Tuesday, January 9, 2024

နယ်ပြောင်း ခံရပြီ အပိုင်း ( ၂ )


 

❝ နယ်ပြောင်း ခံရပြီ ❞

အပိုင်း ( ၂ )

ကျွန်ုပ် သည် အထက်ပါ စာ ကို ဖတ်ပြီးသည့် နောက် ဦးကိုကိုကြီး အား ပေး လိုက်ပြန်၏ ။ ဦးကိုကိုကြီး လည်း ထို စာ ကို ဖတ် နေပြန်လေ၏ ။

ထိုအချိန်၌ မှာ ပင် စာပို့ရထား သည် “ တရှူးရှူး တရှဲရှဲ ” အော်မြည်လျက် မောင်းနှင် ထွက်သွားပြီ ဖြစ်လေတော့၏ ။ ဦးကိုကိုကြီး သည် စာ ကို ဖတ်ပြီး နောက် ၎င်း ၏ ကျယ်ပြန့်သော ပါးစပ်ကြီး ကို ဖြဲ ကာ တဟားဟား ရယ်မော လေ၏ ။ ထိုသို့ ရယ်မောပြီး လျှင် 

“ အိုင်ဆေး ကိုနှင်းမောင် ၊ ခင်ဗျား မရှိရင် မဖြစ်ပါဘူးဗျာ ၊ ဒါပေမဲ့ အထက် အရာရှိ မျက်နှာဖြူတွေ က နားမလည်ဘူး ဗျ ၊ မစ္စတာ ကရစ်ပင် တစ်ယောက် ပဲ ခင်ဗျား အကြောင်း ကောင်းကောင်း သိတယ် ၊ ဘာပဲ ဖြစ်ဖြစ်လေ အမိန့် ထုတ်ပြီး နယ် ပို့မယ့် အမှုထမ်း တစ်ယောက် ကို မျက်နှာဖြူမင်းကြီး ပြန်ပြီး ခေါ်ရတယ် ဆိုတာ တော့ မြန်မာ တစ်ယောက် အနေနဲ့ ရော ၊ ဆားပုလင်းနှင်းမောင် ရဲ့ မိတ်ဆွေ တစ်ယောက် အနေနဲ့ ရော ကျုပ် ဖြင့် ဂုဏ်ယူတယ်ဗျာ ၊ ကဲလာ သွားကြစို့ ၊ စုံထောက်မင်းကြီး မစ္စတာကရစ်ပင် မျှော် နေရော့မယ် ၊ လူပြက်တွေ ပြော သလို ပေါ့ ဗျာ ၊ တောင့်တတုန်းခါ ပေါ်ထွက်လာ သတ္တဝါဓလေ့ စိတ်ချမ်းမြေ့တဲ့ ဟဲ ဟဲ ဟဲ ၊ ခင်ဗျား မျက်နှာ ကို မြင် လိုက်ရင်တော့ ဒီငနဲကြီး ဟာ မျက်နှာကြီး ရွတ်တွ ပြီး ကျုပ်တို့ ကို ဆူတော့ ကြိမ်းတော့ မှာ ပဲ ဗျ ”

ဟု ပြောဆိုကာ ၎င်း က ရှေ့မှ နေ၍ ဘူတာ အတွင်း မှ ထွက်လေ၏ ။

ကျွန်ုပ် နှင့် ဆားပုလင်းနှင်းမောင် လည်း စကား တပြောပြော နှင့် ဦးကိုကိုကြီး နောက် သို့ လိုက်ပါ သွားကြ လေတော့၏ ။

မော်တော်ကား ဆီ သို့ ရောက်သော အခါ ၌ ဦးကိုကိုကြီး က ကား ကို မောင်းလေ၏ ။ ကျွန်ုပ် နှင့် ဆားပုလင်းနှင်းမောင် လည်း ကား ပေါ် သို့ တက် ကြလေ၏ ။

ထိုအခါ ကျွန်ုပ်သည် ပြာတာကလေး မောင်ညို ကို မတွေ့သဖြင့်

“ ဒီမှာ ဦးကိုကိုကြီး ခဏ နေဦးဗျ ၊ မောင်ညို မလာသေးဘူး ”

ဟု ပြောလိုက်ရာ ဦးကိုကိုကြီး သည် ကား ကို မောင်းမည် ပြုပြီးနောက် မမောင်းသေးဘဲ ရပ် ၍ စောင့် ရလေ၏ ။

အချိန် အနည်းငယ် ကြာသော အခါ၌ မောင်ညို ရောက်၍ လာလေ၏ ၊ ထိုအခါ ဦးကိုကိုကြီး က

“ မင်း က ဘယ်သွား နေတာတုံး ဟကောင်ရ ၊ လူကြီးတွေက မင်း ကို စောင့်နေ ရတယ် ”

ဟု ကြိမ်း လိုက်ရာ မောင်ညို က

“ ဒီလိုပါ ဆရာ ဦးကိုကိုကြီး ရယ် ၊ ဆေးလိပ် သွား ဝယ်တာပါ ၊ ဆေးလိပ် ဝယ် ပြီးတော့ တစ်ခါ အပေါ့ သွားချင်တာ နဲ့ အပေါ့ သွားတာပါ ။ အပေါ့ သွား ပြီးတော့ တစ်ခါ ကွမ်းယာ ဝယ်ဖို့ သတိ ရတာနဲ့ ကွမ်းယာကလေး ဝင်ပြီး ဝယ်တာပါ ”

ဟု ပြော လိုက်ရာ ဦးကိုကိုကြီး က ...

“ တော်ကွာ ၊ လူ ကြည့်တော့ လက်တောက်လောက် ရှိသေးတယ် ၊ ဆေးလိပ် သောက် ရတာနဲ့ ၊ ကွမ်း စားရတာနဲ့ ၊ အရေးထဲ သေး ကလဲ ပေါက်ချင်သေးတယ် မဟုတ်လား ”

ဟု ပြောဆိုကာ ကား ကို “ ဝူး ” ခနဲ မောင်း ထွက် လေတော့၏ ။

“ အပေါ့ သွားတာကတော့ ဒီလိုပါ ဆရာရယ် ၊ ဥတုဘောဇနကျမ်း ထဲ မှာ ပါတဲ့ အတိုင်း ဆီး ကောင်းအောင် ဆိုပြီး ကျွန်တော် က ဟို အရွက် ဒီ အရွက်တွေ ပြုတ်ပြီး သောက်တယ်ခင်ဗျ ”

ဟု မောင်ညို က ကွမ်းတံတွေး ကို “ ပြစ် ” ခနဲ ထွေးရင်း စောဒက တက် လိုက်ရာ

“ နားမလည် ပါးမလည် နဲ့ ဟို ဆေးကျမ်းကလေး ဖတ် ၊ ဟို ဆေးမြီးတိုကလေး မှတ် နဲ့ ၊ ဟိုဟာ ပြုတ်သောက် ၊ ဟိုဟာ ထောင်းစား နဲ့ သေနေလိမ့်မယ် ၊ မင်း နဲ့ ဥတုဘောဇနကျမ်း နဲ့ ဘာ ဆိုင်လို့တုံး ၊ ဒီ ကျမ်း က ပညာရှိ ရေးခဲ့တာကွ ၊ မင်း လို နကန်း တစ်လုံး မတတ်တဲ့ ကောင် ၊ ဖတ် လို့ ဘာ နားလည်မှာတုံး ”

ဟု ဦးကိုကိုကြီး က ပြော လိုက်လေတော့၏ ။

“ နေပါဦး ဆရာဦးကိုကိုကြီး ရယ် ၊ ဗျည်း သုံးဆယ့်သုံးလုံး ထဲ မှာ နငယ် နဲ့ ဏကြီး ပဲ ပါ ပါတယ်ဗျာ ၊ နကန်း ရယ် လို့ မပါပါဘူး ။ အဲဒါကလေး နည်းနည်း ရှင်းစမ်းပါဦး ” 

ဟု မောင်ညို က ပြော  လိုက်ရာ ဦးကိုကိုကြီး က

“ ခွေးမျိုး ၊ ငါ့ ကို စိတ်ညစ်အောင် မလုပ်နဲ့ ၊ ငါ့ ကို ဒီလို ကတ်သီးကတ်သတ်တွေ မေးလို့ ရတဲ့ ကောင် မဟုတ်ဘူး ၊ မေး ရင်လဲ ငါ က မဖြေတတ်ဘူး ကွ ၊ နားရင်း ပဲ အုတ် တတ်တယ် ”

ဟု ပြော ဆိုကာ ဦးကိုကိုကြီး သည် တဟားဟား ရယ်မော လေတော့၏ ။

ထိုအခါ ပြာတာမောင်ညို လည်း ရယ်မော လေတော့၏ ။ ထိုအချိန်၌ အတွေး တစ်ခု ပေါ် လာလေ၏ ။ လူကြီးသူမများ သည် ငယ်စဉ်၌ ကျွန်ုပ်တို့ အား စာ ကြိုးစားရန် ပြောခဲ့၏ ။ အကယ်၍ မကြိုးစားပါ က နကန်း တစ်လုံးမျှ မတတ်သော အဖြစ်သို့ ရောက်သွားမည် ဖြစ်ကြောင်း လည်း ဆို ဆုံးမခဲ့၏ ။

သို့ရာတွင် ကျွန်ုပ် သည် နကန်း ဆိုသည့် စာလုံး ကို မစဉ်းစားခဲ့ဖူးပါ ။ ပြာတာမောင်ညို ပြောသည် မှာ မှန်၏ ။ မြန်မာဗျည်း သုံးဆယ့်သုံးလုံး ထဲ တွင် နငယ် နှင့် ဏကြီး သာ လျှင်ရှိ၏ ။ နကန်း ဟူ၍ မပါ ။

ထိုသို့ ဖြစ်ပါလျက် ရှေးလူကြီး သူမ တို့ သည် နငယ် မတတ်သည့် အကောင် ဟူ၍ လည်း မပြော ၊ ဏကြီး မတတ်သည့် အကောင် ဟူ၍ လည်း မဆို ၊ အဘယ့်ကြောင့် နကန်း မတတ်သည့် အကောင် ဟူ ၍ ပြောဆိုကြပါသနည်း ။ 

ထို့ကြောင့် “ န ” ၌ “ နကောင်း ”  “ နကန်း ” ဟူ၍ ရှိပါသလော ဟူ၍ တွေးတော စဉ်းစား နေမိလေတော့၏ ။ ထိုအခါ ကျွန်ုပ် ၏ ဘေးတွင် ရေခဲတောင်တံဆိပ် စီးကရက် ကို နှုတ်ခမ်းဖျား ၌ တေ့ ရင်း မျက်တောင်ကလေးများ ကို စင်း ကာ အတွေး နယ်ချဲ့ ၍ လိုက်ပါလာသော ကျွန်ုပ် ၏ မိတ်ဆွေကြီး ဆားပုလင်းနှင်းမောင် က

“ ဘယ်လိုလဲ အိုင်ပီ ၊ မောင်ညို ပြောတဲ့ နကန်း ကို စဉ်းစား နေတာလား ”

ဟု ကျွန်ုပ် အား ရုတ်တရက် မေး လိုက်ရာ ကျွန်ုပ် လည်း လန့်ဖျပ်၍

“ ဟုတ်ပါရဲ့ဗျာ ၊ ဒီ ကောင် မေး တာ အဓိပ္ပာယ် ရှိတယ်ဗျ ။ နကန်း ဆိုတာ ဘယ်ဟာ ကို ခေါ်တာတုံး ” 

ဟု ကျွန်ုပ် က ပြန် ၍ မေး လိုက်လေတော့၏ ။ ထိုအခါ ဆားပုလင်းနှင်းမောင် က 

“ ဒီလို အိုင်ပီရဲ့ ၊ နငယ် ဟာ သူ့ ချည်း သက်သက် ရေးရတဲ့ စာလုံးမျိုးရယ် တခြား စာလုံး နဲ့ ပေါင်း ပြီး မှ ရေးရတာမျိုး ရယ် ရှိတယ် မဟုတ်လား ၊ ဥပမာဗျာ “ နမော ” ဆိုပါတော့ ရှိခိုးခြင်း ဆို တဲ့ စာလုံး မှာ သူ ဟာ သူ့ ဟာ သူ သတ်သတ် နငယ် အဖြစ် ရေးရတယ် ၊ သူ့ ဘေး က မော က သတ်သတ် ရေးရတယ် ၊ ဒါပေမဲ့ “ နတ္ထိ ” ဆိုတဲ့ စာလုံး ဆိုပါတော့ဗျာ ၊ အဲဒီ စာလုံး က “ နအတ္ထိ ”  ဆိုတဲ့ စာလုံး နှစ်လုံး ကိုပေါင်းပြီး ရေးထားတာ အဲဒါကြောင့် နတ္ထိ လို့ ဖတ် ရတာ ၊ အဲဒီမှာ “ အတ္ထိ ”  ဆိုတာ ကို ဖယ်လိုက်ရင် နငယ် ချည်း သက်သက် ဘာမှ အဓိပ္ပာယ် မရတော့ဘူး ၊ အဲ့ဒါကို “ နကန်း ” လို့ ခေါ်တာ ၊ ဒါက ကျုပ် သဘော ပေါက် သလောက် ရှင်း ပြရတာပါ ။ စာတတ် ပေတတ် ဘုန်းကြီးရဟန်းတွေ တွေ့တဲ့ အခါ မေး ကြည့်ပေါ့ဗျာ ၊ ပိုပြီးတော့ ပြည့်ပြည့်စုံစုံ နားလည်ရတာပေါ့ ”

ဟု ရှင်း လိုက်လေ၏ ။

ထိုအခါ ဦးကိုကိုကြီး က မောင်ညို အား

“ ဟေ့ကောင် မောင်ညို ၊ “ နကန်း အကြောင်း ရှင်းပြီလား ” 

ဟု မေး လိုက်ရာ ပြာတာမောင်ညို က

“ ဆရာကိုနှင်းမောင် ကို တော့ မပြောနဲ့ ၊ သူ က ဘာမဆို သိတဲ့ လူ ပဲ ” 

ဟု ပြန်၍ ပြော လိုက် လေတော့၏ ။

ထို့နောက် ကျွန်ုပ်တို့ သည် စကား တပြောပြော နှင့် လာခဲ့ကြရာ များမကြာမီ ၌ ပင် စီအိုင်ဒီ သို့ ရောက်ရှိ ခဲ့ကြလေတော့၏ ။

စီအိုင်ဒီ သို့ ရောက်သော အခါ ၌ စုံထောက်မင်းကြီး မစ္စတာကရစ်ပင် ၏ ရုံခန်း အတွင်း သို့ ဝင်ကြလေ၏ ။ မစ္စတာကရစ်ပင် သည် ကျွန်ုပ် နှင့် ဦးကိုကိုကြီး ကို မြင်တွေ့သော အခါ၌ ဆူပူကြိမ်းမောင်းမည် ကဲ့ သို့ လုပ်သေး၏ ။

သို့ရာတွင် ဆားပုလင်းနှင်းမောင် ကို ပါ မြင်တွေ့ လိုက်သောကြောင့်

“ ဂွတ်ဒ်မောနင်း ဆားပုလင်းနှင်းမောင် ၊ မုံရွာ ကို မသွားပါနဲ့ဦး ၊ ပဲခူး မှာ လူသတ်မှု တစ်ခု ဖြစ်တယ်လို့ အကြောင်း ကြားတယ် ၊ ဖြစ်တဲ့နေရာ က ဟောဒီ မှာ ပဲ ” 

ဟု ကာ မြေပုံကြမ်း တစ်ချပ် ကို ထုတ်ပေးလေ၏ ။ ထို့နောက် မစ္စတာကရစ်ပင် က ပင်

“ တောင်ကုန်း ပေါ် က အိမ် လို့ ဆိုတယ် ၊ အဲဒီကို သွားပြီး လူသတ်တရားခံ ကို ဦးစားပေးပါဦး ” 

ဟု ပြောလိုက်လေ၏ ။

ဆားပုလင်းနှင်းမောင် က မူ စုံထောက်မင်းကြီး အား

“ လူသတ်တရားခံ ကို ဖမ်းဖို့ မခက်ပါဘူး ၊ ဆေတန်နတ်သား ကိုယ်တိုင် လာပြီး သ,တ်ရင်တောင် အဲဒီ ဆေတန်နတ်သား ကို ကျုပ် လက်ထိပ်ခတ် ပေး နိုင်ပါတယ် ” 

ဟု ပြော လိုက်ရာ စုံထောက်မင်းကြီး က

“ ကျွန်ုပ် ယုံပါတယ် ၊ ဒါကြောင့်လဲ ဆားပုလင်းနှင်းမောင် ကို အချိန်မီ ပြန်ပြီး ခေါ် ရတာပေါ့ ၊ ပဲခူး မှာ လူသတ်မှု ကျူးလွန်ပြီး ပျောက်ကွယ် သွားတဲ့ ဆေတန် ကို ခက်ထိပ် ခတ်ပြီး ပို့ပေးစမ်းပါဦးလို့ ပြောပါရစေ ” 

ဟု ပြောလိုက်လေ၏ ။

ထို့ကြောင့် ကျွန်ုပ် တို့ လည်း စုံထောက်မင်းကြီး အား ဆလံ ပေး ကာ ရုံးခန်း အတွင်း မှ ထွက်ခဲ့ လေတော့၏ ။

ထို့နောက် ကျွန်ုပ် သည် မော်တော်ကား ကို မောင်း၏ ။ ကျွန်ုပ် ၏ နံဘေး ၌ ဆားပုလင်းနှင်းမောင် ပါ ထိုင်၏ ။ ကျွန်ုပ် နောက် ၌ မူ ဦးကိုကိုကြီး ပါ ၍ လာလေ၏ ။

ကျွန်ုပ်တို့ မော်တော်ကားကလေး သည် တစ်နာရီ  ကျော်ကျော် အတွင်း ၌ ပဲခူးမြို့ သို့ ရောက်ရှိ ခဲ့လေတော့၏ ။ ပဲခူး သို့ ရောက်သော အခါ ၌ မစ္စတာကရစ်ပင် ဆွဲ ပေး လိုက်သော မြေပုံကြမ်း ကို ထုတ်ကြည့်၍ ဆက်လက် မောင်းနှင်ခဲ့ရာ မကြာမီ အချိန်၌ပင် တောင်ကုန်းကလေး တစ်ခု သို့ ရောက်ရှိခဲ့လေ၏ ။

ထို တောင်ကုန်းကလေး အပေါ် ၌ ကား အခင်း ဖြစ်ပွားသော အိမ်ကြီး ကို လှမ်းမျှော် တွေ့ရှိရ လေတော့၏ ။ ကျွန်ုပ်တို့ သည် မော်တော်ကား ကို တောင်ကုန်း အောက် တွင် ထားခဲ့ပြီး နောက် တောင်ကုန်းကလေး ပေါ် သို့ ခြေကျင် တက်ကြလေ၏ ။

တောင်ကုန်းကလေး ပေါ် သို့ ရောက်လျှင် ခြံဝင်းတံခါး စေ့ထားသည် ကို တွေ့ရ လေ၏ ။ ဆားပုလင်းနှင်းမောင် သည် ထို ဝင်းတံခါး ကို တွန်း ဖွင့်ရင်း တံခါး ကို လက်ဖြင့် ခေါက် ကြည့်ကာ ခြံဝင်း အုတ်နံရံကို မော့ ကြည့် လေ၏ ။

ထို့နောက် ခြံဝင်း ၏ ဘေးဘက် တွင် ကာ ထားသော ပျဉ်ထောင်အကာများ ကို ကြည့်ရှု ပြန်၏ ။ ထိုအချိန်၌ ပင် လွန်စွာ ကြုံလှီသော ခွေးဝဲစားကလေး တစ်ကောင် သည် ပြေး၍ ထွက် လာပြီး လျှင် ဆားပုလင်းနှင်းမောင် အား “ တဝုတ်ဝုတ် ” နှင့် ဟောင် လေတော့၏ ။

သို့ရာတွင် ဆားပုလင်းနှင်းမောင် သည် ခွေး နောက် သို့ အတင်း ပြေး လိုက်ကာ ရိုက်မည် ကဲ့ သို့ လုပ်လေ၏ ။ ခွေးကလေး လည်း ခြံကြီး ၏ နောက်ဘက် ဆီ သို့ ပြေးလေ၏ ။

ဆားပုလင်းနှင်းမောင် လည်း ဆက်၍ လိုက်လေ၏ ။ ထိုအခါ ခွေးကလေး သည် ပျဉ်ထောင်ခြံစည်းရိုး ၏ အောက် ရှိ ခွေးတိုးပေါက် မှ ငုပ်လျှိုး ကာ ခြံ အပြင်ဘက် သို့ ထွက်ပြေး သွား လေတော့၏ ။

ထိုအဖြစ် ကို ကြည့်ကာ ဦးကိုကိုကြီး က

“ ခွေးဝဲစားကလေး က တော့ ထင်မှာပဲ ဗျ ၊ ကြောက်ပါတယ် ဆိုနေမှပဲ ဒီ လူကြီး ဒီလောက် တောင် ငါ့ ကို နှိပ်စက်ချင်ရတာလဲလို့ ” 

ဟု ပြော လိုက်လေ၏ ။

ထို့နောက် ကျွန်ုပ်တို့ သုံးဦး သည် အိမ်ကြီး ၏ အောက်ထပ် ဆီ သို့ ဝင်ကြလေ၏ အောက်ထပ် တွင် ပုလိပ်ကလေး တစ်ဦး နံပါတ်တုတ် ကိုင်၍ မတ်တတ် ရပ်နေသည် ကို တွေ့ရလေ၏ ။

ထို ပုလိပ်ကလေး သည် ကျွန်ုပ် အား ဆလံ ပေးလေ၏ ။ ထိုအချိန် မှာ ပင် ပဲခူးဂါတ် မှ ဌာနာအုပ်ကြီး တစ်ဦး အိမ် အတွင်း မှ ထွက်လာကာ ကျွန်ုပ်တို့ အား နှုတ်ဆက် လေ၏ ။

ထိုအခါ ဦးကိုကိုကြီး က

“ ရာဇဝတ်အုပ်ကြီး ၊ ဟောဒါ ကျုပ်တို့ စီအိုင်ဒီရဲ့ သူရဲကောင်း ဆားပုလင်းနှင်းမောင် ပဲ ” 

ဟု မိတ်ဆက် ပေး လိုက်လေတော့၏ ။

ထိုအခါ ရာဇဝတ်အုပ်ကြီး က

“ ကိုနှင်းမောင် ကို မမြင်ဖူးပေမယ့် နာမည် ကို ကြားဖူးနေတာတော့ ကြာ ပါပြီ ဗျာ ၊ ဒီ တစ်ပွဲ မှာတော့ ကိုနှင်းမောင် ရဲ့ ပညာစွမ်း ကို ကြည့်ခွင့် ရတော့မှာပဲ ” 

ဟု မခိုးမခန့် လေသံဖြင့် ပြော လိုက်လေ၏ ။ ဆားပုလင်းနှင်းမောင် က မူ တစ်စုံတစ်ရာ ပြန်လည် ပြောဆိုခြင်း မပြုဘဲ ပြုံးရုံသာ လျှင် ပြုံး လိုက်လေတော့၏ ။

ထို့နောက် ဆားပုလင်းနှင်းမောင် သည် အပေါ် ထပ် ဆီ သို့ တက်သော လှေကား ဆီ သို့ သွားကာ အပေါ် သို့ တက် လေ၏ ။ ကျွန်ုပ် တို့ လည်း လိုက်၍ တက် ကြရလေ၏ ။

လှေကားထစ် သို့ ရောက် လာသော အခါ၌ ကျွန်ုပ် သည် ခြေလှမ်း ကို တုံ့ခနဲ ရပ် လိုက်မိလေ၏ ။ အဘယ်ကြောင့်ဆိုမူ လှေကား ပေါ် ၌ ကား လည်ပင်း တွင် ကြိုး တန်းလန်း ဖြင့် လျှာ ထွက် ကာ မျက်လုံးများ အဆမတန် ပြူး၍ သေဆုံး နေသော ကြောက်မက်ဖွယ်ရာ အလောင်းကြီး တစ်လောင်း ကို တွေ့ လိုက်ရသောကြောင့် ဖြစ်၏ ။ ဆားပုလင်းနှင်းမောင် သည် ထို အလောင်းကြီး ကို ကျော် ၍ အိမ် ပေါ် ထပ် သို့ တက် သွားလေ၏ ။ အိမ်ပေါ် ထပ် ၌ ကား ကျွန်ုပ် တို့ စီအိုင်ဒီ မှ စုံထောက် ကိုအောင်မြင့် ၊ စုံထောက် ကိုစိန်လှ ၊ စုံထောက် ကိုတင်ဝင်း စသည့် သူ များ ကို တွေ့ ရလေတော့၏ ။

ထိုသူ တို့ သည် တစ်စုံတစ်ခု ကို ဝိုင်းအုံ ကြည့်ရှု နေ ကြလေ၏ ။ ထို့ကြောင့် ကျွန်ုပ် နှင့် ဦးကိုကိုကြီး လည်း ၎င်းတို့ ကြည့်ရှု နေသော အရာကို ဝင်ရောက် ကြည့်ရှုလိုက်ရာ ကြမ်းပေါ် တွင် လဲကျ သေဆုံးနေသော မိန်းမ တစ်ဦး ၏ အလောင်း ဖြစ်ကြောင်း သိ ရလေ၏ ။

ကိုယ်လုံးကိုယ်ပေါက် လွန်စွာ မှ လှပသော မိန်းမ တစ်ဦး ဖြစ်လေ၏ ။ ၎င်း၏ မျက်လုံးများ မှာ ပြူးကျယ်၍ နေ ပြီးလျှင် ပါးစပ် မှာ လည်း ဟ ၍ နေ၏ ။ ၎င်း ၏ နှုတ်ခမ်း ပေါ် မှ မေးစေ့ တိုင်အောင် သွေးများ စီးကျနေ၏ ။ အမှန်အားဖြင့် ထို မိန်းမ သည် မျက်လုံး မျက်ဖန် လွန်စွာ ကောင်း၏ ။ နှာတံ ပေါ်၏ ။ အသက်ရှင်လျက် ရှိပါမူ ဖိုသတ္တဝါတို့ အဖို့ စိတ်ဝင်စားဖွယ်ရာ ရုပ်ရည်မျိုး ဖြစ်၏ ။

စုံထောက် ကိုအောင်မြင့် သည် ကျွန်ုပ်တို့ ကို တွေ့လျှင်

“ ဘာဖြစ်လို့ လိုက်လာကြတာတုံးဗျာ ၊ ဒီ အမှု လောက် ကို စီအိုင်ဒီ က လူစုံတက်စေ့ လိုက်ဖို့ မလိုပါဘူး ၊ ဟဲ ဟဲ ဟဲ ၊ မုံရွာ ကို ပြောင်း ရမယ့် ဆားပုလင်းနှင်းမောင် ကို တောင် ခင်ဗျားတို့ က ခေါ်ခဲ့ကြသေးသကိုး ၊ ဒီလောက်လဲ မလိုပါဘူး ဗျာ ၊ ဒီမှာလဲ အမှု က စဉ်းစားလို့ ရတန်သလောက် ရ နေပြီပဲ ” 

ဟု ဆီး ၍ ပြော လိုက်လေ၏ ။

ထိုအခါ ဦးကိုကိုကြီး က

“ နေစမ်းပါဦး ရွှေသွား ကိုအောင်မြင့် ရဲ့ ၊ ခင်ဗျား က လဲ တွေ့တာ နဲ့ ခနိုးခနဲ့ ပြော ဖို့လောက်ပဲ စဉ်းစား နေတာကိုး ၊ အတော်ကလေး အလုပ် လုပ်ပြီးကြပြီလား ” 

ဟု မေး လိုက်လေ၏ ။ ထိုအခါ စုံထောက်ကိုအောင်မြင့် က မဖြေ ဘဲ ကိုတင်ဝင်း က ကြား မှ နေ ဝင်၍

“ ဘာ အလုပ် လုပ်ဖို့ ရှိလို့တုံးဗျ ၊ ဟောဟို လှေကား မှာ ကြိုးတန်းလန်း နဲ့ သေ နေတာက ဟောဒီ မိန်းမ ရဲ့ ယောက်ျား ဦးခင်ဦး တဲ့ ဆန်စက်သူဌေး တစ်ယောက် ပဲ ၊ ဟောဒီမှာ သေနေတာ က သူ့ မိန်းမ မစန်းအေး တဲ့ ၊ သူတို့ လင်မယား နှစ်ယောက် ပဲ နေကြတာ ၊ မနက် ကျ မှ ထမင်းချက် တဲ့ ကု,လား တစ်ယောက် လာပြီး ထမင်း ချက် ပေးတယ် ၊ ပြီးတော့ ည ကျ ပြန် သွားတယ် ၊ ဒီကနေ့ မနက် ထမင်းချက်ကု,လား က အိမ် ကို လာတယ် ၊ သူတို့ ကို နှိုးတယ် ၊ နှိုးလို့ မရတာနဲ့ စောင့် နေတယ် ၊ ၈ နာရီလောက် အထိ မနိုးကြတာ နဲ့ မီးဖို ပြတင်းပေါက် က နေ ဝင်တယ် ၊ အဲဒီ ပြတင်းပေါက် က ကန့်လန့် တစ်ခု ပြုတ် နေတယ် ၊ ကန့်လန့် တစ်ခု ပဲ ရှိတယ် ၊ အဲဒါကို သိ ထားလေတော့ ပြတင်းပေါက် တံခါး ကို ဖွင့်လို့ ရ တာပေါ့ ။ အဲဒီ က နေ ပြီးတော့ ဝင် လာပြီး သူတို့ ကို လဲ  နှိုးမယ် လို့ အပေါ် လဲ တက်လာရော သူတို့ နှစ်ယောက် သေနေတာ ကို တွေ့လို့ အဲဒီ ကု,လား က ဂါတ် ကို ပြေး လာပြီး တိုင်တာ ။ ကျုပ်တို့ က တော့ ထုံးစံ အတိုင်းပဲ လာ တိုင် တဲ့ ကု,လား ကို ဖမ်း ထား ဖို့ အကြောင်း ကြား လိုက်ပြီ ၊ ဂါတ် က ဟောဒီ ရာဇဝတ်အုပ်ကြီး တို့ က လဲ လျင် တယ် ၊ ကျုပ်တို့ မပြောခင် ကတည်း က ဖမ်း နှင့် ထားပြီးပြီ ၊ တကယ် က လဲ ဘာမှ စဉ်းစားစရာ မရှိပါဘူး ၊ ဒီ ကု,လားပဲ သတ်တာ နေမှာပဲ ”

ဟု ပြော လိုက်လေ၏ ။

“ ဘာဖြစ်လို့ သ,တ်တာတုံး ” 

ဟု ဦးကိုကိုကြီး က မေး လိုက်လေ၏ ။ ထိုအခါ စုံထောက် ကိုစိန်လှ က

“ ဟောဒီ မိန်းမ ရဲ့အလောင်း မှာ ကြည့်စမ်းပါဦး ဦးကိုကိုကြီး ၊ အဖိုးတန် စိန်ရွှေလက်ဝတ်ရတနာတွေ အပြည့် ပဲ ၊ ပစ္စည်း လိုချင်လို့ သတ်တာ ဆိုရင် ဒါတွေ ဘယ် ရှိနိုင် ပါ့မတုံး ”

ဟု ပြောလိုက်ရာ ဦးကိုကိုကြီး က

“ ကဲပါ ဘာဖြစ်လို့ သ,တ်တာလဲ ပြောစမ်းပါ ” 

ဟု စိတ် မရှည်သော လေသံ ဖြင့် မေးလိုက်လေ၏ ။

“ ခင်ဗျား အတော် ညံ့သေးတာပဲ ၊ မုဒိမ်းမှု ဗျ ၊ ကု,လားဟာ အစကတော့ ရိုးရိုးသားသား ၊ အိမ်ရှင်
လင်မယား ကို နှိုးမယ် ဆိုပြီး တက် လာတာ ၊ အပေါ်လဲ ရောက်ရော စိတ်ပြောင်းစရာတွေ တွေ့ လို့ စိတ် ပြောင်းပြီး ၊ ယောက်ျား လုပ်သူ ကို ကြိုး နဲ့ တုပ်ပြီး ကြိုးဆွဲချ သ,တ်လိုက်မယ် ၊ နောက်ပြီး လည်ပင်း ညှစ်ပြီး သ,တ်ပစ်လိုက်တယ်ပေါ့ဗျာ ၊ ကျုပ် ပြောတာ ဟုတ်တယ် မဟုတ်ဘူး ဆိုတာ က ဟောဒီ အမျိုးသမီးရဲ့ လုံချည် ကို သက်ဆိုင်ရာ မှာ စစ်ဆေးကြည့်ရင် အဖြေ ပေါ်ပါလိမ့်မယ် ” 

ဟု ကိုစိန်လှ က ပြော လိုက်လေ၏ ။

ဆားပုလင်းနှင်းမောင် သည် ရေခဲတောင်တံဆိပ် စီးကရက် ကို သောက်၍ မီးခိုး များ ကို မျက်နှာကြက် ဆီ သို့ မှုတ် ထုတ်ကာ တစ်စုံတစ်ခု ကို အလေးအနက် စဉ်းစား နေလေ၏ ။

ထို့နောက် အနည်းငယ် လျှောက်သွား ပြီး လျှင် ကြမ်းပြင် ပေါ် ၌ အားလျား မှောက်လျက် အိတ် အတွင်း မှ မှန်ဘီလူး ကို ထုတ်ကာ ကြမ်းပြင် ကို မှန်ဘီလူး ဖြင့် ကြည့် နေ လေ၏ ။ ဤသို့ ကြည့်ရင်း တဖြည်းဖြည်း နှင့် ဗီရိုကြီး တစ်လုံး ၏ အနီး သို့ ရောက် သွား လေ၏ ။

ထို့နောက် ဗီရို ကို ဖွင့် လိုက်လေ၏ ။ ဗီရို မှာ လူ တစ်ရပ် ကျော်ကျော် ခန့် မြင့်ပြီး လျှင် အတွင်း ၌ အဆင့်များ မရှိဘဲ ပြုလုပ်ထားသော ဗီရိုမျိုး ဖြစ်၏ ။ ဗီရို အတွင်း ၌ လည်း ပစ္စည်း ဟူ ၍ တစ်စုံတစ်ရာ မရှိပေ ။

ဆားပုလင်းနှင်းမောင် သည် ဗီရို အနီး မှ ထခဲ့ ပြီး လျှင် နံရံ ကို ကြည့်ပြန်၏ ။ နံရံ ၏ တစ်နေရာ သို့ ရောက်သော အခါ၌ ကသိုဏ်းရှု သကဲ့ သို့ စိုက်၍ ကြည့်နေလေ၏ ။

ထို့နောက် မျောက် တစ်ကောင် ၏ လျင်မြန်ခြင်းမျိုး ဖြင့် ထို နံရံ မှ နေ၍ ထုပ်တန်း တစ်ခု ပေါ် သို့ တက် သွားပြီး လျှင် ထုပ်တန်း တစ်လျှောက်လုံး အား မှန်ဘီလူး ဖြင့် ကြည့်နေလေ၏ ။ စုံထောက် ကိုအောင်မြင့် တို့ သည် ဆားပုလင်းနှင်းမောင် ပြုလုပ်ပုံ ကို ကြည့်ကာ တစ်ဦး ကို တစ်ဦး ပြုံး ပြကြလေတော့၏ ။

ထို့နောက် ဆားပုလင်းနှင်းမောင် သည် ထုပ်တန်း ပေါ် မှ ဆင်း ကာ လှေကား ပေါ် မှ အလောင်း ကို ကျော်၍ မီးဖို ဘက် ဆီ သို့ သွားလေ၏ ။ ကျွန်ုပ် နှင့် ဦးကိုကိုကြီး လည်း ၎င်း ၏ နောက်သို့ လိုက်၍ သွား ကြလေ၏ ။ မီးဖို အတွင်း သို့ ရောက်သော အခါ ၌ အိုးခွက်များ ကို ဆားပုလင်းနှင်းမောင် က သေချာစွာ ကြည့် ပြန်လေ၏ ။

ဆန်အိုး မှ ဆန် အချို့ ကြမ်းပြင် ပေါ် သို့ ဖိတ်ကျ နေသည် ကို တွေ့ရလေ၏ ။ ထို့နောက် ဆားပုလင်းနှင်းမောင် သည် ဗီရို ကို ဖွင့်ကာ အတွင်း မှ ထမင်းဟင်းလျာများ ကို ကြည့်ရှု လေ၏ ။ မီးဖို အတွင်း ၌ လည်း နိုင်ငံခြားအရက် ပုလင်း အလွတ် အမြောက်အမြား ကို တွေ့ရလေ၏ ။ ဆားပုလင်းနှင်းမောင် သည် မီးဖို အတွင်း ၌ ဤသို့ ကြည့်ရှု ပြီးနောက် မီးဖို ပြတင်းပေါက် တစ်ပေါက် ကို ကြည့်ရှု ရာ တံခါး “ ချက် ” တစ်ခု ပြုတ် နေသည် ကို တွေ့ရလေ၏ ။ ပြုတ် နေသော “ ချက် ”  မှာ အပေါ် ဘက် မှ “ ချက် ”  ဖြစ်၏ ။ အောက်ဘက် “ ချက် ”  မှာမူ အကောင်း ပကတိ အတိုင်း ရှိလေ၏ ။

ဆားပုလင်းနှင်းမောင် သည် အပြင် ဘက် သို့ ထွက်ကာ ပြတင်းပေါက်တံခါးရွက် ကို လက်ဖြင့် ဆွဲ လိုက်၏ ။ “ ချက် ” ပြုတ် နေသော ကြောင့် တံခါးရွက် အပေါ်ပိုင်း သည် အနည်းငယ် ဟ ၍ သွား လေ၏ ။ ထိုအခါ လက် ကို ထိုးသွင်း၍ အောက်ချက် ကို နှိုက်ကြည့် ပြန်ရာ ၎င်း ၏ လက်က ကြီး နေသဖြင့် နှိုက် မရဘဲ ရှိလေတော့၏ ။

ထိုအခါ ဆားပုလင်းနှင်းမောင် သည် အတွင်းဘက် သို့ ပြန် လာ ပြီးလျှင် “ ထမင်းချက်ကု,လား ဟာ အတော် ကို လူကောင် သေးတာပဲ ” ဟု ပြော လိုက် လေ၏ ။

ပြီးလျှင် ၎င်း သည် အိမ်ပေါ် ထပ် သို့ ပြန်၍ တက် သွားသည် ဖြစ်ရာ ကျွန်ုပ်တို့ သည် နောက် မှ လိုက်၍ တက်ကြရလေ၏ ။ အပေါ်ထပ် သို့ ရောက်သော အခါ၌ မိန်းမ အလောင်း အနီး သို့ သွားကာ ဆားပုလင်းနှင်းမောင် သည် မျက်နှာ ကို အနီး ကပ် ကြည့်ရှု လေ၏ ။ ထို့နောက် ဆားပုလင်းနှင်းမောင် က 

“ ဟောဒီက အမျိုးသမီး ကို လဲ လည်ပင်း မှာ ကြိုးကွင်း စွပ်ပြီး ဆွဲကြိုး ချ သလို လုပ်ပြီး သ,တ်လိုက်တာဗျ ၊ လည်ပင်း ညှစ် ပြီး သ,တ်လိုက်တာ မဟုတ်ဘူး ၊ ဒါပေမယ့် လှေကား ပေါ် မှာ သေနေတဲ့ အလောင်း လို တော့ လည်ပင်း မှာ ကြိုးကွင်း တန်းလန်း ဖြစ် မနေဘူး ၊ ဧကန္တတော့ လည်ပင်း က ကြိုး ကို ဖြုတ်ယူ သွားတယ်နဲ့ တူတယ် ၊ တစ်ခုတော့ ရှိတယ် ၊ လူသတ်သမား ဟာ တစ်ယောက်တည်း မဖြစ်နိုင်ဘူး ၊ တစ်ယောက်တည်း နဲ့ ဟော့ဒီ နှစ်ယောက် စလုံး ကို ကြိုးဆွဲချ သလို လုပ်ပြီး မသတ်နိုင်ဘူး ၊ ကဲပါလေ ဒါတွေ ထား လိုက်ပါဦး ၊ ရန်ကုန် မပြန်ခင် ပဲခူးဂါတ် ကို ဝင်ပြီး ဂါတ် မှာ ဖမ်းထားတဲ့ ထမင်းချက် တွေ့ချင်သေးတယ် ”

ဟု ပြောဆိုကာ အောက်ထပ် သို့ ဆင်း သွားလေ၏ ။

ကျွန်ုပ် လည်း ၎င်း ၏ နောက်မှ လိုက် ၍ ဆင်း၏ ။ ဦးကိုကိုကြီး က မူ ဆင်းခါနီး ၌ စုံထောက် ကိုအောင်မြင့် ၊ ကိုစိန်လှ ၊ ကိုတင်ဝင်း တို့ အား

“ ဟုတ်တာလဲ မဟုတ်ဘဲ ၊ အချိန်ကုန် ခံ မနေကြပါနဲ့ ဗျာ ၊ ရန်ကုန် ကို ပြန်ကြပါတော့ ၊ ခင်ဗျား တို့ စဉ်းစား နေလို့လဲ အမှု က ပေါ် မှာမှ မဟုတ်ဘဲ ၊ စိတ် မဆိုးနဲ့ နော် ၊ ကျုပ် က အမှန်အတိုင်း ပြောတာ ၊ ဟဲ ဟဲ ဟဲ ၊ ဟန် လုပ်ရတာ ပင်ပန်းပါတယ် ကိုယ့်လူ တို့ ရာ ” 

ဟု ပြောဆိုကာ အောက်သို့ ဆင်းခဲ့လေ၏ ။

စုံထောက် သုံးဦးသား သည် ဦးကိုကိုကြီး အား ဒေါပွ၍ ကျန်ရစ်ခဲ့ကြလေတော့၏ ။

◾မင်းသိင်္ခ

📖 မိုးပေါ်မှာ ကြယ်တစ်လုံး

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment