Wednesday, January 31, 2024

အရုဏ်ဦး မှ သေနတ်သံ


 

❝ အရုဏ်ဦး မှ သေနတ်သံ ❞

ငွေရောင် ပြက်လက် နေသော သဲဖြူမှုန်ကလေးတွေ သည် တိမ်ပဝါ လွန့်သလို ထ က ကြ၏ ။ သဲမှုန်ကလေး များကို ကျီစယ် လျက် ချောင်းရိုး တစ်လျှောက် မွှေနှောက် လာသော မြောက်ပြန်လေညင်း သည် ကိုဆေးရိုး ၏ ဖွာပျံ နေသော ဆံမွေးကလေးများ ကို ပင့်မ တို့ ကစား သွား၏ ။ ရွာ ၏ မြောက်ဘက်ရှိ ချောင်း မှာ သည် နှစ် ရေ အလျော့ တွင် ရွာဘက် သို့ ရေကြောင်း တိုး ကပ် လာ သဖြင့် ကမ်းပါးစောက် မှာ ရေစီးကြောင်း ထက် သို့ ကိုင်းမိုးနေယောင် ရှိ၏ ။ ရေကြောင်း အထက် သို့ ဆန် မျှော် ကြည့် လိုက်ပါမူ ငွေရေလျဉ် သည် ပြူပေါ်စ နေရောင်သစ် နှင့်တွေ့ဆုံ လှပ နေသည် ။ ရှားတောရွာ ဘက် သို့ မြွေလမ်းတွန့်ကြီးပမာ လိမ်ခွေ ထိုးတက် သွား ၏ ။ ရေကြောင်း ၏ အလယ် တွင် ဝါးဖောင်တန်းကြီး သည် တရွေ့ရွေ့ မျောပါ လာသည် ။ နောက်ပိုင်း တွင် ထိုးဝါး ကိုင်ထားသူ ကို မှုန်မွှားမွှား သာ မြင်ရ၏ ။ သူ့ ရှေ့ မှာမူ စိမ်းရင့်သော ကြက်သွန်ခင်းကြီး သည် ရေကြောင်း အစပ် ဝယ် မြရောင်ရင့်ရင့်ဖြင့် ခပ်ရိုင်းရိုင်း ဖြန့်ခင်း ထား၏ ။

“ ဖအေကြီး ၊ အို ... ဖအေကြီး ”

ကိုဆေးရိုး ၏ နောက်ဘက် ရှိ တဲကုပ် တွင်း မှ ခေါ်သံ တစ်ခု ပေါ်လာသည် ။ မကျီးဒန် ၏ အသံ ပင် ဖြစ်ချေ ၏ ။ သူ စိတ်လက် ကြည်သာ လျှင် ဖအေကြီး ဟူ ၍ ခေါ်လေ့ ရှိကာ စိတ်ညစ် နေပြီး ဆူချင် ပူချင် ပြီ ဆိုပါ က ကိုဆေးရိုး ဟူ၍ ခေါ်၏ ။ အသံ က လည်း မာကျောစူးရှ လှပေသည် ။

“ ဘယ်များ သွားပါလိမ့် ”

မကျီးဒန် ၏ အသံ က တဲရှေ့ ဆီမှ တဲခေါင်းရင်း ဘက် သို့ ရွေ့ လာသည် ။

“ အို ... ဖအေကြီး ”

အသံ က တဲ နောက်ဘက် သို့ ရောက်လာ၏ ။ သည်တော့ မှ ကိုဆေးရိုး မှာ အိပ်မက် မက် နေရာ မှ လန့်နိုး သူ ပမာ နောက်ဘက် သို့ ဖျတ်ခနဲ လှည့် ကြည့်လိုက်ကာ ..

“ ဟ ... ဟေ ” ဟု အသံ ပြု လိုက်ပြီး နောက် မကျီးဒန် လာ နေရာ ဘက် သို့ လျှောက် သွား လေသည် ။

“ နွားစာလေး ဘာလေး မပုတ်တော့ဘူးလား ၊ လူလေး က ဘယ်အချိန် မှ ပြန်လာမယ် မသိဘူး ”

“ အေးပါဟ ၊ စောပါသေးတယ် ”

“ ဘယ်က စောရမှာလဲ ၊ ဆွမ်းခံ တောင် ဝင်ဘီ ”

“ ဟေ အေး အေး ”

ကိုဆေးရိုး က ချမ်းအေးခြင်း မှ ကာ ထားသော စောင်ကြီး ကို လုံးထွေး ခါ ချ လိုက်၏ ။ ချမ်းအေးသည် ဟူသော စိတ် နှင့် အတူ နောက်ပါး မှ ကပ် လိုက်လာ သော နောက်မြီးဆွဲ ငပျင်း ကို လည်း နားရွက် မှ ဆွဲပြီး လွှင့် ပစ်လိုက်သည် ။ သည်တော့မှ လူ မှာ လန်းဆန်း သွက်လက် လာ၏ ။ တဲ ခေါင်းရင်းပိုင်း တွင် ဖျာကြမ်း ကို ထောင် ၍ ကာ ထားသည် ။ အလယ် တွင် လှည်းဘီး တစ်ခု ကို လှဲချ ထား၏ ။ စပါးရွက် ၊ စပါးရိုး နှင့် ကောက်ညှင်းစပါးများ က ပြန့်ကျဲ နေသည် ။ ကိုဆေးရိုး က အပြင်ဘက် တွင် ပုံ ထားသော ကောက်ပင်များ ကို ထွာဆိုင်သာသာ ခန့် ဆုပ်ကာ လှည်းဘီး ပေါ် သို့ ရိုက် ချ လိုက်သည် ။ ကြွေလွင့် သွားသော စပါးစေ့များ နှင့် ဘေး မှ ကာရံ ထားသော ဖျာကြမ်း ၏ ထိတွေ့သံ မှာ မောင်းပြန် သေနတ်သံ ကဲ့သို့ ရှိတော့သည် ။

တံစဉ်ကိုင် နတ်ပြည်မွှေး ၊ ကောက်ညှင်း စပါး တစ်မျိုး ၏ အမည် ပင် ဖြစ်၏ ။ ကောက်တကာ့ ကောက် ထဲ တွင် အစောတကာ့ အစောဆုံး ကောက် ပေတည်း ။ ကိုဆေးရိုး က မြေ လေ မှာ စိုးသောကြောင့် ကောက်ညှင်းစပါး ကို စိုက်လေ့ စိုက်ထ မရှိခဲ့ချေ ။ သည်နှစ် မှ ကလေးတွေ ပူဆာလွန်းသော ကြောင့် တစ်ကျိပ်စိုက် လယ် တစ်ကွက် တွင် ကောက်ညှင်းပျိုး ဝယ်ပြီး စိုက် ခဲ့ခြင်း ဖြစ်သည် ။ ကောက်ညှင်းစပါး မှာ နွား နှင့် နင်း ပြီး နယ်ရလောက် အောင် လည်း မများသော ကြောင့် ဤ သို့ ရိုက်ခြွေ ရခြင်း ဖြစ်သည် ။ ထို့ပြင် ကောက်ရိုး အသစ်မပေါ် ခင် အဟောင်း ကုန် နှင့် ပြန် လျှင် လည်း ကောက်ပင်စိုစို အချို့ရည်မခမ်းသေးသော ဤလို ကောက်ညှင်းစပါးပင်ကလေးတွေ ကို ကျွေး နိုင်သည် ။ နွား လည်း ကြိုက်လှသည် ။

တစ်ခုတော့ ရှိ၏ ။ ကောက်ညှင်းစပါး မှာ ကောက်ကြီး ထက် အထွက် လျော့သည် ။ ပြီးတော့ တစ်စိတ် ရောင်း လိုက် ၊ တစ်ခွဲ ရောင်းလိုက် နှင့် ငွေ ‘ လေ’ သည် ။ သို့ရာတွင် ပေါ်ဦး ပေါ်ခိုက် ကောက်ညှင်းပေါင်းကလေး ကို ကျောင်း တကာ သို့ လိုက်လံ လှူဒါန်းပြီး အရပ် ထဲ တွင် လိုက်လံ ဝေငှ စားသောက်ရခြင်း မှ ရအပ်သော ကြည်နူးပျော်ရွှင်မှု ကား ဘယ်လို ကြည်နူးခြင်းမျိုး နှင့် မှ မတူပါပေ ။ ရင်ငယ်ကလှပ်လှပ်နှင့် ချမ်းမြေ့ရသည်သာ ။

လယ်သမား ဆိုသည် မှာ ကောက်ပေါ်လု အချိန် တွင် ငွေ အပြတ်ဆုံး ဖြစ်၏ ။ သည် အခါမျိုး တွင် ကောက်ညှင်းစပါး ပေါ်နေပြီ ဖြစ်သော လယ်သမား တစ်ယောက် မှာ ဇာတ်တူသား စားသော အဖွဲ့ခေါင်းဆောင်ကြီးများ ထံ သို့ လည်း အတိုး နှင့် မချေးရ ၊ မငှားရဘဲ ရောင်း ချ သုံးစွဲ နိုင်ပြန်ပေသေး၏ ။ သို့မို့ကြောင့် ဤ အခါဝယ် တံစဉ်ကိုင်နတ်ပြည်မွှေး အမည်ရှိသော ကောက်ညှင်း စပါး ကို ရိုက်ရန် တံစဉ် ကို ကိုင်ရုံ နှင့် နတ်ပြည် က သာ တကယ်မွှေး လျှင် ယခုလို ရိတ်ဖြတ် ရိတ်ခြွေ နေသော ကာလမျိုး မှာ ဆိုလျှင် နတ်ပြည် ခြောက်ထပ်တွင် ကောက်ညှင်းနံ့ မွှန် နေချေရော့မည် ။ ကိုဆေးရိုး ကောက်လှိုင်း တစ်ပွေ့ သာ ရိတ်ရသေးသည် ၊ မကျီးဒန် ပေါက်လာ ပြန်ပြီး ကိုဆေးရိုး ၏ ခါး ကို တို့ ပြန်လေသည် ။

“ ကိုဆေးရိုး ”

“ ဟေး ... လာပြန်ဘီ ၊ ဘာများလဲ ”

“ အမဲသား ယူဦးမလား ”

“ ဟေ ”

“ အမဲသား ယူဦးမလားတဲ့ တော့် ”

ကိုဆေးရိုး က အယောင်ယောင် အမှားမှား ခေါင်း ညိတ် လိုက်သည် ။ “ ဘယ်က အမဲသား ပါလိမ့် ” ဟူသော မေးခွန်း က သူ့ ခေါင်း ထဲ တွင် ကျယ်လောင်စွာ မြည် ဟည်း နေသည် ။

ယခု တလော နွားခိုးမှုတွေ ငြိမ် သွား၏ ။ သို့သော် ငြိမ်ပုံ မှာ အကောင်း ငြိမ်ခြင်း မဟုတ် ၊ နွား တစ်ကောင် ခိုးဖို့ အရေး တွင် အနည်းဆုံး လူ သုံးလေးယောက် လို ကာ ၊ အမဲသား ကို ဖြန့်ဖြူးရာ တွင် လည်း သေပြေး ရှင်ပြေး လုပ်ရ၏ ။ ရတော့ မစို့မပို့ နှင့် တစ်ရာ့ လေးငါး ဆယ် သာ ရ သဖြင့် တွက်ခြေ မကိုက်ရကား ၊ တွက်ခြေ ကိုက် ၍ စို့စို့ကလေး ရသော လူပြန်ပေး ဘက် သို့ ဦးလှည့် နေကြသောကြောင့် နွား ခိုးမှုများ နည်းပါးသွား ရခြင်း ဖြစ်သည် ။

' ဒါဖြင့်ရင် ဘယ်က အမဲသား လဲ ' ကိုဆေးရိုး က တွေပြီး စဉ်းစား နေရာက လက်ကျန် ကောက် တစ်ဆုပ် ကို ဘယ်ပြန် ညာပြန် ပုတ် နေ လိုက်သည် ။

“ ဟောဒီ မှာ ဖအေကြီး ရေ့ အမဲသား က တော့ ကောင်းလိုက်တာ ၊ ရဲ လို့ ”

“ နေစမ်းပါဦး ၊ ဘယ်က လာ ရောင်းတာလဲ ၊ ပိန္နဲပင် ငလင်ပန်း က မှ ဟုတ်ရဲ့လား ”

ပိန္နဲပင် ငလင်ပန်း မှာ သည်ဘက် ၌ နာမည် ထွက် ၏ ။ ခိုးသ,တ်သော အမဲ ဆို လျှင် သည်လို ဝေးလံသော ဒေသ မှ သာ လာရောက် ရောင်းချ လေ့ ရှိသောကြောင့် အထင် နှင့် ဖမ်း ကြိတ်လိုက်ရာ

“ ဘယ်က ပိန္နဲပင် ငလင်ပန်း က ရမှာလဲ ”

“ ဒါဖြင့် ဘယ်ကလဲ ၊ ကိုင်း ထဲ ကလား ၊ ကိုင်း ထဲ က ဆိုရင် ပေါက်ပေါက် ရဲ့ နွား ပဲ ဟေ့ ”

“ မဟုတ်ဘူး တော်ရေ့ ၊ ရွာသစ်ကလေး က ကိုကျော်အေး ရဲ့ ခိုင်းနွားကြီး ၊ ည က သေနတ် မှန်လို့တဲ့ ”

“ ဟယ် ... ”

ကိုဆေးရိုး မှာ လက်တ စ်ဖက် ပြုတ် သွားရသော ကိုကျော်အေး အတွက် စိတ် မကောင်းစွာ နှင့် မြည်တမ်း လိုက်မိသည် ။ ရွာသစ်ကလေး မှာ ရမ်းဘိုကုန်း နှင့် ဆို လျှင် တစ်ဖာလုံ ခန့် သာ ဝေး ၍ ကြား တွင် ရွာသစ်ကြီး တစ်ရွာ သာ ခြား ၏ ။ ရွာ သာ ခြား သော်လည်း လူ တွေ က မခြားကြ ။ ရွာသစ်ကလေး မှ ငတ်ပုံ မွဲပုံ ကို ရမ်းဘိုကုန်း က ပုံတူ ကူးချ ကာ ၊ ရမ်းဘိုကုန်း ၏ ပညာမဲ့ခြင်း ၊ အောက်တန်းကျခြင်း ကို ရွာသစ်ကလေး က လိုက်ပြီး အတု ခိုးသည် ။

လယ်သမားချင်း မို့ ကိုယ်ချင်း လည်း စာမိ၏ ။ ကျုပ် တို့ မှ တစ်ပါး မည်သူမျှ ခင်ဗျားတို့ အားကိုးအားထား ပြုရမှာ မဟုတ်ဘူး ဟု လူ အချို့ က အော်ပြော နေကြ သော် လည်း မြန်မာလယ်သမား တို့ ၏ ခိုကိုး အားထားရာ ၏ အစစ် ကား နွား သာ ဖြစ်၏ ။ နွား တစ်ကောင် သေ ၍ တစ်ကောင် အစားထိုး ဖို့ ဆိုသည် မှာ ဖအေ သေ ပြီး လျှင် နောက် အဖေ တစ်ယောက် ရဖို့ လမ်း မရှိ သကဲ့သို့ ပင် ယနေ့ စီးပွားရေး အခြေအနေ နှင့် လယ်သမား ဘဝ က ခက်ခဲ စေ၏ ။

“ ဘယ်လိုများ ဖြစ်ပါလိမ့်ဟယ် ”

ကိုဆေးရိုး က မကျီးဒန် နှင့် အတူ တဲ ထဲ သို့ ဝင် လိုက်သွား ရာ က ကွပ်ပျစ် ပေါ် သို့ ခြေပစ်လက်ပစ် ထိုင် ချ လိုက်သည် ။

“ တော် မနက်က မကြားလိုက်မိဘူးလား ”

“ ဟင့်အင်း ”

“ အံ့ပါ့တော် ”

မကျီးဒန် က ရင်ဘတ် ကို လက်ဖျားကလေး နှင့် အုပ် ပြီး ပြော လိုက်သည် ။

“ ဒါလောက် ဥသြသံတွေ ဆူညံ နေတဲ့ ကြား ထဲ က ၊ တော် မနိုးတာများ ကျုပ် အံ့သတော် ”

မကျီးဒန် က ဓားရိုး ကို ခြေမ နှင့် ညှပ် ကာ အသွား ကို ထောင်ပြီး အမဲသား ကို ဓားသွား ဖြင့် တိုက်ဖြတ် နေ၏ ။

“ နှစ်တိုင်း လည်း ဒီ အချိန် ဟာ လွတ်လပ်ရေး ရတဲ့ အချိန် ဆိုပြီး ၊ ဒီလိုပဲ ဆန်စက် ဥသြတွေ မှုတ် ကြတာ ။ လူလေး တောင် အိမ်ရှေ့ ထွက်ပြီး နွားနင်းခုံကြီး ကို ခေါက်သေး သတော် ”

“ အင်း ”

“ မနက် တုန်း က ကျုပ် လည်း လန့် နိုးလာတာပဲ ။ ဥဩသံတွေ စဲ လို့ ဘာ ကြာလိမ့် မတုန်း ၊ ဒိုင်း ဆို ကြား ရတာပဲ ။ ဘယ်ကများ ပါလိမ့် ၊ ဘာများ ပါလိမ့် နဲ့ ”

“ ဒါနဲ့ ကိုကျော်အေး နွား သေတာ နဲ့ ဘာဆိုင်လဲ ”

မကျီးဒန် က လဲကျ သွားသော ဓား ကို ပြန် ထောင်ရင်း က

“ ဆိုင်တာပေါ့ တော် ၊ အဲဒီ သေနတ် ဟာ ကင်း က ပစ်တာတဲ့ တော် ရဲ့ ”

“ ကင်း က ဘယ်သူလဲ ၊ ဘယ်သူလဲ မေး မရတာနဲ့ ပစ်ချ လိုက်တာ ။ ဝေါခနဲ အော်ပြီး ဗုန်းခနဲ လဲ သွားတော့ ရန်သူ မဟုတ်ဘဲ နွားကြီး ဖြစ်နေမှန်း သိတော့တာ ကိုး ”

“ အင်း ”

ကိုဆေးရိုး က စုတ်သပ်ပြီး ကရုဏာ သက်ခြင်း ကို ဖော်ပြ လိုက်သည် ။ ပြည်တွင်းစစ် ကာလ အတွင်း ဆိုပြန်တော့ လည်း သတိ ကို အမြဲ ထား နေရ၏ ။ မှောင် နှင့် မည်းမည်း ဝယ် မည်းမည်း အရိပ် ကို သာ မြင်နိုင်၍ နွား နှင့် လူ ကို မည်သူက ခွဲခြား နိုင်ပါမည်နည်း ။ သည် နည်းမျိုး မှာ သည် တစ်ကြိမ်သာ ဖြစ်သည် မဟုတ် ၊ သူပုန်တွေ အုပ်ချုပ်စဉ် က လည်း ကုက္ကိုသီး ကြွေချိန် ဖြစ် သဖြင့် ကုက္ကိုပင် အောက် တွင် အိပ်ပြီး ကုက္ကိုသီးတောင့် ကြွေ လာလိုက် ၊ ပြေးပြီး ကောက်စားလိုက် လုပ် နေသော နွားအုပ် ထဲ မှ ကုက္ကိုသီး အကြွေ တွင် ထ ပြီး ကောက် စားသော နွား တစ်ကောင် ကို ဘယ်သူလဲ မေး မရ သဖြင့် ပစ်ထည့်လိုက်ကြဖူးပေပြီ ။ သည် ကတည်း က ည အချိန် တွင် နွား တွေ လွှတ် ထား လျှင် ဒဏ်ရိုက်မည် ဆိုသောကြောင့် ဂရုစိုက် ထိန်းသိမ်းကြ ရာ မှ သူပုန်များ ဆုတ်ခွာ အသွား တွင် အေးချမ်းလေပြီ ဟူသော အယူ ဖြင့် ပေါက်လွှတ်ပဲစား ထားပြန်ရာ တွင် ယခု ကဲ့သို့ ဖြစ်ရခြင်းပေတည်း ။

အပြစ် ကို ရှာဖို့ ဆိုလျှင် နွားရှင် ဖြစ်သူ ကိုကျော်အေး ၏ ခေါင်း ပေါ် သို့ သာ ပုံကျ ပေလိမ့်မည် ။ သို့သော် သူ က လည်း ဆင်ခြေ ပေးလိမ့်မည် ။ တစ်မိုးလုံး ချည်တိုင် တွင် ချည် ထား ရသော နွား ကို အညောင်း မမိ အောင် ခြေဆန့် လက်ဆန့် နေနိုင်အောင် လွှတ်ထား ရသည် ဟု အကြောင်းပြ ပေလိမ့်မည် ။ အမှန်မှာ တော့ ဘယ် အချက်တွင် ရန်သူ က လာ စီးချေမည်နည်း ဟု နား တစွင့်စွင့် နေရသော ကင်း က လည်း ကင်းချရဖို့ မလို တော့ မပစ်ရတော့ဘဲ ၊ နွားရှင် တွေ မှာ လည်း စစ် မဖြစ်ခင်တုန်း က လို ပင် လှည်း တပ်ချင် ကာ မှ လိုက် ကောက်သည် အထိ စိတ်ချ လက်ချ လွှတ် ထား နိုင်သော အခြေအနေ ကို ဖန်တီး ယူဖို့ သာ ရှိပါသည် ။
သူ့ ယုံကြည်ချက် ၊ ကိုယ့် ယုံကြည်ချက်တွေ ဖြင့် တိုက်ခိုက် သတ်ဖြတ် နေသော စစ် ကို ပင် မလိုလား နိုင်သေး လျှင် ၊ ဘာမျှ မသိဘဲ နှင့် စစ် ၏ ဒဏ် ကို ဝင် ခံသွား ရသော နွားတွေ ၏ အဖြစ် မှာ ပို၍ မလိုလား နိုင်စရာ ဖြစ်၏ ။

လူ့ သွေး သာမက တိရစ္ဆာန် ၏ သွေးသားများ ပါ ယိုစီး ညှိဟောက် နေသော သည် မြေပြင် မှ သွေးရနံ့များ သည် တံစဉ် ကိုင် ကာ မျှ ဖြင့် ရနံ့ ကြိုင်သော ‘ တံစဉ်ကိုင် နတ်ပြည်မွှေး ’ ၏ ထုံရနံ့ ကို ဖုံးလွှမ်း နေတော့ သည် တကား ။

◾ဆင်ဖြူကျွန်းအောင်သိန်း

📖 ကိုဆေးရိုး ပေါင်းချုပ်

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment