစားတယ် ။ ချစ်သူကောင်း တစ်ယောက် လည်း ဖြစ်ချင်တယ် ။ ဒါကြောင့် သူများ ကို အပြစ် မပြောဘဲ ကိုယ် လုပ်သင့်တာ ကိုပဲ လုပ်ခဲ့လို့ ပါ ။ သူ က သူ လုပ်သင့် တာ မှ မလုပ်တာ ။ အမေ ဘာ တတ်နိုင်မှာ လဲ သား ရဲ့ ။ အခုလည်း လုပ်သင့်တာ လုပ်ပေး မလို့ ပါ ” 

ဒီတော့မှ အပြစ် တင်မိတဲ့ သား ခမျာ မကြာကြီး ကို ထိုင် ကန်တော့လိုက် ရှာရသတဲ့ ။ ကံတရား က မကြာကြီး ဘက် ပါတယ်လို့ ပြောရမလားပဲ ။

အိမ် က ထွက် သွားပြီး တစ်လ ကြာ မှာ တော့ ကိုဘတင့် တစ်ယောက် ခေါင်း ငိုက်စိုက် ချပြီး အိမ် ပြန် ရောက် လာတယ် “ ကိုကို မှားပါပြီ ကြာကြာ ရယ် ” လို့ လည်း ငိုပြီး တောင်းပန် သတဲ့ ။ ယူ သွားတဲ့ ရွှေငွေပစ္စည်းတွေ တော့ မပါဘူးပေါ့ ။

သားသမီး တွေ လည်း ပျော်ရွှင် လို့ ။ မကြာကြီး တော့ ပီတိ ဖြစ် လွန်းလို့ အဆီတွေ စု နေတဲ့ မျက်နှာကြီး ပေါ် က ငယ်ရုပ်ကလေး တောင်မှ ပေါ် လာ သလို ထင်ရသေးတော့ရဲ့  ။ မိသားစုတွေ ပျော်ပျော်ပါးပါး နဲ့ အဖေ ၊ အမေ ရဲ့ အနှစ် နှစ်ဆယ်မြောက် မင်္ဂလာ ရက်မြတ် အထိမ်းအမှတ် နဲ့ တစ်ရပ်ကွက်လုံး ကို မုန့်ဟင်းခါး တိုက်လိုက်သေးရဲ့ ။

မြတ်စွာဘုရား ၊ အားလုံး ဝမ်းသာ လို့ မှ မဆုံးသေးဘူး ။ မင်္ဂလာ နှစ်လည်ပွဲ အပြီး ငါးရက်မြောက် တဲ့ နေ့ မှာ မကြာကြီး ရဲ့ လက်ကောက် သုံးကွင်း နဲ့ အတူ ကိုဘတင့် တစ်ယောက် ပျောက်သွား ပြန်ပါ ကောလား ။ မကြာကြီး ရဲ့ လက်ကောက် က တစ်ကွင်း လေးကျပ်သား ရှိ သတဲ့  ။ ဒီ တစ်ခါတော့ တစ်ရပ်ကွက်လုံး က ပါ ကိုဘတင့် ကို မုန်း နေကြတော့တယ် ။

တစ်လခွဲ လောက် ကြာတော့ ကိုဘတင့် ရောက် လာ ပြန်တယ် ။ အရင် အချိုး အတိုင်း ဝန်ချ တောင်းပန် ရင်းပေါ့ ။

“ ကြာကြာ ရယ် ၊ ကိုယ် က သူများ သားသမီး ကို ကျူးလွန် မိထားတာ မဟုတ်လား ကောင်မလေး မှာ ကိုယ်ဝန်ကြီး နဲ့ ဆိုတော့ .... ” 

နှစ်ကိုယ်ကြား တောင်းပန် လိုက်ရင်ပဲ မကြာကြီး မှာ ခေါင်း တညိတ် ညိတ် ။ ရှင် က လူစိတ် ရှိ တာကိုး ။ ဒီမှာ နေရင်း လှမ်းပြီး ထောက်ပံ့ပေါ့ ။ ဒီ ကောင်မ ဘာလုပ်ကိုင် စားတတ်မှာ လဲ ။ ကြာ တို့ က ပေးရုံ ပေါ့ တဲ့ ။ ထောက်ခံ လို့ တောင် ပြောလိုက်သေးတယ် ။

တတိယ အချီ ထွက် သွား ပြန် တော့ ဆယ့်ငါးရက် နဲ့ ပြန် ရောက်လာတ ယ် ။ ထုံးစံ အတိုင်း တောင်းပန်ဖို့ ကြိုးစားတုန်း ...

“ ကိုဘတင့် ၊ ရှင့် မျက်နှာ ပေါ်က ခြစ်ရာဖဲ့ရာတွေ က ဘာဖြစ်လာသတုန်း ”  

“ ဟို မိန်းမယုတ် လုပ် လွှတ် လိုက်တာလေ ။ ကိုကို က သူ့ ကို မပေါ့မပါးကြီး နဲ့ ဆိုပြီး သည်းခံ နေခဲ့တာ ”

“ ရှင့် မိန်းမ က ကိုယ်ဝန် ဘယ်နှလ လွယ်ထားလို့ လဲ ” 

“ ခြောက်လ ရှိပြီကွယ် ။ မွေးခါနီး ဖွားခါနီး မဟုတ်လား ” 

“ ကြံကြီးစည်ရာ ရှင် ၊ ကျွန်မ စုံစမ်း ပြီးပြီ ။ ရှင့် မိန်း မမှာ ဘာ ကိုယ်ဝန် မှ မရှိဘူး ။ ရှင့် မျက်နှာ ပေါ်က ခြစ်ရာတွေ က လည်း သနားစရာ မကောင်းတဲ့ အပြင် ရွံ ဖို့ တောင် ကောင်းပြီ ၊ ကဲ ရှင် ပြန်ပါတော့ ရှင် ရှင့် ကို မြင်ရင် သားသမီးတွေ မှာ ငရဲ ကြီးလွန်းလို့ ပါ ။ ကလေးတွေ အထင် သေး အောင် မလုပ်ပါနဲ့ ။ ကလေးတွေ ကံ မဆိုးပါရစေနဲ့ ရှင် ” 

မကြာကြီး က ပြတ်ပြတ်သားသား ပြောပြီး နှင် လွှတ်လိုက်တယ် ။

•••••   •••••   •••••

အရပ် ထဲ က အကြောင်း ဆို တော့ လည်း ကျွန်မ သိ နေတာပေါ့လေ ။ ဒီ သတင်း ကြား ရတော့ ကျွန်မ လည်း အတော် ဝမ်းသာ သွားတယ် ။

ဟုတ်တယ် ၊ အချစ် နဲ့ မတန် တဲ့ သူ ကို အချစ် မပေးရဘူး ။ သည်း မခံသင့် တဲ့ လူ ကို သည်း မခံ ရဘူး ၊ ငုံ့ မခံ သင့် တဲ့ လူ ကို ငုံ့ မခံရဘူး ၊ ခွင့် မလွှတ် သင့်တဲ့ လူ ကို ခွင့် မလွှတ်ရဘူး ။

ဒီ သတင်း ကြားပြီး သုံးရက်မြောက် တဲ့ နေ့ မှာ တော့ နောက်ထပ် သတင်း တစ်ခု ထပ် ကြားရ တယ် ။ မကြာကြီး တစ်ယောက် ရုတ်တရက် သေဆုံးသွား ရှာ သတဲ့ ။ ကြေးစည် ထု သံ လွင့်ပျံ လာတယ် ။

သားသမီး တွေ လည်း ငိုကြ ၊ သူ့ အလုပ်သမား တွေ လည်း ငို ၊ ကျွန်မ လည်း ငိုမိတယ် ။ တစ်ရပ်ကွက်လုံး မျက်ရည် မဆည်နိုင်ပါဘူး ။

မကြာကြီး ရဲ့ ခန္ဓာကိုယ် ထဲ မှာ တိတ်တခိုး ဝင်ရောက် နေတဲ့ သွေးတိုး နှလုံးရောဂါ ကြောင့် ရုတ်တရက် သေဆုံး သွားတာ တဲ့  ။

ကျွန်မ က တော့ ဒီလို မထင်ဘူး ။ သွေးတိုး နှလုံးရောဂါ ဆိုတာ ဒီ ခေတ် မှ ရောဂါ နာမည် တပ်ကြ တာ မဟုတ်လား ။

သူ ရင်ကွဲနာ ကျ ပြီး သေသွား ရှာ တာ လို့  ။ သူ့ ရင် ထဲ က အချစ် တွေ ကို သူ ကိုယ်တိုင် တောင် မှ ဖြိုဖျက် ပစ် လို့ မရရှာဘူးနဲ့ တူပါရဲ့ ။

လေးစားပါတယ် မကြာကြီး ရယ် ... ။

◾မဝင့် ( မြစ်ငယ် )

📖 ရွှေအမြုတေ ရုပ်စုံ မဂ္ဂဇင်း
      အမှတ် ၁၃၄
      ဇန်နဝါရီလ ၊ ၂၀၀၁ ခုနှစ်

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment