Friday, January 5, 2024

မှန်အိမ်နီ သရဲ


 

❝ မှန်အိမ်နီ သရဲ ❞

တစ်နေ့ ၌ “ တဲဝိုင်းကြီး ” ဟု ဆိုသည့် မီးရထားဘူတာရုံ တွင် ရုံပိုင်ကြီး သည် တစ်ယောက် တည်း မြည်တွန်တောက်တီးလျက် အလုပ် ရှုပ်နေလေ၏ ။

“ ဒီ ဘူတာရုံ ရင် လဲ မီး လောင် မှ ၊ ဒီ ဘူတာ က အလံချိုး ငတိုး ဆို တဲ့ အကောင် ရင် လဲ ရထား အကြိတ် ခံပြီး သေ မှ ၊ ဒါမှမဟုတ် ငါ ရင်လဲ အိုင်ယာလန် ထီ ပေါက်မှ အေးမှာပါ ”

ဟု ပြောဆိုရ င်း ရုံပိုင်ကြီး သည် မီးရထား ကို အချက်ပြ သော မှန်အိမ် အနီကြီး ကို ရေနံဆီ ထည့် ၍ နေလေ၏ ။

ထိုသို့ ရေနံဆီ ထည့်၍ နေစဉ် ၌ ပင် လူ တစ်ယောက် သည် လက်မှတ် ဝယ် သော အပေါက် မှ ရုံပိုင်ကြီး အား ငုံ့ ကြည့်ပြီးလျှင်

“ ရုံပိုင်ကြီး အကြွေ တစ်ကျပ်ဖိုး ပေးစမ်းပါ ”

ဟု လှမ်း၍ အော် လိုက် လေ၏ ။

“ ဟေ့ကောင် ၊ငါ ဒီမှာ လာ နေတာ မင်းတို့ ကို အကြွေ အမ်းပေးဖို့ လာနေတာ မဟုတ်ဘူးကွ ၊ ရထား လက်မှတ် ဝယ် ရင်တော့ အကြွေ မပါရင် အမ်း ပေးရမှာပေါ့ကွာ ၊ မင်းတို့ ရွာ ထဲ မှာ ကျပ်ပြား မသုံးနိုင် တိုင်း အကြွေ လာ လဲတာ ကို တော့ လဲ မပေးနိုင်ဘူး ”

ဟု ရုံပိုင်ကြီး က ပြန်၍ အော်ငေါက် လိုက်လေ၏ ။

“ မလုပ်ပါနဲ့ ရုံပိုင်ကြီး ရယ် ၊ တဲ အပြန် ဟင်း ချက်စရာကလေး ဝယ် သွားချင်လို့ပါ ။ ဈေးဆိုင် မှာ က လဲ ကျပ်ပြား မအမ်းနိုင်ဘူးဗျ ”

ဟု အကြွေ လာ၍ အမ်းသူ က တောင်းပန် လိုက်ရာ ရုံပိုင်ကြီး သည် မှန်အိမ် နှင့် ရေနံဆီပုလင်း ကို ချ ထားခဲ့ပြီး နောက် လက်မှတ် ရောင်း သော အပေါက် ဆီ သို့ ထော့နင်းထော့နင်း ဖြင့် လျှောက် သွားပြီး လျှင် ထို သူ့ ထံ မှ ငွေဒင်္ဂါး တစ်ပြား ကို ယူ၍ အကြွေ အမ်း ပေး လိုက်လေ၏ ။ အကြွေ လာရောက် အမ်း သူ လည်း ၎င်း အလို ရှိသည် ကို ရရှိ သွား သဖြင့် ကျေနပ် သွားလေ၏ ။ ထို့ကြောင့် အကြွေများ ကို အိတ်ထဲ သို့ ထည့်ရင်း

“ ဒီမှာ ရုံပိုင်ကြီး ၊ ဟောဒီ မတ်စေ့လေး ကို ပြန် လဲပေးပါဦး ”

ဟု ပြော လိုက်လေ၏ ။

“ ဘာဖြစ်လို့တုံးကွ ”

ဟု ရုံပိုင်ကြီး က ပြန်၍ မေး လိုက်လေ၏ ။

“ ဒီ မတ်စေ့ က ခေါင်း တစ်ဘက် ပန်း တစ်ဘက် ဖြစ်နေတယ်ဗျ ”

ဟု ဆိုကာ အကြွေ အမ်းသူ သည် မတ်စေ့ တစ်စေ့ ကို ရုံပိုင်ကြီး ရှိရာ သို့ အပေါက် မှ နေ၍ တွန်း ပေး လိုက်လေ၏ ။ ရုံပိုင်ကြီး လည်း “ မှန်းစမ်း ” ဟု ဆိုကာ မတ်စေ့ ကို ကောက်ယူ ကြည့်ရှု လေ၏ ။

ဟိုဘက် ဒီဘက် လှည့်၍ ကြည့်ရှုပြီး နောက်

“ နင့် အမေ က လွှား ၊ ပိုက်ဆံ ဟာ ခေါင်း တစ်ဘက် ပန်း တစ်ဘက် ချည်းပဲပေါ့ ကွ ”

ဟု ဆိုကာ ထို သူ ၏ မတ်စေ့ ကို လက်မှတ် ရောင်းသော အပေါက် မှ လွှင့် ပစ် လိုက်လေ၏ ။

မတ်စေ့ကလေး သည် “ ချွင် ” ခနဲ မြည်ကာ သမံတလင်း ပေါ် တွင် လိမ့်၍ သွား လေ၏ ။ ပိုက်ဆံအကြွေ အမ်း သူ သည် သူ ၏ မတ်စေ့လေး ကို ပြေး၍ ကောက်ရင်း “ တဟားဟား ” ရယ်မောလေ၏ ။

ထို့နောက် ထွက်ခွာ သွားလေတော့၏ ။

ရုံပိုင်ကြီး သည် ရေနံဆီပုလင်း နှင့် မှန်အိမ် ဆီ သို့ တရွေ့ရွေ့ ထော့နင်း ထော့နင်း ဖြင့် ပြန်၍ လျှောက်လာ ရင်း

“ ဘယ်လို ကောင်စားမျိုး တွေ မှန်း မသိပါဘူး ၊ အလုပ် များပြီ ဆိုရင် အကြွေ လာ အမ်းကြပြီ ။ ပြီးတော့လဲ နောက်တီး နောက်တောက် နဲ့ ၊ ဒီ ရွာ က ကောင်တွေ ရင်လဲ ထောင် ကျ မှ ၊ ဒီ ဘူတာရုံ ရင် လဲ မီး လောင် မှ ၊ ငါ ရင် လဲ ရွှေထုပ်ကြီး ကို ကောက်ရ မှ ဒီ ဒုက္ခ က အေး မှပါ ”

ဟု ရေရွတ် လိုက်လေ၏ ။

ရုံပိုင်ကြီး သည် ထိုသို့ ရေရွတ် ပြီးနောက် မှန်အိမ် ကို ရေနံဆီ ထည့် နေလေ၏ ။

ထိုအချိန် ၌ တစ်စုံ တစ်ယောက် သည် လက်မှတ် ရောင်းသော အပေါက် သို့ ရောက်ရှိ လာပြီး လျှင် “ ရုံပိုင်ကြီး ” ဟု ကျယ်လောင်စွာ ခေါ် လိုက်လေ၏ ။

“ ဘာတုံး ”

ဟု ရုံပိုင်ကြီး က ပြန်၍ မေးလေ၏ ။

“ ဘယ် နှနာရီ ထိုး ပြီလဲဗျ ”

ဟု ထို သူ က မေး လေ၏ ။

“ မင်း တို့ ရွာတစ်ရွာလုံး မှာ နာရီကလေး တစ်လုံး တောင် မှ မရှိတာ အံ့ပါရဲ့ ကွာ ၊ တစ်ရွာလုံး က ငါ့ ဆီ မှာပဲ နာရီ လာ လာမေးကြတယ် ၊ နာရီ မရှိတာလဲ ငါ က အပြစ် မတင်ပါဘူး ။ မင်း တို့ က နာရီ လာပြီး မေး ရအောင် နာရီ နဲ့ ကိုက်ပြီး လုပ်ရတဲ့ အလုပ်များ မင်း တို့ မှာ ရှိ လို့ လားကွာ ၊ ခက်တယ် ၊ သိပ်ကို ခက်တယ် ”

ဟု ရုံပိုင်ကြီး က ညည်းညူ လိုက်လေ၏ ။

“ ပြောစမ်းပါ ရုံပိုင်ကြီးရယ် ၊ ခင်ဗျား နာရီကြီး နံပါတ်တွေ က လဲ ဘုန်းကြီး ကျောင်း က ကနုတံတွေ လို့ တုတ်ချောင်းတွေ နဲ့ ဆိုတော့ ကျုပ် မကြည့်တတ် လို့ ပါ ဗျ ”

ဟု နာရီ မေးသူ က ဆို လေ၏ ။

“ ခွေမျိုး ၊ ကနုတံ လို တုတ်ချောင်းတွေ မဟုတ်ဘူးကွ ။ ရောမဂဏန်း ခေါ်တယ် ။ ခြောက်နာရီ ခွဲပြီ ၊ သွားတော့ ၊ တစ်ရွာလုံး ကို ပြောလိုက် ၊ နောက်ထပ် လာပြီး မေး နေကြဦးမယ် ”

ဟု ရုံပိုင်ကြီး က ပြောလေ၏ ။

“ ခြောက်နာရီ ခွဲပြီ ဆိုတော့ ဒီ တစ်ခါ လာ မှာ စာပို့ရထားကြီး ပေါ့ နော် ”

ဟု နာရီ မေးသူ က အထွန့် တက် လိုက်လေ၏ ။

“ ဟေ့ကောင် ခြောက်နာရီ ခွဲ တာ ဟာ ခြောက်နာရီ ခွဲ တာပဲ ၊ စာပို့ရထားကြီး နဲ့  ၊ ဘာမှ မဆိုင်ဘူး ၊ အဲဒီ ရထားကြီး လာ မှာ မို့ ခြောက်နာရီ ခွဲ တာ မဟုတ်ဘူး ၊ သွားတော့ကွာ ၊ မင်းတို့ ရွာ က သူကြီး ကို ပြောလိုက် ၊ ရွာ ထဲ မှာ ပိုက်ဆံ လိုက် စုပြီး  နာရီ တစ်လုံး ဝယ်ပါ လို့ ”

ဟု ရုံပိုင်ကြီး က ပြော လိုက်လေ၏ ။

“ အခု လာပြီး မေးတာလဲ သူကြီး က မေးခိုင်းလို့ လာပြီး မေးတာဗျ ”

ဟု ထို သူ က ပြောလေ၏ ။

“ အင်း သူကြီး က လဲ မယားငယ် တော့ ထပ်ပြီး ယူနိုင်တယ် ၊ စားပွဲတင် နာရီကလေး တစ်လုံး တော့ မဝယ်နိုင်ဘူးလား ကွာ ၊ ခက်ပါတယ် ၊ မင်းတို့ ရွာ ရင် လဲ မီး လောင် မှ ငါ့ တိုင်ကပ်နာရီကြီး ရင် လဲ သံပတ် ပြတ် မှ ၊ ငါ ရင်လဲ စိန်ထုပ်ကြီး ကို ခလုတ် တိုက် မိ မှ ဒီ ဒုက္ခက အေး မှာပဲ ”

ဟု ရုံပိုင်ကြီး က ညည်းတွား လိုက်ပြီး လျှင် မှန်အိမ် ကို မီး ညှိ လိုက်လေ၏ ။ နာရီ မေး သူ လည်း ရုံပိုင်ကြီး အား

“ သွားမယ် ကတ်သတ်ကြီး ရေ ”

ဟု နောက်ပြောင် ကာ ထွက် သွားလေတော့၏ ။

ထိုအချိန်၌ မှာ ပင် မိုး သည် တဖွဲဖွဲ ရွာ ချ လေတော့၏ ။ အမှောင်ထု သည် လည်း လွှမ်း လျက် ရှိပြီဖြစ်၏ ။ ရုံပိုင်ကြီး သည် မှန်အိမ်မီးစာ ကို မြှင့် လိုက်သဖြင့် ၎င်း ၏ မီးအိမ်နီကလေး သည် ပို၍ လင်း သွားလေ၏ ။ ရုံပိုင်ကြီး သည် မှန်အိမ်နီကလေး ကို စားပွဲ ပေါ် တင်ရန် အတွက် ကိုင်း မှ ကိုင် လိုက်လေ၏ ။

ထိုအချိန် မှာ ပင် တစ်စုံ တစ်ယောက် သည် ၎င်း ၏ အခန်း တွင်း သို့ ဝင်၍ လာရင်း “ ရုံပိုင်ကြီး ” ဟု ခေါ် လိုက်လေ၏ ။

“ လာပြန်ပြီ တစ်ယောက် ၊ အကြွေ အမ်းဖို့လား ၊ နာရီ မေးဖို့လား ၊ ခဏ နေဦး ၊ ဒီ မှန်အိမ် က လမ်း မှာ ချိတ်ဖို့ ထွန်းတာ ၊ ငါ့ အခန်း မှာ ထွန်း ဖို့ ရိုးရိုးမှန်အိမ် ကို ရေနံဆီ ထည့် ရဦးမယ် ၊ အဲဒီ အလုပ် ပြီး မှ ပဲ မင်း ကိစ္စ ကို စဉ်းစားမယ် ”

ဟု ရုံပိုင်ကြီး က ထို သူ အား မကြည့်ဘဲ ပြော လိုက်လေ၏ ။

“ ဒီမှာ ရုံပိုင်ကြီး ၊ ကျုပ် မစောင့်နိုင်ဘူးဗျ ”

ဟု ထို သူ က ပြော လိုက်ပြန်လေ၏ ။

“ မစောင့် နိုင် ရင် ပြန်ပေါ့ ငါ့ လူ ရာ ၊ ငါ က မင်းတို့ အလုပ် ကို လုပ် ပေးရအောင် မင်းတို့ ငါ့ ကို လခ ပေး ထားတာ မဟုတ်ဘူး ၊ တောသားတွေ အတော့် ကို လူဝါးဝ ပါလား ၊ မင်းတို့ ရင် လဲ သေ မှ ၊ ဒီ ဘူတာရုံ လဲ မီး လောင် မှ ၊ ဒါမှ မဟုတ်ရင် ငါ ရင်လဲ ရတနာပုံ ဆိုက် မှ ဒီ ဒုက္ခ က ငြိမ်းမယ် ထင်တယ်ဟေ့ ”

ဟု ရုံပိုင်ကြီး က ညည်းညူ လိုက်လေ၏ ။ ထိုအခါ အပြင် မှ ဝင် လာ သူ က

“ စိတ်ချပါ ရုံပိုင်ကြီးရယ် ၊ ဟောဒီ ဘူတာရုံကြီးလဲ မီးလောင် ရပါစေမယ် ၊ ခင်ဗျားလဲ သေ ရပါစေမယ် ၊ ကျုပ် လဲ ရတနာပုံ ဆိုက်ရပါစေမယ် ၊ ဟားဟား ဒီမှာ ကြည့်စမ်းပါဦး ”

ဟု ပြောလိုက် သဖြင့် ရုံပိုင်ကြီး လည်း ထို သူ ကို လှမ်း ၍ ကြည့်လိုက်ရာ မျက်နှာ တစ်ခြမ်း ကို အဝတ် စည်း လျက် သက္ကလတ် ဦးထုပ် ကို ခပ်ငိုက်ငိုက် ဆောင်း ကာ မိမိ အား သေနတ် ဖြင့် ချိန် ထားသော လူ တစ်ယောက် ကို တွေ့ ရလေတော့၏ ။

“ ဒါက ဘာလဲ ”

ဟု ရုံပိုင်ကြီး က မေး လိုက်လေ၏ ။

“ ဓားပြလေဗျာ ၊ ပေးစမ်းပါ မီးခံသေတ္တာ သော့ ”

ဟု ဓားပြ က ပြော လေ၏ ။

ရုံပိုင်ကြီး သည် ခါးကြား တွင် ချိတ်ထားသော မီးခံသေတ္တာသော့တွဲ ကို ဖြုတ်၍ ရှေ့သို့ တိုး၍ လာလေ၏ ။

“ ရှေ့ မတိုးပါနဲ့ ၊ ရုံပိုင်ကြီး ရဲ့ ခြေထောက် တစ်ဘက် က လဲ မကောင်းဘူး မဟုတ်လား ၊ အားနာစရာကြီးဗျာ ၊ အဲဒီ က ပဲ ပစ် ပေးလိုက်ပါ ”

ဟု ဓားပြ က ပြော လျှင် ရုံပိုင်ကြီး လည်း သော့တွဲ ကို ပစ် ပေးလိုက်လေ၏ ။ ထို့နောက် မီးခံသေတ္တာ သော့ပေါက် အတွင်း သော့ ကို ထိုးသွင်း၍ “ ချောက် ” ခနဲ လှည့် လိုက်ပြီးလျှင် ဓားပြ သည် မီးခံသေတ္တာ ကို ဆွဲ၍ ဖွင့် လိုက်လေတော့၏ ။ ဓားပြ သည် မီးခံသေတ္တာ အတွင်း သို့ လှမ်း၍ ကြည့်ပြီး နောက် ဦးခေါင်း ကို အသာအယာ ခါ လိုက်လေ၏ ။ ထိုအခါ ရုံပိုင်ကြီး က

“ ဓားပြကြီး ရယ် ၊ ခုနစ်ရက် လုံးလုံး လက်မှတ် ရောင်း ရတာ ဆယ့်နှစ်ကျပ်ခွဲ ပဲ ရတယ်ဗျာ ၊ ဒီကြား ထဲ ခင်ဗျား က မျက်နှာ အဝတ်ကြီး စည်း ၊ ဦးထုပ်ကြီး ဆောင်းပြီး ကျုပ် ကို ဓားပြ လာပြီး တိုက်ရသေးတယ် ၊ အားနာလိုက်တာ ဓားပြကြီး ရယ် ၊ ဆယ့်နှစ်ကျပ်ခွဲ တန် ဓားပြ ဖြစ် သွားရတာ ကို စိတ် မကောင်းပါဘူး ”

ဟု ပြော လိုက်လေ၏ ။

ဓားပြ သည် ရုံပိုင်ကြီး အား တစ်စုံတစ်ရာ ပြန်လည် ပြောဆိုခြင်း မပြုဘဲ ဦးထုပ် ကို ချွတ် လိုက်လေ၏ ။ မျက်နှာ တွင် စည်း ထား သော အဝတ် ကို ဖြုတ် လိုက်လေ၏ ။ ထို့နောက် မီးခံသေတ္တာ အတွင်း မှ ငါးကျပ်တန် တစ်ရွက် ကို ဆွဲ ယူ လိုက်လေ၏ ။ ပြီးလျှင် အိတ် တွင် ပါ သော ဆေးရွက်ကြီး အမှုန့်ဘူး ကို ထုတ် ကာ ငါးကျပ်တန် ပေါ် ၌ အရှည်လိုက်ကလေး ဖြူး ၍ လက် တစ်ဘက် နှင့် ကျွမ်းကျင်စွာ လိပ် လိုက်ရာ “ ပွတ်ချွန်း ” ဟု ခေါ်သည့် စက္ကူ ဆေးလိပ်ကလေး တစ်လိပ် ဖြစ်၍ သွားလေ၏ ။ ဓားပြ သည် ပွတ်ချွန်းဆေးလိပ် ကလေး အား နှုတ်ခမ်း ၌ တေ့၍ ထားလိုက်လေ၏ ။ ထို့နောက် ကျပ်တန် တစ်ရွက် ကို ယူ၍ အရှည်လိုက် ခေါက် ပြန် လေ၏ ။

ပြီးလျှင် မှန်အိမ် ကို ဆွဲယူ ကာ မှန်အိမ်ပြောင်း တင် သော ခလုတ် ကို လက်ဖြင့် ဖိလိုက်ရာ မှန်အိမ်ပြောင်း သည် အပေါ် သို့ ကြွ၍ သွားလေ၏ ။ ထိုအခါ၌ ကျပ်တန် နှင့် မီး တို့ လိုက်လေ၏ ။ မီး စွဲလျှင် ပွတ်ချွန်းဆေးလိပ် ကို မီး တို့ လေ၏ ။ ထို့နောက် အနည်းငယ် ရှိုက်ဖွာ ပြီးလျှင် မီးခိုးများ ကို မျက်နှာကြက်ဆီ ကို ဆွဲယူပြီး စာအုပ်ကြီး တစ်အုပ် ကို လှန် လိုက်လေ၏ ။ ထို စာအုပ်ကြီး ၌ ကား လက်မှတ်များ ရောင်းချ ထားသော စာရင်းများ ပါ လေ၏ ။

ဓားပြ သည် စာရွက်များ ကို တစ်ရွက် ပြီး တစ်ရွက် လှန် ၍ ငွေစာရင်း ကို ကျွမ်းကျင်စွာ ပေါင်း ၍ ကြည့် နေ၏ ။ ထိုသို့ ပေါင်းရင်း တစ်နေရာ သို့ အရောက်၌ အပေါင်း မှား သဖြင့် ငွေ နှစ်ပြား ကွာ ၍ နေကြောင်း တွေ့ လျှင် အနီးရှိ နီပြာခဲတံကြီး ကို ယူ၍ ထို ဂဏန်း ကို ဝိုင်း လိုက်ရင်း ရုံပိုင်ကြီး ဘက်သို့ လှည့်ကာ

“ အောက်တိုဘာလ လက်ကျန်စာရင်း ပေါင်း ထားတာ မှား နေတယ် ၊ ငွေနှစ်ပြား ကွာနေတယ် ”

ဟု ပြောလိုက်လေ၏ ။

“ ကျေးဇူးပါပဲ ဓားပြကြီး ရယ် ၊ မကြာမကြာ လာပြီး စာရင်း စစ်ပေးစမ်းပါဗျ ”

ဟု ရုံပိုင်ကြီး က ပြော လိုက်လေ၏ ။

ဓားပြ သည် စာရင်းစာအုပ် ကို ဆက်၍ စစ်ဆေးရင်း

“ ခင်ဗျား ဘူတာ အရောင်း ကျ နေတာ ငါးလ ရှိပြီပဲ ၊ အဲဒါ ဘာဖြစ်လို့လဲ ”

ဟု ဓားပြကြီး က မေး လိုက်လေ၏ ။

“ ဒီလိုပါ ဓားပြကြီး ရယ် ၊ ရွာထဲ က ငပွားတို့ လူစု က မော်တော်ကားအစုတ်ကလေး တစ်စင်း စု ဝယ်ပြီး ဘတ်စ်ကား ပြေး ကြတယ်လေ ဗျာ ၊ အဲဒါကြောင့် အရောင်း ကျတာပါ ”

ဟု အထက်အရာရှိ ကို အစီအရင်ခံ သည့် လေသံမျိုး ဖြင့် ရုံပိုင်ကြီး က ပြောလိုက်လေ၏ ။

ထိုအချိန် မှာ ပင် စားပွဲပေါ် မှ ကြေးနန်း အချက်ပြ ခလုတ်ကလေး သည် တဒေါက်ဒေါက် မြည်၍ လာလေ၏ ။ ထို့ကြောင့် ရုံပိုင်ကြီး က

“ ဟိုဘက် ဘူတာ က လှမ်းပြီး ဆက်သွယ်နေပြီ ”

ဟု ပြော လိုက်ရာ ဓားပြ သည် ထို ခလုတ်ကလေး ပေါ် ၌ လက် ကို တင်၍ ကြေးနန်း ပြန်၍ ရိုက် လိုက်လေတော့၏ ။ ရုံပိုင်ကြီး သည် ဓားပြ ကို သဘော ကျ၍ သွားလေတော့၏ ။

“ ကျုပ် နေရာ မှာ အလုပ် ဝင် ပါဗျာ ၊ ခင်ဗျား အကုန် တတ်တာပဲ ၊ ကျုပ် အလုပ် ထွက် ပေးပါ့မယ် ”

ဟု ပြော လိုက်လေ၏ ။

“ ကျုပ် က အနည်ဆုံး မင်းကြီး နေရာလောက် မရရင် ဘယ် အလုပ်မျိုး မှ မလုပ်နိုင်ဘူးဗျ ”

ဟု ဓားပြ က ပြန် ပြော လိုက်လေ၏ ။

“ ဓားပြကြီး ရယ် ၊ စာပို့ရထား လာတော့မယ် ၊ အလံ ချိုးမယ့် ငတိုး ဆိုတဲ့ ကောင် လဲ မရှိဘူး ၊ ကျုပ် ပဲ သွားပြီး အလံ ချိုးရမယ် ဟု ရုံပိုင်ကြီး က ပြော လိုက်ရာ ဓားပြ က

“ ကျုပ် ချိုးခဲ့ပြီးပါပြီ ၊ မပူပါနဲ့ ရုံပိုင်ကြီး ”

ဟု ပြောဆိုကာ စာရင်းစာအုပ် ကို ဆက်လက်၍ ကြည့် နေလေ၏ ။ ထိုအချိန်၌ ပင် စာပို့ရထားကြီး သည် ဘူတာရုံ ရှေ့ မှ ပြင်းထန်စွာ ခုတ်မောင်း သွား၏ ။ မိုး မှာလည်း ကောင်းစွာ တိတ်၍ သွားပြီ ဖြစ်၏ ။

“ နေစမ်းပါဦး ဓားပြကြီး ၊ ဘာများ အလို ရှိပါသေးသလဲ ”

ဟု ရုံပိုင်ကြီး က မေး လိုက်လေ၏ ။

ဓားပြ သည် ပွတ်ချွန်းဆေးလိပ် ကို အခန်းထောင့် ဆီ သို့ လွှင့်ပစ်လိုက်ပြီး နောက် အိတ်ကတ် အတွင်း မှ ဓာတ်ပုံတစ်ပုံ ကို ထုတ် ပြ လိုက်လေတော့၏ ။

“ ဟောဒီ ဓာတ်ပုံ ထဲ က လူ ကို သိတယ် မဟုတ်လား ”

ဟု မေး လိုက်လေ၏ ။ ရုံပိုင်ကြီး လည်း ဓာတ်ပုံ ကို ငုံ့ ၍ ကြည့် လိုက်ပြီးလျှင် ဦးခေါင်း ကို ဖြည်းညင်းစွာ ယမ်း လိုက်ပြီး

“ ကျုပ် တစ်သက် မှာ တစ်ခါမှ မတွေ့ဘူးတဲ့ လူ ကို လာ ပြတာပဲ ”

ဟု ပြောလိုက် လေသတည်း ။

စာပို့ရထားကြီး ဖြတ် သွားပြီး မကြာမီ ၌ ပင် ဘူတာရုံကလေးအ တွင်း မှ သေနတ်သံများ ကြား ရ ပြီးလျှင် ဘူတာရုံကလေး တစ်ခု လုံး မီး လောင် သွားလေတော့၏ ။ ရွာသူ  ၊ ရွာသားများ က လာရောက် ငြိမ်းသတ်သော်လည်း မမီ လိုက်တော့ပေ ။

ဘူတာ အတွင်း ၌ မူ ရုပ် ဖမ်း ၍ မရအောင် မီးလောင်ကျွမ်း နေသော အလောင်း တစ်လောင်း ကို တွေ့ရလေ၏ ။

ထို အလောင်း သည် မှန်အိမ်ကိုင်း မှ လက်တစ်ဘက် နှင့် ဆုပ်ကိုင် ထားလေ၏ ။ ဤသည် ကို အကြောင်းပြု ၍ “ ရုံပိုင်ကြီး ” ၏ အလောင်း ဟု ဆုံးဖြတ် ကြလေ၏ ။

သက်ဆိုင်ရာ မှ လာရောက် ကြည့်ရှု စစ်ဆေး ပြီး လျှင် မီးလောင်မှု ကို ပုလိပ် ဘက် သို့ လွှဲအပ် လိုက်လေ၏ ။ ဘူတာရုံကလေး ကို မူ “ လူစီး နည်းသည် ” ဟူသော အချက် တစ်ချက် တည်း နှင့်ပင် အပြီးအပိုင် ဖျက်သိမ်း လိုက်လေတော့၏ ။

ဤသည်မှာ မထင်မရှား တော ဘူတာကလေး တစ်ရုံ ဖျက်သိမ်း ပစ်လိုက်ခြင်း နှင့် ရုံပိုင် တစ်ဦး သေဆုံး သွားရခြင်း အကြောင်း ပေ တည်း ။

အခြားသော အကြောင်း တစ်ခု မှာ ရွာသားများ သည် ည အချိန်မတော် သံလမ်း မှ ဖြတ်၍ ပြန် လာလျှင် ဘူတာရုံဟောင်းကလေး နေရာ ၌ မီးအိမ်နီကလေး ကို ကိုင် ၍ ရထား ကို မီး ပြရန် စောင့်နေသော ရုံပိုင်ကြီး ကို အဝေး မှ တွေ့မြင် ကြရသည် ဆို၏ ။ ထိုအခါ ရွာသားများ သည် “ ရုံပိုင်ကြီးသရဲ ” ဟု အော်ကာ ပြေး ကြရကုန်၏ ။

တစ်ခါသော် သတ္တိ ကောင်းသော ရွာသား နှစ်ဦး အနီး သို့ ချဉ်းကပ်သွား ရာ “ ရုံပိုင်ကြီးသရဲ ” မဟုတ်ဘဲ အမျိုးသမီး တစ်ဦး သည် မီးအိမ်နီကလေး ကို ဆွဲကာ တစ်စုံ တစ်ခု ကို လိုက်လံ ရှာဖွေ နေကြောင်း တွေ့ ရလေ၏ ။ သို့ရာတွင် ၎င်းတို့ နှစ်ဦး အနီး သို့ ရောက် လာသော အခါ၌ မီးအိမ်နီကလေး ကို မီးငြိမ်း ပစ်ပြီး လျှင် မှောင်ရိပ် ထဲ သို့ တိုးဝင် ၍ ရှောင်တိမ်း ပျောက်ကွယ် သွား လေတော့၏ ။ ထို့ကြောင့် ရွာသူရွာသားများ သည် ညအခါ တွင် လူ များများစားစား အဖော် မပါဘဲ ဘူတာရုံကလေး ရှိခဲ့ဖူးသော နေရာ မှ ဖြတ်သန်း သွားလာခြင်း မပြုရုံ မက ထို ရွာကလေး တွင် အခါတိုင်း ပြောနေကျ တစ္ဆေပုံပြင် စာရင်း ၌ ဘူတာရုံသရဲ ဟူ၍ လည်းကောင်း ၊ ရုံပိုင်ကြီး သရဲ ဟူ၍ လည်းကောင်း ၊ မှန်အိမ်နီ သရဲမ ဟူ၍ လည်းကောင်း သုံးမည် ရသော တစ္ဆေပုံပြင် တစ်ပုဒ် စာရင်း တိုး ၍ သွားလေတော့ သတည်း ။

◾မင်းသိင်္ခ

📖 မိုးပေါ်မှာ ကြယ်တစ်လုံး

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment