❝ အိပ်မက် ထဲ က အိမ် အပြန် ❞
( ၁ )
ဇာတိမြို့လေးသို့ အလည်အပတ် ပြန် ရောက် လာသော သူမ အတွက် အရာရာ သည် ထူးခြားစွာ သစ်လွင် နေတော့သည် ။ မြေသင်းရနံ့ကို ရှူရှိုက် လိုက်ရ ချိန် တွင် အညာ ၏ အငွေ့ အသက် ကို သူမ ပိုမို နှစ်သက် သွားသည် ။ မရောက်တာ ကြာပြီ ဖြစ်သည့် အိမ်ကလေး တွင် မေမေ က သူမ ကို စောင့်မျှော် နေတော့မည် ဆိုသည့် အသိ ကြောင့် သူမ ၏ ခြေလှမ်း အရွှေ့ တို့ သွက်လက် နေသည် ။
ကြိုတင် အကြောင်း မကြားဘဲ ရောက် လာသော သူမ ကို တွေ့ လျှင် မေမေ အံ့သြ သွား မှာ သေချာပါသည် ။ အိမ်ကလေး ရှေ့ သို့ ရောက် လျှင် သူမ က “ မေမေ ” ဟု ခေါ်လိုက်သည် ။ သူမ ၏ အသံ ကို မေမေ ကြား သွားပြီး ...
“ ဟယ် ... ငါ့ သမီးလေး ရောက်လာပါလား ၊ ကြိုလည်း မပြောဘူး ။ ပြောရင် ကားဂိတ် ကို လာကြို မှာပေါ့ ၊ လာ .. လာ ၊ ငါ့ သမီးလေး ကို အရမ်း သတိရ နေတာ ”
“ အမေ အံ့သြ သွားစေချင်လို့ လေ ၊ အိမ် ကို လွမ်း နေလို့ အချိန်ရတုန်း ပြန် လာရတာ ၊ အမေ့ ဖို့ အဝတ်အစား နဲ့ ဆေးတွေ ဝယ်လာတယ် ”
“ အတော်ပဲ ၊ ညနေ ကျ ရင် ငါ့ သမီးလေး ကြိုက်တဲ့ ဟင်းတွေ ချက်ကျွေး ရမယ် ။ အိမ် မှာ ဘယ်နှစ်ရက် နေမှာလဲ ”
“ နှစ်ရက် လောက် ပဲ အချိန် ရတယ် အမေ ရဲ့ ၊ အမေ ချက်ကျွေးတဲ့ ဟင်း ကို စားချင်နေတာ ကြာပြီ ”
“ သမီးလေး က အလုပ်တွေ မှ မအားတာ ၊ နှစ်ရက် လည်း နှစ်ရက် ပေါ့ ။ အမေ့ မှာ သမီးလေး ကို နေ့တိုင်း လွမ်း နေရတာ ။ သမီး သူငယ်ချင်းတွေ က လည်း ဘယ်တော့ အလည် လာမှာလဲ လို့ မေး နေကြတယ် ။ သူတို့ ဆီ လည်း သွား လိုက်ပါဦး ”
မြို့ကလေး က သူမ အား ရင်းနှီး နွေးထွေးစွာ ကြိုဆို နေဆဲပါပဲ ။ ဇာတိမြို့လေး သို့ ပြန် ရောက်တိုင်း သူမ သွားနေကျ စာအုပ် အရောင်းဆိုင် နှင့် အငှားဆိုင်လေး သို့ သွားဖြစ် သလို မဆုံတွေ့ တာ ကြာ နေသော သူငယ်ချင်း များ နှင့် လည်း တွေ့ဖြစ် သွားသည် ။ ထိုအချိန် အတွင်း မှာ မြို့ပြ တွင် တွေ့ကြုံရသည့် မွန်းကျပ်မှုများ ကို သူမ ခေတ္တ မေ့လျော့ သွားသည် ။
ဧရာဝတီမြစ်ကမ်း ဘက် ဆီ သို့ လမ်းလျှောက် ထွက်ခဲ့သော အခါ သဲသောင် ဖြူလွလွ နှင့် စိမ်းလဲ့ ကြည်လင် ကာ ငွေရောင် လက်ပနေသည့် ရေပြင် က သူမ စိတ်တို့ ကို ပေါ့ပါးလန်းဆန်း သွား စေသည် ။ အည ဒေသ ၏ အငွေ့အသက် တို့ အပြည့်အဝ ရရှိသည့် သူမ ၏ ဇာတိမြို့လေး ကို အမြဲ ချစ်မြတ်နိုး နေမှာ သေချာပါ သည် ။
( ၂ )
“ ဟာ ... လှလိုက်တဲ့ ငုပန်းတွေ ”
သူမ စိတ် ထဲ မှ တီးတိုးလေး ရေရွတ် လိုက် မိသည် ။ အိမ် ပြန်ချိန် နှစ်ရက် ရသည့် အတောအတွင်း မှာ ပဲ မန္တလေးတက္ကသိုလ် ထဲ သို့ အရောက် သွားခဲ့သည် လေ ။ အင်္ဂလိပ်စာ ဌာန ရှေ့ တွင် ရှိနေသော ငုပန်းပင်များ က သူမ ကို အတိတ် တစ်စုံတစ်ရာ အား ပြန်ပြောင်း သတိရ စေသည် ။
တစ်ချိန် တုန်း က သူမ အတွက် အဓိပ္ပာယ် ပြည့် သော ဆောင်း မနက်ခင်းများ ရှိခဲ့ဖူးသည် ။ သန့်သန့် စင်စင် ရယ်မော နိုင်သော နွေဦး တို့ ရှိခဲ့ဖူးသည် ။ အင်္ဂလိပ်စာဌာန ၏ ကော်ရစ်ဒါလေး တွင် မြတ်နိုးရသူ တစ်ယောက် နှင့် အတူ စကားလုံးများ ဝတ်မှုန် ကူးခဲ့ဖူး သည် ။ teaching staff တွင် သူမ အပေါ် နားလည်မှု အပြည့်အဝ ပေး နိုင်သော “ ဆရာ ” နှင့် အတူ စကားလုံးများ ထုဆစ် ခဲ့ဖူးသည် ။
ကော်ရစ်ဒါလေး မှ နေ၍ လှမ်းမျှော် ကြည့် လိုက် လျှင် ထနောင်း နှင့် ကဗွီးပင် တို့ ကို တွေ့ မြင် နေရသည် ။ အခြား သူများ အတွက် ထို သစ်ပင်များ သည် ဘာမှ အထူးအဆန်း မဖြစ်နိုင် သော်လည်း သူမ အတွက် သတိရခြင်းများ ပေးစွမ်း နေတာ သေချာပါသည် ။ မြတ်နိုးရသူ တစ်ယောက် နှင့် ထို သစ်ပင်များ အောက် တွင် ဆုံတွေ့ခဲ့ဖူး သည့် အတိတ် ကို ဖျတ်ခနဲ သတိရ ချိန် တွင် ရင်က ဆွတ်ကျင် ကြေကွဲစွာ တမ်းတ လာ ရသည် ။
ဟောသည် တက္ကသိုလ်ကြီး ထဲ တွင် သတိရခြင်း နှင့် ကင်းလွတ်သော နေရာများ ရှာဖွေ တွေ့ နိုင်မည် မထင်ပါ ။ သူငယ်ချင်း များစွာ တက္ကသိုလ် ထဲ တွင် ရှိသည် ။ အမှတ်ရ စရာ များစွာ တက္ကသိုလ် ထဲ တွင် ရှိသည် ။ မိန်းအဆောက်အအုံကြီး ၏ ဘေး နား ရှိ အုတ်ခုံပုလေး တွင် ထိုင် နေသည့် သူငယ်ချင်း တစ်ယောက် က သူမ ကို တွေ့မြင် သွားသည် ။
“ နှင်း ... မန္တလေး ကို အလည် လာတာလား ကွ ၊ နေကောင်းလား ”
မြန်မာစာဌာန တွင် နည်းပြ ဖြစ် နေသော သူငယ် ချင်း က ဖော်ရွေစွာ နှုတ်ဆက်သည် ။
“ ဟုတ်တယ် ၊ ခဏ အလည် လာ တာ ၊ မန္တလေး ကို အရမ်း လွမ်းလို့ ”
“ နှင်း ကို လက်ဖက်ရည် လိုက် တိုက်မယ်လေ ၊ နှင်း က “ မန်းရတနာ ” မှာ ထိုင်ချင်တယ် မဟုတ်လား ”
ထိုင်ဖူးနေကျ မန်းရတနာကဖေး ၏ အငွေ့အသက် သည် သူမ အတွက် ကျေနပ်စရာပါပဲ ။ နွေ စိန်ပန်းများ က လည်း နီရဲစွာ ဖူးပွင့် နေကြဆဲ ။ သောက် ရတာ လက်ဖက်ရည် အရသာ က ထူးခြားစွာ ကောင်းမွန် နေသည် ။
သူငယ်ချင်း နှင့် လက်ဖက်ရည်ဆိုင် ထိုင် ပြီးသည့် နောက် ရင်းနှီးသော ဌာနများ သွားဖို့ စိတ်ကူး ရလာ သည် ။ နိုင်ငံတကာ ဆက်ဆံရေးဌာန ၊ ဥပဒေပညာဌာန ၊ ရုက္ခဗေဒဌာနများ တွင် သူမ ၏ မိတ်ဆွေများ ရှိနေသည် လေ ။ မထင်မှတ်ဘဲ ရောက် လာသည့် သူမ ကို အားလုံး က နွေးထွေးစွာ စကား ပြော ကြသည် ။
အသွေးအသား ထဲ မှ ချစ်ရသည့် တက္ကသိုလ် နယ်မြေ သည် သူမ အတွက် ဘယ်သော အခါမျှ သူစိမ်း ဆန်မည် မဟုတ်ပါ ။ လျှောက် နေကျ မြေနီလမ်းကလေး သို့ လျှောက် နေချိန် တွင် ဝေမွှေးသော တမာရနံ့ တို့ ကို ရှူရှိုက် လိုက်ရသည် ။ လမ်းကလေး ၏ ဟိုဘက် သည်ဘက် တွင် တမာပင်များ ရှိသောကြောင့် နေရိပ် ပင် မထိုးပေ ။ ကဗျာ ဆန်သော လမ်းကလေး ၊ ပြီးတော့ သူမ ၏ ချစ်သူ နှင့် ပတ်သက်သော တမာရနံ့ ဝေမွှေး သည့် လမ်းကလေး ၊ ချစ်သူ နေထိုင်ခဲ့ ဖူးသော “ အောင်မင်္ဂလာဆောင် ” သို့ သွားရာ လမ်းကလေး ၊ ချစ်သူ ရေးခဲ့ဖူး သော “ လရောင်ကြိုတေး ” ဆိုသည့် ကဗျာလေး ကို ပြန် အမှတ်ရ လာလေသည် ။
လမ်းကလေး မှ ရှေ့သို့ ချိုးကွေ့ လိုက်လျှင် တော့ “ ရတနာပုံဆောင် ” ကို လှမ်းမြင် နေရသည် ။ ရတနာပုံ ဆောင် ရှိရာ လမ်း မှာ တော့ မလေးရှား ပိတောက်ပင်များ က နေရာ ယူ လျက် ။ သူမ အပေါ် နားလည်မှု ပေးနိုင်ခဲ့သော “ ဆရာ ” နေထိုင် သွား ခဲ့သည့် အဆောင် ၏ ထောင့်စွန်း အခန်းလေး ကို ငေးစိုက် ကြည့်ရင်း ကြေကွဲ လာသလို ၊ ထို လမ်း တစ်လျှောက် ဆက် လျှောက် လာခဲ့ပြီး “ နိုင်ငံခြား ဘာသာသင် တက္ကသိုလ် ” ဘက် သို့ သွားရန် ဆုံးဖြတ် လိုက်သည် ။
ပြင်သစ်ဘာသာ ဒီပလိုမာ ကျောင်းသူ တစ်ယောက် ၏ ရက်စွဲများ သည် သူမ အတွက် ပျော်ရွှင်စရာ များ ယူဆောင် ပေးခဲ့သည် ။ လှေကားထစ်များ ကို ဖြတ်ကျော် လိုက်တိုင်း တက်ကြွမှုမျိုး ရရှိ လာသည် ။ ပြင်သစ်ဘာသာစကား ဌာန သို့ ဝင်၍ သူမ ကို ချစ်ခင်သော ဆရာမများ ကို တွေ့ ဆုံ နှုတ်ဆက်ရ ဦးမည်လေ ။ ယခင် အခေါက် များ ထက် ထူးခြားစွာ ပန်းခြံလေး တစ်ခု ကို တွေ့လိုက်ရ၍ သူမ ကျေနပ် သွားသည် ။ ပန်းခြံ သေးသေးလေး ထဲ တွင် အမျိုးအမည် စုံသော ပန်းများ လှပစွာ ဖူးပွင့် နေကြသည် ။
နိုင်ငံခြားဘာသာသင် တက္ကသိုလ် မှ အပြန် တွင် သူမ သွားချင် နေသော နေရာ တစ်ခု ကို အမှတ်ရ သွား သည် ။ နာရီ ကို ငုံ့ ကြည့် လိုက်တော့ နေ့လယ် နှစ်နာရီ ကျော်နေပြီ ပဲ ။ ကိစ္စ မရှိပါ ။ မန္တလေး မှ အမရပူရ သို့ ကား စီး လျှင် အလွန်ဆုံး နာရီဝက်သာ ကြာမြင့်ပါ လိမ့်မည် ။ မရောက်တာ ကြာနေသော ၊ တိတ်ဆိတ် အေးချမ်းသော နေရာ တစ်ခု သို့ သွားဖြစ် အောင် သွားမည် ဟု သူမ ဆုံးဖြတ် လိုက်သည် ။
( ၃ )
တောင်သမန် ရေပြင် က ယခင်က အတိုင်း စိမ်းလဲ့ နေ ဆဲ ။ မယ်ဇင်ပင်တန်းများ က သူမ ကို နှုတ်ဆက် နေ သယောင် ။ သူမ လက်ထဲ တွင် နှင်းဆီပန်းစည်း တစ်စည်း ကို ဆုပ်ကိုင်မိလျက်သား ဖြစ် နေသည် ။ တောင်သမန် ရှိ လင်းဇင်းကုန်း သုသာန် မှ အုတ်ဂူလေး တစ်ခု ထဲ တွင် ဆရာ ငြိမ်းချမ်းစွာ အိပ်စက် နေသည် လေ ။
ဆရာ့ အုတ်ဂူ ပေါ် သို့ နှင်းဆီပန်းများ တင် မပေး ဖြစ်ခဲ့သည် မှာ လေးနှစ် ကျော် ကြာခဲ့ပြီပဲ ။ ကုက္ကိုပင်ရိပ် အောက် မှာ အုတ်ဂူလေး ကို သူမ အမောတကော ရှာဖွေ နေမိသည် ။ သည် နေရာ ရောက် တိုင်း ဆရာ့ ဝိညာဉ် နှင့် နီးစပ်စွာ တည်ရှိ သလို ခံစားရသည် ။ သူမ ၏ အမြင်အာရုံများ မှားယွင်း နေသလား မသိပါ ။ ဆရာ့ အုတ်ဂူ ကို ဘယ်လို မှ ရှာ မတွေ့ဘဲ ဖြစ် နေသည် ။ ဘုရား ရေ ... ဘယ်လို ဖြစ်တာလဲ ။ ပန်းစည်းလေး တစ် စည်း လောက် ပင် တင်ပေးခွင့် မရတော့ဘူးလား ။ သူမ အလျှော့ မပေးဘဲ အထပ်ထပ် အခါခါ ရှာဖွေ သော်လည်း မတွေ့ ရပါ ။ ကြေကွဲခြင်း နှင့် အတူ သူမ မျက်ဝန်း တွင် မျက်ရည်များ ဝဲရစ် လာသည် ။
သူမ ဘာ ဆက် လုပ်ရမှာလဲ ။ နွမ်းလျစွာ လှည့်ပြန် လာသော ခြေလှမ်းများ တွင် မရေရာခြင်း တို့ ကပ်ငြိ လိုက်ပါသည် ။ ယူဆောင် လာ သော နှင်းဆီပန်းစည်းလေး ကို တောင်သမန် ရေပြင် မှာ မျှောလိုက်တော့သည် ။
အိမ် ပြန်ရောက်သည် အထိ ကြေကွဲခြင်း က သူမ ရင် သို့ လာရောက် ရိုက်ခတ်နေဆဲ ဖြစ်သည် ။ ကြည့်စမ်း ၊ အချိန်တွေ ဟာ ဘယ်လောက်များ တိုတောင်း လိုက်ပါ သလဲ ။ မနက်ဖြန် တွင် သူမ ရန်ကုန် ပြန်ရတော့မည် ။ ကြို ဖြတ် ထားသော အပြန် ရထား လက်မှတ် က သူမ ထံ တွင် ရှိနှင့် နေပြီးသား ။ သည် နှစ်ရက် အတွင်း ပျော်ရွှင်မှု ဘယ်လောက် များများ ရရှိလိုက်သလဲ ။ စိတ် ကျေနပ်မှု ဘယ်လောက် များများ ရရှိ လိုက်သလဲ ။ အဖြေ က တော့ သိပ် မသေချာလှပါ ။
( ၄ )
“ ရန်ကုန် ပြန် ရောက်ရင် အမေ့ ဆီ ကို အကျိုးအကြောင်း စာ ရေးဦးနော် ၊ နောက် တစ်ခေါက် လာရင် ရက် ကြာကြာ နေနိုင်ရင် ပို ကောင်းတာပေါ့ ။ နှစ်ရက် တည်း ဆိုတော့ တကယ့် ကို ခဏလေးပဲ ”
“ စာ ရေးမှာပါ အမေ ရဲ့ ၊ အလုပ်တွေ မအားလို့ ခဏပဲ လာ ရတာ ။ နောက် တစ်ခေါက် ကျ မှ ကြာကြာ နေမယ် ”
မေမေ စိတ် ချမ်းသာအောင် ပြော လိုက်ရ သော် လည်း နောက် တစ်ခေါက် ဆိုသည် မှာ မည်သည့် အချိန် တွင် ရောက်ရှိလာမည် ဟု သူမ ကြိုတင် မသိနိုင်ပါ ။ ဟန်ဆောင်မှု များသော မြို့ပြ ၏ လူ ရောင်စုံများ ကြား တွင် စိတ် ညစ်ညူး ခဲ့ရသော ရက်စွဲများ ၊ ကျောသပ် ပြီး မှ နောက်ကျော ကို ဓား နှင့် ထိုးတတ်သည့် မိတ်ဆွေတုများ ၊ ကိုယ်ချင်းစာ တရား နည်းပါးပြီး ကိုယ်ကျိုး အတွက် ဘယ်အရာ ကို မဆို ချ နင်းရန် ဝန်မလေး တတ်ကြသူများ အကြောင်း ကို တော့ မေမေ့ ကို မပြောမိ အောင် သတိထား ရ ပါလိမ့်မည် ။ မြို့ပြ တွင် တစ်ယောက် တည်း နေထိုင် နေ ရသော သူမ ကို မေမေ က စိတ်မချ ဖြစ်တတ်သည့် အတွက် ကြောင့် ပါ ပဲ ။
ရထားဘီး စ လှိမ့်ချိန် တွင် သူမ ချစ်သော ဇာတိ မြို့လေး ၊ မန္တလာ ၊ တောင်သမန် တို့ နှင့် ဝေးကွာ သွားရ ဦးမည် ကို သိ လိုက်သည် ။ ရထား က ဘူတာစဉ်များ ကို တစ်ခု ပြီး တစ်ခု ဖြတ်ကျော် လာခဲ့ပြီပဲ ။ ညနေ မှောင်ရီသရော တွင် တောင်သမန်အင်း ၏ ရှုခင်း ကို ရထား ပေါ် မှ လှမ်း မြင် လိုက်ရသည် ။ တစစ်စစ် နာကျင် လာသော အလွမ်း တို့ ကြောင့် ကျဆင်း လာနေသော မျက်ရည်များ ကို သူမ မသုတ်ဖယ်မိပါ ။ ရထား က မြစ်ငယ်တံတား ကို ဖြတ်ကျော်ခဲ့ပြီ ။ တစ်စတစ်စ နက်ရှိုင်း လာသော အမှောင် ထု က သိပ်သည်း လာချိန် တွင် သူမ ၏ မျက်ရည်များ က သာ ညနံရံများ ပေါ် သွားရောက် ထိမှန် နေကြသည် ။
( ၅ )
စွတ်စို နေသော မျက်ရည်စများ နှင့် အတူ အိပ်မက် မှ လန့်နိုး လာချိန် တွင် မနက် မိုးစင်စင် လင်း နေပြီ ဖြစ် သည် ။ အခန်းလေး သည် ပကတိ တိတ်ဆိတ် ငြိမ်သက် လျက် ရှိသည် ။ သူမ ၏ ဘေးနား တွင် မည်သူ တစ်ဦး တစ်ယောက် မှ မရှိပါ ။ ရှည်လျားသော အိပ်မက် တစ်ခု မက် ခဲ့တာ သေချာ နေပါသည် ။ ဘယ်လောက် ထူးဆန်း အံ့သြစရာ ကောင်း သည့် အိပ်မက် တစ်ခု ပါလဲ ။
စားပွဲ ပေါ် မှ ကက်ဆက်လေး ကို လှမ်း ယူပြီး ကက်ဆက် ခလုတ် ကို ဖွင့် လိုက် ချိန် တွင် ဝိုင်ဝိုင်း ၏ “ အိမ်လွမ်းသူ ” သီချင်း က သူမ ရင် ကို လာ ထိမှန်သည် ။
“ ရင် မှာ မောပန်းခြင်းနဲ့ ဝဲလည်ရင်း ငါဟာ အိမ်ကို လွမ်းနေသူ ၊ ငါ အိပ်မက် ထဲ ထိ လွမ်းဆဲ ၊ ဘယ်တော့မှ မရောက်နိုင်ခဲ့ ၊ အဖြူရောင် ခြယ်တဲ့ နှလုံးသားများ ဘယ်မှာ ရှာလို့ တွေ့လိမ့်မယ် ”
အိပ်မက် ထဲ မှာ ထိတိုင် အိမ်လွမ်း စိတ် က သူမ နှလုံးသားထဲ တွင် နေရာ ယူဆဲပါပဲ ။ အိပ်မက် ထဲ တွင် သူ အိမ်ပြန် ရောက်ခဲ့သည် ။ မန္တလေးတက္ကသိုလ် သို့ ရောက်ခဲ့သည် ။ တောင်သမန် ရောက်ခဲ့သည် ။ ဘယ်သော အခါမျှ မေ့ပျောက်ရန် စွမ်းဆောင်နိုင်မည် မဟုတ်သော အတိတ် ၏ အမှတ်တရ တို့ က အနှေးပြကွက်များ ကို ဖန်တီး ပေးနေကြသည် ။ ဆောင်း မနက်ခင်းများ ကော်ဖီ နှစ်ခွက် ၊ ကော်ရစ်ဒါလေး ၊ ဆုံနေကျ ကဗွီးနှင့် ထနောင်း ပင်လေး ၊ ချိုမြမြ အပြုံး ၊ ဂျက်ကက် အပြာစင်း ၊ “ မန်းရတနာ ” ကဖေး ။ သူမ ၏ ဉာဏ် ထဲ တွင် သတိရခြင်း တို့ မိုးစက်များ ကဲ့သို့ တဖွဲဖွဲ ရွာသွန်း လာကြသည် ။
အိမ် နှင့် ဝေးကွာစွာ ၊ မန္တလာ နှင့် ဝေးကွာစွာ မြို့ပြ တွင် သူမ ရှင်သန် နေထိုင် လာခဲ့သည် မှာ သုံးနှစ်ခွဲ ကျော် ခဲ့ပြီပဲ ။
မြို့ပြ ၏ ပြိုးပြက်သော နီယွန်မီးရောင်များ အောက် တွင် သူမ က သံယောဇဉ် အလင်းဓာတ် ငတ်မွတ် နေဆဲ ဖြစ်သည် ။ မရိုးသားသော သူများ နှင့် တွေ့ ရတိုင်း ရိုးသား တတ်သော မန္တလာ မှ သူငယ်ချင်းများကို သတိရ လာသည် ။ နေမကောင်း ဖြစ်သည့် အချိန်တိုင်း တွင် ယုယစွာ ပြုစု စောင့်ရှောက် ပေးသော မေမေ့ ကို သတိရ လာသည် ။ ကိုယ်ချင်းစာ တရား ကင်းမဲ့ပြီး နားလည်မှု မပေးနိုင်သော သူများ နှင့် တွေ့ ရတိုင်း နားလည်မှု အပြည့်အဝ ပေးခဲ့သော “ ဆရာ့ ” ကို သတိရ လာသည် ။
သူမ ၏ နွေးထွေးလုံခြုံမှု သည် နယ်မြို့လေး မှ အမေ့အိမ် ဖြစ်သည် ။ သူမ အတွက် ပျော်ရွှင်မှုများ ပွင့်စေခဲ့ရာ နေရာ သည် “ မန္တလေး တက္ကသိုလ် ” ဖြစ်သည် ။ လရောင် ကို ကြိုလင့်သော ညများ တွင် ချစ်သူ ရေးဖွဲ့ ခဲ့ဖူးသည့် “ လရောင်ကြိုတေး ” ကဗျာ ကို သတိရသည် ။ တမာ ရနံ့ ဝေမွှေး နေတတ်သည့် လမ်းကလေး ကို လွမ်းတမ်းတသည် ။ မိုး ရွာ သော ညများ တွင် မိုးရေတို့ စွတ်စို နေမည့် ဆရာ့ အုတ်ဂူလေး ကို မြင်ယောင် လာ သည် ။ နှလုံးသား အစစ် ဖြင့် နှစ်နှစ်ကာကာ သူမ ကို သံယောဇဉ် တွယ်တာသူများ နှင့် ဝေးကွာစွာ နေထိုင်ရခြင်း တွင် သူမ ၏ ပျော်ရွှင်မှုတို့ တေး မသီ နိုင်တာ သေချာပါသည် ။
မောပန်းနွမ်းနယ်စွာ ရုန်းကန်လှုပ်ရှား နေရင်း စိတ်ကူး ထဲ တွင် အတွေး ဖြင့် အိမ် သို့ အကြိမ်ကြိမ် ပြန် ရောက်ခဲ့သည် ။ တက္ကသိုလ် ထဲ သို့ မကြာခဏ ရောက်ရှိ ခဲ့သည် ။ လက်တွေ့ ဘဝ မှာ တော့ သူမ သည် အိမ် ပြန်ရန် အခွင့်အရေး အလွန် နည်းပါးသူ တစ်ယောက် ပါပဲ ။ တစ်နှစ် တွင် တစ်ကြိမ် ထက် ပို၍ သူမ အိမ် မပြန် ဖြစ်ခဲ့ပါ ။ ဝမ်းနည်း အားငယ်စိတ် တို့ ဖြင့် အထီးကျန်ခြင်း က ဓား တစ်လက် ကဲ့သို့ လှီးဖြတ် နေသည့် အချိန် များ တွင် အိမ် လွမ်းစိတ် တို့ဖြင့် သူမ အကြိမ်ကြိမ် မျက်ရည် ကျခဲ့ရသည် ။
မန္တလေး တက္ကသိုလ် နှင့် ပတ်သက် နေသော ၊ ချစ်သူ နှင့် ပတ်သက် နေသော ၊ “ ဆရာ ” နှင့် ပတ်သက် နေသော အမှတ်တရ များစွာ ကို သူမ အသက် ရှင်သန် နေ သရွေ့ သိမ်းဆည်း ထားရဦးမှာ သေချာပါသည် ။ သတိရ စိတ် ဖြင့် မက်သော အိပ်မက်များ က သာ သူမ ၏ ည များစွာ ထဲ တွင် တောက်လျှောက် နေရာ ယူ လာကြသည် ။ တချို့ အိပ်မက်များ က တိုတောင်း သော် လည်း တချို့ အိပ်မက်များ က စနစ်တကျ ရှိသလို ရှည်လျား နေ တတ်ပြန်သည် ။ အိမ် လွမ်းစိတ် တို့ ဖြင့် လှိုက်မော ရီဝေစွာ နိုးထ လာခဲ့ရသော နံနက်ခင်း ပေါင်း များစွာ လည်း ရှိလာ ခဲ့ပါသည် ။
( ၆ )
အိမ် လွမ်းစိတ် တို့ လျော့ပါးဖို့ မည်သည့် အရာ များ နှင့် နှစ်သိမ့် ရမည်နည်း ။ သူမ မသိနိုင်ပါ ။ တိုက်ဆိုင်မှု တစ်ခါ ရှိ လာတိုင်း ရှည်လျား ဆန့်ထွက် လာ တတ်သည့် သတိရခြင်းများ ကို လည်း သူမ မတားဆီး နိုင်ပါ ။ အိမ် တစ်အိမ် ၏ နွေးထွေး လုံခြုံမှု နှင့် ဝေးကွာ စွာ နေထိုင် နေရသမျှ ကာလပတ်လုံး အမေ့ အိမ်လေး ကို အမြဲ သတိရ နေမှာပါပဲ ။ သည် အချိန် ဆိုလျှင် မေမေ က သူမ အတွက် သတိရခြင်းများ ကို ရေတွက်နေလိမ့်မည် ။
မန္တလေး တက္ကသိုလ် အင်္ဂလိပ်စာဌာန ရှေ့ တွင် ငုပန်းတို့ ဝါထိန်စွာ လှိုက်လှဲ ရီဝေ ဖူးပွင့် နေလိမ့်မည် ။ စိန်ပန်းပွင့် တို့ မြေပြင် ပေါ် နီရဲစွာ ကြွေဆင်းနေလိမ့်မည် ။ “ မန်းရတနာ ” ကဖေးလေး လည်း သက်ဝင် လှုပ်ရှား နေ လိမ့်မည် ။ သူမ လျှောက် နေကျ မြေနီလမ်းကလေး တွင် လည်း တမာနံ့ တို့ ဝေမွှေး နေလိမ့်မည် ။ တချို့သော သူငယ်ချင်းများက သူမ ကို သတိရ ကောင်း သတိရ နေ လိမ့်မည် ။
ဝေးကွာခြင်းများ နှင့် အသားကျစွာ ရှင်သန် နေ ရချိန်များ တွင် သူမ အတွက် အိမ် ပြန်ချိန် တို့ နည်း သထက် နည်းပါး လာနေသည် ကို သိနှင့် နေသည် ။ သေချာတာ က ဘယ်သော အခါမျှ အဆုံးသတ်မည် မသိနိုင် သည့် အိပ်မက်ရှည်များ ထဲ တွင် သူမ အကြိမ်ကြိမ် အိမ်ပြန် ဖြစ် နေမည် ဆိုခြင်းပါပဲ ။ ။
◾သွေး ( စစ်ကိုင်း )
📖 ပန်းအလင်္ကာ မဂ္ဂဇင်း
၂၀၀၆ ၊ အောက်တိုဘာလ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment