❝ ကျွန်တော် မှားခဲ့တာတွေ ရှိမှာပါ ❞
ကျွန်တော် မှားခဲ့တာတွေ ရှိမှာပါ ... ။
အမေ့ အိမ် မှာ ကျွန်တော် မပျော်ခဲ့ဘူး ။ ကျွန်တော် ရဲ့ မှားယွင်း ခဲ့ တဲ့ စိတ် ခံစားမှုတွေ ပေါ့ ။ မိဘတွေ က ကျွန်တော့် အပေါ် သိပ် ချုပ်ချယ်တာပဲ ။ ကျွန်တော် ဘာ လုပ်လုပ် လုပ် ပြန်ပြီ ။ ဘယ် သွားရင် သွား ပြန်ပြီ ။ စောစော အိပ် ရင် ၊ အိပ်ရာ ထ နောက်ကျ ရင် ၊ စာ မကျက်ရင် မကျက်ပြန်ပြီ နဲ့ ကျွန်တော့် အပေါ် မှာ အမြဲတမ်း စောင့် ကြည့်ပြီး မပြတ်တမ်း ပြောဆို နေလေ့ ရှိတယ် ။ သိပ် နားပူတာပဲ ။ အိမ် မှာ နေရတာ သိပ် စိတ် ကျဉ်းကျပ်ခဲ့တယ် ။
ကျွန်တော် က ညဘက် စာ ဖတ်လို့ အာရုံ ညောင်း ရင် ရွာလယ် လမ်းမ ပေါ် တစ်ယောက် တည်း လမ်းလျှောက် ထွက်တယ် ။ မှောင်မိုက် နေ တဲ့ ည မှာ ပဲ ဖြစ်ဖြစ် ၊ လ သာ တဲ့ ည မှာပဲ ဖြစ်ဖြစ် ကျွန်တော် က လမ်းမ ပေါ် မှာ လမ်းလျှောက် ထွက် ပြီး ကျွန်တော် ချစ်တဲ့ ကောင်မလေး ရဲ့ အိမ် ရှေ့ က အထပ်ထပ် အကြိမ်ကြိမ် ဖြတ် လျှောက်တယ် ။ တစ်ခါတစ်ရံ မှာ တိမ်တိုက်တွေ က ဝိုင်းစက် ပြည့်ဝန်း နေတဲ့ လမင်းကြီး ရဲ့ မျက်နှာ ပေါ် မှာ ပွတ်တိုက်ဖြတ်သန်းရင်း ကျွန်တော့် ဦးခေါင်း ပေါ် က ရွေ့လျား သွားကြတယ် ။ ကျွန်တော့် စိတ်တွေ က လည်း မိုးရာသီ ရဲ့ တိမ်မည်းညိုတွေ လိုပဲ မကြည်မလင် မတည်မငြိမ် ဖြစ်ခဲ့ရတယ် ။ ကျွန်တော် မှားခဲ့တာတွေ ရှိမှာပါ ။
ဒီလိုနဲ့ ကျွန်တော် က ကျွန်တော် ကို ဟောင်တဲ့ ခွေး ကို ပြန် ဟောင်ခဲ့ဖူးတယ် ။ ကျွန်တော့် ဘဝ ပေါ် ကျရောက်ခဲ့တဲ့ မိုးရေစက်တွေ က အစ ချစ်သူ့ ရဲ့ မသေချာတဲ့ အပြုံး အထိ ကျွန်တော် မကျေမနပ် ဖြစ်ခဲ့ရတယ် ။ ကျွန်တော် ပစ်လိုက်တဲ့ ခဲလုံး က ကျွန်တော့် ကို ဟောင်တဲ့ ခွေးတွေ ကို မထိဘဲ ကောင်မလေး ရဲ့ အိမ်ခြံတံခါး ကို ကျယ်ကျယ်လောင်လောင် သွား မှန်တယ် ။ ဘာ တစ်ခု မှ အဆင်မပြေခဲ့ပါဘူး ။ အဲဒီ အိမ် မှာ ကောင်မလေး က လွဲရင် ကျန်တဲ့ လူတွေ ၊ ခွေးတွေ ၊ ကြောင်တွေ တစ်ကောင် မှ ကျွန်တော် မချစ်ဘူး ။ ကျွန်တော် မှားချင် မှားမှာပေါ့ ။
အဖေ နဲ့ အမေ ကို လည်း ကျွန်တော် မကျေနပ်ခဲ့ဘူး ။ သူတို့ စကား ကတောက်ကဆ ဖြစ်တိုင်း ကျွန်တော် စိတ် မချမ်းမမြေ့ ဖြစ်ရတယ် ။ အဖေ နဲ့ အမေ စကား ပြောရင် ကျွန်တော် အိမ် မှာ မနေဘူး ။ ကျွန်တော် က ကြောင်သတ္တဝါ တွေ လို ပဲ စိတ် မချမ်းမမြေ့ ဖြစ်ရင် ဖြစ်တဲ့ နေရာ ကျွန်တော် မနေချင်ဘူး ။ စိတ် လွတ်လပ်မယ့် တစ်နေရာ ကို ထွက်သွား တာပဲ ။ ရွာပြင် မှာ ရှိတဲ့ သူငယ်ချင်း ရဲ့ မြေပဲခင်း ထဲ က ကောက်ရိုးပုံ မှာ ကျွန်တော် စာ သွား ဖတ်တယ် ။ ဆောင်း မီးဖိုဘေး မှာ ထိုင်ရင်း မကျေနပ်သူ မှန်သမျှ မီးပုံ ထဲ ထည့်ပြီး မီးရှို့ ပစ်တယ် ။ ဆောင်းမီးဖို မှာ ဆိုင် ထားတဲ့ သစ်မြစ်ဆုံ ထင်းတုံးကြီး ရဲ့ မီးကျီး ရဲရဲ ပေါ် မှာ ကောက်ရိုးအမှိုက်တွေ ၊ မြေပဲပင်ခြောက်တွေ ဟာ ကျွန်တော့် ရဲ့ မကျေနပ် ဖြစ်မှု လောင်စာတွေပဲ ။ နောက်ဆုံးတော့ ကျွန်တော် က မြစ်ပြင် ဘက် ဆီ လှည့် ပြီး ကျယ်ကျယ်လောင်လောင် ‘ အော် ’ ဆဲမိ တယ် ။
၁၀ တန်းစာမေးပွဲ မှာ အမှတ် ဘယ်လောက်ရ ရင် ဆေးပညာ ဝင်ခွင့် ရ မလဲ ။ အင်ဂျင်နီယာပညာ သင်ခွင့် ရ မလဲ ၊ တစ်နေ့ ကို ဘယ်နှစ်နာရီ စာ ကျက်မှတ်ရ မလဲ ။ ကျွန်တော့် ရဲ့ ကျော င်းက ပထဝီဘာသာ သင်တဲ့ ဆရာ က တက္ကသိုလ် တုန်း က ရူပဗေဒဘာသာရပ် အထူးပြု ယူ ခဲ့တာ ။ ကျွန်တော် က လည်း နေ ဝင်တာ နဲ့ မီးအိမ် က မှန်ပြောင်း တိုက် ရတာ ကို အလေ့အကျင့် ဖြစ်ခဲ့တယ် ။ လူ့ ဘဝ ရဲ့ အဓိပ္ပာယ် ဆိုတာ ဘာလဲ ဆိုတာ ကို သိပ် သိချင်ခဲ့ပြီ ။ ဘယ် ဟာ မှား သလဲ ၊ မှန် သလဲ ဆိုတာ ကို လဲ သိပ် ပြောချင်ခဲ့တယ် ။
ကျွန်တော့် ခန္ဓာကိုယ် မှာ မီးစုန်းဓာတ် ဘယ်လောက် ပါ သလဲ ။ ကျွန်တော် က တချို့ ညတွေ မှာ ရွာစွန် က လမ်း ကျဉ်းကလေး ကို ဖြတ်ပြီး လွတ်မြောက်မှု ရှိရာ ကို သွား နေ ကြ ။ အဲဒီ လမ်းကျဉ်းကလေး ရဲ့ ဘေး မှာ ရှိတဲ့ ညောင်ချဉ်ပင် မှာ မှင်စာ လို့ ခေါ်တဲ့ မကောင်းဆိုးဝါးကောင်ကလေး ရှိ သတဲ့ ။ သူ့ ပုံစံ က ကြောင်ပေါက်စကလေး နဲ့ တူပြီး အဲဒီ သတ္တဝါကလေး က လူ နဲ့ တွေ့ လို့ လူ ကို ၇ ပတ် ပတ် မိရင် အဲဒီ လူ က နေရာ မှာ ပဲ သေ ရော .. တဲ့ ။ အဲဒီ လမ်းကျဉ်းကလေး ကို ဖြတ်ပြီး သွားခဲ့တဲ့ နှစ်တွေ မနည်းခဲ့ပါဘူး ။ ဖြတ်သွား ဖြတ်လာ လုပ်တိုင်း ချောက်ချောက်ချားချား ဖြစ်ခဲ့ပေ မဲ့ မှင်စာကလေး နဲ့ တော့ တစ်ကြိမ် မှ မဆုံဖြစ်ခဲ့ဘူး ။ ‘ သတိ ရ လိုက်တာ မှင်စာကလေး ရယ် ၊ ငါ့ ဘဝ မှာ ထိတ်လန့်စရာ ကို သတိတရ ဖြစ်မိတာ ဆို လို့ မင်း လို မကောင်း ဆိုးဝါးကောင်လေး တစ်ခု ပဲ ရှိပါတယ် ။ ငါ မင်းကို မမြင်ဖူး ခဲ့ ပေမဲ့ သတိရမိတယ် ’ ကျွန်တော် မှားသွားပြီလား ။
ကျွန်တော် က သမားရိုးကျ လူနေမှု ကို ညည်းငွေ့ တတ် ပေမဲ့ အစဉ်အလာတွေ ကို လည်း စွဲလမ်းတတ် သူ ပါ ။ ကျွန်တော် က သင်္ချိုင်းကုန်း တွေ ဆီ ကို ည အချိန်တွေ မှာ သွားခဲ့ဖူးတယ် ။ အင်္ကျီ ဆို ရင် ပုံစံ ရိုးရိုး ချုပ်ထားတဲ့ ရှပ်အင်္ကျီ ကို ပဲ အဝတ် များခဲ့တယ် ။ ကျွန်တော့် ဘဝမှာ ခိုးစားခဲ့ ဖူးတဲ့ သစ်သီးတွေ မနည်းခဲ့ဘူး ။ ကျွန်တော် က ငါး မပေါ် တဲ့ ရေကန် မှာ ငါး မျှားရတာ ကို စိတ် မရှည်ဘူး ။ ဒါပေမဲ့ ငါးမမျှားရ လို့ တားမြစ် ထားတဲ့ ရေကန် မှာ ငါး မျှားရတာ ကို အခု အချိန် အထိ သတိရ နေ မိတယ် ။
မပျော်ရွှင်မှု ကြောင့် ကျွန်တော် အိမ် က ထွက်ခဲ့ဖူး တယ် ။ ရေနံ တူးဖော်ရေး အလုပ်သမား လုပ်ဖို့ပါ ။ မိဘတွေ က သဘော မတူပေမဲ့ လေ ထဲ ဝဲချင်နေတဲ့ လေတံခွန် က ခေါင်ကြိုး တုပ် တာ နေရာ မှန်ခဲ့တယ် ။ အခက်အခဲ တွေ သာ မရှိဘူး ဆိုရင် ကျွန်တော့် ဘဝ တစ်မျိုး တစ်ဖုံ ဖြစ်သွား နိုင် တယ် ။ မိဘတွေ က ကျွန်တော့် ကို လက်လျှော့ ထား တဲ့ အချိန် မှာ နာမည် ခပ်ပျက်ပျက် တည်းခိုခန်း တစ်ခု မှာ ကျွန်တော် အလုပ် ဝင် လုပ်ခဲ့တယ် ။ လူပေါ် လူကြော့ တစ်ယောက် အရသာ ဆို တာ ကို ကျွန်တော့် လို လက်ကြော မတင်း တဲ့ ကောင် က တော်တော် နောက်ကျ မှ သိခဲ့ရတယ် ။ ဒီ အဖြစ်အပျက်တွေ အပေါ် မှာ ကျွန်တော် မမှားဘူး လို့ အာမခံချက် မပေးနိုင်ခဲ့ဘူး ။ ထမင်း နှစ်နပ် ဆိုတာ သိပ် လွယ်ခဲ့ဖူးတယ် ။ နေရောင်တွေ ကို စိမ်းစိမ်း စိုက် ကြည့်ရင်း အချိန်တွေ ကို ဖြုန်းတီး ခဲ့ ဖူးတယ် ။ ဘဝ မှာ မလိုင် ကျကျ နေရတဲ့ အချိန် တွေ မှာ ကျွန်တော့် ခံစားမှု က တော်တော်ကလေး နေရာ မကျခဲ့ဘူး ။ ပြန် တွေး တော့ အတော့် ကို လွဲ ခဲ့ တာပါ ။
လူ့ အဖြစ် ကို နှစ်ပေါင်း ၃ဝ ကျော် လောက် ဖြတ်သန်း ပြီး နောက်မှာ ချစ်ခြင်းမေတ္တာ ဆိုတာ မဆုံဆည်း ခဲ့ တဲ့ ချစ်သူ တွေ အတွက် ကုလို့ မပျောက်တဲ့ ဒဏ်ရာတွေ သာ ဖြစ်ခဲ့တယ် ။ ကျွန်တော့် ဘက် က ဘယ် ချစ်သူ ကို မှ မစွန့်ပစ် ဖူး ဘူး ။ ဘယ် ချစ်သူတွေ ကို မှ စိတ် ဆင်းရဲအောင် မပြုမူခဲ့ဖူးဘူး ။ ချစ်သူတွေ အပေါ် အရှိန်အဟုန် ပြင်းပြင်း ချစ်တတ်ခဲ့ တာ က လွဲလို့ ချစ်ခြင်း ရသ ကို မခါးသက် စေခဲ့ဖူးဘူး ။ ချစ်ခြင်းမေတ္တာ ဆီ ကို သာ ကျွန်တော် ချဉ်းကပ်ခဲ့တယ် ။ ချစ်ခြင်း မေတ္တာ နဲ့ ဝေးကွာတဲ့ နေရာ မှာ ကျွန်တော် တော့ နေလို့ ပျော်ခဲ့ တာ မရှိပါဘူး ။ ကျွန်တော် ရဲ့ ချစ်ခြင်းမေတ္တာ မှာ နူးညံ့ တဲ့ အလှတရား က လွဲလို့ ဦးနှောက် မပါခဲ့ပါဘူး ။ လူတန်းစား မရှိခဲ့ဘူး ။ ရုပ်ဝတ္ထု မရှိခဲ့ဘူး ။ စိတ်ခံစားမှု နဲ့ သာ စိတ္တဇနာမ် တွေ ကို ပွေ့ဖက် ခဲ့တယ် ။ ကျွန်တော် နဲ့ ပတ်သက်ခဲ့ သမျှ ချစ်သူ အားလုံး ကို ကျွန်တော် တကယ် ချစ်ခဲ့တယ် ဆိုတာ ဒီ နေရာ က အတိအလင်း ပြော လိုက်ပါတယ် ။ ကျွန်တော် သံသယ ဖြစ်မိတာ တစ်ခု ပဲ ရှိတယ် ။ ချစ်သူတွေ က ကျွန်တော့် အပေါ် မှာ ရွေးချယ်ခဲ့တဲ့ အတွက် ကျွန်တော် ရွေးချယ် ခဲ့ တဲ့ ချစ်သူတွေ က ကျွန်တော့် ကို စွန့်ခွာ သွားခဲ့တာ ပဲ ဖြစ်မယ် ။
လွတ်လပ်မှု ၊ ခရီးသွားခြင်း ၊ အခက်အခဲ ၊ စာအုပ် နှင့် ချစ်ခြင်းမေတ္တာ တို့ သာ မရှိခဲ့ဘူး ဆိုရင် ကျွန်တော် က အခု လို သီချင်းတွေ ကို ပျော်ပျော်ရွှင်ရွှင် သီဆို နိုင်ခဲ့မှာ မဟုတ် ပါဘူး ။ ဒီလိုနဲ့ ကျွန်တော် ရဲ့ လွတ်လပ်မှုတွေ က အိမ်ထောင် တစ်ခု ဖြစ် ခဲ့တယ် ။ အိမ်ထောင် ကျ ပြီး စ ဘဝ မှာ တော့ သီချင်းတွေ အားလုံး မချိုခဲ့ဘူး ။ သီချင်းတွေ အားလုံး နာကြည်းခြင်း ၊ အလို မပြည် ခြင်း တွေ နဲ့ ပေါက်ကွဲခဲ့တယ် ။
ကျွန်တော့် ရဲ့ ကောင်မလေး အတွက် ရိုးရာဆန် တဲ့ မင်္ဂလာပွဲကလေး တောင် မပြုလုပ်နိုင်ခဲ့ဘူး ။ အင်္ကျီ တစ်ထည် ချုပ် မပေးနိုင်ခဲ့ဘူး ။ အိမ် တစ်ဆောင် ၊ မီး တစ်ပြောင် မပြော နဲ့ ကောင်မလေး ရဲ့ ရပ်ကွက် ထဲ တောင် ရဲရဲဝံ့ဝံ့ ဖြတ် မသွားရဲ ခဲ့ဘူး ။
မနက် မိုး လင်းတာ နဲ့ ယောက္ခမ အိမ် က ထွက် ခဲ့ပြီး လက်ဖက်ရည်ဆိုင် မှာ ကျောက် ချတယ် ။ သူငယ်ချင်း တစ်ယောက် အိမ် မှာ နံနက်စာ ထမင်း ကို လိုက် စားတယ် ။ တစ်နေ ကုန် အဆင်ပြေမယ့် နေရာတွေ မှာ လေလွင့် နေခဲ့ပြီး နေ့ အလင်းရောင် ကုန် ချိန် ညဉ့် ဘက်ရောက် မှ ယောက္ခမ အိမ် ပြန်ရဲတယ် ။ ကျွန်တော် က ယူထားတဲ့ မိန်းမ အတွက် ဆန် တစ်စေ့ ၊ ဆီ တစ်စက် ရှာဖွေ မကျွေးမွေးနိုင်ခဲ့ဘူး ။ ဒီလိုနဲ့ တရားဝင် လက်ထပ် အပြီး မကြာခင် မှာ သမီးဦးကလေး ကို မွေးဖွားခဲ့တယ် ။
သမီးဦးကလေး ကို မွေးချိန် မှာ ကျွန်တော် က ဇနီးသည် အနား မှာ ရှိ မနေနိုင်ခဲ့ဘူး ။ အဲဒီအချိန် မှာ ကျွန်တော် က မိသားစု ရှေ့ရေး အတွက် ဆိုတဲ့ အကြောင်းပြချက် နဲ့ ပတ်ဝန်းကျင် အသစ် တစ်ခု ဆီကို ထွက်ပြေး ခဲ့တယ် ။ ကျွန်တော် ထွက်ပြေးရတဲ့ ပတ်ဝန်းကျင် က လည်း ကျွန်တော် ခန့်မှန်း မသိရှိ နိုင်ခဲ့တဲ့ အကျပ်အတည်း ဒုက္ခ များစွာ နဲ့ ဖွဲ့စည်း ထားတဲ့ ပတ်ဝန်းကျင် ပါ ။ ဒီလောက် ကြမ်းတမ်းခက်ထန် လိမ့်မယ်လို့ မထင်မှတ် ခဲ့ တဲ့ ပတ်ဝန်းကျင် မှာ ကျွန်တော် ဟာ နွေရာသီ ရဲ့ ရေနည်း ငါး တစ်ကောင် လို ပဲ အသက် ရှူ မဝခဲ့ဘူး ။
ကျွန်တော် နေခဲ့ဖူး တဲ့ လွတ်လပ်မှုတွေ နဲ့ ပြောင်းပြန် အချိုးကျ စွာ ဘဝ ကို ဖြတ်သန်း ခဲ့ရချိန် မှာ မိသားစုကလေး ရဲ့ အကျပ်အတည်း က လည်း ခန်းခြောက် သွားတဲ့ ရေကန် တစ်ကန်လိုပဲ အကျည်းတန် ခဲ့တယ် ။ ဇနီးသည် ရဲ့ အားပေး တဲ့ စကားလုံး တွေ ထဲ မှာ ကျွန်တော့် ရဲ့ သွေးအား နည်း နေ တဲ့ မျက်လုံးတွေ ကို နှစ် ပစ် လိုက်ရတယ် ။
လွန်ခဲ့တဲ့ ကျွန်တော် ရဲ့ အပြုအမူတွေ ကို ဆွေမျိုး အသိုင်းအဝိုင်း က ကန့်ကွက် ခဲ့ကြတယ် ။ အကျပ်အတည်း နဲ့ ရင်ဆိုင် နေရတဲ့ အချိန် မှာ ကျွန်တော် က လည်း အဝိဇ္ဇာ တရား ခပ်များများ နဲ့ ပဲ ကျွန်တော့် အပြုအမှု ကို မထောက်ခံ ခဲ့ တဲ့ အသိုင်းအဝိုင်း ဆီ လှမ်းပြီး အကူအညီ တောင်း မိတယ် ။ ကောင်းသည် ဆိုးသည် တစ်စုံတစ်ရာ ဘာကို မှ ပဲ့တင် ပြန် မကြားခဲ့ ရဘူး ။ အဲဒီ အချိ န် တုန်း က ဆွေမျိုးအသိုင်းအဝိုင်း ရဲ့ ဥပေက္ခာတရား ဟာ ကျွန်တော် တစ်ခါ မှ မကြုံဖူး တဲ့ တစ် ဘဝ စာ ခါးသီးမှုတွေ ဖြစ်ခဲ့တယ် ။ ဘဝ မှာ ချစ်ခြင်းမေတ္တာ တွေ နဲ့ ဝေးခဲ့ရတဲ့ အချိန်တွေ ဟာ ကြမ်းတမ်းရက်စက်မှုတွေ နဲ့ သီချုပ် ခံ ခဲ့ရတယ် ။
အဖွဲ့အစည်း တစ်ခု မှာ ကျွန်တော့် ရဲ့ ပါဝင်မှု ဟာ ဘယ်တုန်းက မှ နောက်ဆုံးတန်း မှာ မရှိခဲ့ဖူးပေမဲ့ ၊ အဲဒီ ကာလတွေ တုန်း က ကျွန်တော် ဟာ နောက်ဆုံးတန်း အထိ လျှောကျခဲ့ရတယ် ။ အဲဒီ ကြမ်းတမ်းခါးသီးမှု တွေ နဲ့ ပဲ ဘဝ ရဲ့ တာဝေး ခရီး ကို စ ပြေး စေခဲ့တာပေါ့ ။
ကျွန်တော် က အသက်အန္တရာယ် များ တဲ့ တောင်တန်း တွေ ပေါ် မှာ ပြေးလွှား လှုပ်ရှား ရှင်းလင်း ရင်း ၊ ကြမ်းတမ်း ရိုင်းစိုင်း တဲ့ တောင်ကျချောင်းတွေ ကို ဖြတ်ကူး ရင်း ၊ ကျီး လန့်စာ စား ကွင်းပြင်တွေ ကို ကွေ့ဝိုက် ရင်း မိုး သည်းထန် တဲ့ ညတွေ မှာ ကျောပြင် အောက် က မိုးရေတွေ စီးဆင်း သွား တာ တောင် မသိလိုက် ရ အောင် ပင်ပန်းနွမ်းနယ်စွာ အိပ်ပျော်သည် အထိ လုပ်ကိုင် အသက်မွေး ခဲ့ရတယ် ။ ဆီးနှင်းတွေ မိုးသီးမိုးပေါက် လို ကျ နေတဲ့ တောင်ကုန်းထိပ် မှာ ဆောင်းညတွေ ကို မအိပ်မငိုက် ထိုင် ကြည့် ခဲ့ရတယ် ။ ရေဘူး ထဲ မှာ ရေ မရှိတော့ ပေမဲ့ ချောင်းခြောက် နဲ့ ကွင်းပြင် တွေ ကို ဖြတ်ပြီး ခရီး ဆုံး ကို ရောက်အောင် ချီတက် နိုင်ခဲ့ တယ် ။
မိသားစုကလေး က တော့ ကျွန်တော် နဲ့ ခွဲခွာလျက် နဲ့ ပဲ လောက အသစ် မှာ အတွေ့အကြုံသစ်တွေ နဲ့ ရင်ဆိုင် ဖြတ်သန်း ကြရတယ် ။ ဓလေ့ထုံးစံ အသစ်တွေ ၊ စိတ်ဓာတ် အသစ်တွေ ကို တစ်ဖက် က ရင်ဆိုင် ရင်း အိမ်ပတ်လည် မြေကွက် မှာ ကျွန်တော် ရှိစဉ် စိုက်ပျိုးထား တဲ့ ပဲသီးပင် ၊ ရုံးပတီပင် ၊ ချဉ်ပေါင်ပင် ၊ ငရုပ်ပင် ၊ ခဝဲပင် ၊ ဘူးပင် ၊ ဒန့် ဒလွန်ပင် ၊ ကင်ပွန်းချဉ်ပင် စတဲ့ မီးဖိုချောင် ကို အထောက်အကူ ပြုမယ့် သင်္ဘောပင်တွေ ၊ ဥကန်စွန်းပင်တွေ ကို အများအပြား စိုက်ပျိုး ရောင်းချပြီး ဘ ဝရဲ့ ခရီး တစ်ဆစ် ကို ချီတက် ခဲ့ကြတာ ပေါ့ ။ “ လောက ရေ .. ငါ က တစ်သက်စာ အမှား အယွင်းတွေ ကို ပခုံး ပေါ် ထမ်းပြီး ရှေ့ လမ်းခရီး တစ်လျှောက် အမော မဖောက် ဘဲ ချီတက်ရတော့ မှာ ပါ ” .. ကျွန်တော့် ရဲ့ အသက်မွေးဝမ်းကျောင်း ပထမ စာမျက်နှာ မှာ အဲဒီလို ဥဒါန်း ကျူး ခဲ့တယ် ။ ရေလှိုင်းတွေ ၊ နေခြည်တွေ ၊ ဝေနှင်းတွေ နဲ့ လေညှင်းတွေ က အစ ကျွန်တော့် နှလုံးသား အပေါ် ကြမ်းတမ်း ခဲ့တဲ့ အချိန် မှာ ချစ်သူ တွေ ၊ ဆွေမျိုးအသိုင်းအဝိုင်း တွေ ဟာ ကျွန်တော် နဲ့ ဝေးကွာ ခဲ့ တာပေါ့ ။ ကျွန်တော် က လည်း ကိုယ့် နှလုံးသား ထဲ မှာ ပဲ ကိုယ် အိပ်ခဲ့ပါတယ် ။ နှလုံးသား နဲ့ ဖြေရှင်း မရတဲ့ အဆုံး မှ လက်ရုံး အား ကို သုံး ခဲ့ တယ် ။ ကိုယ် ကိုယ် တိုင် အကြိမ်ကြိမ် လဲကျ ခဲ့ ပေမဲ့ အကြိမ်ကြိမ် လူးထ နိုင် ခဲ့တယ် ။ ဒဏ်ရာတွေ ဘဝ နဲ့ မမျှ ရ ခဲ့ပေမဲ့ ကျွန်တော် က မကျဆုံးခဲ့ဘူး ။
အခုတော့ ကျွန်တော့် ရဲ့ ဘဝ ကမ်းပါး က ဘယ်လို ရေစီးမျိုး ကို မှ မမှုတော့ဘူး ။ ကျွန်တော့် ဘဝ မှာ ပြိုကျစရာ ဆို လို့ ပျော့ညံ့တဲ့ မြေသား ကမ်းပါး တစ်မှုန်တစ်စေ့ မှ မရှိ တော့ဘူး ။ ကျွန်တော် က အမှားအယွင်း ၊ အသင်္ချေ ၊ သင်ခန်းစာ အနန္တ နဲ့ ကျောက်ဆောင်ကမ်းပါး ။
ဟောဒီလို အားနာတတ်တဲ့ နှလုံးသား ကျောက်ဆောင်ကမ်းပါး ပေါ် ကို မှ ပြန်လည် ဆိုက်ကပ် လာကြတဲ့ တစ်ကြိမ် တစ်ခါ က အမှတ်သညာ မဲ့ ဥပေက္ခာ လှေ အစင်း စင်း က လည်း မျက်နှာ ပြောင် လှကြတယ် ။ ကျွန်တော် ရဲ့ ကျောက်ဆောင်ကမ်းပါး ရိပ် မှာ မိသားစုတွေ တိုးပွား ခဲ့ပြီ ။ သက်တမ်းတွေ လည်း တစ်စုံတစ်ရာ ရှည်ကြာ ခဲ့ပြီ ။ လူမှု တ်ဝန်းကျင် အသစ်တွေ နဲ့ ဓလေ့စရိုက် အသစ်တွေ ရှိခဲ့ပြီ ။ ကျွန်တော့် မှာ မရှိသေးတာ က မိသားစု အပေါ် တာဝန် မကျေပွန်မှု ပဲ ။
အိမ်ထောင်သက် ရှစ်နှစ် ရှိပေမဲ့ ကျွန်တော် မင်္ဂလာ မဆောင်ရ သေးဘူး ။ တစ်ကြိမ် တစ်ခါ မှ အလှူအတန်း မပေးရ သေးဘူး ။ ကျွန်တော် ကိုယ်တိုင် မှားခဲ့တာ က ပြဿနာ မရှိပေမဲ့ ပတ်ဝန်းကျင် လူ့အဖွဲ့အစည်း အပေါ် မှားခဲ့တဲ့ ကျွန်တော် ရဲ့ အမှားတွေ အတွက် လျော်ကြေးမပေးနိုင်သေး ဘူး ။ ဘဝ တစ်လျှောက်လုံး အမှားတွေ နဲ့ ချည်း ပြည့်နှက် နေတယ်လို့ မပြောနိုင်ပေမဲ့ အမှား ပါဝင်မှု များ တဲ့ ဘဝ တစ်ခု ဆိုတာ က တော့ သေချာခဲ့ပြီ ။ ကျွန်တော် က အဲဒီ အမှားအယွင်းတွေ နဲ့ ပဲ လူလားမြောက် ခဲ့ တော့တာပေါ့ ။
ကျွန်တော် က အဲဒီ အမှားတွေ ကို အမှား မှန်း သေချာရဲ့လား လို့ ပဲ ဆန်းစစ် ကြည့်ခဲ့တယ် ။ လူတွေ က အမှန်တရား ကို ရှာဖွေချိန် မှာ ကျွန်တော် က အမှားတရား ကို ပဲ ရှာဖွေ ဆန်းစစ်ခဲ့တယ် ။ ဘယ် အကြောင်းအရာ က အမှန်တရား ပါလို့ ပြောဖို့ အခက်အခဲ ရှိချိန် မှာ အမှားတွေ က တော့ လူသား တစ်ယောက် ရဲ့ဘဝ ထဲ မှာ အချိန် နဲ့ အမျှ ရှိနေနိုင်တဲ့ အကြောင်းတရားတွေ ပါ ။ ကျွန်တော် က ကျွန်တော် ရဲ့ မှန်မှန်ကန်ကန် ရှိခဲ့တာ ကို မပြောလိုပါဘူး ။ မှားခဲ့တာတွေ ကို ပြောပြခြင်း ၊ ဆန်းစစ်ခြင်း က အမှန်တရား ကို ဟစ်ကြွေး သက်သေ ထူ နေတာ ထက် ပိုမို အကျိုး များ နိုင်ကြောင်း ယုံကြည်မိပါတယ် ။
လူ့ စရိုက် ၊ လူ့ သဘော မှာ လူ ဆိုတာ အမှား မကင်း တတ်ကြဘူး လို့ သိပေမဲ့ ကိုယ့် အပြုအမူ ကိုယ် ကျ တော့ ပစ္စုပ္ပန် မှာ အမြဲ မှန်တယ် လို့ လည်း ယူဆ တတ်ကြတဲ့ အခါ ပတ်ဝန်းကျင် နဲ့ အဆင်မပြေ ဖြစ်ကြရတယ် ။ ဒီတော့ ကိုယ် ကိုယ် တိုင် ဘာတွေ မှားနေသလဲဆိုတာ သိ မှ ဘယ်သူတွေ ဘာတွေ မှားနေတယ် ဆိုတာ သိဖို့ လွယ်ကူမယ့် နောက်ဆုံး အရေးကြီးတဲ့ အချက် က တော့ အမှားတွေ ကို သိတဲ့ အချိန် ဟာ သိပ် နောက် မကျ ဖို့ လိုတယ် ဆိုတဲ့ အချက် ပါ ပဲ ။
◾ပေါ်ဦးသစ်
📖 မိုးဂျာနယ်
၂၀၀၀ ၊ ဧပြီ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment