❝ ကြမ္မာဒေဝီ ၏ အချစ်တော် ❞
တာဝတိံသာ နတ်ပြည် တွင် ကြမ္မာဒေဝီ နတ်သမီးလေး သည် အားလုံးသော နတ်သမီး တို့ ထက် ချောမော လှပ၏ ။ သူ့ အား မေတ္တာရှိသူ နတ်သားများ သည် အလွန် များပြား၏ ။
ယင်း နတ်သား တို့ သည် သူ ၏ အလှ ကို ဖွဲ့ဆိုသူ က ဖွဲ့ဆို ကြ၏ ။ အချို့ကား ကြမ္မာဒေဝီ ၏ နှုတ်ခမ်းလေး သည် နှင်းဆီပွင့် နီနီ နှင့် တူသည် ဟု ဆိုကြသည် ။ အချို့ ကတော့ သူ ၏ အသားလေး သည် လူ မရောက်သည့် တောင်ထွတ်များ ပေါ် မှ နှင်းဖြူပွင့်ကြီးများ နှင့် တူသည် ဟု ဆိုကြ၏ ။ အချို့ က တော့ ကြမ္မာဒေဝီ ၏ ခြေထောက် များ လှမ်းလေရာရာ တွင် ထင် ၍ ကျန်ရစ်သော ခြေရာများ သည် ပဒုမ္မာရွှေကြာပန်း နှင့် တူသည်ဟု ဖွဲ့နွဲ့ ကြသည် ။ အချို့သော နတ်သားတို့ က မူကား ကြမ္မာဒေဝီ ၏ အလှ ကို ဖွဲ့နွဲ့ခြင်း မပြုကြဘဲ ကြမ္မာဒေဝီ နှစ်သက်အောင် သာ အမူအရာ အမျိုးမျိုး လုပ် ပြကြသည် ။
သက်တံ နတ်သား သည် ခါးကလေး ကို ကွေး၍ သူ ၏ ကိုယ်ခန္ဓာ အလှအ ပကို ပြသည် ။ သူ ၏ ကိုယ်ခန္ဓာ မှာ အရောင် ခုနစ်မျိုးစုံ ၍ ပန်းလိပ်ပြာကလေးများ ၏ စုပေါင်း ထားသော အတောင်ပံကလေးများ ကဲ့သို့ အလွန် ကြည့်၍ ကောင်းသည် ။ သို့သော် နေနတ်သား က သူ့ ကို ငေါ့ ၍ ဝင်သွားသော အခါ သက်တံနတ်သား ၏ ကိုယ် မှ အရောင်များ ပျောက်ကုန် သဖြင့် သက်တံ နတ်သား သည် ရှက်ကိုးရှက်ကန်း နှင့် မည်းမှောင် နေသော သူ့ ကိုယ်ခန္ဓာ ကို ပြန် ဆန့်ကာ တိမ်တိုက်များ အကြား သို့ ဝင်ပြေးလေ၏ ။
သက်တံ နတ်သား ၏ အဖြစ် ကို မြင်ရသောအခါ ကြမ္မာဒေဝီ သည် ပြုံးမိတော့သည် ။ အဘယ်ကြောင့် ဆို သော် သက်တံနတ်သား ၏ ကိုယ် ခန္ဓာ မှာ နေရောင် နှင့် တွေ့မှ အရောင် ခုနစ်မျိုး ထွက်၏ ။ နေရောင် မရှိ လျှင် မည်းနက်နေသည် ။ နေရောင် ကွယ်သွား သော အခါ သက်တံ နတ်သား မှာ လံကွတ်တီကလေး နှင့် တိမ်ကြား ထဲ သို့ ဝင် ပြေး ရသောကြောင့် ပင် ဖြစ်လေသည် ။
လနတ်သား က လည်း ကြမ္မာဒေဝီ ကို နောက်ပိုး လာ ရာတွင် သူ ၏ မျက်နှာဝိုင်းဝိုင်းကြီး ကို ပြုံး၍ လာ၏ ။ သို့သော် အချိန် နတ်သား က ‘ တစ်ရက် နှစ်ရက် ’ ဟုအော် ၍ ခြေလှမ်းများ ကို ခုန် ၍ လှမ်း သွားသောအခါ လနတ်သား၏ မျက်နှာ မှာ တစ်ခြမ်းပဲ့ကြီး ဖြစ်သွား သဖြင့် လနတ်သား မှာ လည်း တိမ်မည်းညို နောက်သို့ ရှက်ရှက် နှင့် ဝင်ပြေးရ ပြန်၏ ။
ဝိုင်းဝန်းသော မျက်နှာ နှင့် ပြုံးဖြီးဖြီး ကြီး လုပ် နေရာမှ ရုတ်တရက် မျက်နှာ တစ်ခြမ်းပဲ့ကြီး ဖြစ်သွား၍ ထွက်ပြေး သည် ကို မြင်သော အခါ ကြမ္မာဒေဝီ မှာ ပါးစပ် ကို လက်ကိုင်ပဝါ နှင့် ပိတ်၍ ပြုံးရယ်မိ တော့သည် ။
နေနတ်သား ကား ဒေါင်းရုပ်ကြီးများ ကို ငွေချည် နှင့် ဖောက်ထားသော ရွှေဝါရောင်ပုဆိုးကြီး တကားကား နှင့် လာ၏ ။ သို့သော် လနတ်သား က သူ့ ရှေ့ မှ ကန့်လန့် ကန့်လန့် နှင့် လုပ်နေရာ ကြမ္မာဒေဝီ ၏ အမြင် တွင် နေနတ်သား ၏ မျက်နှာ မှာ တစ်စိတ် ပဲ့လိုက် တစ်ခြမ်း ပဲ့လိုက် နှင့် ဖြစ်နေလေ၏ ။ ထို့ကြောင့် ကြမ္မာဒေဝီ က ရယ် လေတော့ ရာ နေနတ်သား လည်း သမုဒ္ဒရာ ၏ နောက်ဘက် သို့ ငုပ် ပြေး လေ၏ ။
လေနတ်သား သည် လေကလေး ချွန် ကာ ရောက် လာ၏ ။ ကြမ္မာဒေဝီ ၏ အရှေ့သို့ ရောက်သောအခါ ရပ် တန့် လိုက်ပြီး မျက်စ ပစ်မည် ကြံ၏ ။ ထိုခဏ တွင် “ လူ့ ပြည် မှာ နွေ ရောက်ပြီ လူတွေ အိုက်ကုန်တော့မယ် ” ဟူ သော သိကြားမင်း ၏ အသံ က ထွက်ပေါ် လာရာ လေ နတ်သား မှာ မနေသာတော့ဘဲ ဆတ်ခနဲ တွန့်၍ တစ်စုံ တစ်ခု ညည်းညူကာ ထွက်ပြေး သွားရလေတော့သည် ။ သူ ပြေးသွားသည် မှာ လျင်မြန်လှ ၍ သူ ဘာကို ညည်းညူ သွားသည် ကို မသိရ ။ နောက်ဆုံး စကားလုံးများ ဖြစ်သော ‘ ကရို ’ ဟူသော အသံ ကို သာ ကြမ္မာဒေဝီ က ကြား လိုက်ရသည် ။
လျှပ်စစ်နတ်သား ကား ခြေဖျား ထောက်၍ လျှောက်လာ၏ ။ သူ ဝတ်ထားသော အဝတ်အစားများ မှာ ပြိုးပြိုး ပြောင်ပြောင် နှင့် ဝင်းခနဲ ဖြစ်လိုက် ၊ သူ့ တစ်ကိုယ်လုံး ပျောက် သွားလိုက် ၊ တစ်ဖန် လက်ခနဲ ပေါ် လာလိုက် ပျောက်သွားလိုက် နှင့် ဖြစ်နေ တော့သည် ။
“ မျက်စိ ကျိန်းလိုက်ပါဘိတော့ရှင် ” ဟု ကြမ္မာဒေဝီ က ပြော၍ မျက်နှာ လွှဲ လိုက်သဖြင့် လျှပ်စစ်နတ်သား မှာ လည်း လက်လျှော့ ပြန်ခဲ့ရသည် ။
မိုးနတ်သား ကား ဖြည်းလေးသော ခြေလှမ်းများ နှင့် ရောက် လာခဲ့၏ ။ သူ ၏ မျက်နှာ မှာ အလွန် ပူဆွေးသော အသွင်ကို ဆောင် နေသည် ။
ကြမ္မာဒေဝီ ၏ အရှေ့ သို့ ရောက် သည် နှင့် တစ်ပြိုင်နက် ကြမ္မာဒေဝီ သနား အောင် ငိုပြ လေတော့၏ ။ သူ ၏ မျက်ရည်များ ကား တဝေါဝေါ နှင့် အရှိန် ပြင်းစွာ ကျဆင်း ကြ၏ ။
သို့သော် အရေးကောင်း မှ ဒိန်းဒေါင်း ဖျက်လေသည် ။
သနားအောင် ငိုပြ ရာ မှ လည်ချောင်းများ ယားလာ ပြီး “ ဝုန်း ဒိုင်း ဝုန်းဒိုင်း ချလွင် ချလွမ် ” နှင့် ကျယ်လောင် စွာ ချောင်းဆိုး လေတော့၏ ။
“ အို .. အမေ့ ကြောက်လိုက်ပါဘိတော့ ”
ကြမ္မာဒေဝီ က နား နှစ်ဖက် ပိတ် ၊ မျက်စိ နှစ်ဖက် ပိတ် ၍ အလန့်တကြား ပြောလိုက်ရာ မိုးနတ်သား လည်း လန့် ၍ ပြန် ခဲ့ရတော့သည် ။
ဤသို့ဖြင့် နတ်သား များစွာ တို့ သည် ကြမ္မာဒေဝီ ၏ ချစ်မြတ်နိုးခြင်း ကို မခံခဲ့ရချေ ။
ကြမ္မာဒေ ဝီက သူတို့ ကို သာ ငြင်းပယ်သည် မဟုတ် ၊ ဉာဏ်ပလီ နတ်သား ကိုလည်း ငြင်းပယ်သည် ။ ဉာဏ်ပလီနတ်သား ကား ဉာဏ်နီဉာဏ်နက် အလွန် များ၏ ။ တရား သည် မတရားသည် ကို နားမလည် ကိုယ်ကျိုး ကို သာရှာ၏ ။ အခွင့်အရေး ကို သာ ယူသည် ။ အနစ်နာ မခံတတ် ၊ ခေါင်းပုံဖြတ် တတ်သော နတ်သား ဖြစ်သည် ။
ကြမ္မာဒေဝီ သည် သူ့ ကို ငြင်းပယ်ရုံ သာ မက မုန်းတီး ပင် မုန်းတီးလေသည် ။
ကြမ္မာဒေဝီ က သတိနတ်သား နှင့် ဝီရိယနတ်သား ညီနောင်နှစ်ပါး ကို အရေးပေးသည် ကို မြင်ရသော အခါ ဉာဏ်ပလီ နတ်သား သည် ကြမ္မာဒေဝီ ကို ရန်ငြိုး ဖွဲ့လေ
တော့၏ ။
အခြား နတ်အပေါင်း ရှေ့ ၌ ကြမ္မာဒေဝီ ကို “ သင် နဲ့ ငါ တန်ခိုး ပြိုင်မယ် ၊ လူ့ပြည် က သင် က အချစ်တော်လူ တစ်ယောက် ရွေး ၊ ငါ က အချစ်တော် လူ တစ်ယောက် ရွေးမယ် ၊ သင် ရွေးတဲ့ လူ ကို သင် က ကောင်းစားအောင် လုပ် ၊ ငါ ရွေးတဲ့ လူ ကို ငါ က ကောင်းစားအောင် လုပ်မယ် ” ဟု စိန်ခေါ် လေသည် ။
ကြမ္မာဒေ ဝီသည် ရုပ်အဆင်း လှ ရုံ မက ဤကဲ့သို့ စီးပိုးသော စကားများ ကို ဆိုလာလျှင် ငုံ့ မခံတတ်သူ ပီပီ ဉာဏ်ပလီနတ်သား ၏ စိန်ခေါ်ချက် ကို ရှောရှောရှူရှူပင် လက်ခံ လိုက်လေ၏ ။
ထို့နောက် သူတို့ နှစ်ယောက်သည် အဘိုးကြီး နှင့် အဘွားအိုကြီး သဏ္ဌာန် နှင့် လူ့ပြည် သို့ ဆင်းရန် အကြံပြု ကြလေသည် ။ လူ့ပြည် တွင် အချစ်တော် ရှာကြရန် အတွက် ဖြစ်လေသည် ။
ထိုအချိန် တွင် တိုင်းပြည် တစ်ခု ၌ မောင်မှန် နှင့် မောင်ကလိန် ဟူ၍ သူငယ်ချင်း နှစ်ယောက် ရှိကြ၏ ။ ငယ်စဉ်က ပင် ဆရာ တစ်ဦးတည်း ၏ တပည့်များ ဖြစ်ပြီး ယခုအခါတွင် သူတို့ ၏ ဆရာကြီး မှာ မြို့ပြင် ရှိ တော ထဲ တွင် ရသေ့ ဝတ်လျက် ရှိလေသည် ။
ထို ဆရာ ရသေ့ကြီး ထံ သွားလျှင် မြို့အပြင် သို့ တော်တော်လှမ်းလှမ်း တွင် ရှိသော ချောင်းကလေး ကို ဖြတ်ကျော် ပြီး နောက်ထပ် တစ်မိုင် ခန့် လျှောက်သွား ရသေးသည် ။ ဆရာ ရသေ့ကြီး ထံ သို့ သူတို့ နှစ်ယောက်သည် တစ်ခါ တစ်ရံ သွား တတ်ကြလေသည် ။
မောင်မှန် သည် ဖြောင့်မတ်သူ ဖြစ်၏ ။ အလုပ်အကိုင် ကြိုးစား လုပ်ကိုင်၏ ။ ဉာဏ်ထက်မြက်လှသူ တစ်ယောက် မဟုတ်သော်လည်း သူလို ငါလို တော့ ဉာဏ် ရှိပါသည် ။ မောင်ကလိန် ကား ဉာဏ်နီဉာဏ်နက် များ၏ ။ အခွင့်အရေး ရလျှင် သူတစ်ပါး အပေါ် မကောင်း ကြံ ၍ပင် ကိုယ်ကျိုး ရှာတတ်၏ ။ သူ ၏ ကြီးဒေါ် တစ်ယောက် မှာ ဒေါ်ဒေါင်းမြီး ဟု အမည် တွင်၍ မြို့ အပြင်ဘ က်ရှိ ချောင်းကလေး နား တွင် နေထိုင်သည် ။ မြို့ က လူများ က ဒေါ်ဒေါင်းမြီး ကို စုန်းမကြီး ဟု ဆို၍ အပေါင်းအသင်း မလုပ်ကြ ချေ ။
ဒေါ်ဒေါင်းမြီး သည် အရုပ် ဆိုး၏ ။ မြို့သူမြို့သား များ က စွပ်စွဲ သလို စုန်းမကြီးတော့ မဟုတ်ပါ ။ သို့သော် ဆေးဝါးအတတ် ကို ကောင်းစွာ တတ်ကျွမ်း၏ ။ ထို အတတ်ပညာ ကို ရောဂါကုသရေး ၌ အသုံး မပြုဘဲ မကောင်းကျိုး ဘက် တွင် အသုံးချတတ်သောကြောင့် စုန်းမကြီး ဟု နာမည် ကျော်နေခြင်း ဖြစ်လေသည် ။
တစ်နေ့သ၌ မောင်မှန် နှင့် မောင်ကလိန် တို့သည် ဆရာရသေ့ကြီး ကျောင်း မှ ပြန်လာကြ၏ ။ ချောင်း ကလေး သို့ မရောက်မီ တောလမ်း ခရီး တွင် အဘိုးကြီး တစ်ယောက် နှင့် အဘွားကြီး တစ်ယောက် တို့ မိမိ တို့ တူရူ ကို လျှောက် လာကြသည် ကို တွေ့ ရ၏ ။
အနား ရောက်သောအခါ အဘိုးကြီး က နှုတ်ဆက် စကားများ ပြောကြားပြီး လျှင် ...
“ ငါ့မြေး တို့ ၊ လောကမှာ မှန်မှန် လုပ်ရင် ဒုက္ခ ရောက် ရတာပဲ ၊ လူတွေ က မကောင်းကြဘူး ၊ ဒါ့ကြောင့် လိမ် ကောက် နိုင်မှ တော်ရုံ ကျတာ ၊ ကိုယ့် အကျိုး ကို စွန့်လွှတ် ပြီး သူ တစ်ပါးအကျိုး ကို ဆောင်ရင် သူများ ပဲ အကျိုး ရှိ တယ် ၊ ကိုယ့် အကျိုးပျက်တာပဲ ။ ကိုယ်ကျိုး ကို ရှာ တာ သာ အမှန်ဆုံး ဖြစ်ပါတယ် ။ အဘိုး ပြောတာ သဘောကျ ရဲ့လား မြေး တို့ ” ဟု မေးလိုက်၏ ။
မောင်မှန် က ဦးခေါင်း ကို ခါရမ်း၍ “ ဘိုးဘိုး ပြော က ကျွန်တော် သဘော မကျနိုင်ပါ ။ ကျွန်တော် တို့ ၏ ဆရာ ရသေ့ကြီး ရဲ့ စကား နဲ့ လည်း မကိုက်ညီပါ ။ ဆရာ ရသေ့ကြီး က ကောင်းတာ ကို ကိုယ်ကျိုး စွန့်ပြီး လုပ်ဖို့ အမြဲ သွန်သင်ပါတယ် ” ဟု ပြောလိုက်ရာ အဘိုးကြီး ဟန် ဆောင် လာသော ဉာဏ်ပလီနတ်သား မှာ မကျေနပ် သဖြင့် မျက်နှာကြီး ရှုံ့မဲ့ လိုက်လေသည် ။
ဤတွင် မောင်မှန် က “ ဘိုးဘိုး ... ခါချဉ် ကိုက် သလား ” ဟု မေး လိုက်ရာ အဘိုးကြီး သည် တံတွေး ထွေး လိုက်၍ “ ဘယ်က ဟုတ်ရမှာလဲ ၊ မင်း နဲ့ ငါ သဘောချင်း မတိုက်ဆိုင်လို့ ” ဟု ပြောလေ၏ ။
မောင်ကလိန် သည် ရှေ့သို့ တိုးလာ၍ “ ဘိုးဘိုး ပြော တာ ကျွန်တော် တော့ သိပ် ကြိုက်တာပဲ ၊ ဘိုးဘိုး ပြောတာ တွေ အမှန်ချည်းပဲ ” ဟု ပြောပြီး လျှင် မောင်မှန် ဘက် သို့ လှည့်၍ “ ဟေ့ကောင် မင်း ဘာ နားလည်လို့လဲ ၊ မင်း နဲ့ ငါ နဲ့ တောင် အဝတ်အစားချင်း မတူဘူး ။ ငါ က ပိုပြီး အဝတ်အစား ကောင်းတယ် ။ ဒါ ဘာဖြစ်လို့လဲ သိ လား ။ မင်း က အ,လို့ကွ ၊ ငါတော့ လည် ထိုက်ရင် လူလည် လုပ်လိုက်တာပဲ ” ဟု ပြော၏ ။
“ တို့ ဆရာကြီး က ဒါမျိုးမ ကြိုက်ပါဘူးကွာ ”
“ ဟ ... သူ ဒါကြောင့် ရသေ့ ဖြစ်တာပေါ့ကွ .. သူ လည်ရင် ရှင်ဘုရင် ဖြစ်နေမှာပေါ့ ၊ ရသေ့ ဆိုတာ ဘာ စည်းစိမ် ရှိသလဲ ”
မောင်ကလိန် ၏ စကား ကို ကြားရသောအခါ ဉာဏ်ပလီနတ်သား ဖြစ်သော အဘိုးကြီး သည် အားရပါးရ ရယ် ၍ လက်ဖဝါးချင်း ပင် ဖျတ်ခနဲ ရိုက်လိုက်မိသည် ။ မောင်မှန် က “ ဘိုးဘိုး ခြင် ကို မရိုက်ပါနဲ့ ၊ ငရဲ ကြီး တတ်တယ် ” ဟု ပြောရာ အဘိုးကြီးသည် မောင်မှန် ကို မျက်စောင်းကြီး ထိုး လိုက်လေ၏ ။
“ ဘယ် က ခြင် ရိုက်တာ ဟုတ်ရမှာလဲ ၊ မင်း တော် တော်အ, တဲ့ အကောင်ပဲ ၊ ဟောဒီ သူငယ် သာ ဘိုးဘိုး ရဲ့ အချစ်တော် ၊ မင်း ဒီနေ့ က စပြီး ဘိုးဘိုး ရဲ့ လူ ဖြစ်ပြီ ”
အဘိုးကြီး ၏ စကား အဆုံးတွင် အဘွားကြီး က ဝင်၍ ပြောလိုက် ပြန်လေသည် ။
“ မှားမယ် ငါ့ မြေး တို့ ၊ လိမ်လည်ကောက်ကျစ်ခြင်း ရဲ့ အကျိုးကျေးဇူး ဟာ ခဏလေးပဲ ခံစားရတယ် ။ နောက် တော့ မကောင်းကျိုး ဖြစ်ပေါ်ပြီး တစ်သက်လုံး ဒုက္ခ ရောက် ရတယ် ။ နောက် ဘဝတွေ မှာ လည်း ဒုက္ခ ရောက်ရ တယ်ကွဲ့ ... ဝီရိယ ကို ကောင်းတဲ့ ဘက် မှာ အသုံးပြု တဲ့ သူ ၊ သူတစ်ပါး အကျိုး ကို ကိုယ်ကျိုး မငဲ့ဘဲ ဆောင်ရွက် တတ်သူ ၊ အဲဒီလို လူမျိုး ကိုသာ ကံကြမ္မာနတ်သမီး က ချစ် လို့ ဒီလူတွေ သာ လျှင် ကံကောင်းတဲ့ လူတွေ ဖြစ်တယ် ... ငါ့မြေး ”
အဘွားကြီး ယောင် ဆောင်လာသော ကြမ္မာဒေဝီ၏ စကား ဆုံးလျှင် ဆုံးခြင်း မောင်မှန် သည် ကျေနပ်အားရ သဖြင့် လက်ဖဝါးချင်း ပွတ် မိလေသည် ။
ဤတွင် အဘိုးကြီး က ဝင် မေး၏ ။
“ ဟဲ့ကောင် ... နင် ကြမ်းပိုး ကို ချေသက် နေသလား ... ငရဲ ကြီးတယ် ဆို ”
“ ဟာ ... ဘယ်က ဟုတ်ရမှာလဲ ဘိုးဘိုး ရဲ့ ၊ ဟောဒီ က ဘွားဘွား ပြောတာ ကို ကျွန်တော် သဘော တူလွန်း လို့ပါ ၊ ဆရာ ရသေ့ကြီး ဆုံးမတဲ့ စကားတွေ နဲ့ လည်း ညီတယ် ”
ထိုအခိုက် မောင်ကလိန် က ...
“ တော်စမ်းပါကွာ ၊ ငါ တော့ ဒီ ဘိုးဘိုး ပြောတာပဲ ကြိုက်တယ် ။ ဘွားဘွား ပြောတာတွေ ဟာ လူညွန့်တုံး စေတဲ့ စကား ချည်း ပဲ ” ဟု ဝင် ပြောလိုက်လေသည် ။
အဘွားကြီး သည် မောင်မှန် ကို ကျော သပ်လိုက်၏ ။
“ ဒီနေ့က စပြီး မင်း ဟာ ဘွားဘွား ရဲ့ အချစ်တော် ဖြစ်ပြီပေါ့ကွယ် ”
ထို့နောက် အဘိုးကြီး နှင့် အဘွားကြီး တို့ လည်း ခရီး ဆက် ခဲ့ကြပြီး သူတို့ မမြင်လောက်သော နေရာ သို့ ရောက် သည်တွင် ပျောက်ကွယ် သွားကြလေတော့သည် ။
မောင်မှန် နှင့် မောင်ကလိန် တို့ လည်း ချောင်းကလေး ကို ဖြတ် ကူးပြီး မြို့ သို့ ပြန် ရောက် ခဲ့ကြလေ၏ ။ တစ်နေ့သော အခါ တွင် ထို မြို့တော် တွင် ရှိသော ရှင်ဘုရင်ကြီး ၏ နန်းတော် သို့ ဆရာတော် ဘုန်းကြီး တစ်ပါး ကြွရောက် လာလေ၏ ။ ထို ဘုန်းတော်ကြီး ကား ယခင်က ရှင်ဘုရင်ကြီး ပင် ဖြစ်၍ ယခု စိုးစံ နေသော ဘုရင်ကြီး ၏ ခမည်းတော် ဖြစ်ပေသည် ။
ထို့ကြောင့် ရှင်ဘုရင်ကြီး က ဘုန်းတော်ကြီး ကို အလွန်ပင် ရိုသေလေးစား ကြောက်ရွံ့ရ၏ ။ ဘုန်းတော်ကြီး သည် အလွန် ဝေးကွာသော အရပ် တွင် တောထွက် ၍ တရားအားထုတ် နေရာ ယခု ကဲ့သို့ ကြွရောက်ခြင်း မှာ အလွန် ကြုံကြိုက်ခဲ ပေသည် ။
နန်းတော် တွင် ရှိနေစဉ် ဘုန်းတော်ကြီး က သား ဖြစ်သူ ဘုရင် အား ... “ မင်း ၏ နိုင်ငံတွင် ပညာရှိများ ရှိကြပါရဲ့ လား ။ ပညာရှိ ပေါများ မှ တိုင်းပြည် တိုးတက်စည်ပင် တယ် ” ဟု မိန့်တော်မူ သဖြင့် ရှင်ဘုရင်ကြီး က ပညာရှိ များ ရှိကြောင်း ကို ဖော်ထုတ်ရန် အကြံ ထုတ် ရလေသည် ။
ထို့နောက် မောင်းကြေးနင်း လည် ခတ်စေသည် ။ မောင်းခတ်ချက် ကား ရှင်ဘုရင်ကြီး က မေးခွန်း သုံးခု မေး မည် ဖြစ်ကြောင်း ၊ သုံးရက် အတွင်း သုံး ခုစလုံး မှန်အောင် ဖြေဆိုနိုင်သူ အား သမီးတော် နှင့် ထိမ်းမြား ၍ အိမ်ရှေ့ အရာ ပေးမည် ဖြစ်ကြောင်း တစ်ခု မှ မှန်အောင် မဖြေဆို နိုင်ဘဲ ဝင်ရောက် ယှဉ်ပြိုင်ခဲ့လျှင် ကြိမ်ဒဏ်ခ တ်၍ တိုင်းပြည် မှ နှင်မည် ဖြစ်ကြောင်း ၊ သုံးခု စလုံး မမှန်သည့်တိုင် အောင် တစ်ခု ဖြစ်စေ ၊ နှစ်ခု ဖြစ်စေ မှန် လျှင် ဆုတော်ငွေများ ပေးသနားမည် ဖြစ်ကြောင်း ၊ အမျိုးသမီးများ ဖြေဆို လျှင် လည်း ဆုတော်ငွေ လာဘ်သပ္ပကာများ ပေးမည် ဖြစ်ကြောင်းများ ပါဝင် လေသည် ။
မောင်းခတ်ချက် ကို ကြားသိရသော အခါ မောင်ကလိန် က “ တို့ သွား ဖြေမယ် ” ဟု မောင်မှန် ကို ပြော၏ ။
“ ဖြေနိုင်ပါ့မလားကွ ”
“ အို .. ငါ မောင်းကြေးနင်း ခတ်တဲ့ လူ ကို မေးပြီးပါ ပြီ ကွ ၊ မေးခွန်း တစ်ခု ကို သုံးရက် အတွင်း ဖြေဆို နိုင်ရင် ပြီးတာပဲ လို့ ပြောတယ် ... စောစော ဖြေနိုင်လည်း စောစော ဖြေ ပေါ့ ။ ရှင်ဘုရင် က မေးခွန်း တစ်ခု မေး ပြီးရင် အဖြေ ကို သုံးရက် အထိ စောင့်မယ်တဲ့ ”
“ ဒါတောင် မဖြေနိုင်ရင် ဘယ့်နှယ် လုပ်မလဲ ”
“ ဒါကြောင့် မင်း ကို ဉာဏ် နည်းတဲ့ ကောင် အ,တဲ့ ကောင် လို့ ပြောတာပေါ့ .. တို့မ သိရင် ဆရာရသေ့ကြီး သွား မေးပြီး ဖြေ မှာ ပေါ့ကွ ”
မောင်ကလိန် ၏ အကြံ ကို မောင်မှန် က လည်း သဘော တူလိုက်၏ ။ မောင်မှန် ၏အကြံ မှာ သူ သာ အိမ်ရှေ့မင်းသား ဖြစ်လျှင် ဆင်းရဲနွမ်းပါးသူများ ကို ပို၍ ထောက်ပံ့ကူညီနိုင်သည် ဟု ယူဆ ထားသော ကြောင့် ဖြစ်၏ ။
ဤသို့ဖြင့် နန်းရင်ပြင် သို့ သူတို့ နှစ်ယောက်သား ရောက် ခဲ့ကြသည် ။ လာ ကြည့်ကြသော ပရိသတ်များ ကား ရှိ၏ ။ မဖြေနိုင် လျှင် ဒဏ်ခတ်မည် ဆို၍ ကြောက်ရွံ့ ကာ အခြား သူများ သည် ပါဝင် ယှဉ်ပြိုင်ခြင်း မပြုရဲကြချေ ။
ဘုန်းတော်ကြီး သည် ရှင်ဘုရင်ကြီး ၏ အနား တွင် ထိုင်နေ၏ ။ ရှင်ဘုရင်ကြီး လည်း သူတို့ နှစ်ယောက် ကို မေးခွန်းပုစ္ဆာ တစ်ခု ထုတ် လိုက်လေသည် ။
“ လင်း နေ လျှင် လူမှန်း မသိရ ၊ မှောင် နေမှ လူမှန်း သိရ သည် ဆိုတဲ့ စကား ဟာ ဘာကို ဆိုလိုတာလဲ ဆိုတာ ကို ဖြေကြ မောင်မင်းများ ”
ရှင်ဘုရင်ကြီး ၏ မေးခွန်း ကို ရခဲ့ကြသော အခါ သူတို့ နှစ်ယောက် လည်း ပြန်ထွက်လာခဲ့ကြလေ၏ ။
နန်းတော် မှ ပင် ဆရာရသေ့ကြီး ဆီ သို့ ဖြောင့်တန်းစွာ သွား ရောက်ခဲ့ကြလေသည် ။ အကျိုးအကြောင်း ကို ဆရာရသေ့ကြီး အား တင်လျှောက်သော အခါ ဆရာ ရသေ့ကြီး က ပုစ္ဆာ ၏ အဖြေ ကို ထုတ်ပြ လေ၏ ။
“ သေသေချာချာ နားထောင် မှတ်သားကြ တပည့် တို့ အလင်းရောင် ဆိုတာ ချမ်းသာကျော်ကြား နေတာကို ဆိုလို တယ် ။ မှောင်တယ် ဆိုတာ ဆင်းရဲဒုက္ခ ရောက်တာကို ဆိုလိုတယ် ။ ဒီတော့ ချမ်းသာကျော်ကြား နေတဲ့ အချိန်မှာ ကိုယ့် နား ကို လူတွေ ဝိုင်း နေပေမယ့် လူ နဲ့ တူတဲ့ မိတ်ဆွေ စစ်လား ၊ တိရစ္ဆာန် နဲ့ တူတဲ့ မိတ်ဆွေတုလား ဆိုတာ ကို မသိနိုင်ဘူး ၊ ဆင်းရဲဒုက္ခ ရောက်တဲ့ အချိန် ကျ တော့ မိတ် ဆွေစစ် က သာလျှင် ကိုယ့် နား မှာ နေတယ် ၊ အဲဒါကို ဆိုလို တာပဲ တပည့် တို့ ”
မောင်မှန် နှင့် မောင်ကလိန် တို့ လည်း သေချာစွာ မှတ်သား လိုက်ကြပြီး ကန်တော့ကြ၏ ။
“ ကဲ ... ပြန်ကြ တပည့်တို့ ၊ မင်းတို့ ဖြတ်ကျော်ရမယ့် ချောင်းကလေး ဟာ အရင် နဲ့ မတူတော့ဘူး ၊ သူ့ အတိုင်း ဆိုရင် လမ်းလျှောက် ဖြတ်ကူး လို့ ရပေမယ့် ခုတလော ရေ တွေ အရမ်းကာရော ကျဆင်း လာတဲ့ အခါ ကျဆင်း လာ တတ်တယ် ။ အဲဒီလို ကျဆင်းနေတုန်း မှာ ဒီဘက် ကမ်း မှာ ပဲ ရှိနေသေးရင် သတိထား အန္တရာယ် ပေးတတ်တဲ့ တိရစ္ဆာန် နဲ့ တွေ့ တတ်တယ် ။ ရေတွေ ကျ နေတုန်း ဖြတ် ကူး ရင်လည်း ရေ ထဲ ပါပြီး သေဆုံးနိုင်တယ် ... မြန်မြန် ပြန်ကြ တပည့်တို့ ”
မောင်မှန် နှင့် မောင်ကလိန် တို့ လည်း ခပ်သုတ်သုတ် ပြန် လာကြလေ၏ ။ သို့သော် သူတို့ နှစ်ယောက် ချောင်းကလေး ဆီ သို့ အရောက်တွင် ကား ရေများ သည် တဝုန်း ဝုန်းနှင့် တရကြမ်း စီးဆင်း နေလေပြီ ။
ရေများ ကျဆင်း နေပြီ ကို မြင်သည် နှင့် တစ်ပြိုင်နက် မောင်ကလိန် သည် အနီးတွင်ရှိသော သစ်ပင်ကြီး တစ်ပင် ဆီ သို့ ပြေး ကပ်လိုက်၏ ။ မောင်မှန် သည် လည်း မောင်ကလိန် နောက်သို့ ပြေး လိုက်သည် ။
သစ်ပင်ရင်း သို့ ရောက်သောအခါ မောင်ကလိန် သည် အကြံ တစ်မျိုး ရလာ၏ ။ မေးခွန်း ၏ အဖြေ ကို သိသောသူ နှစ်ယောက် ရှိ နေရာ တစ်ယောက် ဘေး အန္တရာယ် ကြုံ၍ သေ လျှင် လည်း ကောင်း၏ ဟု အကြံ ရ လာ၏ ။ ထို့ကြောင့် သူ့ ဆီ သို့ ပြေးဝင် လာသော မောင် မှန် ကို ရင်ဘတ် ဆီး ၍ တွန်း၏ ။
“ ငါ က အရင် ရောက်တာ .. ဒီတော့ မင်း မလာနဲ့ကွ ”
မောင်မှန် သည် လည်း မတတ်သာ သဖြင့် လမ်း တစ်ဖက် ရှိ ဝါးရုံပင်ရင်း သို့ ပြေးကပ်ရတော့သည် ။ ထိုခဏတွင် ပင် တောတွင်း မှ ဆူညံစွာ မြည်ဟိန်း ၍ ကျားသစ် တစ်ကောင် ထွက်ပေါ် လာလေ၏ ။ ကျားသစ် ကို မြင်သည် နှင့် တစ်ပြိုင်နက် နှစ်ယောက်သား သည် အသက် အန္တရာယ် လွတ်စိမ့်သော ငှာ အမြင့် သို့ တွယ် တတ်ကြလေ၏ ။
မောင်ကလိန် သည် သစ်ပင်ကြီး ကို တွယ် တက်၏ ။ မောင်မှန် ကား ဝါးပင် ကို တွယ်တက် ရသည် ။ ထွက် လာသော ကျားသစ် သည် ဝါးပင် ထက် သစ်ပင်ကြီး ကို တွယ်တက်ချင် သဖြင့် မောင်ကလိန် တက် သော သစ်ပင် ကို လိုက် တက် လေတော့သည် ။ မောင်မှန် က လည်း ကျားသစ် သည် ယခုမလိုက် သေး သော်လည်း နောင်တွင် လိုက်လာမည် ဟု တွေးကာ အတက် မရပ်ဘဲ ဆက်လက်၍ တက်လေတော့ရာ အဖျား ပိုင်းသို့ ရောက်သော အခါတွင် ဝါးပင် မှာ ကိုင်း၍ ကျသွား လေသည် ။ မောင်မှန် လည်း ဝါးပင်ဖျား မှ ဟီးလေးခို ကာ ပါ သွား၍ တစ်ဖက်ကမ်း သို့ ရောက် သွား လေသည် ။
ထိုအခါမှ ဝါးပင် ကို လက် မှ လွှတ် လိုက်ပြီး မောင်ကလိန် ကို လှမ်း ကြည့်လိုက်သည် ။
မောင်ကလိန် ကား ကြောက်လန့်ခြင်း ကြီးစွာဖြင့် သစ်ပင် အဖျားဘက် သို့ ဆက်၍တက် နေရှာ၏ ။ ကျားသစ် က လည်း နောက်မှ လိုက် တက်နေသည် ။ မောင်မှန် သည် ကမ်းပါး ရှိ ကျောက်ခဲတုံး များ ဖြင့် ကျားသစ် ကို ပစ် လေရာ တစ်ချက် တွင် ကျောက်တုံး သည် ကျားသစ် ၏ ဦးခေါင်း ကို မှန်၍ ကျားသစ် မှာ မြေ ပေါ်သို့ ကျလေ၏ ။ ထို့နောက် ထိ တစ်ချက် မထိ တစ်ချက် နှင့် ဆက်လက် ၍ ပစ်သော မောင်မှန် ၏ ကျောက်ခဲများ ဒဏ်ချက် ကြောင့် ကျားသစ် သေလေ တော့သည် ။
ဤတွင်မှ မောင်ကလိန် လည်း သစ်ပင် ထက် မှ ဆင်း လာရ၏ ။ ချောင်းမှ ရေများ ကျသွားပြီ ဖြစ်၍ “ ဟေ့ .. မောင်မှန် ၊ ငါ့ ကို စောင့်ပါဦးကွ ” ဟု ပြောကာ ချောင်း ကို ဖြတ်ကူး လာခဲ့ရသည် ။ ဤလို အခါမျိုးတွင် ကား ချောင်း ရေ သည် ခြေမျက်စိခန့် လောက် သာ နက်လေသည် ။
မောင်မှန် လည်း မောင်ကလိန် ကို စောင့်၍ လာခဲ့ကြ ရာ တစ်နေရာ သို့ ရောက်သော အခါတွင် မောင်ကလိန် က “ ဆာတယ်ကွာ ၊ ဒီနား မှာ ငါ့ ကြီးတော် အိ မ်ရှိတယ် .. တစ်ခု ခု ဝင်စားသောက်ရအောင် ” ဟုဆို၏ ။
ထို့နောက် သူတို့ နှစ်ယောက်သည် ဒေါ်ဒေါင်းမြီး ၏ အိမ်သို့ ဝင်ကြသည် ။ မောင်မှန် ကို အိမ်ရှေ့ တွင် ထိုင် ခိုင်း ထားပြီး လျှင် မောင်ကလိန် သည် နောက်ဖေးဘက် သို့ ဝင်၍ သူ့ ကြီးတော် အား အကျိုးအကြောင်း ကို ပြောပြ သည် ။ ပြောပြ ပြီး နောက် မိမိ ကို အနိုင် ရရှိအောင် မောင်မှန် ကို သတိ မေ့သော ဆေး ကျွေးရန် ပြော၏ ။
ဒေါ်ဒေါင်းမြီး လည်း ဖျော်ရည် ထဲ တွင် ဆေး ခတ်ကာ မောင်မှန် ကို တိုက်၏ ။
မောင်မှန် သည် ဖျော်ရည် ကို တစ်ဝက် သောက် လိုက် သည် ။ အလွန် ချို၍ ရင် ထဲ တွင် အေး သွားသော ဖျော်ရည် ဖြစ်၏ ။ ဤမျှ ကောင်းသော ဖျော်ရည်မျိုး ကို မတွေ့ဖူး သဖြင့် မောင်ကလိန် တို့ တူဝရီး အလစ်တွင် ပါ လာသော ဘူးကလေး ဖြင့် ကျန် ဖျော်ရည် တစ်ဝက် ကို ခိုး ထား၏ ။
ထို့နောက် သူတို့ နှစ်ယောက် သည် ညနေဘက် တွင် ရှင်ဘုရင် ၏ နန်းရင်ပြင် သို့ ပြန် ရောက်ခဲ့ကြလေသည် ။ မေးခွန်း ပုစ္ဆာ ကို နေ့ချင်း ဖြေဆိုမည် ဆိုသဖြင့် ပရိသတ် များစွာ သည် နားထောင်ရန် ရောက်ရှိ လာကြ၏ ။
ဘုန်းတော်ကြီး လည်း ရှင်ဘုရင် ၏ ဘေး တွင် ထိုင်နေသည် ။
ရှင်ဘုရင် က ဖြေဆိုခိုင်း သော အခါ မောင်ကလိန် က မောင်မှန် ကို အရင် ဖြေခိုင်း၏ ။
“ ကဲ .. ကျွန်တော်မျိုး ဖြေပါတော့မယ် ဘုရား .. ဟာ ”
မေ့ နေလေပြီ ၊ အဖြေ ကို မောင်မှန် မေ့ သွားလေပြီ ။
ထိုခဏတွင် ပင် ရှင်ဘုရင်ကြီး သည် ရေ ငတ်တော် မူ သဖြင့် “ ဟဲ့ ဖျော်ရည်ပေးစမ်းပါ ” ဟု တောင်းဆို လေ သည် ။
ထိုအခါ မောင်မှန် က “ ကျွန်တော်မျိုး ဆီမှာ အလွန် ကောင်းသော ဖျော်ရည် ရှိပါကြောင်း ဘုရား ” ဟု ဆိုပြီး ဘူးကလေး ကို ဆက် လေ၏ ။ ရှင်ဘုရင်ကြီး လည်း ဘူး ထဲ မှ ဖျော်ရည် ကို သောက် ကြည့်ရာ အလွန် အရသာ ရှိ သဖြင့် အကုန် မော့ချလိုက်လေသည် ။
မောင်ကလိန် မျက်လုံး ပြူးရ၏ ။
ရှင်ဘုရင်ကြီး မှာ “ ကဲ ငါ ရေငတ် ပြေပြီ ” ဟု ပြောပြီး မောင်မှန် ကို ပုစ္ဆာ ဖြေစေ၏ ။
“ မှန်ပါ .. အဲ .. အရှင်ဘုရား ရဲ့ မေးခွန်း ကို ပြန် မေးပါဦး ဘုရား ”
“ အဲ .. အဲ .. ဟိုဟာလေ ”
ရှင်ဘုရင်ကြီးလ ည်း အူလယ်လယ် ဖြစ် နေလေရာ ဘုန်းတော်ကြီး က ဝင်၍ ထောက်ပေး၏ ။
“ မင်း ကလည်း ကွာ .. ကိုယ် မေးပြီး ကိုယ် မေ့နေရ သလားကွ ၊ မေးခွန်း က လင်း နေ လျှင် လူမှန်း မသိရ မှောင် နေမှ လူမှန်း သိရသည် ဆိုတဲ့ စကား ရဲ့ အဓိပ္ပာယ် ဟာ ဘာလဲတဲ့ ”
မောင်မှန် ကား ဆရာရသေ့ကြီး သင်ကြားလိုက်သော အဖြေ ကို မေ့ နေလေပြီ ။ ထို့ကြောင့် သူ့ ဘာသာ သူ ကြိုးစား၍ ဖြေ လိုက်၏ ။
“ လင်း နေတဲ့ အခါမှာ တော့ လူတွေ ဟာ ပေါ့ပေါ့ လျော့လျော့ နေကြတဲ့ အတွက် လူရယ် တိရစ္ဆာန် မှန်း သိလာရတ ယ်လို့ ဆိုတာပါ ”
ရှင်ဘုရင်ကြီး သည် မောင်ကလိန် ကို ဖြေစေ၏ ။ မောင်ကလိန် က ဆရာရသေ့ကြီး သင်ပေး သလို ဖြေဆို လိုက်၏ ။
“ လူ ဟာ အလင်း နဲ့ တူတဲ့ ချမ်းသာကျော်ကြားခြင်း ဖြစ် နေလျှင် မိတ်ဆွေစစ် မိတ်ဆွေတု မခွဲခြားနိုင်ပါ ။ အမှောင် နဲ့ တူတဲ့ ဆင်းရဲ ဒုက္ခ ရောက် မှသာ မိတ်ဆွေတု မိတ်ဆွေစစ် ခွဲခြားနိုင်ပါတယ် ”
ထိုအချိန်တွင် ရှင်ဘုရင်ကြီး ၏ မျက်စိ သည် နန်း ရင်ပြင် တစ်နေရာ တွင် ဆော့နေသော မြေးငယ် မိန်းကလေး ကို တွေ့ မိ၏ ။ ထို ကလေးကား စစ်ပွဲတွင် ကျဆုံး ခဲ့ရသည့် သားတော် ၏ သမီးတော် ဖြစ်သ ဖြင့် ရှင်ဘုရင်ကြီး က လွန်စွာ ချစ်မြတ်နိုးသော မြေးငယ် ဖြစ်လေသည် ။ ထိုကလေး ၏ ဦးခေါ င်းတွင် ပတ်တီး စည်းထားသည် ကို မြင်မိ၏ ။
“ ဟဲ့ .. ငါ့ မြေးတော် ဘာဖြစ်သလဲ .. ဟင် ”
မနီးမဝေး တွင် ရှိသော မိဖုရားကြီး က “ မှန်ပါ .. လွန်ခဲ့သော ည က သူ အလွန်ချစ်သော မြင်းထိန်းကြီး နောက်သို့ လိုက်ပါတယ် ၊ မြင်းဇောင်း က မှောင် နေတော့ အညို နဲ့ အဖြူကွက်ကျား မြင်းတော် ကို ကလေးငယ် မြင်းထိန်းကြီး အမှတ် နဲ့ တကြော်ကြော် ခေါ် ပါတယ် ။ ပြန် မထူးတော့ စိတ် ကောက်ပြီး လှမ်း ပုတ် လိုက်ရာမှာ မြင်း က ကန် လိုက်၍ လဲကျပြီး ထိပ်ပေါက် သွားရခြင်းပါ ဘုရား ” ဟု လျှောက်တင်လိုက်၏ ။
“ ဟာ .. ဒီ မောင်မှန် လျှောက်တင်တာ မှန်လှချည် ကလား ၊ မှောင် ထဲ မှာ ဆိုတော့ မြေးငယ် ဟာ တစ်ခါ တည်း လူ မဟုတ်မှန်း သိသွား ရတာပေါ့ ”
ထို့နောက် .. မေးခွန်း တစ်ခု ကို နောက် တစ်နေ့ ညနေ တွင် မေး ပြန်၏ ။
“ လူ ဟာ ဘယ်အခါ မှာ စိတ် ၏ ချမ်းသာပျော်ရွှင် မှု ကို ရသလဲ ”
မောင်မှန် တို့ နှစ်ယောက် လည်း မေးခွန်း ကို မှတ်သား၍ ပြန် လာခဲ့ကြလေ၏ ။
နောက် တစ်နေ့ သို့ ရောက်သော အခါတွင် သူတို့ နှစ်ယောက် သည် ထုံးစံ အတိုင်းပင် ဆရာရသေ့ကြီး ထံ သို့ သွား၍ မေးမြန်းကြရ ပြန်၏ ။
ထိုအခါ ရသေ့ကြီး က အောက်ပါ အတိုင်း ပြောပြလိုက်၏ ။
“ ကိုယ် က ချစ်တဲ့ သူ က ကိုယ့် ကို ပြန် ချစ်ကြောင်း သိရတဲ့ အခါမှာ စိတ် ရဲ့ ပျော်ရွှင်ချမ်းသာမှု ကို ရတယ် ”
မောင်မှန် နှင့် မောင်ကလိန် တို့ လည်း ပြန်လာခဲ့ကြရာ ပထမနေ့ ကဲ့သို့ပင် ချောင်းရေများ ကျသည် နှင့် ဆုံကြ ပြန် လေ၏ ။
ဤ တစ်ကြိမ် တွင် ကား မောင်ကလိန် သည် ဝါးရုံ ဆီ သို့ ပြေး ကပ် သဖြင့် မောင်မှန် မှာ သစ်ပင်ကြီး ဆီ သို့ ကပ် ရတော့သည် ။
ခဏမျှ ကြာသည် တွင် မောင်ကလိန် သည် ဘာမပြော ညာမပြော နှင့် တစ်နေရာ ထဲတွင် ဆွေ့ဆွေ့ ခုန် လေ၏ ။ ထို့နောက်မှ ပါးစပ် က အသံ ထွက်လာသည် ။
“ အလယ်လယ် .. အာ ပါး .. ကိုက် သဟ .. ကိုက်သဟ ”
ဝါးပင်ရင်း မှ ခါချဉ်ကြီးများ စုပြုံ ထွက်ပြီး မောင်ကလိန် ကို ဖိ ကိုက်၏ ။
“ အာယိုယို .. လုပ်ကြပါဦး ၊ အမလေး ကိုက်သဟ ၊ ကိုက်နေပြီ ဟ ... ရူးရူး ”
ထိုခဏ တွင် ပင် ချောင်းရေလျှံခြင်း ပြီးဆုံး သွားသဖြင့် မောင်မှန် သည် မောင်ကလိန် ကို ပြေး လာ၍ တွဲခေါ် ကာ ချောင်း ကို ဖြတ် ကူးရသည် ။ ရေများ ကြောင့် ခါချဉ် တို့ လည်း မကိုက်နိုင်ကြတော့ချေ ။ မောင်ကလိန် လည်း သက်သာ သွား၏ ။
တစ်ဖက်ကမ်း သို့ ရောက်လျှင် ဒေါ်ဒေါင်းမြီး ထံသို့ ဝင်ကြ ပြန်၏ ။
“ ဒီ တစ်ခါ ဖျော်ရည် မတိုက်ပါနဲ့ ”
မောင်ကလိန် က ဤသို့ အစချီ၍ မနေ့က အကြောင်း များ ကို ပြောပြ၏ ။ ဒေါ်ဒေါင်းမြီး က ဤတစ်ကြိမ် တွင် မူ မုန့်လုံးကြီး တစ်ယောက် တစ်လုံး စီ ကျွေး လိုက်၏ ။ စီစဉ် ထားသည့် အတိုင်းပင် မောင်မှန် ၏ မုန့် ထဲ တွင် သတိမေ့ ဆေး ကို ထည့်ကျွေး၏ ။
မောင်မှန် က စားမိ၏ ။
ရှင်ဘုရင် ရှေ့တော် သို့ ရောက် လျှင် မောင်မှန် ကို ပင် စတင် ၍ ဖြေ စေရန် မောင်ကလိန် က ပြော၏ ။ ရှင်ဘုရင် သဘောတူ၏ ။
“ ကိုင်း .. မောင်မှန် ဖြေစမ်း ၊ လူ ဟာ ဘယ် အခါမှာ စိတ် ၏ ချမ်းသာပျော်ရွှင်မှု ကို ရသလဲ ”
ဤသို့ ပြော ပြီးပြီးချင်း ပင် ရှင်ဘုရင် ၏ ဝမ်းထဲ တွင် ရစ် လာလေ၏ ။ သို့သော် ဖြေဆိုပွဲ ပြီးအောင် စောင့်ရမည် ဖြစ်၍ ဝမ်း မသွားနိုင်သေး အောင့်အည်း ထားရသည် ။
မောင်မှန် မှာ ပြူးကြောင်ကြောင် ဖြစ်သွား၏ ။ ရသေ့ကြီး သင်ကြားလိုက် သမျှ မေ့နေပေပြီ ။
“ ဖြေလေကွာ မြန်မြန် ”
ရှင်ဘုရင်ကြီး က လည်း နောက်ဖေး သွားချင် သဖြင့် လော၏ ။ မောင်မှန် မှာ ခေါင်းကို ကုတ်မိ၏ ။ ကိုယ့် အား ကိုယ် ကိုး ၍ ဖြေရပေတော့မည် ။
ရှင်ဘုရင်ကြီး လည်း ချွေးတွေ ပြန် လာပြီ ။
“ ဟေ့ .. လုပ်လေကွာ ၊ အာပါး ကြာလှချည်လား ”
ရှင်ဘုရင်ကြီး လည်း ခါးကြီး ကို ဘယ်ဘက် လိမ် လိုက် ညာဘက် လိမ် လိုက် နှင့် ဂဏှာမငြိမ် ဖြစ်ရာ က အတင်း တိုက်တွန်း လိုက်၏ ။
မောင်မှန် လည်း ကြောက်ကြောက် နှင့် တတ်စွမ်း သရွေ့ ဖြေ လိုက်ရတော့သည် ။
“ လူ ဟာ နောက်ဖေး သွားချင်နေတုန်း မှာ သွားလိုက် ရရင် စိတ် ၏ ချမ်းသာပျော်ရွှင်မှု ကို ရပါတယ် ”
“ မောင်ကလိန် မြန်မြန် ဖြေလေ ”
မောင်ကလိန် ကား ရွှင်လန်းအားရစွာ နှင့် ဖြေ လေ၏ ။
“ ကိုယ့် ချစ်ရတဲ့ သူ က ကိုယ့် ကို ပြန် ချစ်ကြောင်း သိရ တဲ့ အခါ စိတ် ရဲ့ ချမ်းသာပျော်ရွှင်မူ ကို ရပါတယ် ”
ရှင်ဘုရင်ကြီး သည် လက်ညိုး တငေါက်ငေါက် ထိုး ရင်း “ အေး ငါ လည်း အရင်က အဲဒီလို ထင်ခဲ့တာပဲကွ ၊ ဒါပေမဲ့ မဟုတ်ဘူး ၊ မိဖုရားကြီး ကို ငါ ချစ်တယ် .. မိဖုရား ကြီး က လည်း ငါ့ ကို ချစ်တာ သိရတယ် ။ ဒါပေမဲ့ ခုလောလောဆယ် တော့ မပျော်နိုင်ဘူး ဟေ့ ဗိုက် ထဲ က နာ နေလို့ စိတ်ညစ် နေတယ် ။ ဒီတော့ မောင်မှန် ဖြေတာ မှန်တယ် ၊ ငါ လည်း လစ်ပြီ ” ဟု ပြောရင်း မတ်တတ် ရပ်ရန် ပြင်၏ ။
ဘုန်းတော်ကြီး က “ ဟေ့ .. နောက် မေးခွန်း တစ်ခု လေကွာ ” ဟု သတိပေး မှ ရှင်ဘုရင်ကြီး လည်း ကပျာကယာ နောက်ထပ် မေးခွန်း တစ်ခု ကို ထပ်၍ မေးရလေသည် ။
“ လူတွေ ဟာ အဝါရောင် ကြောင့် ချမ်းသာတယ် ၊ ဒါပေမဲ့ အဝါရောင် ကြောင့်ပဲ ဆင်းရဲရတာပဲ ၊ အဲဒါ ဘာကို ဆိုလိုသလဲ ”
မေးခွန်း မေးပြီး ပြီးချင်းပင် ရှင်ဘုရင်ကြီး သည် ထ ပြေး လေတော့၏ ။ ထို့နောက် တွင် ရှင်ဘုရင်ကြီး သည် စိတ် ၏ ချမ်းသာပျော်ရွှင်မှု ကို ရ နေလေသည် ။
နောက် တစ်နေ့ တွင် မောင်မှန် နှင့် မောင်ကလိန် တို့ သည် ဆရာ ရသေ့ကြီး ထံပါး တွင် ရောက် နေကြပြန်၏ ။
“ ငါ က ရှင်ဘုရင်ကြီး ရဲ့ စိတ်ကူး ကို ပညာ နဲ့ မှန်းဆပြီး ပြောပြတာပဲ ၊ ဒါပေမဲ့ ရှင်ဘုရင်ကြီး က ချက်ချင်း ချက်ချင်း စိတ်ကူး ပြောင်း လေတော့ မောင်မှန် ရမ်းပြော တာ က မှန် မှန် နေတယ် ၊ ဒါကို ထောက်ရင် ကိုယ့်အား ကိုယ်ကိုး တာ ကို ကံ က ကြိုက်တယ် ထင်တယ် ။ မောင်မှန် ကံကောင်းနေတာပဲ ကြည့်တော့ ”
သို့သော် မောင်ကလိန် က ဆရာရသေ့ကြီး ကပင် ရှင်ဘုရင်ကြီး ၏ စိတ်ကူး ကို မှန်းဆ၍ ဖြေပေးပါ ဟု တောင်းပန် သဖြင့် ရသေ့ကြီး က ဖြေကြားပေးရလေသည် ။
“ ရွှေ ဟာ အဝါရောင် ရှိတယ် မဟုတ်လား ။ ဒီ ရွှေ များများ ရှိရင် ချမ်းသာတဲ့ လူလို့ ခေါ်တယ် ။ ရွှေ ကြောင့် လူ ဟာ ချမ်းသာတာပေါ့ ။ ဒါပေမဲ့ ဒီ ရွှေကြောင့်ပဲ လူတွေ ဟာ လောဘ ကြီးလာတယ် ၊ ဒေါသ ကြီးလာတယ် ။ နှမြော တွန့်တို လာကြတယ် ။ ရွှေ ကြောင့် ပဲ ဆင်းရဲရတာပဲ ။ ဒါကို ဆိုလိုတာ ”
မောင်ကလိန် တို့ နှစ်ယောက် ရသေ့ကြီး ကို ရှိခိုး ၍ ပြန်လာ၏ ။
ယခု အကြိမ်တွင် မူ ကား ချောင်းရေ သည် လျှံ မနေ တော့ချေ ။ ထို့ကြောင့်ပင် သူတို့နှစ်ယောက် လွယ်ကူစွာ ချောင်း ကို ကူးနိုင်၏ ။
ဤ တစ်ကြိမ် တွင် လည်း ဒေါ်ဒေါင်းမြီး ၏ အိမ် သို့ ဝင် ၍ မုန့် စားကြပြန်၏ ။ ဒေါ်ဒေါင်းမြီး က လည်း မောင်မှန် ကို ဆေး ထည့်၍ ကျွေး ပြန်လေသည် ။ သို့ကြောင့် မောင်မှန် သည် ဘုရင်ကြီး ရှေ့ တွင် အဖြေ ကို မေ့ နေ၍ ကျိတိကြောင်တောင် ဖြစ်နေ၏ ။ ခေါင်း ကို ကုတ်လိုက် ဟိုကြည့် ဒီကြည့် လုပ်လိုက်နှင့် ဖြစ်နေ လေ ရာ ရှင်ဘုရင်ကြီး က စိတ်တို လာ၏ ။
“ တယ် .. ဒီ ကောင် ဟာ မေးခွန်း ဖြေပါ ဆိုတာ ငါ့ ရှေ့ လာပြီး သူငယ်နာကြော ဆွဲနေရသလားကွ ”
ရှင်ဘုရင်ကြီး က ကြိမ်း သဖြင့် မောင်မှန် သည် ဖြေ စရာ ကို ကမန်းကတန်း စဉ်းစား၏ ။ မရချေ ။
“ ဒီ တစ်ကြိမ် မှာ မောင်ကလိန် ကို အရင် ဖြေခိုင်းပါ ဘုရား ”
ရှင်ဘုရင်ကြီး က သဘော တူ သဖြင့် မောင်ကလိန် ကို ဖြေခိုင်း၏ ။ မောင်ကလိန် က “ အဖြေချင်း တူ ရင် အရင် ဖြေတဲ့ သူ ကို အမှန် ပေးပါဘုရား ” ဟု လျှောက်တင်ရာ ရှင်ဘုရင်ကြီး က ခေါင်းညိတ် လိုက်၏ ။
“ မှန်ပါ .. ဖြေပါတော့မယ် ။ လူ တွေ ဟာ ရွှေ ကြောင့် ချမ်းသာကြတယ် ။ ရွှေ ကြောင့် ပဲ ဆင်းရဲဒုက္ခ ရောက်ရပါ တယ် ”
မောင်ကလိန် ၏ အဖြေ မှာ မိမိ ဝမ်းထဲ က အဖြေ နှင့် ထပ်တူ ထပ်မျှ ကိုက်ညီ သဖြင့် ရှင်ဘုရင်ကြီး မှာ ဝမ်းသာ အားရ နှင့် မိမိ ပေါင် ကို မိမိ ပုတ် လိုက်မိ၏ ။ ပြီးမှ မောင်မှန် မဖြေရသေးသည် ကို သတိရပြီး စိတ် ကို ထိန်း ထားလိုက်ရသည် ။
“ ကဲ .. မောင်မှန် ဖြေစမ်း ”
မောင်မှန် မှာ ဟိုကြည့် ဒီကြည့် ကြည့် လိုက်ရာ အနား မှ ဘုန်းတော်ကြီး ကို ရုတ်တရက် သတိ ပြုမိကာ .. လက်ညှိုးကြီး တငေါက်ငေါက် နှင့် ထိုး လိုက်၏ ။ ထို ဘုန်းတော်ကြီး မှာလည်း အလန့်တကြား ဖြစ်ကာ သူ့ ကိုယ် သူ ငုံ့ ကြည့်ပြီး မောင်မှန်ကို ပြန်ကြည့်၏ ။
“ ဘာလဲကွ ... ဘာလဲ ၊ ငါ က ဘာဖြစ် နေလို့လဲ ”
“ ဘာလဲကွ မင်း က လည်း လက်ညှိုး တစ်ထိုး ထဲ ထိုး နေတာပဲ ငါ က ဘာဖြစ်နေလို့တုံးဟ ”
“ သင်္ကန်း ဘုရာ့ .. သင်္ကန်း ”
ဘုန်းတော်ကြီး က သူ့ သင်္ကန်း ကို ကိုင် ပြ၏ ။
“ သင်္ကန်း လေ .. ဘာဖြစ်သလဲ ၊ ဒါ သင်္ကန်း ပေါ့ ၊ ဟေ့ကောင် ဘုန်းကြီး ပါ ဆိုမှ သင်္ကန်း နဲ့ ပေါ့ကွ ၊ သိုးမွေး အင်္ကျီတွေ ဒက်စလွယ်တွေ ဝတ်ထားရမှာလားကွ ဟေ ”
ဤတွင် မှ မောင်မှန် မှာ လည်း ဖြေစရာ ရှာ ၍ တွေ့ တော့သည် ။
“ အ၀ါရောင် ဆိုတာ သင်္ကန်း ပေါ့ .... သံဃာတော် တွေ ကြောင့် လူတွေ ဟာ အမြိုက်နိဗ္ဗာန် ကို ရလွယ်ကြပါတယ် ။ ဒါပေမဲ့ သံဃာတော် ကို ပဲ ပြစ်မှား မိရင် အလွန် ကြီးလေးသော ငရဲဆင်းရဲ ကို ခံစားရပါတယ် ။ ဒါကို ရှောင်ကြဉ်ဖို့ ဆုံးမတဲ့ စကားပါ ”
မောင်မှန် ၏ အဖြေ ကို ကြားရသော အခါ ဘုန်းတော်ကြီး မှာ ကျေနပ်လှ သဖြင့် ပေါင် ကို ပုတ်မိ၏ ။
“ မှန်သဟေ့ .. မှန်တယ် ”
ဤတွင် ရှင်ဘုရင်ကြီး က မကျေနပ်သဖြင့် “ မှန်ပါ.. တပည့်တော် မေးလိုရင်းက ” ဟု ပြောကာ ရှိသေး ဘုန်းတော်ကြီး က -
“ ဟိတ် ... တိတ် ၊ စကားကြော မရှည်နဲ့ မောင်မှန် ပြော တာ မှန်တယ် ၊ မင်း က မကျေနပ်ဘူးလား ။ တယ် ... ငါ ထိပ် ခေါက်လိုက်ရ ” ဟု ပစ်ကြိမ်း လိုက်ရာ ရှင်ဘုရင် ကြီး မှာ ကုပ် သွားရလေ၏ ။
ဤသို့ဖြင့် ကိုယ့်အား ကိုယ် ကိုး သော မောင်မှန် သည် အောင်ပွဲ ရ သွားလေတော့သည် ။
ရှင်ဘုရင်ကြီး လည်း ကတိ ရှိသည့် အတိုင်း မောင်မှန် ကို သမီးတော် နှင့် ထိမ်းမြားပြီး လျှင် အိမ်ရှေ့မင်းသား အရာ ပေးလေသည် ။
မောင်ကလိန် ကို ကြိမ်ဒဏ် ခတ်၍ ပြည်နှင်ဒဏ် ပေး မည် ပြုရာ မောင်မှန် က ဝင်၍ တောင်းပန်၏ ။ မောင်ကလိန် သည် လည်း နောင်တ ကြီးစွာ ရပြီ ဖြစ်၍ ဉာဏ်နီ ဉာဏ်နက်များ ဆင်ခြင်း ကို စွန့်လွှတ် လိုက် ရာ ရှင်ဘုရင်ကြီး က လည်း ပြည်နှင်ဒဏ် မပေးတော့ချေ ။
တာဝတိံသာ နတ်ပြည် မှ လူ့ပြည် သို့ ငုံ့ကြည့် နေကြ ကုန်သော နတ်တို့ သည် ခါးများ ကို ပြန်၍ မတ် လိုက်ကြ သည် ။
ကြမ္မာဒေဝီ သည် လက်မကလေး ထောင်၍ ဉာဏ်ပလီ နတ်သား ကို စေ့စေ့ ကြည့်ရင်း ပြောလိုက်၏ ။
“ အို ဉာဏ်ပလီ ၊ သင် ရှုံးပြီ ”
ဉာဏ်ပလီ နတ်သား သည် ရှက်လှ သဖြင့် ပုဆိုး ခါးပုံစ ဖြင့် ဦးခေါင်း တစ်ခုလုံး ကို စွပ်ကာ နတ်သဘင် အစည်းအဝေး မှ ကုပ်ကုပ်ကုပ်ကုပ် နှင့် သုတ်ခြေတင် ပြေး သွားလေတော့သည် ။
◾ ကြပ်ကလေး
📖 ပျော်ရွှင်ဖွယ် ဟာသပုံပြင်များ ပေါင်းချုပ် ( ပထမတွဲ )
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment