Thursday, January 25, 2024

ကျိန်စာသင့်သော အိမ်ကြီး၏ မှတ်တမ်း ( ၃ )


 

◾ အဆိပ်

နောက် တစ်နေ့ နံနက် တွင် ချစ်တီးကု,လား သည် ကျွန်ုပ် တို့ အိမ်သို့ တိုင်စီကား နှင့် ရောက်၍ လာလေ၏ ။ ကျွန်ုပ် ၏ ဖခင် သည် ချစ်တီးကု,လား ၏ မော်တော်ကား ကို ယမန်နေ့ ည က ပင် ယူထားခဲ့သည် ဖြစ်၍ ချစ်တီးကု,လား သည် တိုင်စီ ကို အသုံးပြုရ လေ၏ ။ အိမ်ရှေ့ သို့ မော်တော်ကား ဆိုက်သည် နှင့် တစ်ပြိုင်နက် ချစ်တီးကု,လား က ကျွန်ုပ် အား

“ ဟေ့ မောင်ဘိုးမြူ ။ ငါ စီး လာတဲ့ မော်တော်ကားခ ပေးလိုက်ပါ ” ဟု ဆိုသဖြင့် ကျွန်ုပ် လည်း ကားခ ထုတ်၍ ပေးရလေ၏ ။

ထို့နောက် ကျွန်ုပ်တို့ သုံးဦး သည် မော်တော်ကား ဖြင့် ဂါတ် သို့ သွားကြလေ၏ ။ ဂါတ် သို့ ရောက် လျှင် ကျွန်ုပ် ၏ ဖခင် သည် ဌာနာအုပ်ကြီး အိမ် သို့ တန်း ၍ သွားလေ၏ ။

( ဌာနာအုပ်ကြီး ၏ အိမ် မှာ ဂါတ်ဝင်း အတွင်း ၌ ပင် ရှိလေ၏ ။ )

ဌာနာအုပ်ကြီး သည် အိမ်ရှေ့ ဖိနပ်ချွတ် တွင် ငူငူကြီး ထိုင် နေသည် ကို တွေ့ရလေ၏ ။ ကျွန်ုပ် ၏ ဖခင် သည် ဌာနာအုပ်ကြီး ကို တွေ့လျှင် တွေ့ချင်း

“ အလို ဌာနာအုပ်မင်း ။ ည က အိပ်ရေး ပျက် ထားတယ် ထင်တယ် ။ ဟဲ ဟဲ တစ်ညလုံး ဟို သတ္တဝါကလေး ကို တွယ်ပြီ ထင်တယ် ။ ကောင်းပါတယ် ကောင်းပါတယ် ဒီ ကောင်မျိုးလေးတွေ က စောစော ကတည်း က ဦးနှိမ် ထားတာ အကောင်းဆုံး ပ ”

ဟု ပြောလိုက် လေ၏ ။

“ တစ်ညလုံး မအိပ်ရ တာတော့ မှန်ပါပေတယ်ဗျာ ။ ဒါပေမဲ့ ဟို ကောင်ကလေး ကို လုပ်ရလို့ မဟုတ်ဘူးဗျို့ ။ ကျုပ် မှာ ကံကောင်း လို့ အလုပ် မပြုတ်တယ် ။ အိမ်တန်းလျား က လူတွေ ည က ဂါတ် ကို လာပြီး ဝိုင်းကြ အော်ကြ နဲ့ ဗျာ ။ ရာဇဝတ်ဝန် တောင် လာပြီး ဖြေရှင်း ပေးရတယ် ။ အဲဒီ ကောင် ဘက် ကလဲ မျိုးချစ်ဝတ်လုံ တစ်ယောက် ပါလာပြီး ။ ကျုပ် ကို မေးလိုက် မြန်းလိုက် တာ ဗျာ ။ ကျုပ်တို့ တော့ မီးခဲ ကို ကိုင် မိတာပဲ ”

ဟု ဌာနာအုပ်ကြီး က ပြော လေ၏ ။ ထိုအခါ ကျွန်ုပ် ၏ ဖခင် က

“ မနေ့ က ဌာနာအုပ်မင်း လုပ်တဲ့ နည်း ကောင်းပါတယ်ဗျာ ။ အချုပ်ခန်း ထဲ ကို လူမိုက် နှစ်ယောက် လောက် ဖမ်းပြီး ထည့်ပေး လိုက်ရင် ဒီ ကောင် ကို နိုင်ပါတယ် ”

ဟု ပြော လိုက်ရာ ဌာနာအုပ်ကြီး က

“ ခင်ဗျားတို့ ပြန်သွားတဲ့ အခါ မှာ တာမွေဘက် က လူမိုက် နှစ်ယောက် ကို ဖမ်းထည့် ပြီး ဒီကောင် နဲ့ လွှတ်ပေး သေးတာပေါ့ ”

ဟု ပြန်၍ ပြောလေ၏ ။

“ နှစ်ယောက် နဲ့ တစ်ယောက် ဆိုတော့ ဒီကောင် ဖြင့် မှတ်လောက် သားလောက် ဖြစ်သွားရောပေါ့ ” ဟု ကျွန်ုပ် ၏ ဖခင် က ပြောလေ၏ ။

“ မဟုတ်ဘူးဗျ ။ ကောင်လေး မခံရဘူး ။ ဟို ကောင် နှစ်ကောင် ထ တောင် မထနိုင်ဘူး ။ ကောင်လေး က သေသေချာချာ နှိပ်စက် လိုက်တာ ဗျာ ” ဟု ဌာနာအုပ်ကြီး ပြော လေ၏ ။

“ အလိုလေးဗျာ နှစ်ယောက် နဲ့ တစ်ယောက် တောင် ဒီကောင် က နိုင် သတဲ့လား ။ ဘယ်လိုများပါလိမ့် ”

ဟု ကျွန်ုပ် ၏ ဖခင် က မေး လိုက်လေ၏ ။

“ ဒီလိုဗျ ။ ဒီကောင် က နှယ်နှယ်ရရ သတ္တိ မျိုးတော့ မဟုတ်ဘူး ။ သွေးသောက်  ။ မောင်ဂျင်း ဆိုတာ ရှေးခေတ် နာမည်ကြီး စစ်ဗိုလ် တစ်ယောက် ပဲ ဗျ ။ သွေးသောက် မောင်ဂျင်း က ဆင်းသက် လာတာ ဆိုပဲ ။ သွေးသောက် မောင်ဂျင်း ဆိုတာ က တော့ အိမ်ထောင် မရှိပါဘူး ။ သူ့ နှမ ဘက် က ဆင်းတဲ့ မျိုး ပဲ ။ လူ မှာ အမျိုး ကြက် မှာ အရိုး ဆိုတာ ဒါမျိုးပြောတာဗျ ။ သွေး ကောင်း တဲ့ မျိုးက ဆင်းသက် လာတာ ဆိုတော့ မဟုတ်မခံ ပေါ့ ဗျာ ”

ဟု ဌာနာအုပ်ကြီး က ပြော လေ၏ ။

“ နှစ်ယောက် နဲ့ မနိုင်ရင် သုံးယောက် နဲ့ လွှတ်ပေးပေါ့ ဌာနာအုပ်ကြီး ရယ် ။ ဒီနေ့ တစ်ပွဲ လောက် ကြည့်ချင်ပါရဲ့ ”

ဟု ကျွန်ုပ် ၏ ဖခင် က ပူဆာ လေတော့၏ ။

“ ကောင်လေး ကို လွှတ် လိုက်ရပြီ ဗျ ။ ကျုပ် တောင် အဲဒီ ကိစ္စ နဲ့ ထုချေလွှာ အတောင်း ခံနေရပြီ ”

ဟု ဌာနာအုပ်ကြီး က ညည်းတွားလေ တော့၏ ။

ထိုအခါ ကျွန်ုပ် ၏ ဖခင် သည် လွန်စွာ စိတ်ပျက်၍ သွားလေ၏ ။ ဒေါသ လည်း လွန်စွာ ထွက်လေတော့၏ ။

“ တစ်နည်း မရ ရင် တစ်နည်း ကြံရမှာပေါ့ဗျာ ”

ဟု ပြောဆို ကာ ဌာနာအုပ်ကြီး အား နှုတ်ဆက် ၍ ဂါတ်ဝင်း အတွင်း မှ ထွက်လာခဲ့လေ တော့၏ ။

ကျွန်ုပ် တို့ သည် အိမ် သို့ ပြန်ခဲ့ကြ လေ၏ ။ ကျွန်ုပ်တို့ အိမ် ရောက်ပြီး မကြာမီ၌ ပင် လပေါင်း များစွာ ပျောက် နေသော ကျွန်ုပ် ၏ အစ်ကို မောင်ဘိုးထူ သည် အိမ် ပေါ် သို့ တက် လာလေ တော့၏ ။ ကျွန်ုပ် ၏ ဖခင် သည် မောင်ဘိုးထူ ကို မြင်လျှင်

“ မင်း က အခုမှ ဘယ် က ပေါ်လာရတာတုံး ။ ငါတို့ မှာ ဘယ်လို အကျပ်အတည်း တွေ တွေ့နေတယ် ဆိုတာ မင်း သိရဲ့လား ”

ဟု မေး လိုက်ရာ မောင်ဘိုးထူ က မခိုးမခန့် မျက်နှာထား နှင့်

“ အဲဒီ အကျပ်အတည်းတွေ ကို ဘယ်လို လုပ်ရမယ် ဆိုတာ အဖေ လဲ မသိဘူး ။ ဘိုးမြူ လဲ မသိဘူး ။ ကျွန်တော် ပဲ ကောင်းကောင်း သိတယ် ။ ကျွန်တော် ဟာ ဘယ်လို အသုံး ဝင်တဲ့ အကောင် ဆိုတာ အဖေ အခုမှ နားလည်တော့မယ် ဟဲ ဟဲ ”

ဟု ပြောဆို လေ၏ ။

“ ပြောစမ်းပါဦး ပြောစမ်းပါဦး ။ မင်းက  ဘာ သိလို့တုံး ”

ဟု ကျွန်ုပ် ၏ ဖခင်ကြီး က မေး လိုက်လေ၏ ။

“ သိပါတယ် အဖေ ရယ် ။ အဖေတို့ ဟာ ချစ်တီးကု,လား ကြွေး နဲ့ သိမ်းထား တဲ့ အိမ် ကို သွားပြီး ဝယ် ကြတယ် ။ အဲဒီ အိမ် ကလဲ အိမ်ငှား တွေ ရှိနေတယ် ။ အဲဒီ အိမ်ငှားတွေ ရဲ့ ကလေးတွေ ကို လာပြီး စာ သင်ပေးနေတဲ့ ကျောင်းဆရာ တစ်ယောက် နဲ့ အချင်း များ ကြတယ် ။ အဲဒီ ကျောင်းဆရာ ကို အချုပ် ထဲ သွင်းပြီး လူမိုက် ထွန်းတင်ကြီး နဲ့ လွှတ် ပေးတယ် အဖေ တို့ က ထိုင်ပြီး ကြည့် နေတယ် ။ ကျောင်းဆရာ က ဘာမှ မဖြစ်ဘဲ လူမိုက် ထွန်းတင်ကြီး သာ မရှုမလှ ခံ လိုက်ရတယ် ။ အဲဒီ ည မှာပဲ လူမိုက် နှစ်ယောက် နဲ့ လွှတ်ပေး ပြန်တယ် အဲ့ဒီ ကောင် နှစ်ကောင် လဲ မရှုမလှဘဲ ။ ပြီးတော့ ကျောင်းဆရာ လဲ အချုပ် က လွတ်သွားတယ် အဲဒီ အတွက် အဖေ ဟာ အတော့် ကို မခံချင် ဖြစ်နေတယ် မဟုတ်လား ”

ဟု မောင်ဘိုးထူ က မေး လိုက်ရာ ကျွန်ုပ် ၏ ဖခင်ကြီး က

“ ဟုတ်တာ မှ သိပ်ကို ဟုတ်တာပေါ့ မောင်ဘိုးထူ ရယ် ။ ငါ့ သား တယ်ပြီး တော်ပါလား ”

ဟု ပြော လိုက်လေ၏ ။

“ အဖေ့ သား အကြောင်း အဖေ မကြာ ခင် သိရမယ် ။ အဲဒီ ကျောင်းဆရာ နာမည် က မောင်ဂျင်း လို့ ခေါ်တယ် ။ မောင်ဂျင်း ဆိုတာ သူ့ ဘိုးအေ ရဲ့ နာမည် ကို ပြန် ယူ ထားတာ ။ သူ့ ဘိုးအေ ဟာ အင်္ဂလိပ်မြန်မာ စစ်ပွဲ မှာ အလွန် နာမည် ရ ခဲ့တဲ့ သွေးသောက် မောင်ဂျင်း လို့ ပြောတယ် ”

ဟု မောင်ဘိုးထူ က ပြော လိုက်ရာ

“ ဟုတ်ပြီ ။ ငါ့ ကို ဌာနာအုပ်ကြီး က အဲဒီ အတိုင်း ပြော လိုက်တယ် ။ တယ် တော်တဲ့ ငါ့ သား မောင်ဘိုးထူ ပါ လား ။ ဒီနေရာ ကျ တော့ ဘိုးမြူ တို့ ညံ့ သွား ပြန်ရော ”

ဟု ကျွန်ုပ် ၏ ဖခင်ကြီး က ဆိုလေ၏ ။

ထိုအခါ ကျွန်ုပ် ၏ အစ်ကို မောင်ဘိုးထူ က

“ အဖေ့ ကို ခပ်ပြတ်ပြတ်ပဲ မေး ရမယ် ။ ကျောင်းဆရာ မောင်ဂျင်း ကို လူ့ လောက မှာ မရှိအောင် တစ်ခါတည်း လုပ်ပေးမယ် ။ ဒီလို လုပ်ပေးနိုင်တဲ့ လူတွေ လဲ ကျွန်တော့် မှာ ရှိတယ် ။ ဒီကောင် အသက် ရှင်နေလို့ မဖြစ်ဘူး ။ ဒီကောင် အသက်ရှင် နေရင် အဖေ တို့ ဒုက္ခ ရောက်လိမ့်မယ် ”

ဟု ပြောလေ၏ ။

“ အဲဒီ မောင်ဂျင်း ဆိုတဲ့ အကောင် မြန်မြန် သေလေ ကောင်းလေပေါ့ ငါ့ သား ရယ် ။ တစ်ခု ပဲ ရှိတယ် ။ အဖေတို့ ဘက် ကို ပြန်ပြီး ပတ် မလာ ဖို့တော့ ဂရုစိုက် ရလိမ့်မယ် ”

ကျွန်ုပ် ၏ ဖခင်ကြီး က ပြောရာ

“ စိတ်ချပါ အဖေ ရယ် ။ ကျွန်တော့် မှာ ဒီလို အလုပ်မျိုး လုပ်တဲ့ တပည့်တပန်း တွေ အများကြီး ရှိပါတယ် ”

ဟု မောင်ဘိုးထူ က ပြန်၍ ပြော လေတော့၏ ။

“ အေးလေ ။ အဲဒီလို ဆိုလဲ ငဂျင်း ဆိုတဲ့ အကောင် ကို မြန်မြန် သ,တ်လိုက်စမ်းပါ ။ ဒီကောင် ဟာ လူယုတ်မာ ပဲ ”

ဟု ကျွန်ုပ် ၏ ဖခင် က ပြော လေ၏ ။

“ ဒီလို ပါးစပ် နဲ့ ပြောလို့ မရဘူး အဖေ ။ အဲဒီ ကိစ္စ အတွက် အပြီးအငြိမ်း အတွက် ငွေတစ်ထောင် ပေးဖို့ လိုတယ် ”

ဟု မောင်ဘိုးထူ က ပြော ရာ ဖခင်ကြီး က

“ ဒီမှာ လူကလေး ။ အဲဒီ မောင်ဂျင်း ဆိုတဲ့ အကောင် အတွက် ဆိုရင် တစ်ထောင် မဟုတ်ဘူး ။ နှစ်ထောင် ယူသွား ။ ဘိုးမြူ မင်း အစ်ကို ကို ငွေနှစ်ထောင် ထုတ်ပေး လိုက်စမ်း ”

ဟု ဆိုသဖြင့် ကျွန်ုပ် လည်း မီးခံသေတ္တာ ကို ဖွင့်ကာ ငွေနှစ်ထောင် ကို ထုတ်ယူ ၍ အစ်ကို ဖြစ်သူ မောင်ဘိုးထူ အား ပေးလိုက် လေတော့၏ ။ မောင်ဘိုးထူ လည်း ငွေစက္ကူများ ကို ယပ်တောင် သဖွယ် ယပ်ခတ် ရင်း အိမ် ပေါ် မှဆင်းသွား လေတော့၏ ။ ဆင်းခါနီး တွင်

“ သန်ဘက်ခါ ကျရင် မောင်ဂျင်း အသုဘ ကို လိုက်ပို့ ဖို့ အဆင်သင့် ပြင်ထား အဖေ ရေ ”

ဟု ပြောသွား လေ သေးတော့၏ ။

ယခု အောက် တွင် ဖော်ပြလတ္တံ့ ဖြစ်သော အဖြစ်အပျက် တို့ မှာ ကျွန်ုပ် ကိုယ်တိုင် တိုက်ရိုက် သိကျွမ်းရသည် မဟုတ်ဘဲ နောက် မှ သိကျွမ်းရသော အဖြစ်အပျက် ဖြစ်၏ ။

           ( မောင်ဘိုးမြူ )

တစ်နေ့သ၌ မောင်ဂျင်း သည် တန်းလျား ၌ ကလေးများ ကို စာသင်ပြ ပေးလေ၏ ။ စာသင်၍ ပြီးသော အခါ ၌ နေ့ခင်း တစ်နာရီ ပင် ထိုး နေပြီ ဖြစ်၏ ။

မောင်ဂျင်း လည်း နံနက်စာ မစားရသေး သဖြင့် လွန်စွာ ဆာလောင်သည် ဖြစ်ရာ ကလေး တစ်ဦး အား လက်ဖက်ရည် ဝယ်၍ ခိုင်း လေ၏ ။ ကလေး သည် ချိုင့်ကလေး ကို ဆွဲ၍ လက်ဖက်ရည် ဝယ်ရန် ထွက်သွား လေ၏ ။

အတန် ကြာသောအခါ လက်ဖက်ရည်ချိုင့်ကလေး နှင့် အတူ ပြန်၍ လာလေ၏ ။မောင်ဂျင်းသည် လက်ဖက်ရည် သောက်မည် ဟု ချိုင့် ကို ဖွင့် လိုက်လေ၏ ။

ထို အချိန်၌ မှာပင် တန်လျား တွင် ရှိသော ကြောင်ကလေး တစ်ကောင် သည် ၎င်း ၏ ခြေထောက် ကို လာရောက် ၍ ပွတ်သပ် လေ၏ ။ ထိုအခါ မောင်ဂျင်း က

“ အလို မင်း ကလဲ ငါ့ လို ပဲ ဆာ နေတဲ့ ကောင်ပါလား ”

ဟု ဆိုကာ ခွက်ဟောင်း ကလေး တစ် ခုကို ဆေးကြော ၍ ကြောင်ကလေး သောက်ရန် အတွက် လက်ဖက်ရည် ကို အနည်းငယ် ထည့်ပေး လေ၏ ။ ကြောင်ကလေး လည်း လက်ဖက်ရည်ခွက် ကို အငမ်းမရ တပြတ်ပြတ် လျက် လေ တော့၏ ။ ထိုသို့ လျက်ပြီး စက္ကန့်ပိုင်း အတွင်း၌ ပင် ကြောင်ကလေး သည် ဆန့်ငင်ဆန့်ငင် ဖြစ်၍ အကြောများ ဆွဲကာ သေဆုံး သွားလေတော့၏ ။

ထို အခြင်းအရာ ကို ကြည့် ပြီး လျှင် မောင်ဂျင်း လည်း မျက်လုံး ပြူး ၍ သွား လေတော့၏ ။

ထို့နောက် မောင်ဂျင်း သည် ကလေးများ အား ကြောင် ကို အတော် ဝေးလံသော အမှိုက်ပုံ သို့ သွားရောက် ပစ်ခိုင်း လေ၏ ။ ပြီးလျှင် လက်ဖက်ရည် ဝယ် ပေးသော ကလေး အား ခေါ်ယူ၍

“ လက်ဖက်ရည် ဝယ်ဖို့ သွားတုန်း လမ်း မှာ ဘယ်သူနဲ့ တွေ့သလဲ ကွ ”

ဟု မေးရာ  ။ ကလေး က

“ ဘယ်သူနဲ့ မှ မတွေ့ပါဘူး ဆရာ ”

ဟု ဖြေ လေ၏ ။ ထိုအခါ မောင်ဂျင်း က

“ အေး အေး ကောင်းပြီ ”

ဟု ဆို ကာ မသိလိုက် မသိ ဘာသာ နေလေ၏ ။

များမကြာမီ ၌ ပင် ထို တန်းလျား တွင် နေထိုင်သည့် သက်တင် ဆိုသော ဆိုက်ကားသမား သည် ဆိုက်ကား နှင့် ပြန်၍ ရောက် လာလေ၏ ။ သက်တင် က မောင်ဂျင်း အား မြင် လျှင် မြင် ချင်း  ။

“ ဆရာလေး ။ စာ သင်လို့ ပြီးပြီလား ”

ဟု နှုတ်ဆက် လေ၏ ။

“ ပြီးပါပြီ ဗျာ ။ ကိုသက်တင်ကြီး လာစမ်းပါဦး ”

ဟု ခေါ် လိုက်ရာ သက်တင် အနီး သို့လာလေ၏ ။

ထိုအခါ မောင်ဂျင်း သည် လက်ဖက်ရည်ပန်းကန် နှစ်လုံး ကို ယူ၍ စောစောက ဝယ် ထားသော လက်ဖက်ရည် ကို ငဲ့ ထည့် ပြီး လျှင်

“ ကိုသက်တင် ရေ ခင်ဗျားတို့ ရပ်ကွက် က သိပ်ပြီး ကောင်းတယ်ဗျ ။ လက်ဖက်ရည် တစ်ခွက် ဆိုရင် အများကြီး ရ တာလား ။ အဲ့ဒီတော့ ကလေးတွေ လဲ ကျောင်းဆင်း ပေး လိုက်ပြီ ။ ကျုပ် လဲ ည မှာ ခင်ဗျား တို့ ကို သင်ဖို့ သင်ခန်းစာတွေ စီစဉ် နေတာ ။ ခင်ဗျား ရောက် လာတာ နဲ့ အတော်ပဲ ။ ဟောဒီ မှာ လက်ဖက်ရည် ဝယ် ထားတယ် ။ ခင်ဗျား နဲ့ ကျုပ် နဲ့ သောက်ကြတာပေါ့ ဗျာ ”

ဟု ပြော လိုက်ရာ သက်တင် က

“ မလုပ်ပါနဲ့ ဆရာ ။ မလုပ်ပါနဲ့ ။ ကျွန်တော် လက်ဖက်ရည် မသောက်ချင်ဘူး ”

ဟု ငြင်း လေ၏ ။ ထိုအခါ မောင်ဂျင်း သည် သက်တင် ၏ လက် ကို ဆွဲ၍ သက်တင် အား ထိုင်ခိုင်း ပြီးလျှင်

“ များများ မဟုတ်ပါဘူးဗျာ ။ တစ်ငုံ လောက်ပဲ သောက်စမ်းပါ ”

ဟု ပြော ရာ သက်တင် က

“ ကျွန်တော် နဲ့ လက်ဖက်ရည် နဲ့ မတည့်ဘူး ဆရာ ”

ဟု ပြန်၍ ဖြေလေ၏ ။

“ မဟုတ်တာဘဲဗျာ ။ စောစော က ပဲ လက်ဖက်ရည်ဆိုင် မှာ လက်ဖက်ရည် သောက် နေသေးတယ် မဟုတ်လား ။ ကိုလှဖေကြီး သား မောင်နီကလေး ကို တောင် နိုင်ကထိုင်မုန့် ဝယ်ကျွေး လိုက် သေးတယ် လေ ။ သောက်စမ်းပါဗျ ။ ဒီ လက်ဖက်ရည် က ပိုပြီး ချို ပါတယ် ။ ခင်ဗျား တစ်ယောက် တည်း သောက်ရ မှာ မဟုတ်ပါဘူး ။ ကျုပ် ပါ သောက်မှာ ပါ ”

ဟု မောင်ဂျင်း က ပြောရာ သက်တင် သည် စိတ် အကြံ အိုက်ကာ ချွေးစေးများ ထွက်၍ လာလေတော့၏ ။

“ ဒီမှာ ကိုသက်တင်ကြီး ။ ခင်ဗျား ကျုပ် အကြောင်း သိတယ် မဟုတ်လား ဒီ လက်ဖက်ရည် ကို တော့ ခင်ဗျား မသောက်ချင် ပေမယ့် အတင်း ကို တိုက်ရမှာပဲ ”

ဟု မောင်ဂျင်း က ပြောရာ သက်တင် သည် ချုံးပွဲချ ငိုလေတော့၏ ။

ထိုအခါ တန်းလျား က လူများ သည် ဝိုင်းအုံ ၍ ကြည့်ရှုကြ ကုန်၏ ။

“ ကိုသက်တင်ကြီး ဘာဖြစ်လို့ ငိုတာလဲ ”

ဟု ဝိုင်းဝန်း မေးမြန်းကြသည် ဖြစ်ရာ မောင်ဂျင်း က

“ လက်ဖက်ရည်ကလေး တစ်ငုံ လောက် သောက်ခိုင်း တာ ငိုနေသတဲ့ ဗျာ ကြည့်ပြီး လုပ်ကြပါဦး ”

ဟု ပြော လေ၏ ။ ထိုအခါ လူများ က

“ ဒါများ ငိုစရာလား ကိုသက်တင် ရယ် ။ သောက်လိုက်ပေါ့ ”

ဟု ဝိုင်း၍ ပြောကြလေ၏ ။ မောင်ဂျင်း လည်း လက်ဖက်ရည်ခွက် ကို ကိုင်၍ သက်တင် အား တိုက်မည့် ဟန် ပြုလေ၏ ။ သက်တင် က ရှိခိုး ၍ တောင်းပန်လေ၏ ။

ထိုအခါ လူများ က

“ အဆန်းပါလား လက်ဖက်ရည် တိုက်တာ ကို မသောက်ချင် လို့ ရှိခိုးပြီး တောင်းပန်တာ ဒီတစ်ခါ ပဲ တွေ့ဖူးတယ် ”

ဟု ပြောကြကု န်၏ ။

မောင်ဂျင်း သည် လက်ဖက်ရည်ခွက် ကို ချလိုက် ပြီး လျှင် ။

“ ဟေ့ သက်တင် အမှန်အတိုင်း ပြောစမ်း ။ ဒီ လက်ဖက်ရည် ကို သောက် လိုက်ရင် မင်း ဘာဖြစ် သွားမလဲ ဆိုတာ သိတယ် မဟုတ်လား ”

ဟု မေး လိုက်လေ၏ ။

“ သိပါတယ် ဆရာလေး ရယ် ။ ကျုပ် သေမှာပါ ”

ဟု ပြန်၍ ဖြေလေ၏ ။

“ ဘာဖြစ်လို့ သေမှာလဲ ”

ဟု မောင်ဂျင်း က မေးပြန် လေ၏ ။

“ ဒီ လက်ဖက်ရည် ထဲ မှာ အဆိပ်တွေ ပါတယ် ဆရာလေး ”

ဟု သက်တင် ပြန် ဖြေ လေ၏ ။

“ အဲ့ဒီ အဆိပ်တွေ ဘယ်သူ ထည့်ထားတာတုံး ”

ဟု မောင်ဂျင်း က မေးပြန် လေ၏ ။ သက်တင် က မဖြေ ဘဲ ခေါင်း ကို ငုံ့ ၍ ထားလေ၏ ။

“ ဒီမှာ သက်တင် ။ သေသေချာချာ နားထောင် ။ ဒီ က နေ လက်ဖက်ရည်ဆိုင် ကို သွားဖို့ ဟာ အဝေးကြီးကွ ။ ကလေး တစ်ယောက် သွားရင် ဘယ်လောက် ကြာမယ် ဆိုတာ ကျုပ် သိတယ် ။ မောင်နီကလေး ကို ကျုပ် က လက်ဖက်ရည် ဝယ်ခိုင်း လိုက်တယ် ။ မောင်နီကလေး ဟာ ဒီတစ်ခါ လက်ဖက်ရည် သွားပြီး ဝယ်တာ သိပ် ကို မြန် နေတယ် ။ ဒါနဲ့ သူ့ မျက်နှာ ကို အကဲခတ်ပြီး ကြည့် လိုက်တော့ သူ့ နှုတ်ခမ်း မှာ ဖြူဖြူအစအနကလေး တွေ တွေ့တယ် ။ အဲဒါ လက်ဖက်ရည်ဆိုင် မှာ ရောင်း တဲ့ နိုင်ကထိုင်မုန့် ရဲ့ အစအနတွေ ပဲ ။ ဒီ ကလေး မှာ မုန့်ဝယ် စားဖို့ ပိုက်ဆံ တစ်ပြား မှ မပါရှာဘူး ။ ဒီ အချက် ဟာ သံသယ ဖြစ် စရာပဲ ။ အဲဒီတော့ မောင်နီ ဟာ သူ့ ကို နိုင်ကထိုင်မုန့် ဝယ်ကျွေးတဲ့ လူ နဲ့ လမ်း မှာ တွေ့ တယ် ဆိုတာ သေချာ နေပြီ ။ ပြီးတော့ ပြန်လာတဲ့ အချိန် ဟာ လဲ နည်းနည်း စောနေတယ် ။ ဒါဟာ ခြေကျင် လာတာ မဖြစ်နိုင်ဘူး ။ အဲဒါ နှစ်ခု ကို ပေါင်းစပ် လိုက်ရင် မောင်နီကလေး နဲ့ သိတဲ့ ဆိုက်ကားဆရာ ကိုသက်တင် ကို “ ကွက် ” ခနဲ သွားပြီး မြင်တယ် ။ ဒါပေမဲ့ ကျုပ် က ဒီ လက်ဖက်ရည် ပေါ် မှာ သံသယ တော့ ဖြစ်တယ် ။ အဆိပ် ခတ် ထားမယ်လို့ တော့ အသေ အချာပေါက် မစွပ်စွဲရဲဘူး ။ နီဘား ဆိုတဲ့ ကြောင်ကလေး ကျုပ် ဆီ ကို အစာ လာပြီး တောင်းတယ် ။ အဲဒီ ကြောင်ကလေး ကို လက်ဖက်ရည် နည်းနည်း တိုက် လိုက်တယ် ။ အဲဒီ ကြောင်ကလေး လက်ဖက်ရည် သောက်ပြီး ချက်ချင်း ပဲ သေသွား ရှာတယ် ။ ကဲ သက်တင် ဂါတ် ကို သွားမလား ။ ဒီ လက်ဖက်ရည် သောက်မလား ”

ဟု မောင်ဂျင်း က မေး လိုက်ရာ သက်တင် သည် ချုံးပွဲ ချ ၍ ငိုလေတော့၏ ။ ထိုသို့ ငိုရင်း 

“ ငွေ ငါးရာ ရလို့ မကြံသင့်တာ ကို ကြံမိပါတယ် ဆရာလေး ရယ် ”

ဟု ဝန်ခံ လေ တော့၏ ။

“ ကောင်းပြီ ။ အဲဒီ ငွေငါးရာ ဘယ်သူ ပေးတာတုံး ”

ဟု မောင်ဂျင်း က မေး လေ၏ ။

“ သူဌေးသား လူရှုပ် မောင်ဘိုးထူ ဆိုတာ နဲ့ လူမိုက် လန်ဘားထွန်းတင် ဆိုတာကြီး မနေ့ က ကျွန်တော့် ကို လာပြီး ပေးပါတယ် ။ ဆရာကလေး ရဲ့ အသက် ကို လုပ်ကြံ ပေးပါ တဲ့ ။ ငွေငါးရာ နဲ့ အတူ အဆိပ်ထုပ် လဲ ပါလာ ပါတယ် ”

ဟု သက်တင် က ဝန်ခံ လေတော့၏ ။

ထိုအခါ နားထောင် နေသော သူများ သည် “ ဟင် ” “ ဟယ် ” နှင့် ဖြစ်ကုန်ကြ လေ တော့၏ ။ မောင်ဂျင်း သည် သက်တင် အား စေ့စေ့ ကြည့်၍

“ ခင်ဗျား တို့ ရဲ့ အကျိုး ကို ကျုပ် ဟာ ဆောင်ရွက် ခဲ့တယ် ။ ခင်ဗျားတို့ ရဲ့ ကလေးတွေ ကို ကျုပ် ဟာ စာသင် ပေးခဲ့တယ် ။ ခင်ဗျားတို့ ကို လဲ သင်ပေးခဲ့ တာပဲ ဒီ မျက်နှာကို မထောက်ဘဲ ကျုပ် ရဲ့ အသက် ကို ငွေငါးရာ နဲ့ လုပ်ကြံတယ် ဆိုတာ ခင်ဗျား ရဲ့ အင်မတန် ကြီးမားတဲ့ ယုတ်မာမှုကြီး ပဲ ။ ဒီမှာ သက်တင် ။ မင်း ကို အဆိပ်ခတ် ခိုင်းတဲ့ အကောင်တွေ ကို ပြောလိုက် ။ မောင်ဂျင်း ဆိုတဲ့ လူဟာ ဒီလို အဆိပ်ခတ် သတ်လို့ ရတဲ့ လူစားမျိုး မဟုတ်ဘူး ။ ဟောဒီမှာကြည့် ”

ဟု ဆိုကာ မောင်ဂျင်း သည် အဆိပ်ခတ် ထားသော လက်ဖက်ရည်ခွက် နှစ်ခွက် ကို တစ်ခွက် ပြီး တစ်ခွက် မော့ ချ လိုက်လေတော့၏ ။

တန်းလျား မှ လူများ လည်း မျက်နှာများ ကို လွှဲပစ် ကြ ကုန်၏ ။ အုန်းအုန်းကျွက် ကျွက်လည်း ဖြစ်ကုန်ကြ လေ၏ ။

ထို့နောက် မောင်ဂျင်း သည်

“ သူဌေးကြီး ဦးပေတလူ မိသားစု က ကျုပ် ကို စိန်ခေါ်တာ ကိုး ။ ဘုရား သာ တ ကြပေတော့ ပေတလူတို့ ရေ ”

ဟု ကြုံးဝါး ကာ ထို တန်းလျား မှ အပြီးအပိုင် ထွက်သွား လေတော့၏ ။

လူများ သည် မောင်ဂျင်း အား ဆွဲထားကြရန် ကို သတိမေ့ နေကြလေ၏ ။ အဘယ်ကြောင့် ဆိုသော် သူတို့ သည် သက်တင် ဆိုသူ အား ဝိုင်းဝန်း ရိုက်နှက် နေကြရသောကြောင့် ဖြစ်၏ ။

◾မင်းသိင်္ခ

📖 မိုးပေါ်မှာ ကြယ်တစ်လုံး

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment