Saturday, January 6, 2024

ဓာတ်ပုံဆရာ တစ္ဆေ


 

❝ ဓာတ်ပုံဆရာ တစ္ဆေ ❞

တစ်နေ့သ၌ ဆိပ်ကမ်းမြို့ကလေး တစ်မြို့ ရှိ “ ရှုတိုင်းယဉ် ” ဟု အမည် ပေး ထား သော ဓာတ်ပုံဆိုင်ကလေး တစ်ဆိုင် ၌ အသက် ( ၄၀ ) ကျော် အရွယ် ဓာတ်ပုံဆရာကြီး တစ်ဦး သည် သူ ၏ သုံးချောင်းထောက် ကင်မရာကြီး ကို နေရာ ရွှေ့ရင်း ဓာတ်ပုံ ရိုက်ခံမည့် မိန်းမ တစ်ဦး အား ချိန်ရွယ်၍ နေလေ၏ ။ ဓာတ်ပုံ ရိုက် ခံမည့် မိန်းမ သည် လွန်စွာ ခါးတုတ်သူ ဖြစ်၏ ။ ထို ခါးတုတ်သော မိန်းမ သည် သူ ၏ ခါးကြီး ဓာတ်ပုံ ထဲ တွင် ပါမည် ကို စိုးရိမ် နေလေ၏ ။ ထို့ကြောင့် ကင်မရာ ကို ရွှေ့၍ နေ သော ဓာတ်ပုံဆရာကြီး အား

“ ဆရာကြီး ရယ် ၊ ကျွန်မ ပုံ ကို ရိုက်တဲ့အခါ အပေါ်ပိုင်း ရယ် ၊ ခြေထောက်ပိုင်း ရယ် ပဲ ပါအောင် ရိုက် ပေးပါ ။ ခါးပိုင်း လုံးဝ မပါ ပါစေနဲ့ ”

ဟု လှမ်း၍ ပြောလိုက်ရာ ဓာတ်ပုံဆရာကြီး သည် လွန်စွာ စိတ်ဆိုး ၍ သွား ပြီးလျှင်

“ ခါးပိုင်း မပါချင်ရင် ကိုယ် တစ်ပိုင်းပုံ ရိုက်ပေါ့ဗျ ၊ ခင်ဗျား ဟာ က အပေါ်ပိုင်း လဲ ပါ ချင်တယ် ၊ ခြေထောက်ပိုင်း လဲ ပါ ချင်တယ် ။ ခါးပိုင်း ကျ မှ မပါနဲ့ ဆို လို့ ကျုပ် က ဘယ့်နှယ် လုပ်ပြီး ရိုက်ရမှာတုံး ၊ ခက်ပါတယ် ၊ သိပ်ကို ခက်ပါတယ် ။ ဒီ မြို့ က မိန်းမတွေ လဲ ယောက်ျား မြန်မြန် ရမှ ၊ ဒါမှ မဟုတ် ငါ့ ဓာတ်ပုံဆိုင် ရင် လဲ ပြုတ် မှ ၊ ငါ ရင်လဲ ဆန်စက် သူဌေးသမီး နဲ့ အိမ်ထောင် ကျ မှ အေး မှာပါ ”

ဟု ညည်းတွား လိုက်လေ၏ ။

ထိုအခါ ဓာတ်ပုံ ရိုက် ခံမည့် ခါးတုတ်သော မိန်းမကြီး က

“ မလုပ်ပါနဲ့ ဆရာကြီး ရယ် ၊ ဒီ ဓာတ်ပုံ ကို ပြပြီး မြို့က မုဆိုးဖို တစ်ယောက် နဲ့ စေ့စပ်ကြောင်းလမ်း မလို့ရှင့် ၊ လှလှလေး ရိုက်ပေးစမ်းပါ ရှင် ရယ် ၊ ကုသိုလ် ရပါတယ် ”

ဟု ပြော လိုက်ရာ ဓာတ်ပုံဆရာကြီး သည် ခေါင်း ကို ကုတ်၍ အကြံ ထုတ်ကာ ၎င်း ၏ ဆိုင်ရှေ့တွင် ရှိသော ပန်းအိုးကြီး တစ်လုံး ကို မ ၍ ယူ လာလေ၏ ။ ပြီး လျှင် ထို ပန်းအိုးကြီး အား ထို မိန်းမ ၏ ရှေ့ ၌ ချ လိုက်လေ၏ ။

“ ခြေထောက်ကလေး ဆင်း ထိုင်ပြီး ၊ ဒီ ပန်းအိုးကြီး ကို ဖက်ထား ၊ မျက်နှာကလေး ကို တော့ ပန်းတွေ နဲ့ မကွယ်အောင် နည်းနည်းကလေး လွှဲထား ၊ ခင်ဗျားရဲ့ခါးကြီး ကိုတော့ ဒီ ပန်းအိုး နဲ့ ကွယ် ထားလိုက်ပြီ ။ မြို့ က မုဆိုးဖိုကြီး လုံးဝ မသိနိုင်တော့ဘူး ၊ တကယ် ရ သွားတော့လဲ ခါး တုတ်တာတွေ ဘာတွေ မသိတော့ပါဘူး ဗျာ ၊ ယောက်ျားတွေ ဟာ မျက်စိ ဖွင့် ပြီး မိန်းမတွေ ကို ရွေးချယ် နေလို့ပါ ။ မျက်စိ မှိတ်ပြီး ရွေးချယ်မယ် ဆိုရင်တော့ အားလုံး အတူတူကြီးပါ ပဲ ဗျ ”

ဟု ပြော ဆိုကာ ဓာတ်ပုံဆရာကြီး သည် သူ ၏ သုံးချောင်းထောက် ကင်မရာ ပေါ် တွင် တင် ထား သည့် အဝက်နက်ကြီး ကို ခြုံ လိုက်ပြီးနောက်

“ ရိုက်မယ် ၊ ပြုံးပြုံးကလေး ၊ ပြုံးပြုံးကလေး ဆိုတာ သွားတွေ ဖြီး ခိုင်းတာ မဟုတ်ဘူး ၊ ပြုံး ရုံကလေး ပြုံးခိုင်းတာ ၊ အင်း ဟုတ်ပြီ ” ဟု ဆိုကာ ကင်မရာ တွင် တွဲလောင်း ချ ထားသော ရော်ဘာဘုလုံးကလေး ကို လက်ဖြင့် ညှစ်လိုက်သည် ဖြစ်ရာ ကင်မရာ ၏ “ ရှပ်တာတံခါး ”  သည် ချောက်ခနဲ ပိတ် သွားလေတော့၏ ။

“ ကဲ ပြီးပြီ ၊ ဒီ ဓာတ်ပုံ ကို မြင်ရင် မုဆိုးဖိုကြီး တင် မကဘူး ၊ မုဆိုးမျိုးဆက် တစ်မျိုးဆက်လုံး က ခင်ဗျား ကို သဘော ကျ သွားမယ် ၊ သန်ဘက်ခါ မှ ဓာတ်ပုံ ကို လာယူ ငွေ ကိုတော့ အကျေ ပေးသွား ”  ဟု ဓာတ်ပုံဆရာ က ပြော လိုက်ရာ ခါး တုတ်သော မိန်းမ သည် လွန်စွာ သဘောကျ သွားသည် ဖြစ်ရာ

“ ရပါတယ်ရှင် ” ဟု ပြော ဆို၍ ဈေးခြင်းတောင်း အတွင်း မှ သတင်းစာ စက္ကူဟောင်း ဖြင့် ထုပ် ထားသော ငွေအကြွေများ ကို ဓာတ်ပုံဆရာကြီး ရှေ့၌ ဝေါခနဲ သွန်ချလိုက်လေ၏ ။

“ လုပ်ပြီ ၊ အကြွေတွေချည်းပါပဲလား ” ဟု ဓာတ်ပုံဆရာကြီး က ပြော လိုက်ရာ ခါး တုတ်သော မိန်းမ က

“ အိမ်ရှေ့ က မန်ကျည်းရွက်နုတွေ ခူး ရောင်းရင်း စု ထားတဲ့ ပိုက်ဆံတွေပါ ။ သုံးနှစ် ရှိပြီ ”

ဟု ပြောဆို ကာ ဆိုင်အတွင်း မှ ထွက် သွားလေတော့၏ ။

ဓာတ်ပုံဆရာကြီး လည်း ဓာတ်ပုံများ ကူးရန် အတွက် အမှောင်ခန်း ထဲ တွင် အသုံးပြုရန် မီးအိမ်နီကလေး ကို ထွန်းညှိ ပြီး လျှင် ဆေးများ ဖျော်စပ် နေစဉ်၌ပင် တစ်စုံ တစ်ယောက် သည် ဆိုင် ထဲ သို့ ဝင် လာ ပြန်လေ၏ ။

“ ဓာတ်ပုံ ရိုက်မယ် ဆရာ ” ဟု ဝင်လာသူ က ပြော လိုက်လေ၏ ။

“ ရပါတယ် ၊ ဟို ခုံ မှာ ထိုင်ပါ ” ဟု ဓာတ်ပုံဆရာကြီး က ညွှန်ပြ လိုက်လေ၏ ။

ထိုသို့ ညွှန်ပြရင်း ဓာတ်ပုံဆရာကြီး သည် ထို သူ ၏ မျက်နှာ ကို ကြည့်လိုက်ရာ လွန်စွာ သွား ခေါသူ ဖြစ်ကြောင်း တွေ့ ရလေတော့၏ ။ ထို သူ သည် ခုံ ၌ ထိုင်ရင်း ဓာတ်ပုံဆရာကြီး အား

“ ဒီမှာ ဆရာကြီး ၊ တဆိတ်လောက် ကျုပ် ပုံ ကို လှအောင် ရိုက်ပေးစမ်းပါဗျ ၊ ဓာတ်ပုံ ထဲ မှာ သွား ခေါ တာ မပါချင်ဘူးဗျာ ၊ အဲဒါ ခင်ဗျား ပညာ နဲ့ ကြည့်ပြီး လုပ်ပေးစမ်းပါ ။ စပယ်ရှယ် ဘောက်ဆူး ပေးပါ့မယ် ”

ဟု ပြော လိုက်လေ၏ ။

“ ခက်တယ် ကိုယ့် လူ ရယ် ၊ ကိုယ့် လူ ရဲ့ သွား ဟာ နည်းနည်းပါးပါး ခေါ တာ မဟုတ်ဘူး ၊ တံခါး ကဲလား ကို တုတ် ထောက် ထားသလို ငေါ ထွက်နေတဲ့ သွားကြီး ကို ဓာတ်ပုံ ထဲ မှာ ကျုပ် က ဘယ်လို လုပ်ပြီး ဖျောက်ပစ်ရမှာတုံး ၊ သိပ်ကို ခက်တယ် ၊ ကိုယ့် လူ တို့ မြို့ ရင်လဲ တစ်မြို့လုံး မြစ်ရေ စားပြီး ပါ သွားမှ ၊ ဒါမှ မဟုတ် ကျုပ် ဓာတ်ပုံဆိုင် ရင် လဲ ပြုတ် မှ ၊ အဲဒီလို မဟုတ်ရင်လဲ ကျုပ် ရင် လဲ ဝေလမင်းသား နေရာ ကို ရ မှ ဒီ ဒုက္ခ က အေး လိမ့်မယ် ထင်တယ် ”

ဟု ဓာတ်ပုံဆရာကြီး က ညည်းတွား လိုက်လေ၏ ။ ထိုအခါ ကိုပေါက်ခေါ က

“ မလုပ်ပါနဲ့ ဆရာရယ် ဒီ ဓာတ်ပုံ ပြပြီး မိန်းမ စပ် ရမှာဗျ ၊ မိန်းမ က လဲ နှယ်နှယ်ရရ က မဟုတ်ဘူး ၊ ဆွေကြီးမျိုးကြီး ထဲ က ဆိုပဲ ၊ သူကြီး ယောက်ဖ သူငယ်ချင်း ရဲ့ တူမ ဗျ ”

ဟု ပြော လိုက်လေ၏ ။

ဓာတ်ပုံဆရာကြီး လည်း ခေါင်း ကို တွင်တွင် ကုတ် ၍ အကြံ ထုတ် ပြီးလျှင် ပန်းအိုး အတွင်း မှ ပန်း တစ်ပွင့် ကို အရိုး ပါအောင် ခူးယူပြီး ကိုပေါက်ခေါ လက် သို့ လှမ်း ၍ ပေးရင်း

“ ဒီမှာ ကိုယ့်လူ ၊ ကိုယ့် လူ ရဲ့ ပါးစပ် ကို ဒီ ပန်းပွင့် နဲ့ကွယ်ပြီး ကိုင်ထား ၊ ပန်းပွင့် ကို နမ်း နေတဲ့ ပုံ မျိုးပေါ့ ”

ဟု ပြော လိုက်ရာ ကိုပေါက်ခေါ လည်း ဓာတ်ပုံဆရာ ပြောသည့် အတိုင်း ကိုင် လိုက်လေ၏ ။ ထိုအခါ ဓာတ်ပုံဆရာကြီး က

“ အဲ အဲ ဟုတ်ပြီ ၊ ကိုယ့် လူ ရဲ့ တံခါးကဲလားကြီးတွေ ၊ အဲ အဲယောင်လို့ သွားကြီးတွေ လုံးဝ မပေါ်တော့ဘူး ၊ ဒီ ဓာတ်ပုံ ကို တွေ့ရင် သူကြီး ရဲ့ယောက်ဖ သူငယ်ချင်း ရဲ့ တူမ တောင် မကဘူး ၊ သူကြီး ယောက္ခမကြီး က ပါ ကြိုက်ချင် ကြိုက် လာ မှာ ”

ဟု ပြော ဆိုကာ ဓာတ်ပုံဆရာကြီး သည် အဝတ်နက်ကြီး ကို ခြုံ၍ ရာဘာဖုလုံး ကို ညှစ် ပြန်လေ၏ ။ ထိုသို့ ညှစ်ပြီးနောက်

“ ကဲ ကိုယ့် လူ သန်ဘက်ခါ မှ လာ ရွေးချည် ၊ ငွေ ကို တော့ အကျေ ပေးခဲ့ ”

ဟု ဓာတ်ပုံဆရာကြီး က ပြောရာ ကိုပေါက်ခေါ က

“ ရပါတယ် ဆရာသမား ရယ် ၊ ငွေရေးကြေးရေး က အကြောင်း မဟုတ်ပါဘူး ၊ ပုံ ကောင်းဖို့ က အရေး ကြီးပါတယ် ”

ဟု ဆိုကာ ဓာတ်ပုံဖိုး ငွေ ကို ပေးချေ ကာ ထွက် သွား လေ၏ ။

ဓာတ်ပုံဆရာကြီး လည်း မှောင်ခန်း ထဲ သို့ ဝင်မည် ဟု ကြံရွယ်ကာ ဖျော်လက်စ ဓာတ်ပုံဆေးများ ကို ဆက်၍ ဖျော်ရင်း ငြိမ်း သွားသော မီးအိမ်နီကလေး ကို မီး ထွန်း ပြန်လေ၏ ။ ထိုအချိန် ၌ မှာ ပင် တစ်စုံတစ်ယောက် သည် ဆိုင် အတွင်း သို့ ဝင် လာလေ၏ ။

ထို သူ သည် ဆိုင်အတွင်း သို့ ဝင်လာရင်း

“ ဓာတ်ပုံဆရာကြီး ” ဟု လှမ်း၍ အော် လိုက်လေ၏ ။ ဓာတ်ပုံဆရာကြီးလ ည်း ဆေး ဖျော်ရင်း ထို သူ ကို မော့ ၍ မကြည့်ဘဲ

“ သတို့သားလောင်း တစ်ယောက် လာပြန်ပြီ နဲ့တူတယ် ” ဟု ပြော လိုက်ရာ

“ သတို့သားလောင်း မဟုတ်ဘူး ကိုယ့်လူရေ ၊ သေမင်း က ဓာတ်ပုံလှလှ တစ်ပုံ ရိုက်ချင်တယ် ၊ ဓာတ်ပုံဆရာ တစ်ယောက် အမြန်ဆုံး ခေါ် ပေးပါ ဆိုလို့ ကျုပ် မှာ ပင်ပင်ပန်းပန်းနဲ့ ခင်ဗျား ကို ရှာပြီး လာ ရတယ်ဗျာ ”

ဟု ထို သူ က ပြောလိုက်ရာ ဓာတ်ပုံဆရာကြီ  သည် ထို သူ အား မော့ ၍ ကြည့် လိုက်မိလေတော့၏ ။

ထို သူ သည် မျက်နှာတစ်ခြမ်း ကို အဝတ် စီး ၍ ထား၏ ။ သက္ကလတ်ဦးထုပ် ကို ခပ်ငိုက်ငိုက် ဆောင်း၍ ထား၏ ။ သေနတ် ဖြင့် ဓာတ်ပုံဆရာကြီး အား ချိန်၍ ထားလေ၏ ။

ဓာတ်ပုံဆရာကြီး သည် ထို သူ့ ကို ကြည့်၍ သဘော ကျ သွားလေ၏ ။

“  ဒီ ပုံ အတိုင်း ဓာတ်ပုံ ရိုက်ချင် လို့လား ၊ ခင်ဗျား ကြည့်ရတာ ဘိုင်စကုတ်မင်းသား လုပ်ချင်ပုံ ရတယ် ၊ လာလာ ဟို ခုံ ပေါ် မှာ ထိုင် ”

ဟု ဓာတ်ပုံဆရာကြီး က ကင်မရာ ရှေ့ တွင် ရှိသော ခုံ ကို ညွှန်ပြ လိုက်လေ၏ ။

“ ဒီမှာ ဓာတ်ပုံဆရာကြီး ၊ သေမင်း ကို ရယ်စရာ လုပ် မနေနဲ့ ၊ ကျုပ် က ခင်ဗျား ဆီ ကို ဓာတ်ပုံ ရိုက် ခံဖို့ ကြံ နေတယ်များ အောက်မေ့လို့လား ၊ ခင်ဗျား ကို သ,တ်မလို့ လာတာ ”

ဟု ထို သူ က ပြော လိုက်လေ၏ ။

“ သ,တ် ချင် လဲ သ,တ် ပေါ့ဗျာ ၊ မျက်နှာ မှာ စည်း ထားတဲ့ အဝတ်ကြီး ကို တော့ ဖြုတ်စမ်းပါဦး ၊ ကိုယ့် ကို လာ သတ်တာ ဘယ်သူဘယ်ဝါ ဆိုတာ တော့ သိပြီး သွား စမ်း ပါရစေ ဗျာ ”

ဓာတ်ပုံဆရာ က ပြောရင်း ဖျော်လက်စ ဓာက်ပုံ ဆေးများ ကို ဆက်လက် ၍ ဖျော် နေလေတော့၏ ။

မျက်နှာ ကို အဝတ် စည်း၍ လာသူလည်း အဝတ် ကို ဖြေလိုက်လေ၏ ။ ထိုအချိန်၌ မှာ ပင် အပြင် မှ လူ တစ်ယောက် ဝင် လာသဖြင့် ဓာတ်ပုံဆရာ က

“ ဟိုမှာ လူ လာနေပြီ ” ဟု ပြော လိုက်ရာ ထို သူ က

“ ကိုယ့် လူ ဒီမှာပဲ နေ ၊ ငြိမ်ငြိမ် မနေရင်တော့ လှမ်းပြီး ပစ်လိုက်မယ် ”

ဟု ဆိုကာ ဆိုင် အပြင် သို့ ခေါင်းပြူ လိုက်လေ၏ ။ အပြင် မှ လူ က လည်း အတွင်းခန်း အထိ ဝင် လာ ပြီး လျှင်

“ ဓာတ်ပုံ ရိုက်ချင်လို့ပါဗျာ ” ဟု ပြောလေ၏ ။

“ ဝင်ခဲ့ပါ ၊ ဝင်ခဲ့ပါ ” ဟု သေနတ်သမား က ပြန် ပြောလေ၏ ။

ဓာတ်ပုံ အရိုက် ခံမည့် လူ လည်း ဝင်၍ လာလေတော့၏ ။

“ ဟို ခုံပေါ်မှာ ထိုင်ပါ ”  ဟု သေနတ်သမား က ပြော လိုက်လေ၏ ။

ဓာတ်ပုံ အရိုက် ခံမည့် လူ လည်း ခုံ ပေါ် ၌ ထိုင် ရင်း

“ လှလှကလေး ရိုက်စမ်းပါဗျာ ” ဟု ပြောရာ သေနတ်သမား သည် ထို သူ အား သေချာစွာ ကြည့် လိုက်လေ၏ ။ ထို သူ ၏ မျက်လုံး တစ်လုံး  သည် သိသိသာသာကြီး စွေ ၍ နေကြောင်း ကို သတိ ပြုမိလေတော့၏ ။

“ ရပါတယ် ကိုယ့် လူ ရယ် ၊ ဟောဒီလို ဘေးစောင်းကလေး ထိုင်ပြီး ကင်မရာ ဘက် ကို ကြည့်လိုက် ၊ အဲဒီ ပုံ အတိုင်း ရိုက် ပေး လိုက်ရင် ကိုယ့် လူ မျက်စိ စွေတယ် ဆိုတာ ကို ဓာတ်ပုံ ထဲ မှာမပေါ်တော့ဘူး ၊ မျက်နက်ကလေး ထောင့် ကပ်ပြီး ကြည့် နေသလို ဖြစ် သွားလိမ့်မယ် ”

ဟု သေနတ်သမား က ပြော လိုက်လေ၏ ။

ထိုအခါ ဓာတ်ပုံ အရိုက် ခံ မည့် သူ လည်း သေနတ်သမား ပြောသည့် အတိုင်း ထိုင်၍ ကင်မရာ ကို ခပ်စွေစွေကလေး ကြည့်လေ၏ ။ သေနတ်သမား လည်း ကင်မရာ အတွင်း မှ မှန်ချပ် ကို ထုတ်၍ လှည့် ပြီးလျှင် အဝတ်နက်ကြီး ကို ခြုံကာ “ ရိုက်မယ် ” ဟု ပြော ၍ ရော်ဘာဖုလုံးကလေး ကို “ ချောက် ” ခနဲ နှိပ် လိုက် လေတော့၏ ။ ထို့နောက် သေနတ်သမား သည် အဝတ်နက်ကြီး အတွင်း မှ ထွက် လာ ပြီးလျှင်

“ သန်ဘက်ခါ ရမယ် ၊ ငွေ တော့ အကျေ ပေးသွားပါ ”

ဟု ပြော လိုက်ရာ ဓာတ်ပုံ လာ ၍ ရိုက် သူ လည်း ကျသင့်ငွေ ကို ချေ ၍ ထွက် သွားလေတော့၏ ။

ထိုအခါ ဓာတ်ပုံဆရာကြီး က 

“ ခင်ဗျား ဒီ ဆိုင် မှာ အလုပ် လုပ်ပါလား ၊ ဘာဖြစ်လို့ ဓားပြ လုပ်နေတာလဲ ။ ခင်ဗျား ဟာ ဓာတ်ပုံ ကောင်းကောင်း ရိုက်တတ်တဲ့ လူ ပဲ ”

ဟု ပြော လိုက်လေ၏ ။

“ ကျုပ် က ဓာတ်ပုံ ရိုက်တတ်ပေမယ့် ဓာတ်ပုံ မကူးတတ်ဘူးဗျ ၊ ကျုပ် ဒီကို လာတာလဲ ဓာတ်ပုံကလေး တစ်ပုံ ကူးချင်လို့ လာ ခဲ့တာပဲ ၊ ဟောဒီ ဓာတ်ပုံကလေး ကူး ပေးစမ်းပါ ”

ဟု ဆိုကာ သေနတ်သမား သည် သူ ၏ အင်္ကျီ အိတ် အတွင်း မှ ဓာတ်ပုံ တစ်ပုံ ကို ထုတ် ၍ ဓာတ်ပုံဆရာကြီး အား ပြ လိုက်လေ၏ ။ ဓာတ်ပုံဆရာကြီး သည် ထို ဓာတ်ပုံ ကို ကြည့် ပြီး လျှင်

“ ဒါလောက် ရှေးကျ တဲ့ ဓာတ်ပုံမျိုး ကျုပ် တစ်သက် မှာ မတွေ့ဖူးပေါင် ဗျာ ”

ဟု ပြော လိုက်ရာ သေနတ်သမား သည် ဟက်ဟက်ပက်ပက် ရယ်မော လိုက်လေတော့၏ ။

များမကြာမီ ၌ ပင် ထို ဓာတ်ပုံဆိုင်ကလေး အတွင်း မှ သေနတ်သံများ ထွက်ပေါ် လာပြီး လျှင် ဓာတ်ပုံဆိုင်ကလေး သည် မီး လောင် သွားလေတော့၏ ။ အနီးအနား မှ လာရောက် ငြိမ်းသတ်သော်လည်း မရ လိုက်တော့ပေ ။

ပုလိပ် ဘက် မှ လာရောက် စစ်ဆေးသော အခါ ၌ မူ မီးလောင်ကျွမ်း ၍ ရုပ်ပျက်ဆင်းပျက် ဖြစ် နေသော ဓာတ်ပုံဆရာကြီး ၏ အလောင်း နှင့် ဓာတ်ပုံဆိုင် ၏ အပြင်ဘက် သို့ လွင့်စဉ် ထွက်ကျ၍ ပျက်စီး နေသော သုံးချောင်းထောက် ကင်မရာကြီး တစ်လုံး ကို သာ တွေ့ လေတော့၏ ။

ဤကား တောမြို့ကလေး တစ်မြို့ မှ ဓာတ်ပုံဆိုင်ကလေး မီးလောင်ကျွမ်း ၍ ပျက်စီး ဆုံးပါး သွား ရပုံ နှင့် ဓာတ်ပုံဆရာကြီး တဦး သေဆုံးသွားရ ပုံ အကြောင်းပေတည်း ။

ည အခါများ တွင် ထို ဓာတ်ပုံဆိုင် အနီးသို့ ရောက်ရှိလာသူ အချို့သည် မှန်အိမ် အနီကလေး ကို ကိုင်၍ ဓာတ်ပုံ ကူးရန် ပြင်ဆင် နေသော ဓာတ်ပုံဆရာကြီး ကို တွေ့ ရသည် ဆို၏ ။ အနီး သို့ ချဉ်းကပ် သွားသော အခါ၌ မူ မီးအိမ် ကို ရော ၊ ဓာတ်ပုံဆရာကြီး ပါ ပျောက်၍ သွားသည် ဟု ဆို၏ ။ ထို့ကြောင့် ထို မြို့သူ မြို့သားများ သည် အကာလ ည အခါ တွင် ထို ဓာတ်ပုံဆိုင်ကလေး အနီး မှ ဖြတ်သန်း သွားလာခြင်း မပြုဝံ့ကြရုံမျှ မ က ထို မြို့ တွင် အခါတိုင်း ပြောနေကျ တစ္ဆေပုံပြင် စာရင်း ၌ မီးအိမ်နီတစ္ဆေ ဟူ၍ လည်းကောင်း ၊ ဓာတ်ပုံဆရာကြီးတစ္ဆေ ဟူ၍ လည်းကောင်း တစ္ဆေပုံပြင် တစ်ပုဒ် တိုး၍ သွားလေတော့ သတည်း ။

◾မင်းသိင်္ခ

📖 မိုးပေါ်မှာ ကြယ်တစ်လုံး

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment