Wednesday, January 31, 2024

နှုတ်ခမ်းမွေးပါပါလေး


 

❝ နှုတ်ခမ်းမွေးပါပါလေး ❞

မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ က ဦးဆောင် နေတဲ့ ကာလ ။ အငြိမ့်သဘင် တွေ ရှင်သန် ထွန်းကား ချိန် ။ ဒီနေ့ နှုတ်ခမ်းမွေးပါပါလေး လို့ နာမည်ကြီး တဲ့ အငြိမ့် လူရွှင်တော် ရဲ့ အမည် က အဲဒီတုန်း က ပါတီလေး ။

သူတို့ အငြိမ့် က မိသားစု အငြိမ့် ။ သူ့ ဖခင် အငြိမ့် လူရွှင်တော်ကြီး ဦးညိုသန်း နဲ့ အတိုင်အဖောက် မိမိ ပြက် ခဲ့တဲ့ ပြက်လုံး တစ်ခု က ပရိသတ် နှုတ်ဖျား မှာ ရေပန်းစား ခဲ့ ဖူးတယ် ။

အငြိမ့် က နေ ဆဲ ၊ အသံချဲ့စက် အသံ က မမှန်ဘဲ ဂျိဂျိ ဂျိဂျိ နဲ့ ဖြစ် နေတယ် ။

“ ပါတီ ရေ ”

“ ခင်ဗျာ ခင်ဗျ ”

“ မင်း မိုက် က ကောင်းရဲ့လား ”

“ ကောင်းပါတယ် ခင်ဗျ ”

“ အသံ က မကောင်းဘူးကွ ၊ ဘာဖြစ် နေတာလဲ ရှာစမ်း ၊ မိုက် က မဟုတ်ရင် ကြိုးတွေ ကြည့်စမ်း ”

“ ကြိုးတွေ လည်း ကောင်းတယ် ”

“ စက် စမ်းကြည့်စမ်းကွာ ”

“ စက် လည်း ကောင်းတယ် ”

လူရွှင်တော် က အငြိမ့်စင် တိုင် ထိပ် မှာ ချိတ် ထားတဲ့ လော်စပီကာဟွန်း ရဲ့ ယူနစ် ကို မော့ ကြည့်တယ် ။

“ ပါတီ ”

“ ခင်ဗျာ ”

“ ယူနစ် မကောင်းတာကွ ”

“ ဗျာ ”

“ ပါတီ ၊ ယူနစ် မကောင်းတာ ”

မ.ဆ.လ ခေတ် က မြို့နယ် အုပ်ချုပ်ရေး ကိစ္စတွေ ကို မြို့နယ် ပါတီယူနစ် က ဦးဆောင် နေတာမို့ အဲဒီ စကားသံ ကြား တာ နဲ့ ပရိသတ် ရဲ့ လက်ခုပ် သြဘာသံ က ဝေါခနဲ ညံ သွားတယ် ။

နှုတ်ခမ်းမွေး ပါပါလေး ဟာ အဲဒီ ကတည်း က ပြည်သူ ချစ်တဲ့ အနုပညာရှင် ဖြစ်ခဲ့တာ ။ ကျွန်တော် လည်း သူ့ ကို ချစ်ခင် လေးစား ခဲ့တယ် ။

၁၉၉၈ ခုနှစ် က ကျွန်တော် လန်ဒန် ကို ရောက် တော့ နှုတ်ခမ်းမွေး ပါပါလေး ကို ဂုဏ်ပြုထားတဲ့ ခန်းမဆောင် ကို သွား ခဲ့တယ် ။ အဲဒီ အချိန် က သူ က အလုပ်ကြမ်း နဲ့ ထောင်ဒဏ် ခုနစ် နှစ် ကျခံ နေရချိန် ။ ၁၉၉၆ ခု ၊ လွတ်လပ်ရေးနေ့ ပြက်လုံးတွေ ကြောင့် အကျဉ်း ခံ နေရတာ ။ သူ့ ကို ဂုဏ်ပြု တဲ့ ခန်းမဆောင် မှာ လက်ဗွေနှိပ် တဲ့ စာအုပ် တစ်အုပ် ရှိတယ် ။ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်တွေ အပါအဝင် လူတွေ ထောင် နဲ့ ချီပြီး လက်ဗွေတွေ နှိပ် ထား ကြတယ် ။

နှုတ်ခမ်းမွေး ပါပါလေး ထောင် က လွတ်တော့ သူ့ အိမ်ခန်းကျဉ်းလေး ထဲ မှာ အငြိမ့် ပြန် ကတယ် ။ သူ့ နာမည် က ကမ္ဘာကျော် နေပြီ မို့ တိုးရစ်တွေ အများကြီး သူ့ ပွဲ ကို လာ ကြည့်ကြတယ် ။ နှုတ်ခမ်းမွေး ညီအစ်ကို တွေ ဖြစ်တဲ့ ပါပါလေး ၊ လူဇော် တို့ က နိုင်ငံခြားဧည့်သည် ဆွဲဆောင်မှု ဖြစ်နေတယ် ။

တစ်နေ့ မှာ တော့ သူ့ ဘဝ အကြောင်း ရောက်တတ်ရာရာ ကျွန်တော် နဲ့ ထိုင် ပြော ဖြစ်ကြပါတယ် ။

“ ကျွန်တော်တို့ ကလေး ဘဝ တုန်း က အဖေ က ဘာလုပ် ကျွေး ခဲ့ သလဲ ဆိုတော့ ကျွန်တော်တို့ ရွှေဘိုနယ် မှာ ရှိတဲ့ အိုးစည်ဒိုးပတ်ဝိုင်း မှာ လူရွှင်တော် ဟာသမင်းသား လုပ်ပြီး လုပ်ကျွေးခဲ့တာ ၊ ဘာလုပ်သေးလဲ ဆိုတော့ အလှူတွေ မှာ မဏ္ဍပ် ဆင် ပေးတယ် ၊ နာရေးတွေ မှာ ၊ နာရေး ဆိုတာ မင်္ဂလာ ပါ ”

“ ဟုတ်ကဲ့ ”

“ ခေါင်းတွေ မှာ လှလှပပ ဖြစ်အောင် ယိုးဒယား ပန်းခက်တွေ ဘာတွေ ဆင် ရတယ် ၊ ဆံပင် လည်း ညှပ်တယ် ၊ ခေါင်း တစ်လုံး တစ်မတ် ငါးမူး ပေါ့ ၊ စက် လည်း ချုပ်တယ် ၊ တိုက်ပုံအင်္ကျီ ၊ လူရွှင်တော် အဝတ်အစား ၊ မင်းသမီး ထိုင်မသိမ်း အင်္ကျီ လည်း ချုပ်တယ် ၊ တစ်နှစ် မှာ ရွာဘုန်းကြီးပျံပွဲ ကို မန္တလေး က မိတ်ဆက် မမြသန်း အငြိမ့် လာ ကတယ် ၊ ရွာ မှာ လူရွှင်တော် ရှိတယ် ဆိုလို့ အဖေ့ ကို ဝင် ကခိုင်းတာ ၊ သဘောကျ သွားပြီး နောက်နှစ် ကျ တော့ မန္တလေးအငြိမ့် ထဲ အဖေ ရောက် သွား ရော ”

“ ဦးပါပါလေး အငြိမ့် ထဲ ရောက်လာပုံ ကော ”

“ ကျွန်တော် က ပညာ သင်တယ် ၊ ကလေး ရှိသေး ပေမယ့် ပွဲ က သွားရာ လှည်းပေါ် ထိုင် လိုက်သွားတယ် ၊ လှည်း လမ်းကြောင်း မှာ ဖုန်တွေ က တထောင်းထောင်း ပေါ့ ။ အတီး ပညာရှင်တွေ ၊ မင်းသမီးတွေ က သင် ပေးတာ ၊ ခွန်းထောက် ဆိုစမ်းကွာ ဆိုတော့ အားရပါးရ ဟဲ တာ ၊ ပါးစပ် ထဲ ဖုန် တွေ ဝင် ၊ လည်ချောင်း ထဲ ဖုန် တွေ ကပ်ပြီး အသံဝင် သွားလို့ ကမယ့် နေရာ ကျ မကနိုင် တော့ဘူး ”

နှုတ်ခမ်းမွေး ပါပါလေး က ရယ်တယ် ။ သူ ရယ်တော့ နှုတ်ခမ်းမွေး က ငှက်ပျံ တဲ့ တောင်ပံတွေ လို တက်ချည် ကျချည် ။

“ သူတို့ က ကျွန်တော့် ကို ပညာ ပေး နေကြတာ ၊ ဖုန်တွေ ထ ရင် မဆိုရဘူးပေါ့ ၊ ပြက်လုံးတွေ သင် ပေးထားလည်း ကျွန်တော် က စင်ပေါ် မှာ အမှားတွေ ပြက် မိတာ ”

“ နမူနာ တစ်ခု လောက် ”

“ လူရွှင်တော် တစ်ယောက် က မေးတယ် ၊ မင်းသမီး ကို မယူချင်ဘူးလား မေး ရင် ယူချင်တာပေါ့ ဖြေရမယ် ၊ အဲဒီတော့ မှ မင်း ယူချင်ရင် ငါ စီစဉ်ပေးမယ် ဆိုပြီး ပြက်လုံး ကို ခွင်ချ ပြက်တာ ၊ ကျွန်တော့် ကို မင်းသမီး မယူချင်ဘူးလား မေးတော့ ယူချင်ပါဘူးဗျာ ၊ ကျွန်တော် မှ မကြိုက်ဘဲ ၊ တော်နေကြာ ကျွန်တော့် အဖေ နဲ့ ရသွားမှာပေါ့ ဆိုတော့ ပြက်လုံး က မဖြစ်တော့ဘူး ”

“ အဓိက သင်ပေးတာ က ”

“ သမ္ဘာရင့် တဲ့ မင်းသမီးတွေ ၊ ငါ့ သား မရှက်နဲ့ နော် ၊ မကြောက်နဲ့ နော် ၊ ဖက် သင့် ရင် ဖက် သာ ဖက် ၊ လက် ကို ဆွဲရမှာ ဆိုရင် ဆွဲ ၊ အဲဒီလို သင်တာ ၊ မင်းသမီး ဒေါ်မြို့ချစ်စိန် ၊ ဒေါ်ဂျော်လီသန်း တို့ က သင် ပေးတာ ၊ ပြောရရင် တော့ အသက် ၁၉ ၊ ၂ဝ မှာ လူရွှင်တော် အနေ နဲ့ ပီပီပြင်ပြင် စ က တာ ၊ လူရွှင်တော် နာမည် က ပါတီ ”

“ အဖေ့ အငြိမ့် မှာ ကတာ က ”

“ အဖေ က ရွှေဘိုပွင့်ဦး အငြိမ့် ထောင်တယ် ၊ လူရွှင်တော် ညွန့်သန်း ၊ ပါတီ ၊ လူဇော် ၊ ဒေလီ ၊ လေးယောက် က တာ ၊ ရွှေဘို မှာ ငါးနှစ် ခြောက်နှစ် လောက် က တာ ၊ မန္တလေး မရောက် ခင် နှစ် မှာ ကျွန်တော့် အမျိုးသမီး ဖြစ်လာမယ့် မင်းသမီး မြို့တော်မဝင်းမာ ရောက် လာတယ် ၊ သူ က မပြုံးချို ရဲ့ တပည့် ၊ ပညာ ပြည့် တော့ ကျွန်တော် တို့ ကို ပြက်လုံး ပေး နိုင်တယ် ၊ အော်ပရာ သင်ပေး နိုင်တယ် ၊ ကျွန်တော် တို့ လည်း ငြိ သွားတယ် ပြောပါတော့ ”

ကျွန်တော်တို့ နှစ်ယောက် ပြိုင်တူ ရယ်မိတယ် ။

“ နောက်နှစ် သူ မန္တလေးပြန် သွားတော့ အောင်မြေအေး ( ၁ ) မှာ က တယ် ၊ ကျွန်တော်တို့ ညီအစ်ကို မောင်နှမ တစ်တွေ ကို ခေါ်တယ် ၊ ကျွန်တော်တို့ က တာ ကို အငြိမ့်ထောင် က ကြည့် ပြီး ကြိုက်တယ် ၊ ဘယ်လောက် ပေးရမှာလဲ မေးတော့ အဖေ က အသုံးငွေ တစ်သောင်း ( ကျပ် ၁၀၀၀၀ ) တောင်းတယ် ၊ မန္တလေး မှာ နာမည်ကြီး တဲ့ သောင်းတန် ၊ ဂျော်လီ ၊ တက်တိုး တောင် မှ အသားကုန် ငွေသုံးထောင် ( ကျပ် ၃၀၀၀ ) ပဲ ရှိတာ ဆိုပြီး မပြေလည်ဘူး ”

“ ဟုတ်ကဲ့ ”

“ အဖေ က ငါ့ သား တို့ မှာ လိုနေတာတွေ ရှိသေးတယ် ဆိုပြီး ဧယင်ကျူး သင်ရတယ် ၊ သင်ပြီး နောက် ငါ့ သား မင်းတို့ မောင်နှမ ကို လာ ကို ခေါ်ရမယ် တဲ့ ၊ ကျွန်တော် က ပါတီ ၊ နှမ က မော်လီအေး ၊ နောက်နှစ် ၁၉၆၉ ခုနှစ် ကျ ဦးဘသန်း ၊ ဒေါ်အေး က လာ ကို ခေါ်တာ ”

နှုတ်ခမ်းမွေးပါပါလေး ပြောရင်း ပြုံးတယ် ။

“ လာ ခေါ်ပြီး ကျွန်တော် တို့ တောင်း တဲ့ ကျပ် ၁၀၀၀၀ လည်း ပေးတယ် ၊ အဲဒီ ခေတ် က ကျွန်တော် တို့ မောင်နှမ အရဆုံး ပေါ့ ၊ စပေါ် ကျပ် ၁၀၀၀၀ ပေးတဲ့ အပြင် နေစရာ တိုက် လည်း ငှား ပေးတယ် ၊ ကျွန်တော်တို့ နှစ်နှစ် ကပါ့မယ် လို့ သဘော တူ ကြတယ် ၊ နှစ်နှစ် နေတော့ ကျွန်တော်တို့ ပြန်ကြမယ်ပေါ့ ၊ တိုက်ရှင် က ရွှေဘိုတင်မောင် ၊ ယခု ကျွန်တော်တို့ လက်ရှိ နေတဲ့ နေရာ ၊ သူတို့ က ကျွန်တော် တို့ ကို ဝယ်စေ ချင်တယ် ၊ မဝယ်နိုင်ပါဘူး ဆိုတော့ လျှော့လျှော့ ပေးလာ လိုက်တာ နှစ်သောင်းခွဲ ( ကျပ် ၂၅ဝဝဝ ) ဖြစ် လာရော ၊ ရွှေဈေး က အဲဒီတုန်း က ငါးရာ့ငါးဆယ် ( ကျပ် ၅၅ဝ ) ၊ ဝယ်ဖြစ်ပါတယ် ”

မန္တလေးမြို့ မှာ အိမ်ပိုင်ရာပိုင် ဖြစ်ဖို့ ဆိုတာ ခက်တာ မို့ သူတို့ ကံ ကောင်း ပါတယ် ။

“ နောက် ကျွန်တော်တို့ ကိုယ်ပိုင် အငြိမ့် ထောင်တယ် ၊ မန္တလေးပါတီ အငြိမ့် ၊ ကျွန်တော့် ပြက်လုံးတွေ က သွား သွား ထိနေတယ် ၊ ကျွန်တော့် နာမည် ကို ခုတုံး ထမ်း ထမ်းပြီး ပြက်တာ ။ ပါတီ ၊ စားလို့ ကောင်းပါရဲ့လား ၊ ကောင်းပေါ့ဗျာ ။ ပါတီ စားနိုင်သောက်နိုင် လို့ လည်း ဝဖြိုး နေတာပေါ့ ဆိုတာမျိုး ၊ ပါတီ က တော့ သူခိုး ပဲ ဆိုတာမျိုး ။ အဲဒီတုန်း က သဘောရိုး နဲ့ ပါ ”

ကျွန်တော် နဲ့ နှုတ်ခမ်းမွေးပါပါလေး အတူ တူ ရယ်မိကြတယ် ။

“ ဒါနဲ့ နောက်ဆုံး မှာ ပါပါလေး လို့ ပြောင်း ပေး လိုက်ပါတယ် ၊ မဝင်းမာ သူ့ အမေ ဗြုန်းခနဲ ဆုံး သွားတယ် ၊ အဲဒီနောက် ကျွန်တော် တို့ လက်ထပ် လိုက်ကြတယ် ။ မြို့တော်သိန်းအောင် ဇာတ် မှာ သူ က ကတယ် ၊ နောက်တော့ ကျွန်တော်တို့ အငြိမ့် ကို ပြောင်း ကတယ် ၊ ဒီလိုနဲ့ က နေကြတာ ၊ ပြည်သူလူထု က လည်း အားပေးကြတာပေါ့ ၊ ၁၉၈၈ ခုနှစ် အထိ က ခဲ့ရတယ် ၊ အရေးအခင်း ပြီး တော့ ည မထွက်ရ အမိန့်ကြောင့် ပွဲတွေ မကရ တော့ဘူး ”

“ အဲဒီနောက် ကျကော ”

“ ခု ၊ နှစ် ၊ လ တော့ မမှတ်မိတော့ဘူး ၊ ရွှေဘို ကို ဒေါ်စု လာတယ် ၊ ဘဘဦးသော်က တို့ ၊ ဘဘဦးမိုးသူ တို့ လည်း ပါတယ် ၊ စစ်ကိုင်းတိုင်းဒေသကြီး က လူတွေ က ခေါ်လို့ ကျွန်တော်တို့ ရွှေဘို ကို အငြိမ့် သွား က တယ် ၊ ဒေါ်စု က နောက်နေ့ မနက် ကျ ကျွန်တော်တို့ နဲ့ အမှတ်တရ ဓာတ်ပုံ ရိုက်တယ် ၊ ကျွန်တော် နဲ့ ဂျာအေး က ဘေး နှစ်ဖက် က ၊ အစ်မ က အလယ် က ၊ မှတ်မှတ်ရရ ဒေါ်စု က အင်္ကျီအနီလေး နဲ့  ၊ ပဝါလေး နဲ့ ၊ ဓာတ်ပုံ ရိုက် ပြီးတော့ လူရွှင်တော် နှစ်ယောက် ကြား မှာ ကျွန်မ က မင်းသမီး ပေါ့ လို့ ပြောသေးတာ ၊ အစ်မ က တောင်သူလယ်သမား တွေ ကို ဒီမိုကရေစီ အကြောင်း သိအောင် စည်းရုံးပေးပါ လို့ ပြောတယ် ”

ပြောလက်စ ခဏ နားပြီး နှုတ်ခမ်းမွေးပါပါလေး က ရေ သောက်တယ် ။

“ ကျွန်တော့် တစ်သက် မှာ ထောင် လေးခါ ကျ ဖူးတယ် ၊ ပထမဆုံး ကျတာ က ကျွန်တော့် ဦးရီး ကို ဖမ်းတာ ၊ ဦးရီး က ထွက် ပြေးတော့ ဟိုတုန်းက ပုလိပ်ခေတ် ကိုး ၊ ကျွန်တော့် အမေ ကို ကိုယ်ဝန် နေ့စေ့လစေ့ကြီး နဲ့ ဖမ်း သွားတာ ၊ ဗိုက် နာတော့ ဆေးရုံ ပို့ မွေးပြီး အချုပ်ခန်း ထဲ ပြန် ပို့တာ ၊ မွေး မွေးချင်း ကျွန်တော် က အချုပ်ခန်း ထဲ ရောက်ရတဲ့ လူ ”

နှုတ်ခမ်းမွေးပါပါလေး က ခပ်သောသော ရယ်တယ် ။

“ ၁၉၉ဝ မှာ ခြောက်လ ၊ ၁၉၉၆ မှာ လွတ်လပ်ရေးနေ့  ပြက်လုံး ကြောင့် ခုနစ်နှစ် ၊ ၂ဝဝ၇ မှာ တစ်လ နဲ့ ငါးရက် ၊ အားလုံး လေးကြိမ်ပေါ့ ”

◾ကျော်ရင်မြင့်

📖 ဘဝကြေးမုံ အဖြစ်စုံ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment