❝ ဝါဆို ဆရာတော်ကြီး ❞
ရွှေကျင်သာသနာပိုင် ဆရာတော်ကြီး ဘဒ္ဒန္တ အဂ္ဃိယ သီတင်းသုံး တဲ့ မန္တလေး မြို့ မဟာ ဝိသုဒ္ဓါရုံတိုက်သစ် ဇယမေဒနီ သက်တော်ရှည်ကျောင်း ပေါ် ကို ကျွန်တော် တက်ခဲ့တယ် ။ ဆရာတော် ကို ဝါဆိုဆရာတော်ကြီး လို့ လူသိ များတယ် ။ ဆရာတော်ကြီး သီတင်းသုံး တဲ့ ပထမထပ် လှေကားဦး မှာ ကျောက်သင်ပုန်း ပေါ် မြေဖြူ နဲ့ ရေးထားတဲ့ စာ ရှိတယ် ။
“ ဆေးဆရာ သည် သူနာ နှင့် ပြိုင်၍ အသက် မထွက်ကောင်း ။ သူတော်ကောင်း သည် သူယုတ်မာ နှင့် ပြိုင်၍ ဒေါသ မထွက်ကောင်း ။ သူတော်ကောင်း သည် သူရူး နှင့် ပြိုင်၍ အဝတ် မလစ်ကောင်း ။
ပထမ ရွှေကျင်ဆရာတော် အဆုံးအမ စာ ” တဲ့ ။
ဆရာတော်ကြီး ကို တွေ့ဆုံခွင့် ရဖို့ ကျွန်တော် ကြိုတင်ပြီး ရက်ချိန်း ယူထား ပါတယ် ။ ကျွန်တော် ရောက် လာတော့ ဆရာတော်ကြီး က ကိုယ်လက် သန့်စင်ဖို့ ရေချိုးခန်း ထဲ ဝင် သွားတယ် ။
ကျောင်း ပေါ် က အခင်းအကျင်း ကို ကျွန်တော် လိုက် ကြည့်တယ် ။ ဆရာတော်ကြီး ရဲ့ အိပ်ရာ က ကျွန်းသား ခုတင် ပုပု ပါ ။ ချည်စောင်ပါးလေး ခင်း ထားတယ် ။ အိပ်ရာ ဘေး မှာ စာကြည့်မီးတိုင် နဲ့ စာအုပ်တင် စားပွဲ တစ်လုံး ရှိတယ် ။ အိပ်ရာ ခေါင်းရင်း မှာ တော့ ရွှေတိဂုံဘုရား ပုံတော် ဓာတ်ပုံချိတ် ထားတယ် ။ ခေါင်းရင်း နံရံ ပေါ် မှာ သက်တော်ရှည် စံကင်းဆရာတော်ဘုရားကြီး ကို ဝါဆိုဆရာတော်ကြီး က ဆွမ်း ပြုစု နေတဲ့ ဓာတ်ပုံကြီး လည်း ရှိတယ် ။
မြောက်ဘက် နံရံ ပေါ် မှာ တော့ ၂၀၀၉ ခု ဧပြီလ တုန်း က ဆရာတော်ကြီး သက်တော် ၉၃ နှစ်မြောက် မွေးနေ့မင်္ဂလာ အထိမ်းအမှတ် ရုပ်ပုံကားချပ်ကြီး ရှိတယ် ။ ဆရာတော် ဘဒ္ဒန္တအဂ္ဃိယ ( ရွှေကျင်သာသနာပိုင် ) ၊ အဘိဓဇမဟာရဋ္ဌဂုရု ၊ အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ၊ သက်တော်ရှည် ဝါဆိုဆရာတော်ဘုရားကြီး ဆိုပြီး စာတန်း ထိုး ထားတယ် ။
ဆရာတော်ကြီး ကိုယ်လက် သန့်စင်ပြီး လို့ ထိုင်ခုံ ရှိရာ ကို ကြွ လာတယ် ။ ဆရာတော်ကြီး ရဲ့ သက်တော် ဟာ ၉၄ နှစ် ရှိပြီ ။ ကျန်းမာသန်စွမ်းပုံ ရပြီး သက်တမ်း ၁ဝဝ ကို အလွယ်တကူ ပဲ ဖြတ်သန်း သွားမယ့်ပုံ ရှိတယ် ။
ထိုင်ခုံ မှာ ဝါဆိုဆရာတော်ကြီး နေရာတကျ ထိုင်မိချိန် မှာ ကျွန်တော် က ဦးချ ကန်တော့တယ် ။
ပထမဦးဆုံး ဆရာတော်ကြီး ကို မေးလျှောက်တဲ့ မေးခွန်း က -
“ ဘာကြောင့် ကျန်းမာ သန်စွမ်းတာလဲ ၊ ဘာကြောင့် အသက် ရှည်တာလဲ ”
ဆိုတဲ့ မေးခွန်းပါ ။
ဆရာတော်ကြီး က ရယ်မော လိုက်ပြီး -
“ အတိတ်ကံ အကြောင်း လည်း ပါ မှာပေါ့ ။ ရတနာ သုံးပါး ရိုသေတာ ၊ ကိုယ့် ထက် ကြီးတဲ့ ပုဂ္ဂိုလ်တွေ ကို ရိုသေ လေးစားတာပါ ၊ ပါတာပေါ့ ၊ ဒါကတော့ ဘုရား ဟောတဲ့ အတိုင်းပေါ့ လေ ” လို့ ဖြေတယ် ။
“ အနေအထိုင် အစားအသောက် ကော ဆင်ခြင်ရသလား ဘုရား ”
“ အနေအထိုင် အစားအသောက် ကို ဆင်တော့ ဆင်ခြင်ပါတယ် ။ အဆင်ခြင် ကြီး တော့လည်း မဟုတ်ပါဘူး ။ ဘုန်းကြီး ငယ်ငယ်က ကျန်းမာရေး စာအုပ်တွေ ဖတ်ထားတော့ ကျန်းမာရေး စာအုပ်တွေ ထဲ က လည်း အတုယူ သင့်တာ ယူပါတယ် ။ ဘုန်းကြီး က သူများ ထက် ထူး တာ က ပါးရေ မတွန့်ဘူး ၊ နဖူးရေ မတွန့်ဘူး ။ အဲဒါတွေ ကတော့ အလေ့အကျင့် လည်း ပါတယ် ။ ကျန်းမာရေး စာအုပ် ဖတ် ထားတော့ ငယ်ငယ် ကတည်း က မျက်နှာ အလေ့အကျင့် ဆိုတဲ့ စာအုပ် တစ်အုပ် ဖတ်ဖူးတယ် ။ အလေ့အကျင့် လုပ်တယ် ။ မျက်စိ မျက်နှာ ကစားပေး တာပေါ့ ။ ပါးစပ် ရွဲ့တာတို့ ဘာတို့ လုပ်တယ် ”
ဆရာတော်ကြီး ရဲ့ မျက်နှာ က တင်းတင်းရင်းရင်း ရှိတာ သိသာတယ် ။
“ မနက် အိပ်ရာထ ရေ ရှူတယ် ။ ရေ ရှူတာ က အားရပါးရ ရှူတာ မဟုတ်ဘူး ။ နှာခေါင်း ဆေးတာပါ ။ မျက်နှာသစ် ရင်း နဲ့ နားရွက် နောက် တို့ အထူး ဂရုစိုက်ပြီး သန့်ရှင်း ရေး လုပ်တယ် ။ တစ်ကိုယ်ရေ သန့်ရှင်းရေး ကို ဘုန်းကြီး က ဝါသနာ ပါတယ် ။ လေရှူ တာ လည်း ဘုန်းကြီး က အထူး ဝအောင် ရှူတယ် ။ လေလည်း အားကိုးတယ် ။ ရေ လည်း သောက်ပါတယ် ”
“ ခမည်းတော် မယ်တော် တို့ ကကော အသက် ရှည် လားဘုရား ”
“ မယ်တော် က ၈၂ နှစ် ၊ ခမည်းတော် က ၇ဝ မှာ ဆုံးတယ် ”
“ မယ်တော် ခမည်းတော်တို့ အလုပ်အကိုင် က ဘာတွေလဲ ဘုရား ”
“ တောင်သူ တွေ ။ စစ်ကိုင်းမြို့နယ် လင်းယဉ်ရွာ မှာ ပဲ ”
“ အရှင်ဘုရား ငယ်စဉ် က တော အလုပ်တွေ လုပ်ခဲ့ရသေးလား ”
“ မလုပ်ခဲ့ရပါဘူး ။ နွား တောင် ကြိုးတွေ ဘာတွေ ကောင်းကောင်း မကိုင်တတ် ပါဘူး ။ စံကင်း ဆရာတော်ဘုရားကြီး က ဘုန်းကြီး ရဲ့ ဘကြီး တော်တယ် ။ အဖေ ရဲ့ ညီ အရင်း ဦးဇင်း လည်း ရှိတယ် ။ မန္တလေး မှာ သီတင်းသုံး ကြတာ ”
“ ဘယ် အသက်အရွယ် မှာ မန္တလေး ရောက်လာတာလဲ ဘုရား ”
“ ကိုးနှစ်သား ။ မှတ်မိသေးတယ် ၊ မန္တလေး ရောက် လာပြီး နောက် တစ်ရက် မှာ ဘထွေး ဦးဇင်း က လာစမ်း ကောင်လေး ဆိုပြီး ရေတွင်း မှာ ရေ ချိုး ပေးတယ် ။ ဆပ်ပြာကြမ်း တွေ ရော ဆပ်ပြာ အကောင်းတွေ ရော နဲ့ ကြေး ( ဂျီး ) တွေ တိုက်တာ ၊ မျက်စိ ထဲ ခုထိ မြင် သေးတယ် ။ ခြေဖမိုး မှာ ကြေး ( ဂျီး ) တွေ မည်း နေတာပဲ ။ ဘထွေးဦးဇင်း က လုပ် ပေးတာ ။ သူ့ ပါးစပ် က ဘာတွေ ပြောနေသလဲ ဆိုတော့ ကိုကြီး နှယ် ကလေး ကို ပစ်ထားတယ် တဲ့ ။ သူ့ အစ်ကိုကြီး ဘုန်းကြီး ရဲ့ အဖေ ကို လှမ်း အပြစ် တင် တာ ။ နှစ်ရက် လောက် ကြေး ( ဂျီး ) တွေ ချွတ်ရတာ ”
“ ကိုရင် ဝတ် တာ ဘယ် အရွယ် လဲ ဘုရား ”
“ ၁၁ နှစ်သား ထဲ မှာ သာမဏေဝတ် ရှင်ပြုတာ ။ စံကင်းဆရာတော် ဘုရားကြီး ရဲ့ အမေ ဒေါ်မင်းထပ် က ရှင်ပြု ပေးတာ ။ ကျောင်းသား အဖြစ် မန္တလေး မှာ နေ ၊ နောက် လင်းယဉ်ရွာ ပြန် ရှင်ပြု ၊ ပြီးတော့ မန္တလေး ပြန် နေတာ ။ ရှင်သာမဏေ ပြုတော့ ဘွဲ့ က ရှင်ကေလာသ ”
“ ဘုန်းကြီး က တနင်္ဂနွေသား မဟုတ်လား ဘုရား ။ ဘွဲ့ က တနင်္လာသား ပေးတဲ့ ဘွဲ့ ဖြစ်နေတယ် ။ ဘယ်လို သဘောလဲ ဘုရား ”
“ ဘုန်းကြီး က တနင်္ဂနွေသား မဟုတ်ဘူး ။ တနင်္လာသား ။ ပဉ္စင်း ခံတဲ့ အချိန် ဘွဲ့ ပေးမယ် ဆိုတော့ မင်း က အကောင် ကြီးတယ် ဆိုပြီး တနင်္လာ ထဲ မှာ အကြီးဆုံး အက္ခရာ လိုက် ရှာတာ ။ ဃ တွေ့တယ် ။ အဂ္ဃိယ ဆိုပြီး ဘွဲ့ပေးတာ ။ နေ့နာမ် ဖျောက် ထားမှ ဖြစ်မယ် တဲ့ ”
“ ဘယ်လိုကြောင့်လဲ ဘုရား ”
“ နေ့နာမ် ဖျောက်ထား မှ ဆိုတာ အကြောင်း ရှိတယ် ။ မင်းကွန်း ရန်ကင်းချောင် မှာ ဦးသောဘန ဆိုတာ ရှိတယ် ။ ကျောင်း က မင်းကွန်း တောင်ရိုး မှာ သဲထဲ ဆောက် ထား တဲ့ ကျောင်း ။ သူ့ မိတ်ဆွေ အရင်းအချာ ဦးသာသနက အလည် လာတယ် ။ ကျောင်း က ခပ်သေးသေး မိုးထရံကာ ပါ ။ ဦးသာသန က နှစ်ရက် လောက် ကြာ တော့ ဖောက် လာတယ် ။ ဆွမ်း စားရင်း နဲ့ ဆွမ်းတွေ ကို ဟိုပက် ဒီပက် လုပ် လာတယ် ။ ဆေးဆရာကြီး ခေါ် ဆေးကု ရတယ် ။ ဆေးဆရာကြီး က မသင်္ကာ လို့ တိုင်ရင်းတွေ လှေကားအောက်တွေ ဖော် ကြည့် တော့ သိမ်ဝင် သပိတ်ကွဲ တွေ နဲ့ သောကြာသား ကို ရူးအောင် လုပ်ထားတာ တွေ့တယ် ”
“ ဦးသောဘန ကို လုပ်တာ ဦးသာသန ကို ထိပုံ ရတယ် ။ နှစ်ပါးလုံး က သောကြာသား တွေ ကိုး ”
“ အဲဒီ အချိန်က ဘုန်းကြီးရဟန်း ပြုတဲ့ အချိန် ။ စည်ရှင်ဆရာတော် က မဖြစ်ဘူး ဆိုပြီး နေ့နာမ် လွှဲပြီး ဘွဲ့ ပေးတာ ”
“ အရှင်ဘုရား တို့ ခေတ် တုန်းက ဆွမ်းကွမ်း အခက်အခဲ ရှိသလား ဘုရား ”
“ ဘုန်းကြီးကျောင်းသား ဘဝ က ဗျပ်ဆိုင်း လည်း ထမ်း ဖူးတယ် ။ ကိုရင် ဘဝ မှာ ဆွမ်းကွမ်း ခက်တယ် ။ မနက် စောစောကြီး မှာ ရေနွေးကြမ်း နဲ့ ပဲလှော် စားပြီး ဆွမ်းခံ သွား ရတယ် ။ ဆွမ်းခံ ပြန် ရှစ်နာရီခွဲ ကိုးနာရီ မှာ ဆွမ်း စားတယ် ။ ပြီးတော့ စာ လုပ် ။ ဆယ်နာရီခွဲ ကျ ကျန်တဲ့ ဆွမ်း ကို နယ်ပယ် စား ၊ မုန့်တွေ ဘာတွေ ရှိတဲ့ အခါ လည်း စား ။ မရှိတဲ့ အခါ လည်း နေ ၊ ရေနွေးကြမ်း သောက်ပေါ့ ။ တော်တော် ဆင်းရဲပါတယ် ”
“ ဘယ်နေရာတွေ ဆွမ်းခံ ကြွသလဲ ဘုရား ”
“ ငယ်ငယ်ရွယ်ရွယ် နဲ့ တိုက် အကျိုး ဆောင် ခဲ့ပါတယ် ။ ပထမ မလှမင်းဝင်း ဆိုတာ သွားတယ် ။ ဘုန်းကြီးတို့ ရွာ က ဆေးလိပ်သမတွေ နေကြတယ် ။ အဲဒီ က နေ ရှေ့တော်ပြေးဝင်း ။ ရှေ့တော်ပြေးဝင်း မှာ လည်း အမျိုးတွေ ရှိတယ် ။ ရှေ့တော်ပြေးဝင်း က နေ ၂၈ လမ်း အတိုင်း ဆင်း လာပြီး တော့ ရှင်ဥပဂုတ်ဝင်း ။ အဲဒီမှာ လည်း အမျိုးတွေ ရှိတယ် ။ အဲဒီ က နေ ပဲလှော်ချောင် ဆင်း တာ ။ ပဲလှော်ချောင် ရောက် တော့ နောက် က လိုက် လာတဲ့ စပယ်ယာ ကိုရင်ကို ရပြီးသား ဆွမ်းတွေ ဟင်းတွေ နဲ့ ကျောင်း ပြန် လွှတ် လိုက်ပြီး ကိုယ် က ဆွမ်း ဆက် ခံတာ ။ ပဲလှော်ချောင် က နေ ဒေးဝန်း ဆက် သွား လိုက်သေး တာ ”
“ အဝေးကြီးပါလား ဘုရား ။ မန္တလေးမြို့ အရှေ့ပိုင်း က အနောက်ဖျား ရောက် ရော ”
“ အဝေးကြီး အဝေးကြီး ။ အဲဒီလို လုပ်ခဲ့တာ တစ်နှစ် ကျော် ကြာတယ် ။ စံကင်း ဆရာတော်ဘုရားကြီး က တွဲဖက် သာသနာပိုင် ဖြစ် နေပြီ ။ ဒါပေမဲ့ ဆွမ်းကွမ်း မလုံလောက်ဘူး ။ ဘုန်းကြီး တို့ က သပိတ် တစ်လုံး ပြည့် နောက် တစ်လုံး နဲ့ အဲဒီလို လှည့် ပြီး ဆွမ်းခံ ၊ ကျောင်း မှာ လုံလောက်အောင် လုပ်ခဲ့ရတာပေါ့ ”
“ အရှင်ဘုရား စာသင်သား ဘဝ မှာ ချို့ချို့တဲ့တဲ့ နေခဲ့ရတာပေါ့ ”
“ အဲဒီ ခေတ် က နည်းနည်း ရှားပါးတာပေါ့ ။ ဂျပန်ခေတ် ရောက် မှ မန္တလေး က ဒကာ ၊ ဒကာမတွေ စစ်ပြေး ရင်း စစ်ကိုင်း တို့ မင်းကွန်း တို့ ဘုန်းကြီးကျောင်း ၊ သီလရှင်ဇရပ်တွေ မှာ ရောနှော နေရင်း သံယောဇဉ် ကြီး သွားတာ ။ ရင်းနှီး သွားကြတာ ။ ဘုန်းကြီးတွေ အကြောင်း လူတွေ က သိ လာတယ် ။ လှူ ရ မှန်း ၊ ပေး ရ မှန်း ၊ ကျွေး ရ မှန်း သိလာကြတယ် ”
“ အရှင်ဘုရား စစ် အတွင်းတုန်း က ဘယ်မှာ သီတင်းသုံး နေလဲ ”
“ ဓနုဖြူ မှာ ။ ဓနုဖြူ အနီး က စံကင်း မှာ ။ ဓနုဖြူ မှာ ငါးနှစ် လောက် ကြာတယ် ။ အဲဒီ က နေ ရန်ကုန် ဗားကရာတောရ မှာ နှစ်နှစ် လောက် ကြာတယ် ။ စာချတန်း ဖြေတာ ။ အဲဒီ က မှ မန္တလေး ရောက် လာတာ ။ ဘုန်းကြီး က နိုင်ငံရေး လည်း နည်းနည်း ဝါသနာ ပါတယ် ။ ဘုန်းကြီးတို့ ခေတ် က ခွဲရေးတွဲရေး ပေါ့ လေ ”
“ အိန္ဒိယနိုင်ငံ နဲ့ ခွဲမယ် ၊ တွဲမယ် ကိစ္စ ”
“ ခွဲရေးတွဲရေးတွေ ပြီး သွားတော့ ငါးပွင့်ဆိုင်အဖွဲ့ ဖွဲ့ကြတယ် ။ အနောက်ပြင် သံဃာညီညွတ်ရေးအဖွဲ့ ဖွဲ့တော့ ကိုယ် က လည်း ယောင်တောင် ယောင်တောင် နဲ့ အစည်းအဝေး သွား တက်တယ် ။ အစည်းအဝေး မှာ အကျိုးဆောင် လုပ်ပါ တဲ့ ။ မြို့တော်ဝန် လုပ်သွားတဲ့ စိန်ဝင်းအောင် ရဲ့ အဖေ က ဦးဇောတိကပါလ တဲ့ ၊ သူ က လည်း ဝါသနာ ပါတယ် ။ သူ နဲ့ ပေါင်း နေတာ ။ ဘုန်းကြီးတို့ ရွှေကျင် က နိုင်ငံရေး မလုပ်ရဘူး ။ ပါတီ ထဲ မပါရဘူး ။ နိုင်ငံရေး လုပ် ရင် တိုက် က ထွက်ရမှာ လို့ သူ့ ကို ပြောတော့ ငါ့ လူ ရာ ဘွဲ့ ပြောင်းပေါ့ တဲ့ ။ ဒါနဲ့ ဦးကေလာသ ဆိုတဲ့ ဘွဲ့ ပြောင်းပြီး မြို့မသံဃာ့ညီညွတ်ရေး အဖွဲ့ မှာ အကျိုးဆောင် လုပ်တယ် ။ သတင်းစာ ထဲ မှာ ဦးကေလာသ နာမည် နဲ့ ထည့် တော့ ဆရာတော်ကြီး တွေ က မသိဘူး ”
ဆရာတော်ကြီး က ပြောပြီး ရယ်ပါတယ် ။
“ အရှင်ဘုရား တို့ ကျောင်းတိုက် က စည်းကမ်း သိပ် ကြီးတာ ။ ဘယ်လို လှုပ်ရှား သလဲ ”
“ မနက်ပိုင်းလေး သွားလိုက် ၊ ပြန် လာလိုက်ပေါ့ ”
“ အရှင်ဘုရား ရဲ့ သီတင်းသုံးဖော် အချို့ လည်း လူ ထွက်ကြတယ် ။ အရှင်ဘုရား လူ ထွက်ချင် စိတ် ဖြစ်ဖူးသလား ဘုရား ”
ဆရာတော်ကြီး နည်းနည်း ပြန် စဉ်းစား ပါတယ် ။
“ ဖြစ်တော့ ဖြစ်ဖူးပါတယ် ။ အဲဒါ အောက်ပြည် မှာ နေတုန်း က ။ ဘုန်းကြီးတို့ မှာ မိတ်ဆွေကောင်းတွေ ရှိတယ် ။ လူ ထွက်မယ် ဆိုပြီး စိတ်ကူး ပေါ်ရင် မထွက်အောင် စောင့်ရှောက်တဲ့ သူတွေ ရှိတယ် ။ လူ ထွက်ချင် ထွက်ရအောင်ကွာ ဆိုပြီး ခေါင်း မရိတ် ဘဲ နေတယ် ။ ဦးဓမ္မသာမိ ဆိုတဲ့ သီတင်းသုံးဖော် တစ်ယောက် က ဓနုဖြူ ကို ချော့ ခေါ် သွားပြီး ဆံပင်ညှပ်ဆိုင် မှာ အတင်း ခေါင်းတုံး ပြန် တုံးပစ်တာ ။ ကိုယ့် အပေါ် အကျိုး ဒါလောက် လိုလားကြတာပဲ ဆိုပြီး ကိုယ် က လည်း ပြန် ငဲ့ရတာပေါ့ ”
“ အရှင်ဘုရား ၂ဝဝဝ ပြည့်နှစ် က ကမ္ဘာ့ကုလသမဂ္ဂ မှာ ကမ္ဘာ့ထိပ်သီး ညီလာခံ ကို ကြွခဲ့တဲ့ အတွေ့အကြုံ ပြန် မိန့်ကြားပါဦး ဘုရား ”
“ အမေရိကန် ရောက် တော့ ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အအုံ မျှော်စင် ညီနောင် ဆိုတာ ကို သွား ကြည့်တယ် ။ အထပ် တိုင်း မှာ လူတွေ အလုပ် လုပ် နေတယ် ။ လူတွေ သိပ် အလုပ် လုပ်ကြတာပဲ ။ သူတို့ နယူးယော့ခ် က လည်း တို့ မန္တလေးလို ခံ နေရတာ ပါပဲ ။ တို့ မန္တလေး မှာ တရုတ်တွေ စွာ နေ သလိုပဲ အမေရိကန်တွေ မစွာ ဘဲ ဂျူးတွေ စွာ နေတယ်လို့ အောက်မေ့ခဲ့တယ် ”
“ ဟို တစ်လော က အရှင်ဘုရား ရောဂါ တစ်ခု အတွက် ဘန်ကောက် ဆေးရုံကြီး သွားပြီး ဆေး ကုခဲ့ရတယ် ။ စိတ် ထဲ မှာ အနှောင့်အယှက် ဖြစ်သလား ဘုရား ”
“ စိတ် အားငယ်ခြင်း ၊ သေလိမ့်မယ် ထင်ခြင်း မရှိပါဘူး ”
“ ဆရာဝန်တွေ က ကင်ဆာ လို့ ပထမ သံသယ ရှိတာ မဟုတ်လား ဘုရား ”
“ ယူဆတယ် ပြောတာပဲ ။ ကိုယ့် ဟာ ကိုယ် ကင်ဆာ လို့ မယူဆပါဘူး ။ ငါ က ကင်ဆာ ဖြစ်မယ့် ဘုန်းကြီး မဟုတ်ဘူး ။ အမြဲ သန့်ရှင်းရေး လုပ်နေတာပဲ ။ အမြဲ ဂရုစိုက် နေတာပဲ ”
“ သေ ရ မှာ မကြောက်ဘူးလား ဘုရား ”
“ ကြောက် တော့ ကြောက်တာပေါ့ ။ ဒါပေမဲ့ မကြောက်ဘူးလို့ ပြော ရင် လည်း ရတာပေါ့ ။ ကိုယ် တစ်နေ့ သေရမှာ တော့ သိပါတယ် ။ ခုတော့ မသေနိုင်သေးဘူးပေါ့ ”
◾ကျော်ရင်မြင့်
📖 အရောင်အသွေးစုံစုံ ဘဝဇာတ်ခုံ အဖုံဖုံ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment