Wednesday, January 24, 2024

ကျိန်စာသင့်သောအိမ်ကြီး၏ မှတ်တမ်း ( ၂ )


 

ထို့ကြောင့် ကျွန်ုပ် လည်း ဂါတ် ဆီ သို့ ဦးတည် ၍ မောင်းနှင်ရ လေ၏ ။ ဂါတ် သို့ ရောက် လျှင် ကျွန်ုပ် ၏ ဖခင် သည် ဌာနာအုပ် နှင့် ဝင်၍ တွေ့ကာ အကျိုးအကြောင်း ပြော လေ၏ ။ ထိုအခါ ဌာနာအုပ် က

“ ဒီလိုရှိတယ် ဦး ရယ် ၊ အိမ်ရှင်အိမ်ငှား ကိစ္စ ဆိုတာ ကျွန်တော် တို့ ဝင်လို့ မကောင်းဘူး ။ ဦး မကျေ နပ် ရင် ရုံးတော် က နေ တရားစွဲ ပါ ။ ရုံး က နှင်မိန့် ရ ရင်တော့ အိမ်ငှားတွေ ကို ကျွန်တော်တို့ နှင်ပေးပါ့မယ် ”

ဟု ပြောလေ တော့၏ ။

ထိုအခါ ကျွန်ုပ် ၏ ဖခင် က

“ ကျုပ် အခု ရာဇဝတ်အုပ်မင်း ကို လာပြီး ပြောတာ က အိမ်ရှင်အိမ်ငှား ကိစ္စ မဟုတ်ဘူး ။ ချစ်တီးကု,လား ကို ဘာမှ မဆိုင်တဲ့ ကျောင်းဆရာ က ဝင်ပြီး လက်သီး နဲ့ ထိုးတဲ့ ကိစ္စကို လာပြီး တိုင်နေတာ ”

ဟု ပြော လိုက်ရာ ဌာနာအုပ် က

“ ကျွန်တော်တို့ ဂါတ် မှာ အလွန် ပဲ အလုပ် များ ပါတယ် ။ ဓားခုတ်မှု လုယက်မှု ၊ ဒမြမှုတွေ အများကြီး အလုပ် လုပ် နေပါတယ် ။ တစ်ဦး နဲ့ တစ်ဦး စကား များ လာပြီး လက်သီး နဲ့ ထိုးတာ လောက် ကို တော့ အမှု လာ ပြီး မလုပ်ကြပါနဲ့ လို့ တောင်းပန်ပါရစေ ”

ဟု ပြောလေ၏ ။ ထိုအခါ ကျွန်ုပ် ၏ ဖခင် က

“ လက်သီး နဲ့ ထိုးတာ က ဖူးရုံ ၊ ရောင်ရုံ တင် ဖြစ်တာ မဟုတ်ဘူး ။ သွား နှစ်ချောင်း တောင် ကျွတ် သွားတာ ဌာနာအုပ်မင်း ရဲ့ ”

ဟု ပြောရာ ဌာနာအုပ် က ...

“ သွားနှစ်ချောင်း ကျွတ်တာ အရေးမကြီးပါဘူး ။ ခင်ဗျား သွားကိုက် ရင် တောင် နုတ် ပစ်ရသေးတာပဲ ။ ကျွန်တော့် ပါးစပ် ထဲ က သွား လေးချောင်း တောင် ပြီးခဲ့တဲ့ လ က သွားပိုးစား တာ နဲ့ နုတ် ပစ်ရသေးတယ် ဒီလောက် နဲ့တော့ အမှု မလုပ်ပါနဲ့ဗျာ ”

ဟု ပြော လေ၏ ။

“ ဒီလို လုပ်ပါ ဌာနာအုပ်မင်း ရယ် ။ အမှု မလုပ်ချင်ရင်လဲ နေပါ ။ သင့်တော် သလို တော့ ဒီကောင့် ကိုခေါ်ပြီး ဆုံးမ ပေးစမ်းပါ ။ ဟောဒီမှာ ငွေနှစ်ရာ ။ ဌာနာအုပ်မင်း ကို လာဘ်ပေးတာ မဟုတ်ပါဘူး ။ မျှမျှတတ စဉ်းစားတတ် တဲ့ ဌာနာအုပ်မင်း ရဲ့ နာယကဂုဏ် ကို ပူဇော် တာပါ ။ နောက် ကို လဲ ပူဇော်ပါဦးမယ် ”

ဟု ကျွန်ုပ် ၏ ဖခင် က ပြော၍ ငွေနှစ်ရာ ကို ထုတ်ပြီး ဌာနာအုပ် ၏ ရှေ့ရှိ စားပွဲ ပေါ် သို့ တင်ပေး လိုက် ရာ ဌာနာအုပ်ကြီး သည် ထို ငွေ ကို ကောက်ယူ ၍ အိတ် ထဲ သို့ ထည့်ပြီး လျှင်

“ နေစမ်းပါဦး ဦး ရဲ့ ။ အဲဒီ ကျောင်းဆရာ က ဘယ်မှာ နေတာတုံး ”

ဟု  ဌာနာအုပ် က မေးလေ၏ ။

“ နေတာတော့ ကျုပ် မသိဘူး ။ သူ က အဲဒီ တန်းလျား မှာ ရှိတဲ့ ကလေးတွေ ကို စာ လာပြီးသင်တာလို့ ပြောတာပဲ ”

ဟု ကျွန်ုပ် ၏ ဖခင် က ပြော လိုက် လျှင်

“ အို သိပြီ သိပြီ ။ သူ က  အိမ်ငှားဆင်းရဲသားတွေ ဘက် က ရပ်တည်တဲ့ သဘောပေါ့ ။ ဒီလိုဆိုရင် ဒီကောင် ဟာ ရိုးရိုး တောင် မဟုတ်ဘူး ။ နိုင်ငံရေး နဲ့ နွယ် နေတယ် ။ ဗြိတိသျှအစိုးရ ကို ဆန့်ကျင် ထောင်ထားမယ့် သဘော တောင် ပါနေတယ် ။ ဒါကို ပေါ့ပေါ့ တွက်လို့ မရဘူး ။ ဒီကောင်မျိုး ကို ဦးကျိုး သွားအောင် စောစော ကတည်း က နှိမ်ထား မှ ၊ အကောင် ကြီး လာရင် ဒုက္ခ ပေးလိမ့်မယ် ။ ဒါဟာ ဆင်းရဲသားတွေ ကို ဘက်ဂရောင်း ယူတဲ့ သဘောပဲ ”

ဟု ဌာနာအုပ်ကြီး က စိတ်အား တက်ကြွစွာ ပြော လေတော့၏ ။ ထိုအခါ ကျွန်ုပ် ၏ ဖခင် က

“ ဒါကို ပြောတာပေါ့ ဌာနာအုပ်မင်း ရယ် ။ ဒီကောင်မျိုးလေးတွေ ကို အစွယ် ချိုး မထားရင် နောင် ကို ခက်လိမ့်မယ် ”

ဟု ပြန်၍ ပြောလျှင် ဌာနာအုပ်ကြီး က

“ စိတ်ချပါ ဦး ။ ဒီကောင့် ကို အခုပဲ သွားပြီး ဖမ်းခိုင်း လိုက်ပါ့မယ် ” ဟု ကတိ ပေးပြီး လျှင် ပုလိပ် နှစ်ဦး အား နေရပ်လိပ်စာ ကို ပြောဆို၍ ထို လူငယ် အား ဖမ်းဆီးရန် စေခိုင်း လိုက်လေတော့၏ ။

များမကြာမီ၌ ပင် ပုလိပ်များ သည် ထို လူငယ် ကို လက်ထိတ် ခတ်၍ ဂါတ် သို့ ခေါ်ဆောင်ခဲ့ကြ ပြီး လျှင် ဌာနာအုပ် ထံ သို့ အပ်နှံ လိုက်လေတော့၏ ။

ဌာနာအုပ် သည် ထို လူငယ် ကို မြင်လျှင် မြင်ချင်း

“ ဟေ့ကောင် ဗြိတိသျှအစိုးရ ကို ဆန့်ကျင်ဘက် လုပ်နေတဲ့ လူစားမျိုးလား ”

ဟု မေး လိုက်လေ၏ ။

“ ကျုပ် ဟာ ဘယ်သူ့ ကို မှ ဆန့်ကျင်ဘက် မလုပ်ဘူး ။ ဒါပေမဲ့ အင်္ဂလိပ်အစိုးရ ရဲ့ မဝရေစာ လခ ကို မစားတဲ့ အတွက် အင်္ဂလိပ် ရဲ့ ကျွန် လဲ မဟုတ်ဘူး ။ ဘယ်သူ့ ကျွန် မှ လဲ မဟုတ်ဘူး ။ အဲ့ဒီတော့ ကျုပ် ဟာ သခင် လို့ ရဲရဲတင်းတင်း ဝန်ခံနိုင်တဲ့ လူ တစ်ယောက် ပဲ ”

ဟု ထို လူငယ် က ဣန္ဒြေရ စွာ ပြန်၍ ဖြေ လိုက်လေ၏ ။

ထိုအခါ ဌာနာအုပ်ကြီး သည် လွန်စွာ ဒေါပွ၍ သွား လေတော့သည် ။

“ မကြာခင် မင်း ငါ့ အကြောင်း သိရမယ် ”

ဟု ကြိမ်း လိုက်ရာ ထို သူငယ် က

“ ဒီ မှာ ဌာနာအုပ်ကြီး ။ ဒီ စကား ဟာ မြန်မာ အချင်းချင်း ပြောရမယ့် စကား မဟုတ်ဘူး ။ လူမျိုးခြား နဲ့ ကျ မှ ပြောရမှာ ။ ပြီးတော့ ကျုပ် ကို ဘာဖြစ်လို့ လက်ထိတ် ခတ်တယ် ၊ ဘာဖြစ်လို့ ဖမ်းဆီးတယ် ဆိုတာလဲ ပြောပြပါဦး ။ ဥပဒေ နဲ့ မညီညွတ် ရင်တော့ ခင်ဗျား ကို ကျုပ် က တရား စွဲ ရလိမ့်မယ် ။ အခုအခါ မှာ မျိုးချစ်စိတ်ဓာတ် ရှိတဲ့ ဝတ်လုံတော်တွေ အများကြီး ပေါ်ပေါက်နေပြီ ။ ဆင်းရဲသားတွေ ဘက် က အမှုလိုက်ခ မယူဘဲ တရားခွင် မှာ ဆောင်ရွက် ပေးနေကြပြီး အသွား မတော် ရင် တစ်လှမ်း ၊ အဖမ်း မတော်ရင် တစ်ယောက် တည်း နဲ့ အလုပ် ပြုတ် သွားနိုင်တယ် နော် ။ ကြည့်လဲ လုပ်ပါဦး ”

ဟု လူငယ် က ပြန်၍ ပြော လိုက်ရာ ဌာနာအုပ်ကြီး သည် တရှူးရှူး တရှားရှား ဖြစ်သွားလေတော့၏ ။

ထို့နောက် ဌာနာအုပ်ကြီး သည် ၎င်း ၏ ဂါတ်စာရေး အား ခေါ်ယူ ပြီးလျှင် တီးတိုး ပြောဆိုလိုက်လေ၏ ။ ဂါတ်စာရေး လည်း ဌာနာအုပ်ကြီး ပြောဆိုသည် ကို ဂရုစိုက် နားထောင်ပြီး လျှင် “ စိတ်ချပါ ဆရာ ” ဟု ဆိုကာ ဆလံ ပေး၍ ထွက်သွား လေတော့၏ ။ ဂါတ်စာရေး ထွက်သွားပြီး များမကြာမီ ၌ ကျွန်ုပ်တို့ အား ဌာနာအုပ်ကြီး က တစ်နေရာ သို့ ခေါ် သွားလေ၏ ။ ပြီးလျှင် ခုံတန်းရှည် တစ်ခု ကို ၎င်း ကိုယ်တိုင် ရွှေ့၍ ကျွန်ုပ် တို့ အား “ ထိုင်ကြပါ ၊ ထိုင်ကြပါ ” ဟု ရိုသေစွာ ပြောလေ၏ ။

ထိုအခါ ကျွန်ုပ် ၏ ဖခင် က

“ ဘာကိစ္စ ကျုပ်တို့ ကို ဒီမှာ ထိုင် ခိုင်းရတာတုံး ဌာနာအုပ်မင်း ရဲ့ ”

ဟု မေး လိုက်လေ၏ ။ ထိုအခါ ဌာနာအုပ် က ၎င်း ၏ အိတ် အတွင်း မှ စီးကရက်ဘူး ကို ထုတ် ၍ ကျွန်ုပ်တို့ အား စီးကရက် ဖြင့် ဧည့်ခံ၏ ။ ကျွန်ုပ် နှင့် ကျွန်ုပ် ၏ ဖခင် က မသောက်လိုကြောင်း ငြင်းဆန် သော်လည်း အလကား ရ လျင် ဘာမဆို မငြင်းသော ချစ်တီးကု,လား က စီးကရက် တစ်လိပ် ကို ယူ၍ သောက် လေ၏ ။ ဌာနာအုပ်ကြီး ကိုယ်တိုင် လည်း စီးကရက် တစ်လိပ် ကို ဘူး မှနှိုက် ၍ ထို ခေတ် ပြည့်တန်ဆာခေါင်းများ သောက်သည့် အိုက်တင် ဖြင့် စီးကရက် ကို သောက်ရင်း  ။

“ ဒီလိုပါ ဦး ရယ် ။ ဦးတို့ ကို ဘိုင်စကုတ် ပြချင်လို့ပါ ”

ဟု ပြောလေ၏ ။

“ ဘိုင်စကုတ် မကြည့်ချင်ပါဘူး ဌာနာအုပ်မင်း ရယ် ”

ဟု ကျွန်ုပ် ၏ ဖခင် က ပျာပျာသလဲ ငြင်းဆို လေ၏ ။ သို့ရာတွင် ဌာနာအုပ်ကြီး က ပြုံးဖြီးဖြီး မျက်နှာ ဖြင့်

“ ဒီလိုပါ ဦး ရဲ့ ။ ဟောဟိုမှာ လှမ်းပြီး မြင်နေရတဲ့ အခန်း ဟာ အချုပ်ခန်း ပဲ ”

ဟု ပြောလိုက်လျှင် ကျွန်ုပ် ၏ ဖခင် က

“ အင်း ဟုတ်သားပဲ ။ အချုပ်ခန်း ထဲ မှာ တရားခံ တစ်ယောက် တောင် ရှိနေပါလား ”

ဟု ပြန်၍ ပြောလေ၏ ။

“ အဲဒီ တရားခံ ဟာ နာမည်ကြီး လူမိုက် တစ်ယောက် ပဲ ။ သူ့ နာမည် က ထွန်းတင် လို့ ခေါ်တယ် ။ ဒီ အပိုင် မှာ တော့ သူ့ ကို လှန်ဝံ့တဲ့ ကောင် မရှိဘူး ”

ဟု ဌာနာအုပ်ကြီး က ပြောလိုက်လေ၏ ။

ထိုအခါ ကျွန်ုပ် ၏ ဖခင် က

“ အင်းလေ ကျုပ်တို့ မှာ ဒီ လူမိုက် ကို ဘယ့် အတွက် ဒီမှာ ထိုင်ပြီး ဖူးမြော်မှာတုံး ”

ဟု ပြန်၍ မေး လိုက် လျှင် ဌာနာအုပ်ကြီး သည် သဘောကျ လွန်း၍ တဟားဟား နှင့် ရယ်မော လေတော့၏ ။

“ ဒီလို ဦး ရဲ့ စောစောက ကောင် ကို ကျွန်တော်တို့ ရိုက်လို့ မဖြစ်ဘူး ။ ဒီကောင် ဟာ အတော် လူရည်လည်ပုံ ရတယ် ။ အဲဒီတော့ ကျွန်တော့် ဂါတ်စာရေးကြီး က အချုပ်ခန်း ထဲ က လူမိုက်ထွန်းတင်ကြီး ကို အကျိုးအကြောင်း လာပြီး ပြောထား ပြီးပြီ ။ ခဏကြာရင် ဟိုကောင့် ကို အချုပ်ခန်း ထဲ သွင်း လိုက်မယ် ။ အဲဒီ အခါမှာ ဒီကောင်ကြီး က ဟိုကောင်လေး ကို ရေရေလည်လည် ပယ်ပယ်နယ်နယ် နှိပ်စက် လိမ့်မယ် ။ အဲဒီတော့ ကျွန်တော်တို့တွေ အဖို့ တာဝန် လဲ ကင်း တာပေါ့ဗျာ ။ သူတို့ အချုပ်သားတွေ ရိုက်တာ ဆိုတော့ ကျွန်တော် တို့ မှာ အပြစ် မရှိဘူးပေါ့ ”

ဟု ဌာနာအုပ် က ရှင်းပြ လေ၏ ။

“ ဌာနာအုပ်မင်း ပြော တာတော့ ဟုတ်ပါပြီ ။ ဒီ ထွန်းတင် ဆိုတဲ့ ကောင်ကြီး က ဟိုကောင့် ကို နှိပ်စက်ဖို့ မှာ ထားတယ် ဆိုတာ လက်ခံပါတယ် ။ ဟိုကောင်ကလေး က ဒီ အတိုင်း ငြိမ်ပြီး ခံနေ မတဲ့လား ။ ပြန် မလုပ်တော့ဘူးလား ”

ဟု ကျွန်ုပ် ၏ ဖခင် က မေးလေ၏ ။

“ ပြန်လုပ်ဖို့ ဘယ် ဖြစ်နိုင်ပါ့မလဲ ဦး ရယ် ။ ထွန်းတင် ဆိုတဲ့ ကောင် ကို လဲ ကြည့်ပါဦး ။ တကယ့် ကို သရဲတစ္ဆေ ကျနေတာပဲ ”

ဟု ဆိုကာ ဌာနာအုပ်ကြီး သည် အချုပ်ခန်း ဆီ သို့ သွားပြီး လျှင် အချုပ်ခန်း အတွင်း မှ အချုပ်သားကြီး အား

“ ဟေ့ ထွန်းတင် ။ မတ်တတ် ရပ်စမ်း ”

ဟု ခိုင်း လိုက်ရာ အချုပ်သားကြီး သည် မတ်တတ် ရပ်လေ၏ ။ ထိုအခါ ကျွန်ုပ် ၏ ဖခင် က

“ ဟာ တယ်ကြီးတဲ့ ကောင်ကြီးပါလား ။ အရပ် ကလဲ ခြောက်ပေ လောက်ရှိ မယ်ဟေ့ ။ ကိုယ်လုံးကြီး ကလဲ တုတ်ခိုင်လိုက်တာ လွန်ပါ ရော ။ ဌာနာအုပ်မင်း ပြောတာ မှန်ပါတယ် ။ ဒီကောင်မျိုးကြီး နဲ့ တွေ့ရင်တော့ ဟိုကောင်ကလေး ဟာ ဘယ် ခံနိုင်ပါ့မလဲ ဟေ ဟေ့ ”

ဟု ကျေနပ်ဝမ်းမြောက်စွာ ရေရွတ် လိုက်လေ၏ ။ ထို အချိန်၌ မှာ ပင် ဌာနာအုပ်ကြီး က အချုပ်သားကြီး အား

“ ဟေ့ ထွန်းတင်ကြီး ၊ ဘယ်လိုလဲကွ ”

ဟု မေး လိုက်ရာ အချုပ်သားကြီး က

“ ဌာနာအုပ်မင်းဘုရား က ကျွန်တော်မျိုးကို စိတ်မချလို့ မေးနေတာလား ။ ဒါမျိုးတွေ လုပ်လာတာ ကြာပါပြီ ခင်ဗျာ ”

ဟု ပြန်၍ ဖြေလေ၏ ။

ဌာနာအုပ်ကြီး လည်း ကျွန်ုပ် တို့ ထံသို့ ပြန်၍ လျှောက်လာ လေ၏ ။

ထိုအချိန်၌ မှာ ပင် ပုလိပ် နှစ်ဦး သည် လူငယ် အား အချုပ်ခန်း ဆီသို့ ခေါ်လာ ပြီး လျှင် လက်ထိတ် ကို ဖြုတ် ၍ အချုပ်ခန်း တွင်း သို့ သွင်းကာ တံခါး ကို “ ဂျိုင်းခနဲ ” ပိတ်၍ သွား လေတော့၏ ။ လူငယ် လည်း အချုပ်ခန်း တွင်း သို့ ရောက်၍ သွား လေ၏ ။ လူငယ် က ထွန်းတင်ကြီး အား ပြုံး၍ ပြလေ၏ ။ ထွန်းတင်ကြီး က လူငယ် အား စားတော့ဝါးတော့မည့် မျက်နှာ ဖြင့် ကြည့် ကာ

“ ဟေ့ကောင် ဟောဟို ဂန်ဖလား ထဲ မှာ ငါ ပေါက်ထားတဲ့ သေးတွေ ရှိတယ် အဲဒါကို သောက်စမ်း ။ မသောက် ရင် မင်း ခေါင်း ကို သံတိုင် နဲ့ ဆောင့်ပစ်မယ် ။ မင်း ငါ့ ကို သိသလား ။ လန်ဘားထွန်းတင် ဆိုတာ ငါပဲ ။ ဒီ တစ်ပိုင် မှာ ငါ့ ကို မော့ ကြည့်ဝံ့ တဲ့ ကောင် တစ်ယောက် မှ မမွေးသေးဘူး ”

ဟု ပြော လိုက်ရာ လူငယ် က

“ အချင်းချင်း မနှိပ်စက်ချင်ပါနဲ့ ဗျာ ။ ခင်ဗျား လဲ အချုပ်သား ။ ကျုပ် လဲ အချုပ်သားပါ ပဲ ”

ဟု ပြန်၍ ပြောလေ၏ ။

“ မင်း က ငါ့ ကို တရားဟော မလို့လား ။ ခွေးမျိုး ငါ့ သေး ကို ငါ ကိုယ်တိုင် မင်း ကို တိုက်မယ် ”

ဟု ဆိုကာ ထွန်းတင်ကြီး သည် လူငယ် ၏ လည်ကုပ် ကို ၎င်း ၏ လက်ကြီး ဖြင့် ဖမ်း ၍ ဆုပ်ကိုင် လေတော့၏ ။

လူငယ် သည် အလိုက်သင့် ငုံ့ ပေး လိုက် ပြီးလျှင် ထွန်းတင်ကြီး ၏ ရင်ဝ ကို တံတောင် ဖြင့် တွက်လိုက်ရာ ထွန်းတင်ကြီး သည် “ အိ ” ခနဲ မြည် ၍ သွားလေ၏ ။ ထိုအခါ လူငယ် သည် ထွန်းတင်ကြီး လက် ကို ဆွဲ၍ လက် ကို လှန်ချိုး ပြီး လျှင် ထွန်းတင်ကြီး ၏ တံကောက်ကွေး ကို ခြေ ဖြင့် နင်း၍ ထွန်းတင်ကြီး ၏ မျက်နှာ ကို သံတိုင် ဖြင့် စိမ်ပြေနပြေ ဆောင့် လေတော့၏ ။

ထွန်းတင်ကြီး သည် မျောက် လက် သို့ ရောက်သော ငှက်ပျောခိုင် ကဲ့ သို့ လူငယ် ၏ လက် ၌ ပြုသမျှ ကို ခံရလေ တော့၏ ။

လူငယ် သည် ထွန်းတင်ကြီး အား တရွတ်တိုက် ဆွဲ၍ သေးခွက် ၌ မျက်နှာ ကို နှစ်ချည် ဖော်ချည် လုပ်၍ အားရသော အခါ၌ ထွန်းတင်ကြီး ၏ နံကြား ဆီ သို့ ခြေ ဖြင့် တဗုန်းဗုန်း ကန်လေ၏ ။ ထွန်းတင်ကြီး မှာ အော် မျှ ပင် မအော်နိုင်ဘဲ ခံ၍ နေရ လေ၏ ။  ထို့နောက် လူငယ် သည် ထွန်းတင်ကြီး ၏ ဆံပင် ကို နောက် မှ ဆောင့်ဆွဲ လိုက်ရာ ထွန်းတင်ကြီး ၏ မျက်နှာကြီး သည် မော့၍ သွားလေ၏ ။

ထိုအခါ၌ မျက်နှာကြီး ကို စိတ်ကြိုက် တံတောင် ဖြင့် ထောင်းချ လိုက်ရာ ထွန်းတင်ကြီး သည် သတိလစ် မေ့မြော သွား လေတော့၏ ။

ဌာနာအုပ်ကြီး သည် ကျွန်ုပ်တို့ ရှိရာ သို့ လျှောက်၍ လာလေ၏ ။ ထိုအခါ ကျွန်ုပ် ၏ ဖခင်ကြီး က

“ သတိမေ့ သွားပြီ ”

ဟု ပြော လိုက်ရာ ဌာနာအုပ်ကြီး က

“ သတိရ လာရင် ထပ်ပြီး ဆော်ခိုင်းဦးမယ် ”

ဟု ပြောလေ၏ ။

“ ဟိုကောင်လေး မေ့တာ မဟုတ်ဘူး ။ ခင်ဗျား ကောင်ကြီး မေ့သွားတာ ”

ဟု ပြော လိုက်ရာမှ ဌာနာအုပ်ကြီး သည် အချုပ်ခန်း ကို လှမ်း ကြည့် လိုက်လေ၏ ။ ထိုသို့ လှမ်း ၍ ကြည့်လိုက်သည့် အချိန်၌ ထွန်းတင်ကြီး သည် ပက်လက်ကြီး လန်၍ မေ့မြော နေပြီ ဖြစ်၏ ။ လူငယ် သည် ထွန်းတင်ကြီး ၏ အိတ် အတွင်း မှ ဆေးပေါ့လိပ် ကို နှိုက်ယူ ၍ အေးချမ်းစွာ ဆေးလိပ် ဖွာ ရင်း စင်္ကြံ လျှောက် နေလေ၏ ။

“ ဟာ ဘယ်လို ဖြစ်တာပါလိမ့် ဒီကောင်ကြီး ဟာ ပွဲတိုင်းကျော်ကြီး ။ ဒီ ဘာမ ဟုတ်တဲ့ ကောင်လေး ကျ မှ ခံရတယ်လို့ ဗျာ ”

ဟု ပြောဆိုကာ ဌာနာအုပ်ကြီး သည် အချုပ်ခန်း ဆီ သို့ ပြေးသွား ပြီး လျှင်

“ မင်း ဘယ်လို လုပ်လိုက်တာလဲ ”

ဟု လူငယ် အား ငေါက် လိုက်လေ၏ ။

“ ဘယ်လို လုပ်လိုက်တယ် ဆိုတာ မြင်ရအောင် ခင်ဗျား က လာမှ မကြည့်ဘဲကိုး ။ ဟောဟိုမှာ ခင်ဗျား ကြည့်ခိုင်း ထားတဲ့ လူ သုံးယောက် က တော့ ကျုပ် ဘယ်လို လုပ်လိုက်တယ် ဆိုတာ ကို ကောင်းကောင်းကြီး မြင်ပါတယ် ဗျာ ။ သူတို့ ကို မေး ကြည့်ပေတော့ ။ ဒီ မှာ ဌာနာအုပ်ကြီး ခင်ဗျား တို့ ဉာဏ် ဒါ အကုန်ပဲလား ။ တစ်ဘက် လူ ဆီက လာဘ်စား ပြီး ကျုပ် ကို ဒုက္ခ ပေးတာတော့ ဟုတ်ပါပြီ ။ ကျုပ် လွတ်သွားတဲ့ တစ်နေ့ မှာ ခင်ဗျား အတွက် အန္တရာယ် ကြီးလိမ့်မယ် ။ ရပ်တန်း က ရပ်ပါ ။ ဟို လူတွေ ကို လဲ ပြော လိုက်ပါ ။ ကျုပ် ကို ရန်မူရင် ကျိန်စာသင့်တာ ထက် ဆိုး လိမ့်မယ် ”

ဟု လူငယ် က ပြန်၍ ပြော လိုက်လေ၏ ။

ကျွန်ုပ် သည် ထို လူငယ် ၏ ကျိန်စာ သင့်လိမ့်မယ် ဟူသော စကား ကို ကြားရသော အခါ၌ လွန်စွာ တုန်လှုပ်၍ သွားမိလေ၏ ။ ထို လူငယ် ကား ပြောသည့် အတိုင်း လုပ်ဝံ့သော သူ ဖြစ်ကြောင်း ကို လည်း ကောင်းစွာ ရိပ်မိလေတော့၏ ။

လူငယ် သည် ထိုသို့ ပြောပြီး နောက် ကျွန်ုပ် တို့ ၏ ဖခင် ကို လည်းကောင်း ။ ချစ်တီး ကို လည်းကောင်း ။ ကျွန်ုပ် ကို လည်းကောင်း တစ်လှည့် စီ စူးစူးဝါးဝါး ကြည့် လေ၏ ။

၎င်း ၏ ကြည့်ပုံ မှာ လွန်စွာ တုန်လှုပ်ဖွယ် ကောင်းလှတော့၏ ။ ကျွန်ုပ် ၏ စိတ် ၌ လူငယ် ၏ တုန်လှုပ်ဖွယ် ကောင်းလှသော အကြည့် သည် ဖျောက်ဖျက် ၍ မရအောင် စွဲထင် ၍ သွား လေတော့၏ ။

ဌာနာအုပ်ကြီး သည် လူငယ် အား

“ မင်း ကောင်းကောင်း သတိထား ”

ဟု ပြောလို က်လေ၏ ။

“ ဒီ စကား က မြန်မာ အချင်းချင်း ပြောရမယ့် စကား မဟုတ်ဘူးဗျ ”

ဟု လူငယ် က ပြန်၍ ပြောလိုက်ရာ ဌာနာအုပ်ကြီး သည် ချာခနဲ လှည့်၍ ထွက်လာခဲ့ လေတော့၏ ။ ထို့နောက် ဌာနာအုပ်ကြီး သည် ကျွန်ုပ်တို့ ရှိရာသို့ လာပြီး လျှင်

“ ညကျရင် ကျွန်တော့် လက်သံ ကို ဒီကောင် သိရမှာပါ ”

ဟု ပြော၍ ကျွန်ုပ်တို့ အား ပြန်ခိုင်း လေတော့၏ ။ ထို့ကြောင့် ကျွန်ုပ် တို့ လည်း ပြန်ခဲ့ကြရလေတော့၏ ။

◾မင်းသိင်္ခ

📖 မိုးပေါ်မှာ ကြယ်တစ်လုံး

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment