❝ သာဓု ပြောမယ် ❞
“ ဆရာ စာပေလောက ထဲ ရောက်လာပုံ က တော့ ခပ်ဆန်းဆန်းပဲ ”
ကျွန်တော် နဲ့ စ တွေ့စဉ်မှာပဲ ပထမ မေးခွန်း ဖြစ်တဲ့ “ စာပေလောကထဲ ဝင်ရောက်လာပုံ ” ကို ဆရာဦးသာဓု က စတင် ဖြေကြားပါတယ် ။
“ ရည်ရွယ်ချက် မရှိဘဲ ရောက် လာတာပဲ ၊ ရည်ရွယ်ချက် မရှိဘူးလို့ ပြောရတာ က ဟိုတုန်း က စာရေးဆရာ တွေ ရဲ့ စားဝတ်နေရေး အခြေအနေ က လည်း သိတဲ့ အတိုင်း လုံလောက်တာ မဟုတ်ဘူး ။ ဒီတော့ ကိုယ့် မိသားစု စားဝတ်နေရေး အတွက် လုံလောက်အောင် လုံးပန်း နေရတယ် ။ ပုံနှိပ်တိုက် ထောင်တယ် ။ ပေါင်ဒါ လုပ် ရောင်းတယ် ။ ဆရာ လုပ်ခဲ့တာတွေ ကတော့ စုံ နေတာပါပဲ ။ ဂျပန်ခေတ် တုန်း က မြင်းလှည်း တောင် မောင်း ခဲ့ သေးတယ် ။ ဆရာ သော်တာဆွေ တို့ လိုပေါ့ ။ ဂျပန်ခေတ် ပြီး အင်္ဂလိပ်ခေတ် ရောက် လာ တော့ အိမ် မှာ ရှိ တဲ့ ကားလေး ကို ဘတ်စ်ကား လုပ်ပြီး မောင်းတယ် ။
မြင်းလှည်း မောင်း ၊ ဘတ်စ်ကား မောင်း လုပ် လာတော့ လူ အမျိုးမျိုး နဲ့ ဆက်ဆံ ခဲ့ရတယ် ။
ရှင်းရှင်း ပြောရရင် ဒီ လောက မှာ မိုက်ရိုင်းတာ တွေ ၊ လူ ကို လူ မထင်တာ တွေ ၊ ကလိမ်ကျတာ တွေ တွေ့ လာ ရတယ် ။ ပြီးတော့ မော်တော်ကား နဲ့ ပတ်သက်တဲ့ ဒိုင်နမိုဆိုင် ၊ ဘက်ထရီဆိုင် ၊ တာယာဆိုင် ၊ ဘယ်နေရာ မှာ ပဲ ကြည့်ကြည့် ကလိမ် ကျ တာတွေ ချည်း တွေ့ နေရတယ် ။ ကိုယ့် ဖို့ ကိုယ် တွက်ကြတာ ချည်းပဲ တွေ့ ရတယ် ။ အဲဒါနဲ့ ငါ ဒီလူ တွေ ကို ဘယ်လို လုပ် ပြောရပါ့ မလဲ ၊ ငါ စာအုပ် တစ်အုပ် ရေးဦးမယ် ဆိုပြီး “ ဒါတွေကို ပြင် ” ဆိုတဲ့ စာအုပ် ရေး လိုက်တယ် ။ ရည်ရွယ်ချက် က တော့ ဒီ လူတွေ အယူအဆ အတွေးအခေါ် တွေ မှန် သွား စေချင်တာပဲ ရှိတယ် ။ စာအုပ် က နည်းနည်းပါးပါး ပဲ ရောင်း ရတယ် ။
ဆရာ ရည်ရွယ်ပြီး ရေး လိုက်တဲ့ မြင်းလှည်းသမား တို့ ၊ ဘတ်စ်ကားသမား တို့ က စာ ဖတ်ရ ကောင်းမှန်း လည်း သိတဲ့ လူတွေ မှ မဟုတ်ဘဲ ကိုး ။ ဒါလောက် တောင် ဖြစ်လှတာ ဆိုပြီး မြင်းလှည်းသမား ၊ ဘတ်စ်ကားသမား တွေ ကို အလကား သွား ဝေ ပစ်တယ် ။ ရတဲ့ လူတွေ က စာအုပ်ဆိုင် မှာ ပြန်ပြီး သွား ရောင်း ကြတယ် ။ အောင်မြင် သင့် သလောက် တော့ မအောင်မြင်ဘူး ပေါ့ လေ ။ တစ်ရာ မှ နှစ်ယောက် ၊ သုံးယောက် လောက် တော့ အသိ တရား လေး ရ သွားကြမှာပေါ့ ။
ဆရာ က ရောင်စုံပုံနှိပ်စက် လည်း ထောင် ထားတော့ မဂ္ဂဇင်း တို့ ၊ ဝတ္ထု မျက်နှာဖုံး တို့ ရိုက်ဖို့ လာ ကြတယ် ။ အဲဒီ အထဲ မှာ သွေးသောက်မဂ္ဂဇင်း ပိုင်ရှင် ကိုကျော်ရိုး ( စာရေးဆရာ ပြည့်စုံ ) ကို “ ဒါတွေပြင် ” စာအုပ် ပေး လိုက် တော့ သူ က ဖတ်ပြီး သဘောကျ သွားတယ် ။ ခင်ဗျား စာ ရေး ကောင်းတယ် ။ စာရေးဆရာ ဖြစ် နိုင်တယ် ။ ဝတ္ထု တွေ ဘာတွေ ရေးရင် ရနိုင်တယ် ။ ခင်ဗျား ဝတ္ထု တစ်ပုဒ် ရေးဗျာ ။ ကျွန်တော့် မဂ္ဂဇင်း ထဲ မှာ ထည့် မယ် လို့ ပြော တယ် ။ အဲဒီတော့ ဆရာ က “ ဟာ ဖြစ်မှာ မဟုတ်ပါဘူး ၊ ကျွန်တော့် အလုပ် နဲ့ ကျွန်တော် ချာလပတ် လည် နေ တာပဲ“ လို့ ဆိုတော့ သူ က “ ရေးသား ရေးပါ ဗျာ ၊ ဖြစ်ပါတယ် ” လို့ ပြောတယ် ။ ဆရာ က “ ရေးတာ တော့ အရေးမကြီးပါဘူး ။ ဝတ္ထုတို တစ်ပုဒ် ခင်ဗျား က ပိုက်ဆံ ဘယ်လောက် ပေး သလဲ ” လို့ မေးတယ် ။ သူ က “ ဟာ ဗျာ ၊ ခင်ဗျား က ကလောင်သစ် ပဲ ၊ ကလောင်သစ် ဆို ရင် မပေးဘူး ” တဲ့ ။ ဆရာ က လည်း “ မပေး ရင် မရေး ဘူးဗျာ ” လို့ ပြော လိုက်တယ် ။
ဆရာ က ပိုက်ဆံ မရတဲ့ အလုပ် ဆိုရင် ဘာမှ မလုပ်ချင်ဘူး ။ ကိုယ် ပင်ပန်း ပြီး ရင် ပိုက်ဆံ ရ ချင်တယ် ။ ကုသိုလ် လုပ်တာ က တစ်ပိုင်း ပဲ ။ ကိုကျော်ရိုး က “ အဲဒီလို ဆို လည်း ပေးပါ့မယ် ဗျာ ” တဲ့ ။ “ ဘယ်လောက် ပေးမလဲ ” ဆိုတော့ “ အစိတ် ” တဲ့ ။ “ ဒီ့ပြင် လူတွေ ဘယ်လောက် ပေးသလဲ ” ဆိုတော့ ၊ “ ဟာဗျာ ခင်ဗျား က လည်း ကျွန်တော် ကြည့် ပေးပါ့မယ် ” တဲ့ ။ “ ပေးမယ် ဆိုရင် တော့ ပေးရလိမ့်မယ် နော် ” လို့ ။ အဲဒီ ခေတ် က တင့်တယ် တို့ က ၇၅ ကျပ် ၊ ကျပ် ၁၀ဝ လောက် ရတယ် ။
ဝတ္ထု ရေး ပြီးတော့ ဆရာ က ပေး လိုက်တယ် ။ ငါးဆယ် ပေး ရမယ် ။ ခင်ဗျား ကျေနပ် မှ ထည့် ဆိုပြီး ပေး လိုက် တယ် ။ ဝတ္ထု နာမည် က “ဝန်ကြီး တစ်မတ် ” ။ အကြောင်းအရာ က ဘာလဲ ဆိုတော့ ဗိုလ်ချုပ်အောင်ဆန်း တို့ ကျဆုံး တော့ ဂျူဗလီဟော မှာ အလောင်း လာထားတယ် ။ ဆရာ က အဲဒီ နား မှာ နေတယ် ။ လွတ်လပ်ရေး ဖခင်ကြီး ကို အလေးပြု ဖို့ ကန်တော့ကြ ဖို့ အမျိုးသမီး တွေ အများကြီး လာ ကြတယ် ။ တချို့ကျ တော့ လည်း မျက်ရည် နဲ့ မျက်ခွက် ၊ အင်မတန် ကို စိတ်ထိ ခိုက်လို့ ငိုယို ပြီး လာ ကြတယ် ။ အဲဒီ အထဲ မှာ မိန်းကလေး တွေ က အကဲဆုံး ပဲ ။ နိုင်ငံတော် ခေါင်းဆောင်ကြီး ကို အလေးပြု ဖို့ ဘတ်စ်ကားကြီး တွေ နဲ့ လာ ကြတယ် ။ အင်္ကျီလုံချည် ဆင်တူ နဲ့ ၊ နှုတ်ခမ်းနီ ပါးနီ နဲ့ ဝတ်စား လာ လိုက်ကြတာ မင်္ဂလာဆောင် သွားတာ ကျနေတာပဲ ။ ဒါ လွတ်လပ်ရေး ဖခင်ကြီး ကို လာပြီး ကြည်ညို ကြတာလား ။ သူတို့ ရှိုး လုပ်ဖို့ လာကြတာလား ။ ဒါကို မျက်စိ နောက် တာ နဲ့ အဲဒီ အကြောင်း ကို “ ဝန်ကြီး တစ်မတ် ” ဆိုပြီး ကောက် ရေး လိုက်တာပဲ ။
အဲဒီ ဝတ္ထု သွေးသောက် ထဲ ပါ လာတော့ တော်တော် သဘောကျ သွားကြတယ် ။ ဦးကျော်ရိုး က လည်း “ ဆက် ရေးပါဦး ၊ ရှုမဝဦးကျော် တို့ က လည်း ကျွန်တော် တို့ အတွက် ရေးပါဦး ” လို့ တိုက်တွန်း ကြတာ နဲ့ စာရေးဆရာ ဖြစ်မှန်း မသိ ဖြစ် သွားတာပဲ ”
“ ဆရာ “ ဒါတွေပြင် ” ရေး ခဲ့တာ ဘယ်နှခုနှစ် လောက် က ပါလဲ ”
“ ၁၉၄၆ လောက် က ပဲ ”
“ ဝန်ကြီး တစ်မတ် က ကော ”
“ ဆရာ မေ့ နေပြီ ။ ဒါတွေပြင် နဲ့ မရှေးမနှောင်း ပါ ဘဲ ”
“ သာဓု ဆိုတဲ့ ကလောင် နာမည် ကို ဘာကြောင့် ဆရာ ယူခဲ့တာလဲ ဆရာ ”
“ ဆရာ ကြိုက်တယ် ။ သာဓု ဆိုတာ ကောင်းတာပဲ ။ နောက် တစ်ချက် က အဲဒီ ခေတ် က စာရေးဆရာ အတော် များများ ရှိတဲ့ အထဲ မှာ ဆရာ့ နာမည် တစ် ဘာသာ ထွက်လာ စေချင်တယ် ။ အဲဒီ အချိန် က နေရ တာ က လည်း ကျားကူးကျောင်း ( ဘုန်းကြီးကျောင်း ) ဘေး မှာ ဆိုတော့ အိပ်ရာ က နိုးတာ နဲ့ တစ်ပြိုင်နက် သာဓု ဆိုတာ အမြဲ ကြား နေ ရတယ် ။ သာဓု ... သာဓု ... သာဓု ဆိုတာ အမြဲ ကြား ရတော့ ဟ ဒီ အဓိပ္ပာယ် က ကောင်းလည်း ကောင်းတယ် ။ လူတွေ လည်း မှတ်မိ လွယ်တယ် လို့ စဉ်းစားပြီး “ သာဓု ” ဆိုတဲ့ နာမည် ကို ကောက် တပ်လိုက် တာပဲ ”
“ ဆရာ့ မှာ တခြား ကလောင် နာမည်တွေ ရှိသေးတယ် ဆို ”
“ အများကြီး ပဲ ၊ ပဒေသာမဂ္ဂဇင်း တို့ ၊ သစ္စာမဂ္ဂဇင်း တို့ မှာ ရေးတော့ တစ်ခါတလေ စာမူ လိုရင် ကလောင် နာမည် အမျိုးမျိုး တပ်ပြီး ရေး ပေး လိုက်တာပဲ ၊ သုမောင် ဆိုတဲ့ နာမည် နဲ့ လည်း ရေးဖူးတယ် ။ မြကြည် ဆိုတဲ့ နာမည် နဲ့ လည်း ရေးဖူးတယ် ။ ဥဩ ၊ ဩဘာ ၊ မောင်သောကြာ ၊ ဘာဘူ ၊ မွတ်တား ၊ ဟာ ... စုံလို့ပါပဲ ။ နာမည်တွေ က တော့ မမှတ်မိ သလောက်ပါဘဲ ”
“ ဟုတ်ကဲ့ ဆရာ ၊ ကျွန်တော်တို့ ငယ်ငယ် က ဖတ်ခဲ့ရဖူးတဲ့ “ အတာ ” ဝတ္ထု ဟာ ဆရာ့ ဘဝ အကြောင်း လို့ ပြော ကြ ပါတယ် ။ ဟုတ်ပါသလား ဆရာ ”
“ ဟုတ်ပါတယ် ။ “ အတာ ” ဝတ္ထု က ဆရာ့ အကြောင်း ကိုးဆယ် ရာခိုင်နှုန်း လောက် ပါတယ် ။ တစ်ခု တော့ ရှိ တယ် ။ အတာ နဲ့ ပတ်သက်ပြီး ဝေဖန် ခံ ရတာ ရှိတယ် ။ အမေ မေတ္တာ မဲ့ရ သလား ။ ဒါလောက် တောင် မေတ္တာ မဲ့ နိုင်ပါ့ မလား ။ ဆိုးနိုင်ပါ့ မလား လို့ ဝေဖန်ကြတယ် ။ ဆရာ့ ကို လည်း မေး ကြတယ် ။ ဆရာ က တစ်ခွန်းတည်း ပဲ ပြော လိုက်တယ် ။ ဒီထက် ဆိုးတာတွေ တောင် ရှိသေးတယ် ။ ရေး မကောင်းလို့ ၊ ရေး မဖြစ် လို့ မရေးတာလို့ ။
တစ်ခု ရှိ တော့ ရှိတယ် ။ အမေ အရင်း က ကိုယ့် သားသမီး အရင်း အပေါ် မှာ ဒါလောက်တောင် ဆိုးရသလား ဆို တာ ဒီ သားသမီး ရဲ့ အကုသိုလ် က ဘယ်လောက် တောင် မှ ကြီးခဲ့ မှန်း မှ မသိတာ ။ ဝဋ် ခံရတာပါ လို့ ။ သဘော ကတော့ အဲဒါပါပဲ ။
စကားစပ်မိလို့ ရယ်စရာ တစ်ခု ပြောရဦးမယ် ။ ဆရာ့ ဘဝ မှာ အမေ အရင်း ခေါက်ခေါက် က ဆရာ့ အပေါ် မှာ ဆိုး ခဲ့တယ် ။ ရက်စက် ခဲ့တယ် ။ ဒါကြောင့် ဆရာ မိဘ ကံ ဆိုး ခဲ့တယ် ။ အခု ကြီး လာတော့ ဘာ သိလာရ သလဲ ဆိုတော့ သားသမီး ကံ လည်း မကောင်းပါဘူး ။ ဆရာ နောက်တော့ ပြောပြပါ့မယ် ”
“ ဆရာ ဝတ္ထုတို နဲ့ ဝတ္ထုရှည် ကို ဘယ်လို ခွဲခြား ရေးတယ် ဆိုတာ စာ ရေးချင်တဲ့ သူများ သိနိုင်အောင် ခွဲခြား ပြောပြ စေချင်ပါတယ် ”
“ ဘယ်လို ခွဲရေးသလဲ ဆိုတော့ ဆရာ့ မှာ သီးခြား သဘော မရှိပါဘူး ။ တော်တော်လေး အချိန် ယူပြီး ဖြေရမယ့် မေးခွန်း ဖြစ်နေတယ် ။ ဝတ္ထု ရေးတဲ့ နေရာမှာ ဆရာ့ မူ ကို ပြော ရရင် ဝတ္ထုတို ၊ ဝတ္ထုရှည် ခွဲခြားပြီး ရေး တဲ့ နေရာမှာ တိုတို နဲ့ လိုရင်း ရေးရင် ပြီး သွားနိုင်မယ့် နေရာ တွေ မှာ ဆရာ စာမျက်နှာ မဖြုန်းဘူး ။ မဆိုင်တာ တွေ မထည့်တော့ဘူး ။ ဒါနဲ့ ဒီလောက် လုံလောက်ပြီ ဆိုရင် ဒါ ဝတ္ထုတို နဲ့ပဲ တော်တယ် ။ အကျယ် ချဲ့ပြီး စာမျက် နှာ မဖြုန်းတော့ဘူး ။
တစ်ခု ခု ကို စိတ်ကူး တည့်တဲ့ အခါမှာ အကြောင်း တစ်စုံ တစ်ခု ကို အသေးစိတ် ဖော်ပြဖို့ လို လာရင် ဒါ အရှည် ရေး မှ ဖြစ်မယ် ။ သဘော အားဖြင့်တော့ ဒါ ဆရာ မှား ချင် လည်း မှား လိမ့်မယ် ။ ဆရာ့ အယူအဆ ကို ပြောတာပါ ။ ဥပမာ အားဖြင့် စုံထောက် ဝတ္ထု တစ်ပုဒ် ရေးတော့မယ် ဆိုရင် ဝတ္ထုတို ရေး လို့ မပြည့်စုံနိုင်ဘူး ။ အရသာ မရှိ နိုင်ဘူး ။ လူသ,တ်သွားတယ် ။ သဲလွန်စ ပျောက် နေတယ် ဒီ သဲလွန်စ ကို ပိုက်စိပ်တိုက် ရှာဖို့ ရာ ဆိုရင် ဝတ္ထုတို နဲ့ မလုံလောက်ဘူး ။ အဲဒီ သဘောလေး ပါတယ် ။ စုံထောက် ဝတ္ထု ကို ဝတ္ထုတို ရေး လို့ မပြည့်စုံ နိုင် သလို အချစ်ကိစ္စ ၊ အိမ်ထောင်ရေး ကိစ္စ မှာ လည်း ဝတ္ထုတို နဲ့ မပြည့်စုံ နိုင်တာတွေ ရှိတယ် ။
တစ်ခါတလေ ကျတော့ လည်း တိုတိုကလေး နဲ့ ပဲ ဒိုင်း ဆို ပြည့်စုံ သွား တာတွေတော့ ရှိပါတယ် ။ ဒါလောက် ဆိုရင် ရှင်းမယ် ထင်ပါတယ် ”
“ ခု နောက်ပိုင်း မှာ ဆရာ ဝတ္ထုရှည် မရေးတော့ ဘဲ ဝတ္ထုတိုတွေ ပဲ ရေး နေတာ တွေ့ရပါတယ် ။ ဘာဖြစ်လို့ ပါလဲ ဆရာ ”
“ ကျန်းမာရေး က သိပ် မကောင်းဘူး ။ နောက်ပြီး စိတ် ကို လည်း သိပ် အလုပ် မပေးချင်ဘူး ။ အသက် က လည်း ကြီး လာတော့ သားတွေ ၊ မြေးတွေ ကိစ္စ က ပို ရှုပ်လာတယ် ။ ဟိုတုန်းက သား ငါးယောက် ရှိတယ် ထား ။ သား ငါးယောက် ပြဿနာ ပဲ ရှိတယ် ။ ခုတော့ ချွေးမတွေ ကို တံမြည်စည်း လှည်း နေရတာ က ပိုပြီး အချိန် ကုန်တယ် ။
တစ်ခါတလေ ကျတော့ လည်း ရေးချင်တယ် ။ တစ်ရက် လောက် ရေးလို့ မပြီး ခင် မှာ ပြဿနာတွေ က ဝင် လာ ရော ၊ ဆက် ရေးချင်စိတ် မရှိတော့ ဘဲ ဒီ အတိုင်း ထား လိုက်ရရော ၊ အရှည် မပြော နဲ့ အတို တောင် မှ သုံးလေး ပုဒ် လောက် လက်စ နဲ့ ပစ်ထားရတာ တွေ ရှိတယ် ။ သုံး လေးမျက်နှာ ရေး ပြီး ပြဿနာ ဝင် လာလို့ ခေါက်ထား ရတာတွေ ပေါ့ ။
အခု ပေဖူးလွှာ ၊ ရှုမဝ စတဲ့ မဂ္ဂဇင်းတွေ မှာ ရေး နေတာတွေ က တစ်ရက် ၊ နှစ်ရက် နဲ့ ပြီးအောင် ရေး လိုက်နိုင် တာတွေပဲ ။ ဟို တစ်လော က တော့ ဝတ္ထုရှည် တစ်ပုဒ် ရေး လိုက်နိုင်တယ် ။ မကြာခင် ထွက်လာပါ လိမ့်မယ် ။ အဲဒါ ရေးတုန်း က တော့ စိတ် လည်း ဝင်စားတယ် ။ စိတ် လည်း ပါတယ် ။ နည်းနည်း လည်း နေကောင်း နေ တော့ ရေးချ လိုက်တာ လုံးချင်း ဖြစ်သွားတယ် ”
“ ဘယ်လို နာမည် ပေး ထားသလဲ ဆရာ ”
“ ဒီ မျက်နှာလေး ကို ချစ်တာ ”
“ သာဓု လူပါးဝတယ် မှာ ရေးခဲ့တာတွေ ဟာ ဆရာ့ ကိုယ်တွေ့ တွေ ချည်းပဲလား ”
“ အများဆုံး ၊ အဲ ... ၉၅ ရာခိုင်နှုန်း လောက် က ကိုယ်တွေ့ တွေ ချည်းပဲ ။ ဒါမျိုး ကျတော့လည်း ခက်သားပဲ ။ ညီလေး တို့ လည်း စဉ်းစားမိ မှာ ပေါ့ ။ ကိုယ်တွေ့ မဟုတ်ဘဲ နဲ့ တစ်ခု လုပ် ရေးကြည့် ရင် သဘာဝ မကျဘူး ။ ဒါကြောင့် ဆရာ က တော့ ကိုယ်တွေ့ ကိုယ် ကိုယ်တိုင် သိ လိုက်ရတာ ၊ မြင် လိုက်ရတာ ၊ ကြား လိုက်ရတာတွေ ပဲ ရေးချင်တယ် ။
အခု လည်း “ သာဓု လူဝါးဝတယ် ဒုတိယပိုင်း ” ရေး နေတယ် ။ ခေါင်းစဉ် က တော့ “ သာဓု လူဝါးဝတယ် ဒုတိယပိုင်း ” တပ် ရမလား ။ အမှတ် ( ၂ ) တပ်ရ မလား မသေချာသေးဘူး ။ ဆရာ့ ကိုယ်တွေ့ တွေ ချည်း နည်းနည်း နည်းနည်း စု ရေး ထားတာပဲ ။ အဲဒီထဲ မှာ သူတောင်းစား က တောင် ဆရာ့ ကို လူပါးဝ သွားတာ ဆရာ ခံခဲ့ရတာ ပါ ထည့် ရေးထားတယ် ”
“ ကျေးဇူးပဲ ဆရာ ။ စာ ရေးတာ နဲ့ ပတ်သက်ပြီး နိုင်ငံခြားမဂ္ဂဇင်းတွေ မှာ “ How to Write ” ဆိုပြီး စာရေးနည်း သင်တန်းတွေ ဖွင့် တာ တွေ့ရတယ် ဆရာ ။ ဝတ္ထု ၊ ဆောင်းပါး ကဗျာ ရေးနည်း အစုံပေါ့ ဆရာ ။ ကျွန်တော် သိချင်တာ က စာ ရေးတာ အပါအဝင် အနုပညာလုပ်ငန်းတွေ ကို ဒီလို သင်ကြား ပို့ချ လို့ တတ်ကျွမ်း နိုင်ပါ့ မလား ဆိုတာပါပဲ ဆရာ ”
“ ဒီ ကိစ္စ နဲ့ ပတ်သက်ပြီး ဆရာ တစ်ခု ပြော ချင်တယ် ။ သင်တန်း ၊ သင်တန်း ဆိုပြီး ဖွင့်ကြတာတွေ ဟာ တော် တော်လေး ပြဿနာ ရှိတယ် ။ ဝတ္ထုရေးနည်း သင်တန်း ၊ အနုပညာသင်တန်း ၊ အက သင်တန်း ၊ အဆိုသင်တန်း ၊ အတီးသင်တန်း ၊ ရုပ်ရှင်သရုပ်ဆောင် သင်တန်း ဘာညာ ဆိုတာတွေ နဲ့ ပတ်သက်ပြီး ဆရာ နည်းနည်း ကျယ်ကျယ်လေး ပြော ချင်တယ် ။ အနုပညာ နဲ့ ပတ်သက်ပြီး သင်တန်း ဖွင့်ကြတာတွေ ရှိတယ် ။ အခု ကလေးတွေ ကို သူငယ်တန်း က စပြီး အသက်မွေးဝမ်းကျောင်းပညာ သင်ကြားပေး ဖို့ ကျောင်းတွေ ဖွင့် ထားတယ် ။ သူငယ်တန်း က နေ တက္ကသိုလ် ထိ စာ သင်ပေးတယ် ။ သင်တဲ့ ဆရာတွေ က ဘယ်လို လူတွေလဲ ။ ဘွဲ့ မရ ရင် သင်လို့ ရ မလား ။ ကျောင်းဆရာ ၊ ဆရာမ လုပ်ဖို့ အတွက် လျှောက်လွှာ တင် ကတည်း က ဘာ ဘွဲ့ ရခဲ့ပါတယ် ဆိုတာ ပါ ရတယ် ။ ဒီ ဘွဲ့ နဲ့ လုံလောက်သလား ၊ မလုံလောက်သေးဘူး ။ ဆရာဖြစ်သင် ဆိုတာ ရှိသေးတယ် ။
အနုပညာသင်တန်းတွေ မှာ ဘယ်သူ က သင် မှာလဲ ၊ သင် တဲ့ လူ က ကော ဘာ ဘွဲ့ ရသလဲ ။ အနုပညာ နဲ့ ပတ်သက်လို့ ဘာ အောင် ခဲ့ သလဲ ။ ဆရာ ပြောတာ က စည်းကမ်းလေး ရှိဖို့ လိုတယ် ဆိုတာပါ ။ ရုပ်ရှင်ကောင်စီ မှာ ဒါရိုက်တာသင်တန်း လုပ်မယ် ဆိုတုန်း က ဆရာ ကန့်ကွက် ခဲ့တယ် ။ ဒါရိုက်တာ တွေ ညံ့လို့ ကားတွေ ညံ့ တဲ့ အတွက် ဒါရိုက်တာ သင်တန်း ဖွင့်မယ် ဆိုကြတယ် ။ ဆရာ က ပြောတယ် ။ သင်မယ့် သူတွေ က ဘယ်သူ တွေလဲ ၊ သင်တဲ့ သူတွေ ရိုက်ခဲ့တဲ့ ကားတွေ က ကော ဘယ်လောက် ကောင်းလို့လဲ ၊ ကိုယ့် ဟာ ကိုယ် လည်း ပြန် စဉ်းစားပါ ။ ဘာတွေ ပေးမယ် ဆိုရင် ခင်ဗျားတို့ က ရုပ်ရှင်အနုပညာ တက္ကသိုလ်ကြီးလား ၊ ပြဿနာ တွေ ရှုပ်လာမယ် ။ ကား တစ်ကား ရိုက်တာ မကောင်းလို့ ရှုံးရင် သူ့ ဟာ သူ ရှုံးတာပဲ ။ သူ အရှုံးခံ နိုင်လို့ ရိုက် ရင် ရိုက်ပါစေ ။
ရုံးဝန်ထမ်း လစ်လပ် လို့ ကြောငြာပြီး အလုပ် ခေါ်တယ် ဆိုပါတော့ ။ စည်းကမ်းကန့်သတ်ချက်တွေ ပါတယ် ။ အချက်အလက်တွေ ထဲ မှာ အောင်မြင်ခဲ့သော ဘွဲ့ ဆိုတာ ပါတယ် ။ အခု ဆရာ တို့ ရုပ်ရှင်ရိုက်တဲ့ နေရာမှာ အစိုးရ က ဖလင် ထုတ် ပေးတယ် ။ ဒါပေမဲ့ ဒါရိုက်တာ သည် သင်တန်း အောင်ရမယ် ဆိုတဲ့ စည်းကမ်းချက် မပါဘူး ။ အဲဒီလို ရှင်းနေတာ ကို ဘာကြောင့် သင်တန်း လုပ်ချင်ကြတာလဲ ၊ ဆရာ က တော့ ဒီ အထဲ မှာ မပါဘူး ။ သင်တန်း ဆိုတာမျိုး က ဘယ်သူ သင်သင် ရ တာပဲ ။ ဥပမာ ကျူရှင် ဆိုကြပါစို့ ။ အဖေ က ကျူရှင် ထောင်တယ် ။ သမီး တစ်ယောက် က ဆယ်တန်း ၊ သား တစ်ယောက် က စိတ်ပညာ ပထမနှစ် ။ ဒါပေမဲ့ အဖေ ဖွင့် တဲ့ ကျူရှင် မှာ ဆရာ ဝင် လုပ်လို့ ရကြတာပဲ ။
အနုပညာ သင်တန်းတွေ နဲ့ ပတ်သက်လို့ ဟိုတစ်လော က ပဲ ဆရာ ဆောင်းပါး တစ်ပုဒ် ရေးလိုက် ပါသေးတယ် ။ ရုပ်ရှင် ထဲ က ကေသွယ်မိုး တို့ ၊ လှလှမိုး တို့ လို ပရိသတ် မှတ်မိနေတဲ့ မင်းသမီးလေး တစ်ယောက် လောက် မှ ကိုယ်တိုင် လည်း မပါဖူးတဲ့ လူ တစ်ယောက် က သရုပ်ဆောင်သင်တန်း ပေးမယ် ဆိုတော့ ရယ်စရာ ဖြစ် မနေဘူးလား ။ ဆရာ ပြောတာ က ဘွဲ့ ရ မှ ဒီ သင်တန်းတွေ ပေးရမယ်လို့ ပြောတာ မဟုတ်ဘူး ။ မလုပ်သင့်တာ ကို မလုပ်ပါ နဲ့ လို့ ပြော တာပါ ။ ဥပမာ အားဖြင့် ဆရာမင်းသုဝဏ် တို့ ၊ ဆရာဇော်ဂျီတို့ လို ထိတ်ထိတ်ကြဲ ပုဂ္ဂိုလ်ကြီး တွေ ကို ဆရာ ရယ် ကျွန်တော်တို့ ဝတ္ထုရေးနည်း သင်တန်း ဖွင့် မလို့ လာ သင်ပေးပါ ဆိုရင် ဒီဆရာ ကြီးတွေ ခေါင်းခါ မှာပဲ ။ သူတို့ ကိုယ်တိုင် က လက်ခံ မှာ မဟုတ်ဘူး ။ ဆရာ လည်း လက် မခံဘူး ။ ပြော သာ ပြော တတ်တယ် ။ ငါ တော့ ဘယ်လို ရေးသွားတာပဲကွ လို့ ။ ဒါပေမဲ့ သင် မပေးတတ်ဘူး ။
ဒီဘက် ချုံစပ် ကနေ ဟိုဘက် ရောက်အောင် တော ထဲ ကနေ ဖြတ် သွားတာ ငါ တော့ ဒီလို ကွေ့ကောက် သွားတာပဲ လို့ ပြောပြ တတ်မယ် ။ တောင်ပေါ် တက်ရမယ့် ကိစ္စ ကြုံလာရင်တော့ ဆရာ ပြောပြ တတ်မှာ မဟုတ်ဘူး ။ ဆရာ မှ တောင်ပေါ် မတက်ဖူးတာ ကိုး ။ အဲဒီလို ရှိတယ် ။ ဒီ ဥစ္စာ က အင်မတန် ကျယ်ဝန်းတယ် ။ လွယ်လည်း မလွယ်ပါဘူး ။
အနုပညာ ကိစ္စ က သင်ပေး လို့ မရဘူး ။ အထူးသဖြင့် ဝတ္ထု ရေးနည်း ပေါ့ ။ ဆရာဝန် လုပ်ချင်ရင် သင်ပေးရတာ လွယ်တယ် ။ အမှတ် ကောင်းအောင် ကြိုးစား ၊ သူ့ လိုင်း နဲ့ သူ ဝင် လာရင် ဆေးကျောင်း ရောက်ပြီး ဆရာဝန် ဖြစ်လာမှာပဲ ။ စာရေးဆရာ တစ်ယောက် ဖြစ်လာဖို့ ကတော့ သေအောင် ရိုက်ပြီး သင် မရနိုင် ဘူး ။ သူ့ ပါရမီ က ရှိသေးတယ် ။
အခုတော့ ဘာ သင်တန်း ဟေ့ ဆို တက် လိုက် ကြတာပဲ ။ ငါးပွက်ရာ ငါးစာ ချ နေကြတယ် ။ သရုပ်ဆောင်သင် တန်း ဆိုပါတော့ ။ သရုပ်ဆောင် ဖို့ ဝါသနာ ပါ တာလား ။ ဆွေဇင်ထိုက် တို့ လို နာမည် ကြီး ချင်လို့လား ။ နာမည် ကြီးချင် လို့ ဆို ရင်တော့ ဒါ ဝါသနာ မဟုတ်တော့ဘူး ။
စာ ရေးချင်တဲ့ သူ တစ်ယောက် ကို သင်ပေး လို့ ရ ကို မရနိုင်ဘူး ။ ဘာဖြစ်လို့လဲ ဆိုတော့ ဆရာ ပြောပြမယ် ။ သီချင်း ဆိုချင် တဲ့ သူ တစ်ယောက် ၊ ဆိုတာ ဝါသနာ ပါတယ် ။ ဆိုကြည့်စမ်း ဆိုတော့ ဆို ကြည့်တယ် ။ အသံ ကောင်း မှ ၊ စည်းချက် ဝါးချက် နိုင် မှ ၊ အသံ အနိမ့်အမြင့် နားလည် မှ သာ ဖြစ်နိုင်မယ် မဟုတ်လား ။ အေး ... စာ ရေးတာ နဲ့ ပတ်သက်ပြီး သင်လို့ ရတာ တစ်ခုတော့ ရှိတယ် ။ ရည်းစားစာ ရေးနည်း တော့ သင်လို့ ရလိမ့်မယ် ။ ဝတ္ထုရေးနည်း ကတော့ ဘယ်နည်း နဲ့ မှ မရနိုင်ဘူး ။
အခု ဆရာ့ သား တွေ စာ ရေး နေကြတယ် ။ ဘယ်သူ့ ကို မှ ဆရာ သင် မပေးခဲ့ဘူး လေးယောက် ဟာ ( ဝဏ္ဏ ၊ သုမောင် ၊ မင်းလူ ၊ အာယု ) ဖြစ် မလာဘဲ သာဓုဝမ်း ၊ သာဓုတူး ၊ သာဓုသရီး ၊ သာဓုဖိုး တွေ သာ ဖြစ် လာလိမ့်မယ် ။ ဆရာ့ ရဲ့ ဩဇာ ဝင် သွားမယ် ။ ရေးပုံရေးနည်း အယူအဆတွေ သူတို့ ခေါင်း ထဲ ဝင် သွားမယ် ။ ဆရာ က အဲဒါ မကြိုက်ဘူး ။ လွတ်လွတ်လပ်လပ် လုပ်စေချင်တဲ့ ဆန္ဒ ရှိတယ် ”
“ ဆရာ့သား ငါးယောက် ထဲ က လေးယောက် က စာရေးဆရာ ဖြစ် လာကြပြီ ။ ဆရာ့ ခြေရာ ကို နင်းလာ ကြတယ် ၊ သူ့နည်း သူ့ဟန် နဲ့ အောင်မြင်မှု ရ လာကြတယ် ။ ဒီ သားတွေ ရေးတဲ့ စာတွေ အပေါ် မှာ ဆရာ ဘယ်လို မြင်ပါ သလဲ ဆရာ ”
“ စောစောက ပြော သလို ဆရာ့ သားတွေ ကို စာ ရေးတာ နဲ့ ပတ်သက်လို့ လုံးဝ သင် မပေးခဲ့ဘူး ။ ကဗျာ ရေးတာ တောင် မှ ကာရန် လွတ် နေတာ တွေ့ရင် ဒီလို ပြင်လို့ ပြင် မပေးခဲ့ဘူး ။ ဟေ့ မင်းတို့ ဟာ က ကာရန် လွတ် နေတယ် ၊ ပြန်ကြည့်ဦး ။ ဒါလောက်ပဲ ပြောခဲ့တယ် ။ သူ့ ဟာ သူ ပြင် ရတာပဲ ။ သား တွေ က အဖေ့ ခြေရာ နင်းပြီး စာ ရေးလာကြတာ တွေ့ရတော့ က တော့ သာဓု ခြေရာ နဲ့ မိုင် ၂ဝ လောက် ဝေး နေကြသေးတယ် ။ မကြိုက်တာ တွေ အများကြီးပဲ ။
တစ်ခါတလေ စာဖတ် ပရိသတ် ၊ ရုပ်ရှင် ကြည့် ပရိတ်သတ် နဲ့ တွေ့ရင် ဆရာ က တောင်းပန်ရတယ် ။ ကျွန်တော့် သားတွေ ဗျာ ၊ အပြောအဆို အပြုအမူ အနေအထိုင်များ တင်စီး သွားရင် သည်းခံပါ လို့ တောင်းပန် ရတယ် ။ ဒီကောင်တွေ အပြောအဆို သိပ် မတတ်ဘူး ။ နောက်ပြီးတော့ လူမှုရေး နဲ့ ပတ်သက်ပြီး ဆရာ့ ကို မမီဘူး ။ ပြောတာ ဆိုတာလေးတွေ ထောင့် မကျိုးတာလေး တွေ ရှိတယ် ။ လူငယ်တွေ နဲ့ ကျတော့ ဟန်ကျ လို့ ”
( ဆက်ရန် )
◾ဝင်းငြိမ်း
📖 ပေဖူးလွှာ မဂ္ဂဇင်း
အမှတ် - ၄၄
ဇန်နဝါရီ လ ၊ ၁၉၈၅ ခုနှစ်
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment