Tuesday, January 30, 2024

နန်းမြကျင်


 ❝ နန်းမြကျင် ❞ 


နှစ်ဆန်း တစ်ရက်နေ့ ၌ တင်မောင်အေး သည် မိုး လင်းလင်းချင်း ထ ပြီးသော် ညွန့်ရွှေ ကို ကျိန်ဆဲ ရင်း စောင့်၏ ။ ခွေးသားညွန့်ရွှေ နှင့် မနေ့ ညနေ ကတည်း က လူချင်း ကွဲသွားသည် ။ အရုဏ်ဆွမ်း ကပ် မည့် သူများ နှင့် အိပ် နေရစ်သလား မသိ ၊ မနေ့ က ညွန့်ရွှေ တော်တော်မူး နေသည် ။ သူ့ အိတ် ထဲ ၌ ဆယ်တန် စက္ကူ လည်း အထပ်လိုက် တွေ့သည် ။ ငွေ နှစ်ဆယ် ချေး ပါ ဆိုတော့ မချေး ဘူး ။ ဘယ်တော့မှ ပြန်မပေး လို့တဲ့ ။ ဒီနေ့ လာမှ ချေးရမည် ။ တင်မောင်အေး ၌ နှစ်ကျပ် သာ ရှိတော့လေသည် ။ နှစ်ဆန်း တစ်ရက် နေ့ သည် လဆန်း တစ်ရက်နေ့ နှင့် တူထပ်မျှ မကျရကား ပိုက်ဆံ ရပေါက်လည်း နောက်ထပ် မမြင်ချေ ။ ပိုက်ဆံ ဆိုသည် မှာ ကုန်အောင် သုံးရတာ စည်းစိမ် ရှိ သလောက် ကုန် ပြန် တော့ တယ် စိတ်ညစ်ရသည် တကား ၊ ပြီးတော့ ဒီ လိုတဲ့ ပိုက်ဆံ ဟာ ကိုယ့် နံ နှင့် တူသည် ။ ပိုက်ဆံ မရှိရင် နေ မကောင်းချင်တော့ပေ ။


တင်မောင်အေး သည် ကြာကြာ မစောင့်ရ ၊ ထင်တာ ထက် စော၍ ညွန့်ရွှေ ပေါက်လာ ၏ ။ မနေ့ က မူးပုံ နှင့် ဒီ မနက် ခုလောက် စောစောတောင် ထ လာဖို့ မကောင်း ၊ ကြည့်စမ်း လာပုံ ကို က အတော် အံ့သြစရာ ပင် ဖျတ်ဖျတ်လတ်လတ် ရှိလှသည် ။ တယ်ဆန်း .. တယ်ဆန်း .. ။ သူ့ အစ်မ ငါ့ လာပေး မလို့ ထင်သည် ။


ညွန့်ရွှေ အရေးကြီးဟန် နှင့် ...


“ ငါ့ တစ်ဆယ် လောက် ချေးစမ်းပါကွာ ” 


“ ခွေးမျိုး ငါ က ချေးရမလား လို့ စောင့်နေတာ ၊ လိုက်တောင် လာဦးမလို့ ၊ မင်း ည က အိမ်ပြန် ရောက်သလား မရောက်ဘူးလား မသေချာလို့ မနေ့ က ရွှင်နေတာ မနည်းပါလား ၊ ဘယ်ရောက်ကုန်တုံး  ” 


“ ငါ ပိုက်ဆံ ပျောက်လို့ကွ ”


“ ကောင်းတယ် ၊ အမြဲတမ်း ကောင်းလာတဲ့ သူငယ်ချင်း ကို တော့ ငွေကလေး နှစ်ဆယ် ချေးပါ ဆိုတာ မချေးနိုင်ဘူး ”


“ ဆယ်တန် ခြောက်ရွက် နဲ့ မကြွေ နဲ့ ကျပ်တန် ဘယ်လောက်မှန်း မသိဘူး ” 


“ ဘယ်လိုလုပ် ပျောက်တာတုံး ”


“ အင်္ကျီ လည်း တစ်ခါ မှ မချွတ်မိပါဘူး ကွာ ”


“ မင်း ည က ဘယ်မှာ အိပ်တုံး ၊ ငါ လိုက်ရှာတော့ မတွေ့ဘူး ၊ ဒါနဲ့ ငါ့ ဘာသာ ပြန် လာတာ ”


“ ည က ကျွဲမင်းကုန်းဘုရားရပ် မှာ အိပ်တယ် ကွ ၊ အရုဏ်ဆွမ်း ကပ် တဲ့ ကောင်တွေ နဲ့ ရော အိပ်တာ ၊ ဘယ်လို ဝင် တိုးအိပ် လိုက်မှန်းတောင် မသိဘူး ၊ တစ်ရေးနိုး တော့ ဆယ့်တစ်နာရီ ရှိသေးတယ်ကွ ။ တင်မောင်အေး ရာ နိုးနိုးခြင်း သတိရ လို့ စမ်း ကြည့်တော့ ရှိသေးတယ် ” 


“ နောက်ပြီးတော့ ကော ”


“ ပြီးတော့လား အေးကွာ တင်မောင်အေး ရာ ” ဟု ညွန့်ရွှေ သည် လောက ၌ မတရား အနိုင်ကျင့် ခံရသူတို့ ၏ မျက်နှာ ငယ်ပုံ မျိုး ဖြင့် အသံ ဆွဲ၍ ညည်း လေ၏ ။


ပြီးတော့ အိုက်စပ် ပူလောင်လှ သဖြင့် ညွန့်ရွှေ သည် ရှပ်အင်္ကျီ ရင်ပတ် ကို ဖွင့်ကာ ငုံ့ ၍ မှုတ်ရင်း ဇရပ် ပြင် သို့ ထွက်လာသည် ။ မှောင်ရီသော ကြယ်ရောင် ဖြင့် ပုနိမ့်လှသော ကျွဲမင်းကုန်းစေတီကို မြင်ရ၏ ။ စေတီငယ် မှာ ရွှေ မရှိ သော်လည်း နှစ်စဉ် ဘုရားပွဲ ၌ ပင်ကျရေ ပုစွန်စိတ်ခုန် ပေါ်ပေါ် ခြင်း ၊ အနီးပါးနား မြို့ငယ်ကလေးများ မှ ရန်ကုန် ဆန်သော အပျိုတို့ အုပ်လိုက် လာတတ်ခြင်း သဘောတို့ကြောင့် လူ ရိုသေလှသည် ။ သို့သော် ထုံးဖြူဖြူ ပင် မသုတ်ချင်ကြသောကြောင့် စေတီ ၌ ကပ် ပေါက်နေသော ပေါင်းပင် ၊ ညောင်ပင်များ ကို မည်း သော အရိပ်ကွက် လိုက် ၊ အရွက် လိုက် ၊ အကိုင်း လိုက် မြင်ရ၏ ။ စေတီ ထိပ်ဖျား ၌ ကား အပြာရောင် ၄ဝ အား မီးလုံး တစ်လုံး ရှိသည် ။ စေတီ ရင်ပြင် ပတ်လည် ၌ ရုတ်ခြည်း ချိုင့်ဝှမ်း သွားရာ ခြေတံရှည် နှင့် ဇရပ် သုံးလေးဆောင် သည် အောက်မြေ ၌ စိုက်သော ငှက်ပျောပင် ပိန္နဲပင်ပျို တို့ ၏ ထိပ်ဖျား နှင့် ကြမ်းပြင် ဆီ တိုက်ခိုက် နေလေ၏ ။ ထို ဇရပ်များ မှ  ပိုလင်းသော မီးရောင် များ သည် ရင်ပြင် ဆီ ထိုးကျ လာရာ အနည်းငယ် လင်းသည် ။ တိတ်ဆိတ်သော တော အရပ်ဝယ် အရုဏ်ဆွမ်း လာ ကပ်သူများ ဖဲဝိုင်း ထောင်၍ ဆူညံသံ သည် ပတ်လည် သို့ ဝေပျံ့ လာ ၏ ။


ညွန့်ရွှေ သည် ဖဲ ရိုက်ချင်စိတ် ရှိ သော်လည်း ခေါင်း ထဲ ၌ မိုက်ခနဲ ရှိသေးသည် နှင့် ရင်ပြင် ကို ပတ် လျှောက်မည် ဟု ထွတ်လာသည် ။ ရင်ပြင် ပေါ် ၌ သမံတလင်း ကြမ်းကြမ်း ခင်း ထားသည် မှာ အက်ကွဲကွာကြေ ကုန်ပြီ ဖြစ်၍ မြက်ရှပ်ရှပ် ၊ သဲရှပ်ရှပ် ရှိသည် ။


“ အဲဒီလို နဲ့ သပြေပင်ကြီး နား မှာ ဟို မချော နဲ့ တွေ့တာပေါ့ကွ ” ဟု ညွန့်ရွှေ က ပြောသည် ။


‘ ဟို မချော ’ မှာ သူတို့ မြို့ မှာ နာမည်ကျော် မစီ ပင် တည်း ၊ မစီ သည် သူဌေး ဦးဘခင် ၏ တူမ တော် သော မွေးစားသမီး ဖြစ်၍ တစ်ရံခါ က မိဘ ပေးစားသော ပညာ မတတ် ၊ မိန်းမလိုက်စား ၍ ရုပ် ခပ်ချောချော ရှိသော လယ်ပိုင်ရှင် သား တစ်ယောက် နှင့် အကြင်လင်မယား ပြုကာ ချမ်းသောင့်ချမ်းသာ နေဖူးသည် ။ ထို့နောက် လင့် အိမ် မှ ဆင်း ကာ ဘာဖြစ် သည်ရယ် တော့ ခု သူငယ်များ မမီလိုက်ကြ ၊ နောက်ဆုံး မြို့ စွန် ၌ ဘူးပင်စည် သော ဓနိမိုး ထရံကာ အိမ်ကလေး ၌နေသည် ။ မစီ ၏ အိမ် ၌ လက်ဖက်အုပ် အမြဲ တည်သည် ။ ညနေ ခုနစ်နာရီ ခန့် က စ၍ ယောက်ျား ဧည့်သည် စည်သည် ။ မစီ သည် အသက် သုံးဆယ် ခန့် ရှိ၍ အင်မတန် မာန ကြီးသော မျက်နှာ နှင့် လုံးကျစ်သော ကိုယ်နေ ကြော့ကြော့ ရှိ၏ ။ မစီ သည် မျက်နှာ ငယ်သော သာရေး နာရေး တို့ ၌ ရွှေပုတီးစေ့ လက်ကောက် ဆွဲကြိုး ၊ ဥဿဖယား နားကပ် ၊ ကြယ်သီး တို့ နှင့် အမြဲ ပါသည် ။ သို့သော် မိန်းမပိုင်း ၌ မဝင်ဆံ့ ချေ ။ သူ့ ကို ဦးဘခင် မျက်နှာ ထောက် ၍ သာ သည်းသည်းခံ ရသည့် မျက်နှာထား များ ကို လည်း မိန်းမ တကာ ကိုယ်စီ ထားကြသည် ။


“ တွေ့ တော့ ဘာဖြစ်သတုံး ခွေးမျိုး ” ဟု တင်မောင်အေး က နိုင်တုန်း ဖိ ဆဲ၏ ။


“ ဘာမှ မဖြစ်ပါဘူး ၊ ငါ့ ကို “ အိုက်လို့ အိပ် မရဘူးလား ” တဲ့ ငါ့ ကို စောင့်ကြည့် နေ သလို အတပ်သိ ပြောသကွ ၊ ငါ က “ ဟုတ်ကဲ့ဗျာ တယ်အို က်တဲ့ ညပဲ ” လို့ ပြောတယ် ၊ ပြီးတော့ ထွက်လာရော ” 


“ ဒါပဲလား မညာ နဲ့ ၊ ဟော ငါ ခုမှ သတိရတယ် ၊ မစီ ဆိုတာ ညနေတိုင်း ရွှေရင်ဆို့ အထက် နား မှာ တို့ နဲ့ ဆုံဆုံ နေတဲ့ လှည်း ပေါ် က မိန်းမ မဟုတ်လား ၊ ယောက်ျားတွေ တစ်သိုက်ကြီး နဲ့ ၊ မိန်းမ ဆို လို့ သူ တစ်ယောက် တည်း လေ ၊ ဆေးပေါ့လိပ်သေးသေးကလေး ကိုက်လို့လေ ” 


“ မဟုတ်ပါဘူး ကွ ၊ ကု,လားဘီဒီ ဆေးလိပ်ပါ ” 


“ ဟုတ်ပြီ ၊ ငါ မှတ်မိပြီ ၊ ငါ နဂိုက တစ်ခါ နှစ်ခါ မြင်ဖူးတယ် ဖြစ်မှ ဖြစ်ရရှာသလေ မောင်ညွန့်ရွှေ ” 


“ ဘာဖြစ်ရမှာတုံး ခွေးသား ” 


“ ငါ သိပါတယ် ကွ ၊ ဒါပမဲ့ မင်း ဟာမ က အကျည်းတန် လှသကွာ ၊ အသား က လည်း မည်းပါပေ့ ” ဟု ပြောပြီး ရုတ်ခြည်း သတိရ ကာ


“ မင်း ကို စောင့်ကြည့် နေမှာပေါ့ကွ ၊ မင်း က ရှပ်အင်္ကျီအိတ် ဖောင်းဖောင်း မူး နေတဲ့ မျက်နှာ နဲ့ တစ်ညနေလုံး သူ့ဆီ လှည့်ကြည့် လှည့်ကြည့် လုပ် နေတာ ”


“ ငါ က ဆန်း သလိုလို ရှိလို့ ကြည့်တာပါကွာ ၊ တင်မောင်အေး ရာ ၊ သူ က ငါ့ ကို ရယ် ရယ် ပြ တယ် ”


“ အေးပါ မင်း ကို ဒီ မြို့သားပေမဲ့ ကောလိပ် ကတည်း က ဘယ်တော့ မှ အိမ် မပြန် တဲ့ ကောင် ၊ စာမေးပွဲ အခါ တစ်ရာ ကျတဲ့ ကောင် ၊ မိဘ ပိုက်ဆံ ထိုင် ဖြုန်းတဲ့ ကောင် ဆိုပြီး တစ်မြို့လုံး သိ နေတာ ၊ မစီ က ပါ သိတော့ မပေါ့ ”


“ မင်း က ကော ဘီအေ ကို ခုနစ်နှစ် ဖြေ မှ အောင်ပြီး ခုမှ အကြွား အိမ် ပြန်တာ မဟုတ်လား ၊ တစ်မြို့တည်းသားချင်း ၊ တင်မနေပါနဲ့ ”


ညွန့်ရွှေ အဆို အရ ထိုသို့ မစီ ကို စကား တစ်လုံး သာ ပြန် ဖြေပြီး ထွက်ခဲ့ရာ မစီ သည် ဘီဒီဆေးလိပ်မီးကလေး တရဲရဲ နှင့် ကျန်ရစ်သည် ။ ဘယ် ဇရပ် က မှန်း မသိ မယ်ဒလင် တီးသံ ကြား၏ ။ စေတီ မှ နှုတ်ခမ်း ပဲ့ သော ကြေးညောင်ရွက် ဆည်းလည်းများ မြည်ခါသံ ကြားပြီး ညွန့်ရွှေ သည် ခေါင်းကိုက်၏ ။ ထို့ကြောင့် လေးစိမ်းကလေး တိုက်သည် ကို အားရပါးရ ရှူရင်း ကျဉ်းမြောင်း၍ ခဏ အတွင်း တစ်ပတ် ပတ်မိသော ရင်ပြင် ၌ ပုရွက်ဆိတ် လမ်းကြောင်း အတိုင်း ပုရွက်ဆိတ်များ လျှောက် သလို ဒီအတိုင်း ထပ် တလဲလဲ လျှောက် နေ မိလေသည် ။


ညွန့်ရွှေ သည် မူးမိုက် လာပြန်သည် ။ ချွေးများ လည်း သိပ် ပြန်သည် ။ တစ်နေ့လုံး အပူတွေ ဘယ်လောက် သောက်ခဲ့ပါလိမ့် ။ အမယ် တင်မောင်အေး လည်း ပြန်ရော ပေါ့ ။ ငါ နဲ့ မတွေ့လိုက်ရဘူး ၊ ငါ ဟို ဇရပ် ထဲ ဝင်ပြီး ထိုးအိပ် နေတာကိုး ခေါင်း ကိုက်လိုက်တာ ။ 


ထိုခဏ ၌ စောစောက တစ်ခါမျှ သတိမထား မိခဲ့သော ရင်ပြင် မှ ဖောက်ထွက် သွား သည့် ချောင် တစ်ချောင် ကို တွေ့၏ ။ မီးရောင်များ လင်း နေသည် ။ ဘာ ရှိမလဲမသိ ၊ သီလရှင် ဇရပ်များ လား ။ သည့် ထက် ပို၍ မတွေးတော့ ဘဲ ချောင် ထဲ စွတ် ဝင်ခဲ့ရာ ကြီးမား၍ အမိုး မျက်နှာကျက် မရှိသော ကျောက်ဆင်းတုကြီးတော် တစ်ဆူ ကို တွေ့၏ ။ ရွှေ ချရမည့် အရစ် များ ၌ အုတ်နီရေ များ သုတ်သည် ကို တွေ့၏ ။ ဆင်းတု တုသူ ၏ လက်ရာ မှာ ကြမ်းတမ်း လှလေသည် ။ လင်း နေသော မီးရောင်များ မှာ ဓာတ်မီး မဟုတ်ဘဲ တိုတိုသာ ကျန်တော့၍ အရှိန် ပြင်းစွာ လောင် နေသော လက်မောင်း လောက် တုတ်သည့် ကျောက်ဖယောင်းတိုင်ကြီး များ ဖြစ်သည် ကို သိရှိရ လေသည် ။


လှုပ်ရှား နေသော ဖယောင်းတိုင် မီးရောင်များ သည် ဆင်းတုတော် ၏ မျက်နှာ ၌ အမူအရာများ ပေါ်စေလေ၏ ။ နှုူတ် မှ မြွတ်ကြားတော့မည့် ဟန် ပေါ်လေ၏ ။ ညွန့်ရွှေ သည် ခဏ ရပ် နေပြီး ဆင်းတုတော် ၏ ညာဘက် ၌ လူ အစုအဝန်း လိုလို မြင်သဖြင့် လာ ခဲ့သည် ။ အနား ရောက် သော် လူ ယောက်ျား လူ မိန်းမ သေးသေးပုပု အရွယ် လောက် ရှိသည့် သစ်သားရုပ်တု အစုအဝန်း ဟု သိရလေ၏ ။


“ ငါ ... တစ်ခါ မှ မမြင်ဖူးပါဘူး ” ဟု ညွန့်ရွှေ တွေး၏ ။


“ ငါ ရန်ကုန် ကျောင်းမှာ နေတုန်း က တိုးတက်တာ ထင်ပါရဲ့ ” အရက်မူး ရှိန် ကလည်း မပြေသေးသည် မို့ သူ သည် အူခပ်ရွှင်ရွှင် နှင့် အဖော်ဟောင်းများ ကို ပြန်တွေ့သော လေသံ ဖြင့် “ ဟဲလို ... ခင်ဗျားတို့ ... ” ဟု လှမ်း၍ နှုတ်ဆက် လိုက်လေသည် ။


ထို့နောက် ဒူးခေါင်း အနည်းငယ် ချောင်သည် ကို သိ၏ ။ သင်္ကြန်ကြို ကတည်း က ကျပ်တည်းသော ကား ပေါ်၌  မတ်တတ် ရပ် ၍ အနီးအနား သွားလို့ ရရာ ဘုန်းကြီးကျောင်း ၊ ဘုရားပုထိုး တို့ ကို သွားခဲ့၏ ။ ရန်ကုန် သွားသော ကားလမ်းမကြီး ပေါ် ၌ ရေပက်ကြမ်း သည်ဆိုသမျှ စစ်တပ်မဏ္ဍပ် များသို့ ရောက်ခဲ့၏ ။ ယခုတော့ ကိုယ်လက် နာလေပြီ ။ ညနေ က လေးနာရီ မျှ နားနေ အိပ်စက်လိုက်ခြင်း က ဆွ ပေးလေသည် ။ ညွန့်ရွှေ သည် ရပ်တည် ၍ မရနိုင်တော့ သလောက် ဖြစ်လာပြီး ပဲ့ရွဲ့ ကွာ ကျ သော သမံတလင်းကိုင် တန်ဆောင်းတိုင် တစ်တိုင် ကို မှီ၍ ထိုင် ရလေ၏ ။


သူ့ တူရူ ရှိ ရုပ်တုတစ်တွေ ကား ကိုယ်ဟန် အမျိုးမျိုးနှင့် ထိုင် သူ ထိုင် ၊ ထ သူ ထ ကာ လူသားတို့ မသိနိုင်သော ဘာသာစကား ဖြင့် တီးတိုး ဆွေးနွေး နေကြဟန် ရှိလေ၏ ။ ဘဝဟောင်း က ပြန် လာပြီး စုဝေး နေကြသလို လည်း ရှိ၏ ။ တကယ်တော့ လည်း တစ်ခါက ဖြစ်ပျက်ခဲ့ ဖူးသော ဇာတ်လမ်းဝတ္ထု တို့ ၏ အမှတ်အသား ကြွင်းကျန်ခဲ့သည်များ ပင် ဖြစ်လေ ၏ ။ ဟိုး အစွန် က မိသားတစ်စု မှာ ဒုက္ခ ရောက်နေသော မဋာနှင့် ဒါသ တို့ တစ်တွေ ထင်ရဲ့ ၊ ဟော ဟိုမှာ တော့ ဥပက နှင့် ဆာဝါ ရည်းစားထားစ ရှိလေသည် ။ သို့သော် ညွန့်ရွှေ နှင့် တည့်တည့် မှာ ကရင်လူမျိုးများ ရှိကြသည် ။ သူတို့ ၏ မည်းနက် ပွယောင်း သော လည်ဟိုက် လက်ပြတ် အင်္ကျီအနားများ မှာ ရွှေချည်မှုန် ၊ ငွေချည်မှုန် က ပ်သဖြင့် တလက်လက် နေ၏  ။ အလက်ပြောင်ဆုံး အင်္ကျီရင်ပတ် နှင့် အသားဝင်းဝါ နှမ ခမျာ ကတော့ နန်းကျင် ပင် တည်း ။


နန်းကျင် တို့ မိသားတစ်စု သည် ကျိုက်ထီးရိုးဘုရား ကို ကြိုး နှင့် ဆွဲချ ဖြိုဖျက်ဆဲ ရှိ သည် ။ နန်းကျင် ခမျာ ကတော့ မောင်တွေ အဖေတွေ ကို လိုက် မကူ ၊ လာမည့် ဘေး အန္တရာယ် ကို မြင်သည့် မျက်နှာထား နှင့် သနားစဖွယ်နေရှာသည် ။ ယိုးဒယားဟန် ချီ ထားသော လက်ကလေး နှစ်ဖက် မှာ အသာကလေးများ ပျောင်းအိ ဟန် ရှိသည် ။ အင်္ကျီ ရင်ဟိုက် က လည်း တော်တော် ဟိုက် လေတော့ တော်တော် လှတဲ့ နန်းကျင် တကား ။ လည်ပင်း ကလေး ကိုကြည့် လျှင် ထောင် နေသော အကြောကလေးများ နိမ့်ဝင် သွားမလား မသိ ၊ မျက်နှာ ကလေး က ဝိုင်းဝိုင်း ၊ ပိုမိုလို့ လှ သော်လည်း အလို ခုန က တွေ့ခဲ့သည့် ညနေ က နောက် ပြောင် ခဲ့သည့် မစီ မျက်နှာ နှင့်ခပ်ဆင်ဆင် ပေ ပဲ ။ အောက်ခြေ ဆီ ဆင်း လျှောက်ကြည့် ပြန်တော့ သေးသွယ်လုံးကျစ် သော ကိုယ် သည် ခါး သိမ်ရာ က တင် နှင့် ပေါင် မှာ တင်းမာ လာ ပြီး တစ်ဖန် နွဲ့လျ လို့ ရှူးဆင်း ပြန်သည်လေ ၊ သစ်ပင်ပျိုကလေး နွဲ့ယိုင် သလို ရှိသည် ။ ဝါသနာ ဘာဂီ မူးလေလေပြီ ဖြစ်သည်မို့ ထဘီတိုတို ဝတ်၍ ပေါ်သည့် ခြေသလုံး ဆီ သို့ ရဲရဲ ကြည့် သော် အသားများ သည် စိမ်းညို့ ကာ နေရကား နန်းကျင် နှမကလေး သည် အောက် ပိုင်းအလှ ကျောက်ရိုင်း ဘဝ ပြောင်းစ ရှိပြီ ဟု သိရလေ၏ ။


ညွန့်ရွှေ သည် အနည်းငယ် ငိုက်လာဆဲ ကျောက်ဖယောင်းတိုင်တိုများ ဖျစ်ဖျစ် မြည် ၍ အရည်တောက်တောက် ပျော်ကျသံ ကြား နေ ရလေ၏ ။ တစ်တိုင်တလေ ငြိမ်းသည် ကို သိသိသာသာ အမှောင် တစ်တိုက် စီ ဝင် လာခြင်းဖြင့် သိ ရ၏ ။ မျက်လုံးများ လေး သော်လည်း မှေးမှေး ပင် ။ နန်းကျင်ကလေး ကို နှစ်သက်စွာ ကြည့်၏ ။


နန်းကျင် နှင့် စကား ပြောရ သလိုလို ခဏ ငိုက် လိုက်စဉ် အိပ်မက် တစ်သုတ် မက် လိုက်၏ ။ နိုး လာပြီး နန်းကျင် ၏ ရင်ညွန့်ကလေး အသက်ဝင် လှုပ်ရှားဟန် ကို ကြည့်၏ ။ ကြည့်ရင်း က နန်းကျင် သည် သွားကလေးများ ပေါ်အောင် ပင် ရယ် နေသည်ကို တွေ့ လေ၏ ။ စောစောကတည်း က နှုတ်ခမ်းကလေးများ ပွင့်နေသလား ဆိုတာ သတိ မရှိ ၊ နန်းကျင် သည် ယိုးဒယား ဟန် ချီထားသော လက်များ ကို ချ လိုက်ပြီး ဟန် ပါပါ လွှဲကာ လမ်းလျှောက် မည့် ဟန် လှုပ်ရှား လာ၏ ။ ထို့နောက် ညွန့်ရွှေ ဆီ လျှောက် လာသည် ။ ညွန့်ရွှေ က လည်း အကြောက်အလန့် မရှိ ဝမ်းသာအားရ ပင် စောင့်ဆိုင်း နေရာ အနား ရောက်လာသည့် နန်းကျင် ၏ ရင်ဘတ် ၌ ရွှေပုတီးစေ့ဆွဲကုံး ကို မြင်ရသည် ။ သူ့ ပခုံး လာ ကိုင် သော လက် ၌ ရွှေပုတီးစေ့ လက်ကောက် ကို မြင် ရသည် ။


“ အပြင် သွားရအောင်လေ ၊ ဟိုမှာ အေးတယ် ” ဟု နန်းကျင် က ညင်သာဖြားယောင်း၏ ။


တန်ဆောင်း တွင်း ၌ ပင် ကျောက်ဖယောင်းတိုင် တို့ ကုန်လုပြီ ။ ညွန့်ရွှေ က ဘာမျှ မပြောဘဲ ခေါင်းညိတ် ပြသည် ။


နန်းကျင် သည် အမူး မပြေ ၊ အိပ် လည်း ငိုက် နေသော ညွန့်ရွှေ ကို တွဲ ၍ ခေါ်သည် ။


“ မိုး လင်း တော့ ငါ တန်ဆောင်း ထဲ ပြန် ရောက်နေတယ် ကွ ၊ အိတ် ထဲ မှာ ပိုက်ဆံ မရှိတော့မှန်း တော့ မျက်နှာ သစ် မှ သိတယ် ”


“ မင်း နန်းကျင် က ကော ”


“ နန်းကျင် က လား သူ့ မောင်တွေ အနား မှာ ပေါ့ ၊ ခြေထောက် က ကျောက် ဖြစ် နေတာ စိမ်း လို့ ၊ ထဘီ အောက်နားလေး တွေ တောင် မာ နေတာပဲကွာ ” ဟု ညွန့်ရွှေ က မပြစ် ကင်း သော မျက်နှာ ဖြင့် ဖြေ လေ၏ ။


◾ကြည်အေး


📖 မြဝတီ မဂ္ဂဇင်း 

      ဇွန် ၊ ၁၉၅၅


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment