Monday, January 29, 2024

လာကြပြီ ( ၁ )


 

❝ လာကြပြီ ❞

တစ်ညသ၌ မောင်ခင်ဦး နှင့် မစန်းအေး တို့ ၏ အိမ် သို့ သူခိုး ကပ်လေ၏ ။ ထို သူခိုး ကပ်သည့် ည က မောင်ခင်ဦး နှင့် မစန်းအေး တို့ သည် ဇာတ်ပွဲ တစ်ခု သို့ သွားရောက် ကြည့်ရှု နေကြလေ၏ ။

ထို ည က ကပ်သော သူခိုး မှာ နှစ်ယောက် ဖြစ်၏ ။ တစ်ယောက်သော သူ မှာ အရပ်အမောင်း လွန်စွာ ထွားကျိုင်းသည့် ယောက်ျားကြီး ဖြစ်ပြီး လျှင် ကျန် တစ်ယောက် မှာ မူ လွန်စွာ နုနယ်သော မိန်းကလေး တစ်ဦး ဖြစ် လေ၏ ။

ထို မိန်းကလေး သူခိုး က မောင်ခင်ဦး တို့ ၏ အိမ်ဝင်း အတွင်း သို့ ခြံနံဘေး ရှိ ခွေးတိုးပေါက် မှ ဝင်၏ ။ ထို့နောက် မီးဖို ဘက် တွင် ရှိသော ပြတင်းပေါက် ၏ တံခါးချက် တစ်ခု ကို ဖြတ်၍ တံခါး ကို ဖွင့်၏ ။

ထိုအခါ ထွားကျိုင်းသော ယောက်ျား သူခိုးကြီး က ခြံစည်းရိုး ကို လွှားခနဲ ခုန်၍ ဝင် ကာ ထို ဖွင့်ထားသော ပြတင်းပေါက် မှ အတွင်း သို့ ဝင်၏ ။ မိန်းကလေး သူခိုး လည်း အတွင်း သို့ လိုက် ၍ ဝင်၏ ။

ထို့နောက် ထို စုံတွဲ သူခိုး နှစ်ဦး တို့ သည် မောင်ခင်ဦး နှင့် မစန်းအေး တို့ ၏ အိပ်ခန်း သို့ ဝင် ရောက်ကာ ၎င်းတို့ အလို ရှိသော ပစ္စည်း ကို ခိုးဝှက်ရန် အတွက် လက်နှိပ် ဓာတ်မီးငယ်ကလေး ကို အသုံးပြု ကာ အိပ်ခန်း တစ်ခုလုံး အား ပိုက်စိပ်တိုက် ၍ ရှာဖွေ နေလေတော့၏ ။

ထို စုံတွဲ သူခိုး နှစ်ဦးကား တစ်ဦး က ကိုကြာပွတ် ဖြစ်ပြီး လျှင် ကျ န်တစ်ဦးကား မမယ်ဇယ် ဖြစ်ကြောင်း ကို စာဖတ်သူ တို့ ရိပ်မိလောက်မည် ထင်ပါသည် ။

ကိုကြာပွတ် နှင့် မမယ်ဇယ် တို့ သည် အခန်း တစ်ခုလုံး အား မွှေနှောက် ရှာ သော်လည်း ၎င်းတို့ အလိုရှိသော ပစ္စည်း ကို ရှာ၍ မတွေ့နိုင်ဘဲ ရှိ လေ၏ ။ 

ထို့နောက် ၎င်းတို့ သည် ထို ပစ္စည်း ရှိမည် ထင်သော အခြား နေရာများ သို့ ဆက်လက်၍ ရှာဖွေ ကြ ပြန်၏ ။ သို့ရာတွင် ပစ္စည်း ကို ရှာ၍ မတွေ့ဘဲ ရှိကြလေ၏ ။

ဤသို့နှင့်ပင် နာရီသံချောင်း ခေါက်သံ နှစ်ချက် ကို ပင် ကြားရ လေတော့၏ ။

“ ဘယ်လို လုပ်မလဲ ။ ရှာလို့လဲ မတွေ့ပါလား ”

ဟု မမယ်ဇယ် က တိုးတိုးကလေး ပြော လိုက်ရာ ကိုကြာပွတ် က

“ သိပ်လဲ စိတ် မပူပါနဲ့ မမယ်ဇယ် ရယ် ။ ဒီလောက် အဖိုးတန်တဲ့ ပစ္စည်း ဟာ လွယ်လွယ်ကူကူ တော့ ဘယ် ရ မတုံးကွယ် ”

ဟု ပြောဆို ကာ ဆက်လက်၍ ရှာဖွေ နေစဉ် ၌ ပင် ခြံဝင်း တံခါးဖွင့်သံ ကို ကြားရ လေတော့၏ ။

ထိုအခါ မမယ်ဇယ် သည် လွန်စွာ ထိတ်လန့်၍ သွား လေ၏ ။

“ ဟော တော် ပြန်လာ ကုန်ကြပြီ ။ ဘယ်လို လုပ်ကြမတုံး ။ ကျွန်မတို့ ဘယ်လို ထွက်ပြေးကြမတုံး ”

ဟု တုန်ယင်သော အသံဖြင့် ကိုကြာပွတ် ၏ လက်မောင်း ကို ကိုင်၍ လှုပ်ရင်း ပြောလိုက် လေတော့၏ ။ ထိုအခါ ကိုကြာပွတ် က

“ သူတို့ ပြန်လာတော့လဲ ကောင်းတာပေါ့ မမယ်ဇယ် ရယ် ။ ကျုပ်တို့ ရှာလို့ မတွေ့တဲ့ ပစ္စည်း ကို သူတို့ ကို ပဲ ရှာခိုင်း ရတာပေါ့ ”

ဟု ခပ်တိုးတိုး ပြန်၍ ပြော လိုက်လေ၏ ။

“ အို ဘယ်ဖြစ်မတုံး ။ သူတို့ တွေ့သွားရင် သူတို့ က သူခိုး သူခိုး လို့ ဟစ်လိုက်တာ နဲ့ ရှင် ရော ကျွန်မ ရော ဒုက္ခ ဖြစ်ကုန်မှာ ”

ဟု မမယ်ဇယ် က ပြန်၍ ပြောလေ၏ ။

ထိုအချိန်မှာ ပင် အောက်ထပ် တံခါး ဖွင့်သံ ကို ထပ်မံ၍ ကြားရ ပြန်လေ၏ ။

“ လုပ်ပါဦး ကိုကြာပွတ် ရဲ့ ။ ဒီတစ်ခါ ဖြင့် ခက်ရချည်သေးရဲ့ ”

ဟု ခပ်တိုးတိုးကလေး ညည်းညူရင်း မျက်ရည်များ စီးကျ လာလေတော့၏ ။

ထိုအခါ ကိုကြာပွတ်ကြီး က မမယ်ဇယ် ၏ ပခုံး ကိုကိုင်၍

“ လာခဲ့ ” ဟု ဆိုကာ စောစောက တွေ့ထား ခဲ့သော မတ်ရပ် ဗီရို အလွတ်ကြီး တစ်လုံး ရှိရာ သို့ ခေါ်သွား ပြီး လျှင် ဗီရိုတံခါး ကို ဖွင့်၍ မမယ်ဇယ် အား ဗီရို ထဲ တွင် ထည့် ကာ ..

“ ဘာမှ မကြောက်နဲ့ ကျုပ် တစ်ယောက်လုံး ရှိတယ် ။ ငြိမ်ငြိမ်လေး နေ ”

ဟု ပြော ဆိုကာ ဗီရိုတံခါး ကို ပိတ်ထား လိုက်လေ၏ ။

၎င်း ကိုယ်တိုင် က မူ မျက်နှာကြက် ထုပ်တန်း ပေါ် သို့ တွယ် တက်ကာ ထုပ်တန်း ပေါ် ၌ ကပ်၍ နေ လိုက်လေ၏ ။

ထိုအချိန် ၌ မှာပင် မောင်ခင်ဦး နှင့် မစန်းအေး တို့ သည် အိမ် ပေါ်သို့ ရောက်လာ ကြလေတော့၏ ။ အိမ်ပေါ် သို့ ရောက်သည့် အခါ၌ မောင်ခင်ဦး က

“ အေး ရယ် ပွဲ က ကောင်းလျက်သား နဲ့ ဘာဖြစ်လို့ ပြန်ချင်ရတာတုံး ”

ဟု လိုက်ရာ မစန်းအေး က

“ အို မကြည့်ချင်ဘူး ဆိုနေမှပဲ ။ ဒါပဲ မေးနေတယ် ။ ကိုဦး က ကြည့်ချင်တယ် ဟုတ်လား ။ အေး က သိပါတယ် ။ မင်းသမီး လုပ်တဲ့ ကောင်မ က ဟို မမယ်ဇယ် ဆိုတဲ့ အစိမ်းသေမ နဲ့ ဘယ်လောက် တူ သလဲ ။ အဲ့ဒါကြောင့် မကြည့်ချင်တာ ”

ဟု ပြောလိုက် လေ၏ ။

ထိုအခါ မောင်ခင်ဦး က

“ ဪ ဒါကြောင့်လား ။ စောစော က ပြောရောပေါ့ အေး ရယ် ။ ကိုဦး က မသိပါဘူး ။ မင်းသမီး ကလဲ မတူပါဘူး ကွယ် ။ တူတယ်ပဲ ထားပါဦး ။ ကိုဦး က မေတ္တာ မရှိလို့ အဆုံး စီရင်ခဲ့ပြီပဲ ။ ရှင်းရှင်း ပြောမယ် ။ ကိုဦး အနေနဲ့ ဒီ ကမ္ဘာလောကကြီး မှာ အေး က လွဲပြီး ဘယ် မိန်းမ ကို မှ မချစ်နိုင်ဘူး ။ ယုံပါ ”

ဟု ဆိုကာ မစန်းအေး ၏ ခါး ကို သိုင်းဖက်၍ ကြင်နာယုယစွာ နမ်းရှုပ် လိုက်လေ၏ ။ ထို အဖြစ်အပျက်များ ကို မယ်ဇယ် သည် ဗီရို အတွင်း မှ ပုန်းအောင်း နေရင်း သော့ပေါက် မှ နေ၍ ချောင်းကြည့် နေသည် ဖြစ်ရာ အလုံးစုံ မြင်တွေ့ ကြားသိ နေရ လေတော့၏ ။

မမယ်ဇယ် သည် အသားများ တဆတ်ဆတ် တုန်လာသည် အထိ ဒေါသ ထွက်လာ၏ ။ စောစောက မြင်တွေ့မည် ကို စိုးသဖြင့် ပုန်းအောင်း နေရ သော်လည်း ယခု အခါ ၌ ဗီရိုအတွင်း မှ ပြေးထွက် ကာ နှစ်ယောက် စလုံး ကို လည်ပင်း ညှစ်၍ သ,တ်ချင်စိတ်များ တဖွားဖွား ဖြစ်ပေါ်၍ နေလေတော့၏ ။

ထို့နောက် များမကြာမီ ၌ မောင်ခင်ဦး နှင့် မစန်းအေး တို့ သည် နေချင် သလို နေ ကုန်၏ ။ မောင်ခင်ဦး က ခုတင် အနီးရှိ စားပွဲ ပေါ် မှ အရက်ပုလင်း ကို ယူကာ ဖန်ခွက် အတွင်း သို့ အနည်းငယ် ငှဲ့ ထည့်ပြီး နောက် မော့ လိုက်လေ၏ ။

ထိုအခါ မစန်းအေး က

“ ကိုဦး မယ်ဇယ် ဆိုတဲ့ ကောင်မ ကို တကယ် သတိ မရဘူးလား ”

ဟု မေးလိုက်၏ ။ ထိုအခါ မောင်ခင်ဦး က

“ ဒီ ငထူ ငထိုင်းမ ကို ကိစ္စတုံးတဲ့ နေ့ ကတည်း က သတိ မေ့ သွားပါပြီကွယ် ”

ဟု ပြော လိုက်လေ၏ ။

ထို စကား ကို ဗီရို အတွင်းမှ နားထောင် နေသော မမယ်ဇယ် ကြား လျှင် အသား တဆတ်ဆတ် တုန် သည် အထိ ဒေါသ ထွက် လေတော့၏ ။

မောင်ခင်ဦး နှင့် မမယ်ဇယ် တို့ လည်း အချစ် ရေယာဉ်ကြော မျော ကြ လေတော့၏ ။ ထို အချိန် ၌ ထုပ်တန်း ပေါ် တွင် ကပ် နေသော ကိုကြာပွတ် သည် အောက် သို့ ဆင်းလာ ပြီးလျှင် ၎င်းတို့ အား ခြောက်လုံးပြူး နှင့် ချိန်ကာ

“ လှုပ်မယ် မကြံနဲ့ ။ ကျည်ဆန် က နှစ်ယောက် စလုံး ကို ဖောက် သွားလိမ့်မယ် ”

ဟု ပြော လိုက်ရာ ပိုးစိုးပက်စက် ဖြစ်နေသော စုံတွဲ နှစ်ဦး သည် ကိုးရိုးကားရား ဖြစ်သွားကြ လေတော့၏ ။

ထိုအခါ ကိုကြာပွတ် သည် အနီးရှိ ကြိုး တစ်ချောင်း ကို ယူ၍ မောင်ခင်ဦး အား တုပ်နှောင် လိုက် လေ၏ ။ ထိုသို့ တုပ်နှောင် စဉ် ၌ ပင် မစန်းအေး သည် ကိုကြာပွတ် အလစ် ၌ ထ ၍ ပြေး လေတော့၏ ။

ထိုအခါ ဗီရို အတွင်း မှ မမယ်ဇယ် က ဗီရိုတံခါး ကို ဆောင့် တွန်း ၍ ခံ လိုက်ရာ အရှိန် နှင့် ပြေး လာသော မစန်းအေး သည် ဗီရို နှင့် တိုက်မိ ၍ ပက်လက်လန် ၍ လဲကျ လေတော့၏ ။

မမယ်ဇယ် လည်း မစန်းအေး အပေါ် သို့ တက် ၍ ခွကာ လည်ပင်း ကို ညှစ်လိုက် လေ၏ ။ ထိုသို့ ညှစ်ရင်း

“ ဟဲ့ ကျေးဇူး ကန်းတဲ့ ကောင်မ ။ အစိမ်းသေမ အကြောင်း သိပြီလား ”

ဟု ကြိမ်းမောင်းသည် ဖြစ်ရာ မစန်းအေး လည်း မိမိ အား လည်ပင်း ညှစ်နေသူ ကို ကြည့် လိုက်ရာ မမယ်ဇယ် ဖြစ်ကြောင်း တွေ့ ရ လျှင် တစ္ဆေသရဲ ထင်မှတ်၍ ကြောက်လန့်ကာ ဟစ်အော် မည် ပြု၏ ။

သို့ရာတွင် မမယ်ဇယ် က ပါးစပ် ကို လက် ဖြင့် တစ်အား ပိတ် ထားသော မအော်နိုင်တော့ပေ ။ ထိုအခါ ကိုကြာပွတ် သည် မစန်းအေး အား ဆွဲ ၍ ထူ လိုက်ပြီးလျှင်

“ ငြိမ်ငြိမ် နေပါ မစန်းအေး ။ မငြိမ်ရင် တော့ အမြန် သေလိမ့်မယ် ”

ဟု ဆိုကာ မစန်းအေး နှင့် မောင်ခင်ဦး တို့ ၏ လည်ပင်းများ ကို ကြိုးကွင်းလျှော တစ်ခု စီ ဖြင့် စွပ်ကာ ကြိုးစများ ကို မမယ်ဇယ် အား ကိုင် ထား စေ၏ ။ မမယ်ဇယ် လည်း ကြိုးစ နှစ်စ အား တစ်စ စီ ကို လက် တစ်ဘက် စီ ၌ ကိုင် ၍ ထား လိုက်လေ၏ ။

“ မမယ်ဇယ် ရေ ။ သူတို့ နှစ်ယောက် အော်တာ နဲ့ ကြိုးစ နှစ်စ ကို တစ်ခါတည်း သာ ဆောင့်ဆွဲ လိုက်ပေတော့ ။ အဲဒါ နှစ်ကောင် စလုံး အသက် ထွက် သွား လိမ့်မယ် ။ အဲဒီ ကြိုး နှစ်ချောင်း ဟာ သူတို့ ရဲ့ အသက် နှစ်ချောင်း ပဲ ။ သူတို့ အသက်တွေ ဟာ မင်း လက် ထဲ မှာ ပဲ ”

ဟု ကိုကြာပွတ် က ပြော လိုက်လေတော့၏ ။

ထိုအခါ မမယ်ဇယ် က

“ အော်မယ် မကြံနဲ့နော် ။ ဂစ်ခနဲ အသက် ထွက်သွားမယ် ”

ဟု ကြိမ်း လိုက်လေ၏ ။ ထိုအချိန် ၌ ကိုကြာပွတ် သည် မစန်းအေး အနီး သို့ ကပ် ပြီး လျှင်

“ ကဲ မစန်းအေး ။ မင်းတို့ နှစ်ယောက် ဖတ်ကြတဲ့ မှတ်တမ်းကြီး ဘယ်မှာလဲ ”

ဟု မေးလိုက် လေတော့၏ ။

မစန်းအေး က လည်း

“ ကျွန်မ မသိပါဘူးရှင် ”

ဟု ငြင်း လေ၏ ။

ထိုအခါ မမယ်ဇယ် က

“ ဘာ မသိရမှာလဲ ။ ညည်းတို့ လင်မယား ဒီ အခန်း ထဲ မှာဖတ်ကြတာ ။ ငါ မြင်တယ် ကြားလဲ ကြားတယ် ။ မပြောဘူးလား ”

ဟု ကြိုးစ ကို ဆွဲ လိုက်ရာ လည်ပင်း သည် အသက် ထွက်လု မတတ် အစ် ၍ သွား လေတော့၏ ။

သို့ရာတွင် မစန်းအေး က မပြောဘဲ တင်း၍ ခံ နေသဖြင့် ကိုကြာပွတ် က

“ ဒီကောင့် ကို မေးမယ် မမယ်ဇယ် ။ ဒီကောင့် ကြိုး ကို ဆွဲလိုက်စမ်း ”

ဟု ပြောရာ မမယ်ဇယ် က မောင်ခင်ဦး လည်ပင်း မှ ကြိုး ကို ဆွဲလိုက်ရာ မောင်ခင်ဦး သည် လည်ပင်း အစ် ၍ မျက်လုံး ပြူးသွား ပြီးလျှင်

“ ပြောပါ့မယ် ပြောပါ့မယ် ။ ဟိုမှာပါ ဟိုမှာပါ ”

ဟု ငိုယို၍ ပြောမည် လုပ်ရာ မစန်းအေး က

“ မပြောပါနဲ့ ကိုဦး ။ အသေ ခံကြမယ် ။ မပြောဘူး ”

ဟု ဝင်၍ ဟန့်တား သော်လည်း လည်ပင်း အစ် နေပြီ ဖြစ်သော မောင်ခင်ဦး က

“ အသေ မခံပါရစေနဲ့ အေး ရယ် ”

ဟု ပြော လေ၏ ။

“ မပြောပါနဲ့ ကိုဦး ရယ် ။ အေး လောက် တောင် ခံနိုင်ရည် မရှိဘူးလား ”

ဟု မစန်းအေး က မောင်ခင်ဦး အား ဆူ လေ၏ ။

“ မခံနိုင်ဘူး ဝူး ဝူ မမယ်ဇယ် ရယ် ။ မင်း နဲ့ ငါ လင်မယား ပါ ကွာ ဒါလောက် မရက်စက်ပါနဲ့ ”

ဟု မောင်ခင်ဦး က ပြော လိုက်ရာ မမယ်ဇယ် က ခစ်ခနဲ ရယ် လိုက် ပြီးလျှင်

“ လင်မယား ဟုတ်လား ။ ဒါကြောင့် မော်တော်ကား နဲ့ ချောက် ထဲ တွန်းချတာပေါ့ ”

ဟု မေး လိုက်လေ၏ ။

ထိုသို့ မေးပြီးနောက် ကြိုးစ ကို ပို၍ ဆွဲ လိုက်ရာ မောင်ခင်ဦး သည် မခံနိုင်တော့ဘဲ

“ ဟိုမှာ ဟိုမှာ မီးဖို ထဲ က ဒန်အိုး ထဲ မှာ ”

ဟု ပြော လိုက်လေတော့၏ ။ ထိုအခါ ကိုကြာပွတ် သည် မီးဖို အတွင်း သို့ သွားပြီး လျှင် ဒန်အိုးများ ကို ဖွင့် ကြည့် ရာ တစ်ခုသော ဒန်အိုး တွင် ဆန်များ ထည့် ထားသည် ကို တွေ့ရှိပြီး ။ ထို ဆန်များ ကို လက် ဖြင့် ယက် လိုက်ရာ ၎င်းတို့ အလိုရှိသော မှတ်တမ်း ကို တွေ့ရလေတော့၏ ။ ထိုအခါ ကိုကြာပွတ် လည်း မှတ်တမ်းစာအုပ် ကို ယူ၍ အိမ်ပေါ် ထပ် သို့ တစ်ဖန် တက် ၍ လာပြီး လျှင်

“ မမယ်ဇယ် ။ ဟောဒီမှာ မင်း အဖေ ရေးခဲ့တဲ့ ကျိန်စာသင့် နေသော အိမ်ကြီး မှတ်တမ်း ။ ဒီဥစ္စာ မင်း ရဲ့ ပစ္စည်းပဲ ”

ဟု ဆိုကာ မမယ်ဇယ် အား မှတ်တမ်းကြီး ပြ လေတော့၏ ။ မမယ်ဇယ် လည်း အားရဝမ်းသာ ဖြင့် မှတ်တမ်းကြီး ကို ကြည့်ရှုလေ၏ ။

မစန်းအေး မှာ မူ မှတ်တမ်းကြီး ကို လက်လွှတ် ခံလိုက်ရသည့် အတွက် ကြောင့် ကြိတ်မနိုင် ခဲမရ ဖြစ်ကာ ငိုကြွေး လေတော့၏ ။ ထိုအခါ ကိုကြာပွတ် က မစန်းအေး ၏ မျက်နှာ ကို ကြည့်၍

“ ဒီမှာ မစန်းအေး ။ ကျုပ် က ဒီ ဇာတ်လမ်း ကို အကုန် သိတဲ့ လူ ပါ ။ မမယ်ဇယ် က ဘာမှ မသိရှာဘူး ။ ဟောဒီ မောင်ခင်ဦး က လဲ ဘာမှ သိတာ မဟုတ်ဘူး ။ ဒီ မှတ်တမ်းကြီး ရဲ့ အရေးပါပုံ ကို သိတာ မင်း ရယ် ကျုပ် ရယ် ပဲ ရှိတယ် ။ အဲဒီတော့ အသက် မသေချင် ရင် ၊ အသားမနာ ချင်ရင် ကျုပ် မေးတာ ကို ဖြေတော့ ”

ဟု ပြော လိုက်ရာ မစန်းအေး က

“ ဘာ ဖြေရမှာလဲ ။ ရှင်တို့ ရ သွားပြီပဲ ။ ယူသွားကြပေါ့ ”

ဟု ပြန်၍ ပြောလိုက် လေတော့၏ ။

“ တဲဝိုင်းကြီး ဘူတာ က ရုံပိုင်ကြီး နဲ့ မင်း နဲ့ ဘယ်လို ပတ်သက်တာတုံး ”

ဟု ကိုကြာပွတ် က မေး လိုက်လေ၏ ။

“ ဪ ရှင် က ဒါတွေလဲ သိ နေ သကိုး ”

ဟု မစန်းအေး က ပြန်၍ ပြောလိုက် လေ၏ ။

“ သိတယ်လေ ။ ကျုပ် ရှာ နေတဲ့ သဲလွန်စ က အဲဒီ ရုံပိုင် ဆီ မှာ အဆုံးသတ် သွား တာကိုး ။ မင်း ဟာ သူ နဲ့ ပတ်သက်မယ် ဆိုတာ သိတာပေါ့ ။ ရုံပိုင်ကြီး ဟာ သန်းခေါင်ကြယ် အဖွဲ့ ခေါင်းဆောင် ဦးကု,လား ရဲ့ တစ်ဦးတည်း သော သား ပဲ ။ သူ့ ဆီ မှာ သဲလွန်စ ရနိုင်မယ် လို့ ငါ ထင်ခဲ့တာ ။ ဒါပေမဲ့ သူ က သေရှာပြီ ကိုး ။ အဲဒီမှာ ကွင်းဆက် က ပြတ် သွားတာပဲ ”

ဟု ကိုကြာပွတ် က ပြော လိုက်လေ၏ ။

ထိုအခါ မစန်းအေး က

“ ရှင် သိသလောက် ပြောစမ်းပါဦး ။ ရှင် ပြောပြီး မှ ကျွန်မ က ပြောပြရမှာပေါ့ ”

ဟု ပြောလိုက်လေ၏ ။

“ ငါ သိသလောက် ပြောရရင် တော့ သန်းခေါင်ကြယ်အဖွဲ့ က ဝှက် ထားတဲ့ ပစ္စည်း ဟာ နှစ်နေရာ မှာ ရှိတယ် ။ တစ်နေရာ က နည်းတယ် ။ တစ်နေရာ က အလွန် အင်မတန် များတယ် ။ ငါ က နည်းတဲ့ နေရာ က ပစ္စည်း ကို ရ ပြီးပြီ ။ အဲ့ဒီ နေရာ မှာ ရှိတဲ့ မှတ်တမ်း တစ်ခု ကို ဖတ် ရတော့ အစုလိုက် အပုံလိုက် ကျန်တဲ့ နေရာ ကို ငါ လဲ စိတ်ဝင်စား မိတယ် ။ အဲဒီ မှတ်တမ်း အရ ဆိုရင် အစုလိုက် အပုံလိုက် ရတနာပစ္စည်းတွေ ရှိတဲ့ နေရာ ကို ညွှန်ပြနိုင်တဲ့ လမ်းကြောင်း နှစ်ကြောင်း ဖြစ်နေတယ် ။ တစ်ကြောင်း ကတော့ ဦးပေတလူ ။ ဦးပေတဖြူ တို့ ညီအစ်ကို ဘက် ကို သွားတဲ့ လမ်းကြောင်း ရယ် ။ ဦးကု,လား ဘက် ကို သွားတဲ့ လမ်းကြောင်း ရယ် နှစ်ကြောင်း ပဲ ရှိတယ် ။ အဲဒီ လမ်းကြောင်း နှစ်ကြောင်း မှာ လဲ ဦးပေတလူ တို့ လမ်းကြောင်း ဟာ မျိုးဆက် ပြတ် သွားတယ် ။ ဦးပေတလူ ရဲ့ သား ဦးမြူ ဟာ ရဟန်း ဝတ်ပြီး တောထွက် သွားတယ်လို့ သိရတယ် ။ အဲဒီ လမ်းကြောင်း ကတော့ ပစ္စည်း ထားတဲ့ အညွှန်း မရှိတော့ဘူး လို့ ငါ ထင်ခဲ့ မိတာ ။ ကျန်တဲ့ ဦးကု,လား ဘက် က လမ်းကြောင်း က တော့ မျှော်လင့်ချက် ရှိသေးတယ် လို့ ထင်ခဲ့မိတာ ။ ဒါပေမဲ့ တကယ် စုံစမ်းလိုက်တဲ့ အခါ ကျတော့ ဦးကု,လား ရဲ့ သား ဟာ တဲဝိုင်းကြီးဘူတာ က ရုံပိုင်ကြီး ဖြစ်နေတယ် ။ အဲဒီ ရုံပိုင်ကြီး ဟာ လဲ ဘူတာရုံ မီးလောင် လို့ သေသွားရှာပြီ လို့ သိရတယ် ။ အဲဒီတော့ မျှော်လင့်ချက် ဟာ ဝေးသလို ဖြစ် နေတယ် ။ ဒါပေမဲ့ ငါ က သိပ် ကို ကံကောင်းတဲ့ အကောင် ။ မမျှော်လင့်ဘဲ မမယ်ဇယ် ဟာ ငါ့ ဆီ ရောက်လာတယ် ။ ပြီးတော့ ဒီ အိမ် ကို သူ ပြန် လာတယ် ။ သူ ပြန်လာတဲ့ အခါ မှာ မောင်ခင်ဦး နဲ့ မင်း ဟာ မှတ်တမ်းကြီး တစ်ခု ကို ဖတ်နေကြတာ ကို သူ က ကြားခဲ့ရပြီး ငါ့ ကို ပြန် ပြောပြတယ် ။ အဲဒီ မှတ်တမ်းကြီး ဖြစ်တယ် ဆိုတာ မမယ်ဇယ် ကိုယ်တိုင် မသိရှာဘူး ။ဒါကြောင့် ဒီ မှတ်တမ်းကြီး ကို မပေးဘူး လို့ ဆုံးဖြတ် ထားပုံရတယ် ဒါကြောင့် မင်း ဟာ ဒီ မှတ်တမ်းကြီး အကြောင်း ကို အရင် ကတည်း က သိထားပုံ ရတယ် လို့ ငါ က စဉ်းစားမိတယ် ”

ဟု ကိုကြာပွတ် က ပြောလိုက်လေ၏ ။

“ မှန်တာပေါ့ ရှင် ။ ဒီ ရတနာသိုက်ညွှန်း ကို လိုချင်တဲ့ နေရာ မှာ ကျွန်မ ဟာ ရှင့် ထက် မလျော့ပါဘူး ။ ရှင် ပြောတဲ့ တဲဝိုင်းကြီးဘူတာ က ရုံပိုင်ကြီး ဟာ ကျွန်မ ယောက်ျား ပေါ့ ။ ကျွန်မ ယောက်ျား ဖြစ်ရတာ က ဒီလိုပါ ။ ပထမ သူ ဟာ ကျွန်မ နဲ့ ဘာမှ မဆိုင်ဘူး ။ ပထမ ကျွန်မ ယောက်ျား က ဦးကု,လား ရဲ့ မယားငယ် က မွေးတာ ။ ကိုပီတာ တဲ့ ။ အဲဒီ ကျွန်မ ယောက်ျား ကိုပီတာ ဟာ သူ့ အဖေ ဦးကု,လား ဆီ မှာ ရတနာသိုက်ညွှန်း ရှိတယ် ဆိုတာ ရိပ်မိတယ် ။ အဲဒီ ရတနာသိုက်ညွှန်း ကို လဲ သူ့ ကို မပေးဘဲ မယားကြီး က မွေးတဲ့ သားကြီး ကို ပေးခဲ့တယ် လို့ သူ က ထင် ထားတာ ။ မယားကြီး ရဲ့ သား ဆို တာ က ရုံပိုင်ကြီး လေ ။ ကိုပီတာ က ကျွန်မ နဲ့ ညားတော့ လဲ ဒီလိုပဲ ခိုးဆိုး တိုက်ခိုက် နေတာပဲ ။ ထောင်ကျ သွားသေးတယ် ။ သူ ထောင်ကျ နေတုန်းမှာပဲ သူ့ အဖေ ဦးကု,လား သေသွားရှာတယ် ။ အဲဒီတော့ ရတနာ မြေပုံအညွှန်း ကို သူ့ အဖေ ဦးကု,လား ဟာ မယားကြီး က မွေးတဲ့ သား ကို ပေးသွားတယ် လို့ ထင်တာ ကိုး ။ အဲဒါနဲ့ ကိုပီတာ ရယ် ကျွန်မ ရယ် ဟာ မယားကြီး ရဲ့ သား ကို သုံးနှစ် လောက် စုံစမ်း ရှာဖွေ ကြ ရတယ် ။ နောက်ဆုံး မှာ တဲဝိုင်းကြီးဘူတာ မှာ ရုံပိုင် လုပ်နေတယ် ဆိုတာ သိရတော့ တာ ပဲ ။ အဲဒီတော့ ကိုပီတာ ဟာ ဦးကု,လား ငယ်ငယ် က ရိုက် ထားတဲ့ ဓာတ်ပုံ တစ်ပုံ က သူ့ မှာ ရှိတာကိုး ။ အဲဒီ ဓာတ်ပုံ ကို ယူ သွားပြီး ရုံပိုင်ကြီး ကို ပြတယ် ။ ပြီးတော့ ရုံပိုင်ကြီး ဆီ မှာ ဖခင် ဖြစ်သူ ဦးကု,လား ပေးထားခဲ့တဲ့ မြေပုံညွှန်း ကို တောင်းတော့တာပဲ ”

ဟု မစန်းအေး က ပြော လိုက်လေတော့၏ ။

ထိုအခါ ကိုကြာပွတ် က 

“ ရုံပိုင်ကြီး က မြေပုံညွှန်း မပေးတဲ့ အတွက် မင်း ယောက်ျား ကိုပီတာ က ရုံပိုင်ကြီး ကို သ,တ်ပြီး ဘူတာရုံ ကို မီးရှို့ ပစ် လိုက်တယ် ဆိုပါတော့ ”

ဟု ပြော လိုက်ရာ မစန်းအေး က တခစ်ခစ် ရယ်၍ ...

“ ဘယ်ကလာ ဟုတ်ရမှာတုံး ရှင့် ။ ကျွန်မ ယောက်ျား ကိုပီတာ ကို ရုံပိုင်ကြီး က သ,တ်ပစ်လိုက်တာ ။ ပြီးတော့ ရုံပိုင်ကြီး က သူ့ အဝတ်အစားတွေ ကို ချွတ်ပြီး ကျွန်မ ယောက်ျား အလောင်း မှာ ဝတ် ပေးပြီး ဘူတာ ကို မီးရှို့ ပစ် လိုက်တာ ။ အဲဒါကြောင့် ရပ်ရွာ က ရော ။ ပုလိပ် ဘက် က ရော ။ မီးရထား ဘက် က ပါ ရုံပိုင်ကြီး သေသွားပြီ လို့ ထင် နေကြတာ ။ အမှန် က ရုံပိုင်ကြီး မသေဘူး ရှင့် ”

ဟု မစန်းအေး က ပြော လိုက်လေ၏ ။

◾မင်းသိင်္ခ

📖 မိုးပေါ်မှာ ကြယ်တစ်လုံး

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment