Thursday, January 18, 2024

ရွှေဟင်္သာ မမြဝင်း


 

❝ ရွှေဟင်္သာ မမြဝင်း ❞

“ ၁၉၈၁ ခုနှစ် ဆိုင်းတန်း ကားဂိတ် က စ လောင် လိုက်တဲ့ မီး မှာ ကျွန်မ တို့ အိမ် က အကုန် ပါတာပဲ ၊ အဖေ က လည်း ရပ်ကွက် လူကြီး လုပ် နေတာ ဆိုတော့ သူ့ စာရင်းစာအုပ် ပဲ အမိအရ ယူ လာတယ် ။ မီး စ လောင်တာ အဝေးကြီး မို့ ကိုယ့် ရပ်ကွက် မရောက်လောက်ဘူး ဆိုပြီး ပေါ့ နေ လိုက်တာ အကုန် ပါသွားရော ”

ရွှေဟင်္သာဒေါ်မြဝင်း က သူ ကြုံခဲ့ဖူးတဲ့ မန္တလေး မီးဘေး အကြောင်း ပြန် ပြောပြတယ် ။ အဲဒီ မီးဘေး က မန္တလေး မှာ အကြီးအကျယ် စ လောင်တဲ့ မီးပါ ၊ ကားဂိတ် မှာ ဓာတ်ဆီ လက်ကျန် ဘယ်လောက် ရှိသလဲ ဖယောင်းတိုင် မီး နဲ့ ကြည့် ရာ မှ စ လောင်တာ လို့ ဆိုပါတယ် ။ မန္တလေး မြို့လယ် ဈေးချိုတော် အနီး က စ လောင် လိုက်တာ မြောက်ပြင် ရောက် မှ မီး က ငြိမ်းတယ် ။

ရွှေဟင်္သာ ဒေါ်မြဝင်း က နာမည်ကြီး ထိုးမုန့် လုပ်ငန်းရှင် ပါ ။ မီးကြီး လောင် ပြီးတော့ အားလုံး ပါ သွားပြီး မြို့အပြင် ထွက် ကာ မုန့်ဖို တည်ပြီး လုပ်ငန်း ကို ပြန် စ ရတယ် ။ ယခု တော့ ရွှေဟင်္သာ မမြဝင်း ထိုးမုန့်ဆိုင် က အသားကျ ပြီး ပုံမှန် လည်ပတ် နေတာ ကြာပါပြီ ။

ဒေါ်မြဝင်း ရဲ့ နေအိမ် ကို သွားပြီး သူ ဖြတ်သန်း လာခဲ့တဲ့ ဘဝ အတွေ့အကြုံတွေ ကို ကျွန်တော် မေးမြန်း ပါတယ် ။

“ ကျွန်မ ၁၁ နှစ် သမီး လောက် က ဈေး လိုက်တာပဲ ၊ အရီးမြ ရဲ့ ထိုးမုန့်ဆိုင် မှာ ကူ ရောင်းရတာ ”

“ အရီးမြ ဆိုတာ က ... ”

“ ကျွန်မ အဖေ ရဲ့ အစ်မ အကြီးဆုံး ၊ သူ က ထိုးမုန့်ဆိုင် စ ရောင်းခဲ့တာ ၊ အဲဒီ ခေတ် က တော့ လမုန့် မရှိသေးဘူး ၊ ထိုးမုန့် ၊ မာစကပ် ၊ ဆနွင်းမကင်း ရောင်းတယ် ။ ကျွန်မ လေးတန်း အောင် တော့ အရီး က ဈေး ကို ခေါ် သွားတာ ။ မိန်းကလေး
ဆိုတာ ရေးတတ် ၊ ဖတ်တတ် ရင် တော်ပြီ ဆိုပြီး ဈေးရောင်း သင် ပေးတာ ”

“ စ သင်ရတာ က ဈေးရောင်း တာ သင်ရတာ လား ၊ မုန့် လုပ်တာ သင်ရတာ လား ”

“ ဈေး ရောင်းရတာ ၊ မုန့် ကို တော့ အိမ် မှာ မိသားစု ဝိုင်း လုပ်ကြတာ ။ အဖေ့ လက်ထက် ကတည်း က အဖေ က အိမ် မှာ မုန့် ထိုးတယ် ။ အရီး က ဈေးချို
သစ်သီးတန်း မှာ ဆိုင် ထွက်ပြီး ဈေး ရောင်းတယ် ။ ကျွန်မ ၁၆ နှစ် ကျတော့ အရီး က ဈေးရောင်း နား လိုက်တယ် ။ ကျွန်မ ပဲ ဦးစီး ပြီး ဈေး ထွက်ရတယ် ”

“ ရွှေဟင်္သာ မမြဝင်း ဆိုတဲ့ အမှတ်တံဆိပ် ဘာကြောင့် ယူတာလဲ ”

“ ကျွန်မ ဦးစီး လုပ်ရတော့ အဖေ က ကျွန်မ အမည် မမြဝင်း နဲ့ ၊ အဖေ့ မိတ်ဆွေတွေ ပဲခူး မှာ အများကြီး ရှိတော့ ရွှေဟင်္သာတံဆိပ် လည်း ယူ လိုက်တယ် ”

“ ကိုယ့် လက်ထက် မှာ မုန့် အသစ်တွေ ထပ် ထိုးတာ ပြောပါဦး ”

“ အစုံပေါ့ ၊ အာလူး ဆနွင်းမကင်း ၊ ငှက်ပျော ဆနွင်းမကင်း ၊ အိတုံ ၊ ပူတင်း ၊ ဂျယ်လီပူတင်း ၊ ကွေကာပူတင်း ၊ ခါကြက်ဥပူတင်း ၊ ရွှေဖရုံပူတင်း ၊ မလိုင်ကရေ
ကရာ ၊ ထိုးမုန့် ကို ဆန်း အောင် လို့ ချောကလက် ထိုးမုန့် အမျိုးမျိုး လုပ် ခဲ့ရတာပေါ့ ”

“ သစ်သီးတန်း မှာ ထိုးမုန့်ဆိုင်တွေ က အများကြီး ၊ ကိုယ့် ဆိုင် ကို ဈေးဝယ် တွေ ဝင် လာအောင် ဘယ်လို ဆွဲဆောင် သလဲ ”

“ အပြောအဆို က အစပေါ့ ၊ ဝယ်ချင် အောင် ပြောတာ ၊ မုန့် ကို လည်း အမြည်းတွေ ဘာတွေ ပေးပြီး ဈေးဝယ် ကြိုက်အောင် လုပ်ခဲ့ရတာ ”

မန္တလေး ထိုးမုန့်ဆိုင်တွေ က ဈေးတန်း မှာ တန်းစီ ပြီး ဖွင့်ထား ကြတယ် ။ ဆိုင်တိုင်း မှာ ထိုင် ရောင်း နေကြတာ လည်း မိန်းမချောလေးတွေ ချည်းပဲ ။ မုန့် မျိုးစုံ ကို ပန်းကန်ပြားတွေ ထဲ မှာ ထည့်ပြီး ဈေးဝယ် ကို အမြည်း ကျွေးတယ် ။ အစမ်း စားကြည့် ။ ကြိုက် မှ ဝယ် ။ ကြိုက် ရာ ဝယ် ။ အချို့က ပျော်စေ ပြက်စေ သဘော နဲ့ ထိုးမုန့်ဆိုင် တကာ လျှောက်ပြီး မဝယ် ဘဲ အမြည်း ပဲ စားပြီး ထွက် သွားတဲ့ သူတွေ
လည်း ရှိတယ် ။ အဲဒီ အကြောင်း ကျွန်တော် မေးပါတယ် ။

“ အချို့က မဝယ်ချင် တော့ မုန့် ကို အိ တော့ လည်း အိ လို့ ၊ မာ တော့ လည်း မာ လို့ အမျိုးမျိုး အပြစ် ပြောတာပဲ ၊ သည်းညည်း ခံရတာပဲ ၊ အချို့က လည်း အများကြီး
ဝယ်မယ့် ပုံ နဲ့ ဈေးတွေ ဆစ် ၊ ဝယ် တော့ အစိတ်သား တစ်ထုပ် တည်း ”

ရန်ဖြစ်ဖူးလား ကျွန်တော် မေး တော့ ဒေါ်မြဝင်း က ရယ်တယ် ။ မဖြစ်ဖူးပါဘူး ၊ ရောင်း ကတည်း က သည်းညည်းခံ စိတ် ထား ရတယ် ။ မုန့်ရောင်း ကတည်း က ဘယ် မုန့်မျိုး က ဘယ်နှရက် ခံပါတယ် ပြော ရောင်းရတာ ။ အချို့က လက် ထဲ မှာ
၁ဝ ရက် ၊ ၁၅ ရက် ထား ပြီး မှ မုန့် က မခံဘူး ပြောတာ ။ ကျေနပ် အောင် တစ်ထုပ် ၊ နှစ်ထုပ် လောက် စားဖို့ ပေး လိုက်ရတာ လည်း ရှိတာပဲ ”

အချို့ ထိုးမုန့်ဆိုင်တွေ က ဆိုင်ခွဲတွေ အများကြီး ဖွင့် ကြတယ် ။ ရွှေဟင်္သာမမြဝင်း ထိုးမုန့် က တော့ မန္တလေးဘူတာကြီး ရှေ့ မှာ တစ်ဆိုင် ၊ ဈေးချိုတော် သစ်သီးတန်း က တစ်ဆိုင် ၊ နှစ်ဆိုင် ပဲ ဖွင့်ထားတာ တွေ့ရတယ် ။

“ ဘာကြောင့် ဆိုင်ခွဲတွေ အများကြီး မဖွင့်တာလဲ ”

“ အချို့ က လည်း ကိုယ်စားလှယ် တောင်း ကြပါတယ် ။ ကျွန်မတို့ မုန့် က ကုန်ခြောက် မဟုတ်ဘူး ။ မုန့် က ငါးရက် ပဲ ခံတဲ့ ဟာ ကို သူတို့ လက် ထဲ မှာ ရက် ကြာကြာ ထား ရင် နာမည် ပျက်မယ် ၊ အိမ် ကို လည်း သိတော့ အချို့ က အိမ် မှာ လာ ဝယ်ကြတယ် ”

“ နယ် မပို့ဘူးလား ”

“ အချို့ သိတဲ့ လူတွေ ကို တော့ ဖောက်သည် ပေးတာ ရှိတယ် ၊ ( ပြင်ဦးလွင် ) ၂၁ မိုင် ဆိုရင် တအား ရောင်း ရတယ် ။ ( ပဲခူး ) ရွှေကျင် ဆိုရင်လည်း အများကြီး ပို့ ရတယ် ။ ရေဦး ၊ တန့်ဆည် ဘက် လည်း အများကြီး ပို့ရတယ် ”

သူတို့ ဆိုင် က မုန့်မျိုးစုံ အသစ်တွေ လည်း ထွင်တယ် ။ ပမာဏ အများကြီး လည်း လုပ်ရတယ် ။ ဒါဆိုရင် မုန့် ထိုးရင်း မပျက်ဘူးလား ။ မုန့်တွေ ပျက် သွားရင် ဘာ လုပ်သလဲ ။ ကျွန်တော် စိတ်ဝင်စား ပြီး မေး ကြည့် မိတယ် ။

“ မပျက်ဘူး ဆရာ ၊ တစ်ခါတလေ မုန့်တွေ ထိုး ရတာ များလို့ အလုပ်
သမားတွေ လက်ပန်း ကျ ပြီး အမွှေ မနာ လို့ မုန့် ထဲ မှာ အစေ့လေးတွေ မကြေဘဲ ကျန်တာ ရှိတတ်တယ် ။ ဒါမျိုး တွေ့ ရင် ရောင်းတဲ့ ထဲ မထည့် ဘဲ အလုပ်သမား တွေ ကို ပေး ပစ် လိုက်တယ် ”

ရွှေဟင်္သာ ဒေါ်မြဝင်း နဲ့ ကျွန်တော် က ဆွေလို မျိုးလို ခင်မင် ရင်းနှီးနေကြတာ ကြာပါပြီ ။ သူ့ မုန့်လုပ်ငန်း အရှိန် ကောင်းစ ၊ တီဗွီကြော်ငြာတွေ ခေတ်စား ခါ စ မှာ ပေါင်မုန့်ကား လို့ ခေါ်ကြတဲ့ စူပါကပ်စတန် လို ကားလေး တစ်စီး ရောင်း ပြီး တီဗွီ ကြော်ငြာ ရိုက်ခဲ့တယ် ။ ဒါပေမဲ့ အဆင် မပြေဘူး ။ ကား တစ်စီး သာ ပလုံ သွား ခဲ့တယ် ။

“ တီဗီ ကြော်ငြာ ရိုက်ပါတယ် ၊ ရိုက်ပြီး လွှင့်ခါစ မှာ အချို့ ထိုးမုန့်ဆိုင် က အရောင် ဆိုးဆေး သုံးတာ စစ်လို့ တွေ့တယ် ။ ကျွန်မတို့ ဆိုင် လည်း စစ်တယ် ၊ မပါကြဘူး ။ မပါ ပေမယ့် ထိုးမုန့်သည်တွေ က ဆိုးဆေး သုံးတယ် ဆိုပြီး မကြော်ငြာရဘူး လို့ ပိတ် လိုက်တာ ၊ သိန်း လေးငါးဆယ် တော့ ဆုံးရှုံး သွားတယ် ၊ အဲဒီတုန်း က ပေါင်မုန့်ကား ရောင်း တာ မှ သိန်း ၃၀ ပဲ ရတဲ့ အချိန် ”

“ မနှမြောဘူးလား ”

နှမြောတာပေါ့ ဆရာ လို့ ပြောပြီး ဒေါ်မြဝင်း ဟက်ဟက်ပက်ပက် ရယ်တယ် ။

“ ကျွန်မတို့ က ရိုးရိုးသားသား ရှာ ထားရတဲ့ ငွေ မို့ ပို နှမြောတာပေါ့ ၊ လုပ်ရတာ လည်း မိသားစုလုပ်ငန်း ၊ မောင် တွေ ရော ၊ ယောက်မ တွေ ရော ပင်ပင်ပန်းပန်း လုပ်ကိုင်ပြီး ရှာထားကြတာ ၊ နှမြောသလား မမေးနဲ့ ”

ဒေါ်မြဝင်း က ပြောရင်း တဟားဟား ရယ်မောတယ် ။

“ အဲဒီ ကြော်ငြာကြီး ပြန် ကြည့် ဖြစ်သေးလား ”

“ ဟို တစ်လော က တော့ တိပ် က နေ စီဒီ ပြန် ကူးလို့ တစ်ခါ ကြည့်ဖြစ်တယ် ၊ ရိုက်ခါစ ကတော့ စိတ်နာ လို့ ကို မကြည့်တော့ဘူး ။ ဆရာ ရေ ၊ အဲဒီ ခေတ် က ကား တစ်စီး ဆိုတာ နည်းတာမှ မဟုတ်ဘဲ ”

ဒေါ်မြဝင်း က နာမည် တစ်လုံး ရ လာအောင် ကျားကုတ်ကျားခဲ ကြိုးပမ်း လာခဲ့ရ ပုံတွေ ကို ပြန် ပြောပြတယ် ။

ထိုးမုန့်ဆိုင် မှာ ရောင်းသူတွေ က မိန်းမပျိုလေး တွေ ၊ အပျိုကြီး ဒေါ်မြဝင်း တစ်ယောက် အပျိုထိန်း တဲ့ အလုပ်တွေ လည်း လုပ်ခဲ့ရ မှာပဲ ။

“ ပြော မနေနဲ့ တော့ ဆရာ ရေ ထိန်းရတာပေါ့ ၊ ကိုယ် က နောက် က ရပ်ပြီး ကြည့် နေ ရတာ ၊ ဒေါ်ဒေါ် ရေ အပြင် သွားဦးမယ် ဆိုရင် လည်း ပြန်ရောက် မလာ မချင်း စိတ် ပူ ရတာ ၊ ဈေးဝယ်တွေ က လည်း အမျိုးမျိုး မဟုတ်လား ”

“ လူပျို ကာလသားတွေ က လာပြီး ပိုးကြပန်းကြ တာ ကော ”

“ စတော်ဘယ်ရီ ထိုးမုန့် ဆိုတာ အရဲလေးတွေ ၊ အရင် က ရောင်းခဲ့ ဖူးတယ် ၊ ကိုယ့် ဆိုင် က ကလေးမလေး က အနီရဲလေး ဝတ် ထားရင် ဒီ အရဲလေး လိုချင်တယ် ၊ ချစ်စရာ ကောင်းတယ် ၊ ပါးစပ်တွေ က ပေါ့ ကြတာ သရမ်းတာ တော့ ပြော မနေနဲ့ တော့ ၊ ကိုယ် က ၁၁ နှစ် သမီး ကတည်း က ရောင်းတာ မို့ ဈေး အထာ တော့ သိထားရတာ ပေါ့ ”

“ ရောင်းရင်း ဝယ်ရင်း နဲ့ သူခိုး ခိုး ခံရတာမျိုး ကြုံဖူးမှာပေါ့ ”

“ ပစ္စည်း အပ်ထားတာ ပေါ့ ၊ အပ် တဲ့ ကြိမ်ခြင်းတောင်း က သိပ် မကောင်းဘူး ။ တောင်း ထဲ မှာ ဘာပါသလဲ ကိုယ် လည်း မသိဘူး ။ သူတို့ က ရွာ က ကိုယ့် ဆီ ဝယ်နေ ကျ ၊ မမြဝင်း ရယ် တောင်းပေါက်ကလေး ထားခဲ့ဦးမယ် တဲ့ ၊ အောက်နား သာ ချထားခဲ့ လို့ ၊ သူတို့ ပြန်လာတော့ တောင်း က မရှိတော့ဘူး ခိုး သွားပြီ ၊ သူတို့ က တောင်း ထဲ မှာ ဘာပါတယ် ၊ ညာပါတယ် ပြောလို့ မုန့်တွေ ပေးလိုက်ရတာ မနည်းဘူး ”

“ နယ် ဘုရားပွဲတွေ လိုက် ရောင်းဖူးတဲ့ အကြောင်း ပြောပါဦး ”

“ မိတ္ထီလာ ၊ အင်းလေး ဘုရားပွဲတွေ သုံး - လေးနှစ် လိုက် ရောင်းဖူးတယ် ၊ ပွဲဈေး ဆိုတော့ မိန်းကလေးတွေ ကို ပါးစပ် သရမ်းတာ ထိန်းရ ခက်လို့ နောင်ကျ မရောင်းတော့ ဘူး ။ အဲဒီတုန်း က ကားကြီး ဘေး မှာ ရွှေဟင်္သာမမြဝင်း စာတန်း ထိုး ထားတဲ့ ပိတ်စတွေ ချိတ် ပြီး နယ်လှည့် ရောင်း တာပေါ့ ”

ကျွန်တော် က ထိုးမုန့် ထုပ်ပိုး ပုံ အပြောင်းအလဲ ကို မေးပါတယ် ။

“ အစ ပထမ တော့ ထိုးမုန့် ကို ငှက်ပျောဖက် နဲ့ ထုပ် ၊ လျှော် နဲ့ ချည်တယ် ၊ နောက်ကျ ကာကီရောင် စက္ကူအိတ် မှာ ကိုယ့် ဆိုင်တံဆိပ် ရိုက်ပြီး ထည့် တယ် ၊ တစ်ခေတ် တစ်ခေတ် ပြောင်း လာပြီး ငှက်ပျောဖက် အစား ပလတ်စတစ်အိတ် ၊ စက္ကူ ၊ အိတ် အစား ဖိနပ် ထည့် တဲ့ ဂျပ်ဘူး ၊ ယခု ကျ စက္ကူဂျပ်ဘူး ၊ တစ်မျိုး ပြီး တစ်မျိုး ပြောင်း လာတာ ထိုးမုန့် ကို ကျွန်မ စ ရောင်း တုန်း က တစ်ပိဿာ နှစ်ကျပ် ၊ နောက်ကျ ၁ဝ ၊ ၂ဝ ၊ ခု ကျ တော့ ထောင်ဂဏန်း ဖြစ်သွားပြီ ”

ဟက်ခနဲ ဒေါ်မြဝင်း ရယ်တယ် ။

ကျွန်တော် က သူတို့ မီးလောင် ခံခဲ့ ရပြီး နောက် ဘယ်လို ပြန်ပြီး နာလန် ထူ လာခဲ့ရတဲ့ အကြောင်း ကို မေးတယ် ။ ဒေါ်မြဝင်း က မဖြေ ခင် အရင် ပြုံးတယ် ။

“ မီး လောင်တဲ့ နေ့ တုန်းက လုပ်ပြီး သား မုန့် တစ်ဝက် လောက် ကို ဆိုင် ပို့ ထား နှင့် တာ ။ အဲဒီ မုန့် တွေ ကို ဣန္ဒြေ မပျက် ဆက် ရောင်း နိုင်တယ် ၊ ဈေးဝယ်တွေ က လည်း မီးလောင် ခံရတယ် ဆိုပြီး ပိုပြီး အားပေး လို့ ပိုတောင် ရောင်း ကောင်း သေးတယ် ။ အလုပ်သမားတွေ ၊ မောင်တွေ လည်း ကိုယ့် နောက် ပါလာ လို့ မုန့်ဖို ချက်ချင်း တည် ၊ ချက်ချင်း ထိုး ရောင်းတယ် ”

“ အရင်း က တော့ ကျန်တယ်လား ”

“ ဆိုင် မှာ ရှိတာ အရင်း ပေါ့ ၊ မိတ်ဆွေတွေ က လည်း မီးလာ မေးကြတာ ၊ ဆန်အိတ် တွေ ၊ ဆီပုံး တွေ ၊ အချို့ က လည်း ကောက်ညှင်းဆန် လာ ပို့တယ် ။ အချို့ က လည်း မုန့်ကန်တွေ လုပ်ပြီး လာ ပို့ကြတယ် ။ သောက်ရေအိုး ၊ ပန်းကန်ပြား က အစ လာ ပို့ ကြတာ ၊ ဘဝ ပြန် ထူထောင် ရ တာ ဆရာ ရေ ”

“ အရောင်းအဝယ် မပျက်ဘူးပေါ့ ”

“ သူတို့ ကျေးဇူး ကြောင့် အရောင်းအဝယ် မပျက်ခဲ့ပါဘူး ၊ အချို့ က လည်း အားပေး ကြတယ် ။ သစ်ပင် တောင် မှ မီးလောင်ကုန်း က ပိုပြီး ရှင်သန်တယ် တဲ့ ၊ ကိုယ် လည်း ပြန်ပြီး စီးပွား ဖြစ်မှာပါ တဲ့ ”

◾ကျော်ရင်မြင့်

📖 အတွေ့အကြုံစုံစုံ ဘဝဇာတ်ခုံ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment