Friday, January 19, 2024

သနားစဖွယ် မမယ်ဇယ်


 

❝ သနားစဖွယ် မမယ်ဇယ် ❞

ဤသို့နှင့်ပင် မစန်းအေး သည် မမယ်ဇယ်ကလေး တို့ ၏ အိမ် ၌ ရောက်ရှိ နေသည် မှာ တစ်နှစ် ကျော်ကျော် ခန့် ရှိပြီ ဖြစ်၏ ။ ဆန်စက် စာရင်းအင်းများ ကို ဝိုင်းဝန်း ကူညီ၍ လုပ် ပေး၏ ။ မောင်ခင်ဦး က ဆန်စက် သို့ နေ့စဉ် မသွားသော်လည်း မစန်းအေး က ဆန်စက် သို့ သွားရောက်၍ မောင်ခင်ဦး လုပ်ကိုင်ရမည့် အလုပ် တာဝန်များ ကို လုပ် ပေး၏ ။ မောင်ခင်ဦး က မန်နေဂျာများ ကို မှာကြား လိုက်သော စကားများ ရှိ ကလည်း သွားရောက် မှာ ကြား ပေးလေ၏ ။ မန်နေဂျာ အပါအဝင် အလုပ်သမားများ ကောင်းစွာ အလုပ် လုပ်ခြင်း ရှိ မရှိ ကိုလည်း မစန်းအေး က သွားရောက် စစ်ဆေးလေ၏ ။

ထို့နောက် ၎င်း အား ကြည့် ၍ မရသော မောင်ခင်ဦး က ပင် မမယ်ဇယ် အား အောက်ပါအတိုင်း ပြောလေ၏ ။

“ မမယ်ဇယ် ရေ မစန်းအေး က အတော့် ကို အလုပ် လုပ်တာပဲ ၊ သူ ရှိတော့ ကိုခင်ဦး တောင် စက် ကို မသွားရတော့ဘူး ၊ သူ့ ကို လဲ လခလေး ဘာလေး ပေး မှ တော်မယ် ထင်တယ် ”

မောင်ခင်ဦး မပြောမီ က ပင် မမယ်ဇယ်ကလေး က မစန်းအေး အား လစဉ် ဆေး သုံးရန် ဟု ဆိုကာ ငွေ တစ်ရာကျပ် ထုတ်ပေးခဲ့ပြီး ဖြစ်ရာ မောင်ခင်ဦး က သဘောတူ သော အခါ၌ မူ မမယ်ဇယ်ကလေး က လစဉ်ငွေ နှစ်ရာ ပေး လေတော့၏ ။

မစန်းအေး မှာ လည်း ထို အိမ် ၌ နေရသည် မှာ ပျော်၍ လာ လေတော့၏ ။

လူတို့ ၏ ကံကြမ္မာ သည် လွန်စွာ ဆန်းကြယ်လှ ဘိ၏ ။ ကံကြမ္မာ ကား မျက်လှည့်ဆရာ နှင့် တူသည် ဟူ၍ ပင် ဆိုကြကုန်၏ ။ အဘယ်ကြောင့် ဆိုသော် သူ သည် အဆန်းတကြယ်များ ကို ပြုလုပ်တတ် သောကြောင့် ဖြစ်၏ ။

ဆန်းကြယ်ပုံ ကား ဤသို့ ဖြစ်၏ ။ တစ်နေ့တွင် မောင်ခင်ဦး က မမယ်ဇယ် အား

“ မမယ်ဇယ်ရေ ၊ စက် နှစ်လုံးလုံး ကို ရပ်ထားပြီး အကုန် လုံး ၊ ဖြုတ် ပြင်ခိုင်း ထား တယ် ကွယ့် ၊ ပစ္စည်းတွေ လဲ အသစ် လဲ ခိုင်းထားတယ် ၊ တစ်လ လောက် တော့ ကြာ လိမ့်မယ် ဒီ အတော အတွင်း ကိုခင်ဦး တို့ မြန်မာပြည် အရပ်ရပ် လျှောက်ပြီး လည် ကြရအောင် ဘုရားတွေ လဲ ဖူးရတာပေါ့ ၊ အိမ် က ကား နဲ့ ပဲ သွားမယ် ၊ ကား ကို သုံးလို့ မရတဲ့ နေရာတွေ ကျရင် တစ်နေရာ ရာ မှာ အပ်ထားခဲ့ပြီး လူချည်း ဆင်း သွားမယ်ကွာ ” ဟု ပြော လေ၏ ။

“ ကား သုံးလို့ မရတဲ့ နေရာ ဆိုတာ ဘယ်လိုလဲ ကိုခင်ဦး ရဲ့ ” ဟု မမယ်ဇယ်လေး က မေး လေ၏ ။

“ ဒီလိုလေကွာ ၊ အခု ဒီ ကနေ သွားမယ် ဆိုပါတော့ ၊ ပြည် ရွှေဆံတော် ကို ဖူးမယ် ဆိုရင် ကား နဲ့တစ်ခါတည်း သွားလို့ရတယ် ၊ အဲဒီကနေ မကွေး မြသလွန် ဆိုပါတော့ ကွာ သွားလို့ ရသေးတယ် ၊ မင်းဘူး ရွှေစက်တော် ဆိုရင်တော့ မရတော့ဘူး ၊ ဧရာဝတီမြစ်ကြီး ခံ နေပြီး အဲဒီမှာ ကား ကို မကွေး ဘက် မှာ ထားခဲ့ပြီး လူချည်း ကူး သွားမယ်ပေါ့ ။ တစ်ခု တော့ ရှိတယ် ၊ တချို့ နေရာတွေ မှာ ကား ကို ဖောင် နဲ့ တင်ပြီး ကူးလို့ ရတာလဲ ရှိပါတယ် ရတော့လဲ ကူးတာပေါ့ကွာ ” ဟု မောင်ခင်ဦး က ရှင်းပြ လေ၏ ။

“ သွားလေ ၊ ကောင်းသားပဲ ကိုခင်ဦး ရယ် ၊ ဒါပေမဲ့ နှစ်ယောက် တည်း တော့ မလုပ်ပါနဲ့ ၊ မစန်းအေး လဲ လိုက်ပါစေရှင် ” ဟု မမယ်ဇယ် က ပြော လေ၏ ။

“ သိပါတယ်ကွယ် ၊ မမယ်ဇယ် သူငယ်ချင်း ကို မထားခဲ့ပါဘူး ၊ ခေါ်သွား မှာ ပါ သန်ဘက်ခါ ကို သွားကြရအောင် ” ဟု မောင်ခင်ဦး က ပြော လေ၏ ။

ထိုနေ့၌ ပင် မမယ်ဇယ် နှင့် မစန်းအေး တို့ သည် လမ်းခရီး ၌ စားသောက်ရန် အတွက် ငါးပိကြော် ၊ ကြက်သားပြုတ်ကြော် စသည်များ စီမံရ လေ တော့၏ ။ ပေါင်မုန့် ၊ သရက်သီးသနပ် ၊ ထောပတ် အစ ရှိသော ပစ္စည်းများ လည်း ဝယ်ယူ ကြ ရ လေတော့၏ ။

အဝတ်အစားများ လည်း သိမ်းဆည်း ကြ လေ၏ ။ တစ်နေ့လုံး လိုလိုပင် အလုပ် ရှုပ်လျက် ရှိကြလေ၏ ။ နောက် တစ်နေ့ နံနက် ၌ မူ မောင်ခင်ဦး က ကား ကို မောင်း၏ ။

မမယ်ဇယ် က ၎င်း ၏ ဘေး ၌ ထိုင်၏ ။ မစန်းအေး က မူ ၎င်းတို့ ၏ နောက်ဘက် ရှိ ခုံ တွင် တစ်ယောက် တည်း ထိုင် လေ၏ ။

၎င်းတို့ သုံးဦး သည် ပျော်ရွှင်စွာ ခရီး ထွက် သွားကြလေတော့၏ ။ လမ်းတွင် တွေ့သော ဘုရားများ ကို ဝင် ဖူးကြ၏ ။ နာမည်ကြီး ဘုန်းကြီးကျောင်းများ ကို ဝင်၍ ကန်တော့ ကြ၏ ။ ရေမိုးချိုးကြ၏ ။ ဈေးများ ၌ ပစ္စည်းများ ဝယ်ကြ၏ ။ ပြီးလျှင် ခရီး ဆက်ကြ ပြန်၏ ။

လမ်း ၌ မစန်းအေး က အပျင်းပြေရန် ဟု ဆိုကာ သီချင်း ဆို လေတော့၏ ။ ၎င်း ဆိုသော သီချင်း မှာ နားထောင်လေ့ မရှိသူ အဖို့ နား ရှက်စရာပင် ကောင်း လှတော့၏ ။ မည်သို့ပင် ဖြစ်စေ ၎င်းတို့ သုံးဦး သည် ပျော်ပျော်ရွှင်ရွှင် နှင့် ပင် တစ်မြို့ ဝင် တစ်မြို့ ထွက် ဆိုသလို ပင် ခရီး ထွက်ခဲ့ ကြတော့၏ ။ ရက် အတန် ကြာသော အခါ ၎င်းတို့ သည် ရှမ်းပြည်နယ် တောင်ပိုင်း သို့ ရောက်ရှိ ခဲ့ကြ လေတော့၏ ။ အင်းလေးဒေသ ၌ လည်ပတ် ကြ လေ၏ ။ ပြီးလျှင် တောင်ကြီး သို့ တက်ရောက်ကြ လေ၏ ။ တောင်ကြီးမြို့ တွင် တစ်နေ့လုံး နေပြီး နောက် ညပိုင်း ရောက် မှ ပင် တောင် အောက် သို့ ပြန်၍ ဆင်းရန် စီစဉ်ကြ လေ၏ ။

၎င်းတို့ ရောက်ရှိ သွားသော အချိန် မှာ တောင်ကြီးမြို့ ၌ လွန်စွာ အေးချမ်းလှသော အချိန် ဖြစ်၏ ။ ၎င်းတို့ သည် တောင်ကြီးဈေး ၌ ဂွမ်းပုံများ နှင့် တခြား ပစ္စည်းများ ဝယ်ကြ လေ၏ ။ ထို ပစ္စည်းများ ထဲ တွင် ရှမ်းလွယ်အိတ်များ လည်း ပါ၏ ။ အနည်းငယ် မိုးချုပ် ၍ လကလေး ထွက်ပြုစ အချိန်၌ ပြန် ၍ ဆင်း ခဲ့ ကြလေ၏ ။

လကလေး သည် မှုန်တိမှုန်မွှားကလေး သာ လေ၏ ။ ဆီးနှင်းများ သည် နေရာတကာ ၌ ပိတ်ဆို့၍ နေလေ၏ ။ အရိုး ကွဲ မတတ် ချမ်းသော လေ သည် တဟူးဟူး နှင့် တိုက်ခတ် နေလေ၏ ။

“ ချမ်းလိုက်တာ လွန်ပါရော တော် ” ဟု မစန်းအေး က ညည်း လိုက်လေ၏ ။ ထိုအခါ မမယ်ဇယ်ကလေး က မော်တော်ကား ကို ခေတ္တ ရပ်ခိုင်း ပြီး လျှင် ကား ၏ နောက်ပိုင်း ၌ ထည့် ထားသော အသင့် ချုပ်ပြီးသား ဂွမ်းပုံ နှစ်ထည် ကို ထုတ်၍ တစ်ထည် ကို မစန်းအေး အား ခြုံပေး လေ၏ ။ တစ်ထည် ကို မူ ၎င်း က ခြုံ လေ၏ ။

ထိုအခါ မောင်ခင်ဦး က

“ သူငယ်ချင်း နှစ်ယောက် တော်တော့် ကို ဟုတ်တာပဲ ၊ ဂွမ်းပုံ တစ်ယောက် တစ်ထည် နဲ့ ၊ ကျုပ် ကို တော့ ချမ်းချင် ချမ်းပါစေ ဆိုတဲ့ သဘောလား ” ဟု ပြော လေ၏ ။

ထိုအခါ မမယ်ဇယ် က

“ မဟုတ်ရပါဘူး ကိုခင်ဦး ရယ် ၊ ကိုခင်ဦး က လောင်းကုတ်ကြီး ဝတ် ထားတော့ မချမ်းဘူးလား လို့ ပါ ” ဟု ပြန်၍ ပြော လေ၏ ။

“ ဟုတ်ပါတယ် မမယ်ဇယ် ၊ ကျုပ် က မချမ်းပါဘူး ၊ အလကား ကျီစားတာပါ ” ဟု ပြောလိုက်လေ တော့၏ ။

မောင်ခင်ဦး သည် နှင်းမှုန်များ ကြား၌ မော်တော်ကား ကို ကျင်လည်စွာ မောင်း လေ၏ ။

အောက် မှ တက်လာမည့် ကား နှင့် တိုး မိမည် စိုးသော ကြောင့် မကြာခဏ ဟွန်း တီး၍ အချက် ပေး လေ၏ ။ မတ်စောက်သော ကွေ့ တစ်ကွေ့ သို့ ရောက်သော အခါ၌ မူ မောင်ခင်ဦး သည် မော်တော်ကား ဟွန်း ကို အဆက်မပြတ် တီးလေ၏ ။

ကား ၏ လက်ကိုင် ကို လည်း ကျင်လည်စွာ ထိန်း လေ၏ ။ မည်သို့ ဖြစ်သည့် မသိ ။ မော်တော်ကား သည် ဒယီးဒယိုင် နှင့် ဟိုထိုး သည်ထိုး ဖြစ် နေလေ၏ ။ မမယ်ဇင် ကလေး က “ ဘရိတ် ဘရိတ် ” ဟု သတိ ပေး လေ၏ ။

ထိုသို့ သတိပေး နေသည့် ကြား မှ ပင် မောင်ခင်ဦး သည် ဘရိတ် ကို မနင်း မိ ၍ လီဗာ ကို သာ နင်း မိလေ၏ ။ မော်တော်ကား သည် အရှိန် ပြင်းစွာ ဖြင့် ကွေ့တိ ကွေ့ကောက် ထွက်သွား လေ၏ ။

ထိုအခါ မစန်းအေး က

“ လုပ်ပါဦး လုပ်ပါဦး ” ဟု အထိတ်တလန့် အော်ဟစ် လေ၏ ။

ထိုသို့ အော်ဟစ် နေစဉ် အတွင်း ၌ ပင် မစန်းအေး ၏ အနီးရှိ တံခါး သည် “ ဂျိုင်း ” ခနဲ ပွင့်သွား ပြီး လျှင် မစန်းအေး သည် ဂွမ်းပုံကြီး ခြုံလျက်သား ကား ပေါ် မှ လမ်း ဆီ သို့ ထွက်ကျ သွား လေတော့၏ ။

“ အို လုပ်ပါဦး ”

ဟု မမယ်ဇယ်ကလေး က လှည့်၍ ကြည့်ကာ အော်ဟစ် လေ၏ ။ ထိုအချိန် မှာ ပင် မောင်ခင်ဦး အနီးရှိ တံခါး သည် လည်း ပွင့် သွားပြီး မောင်ခင်ဦး ပါ ကား ပေါ် မှ ထွက်ကျ သွားလေ၏ ။ မမယ်ဇယ်ကလေး သည် “ အိုး လုပ်ကြပါဦး ” ဟု အော်ဟစ် ရှာ လေ၏ ။

၎င်း သည် ထိုထက် ပို၍ မအော်နိုင် ရှာတော့ပေ ။ အဘယ်ကြောင့် ဆိုသော် ကား သည် လွန်စွာ မြင့်မားသော ချောက်ကြီး ထဲ သို့ ထိုးကျ သွားပြီ ဖြစ်၏ ။ မမယ်ဇယ် လည်း ကား နှင့် အတူ ပါသွား သောကြောင့် ဖြစ်၏ ။

မောင်ခင်ဦး သည် လူးလဲ ၍ ထ ကာ မော်တော်ကား ကျရာ ဆီ သို့ ငုံ့ ၍ ကြည့် လေ၏ ။ သို့ရာတွင် မြူများ ဆိုင်း နေသောကြောင့် မည်သည့် အရာ ကို မျှ သဲကွဲစွာ မမြင်ရပေ ။

ထို့နောက် မောင်ခင်ဦး သည် လမ်း ပေါ် တွင် လဲကျ နေသော မစန်းအေး အား ပြေး ၍ ထူလေ၏ ။

“ ဘယ် နာသွားသေးလဲ မစန်းအေး ” ဟု မောင်ခင်ဦး က မေးလိုက်လေ၏ ။ မစန်းအေး က ပြန်၍ မဖြေဘဲ ...

“ သူကော ” ဟု ပြန်၍ မေးလိုက်လေ၏ ။

“ သူ့ ကံ နဲ့ သူ သွားရှာပါပြီ ကွယ် ” ဟု မောင်ခင်ဦး က ပြန် ၍ ပြော လိုက်လေ၏ ။ များမကြာမီ ၌ ပင် တောင် ပေါ် မှ ကားတစ်စီး ကို တွေ့ သဖြင့် ရပ်ခိုင်း ပြီးလျှင် မောင်ခင်ဦး နှင့် မစန်းအေး တို့ သည် ထို ကား နှင့် ပင် ရွှေညောင် သို့ လိုက်ကြ လေ၏ ။

ရွှေညောင် သို့ ရောက်လျှင် ဂါတ် ထဲ သို့ ဝင်ကာ အဖြစ်အပျက် ကို တိုင်ချက် ဖွင့် လေ၏ ။ နောက် တစ်နေ့ နံနက် မိုး လင်းသော အခါ ပုလိပ်များ သည် ချောက် အတွင်း သို့ မမယ်ဇယ် ၏ အလောင်း ကို ရှာဖွေရန် မောင်ခင်ဦး အား ခေါ် လေ၏ ။

“ ကျွန်တော် မလိုက်ပါရစေနဲ့ ဗျာ ၊ ဒီလောက် ချောက်ကြီး ထဲ ကို ကျ သွားတာ ဆိုတော့ ကျွန်တော့် မိန်းမ ရဲ့ အလောင်း ဟာ ရုပ်ပျက် ဆင်းပျက် ဖြစ် နေမှာပဲ ၊ အဲဒါကို မြင် ရရင် ကျွန်တော် ဟာ သွက်သွက် ခါအောင် ရူးသွား နိုင်ပါတယ် ။ ကျွန်တော့် ကို သနားကြပါ ခင်ဗျာ ၊ မော်တော်ကား ဟာလဲ ဘယ်နည်း နဲ့ မှ အကောင်း ပကတိ ရှိတော့မှာ မဟုတ်ပါဘူး ၊ ဒါကြောင့် မော်တော်ကား ကို လဲ ကျွန်တော် ပြန် မယူချင်တော့ပါဘူး ”

ဟု မောင်ခင်ဦး က သနားဖွယ် ရာ ပြော လေ၏ ။

ထိုအခါ ရာဇဝတ်အုပ် နှင့်ပုလိပ်သားများ သည် မောင်ခင်ဦး အား မခေါ်တော့ ဘဲ မော်တော်ကား ကျ ရာ ချောက်နက်ကြီး ဆီ သို့ ၎င်းတို့ ဘာသာ သွားရောက် ရှာဖွေ ကြ လေ၏ ။ ချုံတောများ ကို ရှင်းလင်းရ လေ၏ ။ အတော်အတန် နေ မြင့်သော အခါ ပုလိပ် များ သည် မောင်ခင်ဦး ၏ ကား အပျက် ကို တွေ့ရ လေ၏ ။ ကား မှာ သုံး မရအောင် ပျက်စီး နေပြီ ဖြစ်၏ ။ ကား အနီး တွင် လည်း သွေးကွက် အချို့ ကို တွေ့ရ လေ၏ ။ သို့ရာတွင် မမယ်ဇယ် ၏ အလောင်း ကို မူ မတွေ့ရချေ ။ ထို့ကြောင့် ရာဇ၀တ်အုပ် က “ ကျား ဆွဲသွားတာ ဖြစ်လိမ့်မယ် ” ဟု ကောက်ချက် ချကာ ပျက်စီး နေသော သားရေသေတ္တာ နှစ်လုံး နှင့် အဝတ်အစား တို့ ကို ယူကာ ဂါတ် သို့ ပြန် လာခဲ့လေ၏ ။

မောင်ခင်ဦး က ရာဇဝတ်အုပ် ကို မြင်လျှင် ...

“ ဘယ်လိုလဲ ခင်ဗျာ ကျွန်တော့် မိန်းမ အလောင်း တွေ့ခဲ့ကြရဲ့လား ” ဟု မေး လေ၏ ။

“ ခင်ဗျား မိန်းမ သိပ်ကို ကံ ဆိုး ပါတယ်ဗျာ ၊ သေပြီးတာ တောင် အလောင်း ကို ကျား ဆွဲ ခံရသေးတယ် ” ဟု ရာဇဝတ်အုပ် က ပြ န်၍ ပြောလေ၏ ။ 

မောင်ခင်ဦး လည်း ငို လေ၏ ။ မစန်းအေး မှာ ငိုရင်း ပင် တက် ၍ သွား လေ၏ ။ ပုလိပ်များ က ဝိုင်း၍ နှိပ်နယ် ပေးကြရ လေ၏ ။ ထို့နောက် မောင်ခင်ဦး သည် ရာဇဝတ်အုပ် အား ငွေငါးရာ ပေး၍

“ ရန်ကုန် ရောက်ရင်လဲ ကျွန်တော့် မိန်း မအတွက် ဆွမ်းကျွေး သပိတ်သွတ် လုပ်ဦး မှာပါ ၊ ဒီမှာလဲ ́ရာဇဝတ်အုပ်မင်း က ဦးဆောင်ပြီး ကျွန်တော့် မိန်းမ မမယ်ဇယ် အတွက် သပိတ်သွတ် ပေးပါ ” ဟု ပြောလေ၏ ။

ရာဇဝတ်အုပ် လည်း ...

“ ကောင်းပါပြီဗျာ ၊ လုပ်ပေးရတာပေါ့ ” ဟု ဆိုကာ ငွေငါးရာ ကို လက်ခံ ထား လိုက်လေ၏ ။ မောင်ခင်ဦး နှင့် မစန်းအေး တို့ မှာ မူ ရန်ကုန် သို့ ပြန်ခဲ့ကြ လေ၏ ။

ရာဇဝတ်အုပ်ကြီး သည် မောင်ခင်ဦး ပေး သော ငွေငါးရာ အနက် တစ်ရာ ကို ၎င်း ၏ လက်အောက် ငယ်သားများ အား လှူ လေ၏ ။ ကျန်ငွေ အနက် မှ သုံးရာ့ငါးဆယ် ကို ၎င်း ၏ မိန်းမ အား လှူလေ၏ ။

ထိုမှ ကျန်သော ငွေငါးဆယ် ကို သာ ဆွမ်း ချက် ၍ ဘုန်းကြီး ငါးပါး အား ဆွမ်းကပ် ပြီး လျှင်

“ ချောက် ထဲ ကျလို့ သေတဲ့ မမယ်ဇယ်လေး ရေ အမျှ ... အမျှ ” ဟု အသံနက်ကြီး ဖြင့် အမျှဝေ လိုက်လေတော့ သတည်း ။

   •••••   •••••   •••••

မောင်ခင်ဦး နှင့် မစန်းအေး တို့ သည် မီးရထား နှင့် ပြန်လာ ကြလေ၏ ။ မောင်ခင်ဦး က မစန်းအေး ၏ ပခုံး ပေါ် ၌ သိုးမွေး တဘက်ကလေး ကို ခြုံ ၍ ပေး လိုက်လေ၏ ။

“ သိပ်ကို ချမ်းနေသလား အေးရယ် ” ဟု မောင်ခင်ဦး က မေး လိုက်လေ၏ ။ မစန်းအေး သည် မောင်ခင်ဦး ၏ ရင်ခွင် ကို မှီ လိုက်လေ၏ ။

“ မချမ်းပါဘူး ကိုဦး ရယ် ၊ ကိုဦး ရဲ့ ရင်ခွင် ဟာ အေး အတွက် နွေးထွေးလှပါတယ် ၊ ကိုဦး အေး ကို ဘယ်လောက် ချစ်သလဲ ဆိုတာ လဲ အေး သိပါတယ် ”

ဟု မစန်းအေး က ပြန် ၍ ပြော လိုက်လေ၏ ။ ၎င်းတို့ နှစ်ဦး သည် ကံကြမ္မာ အသစ်များ ကို ဖန်တီးရန် အတွက် ဆုံးဖြတ်သူများ ဖြစ်ကြ၏ ။

ဤသို့နှင့် ပင် ရန်ကုန် သို့ ရောက်ရှိကြလေတော့၏ ။ ရန်ကုန် သို့ ရောက်လျှင် မမယ်ဇယ် အတွက် ဆွမ်းကျွေး သပိတ်သွတ် အလုပ်များ လုပ်ကြ လေ၏ ။ မမယ်ဇယ် ၏ သတင်းဆိုး ကို ကြားရသူအပေါင်း သည် “ စုတ် ” တသပ်သပ် ဖြစ်ကြရ လေတော့၏ ။

မောင်ခင်ဦး ကို လည်း တရား နှင့် ဖြေရန် ဖျောင်းဖျကြ လေတော့၏ ။ မောင်ခင်ဦး သည် မည်သည့် အရာ နှင့် ဖြေသည် ကို ၎င်းတို့ မသိကြပေ ။ မောင်ခင်ဦး သည် ညပိုင်း သို့ ရောက်သော အခါ၌ ဝီစကီ နှင့် ဝက်အူချောင်း ကို ဇိမ် ယူ၍ စားသောက် ရင်း ပြီးခဲ့သော ဇာတ်လမ်းဆိုး များ ကို ဖြေဖျောက် လေ၏ ။ ထို့နောက် အိပ်ရာ သို့ ဝင်လေ၏ ။ အိပ်ရာ ၌ ကား မစန်းအေး ရှိနှင့် နေပြီ ဖြစ်၏ ။

မောင်ခင်ဦး သည် မမယ်ဇယ် နှင့် မင်္ဂလာဆောင် သည့် မင်္ဂလာဦးည ကဲ့သို့ ပင် မစန်းအေး နှင့် စတင် အိပ်စက်ရသော ညကလေး က လည်း အရက်ကလေး တမြမြ နှင့် ဇိမ်ကျ ၍ နေလေတော့၏ ။

တစ်ညလုံး လိုလို မအိပ်ဘဲ ဝီစကီ ထ ၍ မော့လိုက် အိပ်ရာ သို့ ဝင်လိုက် နှင့် အုန်းသီး ရသော မျောက် ကဲ့သို့ ဖြစ်နေ လေ၏ ။ လူသိ ရှင်ကြား အတည့်အလင်း ယူရန် အချိန် စောသေး သောကြောင့် ဤသို့လျှင် လူမသိ သူမသိ ပေါင်းသင်း နေထိုင်ကြ လေ၏ ။

ဤသို့ ခိုးကြောင်ခိုးဝှက် နေရသည် မှာ လည်း တစ်မျိုးတစ်ဖုံ အားဖြင့် ပျော်စရာ ကောင်း လေတော့၏ ။ ၎င်းတို့ စုံတွဲ သည် လွန်စွာ လိုက်ဖက်၏ ။ နှစ်ဦးစလုံး သည် ကာမဘီလူးများ ဖြစ်ကြ၏ ။ နှစ်ဦးစလုံး သည် ကောက်ကျစ်သော အရာ ၌ မြေခွေး ပင် ဆလံ သ ကြရ၏ ။

နှစ်ဦးစလုံး ပင် ရက်စက်သော အရာ ၌ ပါးကွက်အာဏာသား က အရှုံး ပေး လိုက်ရ၏ ။ နှစ်ဦး စလုံး သည် မကောင်းမှု ကို ပြုကျင့်သော အရာ ၌ ရဲတင်း ကြ၏ ။

ဤသို့ စရိုက်ချင်း တူညီသောကြောင့် ၎င်းတို့ စုံတွဲ ကို အတွဲ ညီသော စုံတွဲ ဟု ဆို နိုင်၏ ။ သို့ရာတွင်  ... ကံတရား ဟူသော အရာက ဆန်းကြယ် လှ၏ ။ သူ သည် မျက်လှည့်ဆရာကြီး နှင့် တူသည့် အလျောက် မောင်ခင်ဦး နှင့် မစန်းအေး တို့ ကို လည်း မျက်လှည့် ပြ ရန် စောင့်ဆိုင်း နေ၏ ။

ထို့ကြောင့် ၎င်း ၏ မျက်လှည့်ပွဲ ကို စတင် လေ တော့၏ ။

အထက်ပါ အဖြစ်အပျက်များ ဖြစ်ပွားပြီး များမကြာမီ တစ်နေ့ ၌ မောင်ခင်ဦး နှင့် မစန်းအေး တို့သည် မမယ်ဇယ် ၏ ပစ္စည်း အထားအသိုများ ကို မနှစ်သက်၍ လည်းကောင်း ၊ မရှုဆိတ်၍ လည်းကောင်း ရွှေ့ပြောင်း ကြလေ၏ ။

ဟို ပစ္စည်း ကို သည် ရွှေ့ ၊ သည် ပစ္စည်း ကို ဟို ရွှေ့ လုပ်ကြကုန်၏ ။ အောက်ထပ် တွင် ရှိသော ပစ္စည်း ကို အပေါ်ထပ် သို့ ပို့ ၍ အပေါ်ထပ် တွင် ရှိသော ပစ္စည်း ကို အောက်ထပ် သို့ ချလေ၏ ။ ထိုသို့ ပစ္စည်းများ ကို ရွှေ့ပြောင်းရာ တွင် ကျွန်းသေတ္တာကြီး တစ်လုံး ကို တွေ့ရ လေ၏ ။ ထို သေတ္တာကြီး ကို ခတ် ထားသော သော့ခလောက် မှာ ဟောင်းနွမ်း နေပြီ ဖြစ်၏ ။ သံချေးများ ပင် ကိုက် ၍ နေသောကြောင့် သော့ ရှိ သည့် တိုင်အောင်ပင် ဖွင့် ရန် မဖြစ်နိုင်တော့ပေ ။

ထို့ကြောင့် မောင်ခင်ဦး သည် ထို သော့ခလောက်ကြီး ကို စို့ ဖြင့် ရိုက် ဖြုတ် ၍ ဖွင့်ရ လေတော့၏ ။ သော့ပွင့် သွားသော အခါ၌ သေတ္တာ အဖုံး တွင် ကပ်ထားသော ပတ္တာ နှင့် မျောက်လက်များ မှာ သံချေး ကိုက် နေ သဖြင့် သံချေးများ ကွာ စေရန် တူ ဖြင့် ထု ရလေ၏ ။

ထို့နောက် ရေနံဆီများ ဆွတ်ဖျန်း ရ လေ၏ ။ အချိန် အတော်ကြာသည် အထိ ပြုလုပ်ပြီး မှ ပင် အဖုံး ကို ဖွင့်နိုင် လေ၏ ။ အဖုံး ပွင့် သွားသော အခါ၌ အတွင်း မှ ရွှေဒင်္ဂါး အချို့ ၊ ဓားမြှောင် သုံးလက် ၊ သွေးစွန်း နေသော အင်္ကျီ တစ်ထည် ရင်းတိုက်သား ဖြင့် ပြုလုပ်ထားသော တုတ်ကောက် တစ်ချောင်း ၊ ဂေါ်ရခါးလူမျိုး များ ကိုင်ဆောင်သည့် ဓားကောက် တစ်လက် ၊ အင်္ဂလိပ်ဘင်ခရာတီးဝိုင်းများတွင် အသုံးပြုသည့် ဘေးစောင်း မှုတ်ရသော “ ဖလု ” ခေါ် ပလွေ ရှည်မျောမျောကလေး တစ်ချောင်း ၊ သံတံဆိပ်ဝိုင်း တစ်ခု နှင့် စာအုပ် တစ်အုပ် ကို တွေ့ရ လေ တော့၏ ။ ထိုအခါ မောင်ခင်ဦး က မစန်းအေး ၏ မျက်နှာ ကို လှမ်း ၍ ကြည့် လိုက်လေ၏ ။ မစန်းအေး က လည်း မောင်ခင်ဦး ၏ မျက်နှာ ကို မော့ ၍ ကြည့် လိုက်လေ၏ ။

“ ဘယ်လို ဟာတွေလဲ ” ဟု မျက်လုံး ချင်း မေး လိုက်ခြင်း ဖြစ်၏ ။

ထို့နောက် မစန်းအေး က ...

“ ဒီ သေတ္တာကြီး ဖွင့်လိုက် ကတည်း ကို က အေး ရဲ့ စိတ် ထဲ တစ်မျိုးကြီးပဲ ကိုဦး ရယ် ” ပြောလိုက်လေ၏ ။

“ လုံလုံခြုံခြုံ သိမ်းထားပုံ ထောက်တော့ အရေးကြီးတဲ့ ပစ္စည်းတွေ ပဲ ဖြစ်လိမ့်မယ် အေး ရဲ့ ” ဟု မောင်ခင်ဦး က ပြန် ၍ ပြော လေ၏ ။

ထို့နောက် မောင်ခင်ဦး သည် အတွင်း မှ စာအုပ် ကို ဆွဲယူ လိုက်လေ၏ ။ စာအုပ် မှာ သားရေဖုံး စာအုပ် အထူကြီး ဖြစ်၏ ။ မစန်းအေး က အနီး တွင် ရှိသော အဝတ် ဖြင့် စာအုပ် ပေါ် တွင် ရှိသော ဖုန်များ ကို ပွတ် လိုက် လေ၏ ။

ထို့နောက် စာအုပ် ၏ အနှောင့် ရွှေရောင်ကွက်များ နေရာ ကို ကြည့် ပြီး လျှင် မောင်ခင်ဦး လက် သို့ စာအုပ် ကို ပြန်၍ ပေးရင်း ...

“ ဒီ စာအုပ်မျိုး က ရိုးတိုက် မှာ အလျင် က ရောင်းဖူးတဲ့ မှတ်စု စာအုပ်မျိုး ပါ ” ဟု ပြောလိုက်လေ၏ ။ 

“ အင်းလေ အဲဒီတော့ ဘာဖြစ်သတုံး အေး ရဲ့ ” ဟု မောင်ခင်ဦး က မေး လိုက်လေ၏ ။

“ မဟုတ်ပါဘူး ကိုဦး ရဲ့ ၊ အေး ပြောတာ ဒီလိုပါ ၊ စက္ကူ အလွတ် ပေါ်မှာ မှတ်တမ်း ရေးပြီး နောက်မှ သားရေဖုံး ချုပ်တာမျိုး မဟုတ်ဘူး ၊ မှတ်တမ်း ရေးတဲ့ စာအုပ် ကို ဝယ်ပြီး ရေးတဲ့ သဘော လို့ ပြောတာပါ ၊ အေး ပြောချင်တာ ကတော့ မှတ်တမ်း ရေးတဲ့ လူဟာ သူ ရေးချင်တဲ့ အကြောင်းအရာတွေ ပေါ်ပေါက်လာတဲ့ အခါမှာ မှတ်တမ်း စာအုပ် တစ်အုပ် ဝယ် ပြီး ရေးမှတ် ထား လိုက်တယ် ၊ တချို့က စာ ရေးတာ ကို ဝါသနာ ပါလို့ မှ အကြောင်း အရာ ထူးထူးခြားခြား ရှိရှိ မရှိရှိ မှတ်တမ်း ရေးတတ်ကြတယ် လေ ၊ ပြီးတော့မှ ရေး ပြီးသား မှတ်တမ်းတွေ ကို သားရေဖုံး ချုပ်ပြီး သိမ်း ထားတတ်တယ် ၊ သူ ကတော့ ဒီလို မဟုတ်ဘူး ၊ ရေးစရာ အကြောင်း ပေါ်လာလို့ စာအုပ် သွား ဝယ်ပြီး ရေးမှတ် ထားတဲ့ သဘောပဲ ၊ ကဲပါလေ ဖတ်ကြည့်ပါဦး ” ဟု ပြော လိုက်ရာ မောင်ခင်ဦး လည်း မှတ်တမ်းစာအုပ် ကို ဖွင့် လိုက် လေ တော့၏ ။

ပထမ စာမျက်နှာ ၌ ပင် ထိတ်လန့် တုန်လှုပ်ဖွယ်ရာ ကောင်းသော အောက်ပါ စာတန်း ကို တွေ့ရ လေတော့၏ ။

◾ကျိန်စာ သင့် နေသော ကျွန်းအိမ်ကြီး မှတ်တမ်း

မောင်ခင်ဦး သည် ထို စာ ကို ဖတ်ပြီး နောက် မျက်လုံး ပြူး ၍ သွားလေတော့၏ ။ ထိုအခါ မစန်းအေး က

“ ဘာတဲ့လဲ ကိုဦး ရဲ့ ” ဟု အလောသုံးဆယ် မေး လိုက်လေ၏ ။

“ ဒီမှာ ဖတ်ကြည့်ပါဦး အေး ရယ် ” ဟု မောင်ခင်ဦး က ပြော ကာ စာအုပ် ကို မစန်းအေး ဘက် သို့ ထိုး ၍ ပေး လိုက်လေ၏ ။ မစန်းအေး လည်း စာ ကို ဖတ်ကြည့် ပြီး နောက်

“ ကြောက်စရာကြီးပါလား ၊ လုပ်ကြံ ရေးထားတာ မဟုတ်ဘူး ၊ သေတ္တာ ထဲ မှာ လဲ သွေးစွန်းတဲ့ အင်္ကျီတွေ ၊ လက်နက်တွေ ၊ ရွှေတွေ နဲ့ တစ်ခု ခု တော့ တစ်ခု ခု ပါ ပဲ ကိုဦး ရယ် အေး ဖြင့် အသည်းတုန် အူတုန် ဖြစ် လိုက်တာ ” ဟု ပြော လေ၏ ။

ထို့နောက် ၎င်းတို့ နှစ်ယောက် သည် တစ်ဦး မျက်နှာ တစ်ဦး အားကိုးသမှု နှင့် ကြည့်ပြီး နောက်

“ သူ ရေးထားတဲ့ စာက ကျွန်းအိမ်မည်းကြီး ပဲ ၊ ဒီ အိမ် က ကျွန်းအိမ် မှ မဟုတ်တာ အောက် က အုတ်ပတ်ကား တက် ထားတယ် ၊ အပေါ် မှာ ပျဉ် နဲ့ ဆောက်ထားတယ် ဘယ်လိုဟာပါလိမ့် အေးရယ် ” ဟု မောင်ခင်ဦး က ပြော လိုက်ရာ မစန်းအေး က ...

“ ဘာပဲဖြစ်ဖြစ် ကိုဦး ရယ် ၊ သူ့ မှတ်တမ်းကြီး ကို ဆုံး အောင်တော့ ဖတ်ကြည့်ရ မှာပဲ ၊ ဒါမှလဲ အဓိပ္ပာယ် သိတော့မပေါ့ ” ဟု ပြော လိုက်လေ၏ ။

“ သွားစမ်းပါဦး အေး ရယ် ရင်တွေ တုန် လိုက်တာ ၊ ဝီစကီလေး တစ်ခွက် လောက် သောက်ဦးမယ် ” ဟု မောင်ခင်ဦး က ပြော သဖြင့် မစန်းအေး လည်း ဝိစကီ ပုလင်းဖန်ခွက် ကို ယူ၍ လာလေ၏ ။ 

မောင်ခင်ဦး သည် ဝီစကီ ကို ဖန်ခွက် အတွင်း ၌ လက် နှစ်လုံး ခန့် ထည့်ပြီး နောက် မော့ လိုက်လေ၏ ။

“ အခုမှပဲ သွေးပူ သွားတော့တယ် အေးရေ ” ဟု မောင်ခင်ဦး က ပြောလိုက်လေ၏ ။ ထိုအခါ မစန်းအေး လည်း ပုလင်း နှင့် ဖန်ခွက် ကို ဆွဲယူ ပြီး လျှင် ဖန်ခွက် အတွင်း သို့ အရက် အနည်းငယ် လောင်းထည့် ၍ မော့ချ လိုက် ပြန်လေ၏ ။

“ ဟုတ်ပါ့ ကိုဦးရယ် စိတ် ထဲ ကို ကြည် သွားတာပဲ ” ဟု ဆိုကာ လင်မယား နှစ်ယောက် သည် တစ်ဦး ကို တစ်ဦး ပွေ့ဖက် နမ်းရှုပ်ကြ လေ၏ ။ ထို့နောက် လွန်စွာ စိတ်ချောက် ဖွယ် ကောင်းသော မှတ်တမ်း စာအုပ်ကြီး ကို ပျော်ရွှင် မြူးထူးစွာ ဖတ်ကြ လေတော့၏ ။

◾မင်းသိင်္ခ

📖 မိုးပေါ်မှာ ကြယ်တစ်လုံး

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment