Monday, May 20, 2024

ငွေ ငွေ ငွေ


 

❝ ငွေ ငွေ ငွေ ❞

ရာသီဥတု က ပူပြင်း ခြောက်သွေ့ နေသည် ။ မိုး မရွာ ၍ ရေ မပါဘဲ လေ ချည်း လာ နေ၏ ။ မိတ္ထီလာ မှ မန္တလေး သို့ ပြေးလွှား လာသော လိုင်းကားကြီး မှာ မန္တလေးမြို့အဝင် စက်မှုလမ်းဆုံ တွင် ရပ် သွားသည် ။ ဘ သည် အိတ်မည်း အကြီးကြီး တစ်လုံး ကို ဆွဲ၍ ကား ပေါ် မှ ဆင်းပြီးသည် နှင့် ကားကြီး က မောင်းထွက် သွားပါသည် ။

ဘ , က လမ်း ဖြတ်ကူးရန် ဟန်ပြင် နေစဉ်မှာ ပင် လေပြင်း တစ်ချက် တိုက် လိုက်၍ ဘ ၏ လုံချည် က အထက် သို့ လှန်တက် သွား ကာ မျက်နှာ မှာ သွား အုပ် နေသည် ။ ဘ , က ဒေါသတကြီး နှင့် မျက်နှာ မှာ အုပ် နေသော လုံချည် ကို အထက် သို့ ဆွဲ မ လှန်လိုက်ရာ ဘ ၏ လုံချည် မှာ ခါး မှ ကျွတ် ထွတ် သွားပြီး ဘ ၏ လက်ထဲ သို့ ပါသွားသည် ။ ဘ သည် လုံချည် ကို ကိုင်မြှောက် လိုက်ပြီး ..

“ ဟေ့ ဘယ်သူ့ လုံချည် လဲ ကွ ။ ဒါလောက် လေ တိုက် နေတာ လမ်းဘေး လာ လှမ်း ထား တော့ ဟိုလွင့် ဒီလွင့် ဖြစ်တောပေါ့ ”

ဘ ၏ စကား ဆုံးသည် နှင့် ဆိုက္ကားဆရာများ ၏ ရယ်သံ က ဆူညံ သွားသည် ။ ထိုအခါ မှ ဘ က ငုံ့ ကြည့် လိုက်ပြီး ......

“ ဟီး ဟီး ... ငါ့ လုံချည်ကိုး ။ တော်သေးရဲ့ အောက်ခံ ဘောင်းဘီ ပါလို့ ”

“ အဘ ဘောင်းဘီ မပါ ရင် ဘာဖြစ်မှာလဲ ” 

“ လမ်း တစ်လျှောက်လုံး ဟောလီးဒေး ဖြစ် သွား မှာပေါ့ကွ ၊ ဆိုင် တွေ တံခါး ပိတ် ပစ်ရမှာ ”

ဆိုက္ကားဆရာ တို့ က ပြုံးကြ ပြန်သည် ။ ဘ သည် ပြုံးစိစိ နှင့် အိတ်မည်းကြီး ကို ဘေးမှာ ချကာ လုံချည် ပြန် ဝတ် လိုက်ပြီး

“ ကဲ ဘယ့်သူ့ အလှည့်တုန်း ဟေ့ ”

“ ကျွန်တော့် အလှည့် ”

“ ကဲ ပြောစမ်း ။ ဇ ရပ်ကွက် ။ ဒီ တည့်တည့်ပဲ ။ ဘယ်လောက် ပေးရမလဲ ”

ဆိုက္ကားဆရာ တစ်ယောက် က သူ ၏ ဆိုက္ကား ကို ဘ အနီး သို့ တွန်းထုတ် လာရင်း ..

“ တစ်ရာ တော့ ပေးပါ ဘ ”

“ များတယ်ကွ ။ အဲဒီ တစ်ရာ ပေးပြီး လိုင်းကား စီးရင် မိုင် တစ်ရာ လောက် ရောက် နိုင်တယ် ။ ခုဟာ က သုံးမိုင် လောက် ပဲ ဝေးတာကွ ”

“ ခုနစ်ဆယ့်ငါးကျပ် တော့ ပေးပါ ”

“ ငါးဆယ် ပဲ မင်း မနင်းရပါဘူး ”

“ ဆိုက္ကား က မနင်းဘဲ အလကား ပြေးပါ့မလား ဘ ရာ ” 

“ လုပ် မနေနဲ့ ငါးဆယ် ပဲ ”

ဘ , က ဆိုက္ကား ပေါ် တက် ထိုင်လိုက်သည် ။

“ ဈေးဦးပေါက် ဆိုတော့ လိုက်ရတော့မှာပေါ့ ” 

ဆိုက္ကားဆရာ က တွန်းလှိမ့် ပြီး ဆိုက္ကား ပေါ် တက် လိုက်သည် ။

ဘ သည် ဆိုက္ကားဘေးတွဲ နှင့် စက်ဘီး ကြား မှ ထီး ကို ယူကာ ဖွင့် လိုက်ရာ ဆိုက္ကား မှာ ထီး ကို လေ တိုးသော အား ကြောင့် ပြိုင်ရွက်လှေ ရေ ပေါ် မှာ ပြေးသည့် နှယ် ကတ္တရာလမ်း ပေါ် ဝယ် တစ်ရှိန်ထိုး ပြေး လေ တော့သည် ။

အရှိန် ရ လေ ...
ပြေးလေ ...
လေ တိုက် လေ ...
အရှိန် ရ လေ ...

ဘ , က တဟားဟား ရယ်သည် ။ ဆိုက္ကားဆရာ လည်း ပြုံးပြုံးကြီး ။ ၆၂ လမ်း အတိုင်း ဆိုက္ကား မှာ တဝှီးဝှီး ပြေး နေသည် ။

“ ဟေး .. ဟေး ရွက်ဆိုက္ကား ကွ ၊ ဟိုက်ရော ... ရဟူး ဝူး ... ဝူး ... ငါ ဟာ ရွက်လွင့် ... ငါ ဟာ ထီးပွင့် လမ်းတွေ ဖြတ် လို့ မြေး နဲ့ နီးဖို့ မြို့သစ် သွားစို့ .... ဟား .. ဟား ... ဟား ”

လမ်းဘေး ဝဲယာ မှ လူများ က လည်း သူ တို့ ဆိုက္ကား ကို ကြည့် ကာ ပြုံးသူ က ပြုံး ရယ်သူ က ရယ် ။ လေ က ပြင်း သ ထက် ပြင်း လာသည် ။ ဝေါကနဲ လေပြင်း တစ်ချက်ဆင့် အတိုက်တွင် မူ

“ ဖွတ် ” 

“ ဟင် ” 

“ ဟာ ”

ဘ လက် ထဲ မှ ထီး လက်ကိုင် လောက် သာ ကျန်ရစ်ပြီး ထီးရိုး နှင့် ထီးရွက် သည် လက်ကိုင်ကောက် မှ ပြုတ်ထွက် ကာ လေ နှင့် အတူ ပါသွား လေတော့သည် ။ ဆိုက္ကားဆရာ သည် ဆိုက္ကား ကို ဘရိတ်အုပ် ရပ် လိုက်ပြီး ဆိုက္ကား ပေါ်  ခုန်ဆင်းကာ ထီး လွင့် ပါ သွားရာ လမ်းဘေး သို့ ပြေးလိုက်သွားလေ တော့သည် ။ ထိုစဉ် နောက်ထပ် ဆောင့် တိုးလိုက်သော လေတိုး အား နှင့် လမ်း အနိမ့် အမြင့် မညီမှု ကြောင့် ဆိုက္ကား မှာ ယိမ်းထိုး ကာ လမ်းဘေး မြေနိမ့်ဘက် သို့ လက်ကိုင် လည် သွားကာ လှိမ့်ဆင်း ပြေးတော့သည် ။

“ ဟ ... ဟ ... ဟ ... ”

ဘ မှာ ရုတ်တရက် မို့ ဘာ လုပ်ရမှန်း မသိဘဲ တဟဟ နှင့် အော် ရင်း ပါသွားရာ မှ ဆိုက္ကား မှာ လမ်းဘေး ခြံတံခါးဝ သို့ ဝင် တိုက်မိပြီး ဘ မှာ မြှောက်တက် သွားသည် ။

ထိုစဉ် ဆိုက္ကား က ခြံတံခါးဝ သို့ ဝင် တိုက်လိုက်စဉ် ဝုန်းကနဲ မြည် သွားသည့် အသံကြောင့် အိမ် ထဲ မှ ထွက်လာ သော ဖွားစွာ မှာ -

“ ဟင် ... လူပျံ ”

“ ဟာ ...”

ဖွားစွာ သည် သူ့ မျက်နှာ တည့်တည့် ဆီ သို့ ပျံဝင် လာသော ဘ အား အံ့အားသင့် ၍ ကြည့်နေစဉ် မှာ ပင် ...

“ ဒုတ် ” 

“ အီး ” 

“ အား ”

ဘ နှင့် ဖွားစွာ မှာ နဖူးချင်း ဆောင့် မိကာ ဖွားစွာ လည်း နောက်ပြန် လှန် ဖင်ထိုင်ကျ သွားပြီး ဘ မှာ လဲ ဖွားစွာ ရှေ့ မှာ လေးဘက် ထောက် ကျ သွား လေတော့သတည်း ။ ဘ ၏ လက် ထဲ မှ အိတ်မည်းကြီး မှာ မူ ဖွားစွာ ၏ အိမ်တွင်း သို့ လွင့်စဉ် ဝင် ရောက် သွားသည် ကို သူတို့ သတိ မထားမိ ကြပါလေ ။ ဖွားစွာ က သူ့ နဖူး ကို ဖိ ကြည့်လိုက်ပြီး -

“ အား .... ”

“ အူး .... ဖုသွားပြီ ”

ဘ နှင့် ဖွားစွာ တို့ ၏ နဖူးများ တွင် အဖုကြီးများ က ချက်ချင်း ထွက် လာ၏ ။ ဖွားစွာ တို့ ထ ရပ်လိုက်သည် ။

“ ရှင် ဘယ်လို လုပ်တာလဲ ”

“ ငါ ဘယ်လိုမှ မလုပ်ဘူး ။ သူ့ ဟာ သူ ဖြစ်ချင် သလို ဖြစ်သွားတာ ”

“ ဘာ ဖြစ်ချင်သလို ဖြစ်ရမှာလဲ ”

“ မင်း မနေ့ က တီဗွီ မကြည့်ဘူးလား ။ အေးစန္ဒာကြည် က တိတိကျကျ ပြော သွားတာပဲကွ ။ ဘင်္ဂလားပင်လယ်အော် မှာ မုတ်သုံလေ အားကောင်း နေတယ်တဲ့ ။ မြေပြင် ရေပြင် လေ ဟာ တစ်နာရီ မှာ မိုင် သုံးဆယ်နှုန်း ထိ ”

“ တော်ပါ ဒီမှာ ကျုပ် နဖူး ဖု သွားပြီ ” 

“ ငါ့ နဖူး လည်း ဖုတာပဲ ”

“ တော့် နဖူး ဖုတာ က ကျုပ် နဲ့ မဆိုင်ဘူး ။ ကျုပ် နဖူး ဖု တာ က တော် နဲ့ ဆိုင်တယ် ။ တော် က ကျုပ် ဝင် တိုက်တာ ” 

ဘ , က စဉ်းစား လိုက်ပြီး -

“ ကိစ္စ မရှိဘူး ။ ငါ သတိရပြီ ။ အဖု အတွက်တော့ မပူနဲ့ တော့ ။ ငါ့ သူငယ်ချင်း အဖု အထူးကု ဆရာဝန် ရှိတယ် ။ ဆရာဝန် မဖြစ်ခင် ကတည်း က ဒီကောင် နဲ့ တွေ့ ရင် ဖု တာ မှန်သမျှ ပိန်ကုန်တာ ။ ငါ ဝက်ခြံ ထွက်တိုင်း သူ့ ကို အညှစ် ခိုင်း နေကျ ။ သာဝ ။ ဒေါက်တာသာဝ တဲ့ ”

“ ဘယ်မှာလဲ ”

“ ဒီ မြို့သစ် မှာ လို့ ပြောတာပဲ ။ ရှာရမှာ ပေါ့ ”

ထိုစဉ် ဆိုက္ကားဆရာ က ဆိုက္ကား ကို ကျောက်လမ်း ပေါ် သို့ တွန်း တင် လိုက်သည် ။ ဖွားစွာ သည် အိမ်တံခါး ကို သော့ ခတ်ကာ လိုက် လာ၏ ။ ဆိုက္ကား ပေါ် မှာ ထိုင်မိကြသော အခါ ဘ က

“ ထီး ပေးလေကွာ ရွက် ဖွင့်ကြဦးစို့ ” 

“ တော်ပါတော့ ဘ ရယ် ”

ဆိုက္ကားဆရာ က အားစိုက် ၍ နင်း လိုက်သည် ။ ဆိုက္ကား သည် စံပြလမ်းဆုံ ဆီ သို့ ဦးတည်၍ ပြေး ပါလေပြီ ။

ဒေါက်တာ သာဝ
ဆေးခန်း ဖွင့်ချိန်
နံနက် ၆ နာရီ မှ ညနေ ၆ နာရီ
ညနေ ၆ နာရီ မှ နံနတ် ၆ နာရီ

ဘ သည် ဆိုင်းဘုတ် ကို ဖတ် ကြည့်ပြီး -

“ သေချာတယ် ။ ဆိုင်းဘုတ် ဖတ် ကြည့်တာနဲ့ ငါ့ သူငယ်ချင်း ပဲ ဖြစ်ရမယ်လို့ သိနေပြီ ။ ကဲ .. လာ ” 

ဆေးခန်းတွင်း သို့ ဝင် သွား သောအခါ သူတို့ အရင် ရောက် နှင့် ၍ စောင့်နေသော လူနာ နှစ်ယောက် ကို တွေ့ ရသည် ။ ထိုစဉ် စမ်းသပ်ခန်း တွင်း မှ အော်သံ က ထွက်လာ သည် ။

“  အား ... လား ... လား ... လား ... ဆရာ ... ဆရာ ... အား ... ”

“ မအော်နဲ့ ”

“ နာတယ် ဆရာ တအား နာတယ် ။ ရောဂါ က ဆရာ ဆေး ထိုးတာ လောက် မနာဘူး ။ အား ... ကျွတ် .... ကျွတ် ” 

စောင့် နေသော လူနာ နှစ်ယောက် သည် တစ်ယောက် မျက်နှာ တစ်ယောက် ကြည့် ကာ အသာ ထ ထွက် သွား တော့ သည် ။ ဖွားစွာ က ဘ ကို ကြည့် လိုက်ပြီး -

“ တော် သူငယ်ချင်း က ဆရာဝန် တော့ ဟုတ်ပါတယ်နော် ”

“ ဟုတ်ပါတယ်ကွ ၊ သူ က အကိုင်အတွယ်လေး တော့ နည်းနည်း ကြမ်းတယ် ။ ဆေးကျောင်း မတက်ခင် က ကရာတေး ကစားခဲ့သေးတယ် ”

ဖွားစွာ က မျက်စောင်း ထိုး လိုက်သည် ။

“ ဘယ် သူ့ အလှည့်လဲ ”

ဦးသာဝ က စမ်းသပ်ခန်း ထဲ မှ ထွက် လာရင်းမေး လိုက်ပြီး မှ-

“ ဟ - အစောက စောင့် နေတဲ့ လူနာ နှစ်ယောက် ကော ”

“ စမ်းသပ်ခန်း ထဲ က အော်သံ ကြောင့် လန့် ထွက်ပြေးကြပြီ ”

ဦးသာဝ သည် သူ့ ဘေး မှ လူနာ ဘက် လှည့်ကာ

“ ကဲ ဆေးဖိုး ခြောက်ရာပေး ”

“ ဗျာ - အခါတိုင်း နှစ်ရာ ပဲ ပေးရတာပါ ”

“ မင်း အာပြဲ အော် လို့ လန့် ပြေးတဲ့ နှစ်ယောက် အတွက် နစ်နာကြေး လေးရာ လေ ”

“ မလုပ်ပါနဲ့ ဆရာရယ် ၊ နှစ်ရာ ပဲ ပါတယ် ”

“ ကောင်းပြီ ။ဖောက်သည် မို့ သီးခံ လိုက်မယ် ။ နက်ဖြန် လာ ရင် ပါးစပ် ကို ပလပ်စတာ ကပ် ပြီးမှ လာပါ ။ မင်း ရောဂါ အကြောင်း ပြောပြဖို့ မလိုဘူး ။ ငါ သိပြီးသား နော် ”

“ ဟုတ်ကဲ့ ” 

“ ပေး နှစ်ရာ ”

ဦးသာဝ က ငွေ ယူပြီး အိပ် ထဲ ထည့် လိုက်သည် ။ ပြီးမှ ဘ ဘက် လှည့် တာ-

“ ခင်ဗျား က အဲ - အဲ ... မင်း .... ဘ မဟုတ်လား ”

“ ဟုတ်ပါ့ သာဝ ”

“ ဟာ - ဝမ်းသာလိုက်တာကွာ ။ ဒါနဲ့ ရွာ က ခင်ဆုံကြီး  နေကောင်းလား ”

“ ကောင်းပါ့ဗျာ ၊ ဒေါ်စာဥ တူမ မိဂျမ်း က တောင် မင်း မေး နေသေးတာ ။ မင်းတော်တော် စွမ်းတယ် ။ လွမ်း အောင် လည်း လုပ် တတ်တယ် ။ မိဗျိုင်း လည်း လင် မရသေးဘူး ။ ဟီး ဟီး သူ က လည်း ပြောတာပဲ ။ ငယ်ငယ်တုန်း က တူတူပုန်းတမ်း ကစားရတာ ပျော်စရာကြီး နော် တဲ့ ”

“ အေးကွာ - ငါ လည်း သတိရပါတယ် ။ ဦးလေး ဆန်စေ့ တို့ ဆိတ်ခြံ ထဲ ဝင်ပုန်းကြတာလေ မှောင် က မှောင် ”

“ ဒီမယ် ”

ဖွားစွာ က စိတ် မရှည်စွာဖြင့် အော် လိုက်သည် ။ ဘ နှင့် ဦးသာဝ က လှည့် ကြည့်၏ ။

“ တော်တို့ ရပ်ရေးရွာရေး တူတူပုန်းရေး ပြောချင် ရင် နောက် မှ ပြောကြပါ ။ ဆေး အရင် ကုပေးပါ ”

ဦးသာဝ က ဖွားစွာ ကို ကြည့်သည် ။

“ ဟာ နဖူးကြီး ဖုလို့ပါ့လား ။ ဟ - ဟ ဘ နဖူး လည်း ဖုနေ ပါလား မင်း အိမ်ထောင်ကျ တာ တောင် ငါ့ မပြော .. ” 

“ တော် ပေါက်တက်ကရ တွေ ပြောမနေနဲ့ ”

ဖွားစွာ က ကုန်း အော် လိုက်သည် ။

“ ဟား ... မင်း မိန်းမ တော်တော် စွာတာပဲ ” 

“ ဟင် - ရှင် - ရှင် ”

ဘ သည် ကဗျာ ကယာ ကြားဝင် တား လိုက်ပြီး ဖြစ်ပျက် ပုံ ကို အမြန် ရှင်းပြ လိုက်ရလေသည် ။ ဦးသာဝ က

“ ဆောရီး ဗျာ ကျုပ် တောင်းပန်ပါတယ် ။ ကဲ - လာကြ ” 

ဘ နှင့် ဖွားစွာ ကို ဆေးလိမ်း ပေးသည် ။ ပြီးတော့ သောက်ဆေး တွေ ပေးသည် ။

“ နောက် နှစ်နာရီ လောက် ဆို နာတာ ရော အဖု ရော ပျောက် သွားလိမ့်မယ် ။ ဆေးဖိုး သုံးရာ ပဲ ပေးခဲ့ကွာ ” 

“ ဟာ ပိုက်ဆံအိတ် က ဟို အိတ်မည်းကြီး ထဲ ကျန်နေခဲ့ပြီ ”

“ ဟုတ်ရဲ့လား ဘ ရာ ။ မင်း ငယ်ကျင့်တွေ ဖျောက်ဦး ။ ဒါ ကျောင်းမုန့်ဆိုင် မဟုတ်ဘူး ”

“ တကယ်ပါ သာ ဝရာ ။ ငါ့ မြေး ပေးမလို့ ယူ လာတဲ့ သိန်းနှစ်ဆယ် နဲ့ အတူ အိတ်အမည်းကြီး ထဲ မှာ ကျန်နေခဲ့တာ ဟုတ်တယ် ။ ငါ သုံးမယ့် ပိုက်ဆံ ”

ဦးသာဝ က ဘ ၏ လက် ကို ဆွဲ ထားပြီး

“ ရှင်းအောင် ပြော - ယုတ္တိ ရှိအောင် ပြော ။ မင်း မြေးတွေ က မိတ္ထီလာ မှာ ”

“ အငယ်ကောင် ညီညီ က ဒီ မြို့သစ်မှာ အိမ်ထောင်ကျ နေတာကွ ”

ဖွားစွာ ၏ မျက်လုံး က ပြူး သွားသည် ။

“ မိတ္ထီလာ က ညီညီ လား ”

“ ဟုတ်တယ် သူ့ မိန်းမ နာမည် က ရူပ ” 

“ အို ရူပ က ကျွန်မ မြေး ပဲ ”

ဦးသာဝ သည် လက် ကို ရေ ဆေး၍ အဝတ် နှင့် သုတ် ရင်း -

“ မင်း မှာ လည်း ဒီ ငွေ သိန်းနှစ်ဆယ် နဲ့ ဒုက္ခပဲ ။ မင်း ငွေ လည်း ဘယ် မြေး က မှ မယူချင်ဘူး ။ ဒါနဲ့ အဲဒီ ငွေအိတ် က ခု ဘယ်မှာ ကျန်နေခဲ့တာလဲ ”

“ အင်း .. ဟုတ်ပြီ ဆိုက္ကား ပေါ် က လွင့်ကျ တဲ့ နေရာ မှာ ဖြစ်မယ် ”

“ အို ဒါဆို အမြန် ပြန် ကြည့်မှ ဖြစ်မှာပေါ့ ။ ကျန် နေ ခဲ့တာ က အိမ် ထဲ လား အိမ်ပြင်လား မသိ ”

ဘ နှင့် ဖွားစွာ မှာ ဦးသာဝ ကို ပင် နှုတ် မဆက်အား တော့ ပဲ သုတ်ခြေတင် ပြေးထွက် သွားကြပါလေပြီ ။ ဦးသာဝ သည် သက်ပြင်း ချ လိုက်ပြီး လူနာစောင့် အခန်းတွင်း မှာ ငုတ်တုတ် ငိုက် နေသော ဆိုက္ကားဆရာ အား လူနာ ထင် ၍ ဦးသာဝ က ပခုံး သွား ပုတ်ပြီး -

“ ဘာဖြစ်သလဲ ”

“ ခင်ဗျာ - ဘာမှ မဖြစ်ပါဘူး ”

“ ဪ - ဒါဖြင့် အလည် လာတာလား ” 

“ ဟုတ်ဘူးဗျ ဟို အဘိုးကြီး နဲ့ အဖွားကြီး ကို လိုက် ပို့တာ ကျွန်တော် က ဆိုက္ကားအငှား လိုက်လာတာပါ ” 

“ သူတို့ ပြန် သွားပြီလေ ။ မင်း ကို ခေါ်လာတာ မေ့ သွား ပုံရတယ် ။ ဒီကောင် က ငယ်ငယ် ကတည်း က အဲဒီ အကျင့် ရှိတာ ။ အထူးသဖြင့် ပေးရမှာ ဆို မေ့ပြီ ။ မယုံရင် မင်း လိုက် သွားကြည့် ။ မင်း ခိုင်ခံ့ရုံး ထဲ ဝင်ပြီး ပေါင်ချိန် တွေ့ရတာ က မှ သက်သာ ဦးမယ် ။ မင်း ဆိုက္ကား ဘယ်တုံးက စီးလို့လဲ ၊ ပစ္စည်း သက်သေ လူသက်သေ ရှိ လို့ လား ။ မြို့သစ် မှာ ဒါမျိုးတွေ ရှိသလား နဲ့ စုံနေအောင် မေးတော့ မှာ ။ အတင်း ဆက် တောင်း နေရင် သုခမိန်ကြီး ခင်ဗျား ကျွန်တော့် ကို မတရား လုပ်နေ ပါတယ် ဆိုပြီး အော် ဦးမယ် ။ အဲဒီတော့ မှ မင်း ငိုရ မလိုလို နဲ့ ရူးချင်စိတ် ပေါက်သွားမယ် ”

“ ဟာ - ဒုက္ခပဲ ။ ဆိုက္ကားခ က တော့ မရလို့ မဖြစ်ဘူး ။ ဈေးဦးပေါက်ကြီး ။ ဒီတော့ ဆရာ့ သူငယ်ချင်း စီးတဲ့ ဆိုက္ကားခ ဆရာ က ပဲ ပေးလိုက်ပါလား ”

“ ဘာလို့ ပေးရမှာလဲ ၊ ငါ့ ဆေးဖိုး တောင် မရလိုက်ဘူး ”

“ ကျွန်တော် ဆိုက္ကားခ က အရေးကြီးတယ် ။ ဆရာ က စိုက် မပေးရင် ဒီနား မှာ တင် ခေါင်းရိုက်ခွဲ လိုက်မှာ ” 

“ ငါ့ ရိုက်ရင် စခန်းမှူး ဝတုတ် က မင်း ဖမ်းမှာပေါ့ ” 

“ ဆရာ့ ရိုက်မှာ မဟုတ်ဘူး ။ ကျွန်တော့ ခေါင်း ကျွန်တော် ရိုက်မှာ ။ စိတ်ညစ်လို့ ”

“ ဟ - ဟ - အဲလိုတော့ မလုပ်နဲ့ ”

ဦးသာဝ က သံချောင်း ကို ဆိုက္ကားခ ထုတ်ပေး လိုက်ရလေ သတည်း ။

  •••••   •••••   •••••

ဖွားစွာ ၏ ဧည့်ခန်း ဝယ် ...

“ အင်း ... ခင်ဗျား မြေး နဲ့ ရ နေတဲ့ ညီညီ ဟာ ကျုပ် မြေး ဆိုတာ တော့ သေချာသွားပါပြီ ။ ဟုတ်ပါတယ် ။ ဒီ ဓါတ်ပုံ ထဲ က ကလေး ပါ ပဲ ။ ဒါပေမယ့် သူတို့ က မရှိတော့ ကျုပ် လည်း ပြန်ရတော့ မှာပေါ့ ။ နောက် အား မှပဲ လာခဲ့တော့ မယ် ”

“ ရောက်ပြီးမှ တော့ ရှင် အေးအေးဆေးဆေး ဒီ မှာ နေပြီး စောင့်လိုက်ပါလား ၊ သူတို့ လည်း သိပ်တော့ မကြာပါဘူး ။ နောက် ရက် တစ်ပတ် လောက် ဆို ပြန်လာမှာပါ ” 

“ မလွယ်ဘူး ထင်တယ်နော် ”

“ ဘာလို့လဲ ”

“ ကျုပ် က အစား ကြီးတယ် ။ အားနာတယ် ဗျာ ပြန်ပါ့ မယ် ။ သူ့ ပေးမယ့် ငွေ ထဲ က လည်း ထုတ် မသုံးချင်ဘူး ။ ကျုပ် မှာ ပါ လာတဲ့ ငွေ ပို က နည်း နေတော့ ... ”

“ မဟုတ်တာရှင် ဒါနဲ့ ရှင့် မြေးကြီး ဆိုတာက ” 

“ မိတ္ထီလာ မှာပါပဲ ။ ကျုပ် နဲ့ အတူ နေတယ် ”

“ ဒီ ပိုက်ဆံတွေ ညီ ဖြစ်သူ ပေးဖို့ ယူ လာတာ သူ က ကျေနပ်ရဲ့လား ”

“ အဲဒီ ကောင်ကြီး က ဘာမှ မက်တာ မဟုတ်ဘူး ။ ကျုပ် လိုပဲ ။ ဒီ ငွေသေတ္တာ ကို ကား ပေါ် အရောက် သူ လိုက် တင် ပေးလိုက်တာ ”

“ ဪ - ချစ်ရှာသားပဲ ”

“ ကဲ - ကဲ အချိန် ရှိတုန်း ပြန် မယ်ဗျာ ။ ညီညီ လာ ရင် သာ ကျုပ် ဆီ လွှတ် လိုက်ပါ ”

“ အို ဒီမှာ တည်း လို့ ရနေတာ ကို ဟို အခန်း အား နေတာပဲ ”

“ ဖြစ်ပါ့မလား ဗျာ ”

“ ရှင့် ပြန် လွှတ်လိုက်ရင် ကျွန်မ က မသိတတ်ရာ ကျမှာ ပေါ့ ရှင် ”

“ အေးလေ ဒါဆိုလည်း ဒီမှာပဲ တည်း ပြီး ညီညီ ပြန်လာထိ စောင့်ရုံပေါ့ ”

ဘ က သူ့ ငွေသေတ္တာကြီး ကို ယူ၍ နေရမည့် အခန်း ထဲ သို့ ဝင်သွား လေသည် ။ သို့ဖြင့် ဘ မှာ ဖွားစွာ ၏ အိမ် တွင် ဧည့်သည် ဖြစ်သွားပါလေပြီ ။ ဇိမ် နှင့် အိပ်လိုက် စားလိုက် လျှောက်လည်လိုက် နှင့် ။

တစ်ရက် ...
နှစ်ရက် ...
သုံးရက် ...

ရက် ကြာလာတော့ ဘ မှာ မြို့သစ် တွင် မိတ်ဆွေများ ပင် ရနေပါပြီ ။ ဘ က နှုတ်သွက် သူ ကိုး ။ ဘ နှင့် စတင် ရင်းနှီး သွားကြ သူများ မှာ ဦးပေတလူ နှင့် ဦးစံဗျော ။ သူတို့ မှာ လမ်းလျှောက်ရင်း ဆုံမိကြခြင်း ဖြစ်ပါသည် ။ စတင် ဆုံသည့် နေ့ က စတင်နှုတ်ဆက် သူ မှာ ဘ ဖြစ်သည် ။

“ ဟဲလို ”

“ ခင်ဗျား က ကျုပ် သိလို့လား ”

“ ဟင့်အင်း - ခုမှ မြင်ဖူးတာ ”

“ အို - ဟုတ်လား ဆောရီးဗျာ မြင်မြင်ချင်း မမှတ်မိ တော့ တောင်းပန်ပါတယ် ။ လက်စသတ်တော့ ခုမှ တွေ့ကြတာကိုး ”

“ ရပါတယ်ဗျာ ကျုပ် က ဧည့်သည် ပဲ ။ မိတ္ထီလာ က လာတာ ”

“ ဟုတ်လား ။ ခု ဘယ်မှာ တည်း နေတာလဲ ” 

“ ဖွားစွာ ”

“ ဟီး ဟီး အားကျလိုက်တာဗျာ ၊ မျက်နှာသိ တွေ ဖြစ်နေလို့ လိုက် တောင် တည်းလိုက်ချင် သေးတယ် ” 

“ ဘယ်မှာ တည်းချင်တာလဲ ”

သူတို့ စကား ပြောရာ အနီးသို့ ဦးစံဗျော ရောက်လာ ကာ မေးလိုက်ခြင်း ဖြစ်ပါသည် ။ ဦးပေတလူ က -

“ စံဗျော မှတ်ထား သူ က ... ”

စကား က တစ်ဝက် မှာ ရပ် သွားသည် ။ ဘ နာမည် ကို မသိ သေးတာကြောင့် ။

“ ဘ ပါ ”

“  အဲ - အဲ - ဘ တဲ့ ဘ ငါ က စံဗျော ” 

“ ဟုတ်လား သိရတာ ဝမ်းသာပါတယ် ။ ဒါနဲ့ ခင်ဗျား နာမည် လည်း ပြောပါဦး ” 

“ ပေတလူ ”

ဦးစံဗျော က ဘ နှင့် ဦးပေတလူ ကို ကြည့်လိုက်ပြီး

“ တော်တော့် ကို ရင်းနှီးကြတာကိုး ။ ငယ်ပေါင်းတွေ နဲ့ တူတယ် ခုမှ တစ်ယောက် နာမည် တစ်ယောက် မေး နေရတာ ” 

ဘ က ဦးစံဗျော နှင့် ဦးပေတလူ ကို ပြုံးပြီး ကြည့်ရင်း -

“ ကျုပ် က ငယ်ငယ် က ပေါင်းသင့် သူ ကို ငယ်ငယ် ကတည်း က ပေါင်းတယ် ။ ကြီး မှ ပေါင်းသင့်သူ ကို တော့ ကြီး မှ ပေါင်းတယ် ”

“ ဘယ်လိုများ ခွဲခြားပါလိမ့် ”

“ ခင်ဗျား တို့ ဆိုရင် ကြီး မှ ပေါင်းသင့်တာ ။ ရုပ် ကြည့် ရင် သိတာပေါ့ ။ ကျုပ် နှမ ဆုံးတာ ငါးနှစ် ရှိပြီ ။ ဒါကြောင့် ခင်ဗျား တို့ ကို ရဲရဲတင်းတင်း မိတ်ဆွေ ဖွဲ့ ရဲတာ ”

“ အင် ”

“ အိုင် ”

သို့နှယ် ပြောဆို ဆက်ဆံခြင်း ကြောင့် ပင် မိတ်ဆွေများ တိုး သွားရခြင်း ဖြစ်ပါသည် ။ ပျော်တတ်သော အဘိုးကြီး အဖြစ် လူတိုင်း က ခင် သွားသည် ။ ရက် ကြာလေ ချစ်ခင်သူ များလေ ဖြစ် နေသော ဘ ကို ရက် ကြာလေ စိတ်ပျက်လေ ဖြစ်နေသူ လည်း ရှိပါသည် ။ ထိုသူ မှာ ဖွားစွာ ပင် ။

“ ဟင်း - သိန်းနှစ်ဆယ် မျက်နှာ ကြောင့် ချက် ကျွေး နေရ တာ ။ ဘယ့်နှယ်တော် ငါးရက် ထဲ စားတာ သုံးထောင် ကျော် ဖိုး ကြက် တစ်ကောင် ကြော် မိပါတယ် ။ ကောင်းလိုက်တာ ဆိုပြီး တစ်နပ် တည်း နဲ့ ကုန်အောင် စားပစ်တယ် ။ တစ်ရပ်လုံး လည်း သိ နေပြီ ။ ဆိတ် ၊ ငါး ကြက် စားချင်တာ ဈေးသည် ဆီ သွား မှာ ထားသေးတယ် ။ ဆန် က လည်း ပေါ်ဆန်းမွှေး မှ ” 

ဖွားစွာ မှာ ထမင်းအိုး တည်ရင်း တစ်ယောက် တည်း တတွတ်တွတ် နှင့် ပြော နေသည် ။ ခြောက်ရက်မြောက် နေ့ မနက်စာ စားပြီး ချိန် မှာ တော့ ...

“ ဟော .... ညီညီ ”

“ ဟဲ့ ရူပ ”

“ ဘ ဘယ်တုန်းက ရောက်တာလဲ ” 

“ ရက်တစ်ပတ် လောက် ရှိပြီ ” 

“ ရူပ ဒါ တို့ အဘိုး လေ ” 

“ ဟုတ်လား ”

“ ကဲ - မင်း ရောက်လာပြီ ဆိုရင်တော့ ငါ ပြန်မှ ဖြစ်မယ် ။ မင်း အစ်ကို တစ်ယောက် တည်း ထားခဲ့ရတာ ငါ စိတ် မချဘူး ” 

“ ဟာ - ဘ က လည်း နေပါဦး"

“ ကြာပြီကွ ။ နေရတာ ပျင်း လာပြီ ။ မင်း မလာသေးလို့ စောင့်နေတာ ငါ လွတ်လွတ်လပ်လပ် နေချင်တယ် ကွာ ။ ပိုက်ဆံတွေ သိမ်း မထားချင်တော့ဘူး ။ အဲ ဒါကြောင့် မင်းဆီ လာပို့တာ ”

“ ဘ ရာ ကိုကို့ ပေး လိုက်ရင် ပြီးရော ”

“ ဒီကောင် မထိန်းသိမ်း တတ်ဖူးကွ ။ စမ်း ခိုင်းပြီးပြီ ။ ဆယ်ရက် မပြည့် သေးဘူး ။ ပြန် စစ်ကြည့် တော့ တစ်သောင်း လောက် ပျောက် နေတယ် ။ ဟို ကလေး ပေး သလို ဒီ ကလေး ပေး သလိုလို ”

ဖွားစွာ မှာ ဘေးမှ နားထောင် ရင်း နေမထိ ထိုင်မသာ ဖြစ် လာသည် ။ ဘ ငွေသေတ္တာကြီး ကို ပြန် ယူသွား မှာ စိုးရိမ် နေသည် ။ ထို့ကြောင့် -

“ ငါ့ မြေးရယ် ကိုယ့် အဘိုး စိတ်ချမ်းသာ အောင် ယူထား လိုက်ပါလား ”

ညီညီ က သာမျှ မပြောတော့ ။ ဘ က သူ့ လွယ်အိတ်ကလေး ကို ယူ ကာ -

“ ကား အချိန်မီ ပြန်မယ်ကွာ ဟိုကောင်ကြီး လည်း နောက်ဆံ တင်း နေလို့ နောက်မှ ငါ လာခဲ့ဦးမယ် ” 

“  ဟုတ်ကဲ့ ဘ ” 

“ မင်းတို့ လည်း လာလည်ဦး ” 

“ ဟုတ်ကဲ့ ”

“ ငါ သွားမယ်ဟေ့ - အော် ရော့ သော့ ယူထားလိုက်ဦး ” 

ဘ က သော့ ကို ပေးကာ ထွက် သွားသည် ။ ညီညီ က သော့ ကို စားပွဲပေါ် တင်လိုက်ပြီး သူ့ ဇနီး ဘက် လှည့် ကာ -

“ ဘ နဲ့ တော့ ခက်ပါတယ် ။ ခေါ်ထားလို့ လည်း နေ မှာ မဟုတ်ဘူး ။ အစ်ကို က လည်း ဘ သာသာ ပဲ ။ ထင်ရာ လုပ် နေတာ ။ ဘ က လည်း ကိုကို နဲ့ မှ နေရတာ ပျော်တယ် ။ မလွယ်ဘူး ။ ကဲ - ရေ သွား ချိုး လိုက်ဦးမယ် ”

ညီညီ က ထိုင်ရာ မှ ထ ထွက်သည် ။ ရူပ က လည်း တန်းပေါ် မှ မျက်နှာသုတ်ပုဝါ ကို ယူ၍ ညီညီ နောက် မှ လိုက် သွားသည် ။ ဖွားစွာ သည် သူ တစ်ယောက် တည်း ကျန်ရစ်တော့ မှ စားပွဲ ပေါ် မှ သော့ ကို ယူ ကာ သေတ္တာ အား ဖွင့်ရ ကောင်းနိုးနိုး စဉ်းစား နေစဉ် ညီညီ ပြန် လှည့် ဝင်လာ ၍ -

“ လာပါဦး ”

“ ဘာလဲ ဖွား ”

“ ဒီ သော့ကြီး က ဒီ အတိုင်း မထားနဲ့ လေ ။ သိမ်းဦးမှ ပေါ့ ငွေသေတ္ထာ သော့ ဆို ”

ညီညီ က ဘ ထားခဲ့သော သေတ္တာ ကို သွားယူကာ ဖွင့် လိုက်ပြီး

“ ဘ က ရှေးဟောင်းပစ္စည်း စု တာ ဝါသနာ ပါတယ် ဖွား ရဲ့ ။ ဒါတွေက ဂျပန်ခေတ် က ဘ စု ထားတဲ့ ငွေတွေ ပါ ” 

ဖွားစွာ မှာ ဂျပန်ငွေစက္ကူများ ကို ကြည့် ရင်း ပါးစပ် ဟောင်းလောင်း ပွင့် သွားလေတော့ သတည်း ။

ငွေ ... ငွေ ... ငွေ

◾ကံချွန်

📖 ကလျာ မဂ္ဂဇင်း
      စက်တင်ဘာလ ၊ ၁၉၉၉ ခုနှစ်

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment