❝ ရွှေမျက်နှာ ❞
ရုပ်ရှင်မင်းသမီး မခင်သက် အရာရှိကြီး တစ်ယောက် နှင့် ရပြီး ရုပ်ရှင်နယ် မှ ထွက်ရ သည့်အကြောင်း နှင့် ပတ်သက်၍ တစ်နေရာ ၌ လူ သုံးယောက် စကား ပြောသည် ။
သတင်းထောက် က
“ ဟုတ်တာပေါ့ဗျာ ၊ ဆက် လုပ် လို့ ဂုဏ် ပျက်တာ မပျက်တာ ထား ၊ သား တွေ သမီး တွေ ရလာတော့ တာဝန် ကျေနိုင်ပါ့မလား ၊ လင့် တာဝန် က ကို နည်းတာ မှ မဟုတ်ဘဲ ၊ ကျွန် တော် က တော့ မိန်းမ ဆို မိန်းမ ပီသ စေချင်တယ် ။ မိန်းမ တစ်ယောက် ရဲ့ရည်မှန်းချက် ဟာ မယားကောင်း နဲ့ မိခင်ကောင်း ဖြစ်ဖို့ အဲဒါပဲ ဖြစ်ရမယ် ၊ မိန်းမ တစ်ယောက် အတွက် အိမ်ထောင် ကိစ္စ က ပထမ အရေးအကြီးဆုံး ဖြစ်ရမယ် ၊ မိန်းမ ရဲ့ အမြုတေ က အချစ် မဟုတ် လားဗျာ ”
ပန်းချီဆရာ က
“ လင်ယူ သားမွေး တယ် ဆိုတော့ သူ့ ရုပ်ရည်ကလေး နုနု ဟာ နှမြောစရာ ဖြစ်တာပေါ့ ၊ အင်မတန် ပင်ပန်း တဲ့ ကိစ္စလား ၊ ဒါပေမယ့် သူ့ ရဲ့ မျက်နှာ အမူအရာ ကတော့ စိတ်ဝင်စားစရာ တစ်မျိုး ဖြစ်လာဦးမယ် ဗျ ၊ သူ့ ခေါင်းပုံတွေ မနည်းဘူး ကျွန်တော် ဆွဲဖူးတယ် ၊ သူ ဟာ ရုပ်ရှင်မင်းသမီး မို့ ဘယ်လိုပဲ အမူအရာတွေ ဆောင်ပြ နေပေမဲ့ တကယ် တော် တဲ့ ရုပ်ရှင်မင်းသမီး ဖြစ်ပေမဲ့ မျက်နှာ မှာ ပညာ ပါရမီ ပါ လာတဲ့ အရောင် က ကောင်းကောင်း ပေါ်နေတယ် ဗျ ၊ ဆိုလိုတာ က အနုပညာသည် ရဲ့ မာန က ထင်းထင်း ပေါ်တယ် ။ အဲ ကျွန်တော်တို့ က တော့ အမူအရာ လုပ်တတ်သူ တစ်ဦး ရယ် လို့ သိရတာပေါ့ လေ ၊ မခက်သက် က စိတ် ပြင်းပြင်းထန်ထန် လှုပ်ရှား သွားတာတွေ ကို ဖော် နိုင်တယ် ၊ သူ့ မျက်လုံးတွေ ဟာ အခိုးငွေ့ တစ်မျိုး မျိုး ထွက် နေ သလိုပဲ ၊ နှုတ်ခမ်း က ပုံ အမျိုးမျိုး ပြောင်း နိုင်တယ် ။ နှာသီးခေါင်း က အစ ပါးတယ် လှုပ်နိုင်တယ် ၊ သူ့ ခေါင်းပုံ ဟာ အင်မတန် ဆွဲရ ခက်တဲ့ ခေါင်းပုံ မျိုးပဲ ၊ ဒါပေမဲ့ အသက် ရှိတဲ့ ပုံ ပေးနိုင်တယ် ”
စာရေးဆရာ
“ ဟုတ်တယ်ဗျ ၊ သူ့ နေရာ မှာ တော့ အထွတ်အထိပ် ရောက်နိုင်တဲ့ မိန်းမ ပဲ ၊ သူ က ခံစားမှု မှာ သူ မတူအောင် ထက်မြက်လို့ ဗျ ၊ သူ အမူအရာ လုပ်တာတွေ က ပြင်းထန်တယ် ၊ အတွင်း က လာတာမျိုး ပဲ သူ ဟာ ဘာကြောင့် ဒီလို လုပ်နိုင်သလဲ ဆိုလို့ တော့ သူ့ ကိုယ် ၌ က လည်း လူသား ပုထုဇဉ် တစ်ယောက် အနေ နဲ့ လူ့ ဘဝ မှာ အကြီးကျယ်ဆုံး ဆိုတဲ့ အငိုစခန်း အရယ်စခန်း တွေ မှာ စုံအောင် ဆိုက်ခဲ့ဖူးတာမို့ ပဲ ( ခပ်တိုးတိုး လေသံ ဖြင့် ) ၊ မသူတော် မတရား ကျင့်ကြံတာ ခံရဖူး သဗျာ ၊ သူ့ ကလေး သူ ဖျက်ရဖူး သဗျာ ၊ ရည်းစား နဲ့ လွဲခဲ့ရဖူး သဗျာ ၊ ရည်းစား က သူ့ အမေ နဲ့ ယူလို့ မနာလို ဝန်တို ဖူး သဗျာ ၊ မချစ်တဲ့ သူ နဲ့ လည်း ယူဖူးသဗျာ ၊ အဲဒီ လင့် အိမ် က လည်း နောက် လင် နဲ့ ပြေးဖူး သဗျာ ။ အဲဒီ နောက် လင် ကို တော့ လင့် အိမ် က လွတ်တာ နဲ့ ကန် ထုတ် လိုက်တာပဲ တဲ့ ဆိုက္ကား လုပ် စီးလာတာပေါ့လေ ”
ပန်းချီဆရာ
“ ဟုတ်ကဲ့လား ဗျ ”
“ ဒါက လွန်ခဲ့တဲ့ ဆယ်နှစ် ၊ သူ့ အသက် ဆယ့်ခုနှစ်နှစ် က ကိစ္စတွေ လေ ၊ ခင်ဗျား ဘာ သိမလဲ ဟင် ၊ ခင်ဗျားတို့ က မြန်မာနိုင်ငံ တစ်ဝှမ်း မှာ မခင်သက် ... မခင်သက် နဲ့ ဟိုးဟိုးကျော် လာ မှ ဒီ ကလေးမ ကို သိကြတာကိုး ဗျ ၊ စင်စစ်တော့ လွန်ခဲ့တဲ့ ဆယ်နှစ် ကတည်း က သူ ဟာ ရုပ်ရှင်လောက ထဲ ရောက်လာတာ ဗျ ၊ ဟိုကား ဒီကား မှာ မထင်မရှား နဲ့ ပါ နေ တာ ၊ အဲ နား တစ်ဖက် တစ်ချက် မှာ မျက်နှာ လောက် ပန်းပွင့်ကြီးတွေ ပန်ပြီး လူရိုင်းမ လုပ်နေ တဲ့ အခန်းတို့ ၊ အမယ် ... ဓားမြှောင်တွေ ဘာတွေ ပါးစပ် ထဲ ကိုက်ပြီး ဒိုင်ဗင် ထိုး တဲ့ အခန်း တို့ ဘာတို့ တောင် လုပ်ခဲ့သေးတာပဲ ”
သတင်းထောက်
“ သူ့ သတင်း ကြားပုံချင်း တော့ ခင်ဗျား နဲ့ ကျွန်တော် မတူဘူးဗျို့ ၊ အေးဗျ ၊ ကျွန်တော် စဉ်းစား နေတယ် ၊ သူ့ ပညာပါရမီ ဟာ အဲဒီ ဆယ်နှစ် အတွင်း မှာ မပြောင်သေးလို့ လား ၊ ကျောက်ကောင်း မကောက်တတ် တဲ့ ဒါရိုက်တာတွေ နဲ့ တိုး နေရလို့ လား အဲဒီ ဆယ်နှစ် အတွင်း မှာ တော့ ခုလို ကျော်ကြားမယ့် ရုပ်ရှင်မင်းသမီးကြီး တယောက် ဖြစ်လာမယ့် ပုံ လည်း မပေါ်ခဲ့ပါလား ”
ပန်းချီဆရာ
“ ကျွန်တော် က သူ့ ကို အခုမှ ပေါ်တဲ့ မင်းသမီး ပဲ ထင် နေတာ ”
စာရေးဆရာ
“ ဟာ လွန်ခဲ့တဲ့ ဆယ်နှစ် ကတည်း က သူ ဓားမြှောင် ကိုက် နေနေ ၊ အငြိမ့် သီချင်း နဲ့ ဆို က နေနေ တက်မယ့် မီးမှန်း သိတာပဲ ၊ အနုပညာသည် ဆိုတာ လုပ် ယူလို့ ဖြစ် လာတာ မဟုတ်ဘူး ၊ မွေး ကတည်း က ဖြစ်လာတာ ၊ မခင်သက် ဟာ ၆ နှစ် သမီးလေး တုန်း က လည်း ရုပ်ရှင်မင်းသမီး ဘဲ ၊ နောင် အသက် ၆ဝ ကျ လည်း ရုပ်ရှင်မင်းသမီး ပဲ ”
သတင်းထောက်
“ ယောက်ျား ယူသွားပြီ ဗျ ”
“ ယောက်ျား ယူယူ အိုင်ယာလန်ထီ ပေါက်ပေါက် သူ ဟာ အနုပညာသည် စစ်စစ် မို့ သူ့ ဇာတိ ဘယ်တော့ မှ မစွန့်ဘူးဗျ ၊ ကျုပ် လောင်း ရဲတယ် ။ သတင်း သာ နားထောင် နေ ဘယ်တော့ သူ့ လင် နဲ့ ကွဲ မလဲ ”
ပန်းချီဆရာ
“ ဟာဗျာ ... ခင်ဗျား က လည်း ယောက်ျား ယူ သွားတော့ လည်း သူ့ ဝါသနာ ကို အစားထိုး စရာ ကိစ္စတွေ ပေါ်လာဦး မှာပေါ့ဗျာ ၊ ယောက်ျား မှ မဟုတ်ဘဲ ”
သတင်းထောက်
“ မပေါ်လာ ရင် ဒီ မိန်းမ ဘယ်တော့မှ ကောင်းစားမယ့် မိန်းမ မဟုတ်ဘူး ”
စာရေးဆရာ
“ အနုပညာသည် အဖို့ ကောင်းစားတယ် မကောင်းစားဘူး လို့ ဘာမှ မရှိဘူး ၊ သူ့ မှာ မွေး ကတည်း က ကဝေ ပညာ ဗူး ပါတာဗျ ၊ သူ့ ဘဝ တစ်ခုလုံး က သူ့ ပညာ အတွက် ဖြစ်လာတာ ၊ ဒါအတွက် သေ ဆို သေ ရှင် ဆို ရှင် ရမယ် အမေ နဲ့ သား လိုပဲ ။ သူ့ ပညာ ပါရမီ နဲ့ ဟာ တစ်သွေးတည်း ရော နေတယ် ၊ ခွဲလို့ မရစကောင်းဘူး ၊ အနုပညာ ဆိုတာ ဘာလဲဗျ ၊ ပန်းချီကား တစ်ချပ် ၊ ဝတ္ထု တစ်ပုဒ် ကဗျာ တစ်ပုဒ် ၊ သီချင်း တစ်စောင် ဟာ အနုပညာသည် ရဲ့ သွေးသား က ဖြစ်လာတဲ့ ရင်နှစ်သည်းချာ သက်သက်ဗျ ၊ အသက် ဝင် လာ အောင် ကိုယ့် အသက်သွေး နဲ့ အစဉ် လောင်း ရတယ် ၊ ဒီ ရင်နှစ်သည်းချာ ကို မွေး ပြီး ဒီ ရင်နှစ်သည်းချာ အတွက် အသက် ရှင် ရတယ် ။ အဲ မွေးရင်း ဖွားရင်း မီးတွင်း မှာ ပဲ ဝေဒနာ ပြင်းပြလွန်း လို့ မခံနိုင် လို့ သေရတာ လည်း ရှိတယ် ”
သတင်းထောက်
“ ဥပမာ ဗျာ ”
စာရေးဆရာ
“ ဥပမာ လား ဥပမာ ဆို ကျွန်တော့် ဆွေမျိုး ထဲ က ပါပဲ ၊ ကျောက်ဆစ် သမားကလေး မောင်နေဝင်း ပေါ့ ”
ပန်းချီဆရာ
“ ဟုတ်တယ်ဗျာ ၊ အနုပညာသမား ရဲ့ ဘဝ ဝိညာဉ် တစ်ခုလုံး ဟာ သူ့ ရဲ့ ပန်းချီးကား ၊ ကဗျာ ၊ စာပေ ၊ ရုပ်တု မှာ လုံးလုံး ပုံပြီး ခိုတွယ် နေရတာပဲ ဒါကြောင့် ရာဇဝင် တွင်တဲ့ လက်ရာ မြောက် ပစ္စည်းများ ကျ တော့ တစ်မျိုး ထူးခြား လာတယ် ၊ အသက် ရှိ လာတယ် ၊ သူ့ သခင် ပညာသည် ရဲ့ တစ္ဆေ ပဲ ဝင်ပြီး ခို နေ သလို ဆန်းကြယ်တာတွေ တွေ့ လာရတယ် ဗျ ၊ ကျွန်တော် တွေ့ဖူးတဲ့ ရှေးမြန်မာ ပန်းချီကား တစ်ချပ် ဟာ တစ္ဆေ ခြောက် သဗျ ။ သူ့ ကို ဘယ်နေရာ ရွှေ့ ထားထား ထားတဲ့ နေရာ မှာ တစ္ဆေ ခြောက်တာပဲ ၊ ကျွန်တော် တွေ့ ရ တုန်း က ဘာမှန်း မသိသေးခင် ကို ကြက်သီး သိပ် ထတယ် ၊ မြန်မာ စစ်သား တစ်ယောက် ရဲ့ ပုံပဲ ”
“ ကိုယ်တိုင် စမ်း ကြည့်ချင်လှ သဗျာ ”
စာရေးဆရာ
“ ဟာ ကျွန်တော် ပြောတဲ့ မောင်နေဝင်း ရဲ့ ရုပ်တု က လည်း အဲဒီလို ဆန်ဆန်ပဲ ၊ ဦးတင့်တယ် နှမ ရွှေမျက်နှာ နတ်ရုပ်ပုံ ဗျ ။ ထုံးစံ က ဆင်နက်မရုပ် ကို ခုံ ခံပြီး ၊ ဘီးလူးရုပ် ကို အပေါ် က ဆင့်တယ် ။ အဲဒီ အပေါ်မှာ မှ ရွှေမျက်နှာနတ် က မတ်တတ်ရပ် ဟန် နဲ့ ညာလက် က ကြဇုသီး ကိုင် နေပုံ မဟုတ်လားဗျ ။ အေးလေ ... စာ က ဒီလို ဆိုတာပဲ ၊ ကျုပ် လည်း သေသေချာချာ တော့ မမြင်ပါဘူး ။ ပုပ္ပား လည်း မရောက်ဖူးပါဘူး ၊ ဒါပေမဲ့ ကျုပ် ပြောချင်တာ က မောင်နေဝင်း ရဲ့ ရုပ်တု ကျ တော့ စာဆို အတိုင်း မဟုတ်ဘူးဗျ ၊ သူ့ ဘာသာ စိတ်ကူး ယဉ်ပြီး တစ်မျိုး ထူးခြားတဲ့ သူ့ ကိုယ်ပိုင် မူ ဗျ ”
ပန်းချီဆရာ
“ ခင်ဗျား မြင်ခဲ့ရလား ”
“ မြင်ရပြီလား ၊ ပုံ က စိတ်လိုက် မာန်ပါ လှုပ်ရှားနေဆဲ ကို ဖျတ်ခနဲ အချက်ကောင်း ယူ ရိုက်တဲ့ ပုံ လို မပြီးမပြတ် ပြင်းထန်တဲ့ ဟန် အမူအရာ နဲ့ ညာလက် ကို မြှောက်ချီ ပြီး ဆန့်ထားတယ် ၊ ခေါင်း က နောက် ကို ပစ်ပြီး မော့ နေတယ် ။ ဘယ်လက် က ရှေ့ ကို လှမ်း နေ သဗျ ။ ခြုံ ပြောရရင် ကိုယ် အင်မတန် ချစ်ခင် မြတ်နိုးတဲ့ သူ ထံ က အတင်း ခွဲ ဆွဲခေါ်ခဲ့လို့ လည်ပြန် တမ်းတရင်း က အားမတန်လို့ ပါသွားရပုံ ပေါ့ ၊ မောင်တင့်တယ် ကို ဖိုကျင် ထိုးသ,တ်ဆဲ မီးထဲ ခုန်ဆင်းမယ် အကြံ အတင်း ဝိုင်း ဆွဲ လို့ ပြန်ပါ လာပုံ ကို အဓိပ္ပာယ် ပြန်မယ် ဆိုလည်း ဖြစ်တယ်လေ ၊ စာ အလို အားဖြင့် မျက်နှာ သာ ပြန် ပါလာတယ် မဟုတ်လား ၊ မျက်နှာ မှာ ပေါ် နေတဲ့ အမူအရာ က တော့ အံဩစရာ ၊ ကြက်သီးထ စရာ ကောင်းပါပေ့ ဗျာ ၊ ကျောက်ဆစ် သမား ဟာ ဒီ ၁၈ လက်မ လောက်ရှိ တဲ့ ရုပ်တုလေး မှာ ဒီလို အသက် ပါတဲ့ မေ့နိုင်ဖွယ်ရာ မရှိတဲ့ ဘဝ ဖြစ်စဉ် တစ်ရပ် ကို ဝင် အောင် သွင်း ထားနိုင်တယ် ဆိုတာများ ယုံနိုင်စရာ ကို မရှိ ပါဘူးဗျာ ။ ရုပ်တု က ထဘီ အနားတွန့် ပုံ တောင် သူ့ နည်း နဲ့ သူ သပ်သပ် မို့ ကျောက်ဆစ်သမား ရဲ့ ကိုယ်ပိုင်မူ သူ မတူ တဲ့ လေတစ်မျိုး ပါပဲ လို့ ဆိုနိုင်ပါတယ် ”
သတင်းထောက်
“ အဲဒီ ကျောက်ရုပ် က လည်း တစ္ဆေ ခြောက် သတဲ့လား ”
စာရေးဆရာ
“ ဒီလိုဗျာ ၊ ကျောက်ရုပ် မှာ မျက်လုံးများ ထူးခြားပုံ က ကြောက်ဖို့ တောင် ကောင်း တယ် ၊ မျက်လုံး ထဲ မှာ ချစ်ခြင်းမေတ္တာ ၊ ချောက်ချား ကြောက်လန့်ခြင်း ၊ ပြီးတော့ စိတ်ဒုက္ခ ဆင်းရဲကြီး တို့ ရဲ့ ဒဏ်ရာ ဒဏ်ချက်တွေ နဲ့ အပြည့်ပဲ ဆိုပါတော့ ၊ အဲဒီ မျက်လုံးတွေ ကြောင့် ပဲ ကျောက်ရုပ် ဟာ အသက်ရှိ သတ္တဝါ တစ်ဦး ရယ် လို့ ယုံချင်လောက် အောင် ကို ဖြစ်ရတယ် ၊ ကျောက်ရုပ် ကို ပတ် ကြည့် ၊ သူ့ ဘေး သူ့ နောက် ရောက်သွား ပေမဲ့ ကျောက်ရုပ် က သိမြင်တယ် ၊ မျက်လုံးတွေ လှည့်ပြီး လိုက်ကြည့် တယ်လို့ ခံစား ရတယ် ”
“ ဒီလောက် စွမ်းသလား ”
စာရေးဆရာ
“ မစွမ်းဘဲ ရှိချည့် မလား ခင်ဗျာ ၊ ဒီ ကျောက်ရုပ် ညဟာ မောင်နေဝင်း ရဲ့ အသက် နဲ့ လဲ ထု ခဲ့ရတာပါလား ”
သတင်းထောက်
“ ဒီ ကျောက်ရုပ် ထုတာနဲ့ သေရရှာတယ်လား ”
စာရေးဆရာ
“ ဒီလိုရယ် လည်း တော့ မဟုတ်ပါဘူး ၊ ဒါပေမဲ့ ကျောက်ရုပ် က တော့ မောင်နေဝင်း ရဲ့ အသက် ၊ မောင်နေဝင်း ရဲ့ ဘဝ ပါ ပဲ ၊ ဒီ ကျောက်ရုပ် ကို ထုဖို့ ပဲ သူ့ ဘဝ အတွက် အခန်း များ ဆင်လာ ရတယ် ၊ ဒီ ကျောက်ရုပ် ကို သူ့ ရဲ့ စိတ် ၏ သုခ, ဒုက္ခ ၊ ကိုယ်၏ သုခ ဒုက္ခတွေ နဲ့ အရင်း ထည့်သွင်း မြှုပ်နှံ ပြီး ထု ရတယ် ။ ဒီ ရုပ်တု ထု ပြီးတာ နဲ့ သူ ဟာ သေတော့တာပဲ ဆိုပါစို့ ၊ သေရတော့ မှာ ပဲ ၊ သူ့မှာ ဆက် နေစရာ လည်း မကျန်ဘူး ၊ တကယ်လည်း ရှာ မတွေ့ အောင် ကွယ်ပျောက် သွား ခဲ့တယ်လေ ”
ထိုနောက် စာရေးဆရာ သည် သူ ၏ အဘိုးလေး တော် သည် ဆိုသော ကျောက်ဆစ် သမား မောင်နေဝင်း နှင့် သူ ၏ ကျောက်ရုပ် အကြောင်း ကို ပြော ပြသည် ။ သတင်းထောက် ၏ နှုတ်ခမ်းထောင့် ၌ အပြုံးများ သမ်းသည် ။ အကြောင်း ကား သူ သည် မကြာသေးခင် က စာရေးဆရာ ပြောပြမည့် ပုံပြင် ကို “ လင်ယူတန် ” ရေးသည့် တရုတ်ဝတ္ထုတိုများ အမည် ရှိ စာအုပ် ၌ ဖတ်ခဲ့ပြီး ပေပြီ ။ သို့သော် သူ သည် စာရေးဆရာ ၏ ဖွဲ့နွဲ့ တတ်သော သတ္တိ ကို အံ့သြစမြဲ မို့ ယခု လည်း အံ့ဩလို သဖြင့် အနှောင့်အယှက် မပြုဘဲ နားထောင် သည် ။ ပန်းချီဆရာ က မူ ဝမ်းတွင်း ၌ တစ်နေ့ သော် ဤလို အစွမ်းထက်သော ပန်းချီကားချပ် ကို နှလုံးသွေး ဖြင့် ခြယ်ရေး နိုင်လို၏ ဟု ဆူတောင်းဆဲ မျက်လုံးအိမ် ၌ မျက်ရည် ရစ်ဝေ့ နေလေသည် ။ စာရေးဆရာ က မူ မည်သူ ကို မျှ ဂရုတစိုက် မကြည့်ဘဲ သူ့ တစ်ကိုယ်တည်း ပင် ရှိ သလို အပူတပြင်း စိတ်မာန် ကြီး စွာ ပြောသည် ။
••••• ••••• •••••
ဤ ပုံပြင် ကို သေလုဆဲ သီလရင် တစ်ပါး ၏ နှုတ် မှ ပြောခဲ့သည် ။ လွန်ခဲ့သော အနှစ် တစ်ရာ ခန့် က သီလရင် သည် ရွှေမယ်ဖြူ အမည် ရှိ ပျိုရွယ် ပျော်ရွှင် သော မင်းကြီး သမီး ဖြစ်သည် ။ ခြံကြီး ဝင်းကြီး နှင့် နေပြီး ဖအေ ၏ အရေးပေး ချစ်ခင်ခြင်း လည်း ခံရသည် ။ စင်စစ် သူ့ ဖခင် သည် တရားစီရင်ရာ ၌ အလွန် တင်းမာသော တရားသူကြီး တည်း ။ ထုံးစံ အတိုင်း ပင် သစ် တစ်ပင် ကောင်း တော့ ငှက် တစ်သောင်း နား ရသည် ။ ဖအေ ၏ ဆွေမျိုးများ သည် စုဝေး ရောက် လာပြီး ပညာရှိသူများ က အစိုးရအမှုထမ်းများ ဖြစ် ကုန်ပြီး ပညာ မရှိသူများ က အခိုင်းအစေ ဖြင့် အိမ်ကြီး မှာ ခြွေရံ နေ လာကြသည် ။
တစ်နေ့ သော် တူ ဝမ်းကွဲ မောင်နေဝင်း ရောက် လာ၏ ။ ၁၆ နှစ်ရွယ် ရှိ ဖြိုးဖြိုးဖျပ်ဖျပ် အငြိမ် မနေတတ်သော ဉာဏ် ထက်မြက် ဟန် ရှိသည့် သူငယ် တည်း ။ သူ သည် အရပ် ရှည်၍ တော မှာ မွေး၍ တော မှာ ကြီးသည် နှင့် မဆီလျော် အောင် နုနယ် သွယ်ပျောင်းသော လက်ချောင်းများ ရှိသည် ။ ရောက်စ မှာ အားကိုး လောက် စရာ ရှိလေရာ ရွှေမယ်ဖြူ ၏ မိခင် က သူ့ ကို ဧည့်သည်များ ကို ဧည့်ခံ ပြုစုသည့် ဘက်၌ အသုံးချမည် ဟု ရည်စူးသည် ။ မောင်နေဝင်း သည် စာ တော့ ကောင်းစွာ မရေးတတ် ၊ မဖတ်တတ် ချေ ။ သို့သော် သီတင်းပတ် အနည်းငယ် ကြာ လျှင်ပဲ သူငယ် ၏ သူများ နှင့် မတူသော ဓလေ့ ရှိပုံ ၊ ပြောရ ဆိုရ ခက်ပုံ တို့ ကို တွေ့လာ ရသည် ။ မောင်နေဝင်း သည် ကျိုးနွံသော အစေခံ မဟုတ် ၊ သူ့ တာဝန် ကို လည်း မေ့မေ့လျော့လျော့ ရှိသည် ။ မဟုတ်တာ လုပ်လို့ ဆူပူပြန် တော့လည်း မခံလိုတတ် ။ ထို့ကြောင့် ရွှေမယ်ဖြူ ၏ မိခင် သည် နောက်ဆုံး၌ သူ့ ကို ပန်းဥယျာဉ် ၌ ခိုင်းစေရန် ပဲ နေရာ ချ လိုက်သည် ။ သူငယ် က လည်း စိတ် ချမ်းသာဟန် ရှိသည် ။
မောင်နေဝင်း သည် နှမဝမ်းကွဲ ရွှေမယ်ဖြူ ထက် တစ်နှစ် မျှ ကြီးပြီး ကလေး ဘဝ အရွယ် မို့ တစ်ယောက် နှင့် တစ်ယောက် တွေ့ဆုံခွင့် ရသည် ။ ရယ်မော စကား ပြောကြရသည် ။ မောင်နေဝင်း က တောရွာ ၏ ပုံပြင်ကလေးများ ပါလာ သမျှ ပြောသည်ကို ရွှေမယ်ဖြူ က နှစ်လို ဝမ်းသာ နားထောင် ရှာလေ့ ရှိလေ၏ ။
မောင်နေဝင်း သည် ပန်းဥယျာဉ် အတွင်း ရှိ သစ်ပင်ပန်းမာလာများ နှင့် နေကာ ဩ ကာသလောက ကို သူ ယခု ဖန်ဆင်း လိုက်သည့် ပမာ လေချွန် ကာ လမ်းသလား ကာဖြင့် ပျော်ရွှင် လျက် နေသည် ။ သူ သည် သင်ပြသော ပညာ ကို တတ်မြောက်ဖို့ရာ မွေးဖွား လာ သူ မဟုတ် ။ သူ့ စိတ်ကူး က စေခိုင်းရာ ကို ဖန်တီး တီထွင် ဖို့ သာ သူ့ အလုပ် ရှိသည် ။ သူ့ တစ်ယောက် တည်း နေရ လျှင် အံ့သြစရာ ကိစ္စတွေ ကို လုပ်နိုင်သည် ။ ဆရာ မပါဘဲ ပန်းချီ ကောင်းစွာ ရေးခြယ် တတ်ပြီး ၊ အား လျှင် ဆန်းကြယ်သော မီးအိမ်ကလေးများ လုပ် နေသည် ။ ရွှံ့စေး ဖြင့် အသက် ရှိသည် ထင်ရသော တိရစ္ဆာန်ရုပ်များ ပြုလုပ်သည် ။
အသက် ၁၁ နှစ် ပြည့် လျှင် တော့ မောင်နေဝင်း သည် လူကြီးများ အတွက် ဘယ်လိုမှ သုံး မရသော အဖြစ် ကို ပြသည် ။ ရွှေမယ်ဖြူ က သူ့ ကို နှစ်သက် မဆုံး ၊ ဘာကြောင့် ဖြစ်သည် ကို လည်း ကလေးမ ကိုယ် ၌ က ရှင်း မပြတတ် ၊ မောင်နေဝင်း သည် တခြား သူများ နှင့် မတူ တာ ၊ ရုပ်ရည် ချောမော တာ တော့ ပြောစရာ ရှိသည် ။ လူ ချစ်ခင်တတ်သော အမူအရာ လည်း သူ့ မှာ ရှိ ရာ ၊ ရွှေမယ်ဖြူ ဖခင် က လွဲ၍ တစ်အိမ်ထောင်လုံး နှစ်လိုသည် ။ မောင်နေဝင်း နှင့် ရွှေမယ်ဖြူတို့ မောင်နှမ လည်း တဖြည်းဖြည်း ရင်းနှီး လာ၏ ။ သို့သော် ဆွေမျိုးချင်း မို့ လင်မယား အရာ မြောက် နေခွင့် မရသည်မှာ သေချာ၏ ။
တစ်နေ့ သော် မောင်နေဝင်း သည် ပညာသင် သွားမည် ရယ် လို့ ကြေညာ၏ ။ သူ သည် ကျောက်ဆစ်သမား တစ်ယောက် ထံ တပည့် ခံ လို၏ ။ ရွှေမယ်ဖြူ့ မိခင် သည် သမီး နှင့် ခုတလော အတွေ့များ နေသော မောင်နေဝင်း ခုလို သွားတော့မည် ဆိုတော့ ဝမ်းမနည်း ၊ သို့သော် မောင်နေဝင်း သည် နေ့ခင်း သာ အလုပ် သွား ကာ ညစဉ် မှန်မှန် အိမ် ကို ပြန်ရုံ မက နှမ ရွှေမယ်ဖြူ အဖို့ လည်း ပြောစရာ အကြောင်းခြင်းတ ပို လို့ ပင် များပြား လာရ လေသည် ။ ထိုအခါ မိခင် ဖြစ်သူ သည် ရွှေမယ်ဖြူ ကို ပြောရ ဆိုရသည် ။
“ မောင်နှမချင်း ပေမဲ့ အရွယ် ရောက်လာရင် သိပ် နီးနီးစပ်စပ် နေလို့ မကောင်း ဘူး အေရဲ့ ”
ရွှေမယ်ဖြူ သည် ထို စကားစ မှ တစ်မျှင်တစ်တန်း ဆက်ရှည် တွေးစရာ ဖြစ်လာ ရသည် ။ အရင်တုန်း က တော့ သူ သည် မောင်နေဝင်း ကို ချစ်ကြိုက် နေခဲ့ပါလားရယ် လို့ မရိပ်စား မိခဲ့ချေ ။
ထို ည မှာ ဥယျာဉ် ထဲ ၌ မောင်နှမ နှစ်ယောက် တွေ့ ကြ ပြန်သည် ။ လရောင် ထဲ ရှိ ကျောက်ခုံကလေး ပေါ် မှာ ထိုင် ရင်း ရွှေမယ်ဖြူ က မျက်နှာကလေး နီ နေသည် ။
“ အစ်ကို နေဝင်း ရေ အမေ က ကျွန်မ ကို အစ်ကို နဲ့ သိပြီး မတွေ့ နဲ့ လို့ ပြောတယ် ”
ဟု ပြောပြသည် ။
“ အေး ... ဒို့ ဟာ အရွယ် ရောက်လာပြီ ”
ရွှေမယ်ဖြူ က ခေါင်း ငုံ့ ကာ
“ အဲဒီတော့ ဘာဖြစ်သလဲ ” ဟု သူ့ ဘာသာ လို ပင် ပြောလေသည် ။
မောင်နေဝင်း သည် ရွှေမယ်ဖြူ ခါးကလေး ကို လက် တစ်ဖက် လျှို ၍ ဖက် ရင်း
“ ဘာဖြစ်သလဲ ဆိုတော့ မင်းကလေး ဟာ တစ်နေ့ ထက် တစ်နေ့ စွဲမက်စရာ ကောင်း လာတာပေါ့ ၊ ငါ့ မှာ တစ်နေ့ မမြင်ရ မနေနိုင် ဖြစ်လာတာ ပေါ့ ၊ မင်းကလေး နဲ့ နေ ရရင် ပျော် သလောက် မင်း ရဲ့ ကွယ်ရာ ကို ရောက်ရင် ဝမ်းနည်း ရ ညှိုးငယ်လာရ တာပေါ့ ”
ကလေးမ က သက်ခြင်း ချ ကာ
“ ခုတော့ ပျော် နေတယ်ပေါ့လေ ”
“ အေး လောကကြီး ကို က ပျော်စရာ ကောင်းလာတာပဲ ၊ ရွှေမယ်ဖြူ မင်း နဲ့ ငါ ဟာ နတ် ဖက် တာပါ ကွယ် ”
“ ကျွန်မ ကို ယူလို့ မရဘူး မဟုတ်လား ၊ မကြာခင် ပဲ အမေတို့ က ကျွန်မ ကို လင် ပေးစား ဦးမှာ ”
“ ဒီလို မပြောပါနဲ့ကွယ် ”
“ အစ်ကို သိအောင် ပြောရတာ ”
မောင်နေဝင်း သည် ကလေးမ ကို ပွေ့ဖက် ကာ
“ ငါ သိတာက ဟောဒါပဲ ၊ မိုး နဲ့ မြေကြီး စ တည် ကတည်း က မင်း ဟာ ငါ့ အဖို့ ငါ ဟာ မင်း အဖို့ လို့ ဗျာဒိတ် ရှိပြီးသား ဒီတော့ ဘယ်နည်းနဲ့ မှ မင်း ကို လက်လွှတ် မခံနိုင်ဘူး ရွှေမယ်ဖြူ ရေ ၊ မင်း ကို ချစ်တာ ဟာ ဘယ်နည်းနဲ့ မှ ငါ အမှား လုပ်မိတာ မဟုတ်နိုင်ဘူး ”
ရွှေမယ်ဖြူ လည်း သူ့ လက် တွင်း မှ လွတ်ထွက် ကာ သူ့ အခန်း သို့ တက် ပြေးသည် ။
အစိမ်းသက်သက်ကလေး တို့ နိုးကြားလာသော အချစ် သည် ကြောက်စရာ ကောင်းလှ သည် ။ အထူးသဖြင့် လိုရာ မရနိုင် သော အချစ် သည် ပြင်းထန်စမြဲ ပင် ၊ တစ်ညလုံး ရွှေမယ်ဖြူ နိုး နေသည် ။ ထို ည က စပြီး သူတို့ ၏ ဖြစ်စဉ် တစ်ရပ်လုံး အကြီးအကျယ် ပြောင်းလဲသည် ။ နိုးကြား လာသော အချစ် ကို ရပ်ဆိုင်း ပစ်ဖို့ ကြိုးစား လေလေ ၊ အချစ် ၏ ကြီးမားသော တန်ခိုး အဏာ အောက် က မရုန်းထွက်နိုင် လေ လေတည်း ၊ တစ်ယောက် နှင့် တစ်ယောက် မတွေ့ဘဲ နေနိုင်ဖို့ ကြိုးစားကြပါ၏ ။ သုံးရက် မျှ နေပြီး ကလေးမ သည် အစွယ် ကျိုးသော မြွေ လို မာန် ချကာ လာ ရသည် ။ လျှို့ဝှက် တွေ့ဆုံခြင်း ဖြင့် သူတို့ ၏ အချစ် သည် ပို၍ မခံမရပ် နိုင်စရာ ပင် ဖြစ်လာရ၏ ။ တစ်နေ့ တစ်နေ့ မှ ရမ္မက်ပြင်းပြခြင်း ၊ သနားချစ်ကြင်ခြင်း ၊ ခဏ ခွဲခွာခြင်း ၊ သစ္စာ အသစ် အသစ် တိုင်တည် ခြင်း တို့ဖြင့် မျက်ရည် ပမာ ငန်ခါး တစ်လှည့် ၊ နမ်းရှုပ်ခြင်း ပမာ ချိုမြ တစ်လှည့်ဖြင့် အချိန် ကုန် ရ၏ ။ နောက်ဆုံးတော့ သူတို့ သည် သူတို့ ဘာမှ မတတ်နိုင် သော တန်ခိုးအင်အား တစ်ရပ် အောက် ၌ ကျရောက် နေသည် ကို သာ သိရလေ၏ ။
သူတို့ မှာ အစီအစဉ် လည်း မရှိ ၊ ချစ် ရုံ သာ တတ်သိသည် ။ ထုံးတမ်းစဉ်လာ အတိုင်း ရွှေမယ်ဖြူ ၏ မိဘများ က လည်း သမက်လောင်းများ တစ်ယောက် ပြီး တစ်ယောက် ရွေးဆဲ ၊ ကလေးမ က အကုန်လုံး ကို ငြင်းပယ်သည် ။ အိမ်ထောင် ပြုချင်စိတ် မရှိကြောင်း တောင် ပြ သည် ။ မိခင် ဖြစ်သူ မှာ အင်မတန် မှ တုန်လှုပ် ချောက်ချား သွားတာ မှန် လည်း သမီးကလေး တစ်ယောက် တည်း မို့ မခွဲရက်သည့် စိတ် က လည်း ရှိ သဖြင့် အလျင် မလိုလှချေ ။
မောင်နေဝင်း က မူ ကျောက်ဆစ် ထုလုပ်ခြင်း အတတ် ၌ သူ့ ပါရမီ ပါလာသည် ကို မြင်သည် ။ အနုပညာသည် အဖြစ် မွေးဖွား လာသူ မို့ တစ်ခဏ အတွင်း မှာ အတတ်ပညာ ပြောင်မြောက် လှသည် ။ ကျောက်ဆစ် ထုလုပ်ရတာ ကို ကြိုက်သည် ။ အမောတကော ပင် အသေးအဖွဲ က အစ အပြစ်မြူချည် ရှာ မရအောင် ထုလုပ် ရ မှ ကျေနပ်သည် ။ သူ့ ဆရာ က ပင် ရင်သပ် ရ လေ၏ ။ သူ အလုပ် လုပ်သော ကျောက်ဆစ်ပန်းပုဆိုင် ၌ ဝယ်သူ များလာလေ၏ ။
တစ်နေ့ သော် ရွှေမယ်ဖြူ ၏ ဖခင် က ဘုရင်မင်းမြတ် သို့ လက်ဆောင် ဆက်ရန် မြန်မာနတ်ရုပ် တစ်ရုပ် ထု လိုသည် ။ မောင်နေဝင်း သည် မင်းမဟာဂီရိနတ် ၏ နှမတော် ရွှေမျက်နှာ နတ်ရုပ် ကို ရှေးစာမူ အတိုင်း ကြဇုသီး ကိုင်ဟန် ဘီလူး ဆင့်သော ဆင်နက်မ ခုံခံ နှင့် ထုသည် ။ သို့ရာတွင် နတ်ရုပ် မှာ အလွန် လှပကြော့ရှင်းရုံ မက ထူးခြားချက် တစ်ခု ပါ သည် ။ နတ်ရုပ် ၏ နားရွက်ဖျားကလေးများ မှာ သွေးကြောကလေးများ ပင် ရှင်ဆဲ ရှိသည့် ပမာ ပါးလွှာပျော့ပျောင်းလျက်နေပြီး လှုပ်ရှား လည်ပတ် နေသော နားတောင်း အရှင် ကို တပ်ထား ရကား ကမ္ဘာ ပေါ် ၌ သည်မျှ လှပ အသက် ဝင် သော ရွှေမျက်နှာ နတ်ရုပ် ဟူ၍ မရှိနိုင် သလောက် ပင် ဖြစ်လေ၏ ။
နတ်ရုပ် ၏ မျက်နှာ က တော့ ရွှေမယ်ဖြူ နှင့် တူသည် ။
မောင်နေဝင်း သည် ကျောက်ဆစ်သမား မောင်နေဝင်း ရယ် လို့ နာမည် တစ်လုံး ရ ကာ နေ့ချင်း ညချင်း ကျော်ကြား လာသည် ။ သို့သော် ရွှေမယ်ဖြူ နှင့် ကင်း၍ ကျော်ကြားခြင်း ကို လည်း အလို မရှိနိုင် ၊ အလုပ် ၌ စိတ်ဝင်စားခြင်း မရှိပြန်ချေ ။ မလည်နိုင် အောင် အလုပ် လာ အပ်သူများ ကို လက်မခံနိုင်ချေ ၊ ရွှေမယ်ဖြူ လည်း နှစ်ဆယ် ကျော် လာ ကာ မိဘများ ၌ ရည်မှန်းပြီး သူ ရှိပြီး ခန်းဝင်ပစ္စည်းများ တင်ပြီး မျှော်လင့်ချက် ကင်းသည့် အဆုံး ၌ ချစ်သူ နှစ်ဦး ထွက်ပြေး ရန် သာ ကြံ ရသည် ။ မောင်နေဝင်း က ကျောက်ဆစ်ပညာ ဖြင့် အသက်မွေး နိုင်ပြီး ရွှေမယ်ဖြူ က လက်ဝတ်လက်စားကလေးများ ယူ ခဲ့မည် ။ ဝေးရာ သို့ လွတ်အောင် ပြေး လျှင် ပေါင်းကြရမည် ထင်သည် ။
သို့လျှင် တစ် ညနေ မှောင်သီချိန် ၌ ဥယျာဉ် နောက် ပေါက် မှ နှစ်ဦးသား ပြေးဆဲ အစေအပါး အဘိုးကြီး တစ်ယောက် က မိသည် ။ မောင်နေဝင်း သည် တွန်းရုံ နှင့် မလွှတ် သည့် အဘိုးကြီး ကို အားအင် နှင့် ထိုးသ,တ်ရာ အဘိုးကြီး သည် လဲကျ ကာ ကျောက်စွန်း နှင့် ခေါင်း နှင့် ရိုက်၍ သေလေ၏ ။ သူတို့ လည်း ကြောက်လန့်တကြား ပြေး ကြသည် ။
မိုး လင်း သော် သမီး လင်နောက် လိုက် ပြေးသည့် အမှု ကို သေနေသော အဘိုးကြီး နှင့် တကွ သိမြင်ရသည် ။ ချစ်သူ နှစ်ဦး ၏ အစအန ကိုတော့ အပ်ပျောက် မြေကျ ရှာမရ ။ မြို့စားမင်း သည် ကမ္ဘာမြေ ကို လှန်၍ ရှာကာ တရားခံ ကို တရား စီရင်အံ့ ဟု သစ္စာကြီးစွာ ဆိုလေသည် ။
ချစ်သူ နှစ်ဦး ကမူ ဇနပုဒ်ကလေးများ ၌ သာ ရပ်နားဝံ့ ကာ အထက် သို့ ပြေးသည် ။ မောင်နေဝင်း က မူ အထက် အရပ် ၌ ထုဆစ်၍ ကောင်းသော ကျောက်မျိုး ရှိသည် ကို စိတ် ၌ သညာ မပြတ်ထားသည် ။
“ ဒီ အလုပ် ကို ပြန် လုပ်ဦး မလို့လား အစ်ကို ရယ် ၊ အစ်ကို လက်ရာ က သူတကာ နဲ့ မတူတော့ မကြာခင် ပြန် မိသွားမှာ မကြောက်ဖူးလား ” ဟု ရွှေမယ်ဖြူ က စိုးရိမ်မကင်း ပြော၏ ။
“ ကျောက်ဆစ် စားမလို့ဘဲ ရည်ရွယ် ထားတာ မဟုတ်လား ” ဟု မောင်နေဝင်း က ပြောသည် ။
“ ဒါက ဟို အဘိုးကြီး မသေခင် က စဉ်းစား ထားတာပဲ ၊ ခုတော့ သူ့ ကို သ,တ်သလို လည်း ဖြစ်နေပြီ မဟုတ်လား ၊ အစ်ကို တခြား အလုပ် ကို ပြောင်း မလုပ်နိုင်ဘူးလား ဟင် ၊ မီးအိမ်ကလေးတွေ ရွှံ့စေးရုပ်ကလေးတွေ လုပ်ခဲ့တာမျိုး လေ ”
“ ငါ က ကျောက်ဆစ် အတတ် နဲ့ နာမည် ရပြီးသား ရွှေမယ်ဖြူ ရဲ့ ”
“ အဲဒါကြောင့် ဒုက္ခ ဖြစ် နေတာပေါ့ ”
“ ပူစရာ ရှိမယ် မထင်ပါဘူးကွယ် ၊ ဒီ နေရာ က မင်း အဖေ နဲ့ မိုင် တစ်ထောင် မက ဝေးတာပဲ ၊ တို့ ကို ဘယ်သူမှ မသိနိုင်ပါဘူး ”
“ ဒီလို ဆို လည်း လုပ်လေ ၊ ဒါပေမဲ့ အစ်ကို လက်စွမ်း တော့ မဖော်လေနဲ့ နော် ၊ ပိုက်ဆံ ရရုံကလေး သာ လျှော့ လုပ်ပါ အစ်ကို ရယ် ”
မောင်နေဝင်း က မူ နှုတ်ခမ်း ကိုက် ပြီးသာ နေသည် ။ သည်လိုပဲ အခြားသော ရာ ထောင် မက သော ကျောက်ဆစ်သမား တို့ လုပ်ကြ သလို သာမန် ရုပ်တုကလေးများ ကို မထင် မရှား ထုပြီး သာ နေရတော့ မည်လား ၊ ကိုယ့် ပညာ ကို ပဲ ကိုယ် က သ,တ်ရမည် လား ။ ကိုယ့် ပညာ ၏ အသ,တ် ကို ပဲ ခံရမည်လား ၊ ဒါကို သူ မစဉ်းစားမိခဲ့ ။
ဇနီးသည်ကလေး ၏ ပူပန်မှုကလေး မှာ အဓိပ္ပာယ် ရှိသည် ။ သူ သည် လင်သည် အဖို့ ပိုက်ဆံ ရ ပြီးရော လုပ်သည့် အပေါစား အလုပ် ကို လုပ်ဖို့ရာ အင်မတန် ဝန်လေးသည် ကို သိ နားလည်၏ ။ သူတို့ ပြေး လာစဉ် ကတည်း က လည်း ကျောက်ကောင်း ပေါသော ဤအရပ် သို့ ရောက်အောင် မသိမြင်သာ သော ထူးဆန်းသော အင်အားကြီး တစ်ရပ် က သူ့ လင်သည် ကို ဆွဲခေါ် ညှို့ငင်ခဲ့သည် ကို ရိပ်မိ ခဲ့ရ၏ ။ ရွှေမယ်ဖြူ သည် လင်သည် ကို သွေးဆောင် ရ ပြန် သည် ။ သူတို့ သည် ယွန်းထည်များ လုပ်ကြမည် ။ ယွန်းထည် ၌ အဆန်းတကြယ်များ ကို လက်ရာ ပြောင်မြောက်စွာ လည်း လုပ်ခွင့် ရမည် ။ လူသူ လည်း ရိပ်မိ ချင် မှ ရိပ်မိနိုင်မည် ။ မောင်နေဝင်း က မူ နား မထောင်ချေ ။
“ ယွန်းထည် ကို လည်း သူများတွေ ငါ လုပ်မှန်း သိလောက်အောင် လုပ်မှာပဲ ၊ မင်း တကယ်ပဲ ငါ့ ကို အပေါစားတွေ နဲ့ ပဲ ပြီးစေချင် သလားကွယ် ၊ ဒီမှာ နေသမျှ တော့ ကျောက်ဆစ် နေ လည်း ကိစ္စ မရှိတန် ကောင်းပါဘူးကွာ ”
စိတ်ပူ လည်း သည်လို နှင့် ပင် အလျှော့ ပေးရသည် ။
“ ဒီလို ဆို လည်း နာမည်ကျော် ပြီး လူသိများ လာ အောင်တော့ မလုပ်ပါ နဲ့ အစ်ကို ရယ် ၊ ကျွန်မ ကို ငဲ့ပါဦး ၊ ကျွန်မတို့ ဟာ သူများ နဲ့ မတူဘူး ၊ ရာဇဝတ်မှု နဲ့ ပြေးလာကြတာ မဟုတ်လား ၊ အစ်ကို့ ကို လူသိ များ လာရင် ကျွန်မ တို့ ပျက်စီးမှာပဲ ”
သည်လို ပြောနေလည်း လင်သည် ကတော့ သူ့ လက်များ ကသာ တတ်နိုင်သည့် အကောင်းဆုံး အသပ်ရပ်ဆုံး ပစ္စည်း က လွဲ၍ ဘာလုပ်ရ ၍ မှ ကျေနပ်မည် မဟုတ် ၊ သူ ၏ အလှ ကို မြင်တတ်သော သတ္တိ ၊ ဆိုစရာ မရှိအောင် ချောမော ပြည့်စုံခြင်း ကို ကြိုက်ခြင်း ၊ သူ့ လက်ရာ ၌ ဂုဏ်တက်ခြင်း ၊ ကျောက် ဖြင့် သာ ထုလုပ်လိုခြင်း ၊ သည် အာရုံများ ပြင်းထန် နေသည့် မောင်နေဝင်း အဖို့ တကယ် ထွက်ပြေး လွတ်မြောက်ရန် မှာ မင်းမှုထမ်း ထံ မှ မဟုတ် သူ့ ကိုယ်ပိုင် အာရုံများ မှ သာ ဖြစ်သည် ။ သူ့ ရဲ့ ဝမ်းနည်းစရာ ကောင်းသော အဖြစ် ကို လည်း သူ့ ဘာသာ သိမြင်သည် ။
ဇနီးသည် ၏ လက်ဝတ်လက်စားကလေးများ ကို ထုခွဲခြင်း ဖြင့် မောင်နေဝင်း သည် ကျောက်မျက်ရိုင်းများ ဝယ်ယူပြီး ဆိုင်ကလေး ဖွင့်သည် ။ ဇနီးသည် က ဘေး မှ စောင့် ကြည့် ကာ တောင်းပန်ဆဲ ၊ မောင်နေဝင်း သည် မချိပြုံး ပြုံးကာ ကျောက်ရိုင်းများ မှ နားကပ် ၊ နားဆွဲကလေးများ သွေး ယူသည် ။ သူ က တော့ ကျောက်စိမ်း အကာသား ဖြူဖြူ ကို သာ ရုပ်တု ထု ချင်လှ၏ ။ တစ်ခါတစ်ရံ တော့ အင်မတန် လှပ၍ သူ့ လက်များ က ဖန်ဆင်းနိုင်သော ၊ ဥပမာ ရှမ်းဆီးသီး ကို မျောက်ကလေး ခိုး ၍ ခူးနေပုံ ရုပ်တုကလေးများ လုပ်နိုင်လျက် နှင့် ထို ကျောက် သား ကို ဖြတ်တောက် ကာ သာမန် နားကပ် ၊ နားဆွဲများ လုပ်ပစ်ရမှာ နှမြောနေသည် ။ သို့ လျှင် ပထမ တော့ တိတ်တခိုး ပင် စိတ် မသိုးမသန့် နှင့် သူ့ စိတ်ကူး ထဲ ရှိ ကိုယ်ပိုင်ရုပ်ပုံကလေး များ ကို ထုသည် ။ ထုပြီး ပြန်တော့ ရောင်း မလောက် နိုင် ဖြစ်ကာ အမြတ်အစွန်း လည်း အင်မတန် ဖြစ်သည် ။
“ အချစ် ရေ ကျွန်မ တော့ စိတ် သိပ်ပူတာပဲ ၊ ဒီလိုနဲ့ ပဲ လူသိ များ လာတော့ မှာပဲ ကွယ် ၊ ခု ကျွန်မ မှာ ကလေး ရှိနေပြီ ၊ အဲဒါလည်း ငဲ့ ဦး ”
“ ကလေး ရတော့မယ် ဟုတ်လား ၊ ဟာ တို့ က နှယ်နှယ် မဟုတ်ပါလား ၊ ဧရာမ အိမ်ထောင်စုကြီး ပါလား ဟေ့ ” ဟု ဇနီးသည် ၏ အပူ ကို နမ်းရှုပ် ပွတ်တိုက် ချေဖျက် လိုက်သည် ။
တစ်နှစ် မျှ ကြာလျှင် မောင်နေဝင်း ၏ ရုပ်တုများ သည် ကျော်ကြား လာသည် ။ သူတို့ နေရပ်သည် ပင် ရုပ်တုကောင်းများ ထွက်ရာ အရပ်ရပ် သို့ ကျော်ကြားကာ မြို့တော် သို့ စုန် ဆင်း လာသူ ခရီးသည် တို့ ခဏ ဝင် ခို၍ အဖိုးတန် လက်ဆောင် ဝယ်ခြမ်းရာ အရပ် ဖြစ်လာ သည် ။ တစ်နေ့ သော် ဝယ်သူ တစ်ယောက် က စကားမစပ် မေးသည် မှာ
“ ခင်ဗျား မြို့စားမင်း ရဲ့တူ မောင်နေဝင်း မဟုတ်လား ”
မောင်နေဝင်း က ငြင်း၏ ။ သူ သည် မြို့တော် သို့ ပင် တစ်ခါ မှ မရောက်ဖူးပါ ။ ထို သူ ထွက် သွားသော် စောစောက ချောင်း ကြည့် နေသူ ရွှေမယ်ဖြူ က
“ သူ ဟာ အဖေ့ ရုံး က အတွင်းဝန် ပဲ ” ဟု ပြော ပြသည် ။ မောင်နေဝင်း ၏ ရုပ်တုများ သည် ဇာတိ ကို ဖော်ပြီ ။
နောက် တစ်နေ့ ၌ ထို သူ ရောက်လာ ပြန် သော် မောင်နေဝင်း က
“ ခင်ဗျား ဘာတွေ ပြောနေတာလဲ ” ဟု မသိချင်ယောင် ဆောင်၍ ပြောသည် ။
“ မသိရင် လည်း ပြောပြ ရတာပေါ့ ဗျာ မြို့စားမင်း ရဲ့ တူ မောင်နေဝင်း ဆိုတာ လူ သတ်မှု ၊ သမီး ကို ဖျားယောင်း သွေးဆောင်မှု ၊ လက်ဝတ်လက်စားများ ခိုးမှု နဲ့ အလိုရှိ နေတဲ့ ရာဇဝတ်သား ပေါ့ ၊ ခင်ဗျား ဟာ မောင်နေဝင်း မဟုတ်ပါဘူး ဆိုရင် ကျွန်တော် ယုံအောင် ခင်ဗျား မိန်းမ ကို ကြည့်ခွင့် ပေးပါလားဗျာ ၊ ဧည့်သည် ကို လက်ဖက်ရည်ကြမ်းကလေး တစ်ခွက် တည်ပါစေလား ဗျာ ”
“ ကျုပ် ဒီမှာ ဆိုင် ဖွင့်ပြီး ကောင်းရောင်း ကောင်းဝယ် လုပ်စား နေတဲ့ လူဗျ ၊ ခင်ဗျား က အမှုအခင်း ရှာ နေတဲ့ လူ ဆိုရင်တော့ ခု ချက်ချင်း ထွက် သွားရင် ကောင်းမယ် ”
ထို လူ လည်း သရော်ပြုံး နှင့် ထွက် သွားသည် ။
လင်မယား နှစ်ယောက် သည် အဖိုးတန်ပစ္စည်းများ ကို ထုပ်ပိုးကာ ညတွင်းချင်း ပင် အထက် သို့ ဆန် ပြေး ကြရပြန်၏ ။ သားကလေး က မူ သုံးလ မျှ သာ ရှိသေး သဖြင့် နုနယ်လှ ရ ကား လမ်းခုလတ် မှာ ပင် ဖျားနာ ရ ပြန်သည် ။ မောင်နေဝင်း သည် သူ့ ရုပ်တု ထဲ မှ အကောင်း ဆုံး တစ်ခု ဖြစ်သည့် မျက်စိ တစ်ဖက် မှိတ် ကာ အမဲချောင်း နေသည့် ခွေးရုပ်ပုံ ကို ထုတ် ၍ ရောင်းရသည် ။
“ ဟာ ဒါ နာမည်ကျော် တက်နေကျောက်ဆစ်ဆိုင် က အရုပ် ပဲ ၊ ဒါမျိုး ဘယ်ကမှ မထွက်ဘူး ၊ ဘယ်သူ မှ တု မရတဲ့ လက်ရာပဲ ” ဟု ဝယ်မည့် ရုပ်တုကုန်သည် က ပြောသည် ။
“ ဟုတ်ပါတယ် ၊ အဲဒီ ဆိုင် ကပဲ ဝယ်လာတာပါ ” ဟု အတွင်း က ကြိတ်၍ ကျေနပ် ရင်း ဖြေသည် ။
သည် မြို့ သည် တောင်ခြေ ၌ ရှိသည်မို့ လေ လည်း အေးသည် ။ မိုး လည်း ပြာသည် ၊ သည်မှာ ပဲ အခြေစိုက်ကြရအောင် ၊ ကလေး လည်း နေလို့ ကောင်းပြီ ၊ သို့သော် အန္တရာယ် ကင်း အောင် မြို့ နဲ့ မိုင်နှစ်ဆယ် မျှ ကွာသော မြို့ကလေး သို့ ပြောင်းရွှေ့ နေကြတာပေါ့ ။
မောင်နေဝင်း သည် သူ ၏ ရုပ်တု တစ်ခု ကို ရောင်းရ ပြန်သည် ။
“ ဘာဖြစ်လို့ ထုတ်နေရ ပြန်ပြီလဲ ” ဟု ရွှေမယ်ဖြူ က မေးသော် ...
“ ဆိုင် ဖွင့်ဖို့ ငွေ လိုတယ်ကွ ”
“ ဒီ တစ်ခါ ကျွန်မ စကား ကို နားထောင်စမ်းပါ ၊ ရွှံ့စေးရုပ်တု ဆိုင် ပဲ ဖွင့်ပါ ”
“ ဘာကြောင့် ”
“ အစ်ကို လုပ်ပုံ ကြောင့် ကံကောင်းလို့ ဖမ်း မမိတာ မဟုတ်လား ၊ ကျောက် ကို မှ ထုချင်ရသလား အစ်ကို ရယ် ၊ မယား နဲ့ သားကလေး ထက် တောင် ကျောက်ဆစ် တာ ကို ပို မက်သလား ၊ ခု ခဏ အောင့် ထား လိုက်ပါဦး ၊ နောင် အခွင့်သာ တော့ ကျောက် ပြန်ကိုင် တာပေါ့ ”
မောင်နေဝင်း သည် စိတ် မသက်မသာနှင့် ရွှံ့စေး ကို ကိုင်ရသည် ။ ဗုဒ္ဓရုပ်ပွားများ ကို ရွှံ့စေးဖြင့် လုပ်၍ မီး ဖုတ်ဆဲ ကျောက်တုံးကျောက်ပြားများ ကို တင်လာသူ ကုန်သည်များ ကို မျှော်ငေး ကြည့်မိသည် ။ လမ်းလျှောက် သွားရင်း က ကျောက်ဆစ်ဆိုင်များ ရှေ့ ရောက် လျှင် ခြေထောက်များ ရပ်တန့် သွားကာ သူ့ မျက်လုံး ၌ ဒေါသမီး ဝင်းဝင်းတောက် လာသည် ။ အိမ် ပြန် ရောက် လျှင် တော့ စိုစွတ်သော ရွှံ့စေးရုပ်များ ကို လက် ဖြင့် နယ်၍ ချေမွ ပစ်သည် ။
“ ရွှံ့ပုတ်တွေ ရွှံ့ပုတ်တွေ ကျောက်သား ပကတိကို ဆစ်နိုင်ပါရဲ့ နဲ့ ဒီ အညစ်အပတ် ကို ကိုင်နေရ သတဲ့ ” ဟု အော်ကြီး ဟစ်ကြီး ဖြစ်သည် ။
ရွှေမယ်ဖြူ သည် လန့်ထိတ် ကာ သူ့ မျက်လုံးများ မီးလို ပြောင်လက်သည် ကို လိုက် ကြည့်ရင်း
“ အစ်ကို တော့ ပျက်စီးတော့ မှာ ပဲ ” ဟု ညည်းသည် ။
တစ်နေ့သော် မောင်နေဝင်း ထံ မှ ကျောက်ရုပ်တုများ ကို ဝယ်ခဲ့သည့် ကျောက်ရုပ် တု ကုန်သည် က တက်နေကျောက်ဆစ်များ ကို ထပ်၍ ရလို ရငြား မေးစမ်း လာ၏ ။ သူ သည် အထုပ် တစ်ထုပ် ကို ဖြေ ပြကာ
“ ကြည့်ပါဦး ၊ တက်နေကျောက်ဆစ်ဆိုင် က ရုပ်တုတွေ ညံ့သွား လိုက်တာ အရင် လို မဟုတ်တော့ဘူး ” ဟု ပြော၏ ။
“ ဒါ အတုကြီး ပဲ ” ဟု သာ မောင်နေဝင်း က အော် နိုင်၏ ။
“ ဟုတ်တယ် ၊ မျောက်ရုပ် မျက်နှာ ကြည့် ပါလား ။ သေနေ သလိုပဲ ၊ အမူအရာ မှမရှိဘဲ ၊ ဒါထက် ခင်ဗျား တော်တော် နားလည်ပုံ ရတယ် ”
“ နားလည်ဖို့ ကောင်းတာပေါ့ ” ဟု သာ မောင်နေဝင်း က တိုတို ဖြေသည် ။
“ ဟုတ်ပါတယ် ခင်ဗျား အရင် တစ်ခါ ရောင်း သွားတဲ့ ခွေးရုပ် က ဒါမျိုးမှ မဟုတ် တာ ၊ မှန်တာ ပြော ရရင် အဲဒီ အရုပ် က ရာနှုန်းပြည့် ကို အမြတ် ရ သဗျ ၊ အဲဒီလို ကျောက်ရုပ် များ သိမ်းထားတာ မရှိတော့ဘူးလား ”
“ နေဦး ... တက်နေ ကျောက်ဆစ်သမား ထုတဲ့ မျောက်ရုပ် က ဘယ်လို ဆိုတာ ခင်ဗျား ကို ပြဦးမယ် ”
သည်လိုနှင့် မောင်နေဝင်း ၏ မျောက်ရုပ် ကို ရောင်းရ ပြန်သည် ။ ရွှံ့စေးရုပ် ဆိုင်ရှင် ထံ မှ အံ့သြစဖွယ် ဆန်းကြယ်သော ကျောက်ရုပ်များ ရကြောင်း ကို လူသူ တို့ သိလာ ပြန်သည် ။ ၆ လ မျှ ကြာလျှင် စစ်သား သုံးယောက် ရောက် လာပြီး မောင်နေဝင်း လင်မယား ကို ဖမ်းဆီးသည် ။ မြို့စားမင်းရုံး မှ အတွင်းဝန် ပါ ပါလာသည် ။
“ အထုပ်အပိုးကလေးများ ပြင်ပါရစေဦး ဗျာ ”
“ ကျွန်မတို့ ကလေး ဖို့ ပစ္စည်းကလေးတွေ လိုတယ် မဟုတ်လား ၊ ပြီးတော့ ရှင်တို့ သတိထား နော် ၊ ဒီ ကလေး ဟာ မြို့စားမင်း ရဲ့မြေး ရှင့် ၊ ရှင် တို့ ကြောင့် ဒီ ကလေး လမ်း မှာ ဖျားရင် နာရင် ရှင်တို့ တာဝန်ပဲ ”
စစ်သားများ အိမ် ရှေ့ ၌ စောင့်ဆဲ မောင်နေဝင်း နှင့် ရွှေမယ်ဖြူ သည် ဆိုင်နောက်ခန်း သို့ ဝင် လာသည် ။ ခွဲခွာ ကြရတော့မည် နော် ၊ မောင်နေဝင်း သည် မယား နှင့် သားကလေး ကို နမ်း ရင်း ပြန်တွေ့ ခွင့် ရှိတော့မည် မဟုတ် ဟု သိမြင်၏ ။ ပြီးတော့ ပြတင်းပေါက် မှ ခုန်ထွက် သွားသည် ။
“ ကျွန်မ ရှင့် ကို အမြဲ ချစ်နေမှာ ပဲ အစ်ကို ရေ ၊ ကျောက် ဆိုတာ ကို ထိတောင်မထိ လေနဲ့တော့ နော် ” ဟု ရွှေမယ်ဖြူ က ပြတင်းပေါက် မှ တိုးတိုးညင်သာ ပြော၍ ကျန်ရစ် ခဲ့ သည် ။
မောင်နေဝင်း သည် မယား ကို နောက်ဆုံး အကြည့် ဖြင့် အားရပါးရ ကြည့်ရင်း လက် တစ်ဖက် မြှောက် ပြ လိုက်သည် ။ အမြဲတမ်း ခွဲခွာခြင်းပဲကွယ် ချစ်လေးရယ် ။
ရွှေမယ်ဖြူ အိမ်ပြန် ရောက် သော် အမေ သေပြီ ကို တွေ့၏ ။ အဖေ သည် ရုတ်ခြည်း အိုမင်း ခဲ့သည် ။ ခွင့်လွှတ်ပြုံး ကို လည်း မပြုံး နိုင်ပြီ ။ မြေးကလေး ကို မြင်ရ လျှင် တော့ မျက်နှာ ထား အနည်းငယ် ပျော့ လာသည် ။ တစ်နည်း အား ဖြင့် မောင်နေဝင်း လွတ်ပြေးသည် ကို လည်း သူ ကျေနပ်သည် ။ ဖမ်းမိ လာ လျှင် သမက် ကို ဘာ လုပ်ရမည် မသိ ။ သို့သော် သမီး ၏ ကြီးကျယ် ခမ်းနားအံ့သော ဘဝ ကို ဖျက်ဆီးသူ တစ်အိမ်ထောင်လုံး ကို စိတ်ဆင်းရဲခြင်း ဖြစ် စေသူ မောင်နေဝင်း ကို ခွင့်လွှတ် ၍ တော့ မရ ။
တစ်နှစ် ပြီး တစ်နှစ် ကုန် သွားသည် ။ မောင်နေဝင်း ၏ သတင်း ကို မကြားရ ၊ တစ်နေ့ တွင် အမတ်ချုပ် သည် မြို့စားမင်း ၏ အိမ် သို့ ညစာ စားရန် ကြွရောက် လာသည် ။ စကား စမြည် ပြောရင်း က ဘုရင်မင်းမြတ် သို့ မြို့စားမင်း လက်ဆောင် ဆက် ဖူးသော ရွှေမျက်နှာ နတ်ရုပ် အကြောင်း သို့ ရောက်သည် ။ အမတ်ချုပ် က သူ့ ၌ လည်း ရွှေမျက်နှာ နတ်ရုပ် တစ်ရုပ် ရှိသည် ဆိုသည် ။ ထို နတ်ရုပ် မှာ ဘုရင်မင်းမြတ် အိမ် မှာ ရှိသော အရုပ် ကဲ့သို့ပင် လက်ရာ ပြောင် မြောက် ၍ အံ့သြစဖွယ် ဆန်းကြယ်သည် တည်း ။ တစ်လက်ရာ တည်း ဖြစ်ချင် ဖြစ်နိုင် သော် လည်း စင်စစ် ပို၍ပင် အနုပညာ မြောက်သည့် ရုပ်တု လို့ ဆိုချင်သည် ။ ပို၍ ပင် လှပပျော့ပျောင်းသည် လို့ ဆိုချင်သည် ။ ဘုရင်မင်းမြတ် ထံ ဆက်ဖို့ သူ ဝယ်ယူ လာခဲ့သည် ။
ဧည့်ပရိသတ် အပေါင်း က မူ ယခင် ရွှေမျက်နှာ ရုပ် ထက် တူသော လက်ရာ မရှိနိုင် ဟု သံသယ ဖြစ်ဆဲ စားသောက်ပွဲ ပြီးစီးသည် ။ အမတ်ချုပ် လည်း တဖိတ်ဖိတ် တောက်သော ကျွန်းသေတ္တာ ကို စားပွဲ ပေါ် တင်စေသည် ။ ဖွင့်လိုက် သော် တစ်ခန်းလုံး တိတ်ဆိတ်ငြိမ်သက် သွား လေ၏ ။ ရုပ်တု ကား ရွှေမျက်နှာ ၏ လွမ်းစရာ အတ္ထုပ္ပတ္တိ သက်သက်တည်း ။
ရွှေမယ်ဖြူ သည် အကွယ် မှ ခိုး ကြည့် ပြီး မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သည် ။ ဒါဟာ သူ ပဲ ။ သူ့ လက်ရာ ပဲ ။ တစ်ဖန် ကိုယ့် ကိုယ် ကိုယ် မနည်း ဆောက်တည်၍ သတင်း ကြားရ လို ငြား နားစွင့် ရ ပြန်၏ ။
“ ကျောက်ဆစ်သမား က ဘယ်သူတုံး ဗျာ ” ဟု တစ်ဦး က မေးသည် ။
“ အဲဒါ အံ့ဩစရာ အကောင်းဆုံး အချက်ပေါ့ ၊ ကျောက်ဆစ်သမား က ဒီ အလုပ် နဲ့ အသက်မွေး သူ မဟုတ်ဘူး ၊ သူ့ ကို တူမကလေး က တစ်ဆင့် သိရသဗျ ၊ ကလေးမ က မင်္ဂလာဆောင် သွားစရာ ရှိတော့ ကျုပ် ဇနီး ရဲ့ ကျောက်စိမ်းအတိ ပြီးတဲ့ နဂါးလိမ် လက်ကောက် ကို ငှား ဝတ်တာ ကို ၊ လက်ကောက် က ဗျာ အင်မတန် အနုစိတ် တဲ့ ရှေး လက်ရာဗျ ၊ ခု ခေတ်မှာ ဒါမျိုး ဘယ်သူ မှ မလုပ်နိုင်တော့ဘူး ၊ အဲဒီ လက်ကောက် တစ်ဖက် ဟာ ကျုပ် တူမ ကြောင့် ကျိုး သွားပါရော ... သူ့ ခမျာ သိပ် ထိတ်လန့်ပြီး အစားထိုး ဖို့ ဒီ လက်ကောက်မျိုး ကျောက် စိမ်းသား ကို ထွင်းထုနိုင်မယ့် သူ အလိုရှိတယ် ဆိုပြီး ကြော်ငြာတာ ပေါ့ ၊ ဘယ် ကျောက်စိမ်း ဆိုင် က မှ လုပ်နိုင်တဲ့ လူ လည်း မရှိဘူး ဒါပေမဲ့ မကြာခင်ဘဲ စုတ်စုတ်ပြတ်ပြတ် နဲ့ လူ တစ်ယောက် ရောက် လာတယ် ၊ သူ လုပ်နိုင်ပါတယ် လို့ ဆိုတယ် ၊ တကယ်ပဲ လက်ကောက် တစ်ဖက်ကို တစ်သဝေမတိမ်း ထွင်းပေး သတဲ့ ။ အဲဒါက သူ့ အကြောင်း ဦးစွာ ကြားဖူးတာ ။
“ ဘုရင်မင်းမြတ် က ရွှေမျက်နှာရုပ် တစ်ရုပ် တွဲဖက် ရအောင် နောက်ထပ် လိုချင် တယ်လို့ သတင်း ကြားရင်ပဲ ကျုပ် လည်း အဲဒီ လူ ကို သတိ သွားရတယ် ၊ ဒါနဲ့ တရုတ်ပြည် က အကောင်းဆုံး ကျောက် ကို ကျုပ် မှာတာပေါ့ ၊ သူ့ ကို ခေါ်ခိုင်းလိုက်တော့ သူခိုး မိလာ သလို ကျီးကန်း တောင်းမှောက် ဖြစ်နေ ရှာသေး သဗျ ၊ ဘုရင်မင်းမြတ် ဆီ မှာ ရှိတဲ့ ရွှေမျက်နှာ နတ်ရုပ်မျိုး ထုပေး စေချင်လို့ပါ ဆိုတာ မနည်း နားလည်အောင် ပြောရသေး သဗျ ၊ ဘုရင်မင်းမြတ် ရဲ့ ပတ်ချာလည် နေတဲ့ နားတောင်းအရှင် အကြောင်း ပြောတော့ သူ့ မှာ တွန့်ခနဲ ဖြစ်ရသေး တယ် ၊ ဘာမှ တော့ မပြောဘူး ၊ ကျောက်သား ကို မြင်တော့ ဖြင့် ထောင့်အမျိုးမျိုး က လှမ်း ကြည့် တယ် ၊ “ ကျောက် ကောင်းရဲ့လား ၊ ကျေနပ်ရဲ့လား ” မေးတော့ “ တော်ပါတယ် အမှန်တော့ ကျုပ် တစ်သက်လုံး ဒီလို ကျောက်စိမ်းအဖြူ သက်သက် ကို ထုချင်လို့ စောင့်လာခဲ့တာပဲ ၊ ကျုပ် ထုမယ် ဒါပေမဲ့ အဖိုးအခ တော့ မယူပါရစေနဲ့ ၊ ပြီးတော့ ထု နေစဉ် အတွင်း မှာ ဘာ အနှောင့်အယှက် မှ မလိုချင်ဘူး ” လို့ ပြောတယ် ၊ သူ့ စိတ်ကူး ထဲ မှာ ရှိတဲ့ သဏ္ဌာန် ကို လွတ်လွတ်လပ်လပ် ပုံ ဖော် ချင်သတဲ့ လေ ။
“ ဒါနဲ့ သူ့ ကို အခန်း တစ်ခု ပေးပြီး ကိရိယာ အပြည့်အစုံ နဲ့ အိပ်ရာကလေး တစ်ခု ပေးထား လိုက်တယ် ၊ အတော် ဆန်းတဲ့ လူဗျ ၊ ဘယ်သူ့ ကို မှ လည်း စကား မပြောဘူး ၊ အလို ရှိရာ အပို့ လာတဲ့ အစေခံတွေ ကို လည်း ပြေပြေပြစ်ပြစ် မဆက်ဆံဘူး ၊ အဲ ... အရုပ် ထု နေ တုန်း ဖြင့် တစ္ဆေ ဝင် နေသလား အောက်မေ့ရတယ် ၊ ငါးလ လုံးလုံး ကြာမှ သူ့ ရုပ်တု ကို ပထမ ဆုံး အကြိမ် မြင်တွေ့ ခွင့် ရသဗျ ၊ အချောသတ် ဖို့ နောက်ထပ် သုံးလ အချိန် ယူသေးတယ် ၊ ပြီးလို့ မြင်လိုက်ရ ရင်ပဲ ကျုပ် ဖြင့် မလဲအောင် အတော် ထိန်း လိုက်ရတယ် ၊ ကျောက်ရုပ် က ခင်ဗျား တို့ မြင်တဲ့ အတိုင်းပဲ လေ ကျောက်ဆစ်သမား က တော့ အင်မတန် ဆန်းတဲ့ မျက်နှာထား အမူအရာ နဲ့ သူ့ ရုပ်တု ကို သူ ပြန်ကြည့်တယ် ။
“ ကျွန်တော် က ပဲ ကျေးဇူး တင်ပါသေးတယ် ၊ အမှန်တော့ ဒါဟာ ကျွန်တော့် ရဲ့ ဘဝ ဇာတ်လမ်း ကို သရုပ်ဖော် လိုက်တာပါပဲ ” လို့ ပြောသေးတယ် ဗျ ။
“ ကျုပ် လည်း ဘာမှ မပြောနိုင် ခင် သူ ထွက် သွားတာပဲ ၊ သူ့ နောက် လိုက်ခိုင်းတော့ ရှာ မတွေ့ တော့ဘူး ၊ အဲဒီ က စပြီး သူ ဟာ လုံးဝ ပျောက်ကွယ် သွားတော့တယ် ”
ထိုခဏ ၌ စူးရှစွာ အော် လိုက်သော မိန်းမသံ ကို ကြား၏ ။ မြို့စားမင်းကြီး သည် အပြေး ထ သွား လျှင် ကြမ်းပေါ် ၌ လဲနေသော သမီး ရွှေမယ်ဖြူ ကို တွေ့ သည် ။ တခြား ဧည့်သည်များ က တော့ မထနိုင်ကြ ၊ အော်လိုက်သံ သည် နှလုံးအသည်း ကွဲသည် ကဲ့သို့ နာကျည်း သံ တည်း ။
“ မြို့စားမင်း ရဲ့ သမီး အသံ ပဲ ၊ ရုပ်တု က အမှန်တကယ် တော့ ရွှေမယ်ဖြူနတ်ရုပ် သာ ဖြစ်ပါတယ် ၊ ကျောက်ဆစ်သမား က လည်း တခြားသူ မဟုတ်ပါဘူး ၊ ရွှေမယ်ဖြူ ရဲ့ယောက်ျား မောင်နေဝင်း ပါ ပဲ ” ဟု အကြောင်း သိသူ တစ်ယောက် က ပြော ပြသည် ။
ရွှေမယ်ဖြူ သည် သတိ ပြန် လည် လာ ချင်း ပင် လူ အားလုံး ရှေ့ မှာ ကျောက်တု ရှိရာ သို့ လာသည် ။ လက်များ ကို ဆန့်တန်း ကာ ရုပ်တု ကို ကိုင်သည် ။ ပြီးတော့ ထို ရုပ်တု အား ဖြင့် လင်သည် နှင့် ပြန်လည် တွေ့ဆုံ ရ သလို ခွါ မရနိုင်အောင် ဆုပ်တွယ် ထားလေ၏ ။
အမတ်ချုပ် သည် ထို ကျောက်ရုပ် ကို ရွှေမယ်ဖြူ အား ပေးခဲ့သည် ။ ရွှေမယ်ဖြူ အဖို့ စိတ် သက်သာစရာ ဖြစ်မည် ဟု ထင်သည် ။ သို့သော် မိန်းကလေး သည် တနေ့တခြား အသွေး အသားများ အစား ခံရ သလို လျော့ပါး အားနည်း လာသည် ။ မောင်နေဝင်း ကို ရှာ ၍ မတွေ့ နိုင်တော့ ၊ ကပ်ရောဂါ တစ်ခါ ကျရောက် သည် တွင် ကျောက်ဆစ်သမား မောင်နေဝင်း ၏ သား ပါသွား ပြန် လျှင် တော့ ရွှေမယ်ဖြူ သည် ဆံပင်များ ကို ဖြတ် ၍ သီလရှင် ပြု လေသည် ။ သူ့ ၌ ကိုယ်ပိုင် ပစ္စည်း ဟူ၍ ရွှေမျက်နှာ နတ်ရုပ် သာ ပါသည် ။ သူ သည် သီလရှင်ကျောင်း တွင် အခန်း တစ်ခန်း နှင့် အထီးတည်း နေထိုင်ကာ ၂ နှစ် ကြာ လျှင် အနိစ္စ ရောက်သည် ။ သို့လျှင် သောကမီး လောင်မြိုက် ခဲ့ရသော ရွှေမျက်နှာ လည်း သေဆုံး ခဲ့ပြီး ရွှေမယ်ဖြူ ကျောက်ရုပ် သာ ကျန်ရစ် လေ၏ ။
◾ ကြည်အေး
📖 ကြည်အေး ဝတ္ထုတိုပေါင်းချုပ်သစ်
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment