❝ ကြို့ကုန်း ဘက် လူသတ်မှု ❞
( ၂ )
ဟာရှဲလ်ဂြိုဟ် ။ ဤ ဂြိုဟ် ကို အက်ဖ်ဒဗလျူ ဟာရှဲလ် ဆိုသူ နက္ခတ်ဆရာ တစ်ဦး ( ၁၈ . ၇ . ၁၃၁၃ ) ရက် နေ့ တွင် တွေ့ရှိခဲ့သည် ။ တတိယမြောက် ဂျော့ဘုရင် ကိုယ်တိုင် ဝင်ဆာရဲတိုက် တောင် ပေါ် မှ မှန်ပြောင်း ဖြင့် ကြည့်ရှုခဲ့လေရာ ကောင်းစွာ မြင်ရလေသည် ။ ထို့ကြောင့် တွေ့ရှိသူ နက္ခတ်ဆရာ အက်ဖ်ဒဟာရှဲလ် အား နိုက်ဘွဲ့ထူး ကို ချီးမြှင့် ခဲ့လေ၏ ။ ထို ဂြိုဟ် ၏ အခြား အမည် မှာ ယူရေးနပ်စ် ဟူ ၍ ဖြစ်၏ ။
ထို ဂြိုဟ် သည် နေမင်း မှ မိုင် သန်းပေါင်း ( ၁၈၀၀ ) ခန့် ဝေးသည် ။ ၎င်း အချင်း သည် မိုင်ပေါင်း ၃၄၂၁၇ သန်း ရှိ၏ ။ ကျွန်ုပ် တို့ နေထိုင်သော အပ် ခေါ် ကမ္ဘာကြီး ထက် အဆပေါင်း ခြောက်ဆယ် ပို၍ ကြီး ပြီး လျှင် တစ်ဆယ့်ငါး ဆ ပို၍ လေး၏ ။ ထို ဂြိုဟ်တွင် ကျွန်ုပ် တို့ ကမ္ဘာ ကဲ့ သို့ လ တစ်စင်း တည်း မဟုတ် လေးစင်း ရှိ၏ ။ ထို ဟာရှဲလ်ဂြိုဟ်ကြီး သည် နေ ကို တစ်ပတ် ပတ် မိရန် အတွက် ၈၅ နှစ် ခန့် အချိန် ယူ ရလေ၏ ။ ၎င်း ၏ အရောင် မှာ အစိမ်းရင့်ရောင် ရှိ၏ ။ ကျွန်ုပ်တို့ အသုံးပြုသော ၁၂ ရာသီ ခွင် တွင် ပြောင်းပြန် သွားသော ဂြိုဟ်ကြီး လည်း ဖြစ်၏ ။
အကယ်၍ ဟာရှဲလ်ဂြိုဟ် ၌ လူ သတ္တဝါ ရှိခဲ့ လျှင် ထိုသူတို့ အဖို့ အနောက် မှ နေ ထွက်၍ အရှေ့ မှ နေ ဝင် ခြင်း ကို တွေ့ ရပေလိမ့်မည် ။
ဤ ဂြိုဟ် နှင့်ပတ်သက်၍ ကျွန်ုပ် တို့ ကမ္ဘာဂြိုဟ် မှ ဗေဒင်ဆရာ အချို့သည် ဗေဒင် ဟောခြင်း ၌ ထည့်သွင်း အသုံးပြုလေ၏ ။ ဥပမာ လဂ် ၏ ( ၇ ) တန့် ၌ ဟာရှဲဂြိုဟ် ရှိ ၍ ထို ဂြိုဟ် ကို အခြားသော ဂြိုဟ် တစ်လုံး လုံး က မကောင်းသော အမြင် နှင့် မြင်ခဲ့ပါ လျှင် ၊ ထို ဇာတာရှင် သည် အိမ်ထောင် ကျ ပြီးနောက် ကြွေးရှင် တို့ က နားပူ နားဆာ လာ ၍ လုပ်ကြသောကြောင့် အိမ်ထောင်သုခ ကို ကောင်းစွာ မခံစားရဘဲ ကြွေး ဝိုင်း နေရခြင်း ဖြင့် သာ လျှင် နှမြောစရာ ကောင်းသော အချိန် များ ကုန် စေအံ့ ။
ကျွန်ုပ် သည် ထို စာ ကို ဖတ် ပြီးနောက် ပြုံး မိလေ၏ ။ ထို့နောက် ကျွန်ုပ် တို့ စီအိုင်ဒီ ရုံး မှ စာရေးကြီး ကိုဖိုးထောင် ၏ မျက်နှာ ကို လည်း ပြေး၍ မြင်ယောင် မိလေတော့၏ ။
ထို စာရေးကြီး သည် မင်္ဂလာ ဆောင် ပြီး လျှင် ပြီးချင်း လက်ဖွဲ့ ရရှိသော ငွေများ မှ ကြွေးဆပ်ပါမည် ဟု ကတိ ပေးကာ ကြွေး ယူ ၍ မင်္ဂလာ ဆောင်၏ ။ သို့ရာတွင် ၎င်း မျှော်လင့် ထားသည့် အတိုင်း လက်ဖွဲ့ငွေများ မရ သဖြင့် ကြွေး မဆပ်နိုင်ဘဲ ရှိ လေ၏ ။
ကြွေးရှင်များ လည်း မင်္ဂလာ ဆောင် ၍ ပြီးလျှင် ပြီးချင်း ရောက်ရှိလာကြမည် ဖြစ်ရာ ၎င်း သည် မင်္လာဆောင် ၌ သတို့သမီး သတို့သား ပွဲ ထုတ်ပြီးသည့် အချိန်မှ စ ၍ တစ်ချိုး တည်း လစ် လေတော့၏ ။ တစ်လခန့် ကြာမှ ငွေ အချို့ ရှာဖွေ ရရှိ သဖြင့် အိမ် သို့ ပြန် ရဲ လေတော့၏ ။ မင်္ဂလာ ဆောင်ပြီး သတို့သမီး နှင့် စက်ရာခန်း သို့ မဝင်ရဘဲ ကြွေးပူ ၍ ရှောင်တိမ်း ထွက်ပြေး ခဲ့ရသော စာရေးကြီး အား ဟာရှဲလ်ဂြိုဟ်ကြီး သည် ကောင်းစွာ နှိပ်စက် ထားပေလိမ့်မည် ဟု တွေး မိလေတော့၏ ။
ထို့နောက် ကျွန်ုပ် သည် နံရံ မှ ခွာ၍ လျှောက် ကြည့်ရာ တစ်နေရာ တွင် အမိုး မှ နေရောင်ခြည်တန်း တစ်ခု သည် စားပွဲခုံ ပေါ် သို့ ထိုး၍ နေသဖြင့် ထို စားပွဲ ဆီ သို့ လျှောက် ၍ သွားရာ စားပွဲပေါ် ၌ စက်နာရီ တစ်လုံး ၊ ရှေးမြန်မာမင်း လက်ထက် လောက် က အသုံး ပြုသော ရေနာရီ တစ်လုံး ၊ ရှေးခေတ် အီဂျစ်လူမျိုးများ အသုံးပြုသော သဲနာရီ တစ်လုံး နှင့် နေနာရီ တစ်ခု ကို တွေ့ ရလေ၏ ။ နေနာရီ ဆိုသည်မှာ ပျဉ်ချပ် ပေါ် တွင် နာရီ နံပါတ်များ ရေး ၍ ထားလေ၏ ။ အလယ် ၌ တုတ်ချောင်းကလေး စိုက်၍ ထား၏ ။ ထို တုတ်ချောင်းကလေး သည် နေရောင် ကြောင့် အရိပ် ဖြစ် ပေါ်၏ ။ ထို အရိပ် သည် နာရီ နံပါတ်များ ပေါ် သို့ ကျရောက် ညွှန်ပြလေ၏ ။ ကျွန်ုပ် သည် နေနာရီ ကို ကြည့် လိုက်ရာ နံနက် ၁၁ နာရီ တိတိ ကို ညွှန်ပြ နေသည် ကို တွေ့ရသဖြင့် စက်နာရီ ကို ကြည့် လိုက်ရာ စက်နာရီ မှာ လည်း ၁၁ နာရီ တိတိ ထိုး နေကြောင်း တွေ့ရလေတော့၏ ။
ထို့ကြောင့် ကျွန်ုပ် ၏ စိတ် တွင် နေနာရီ က လည်း စက်နာရီ လို အားကိုး ရတာ ပါပဲလား ” ဟု အောက်မေ့ မိလေတော့၏ ။
ထို့နောက် နေရောင်ခြည် ကျသော အပေါက် ကို မော့၍ ကြည့်ပြီး လျှင်
“ အင်း တစ်ခု တော့ ရှိတယ် ၊ နေရောင် မရှိတဲ့ ည အခါ ဆိုရင်တော့ ဒီ နာရီ ဟာ ဘာမှ အသုံး ဝင်မှာ မဟုတ်ဘူး ၊ ည ပါ သုံးလို့ ရရင်တော့ သိပ် ကို ကောင်းမှာပဲ ” ဟု စိတ် ထဲ ၌ တွေးမိသည့် အချိန် မှာ ပင် ဆားပုလင်းနှင်းမောင် ၏ အသံ သည် ကျွန်ုပ် ၏ နောက်ဘက် ဆီ မှ ထွက် ပေါ် လာ လေ၏ ။
“ မဖြစ်နိုင်တာဘဲ အိုင်ပီ ရယ် ၊ နေ နာရီ ဆိုတာ နေ ရှိမှ အသုံး ပြုလို့ ရမှာပေါ့ဗျာ ညဘက် မှာ ဘယ်လို မှ သုံးလို့ မရဘူး ၊ ပြီးတော့ မိုးတွင်း အခါ နေ မသာဘဲ မိုး တွေ ရွာ မိုးတွေ အုံ့ နေတဲ့ အခါမျိုးမှာလဲ သူ့ ကို သုံးလို့ မရဘူး ၊ ဒါကြောင့် ရေနာရီ တို့ ၊ သဲနာရီ စက်နာရီ တို့ ပေါ် လာ ရပြန်တာပေါ့ ”
ဟု ပြော လိုက်လေတော့၏ ။
ကျွန်ုပ် သည် လွန်စွာ အံ့အား သင့်၍ သွား လေတော့၏ ။
“ ဒီ နာရီ ဟာ ညဘက် ဆိုရင် ဘာမှ အသုံးဝင်မှာ မဟုတ်ဘူး ” ဟု ကျွန်ုပ် ၏ စိတ် တွေး ထင် ခြင်းသာ လျှင် ဖြစ်၏ ။ ဤသည် ကို ပင် ဆားပုလင်းနှင်းမောင် သည် သိ ၍ နေ၏ ။
ထို့ကြောင့်
“ ဘယ်လိုလဲ အိုင်ဆေး ၊ ပရစိတ္တ ဝိဇာနာယ အဘိညာဉ် ဆိုတာ များလား သူတစ်ပါး ရဲ့ စိတ် အကြံ ကို တောင် သိ နေမှကိုး ”
ဟု ပြော လိုက်မိလေတော့၏ ။
“ အဘိညာဉ် ထိအောင် မစဉ်းစားပါနဲ့ဗျာ ၊ ကျုပ် မရပါဘူး ၊ နောင် တစ်ချိန် စီအိုင်ဒီ က အနားယူ ပြီး ရင်တော့ ဟိမဝန္တာ မှာ သွားပြီး ကျင့်မယ် လို့ တော့ စိတ်ကူး ထား ပါတယ် ၊ အဲဒီ အခါ မှာ တော့ အိုင်ပီ ပြောတဲ့ အဘိညာဉ် ဆိုတာ ရ ချင်လဲ ရ မယ်ပေါ့ အခုဟာ က တော့ စိတ် ကို ရုပ် မှာ ကြည့်ပြီး အကဲ ခတ် တာပါဗျာ ၊ ခင်ဗျား ဟာ ပထမ နေနာရီ ကို ကြည့် လိုက်တယ် ၊ ပြီးတော့ စက်နာရီ ကို ကြည့် လိုက်ပြန်တယ် ၊ အချိန်ကိုက် နေတာ ကို တွေ့ ရတော့ နေနာရီ ကို စိတ်ထဲ က ချီးမွမ်း လိုက်တယ် ၊ နေနာရီ ဟာ လဲ စက်နာရီ လို ပဲ အားကိုးလောက်ပါလား လို့ တွေးမိပြီး ၊ ခေါင်း ကို တဆတ်ဆတ် ညိတ် လိုက်တယ် ၊ ပြီး နေနာရီ ပေါ် ကို ကျ နေတဲ့ အလင်းရောင် ကို မော့ ပြီး ကြည့် လိုက်ပြန်တယ် ၊ အဲဒီ အခါမှာ နေရောင် ရှိတဲ့ အချိန်တော့ ဟုတ်တာပေါ့ ၊ နေရောင် မရှိတဲ့ ညအခါ ဆိုရင် နေနာရီ ဟာ လုံးဝ အသုံး ဝင်တော့မှာ မဟုတ်ဘူး လို့ တွေး မိပြန်တယ် ၊ အဲဒီအခါ မှာ ခေါင်း ကို ဖြည်းဖြည်းကလေး ခါ လိုက်တယ်လေဗျာ ”
ဟု ဆားပုလင်း နှင်းမောင် က ရှင်း ပြလိုက်ရာ ကျွန်ုပ် သည် ၎င်း ၏ ဉာဏ် သွားပုံ အကဲခတ် ကောင်းပုံ တို့ ကို ချီးမွမ်း ရ ပြန် လေ၏ ။ ထို့နောက် ကျွန်ုပ် က ဉာဏ် စမ်း လိုသေးသည့် သဘော နှင့် ကြယ်တာရာများ ရေး ထားသည့် နံရံ ဘက် သို့ လှည့်၍ တစ်စုံတစ်ခု မေးမည် ဟု ပါးစပ် ပြင် လိုက်ရာ ဆားပုလင်းနှင်းမောင် က
“ ဘာလဲ အိုင်ပီ ၊ ဟို နံရံက ကြယ်တာရာတွေ ကြည့်ပြီး ဘယ်လို စိတ်ကူး ပေါ်ခဲ့တယ် ဆိုတာ ကျုပ် ကို မေး မလို့လား ၊ မမေး နဲ့ အိုင်ပီ ၊ ဟာရှဲလ်ဂြိုဟ် အောက် က စာ ကို ဖတ် ပြီးပြီးချင်း ခင်ဗျား ဟာ ရုံးစာရေးကြီး ကိုဖိုးထောင် ကို ပြေး ပြီး သတိ ရ လို့ ပြုံးမိ သေးတယ် မဟုတ်လား ”
ဟု ကြိုတင်၍ ပြော လိုက်လေတော့၏ ။
“ နိုင်ငံခြား မှာ ခေတ်စား နေတဲ့ “ ကလဲဗိုရင့် ” ခေါ်တဲ့ စိတ်မျက်စိ ပညာရှင်မျိုး တောင် ခင်ဗျား ရဲ့ “ အတွေးမျက်စိ ” ကို မီ မှာ မဟုတ်ဘူး ”
ဟု ကျွန်ုပ် က ပြော မိလေတော့၏ ။
“ အတွေး မျက်စိ မဟုတ်ဘူး ၊ ဉာဏ် မျက်စိ ၊ ညာဏစက္ခု ဗျ ၊ ညာဏစက္ခု ဘယ်အချိန် မှာ ပွင့် သလဲ ဆိုရင် ကြောင်းကျိုး ဆက်စပ်ယူ တဲ့ အချိန်မှာ ပွင့် တာ ပေါ့ဗျာ ၊ ကြောင်းကျိုးဆက်စပ် ယူတတ်ခြင်း ဟာ ဘယ်အချိန် ဖြစ်တတ်သလဲ ဆိုရင် အကြောင်း ချည်း သတ်သတ် ၊ အကျိုးချည်း သတ်သတ် မစဉ်းစားဘဲ အဲဒီ နှစ်ခု ကို ကျကျနန အောင်သွယ် လုပ်ပြီး ပေးစားတတ်တဲ့ အခါမျိုးမှာ ဖြစ်ပေါ်တတ်တာပေါ့ဗျာ ၊ အကျိုးတရား တစ်ခု တွေ့ တာနဲ့ သူ နဲ့ ပေးစားနိုင်မယ့် အကြောင်းတရား ကို ရှာဖွေ နိုင်ရမယ် ၊ ရှာဖွေ ပြီးရင် ပထမ စေ့စပ်ကြောင်းလမ်း ရ မယ် ၊ အဲဒီမှာ တစ်ဘက်ဘက် က ငြင်းမယ် ဆိုရင် ခွာ ပေတော့ ။ မင်္ဂလာ ဆောင် လို့ မရတော့ဘူး ၊ နှစ်ဘက် စလုံး က သဘော တူ ရင်တော့ အဲ့ဒီ အကြောင်းတရား နဲ့ အကျိုးတရား ကို မြန်မြန် ပေးစား လိုက်ပေတော့ ၊ အဲဒီမှာ သူတို့ က သားသမီးတွေ မွေး ပေးလိမ့်မယ် ၊ အဲဒီလို မွေး ပေးတဲ့ သားသမီးတွေ ဟာ ကျုပ်တို့ လိုချင်တဲ့ အဖြေ ဆိုတဲ့ သားသမီး တွေ ပဲ ”
ဟု ဆားပုလင်း နှင်းမောင် က ပြောလိုက်လေ၏ ။
ထို့နောက် ဆားပုလင်းနှင်းမောင် သည်
“ လာဗျာ ၊ အောက်ထပ် ကို ဆင်းကြဦးစို့ ၊ အပေါ်ထပ် က တော့ လုံလောက်ပါပြီ ”
ဟု ပြောဆိုကာ လှေကား မှ ဆင်း၍ သွားသဖြင့် ကျွန်ုပ် လည်း နောက် မှ လိုက်၍ ဆင်းခဲ့လေ၏ ။ အောက်ထပ် တွင် ကား ဂါတ်တဲ မှ ဌာနာအုပ် နှစ်ဦး ၊ ကျွန်ုပ်တို့ စီအိုင်ဒီ မှ စုံထောက်ကြီး လေးဦး တို့ သည် လူသေအလောင်းကြီး ကို ဝိုင်းပတ်၍ ထိုင်ကာ ငြင်းခုံ ပြောဆို နေကြလေ၏ ။
ကျွန်ုပ်တို့ ဆင်း လာသည် ကို မြင် လျှင် ဦးကိုကိုကြီး က
“ ဦးအောင်သင်း ရေ ၊ အခုလို ကျုပ်တို့ ခြောက်ယောက် အလောင်းကြီး ဘေး မှာ ဝိုင်း ထိုင်ပြီး ငြင်းခုံ နေကြတာ ဘာ နဲ့ တူသလဲဗျာ ”
ဟု မေး လိုက်လေ၏ ။
ကျွန်ုပ် က ...
“ ဘာနဲ့ တူတယ် လို့ မပြောတတ်ပေါင်ဗျာ ”
ဟု ပြန် ၍ ပြော လိုက်ရာ ဦးကိုကိုကြီး က
“ အဖေကြီး သေတာ ကို အမွေ ခွဲ မလို့ ရောက် နေတဲ့ သား ခြောက်ယောက် နဲ့ မတူဘူးလားဗျာ ၊ ကျုပ် က ဒီ အထဲ မှာ အကြီးဆုံး သားကြီး သြရသ ၊ ကိုတင်ဝင်း က ဒီ အထဲ မှာ သားအထွေးဆုံး ပေါ့ ဗျာ ”
ဟု ပြော လိုက်ရာ “ ဝါးခနဲ ” သံပြိုင် ရယ်မောကြလေ၏ ။
ထိုအခါ ဘိလပ်ပြန် ဆရာစိန် က ...
“ အဖေ သေတာ အမွေ ခွဲဖို့ ရောက် နေတဲ့ သားတွေ နဲ့ ဒါလောက် မတူဘူးဗျ ။ လူသား စား တဲ့ လူရိုင်းတွေ အလောင်းကြီး ကို ဖဲ့ ပြီး စားမလို့ ဝိုင်းအုံ ကြည့် နေတာနဲ့ တူတယ်ဗျ ။ ခင်ဗျား က လူရိုင်းကြီး နဲ့ ပိုလို့တောင် တူသေးတယ် ”
ဟု ပြော လိုက်ရာ ထပ်မံ၍ ရယ် ရ ပြန်သေးတော့၏ ။
ထို့နောက် ဂါတ်တဲ မှ ဌာနာအုပ် နှစ်ဦး သည် ဆားပုလင်းနှင်းမောင် ထံ သို့ ထ လာ ပြီးလျှင် ဆားပုလင်းနှင်းမောင် နှင့် မိတ်ဆက် လေ၏ ။
“ ကျွန်တော် က ဌာနာအုပ် မောင်အေးသောင်း ပါ ၊ ဟောဒါ က ဌာနအုပ် မောင်မောင်လှ တဲ့ ၊ ကျွန်တော်တို့ အနေနဲ့ လဲ ဒီ အမှု ကို ပေါ်အောင် ဖော် နိုင်ပါတယ် ။ ဒီထက် မက တဲ့ အမှုတွေ လဲ ကျွန်တော် တို့ နည်း ကျွန်တော်တို့ ဟန် နဲ့ ဖော်ခဲ့ကြတာပဲ ။ ဒါပေမဲ့ ဒီ တစ်ခါတော့ စီအိုင်ဒီ က ဆရာတွေ လုပ်ပုံကိုင်ပုံ ဟာ ကျွန်တော် နဲ့ ဘာများ ထူး သလဲလို့ သိ ချင်လို့ ဟောဒီ ကိုမောင်မောင်လှ က စီအိုင်ဒီ ကို အကြောင်း ကြားစမ်းပါ ၊ ကြားစမ်းပါ ၊ တဖွဖွ ပြောလွန်းလို့ အကြောင်း ကြား လိုက်တာပါ ၊ ဟောဒီ စီအိုင်ဒီ က ဆရာတွေ စဉ်စားပုံ ၊ ထင်မြင်ချက် ပေးပုံတွေ ကို လဲ ကြားရပါပြီ ။ ကျွန်တော်တို့ ဘာမျှ မထူးပါဘူး ၊ အသတ် ခံရတဲ့ လူ ရဲ့နာရီ ကို စဉ်းစားတာလဲ ကျွန်တော်တို့ နဲ့ တစ်ထပ်တည်း တူပါတယ် ၊ လည်ပင်း ညှစ်ပြီး အသတ် ခံ ရတယ် ဆိုတာ ဟာ လဲ ကျွန်တော်တို့ နဲ့ ခပ်ဆင်ဆင် တူ ပါတယ် ၊ ကြောက်စရာ လန့်စရာ ကို မြင်လို့ လန့်ပြီး လဲ သွားတယ် ဆိုတာလဲ ကျွန်တော် တို့ နဲ့ တူ တာပါပဲ ”
ဟု ကိုအေးသောင်း က ရှည်လျားစွာ ပြော လိုက်လေ၏ ။ ထိုအခါ ဆားပုလင်းနှင်းမောင် က
“ အတော်ကလေး အလုပ် လုပ်ပြီးကြမှ ကိုး ၊ ဌာနာအုပ်ကြီး ပြောတာ မှန်ပါတယ် ၊ စီအိုင်ဒီ က လူတွေ ဟာ လဲ ခင်ဗျားတို့ နဲ့ ဘာမှ ပိုပြီး မထူးပါဘူး ၊ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ လဲ လူတွေ ပဲ ဗျာ ၊ မိုး ပေါ် က ကျ လာတာတွေ မှ မဟုတ်ဘဲ ၊ လူတွေ ဟာ လူတွေ လို ပဲ စဉ်းစား ကြပေမပေါ့ ၊ နေစမ်းပါဦး ၊ တစ်ဆိတ်လောက် အလောင်း ကို ကြည့်ပါရစေဦး ”
ဟု ပြောဆို ကာ ဆားပုလင်းနှင်းမောင် သည် ဦးကိုကိုကြီး အနီး မှ ဝင်ကာ အလောင်း ၏ နံဘေး ၌ ဒူးထောက် ၍ ထိုင် လိုက်လေ၏ ။
ထိုအခါ ဦးကိုကိုကြီး က
“ အမွေ တောင်းမယ့် သား တစ်ယောက် တိုး လာပြန်ပြီ ၊ သူ က အဝေးရောက် နေလို့ သူ့ ကို သံကြိုး ရိုက်ပြီး ခေါ်ရတာ ၊ အခုမှ ရောက် လာ ရှာတယ် ”
ဟု နောက် လိုက်ရာ ကျွန်ုပ်တို့ လည်း ရယ်မော ကြရပြန်လေ၏ ။
ဆားပုလင်းနှင်းမောင် သည် အလောင်းကြီး ကို သေချာစွာ ကြည့် လိုက်လေ၏ ။ ကျွန်ုပ်လည်း ယခု အခါ မှ ပင် အလောင်း ၏ မျက်နှာ ကို ဂရုစိုက် ကြည့် မိလေ၏ ။ တရုတ်လူမျိုး တစ်ဦး ဖြစ်ကြောင်း ထင်ရှား လှပေ၏ ။ သေဆုံးသူ ၏ မျက်နှာ သည် ဓာတ်ပုံ ရိုက်ခါနီး ၌ ဓာတ်ပုံ ဆရာ က “ ပြုံးပြုံးကလေး နေ နော် ” ဟု သတိ ပေး သဖြင့် ပြုံးပြ နေသော အမူအရာမျိုး နှင့် တူ လေ၏ ။ ညီညာဖြူဖွေးလှသော သွားများ ပေါ်၍ နေလေ၏ ။
မျက်လုံး သာ မပြူး ပါ လျှင် ဓာတ်ပုံ အရိုက် ခံရန် အကောင်းဆုံး အပြုံး ဟု ဆိုရပေမည် ။ ဦးကိုကိုကြီး သည် ဆားပုလင်းနှင်းမောင် အား အောက်ပါ အတိုင်း ပြော လိုက်လေ၏ ။
“ အ,သတ် ခံရတဲ့ လူ ဟာ ကျေကျေနပ်နပ်ကြီး ကို အ,သတ် ခံရတဲ့ လူ ဗျာ ၊ ပြုံး နေ ပုံ ဟာ ကျေနပ် နေကြောင်း ဖော်ပြ နေတာပဲ ”
ထိုအခါ ဆားပုလင်းနှင်းမောင် က
“ ဦးကိုကိုကြီး ပြော သလို အသ,တ် ခံရမယ့် ကိစ္စ မှာတောင် ဒါလောက် ကျေကျေနပ်နပ်ကြီး ပြုံး နေ ရင် မင်္ဂလာ ဆောင်တဲ့ အချိန် တုန်း က ဘယ်လိုများ ပြုံး ပါ့မလဲ ။ ဒီထက် ပိုပြီး ပြုံးစရာ လဲ တတ်နိုင်မယ် မထင်တော့ပါဘူး ၊ လောက မှာ ပြုံးပြုံးကလေး သေ ဖို့ ဆို တာ မလွယ်ဘူးဗျ ။ ရှေး က တေးထပ် တစ်ခု မေ့ နေပြီ ထင်တယ် ၊ မချိလို့ သွားဖြဲ တာ ကို ရယ်သလား လို့ မေးကြတယ် ဆိုတဲ့ တေးထပ် လေ ဗျာ ၊ အခုလဲ ဒီ အတိုင်းပဲ ဗျ ၊ ပြုံးပြနေတာ မဟုတ်ဘူး ၊ မချိမဆံ့ ဝေဒနာ ခံစားရလွန်း လို့ အကြောတွေ တအား ရုန်း လာပြီး သွားချင်း ကြိတ်ပြီး ပါးစပ် ပြဲ သွားတာ ၊ ခင်ဗျား တို့ ကို ပြုံးပြ နေတာ မဟုတ်ဘူး ”
ဟု ပြော ဆိုကာ မျက်နှာ သစ်သော ကြွေဇလုံ အနီးသို့ လျှောက် သွား ပြီးလျှင် ကြွေဇလုံ အနီး ရှိ ခွက် ထဲ တွင် စိုက် ထားသော ဘီး တစ်ချောင်း ကို ယူ၍ အလောင်း ဆီ သို့ ပြန် လာကာ အလောင်း ၏ ဦးခေါင်း မှ ဆံပင်များ ကို ဘီး ဖြင့် ဖြီး ပေး လေတော့၏ ။
ထိုအခါ ဦးကိုကိုကြီး က
“ တရား နဲ့ ဖြေပါ ကိုနှင်းမောင် ရယ် ၊ သေပြီး မှ တော့ အလှပြင် ပေး မနေပါနဲ့ဗျာ ၊ ခေါင်း ပဲ ဖြီး ပေးပေး ၊ မျက်နှာ ကို ပေါင်ဒါ ပဲ ရိုက်ပေးပေး ၊ မထူးတော့ပါဘူး ”
ဟု ပြော လိုက်လေ၏ ။
ဆားပုလင်းနှင်းမောင် သည် လူသေ ၏ ဦးခေါင်း အား ဘီး ဖြင့် ဖြီး လိုက်ရာ ဘီး သည် ငယ်ထိပ် သို့ အရောက်တွင် တန့်ရပ် ၍ သွားသဖြင့် ဆံပင် ကို လက် ဖြင့် ခွဲ ရှာ လေတော့၏ ။
“ ဘယ်လိုလဲ အိုင်ဆေး ၊ သန်း ရှာ ပေး မလို့လား ”
ဟု ဦးကိုကိုကြီး က နောက် လိုက်လေ၏ ။
ကျွန်ုပ်တို့ သည် ဦးကိုကိုကြီး ၏ စကား ကြောင့် ရယ်မည် လုပ်ပြီး ခါ မှ မရယ်ဖြစ်ဘဲ ရှိကြလေ၏ ။
အဘယ့်ကြောင့် ဆိုသော် ဆားပုလင်းနှင်းမောင် သည် လူသေ ၏ ဆံပင် အတွင်း မှ ဦးခေါင်းခွံအရိုး တိုင်အောင် စူး ဝင် နေသော ဆူး တစ်ချောင်း ကို နုတ်ယူ လိုက်သောကြောင့် ဖြစ်၏ ။
“ ဒီ ဆူးကြောင့် သေ တာဗျ ”
ဟု ဆားပုလင်းနှင်းမောင် က ပြော လိုက်လေ၏ ။
ထိုအခါ ဦးကိုကိုကြီး က
“ ဆူး စူး လို့ သေတဲ့ မသာ ဆို လို့ ဒီတစ်ခါပဲ မြင်ဖူးပါတယ်ဗျာ ”
ဟု ပြော လေ၏ ။
“ ရိုးရိုးဆူး မဟုတ်ဘူးဗျ ၊ အဆိပ်ဆူး ”
ဟု ဆားပုလင်းနှင်းမောင် က ပြော ဆို၍ ၎င်း ၏ အိတ်ကပ် တွင် ပါသော သံဘူးကလေး အတွင်း သို့ ထို ဆူးကလေး ကို ထည့်၍ သံဘူး အား ကျွန်ုပ် ကို လှမ်း၍ ပေး လိုက်လေတော့၏ ။
ကျွန်ုပ်လည်း ၎င်း သံဘူးကလေး ကို သိမ်းဆည်း ထားလိုက် လေတော့၏ ။ ထို့နောက် ဆားပုလင်းနှင်းမောင် သည် အလောင်းကြီး ၏ အနီး မှ ထ ခဲ့ပြီး လျှင် အခန်း ၏ ပတ်ပတ်လည် သို့ လျှောက်၍ ကြည့်ရာ အလယ် တွင် စားပွဲ တစ်လုံး ထား၍ စားပွဲ ၏ ဟိုဘက် ဒီဘက် တွင် ကု,လားထိုင် တစ်လုံး စီ ချ ထားသည် ကို တွေ့ရလေ၏ ။ ထို စားပွဲ ပေါ် ၌ ကား စာအုပ် အချို့ နှင့် စာရေးစက္ကူများ ၊ ခဲတံများ ကို တွေ့ ရလေ၏ ။
တစ်ခုသော ကု,လားထိုင် နှင့် နီးသည့် အခန်းထောင့်ချိုး နံရံ ၌ မူ လမ်း လျှောက် ရာ တွင် အသုံးပြုသော တုတ်ကောက် တစ်ချောင်း ကို တွေ့ရလေ၏ ။
ဆားပုလင်းနှင်းမောင် သည် ထို တုတ်ကောက် ကို ကောက်ယူ ၍ ကု,လားထိုင် ၌ ဝင်၍ ထိုင်ကာ တုတ်ကောက် အား စောစော က အခန်းထောင့် နေရာ ၌ ထိုင်လျက် အနေအထား မှ လှမ်း၍ ထောင် ကြည့် လိုက်လေ၏ ။
ဤသည် ကို ကျွန်ုပ် ကောင်းစွာ ရိပ်စားမိပါသည် ။ ထို ကု,လားထိုင် မှ ထိုင်လျက် တုတ်ကောက် ကို နံရံ ၌ ထောင်၍ ရ မရ သိရှိ နိုင် ရန် စမ်းသပ်လိုက်ခြင်း ဖြစ်ပေသည် ။
ထို့နောက် ဆားပုလင်းနှင်းမောင် သည် တုတ်ကောက် ကို ပြန်၍ ယူကာ သေချာ စွာ ကြည့်ရှု လေ၏ ။ တုတ်ကောက် ၏ လက်ကိုင် ကို ကြည့်ရှု လေ၏ ။ စိန် ဝယ်မည့် သူ သည် ပင် လျှင် သူ ဝယ်ယူ မည့် စိန် အား အနာအဆာ ပါခြင်း ရှိ မရှိ ကြည့်ရှုရာ၌ ဆားပုလင်းနှင်းမောင် ယခု တုတ်ကောက် ကို ကြည့် သကဲ့သို့ စေ့စပ်သေချာခြင်း ၌ လည်းကောင်း ၊ အချိန် ယူခြင်း ၌ လည်းကောင်း မီ လိမ့်မည် မဟုတ်ပေ ။
၎င်း သည် တုတ်ကောက် ကို ဖင်ပြန် ခေါင်းပြန် ကြည့်ရှု လေ၏ ။ တုတ်ကောက် ၏ လက်ကိုင် ကို ကြည့်ရှု လေ၏ ။ တုတ်ကောက် ၏ ထိပ်တွင် တပ်ထားသော “ အခွေး ” ခေါ် ဆားကွင်း အား ကြည့်ရှုပြန်၏ ။ ထို့နောက် မောင်းချဓား ကို ထုတ်၍ ကြေးကွင်း ရှိ အညစ်ကြေးများ ကို ကော် ၍ စက္ကူ ပေါ် သို့ ချကာ ကြည့်ရှုလေ၏ ။ ထို့နောက် လက်ကိုင် နှင့် တုတ်တံ ဆက်၍ ထားသော နေရာ ကို ကြည့်ရှု ပြန်၏ ။ မောင်းချဓား ဖြင့် ကော်၍ ကြည့် ပြန်၏ ။ ပြီးလျှင် လက်ကိုင်နှင့် တုတ် အဆက် တွင် ကွပ် ထားသော သတ္တုကွင်း ကို ဓား ဖြင့် ခြစ်၍ ကြည့်၏ ။ ထို ကွင်း အနီး အသား တွင် မြှုပ်၍ ရိုက်ထားသော ( KW ) ဆိုသည့် သတ္တုစာလုံး ကို အနည်းငယ် ကော်၍ ကြည့် ပြန်၏ ။
ထို့နောက် ဆားပုလင်းနှင်းမောင် သည် ၎င်း အလွန် ကြိုက်သော ဂလေဇီယာ ရေခဲတောင်တံဆိပ် စီးကရက် ကို ထုတ်၍ မီးညှိ ဖွာရှိုက် ရင်း ကျေနပ်စွာ ပြုံး လိုက်ပြီး လျှင်
“ တော်တော် ကောင်းတဲ့ အမှုကလေးပဲ ဗျ ၊ ဒီ မိုးတွင်း အတွက် အပျင်း ဖြေစရာကလေး တစ်ခု ပါပဲ ၊ လူသ,တ်သမား ဟာ ဉာဏ် မသေးလှဘူးဗျ ။ ကြောက်ဖို့ လဲ သိပ်ပြီး ကောင်းတယ် ”
ဟု ပြော လိုက်လေ၏ ။
ထိုအချိန်၌ စုံထောက် ကိုစိန်လှ ၊ ကိုအောင်မြင့် ၊ ကိုတင်ဝင်း နှင့် ဌာနာအုပ် မောင်မောင်လှ တို့ သည် လူသတ်မှု အကြောင်း ကို ထင်မြင်ချက်များ ပွက်လော ရိုက်အောင် ပြောဆို နေကြပြန်၏ ။
ဆားပုလင်းနှင်းမောင် သည် ကု,လားထိုင် တွင် ထိုင်၍ နေရာမှ တစ်စုံတစ်ခု ကို သတိရသည့် အလား “ ဖြုတ်ခနဲ ” ထ ၍ ဖိနပ်စင် သို့ သွား ပြီးလျှင် ဖိနပ်များ ကို လှန်၍ ကြည့်လေ၏ ။ ထိုသို့ ကြည့်ပြီး နောက် အလောင်း အနီး သို့ ပြန်၍ လာကာ စီးကရက် သောက် ရင်း စဉ်းစား နေပြန်၏ ။ ထိုအချိန် ၌ စုံထောက် ကိုတင်ဝင်း က
“ ကျုပ် ကတော့ အရပ်လူကြီး အိမ် ကို ပထမဆုံး ဒီ အိမ် မှာ လူ သေကြောင်း လာပြီး တိုင်တဲ့ နွားနို့ကုလား ကို ဖမ်း ရမှာပဲ ၊ အမှု ဆိုတာ ချည်မျှင် ရှင်းသလိုပဲ ၊ ရတဲ့အမျှင် က စပြီး ရှင်းရမယ် ”
ဟု ပြော လိုက်ရာ ဌာနာအုပ် မောင်မောင်လှ က
“ မှန်ပါတယ် ဦးတင်ဝင်း ၊ အဲဒါ ထုံးစံပါပဲ ၊ ကျွန်တော်တို့ နွားနို့ကု,လား ကို ဖမ်း ထားပြီးပါပြီ ”
ဟု ထောက်ခံ လိုက်လေ၏ ။ ထိုအခါ ဦးကိုကိုကြီး က
“ နေပါဦး ဌာနာအုပ် ဦးမောင်မောင်လှ ရဲ့ ၊ လူသ,တ်သမား ဘယ်သူဘယ်ဝါ ဖြစ်တယ် ဆိုတာ ထား စမ်းပါဦး ၊ သေ တဲ့ လူ က နာမည် ဘယ်သူ ၊ အလုပ်အကိုင် ဘာ လုပ်တယ် ဆိုတာ မေးစမ်းပြီး အမှု ဖွင့်ပြီးပြီလား ”
ဟု မေးလိုက်လေ၏ ။
ထိုအခါ ဌာနာအုပ် ဦးမောင်မောင်လှ က
“ ဒီလို ရှိတယ် ခင်ဗျ ၊ ဒီ အသတ် ခံရတဲ့ လူဟာ ဒီ အိမ်ကြီး မှာနေတာ တော့ ( ၃ ) နှစ် လောက်ရှိပါပြီ ၊ဒါပေမဲ့ စပြီး ပြောင်း လာတုန်းကလဲ ညဘက်ကြီး ပြောင်းလာတာ ၊ ပြီးတော့ သူ့ အလုပ် နဲ့သူ ရှုပ်နေတာ ၊ လောကဓာတ်ဆရာကြီး မဟုတ်လားဗျာ ၊ ပြီးတော့ နယ် ကို လဲ မကြာခဏ ခရီး ထွက်တယ်လို့ အိမ်နီးနားချင်းတွေ က ပြောတယ် ၊ တစ်ခါတလေ ထွက် ရင် လဲ တစ်လ လောက် ကြာတယ် ၊ အဲဒီလို ခရီး ထွက်ပြီ ဆိုရင် ည အခါ မှာ သူ့ အိမ်ကြီး က မှောင်မည်း နေတာပဲ ၊ သူ ပြန် ရောက်လာမှပဲ မီးတွေ ဘာတွေ လင်း တော့တယ် ၊ နွားနို့ ပို့တဲ့ ကုလား ကို မေးတော့လဲ သူ့ကို တစ်ခါ လှမ်းခေါ်ပြီး ဟို အပေါက်ကလေး က စကား ပြောတယ်တဲ့ ၊ မျက်နှာ ကို မမြင်ရဘူးတဲ့ ၊ ပြောတဲ့ စကား ကလဲ နွားနို့ နေ့တိုင်း လာပို့ ၊ ပိုက်ဆံ ဒီမှာ တင်ထားမယ် ၊ သူ ခရီး သွားရင် ဒီ တံခါးလေး ပိတ်ထားမယ် ၊ ပို့စရာ မလိုဘူး ။ သူ ပြန် လာရင် ပြန် ပို့တဲ့ ၊ အဲဒါပဲ ပြောတာတဲ့ ၊ သတင်းစာ ပို့တဲ့ ကောင် ကို လဲ ခေါ်ပြီး စစ်ပြီးပြီ ၊ သူ လဲ အဲဒီ အတိုင်း ပဲ ပြောတယ် ၊ မြင်ဖူးတာ မဟုတ်ဘူး ”
ဟု ပြော လေ၏ ။
ထိုအခါ ဦးကိုကိုကြီး က
“ မီတာဖတ်တဲ့ စာရေး ကို မေး ပြီးပြီလား ”
ဟု မေး လိုက်လေ၏ ။
“ မေးပြီးပြီဗျ ။ သူလဲ ဒီ အတိုင်းပဲ ၊ မီတာစာရွက် ကို ဒီ အပေါက်ကလေး ထဲ က ထိုး ပေးရတယ် ၊ သူ့ ကို ဒီ အိမ်ရှင် က မင်း ပဲ မီတာ ဆောင်ပေးပါကွာ ၊ မုန့်ဖိုး ပဲဖိုးလေး ပေးပြီး ခိုင်းတယ် ၊ သူ က လဲ အမြဲ မီတာ ဆောင် ပေးရတယ် ၊ သူလဲ အိမ်ရှင် ကို မြင်ဖူးတာ မဟုတ်ဘူး ၊ သူ့ ဆီ က တောင် လိုရမယ်ရ မီတာစာရွက် တစ်စောင် ယူ ထားလိုက်သေးတယ် ။ ဟောဒီမှာ ကြည့် ”
ဟု ဆိုကာ ဌာနာအုပ် မောင်မောင်လှ သည် မီတာစာရွက် ကို ထုတ်ပြလေ၏ ။
ထိုအခါ ဦးကိုကိုကြီး က မီတာစာရွက် ကို ဆွဲယူ ကြည့်ရှုလေ၏ ။ ကျွန်ုပ် လဲ ထို မီတာစာရွက် ကို ဦးကိုကိုကြီး ၏ ပခုံး ပေါ် မှ ကျော် ၍ ကြည့် မိလေ၏ ။ ဦးကိုကိုကြီး သည် မီတာ စာရွက် ကို ပြန် ပေးရင်း
“ ဒီမှာ တော့ နာမည် က ဦးမြသာ ဆိုပါလား ”
ဟု ပြော လိုက်ရာ ဌာနာအုပ် မောင်မောင်လှ က
“ မှန်ပါတယ် ၊ ဦးမြသာ အသ,တ်ခံရကြောင်း ဂါတ် မှာ အမှု ဖွင့် ထားပါတယ် ၊နွားနို့ လာပို့တဲ့ ကု,လား ကတော့ ခါတိုင်း အပေါက် မှာ တင်ထားနေကျ ပိုက်ဆံ ကို မတွေ့လို့ တံခါး ကို တွန်း ကြည့်တဲ့ အခါ တံခါး ပွင့် သွားပါတယ် တဲ့ ၊ အဲဒီလို ပွင့်သွားတယ် ဆိုရင်ပဲ ဟောဒီ အလောင်းကြီး ကို အပြင် ကနေ လှမ်းပြီး မြင် ရပါတယ်တဲ့ ၊ အဲ့ဒါနဲ့ သူ လဲ ချက်ချင်း ဂါတ် ကို ပြေးပြီး လာရောက် တိုင်တန်း တာပါတဲ့ ၊ ဘာပဲဖြစ်ဖြစ်လေ ၊ ကျုပ် ကတော့ အဲ့ဒီ “ ဒူးဝါးလား ” ကို အချုပ် ထဲ ဖမ်း ထည့် လိုက်တာပဲ ” ဟု ဂုဏ်ယူသော လေသံ ဖြင့် ပြော လိုက်လေ၏ ။
“ ဘယ် ဟုတ်မလဲ ကိုမောင်မောင်လှ ရယ် ၊ နောက်နောင် ကို လူတွေ ဟာ အကြောင်း ရှိလို့ မှ ဂါတ် ကို လာပြီး မတိုင်ရဲ ဘဲ ဖြစ် ကုန်ပါဦးမယ် ”
ဟု ဦးကိုကိုကြီး က ပြော လိုက်လေ၏ ။
“ အဲဒါတော့ မတတ်နိုင်ဘူးဗျ ၊ ကျုပ်တို့ အမြဲ လုပ်နေတဲ့ လုပ်ထုံးလုပ်နည်းပဲ ၊ တရားခံ ပေါ် ဖို့ သာ အရေးကြီးတာပါဗျာ ”
ဟု ဦးမောင်မောင်လှ က ပြော လိုက်လေ၏ ။
ထိုအချိန်၌ ကိုအောင်မြင့် က
“ ကျုပ် ကတော့ သတင်းစာ ပို့တဲ့ လူ ကို ပါ ဖမ်းစေချင်တယ် ”
ဟု ပြော လိုက် လေ၏ ။
“ ဖမ်းသင့်ရင်တော့ ဖမ်းပေါ့ဗျာ ၊ ကျုပ် အခု ပြောနေတာကလဲ မဖမ်းရဘူး လို့ ပြော နေတာ မဟုတ်ပါဘူး ၊ မဖမ်းသင့် တဲ့ လူ ကို ဖမ်းမိမှာ စိုးလို့ ပြောတာပါ ”
ဟု ဦးကိုကိုကြီး က ပြော လိုက်လေ၏ ။
ထိုအချိန်၌ ပင် စုံထောက် ကိုစိန်လှ က ပါ
“ ဖြစ်နိုင်တဲ့ လူ ၊ သိ နိုင်တဲ့ လူ ကို ဖမ်းထားတာဟာ မမှားဘူး ဦးကိုကိုကြီး ၊ ဖမ်း ရုံ တင် မကဘူး ၊ နည်းနည်းပါးပါး တောင် ဌာနာ မှာ အလုပ် လုပ် ဖို့ လိုချင် လိုလိမ့်မယ် ”
ဟု ပြော လိုက်လေ၏ ။
“ ဟောဒီမှာ သေ နေတဲ့ လူ ဟာ ဒီ အိမ်ရှင် မဟုတ်ဘူး ၊ သူ ဟာ မြေနီကုန်း ၊ ဒါမှမဟုတ် သင်္ကန်းကျွန်း ဘက် မှာ နေတဲ့ သွားစိုက်ဆရာ ဖြစ်တယ် ၊ သူ့ နာမည် ကို အနီးစပ်ဆုံး စဉ်းစားလို့ ရတာတော့ “ ကျင်ဝိန် ” ဒါမှမဟုတ် “ ကျင်ဝမ် ” ဖြစ်လိမ့်မယ် သူ ဟာ ဒီ အိမ်မှာ နေတဲ့ လူ မဟုတ်ဘူး ၊ မနေ့ည က မှ ရောက်လာပြီး ဒီမှာ အသ,တ် ခံသွား ရတာ ၊ သူ့ ကို သ,တ်သွား တဲ့ လူ ဟာ ဒီမှာ နေတဲ့ အိမ်ရှင် ပဲ ၊ အဲဒီ လူ ဟာ အရပ် ငါးပေ ဆယ်လက်မ လောက် မြင့်လိမ့်မယ် ၊ အသ,တ် ခံရတဲ့ လူ က သ,တ်တဲ့ လူ ဆီ မှာ ပစ္စည်း တစ်ခု လာ တောင်းတာ ဖြစ်လိမ့်မယ် ၊ သ,တ်တဲ့ လူ ဟာ ဒီမှာ နေတဲ့ အိမ်ရှင် ပဲ ၊ ဟောဒီ သန်းခေါင်ကြယ်အိမ်ကြီး ရဲ့ အိမ်ရှင်ပဲ ၊ စာအုပ်စင် မှာ ရှိတဲ့ စာအုပ်အချို့ ရဲ့ အတွင်း ဘက် မှာ ကေဘီ လို့ ထိုး ထားတဲ့ လက်မှတ်တို ကို တွေ့ရတယ် ၊ ဒီ လူ ဟာ မျက်မှန် နဲ့ ဖြစ်ချင် ဖြစ်လိမ့်မယ် ၊ သူ ဟာ ပင်လယ်သမုဒ္ဒရာ ထဲ က ကျွန်း တွေ ပေါ်မှာ အချိန် အတော်ကြာ နေဖူးတဲ့လူ ဖြစ်လိမ့်မယ် ၊ တချို့ နေရာ မှာ စာအုပ် ရဲ့ အဖြူသားရေခံ ပေါ် မှာ မစ္စတာဝှစ် ( ပ် ) လို့ လက်မှတ် ထိုးထားတာကို တွေ့ရ ပြန်တယ် ၊ ခွန်အားဗလ နဲ့ ပြည့်စုံတယ် ၊ သူ နဲ့ အတူ ဒီ အိမ် ထဲ မှာ တခြား လူ တစ်ယောက် လဲ ရှိလမ့်ဦးမယ် ”
ဟု ဆားပုလင်းနှင်းမောင် က ပြော လိုက်ရာ ၊ စုံထောက် ကိုအောင်မြင့် က “ ထင်ကြေးတွေ မဟုတ်လား ” ဟု မေးလိုက် လေ၏ ။ ထိုအခါ ဆားပုလင်းနှင်းမောင် က
“ ကျုပ် ရဲ့ ထင်ကြေး ဆိုတာ က ခင်ဗျားတို့ ကိုယ်တိုင် ပြေးပြီး ကြည့်တာ ထက် သေချာလိမ့်မယ် ထင်တယ် ကိုအောင်မြင့် ”
ဟု ပြောဆို ပြီးလျှင် ကျွန်ုပ် ဘက် သို့ လှည့်ကာ
“ ကဲ အိုင်ပီ ရေ ၊ ဟောဟို တုတ်ကောက်လေး ယူခဲ့စမ်းပါဗျာ ”
ဟု ဆိုသဖြင့် ကျွန်ုပ် လဲ စောစောက ဆားပုလင်းနှင်းမောင် ကြည့် သော တုတ်ကောက် ကို သတင်းစာ စက္ကူဟောင်း ပတ် ၍ ယူ လာခဲ့လေ၏ ။ ထို့နောက် ဆားပုလင်းနှင်းမောင် ၊ ဦးကိုကိုကြီး နှင့် ကျွန်ုပ် တို့ သည် တတွဲ ထွက် လာခဲ့လေ၏ ။
ဌာနာအုပ် နှစ်ဦး သည် ဌာနာ သို့ စက်ဘီးများ နှင့် ပြန် သွားကြလေ၏ ။ ကိုစိန်လှ ၊ ကိုတင်ဝင်း ၊ ကိုအောင်မြင့် ၊
ဘိလပ်ပြန်ဆရာစိန် တို့ သာ လျှင် လူသေ အလောင်းကြီး ကို ဆက်လက်၍ အသုဘ ကမ္မဋ္ဌာန်း ရှုရန် ကျန်ရစ် ခဲ့ ကြလေ၏ ။
ကျွန်ုပ် သည် ကား ကို စက်နှိုးပြီး နောက် “ ဘယ်ကို မောင်း ရမလဲ အိုင်ဆေး ” ဟု ဆားပုလင်းနှင်းမောင် ကို မေးရာ ဆားပုလင်းနှင်းမောင် က “ ကျုပ် အခန်း ကို မောင်းပါ အိုင်ပီ ” ဟု ပြော သဖြင့် ကျွန်ုပ် လည်း ဆားပုလင်း နှင်းမောင် နေ ထိုင်ရာ ( ၂၉၅ ) ဘိုးလိမ်းလမ်း ဆီ သို့ မော်တော်ကား ကို မောင်းနှင် ခဲ့လေ တော့၏ ။
◾မင်းသိင်္ခ
📖 မိုးပေါ်မှာ ကြယ်တစ်လုံး
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment