❝ ဪ အချစ် ❞
“ မြမြသက် ကို ရ အောင် ပိုးကြကွာ ၊ သမီးရည်းစား ဖြစ်ရင် တစ်သိန်း ပေးမယ် ”
လူပျိုကြီး ကိုစိုးထွန်း က သူ့ ဆိုင် ဆံပင် လာ ညှပ်တဲ့ ကောင်လေး တိုင်း ကို ပြောနေကျ စကား ဖြစ်တယ် ။
“ အဟုတ် ပေးမှာလား ”
“ ပေးမှာပေါ့ ”
“ ရအောင် ယူနိုင်ရင် ကော ဗျာ ”
ဆံပင်ညှပ် ပြီး လို့ မှန် ရှေ့ မှာ ခေါင်းဖြီး နေတဲ့ နေသူဇော် က မေး လိုက်တယ် ။ နေသူဇော် က ဒီ ရပ်ကွက်သား ၊ ရတနာပုံတက္ကသိုလ် မှာ ကျောင်း တက် နေတယ် ။ မိဘတွေ က ချမ်းသာတယ် ။ ရုပ် ဖြောင့်တယ် ။ ရပ်ကွက် ထဲ မှာ ရည်းစား တစ်ယောက် ၊ တက္ကသိုလ် မှာ ရည်းစား တစ်ယောက် ထားနိုင်တဲ့ သူ ဖြစ်တယ် ။ မြမြသက် က လည်း ရတနာပုံ တက္ကသိုလ် ကျောင်းသူ ပဲ ဖြစ်တယ် ။ မြမြသက် ကို နေသူဇော် စိတ်ဝင်စားတယ် ။
ရုပ်ရည် ကြောင့် ထက် ခက်ခဲတဲ့ ပန်း တစ်ပွင့် မို့ ပါ ။ သူ့ အဒေါ် အပျိုကြီး က သူ့ အနား မှာ အရိပ် ပမာ လိုက်နေတယ် ။ အိမ် အပြင် မထွက်ဘူး ။ ထွက် ရင် လည်း အမေ ဖြစ်ဖြစ် ၊ အဒေါ် ဖြစ်ဖြစ် တစ်ယောက် ပါတယ် ။ အခွင့် မသာဘူး ။ တက္ကသိုလ် တက် ရင် လည်း သူ့ အဒေါ် က ကား နဲ့ အသွားအပြန် ကြိုပို့ လုပ်တယ် ။ ဒီ ကြား ထဲ က တက္ကသိုလ် မှာ မြမြသက် ကို သုံးခါ လောက် ရည်းစား စကား လိုက် ပြော ဖူးတယ် ။ သူ့ သူငယ်ချင်းတွေ နဲ့ ဆိုတော့ ဘာမှ တော့ ပြန် မပြောဘူး ။ ဒါပေမဲ့ သူ့ မျက်နှာ မှာ စိတ်ဆိုးပုံ တော့ မပြဘူး ။ အိုကေ ဖို့ များတယ် ။
“ မင်္ဂလာဆောင်တဲ့ နေ့ သုံးသိန်း လက်ဖွဲ့မယ် ”
ကိုစိုးထွန်း က ဆံပင် ညှပ် ရာ က နေ လက်ချောင်း ဆယ်ချောင်း ထောင် ပြပြီး ပြောတယ် ။
“ စိန်လိုက်လေ ၊ မကြာခင် လေးသိန်း ပေးဖို့ ပြင်ထား နော် လူပျိုကြီး ။ ဟဲ ... ဟဲ ... ဟဲ ... ဟဲ ”
နေသူဇော် က ပြောပြီး ဆိုင် ထဲ က ထွက် သွားတယ် ။
“ ကျွန် တော် ဆို ရင် ရော ... ”
ဆံပင်ညှပ် ခံနေတဲ့ ကိုအောင်ဖေ က ပြုံးစိစိ နဲ့ မေးတယ် ။ ကိုစိုးထွန်း က နှာခေါင်း ရှုံ့လိုက်တယ် ။
“ မင်း မပါဘူး ”
ကိုစိုးထွန်း ငေါက်ဆတ်ဆတ် ဖြေတယ် ။
“ ဟဲဟဲ ... ပါ ပါရစေဗျာ ၊ တစ်ဝက် ပဲ ပေးပါ ဟဲဟဲ .. ”
ကိုအောင်ဖေ က ပြောပြီး သဘောကျစွာ ရယ်တယ် ။
ကိုအောင်ဖေ က ဒီ မဟာဇေယျဘုံ ရပ်ကွက်သား ပါပဲ ။ ကားဂိတ် တစ်ခု မှာ ဂိတ်မှူး လုပ်တယ် ။ ငွေ ပေါ သလို မိန်းမ လည်း ရှုပ်တယ် ။ ပျိုပျိုအိုအို မရှောင်တဲ့ သူ ။
“ ငါ က လူအို တွေ မပြောဘူး ကွ ၊ လူပျိုတွေ ပဲ ပြောတာ ”
“ ဒါဆို သူ ဆိုရင်ကော ဗျာ ”
ကိုအောင်ဖေ က ဝီးချဲလ် ပေါ် မှာ ထိုင်ပြီး ဂျာနယ် ဖတ် နေတဲ့ ရဲရင့်မင်း ကို ရည်ညွှန်း ပြီး မေး လိုက်တယ် ။
“ ရဲရင့်မင်း ဆို ရင် နှစ်ဆ ပေးမယ် ကွာ ၊ ဟား ... ဟား .. ဟား ”
ကိုစိုးထွန်း က ပြောပြီး သဘောကျစွာ ရယ်တယ် ။ ကိုအောင်ဖေ က လည်း ရယ် တယ် ။ ရဲရင့်မင်း က သူတို့ ဆီ ကို မော့ ကြည့် လိုက်တယ် ။
ကိုစိုးထွန်း က လည်း ကြည့် နေတာ မို့ မျက်လုံးချင်း ဆုံ သွားတယ် ။ ရဲရင့်မင်း မျက်နှာ က အားငယ် သလို ဖြစ် နေတယ် ။ ဒီတော့ အားနာ သလို ဖြစ်သွားတယ် ။
ရဲရင့်မင်း က ဒီ မဟာဇေယျဘုံ ရပ်ကွက် က ပဲ ။ မွေး ကတည်း က ခြေ နှစ်ဖက် က မသန်ဘူး ။ အစ က ချိုင်းထောက် နဲ့ သွား နေတယ် ။ အခု ဝီးချဲလ် နဲ့ သွား နေတယ် ။ မိဘတွေ က ဆင်းရဲတယ် ။ အမေ က မုဆိုးမ ၊ သားသမီး လေးယောက် ကို ခေါင်းရွက်ဗျပ်ထိုး ဈေးရောင်း ကျွေးတယ် ။
ရဲရင့်မင်း က ၁ဝ တန်း အောင် တော့ ကွန်ပျူတာ သင်တန်း တက် ပြီး စတိုးဆိုင်ကြီး တစ်ခု မှာ ကွန်ပျူတာ စာရေး ဝင် လုပ်နေတယ် ။ ရပ်ကွက် ထဲ မှာ ဘယ်မှ သွားလာ နေ တာ မဟုတ်ဘူး ။ ဆိုင် နဲ့ အိမ် ပဲ အချိန်ကုန် နေတဲ့ သူ ။
“ ရဲရင်မင်း ခဏ စောင့် နော် ”
ကိုစိုးထွန်း က မှို ရတဲ့ မျက်နှာပေး နဲ့ လှမ်း ပြော လိုက်တယ် ။
“ ဟုတ်ကဲ့ပါ ခင်ဗျ ”
ရဲရင့်မင်း က ပြောပြီး ဂျာနယ် ပြန် ဖတ်နေတယ် ။ ကိုအောင်ဖေ ဆံပင် ညှပ် လို့ ပြီးသွားပြီ ။
“ နေစမ်းပါဦး လူပျိုကြီး ရ ၊ မြမြသက် ကို ပိုးနိုင်တဲ့ သူ ကို ခင်ဗျား က ဘာလို့ ပိုက်ဆံ ပေးမယ် ပြော နေရတာလဲ ”
ကိုအောင်ဖေ က မေး လိုက်တယ် ။
“ သူ့ အဒေါ် ခင်ဌေးကြွယ် ကို အမြင်ကတ် လို့ ကွ ”
ကိုစိုးထွန်း က မဆိုင်းမတွ ဖြေတယ် ။
“ သဘောပေါက်ပြီ ၊ သဘောပေါက်ပြီ ။ ဟား ... ဟား ... ဟား ... ဟား ”
ကိုအောင်ဖေ က ရယ်ပြီး ဆိုင် ထဲ က ထွက် သွားတယ် ။ ရပ်ကွက်သားချင်း ဆိုတော့ အကြောင်းသိ လေ ။ ကိုစိုးထွန်း က ခင်ဌေးကြွယ် ကို အသေအလဲ ပိုးခဲ့ ဖူးတာကိုး ။
••••• ••••• •••••
၂ ။
ခင်ဌေးကြွယ် က မဟာဇေယျဘုံရပ်ကွက် က ပါ ပဲ ။ မိဘများ မရှိတော့ဘူး ။ အစ်မ ဖြစ်သူ ခင်မြသွယ် တို့ မိသားစု နဲ့ အတူ နေတယ် ။ ခင်မြသွယ် က မိဘ လက်ငုတ် ဖြစ်တဲ့ မွေ့ရာ ၊ ခေါင်းအုံး လုပ်ငန်း ကို ဆက် လုပ်တယ် ။ ယောက်ျား ဖြစ်သူ ကိုအောင်သူ က တော့ အရာရှိ တစ်ယောက် မို့ ရာထူး တိုး ရာ မြို့တွေ မှာ သွားပြီး တာဝန် ထမ်းဆောင် နေရတယ် ။
ခင်ဌေးကြွယ် က အချောအလှ တော့ မဟုတ် ဘူး ။ လုံးကြီးပေါက်လှ ဆိုတော့ မြင်သူတွေ နှစ်ခါပြန် လောက် တော့ ငေး ယူရတဲ့ ရူပါ ရှိတယ် ။
ဒါပေမဲ့ သူ့ ကြည့်ရတာ ဖိုသီဖတ်သီ နဲ့ ။ ကျောင်းသွား ကျောင်းပြန် က လွဲရင် သူ့ အစ်မ ခင်မြသွယ် သမီး မြမြသက် ကို ထိန်းနေရတာ နဲ့ အချိန် ကုန်နေတာ ။ ရပ်ကွက် ထဲ မှာ သူ့ ကို တွေ့ရင် ကလေး ချီ လျက်ပဲ တွေ့ရတာ ။ မသိ သူ က ကလေး အမေ လို့ ထင် ကြတယ် ။
ကိုစိုးထွန်း က ခင်ဌေးကြွယ် ကို တွေ့ရင် လူ လစ်ရင် လစ် သလို ရည်းစားစကား ပြောတယ် ။ ရည်းစားစကား ပြော တိုင်း “ မဖြစ်ပါဘူး ” လို့ ပြောတယ် ။
“ ဘာလို့ မဖြစ်ရတာလဲ ” မေးတော့ “ မြမြသက် ကြောင့် ပေါ့ ” လို့ ဖြေတယ် ။
“ ဘာဆိုင်လဲ ” ပြောတော့ “ ဘာ မဆိုင်ရမှာလဲ ၊ ကျွန်မ တူမ ကို အချင်း စလွယ် သိုင်း မွေးတာရှင့် ” လို့ ပြောတယ် ။
“ အဲဒါ ဘာဖြစ်လဲ ” မေးတော့
“ ရှင် တော်တော် ညံ့တာ ပဲ ၊ အချင်း စလွယ်သိုင်း မွေး ရင် ယောက်ျားလေး ဆိုရင် မင်း ဖြစ်ရင် ဖြစ် ၊ မဖြစ်ရင် ပညာရှိ အရာရှိ ဖြစ်မယ် ။ မိန်းကလေး ဆို ရင် မင်းကတော် ဖြစ် ရင် ဖြစ် ၊ မဖြစ် ရင် အရာရှိ ကတော် ၊ သူဌေး ကတော် ဖြစ် မှာ လို့ ဗေဒင်ဆရာ က အတိ အကျ ဟောထားတာ ။ ဒါကြောင့် ကျွန်မ က တူမလေး ကို အခု ကတည်း က ဂရုစိုက် နေရတာ ။ အခု ခေတ် က မလွယ်ဘူး မဟုတ်လား ။ သမီးမိန်းကလေး ဆိုတာ ထိန်းနိုင် မှ တော်ကာ ကျတဲ့ ခေတ် လေ ။ ဒါကြောင့် ရှင့် ရည်းစား စကား ကျွန်မ မှတ်ထားပါ့မယ် ။ ခဏခဏ မပြောပါနဲ့ ။ မြမြသက် မင်းကတော် ဖြစ်ပြီး မှ ရှင့် ကို အဖြေ ပေးပါ့မယ် ” တဲ့ ။
အဲဒီ ကတည်း က ပါတော ပိတ်ရော ။ ကိုစိုးထွန်း လည်း တဖြည်းဖြည်း နဲ့ လူပျိုကြီး ဖြစ်လာရောပဲ ။
••••• ••••• •••••
၃ ။
မြမြသက် ခိုးရာ လိုက် ပြေးပြီ ဆိုတဲ့ သတင်း ရပ်ကွက် ထဲ ကို ပျံ့နှံ့ သွား တယ် ။ ကိုစိုးထွန်း ဆံပင်ညှပ်ဆိုင် လည်း သတင်း ရောက်လာတယ် ။
“ ကိုစိုးထွန်း ခင်ဗျား ပိုက်ဆံ ပေးဖို့ ပြင်ထားဗျို့ ”
ရပ်ကွက် ထဲ က တစ်ယောက် က ဆံပင် လာ ညှပ် ရင်း ပြောတယ် ။
“ ဘာဖြစ်လို့လဲ ”
“ မြမြသက် ခိုးရာ လိုက်ပြေး သွားပြီ ”
“ ဟေ ဟုတ်လား ၊ ဝမ်းသာလိုက်တာ ၊ ဘယ်သူလဲ ကွ ”
“ မသိဘူး ”
“ မင်း ဘယ်က ကြား လာတာလဲ ”
“ ခင်ဌေးကြွယ် တို့ က ရဲစခန်း လည်း တိုင်ချက် ဖွင့် ထားတယ် ။ ရပ်ကွက်ရုံး လည်း အကြောင်းကြား ထားတယ်ဗျ ” လို့ ပြောတယ် ။
“ ဒါဆို ဘယ်သူ နဲ့ ထွက်ပြေးတာလဲ ” လို့ မေးတော့ -
“ ဒါတော့ မသိဘူးလေ ” လို့ ဖြေတယ် ။
အဲဒီ နေ့ က ဆံပင်ညှပ် ဆိုင် လာသမျှ လူတွေ က မြမြသက် ခိုးရာ လိုက် ပြေးတဲ့ အကြောင်း ပဲ ပြော ကြတယ် ။
“ ဘယ်သူလဲ ” လို့ မေး ရင် -
“ ရပ်ကွက် ထဲ က နေမှာ ပေါ့ ”
“ တက္ကသိုလ် က နေမှာ ပေါ့ ” လို့ ပြောကြတယ် ။
ဘယ်သူမှ အတိအကျ မသိဘူး ။
“ သူ့ မှာ ရည်းစား ရှိလား ” မေးတော့ -
“ ဘယ် သိမလဲ ”
“ မကြားမိဘူး ”
“ ရှိရင် ရှိမှာပေါ့ ” လို့ ပဲ မရေမရာ ဖြေ ကြတယ် ။
ကိုစိုးထွန်း ကိုယ်တိုင် လည်း တက္ကသိုလ် မှာ တော့ မသိဘူး ။ ရပ်ကွက် ထဲ မှာ မြမြသက် ရည်းစား ရှိတာ မကြား မိဘူး ။ ဒါကြောင့် ကောင်လေးတွေ ကို မြှောက်ပင့် ပေး နေ တာပေါ့ ။ နေသူဇော် လား မသိဘူး ။ နေသူဇော် က ကိုစိုးထွန်း စိန်ခေါ် ထား တာ ။ သူ က လည်း ရတနာပုံတက္ကသိုလ် က ပဲ လေ ။ အခုလည်း တက္ကသိုလ် တက် ရင်း ပျောက် သွားတာ ဆိုတော့ နေသူဇော် က လွဲပြီး ဘယ်သူ မှ မဖြစ်နိုင် ဘူး ။
ဒါကြောင့် ဆံပင်ညှပ် ဆိုင် ပိတ် တော့ ကိုစိုးထွန်း က နေသူဇော့် အိမ် သွားတယ် ။ မတွေ့ဘူး ။ သူ့ အမေ က -
“ မနက် က နေဇော် က ဒီနေ့ ည သူ့ သူငယ်ချင်း အိမ် လိုက် အိပ် မှာ လို့ ပြောသွား တယ် ” လို့ ပြောတယ် ။
ဒါဆို သေချာပြီ ။ မြမြသက် ကို ခိုး သွားတာ နေသူဇော် မှ နေသူဇော် မလွဲဘူး ။ ဒီ အကြောင်း ခင်ဌေး ကြွယ် ကို သွား ပြောရင် ကောင်းမလား လို့ စဉ်းစားတယ် ။ မဖြစ်ဘူး ။ သူ့ ပယောဂ ပါတယ် ဆိုပြီး ခင်ဌေးကြွယ် က မုန်း သွားမှာ စိုးတယ် ။ အချိန်တန် ရင် သားရှင် က သမီးရှင် ကို ပြန် အပ်ကြမှာပဲ ။ သူ အခု လုပ်ရမှာ က နေသူဇော် ကို ပေးဖို့ ငွေ ကို ဘဏ် က ထုတ်ထား ဖို့ ပဲ လေ ။
••••• ••••• •••••
၄ ။
“ မြမြသက် ကို ခိုးသွား တဲ့ သူ တွေ့ပြီ ။ မြမြသက် မိဘ တွေ ဆီ လာ အပ်တာ လက် မခံဘူး ။ အခု ရပ်ကွက်ရုံး ရောက် နေကြတယ် ”
ဆံပင် လာ ညှပ်တဲ့ သူ တစ်ယောက် က ပြော လိုက်တယ် ။
“ ဟေ ဟုတ်လား ၊ ဘယ်သူတုံး ၊ နေသူဇော် မဟုတ်လား ”
ကိုစိုးထွန်းက မေးလိုက်တယ် ။
“ မဟုတ်ဘူး ”
ကိုစိုးထွန်း အံ့သြသွားတယ် ။
“ ဒါဖြင့် ဘယ်သူတုံး ”
“ ရဲရင့်မင်း ”
“ ဘာ ... ”
ကိုစိုးထွန်း အလန့်တကြား ဖြစ် သွားတယ် ။
“ ဟုတ်ရဲ့လား ၊ မဖြစ်နိုင်တာ ”
“ မယုံရင် ရပ်ကွက်ရုံး သွား ကြည့်ပေါ့ ”
“ အေး ဒါဆိုရင် အပြန် မှ ဆံပင်ညှပ် ပေးမယ် စောင့်နေ ”
ကိုစိုးထွန်း က ဆံပင် ညှပ်မယ့် သူ ကို ထားရစ်ပြီး ပြောပြောဆိုဆို ဆိုင် ထဲ က ထွက် သွားတယ် ။ ရပ်ကွက်ရုံး ရောက် တော့ ရုံး ရှေ့ မှာ လာ နားထောင်သူ တွေ နဲ့ ပြည့် နေတယ် ။ အပေါက်ဝ ပိတ် နေတဲ့ သူတွေ ကို တိုးဝှေ့ပြီး ရုံး ထဲ ဝင် ခဲ့တယ် ။ ရုံး ထဲ မှာ လည်း လူတွေ ပြည့် လို့ ။
ဟုတ်ပ ၊ ရဲရင့်မင်း ။ ဝှီးချဲလ် ပေါ် မှာ ထိုင် နေတယ် ။ သူ့ နောက် မှာ က မြမြသက် ။ ဘေး မှာ က သူ့ အမေ မအေးစိန် က ရပ် နေတယ် ။
ရပ်ကွက်အုပ်ချုပ်ရေးမှူး စားပွဲ ရှေ့ က ကု,လားထိုင် မှာ ခင်မြသွယ် နဲ့ ခင်ဌေးကြွယ် က ထိုင် နေတယ် ။ ခင်မြသွယ် ခေါင်း ငုံ့ပြီး မျက်ရည် ကျ နေတယ် ။ ခင်ဌေးကြွယ့် မျက်နှာ က မာတင်း နေတယ် ။
နှစ်ဖက် အချေအတင် စကားများ နေကြတယ် ။ ခင်ဌေးကြွယ် က မပေးစားနိုင်ဘူး တွင်တွင် ပြော နေတယ် ။ သူ့ တူမ ကို ပဲ ပြန် ထည့်လိုက်ဖို့ ပြော နေတယ် ။
မအေးစိန် က တော့ မြမြသက် ကို မိသားဖသား ပီပီ လာ အပ်မယ့် အကြောင်း ၊ စေ့စပ်ချင်တဲ့ အကြောင်း ပဲ ပြော နေတယ် ။
“ ကျွန်မ တူမ ကို ရှင့် သား နဲ့ လုံးဝ သဘော မတူဘူး ။ မပေးစားဘူး ၊ အခု လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ခေါ် လို့ လာတာ ။ ရှင်တို့ နဲ့ ညှိဖို့ မဟုတ်ဘူး ။ ကျွန်မ တူမ ကို ပြ န်ထည့်လိုက်ပါ ။ ရဲစခန်း မှာ ကျွန်မ တူမ ကို ဖြားယောင်း သွေးဆောင် ခိုးယူမှု နဲ့ အမှု ဖွင့် ထားတယ် ။ တရားရုံး ရောက် မှ ရှင်းကြတာပေါ့ ”
ခင်ဌေးကြွယ် က ခက်ထန်ထန် ပြော လိုက်တယ် ။
“ ကြည့် လည်း ပြောပါ ဦး မခင်ဌေးကြွယ် ရယ် ၊ ကျွန်မ သား က ရှင့် တူမ ကို ဖြားယောင်းသွေးဆောင် ခိုးရ အောင် က ဝှီးချဲလ် နဲ့ သွား နေရ တဲ့ ဒုက္ခိတ ပါ ။ ရှင့် တူမ ကို သူ ဘယ်လို ခိုးပြေး မှာ လဲ ။ ကလေးတွေ လည်း မေး ကြည့်ပါဦး ”
မအေးစိန် က ပြော လိုက် တော့ တစ်ရုံး လုံး လှုပ်လှုပ်ရွရွ ဖြစ် သွား ကြတယ် ။
“ ဟုတ်တာပေါ့ ”
“ ဘယ်လို ခိုးတာပါလိမ့် ”
တစ်ယောက် တစ်ပေါက် ပြောဆို ကြတယ် ။ အုပ်ချုပ်ရေးမှူး က ဟန့် လိုက် မှ တိတ် သွားကြတယ် ။
“ မင်းတို့ ဘယ်လို ခိုးပြေး တာလဲ ”
ရပ်ကွက်လူကြီး က ရဲရင့်မင်း ကို လှမ်း မေးတယ် ။
“ ကျွန်တော် နဲ့ သက် ချစ်သူတွေ ဖြစ်တာ ကြာ နေပေမဲ့ အပြင် မှာ မတွေ့ဖူးကြပါ ဘူး ။ ဒါကြောင့် ကျွန်တော် က တွေ့ချင်တာ နဲ့ သက် ကို တွေ့ဖို့ ရတနာပုံတက္ကသိုလ် နား က ဦးပိန်တံတား အစပ် မှာ ချိန်း လိုက်ပါတယ် ။ သက် က လည်း နေ့လယ် ကျောင်း နားချိန် မှာ လာ တွေ့ပါတယ် ။ စကား ပြောပြီး ပြန်မယ် အလုပ် မှာ သက် က ရပ်ကွက် ထဲ က အသိ တစ်ယောက် ကို တွေ့ လိုက်ပြီး ကျောင်း လည်း မပြန်ရဲတော့ဘူး ၊ အိမ် လည်း မပြန်ရဲတော့ဘူး ဆိုတာ နဲ့ နှစ်ယောက် တိုင်ပင် ပြီး ခိုးပြေးကြတာပါ ”
ရဲရင့်မင်း က ရှင်းပြတယ် ။ မြမြသက် က ခေါင်းငုံ့ ထားတယ် ။ ခင်မြသွယ် က ငို နေတယ် ။ ခင်ဌေးကြွယ် က ဒေါသ ဖြစ်နေတယ် ။
“ မင်း က ဘယ်လို ခိုးပြေး တာလဲ ”
ရပ်ကွက်အုပ်ချုပ်ရေးမှူး က ထပ် မေးတယ် ။
“ သက် က ကျွန်တော့် ဝှီးချဲလ် ကို တွန်း ပြီး ဦးပိန် တံတား ပေါ် က နေ အမရပူရ မြို့ ထဲ က ကျွန်တော့် အမျိုး အိမ် ခိုးပြေး တာပါ ။ မနက် ရောက် တော့ မြို့နယ်တရားရုံး မှာ လက်ထပ် လိုက်ကြတာပါ ”
ရဲရင့်မင်း စကား ဆုံး တော့ နားထောင် နေသူတွေ ဆီ က “ ဩော် .. ” ဆိုတဲ့ အသံတွေ တူညီစွာ ထွက် လာတယ် ။
ပြဿနာ က ရှင်း နေပြီ ။ ခင်ဌေးကြွယ် က မကျေနပ်ဘူး ။ သူ့ တူမ နဲ့ သဘော မတူကြောင်း ၊ ပြန် ထည့်ဖို့ အကြောင်း သာ ပြောနေတယ် ။ ပွဲ ကြမ်းမယ့် ပုံ ပေါက် နေတယ် ။ ရပ်ကွက်လူကြီး လည်း ဦးနှောက် ခြောက် ပြီး ခေါင်း ကုတ် နေတယ် ။
ထိုအချိန် မှာ ကိုအောင်သူ ရုံးခန်း ထဲ ရောက်လာတယ် ။
မြမြသက် ကို - “ သမီး သူ့ ကို တကယ် ယူမှာလား ” လို့ လှမ်း မေးတယ် ။
“ ဟုတ် ... ”
မြမြသက် က ခေါင်း ညိတ် ဖြေတယ် ။
“ ဒါဆိုရင် ပြီးပြီ ၊ မနက်ဖြန် သမီး ကို လာ အပ်ပါ ။ တစ်ခါတည်း လက်ထပ် ပေး စား လိုက်မယ် ။ လာ သွားစို့ ”
ဆိုပြီး သူ့ မိန်းမ နဲ့ ခင်ဌေးကြွယ် ကို ခေါ် ပြီး ရုံးခန်း ထဲ က ထွက်သွား ကြတယ် ။ ခင်မြသွယ် က သူ့ ယောက်ျား ကို တတွတ်တွတ် ပြောရင်း ၊ ခင်ဌေးကြွယ် မကျေမနပ် စကားတွေ ပြောရင်း နဲ့ ပေါ့ ။
ပရိသတ်တွေ လည်း ပြန် သွားကြတယ် ။
မအေးစိန် က ရပ်ကွက် အုပ်ချုပ်ရေးမှူး ကို နှုတ်ဆက် ပြန် ဖို့ ပြင်တယ် ။ မြမြသက် က ရဲရင့်မင်း ထိုင် တဲ့ ဝှီးချဲလ် ကို တွန်း ပြီး အပေါက်ဝ ထွက်ခဲ့တယ် ။
ရဲရင့်မင်း က ကိုစိုးထွန်း ကို မြင် တော့ မျက်နှာကြီး ဝင်းပ သွားတယ် ။ ဝှီးချဲလ် ကို ရပ် ခိုင်းတယ် ။ ကိုစိုးထွန်း က လည်း သိချင်တာ ရှိနေတာ နဲ့ ဝှီးချဲလ် နား ကပ် သွားတယ် ။
“ ဦးစိုးထွန်း ... ခင်ဗျား ကတိ မမေ့နဲ့နော် ၊ ကျွန်တော့် ဆိုရင် နှစ်ဆ ... နှစ်ဆ ”
ရဲရင့်မင်း က ပြုံးစစ နဲ့ ပြောတယ် ။
“ မမေ့ပါဘူး ကွ ၊ ဒါပေမဲ့ ငါ နားမလည်တာ တစ်ခု ရှိနေလို့ မင်း ကို မေးချင်လို့ ”
“ ဘာလဲ ”
“ မြမြသက် က လည်း အိမ် နဲ့ တက္ကသိုလ် ပဲ သွား တယ် ။ မင်း က လည်း အိမ် နဲ့ ဆိုင် ပဲ သွားတယ် ။ ဘယ်အချိန် မှာ တွေ့ပြီး ရည်းစား ဖြစ်ကြတာလဲ ”
ကိုစိုးထွန်း က မေး လိုက်တယ် ။ ရဲရင့်မင်း က ရယ်ပြီး ...
“ ဒါများ ဦးစိုးထွန်း ရယ် ၊ အချစ် ဆိုတာ နေရာ ၊ ဒေသ ၊ အချိန် မရွေးပါဘူး ။ ကျွန်တော် နဲ့ သက် အင်တာနက် ဖေ့စ်ဘွတ်ခ် မှာ တွေ့ပြီး ချစ်သူ ဖြစ်သွားကြ တာလေ ။ ကဲ ... ကျွန်တော် တို့ သွားတော့မယ် ”
ရဲရင့်မင်း စကားဆုံး တော့ မြမြသက် က ဝှီးချဲလ် ကို အလိုက်တသိ တွန်းထွက် ခဲ့တယ် ။
“ ဪ ...”
ကိုစိုးထွန်း မှာ ဘာ ပြန် ပြောရမှန်း မသိ ဖြစ်သွား တယ် ။ ကျောက်ရုပ်လူသား လို ပါးစပ် ဟ , ကျန်ခဲ့တယ် ။
◾မင်းတင်ထွန်း
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
ဒီဇင်ဘာ ၊ ၂၀၁၆
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment