Thursday, May 9, 2024

လွင့်မျောဝပ်ကျင်း


 ❝ လွင့်မျောဝပ်ကျင်း ❞ 


“ ကျွန်တော့် ကို ... တစ်ခုတော့ လိုက်လျော ပေးကြပါနော် ။ ကျွန်တော် ဆူးလေဘုရား ပေါ်တက် ပြီး ဘုရား ရှိခိုးချင်တယ် ... ” တဲ့ ။


ကိုဒေါင်း ရဲ့ မထင်မှတ်ဘဲ ထွက် လာတဲ့ စကား ကြောင့် ကျွန်တော် နဲ့ မာန်ထက်သာ တို့ ( ၂ ) ယောက် စလုံး အံ့သြ သွားကြတယ် ။ အချိန် က ည ၈ နာရီ လောက် ရှိနေပါပြီ ။ ဘီယာဆိုင်ကလေး ထဲ က မြင်နေရတဲ့ ဆူးလေလမ်းမ ပေါ် က မြင်ကွင်းတွေ ဟာ ဝေဝါး နေတယ် ။ ဆိုင်ကလေး ထဲ က သောက်သုံးသူ တွေ ရဲ့ စကား ဖောင်ဖွဲ့သံ နဲ့ လမ်းမ ပေါ် က ကားစက် သံ ၊ ဈေးသည်တွေ ရဲ့ အသံ ၊ လမ်းသွားလမ်းလာ တွေ ရဲ့ အသံတွေ ကြား မှာ ကျွန်တော့် စိတ် ရယ် ခန္ဓာကိုယ် ရယ် နှစ်ခု စလုံး ညပ်ဝင် နေတယ် ။


“ ဘယ်လိုလဲ ... မာန်ကြီး ရော ... လိုက်ခဲ့မယ် မဟုတ်လား ... ဟင် ”


ကိုဒေါင်း က တစ်စုံတစ်ရာ ကြေကွဲ နေတဲ့ မျက်လုံးရွဲကြီး တွေ နဲ့ မာန်ထက်သာ ကို ငေးကြည့် နေ တယ် ။ မာန်ထက်သာ က လက်ကိုင်ဖုန်း ကို ဟို ကလိ ၊ သည် ကလိ လုပ်ရင်း “ ဟာ ... ကျွန်တော် မလိုက်တော့ဘူး ” ဆိုပြီး အတန်တန် ခေါင်းခါ နေတယ် ။ ကိုဒေါင်း က ကျွန်တော့် ဘက် လှည့်လာ ပြန်တယ် ။ 


“ ကိုခန့် ကော လိုက်ခဲ့မယ် မဟုတ်လားဟင် ဘုရား နဲ့ နီးနီးကလေး ပဲ ၊ ရှိခိုး ပြီး ပြန်လာမှာပါ ... ခဏကလေးပါ ”


ကျွန်တော် က ဘီယာဆိုင်ကလေး ထဲ က မီးရောင် အောက်မှာ ငူငူကြီး ကြေကွဲ နေတဲ့ ကိုဒေါင်း ကို ကြည့် လိုက်တော့ သူ့ ညာဘက် မျက်ဝန်းထောင့် က မျက်ရည် တစ်စက် ဟာ တဖြည်းဖြည်းချင်း လိမ့်ဆင်း ကျလာနေတယ် ။


“ ကိုဒေါင်း ” လို့ ကျွန်တော်တို့ က ခင်မင်မှုနဲ့ ခေါ်ဝေါ်ကြတဲ့ “ ဒေါင်းနေမင်း ” ရဲ့ စိတ် အပေါ် မဖတ် ဖူးသူ ၊ မဖတ်တတ်သူ ဆိုရင်တော့ ၊ ဒီ လူ က ကြောင် လှချည်လား ၊ ည အချိန်မတော်ကြီး မှာ အရက် သောက် ရင်း ဘုရား ‘ ထ ’ ဖူး ရတယ်လို့ ။ ဘုရား နဲ့ အရက် နဲ့ ဘာမှ မဆိုင်တဲ့ ကိစ္စ ဘာညာ စသဖြင့် ကောက်ချက်ဆွဲမိ ၊ ဝေဖန် နှာခေါင်းရှုံ့မိ ကြမှာ အမှန်ပဲ ။


ဒါပေမဲ့ ကျွန်တော် က သူ့ စိတ်ခံစားမှု ကို နားလည် ပေးလို့ ရလောက်အောင် သူ နဲ့ မကြာမကြာ ဆုံ ဖြစ်ခဲ့တယ် ။ ဟိုး ... လွန်ခဲ့တဲ့ ၁၉၉၈ ခုနှစ် လောက် ကတည်း က ပေါ့ ။ စာပေ အဝန်းအဝိုင်း ထဲ မှာ ကျွန်တော်ရ ယ် ၊ ဒေါင်းနေမင်း ရယ် ၊ သျှင်ထွေးဟန် ရယ် ၊ တင်မြင့်ဦး ( သံတွဲ ) ရယ် ၊ သစ္စာပိုင်စိုး ရယ် ... စသဖြင့် ဝတ္ထုတို သမား လူငယ်တွေ ညီအစ်ကို လို သောက်ဖော်စားဖက် လို လည်ပင်းဖက် ဆုံစည်းခဲ့ကြ ဖူးတယ် ။


 လွယ်အိတ်ကလေး တစ်လုံး စီ လွယ်ရင်း ၊ ရေးထား ဖြစ်ခဲ့တဲ့ စာမူ တွေ ကို မဂ္ဂဇင်းတိုက် တွေ ဆီ လိုက် ပို့ရင်း ရ လာတဲ့ စာမူခကလေးတွေ နဲ့ မှောင်မှောင်မည်းမည်း ဘီအီး အရက်ဆိုင်ကလေး တွေ ရှိရာ ဆီ ချီတက်ရင်း စကား ဖောင်ဖွဲ့ ၊ ရင်ဖွင့် အန်ချခဲ့ဖူး ကြတယ် ။


အဲဒီ အထဲ က မျက်ရည်သမား ( ၂ ) ယောက် ကတော့ .... သျှင်ထွေးဟန် နဲ့ ဒေါင်းနေမင်း တို့ ပါပဲ ။ သူတို့ ( ၂ ) ယောက်စလုံး ခံစားမှု အား လွန် တာ လား ၊ ထိခိုက်လွယ်လွန်း တာ လား တော့ မသိနိုင်ဘူး ။ အရက်ကလေး ထွေပြီ ဆိုမှ ဖြင့် ငိုကြတော့တာပါပဲ ။ 


“ ဘာဖြစ်လို့ ... ကျုပ်တို့ က ဒီလို ဘဝမျိုးထဲ မှာ မျောနေကြတာလဲ ဗျာ ၊ ဘာဖြစ်လို့များ ... ဒီ ဘဝ ထဲ မှာ ပျော်ပိုက် နေကြရတာလဲ ဗျာ ... ၊ လွယ်အိတ် ကလေးတွေ လွယ် ၊ ဆံပင် ညှင်းသိုးသိုး ၊ အဝတ်အစား နွမ်းနွမ်းတွေ ဝတ်ပြီး တစ်ယောက် အိမ် ကို တစ် ယောက် လိုက် အိပ်ကြ ၊ မဖြစ်စလောက် စာမူခကလေး နဲ့ ဈေးပေါပေါ အရက်တွေ သောက်ကြ ၊ ရန်ဖြစ်ကြ ၊ စကားများကြ ၊ ငြင်းခုန်ကြ ၊ နောက်တော့ လင် မယား လို ပြန် တည့်ကြ ။ ဘာဖြစ်လို့ ဒီလို ဘဝ ပိုက်ကွန် ထဲ ဇွတ်တိုး ဝင် လာကြတာလဲ .. ”


မြို့လယ်ကောင် ၊ အနော်ရထာလမ်းမကြီး ဘေး က တတိယထပ် မှာ ဖွင့် ထားတဲ့ ရှည်မျောမျော တိုက်ခန်းကျဉ်းကလေး ထဲ က ဘီအီး အရက်ဆိုင် ကလေး မှာ ဝတ္ထုတိုအရေးသမား သျှင်ထွေးဟန် ဟာ အဲဒီလို ဆို့နင့်ဖွယ် စကားလုံးတွေ သွန် ချရင်း ငိုခဲ့ဖူး တယ် ။ သျှင်ထွေးဟန် ရဲ့ မျက်ရည် တွေ က သူ မော့ သောက် နေတဲ့ အရက်ခွက် ထဲ ကို တစိမ့်စိမ့် စီးကျ နေ ခဲ့တယ် ။


အခုတော့ သျှင်ထွေးဟန် လည်း ထွက်ခွာ သွား ပါပြီ ။ သူ ယုံကြည် မြတ်နိုးတဲ့ ဝတ္ထုတို ရေးသား ဖန်တီးခြင်း အပေါ် စုံမက်ဖက်တွယ် ထားလျက်ကြီး နဲ့ ပဲ တမလွန် ကို ထွက်ခွာ သွားခဲ့ပါပြီ ။


 •••••   •••••   •••••


နောက်ဆုံးတော့ ကျွန်တော် နဲ့ မာန်ထက်သာ လည်း ကိုဒေါင်း ရဲ့ စိတ် ချင်ခြင်း အပေါ် လိုက်လျောဖို့ ထိုင်ရာ က ထ ဖြစ်ခဲ့ကြတယ် ။ 


မြို့ကြီး ရဲ့ ည ဟာ ဘီယာယစ် နေတဲ့ အတွေး လှိုင်းတွေ လို ပဲ တရိပ်ရိပ် လွင့်မျော နေတယ် ။ ကားဂိတ် တစ်ဝိုက် မှာ လူစည်ကား နေဆဲပဲ ။ စပယ်ယာ တွေ ရဲ့ ခရီးသည် ခေါ်သံ ၊ ဈေးသည် တွေ ရဲ့အသံ ၊ ကားစက်သံ ၊ ဂီတသံ တွေ က ပြွတ်ပြွတ်ခဲခဲ ၊ ရောရောမွှေမွှေကြီး နဲ့ အစီအစဉ် မဲ့စွာ ပန်းထွက် နေတယ် ။ 


လျှပ်စစ်မီးရောင် တွေ ကို ဖြတ်သန်းရင်း ၊ လူတွေ ကို ပွတ်တိုက် တိုးဝှေ့ရင်း .. ကျွန်တော် တို့ ( ၃ ) ယောက် ဟာ ဆူးလေ ရဲ့ မြောက်ဘက် မုခ်ပေါက် ကို ရောက် လာတယ် ။ ဘုရား မုခ်ပေါက် ရဲ့ ရှေ့ မှာ စာ ကလေး တွေ ထည့် ထားတဲ့ ခြင်းတွေ ကို တွေ့တော့ ကိုဒေါင်း က ကိုယ်ရှိန် သပ် ရင်း ရပ် လိုက်တယ် ။ 


“ စာကလေးခြင်း ” ပိုင်ရှင် အမျိုးသမီးတွေ က ကျွန်တော် တို့ ကို မော့ ကြည့်ပြီး ဈေးခေါ် စကားတွေ ဝေဝေဆာဆာ ပြော နေတယ် ။ ကိုဒေါင်း က ခြင်း ထဲ က စာကလေးတွေ ကို ဘုရားမီးရောင် အောက် မှာ ငုံ့ ကိုင်း ငေးကြည့် နေတယ် ။ ကိုဒေါင်းဆီ က သက်ပြင်း အခါခါ ချ နေသံ ကို သူ့ ဘေး မှာ ရပ် နေတဲ့ ကျွန်တော် တောင် ကြား နေရတယ် ။ ဘုရား ပေါ် က ပျံ့လွင့် နေ တဲ့ တရားရွတ်ဖတ်သံတွေ အကြား မှာ ကြားလိုက်ရတဲ့ သက်ပြင်း ချသံ ပါပဲ ။


“ စာကလေး တစ်ကော င်စီ လွှတ်ကြမယ် ဗျာ ” တဲ့ ကျွန်တော် နဲ့ မာန်ထက်သာ ကို ပြောရင်း “ စာကလေးခြင်း ” ပိုင်ရှင် အမျိုးသမီး ဘက် ဆတ်ခနဲ လှည့် ပြီး “ အစ်မ ... တစ်ကောင် ကို ဘယ်လောက် လဲ ” လို့ မေးတယ် ။


ကျွန်တော်က ဆူးလေညဦး ကို ငေးကြည့် နေ မိတယ် ။ ဘုရား ကို ကွေ့ပတ် မောင်းနှင် သွားတဲ့ ကား တွေ ၊ အေးရာအေးကြောင်း လက်ချင်း ချိတ်ရင်း လမ်း လျှောက်နေတဲ့ စုံတွဲ တွေ ၊ ဘုရား ပေါ် က ဆင်းလာ သူ ၊ ဘုရား ပေါ် ကို တက်သွား သူ တွေ ... ။ မြို့တော်ခန်းမကြီး က ငြိမ်ဆိတ်ငိုက်မြည်း နေရှာတယ် ။ ဆူးလေ စေတီ တစ်ဝိုက်မှာ တော့ စေတီတော် ရဲ့ ရွှေရောင် နဲ့ ဝါဖန့်ဖန့် လျှပ်စစ်မီးရောင် တွေ ကြောင့် ဝါရွှေရွှေ အေးမြငြိမ်းချမ်းဖွယ် အရောင်တွေ ဖြာကျ ပြန့်ကျဲ နေတယ် ။ မဟာဗန္ဓုလပန်းခြံဆီ လောက် က ဝေ့ဝဲတိုက်ခတ် လာဟန် တူတဲ့ လေပြည်ကလေး က လည်း တအိ အိ လွင့်မျော နေလေတော့ ကိုဒေါင်း နဲ့ မာန်ထက်သာ တို့ အဖို့ ဘယ်လို ဖြစ်တည်နေမယ် ဆိုတာ မခန့်မှန်း တတ် ပေမယ့် ကျွန်တော့် စိတ်အစဉ် မှာ ... ငြိမ်းအေး နေတယ် ။


“ ရော့ဗျာ .. ဒါက ကိုခန့် ကို ကိုယ်စားပြုတဲ့ စာကလေး ” 


သူတို့ ( ၂ ) ယောက် နဲ့ စာကလေး ရောင်းတဲ့ အစ်မကြီး တို့ ဘယ်လို ပြောပြီး ဘယ်လို ဈေးတည့် သွားကြတယ် ဆိုတာ ကျွန်တော် သတိ မထားလိုက်မိ ဘူး ။ ကျွန်တော့် လက် ထဲ ကို စာပေါက်စကလေး တစ်ကောင် ရောက်လာတယ် ။


ကျွန်တော့် လက် တစ်ဖက် နဲ့ စာကလေး ကို ခပ်ဖွဖွ ဆုပ်ကိုင်ပြီး သေသေချာချာ ကြည့် လိုက်မိ တယ် ။ အရွယ် မရောက်သေးတဲ့ စာပေါက်ကလေး ပဲ ။ စာကလေး ရဲ့ နှုတ်သီး အရင်း ဘက် ၊ တစ်ဖက်တစ်ချက် ဆီ မှာ အဝါရောင် အရေးအကြောင်း တွေ က မပျောက်သေးဘူး ။ ကျွန်တော် က အညာဒေသ တောကျေးလက် မှာ ကြီးပြင်းခဲ့ လေတော့ ဒီလို စာပေါက်ကလေးတွေ နဲ့ သိပ်ပြီး မစိမ်းခဲ့ဘူး ။ ဒီ စာ က စာအမကလေး ပဲ ။


အမွေးအတောင် ခပ်နုနု နဲ့ စာကလေး ဟာ ကြည်လဲ့ တောက်ပတဲ့ မျက်လုံးဝိုင်းစက်ကလေးတွေ နဲ့ ကျွန်တော့် ကို ကြည့်နေ ရှာတယ် ။ ကျွန်တော် က ကောင်းကင် ဆီ ကို လက်မြှောက် လိုက်တယ် ။ စာကလေး က ကျွန်တော့် လက် ထဲ မှာ ညင်သာတဲ့ အထိ အတွေ့  နဲ့ ရုန်းကန် နေတယ် ။


“ ကဲ ... သမီး ရေ လွတ်အောင်သာ ပျံသန်း ပေတော့ ၊ ဒီ ည မှာ မင်း ... ဘယ်လိုများ အိပ်တန်း တက်လေမလဲ ... ” 


ကျွန်တော် က ခပ်တိုးတိုး ရေရွတ်ရင်း ဆုပ်ကိုင် ထားတဲ့ လက် ကို ဖြေပစ် လိုက်တယ် ။ စာပေါက် ကလေး က ‘ ဖရူး ’ ခနဲ ရုန်းထွက် ပျံသန်း သွားတယ် ။ ကျွန်တော် ရယ် ၊ မာန်ထက်သာ ရယ် ၊ ဒေါင်းနေမင်း ရယ် ၊ ဈေးသည် အစ်မကြီး ရယ် .. အားလုံးက စာ ကလေး ပျံသန်းသွားရာ နောက်ကို ကြည့် နေကြ တယ် ။


စာကလေး က ဘုရားမုခ် ရဲ့ အထက်ပိုင်း တစ်လျှောက် မှာ ဆောက်လုပ် ထားတဲ့ စောင်းတန်း ပေါ်ကို ဝင်ရောက် နားခို သွားတယ် ။


နောက် တစ်ခါ မာန်ထက်သာ ကို ကိုယ်စား ပြုတဲ့ စာကလေး ရဲ့အလှည့် ။ မာန်ထက်သာ က လည်း သူ့ လက် ထဲ မှာ စာကလေး ကို ခပ်ဖွဖွ ဆုပ်ကိုင် ရင်း တစ်စုံတစ်ရာ ကို အာရုံပြု နေဟန် တူတယ် ။ ပြီးတော့ ညင်ညင်သာသာကလေး လွှတ် ပေးလိုက် တယ် ။ အဲဒီ စာကလေး နဲ့ ခပ်လှမ်းလှမ်း နေရာမှာ သွားပြီး နားခို တာပါပဲ ။


ကိုဒေါင်း က သက်ပြင်းတွေ ကို အခါအခါ မှုတ်ထုတ် နေပြန်တယ် ။ ဘုရား ရဲ့ ဝါရွှေရွှေအလင်း အောက် မှာ ကိုဒေါင်း ရဲ့ မျက်လုံးရွဲကြီးတွေ က အရည်ကြည်တွေ ရစ်ဝိုင်း ပြီး ကြေကွဲရိပ် တွေ ယှက်သန်း နေတယ် ။


“ သူတို့ ... ဒီကိုပဲ ပြန် လာမှာလားဗျာ ” တဲ့ ။ 


ဆို့နစ်သံ နဲ့ ကိုဒေါင်း က မေး လိုက်တော့ ဈေးသည်အစ်မကြီး က ကိုဒေါင်း ကို မော့ကြည့်ပြီး ... “ ဒါပေါ့ ... ဒီ ခြင်း ထဲ ကို ပြန် ရောက်လာမှာပေါ့ ” တဲ့ ။ ကိုဒေါင်း ရဲ့ မျက်နှာ မှာ မဆိုစလောက်ကလေး ရဲခနဲ ဖြစ် သွားတယ် ။ ကွမ်း မြုံ့ ထားတဲ့ ပါးစောင် တစ်ဖက် ဟာ ပိုမို တင်းမာ သွားတယ် ။ ကွမ်းယာ ကို ဝါးချက်ပြင်းပြင်း နဲ့ ကြိတ်ချေလိုက်ဟန် တူ ပါရဲ့ ။ 


“ ကဲ ... ကျွန်တော့် အတွက် စာကလေး တစ်ကောင် ထုတ်လိုက် ဗျာ ”


ကိုဒေါင်း ရဲ့ စကား တောင် မဆုံးသေး ခင် မှာ ဈေးသည်အစ်မကြီး ရဲ့ လက် တစ်ဖက် က “ စာကလေးခြင်း ” ထဲ ကို လျှိုနှိုက် လျက်သားကြီး ဖြစ်နေခဲ့တယ် ။


 •••••   •••••   •••••


အလွန် သိမ်မွေ့ညင်သာ တဲ့ အမူအရာ ၊ အငွေ့ အသက်တွေ ကိုဒေါင်း ထံ မှာ စီးဝင် နေကြောင်း ကျွန်တော် ကိုယ်တိုင် တွေ့ နေရတယ် ။ ဈေးသည် အစ်မကြီး ကမ်းပေး လိုက်တဲ့ စာကလေး ကို သူ့ လက် နှစ်ဖက် နဲ့ ခပ်ဖွဖွ အုပ်ကိုင် ထားတယ် ။ ပြီးတော့ ငွေ့ ရည်ဖွဲ့ နေတဲ့ မျက်ဝန်းတွေ ကို မှိတ်ရင်း ကောင်းကင် ဆီ မျက်နှာ မော့ ထားတယ် ။


ကိုဒေါင်း စိတ် ထဲ မှာ ဘာတွေ ဆုတောင်း နေ သလဲ ။


သူ့ ပုဂ္ဂလိက ဘဝ အတွက် လား ။ ဒါမှမဟုတ် သူ အပါအဝင် ကျွန်တော်တို့ အားလုံး ရဲ့ ဖြစ်စဉ်တွေ အတွက် လား ။ ကျွန်တော် အသေအချာ မပြောနိုင်ခဲ့ ဘူး ။ စောစောက ကျွန်တော့် ဆီ ကို ဖျတ်ခနဲ ဝင် ရောက် လာတဲ့ ငြိမ်းအေးစိတ် က မသိမသာကလေး ဖယ်ခွာ ပျောက်ကွယ် သွားတယ် ။ ဘာကြောင့်မှန်း တော့ မသိဘူး ။ တစ်စုံတစ်ရာ ကို ဝမ်းနည်းဆို့နင့် နေတဲ့ စိတ် တဖွဲဖွဲ ဝင် လာတယ် ။


ကျွန်တော့် အာရုံ ကို ပြောင်းတဲ့ အနေနဲ့ စောစောက ကျွန်တော် နဲ့ မာန်ထက်သာ တို့ လွှတ် လိုက် တဲ့ စာကလေးတွေ ရှိရာ ဆီ ကို လှမ်း ကြည့်မိတယ် ။ ဘုရားတန်ဆောင်း ထုပ်တန်းတွေ ကြားမှာ အမှောင် ရိပ်သန်းနေ လေတော့ ဘာမှ သဲသဲကွဲကွဲ မမြင်ရဘူး ။


“ ကိုဒေါင်း ... ခင်ဗျာ့ စာကလေး က ဒဏ်ရာ ရထားတယ် ထင်တယ်ဗျ ၊ မပျံနိုင်ဘူး .... ” 


မာန်ထက်သာ ရဲ့စကားသံ ကြောင့် ကျွန်တော့် အကြည့် နဲ့ အာရုံ က ကိုဒေါင်း ဆီ ကို ပြန် ရောက်လာတယ် ။ ကိုဒေါင်း ရဲ့ လက်ဖဝါး နှစ်ဖက် ဖြန့် ပြီး ပူးကပ် ထားတဲ့ အပေါ်မှာ စာဝဝကစ်ကစ်ကလေး က ရပ်တန့် ငြိမ်သက် နေတယ် ။ ကိုဒေါင်း က ရီဝေကြေကွဲမှု နဲ့ သူ့ စာကလေး ကို ကြည့်နေတယ် ။ စာကလေး က မပျံဘူး ။


“ ပြစမ်းပါဦးဗျာ ... ဒဏ်ရာရှာ ကြည့် ရအောင် ”


မာန်ထက်သာ က ကိုဒေါ င်းရဲ့လက် ပေါ် က စာကလေး ကို ယူ ကြည့်တယ် ။ စာကလေး ရဲ့ ခန္ဓာကိုယ် တစ်ခုလုံး ကို စေ့စေ့စပ်စပ် ကြည့်တယ် ။ 


“ ဟာ ... မျက်လုံး ကို ထိထားတာဗျ .... ” 


မာန်ထက်သာ ရဲ့စကား တောင် မဆုံးသေးဘူး ၊ ကိုဒေါင်း က ဈေးသည်အစ်မကြီး ကို စောစော က သူ မေးပြီးသား မေးခွန်း ထပ် မေးပြန်တယ် ။ 


“ သူတို့ ဒီ အထဲ ကို ပဲ ပြန် ရောက်ကြမှာလား ဟင် ... ” တဲ့ ။ 


“ ဟုတ်တယ် ၊ ဒီ ခြင်းထဲ ကိုပဲ  ပြန်ရောက်ကြမှာလေ ” တဲ့ ။


အစ်မကြီး က လည်း ပုံမှန်လေသံ နဲ့ အဖြေ ပေးတယ် ။ ကျွန်တော် လည်း ဘာမှ တစ်စုံတစ်ရာ ဝင် မပြောဖြစ်ဘဲ ငေးစိုက် နားထောင်မိလျက်သား ကြီး ဖြစ် နေတယ် ။ ဘေးပတ်ဝန်းကျင် မှာ တော့ လူ တွေ ၊ ကား တွေ က သူ့ ဦးတည်ရာ နဲ့ သူ သွားလာဆဲ ပဲ ။ လေကလေး အဝေ့ မှာ ဆည်းလည်းသံ တချွင်ချွင် ကို ကြား နေရတယ် ။


“ ဒါဆိုရင် ... ဒီ စာကလေး ကို ကျုပ် ... မွေး ဖို့ ၊ အိမ်ယူ သွားမယ်ဗျာ ” ... တဲ့ ။ 


ကိုဒေါင်းက လည်ချောင်း အက်ကွဲသံကြီး နဲ့ ပြောရင်း ၊ မာန်ထက်သာ ရဲ့ လက် ထဲ က စာကလေး ကို ယူပြီး ဘုရား ပေါ် တက်ဖို့ ကျွန်တော် တို့ နှစ်ယောက် ကြား က တိုး ထွက် လိုက်တယ် ။


လှေကားထစ် တွေ အတိုင်း ရင်ပြင် ပေါ် ကို ( ၃ ) ယောက်သား ရှေ့ဆင့် နောက်ဆင့် တက် လာခဲ့ကြ တယ် ။ ဘုရားရင်ပြင်တော် ပေါ် မှာ က လူ သိပ် များလှတယ် လို့တော့ မဆိုနိုင်ဘူး ။ စေတီ ရဲ့ မြောက်ဘက် မုခ် က ဘုရားရုပ်ပွားတော် ရှေ့ မှာ အမျိုးသမီး တချို့ ၊ အမျိုးသား တချို့ ... ပုတီး စိပ် သူ စိပ် ၊ တရား ထိုင် သူ ထိုင် နဲ့ လူခပ်ကျဲကျဲ လောက်သာ ရှိနေတယ် ။ 


စေတီတော် ဟာ လျှပ်စစ်မီး ပူဇော်ထားတဲ့ အလင်း နဲ့ ရွှေရောင်သမ်း နေတယ် ။ ကျွန်တော်လည်း ဘုရားရင်ပြင်တော် ပတ်ဝန်းကျင် ရဲ့ ညှို့ငင် ဆွဲဆောင်မှု ထဲ အာရုံတွေ စီးဝင် သွားလေသလား မသိ နိုင်ဘဲ ကိုဒေါင်း နဲ့ မာန်ထက်သာ တို့ ကို ခေတ္တခဏ သတိလက်လွတ် ဖြစ်သွားပြီး ဘုရား ရုပ်ပွားတော် ရှေ့ မှာ ပုဆစ်တုပ် ရင်း ထိုင် လိုက်မိတယ် ။


ရုပ်ပွားတော် ဆီ ဦးညွတ် ကြည်ညိုစိတ် နဲ့ အာရုံ ပြုပြီး လက်အုပ် ချီတယ် ။ အာရုံ က စောစော က ဘီယာ အရှိန် ကြောင့် စုစည်းလို့ မရဘူး ။ ရီဝေ ပြန့်ကျဲ နေတယ် ။ မျက်လုံးတွေ ကို မှိတ် ထားမိတယ် ။ မြတ်စွာဘုရား အပေါ် ကြည်ညိုသဒ္ဓါစိတ် စူးစိုက်မိ ဖို့ အတွက် မျက်လုံး စုံ မှိတ်ပြီး လက်အုပ် ချီ လျက်ကြီး ထိုင် နေ မိတာ မိနစ်တော်တော် ကြာသွားတယ် ။ မြတ်စွာ ဘုရား ရဲ့ ဂုဏ်တော်တွေ ကို စိတ် နဲ့ စဉ်းစားကြည့် တယ် ။ ဂုဏ်တော် တွေ အပေါ် ကျွန်တော့် စိတ် က စူး စိုက် ပွားများလာနိုင်တဲ့ အချိန်မှာ မြတ်စွာဘုရား ကို ရည်ညွတ်ပြီး ဦး သုံးကြိမ် ချလိုက်တယ် ။


ဗုဒ္ဓမြတ်စွာဘုရား ဆီ မှာ မေတ္တာဓာတ်တွေ ကိန်းအောင်း ထုံမွှန်း ထားတယ် ။ မေတ္တာဓာတ်တွေ ကမ္ဘာ လွှမ်းပြီး ငြိမ်းချမ်းကြပါစေ ... လို့ တတိယ အကြိမ်မြောက် ဦးချ ရှိခိုးရင်း ကျွန်တော့် စိတ် က အာရုံပြု နေစဉ်မှာပဲ ခပ်လှမ်းလှမ်း တစ်နေရာ က “ ဟာ... သွားပြီကွာ ” ဆိုတဲ့ ကျယ်လောင်တဲ့ အသံကြီး ကြား လိုက်ရတယ် ။


ကျွန်တော် လည်း အသံ လာရာဆီ ဖျတ်ခနဲ လှမ်း ကြည့်လိုက်မိတယ် ။ ကိုဒေါင်း က ဘုရားတန်ဆောင်း ကျွန်းတိုင်ကြီး တစ်တိုင် ကို မှီပြီး ခေါင်းငိုက်စိုက်ကြီး ဖြစ်နေတယ် ။


ကျွန်တော် ကသုတ်ကရက် ထပြီး ကိုဒေါင်း ရှိရာ ဆီ ပြေး သွားမိတယ် ။ အဲဒီ အချိန်မှာ စေတီတော် ရဲ့ တာဝန်ကျ ဝန်ထမ်း သုံးလေးယောက် လည်း ကိုဒေါင်း ဆီ ကို ပြေးလာတယ် ။


“ ဘာဖြစ်တာလဲ ၊ ဘာဖြစ်တာလဲ ”


တာဝန်ကျ ဝန်ထမ်းတွေ က ကိုဒေါင်း ကို အလောတကြီး မေးကြတယ် ။ ကိုဒေါင်း က မတ်တတ် ရပ် လျက် တိုင် ကို မှီရင်း တသိမ့်သိမ့် ရှိုက် နေတယ် ။ ကျွန်တော် က ကိုဒေါင်း အနား ကပ် ရင်း “ ဘာဖြစ်လို့ လဲ ကိုဒေါင်းရ ” လို့ မေး ကြည့်တော့ ကိုဒေါင်း က “ ကျုပ် ... ကျုပ် ... မွေးဖို့ ယူ လာတဲ့ စာကလေး ကို ကြောင် ခုတ်သွားပြီဗျာ ” ... တဲ့ ။


တာဝန်ကျ ဝန်ထမ်းတွေ ကို ကျွန်တော် က အကျိုးအကြောင်း ရှင်း ပြရတယ် ။ နောက်ဆုံး သူတို့ လည်း သဘောပေါက် သွားပြီး သူတို့ နေရာတွေ ဆီ ပြန်လည် ထွက်ခွာ သွားကြတယ် ။ ဝန်ထမ်း တစ်ယောက် က “ ဟုတ်တယ်ဗျ ၊ ဒီ ရင်ပြင်တော် ပေါ် မှာ ကြောင်တွေ မွေး ထားတော့ ၊ အခုလိုပဲ စာကလေးတွေ ကို ကြောင်တွေ က လစ်ရင် လစ်သလို ခုတ်ကြတာ .. ” လို့ ပြောသွားသေးတယ် ။


မျက်ရည်တွေ စီးကျ ရင်း သူ့ ဖြစ်စဉ် အပေါ် ကြေကွဲ နေတဲ့ ကိုဒေါင်း ကို ကျွန်တော် က ဖေးမ ဖျောင်းဖျ ခေါ်ငင်ပြီး ဘုရား ပေါ် က ဆင်းခဲ့ကြတယ် ။ မာန်ထက်သာ လည်း ဘယ်မှာ ကျန်ရစ်ခဲ့မှန်း မသိနိုင် တော့ပါဘူး ။


 •••••   •••••   •••••


ကိုဒေါင်း ကို သူ စီးရမယ့် ကား ပေါ် မှာ တင်ပေးခဲ့တယ် ။ ကျွန်တော် လည်း ကျွန်တော့် ဝပ်ကျင်းလေး ရှိရာဆီ ပြန်မယ့် ကားပေါ် တက် လိုက်ခဲ့တယ် ။ ညကြီး ဟာ သူ့ ရဲ့ မြင် ရတဲ့ လက်ကြမ်းကြီး နဲ့ လူတွေ ကို ဝပ်ကျင်း အသီးသီး ဆီ ပြန်ဖို့ ခါ ထုတ် နေလေ တယ် ။ ဘတ် ( စ် ) ကား ပေါ် မှာ ထိုင်လိုက် လာတဲ့ ကျွန်တော့် အာရုံ ထဲ မှာ အသံတွေ ကို ထပ်ခါ ထပ်ခါ ပြန် ကြားနေမိတယ် ။


“ သူတို့ ... ဒီကိုပဲ ပြန်လာမှာလားဗျာ ” 


“ ဒါပေါ့ ... ဒီ ခြင်း ထဲ ကို ပဲ ပြန် ရောက်လာမှာ ပေါ့ ” တဲ့ ။


ကိုဒေါင်း နဲ့ “ စာကလေးခြင်း ” ပိုင်ရှင်တို့ ရဲ့ အသံတွေ က ကျွန်တော့် အာရုံ ထဲ မှာ ပဲ့တင် ထပ် နေ တယ် ။ ကျွန်တော့် စာကလေး နဲ့ မာန်ထက်သာ တို့ ရဲ့ စာကလေးတွေ ဟာ အခု အချိန် ဆို အဲဒီ “ ခြင်း ” ထဲ ပြန် ရောက် နေပြီလား ။ သူတို့ ဝပ်ကျင်း က ဘယ်မှာလဲ ။ နောက်ပြီး ... ကိုဒေါင်း ရဲ့ စာကလေး က ကော အဲဒီ ခြင်း ထဲ ကို ပဲ နောက် ဘဝ တစ်ခု နဲ့ ပြန် ရောက်လာဦး မှာလား ။ ကိုဒေါင်း ရဲ့ စာကလေးမျိုး နောက်ထပ် ဘယ်နှကောင် ပေါက်ဖွား ရှင်သန်လာဦးလေ မလဲ ။ ကိုဒေါင်း ရဲ့ စာကလေး ကောင်းရာသုဂတိ လားပါစေ ။ ငှက်ခတ်သမား ရဲ့ ပိုက်ကွန် ထဲ ရောက် လာမယ့် စာကလေးမျိုး မဖြစ်ပါစေ နဲ့ တော့ ။


ကျွန်တော် စီးလာတဲ့ ဘတ် ( စ် ) ကား ဟာ ညကြီး ထဲ မှာ လေထု  ကို ထိုးခွဲ လို့ တရိပ်ရိပ် ပြေးနေဆဲ ပဲ ။ ပြတင်းပေါက် က ကြည့် ရတဲ့ မြင်ကွင်း တွေ က ဝေသီမှုန်မှိုင်းနေတယ် ။ ကျွန်တော့် ဝပ်ကျင်း ဆီ ကို ဘယ် အချိန်မှာ ဆိုက်ဆိုက်မြိုက်မြိုက် ပြန်ရောက်နိုင်မလဲ ။


ကျွန်တော် ကိုင်တွယ် ပွတ်သပ်လို့ မရတဲ့ ညကြီး ထဲ မှာ ကျွန်တော် ကိုယ်တိုင် ဝင်ရောက် မောင်းနှင် ခွင့် မရှိတဲ့ ဘတ် ( စ် ) ကား ကို စီးနင်း ရင်း မတည်မြဲ တဲ့ ဝပ်ကျင်း တစ်ခု ရှိရာဆီ ... ကျွန်တော် ဟာ ဆွံ့အ ၊ ငေးမော ၊ တိတ်ဆိတ် ၊ ငြိမ်သက်စွာ နဲ့ လိုက်ပါနေမိ လျက်သားကြီး ဖြစ်နေခဲ့ပြီလေ ။


◾ကျော်ခန့်လူ


📖 ကလျာ မဂ္ဂဇင်း

      မေလ  ၊ ၂၀၁၀ ခုနှစ်


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment