Saturday, January 13, 2024

တွယ်တာတုံ


 

❝ တွယ်တာတုံ ❞

တွယ်တာတုံ ကို ၁၉၉၅ ခုနှစ် မှာ မွေးတယ် ။ ယခု မှ ၁၆ နှစ် သာသာ ။ ဆယ်တန်း အောင်ထားခါစ ။

ဒီ မိန်းကလေး ကို စာ တစ်စောင် ပေ တစ်ဖွဲ့ ရေးရလောက် အောင် သူ့ မှာ ဘဝ အတွေ့အကြုံ ဘယ်လောက် ရှိလို့လဲ ။ ဘဝ အမြင် ဘယ်လောက် ရှိလို့လဲ ။

အဲဒီ မေးခွန်းတွေ ကိုယ့် ဟာ ကိုယ် ပြန် မေးတယ် ။

ဓာတ်ပုံ ကိုဇော်ဇော် က ကျွန်တော့် ကို တွယ်တာတုံ နဲ့ မိတ်ဆက် ပေးတယ် ။ မိန်းကလေး က လူရွှင်တော် ဦးရွှေတောင် ရဲ့ သမီး ။ မြို့မ အဆိုတော် မအေးသီတာ ရဲ့ တူမ ၊ မြို့မ တူရိယာအဖွဲ့  နဲ့ အငြိမ့်ခန်း ကတယ် ။ တိမ်လွှာ တို့ လို တီးဝိုင်းတွေ နဲ့ သီချင်း ဆိုတယ် ။ မော်ဒယ် သရုပ်ဆောင် အလုပ် ကို ဝါသနာ ပါလို့ သူ့ ပုံတချို့ ကြော်ငြာ တွေ မှာ သုံးတယ် ။

သူ့ ဖခင် ဦးရွှေတောင် က နယ် ကို ဖျော်ဖြေဖို့ သွားရင်း စက်လှေ နစ် လို့ ကွယ်လွန် တာ ယနေ့ အထိ အလောင်း ပြန် မတွေ့သေးဘူး ။ ကလေးမလေး က အမေ ကို လုပ်ကျွေး နေတာ လို့ ကိုဇော်ဇော် က ပြောပါတယ် ။

သူ့ ဘဝ မှာ ကြုံတွေ့ နေရတဲ့ သောက တွေ ၊ ဒုက္ခ တွေ ကို သူ က ဟာသ လုပ်ပြီး ရယ်မော ပစ်လေ့ ရှိသတဲ့ ။ တွယ်တာတုံ နဲ့ စကား ပြော ကြည့် ရရင် ကောင်းမယ် လို့
ကျွန်တော် တွေး ပါတယ် ။

တွယ်တာတုံ နေတဲ့ မန္တလေးမြို့သစ် ၊ သင်ပန်းကုန်းရပ်ကွက် က အိမ် ကို ကျွန်တော် သွားပါတယ် ။ အိမ်ဦးခန်း မှန်လည် ပေါ် မှာ ဆုဒိုင်း ၊ ဖလား တွေ တန်းစီ
တင် ထားတယ် ။ ဘာ ဆုတွေ လဲ မေးတော့ တွယ်တာတုံ ရခဲ့တဲ့ ပညာရည်ချွန်ဆု တွေ တဲ့ ။ တွယ်တာတုံ က ဓာတ်ပုံ အယ်လ်ဘမ်လေး တစ်ခု ပြတယ် ။ ကျောင်း မှာ ကလေးမလေး ဆု ယူ နေတဲ့ ပုံတွေ ။ ဘယ် အတန်းတွေ မှာ ဆု ရခဲ့သလဲ မေး တော့ “ တစ်တန်း က နေ ခုနစ်တန်း အထိ နှစ်စဉ် ရတယ် ” လို့ သူ က ဖြေတယ် ။

“ ရှစ်တန်း ကျ ဘာကြောင့် ဆု မရတော့တာလဲ ” မေး တော့ တွယ်တာတုံ က ရယ်တယ် ။

“ က ရပြီလေ ၊ စာ ထဲ အား မထည့်နိုင်တော့ဘူး ။ သမီး က ကျူရှင် လည်း မနေနိုင်ဘူး ” လို့ ပြောရင်း ရယ်တယ် ။

ကျောင်း က ဆရာမ တွေ အစည်းအဝေး တွေ ၊ အခမ်းအနား တွေ တက် နေကြတော့ ကျောင်း မှာ စာ သင်ချိန် နည်းတဲ့ အကြောင်း တွေ ၊ သူ ကိုယ်တိုင် ကျောင်းစာ ကို
ကျေကျေညက်ညက် မရတဲ့ အကြောင်း တွေ ပြော ပြတယ် ။ သူ့ ဘဝ အကြောင်း ကို ကျွန်တော် မေးတယ် ။

“ သမီး နာမည် ကို ဘယ်သူ ပေးတာလဲ ”

“ ဖေဖေ ပေးတဲ့ နာမည် မို့ သမီး မြတ်နိုးပါတယ် ”

“ သမီး အဖေ ဆုံးတဲ့ အကြောင်း ပြောပါဦး ”

“ သမီး သူငယ်တန်း ၊ ငါးနှစ် ခြောက်နှစ် လောက် မှာ ဖေဖေ ဆုံးတယ် ။ သမီး သုံးလ သမီး လောက် ကတည်း က ဖေဖေ က ရွှေတောင်အငြိမ့် ကို ထောင် တယ် ။ အဲဒီ တုန်း က ကလေးဝ ကို ဧယင်ကျူး သွားတာ ၊ လူရွှင်တော် ဦးငှက်ခါး ရယ် ၊ ဦးပြည်သိ ရယ် ၊ ဖေဖေ ရယ် ၊ မင်းသမီး နှစ်လက် ရယ် ကိုယ့် အထုပ်လေးတွေ နဲ့ ကိုယ် သွားကြတာ ။ ဟိုမှာ အဆင်ပြေတယ် ။ အပြန် မှာ ရှော်တယ် မှောက်တာ ၊ ဦးပြည်သိ တစ်ယောက် ပဲ အသက် ရှင်တယ် ။ ကျန်တဲ့ လူတွေ မတွေ့တော့ဘူး ။ မေမေ က တော့ ငို တာပဲ ။ အမေ ငို တော့ သမီး ငိုတယ် ။ အမေ ဝမ်းနည်း တော့ သမီးလည်း ဝမ်းနည်းတယ် ။ အဖေ ဆုံးတယ် ဆိုတာပဲ သိတယ် ”

အမြဲတမ်း ပြုံးပြုံးရွှင်ရွှင် နေတဲ့ တွယ်တာတုံ က ခပ်တွေတွေလေး ဖြစ်နေ
တယ် ။

“ အလောင်း မတွေ့ဘူး ဆိုတော့ ငယ်ငယ်တုန်း က ကလေး တွေး ပေါ့ ၊ ပြန်လာမယ် လို့ ယုံ နေတာ ။ တကယ် ကို ယုံ နေတာ ။ ဇာတ်ကားတွေ ထဲ က လို စိတ်ကူး ယဉ်တာပေါ့ ။ အဖေ က ရေကူး လည်း ကျွမ်းတယ် ၊ ပြန် လာမှာ ပဲပေါ့ ”

ဖတဆိုး ဖြစ်ရတဲ့ သမီး တစ်ယောက် ရဲ့ ဘဝ ကို ကျွန်တော် စာနာစိတ် နဲ့
တွေး မိပါတယ် ။

“ အဲဒီ နား မှာ ရေ နစ်သူ ကို ကယ် ထားတာ ရှိတယ်လို့ သတင်း ကြားတယ် ။ အဲဒီ လူ က စာ ရေးရင် ရွှေ လို့ပဲ ရေးတာတဲ့ ။ လူတွေ က လည်း ချဲ့ကားပြီး ပြောတာ ”

သူ့ ဖခင် အမည် က ဦးရွှေတောင် ၊ ရွှေ လို့ပဲ ရေးတယ် ။ ရေနစ်သူ ကို ကယ်ထားတာ ဆိုတော့ သူ့ အဖေ လို့ ထင် မှာပဲပေါ့ ။

“ မင်းကင်း ဘက် မှာ ဆိုလို့ မေမေ နဲ့ မိသားစုလိုက် လိုက်သွား ကြတာ ။ သူ က စိတ် မနှံ့ဘူး ။ အမြဲ က နေတာ ၊ အသက် က ၂၆ နှစ် လောက် ပဲ ရှိ သေးတယ် ။ အဲဒီ က လူတွေ က ပြောကြတယ် ။ တကယ် ရူးနေတာ က ခင်ဗျားတို့ ပဲ ။ ခင်ဗျားတို့ ရူး လို့ ဒီ အထိ လိုက် လာကြတာ လို့ ဝိုင်း ပြောတယ် ”

ကလေးမလေး က ပြောရင်း ပြုံးတယ် ။

“ သမီး က ဖြစ်တဲ့ အကြောင်း ပြောပါဦး ”

“ သမီး လေးတန်း လောက် က ဆို - က - ရေး - တီး ဝင် ပြိုင်ရတာ ။ ကျောင်း ကိုယ်စားပြု ပြိုင်ရမယ် ဆိုတော့ သမီး တို့ကျောင်း က ဆရာမတွေ က ယဉ်ကျေးမှု က ဆရာမ ဒေါ်ညိုညိုဝင်းလေး ကို ခေါ်သင် ပေးတာ ။ မြို့နယ် မှာ ပထမဆု ရပြီး ခရိုင် ဆက် ပြိုင်ရမယ် ဆိုတော့ ဆရာမ ဒေါ်ညိုညိုဝင်းကြီး နဲ့ ဆက် သင်ပေးတယ် ”

“ စင် ပေါ် မှာ က ဖြစ် သွားတာကကော ”

“ အဖေ ထောင် ခဲ့တဲ့ ရွှေတောင်အငြိမ့် ကို အမေ က ဆက် ထောင်တယ် ။ သုံးနှစ် လောက် နေတော့ အမေ က ရွှေနေပြည် မန္တလေး ဇာတ်ပွဲ ဆိုပြီး ဇာတ် ထောင်တယ် ။
အမေ ပွဲ ထွက် တော့ ပွဲငှားတွေ က အငြိမ့်ခန်း ထည့် ပေးပါလို့ ပြော ကြတယ် ။ မင်းသမီး က မရှိဘူး ။ မေမေ့ အသိတွေ က သမီး လည်း က တတ်နေတာပဲ ၊ ထည့် လိုက်ပါလား ပြောတာ နဲ့ တောင်ကြီး မှာ ဇာတ်ခုံ ပေါ်  စ တက်တာ ”

“ လေးတန်း ”

“ ဟုတ်တယ် ၊ လေးတန်း ပဲ ရှိသေးတာ ။ အသက် က ဆယ်နှစ် လောက် ပေါ့ ။ ပညာရေးစုံညီပွဲ တို့ ၊ ဘာ တို့ မှာ သီချင်း ဆိုဖူးတော့ ပရိသတ် မကြောက်ဘူး ။ မေမေ က တော့ သမီး ကို အမြဲတမ်း အက သင်ပေး နေတယ် ”

သူ့ မိခင် မင်းသမီး မသန္တာ က လိမ္မော်ရည် ၊ ရေအေးအေး ၊ ကိတ်မုန့် ၊ နာနတ်သီးတွေ နဲ့ ဧည့်ခံ ကျွေးမွေးတယ် ။

“ အဲဒီ လေးတန်းနှစ် မှာပဲ မေမေ ဆေးရုံ တက်ရတယ် ။ အဲဒီတုန်း က သမီး ဘဝ မှာ စိတ် အညစ်ဆုံး ပဲ ။ အိမ် မှာ က သမီး နဲ့ သမီး ရဲ့မမ နှစ်ယောက် ပဲ ရှိတယ် ။ မမ က လည်း ကျောင်း တက်တုန်း ၊ ဖေဖေ က လည်း မရှိတော့ဘူး ။ ဘယ်သူ မှ လည်း အားကိုးစရာ မရှိဘူး ။ ငွေ က လည်း မရှိဘူး ။ အမေ ထောင်ထားတဲ့ ဇာတ်အဖွဲ့ က အဖွဲ့သား တွေ ကို ငွေ ပေးရမယ့် အချိန် ၊ အမေ က ဆေးရုံ ပေါ် မှာ ပက်လက် ၊ တစ်လ လောက် ကြာတယ် ။ ဇာတ် မန်နေဂျာ ကို ဆေးရုံ ခေါ် ၊ မြို့သစ် က သမီးတို့ အိမ် ကို ပေါင် ပြီး ပြသနာ ရှင်းခဲ့တာ ”

“ သမီး က ကျောင်း တစ်ဖက် နဲ့ ဘယ်လို က ခဲ့ သလဲ ”

“ လေးတန်းနှစ် က စပြီး စင်ပေါ်  တက်တယ် ။ ကျောင်း အားတဲ့ အချိန် မှ ဇာတ် နဲ့ လိုက် ကတယ် ။ တစ်သမတ်တည်း တော့ ဇာတ် ထဲ မလိုက်ပါဘူး ၊ သီတင်းကျွတ် ကျောင်းပိတ် ရက် ဆို ဇာ‌တ် နဲ့ လိုက်တယ် ။ ပွဲ က ရ မယ့် ရက် က စနေ ၊ တနင်္ဂနွေ နဲ့ ဆက် နေရင် တစ်ရက် လောက် ကျောင်း က ခွင့် ယူပြီး လိုက် က တယ် ။ သီချင်း ဆိုတယ် ။ ခုတော့ မေမေ ဇာတ် နား လိုက်တာ လေးနှစ် ရှိပြီ ”

“ အမေ ရဲ့ ဇာတ် အဖွဲ့ မရှိတော့ဘူး ဆိုတော့ ဘယ်မှာ က လဲ ”

“ သမီး ကို အငြိမ့်ခန်း က ပေးဖို့ လာ ခေါ်ရင် က ပေးတယ် ။ တီးဝိုင်း က သီချင်း ဆို ဖို့ ခေါ်ရင် လိုက် ဆိုတယ် ။ မြို့မ မှာ အငြိမ့်ခန်း က တယ် ၊ စန္ဒရားငြိမ်းချမ်း အဖွဲ့ မှာ ဆိုတယ် ။ တိမ်လွှာ မှာ ဆိုတယ် ။ မြို့မ  မှာ လည်း ဆိုဖို့ ပြော ထားတယ် ။ သမီး မမ က သင်္ချာမေဂျာ နဲ့ ဘွဲ့ ရပြီး ကြယ်သုံးလုံး ဓာတ်ဘူးစက်ရုံ မှာ အလုပ် လုပ်တယ် ။ သမီး တို့ ညီအစ်မ နှစ်ယောက် ရဲ့ ဝင်ငွေ က မိသားစု အတွက် အရေးကြီးပါတယ် ”

တွယ်တာတုံ တို့ အိမ် နံရံ ထက် မှာ ဓာတ်ပုံတွေ ချိတ် ထားတယ် ။ သူ့ မမ ရဲ့ ဘွဲ့ဝတ်စုံ နဲ့ ပုံ ၊ ဘွဲ့ ယူ နေတဲ့ ပုံတွေ လည်း ပါတယ် ၊ သူ က နေတဲ့ ပုံတွေ လည်း ပါတယ် ။ သူ က နေတဲ့ ပုံ ၊ သူ ရိုက်ခဲ့တဲ့ကြော်ငြာပုံ ၊ သူ့ အဖေ ဦးရွှေတောင် ရဲ့ ရွှေတောင်အငြိမ့်အဖွဲ့ ပိုစတာတွေ ပါ ဝင်တယ် ။

“ သမီး က အနုပညာ ကို ဝါသနာ ပါတယ် ၊ အခု လည်း စင် ပေါ် မှာ အထိုက်အလျောက် နေရာ ရ နေပြီ ။ ကျောင်း ဆက် မနေနဲ့ လို့ မပြောကြဘူးလား ”

“ သူများတွေ က သမီး ကို ကျောင်း ဆက် မထားနဲ့ ၊ ကတာ လည်း အဆင်ပြေ
တာပဲ ပြောပေမယ့် မေမေ က သူ ပညာ မတတ်ခဲ့ သလို သားသမီးတွေ ကို မဖြစ်စေ ချင်ဘူး ။ ဖေဖေ ဆုံးခါစ က မမကြီး က ရှစ်တန်း ၊ ရေးတတ် ဖတ်တတ် ပြီး ကျောင်း က ထုတ် လိုက်ပါတော့လား ပြောပေမယ့် မေမေ က ဆက်ပြီး ထားတယ် ။ အမျိုးတွေ က တော့ ပညာရေး အားပေး ကြ ပါတယ် ။ အခု သမီး ဆယ်တန်း အောင်ပြီ ။ နည်းပညာ တက္ကသိုလ် ဆက် တက်ချင်တယ် ”

“ အက တစ်ဖက် နဲ့ ဆယ်တန်း နှစ်ချင်းပေါက် အောင်ဖို့ ကြိုးစား ခဲ့ရတာ ခက် သလား ”

“ စာမေးပွဲ ဖြေရမယ့် ရက် ကို မေမေ က မသိလို့ ပွဲ လက်ခံထား မိရင် စိတ် ညစ်ရပြီ ။ ဒါမျိုး ကြုံရတာ လည်း ခဏ ခဏ ပဲ ။ ကျောင်း စာမေးပွဲ က လည်း မဖြေ လို့ မရ ၊ ပွဲ က လည်း လက်ခံပြီး သား ဆိုတော့ ဖျက် မရ ”

“ နောက်ဆုံးကျ တော့ ”

တွယ်တာတုံ က ရယ်တယ် ။

“ နောက်ဆုံးတော့ ပွဲ ပဲ လိုက် သွားရတာ ။ ဆယ်တန်း ဆိုတော့ တတ်နိုင် သမျှ ပွဲ ကို လျှော့ပြီး လက်ခံ ထားတာ ။ ဒါပေမဲ့ သမီး ပရိသတ် ကလည်း ရှိ ၊ အိမ် ရဲ့ စားဝတ်နေရေး က လည်း ရှိတော့ လက်ခံ ရတာပါပဲ ”

တွယ်တာတုံ ဘာမှ ဆက် မပြောဘဲ အသံ တိတ် နေတယ် ။ ကျွန်တော် လည်း
ဘာ မေးခွန်း ဆက် မေး ရမယ် ၊ မသိအောင် ဖြစ် သွားတယ် ။ သူ က ပဲ ဆက် ပြောပါတယ် ။

“ ည ၁းဝဝ နာရီ လောက် မှ ပွဲ က ပြီးတာ ၊ မနက် ၆းဝဝ နာရီ ထ ပြီး ကျူရှင် တက် ရမယ် ။ ကျူရှင် မရှိ ရင် သိပ် ကောင်းမှာပဲ ။ ကျူရှင် မတက်ဘဲ အိပ် ပစ် လိုက်ချင်တယ် ။ ဒါပေမဲ့ မဖြစ်ဘူး ။ သမီး ဘဝ မှာ ဆယ်တန်း စာမေးပွဲ ဖြေဖို့ အခွင့်အလမ်း က ဒီ တစ်နှစ် ပဲ ရှိတာ ”

သူ မပြောဘဲ တွေတွေငေးငေး လုပ် နေတယ် ။ ကျွန်တော် လည်း အသံတိတ် ။

“ က ထား တော့ မနက် ကျ ပင်ပန်း နေပြီ ။ အတန်း ထဲ မှာ ငိုက် တာပေါ့ ။ တစ်ခါ က လုံးဝ ငိုက်ပြီး ဆရာမ ပြောသမျှ ဘာမှ မသိတော့ဘူး ။ ဆရာမ က ဘာ လုပ်နေတာလဲ မေးတယ် ။ သမီး ငိုက် နေပါတယ် ပြောရမှာ လား ၊ နားထောင် နေပါတယ် ပြောရမှာ လား ၊ ဆရာမ က သူ ပြောနေတာ ပြန် ရှင်းပြစမ်း တဲ့ ။ သမီး မရှင်းနိုင်တော့ဘူး ။ အတန်း ရှေ့ ထုတ်ပြီး အရိုက် ခံရတာ ”

“ သမီး ပြောခဲ့တဲ့ ဆယ်တန်း ဖြေဖို့ အခွင့်အလမ်း က ဒီ တစ်နှစ် ပဲ ရှိတယ် ဆိုတာ ဘာကြောင့်လဲ ”

“ သမီး ကြိုးစားပါတယ် ။ မတော်တဆ ခြေချော် လက်ချော် စာမေးပွဲ ကျခဲ့ရင် သမီး အတွက် နောက် တစ်နှစ် မရှိဘူး ။ ဘာကြောင့်လဲ ဆိုတော့ ကျောင်းစရိတ် တွေ
တတ်နိုင် မှာ မဟုတ်ဘူး ။ အမေ က တတ်နိုင်ပါတယ် ပြောရင် တောင် မှ သမီး က မထားခိုင်းရက်ဘူး ”

“ သမီး စိတ် ညစ်တဲ့ အခါ ဘာလုပ်သလဲ ”

“ ပျော်စရာလေးတွေ ပြန် တွေးပြီး စိတ်ညစ်စရာတွေ ဖယ်ပစ် လိုက်တယ် ။ ဆယ်တန်း စာမေးပွဲ ဖြေဖို့ ကျူရှင် အဆင် မပြေတုန်း က ကိုယ့် လို ဆယ်တန်း တောင် မနေနိုင် တဲ့ သူတွေ ရဲ့ ဘဝ ကို စာနာ ကြည့်ပြီး ကိုယ့် အတွက် ဖြေတယ် ။ သမီး က အငြိမ့်ခန်း က တာ ဆိုတော့ လူရွှင်တော်တွေ ပြောတဲ့ ဟာသတွေ ၊ ဂျာနယ် ထဲ က ဟာသတွေ ၊ ကာတွန်း ထဲ က ဟာသတွေ ပြန် စဉ်းစားပြီး ဘဝ ကို ပျော်ပျော် ပဲ ရင်ဆိုင်တယ် ။ မမ အလုပ် က ပြန် လာရင် ညီအစ်မ နှစ်ယောက် ရောက်တတ်ရာရာ ဟာသတွေ ပြောပြီး ရယ် ကြတယ် ”

“ မေမေ စိတ် ညစ်တဲ့ အခါကျ ကော ”

“ ပြဿနာ က မေမေ တောင် မှ စိတ် ညစ်တာ ၊ သမီး တို့ က မဖြေရှင်းနိုင်ပါဘူး ။ ဒါပေမဲ့ မေမေ စိတ် သက်သာရာ ရအောင် သမီး က ဟာသလေးတွေ ပြန် ပြောပြတာပေါ့ ”

“ သမီး ဘဝ မှာ အပျော်ဆုံး ကြုံတွေ့ခဲ့ဖူးတာ ပြောပါဦး ”

“ သမီး ရှစ်တန်း စာမေးပွဲ ဖြေပြီးတဲ့ နှစ် ၊ မန္တလေး မြို့တည်နန်းတည် နှစ် ၁၅ဝ ပြည့် ပွဲကြီး မှာ ကဖို့ အမေ ပန်တျာဒေါ်ဌေးဌေးမြင့် က ခေါ်တယ် ။ အမေ က သင်ပေးမယ် ။ နှစ် ၁၅ဝ ၊ ခေတ် ငါးခေတ် အငြိမ့်ခန်း ကဏ္ဍ ၊ ခေတ် နှစ်ခေတ် ၊ မင်းသမီး မထွေးလေး ခေတ် ၊ လေဘာတီဒေါ်မြရင်ခေတ် တွေ မှာ သမီး က ကပေး ခဲ့ရတာ ”

“ ဘဝ ကို ကျေနပ်ရဲ့လား ”

“ အဖေ့သွေး ပါလို့ သမီး မှာ ဟာသ အခံ ရှိတယ် ။ ကိုယ် စိတ်ညစ် တဲ့ အခါ ကိုယ့် ဟာ ကိုယ် ဟာသ နဲ့ ဘဝကို ရင်ဆိုင် နိုင်စွမ်း ရှိလို့ ပျော်တယ် ”

◾ကျော်ရင်မြင့်

📖 ဘဝကြေးမုံ အဖြစ်စုံ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment