Sunday, January 21, 2024

မှတ်တမ်းကြီး ဖတ်ပြီးသောအခါ


 

❝ မှတ်တမ်းကြီး ဖတ်ပြီးသောအခါ ❞ 

မောင်ခင်ဦး နှင့် မစန်းအေး တို့ သည် ကျိန်စာ သင့် နေသော ကျွန်းအိမ်ကြီး ၏ မှတ်တမ်း ကို ပြီးဆုံးသည် အထိ ဖတ်ရှုခဲ့ လေ၏ ။ ထိုသို့ ဖတ်ရှုခဲ့ရာ ၌ နေ့ အချိန် က ဖတ်ခဲ့ သော် လည်း နား၍ နား၍ ဖတ်ခဲ့သော ကြောင့် ည ရှစ်နာရီ ကျော် မှ သာ လျှင် မှတ်တမ်းကြီး ကို ဖတ် ၍ ပြီးလေ၏ ။ ထိုသို့ စိတ်ရှည်လက်ရှည် ဖတ်ရှုကြ ပြီးနောက် မစန်းအေး က

“ ပွတာပဲ ကိုဦးရယ် ၊ အခု ဒီ မှတ်တမ်းကြီး ထဲ မှာ က ထိတ်လန့်စရာတွေ ပါတယ် ဆိုပေမယ့် သေသေချာချာ စဉ်းစား လိုက်တော့ အရေးကြီးတဲ့ ရတနာပစ္စည်း တွေ ဝှက်ထားတဲ့ နေရာ နဲ့ သဲလွန်စ ကို ရ နေပြီပဲ ၊ အေး တို့ ကိုဦး တို့ သတိဝီရိယ နဲ့ အလုပ် လုပ် လိုက်ရရင် အဲဒီ ပစ္စည်းတွေ ကိုရမှာ ၊ အဲဒီ ပစ္စည်းတွေ သာ ရ ရင်တော့ မြန်မာပြည် မှာ နေဖို့ တောင် မကောင်းတော့ဘူး ၊ ပြင်သစ် မှာ သွားပြီး လင်မယား နှစ်ယောက် ဇိမ်ခံ နေရုံပဲ ။ အဲဒါတွေ ရမယ် ဆိုရင်လဲ အေး နဲ့ ကိုဦး ဟာ ကမ္ဘာ ပေါ် မှာ ချမ်းသာတဲ့ သူဌေးကြီး စာရင်းဝင် ဖြစ်သွားမှာ ၊ မီလျံနာ တောင် ရိုးရိုး မီလျံနာ မဟုတ်ဘူး ၊ မာလတီ မီလျံနာ ဖြစ်သွား မှာ ”

ဟု ပြော ဆို ကာ မောင်ခင်ဦး ၏ ပါး ကို ဘယ်ပြန် ညာပြန် နမ်းရှုပ် လေ တော့၏ ။ ထိုအခါ မောင်ခင်ဦး က

“ အေး ပြောတာလဲ မှန်ပါတယ် ၊ ဒါပေမဲ့ လွယ်လွယ်ကူကူ တော့ ရမယ် မထင်ဘူး ၊ ဒီ မှတ်တမ်းကြီး အရ ဆိုရင် အန္တရာယ် က အတော် များတာပဲ ။ သန်းခေါင်ကြယ်အဖွဲ့ ဆိုဟာ တော်တော် ရက်စက်ပုံ ရတယ် ၊ ဒီ မှတ်တမ်း ကို ရေးထားခဲ့ တဲ့ မမယ်ဇယ် တို့ အဖေ ဦးမြူ ရဲ့ အစ်ကို မောင်ဘိုးထူ ဟာ သန်းခေါင်းကြယ် လက်ချက် နဲ့ သေခဲ့တာပဲ ။ ဦးမြူ တို့ ရဲ့ အဖေ ဦးပေတလူ နဲ့ သူတို့ ရဲ့ ဘကြီး ဦးပေတဖြူ ဆိုတာ လဲ သန်းခေါင်ကြယ် လက်ချက် နဲ့ သေခဲ့တာပဲ ။ အဲဒီတော့ ကိုဦး တို့ ကို လဲ သန်းခေါင်ကြယ်အဖွဲ့ က ဒီ အတိုင်း ကြည့် နေမှာ မဟုတ်ဘူး ၊ အဲဒီ ရန် က သိပ်ပြီး ကြီးတယ် ၊ ဒီ ကိစ္စ ဟာ စဉ်းစဉ်းစားစား လုပ် ရမယ့် ကိစ္စပဲ အေး ရဲ့ ”

ဟု ပြော လိုက်ရာ မစန်းအေး က နှုတ်ခမ်း စူ လျက်

“ ကိုဦး က သတ္တိ မရှိဘူးလား ၊ ရလဲ အတူတူ စံမယ် ၊ မရလဲ အတူတူ ခံမယ် ၊ ဘာ ကြောက်စရာ ရှိလဲ ၊ ပြီးတော့ ကိုဦး တစ်ခု စဉ်းစား ကြည့်ပါ ၊ ဒီ မှတ်တမ်း ထဲ မှာ ပါတဲ့ သန်းခေါင်ကြယ်အဖွဲ့ ဆို တာ ကလဲ ကိုဦး ယောက္ခမကြီး ဦးမြူ လက်ထက် မှာ တောင် မဟုတ်ပါဘူး ၊ ဦးမြူ ရဲ့ အဖေ ဦးပေတလူ တို့ လက်ထက် မှာ စခဲ့တယ် ဆိုပေမယ့် တကယ့် လူသ,တ်မှုတွေ ကျူးလွန်တဲ့ အခါ မှာ ဦးမြူ တို့ အရွယ် ရောက် မှ ကျူးလွန်တာ ကို တွေ့ရတယ် ” 

“ ဦးမြူ ရဲ့ အစ်ကို ကိုဘိုးထူ ဆိုတာ ကို သန်းခေါင်ကြယ် က သ,တ်သွား တာ မဟုတ်လား ”

ဟု မောင်ခင်ဦး က ပြောပြန် လေ၏ ။

ထိုအခါ မစန်းအေး က

“ ဒီ အဖွဲ့ က လူတွေ က လဲ အသက် ရှည်လှချည့်လား ”

ဟု ဆို လေ၏ ။

“ ဘယ် ဟုတ်မလဲ အေးရယ် သန်းခေါင်ကြယ် မှာ ပါတဲ့ လူတွေ သေသွားတဲ့ အခါ မှာ နောက်ထပ် သန်းခေါင်ကြယ် အဖွဲ့ဝင် အသစ်တွေ မွေးဖွား ခဲ့ မှာပေါ့ ၊ မူလ သန်းခေါင်ကြယ်တွေ က တော့ ဘယ် ရှိတော့မလဲ ကွယ် ၊ သေကုန်ကြရောပေါ့ ”

ဟု မောင်ခင်ဦး က ပြောလေ၏ ။

“ အို ဘာပဲဖြစ်ဖြစ် အေး တို့ နဲ့ ထိုက်လို့ အေး တို့ ရတာပဲ ၊ ဟို ကောင်မ တော့ ဒီ ပစ္စည်းတွေ နဲ့ မထိုက်လို့ သေရှာပြီ ။ ဟုတ်ပါတယ် မယ်ဇယ် ဆိုတဲ့ ကောင်မ ဟာ ဒီ ပစ္စည်းတွေနဲ့ မထိုက်ပါဘူး ”

ဟု မစန်းအေး က ပြော လိုက်ရာ မောင်ခင်ဦး က

“ ဟုတ်ပါရဲ့ အေး ရယ် သူ နဲ့ မထိုက်ပါဘူး ၊ နာမည် ကို ကကြည့်ပါလား ၊မယ်ဇယ် တဲ့ ၊ တော်တော့် ကို တော ဆန် တဲ့ နာမည် ၊ ဒီလို မိန်းမမျိုး နဲ့ ဒီလို စည်းစိမ်မျိုး ဘယ်လိုမှ မထိုက်တန်ပါဘူး ၊ ထိုက်တန်တဲ့ သူ ကတော့ ဟောဒီက အေး ပဲ ၊ နာမည် ကို က မစန်းအေး တဲ့ ခေတ် လဲ မီတယ် ခေါ်လို့လဲ ကောင်းတယ် ၊ တစ်ခု ပဲ ရှိတယ် ၊ ကိုဦး ရဲ့ နာမည် တစ်လုံး ပါအောင် နာမည် ပြောင်းပေး လိုက်မယ် ”

ဟု ပြော လိုက်ရာ မစန်းအေး က

“ ပြောစမ်းပါဦး ဘယ်လို ပြောင်းပေးမှာတုံး ”

ဟု မေးလေတော့၏ ။

“ ခင်စန်းအေး ဆို ရင် မကောင်းဘူးလား ”

ဟု မောင်ခင်ဦး က မေး လေ၏ ။

“ ဟင့်အင်း ကိုဦး နာမည် နှစ်လုံး က အေး ရဲ့ နာမည် ထဲ ကို ရောက် မှ ပိုပြီး ကောင်းမယ် အဲဒီတော့ ခင်စန်းဦး လို့ ပြောင်းမယ် ”

ဟု မစန်းအေး က ပြောလေ၏ ။

“ မလုပ်ပါနဲ့ အေးရယ် ၊ ခင်စန်းအေး ဆိုရင် တော်လောက်ပါပြီ ”

ဟု မောင်ခင်ဦးက ပြောပြန်လေ၏ ။ 

ထိုအခါ မစန်းအေး က

“ ဟင့်အင်း ဟင့်အင်း ကိုဦး ဆီ က နှစ်လုံး စလုံး လိုချင်တယ် ၊ ဒီတော့ ဒီလိုလုပ် “ ခင် ” ကို တစ်လုံးတည်း တိုး လို့ မဖြစ်ဘူး ၊ ခင်ခင်စန်းအေး လို့ ပြောင်းမယ် ကျေနပ်ရဲလား ”

ဟု ပြော လိုက်ရာ မောင်ခင်ဦး က

“ ဒါကတော့ အေး သဘောအတိုင်းပဲ ”

ဟု ဆိုကာ မစန်းအေး အား ရင်ခွင် အတွင်း သို့ ဆွဲ၍ သွင်းလိုက်လေ၏ ။

ထို့နောက် တွင် ကား အတိတ် ၊ အနာဂတ် ၊ ပစ္စုပ္ပန် ကာလ သုံးပါး စလုံး ကို ခေတ္တ ယာယီ မေ့ပစ်နိုင်စွမ်းသော အချစ်ကစားပွဲကြီး ကို ရွှင်မြူးစွာ ကစားကြ လေတော့၏ ။

၎င်းတို့ ၏ အချစ်ကစားပွဲကြီး ကို လည်းကောင်း ၊ ထို ကစားပွဲကြီး မစမီ အပြန်အလှန် ပြောဆို နေကြသော စကားများ ကို လည်းကောင်း ၊ အိမ်အောက် မှ နေ၍ ချောင်းမြောင်း ကြည့်ရှု နေသူ တစ်ဦး ရှိကြောင်း ကို မူ မောင်ခင်ဦး ကော မစန်းအေး ပါ မသိရှိကြပေ ။

ထို ချောင်းမြောင်း ကြည့်ရှု နေသူ သည် မည်သို့မည်ပုံ အိမ် အတွင်း သို့ ရောက် လာသည် ၊ မည်သူမည်ဝါ ဖြစ်သည် ကို မူ စာဖတ်သူ တို့ အား အသိ ပေးရန် လိုသည့် အလျောက် အောက်ပါအတိုင်း အသိပေး ဖော်ပြ လိုက်ရပေ သတည်း ။

မမယ်ဇယ်ကလေး သည် အိမ် အနီး သို့ ရောက်သော အခါ၌ မီးများ မှောင်၍ နေပြီ ဖြစ်၏ ။ ၎င်း သည် ခြံ အနီး သို့ ကပ်၍ အိမ် ကို ကြည့် လိုက်ရာ အိမ် ၏ အောက်ထပ် ၌ မည်းမှောင် နေ သော်လည်း အပေါ်ထပ် တွင် မူ မီးများ လင်း နေသည် ကို တွေ့ရလေ၏ ။

မမယ်ဇယ် သည် ၎င်း အနေ နှင့် မသေမပျောက် ဘဲ ပြန်လာသည် ကို ၎င်း ယောက်ျား မောင်ခင်ဦးနှင့် ၎င်း ၏ သူငယ်ချင်း မစန်းအေး တို့ က တွေ့မြင်ရ ပါ က မည်မျှ ဝမ်းသာ ကြည်နူးကြမည် ကို တွေး၍ ကြည့်ရင်း မျက်ရည်များ ပင် လည်၍ လာလေ၏ ။ ထို့ကြောင့် “ ကိုခင်ဦး ရေ ၊ မစန်းအေး ရေ ” ဟု အော်ဟစ် ၍ ခေါ်လိုက်မည် ကြံ သော်လည်း ဤကဲ့သို့ အော်၍ ခေါ်ခြင်း ထက် လူ ကိုယ်တိုင် ဘွားဘွားကြီး တွေ့ရခြ င်းက ပို၍ ဝမ်းသာဖွယ် အံ့အားသင့်ဖွယ် ဖြစ်လိမ့်မည် ဟု ယူဆ သည့် အလျောက် အော်၍ မခေါ်တော့ဘဲ ခြံတွင်း သို့ တိတ်တဆိတ် ဝင် လေတော့၏ ။

ဝင်ပုံ မှာ ဤသို့ ဖြစ်၏ ။ မမယ်ဇယ် သည် ခြံတံခါး သို့ သွား၍ တံခါး ကို တွန်း ကြည့်ရာ တံခါး သည် အတွင်း ကန့်လန့်ထိုး ၍ သော့ခတ် ထားကြောင်း တွေ့ရလေ၏ ။ ထို့ကြောင့် ခြံဝင်း ကို ကျော်တက် ရန် စဉ်းစား သော်လည်း ထိုသို့ တက်ရန် မှာ မလွယ်ကူသော ကြောင့် အကြံ အိုက်လျက် ရှိ လေ၏ ။

ထိုအချိန်၌ တစ်စုံတစ်ခု သည် ၎င်း ၏ ခြေထောက် ကို လာရောက် ထိ သဖြင့် ကြည့်လိုက်ရာ ခြံ အနီး အနား တွင် နေသော ခွေးဝဲစားလေး တစ်ကောင် ဖြစ်ကြောင်း သိရ လေတော့၏ ။ မမယ်ဇယ် သည် ထို ခွေးကလေးအား နေ့စဉ် မဟုတ် သော်လည်း ထမင်းဟင်းများ ကျန်သော အခါ၌ မကြာခဏ ဆိုသလို ထို ခွေးကလေး ကို ထမင်းကျန် ဟင်းကျန်များ ကျွေးဖူး၏ ။ ထို့ကြောင့် ခွေးဝဲစားကလေး သည် မမယ်ဇယ် အား ကောင်းကောင်း သိလေ၏ ။ သူ သည် မမယ်ဇယ် ၏ ခြေခုံကလေး ကို လျှာ ဖြင့် လျက် ကာ အမြီးကလေး လှုပ်၍ နှုတ်ဆက် ရှာ လေ၏ ။ ထို့နောက် ခွေးဝဲစားကလေး သည် ခြံဝင်းနံဘေး သို့ ပြေး ခြံအောက် နေရာကလေး တစ်နေရာ မှ ငုံ့ ၍ ခြံတွင်း သို့ ဝင်ကာ ခြံ အတွင်း မှ အမြီးကလေး လှုပ်ကာ မမယ်ဇယ် အား ကြည့် နေသည် ကို ခပ်လှမ်းလှမ်း ရှိ  မမယ်ဇယ် သည် ကောင်းစွာ တွေ့မြင်ရ လေ၏ ။

“ ဪ ခွေးဝဲစားကလေး က လဲ တယ်ပြီး တတ်ပါလား ၊ ခြံ ထဲ ကိုဝင်ဖို့ ကို ငါ့ ကို ပြပြီး ခေါ်နေတာပဲ ” ဟု ရေရွတ်ကာ မမယ်ဇယ် သည် ခွေးတိုးပေါက် မှ ငုံ့၍ ခြံတွင်း သို့ ဝင်လေ၏ ။ ထို့နောက် အိမ် အောက်ထပ် တံခါးများ ကို ကြည့်ရှုရာ တံခါး အားလုံး အတွင်း မှ ချက်ချ၍ ပိတ် ထားကြောင်း တွေ့ရ သဖြင့် အကြံအိုက် လျက် ပြတင်းပေါက် တံခါး ပေါ် မှ အိမ်မြှောင် တစ်ကောင် က ကျွတ် ကျွတ် ကျွတ် ဟု စုတ် လိုက်သည် ဖြစ်ရာ မမယ်ဇယ် သည် တစ်စုံတစ်ခု ကို သတိ ရ၍ သွားလေတော့၏ ။

“ ဪ ဒီ မီးဖိုဘက် က ပြတင်းပေါက် ဟာ မနှစ် မိုးတွင်း တုန်း က အောက်ဘက် က မင်းတုပ် တစ်ခု ကျိုး သွားပြီပဲ ၊ အပေါ် က မင်းတုပ် နဲ့ ပဲ ပိတ် နေရတာပါလား ၊ ဒီ ပြတင်းပေါက် ကို လက် နဲ့ တွန်းပြီး နည်းနည်း ဟ သွားတဲ့ အခါမှာ ငါ့ လက်ကလေး နဲ့ အပေါ် မင်းတုပ် ကို ဖြုတ် လိုက်ရင် ရနိုင်တာပဲ ”

ဟု တွေး ကာ တွေးသည့် အတိုင်း လုပ်ကြည့် ရာ ပြတင်းပေါက် သည် ပွင့်၍ သွားလေတော့၏ ။ ထိုအခါ မမယ်ဇယ် သည် ပြတင်းပေါက် မှ အတွင်း သို့ ဝင်ကာ လှေကား ပေါ် သို့ တက် လေ၏ ။ လှေကား အလယ်ဘက် သို့ ရောက်သော အခါ၌ အပေါ်ထပ် တွင် ၎င်း ၏ ယောက်ျား မောင်ခင်ဦး နှင့် မစန်းအေး တို့ အကြည်ဆိုက် ၍ စကား ပြော နေကြသည် ကို ကြားရ သဖြင့် ရှေ့သို့ ဆက် ၍ မတက် ဘဲ နားထောင် နေရာ ၎င်း ၏ ဖခင်ကြီး ဦးမြူ ရေးထား ခဲ့သော မှတ်တမ်းကြီး တစ်ခု ကို ၎င်းတို့ ရှာဖွေ ဖတ်ရှု ခဲ့ကြောင်း လည်း သိရ၏ ။

ထို့နောက် မောင်ခင်ဦး နှင့် မစန်းအေး တို့ ချစ်ခင်နှီးနှော ကြသည် ကို လည်း မျက်စိ ဖြင့် တပ်အပ်သေချာ မြင်တွေ့ရ လေတော့၏ ။

မမယ်ဇယ် သည် အားရဝမ်းသာ ပြန် လာရာ မှ ဝမ်းနည်းဖွယ်ရာ ၊ ဒေါသဖြစ်ဖွယ်ရာ ကို တွေ့မြင် လိုက်ရသော ကြောင့် နှလုံးသွေး ရပ်၍ လဲကျ မသွားရန် ကို သတိ အနိုင်နိုင် ပြု၍ ရပ် နေရ ရှာလေ၏ ။

မျက်ရည်များ သည် တရဟော စီးကျ လာ၏ ။ ထို့နောက် မျက်ရည်များ ခန်းခြောက် သွား၏ ။ ရင် တွေ သွက်သွက်ခါ တုန်၏ ။ ထို့နောက် ရင် တုန် ရပ် ၍ သွား၏ ။ မော လာ၏ ။ ထို့နောက် အမော ရပ်သွား၏ ။ ထို့နောက် မမယ်ဇယ် သည် ၎င်း ကိုယ်တိုင် အသက် ရှင်လျက် သည် ကို မေ့လျော့ သွား၏ ။ ရှင် လျက် နှင့် သေ နေသူ ပမာ ဖြစ်၍ သွား၏ ။

အမှန်စင်စစ် အားဖြင့် ကား ဖြင့် ချောက် ထဲ သို့ ကျစဉ် က မသေခဲ့ သော မမယ်ဇယ် သည် ယခု မှ ပင် အရှင်လတ်လတ် အသက် ထွက် သွား သကဲ့သို့ ရှိ၏ ။ ထို့နောက် စိတ်ဆိုး ခြင်း ၊ ကြေကွဲခြင်းစသော အခြင်းအရာ တို့ မဖြစ်တော့ဘဲ မောင်ခင်ဦး နှင့် မစန်းအေး တို့ ၏  အချစ်ကစားပွဲကြီး ကို  ၎င်း နှင့် မပတ်သက် သကဲ့သို့ ရဲရဲတင်းတင်းကြီး ကြည့် ပြီး လျှင် တစ်ချက် မဲ့ လိုက် လေ၏ ။

“ ငါ သေပြီ အောက်မေ့လို့ ဖြစ်နေ လိုက်ကြတာ ၊ သေပြီပဲ ထားပါဦး ၊ ဒီအချိန် အတွင်း မှာ တော့ သူတို့ နှစ်ယောက် ဟာ ဒါလောက် ထိ မဖြစ်သင့်ပါဘူး ” ဟူ၍ တွေးတော နေ မိလေ၏ ။

ထိုအချိန် မှာ ပင် အဆုံးသတ် သွားလေ၏ ။ ထိုအခါ မစန်းအေး က စီးကရက်ဘူး မှ စီးကရက်တစ်လိပ် ကို ထုတ် ၍ မီးညှိ ကာ မောင်ခင်ဦး ၏ ပါးစပ် တွင် တပ်၍ ပေးရင်း

“ ကိုဦး အခုမှပဲ အေး တို့ လွတ်လွတ်လပ်လပ် ပျော်ရတော့တယ် နော် ဟိုကောင်မ ရှိတုန်း က ဆိုရင် အေး က လဲ ဟို အစေခံ တန်းလျား ထဲ ကနေ ည ဆိုရင် စောင့် လိုက်ရတာ ၊ ကိုဦး က လဲ ဟို ခွေးကောင်မ မအိပ်သေးတာ နဲ့ မလာနိုင် ၊ အေး မှာ ငိုလိုက်ရတာ ”

ဟု ပြော လိုက်ရာ မမယ်ဇယ် သည် အံ့ဩ ၍ သွားလေ၏ ။

“ ဪ ငါ က ငါ သေပြီ ထင်လို့ သူတို့ နှစ်ယောက် ဒီလို ဖြစ်ကြတယ် အောက်မေ့ နေတာ ၊ လက်စသတ်တော့ သူတို့ က ငါ ရှိ ကတည်းက တိတ်တိတ်ပုန်း ဖြစ်နေကြတာကိုး ” ဟု အတွေး ပေါ် ကာ တစ်ကိုယ်တည်း ခေါင်း တညိတ်ညိတ် လုပ်မိ တော့၏ ။

ထိုအခါ မောင်ခင်ဦး က

“ အေးနဲ့ ဒီလို လွတ်လွတ်လပ်လပ် ပျော်ချင်လို့ ကိုဦး က ဟို ငထူမ ငထိုင်းမ အဆုံး စီရင်ပစ်ခဲ့တာပဲ ”

ဟု ပြောရာ မစန်းအေး က 

“ အောင်မာ ၊ ဒါကလဲ ဒီက မိအေး က အကြံ ပေးလို့ပါ ။ နို့မို့ရင် အခုထိ ခိုးကြောင် ခိုးဝှက် ဖြစ် နေကြဦးမှာ ”

ဟု ပြော လိုက်လေ၏ ။

“ ဟုတ်ပါရဲ့ ၊ အေး ရဲ့အကြံကလဲ ပိုင်ပါ့ဗျာ ၊ ကိုဦး လုပ်တာကလဲ ပိရိ ပါ့ ၊ အေး ကား ပေါ်က အလျင် ထွက်ကျ ချင်ယောင် ဆောင်တယ် ၊ နောက်မှ ကိုဦး က ကျ လိုက်တယ် ဟို ငထူမ ကတော့ ကားနဲ့ အတူ ချောက် ထဲ ကို ပို့ လိုက်တယ် ၊ ဟဲဟဲ သေပြီး အလောင်း ကို ကျားဆွဲ သွားလို့ အလောင်းတောင် ရှာ မရတော့ဘူး ၊ ဘယ်သူ က မှ လဲ ကိုဦး နဲ့ အေး ကို သင်္ကာမကင်း မဖြစ်တော့ဘူး ”

ဟု မောင်ခင်ဦး က ပြော ပြန်လေ၏ ။

ထိုအခါ လှေကား မှ ချောင်း ၍ နားထောင် နေသော မမယ်ဇယ် သည် မျက်လုံး ပြူး ၍ သွားလေတော့၏ ။

“ ဪ လက်စသတ် တော့ ငါ က မတော်တဆ ဖြစ်တယ် အောက်မေ့တာ သင်းတို့ က ငါ့ ကို သေကြောင်းကြံ တာ ကိုး ” ဟု မမယ်ဇယ် သည် တွေး ရင်း မျက်လုံး ပြူး သွားလေ၏ ။

မောင်ခင်ဦး နှင့် မစန်းအေး တို့ သည် တစ်ဦး နှင့် တစ်ဦး ပွေ့ဖက်ကြပြီး နောက် မစန်းအေး က

“ မမယ်ဇယ် ဆိုတဲ့ ကောင်မ က တော့ သူ့ အဖေ ရေးသွားခဲ့ တဲ့ မှတ်တမ်းကြီး ကို မတွေ့သွား ရရှာဘူး ၊ သူ နဲ့ မထိုက်လို့ပေါ့ နော် ကိုဦး ၊ ဒီ ကောင်မ ဟာ ချမ်းသာဖို့ ကံ မပါဘူးနဲ့ တူပါရဲ့ ”

ဟု ပြော လိုက်ရာ မောင်ခင်ဦး က

“ ဟုတ်တာပေါ့ အေး ရယ် ”

ဟု ပြန်၍ ဖြေ လိုက်လေ၏ ။

မမယ်ဇယ် သည် အထက်ပါ စကား ကို နားထောင်ရပြီး နောက် စိတ် ထဲ တွင် လွန်စွာ နာကျည်းသွား လေတော့၏ ။

“ ဪ သင်းတို့ က ငါ့ အပေါ် မှာ လဲ ရက်စက်ကြ သေးတယ် ၊ ပြီးတော့ ငါ က ပဲ သူဌေး ဖြစ်ဖို့ ကံ မပါဘူးတဲ့ ” ဟု တွေးရင်း ၎င်းတို့ နှစ်ဦး အပေါ် လွန်စွာ နာကျည်း ၍ သွား လေ၏ ။

ထိုအချိန် မှာ ပင် မောင်ခင်ဦး က

“ ဒီ ငထူမ ၊ ငထိုင်းမ နဲ့ တစ်သက်လုံး ပေါင်း နေလို့ မဖြစ်ပါဘူး ၊ ဒါကြောင့်လဲ သူ့ ကို မြန်မြန် ဇာတ်သိမ်း ပစ်လိုက်ရတာပဲ ”

ဟု ပြောဆို လိုက်ရာ မမယ်ဇယ် ၏ စိတ် ၌ မခံချင်မှုများ ပေါ်၍ လာလေတော့၏ ။

“ ဘယ်သူ ထူတယ် ၊ ဘယ်သူ ထိုင်းတယ် ဆိုတာ သိကြသေးတာပေါ့ ” ဟု မမယ်ဇယ် သည် စိတ်ထဲ မှ ကြိမ်းဝါး ၍ လှေကား မှ ဆင်းခဲ့ပြီး နောက် ဝင် ခဲ့သော ပြတင်းပေါက် ကို ကျော် ကာ အပြင်သို့ ထွက်၍ ခွေးတိုးပေါက် မှ တစ်ဆင့် ခြံ အပြင် သို့ သွားလေ တော့၏ ။ ထို့နောက် မောင်ခင်ဦး နှင့် မစန်းအေး တို့ ချစ်ခင်နှီးနှော နေရာ အခန်းပြတင်းပေါက် ကို မော့ ၍ ကြည့် ပြီးလျှင်

“ ဪ ငါ့ ကို ငထူမ ၊ ငထိုင်းမ တဲ့ ၊ သူတို့ ကတော့ ကာမဂုဏ် ရေလျဉ်ကြော မှာ မျောနေကြလေတော့ ရောက် လာတာ တောင် မသိဘူး ၊ တကယ်ကျ တော့ ဘယ်သူ က ထူပြီး ၊ ဘယ်သူ က ထိုင်းသလဲ ၊ သူတို့ အကြောင်းတွေ သူတို့ အကြံတွေ ကို ငါ အကုန် သိခဲ့ရပြီ ၊ ငါ့ အကြောင်း ကို တော့ သူတို့ ဘာမှ မသိကြဘူး ၊ ငါ့ ကို သေသွားပြီ ပဲ မှတ် နေ ကြတာ ၊ ငါ ဟာ မသေသေးဘဲ လူ့ပြည် လူ့လောက မှာ ရှိနေတယ် ဆိုတာ သူတို့ နည်းနည်း ကလေး မှ မရိပ်မိကြဘူး ၊ ဒီတော့ ငါ ဘာလုပ်ရမလဲ ၊ သူတို့ ကို လှလှကြီး လက်စား ချေမယ် ”

ဟု စိတ် တွင်း မှ ကြိမ်းဝါး လိုက်လေ၏ ။ ထိုအချိန် မှာ ပင် ခွေးဝဲစားကလေး သည် မမယ်ဇယ် ၏ ခြေဖမိုး ကို လာရောက် နမ်းရှုပ် ကာ အမြီးကလေး လှုပ်၍ နှုတ်ဆက် လေ၏ ။ ထို့ကြောင့် မမယ်ဇယ် က

“ ခွေးဝဲစား လောက် တောင် ကျေးဇူး မသိတတ်တဲ့ လူ တွေ ခွေးသေ ဝက်သေ သေရစေမယ် ” ဟု စိတ် အတွင်း မှ ကျိတ်၍ ကြိမ်းဝါး ကာ ထိုနေရာ မှ ထွက်ခဲ့လေတော့၏ ။

မှတ်ချက်  ။  ။ မမယ်ဇယ် အိမ် သို့ ပြန်၍ ရောက်သော နေ့ နှင့် မစန်းအေး တို့ မှတ်တမ်းကြီး တွေ့ရှိ၍ ဖတ်ကြသော နေ့ မှာ တစ်နေ့တည်း ဖြစ်၏ ။ မစန်းအေး တို့ စုံတွဲ မှတ်တမ်းကြီး ကို ဖတ် နေကြစဉ် ၌ မမယ်ဇယ် ပြန် ၍ ရောက် လာ၏ ။ ထိုသို့ ရောက်လာပုံ မဖော်ပြသေးဘဲ တောင် ပေါ် မှ ကျသည့် အဖြစ်အပျက် ကို သိရှိ စေလို သဖြင့် အပြည့်အစုံ ဖော်ပြ လိုက်ခြင်း ကြောင့် အချိန်ကာလ ကွာခြား သွားသည် ဟု မမှတ်စေ လို ။

( စာရေးသူ )

◾မင်းသိင်္ခ

📖 မိုးပေါ်မှာ ကြယ်တစ်လုံး

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment