❝ မိဗျိုင်း အကြောင်း ❞
မိဗျိုင်း ဗိုက် နာ နေပြီ ။ အမြန် လိုက်ခဲ့ပါတော့ လို့ ကျွန်မ ကို လာ ခေါ် တော့ ကျွန်မ စိတ် ထဲမှာ ထိတ်ခနဲ စ ဖြစ်တော့တာပဲ ။ လိုအပ်တဲ့ ပစ္စည်းပစ္စယလေး တွေ ကပျာကယာ ယူ ။ ချက်ချင်း ထ လိုက်ခဲ့တယ် ။ ရွာ ကို ကန့်လန့်ဖြတ် ၊ အိမ်ကြိုအိမ်ကြား လမ်းတွေ က သွား နေရ တော့ စိတ် ကို မရှည်ဘူး ။ ဘာလေး မွေးမှာပါလိမ့် ၊ မိဗျိုင်း ဘာလေး မွေးမှာပါလိမ့် ။ ယောက်ျားလေး လား ၊ မိန်းကလေး လား ။ အနည်းဆုံး မိန်းကလေး ပဲ ဖြစ်ပါစေတော့ ။ ပြီးတော့ ဘယ်သူ နဲ့ တူပါ့မလဲ ။ ဘုရားသိကြား မ လို့ သူ နဲ့ ပဲ တူပါစေ ။ ဖြူလေးရုပ် က သူ နဲ့ တူတယ် မဟုတ်လား ။ အသား လည်း ဖြူပါစေ ၊ အနည်းဆုံး အသား ဖြူ ဖို့ တော့ လိုတယ် ။ ဖြူပါစေ ၊ ဖြူပါစေ ၊ ဖြူပါစေ ။ အသား မည်းမည်းလေး ဖြစ်လာရင် တော့ မိဗျိုင်း ဒုက္ခပဲ ။
မိဗျိုင်း တို့ အိမ် မရောက်ခင် တစ်ခေါ် လောက် ကတည်း က ကျွန်မ နောက်ကျ သွားပြီ ဆိုတာ သိ နေရပြီ ။ ကလေးပေါက်စ အော် ငိုလိုက်သံ က စီခနဲ ကြား လိုက်ရတယ်လေ ။ ကျွန်မ အိမ် ထဲ ရောက် တော့ ဒေါ်မြစိန်ကြီး တို့ အုပ်စု လက်စလက်န တောင် သိမ်းဆည်း နေကြပြီ ။ မိဗျိုင်း က တော့ ပင်ပန်း ပြီး မှိန်း နေတယ် ။ ကျွန်မ လည်း ဘာမှ တောင် စဉ်းစား မနေနိုင်ပါဘူး ။ ဒေါ်စိန်ဥ လက် ထဲ က ကလေး ကို ယူပြီး ကြည့်ပါတယ် ။ ဒုက္ခ ပဲ အသား က လည်း မည်းတယ် ၊ ပြီးတော့ ယောက်ျားလေး ။ မျက်ပေါက်ကျဉ်းကျဉ်း နဲ့ ။ ပြီးတော့ ဟယ်တော် ကျော မှာ လည်း အမှတ်ကြီး နှစ်ခု နဲ့ ။ ကျွန်မ အံ့သြ သွား တော့ ဒေါ်စိန်ဥ နဲ့ ဒေါ်သိန်းမြ က ဘာမှ မပြောဖို့ လက်ဟန် ပြပြီး ဟန့် ကြတယ် ။ ကျွန်မ သိပါတယ် ။ အမှတ်ကြီးတွေ ကို မြင် ကတည်း က ဘာ ပြောရမလဲ ၊ စိတ် ထဲ က ကို အလိုလို ချစ် သွားတာပါ ။ ကျွန်မ ရင် ထဲ မှာ ဒိန်းဒိန်း ဖြစ် နေတယ် ။ ဒီ ကလေး က လူဝင်စား ပဲ ။ ထန်း တက် တဲ့ ဘသာ ပဲ ။ ဘသာ မှ ဘသာ ပါ ။ ကျော က အမှတ်ကြီးတွေ က ဟိုး အရင် ဆယ်နှစ် လောက် တုန်း က အချင်းချင်း ရန်ဖြစ် ပြီး ခုတ်ကြ ထစ်ကြ ရာက ဒဏ်ရာ ရ လို့ ဆေးရုံတက် ချုပ် ထားရတဲ့ အမာရွတ်တွေ ပဲ ။ ဒါကို တစ်ရွာလုံး သိ ကြပါတယ် ။ ဘသာ က မနှစ် က ထန်း လျှော ပြီး သေတယ်လေ ၊ ဘာပဲ ပြောပြော လောလောဆယ် ဘသာ လူဝင်စား ဖြစ်လာတဲ့ အတွက် ပြဿနာ က မသေးတော့ဘူး ။
လွန်ခဲ့တဲ့ ခုနစ်နှစ် လောက် က မိဗျိုင်း နဲ့ ကိုထွန်းခင် တို့ ညားကြ တာလေ ။ ကိုထွန်းခင် က တော့ ရွက်ကြမ်းရေကျို ပါပဲ ။ မိဗျိုင်း က တော့ နာမည် နဲ့ လိုက်တယ် ။ အသား လည်း ဖြူတယ် ။ ဆင်းရဲ ပေမယ့် ပညာ မတတ် ပေမယ့် ရုပ်ကလေး က အတော့် ကို သနားကမား ရှိတာ ။ ရွာ ထဲ မှာ ဆို သူ့ ကို ကြိုက်ကြ ပိုးကြတဲ့ လူတွေ တစ်ပုံကြီး ။ တကယ့် လူချောတွေ လည်း ပါရဲ့ ၊ ပိုက်ဆံ ရှိတဲ့ သူတွေ လည်း ပါတာပဲ ။ ဒါပေမဲ့ ကိုထွန်းခင် နဲ့ ဖူးစာ ပါတယ် ပဲ ဆိုရမှာပေါ့ ။ ကိုထွန်းခင်ကြီး က စွံ သွားတယ် ။ စဉ်းစား ကြည့် ပေါ့ ၊ မိဗျိုင်း ကို ကိုထွန်းခင် ရတော့ ချစ်လိုက်တာ မှ တုန် နေတာပဲ ။ မိဗျိုင်း က လည်း ကိုထွန်းခင် ကို ချစ်ရှာ ပါတယ် ။ ဘာပဲဖြစ်ဖြစ် အရေးကြီးဆုံး က သူတို့ အိမ်ထောင်ရေး မှာ ပျော်ပျော်ရွှင်ရွှင် သာသာယာယာ ရှိဖို့ ပဲ မဟုတ်လား ။ ဒါလည်း အဆင်ပြေပါတယ် ။ ကိုထွန်းခင် က လယ်သူရင်းငှား လုပ်တယ် ။ မိဗျိုင်း က ရက်ကန်းရက် ၊ သိပ် မချမ်းသာ ပေမယ့် မရှိမရှား ဆိုသလို ပေါ့ ။ အိမ်ထောင်ကလေး တစ်ခု တော့ သာယာအောင် ထိန်းနိုင် ခဲ့ကြတာပါပဲ ။
အိမ်ထောင်သက် တစ်နှစ်ခွဲ လောက် မှာ ဖြူမ ကို မွေးတာပဲ ။ ဖြူမ ကတော့ တကယ့်ကို မအေ့ သမီး ပဲ ။ မိဗျိုင်း နဲ့ ပိုတူတယ် ။ အသားကျတော့ ပိုတောင် ဖြူသေး ။ ဖအေ ကလည်း အသားလတ် တာ ကိုး ။ နောက်ပြီး မျက်လုံး မျက်ဖန်ကျတော့ မိဗျိုင်း ထက် တောင် လှပြန်ရော ။ အဲဒါကတော့ ဖအေ့ မျက်လုံး ။ ကိုထွန်းခင် က မျက်လုံးမျက်ဖန် တော့ အတော် ကောင်းတဲ့ လူ ။ ဖြူမလေး ဟာ ငယ်ငယ် နဲ့ သိပ် တတ်တာ ၊ ဉာဏ် ကောင်းတာ ပေါ့လေ ။ ကိုထွန်းခင် ရော မိဗျိုင်း ရော ဖြူမ ကို သိပ် ချစ်ကြပါတယ် ။ တကယ့် ကို အသည်း မှ အသည်း ။ အိမ်နီးချင်းတွေ က လည်း ဒီလိုပါပဲ ။ သူ က ထိန်းချင် ၊ ငါ က ထိန်းချင် ၊ သူ ချီမယ် ၊ ငါ ချီမယ် နဲ့ လု နေကြ တာပါပဲ ။ ကလေး က တွတ်တီး တွတ်တာ နဲ့ အလွန် ချစ်စရာ ကောင်းတာကလား ။ မိဗျိုင်း နဲ့ ကိုထွန်းခင် တို့ ဘဝ မှာ ပိုပြီး စိုစိုပြည်ပြည် ဖြစ် နေတော့တာပေါ့ ။ လင် မယား နှစ်ယောက် ဖြူမလေး ကို အဝတ်အစား လှလှလေးတွေ ခဏခဏ ဝယ် ပေးကြတယ် ။ ဆင် လို့ ကို အားမရ နိုင်ကြဘူး ။ ဖြူမလေး က လည်း ဘာ ဆင်ပေးပေး ချစ်စရာလေး ။ တကယ့် အရုပ်ကလေး ကျ နေတာပဲ ။ အကျင့် က လည်း ကောင်းတယ် ။ ကလေး မို့ ဆိုပြီး ငိုတယ် ယိုတယ် မရှိ သလောက် ပဲ ။ မိဗျိုင်း အဖို့ က တော့ သူ့ဘဝ မှာ သူ့ သမီးလေး ဟာ တကယ့် ကို သူ့ အသက် ပဲ ။
အဲ ဖြူမ သုံးနှစ် အရွယ် မှာ မြို့ပေါ် က လာ တဲ့ တောပစ်သမားတွေ က ကိုထွန်းခင် ကို ကြေး ကောင်းကောင်း ပေးပြီး ခေါ် လို့ တောခြောက် တဲ့ အဖွဲ့ နဲ့ လိုက်သွားတယ် ။ အဲဒီမှာ ပထမ ဒုက္ခ စ တွေ့ကြ တာပါပဲ ။ တော ထဲ မှာ ဆင်အုပ် နဲ့ တွေ့ပြီး ခြေဦး တည့်ရာ ပြေးကြရာ က ကိုထွန်းခင် တစ်ကိုယ်လုံး လိုလို ဒဏ်ရာ ရတယ် ။ နှစ်လ လောက် ကု ယူရတယ် ။ အဆိုးဆုံး က တော့ သားကျော ဖြတ် ပစ် လိုက်ရတဲ့ ကိစ္စပဲ ။ ဘာပဲ ဖြစ်ဖြစ် လူစဉ် တော့ မီ နေပါသေးတယ် ။ မြို့ပေါ် က လူချမ်းသာ မုဆိုးတွေ ဆီ က လည်း ဆေးဖိုးဝါးခ ရော ၊ လျော်ကြေး ရော ရ လိုက်ပါရဲ့ ။
ဒါပေမဲ့ ကိုထွန်းခင် ပြန်ပြီး ကျန်းမာ လာ လို့ ဘာ ကြာလဲ လေး ငါးလ အကြာ မှာ ပေါ့ ၊ ဖြူမလေး အသည်းအသန် ဖျား ပါရော ။ ဒီတုန်း က ကံ ဆိုး ချင်တော့ ကျွန်မ လည်း မန္တလေး ရောက် နေတယ် ။ ကျန်းမာရေးမှူး ကိုခင်ဇော် က ခွင့် နဲ့ ရန်ကုန် ပြန်တယ် ။
ဒါလည်း ထား လိုက်ပါဦး ၊ ဆေးဆရာ ကိုဆယ် လည်း ရှိသား နဲ့ ။ ဘေး အိမ် က ဒေါ်တော် တို့ က နတ် ကိုင် တာပါလို့ ပြောလို့ တဲ့ ၊ မိဗျိုင်း က နတ်ကိုး တဲ့ အလုပ် ပဲ ဖိ လုပ်နေတော့ မယောင်ရာ ဆီလူး သလို ဖြစ် နေပြီး ကလေး က ရေတိမ် နစ်ရတော့တာပါပဲ ။
အားလုံး ယူကျုံး မရ ဖြစ်ကြရတော့တာပေါ့ ။ မိဗျိုင်း အဖြစ် ကို တော့ ပြော မနေ နဲ့ တော့ ။ သင်္ဂြိုဟ် ပြီး လို့ နှစ်ပတ် လောက် ထိ အလုံး ဆို့ ဆို့ပြီး တက် သွား လို့ သမီး နောက် မအေ လိုက် မှာပဲ လို့ ရင် တမမ နဲ့ နေကြရတယ် ။ နောက်ဆုံး ဆရာတော်ဘုရား ကိုယ်တိုင် မာန်လိုက် မဲလိုက်တော့ မှ သူ့ စိတ် သူ ထိန်းနိုင်တော့ တာလေ ။ ဒါတောင် ကြိတ်ကြိတ် ပြီး ငို နေတာပါပဲ ။
ကိုထွန်းခင် ခမျာ မှာ လည်း သမီး အတွက် ရော ၊ မယား အတွက် ရော စိတ် ပင်ပန်း လူ ပင်ပန်း ဖြစ်ပြီး ဆွဲချ လိုက် သလိုပဲ တစ်လ လောက် အတွင်း အတော် ကို ပိန်ကျ သွားတယ် ။
ကျွန်မ လည်း နောက် တစ်ခေါက် မန္တလေး သွားစရာ ရှိတော့ မိဗျိုင်း ကို စိတ်ပြေလက်ပျောက် ဆို သလို ခေါ်သွား မိတယ် ။ ဒါလည်း အမှား တစ်ခု လို့ ဆို ရမှာပဲ ။
မန္တလေး ရောက် လို့ ဘာ ကြာလဲ ၊ ကျွန်မ သူငယ်ချင်း တစ်ယောက် က ပါပဲ မိဗျိုင်း ကို လွှတ်ခနဲ ပြော ထည့် လိုက်ရော ။ ကျောက်ဆည် မှာ ကိုနှဲ ဆိုတဲ့ နတ်ဝင်သည် တစ်ယောက် ရှိတယ် တဲ့ ၊ သေဆုံးသွားတဲ့ လူတွေ ကျွတ်တယ် ၊ မကျွတ်ဘူး ၊ ဘယ် ဘဝ ရောက် နေတယ် ၊ ဘာဖြစ်နေတယ် ၊ ညာဖြစ်လိမ့်မယ် ဆိုတာ အတတ် ပြောနိုင်သတဲ့လေ ။
မိဗျိုင်း က ချက်ချင်း သွားမယ် ဖြစ်ပါလေရော ။ ကျွန်မ က အတန်တန် တား ပါတယ် ။ ဒါပေမဲ့ ဘယ်လိုမှ တား မရဘူး ။ ဒါနဲ့ ကျွန်မ ပဲ ကိုယ်တိုင် လိုက် ပို့ ရတော့တာပေါ့ ။
အဲဒီ မှာ နတ်ဝင်သည် က ဟောပါလေ ရော ။ ဖြူမလေး ဟာ မကျွတ် သေးဘူး တဲ့ ၊ အင်္ကျီ ပန်းရောင်လေး ဝတ် ပြီး ရွာ က မိဗျိုင်းတို့ အိမ်နား မှာ ပဲ ကစား နေရှာတယ် တဲ့ ၊ မိဗျိုင်း ဆီ မှာ ပဲ ပြန်ပြီး ဝင်စားချင် လို့ စောင့် နေတာ ဆိုပဲ ။ ဒါပေမဲ့ နောက် ခြောက်လ ပဲ စောင့်နိုင်မယ် တဲ့ ၊ မဟုတ်ရင် တခြား မှာ ဝင်စားရ ရှာတော့မယ် တဲ့ ၊ ကဲ …. ။
အဲဒီမှာ တိုက်ဆိုင်မှု က နှစ်ခု ရှိတယ် ။ တစ်ခု က ဖြူမ ဟာ ပန်းရောင် အင်္ကျီ ကို အကြိုက်ဆုံး ဖြစ်ခဲ့တယ် ဆိုတဲ့ ကိစ္စ ရယ် ၊ နောက်ပြီး မိဗျိုင်း ကိုယ်တိုင် လည်း သူ့ သမီးလေး ကို သူ့ အိမ်နား မှာ ပဲ ကစား နေတာ အိပ်မက် ခဏ ခဏ မက် မက်နေခဲ့တယ် ။ ဒါကတော့ စိတ် စွဲလန်းလို့ နေမှာပေါ့ ။
ဘာပဲ ဖြစ်ဖြစ် မိဗျိုင်းက တော့ နတ်ဝင်သည် ပြောတာ သိပ် မှန်တယ် ဆိုပြီး ဖြစ်တော့တာ ပါပဲ ။ ရောဂါ က ပြန် ဆွ ပေး သလို ဖြစ်လာ ပြန်တာပေါ့ ။
မန္တလေးတောင် လိုက် ပို့တော့ မှ ပို ဆိုးပြန်တာ ။
မန္တလေး ဘိုးတော်ကြီး နန်းနား မှာ ဗေဒင်ဆရာ တွေ ရော ၊ နတ်ဆရာ တွေ ရော ရှိတယ် မဟုတ်လား ။
မိဗျိုင်း က နတ်ဆရာ တစ်ယောက် ဆီ ဖျတ်ခနဲ ဝင်ပြီး မေးပါလေ ရော ။ နတ်ဆရာက လည်း မဆိုင်းမတွ ပဲ ဖြူမလေး အကြောင်း ဟောချလိုက် တာ ၊ ဒီ တစ်ခါ တော့ ကျွန်မ ကို ပါ မျက်လုံး ပြူး သွားတယ် ။
ဘာလို့လဲ ဆိုတော့ ကျောက်ဆည် က ကိုနှဲ နဲ့ တိုင်ပင် ထား သလား ၊ ချိတ် လုပ် ထား သလား အောက်မေ့ ရတယ် ။ အဟော က ထပ်တူ နီးပါးပဲ ။ ဘာ တစ်ခု ပဲ ပိုလာသလဲ ဆိုတော့ သူ့ အဟော ထဲ မှာ ဖြူမလေး က သူ့ အမေ ကို ကယ်ပါဦး လို့ တစာစာ မှာ နေရှာသတဲ့ လေ ။
ကဲ ... မိဗျိုင်း မှာ ပို ရူးတော့တာပေါ့ ၊ တစ်ခါတည်း ရွာ ကို ချက်ချင်း ပြန်မယ် ဖြစ်တော့တာပဲ ။
ဆိုကြပါစို့ ၊ ခပ်သုတ်သုတ် ပဲ ရွာ ကို ပြန် ခဲ့ကြတယ် ။ ကိုထွန်းခင် ကို ပြော လည်း ပြ လိုက်ရော ကိုထွန်းခင် ဟာ တစ်ခါတည်း ငိုင်ကျ သွားတော့ တာပဲ ။ သူ့ မှာ သားကျော ပြတ် နေလို့ တစ်သက်လုံး ကလေး မှ မရနိုင်တော့ တာပဲ ။
မိဗျိုင်း ဘာ လုပ်မလဲ ၊ မိဗျိုင်း ဘာ လုပ်ရမှန်း မသိတော့ဘူး ။ အိပ်မက် တွေ က လည်း ဆက် မက် ၊ အိပ်မက် တွေ ထဲမှာ ဖြူမလေး က လည်း ကယ်ပါ ယူပါ တစာစာ နဲ့ သနားစရာ တောင်းပန် နေရှာသတဲ့ ။ စိတ် စွဲလန်း လို့ နေမှာပေါ့ ၊ ကျွန်မ တောင် တစ်ခါ မက် လိုက်သေးတယ် ။
ဒီလို နဲ့ တစ်လ လောက် နေတော့ မိဗျိုင်း မခံနိုင် တော့ဘူး ၊ မစောင့် နိုင် တော့ဘူး ၊ ကိုထွန်းခင် ကို ဗြုန်းစားကြီး ပြောချ လိုက်တယ် ၊ သူ့ ကို ကွာပေးပါ တဲ့ ။ ပြီးရင် သူ နောက် တစ်ယောက် ကို အမြန်ဆုံး ယူမယ် တဲ့ ၊ ဖြူမလေး ပြန်ပြီး ဝင်စား နိုင်ဖို့ ဒီနည်း ပဲ ရှိတော့တာ ကိုး ။
ဒါကြီး က တော့ အတော် ကို မဖွယ်မရာ ကိစ္စကြီး ပဲ ၊ အားလုံး ဝိုင်းပြီး မိဗျိုင်း ကို ချော့ကြ မော့ကြ ၊ ရှင်းပြ တောင်းပန်ကြ နဲ့ လုပ်ကြ ပါတယ် ။ ဆရာတော်ဘုရား က လည်း မသင့်တင့်ကြောင်း ဆုံးမ ပါတယ် ။
ဒီတော့ ဘာ ဖြစ်လာသလဲ ၊ မိဗျိုင်း ကျန်းမာရေး က ရုပ်ရော ၊ စိတ်ရော ဆွဲ ချ လိုက် သလို ဖြစ်လာတယ် ။ ဒီ အတိုင်းသာ ဆို တစ်လ တောင် ခံမယ် မထင်ဘူး ဆိုတဲ့ အခြေ ဆိုက်လာတယ် ။
ဒီ အချိန် မှာ မိဗျိုင်း ကို ငယ်ငယ် ကတည်း က သိပ် ချစ်ရှာတဲ့ ကိုရင်ပေါ ဆိုတဲ့ လူ က လည်း ကိုထွန်းခင် က သာ ကွာ ပေး လိုက်ရင် သူ ချက်ချင်း ယူပါ့မယ် တဲ့ ၊ ဝင် ပြောတယ် ။ ဒီလိုမှ လည်း မိဗျိုင်း အသက် ကို ကယ်နိုင် တော့မယ် လို့ ပြော လာတယ် ။
တိုတို ပြောကြပါစို့ ရယ် ၊ မိဗျိုင်း အခြေအနေ က လည်း နေ့ နဲ့ ည နဲ့ တောင် မတူအောင် ဖြစ် လာနေတော့ အားလုံး သဘော တူ လိုက်ကြ ရတယ် ။
ကိုထွန်းခင် လည်း မိဗျိုင်း ကို ကွာရှင်း ပေးပြီး နောက် နေ့ မှာ ပဲ သင်္ကန်း ဆီး သွား ရှာတယ်လေ ။
မိဗျိုင်း ဟာ လေ တကယ် လည်း အံ့သြ ဖို့ ကောင်းပါရဲ့ ၊ သူ့ အလိုကျ အတိုင်း ကိုရင်ပေါ နဲ့ လည်း ပေးစား လိုက်ရော ၊ ကျန်းမာရေး က ကောက် ထောင် ပေး လိုက်သလိုပဲ တစ်ခါတည်း ပြန်ပြီး ဒေါင်ဒေါင် မြည် လာတယ် ၊ စိတ် ... စိတ် ။
တစ်ပတ် လောက် လည်း ကြာရော ဖြူမလေး နဲ့ ပတ်သက်ပြီး အိပ်မက် မမက်တော့ဘူး တဲ့ ၊ ဟော ။
မိဗျိုင်း လည်း ကိုယ်ဝန် ရတာပဲ ၊ ကိုးလ လွယ်ပြီး ဆယ်လပိုင်း သာ ရောက် လာရော မိဗျိုင်း မှာ ပျော်လို့ ၊ သမီးလေး ဖြူမ နဲ့ ပြန် တွေ့ ရတော့မယ် ၊ ပြန် ဆုံရတော့မယ် နဲ့ ။
ကဲ … ခု မွေးပြီ ။
ဘယ်လို လုပ်ကြမလဲ ။ ။
◾ဝင်းဖေ
📖 ရင်ခုန်ပွင့် မဂ္ဂဇင်း
၁၉၈၉ ခု ၊ မေ လ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment