Sunday, January 21, 2024

ယောက်ျားမာန်


 

❝ ယောက်ျားမာန် ❞

ကျွန်မ ရဲ့ အဒေါ် ဝမ်းကွဲ တစ်ယောက် ဟာ သူ့ မွေးစား သမီးလေး နဲ့ အတူ သင်္ဃန်းကျွန်း လေးထောင့်ကန် ရပ်ကွက် မှာ နေပါတယ် ။

ပြီးခဲ့တဲ့ နှစ် က သူ့ ရဲ့ ခြေတံရှည် လေးပင် သုံးခန်း သစ်သားအိမ် ရဲ့ အောက် ကို ထရံကာ အခင်း ခင်းပြီး အခန်း နှစ်ခန်း ဖွဲ့လို့ လူငှား ချထားခဲ့ ပါတယ် ။

ဒေါ်လေး နေတဲ့ လေးထောင့်ကန် နဲ့ ကျွန်မတို့ နေတဲ့ ကြည့်မြင်တိုင် ဟာ ခရီး အတော်လေး ထောက် တဲ့ အတွက် ကျွန်မတို့ အိမ်သားတွေ က ဒေါ်လေး ဆီ သိပ် မသွားကြဘူး ။ ကျွန်မ တစ်ယောက် ပဲ ခဏခဏ သွား ဖြစ်တယ် ။ အရောက် အပေါက် ရှိတယ် ။

ကျွန်မ သွားဖြစ်တာ ကလည်း တခြား ကြောင့် မဟုတ်ပါဘူး ။ ဒေါ်လေး အိမ် အပေါ်ထပ် မှာ ကျွန်မ နားအေး ပါးအေး နေရတယ် ။ ဒေါ်လေး ရဲ့ ခင်ပွန်း ဦးလေး ရှိစဉ် ကတည်း က စုဆောင်း ထားတဲ့ စာအုပ်ဟောင်းတွေ ကို ဖတ် ရတယ် ။ နောက်ပြီး ဒေါ်လေး ကို ချစ်တယ် ။ ဒါကြောင့်ပါ ။

ဒေါ်လေး ဟာ သူ့ အိမ် အောက်ထပ် ကို အခန်း ဖွဲ့ ပြီးလို့ ငှားမယ် ဆိုတဲ့ အကြောင်း ကြေညာပြီး မကြာခင် မှာ ပဲ အိမ် ကို ကြည့်ဖို့ လူတွေ ရောက် လာပါတယ် ။ လာ ကြည့် ကြတဲ့ လူတွေ က တော့ မနည်းပါဘူး ။ တစ်ပတ် အတွင်း မှာ ပဲ လေး,ငါး,ဆယ်ဦး လောက် ကို ရှိတယ် ။

အိမ်ရှင် နဲ့ အိမ်ငှား အပြန်အလှန် ညှိနှိုင်းကြ ၊ ဆွေးနွေးကြ ၊ ဈေးဆစ်ကြ ၊ တောင်းဆိုကြ နဲ့ နောက်ဆုံး မိသားစု နှစ်စု နဲ့ ဈေး တည့် သွားပါတယ် ။

နေ့ကောင်း ရက်သာ ရွေး ပြီး အိမ် ပြောင်း တတ်တဲ့ မြန်မာ လူမျိုးများ ပီပီ ဒေါ်လေး ရဲ့ အိမ်ငှား တွေ ဟာ ရက်ရာဇာ လည်း ကျ ၊ နဂါးလှည့် လည်း သင့်တဲ့ နေ့ တစ်နေ့ မှာ အိမ်ခန်း စ်ခန်း ကို တစ်ချိန်တည်း ၊ တစ်ပြိုင်တည်း ပြောင်း လာ ခဲ့ကြတယ် ။

ဒေါ်လေး ကံ ကောင်းတယ် ပဲ ဆို ရမလား မသိဘူး ။ အိမ် ငှားတွေ က အားလုံး အေးအေးဆေးဆေးသမားတွေ ချည်း ပဲ ။ အိမ် သား လည်း နည်း ကြတယ် ။ တစ်ဦး က လင်မယား နှစ်ယောက် ၊ တစ်ဦး က သားအမိ သားအဖ သုံးယောက် ဒါပဲ ။ ပြီးတော့ ယောက်ျားတွေ က လည်း သောက်သောက်စားစား ၊ ဟောဟော့ ရမ်းရမ်း တစ်ယောက် မှ မရှိဘူး ။ ဒေါ်လေး က တော့ အတော့် ကို စိတ်ချမ်းသာ နေတယ် ။

ကျွန်မ က လည်း ဒေါ်လေး အိမ် ကို ခဏခဏ အလည် ရောက် နေကျ ဆိုတော့ ဒေါ်လေး အိမ် ကို သွားရင်း နဲ့ ဒေါ်လေး ရဲ့ အိမ်ငှားတွေ နဲ့ ပါ ခင်မင် သွားပါတယ် ။

သူတို့ က လည်း ခင် တတ်တာ အလွန် ပါ ပဲ ။ ကျွန်မ မို့ လာပြီ ဆိုရင် ရှိတာ ထုတ် ကျွေးလို့ သူတို့ အိမ်တွင်းရေး ၊ ဘာရေး က အစ တရင်းတနှီး ဖွင့် ပြောလို့ တိုင်ပင်စရာ ရှိရင် လည်း တိုင်ပင်လို့ ပေါ့လေ ။

ဘယ်ဘက်ခြမ်း မှာ နေတဲ့ လင်မယား က ကိုဗလှိုင် နဲ့ မကျော့မေ တဲ့ ။ ညာဘက်ခြမ်း မှာ နေတဲ့ လင်မယား က ကိုအေးဆောင် နဲ့ မအမာစိန် တဲ့ ။

အဲ့သည် လင်မယား နှစ်စုံတွဲ က တော့ လေ ကမ္ဘာရှား ပဲ ။ သူတို့ နဲ့ ခင်ပြီး သူတို့ အိမ်တွင်းရေးတွေ သိရလေ အံ့ဩဖို့ ကောင်းလေပဲ ။ ဘာလဲ ဆိုတော့ တစ်တွဲ နဲ့ တစ်တွဲ ဟာ ပုံစံချင်း လုံးဝ မတူဘူး ။ အိမ်ထောင် ကို ဖွဲ့စည်းပုံ လုံးဝ မတူဘူး ။ စရိုက်တွေ က ဆန့်ကျင်ဘက် ။  ဘယ်လို ရေစက် နဲ့ များ အဲသည် နှစ်စုံတွဲ ဟာ ဒေါ်လေး အိမ် အောက်ထပ် မှာ တစ်နေ့ တည်း ၊ တစ်ရက် တည်း အတူတူ လာ ငှား နေဖြစ်ကြတယ် မပြောတတ်ပါဘူး ။

  •••••   •••••   •••••

ဘယ်ဘက်ခြမ်း မှာ နေတဲ့ ကိုဗလှိုင် နဲ့ မကျော့မေ တို့ လင်မယား အကြောင်း ကို စပြီး ပြောပါရစေ ။

ကိုဗလှိုင် ဆိုတဲ့ လူ က ကုန်းလမ်း သယ်ယူပို့ဆောင်ရေး ကော်ပိုရေးရှင်း က စာရေးကြီး တဲ့ ။ အသက် က သုံးဆယ်ကျော် သုံးဆယ့်ငါးနှစ် လောက် ရှိမယ် ။ အသား ညိုညို ၊ ပိန်ပိန်ရှည်ရှည် နဲ့ ခပ်လေးလေး ၊ ခပ်အေးအေး နေ တတ်တယ် ။ စကား က လည်း နည်းလိုက်တာ ၊ တစ်နေ့လုံး နေ မှ စကား တစ်ခွန်း တောင် မပြော ဖြစ်ဘူး ။ ဘယ်တော့ ကြည့်ကြည့် သူ့ ကို ထန်းလက် ပက်လက်ကု,လားထိုင်ကြီး မှာ ငူငူကြီး ထိုင် နေတာပဲ တွေ့တွေ့ နေရတယ် ။ ရုံး နဲ့ အိမ် ၊ အိမ် နဲ့ ရုံး က လွဲပြီး ဘယ်မှ လည်း မသွားတတ် ၊ မလာတတ်ဘူး ။ တကယ့် လူအေးကြီး ပဲ ။

အဲ .. သူ့ မိန်းမ မကျော့မေ ကတော့ သူ နဲ့ တခြားစီ ။ မကျော့မေ ဟာ အသား ညိုညို နဲ့ လုံးကြီးပေါက်လှ ။ သွက်လိုက် လက်လိုက် ၊ ချက်ချာလိုက် တာ လည်း မပြော နဲ့ တော့ စေ့လိုက်စပ်လိုက် ၊ ကျစ်လျစ်လိုက် တာလည်း တရားလွန် ပဲ ။ ရှာတတ်ဖွေတတ် ၊ စုဆောင်းတတ် တာလည်း သူ့ အပြင် မရှိဘူး ။

ကိုဗလှိုင် ရယ် ၊ မကျော့မေ ရယ် ၊ ၁၂ နှစ် လောက် ရှိတဲ့ သားလေး ဖိုးအေးလှိုင် ရယ် မိသားစု သုံးယောက် ရှိတဲ့ အိမ် မှာ မကျော့မေ က ဗိုလ် ၊ မကျော့မေ က အိမ်ထောင်ဦးစီး ၊ မကျော့မေ က သြဇာ အရှိဆုံး ပုဂ္ဂိုလ် ဖြစ်နေတယ် ။

မရှိ ခံ နိုင်မလားလေ ။ ကိုဗလှိုင် နဲ့ မကျော့မေ ရဲ့ အရည်အချင်းတွေ ကို ယှဉ် ကြည့်ပေါ့ ။

ကိုဗလှိုင် ဟာ စာရေးကြီး ။ ရ သမျှ လခ ကို မိန်းမ လက် ထဲ အပ် ပြီးရင် လင့် ဝတ္တရား ကျေပြီ လို့ အောက်မေ့ ထား တဲ့ လူ ဆိုတော့ မကျော့မေ လက် ထဲ သူ့ စာရေးကြီး လခ ကို ဝကွက် အပ်ပြီး တာ နဲ့ တစ်လ လုံး ဒူးလေး နှံ့ နေတော့တာပဲ ။ လောက် မလောက် သူ မသိဘူး ။

တကယ့် တကယ် ကျ တော့ သည်ငွေ နဲ့ ရန်ကုန် မှာ မိသားစု တစ်စု ဟာ ဘယ်လိုလုပ် လူတမ်းစေ့စေ့ နေနိုင် မလဲ ။

အဲသည်တော့ လိုသမျှ ငွေ ကို မကျော့မေ က ပဲ ရှာကြံ တော့တာပေါ့ ။ ဖန်တီးရ တော့တာပေါ့ ။

မကျော့မေ က လည်း မခေပါဘူး ။ အရည်အချင်း အစွမ်း အစ ရှိတဲ့ မိန်းမ ပါ ။

ရှစ်တန်း လောက် သာ ပညာ သင်ဖူး လို့ ရုံး မှာ စာရေး မ ဖြစ် မလာ ပေမဲ့ စက် တော့ ကောင်းကောင်း ချုပ် တတ်ပါတယ် ။ မိန်းမဝတ် အင်္ကျီ ၊ ဘလောက်စ် နဲ့ ကလေးဝတ်စုံ အမျိုးစုံ ချုပ်တတ်တယ် ။ လက်ရာ က သေသပ်တယ် ။ မြန် ကလည်း မြန် တယ် ။ သူ့ မှာ ဆိုင်းဘုတ် တင် မထားပေမဲ့ သတင်း ကြား နဲ့ လာ အပ်ကြတာ ချုပ် လို့ တောင် မနိုင်ဘူး ။

ချုပ်ခ ဈေးကောင်း တဲ့ ခေတ် ဆို တော့ သူ့ ဝင်ငွေ ဟာ လည်း ဘယ် နည်း လိမ့်မလဲ ။

တစ်လ တစ်လ လေး,ငါးခြောက်ရာ ဆိုတာ အသာလေး ။ အိုးမကွာ ၊ အိမ်မကွာ အိမ် မှာ နေရင်း အေးအေးဆေးဆေး ဝင် နေတာ ။

အဲ ... သီတင်းကျွတ် လို တန်ဆောင်မုန်း လို ပွဲလမ်းသဘင် ပေါတဲ့ လတွေ မှာ မကျော့မေ က လည်း နေ့ မအား ၊ ည မအား ချုပ်ပြီဟေ့ ဆိုရင် တစ်လ တစ်ထောင် ၊ တစ်ထောင့်ငါးရာ တန်း နေ တာပဲ ။ ပိတ်စ အပို နဲ့ ဖြတ်စ ညှပ်စတွေ ရောင်း ရတာ မပါသေးဘူး ။

မကျော့မေ ဟာ အဲ့သည်လို ပိုက်ဆံ ရှာတတ်တာ ။ နောက်ပြီး စက်ချုပ်တာ အပြင် သူ ယုံကြည်စိတ်ချရ တဲ့ သူ ဆိုရင် နေ့ပြန်တိုးလေး ဘာလေး ပေးတဲ့ အလုပ် လည်း လုပ် သေးတယ် ။ များများစားစားတော့ မဟုတ်ဘူးပေါ့ လေ ။ ငွေငါးရာ လောက် ကို အဲသည်လို ပဲ လှည့် ထား လိုက်တယ် ။ သည် က ရတဲ့ အတိုးလေး က လည်း မှန်မှန် ဝင် နေတော့ ဟင်းဖိုး အတွက် မပူရတော့ဘူးပေါ့  ။

မကျော့မေ က အဲသည်လို ရှာတတ် ဖွေတတ် လို့ လည်း သူတို့ မိသားစု ဟာ တခြား စာရေးကြီးတွေ ရဲ့ မိသားစု ထက် ပြောင်ပြောင်ရောင်ရောင် ဖြစ် နေတာပေါ့ ။

သူတို့ အိမ် ကို ကြည့်ဦး ။ ဧည့်ခန်း မှာ မှန်တစ်ဝက် ပါတဲ့ ဆတ်ဗီရို မှ နှစ်လုံး တောင် ရှိတာ ။ တစ်လုံး က အိမ်သားတွေ အဝတ် ထည့် တာ ။ နောက် တစ်လုံး က အပ်ထည်တွေ ထည့်တာ ။ လာဘ်ကောင် ဇီးကွက်ရုပ် နဲ့ ယှဉ်ပြီး စင်ပေါ် တင် ထား တာ က နေရှင်နယ် ရေဒီယို ကက်ဆက် ။ ပြီးတော့ ကိုယ်ပိုင် အပ်ချုပ်စက် ။ ဒါတွေနဲ့ ဧည့်ခန်း ကို အလှဆင် ထားနိုင်တာ ဟာ နည်း မှတ်လို့လား ။

အဝတ်အစား ဆို လည်း မိသားစု သုံးယောက် စလုံး ဘယ်တော့မှ မနွမ်းဘူး ။ ကိုဗလှိုင် ဆိုရင် အခြား ချည်ပုဆိုး တွေ အပြင် ဝက်ဝံတံဆိပ် တက်ထရက်ပုဆိုး မှ သုံးထည် တောင် ရှိတာ ။ သည်လို ပုဆိုးမျိုး က လည်း သိတဲ့ အတိုင်း အကြမ်းရော ၊ အနုရော အဝတ် ခံတဲ့ ပုဆိုး ဆိုတော့ မကျော့မေ ဟာ သူ့ ယောက်ျား ကို သုံးထည် တောင် ဆင်ပေး ထားတာ တဲ့ ။ ဝတ်ပါ တော့ အလဲအလှယ် ။

အစားအသောက် ကျတော့ ကော ။ ကိုဗလှိုင် နဲ့ ဖိုးအေးလှိုင် တို့ ရဲ့ ထမင်းဘူး မှာ အသားဟင်း မပါတဲ့ နေ့ ခပ်ရှားရှား ရယ် ။ ဘယ်တော့ ကြည့်ကြည့် ဆီပျားလေး တစိုစို နဲ့ ။ ဆန် ဆို လည်း သမဆိုင် က ဆန် နဲ့ အပြင် က ဆန် တောင် ရော စား နိုင်တဲ့ အဆင့်ပါ ။

အဲ့သည်တော့ ကိုဗလှိုင် တို့ မိသားစု ဟာ သူ့ အထွာ နဲ့ သူ တော့ လူတမ်းစေ့ တယ် လို့ ပဲ ဆိုနိုင်မပေါ့ ။ မဟုတ်ဘူးလား ။

သည်လို နေ နိုင်တာ ကိုဗလှိုင် ရဲ့ အစွမ်းအစ ကြောင့် မဟုတ်ဘူး ။ မကျော့မေ ရဲ့ အရည်အချင်း ကြောင့် ဆိုတာ ဘယ်သူ ငြင်းချက် ထုတ်ချင်သေးလဲ ။

အိမ် ထဲ ကိစ္စ ဖြစ်တဲ့ စားဝတ်နေရေး ကို ပြေလည်အောင် ဖန်တီး နိုင် သလို အိမ့်ပြင် ကိစ္စ ဖြစ်တဲ့ သာရေး နာရေး ၊ ရပ်ရေး ရွာရေး ဆိုလည်း မကျော့မေ ပဲ မားမားမတ်မတ် နဲ့ ပါဝင်တာ ၊ ဆောင်ရွက်တာ ။

ဘယ်သူ့ အိမ် မှာ အလှူဟေ့ ဆိုရင် မလှူခင် ရော ၊ လှူနေ တုန်း ရော ၊ လှူပြီး တော့ ရော သွား ကူညီတာ မကျော့မေ ။

ဘယ်သူ့ နာရေး ဆိုလည်း ထိပ်ဆုံး က ရောက် သွားတာ မကျော့မေ ။

ရပ်ကွက် သန့်ရှင်းရေး အတွက် တစ်အိမ် တစ်ယောက် ထွက်ပါလို့ ဆိုရင် တောင် အလုပ်အား နေတဲ့ ကိုဗလှိုင် က ထွက် တာ မဟုတ်ဘူး ။ မကျော့မေ က ထွက် လာတာ ။

ကိုဗလှိုင် က တော့ ပြော ပြီးပါပြီ ကော အေးစက်စက် နဲ့ ။ ဘယ်မှ မသွား ၊ ဘယ်မှ မလာ ၊ ဘာမှ မလုပ် ။ နှုတ်စ လျှာစ က လည်း မရှိတော့ ရပ်ကွက် က သူ့ ကို သိတောင် မသိ ကြဘူး ။ မကျော့မေ ကို ပဲ ကလေး ၊ လူကြီး သိကြတာ ။ သူ့ ကို သိသည့် တိုင်အောင် လည်း ကိုဗလှိုင် အနေ နဲ့ သိတာ မဟုတ် ဘူး ။ မကျော့မေ ယောက်ျား အနေ နဲ့ ပဲ သိတာ ။ အဲ့သည် လောက် အထိ ။

ကိုဗလှိုင် အေးတာကြီး က တော့ တရား လွန် ပါတယ် ။ သူ နဲ့ အလုပ် အတူတူ ဝင်တဲ့ သူတွေ ဟာ တချို့ ဌာနခွဲ စာရေးကြီး ဖြစ်တဲ့ သူ ဖြစ် ၊ အရာရှိ ဖြစ်တဲ့ သူ ဖြစ် ကုန်ပြီ ။ သူ့ မှာ ဖြင့် စာရေးကြီး ဘဝ က မတက်သေးဘူး ။ တက် ဖို့ လည်း မကြိုးစားဘူး ။ စာရေး လုပ်သက်ပဲ ဆယ်နှစ် ၊ ဆယ့်ငါးနှစ် ရှိရော့မယ် ထင်တယ် ။ အေးလေ .. သည်လို မတုန်မလှုပ်ကြီး ကို သူ့ အထက် လူကြီးတွေ က ဘယ် တာဝန် ကြီးကြီး ၊ ရာထူး ကြီးကြီး ပေးရဲ မလဲ နော် ။

ကိုဗလှိုင် ဟာ တကယ့်ကို အဖြစ် မရှိတဲ့ လူ ပါပဲ ။ သူ အေးလွန်း ၊ ထုံလွန်း လို့ မကျော့မေ ဆို ခဏခဏ စိတ်ဆိုး ရတာ ။

ဖိုးအေးလှိုင် သင်္ကန်း ဆီး တုန်း ကလည်း သည်လို ပါ ပဲ ။

ပြီးခဲ့တဲ့ နှစ် က ဒေါ်လေး အိမ် သူတို့ ရောက်ပြီး သိပ်မကြာ ခင် မှာပေါ့ ။ မကျော့မေ ဘက် က ဆွေမျိုးတွေ စုပြီး လှူကြ သတဲ့ ။ အဲသည်တော့ မကျော့မေ လည်း သူတို့ သား ဖိုးအေးလှိုင် ကို ရှင်လောင်း ထည့် လှူချင်လို့ ကိုဗလှိုင် ကို ကုန်တိုက် မှာ သင်္ကန်း တစ်စုံ သွား လျှောက်ခိုင်း သတဲ့ ။

အဲ့ဒါ ကိုဗလှိုင် က နေမကောင်းလို့ ၊ အလုပ် မအားလို့ ၊ အသိ နဲ့ သွားမှ ရမှာမို့ လို့ နဲ့ နေ့ရွှေ့ညရွှေ့ လုပ် နေသတဲ့ ။ ပြီးတော့ လည်း ရှုပ်ပါတယ်ကွာ ၊ အပြင် က ပဲ ဝယ်လိုက်ပါ လို့ လည်း အတွင်သား ပြောနေ သတဲ့ ။

တကယ်တော့ မကျော့မေ က အပြင် က မဝယ်ချင် လို့ သူ့ ကို ခိုင်းတာပေါ့ ။ ကုန်တိုက်ဈေး နဲ့ အပြင်ဈေး နဲ့ က ကွာ လည်း ကွာတယ် ။ ပြီးတော့ ပစ္စည်းချင်း က လည်း တခြားစီ ပဲ ။ ဈေး သက်သာပြီး အမျိုးအစား ကောင်းတာပဲ လိုချင်တော့ မပေါ့ ။ မဟုတ်လား ။ ဒါကြောင့် ဝယ်ခိုင်းတာ ကို အီးရော အီးရော လုပ် နေတယ် ။

အလှူရက် က နီး နေပြီ ။ သင်္ကန်း က မရသေးဘူး ။ မကျော့မေ စိတ်ဆိုးပါ လေရော ။ ဟုတ်တယ်လေ ၊ မဆိုး ခံနိုင် မလား ။ ဆွေမျိုးတွေ နဲ့ တိုင်ပင်ပြီး ဘုန်းကြီးကျောင်း လျှောက် တဲ့ ကိစ္စ ၊ ကျွေးဖို့ မွေးဖို့ကိစ္စ ၊ ဖိတ်ဖို့ ကြားဖို့ကိစ္စ ၊ ကိစ္စ မှန် သမျှ မကျော့မေ က တာဝန် ယူထားရပြီး သည် သင်္ကန်း ဝယ် တဲ့ ကိစ္စလေး တစ်ခု တည်း သူ့ ကို ခိုင်းတာ မရဘူး ဆိုတော့ စိတ်ဆိုး ပြီ ပေါ့ ။

“ ရှင် ဟာ လေ ... ရှင် ဟာ ပြောပြန်ရင် လည်း ကျော့မေ လွန်ရာ ကျမယ် ။ အမေတို့ များ ဘယ်လို လင်မျိုး ရှာ ပေးထား လဲ မသိပါဘူး ။ ဒါလား လူကောင်း သူကောင်း ဟင်း .... ” 

လို့ ကြိတ်မနိုင် ခဲမရ ရေရွတ်ပြီး စိတ်မြန် ကိုယ်မြန် နဲ့ သူ ကိုယ်တိုင် လျှောက်လွှာ တစ်စောင် ကောက် ရေး လိုက်တယ် ။ ပုံစံ မှန် မမှန်တော့ မသိပါဘူး ။ သူ ရေးတတ် သလို ကောက် ရေး ချ လိုက်တာပဲ ။ အဲသည် ည ရပ်ကွက် ရုံး သွားပြီး ထောက်ခံစာ ယူတယ် ။ နောက် နေ့ မနက် နံပါတ် ( ၃၉ ) ကား စီးပြီး မြို့ ထဲ ကို လာတယ် ။ ကုန်တိုက် ရောက်တော့ သုံးထပ် ကို တက်ပြီး မန်နေဂျာ အခန်း ကို စုံစမ်းတယ် ။ တွေ့ တော့ အခန်း ထဲ တန်း ဝင်သွားပြီး လျှောက်လွှာ ကို ပြ သတဲ့ ။ အကျိုးအကြောင်း ပြော သတဲ့ ။ မန်နေဂျာ က သူ့ အပြောအဆို ၊ သူ့ အမူအရာ ကို စိုက် ကြည့်ပြီး ဘာမှ တောင် မမေးဘူး ၊ ချက်ချင်း လက်မှတ် ထိုး ပြီး ရောင်းခွင့် ပေးလိုက် သတဲ့ ။

အချိန် သိပ် တောင် မကြာလိုက်ဘူး ။ မကျော့မေ ဟာ သင်္ကန်း မကဘူး ၊ ပရိက္ခရာ ရှစ်ပါး အစုံအလင် ပါ ပိုက်ပြီး အိမ်ပြန် ရောက် လာတယ် ။

အဲ့သည် နေ့ က စနေနေ့ မို့ ကိုဗလှိုင် က ရုံး မတက်ရဘူး ။ ထုံးစံ အတိုင်း ထန်းလက် ပက်လက်ကု,လားထိုင်ကြီး ပေါ် မှာ အမြိုင့်သား ထိုင်ပြီး မကျော့မေ ကို မျှော် နေ သတဲ့ ။

မကျော့မေ ဟာ ပြန် ရောက်တာ နဲ့ စက်ခုံ ပေါ် အထုပ်တွေ အပိုးတွေ ဖုတ်ခနဲ ပစ်ချပြီး ခါး ကို ဆတ်ခနဲ ထောက် လိုက်တယ် ။

“ တွေ့ပြီလား ကိုဗလှိုင် ၊ ဟောဒီမှာ ရခဲ့ပြီ ။ ကျော့ ကိုယ်တိုင် လျှောက်လို့ ရခဲ့ပြီလေ ။ ဒါနဲ့များ ရှင် က အသိ ရှိ မှ ရတယ်လေး ဘာလေး နဲ့ ကိုယ် ပျင်းရင် ပျင်းတယ် မပြောဘူး ။ ကိုယ် သတ္တိ မရှိရင် မရှိဘူး မပြောဘူး ။ ရှင် ဘာ အဖြစ် ရှိသလဲ ။ ရှင် ဘာ အသုံးကျလဲ ၊ ဘာ အားကိုးရသလဲ ” လို့ ဒေါနဲ့ မောနဲ့ ရန် တွေ့သတဲ့ ။

ရန် တွေ့ လည်း တွေ့တွေ့ ပေါ့ လေ ။ ကိုဗလှိုင် က တော့ ဘာမှ မပြောပါဘူး ။ မျက်လုံးလေး ကလယ်ကလယ် နဲ့ မကျော့မေ ကို သာ ငေးပြီး ကြည့် နေတယ် ။ မကျော့မေ ပြော တာတွေ ဟုတ်နေတော့ လည်း ငြိမ် ခံရုံ ရှိတော့ မပေါ့ နော ။ အဲသည် က စပြီး နောက်ပိုင်း ရုံးပြင်ကနား သွားရတဲ့ ကိစ္စ လျှောက်လွှာ နဲ့ ဘာနဲ့ လျှောက်ရတဲ့ ကိစ္စ မှန်သမျှ ကိုဗလှိုင် ကို မခိုင်းတော့ဘူး ။ မကျော့မေ ကိုယ်တိုင်ပဲ  သွား တော့တယ် ။ သူ့ ယောက်ျား ရဲ့ အရည်အချင်း လည်း သူ သိပြီ ကိုး ။

နယ် က ဧည့်သည် စောင်သည် လာလို့ အပြန် မီးရထား လက်မှတ် ဝယ်ပေးရတဲ့ ကိစ္စ တို့ ၊ ကလေး ကျောင်းပြောင်း ဖို့ ကျောင်းထွက်လက်မှတ် ယူတဲ့ ကိစ္စ တို့ ၊ ကျောင်းဝင်ခွင့် တောင်း တဲ့ ကိစ္စ တို့ အကုန် အကုန် မကျော့မေ ပဲ လုပ် တော့တယ် ။

အဲသည်တော့ ... အဲသည် အိမ်ထောင် မှာ မကျော့မေ သြဇာ ရှိတာ ဆန်းသလား ၊ မကျော့မေ ခေါင်းဆောင် ဖြစ် ပြီး ကိုဗလှိုင် နောက်လိုက် ဖြစ် နေတာ ဆန်းသလား ။ သည်လိုပဲ ဖြစ်ရတော့မပေါ့ ၊ မဟုတ်ဘူးလား ။

တစ်ခု ပြောဖို့ ကျန် သေးတယ် ။

မကျော့မေ ဟာ ကိုဗလှိုင် တစ်ယောက် ယောက်ျား ပီပီ ကျားကျားလျားလျား နဲ့ ထက်ထက်မြက်မြက် မရှိ လို့ စိတ်တိုင်းမကျ ပေ မဲ့ သူ့ ယောက်ျား ကို တော့ အတော်လေး ဂရုစိုက် ပါတယ် ။

ထမင်း ဆို စားပွဲ ရှေ့ ရောက် ၊ အဝတ်အစား ဆို မီးပူကျ အဆင်သင့် ပြင်ဆင် ပေးတာ ။ စီးပွား လည်း ရှာ သေးတယ် လင် ကို လည်း လိုလေသေး မရှိ ပြုစု သေးတယ် ။

မကျော့မေ အနေ နဲ့ ကတော့ မယား ဝတ္တရား ငါးပါး တောင် မကဘူး ၊ ခြောက်ပါး ၊ ခုနစပါး တောင် ကျေတယ် လို့ ကျွန်မ တော့ ထင်တယ် ။

ကိုဗလှိုင်ကြီး က သာ ရေသာ ခို နေတာ ။ သူတို့ နှစ်ယောက် ဖူးစာ ဆုံကြတာ ဟာ မကျော့မေ
က ပဲ ကံ ဆိုးလို့လား ၊ ကိုဗလှိုင် က ပဲ ကံ ကောင်းလို့ ပဲ လား ကျွန်မ တော့ စဉ်းစား တောင် မစဉ်းစား တတ်တော့ပါဘူး ။

•••••   •••••   •••••

ညာဘက်ခြမ်း မှာ နေတဲ့ ကိုအေးဆောင် နဲ့ မအမာစိန် တို့ အကြောင်း ကို လည်း ပြောပြဦးမယ် ။

သူတို့ က တော့ တစ်မျိုး ။

ကိုအေးဆောင် က ရန်ကင်းမြို့နယ် က ကျောင်း တစ်ကျောင်း မှာ ကျောင်းဆရာ လုပ်တယ် ။ အထက်တန်းပြ ပဲ နဲ့ တူတယ် ။ အသက် က တော့ ကိုဗလှိုင် တို့ နဲ့ မတိမ်းမယိမ်း လောက် ပါပဲ ။ မသကာ ကိုဗလှိုင် ထက် ငယ် လည်း တစ်နှစ် နှစ်နှစ် ပေါ့ ။

လူ က ခပ်ဝဝ ၊ ဗိုက်ရွှဲရွှဲ ။ ကျောင်းဆရာ ပီပီ စကား တော့ များများ ပြောတယ် ။ အသံ က လည်း ကျယ်တယ် ။

စကား ပြော သလို အလုပ် လည်း အလွန် လုပ်တဲ့ သူ ။ သူ့ ကျောင်း က ကျောင်းအုပ် ဆရာမကြီး က သူ့ ကို အလွန် အားကိုး သတဲ့ ။ အားကိုး လောက် အောင် လည်း သူ က စာသင်  ကောင်း တာ ကိုး ။ ကျောင်းသား အုပ်ချုပ်ရေး က လည်း တော် တာကိုး ။ ပေးအပ်တဲ့ တာဝန် ကျေပွန်တာ ကိုး ။ အလုပ် လုပ် တာ ကိုး ။

ရပ်ကွက် ထဲ မှာ ဆိုရင် လည်း ရပ်ရေးရွာရေး ကို တက်တက် ကြွကြွ လုပ်တယ် ။ မခိုမကပ် စိတ်ဝင်တစား ဆောင်ရွက်တယ် ။ သည်တော့ တစ်ရပ်ကွက်လုံး က လည်း ဆရာအေးဆောင် ၊ ဆရာအေးဆောင် နဲ့ လေးလေးစားစား ရှိကြတာပေါ့ ။

သူ့ မိန်းမ မအမာစိန် ကျ ပြန်တော့ ... ။

သူ နဲ့ က တခြားစီ ။

လူ က သေးသေးလေး ။ အသားတော့ ဖြူပါ ရဲ့ ၊ ပိန်လိုက်တာ ကပ်လို့ ။ အရပ် က လေးပေ ကျော်ကျော် ။ လူ က ဥပဓိရုပ် မကောင်းရ တဲ့ အထဲ အားမနာတမ်း ပြော ရရင် ဘယ်နေရာ မှ  အသုံး မကျပြန်ဘူး ။ ရိုးတယ် ခေါ်မလား ၊ အ,တယ် ခေါ်မလား ၊ ထူတယ် ခေါ်မလား ၊ ထိုင်းတယ် ခေါ်မလား မပြောတတ်ဘူး ။ သူ့ မှာ ဖြင့် ဘာဆို ဘာမှ မသိဘူး ၊ ဘာဆို ဘာမှ မလုပ်တတ်ဘူး ။

သတ္တိ အရာ မှာ လည်း တစ်ဖက်ခန်း က မကျော့မေ တို့ နဲ့ ဘာမှ မဆိုင် ။

မကျော့မေ တို့ လို ကလေး ကျောင်းပြောင်း တဲ့ အလုပ်မျိုး ၊ ကုန်တိုက် သွားပြီး ပစ္စည်းလျှောက်တဲ့ အလုပ်မျိုး နေနေသာသာ သူတို့ အိမ် ကနေ ခဲတစ်ပစ် လောက် ဝေးတဲ့ ရပ်ကွက်ရုံး ကို ဧည့်စာရင်း သွား တိုင် ခိုင်းတာ တောင် မသွားရဲဘူး တဲ့ ။

မိန်းမ မို့လို့ အိမ် အပြင် က အလုပ်တွေ ကို မလုပ်တတ် တာ ထား ၊ ခွင့်လွှတ် လို့ ရသေးတယ် ။ အိမ် ထဲ က အလုပ်ကျ တော့ မိန်းမ ပီပီ စေ့စေ့စပ်စပ် လုပ်တတ်သလား မေး ၊ အဝေး ကြီး အဝေးကြီး ။

အချုပ်အလုပ် လည်း မတတ်ဘူး ။ အချက်အပြုတ် ကလည်း ညံ့တယ် ။ သူ မို့လို့ ဟင်း ချက်ပြီ ဆိုရင် ဟင်း က ငန် ရင် လည်း ငန် မှ ၊ ပေါ့ ရင် လည်း ပေါ့ မှ ၊ တူး ရင် လည်း တူး မှ ၊ မနူးရင် လည်း မနူး မှ ။ ဘယ်တော့မှ အဆီအငေါ် တည့်တယ် မရှိဘူး ။

အဲသည်တော့ ယောက်ျားကြီး က အလုပ် များတဲ့ ကြား တည်း အချိန် ရရင် ရသလို လေး မီးဖိုဝင် ပေးရ သတဲ့ ။ ချက်ပြုတ်ရ သတဲ့ ။

သူ့ မှာ မကျော့မေ လို စက် ချုပ်ရတာ လည်း မဟုတ် ၊ ကလေး လည်း ရှိတာ မဟုတ်ဘဲ နဲ့ များ ။ သည် မီးဖို ထဲ က ကိစ္စ အထိ ယောက်ျား က ဝင် လုပ် ရတယ် ဆိုတော့ သိပ် လွန်တာပေါ့ ။ တစ်ခါတစ်ခါ သူ လုပ်တာတွေ အပေါက်အလမ်း မတည့် လို့ ကိုအေးဆောင် က ဒေါပွပြီး “ ကန်တော့ပါရဲ့ ” သောက် ဖြစ် မရှိတဲ့ မိန်းမ ၊ ဘာမ ညာမ ဆဲ လည်း သူ က စိတ် မဆိုးဘူး ။ သွားဖြဲလေး နဲ့ ရယ် နေတာပဲ ။

လူ က သေးသေး ၊ အသံ က သေးသေး ။ ရယ်သံ က လည်း သူများ နဲ့ မတူဘူး ၊ သေးသေးလေး ပဲ ။ “ ငှင်း ငှင်း ငှင်း ငှင်း ” နဲ့ ကာတွန်း ရယ် ရယ်တာ ။

ကိုအေးဆောင် က ဘယ်လောက် စိတ် ဆိုးဆိုး ၊ ဘယ်လောက်ပဲ နာအောင် ပြောပြော သူ က စိတ် လည်း မဆိုး ဘူး ၊ နာ လည်း မနာဘူး ။ ကြာတော့ ကိုအေးဆောင် ပဲ လက်လျှော့ ရတဲ့ အထိ ဖြစ်လာတော့တာ ပေါ့ ။

မအမာစိန် အသုံး မကျတာ ၊ အဖြစ် မရှိတာ ၊ လင် ကို အားကိုးလွန်းတာ တွေ က တရားလွန် ပါ ပဲ ။

မိန်းမ ဆိုတာ လင် ကို ချစ်အား ကိုးတာ က အားကိုး ရပါ တယ် ။ ဒါပေမဲ့ လိုအပ်တာ ထက် လွန် လာရင် တော့ ဘယ် ကောင်းတော့ မလဲ ။ တချို့ ကိစ္စလေးတွေ ကိုယ် လုပ်ရင် ဖြစ်နိုင်လျက် နဲ့ လင် ကို ခိုင်း တော့ စီးပိုးရာ ကျတာပေါ့ ။

တစ်ရက် က ကျွန်မ ဒေါ်လေး ဆီ အလာ အပေါ် ထပ် မတက်ခင် အိမ်ဘေး ချ ထားတဲ့ မအမာစိန် ရဲ့ ရေစည် ဟာ ဘေး က နေရာ မှာ ပေါက်ပြီး ရေ က တပေါက်ပေါက် ကျ နေတာ ကို တွေ့ရတယ် ။ အုတ်နီခဲ နှစ်ဆင့် ခံပြီး တင်ထားတဲ့ အတွက် ရေစည် မှာ ရေယို နေတာ ကို လှမ်း မြင် ရတာပေါ့ ။

ကျွန်မတို့ အိမ် မှာ ရေ က ခဏခဏ ပျက် နေတော့ အဲသည် လို ရေတွေ အလဟဿ ဖြစ်နေတာ မြင်ရင် နေ ကို မနေတတ်ဘူး ။

ဒါနဲ့ ကျွန်မ လည်း မနေနိုင် ၊ မထိုင်နိုင် မအမာစိန် ကို ရေစည် ယို နေတဲ့ အကြောင်း လှမ်း အော် ပြော လိုက်တယ် ။ ကျွန်မ အသံ ကြားတော့ အမာစိန် အတွင်းခန်း ထဲ က ထွက် လာတယ် ။

“ ဟုတ်တယ် ၊ မမိဖြူ ရေ ” တဲ့ ။

ဒေါ်လေး က ချစ်စနိုး နဲ့ မိဖြူ ခေါ်တာ ကို သူ က နာမည် မှတ် နေလား မသိဘူး ။ ကျွန်မ ကို မမိဖြူ တဲ့ ။

“ ကွေးဆောင် ကို  ရေစည် ဖာ ဖို့ ပြော ထားတာ တစ်ပတ် လောက် ရှိ နေပြီ ။ သူ မအားသေးလို့ ရေ ယိုတာ ဒီ အတိုင်း ကြည့် နေရတယ် ”

သူ့ ယောက်ျား ကို တော့ ကွေးဆောင် တဲ့ ။

“ ဩော် .. ရေစည် ဖာ တာများ ခက်တာလိုက်လို့ မအမာစိန် ရယ် ၊ အပေါက် က လည်း သိပ်မကြီးပါဘူး ။ ပွဲ့လျက် ငါးမူးဖိုး လောက် ဝယ် ၊ ရေစည် ရေ မဖြည့်ခင် အထဲ ကနေ အသာလေး ကပ် လိုက်ပေါ့ ”

မအမာစိန် ဟာ သူ့ အိမ် တံခါးခုံ ကို ကျော်ပြီး ရေစည် ထား တဲ့ နေရာ အထိ လျှောက် လာတယ် ။ သူ ရေစည် ကို သေသေချာချာ ကြည့်တယ် ။ ပြီးတော့ သွားဖြဲလေး နဲ့ ကျွန်မ ကို ပြုံးပြတယ် ။

“ ဟုတ်တယ် နော် ၊ ကွေးဆောင် ကို ဈေး က ပွဲ့လျက် ဝယ်ခဲ့ဖို့ သတိ ပေးရဦးမယ် ”

“ ပွဲ့လျက် ရ လာရင် မအမာစိန် ကိုယ်တိုင် ဖာ မယ်ပေါ့ ဟုတ်လား ”

ကျွန်မ က သည်လို မေးတော့ မအမာစိန် က တငှင်းငှင်း ရယ် တယ်လေ ။

“ ကျွန်မ အရပ် နဲ့ ဘယ် မီမလဲ ။ ကွေးဆောင် ဖာ မှ ဖြစ်မှာပေါ့ ” တဲ့ ။

“ ထင်သားပဲ ” လို့ ကျွန်မ က ပြောတော့ သူ ရယ် လိုက်တာ မျက်စိပေါက် တောင် မပွင့်တော့ဘူး ။

တစ်ညနေ က လည်း ကျွန်မ စာ ဖတ်ပြီး ပျင်းပျင်း ရှိတာနဲ့ မကျော့မေ နဲ့ စကား စမြည်လေး ပြောဖို့ အောက် ဆင်း လာခဲ့ တယ် ။ မကျော့မေ တို့ သားအမိ သားအဖ သုံးယောက် ထမင်း စား နေတုန်းမို့ မအမာစိန် တို့ အခန်း ဘက် ကူး လာ ခဲ့ပြန်တယ် ။

မအမာစိန် ဟာ အိမ်ရှေ့ အမှောင် ထဲ မှာ တံခါး ကို မှီပြီး ငုတ်တုတ်လေး ထိုင် နေတယ် ။

ဆောင်းတွင်း ဆိုတော့ ၆ နာရီခွဲ ၊ ၇ နာရီ လောက် နဲ့ မှောင်ချင် နေတာ ကိုး ။

“ မီး မဖွင့်ဘူးလား မအမာစိန် ၊ မှောင်ကြီး ထဲ မှာ ဘာလုပ် နေတာလဲ ” လို့ ကျွန်မ က မေးမိတယ် ။

“ ဖွင့် မရဘူး မမိဖြူ ရဲ့ ၊ မီးချောင်း ဘာဖြစ်နေတယ် မပြော တတ်ဘူး ။ လာ ထိုင်ပါဦး ” လို့ သူ က ဖိတ်မန္တက ပြုလို့ ကျွန်မ လည်း သူ့ အိမ် ထဲ ဝင် ထိုင် လိုက်တယ် ။

“ မီးချောင်း ကျွမ်းလို့လား ”

“ ကျွမ်းတော့ မကျွမ်းဘူး ထင်တယ် ။ ဝယ်လာ တောင် မကြာသေးဘူး ။ ဒီ မီးချောင်း က ဒီလိုပဲ မမိဖြူ ရဲ့ ။ ကွေးဆောင် ရှိရင် တော့ မီးချောင်းလေး ဟိုလှည့် ဒီလှည့် လုပ် လိုက်ရင် ပြန် လင်း လာတာပဲ ။ သူ ကလ ည်း လာခဲ လိုက်တာ ” 

သူ့ ယောက်ျား လာမယ့် ဘက် လည်ပင်းလေး ဆန့် လိုက် ပြီး မျှော် နေ လေရဲ့ ။

မီး မပျက်တာ သေချာတယ် ။ မီးချောင်း မကျွမ်းမှန်း လည်း သိတယ် ။ မီးချောင်းလေး ကိုင်ပြီး အသာလေး လှည့် လိုက်ရင် ပြန် လင်းလာတာလည်း သိတယ် ။ ဒါကို ခုံကလေး တစ်ခု ယူ ၊ ခုံ ပေါ် တက် မီးချောင်း ကို ကစား လိုက်ရင် ဖြစ်သား နဲ့ မလုပ်ဘူး ရှင့် ။ လင်ယောက်ျား အလာ ကို ပဲ မျှော်ပြီး မှောင် ကြီး ထဲ ငုတ်တုတ် ထိုင် နေတယ် ။ အံ့ဩဖို့ မကောင်းဘူးလား ။ သည်တော့ ကျွန်မ က မနေသာဘူး ။ သူ့ ကို ခုံ တစ်ခုံ တောင်းပြီး ကျွန်မ ကိုယ်တိုင် တက် လှည့် မလို့ ပြင်ဆင်တယ် ။

သူ က တငှင်းငှင်း ရယ်ပြန် ရော ။

“ ကျွန်မ လည်း လှည့် မလို့ပါပဲ မမိဖြူ ရဲ့ ၊ ကိုယ် က မိန်းမ ဆိုတော့ နားမလည် ပါးမလည် နဲ့ ဓာတ်တွေ ဘာတွေ လိုက် ကုန် မစိုးလို့ ။ ကွေးဆောင် ကတော့ ယောက်ျား ဆိုတော့ လျှပ်စစ် အကြောင်း လည်း နားလည် ၊ ပြီးတော့ .. ဟော ကွေးဆောင် ပြန်လာပြီ ”

မအမာစိန် ဟာ ကိုအေးဆောင် လက် ထဲ က လက်ဆွဲအိတ် ကို ပြေးပြီး ယူတယ် ၊ ပြီး ... တစ်ဆက်တည်း  ပဲ -

“ မီးချောင်း က မလင်းပြန်ဘူး ကွေးဆောင် ရယ် ၊ အဲဒါ သူများ က သူ့ ကို စောင့်နေတုန်း ဟောဒီ မမိဖြူ က ... ” 

“ အင်း ... ဘာမှ မလုပ်ဘဲ ငုတ်တုတ် ထိုင်နေလို့ ၊ အမြင် မတော် လို့ မဖြူ က ဝင် လုပ်ပေး မလို့ မဟုတ်လား ၊ ဖယ် ဖယ် မဖြူ ကျွန်တော် လုပ် လိုက်မယ် ”

ကိုအေးဆောင် က ကျွန်မ ကို ဖယ်ခိုင်းပြီး သူ ကိုယ်တိုင် ခုံ ပေါ် တက်ပြီး လက်ချောင်း နဲ့ ထိရုံ လား ထိ ပါတယ် ၊ မီးချောင်း က ဖလပ် .. ဖလပ် နဲ့ မျက်တောင် တစ်ချက် နှစ်ချက် ခတ်ပြီး ဖျတ်ခနဲ လင်း လာတယ် ။

“ ဒီ မီးချောင်းဟာ လေ ကွေးဆောင် လက် နဲ့ ထိ မှ ပဲ လင်း တော့တယ် ၊ ငှင်း ... ငှင်း ”

အဲဒီလို တော့ မအမာစိန် က ယောက်ျား ကို သြဘာပေး တတ်သား ။ ကျွန်မ က အသာ ပြုံးပြီး အပေါ်ထပ်ကို  ပြန်တက်ခဲ့ ပါတယ် ။

ဒီလို ကိစ္စတွေ တင် မဟုတ်ပါဘူး ။ အသေးအဖွဲ့ ကိစ္စလေး တွေ က အစ မအမာစိန် က သူ့ ဘာသာ သူ ဘယ်တော့ မှ မလုပ်ဘူး ။ ယောက်ျား ကို ပဲ ခိုင်းတယ် ။

ကျွန်မ ဆို ခဏခဏ ကြား နေ ရတာပေါ့ ။

“ ကွေးဆောင်ရေ ဒီ မီးခြစ် က ခြစ် မရဘူး ၊ ဓာတ်ဆီ ကုန် တာလား ၊ မီးခြစ်ကျောက် ကုန် တာလား ကြည့်ပေးပါဦး ” လို့ ဆိုပြီး မီးခြစ် ခြစ် မရတဲ့ ကိစ္စ က အစ ။

“ ဒီ ဆေးပုလင်း က ကျပ် လိုက်တာ ဖွင့်ပေးစမ်းပါဦး ကွေးဆောင် ရယ် ” ဆိုပြီး ပုလင်း ဖွင့် တဲ့ ကိစ္စ က အလယ် ။

“ အဲတော့ ... ကွေးဆောင် ရေ ၊ ဘယ်က ခွေးကြီး လဲ မသိ ဘူး ၊ အကြီးကြီး ပဲ တော့ လာမောင်း ထုတ်ပါဦး ” 

အိမ် နောက်ဘေး ထမင်းကျန် ၊ ဟင်းကျန် လာ ရှာ စားတဲ့ ခွေး ကို မောင်းခိုင်းတဲ့ ကိစ္စ က အဆုံး ၊ ကိုအေးဆောင် ကို ခိုင်းတော့တာ ပဲ ။

ကိုအေးဆောင် က လည်း သူ စိတ်လက် ကြည်သာတဲ့ အချိန် ဆို ရင် အကုန် လုပ်ပေး ရှာပါတယ် ။ စိတ်ဆိုး နေတဲ့ အချိန် ဆိုရင် တော့ မလွယ်ဘူး ။ သူ့ မိန်းမ ကို ပျစ်ပျစ်နှစ်နှစ် ဆဲ ပစ် လိုက်တာပဲ ။ သူတို့ အခန်း က ထွက်လာတဲ့ ဆဲသံဆူသံတွေ ကို ခဏခဏ ကြား နေရတယ် ။

မအမာစိန် ကို ကြည့်ပြီး ကျွန်မ ခပ်ငယ်ငယ် က ဖတ်ဖူးခဲ့တဲ့ ဟာသစာစောင် တစ်ခု က လင့်ဖနောင့် ပေါက်ဆေး ဆိုတဲ့ ဆောင်းပါးလေးတွေ ကို ပြန်ပြီး သတိရ နေ မိပါတယ် ။

   •••••   •••••   •••••

ဒေါ်လေး ဆီ ကျွန်မ မရောက်တာ အတော် ကြာ သွားပါ ဆယ် ။ ကြာ ဆို ကျွန်မ က လည်း နိုင်ငံခြားဘာသာသိပ္ပံ ကို တက် နေတဲ့ အတွက် ကျောင်း တစ်ဖက် ၊ ရုံး တစ်ဖက် နဲ့ မို့ မသွား ဖြစ် တာပါ ။ ကျောင်း တက် နေတဲ့ တစ်နှစ်လုံး ပဲ ဆိုပါတော့ ၊ ဒေါ်လေး ဆီ မရောက်ဖြစ်တာ ။

စာမေးပွဲ ဖြေ ပြီးတာနဲ့  အဲ့ဒီ နေ့လယ် ပဲ ကျွန်မ သွားချင် စိတ် ပေါက် လာတာ နဲ့ ကျောင်း က နေ ဒေါ်လေး ဆီ တန်း လာခဲ့ပါ တယ် ။

ဒေါ်လေး ရဲ့ ခြံဝိုင်းလေး ထဲ ဝင်တာ နဲ့ ပထမဆုံး လှမ်း မြင် လိုက်တာ က မကျော့မေ ။

မကျော့မေ က ခါတိုင်း ကိုဗလှိုင်ကြီး ထိုင် နေကျ ထန်းလက် ပက်လက် ကု,လားထိုင် မှာ ထိုင်ပြီး လမ်း ဘက် ကို မျှော်နေတယ် ။

“ မကျော့မေ ကိုဗလှိုင်ကြီး မလာသေးလို့ မျှော်နေတာ လား ” လို့ ကျွန်မ က ပြောပြောဆိုဆို ရယ်မော နှုတ်ဆက် ရင်း သူ့ ကို ဂရုစိုက် ကြည့် လိုက်တော့ အလို ... မကျော့မေ ခါတိုင်း လို မဟုတ်တော့ဘဲ အတော့် ကို ပိန်ကျ သွားပါကလား ။

သူ က လည်း ကျွန်မ ကို တွေ့ တော့ ရုတ်တရက် အံ့သြ သွား ပြီး ဝမ်းသာအားရ လှမ်း ခေါ် ရှာတယ် ။

ဝမ်းသာအားရ လှမ်း ခေါ်တယ် ဆိုပေမဲ့ သူ့ အမူအရာတွေ က ခါတိုင်း လို တော့ မတက်ကြွ တော့ဘူး ၊ မဖျတ်လတ် တော့ဘူး ။ ဆံပင် မဖြီးနိုင် ၊ သနပ်ခါး မလူးနိုင် ဘဲ ပစ်စလက်ခတ် ကြီး ဖြစ် နေတယ် ။

“ ပိန် သွားလိုက်တာ မကျော့မေ ရယ် ဘာဖြစ်လို့ လဲ ၊ နေ မကောင်းဘူးလား ”

သူ ညွှန်ပြတဲ့ ကု,လားထိုင် မှာ ဝင် ထိုင် ၊ သူ့ ကို ကြည့်ပြီး ကျွန်မ က အလောသုံးဆယ် ပြော လိုက်ပါတယ် ။

သူ က ခပ်ဖြည်းဖြည်း ခေါင်းညိတ် ပြတယ် ။

“ ဆိုပါတော့ မဖြူ ရယ် ”

“ ဘယ်လို ဖြစ်တာလဲ မကျော့မေ ရယ် ၊ ဖြူ က လည်း ဂျပန် ဘာသာကျောင်း တက် နေရလို့ မလာဖြစ်တာ ၊ နေ မကောင်း ဖြစ်တာ ကြာပြီလား ၊ ဘာ ရောဂါ လဲ ၊ ဘယ် ဆရာ နဲ့ ပြသလဲ ” 

ကျွန်မ မေးတာ ကို သူ မဖြေဘူး ။

ပထမ ခပ်ငိုင်ငိုင်လေး ဖြစ် သွားတယ် ။ နောက်တော့ မျက်ရည်ဖြိုင်ဖြိုင် ကျ လာတယ် ။ ပြီးတော့ တအစ်အစ် ငိုပါလေ ရော ။

“ ကျွန်မ အဖြစ် က ပြောတောင် မပြောချင်တော့ပါဘူး မဖြူ ရယ် ” လို့ အစချီ ပြီး သူ့ အဖြစ် ကို တစ်လုံး မကျန်အောင် ဇာတ်ကြောင်း ပြန် ပါတော့တယ် ။

ကျွန်မ လည်း သူ ပြောသမျှ ကို တအံ့တသြ နားထောင် ရ တယ် ။ အချုပ် က တော့ သူ ခုလောက် ပိန်သွားတာ သွေးသား ဖောက်ပြန်တဲ့ ရုပ်ရောဂါ မဟုတ်ဘူး ။ စိတ် ဆင်းရဲ တဲ့ စိတ်ရောဂါ ကြောင့် ပိန် ရတာ ။ စိတ်ရောဂါ က လည်း တခြား ဟုတ်ပါရိုးလား ။

ကျောက်ရုပ်ကြီး လို မတုန်မလှုပ် အေးစက်စက်ကြီး နေတဲ့ သူ့ ယောက်ျား ကိုဗလှိုင် တစ်ယောက် သူ့ ကို ပစ်ပြီး အငယ်အနှောင်း ယူသွားတဲ့ ကိစ္စ တဲ့ ။ ကျားသား မိုးကြိုး ။ ကျွန်မ ဖြင့် နား ရှိလို့ သာ ကြား လိုက်ရတယ် ။ လုံးဝ မယုံကြည်နိုင်ဘူး ။

“ ဟုတ်ရဲ့လား မကျော့မေ ရယ် ၊ ဟုတ်ရဲ့လား ” လို့ ထပ် မေးမိတယ် ။

“ ဟုတ်ပါတယ် မဖြူ ရယ် ၊ ဟုတ်လွန်းလို့ ဟိုဘက် ကို လွန် နေပါတယ် ။ ဒေါ်လေး လည်း ကျွန်မတို့ ကိစ္စ ကို အစအဆုံး သိပါတယ် ”

မကျော့မေ က ဟီး ချပြီး တစ်ကျော့ ထပ် ငို ပြန်တယ် ။ ကျွန်မ လည်း သူ့ ကို တတ်သမျှ ၊ မှတ်သမျှ နဲ့ နှစ်သိမ့် ၊ တခြား စကားတွေ ပြောပြီး အတော် ကြာ မှ အပေါ်ထပ် ကို တက် လာခဲ့ပါတယ် ။

ဒေါ်လေး က ကျွန်မ ရောက် နေမှန်း သိလို့ ထမင်းပွဲ နဲ့ အသင့် စောင့် နေလေရဲ့ ။

ဒေါ်လေး ကို နှုတ်ဆက် ၊ ဒေါ်လေး ရဲ့ ကျန်းမာရေး မေးမြန်းပြီး ထမင်း ဝင် စား လိုက်တယ် ။ မကျော့မေ အတွက် စိတ် မကောင်း တာ နဲ့ ထမင်း လည်း သိပ် မမြိန်လှပါဘူး ။ စား ရင်း မကျော့မေ အကြောင်း ပဲ ပြောဖြစ် ကြတယ် ။

“ ကိုဗလှိုင် ဟာ တကယ် မိုက်တဲ့ လူ ပဲ နော် ။ မကျော့မေ လို မိန်းမမျိုး ထမင်းထုပ် နဲ့ ရှာစမ်းပါ ။ ဘယ်မှာ တွေ့နိုင်မလဲ ။ ဒါနဲ့တောင် သူ က ပစ်သွား သေးတယ် ။ ဖြူ တော့ အံ့သြလို့ ကို မဆုံးဘူး ”

ကျွန်မ က မကျေမချမ်း ပြောနေမိတယ် ။ ဒေါ်လေး က ဘာမှ ဝင်မပြောဘူး ။ ဟင်းချို ကို နှစ်ဇွန်း ဆက်တိုက် ခပ် သောက် ပြီး တော့ ကျွန်မ ကို ပြုံး ကြည့်တယ် ။

“ ဒေါ်လေး က တော့ သူတို့ ဒီ အိမ် ပြောင်း လာကြ ကတည်း က တစ်နေ့ ဒီလို ဖြစ်လိမ့်မယ် လို့ ကြိုတင် မြင်ထားတယ် ” 

ကျွန်မ ဟာ ပါးစပ် ထဲ ထည့်မယ့် ဆဲဆဲ ထမင်းလုတ် ကို ပြန်ချ ထားလိုက်တယ် ။

“ ဘာဖြစ်လို့လဲ ဒေါ်လေး ”

“ သိပ် တော်တဲ့ မိန်း မနဲ့ သိပ် ညံ့တဲ့ ယောက်ျား ပေါင်း မိရင် ဒီ အဖြစ်မျိုး ဖြစ်တာ မဆန်းဘူး ”

ဒေါ်လေး က ထမင်း နည်းနည်း ထပ် ယူပြီး ငါးပိရည် ကို ထမင်း ပေါ် ခပ် ထည့် လိုက်တယ် ။ ပြီး ... ငါးဘဲဖြူလေး ကို အရိုး ထွင် ရင်း -

"ဒီလိုလေ ၊ မကျော့မေ က တော်တယ် မဟုတ်လား ။ မကျော့မေ က တော် လေ ၊ ကိုဗလှိုင် က ညံ့တာ ပေါ်လွင် လေ ။ မကျော့မေ က အစွမ်းအစ ထုတ် ပြလေ ၊ ကိုဗလှိုင် မှာ အရည်အချင်း မရှိမှန်း သိလေ ။ မကျော့မေ က ဦးဆောင်မှု ပေးလေ ၊ ကိုဗလှိုင် က နောက်လိုက် ဖြစ်လေ နဲ့ ကြာတော့ ကိုဗလှိုင် အရှက် ရ လာ တာပေါ့ ။ ယောက်ျား မာန ကို ထိ လာတော့ တာ ပေါ့  ။ နောက် တစ်ခု က မကျော့မေ စကား မပြောတတ်တာ ပါတယ် ။ သူ ဟာ ယောက်ျား အပေါ် ဝတ္တရား ကျေတာ ကျေတာ တစ်ပိုင်း ပဲ ၊ တစ်ယောက် နဲ့ တစ်ယောက် အခန့် မသင့်လို့ ငြင်းကြ ခုံကြ ပြီ ဆိုရင် -

“ ရှင် လား အဖြစ် ရှိ မှာ ”

“ ရှင့် လခ အားကိုး လို့ တော့ ထမင်း ငတ်ရုံ ရှိတော့ မပေါ့ ” 

“ အမယ်လေး ကြိုက်တဲ့ အချိန် ကြွ ၊ ဒီ အိမ် မှာ ရှင် မရှိ လည်း ဖြစ်တယ် ”

ဆိုတဲ့ စကားတွေ ကို အတွင် သား ပြောလေ့ ရှိတယ် ။ အဲဒါ မကျော့မေ အမှား ပဲ ”

ဒေါ်လေး ဟာ ထမင်းလုတ် ကို ပါးစပ် ထဲ ထည့်ပြီး ဖြည်းဖြည်း ဝါးတယ် ။ ကျွန်မ လည်း ဆက် စားတယ် ။

“ ငါ့ တူမ အပျိုကြီး ကို ကြုံတုန်း ပညာ ပေး ဦးမယ် ” 

ဒေါ်လေး က ခပ်ပြုံးပြုံး လုပ်ရင်း ပြောတယ် ။

“ မိဖြူ လည်း အိမ်ထောင် ပြု ဖို့ စိတ်ကူး ရင် သိထား ဖို့ပါ ။ အိမ်ထောင် တစ်ခု မှာ သာယာ ချင် ရင် မိန်းမ ဟာ ယောက်ျား မာန ကို ဖွံ့ဖြိုးအောင် လုပ်ပေး ရတယ် ။ သူ့ စားမှု သောက်မှု ပြည့်စုံ အောင် လုပ်ပေးရုံ နဲ့ မရဘူး ၊ ဘယ် ကိစ္စ မဆို သူ့ ကို ရှေ့တန်း တင် ရတယ် ။ ကိုယ် သိပြီး ဖြစ်တဲ့ ကိစ္စ ပေမဲ့ မသိဟန် ဆောင်ပြီး သူ့ ကို မေးရတယ် ။ ကိုယ် တတ် ထားတဲ့ ကိစ္စ ဖြစ်ပေမဲ့ မတတ် ဟန် ဆောင် ပြီး သူ့ ကို အကူအညီ တောင်း ရတယ် ။ ဒါမှ ယောက်ျား လုပ်တဲ့ သူ ဟာ သူ့ ကိုယ် သူ ယုံကြည်မှု အပြည့် ရှိလာ မယ် ။ တစ်ပြိုင်နက် တည်း မှာ ပဲ မိန်းမ ကို အားနွဲ့ရှာတယ် ၊ ငါ့ ကို မှီခိုရှာတယ် လို့ သနား ပြီး ပစ် မပြေးတော့ဘူး ။ ယောက်ျား ဆိုတာ ကိုယ့် ထက် နည်းနည်း ညံ့ တဲ့ မိန်းမ ကို မှ ကြိုက်တာ ။ အဲဒါ ယောက်ျား မာနပဲ ”

“ ကြံကြံဖန်ဖန် ဒေါ်လေး ရယ် ” လို့ စိတ် ထဲ က ပြော နေ မိတယ် ။

ဒေါ်လေး ပြောတဲ့ စကားတွေ ကို သိပ် ဘဝင် မကျပေမဲ့ စောဒက မတက်တော့ပါဘူး ။

ထမင်း စားသောက် ၊ ဒေါ်လေး နဲ့ တစ်အောင့် တစ်နား စကား ပြောဆို ပြီး ကျွန်မ အိမ် ပြန်ဖို့ ပြင်ဆင်ပါတယ် ။ ည အိပ် ဖို့ ဒေါ်လေး က ပြော ပေမဲ့ ကျွန်မ အိမ် ကို ခွင့်မတောင်း ခဲ့ရသေး တဲ့ အတွက် မအိပ်ဖြစ်ပါဘူး ။

အောက်ထပ် ရောက်တော့ မကျော့မေ ကို လှမ်း ကြည့် ပေမဲ့ မတွေ့ လို့ မအမာစိန် တို့ ဘက် ခေါင်း ငဲ့ပြီး ကြည့် ပြန်ပါတယ် ။ သူတို့ ကို လည်း မတွေ့ဘူး ၊ ဘယ်များ သွားနေပါလိမ့် လို့ တွေး နေတုန်း -

“ အဲဒါကြောင့် ပြောတာပေါ့ ၊ သူများ ဘဝ မှာ လေ ၊ ကွေးဆောင် မရှိရင် မဖြစ်ပါဘူးလို့ ၊ ငှင်း ... ငှင်း ... ”

မအမာစိန် ရဲ့ အသံသေးသေး စူးစူးလေး ဟာ သူတို့ အိမ် ဘေး က ရေစည်တွေ ကြား က ထွက် လာတယ် ။ ကျွန်မ က သူ ရှိတဲ့ ဘက် အသာလေး ချောင်း ကြည့်တော့ ၊ လား ... လား ... ကိုအေးဆောင် က ရေစည် ဘေး မှာ ပုဆိုး ကို ပေါင်လယ် လောက် အထိ ပင့်တင် ပြီး ခြင်ထောင် တစ်ထည် ကို အားရ ပါးရ လျှော် နေတာ ကိုး ။ မအမာစိန် က ဘေးက ထိုင်ခုံလေး မှာ ထိုင်ပြီး စောစောက ကျွန်မ ကြား တဲ့ စကား ကို ပြော နေတာ လေ ။ နှစ်ယောက်လုံး ရဲ့ မျက်နှာလေးတွေ က လည်း အပြုံးတွေ ဝေလို့ ၊ ကျေနပ် လို့ ။

ဒါနဲ့ ကျွန်မ လည်း သူတို့ ကို နှုတ်မဆက်တော့ ဘဲ အသာလေး ပဲ ထွက်လာ ခဲ့တယ် ။

အိမ် အပြန် ဘတ်စ်ကား စီး ရင်း စဉ်းစားစရာ တွေ ရ လာ ပါ တယ် ။ စောစော က တော့ ထမင်း စားရင်း ဒေါ်လေး ပြောတဲ့ စကားတွေ ကို သိပ် သဘော မပေါက်လှပါဘူး ။ ဘဝင် မကျ ပါဘူး ။

နောက်မှ မအမာစိန် က သူ့ ယောက်ျား ကို အားကိုးတကြီး ပြော တဲ့ -

“ သူများ ဘဝ မှာ ကွေးဆောင် မရှိရင် မဖြစ်ဘူး ” ဆိုတဲ့ စကား ။ အဲဒီလို ပြော လိုက်လို့ ကိုအေးဆောင် မျက်နှာ မှာ ပေါ် သွားတဲ့ အပြုံးတွေ နဲ့ ဆက်စပ် တွေး လိုက်မှ -

အင်း ... ဒေါ်လေး ပြောတဲ့ ယောက်ျားမာန် ဆိုတာ ကို ကျွန်မ နည်းနည်း သဘော ပေါက် သလို ရှိလာပါတယ် ။

◾မနှင်းဖွေး

📖 စပယ်ဖြူ မဂ္ဂဇင်း
      ၁၉၈၅ ခုနှစ် ၊ ဇွန်လ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment