Thursday, May 23, 2024

တရား


 ❝ တရား ❞


ထို ည က မီး မလာပါ ။


သစ်ခက် သစ်လက် များ အကြား ၌ လေ က တရွှီးရွှီး နှင့် မြွေတွန်သံ ပြု နေစဉ် အပေါ် တွင် မိုး သည် ရွာ ချရန် ကြိုးစား လျက် ရှိ၏ ။


အိမ် တံခါး ကို တတိယ အကြိမ်မြောက် ခေါက် လိုက် သည့် အချိန် ၌ လျှပ်စီး တစ်ချက် ဝင်းခနဲ လက် ခဲ့သည် မရှေးမနှောင်း ပင် ဂျိုးဂျိုးဂျိမ်းဂျိမ်း အသံကြီး က တောင် မှ မြောက် သို့ လိမ့်ဆင်း သွား၏ ။


ကျွန်တော် ခဏ စောင့်သည် ။


မိနစ်ဝက် ခန့် ကြာသည် အထိ အတွင်း မှ တုံ့ပြန်သံ တစ်စုံတစ်ရာ မကြားရ ။ လက် တစ်ဖက် မှာ ဆွဲ ထားသည့် ဆေးအိတ် က လေးလံ၍ လာသည် ။ လေထု ထဲ တွင် မိုးနံ့ က စူးရှ နေ၏ ။ အပေါ် မော့ ကြည့် နေလိုက်သည့် အခါ မည်းမည်းပျစ်ပျစ် တိမ်သားထုကြီး က အောက် သို့ အိကျ နိမ့်ဆင်း လာ နေသည် ကို လျှပ်ရောင် တွင် မြင်လိုက် ရသည် ။


နောက် တစ်ကြိမ် တံခါး ခေါက်မည် အပြု အတွင်း မှ ချက် ပြုတ်သံ ကြား ရပြီး တံခါး တစ်ချပ် ဖျတ်ခနဲ ပွင့် လာ သည် ။ အခန်း တွင်း အလင်းရောင် က အပြင်ဘက် သို့ ထွက်အန် ကျ လာ၏ ။ ထို အလင်းရောင် ကို နောက်ခံ ပြု လျက် တံခါးဝ တွင် ပေါ် လာသည် မှာ ကြုံလှီပါးလှပ် လွန်းသော ခန္ဓာကိုယ် တစ်ခု ဖြစ်သည် ။ ထို ခန္ဓာကိုယ် က ဖယောင်းတိုင် တစ်တိုင် ကို ကိုင်မြှောက် လျက် ကျွန်တော့် ကို သေချာစွာ ကြည့်၏ ။


“ ဆရာ ... လား ” 


ပင်ပန်းမှု ရောစွက် နေသော အသံ ။ သို့သော် အားမာန် သြဇာ အပြည့် ပါသည့် အသံ ဖြစ်သည် ။ အလို ... ကျွန်တော့် လူနာ အဘိုးကြီး က ကိုယ်တိုင် တံခါး ထ ဖွင့် နေ ပါကလား ။


“ ဟုတ်ကဲ့ .. အဘ ”


အနည်းငယ် အံ့သြစွာ ကျွန်တော် ဖြေ လိုက်စဉ် မှာ ပင် မိုးစက် တို့ စတင် ကျဆင်း လာ၏ ။


“ အို .. မိုးတောင် ရွာညလာပြီ ၊ ဝင် .. ဝင် .. ဆရာ ၊ အထဲ ကို ကြွပါ ”


အိမ် ထဲ သို့ ဝင်လိုက်သည် နှင့် မိုးက ဝေါခနဲ ပြိုဆင်း လေသည် ။


ကျွန်တော် က အဘိုးအို ကို လက်မောင်း မှ အသာ ထိန်း ကာ ဧည့်ခန်း ဆီ တွဲခေါ် လာ ခဲ့သည် ။


“ ဘယ့်နှယ်လဲ အဘ ၊ ဒီကနေ့ နေကောင်းနေပုံ ရတယ် ”


“ အင် … နေ့လယ်ပိုင်း အထိ တော့ နေကောင်းသဗျ ၊ ဒီ ညနေ တော့ နည်းနည်း မော ချင်တယ် ။ ဥတု ကြောင့် နဲ့ တူပါရဲ့ ။ ဆရာ ရယ် မနက် မှ လာ လည်း ရသားနဲ့ ။ မီး က ပျက် မိုး က ရွာ နဲ့ အားနာစရာ ”


“ ကျွန်တော် လာမယ် ပြော ထားတာပဲ ။ လာရမှာ ပေါ့ ၊ ပြီးတော့ အဘ ကို လည်း မေးစရာလေးတွေ ရှိလို့ပါ ”


“ ဟုတ်လား .. ဘာများပါလိမ့်ဗျာ ”


ဧည့်ခန်း မှာ ထိုင်ကြပြီး နောက် ဘူးခွံ တစ်ခု ပေါ် တွင် ဖယောင်းတိုင် တွေ စိုက်ထူ နေသော သူ့ လက် အစုံ တုန်ယင် နေ သဖြင့် ကျွန်တော် က ကူညီ ထွန်းညှိ ပေး လိုက်သည် ။


“ တစ်အိမ်လုံး လည်း တိတ် လို့ပါလား ၊ ဘယ်သွားကြလဲ ”


ဖယောင်း ငါးတိုင် အလင်းအား ထဲ တွင် အဘိုးအို ၏ သီဝေ မျက်လုံးများ မသိမသာ ကျဉ်းမြောင်း သွားပြီး မျက်နှာ ပေါ် ၌ အရိပ် အချို့ ဖြတ်သန်း သွားသည် ကို တွေ့ လိုက် ရသည် ။ သက်ပြင်း တစ်ချက် ကို သူ ချလိုက်၏ ။


“ ကျုပ် မြေး အကြီးကောင် နိုင်ငံခြား သွားတယ် ၊ ဂျပန် တဲ့ ။ အဲဒါ လေဆိပ် လိုက် ပို့ကြလေရဲ့ ၊ တပျော်တပါးကြီး ပေါ့ ဗျာ ။ ဟင်း ... ဟင်း ”


“ ဪ ”


သရော်သံ စွက်သည့် သူ့ လေသံ ကို သတိပြု မိရင်း ထူးဆန်း သလို ခံစားရ၏ ။ ကျွန်တော် ဆေးအိတ် ကို ဖွင့် ပြီး လိုအပ်သည်များ ပြင်ဆင် လိုက်သည် ။


“ ကဲ ... နည်းနည်းလေး စမ်း ကြည့်ရအောင် ၊ နေ …. နေ အဲဒီမှာ ပဲ ထိုင်နေပါ ။ ပက်လက် အိပ် ရင် မောနေဦး မယ် ”


စမ်းသပ် နေစဉ် အတွင်း အဘိုးအို ထံမှ ဇရာ ၏ အနံ့ အသက် ကို ကျွန်တော် ရ နေသည် ။ သူ့ ကို ကျွန်တော် ကုသမှု ပေးရသည် မှာ တစ်လ မပြည့်တတ်သေး ။ ယခုလို ပင် မိုး သည်းသော တစ်ညနေ က လူငယ် တစ်ယောက် လာရောက် ပင့်ခေါ် သဖြင့် လိုက် သွားရသည် ။ ကျွန်တော် ဆေးခန်း ဖွင့်သည့် နေရာ နှင့် သူ့ အိမ် မှာ လွန်မင်းစွာ ဝေး ကွာလှသည် မဟုတ် သဖြင့် ထိုနေ့ မှ စ၍ လူနာရှင် တို့ ၏ ဆန္ဒ အတိုင်း လိုအပ်သလို သွားရောက် ကြည့်ရှု ပေးခဲ့ရ လေသည် ။ ယခု အကြိမ် မှာ ငါးကြိမ် သို့မဟုတ် ခြောက်ကြိမ် မြောက် ဖြစ်နိုင်သည် ။ 


လူနာ အဘိုးအို ၏ ဝေဒနာ ကို သိ လိုက်ရသည့် အချိန် ၌ အရာရာ သည် နောက်ကျ ခဲ့ပြီ ဖြစ်၏ ။ မကြာမီ က ပြသခဲ့သည့် ပါရဂူ ဆရာဝန်ကြီး ၏ ဆေးစာ က လည်း ဤ အတိုင်း ပင် အဓိပ္ပာယ် သက်ရောက် နေသည် ။ စစ်ဆေးခဲ့သည့် ဓာတ်ခွဲခန်း အဖြေများ ၊ အိပ်စ်ရေးဓာတ်မှန် နှင့် အသံလွန်လှိုင်း ပုံရိပ်များက လည်း ဤသို့ပင် ပြဆို ကြ လေသည် ။ တိကျသော ကုထုံး မရှိ ။ လူနာ ၏ အခြေအနေ ကို ဆရာဝန်ကြီး က ရှင်းပြခဲ့ပြီး သူ ညွှန်ထား သည့် အတိုင်း နီးရာ ဆရာဝန် တစ်ဦး နှင့် ဆက်လက် ဆောင်ရွက်ရန် အကြံ ပေးခဲ့ကြောင်း လူနာရှင်များ က ကျွန်တော့် အား တိုးတိုးတိတ်တိတ် ပြောပြကြပါသည် ။ အဓိပ္ပာယ် မှာ ဘဝ ၏ နောက်ဆုံး စခန်း သို့ ရောက်လုနီးပြီ ဖြစ်သော လူသား တစ်ဦး ထို စခန်း သို့ သက်သက်သာသာ ရောက်ရှိ သွားရန် ကျွန်တော် က ကူညီဆောင်ရွက် ပေးသွား ရမည် ဖြစ်၏ ။


ဆေးကုသမှု နယ်ပယ် ၌ ဆိုရိုးစကား တစ်ခု ရှိခဲ့ သည် ။ “ ဆေးကုသည် ဆိုသည် မှာ ရောဂါ ကို မကု ၊ လူ ကို ကုခြင်း ဖြစ်သည် ” ဟူ၏ ။ ဤ စကား မှန်သည် ဖြစ်စေ ၊ မှားသည် ဖြစ်စေ လက်တွေ့ ဆေး ကုသ ရာ မှာတော့ လူနာ နှင့် ဆရာ ၏ ဆက်ဆံရေး မှာ နွေးထွေး ဖို့ သာ လိုပေသည် ။ ဤနေရာ တွင် တိုင်းရင်းဆေး ဆရာများ က ကျွန်တော် တို့ ထက် သာလွန်၏ ။ လူနာ တစ်ဦး ကို သူတို့ ကုသ တော့ မည် ဆိုလျှင် လူနာ နှင့်တကွ မိသားစု အသိုင်းအဝိုင်း နှင့် ရင်းနှီးမှု ကို ဦးစွာ ပထမ ရယူ လိုက်သည် ။ လူနာ အကြောင်း နှင့် ပတ်ဝန်းကျင် အခြေအနေ ကို လုံလောက် စွာ သိအောင် လုပ်သည် ။ ပြီးမှ ဆေးကုသမှု ကို စတင် သည် ။ ခေတ်သစ် ဆေးပညာ က ထို အချက် ကို အာရုံ ပြု လာ သော်လည်း ကျွန်တော် တို့ မှာ လိုက်နာရန် ပျင်းရိ နေကြလေသည် ။ ထို့ကြောင့် ယခု လူနာ အဘိုးကြီး နှင့် သူ့ မိသားစု အကြောင်း ကျွန်တော် ကောင်းစွာ မသိ ။ 


တမင် မကြိုးစားဘဲ နှင့် သိလာရ သလောက် မှာ ထို အဘိုးကြီး သည် ယခင် က နာမည်ကျော် သတင်းစာ ဆရာ ၊ စာရေးဆရာကြီး ဖြစ်ခဲ့သည် ။ သူ့ ခေတ် သူ့ အခါ က သြဇာ ကြီးမား လေးစားရသည့် သတင်းစာကြီး တစ်စောင် ကို ထုတ်ဝေခဲ့သူ ဖြစ်သည် ။ ကျွန်တော် ငယ်စဉ်က ကြားဖူးခဲ့သော သတင်းစာ ဖြစ်သည် ။ သူ့ အမည် ကို ထို သတင်းစာ ၏ အမည် နှင့် တွဲဖက်၍ ခေါ်ဝေါ် သိရှိ ကြသည် ။ စာအုပ် အချို့ကို  သူ ရေးခဲ့သည် ။ ထို အဘိုးအို  သည် မကြာခင် ကွယ်လွန် တော့မည် ။ ထို အိမ် တွင် မကြာခဏ တွေ့ရတတ်သည့် အသက် လေးဆယ့် ငါးနှစ်ခန့် အရွယ် ပုဂ္ဂိုလ် မှာ သူ့ သား ဖြစ်သည် ။ ထို ပုဂ္ဂိုလ် မှာ ဌာန တစ်ခု မှ တာဝန် ရှိသူ တစ်ဦး ဖြစ်ကြောင်း နောက် ပိုင်း ၌ သိရသည် ။ အဘွားအို တစ်ယောက် တလေမျှ မတွေ့ ရ သဖြင့် အဘိုးအို တွင် ဇနီး ရှိတော့ဟန် မတူ ။ မြေး ဖြစ်ဟန် တူသော လူငယ် နှစ်ယောက် သုံးယောက် နှင့် သူတို့ ၏ မိခင် ကိုတော့ တွေ့ ရသည် ။ စီးပွားရေး ချောင်လည်ကြပုံ ပေါ်သည် ။ လူနာ နှင့် ပတ်သက်၍ ကျွန်တော် သိသမျှ မှာ ဒါပါပဲ ။


နားကြပ် ကို ဖြုတ် လိုက်ပြီး ကျွန်တော် သူ့ ကို ပြုံး ပြ လိုက်၏ ။


“ ကောင်းပါတယ် အဘ ၊ အားလုံး ပုံမှန် နီးပါးပါပဲ ”


ထို “ နီးပါး ” ဆိုသည်မှာ ပုံမှန် နှင့် မည်မျှ ဝေးကွာ လာ နေကြောင်းကို တော့ သူ့ ကို ပြောပြရန် မလိုအပ်ပါ ။ 


“ နည်းနည်းလေး အားနည်း နေပုံတော့ ရတယ် ၊ ထမင်း မစားနိုင်ဘူးလား ”


“ အင်း …. ဝင်သလောက်တော့ ဝင်ပါရဲ့ ”


“ အားဆေးလေး ကော တွဲ စားရဲ့လား ”


“ စားပါတယ် ၊ ဒါနဲ့ စောစောက ဆရာ ကျုပ် ကို မေးချင်တယ် ဆိုတာ ဘာများပါလိမ့် ”


“ ဪ .. ဟုတ်တယ် အဘ ၊ အဘ ရေးတဲ့ စာအုပ် ထဲ မှာ မေးစရာလေးတွေ တွေ့ လို့ပါ ”


ပြီးခဲ့သည့် အခေါက် က သူ့ ထံ မှ စာအုပ် တစ်အုပ် ကျွန်တော် ငှားရမ်းခဲ့သည် ။ အိပ်ရာ ဘေး တွင် ချထား သည့် ထို စာအုပ် ၏ အမည် ကို မြင်တွေ့ လိုက်ရာ က စိတ်ဝင်စား သွားမိခြင်း ဖြစ်၏ ။ “ လာခဲ့သော လမ်း ” တဲ့ ။ လွန်ခဲ့ သော နှစ် ( ၂ဝ ) ကျော် က သူ ရေးခဲ့သည့် စာအုပ် ဖြစ်သည် ။ ကျွန်တော့် မှာ ရံဖန်ရံခါ ဆေးစာ ရေးရာ၌ စိတ်မရှည် ပျင်းရိတတ် သော်လည်း အခြား တစ်ဖက် ၌ ကံဆိုးလှစွာ ပင် စာဖတ်ဝါသနာက ရှိ နေပြန်ရာ ထို စာအုပ် ကို ကြားဖူး နေခဲ့သည် ။ ယခု သော် ကံကောင်းလှစွာပင် ထို စာအုပ် ကို စာရေးသူ ကိုယ်တိုင် ထံ က ငှားယူ ဖတ်ရှုခဲ့ရပြီ ဖြစ်သည် ။ အဘိုးအို သည် စာရေး ကောင်းသူ တစ်ဦး ပေ တကား ။


“ မေးစရာ ရှိလား ၊ ဝေဖန်စရာ ရှိလား ဆရာ ရဲ့ ” ဟု အဘိုးအို က ပြုံးတုံ့တုံ့ နှင့် မေး၏ ။


“ နှစ်မျိုးစလုံး ထင်ပါရဲ့ အဘရယ် ” ဟု ကျွန်တော် ပြောသော အခါ သူ က ညှင်းညှင်းငြိမ့်ငြိမ့် ရယ် လေသည် ။


“ ကဲ ... ဆိုပါဦးဗျာ ”


“ ဒီလိုလေ ၊ ‘ လာခဲ့သော လမ်း ’ ဟာ အဘ ရဲ့ အတ္ထု ပ္ပတ္တိ ပုံကြမ်း လို့ ထင်ပါတယ် ။ အဘ ကိုယ်တိုင် လျှောက် လာခဲ့တဲ့လမ်း ပေါ့ ”


“ ဟုတ်ပါတယ် ၊ ကျုပ် လာခဲ့တဲ့ လမ်း ဆိုရင် လည်း မှန်ပါတယ် ။ ကျုပ်တို့ လာခဲ့တဲ့ လမ်း ဆိုရင်လည်း မမှား ပါဘူး ”


“ ကျွန်တော် လည်း အဲဒီလိုပဲ ခံစားမိပါတယ် ၊ နောက် တစ်ခု က တစ်နေရာ မှာ တွေ့လိုက်မိ တယ်လေ ။ “ ကျွန်ုပ်တို့ သည် သူတစ်ပါး တို့ တွေးသည့် အတိုင်း တွေး၍ ထိုသို့ တွေးသည့် အတိုင်း သာလျှင် ဖြစ်ကြရ၏” တဲ့ ။ နောက် တစ်နေရာ မှာ “ လွတ်လပ်မှု ဟူသည် အပြင်ပ မှ မလာ ၊ ကျွန်ုပ်တို့ ကိုယ်တွင်း မှသာ လာ၏  ” တဲ့ ။ နောက် ထပ်လည်း ရှိသေးတယ် ။ အဲဒါတွေ သိပ် မရှင်းဘူး အဘ ”


အပြင်ဘက် ၌ မိုးပြင်း နေဆဲ ။ အဘိုးအို သည် ပြုံး နေဆဲ ။


“ မရှင်းတာ မဟုတ်ပါဘူး ။ ဆရာ လက်မခံတာပါ ”


စူးရှစွာ ထွင်းဖောက် လိုက်သော အကြည့် ကြောင့် ကျွန်တော့် ခေါင်း ညိတ် လိုက်မိ၏ ။


“ အဲ ... ဟုတ်တယ် ၊ ကျွန်တော် လက်မခံချင်ဘူး ” 


“ ကျုပ် တစ်ခု မေးမယ် ဆရာ ၊ ‘ လူ ’ နဲ့ ‘ လူ့အဖွဲ့ အစည်း ’ နဲ့ ဘယ်ဟာ က ပိုပြီး အရေးကြီးသလဲ ”


“ လူ့ အဖွဲ့အစည်း က ပိုပြီး အရေးကြီးတာပေါ့ ”


ဝင်းခနဲ ပြက်သော လျှပ်ရောင် က မှန်ပြတင်း ကို ဖြတ်၍ အခန်းတွင်း သို့ ရောက် လာသည် ။ သို့ရာတွင် မျက်ခုံး ပင့် ၍ ကြည့်လိုက်သော သူ့ မျက်လုံးများ က လျှပ် ရောင် ထက် ပို၍ လက် သည် ထင်၏ ။


“ ဟုတ်ပြီ ၊ ပြဿနာ က အဲဒီ က စတာပဲ ။ ဆရာ တို့ ကျုပ် တို့ ရဲ့ အလွမ်း ဇာတ်လမ်းကြီး က ဒီက စတာပဲ ”


“ မဟုတ်ဘူးလား အဘ ရဲ့ ၊ လူ့အဖွဲ့အစည်း က လူ တစ်ယောက်ချင်း ထက် ပိုပြီး အရေး မကြီးဘူးလား ”


“ ဟင့်အင်း ... ဘယ်ဟာ က မှ မပိုပါဘူး ၊ အားလုံး တန်းတူ အရေး ကြီးကြတာ ။ ပိုတယ် ထင်ခဲ့ကြလို့ ဒုက္ခ ရောက် ကြရတာ ”


ဂျိန်းဂျိန်း မြည်သော မိုးချုန်းသံ ကြောင့် မဟုတ်ဘဲ ကျွန်တော် ဆတ်ခနဲ ဖြစ် သွား၏ ။ ဒီ အဘိုးကြီး ဘယ်လို ပြော လိုက်ပါလိမ့် ။ နေစကြဝဠာ သည် အနန္တစကြဝဠာ နှင့် နှိုင်းစာပါ က ဘာမျှ မပြောပလောက် ။ ကမ္ဘာမြေ သည် နေစကြဝဠာ နှင့် နှိုင်းစာပါ က ဘာမှ မပြောပလောက် ။ လူ သည် ကမ္ဘာမြေ ပေါ် က လူ့အဖွဲ့အစည်း နှင့် နှိုင်းစာ ပါက ဘာမျှ မပြောပလောက် ။ သေးသေးကလေး ဖြစ်၏ ။ ရှိ နေသည် ဟု ပင် မထင်ရ ။ ထို့ကြောင့် ကျွန်တော် ဆိုသော အကောင် ရှိနေခြင်း ၊ ပျောက်ပျက် သွားခြင်း သည် ဘာမှ မဟုတ် ။ ဘာမှ အဓိပ္ပာယ် မရှိ ။ ဘာမှ အရေးမပါ ။ ကျွန်တော် အစဉ်တစိုက် ခံယူ နားလည်ထားခဲ့သည် မှာ သည် အတိုင်း ပဲ ဖြစ်၏ ။ လူ ဟာ လူ့ အဖွဲ့အစည်း နဲ့ တန်းတူ အရေး မကြီးနိုင်ပါဘူး ။ တန်းတူခွင့် လည်း မရှိဘူး ။ မရှိဘူး ။


ဤ အတိုင်းပဲ ပြန် ပြောပြသည့် အခါ သူ က ခေါင်း တစ်ချက် ညိတ်၏ ။


“ ဆရာ က ကိုယ့် ကိုယ် ကိုယ် သေးသေးလေးပဲ ထင် နေတယ် ဆိုရင် တကယ့် ကို သေးသေးလေး ဖြစ်သွား မှာပဲ ”


“ ဖြစ်သွားမှာပဲ မဟုတ်ဘူး အဘ ရဲ့ ၊ ဖြစ်နေတာ ၊ တကယ့် ကို ဖြစ်နေတာ ”


သူ က လက်ညှိုး ထိပ် ဖြင့် စားပွဲ ကို ခေါက် လိုက် သည် ။ ထို့နောက် ကျွန်တော့် ကို စေ့စေ့ ကြည့် ကာ တစ်လုံးချင်း မေးလိုက်သည် ။


“ ဒါဆိုရင် ဆရာ ဟာ ကိုယ်ပိုင် ရွေးချယ်မှု ကြောင့် မဟုတ်ဘဲ တကယ် လုပ်ချင်စိတ် ဝါသနာ ကြောင့် မဟုတ်ဘဲ နဲ့ ဆရာဝန် လုပ်ခဲ့တယ် ထင်ပါရဲ့ ”


ကျွန်တော် ခဏမျှ ကြောင် သွား၏ ။


“ ဘာဆိုင်လို့လဲ အဘ ရဲ့ ၊ အခု ကိစ္စနဲ့ … ”


“ ကျုပ် မေးတာသာ ဖြေပါဦး လေ ”


သူ မေးတာ ကို ဖြေရ လျှင် တော့ ဝါသနာ ကြောင့် ဟု ဖြေဆိုရန် ခက်ခက်ခဲခဲ ဖြစ်၏ ။ ကိုယ့် ကိုယ် ကိုယ် ဘာ ဝါသနာ ပါမှန်း ၊ ဘဝ မှာ ဘာ လုပ်ချင် မှန်း ရေရေရာရာ မသိခဲ့ပါ ။ သို့ရာတွင် ထိုစဉ်က ကျွန်တော် တို့ လူ့ အဖွဲ့ အစည်း က ထို အလုပ် သည် အမွန်မြတ်ဆုံး ဟု ထင်မြင်၏ ။ ဂုဏ် အရှိဆုံး ဟု ထင်မြင်၏ ။ လူတော်များ နှင့် သာ ထိုက်တန်သော အလုပ် ဟု ထင်မြင်၏ ။ ကြီးပွား ချမ်းသာမည့် အလုပ် ဟု ထင်မြင်၏ ။ ကုသိုလ်တွေ အများကြီး ရသည့် လူရိုသေ ရှင်ရိုသေ အလုပ် ဟု ထင်မြင်၏ ။ ဤသို့ဖြင့် ထို “ .. ဟု ထင်မြင်၏  ” များ ၏ လွှမ်းမိုးမှု ကို မလွန်ဆန်နိုင်ဘဲ ထို အလုပ်ကို ရွေးချယ် ခဲ့ခြင်း ဖြစ်၏ ။ ဆယ်တန်း အမှတ် က လည်း ကောင်းခဲ့ လေရာ မိဘဆွေမျိုး သူငယ်ချင်းများ ၏ ဆန္ဒတွေလည်း ပါဝင်ခဲ့သည် ။


“ ဒါဖြင့် ဆရာ ဟာ ဘဝ ကို သူများ တွေ ရဲ့ ထင်မြင်ချက် နဲ့ တည်ဆောက် ခဲ့ရတာပေါ့ ။ ဒါနဲ့များ ‘ ကျွန်တော် တို့သည် သူတစ်ပါး တို့ တွေးသည့် အတိုင်း တွေး၍ ထိုသို့ တွေးသည့် အတိုင်း သာ လျှင် ဖြစ်ကြရ၏ ’ ဆိုတာ ကို ဘာ ဖြစ်လို့ လက်မခံ နိုင်ရသလဲ ”


ကျွန်တော် သည် ကြိုးဝိုင်း ထောင့် မှာ ပိတ်မိ ခံရသလို ဖြစ်သွားပြီး ရုတ်တရက် ရယ်ချင်လာသည် နှင့် ရယ်မော လိုက်မိသည် ။


“ ဒါကတော့ ကျွန်တော် ကိုယ်တိုင် က လည်း လုပ်သင့်တယ် ထင်လို့ လုပ်ရမယ့် ကိစ္စ နဲ့ လုပ်လိုက်တာပါပဲ ” 


“ အား .. အဲဒီ အတွေး က လည်း ဟုတ် မလိုလို နဲ့ မဟုတ်သေးဘူးဗျ ၊ ငါ လုပ်ရမယ် I must ဆိုတာ မကောင်းဘူး ၊ သဘာဝ မကျဘူး ။ ငါ လုပ်ချင်တယ် I want ဆိုတာက မှ သဘာဝ ကျတာ ။ သဘာဝ မကျတာ တွေ ဟာ ရေရှည် မှာ ကျဆုံး တတ်တယ် ။ I must ဟာ မလုံလောက်ဘူး ။ We must ဖြစ်ချင်လာတယ် ။ အဲဒီ အခါမှာ You must လို့ လုပ် လာတော့ တာပဲ ။ အဓမ္မ ဝါဒ ရဲ့ အစပဲ ။ I want က တော့ သူ တစ်ခု တည်း နဲ့ လုံလောက် သွားပြီ ၊ အဓမ္မ လုပ်စရာ မရှိဘူး ”


သည် အဘိုးကြီး နဲ့ တော့ မလွယ်ပါလား ၊ စ မိတာ မှားပေါ့ ဟု တွေးကာ ကျွန်တော် ခေါင်း ကုတ်မိ၏ ။


“ အဲဗျာ ... I must လား ၊ I want လားတော့ မသိဘူး ။ ကျွန်တော်က တော့ ရှင်သန် ကျန်ရစ်လေ မလားလို့ လုပ် လိုက်တာပဲ ။ အခု လည်း အဘ ရဲ့မြေး ဂျပန် ကို သွားတာ ဒီ သဘောပဲ မဟုတ်လား ”


အဘိုး သည် ဖယောင်းတိုင် အသစ် တစ်ချောင်း ကို ကောက် ယူ၍ ကုန်ဆုံး လုလု ဖယောင်းတိုင်တို နေရာ တွင် ထွန်းညှိ စိုက်ထူ လိုက်သည် ။ ဖယောင်းတိုင် အလင်း ရောင် ထဲ ၌ သူ့ နှုတ်ခမ်း ထောင့်စွန်းများ သည် လက်ချောင်းများ နည်းတူ တုန်ယင် နေသည် ကို တွေ့ ရသည် ။


“ ဟုတ်ပါတယ် ၊ ဒီ သဘော ပါပဲ ။ သူ က ကြီးပွား ချင်တယ်လေ ၊ ကြီးပွားတာ နဲ့ အောင်မြင်တာ ကို အတူ တူ ထင် နေပုံ ရတယ် ။ ကြီးပွား မှ ရှင်သန် ကျန်ရစ်မယ်လို့ ထင် နေပုံ ရတယ် ။ အင်း …. ရှင်သန် ကျန်ရစ်တယ် တဲ့ ၊ အတော် ကြောက်စရာ ကောင်းတဲ့ စကားလုံးပါ ပဲ ။ နာဇီ အကျဉ်းစခန်းတွေ မှာ ဂျူးတွေ ကို အဆိပ်ငွေ့  နဲ့ သ,တ်ပစ် တော့ အလောင်း တွေ ကို သယ်ဖို့ ၊ မီးရှို့ဖို့ ၊ ပြာတွေ ကို ကျုံးပစ်ဖို့ အကျဉ်းသားတွေ ထဲ က ပဲ ရွေးထုတ်ခဲ့တယ် ။ အဲဒီမှာ ရှင်သန် ကျန်ရစ်ခဲ့ ချင် တဲ့ အကျဉ်းသား အချို့ က အဲဒီ အလုပ် ကို လုပ်ကြတယ် ။ မလုပ်ချင်တဲ့ သူတွေ က သေ သွားကြတယ် ။ ဒါပါပဲ ၊ ကျုပ် နားလည် တဲ့ ရှင်သန် ကျန်ရစ်မှုမျိုး က ‘ ဘာပဲ လုပ်ရ လုပ်ရ ’ ဆိုတဲ့ စိတ်ဓာတ်မျိုး မဟုတ်ဘူး ။ ‘ အကောင်းဆုံး ကို ရွေးချယ် တတ်ပြီး အထိ ရောက်ဆုံး လုပ်ဆောင်နိုင် တဲ့ စွမ်းရည် ’ မျိုးပဲ ။ ဒီ စွမ်းရည် မျိုး က မိမိ နှင့် တကွ ‘ လူ ’ ကို တန်ဖိုး ထားတတ်တဲ့ သူတွေ ဆီ မှာ သာ ရှိတာ ။ လူ့ အဖွဲ့အစည်း မှာ ငါ ဟာ ဘာမှ မဟုတ် ဘူး လို့ သဘော ထားတတ်တဲ့ သူတွေ မှာ မရှိဘူး ။ သူတို့ က တော့ ခုန ပြော သလို ရှင်သန်ဖို့ ဆို ဘာပဲ လုပ်ရ လုပ်ရ ထဲ က ပဲ ”


“ ဒါပေမဲ့ အဘ ရယ် ၊ ဒီလို တန်ဖိုး ထားတတ်ဖို့ ဆိုတာ က လည်း ဘဝ လွတ်လပ် ဖို့ က လိုသေးသကိုး ”


သူ သည် ကျွန်တော့် ကို ဖျတ်ခနဲ ကြည့် လိုက်၏ ။


“ အဲလို ဆရာ က ကိုယ့် ကိုယ် ကိုယ် မလွတ်လပ်ဘူး လို့ ထင် နေသလား ၊ အဲသလို ထင် နေရင် ဘယ်တော့မှ လွတ်လပ် မှာ မဟုတ်ဘူး ။ လူ ရဲ့ ပင်ကို သဘာဝ ဟာ လွတ်လပ်ပါတယ် ဗျာ ဒီလို ယုံလိုက်စမ်းပါ ”


“ ပင်ကို အားဖြင့်တော့ ဟုတ်ချင် ဟုတ်မှာပေါ့ ၊ ဒါပေမဲ့ အခြေအနေ အချိန်အခါ .. ”


သူ က ဖြစ်ရလေ ဟူသော အကြည့် ဖြင့် ခေါင်း ယမ်း၏ ။


“ အဲဒါက ပြင်ပ ကိစ္စ ပဲ ၊ အပြင် ကို မကြည့်စမ်းပါနဲ့ ။ အတွင်း ကို ကြည့်စမ်းပါ ။ ပြင်ပ ကို ဂရုစိုက်ခဲ့ လို့ ဆရာ့ မှာ အခု ဆရာဝန် ဖြစ်ခဲ့ရပြီ ။ အတွင်း ကို သာ အသေအချာ သိအောင် လုပ်ခဲ့ရင် အခု ထက် ပိုပြီး ဆရာ့ အတွက် တန်ဖိုး ရှိတဲ့ ဘဝ ကို ဆရာ ရမှာပဲ ။ ဆရာ တကယ် တန်ဖိုး ထား ခဲ့တဲ့ ဘဝမျိုး ပေါ့ ။ ကြီးကျယ်တဲ့ ပုဂ္ဂိုလ် တွေ ဟာ အပြင် ကို လှမ်း မကြည့်ကြပါဘူး ။ သူတို့ အလုပ် ကို သူတို့ သိတယ် ။ အဲဒီ အလုပ် ရဲ့ တန်ဖိုး ကို သူတို့ သိတယ် ။ လွတ်လပ်စွာ လုပ် သွားကြတာပဲ ။ ဘယ်သူတွေ က ဟန့် တားသည် ဖြစ်စေ ၊ နှောင့်ယှက်သည် ဖြစ်စေ သူတို့ ရပ် မသွားဘူး ။ လုပ်စရာ ရှိတာ ကို ဖြစ်အောင် လုပ်သွားကြ တာပဲ ။ တစ်ခုပဲ ရှိတယ် ၊ တကယ်တော့ လွတ်လပ်ရဲ ရဲ့ လား ဆိုတဲ့ မေးခွန်း ”


“ ခင်ဗျာ ”


“ ဟုတ်တယ် ဆရာ ၊ ပါးစပ် က သာ တစာစာ ပြော နေကြတာ ။ တကယ် လွတ်လပ်ရဲ တဲ့ လူ ရှားတယ် ။ အရပ် ထဲ မှာ ဆရာ လည်း ကြားဖူးမှာပေါ့ ။ “ လောကကြီး မှာ ဘာတွေ ဖြစ်လာလာ ဆိုက်ကားသမား က ဆိုက်ကား ပဲ နင်း ရမှာပဲ ။ ကိုယ့် ထမင်း ကိုယ် ရှာ စားရတာပဲ ” ဆိုတာ မျိုး ၊ ဒါက မှီခိုလိုစိတ် မကင်းသေးတာ ကို ပြတာ ၊ မလွတ်လပ်ရဲ သေးတာ ကို ပြတာ ။ သူ တစ်ပါး ခွင့်ပြု မှ ထမင်း စားလို့ ၊ ရေသောက် လို့ ၊ လမ်းလျှောက် လို့ ရ တဲ့ ဘဝမျိုး က ရုန်းမထွက် ရဲတာ ကို ပြတာ ။ Dependence ပေါ့ ၊ ကျွန် စိတ် ။ အဲဒီ က မှ လွတ်လပ်ခြင်း Independence ကို ကူးဖို့ လုပ်ရတာ ။ ဒါပေမဲ့ ဒါကလည်း ပန်းတိုင် မဟုတ်သေးဘူး ။ တကယ့် ပန်းတိုင် အစစ် က Inter dependence အပြန်အလှန် လွတ်လပ်ခြင်းပဲ ။ Dependence က နေ Interdependence ကို သွားဖို့ ကျင့်စဉ် ခုနစ်ပါး ရှိတယ် ။ ပထမဆုံး ကျင့်စဉ် က တော့ ‘ စွမ်းဆောင်သူ စိတ်ထား ’ Proactive ။ ကျုပ်တို့ အများစု  အခု ရှိနေတာ က ‘ အပြုခံ စိတ်ထား ’  ၊ ‘ စွမ်းဆောင်မဲ့ စိတ်ထား ’ Possive ။ ကဲ ... မခက်ဘူးလား ။ ‘ စတီဗင်ကိုဗေး ’ ရေး တဲ့ ‘ Seven Habits ’ ကို ရှာ ဖတ်စမ်းပါ ဆရာ ” 


အဘိုးအို သည် မောသွားဟန် ဖြင့် ရေနွေး တစ်ခွက် ငှဲ့ ၍ သောက် လေသည် ။ ကျွန်တော် က တော့ သူ့ ကို သာ ငေး ၍ ကြည့် နေရ၏ ။ အပြင်ဘက် ၌ မိုး သည် အတန် ငယ် စဲစ ပြုလာသည် ။ ထို့နောက် အဘိုးအို သည် နေရာ မှ ထ ကာ အတွင်းခန်း သို့ ဝင်သွား၏ ။ ခဏ ကြာ သော် ပြန် ထွက်လာသည် ။ သူ့ လက် ထဲ မှာ တယောပြားလေး တစ်လက် ။


“ ကျုပ် ပြောခဲ့တာတွေ ဆရာ  ဘယ်လို သဘော ရ သလဲ ”


“ အင်း ... အားလုံး လက်ခံလို့ မရသေး ပေမယ့် စိတ် ဝင်စားဖို့ ကောင်းပါတယ် ။ ဒါပေမဲ့ ကိုယ့် ဘာသာ ကိုယ် တစ်ဖက်သတ် လွတ်လပ် နေတာ တော့ မပြည့်စုံသေးဘူး ထင်တယ် ။ တစ်ဖက် က လည်း ရာသီဥတု ကောင်းဖို့ မလိုပေဘူးလား ”


“ ရာသီဥတု ကောင်းတယ် ဆိုရင် တော့ အတိုင်း ထက် အလွန်ပေါ့ ၊ ဒါပေမဲ့ ကျုပ် ပြော နေတာ က ကျုပ်တို့ ရဲ့ မူလ စိတ် အခံ မှာ ကိုက လွတ်လပ် နေဖို့ လိုတယ် ။ မရှိမဖြစ် လိုအပ်ချက်ပဲ ။ ရာသီဥတု က နောက် ကိစ္စ ၊ တစ်စုံတစ် ယောက် က ဆရာ့ ကို လွတ်လပ်စေဖို့ ပြောလိုက် ရုံ နဲ့ ဆရာ လွတ်လပ် မသွားပါဘူး ။ ဆရာ ကိုယ်တိုင် က ငါ ဟာ လွတ်လပ်တယ် လို့ ယုံထားခဲ့ ရင်တော့ ဘယ်သူ က ခွင့် ပေးပေး ၊ မပေးပေး ဆရာ ဟာ လွတ်လပ်သူ ဖြစ်နေ မှာပဲ ”


“ စကား အဖြစ် နဲ့ တော့ ပြောလို့ ကောင်းတာပေါ့ဗျာ ၊ နားထောင်လို့ လည်း ကောင်း တာပေါ့ ။ ဒါပေမဲ့ လက်တွေ့ ကျတော့ ...  ”


ကျွန်တော် က တစ်ချက် ရယ်ပြီး ပခုံး တွန့် လိုက်၏ ။ 


“ ဒါဖြင့် လက်တွေ့  မှာ ကျုပ်တို့ ဖြစ်နေပုံ ကို ပြော ရမလား ”


“ ကျွန်တော် နားထောင်ချင် ပါတယ် ”


အဘိုးအို သည် တယော ကို ပခုံး ပေါ်  တင် လိုက်ပြီး ဘိုးတံ ကို ကြိုးတွေ ပေါ် အသာ တင် လိုက်သည် ။ မျက်လုံး တွေ တောက်ပြောင် လာ၏ ။ 


“ ဆရာ က ဆရာဝန် ဆိုတော့ ဆေးပညာ ဝေါဟာရ နဲ့ ပြောရအောင် ၊ ကျုပ်တို့ ပြောချင်တာ က Sadist နဲ့ Masochist တို့ ရဲ့ အလွမ်းဇာတ် ပဲ ”


ကျွန်တော် ဖြန်းခနဲ တုန် သွား၏ ။ စိတ်ပညာ တွင် ထို ဝေါဟာရ နှစ်ရပ် ရှိသည် ။ လိင်ဖောက်ပြန်မှု တွင် သုံးစွဲ သော စကားလုံးများ ဖြစ်ကြ၏ ။ သူ တစ်ပါး ကို နာကျင် အောင် နှိပ်စက် ညှဉ်းပန်းရ မှ လိင် ဆက်ဆံ၍ သာယာမှု ရသော သူ ကို Sadist ဟု ခေါ်၍ သူ တစ်ပါး ၏ အနှိပ်အစက် ကို ခံရမှ ၊ နာကျင်မှု ရမှ လိင်ဆက်ဆံရာ တွင် သာယာမှု ရသော သူ ကို Masochist ဟု ခေါ်သည် ။ ဟုတ်ပြီ ၊ အဲဒါ ဘာဖြစ်သလဲ ။ အဘိုးကြီး ဘာပြောချင်တာလဲ ။ ရင်ခုန်လာ၏ ။


“ ကျုပ်တို့ က Masochist တွေ ပဲ ။ နာနာကျင်ကျင် အရိုက် ခံရ မှ နေသာထိုင်သာ ရှိကြတာ ၊ လုံခြုံတယ် ထင်ကြတာ ၊ အရိုက် မခံရဘဲ မနေနိုင်ဘူး ။ Sadist က လည်း ရိုက် နေမှ နေသာ ထိုင်သာ ရှိတာ ၊ လုံခြုံတယ် ထင်တာ ။ မရိုက်ဘဲ မနေနိုင်ဘူး ။ ကဲ .. ဘယ်လောက် အံဝင်ခွင် ကျ ရှိသလဲ ၊ သူ့ ဟာ နဲ့ သူ ဟုတ်နေတာပဲ ။ ပြည့်စုံ နေတာပဲ လို့ မယူဆ နိုင်ဘူးလား ။ ဒါပေမဲ့ တကယ်တမ်း ကျတော့ ဒီ နှစ်ယောက် လုံး ဟာ တစ်ယောက် မှ မလုံခြုံ ကြဘူးဗျ ။ မလွတ်လပ်ကြဘူး ၊ တစ်ယောက် မရှိရင် နေလို့ မရဘူး ၊ ရေရှည် မှာ ဘာဖြစ်လာမလဲ သိလား ၊ အလွမ်း ဇာတ် က ဟောဒီလို ”


သူ့ လက် ထဲ က ဘိုးတံ သည် လှုပ်ရှား သွား၏ ။ ထူးဆန်း အံ့သြဖွယ် အသံများ သည် တယောကြိုးများ ဆီ က ထွက်ပေါ် လာသည် ။ ဘယ်လို သံစဉ်ကြီးပါလိမ့် ။ ကျွန်တော် အသာ နားထောင် ကြည့် နေသည် ။ အဘိုးအို သည် မျက်စိ ကို မှိတ် ကာ စိတ်ပါ လက်ပါ ဘိုးတံ ကို ထိုးခတ် နေသည် ။


ထူးဆန်းသော တေးသွား သံစဉ် သည် ပထမ တော့ လွမ်းဆွတ်ဖွယ်ရာ လိုလို ဖြစ်၏ ။ တဖြည်းဖြည်း နှင့် အထီးကျန် သလို ၊ အားငယ်လာ သလို ခံစားရ ပြန်သည် ။ ကျွန်တော် သည် မျက်စိ ကို အသာ မှေး ကာ သံစဉ် နှင့် အတူ လိုက်ပါ နေလျက်သား ဖြစ် နေသည် ။ ကောင်း လိုက်တဲ့ လက်သံ ၊ အသံ ကို ဖိ လိုက်သည့်အခါ ကျွန်တော် သည် တိမ်တွေ ကြား ရောက် သွားပြီး ဖော့ချ လိုက်သည့် အခါ အောက် သို့ လွင့်ဝဲ ၍ ကျလာပုံ မှာ ချားရဟတ် စီးရ သလို အေးခနဲ ဟာခနဲ ဖြစ်သွား ရသည် ။ ထို့နောက် သစ်ရွက်ကြွေ လေ မှာ လွင့် သလို လျောတိုက်၍ နေပြန် သည် ။


တယောသံ သည် ရုတ်ခြည်း ပြောင်းလဲ သွား၏ ။ ရုတ်ခြည်း ကြမ်းတမ်း သွား၏ ။ ခပ်ဝေးဝေး ဆီ က လာ နေ သော ငလျင်တော်လည်းသံ သည် နီးကပ် လာသော အခါ မိုးကြိုးမုန်တိုင်းသံ သို့ ပြောင်းလဲ သွား သလိုလို ။ ဟော .. လမိုက်ည သန်းခေါင်ယံ ၌ သင်္ချိုင်းကုန်း ဆီ က ကြားရ သော ကျောစိမ့်ဖွယ် ခွေးအူသံ လိုလို ။ ကျွန်တော် ကြောက် လာ၏ ။ တစ်စုံတစ်ရာ သည် ကျွန်တော့် အပေါ် ပိကျ လာ သလို ခံစား ရသည် ။ လေးလိုက်တာ ။ တယောသံ က ပိုမို ပြင်းထန် လာသည် ။ ကျွန်တော် သည် အလုံပိတ် အခန်းကျဉ်းကလေး ထဲ သို့ ရောက် နေ သလား ။ ရုတ်တရက် ပင် ငယ်စဉ်က ကျွန်တော် အဆော့ လွန် သဖြင့် ဗီရို ထဲ ထည့် ပိတ်ခြင်း ခံရသည့် ခံစားမှု ကို ပြန် သတိရ လာသည် ။ အား ... မွန်း လိုက်တာ ၊ မွန်းတယ် ။ တော်ပါတော့ ဟု ကျွန်တော် အော်ဟစ်ချင် သော်လည်း ကျွန်တော့် အသံ ထွက် မလာ ။ တစ်ကိုယ်လုံး လှုပ်မရ ။ တယောသံ က ကျွန်တော့် ကို မလှုပ်နိုင် အောင် ချည်တုပ်၍ ထားသည် ။ အဘ …. အဘ တော်ပါပြီ ... တော်ပါတော့ ... ရပ်ပါတော့ ။ တစ်ကိုယ်လုံး ချွေးတွေ ရွှဲ နေပြီ ။ မွန်းတယ် ... မွန်းတယ် ။


တယောသံ သည် ဓား နှင့် တိခနဲ ဖြတ်လိုက် သလို ရပ် သွား၏ ။ ချွေးသီးချွေးပေါက် များ ကျလျက် အားကုန် မောပန်းလျက် ကျွန်တော် ကျန်ရစ်၏ ။ မျက်လုံးဖွင့် ကြည့်လိုက်တော့ အို ... အဘ မှာ လည်း ချွေးတွေ နဲ့ မောလို့ ။


“ အား ... ဘယ်လို အသံကြီးလဲ အဘ ရာ ၊ မွန်းကျပ် နေတာပဲ ”


အဘိုးအို က တယော ကို စားပွဲပေါ်  တင် လိုက်ပြီး အေးစက် နေပြီ ဖြစ်သည့် ရေနွေးခွက် ကို ကောက် မော့ လိုက်သည် ။ ထို့နောက် အတန်ငယ် အမော ဖြေနေ၏ ။ 


“ ဆရာ တကယ် မွန်း သွား သလား ”


“ ဟာ ... မွန်းတာ ရော ၊ မောတာ ရော ၊ ကြောက်တာ ရော လူ ကို ဘယ်လို ဖြစ်နေမှန်း မသိဘူး ။ ကျွန်တော် ဂီတ နားထောင် ဖူး ပါတယ် ။ တစ်ခါမှ ဒီလို မဖြစ်ဖူးဘူး ။ ထူးဆန်း လိုက်တာ ။ အဲဒါ ဘာ တီးလုံး ခေါ်သလဲ ”


သူ က သက်ပြင်းချသည် ။


“ ဆရာ မဆိုးဘူး ၊ ခံစားမှု အားကောင်းတယ် ။ ဒီ တီးလုံး က မိတ်ဆွေ တစ်ယောက် စန္ဒရား နဲ့ တီး ပြတာ ကို စ ကြားဖူးတာ ၊ ကြာလှပါပြီ ။ အဲဒီတုန်း က ပန်းချီ ဆရာ ပေါ်ဦးသက် လည်း ပါတယ် ။ ကျုပ် လည်း ဆရာ့ လို ပဲ ဖြစ်ခဲ့တာပဲ ။ တစ်ခါတည်း မွန်းကျပ်ပြီး မခံနိုင် အောင်ပဲ ၊ ပေါ်ဦးသက် လည်း ဒီလိုပဲ ခံစားခဲ့တယ် ။ အဲဒီ အကြောင်း မိုးဝေမဂ္ဂဇင်း မှာ ဆောင်းပါး တောင် သူ ရေးဖူးသေးတယ် ။ ကျုပ်တို့ လည်း အဲဒီ မိတ်ဆွေ ကို ဆရာ မေး သလို မေး ခဲ့ကြတာပဲ ။ ဒီ တီးလုံး ဟာ ဘာလဲလို့ ၊ မိတ်ဆွေက ဖြေတယ် ။ လူ တစ်ယောက် ကို သေပြီ အထင် နဲ့ မြေမြှုပ် သင်္ဂြိုလ် ပြီးတဲ့ နောက် အဲဒီ လူ က ပြန် သတိရ လာ တဲ့ အခါ ခံစားရတဲ့ ခံစားမှု ကို တီးလုံး ဖွဲ့ထားတာတဲ့ ဗျာ ” 


တစ်ကျော့ပြန် မိုး သည် သဲမဲ၍ လာ ပြန်၏ ။


တစ်နေရာ က ဝင်လာသည့် လေ ကြောင့် ဖယောင်း တိုင် မီးညွန့်များ လှုပ်ရှား သွား ကြသည် ။


နံရံ ပေါ် က ကျွန်တော် တို့ ၏ အရိပ်များ မှာ တစ္ဆေ များ သဖွယ် ကြောက်မက်ဖွယ် ယိမ်းထိုး လှုပ်ရှား နေကြ လေသည် ။  ။


◾မောင်သစ်ဆင်း


📖 ဟန်သစ် မဂ္ဂဇင်း

      အမှတ် ( ၅ဝ )

      ၁၉၉၄ ခုနှစ်


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment