Sunday, January 28, 2024

မြို့လယ် က မဏ္ဍာပ် အရပ် မှာ တဲ့ ကုသိုလ်


 

❝ မြို့လယ် က မဏ္ဍာပ် အရပ် မှာ တဲ့ ကုသိုလ် ❞

ဘကျွဲ က သူ့ သား နှစ်ကောင် လှူမယ် ဆိုတော့ မြင်က၀ တစ်ရွာ လုံး အံ့သြ ထိတ်လန့် ကုန်ကြတယ် ။ ဘကျွဲ သားတွေ သင်္ကန်းစီး တာ များ ဘာ ဆန်းတာ မှတ်လို့ ပြော မယ်ဆို ပြောစရာ ရှိတယ် ။ ဒါပေမဲ့ ခု ဟာ က သင်္ကန်းစီး ရုံတင် မဟုတ်ဘူး ။ လှူ မှာ ထမင်းရေ ချောင်းစီး ကို လှူမှာ ဘကျွဲ လို လူမျိုး က ဟုတ်တယ် ၊ ဘကျွဲ လို လူမျိုး က သား ရှင်ပြုပွဲ ဝှဲချီးကျင်းပ မှာ ။ အို .. ဘာ ပြော ကောင်းမလဲ ၊ ပြုံး သူ ပြုံး ၊ မဲ့ သူ မဲ့ ၊ ရွဲ့ သူ က ရွဲ့ပေါ့ ။ ဘကျွဲ ရှေ့ မှာ တော့ မဟုတ်ပါ ဘူး ။ ဘကျွဲ ကွယ်ရာ မှာ ။ ရွာ မှာ ပြောစရာ စကားတစ်ခွန်း ကို ရလို့ ။ ဘကျွဲ က လှူ မလို့ တဲ့ ။

အင်း .. ဘကျွဲ က လည်း ဘကျွဲ ပဲ ။ ပြောမယ် ဆို လည်း ပြောစရာ ။ ဒီ မြင်ကဝ ရွာသား စစ်စစ် ဧကန် ဖြစ်ပါရက် နဲ့ ရပ် အကျိုး ၊ ရွာ အကျိုးလေး တောင် တစ်ချက်ကလေး လှည့် မ ကြည့်ခဲ့တဲ့ အကောင် ။ ရွာ မှာ ဖဲဝိုင်း ဖြစ်ပလား ။ ဘကျွဲ ရောက်ပြီ ၊ အရက်ပုန်းဆိုင် တကာလှည့် ပြီး ဗိုလ်ကျ မလား ၊ ဓားရှည် တစ်ချောင်း အားကိုး နဲ့ ဘကျွဲ ရမ်းကား ပြီး ခုတ်ဟယ် ထစ်ဟယ် ဆို ဘကျွဲ မပါတဲ့ပွဲ က ခပ်ရှားရှား ။ သူ လို လူမိုက်လူရမ်းကားတွေ သူ့ အိမ် အလည် လာရင် သူ ဧည့်ခံ လေ့ ရှိတဲ့ စကား လည်း ကြည့်ဦး ...

“ အေးဗျာ ၊ ကျုပ် အိမ် အလည် လာတုန်း ဧည့်ခံကျွေး မွေးစရာတော့ မရှိဘူး ။ ခင်ဗျား ဘယ်သူ့ သောက်မြင်ကပ် တုန်း ဘယ်သူ့ ရိုက်ပေးရမလဲ ပြော ” တဲ့ ။

ဘကျွဲ တို့ မိုက်ပုံ က အဲဒီလောက် ကိုယ့် ကျွင်း ကိုယ် တူး မိုက်တဲ့ ငမိုက် ။ ဒါကြောင့်လည်း တစ်ရွာလုံး က ဘကျွဲ ဆို လက်လန်တယ် ။ ရွံ့ ကြောက်ကြီး ။ တစ်ရွာလုံး မပြောပါ နဲ့ ရွာ ပြင် ဇရပ် မှာ အိပ်ပျော် နေတဲ့ အရူးမ မငွေရီ ကို ပဲ လက် တို့ မေးကြည့် ။ ဘကျွဲ သေရင် ဘယ် လား မလဲလို့ ။ ငရဲ တန်းတန်းမတ်မတ် ဆင်းမယ့် ကောင် လို့ မပြော ရင် ကြိုက် သလို ပြော ။

ဘကျွဲ လက်ရဲဇက်ရဲ ရှိတာလည်း အမှန် ၊ မိုက်တာ လည်း အမှန် ၊ ဒါပေမဲ့ သူ့ ကို တကယ်ခံချတဲ့ သူကျ ဘကျွဲ ဖြုန် ရော ။

နောက်ဆုံး အကြိမ် ထောင်ကျတဲ့ အဖြစ် ကို ပဲ ကြည့် ။ ပြော ရရင် ကျောက်ခဲ ဆိုတာ ညီအစ်ကို အရင်း ။ ပြေး ကြည့် မှ ဒီ ညီအစ်ကို နှစ်ယောက် ရှိတာ ။ ဟိုတုန်း က သူ့ အဖေ ထားခဲ့ တဲ့ လယ်တွေ ဆိုတာ လည်း ဘကျွဲ လုပ်ပစ်လို့ ကုန်ပါရော လား ။ ဒီ လယ် တစ်ကွက် ကိစ္စ ကျ ကျောက်ခဲ က လည်း မခံ နိုင်တော့ဘူး ။ ကျောက်ခဲ က ဘကျွဲ နဲ့ ဆန့်ကျင်ဘက် ။ လူရိုး လူအေး ၊ အရက် မပြောနဲ့ ထန်းရည် တောင် လျှာဖျား မတင် တဲ့ လူ ။ ညှိကြရအောင်ပါ ။ ရွာ လူကြီးတွေ ရှေ့ အေးအေး ဆေးဆေး ညှိကြရအောင်ပါ ဆိုတာ မရဘူး ။ ဆိုပါတော့ စကား များကြတယ် ။ ဘကျွဲ က လည်း သူ မှ လူမိုက် ထင်တာ ကိုး ။ ဘာပြော ကောင်းမလဲ နွားရိုင်း သွင်းချိန် ဆိုပါတော့ ။ ဘကျွဲ နဲ့ ယှဉ်ရင် ကျွဲ နဲ့ ဆိတ် လောက် ကွာတဲ့ ညိုညှက်ညှက် လူဗလံ ကျောက်ခဲ က မှိန်း တစ်လက် ဆွဲတဲ့ပြီး ကိုင်း - ဘကျွဲ မင်း သတ္တိ ရှိ ဆင်းခဲ့ ဆိုတော့ ဘကျွဲ ဝပ်နေတာပဲ ။ ဘကျွဲ ဆို တဲ့ နာမည် နဲ့ လိုက်အောင် ကျွဲပေါက် လို မည်းပြောင်တုတ်
ခိုင် လှတဲ့ ဘကျွဲ ဟာ သူ့ တဲ ထဲ မှာ တကယ့် သိုးငယ်လေး လို ပဲ တုပ်တုပ်မှ မလှုပ်ရဲဘူး ။

ဟော- ဘာ ကြာ လိုက်လို့လဲ ။ တစ်ပတ်လောက် ကြာ တော့ ကျောက်ခဲ တစ်ယောက် ရွာပြင် ကိုင်းစပ် မှာ သွေးသံရဲရဲ နဲ့ မရှုမလှ သေလို့ ။ ဘကျွဲ မိုက်တယ် ဆိုတာ အဲဒါမျိုး ။

မိုက်တယ် ပဲ ပြောပြော ။ သတ္တိ ရှိတယ် ပဲ ဆိုဆို ၊ ဒါက အရေးမကြီးပါဘူးလေ ။ ခက်တာ က ဘကျွဲ ပုံစံ ကို က ကြောက်ဖို့ တကယ် ကောင်းတာ ။ လေးထောင့်စပ်စပ် သူ့ မျက်နှာကြီး မှာ နှုတ်ခမ်းမွေး ၊ ပါးသိုင်းမွေး တွေ က ဗလဗျစ် ၊ အဆိုးဆုံး က မျက်လုံး ၊ လူ တစ်ယောက် မျက်လုံး နဲ့မ တူဘဲ တိရစ္ဆာန် တစ်ကောင် ရဲ့ မျက်လုံး လို ပဲ ။ နီကြောင်ကြောင် နဲ့ ။ သူ့ ခါး မှာ က ဥတုသုံးပါး မရွေး ဘယ်တော့မှ အင်္ကျီ မကပ် ဘူး ။ သွေးတွေ ၊ ချွေးတွေ ညစ်ပတ် ပေရေ နေတဲ့ ပုဆိုး တစ်ထည် ကို ခါး မှာ စည်း ၊ အလားတူ ပုဆိုး တစ်ထည်မျိုး ကို ဂွင်းသိုင်း ထား ။ အဲဒီ ဂွင်းသိုင်း ပုဆိုး ထဲ မှာ က သူ့ ရဲ့ သွားလေ ရာ မပါ မပြီး တဲ့ ကြိုး နှစ်ချောင်းပူး တပ် ဂွ လောက်လေး တစ်ချောင်း နဲ့ သံဂေါ်လီမြုပ် လောက်စာလုံး လေးငါး လုံး ။ ခြေတို့ ၊ ဗိုက်တို့ မှာ က ခြစ်ရာ ရှရာ ဒဏ်ရာ အမာရွတ် တွေ အပြင် ပွေး လား ၊ ဝဲ လား ၊ ဂျွတ် လား မသိနိုင်တဲ့ အကွင်း အကွင်း တွေ က သစ်ပင် အပွေး တက် သလိုမျိုး ။ ဖိနပ် ဆို စီး စရာလား ၊ စား စရာလား မေး မယ့် လူ ။ ရွာ ထဲ မှာ တော်ရုံ ကလေး ငိုလို့ ကတော့ ဟိုမှာ ဘကျွဲ လာနေပြီ လို့ သာ ခြောက် လိုက် ၊ အာခေါင်ခြစ် အော် နေတဲ့ ကောင် လည်း တိခနဲ ရပ် ပဲ ။

ရွာ မှာ အမဲ ပေါ်တဲ့ နေ့များ ဆိုရင် ဘကျွဲ တစ်ကိုယ်လုံး သွေးသံရဲရဲ နဲ့ လူတ စ်ယောက် ထက် ဘီလူး တစ်ကောင် နဲ့ ပို တူ နေ သလိုပဲ ။ ရွာ မှာ အမဲ ပေါ်ပြီဟေ့ ဆိုရင် ဘကျွဲ တို့ ဗိုက် ခွေးနမ်းပြီ ။ ငွေ ပေးစရာ မလိုဘူး ။ ချက်အရက် တစ်လုံး နဲ့ နွားခေါင်း တို့ ၊ နွားခြေထောက် တို့ ၊ အရိအရွဲလေး ဘာလေး ပေးလိုက် လျှော်တွဲ ရေဆေး ပေးတဲ့ အထိ ဘကျွဲ တာဝန်ယူ လုပ်သွား လိမ့်မယ် ။ ရလာတဲ့ အရိအရွဲတွေ ၊ နွားခေါင်းတွေ ၊ နွားခြေထောက်တွေ ကို ဘာလုပ်တယ် မှတ်သလဲ ။ သူ့ ရဲ့ တစ်လုံးတည်း သော မြေအိုး ထဲ ခုတ်ထစ် ထည့် ၊ ဆား နည်းနည်း ထည့် ၊ ဆီမပါ ပြားမပါဘဲ မနူးမချင်း ကျို ၊ နူး လည်း နူး ရော အရက် တစ်ပုလင်း နဲ့ ဇရက်မင်း စည်းစိမ် ခံတော့တာပဲ ။

အဲ - ဘကျွဲ တစ်ယောက် အမြည်း ပြဿနာ ၊ ဟင်းလျာ ပြဿနာ တက်ပြီ ဆိုရင် တော့ ရွာ ထဲ က လူကြီးသူမတွေ စိတ်ညစ် ပြီ သာ မှတ် ။

သူ ဘာလုပ်တယ် ထင်သလဲ ။ ည စာလေးတွေ အိပ်တန်းတက် ချိန် မှာ သူ့ သား အကြီးကောင် ကို နှစ်တောင့်ထိုး လက်နှိပ်ဓာတ်မီး နဲ့ မန်ကျည်းပင် ၊ ကုက္ကိုပင်တွေ ထိုး ခိုင်း ၊ သူ့ ရဲ့ သောနုတ္ထိုရ် လောက်လေး နဲ့ တရွှီးရွှီး ပစ်တော့တာ ပဲ ။ စာလေးတွေ ဆိုတာ တဖုတ်ဖုတ် ။ တချို့ ခေါင်းပြတ် ၊ တချို့ ကိုယ်ပြတ် ၊ တချို့ဆို သတ္တဝါ နဲ့ လက်နက် နဲ့ မမျှ တော့ ဘယ် ရောက်လို့ ရောက် ကုန်မှန်း ကို မသိတော့ဘူး ။ မနက် လင်း လို့ လူကြီးသူမများ ဘုရားရှိခိုး အပြီး ခြံလေးဝိုင်းလေး ရှင်းမယ် လုပ် မှ ဟိုမှာ တစ်ကောင် ၊ သည်မှာ တစ်ကောင် ၊ စာ အသေကောင်လေးတွေ ။ လူကြီး သူမတွေ ဆိုတာ မျက်ရည် ကို စို့ရော ။ စောစောစီးစီး အယုတ် တမာတွေ ရွတ် မိရော ။ ရွာ ထဲ မှာ ဘယ် ကာလသား မှ ည ဘက် စာ ပစ် မထွက်ရဲပေမဲ့ ဘကျွဲ ကိုတော့ ခြွင်းချက် နဲ့ ခွင့်ပြု ထားကြတယ် ။ တစ်ခါတစ်လေ ဘကျွဲ မှန်း သိလျက်နဲ့ ဟဲ့ - ဘယ်သူတုန်း လို့ ခပ်ငေါက်ငေါက် မေး လိုက်ရင် ကျုပ် ဘကျွဲ ပါ ဆိုတာနဲ့ အိမ် ထဲ က အသံရှင် စကားပြန် မရတော့ဘူး ။

အဲသလို ရွာ ထဲ မှာ စာပစ် လိုင်စင် သူ တစ်ယောက် တည်း ရထား တာ ကိုပဲ ဘကျွဲ က ဂုဏ် ယူလို့ မဆုံးဘူး ။ ဘကျွဲ ဟေ့ ဆိုရင် တစ်ရွာလုံး ငြိမ်လို့ ။ ဒီလို တုပ်တုပ်မှ မလှုပ် ရဲဘူး ထင် နေတာ ။ အဲဒါကို ဘကျွဲ က အရသာ ခံနေတာ ။

ကဲ ... ဘယ့်နှယ် လုပ်မလဲ ။ အခု ဘကျွဲ က သူ့ သား နှစ်ယောက် လှူ မလို့တဲ့ ။

  •••••   •••••   •••••

ဗြောင် ဝန်မခံ ရင်သာ ရှိမယ် ၊ အားလုံးရဲ့ စိတ် ထဲ မှာ တော့ ဘကျွဲ အလှူ ကို ဝိုင်းရဝ န်းရ မှာ ခပ်လေးလေး ရယ် ။ အလှူဟေ့ ဆိုရင် ဘယ်သူ့ အလှူ ဖြစ်ဖြစ် တက်တက်ကြွကြွ ရှိလှပါတယ် ဆိုတဲ့ ဘကြီးမြိုင် တို့ ၊ ဦးလေးရှင် တို့ ၊ အမေ လုံး တို့ တောင် ဒီ အလှူ မှာ တော့ ဖင် သံမှိုစွဲ ထား သလား အောက်မေ့ရတယ် ။ ဒါပေမဲ့ နေသာသလား ဆိုတော့လည်း မနေသာ ပြန်ဘူး ။ ဘကျွဲ ကောင်းသည် ဖြစ်စေ ၊ ဆိုးသည် ဖြစ်စေ ဘာပဲ ပြောပြော ဒီ ရွာသား ။ မြင်ကဝသား ။ ပြီးတော့ ကုသိုလ်ရေး ၊ ဗုဒ္ဓဘာသာဝင်တွေ ၊ မြန်မာတွေ ၊ ဘာသာ တရားကိုင်းရှိုင်းသူတွေ ။ ရွာ မှာ က လည်း အစဉ်အလာ ရှိတယ် ။ ရွာမှာ သာရေးနာရေး ရှိလို့ ကတော့ တည့်တည့် ၊ မတည့်တည့် ၊ ခေါ်ခေါ် ၊ မခေါ်ခေါ် ကျရာ တာဝန် ထမ်းရ စမြဲ ပဲ ။ ပုဂ္ဂိုလ်ရေးတွေ ၊ အာဃာတတွေ ဘေးချိတ် ၊ လူ မျက် နှာ ထက် ကုသိုလ် မျက်နှာ ကြည့်ရစမြဲ ပဲ ။ ဒီလိုနဲ့ ဘကြီးမြိုင် ဝိုင်း ထဲ မှာ လူ စု လိုက်တယ် ။ ရွာလုံးကျွတ် အစည်းအဝေး ဆိုပါတော့ ။ တစ်အိမ် တစ်ယောက် မတက် မနေရ ။ ဓာတ်ဆီ ဆား ခတ်ပြီး ထွန်းထား တဲ့ အောက်လင်း မီးအိုးကြီး က တဟူးဟူး နဲ့ ။

ဖအေ အော့ကြော့လန် ၊ သား တာတေလန် နှစ်ယောက် ရဲ့ အလှူပွဲ ကိစ္စ တစ်ယောက် တစ်ခွန်း ဆွေးနွေး လိုက် ကြတာ ပွက်ပွက် ကို ညံ ရော ။ ဓာတ်ဆီ ကုန် လို့... အောက်လင်း မီးအိုးကြီး ငြိမ်း မှ ပဲ အလျှိုအလျှို ထ ပြန် ကုန် ကြတော့တယ် ။

  •••••   •••••   •••••

ပုံ က တော့ အရင် ပုံ ပါပဲ ။ ဒါပေမဲ့ အချိုး အတော့် ကို ပြောင်းလဲ သွားတယ် ။ ဘကျွဲ ကို ဒီလို ပုံမျိုး နဲ့ ရွာ က လူတွေ တစ်ခါမှ မမြင်ဖူးဘူး ။ အစည်းအဝေး သာ ဆိုတယ် ဘာမှ စနစ်တကျ ရှိတာမှ မဟုတ်ဘဲ တစ်ယောက် တစ်ခွန်း ထ ပြောရင်း နဲ့ ဟိုရောက် ဒီရောက် ပါပဲ ။ ဒါပေမဲ့ ဒီ ပွဲ မှာ အဓိက ကျ သူ ဘကျွဲ ဆိုတော့ ဘာ ဆွေးနွေး ဆွေးနွေး သူ့ ပဲ ဦးတည် နေရတာ ။ အမယ် ဘကျွဲ တို့ များ အပိုးကျိုး နေ လိုက်တာ ဟုတ်ကဲ့ ခင်ဗျ ၊ ဟုတ်ကဲ့ ခင်ဗျ နဲ့ ။ ဦးကြီး တို့ သဘောပါ ။ ဘဒွေး တို့ သဘောပါ ဆိုတာ ပါးစပ် က ကို မချတော့ တာ ။ ဘကျွဲ ကြည့် ရတာ ကြာတော့ သနားတောင် လာတယ် ။ သူ့ ခမျာ နေစရာ မရှိ သလိုပဲ တစ်သက်လုံး ဘယ်သူ က မှ အခု လို တရေးတယူ ဆွေးနွေး တိုင်ပင်ဖော် မခံရဘူး တော့ ခမျာ မှာ ရှက် သလိုလို ရွံ့ သလိုလို ၊ စကားတွေ ဘာတွေ တောင် ထစ်လို့ ၊ အသံတွေ ဘာတွေ တောင် တုန်လို့ ထင်ပါရဲ့ ။

ထဘီ ရင်ရှား နဲ့ ပြောင်းဖူးဖက် ဆေးပေါ့လိပ် ကို မီး တဖွားဖွား ဖွာ နေတဲ့ သူ့ မိန်းမ မိပွေး က တစ်ခွန်း တလေ ဝင် ပြောမယ်များ ကြံ ရင် ..

“ တယ် ... ဒီ မိန်းမ ငါ ထ ကန်လိုက်ရ ။ လူကြီးတွေ ပြောတာ ဖြင့် ဆုံးအောင် နားမထောင်ဘဲနဲ့ ” တဲ့ ။

ဘကျွဲ ကျိုးနွံပုံတွေ ကို ကြည့်ပြီး ဘကြီးမြိုင် တို့ တောင် အားနာ သလိုလို ဖြစ် လာတယ် ။ သည်လို ဆိုတော့ လည်း ဒီကောင် ဘယ် ဆိုးလို့ လည်း လို့လည်း အောက်မေ့ မိတယ် ။

“ မဟုတ်သေးဘူးလေ ဘကျွဲ ရ ။ တို့ သဘောချည်း ပဲ လည်း မလုပ်နဲ့ ။ ကာယကံရှင် က
မင်း အလှူရက် ကတော့  ဆရာတော် ရက် သတ်မှတ် ပေးလို့ ပြတ်ပြီ ။ အကျွေးအမွေး ကိစ္စ ဘာ ကျွေး မှာလဲ ၊ နောက် .... ဆိုင်း ထည့် မထည့် ၊ အဲဒါတွေ က မင်း ပြီး မှ ပြီး မှာ ကိုဘကျွဲ ရ ”

ဘကျွဲ တစ်ချက် ငိုင်သွားတယ် ။ ဗုဒ္ဓဘာသာ ပီပီ သား မွေး လာရင် တစ်နေ့ ရှင်ပြု ပေးရမယ် ဆိုတာ သာ သိ တာ ။ ဘာတွေ ဘယ်လောက် လုပ်လို့ ဘယ်လို စီစဉ်ရမယ် ဆိုတာ သူသိတာ မဟုတ်ဘူး ။ တစ်ခု ရှိတာ က သူ့ လက် ထဲ မှာ မိဘတွေ ကြီးပွားစဉ် က အမေ လက်သိပ်ထိုး ပေးခဲ့တဲ့ ကြိုးလေး တစ်ကုံး ရယ် ၊ ကြိုး နဲ့ ကပ်လျက် ငါးမူးပြားလေး တစ်ပြား ရယ် ၊ နောက် ကြံဆစ်လက်ကောက် တစ်ရံ ရယ် အဲဒါတွေ အကုန် သုံး မှာ ပဲ ။ ဘယ်လောက် တန်လို့ ဘယ်လောက် ရမယ် မှန်း တော့ သူ လည်း မသိဘူး ။ အဲဒါတွေ ကုန် လို့ က တော့ ကုန်ပါလေ့ စေ ။

“ ကုန်ချင် သလောက် ကုန်ပလေ့စေ ဘဒွေး ရာ ” 

“ ဟေ .... ကုန်ချင် သလောက် ကုန်ပလေ့စေ ဟုတ်လား ဘကျွဲ ”

ဦးလေးရှင် အံ့ဩ သွားတယ် ။ ဘကျွဲ ဒါလောက် ချမ်းသာလိမ့်မယ် လို့ တစ်ရွာလုံး က ထင်မှမထင်တာ ။ နောက်နား ခပ်ကျကျ က ရွှေတုပ် တို့ မိန်းမ အုပ်စု က ဆို “ ဓားပြ တိုက် ရလို့ ဒါလောက် ရှိနေလားမှ မသိတာအေ ” တဲ့ ။ ကဲ ။

  •••••   •••••   •••••

ရုတ်ရုတ်သဲသဲ ၊ အုန်းအုန်းကြွကြွ ၊ ကြက်ပျံမကျ ဆို တဲ့ စကားတွေ က ဒီနေ့ မြင်ကဝရွာ အတွက် ကွက်တိ ဝင်နေ တယ် ။ မဏ္ဍပ် ထဲ မှာ ရော ၊ ထမင်းရုံ ရှေ့ မှာ ရော ၊ ဆိုင်း ရှေ့ မှာ ရော ပရိသတ် ဆိုတာ နည်း မှ မနည်းပဲ ။ စားချင် သောက်ချင် လို့ လည်း ဟုတ်ချင် မှ တော့ ဟုတ်မယ် ။ တချို့က လည်း ဘကျွဲ အင်္ကျီ ဝတ်တာ ကို မြင်ဖူးတယ် ရှိအောင် လာ ကြတာ ထင်ပါရဲ့ ။ ဘကျွဲ ကြည့် လိုက် ပြုံး လိုက် ၊ ဘကျွဲ နား ရစ်သီ ရစ်သီ လုပ်လိုက် နဲ့ ဘကျွဲ များ စိုးသူ ထင်နေသလား မသိ ။ ဘကျွဲ က လည်း ပြုံးပြုံး ပြုံးပြုံး နဲ့ ။

လော်စပီကာ အား က လည်း ကောင်းကောင်း ၊ ရွာ အဝင်ထိပ် ထန်းပင် ပေါ် က ဖင်ချင်းဆိုင်နှစ်လုံး ၊ အလှူမဏ္ဍပ် မှာ က မျက်နှာချင်းဆိုင် နှစ်လုံး ၊ စကား ဆိုတာ ကျယ်ကျယ် အော်ပြော တာ တောင် နှစ်ခါ ပြန် မေးမှ သဲ့သဲ့ ကြား ရတယ် ။

မင်း သိပ်ရက်စက်တယ် .... မင်း သိပ်ရက်စက်တယ် ... မင်းလောက် ကိုယ့်အပေါ် ဘယ်သူမှ မကောင်းဘူး ဆိုတဲ့ အသံပြဲကြီး  ကတော့ အလှူ မတိုင်ခင် နှစ်ရက် အလို ကတည်း က ထန်းပင် ပေါ်ရောက်နေပြီ ။

ဪ ... ပျော် တော့ လည်း ပျော်စရာ အကောင်းလား ။

လော်စပီကာတွေ ရပ်သွားလို့ များ နား ချမ်းသာမယ် တော့ စိတ်မကူး နဲ့ ။ စိန်အောင်ဆင့် အရပ်ပျက်ဆိုင်း က ဆက်လက် ဒုက္ခ ပေးပါလိမ့်မယ် ။

မပြော မဟုတ်ပါဘူး ။ ပြော သ မှ သေသေချာချာ ကို ပြောတာ ။ ဆိုင်း မထည့် နဲ့ ။ တို့ အရပ် မှာ တူတူတန်တန် ဆိုင်း ရှိတာ မဟုတ်ဘူး ။ ဆိုင်း ကောင်းကောင်း လိုချင်ရင် ၂ လ တန်သည် ၊ ၃ လ တန် သည် ကြိုကြက်ပြီး ချောက် မှာ စရံလေး ဘာလေး သပ်ထား မှ ။ ခုလိုလောလော နဲ့ တော့ ဘယ် ဆိုင်း မှ ရမှာ မဟုတ်ဘူး ။ သေချာပေါက် ရမယ့် ဆိုင်း က တော့ ဒီနား တစ်ဝိုက် စိန်အောင်ဆင့် ဆိုင်း ပဲ ရှိတယ် ။ စိန်အောင်ဆင့် ဆိုင်း ထည့်မယ့် အစား တော့ ဆိုင်း မပါတာပဲ ကောင်းပါတယ် လို့ ။

မရဘူး ဘကျွဲ နားမဝင်ဘူး ၊ ကျုပ် အလှူ မှာ ဆိုင်း မပါလို့ က တော့ ဖြစ်ကို မဖြစ်ဘူး တဲ့ ။ ခေါင်းမာ လိုက်တဲ့ ဘကျွဲ ၊ ဘာ တတ်နိုင်မှာတုန်း ။ အလှူရှင် သဘော ဆိုပြီး စိန်အောင်ဆင့်ဆိုင်း ပဲ ငှား လိုက်ရတာပေါ့ ။ ခုတော့ စိန်အောင်ဆ င့်တို့ ဖျော်ဖြေ နေပြီ ။ ခုနစ်ရက် သားသမီး စိတ် ဆင်းရဲပေတော့ ။

ဘယ့်နှယ် စိန်အောင်ဆင့် ဆိုတာ ဆိုင်းဆရာ မှ မဟုတ် တာ ။ ပတ်တီးခေါင်းဆောင် အဖြစ် နဲ့ သင်ရိုး ကုန် ဖို့ နေနေ သာသာ သူ့ အဖေ စိန်လက်ညှိုး လက်ထက် က ပတ်ဝိုင်း ထဲ တောင် ဝင်ခဲ့ရတာ မဟုတ်ဘူး ။

ဒါပေမဲ့ လူ့ဘဝ ဆိုတာ က လည်း ပြောရ အခက်သား လား ၊ ဖြစ်ဖို့ ဇာတာ ပါလာရင် ကြံဖန်ဖြစ်တတ်တာ မျိုး ။ ကံ ကြမ္မာ အလှည့်အပြောင်း မှာ မထင်မှတ်တာတွေ ဖြစ်တတ် တာမျိုး ။ ခုပဲ ကြည့် အောင်ဆင့် ခုတော့ စိန်အောင်ဆင့် ဖြစ်နေပြီ ။ ကောင်းတာ မကောင်းတာ ၊ စွံ တာ မစွံတာ အပထား တရားဝင် ပြောရရင် ကနေ့ စိန်အောင်ဆင့် ရွာစား ၊ ပတ်တီး ခေါင်းဆောင် ၊ ဘယ်သူ ဘာပြော မလဲ ။

အတန်းကျောင်း ကောင်းကောင်း နေပါ ဆိုတော့ လည်း အောင်ဆင့် ကောင်းကောင်း မနေဘူး ။ ဒါဖြင့် လယ် ထဲ ဆင်းမလား ဆိုတော့လည်း အပင်ပန်း က မခံချင် ၊ ဆိုင်းသမား သား ဆိုင်းပညာ အမွေ ယူပါလား ဆိုတော့ လည်း ဝါသနာ မပါဘူးလေး ဘာလေး နဲ့ ဒီလိုနဲ့ အောင်ဆင့် အရပ် ထဲ လပ်လျား လပ်လျား ဖြစ်နေတာ ။ သူ့ အဖေ က ဒီကောင် လွှတ် ထားရင် ကဇော်သမား ၊ ဖဲသမား ဖြစ်မှာ စိုးတာနဲ့ ဆိုင်း က , ရာ ခေါ် ခေါ် သွားရင်း ဆိုင်း နဲ့ နီးစပ် လာတာ ။ ဆိုင်းသမား သား ပဲ ဒုန်း တော့ မဝေးလှပါဘူး ။ ယဉ်ပါး လာတော့ ဝါးလက်ခုပ်လေး ဝင် တီး ၊ ယကွင်းလေး ဝင် တီး နဲ့ ချောက်တီးချောက်ချက် သဘောပေါက် လာတယ် ။ စိန်လက်ညှိုး က လည်း အားရင် ဟဲ့ကောင် လာစမ်း ဆိုပြီး ဟိုဟာလေး သင်ပေး ၊ ဒီဟာလေး သင်ပေး နဲ့ နည်းနည်း ဟုတ် လာတယ် ။ ဒီကောင် ဉာဏ် တော့ မဆိုးဘူး ဆိုပြီး စိန်လက်ညှိုး အင်မတန် ကြိုက်လှတဲ့ နတ်သျှင်နောင် တို့ ၊ ဘာတို့ တက်ပေး တော့ လည်း အောင်ဆင့် မငြင်းသာပြန်ဘူး ။

နောက် ဘာ ကြာလို့လဲ စိန်လက်ညှိုး ကောက်ခါငင်ကာ လေဖြတ် ပါလေရော ။ သေ မလိုဖြစ်တော့ ဆိုင်းခေါင်း က ကွဲ တော့မယ် ။ နှဲဆရာ ကိုကြိုင် က လည်း လယ် ပဲ ပြန် လုပ်တော့မလိုလို ၊ မောင်းတီး ခင်မောင်တိုး ကလ ည်း မြို့ တက် ဆိုက်ကား ပဲ နင်းတော့ မလိုလို ။ အဲသလို ဖြစ် နေတုန်း ဘဘုန်းကြီး က ဆိုင်းသမားတွေ သူ့ ကျောင်း ဆင့် လိုက် တယ် ။ “ ဟဲ့ ... ငါ ထောင်ထားတဲ့ ဆိုင်း ဘခင် မရှိတာ နဲ့ တော့ အပျက် မခံနိုင်ဘူး ။ ( ဘခင် ဆိုတာ စိန်လက်ညှိုး ကို ပြောတာ )

“ အောင်ဆင့် ” 

“ ဘုရား ”

“ မင်း လည်း အတော် တီးတတ် ၊ မှုတ်တတ် နေပြီ မဟုတ်လား ”

“ မှန်ပါ့ဘုရား ”

“ အေး ဒါဆို နောက်ထပ် ၂ လ လောက် လေ့ကျင့် လိုက်ဦး ၊ ချောက် က စိန်ခင်အေး ဆီ ငါစာ ရေးပေးလိုက်မယ် ။ သူ့ ဆီ မှာ ကျင့် ကြားလား ။ ငါ့ ဆိုင်းတော့ အပျက် မခံ နိုင်ဘူး ။ ဆိုင်းသမားတွေ စားစရာ မရှိရင် ငါ့ ကျောင်း တက် စား ၊ ကြားလား ။ မင်းတို့ မိသားစုတွေ ငါ ကျွေးနိုင်ပါ တယ် ။ ဆိုင်းအဖွဲ့ တော့ မပျက်စေနဲ့ ၊ ဆက် ချီတက် ”

အဲသလိုနဲ့ အောင်ဆင့် က နေ စိန်အောင်ဆင့် ဖြစ်လာတာ ။ ဟော အခု စိန်အောင်ဆင့် တို့ လက်စွမ်း ပြ နေပြီ ။

“ ဟီး - ကောင်းလိုက်တာ အခု တီးနေတာ ဘယ်သူတဲ့ တုန်း ”

“ စိန်အောင်ဆင့် လေ ၊ မြန်မာပြည် တစ်လွှား ၊ ရှာ မှ ရှား တဲ့ လူပြိန်း မကြိုက် ၊ ပညာရှင်တွေ သာ ကြိုက်တဲ့ စိန်အောင်ဆင့် လေ ။ ဟေ - ဟေ ”

“ ဒီ နေ့ ပွဲ က ဘာပွဲတဲ့ လဲ ကိုကျောက်စူး ရေ ”

“ အလှူရှင် ဦးဘကျွဲ ၊ အလှူဒါယိကာမ ဒေါ်ပွေး တို့ ရဲ့ သားလှရတနာ ကို သာသနာ့ ဘောင် အရောက် ချီးမြှောက်တဲ့ ရှင်ပြုအလှူပွဲသဘင် ဆင်ယင် ကျင်းပနေတာ မဟုတ်ပါလား ခင်ဗျ ”

“ ဟုတ်ပ - ဟုတ်ပ ”

“ မရှိလို့ မလှူ ၊ မလှူလို့ မရှိ ။ ရှိ လို့ လှူ ၊ လှူ လို့ ရှိ - ဒီလိုမ ဟုတ်လား ကိုဝါယော ရဲ့ ”

“ ဟုတ်ပ ... ဟုတ်ပ ”

“ ရှေးအတိတ် က ပြုခဲ့သမျှ ကုသိုလ် ကောင်းမှု ဒါန အစုစု ကြောင့် ခု ဘ ဝမှာ ပေး လို့ မကုန် ၊ လှူ လို့ မခန်း ဒါနခန်း တွေ ကြွယ်ဝ နေတဲ့ သူဌေးကြီး ဦးဘကျွဲ - သူဌေးအမ ဒေါ်ပွေး တို့ ရဲ့ ရှင်ပြုအလှူမင်္ဂလာပွဲ မှာ ကျုပ်တို့ ရွာစားကျော် စိန်အောင်ဆင့် က လည်း လုပ်အား နဲ့ ကုသိုလ် ပါ မှာ မဟုတ်လား ဗျာ ”

“ ဟုတ်ပ ... ဟုတ်ပ ”

“ ကဲ ကဲ ပြောစခန်းလေး ရပ်ပြီး အလုပ်စခန်းလေး စ လိုက်ကြရအောင်လား ”

“ လုပ်ဗျာ – လုပ်ဗျာ ”

“ ယာ အဝင် နား ၊ ဝါပင်များ နဲ့ ( ပလို့ဂျိ ) ယာ အဝင် နား ၊ ဝါပင်များ နဲ့ သခွားဖရုံ ၊ စားမကုန်အောင် ဖရုံဖရဲ ၊ ဘူးတစ်မျိုး တို့ စူး ထိုးလို့ ကြဲကြရော့ ထင့် ( ပလို့ဂျိ )

“ စူး ထိုးလို့ ကြံကြရော့ ထင့် .... အဲ ခဝဲသပွတ် ... အဲ အဲ .. ဆွဲကာ ဆွတ် ရအောင် ဆွဲကာ ဆွတ်ရအောင် ရွာစားရေ မြန်ပြည်သာယာတေး ဆိုတာ ကို ဖွင့် ” 

“ တပ်တော်ဦးဆီ မျှော်လိုက်ပြန်တော့ - ရဲတံခွန်တွေ - လေကစား ကြွားတလူလူဝေ ဪ .. .တို့တပ်ဦးဆီ မျှော် လိုက်ပြန်တော့ တံခွန်တွေ - အလံတွေ ရဲမာန် ပွားလို့ နေ .. သေပစေ ” 

ဘယ်သူ ဘာ ပြောပြော စိန်အောင်ဆင့် က တော့ သူ ရ တာ သူ တီးမှာပဲ ။ မရှက်ပါဘူး ။ အလှူ သိမ်း လို့ ဗျောတီး တတ် ရင်ပဲ သူ့ တာဝန် ကျေပြီ မှတ်တာ ။

“ တောက် ”

ဘကြီးမြိုင် တောက် တစ်ချက် ပြင်းပြင်း ခေါက်လိုက် တယ် ။ အစ ကတည်း က ဆိုင်း မထည့်ပါနဲ့ လို့ ပြောထား လျက် နဲ့ သူ အင်မတန် ကြိုက်တဲ့ ပြည်လှဖေ ရဲ့ နတ်သျှင်နောင် အောင်ဆင့် တီး တော့ သွားရော ။ ကလေး တွေ တုတ် နဲ့ ဒန်အိုး ခေါက် တာ မှ သူ့ ထက် ပိုနားထောင် ကောင်း ဦး မယ် ။ ဟို နှစ်ကောင် ၊ ဘရှင် နဲ့ အောင်ကွန့် ( အဲ - အဲ ကျောက်စူး နဲ့ ဝါယော ဆိုတဲ့ ကောင် နှစ်ကောင် ) ဒီ နှစ်ကောင် လည်း ဘာ သိတာ မှတ်လို့ ၊ အစားရ ချောင် လို့ ဆိုင်း ထဲ လိုက်နေတဲ့ ကောင်တွေ ။ အကြောင်းသိ တွေ ။

“ ဘကြီးမြိုင် ၊ ဘကြီးမြိုင် ”

“ ဟေ - ဘာလဲဟ လှတိုး ။ ဒေါသ ဖြစ်ရတဲ့ အထဲ မင်း က အလန့်တကြား ”

“ အလန့်တကြား ဆို အရေးကြီး လို့ ဘကြီးမြိုင် ရ ၊ ဦးလေးရှင် က လွှတ်လိုက်လို့ ”

“ ဦးလေးရှင် ဟုတ်လား ။ အေးလေ - ကိုရှင် က အိုးသူကြီး လေ ။ ထမင်းရုံ ထဲ မှာ ရှိမှာပေါ့ ဘာဖြစ်လို့တုန်း ” 

လှတိုး ဘေးဘီ ကို တစ်ချက် ငဲ့ ကြည့်ရင်း နှစ်ကိုယ်ကြား လေသံ နဲ့ -

“ ထမင်းရုံ မှာ ထမင်း ပြတ်လို့ ဘကြီးမြိုင် ရ ။ ဟင်း လည်း မရှိတော့ဘူး ။ ထမင်းရုံ အပြင်ဘက် မှာ လည်း မစားရ သေးလို့ တန်းစီ နေတဲ့ လူတွေ အများကြီး ။ ဦးလေးရှင် လည်း မျက်စိ ပျက် မျက်နှာ ပျက် နဲ့ ဘာ လုပ်လို့ လုပ်ရမှန်း မသိ လို့ ဘကြီးမြိုင် ကို သွား ပြောချေ ဆိုလို့ ”

ဘကြီးမြိုင် ခေါင်း မှာ ပတ် ထားတဲ့ အဝါရောင် ပဝါ ပိုင်းလေး ကို ဖြုတ် လိုက်တယ် ။ ချွေးတွေ နဲ့ ယား လာတဲ့ သူ့ သျှော င်ကို တဗျင်းဗျင်း ဆွဲကုတ် လိုက်ပြီး -

“ ဘကျွဲ ဘကျွဲ ဘယ်မလဲ သူ့ ပြောမှပေါ့ ၊ သူ က အလှူရှင် ”

ဒီတုန်း ဗြုန်း ဆို ကျောင်းဆရာလေး ကိုစိန်မောင် ရောက် လာတယ် ။ နားစွန်နားဖျား ကြားရုံ နဲ့ သိပြီး ဖြစ်ပုံ ရတယ် ။ သူ လည်း မျက်စိ မျက်နှာ ပျက် နေပြီ ။

“ ခက်ပါတယ် ဘဒွေး ရာ ၊ ဘာ လုပ်ရမှန်းတောင် မသိတော့ဘူး ။ ကိုဘကျွဲ ကို ကျွန်တော် ပြောပြီးပြီ ” 

“ ဘာ ပြောတုန်း... ဘာ ပြောတုန်း ”

သိချင်လွန်း လို့ ဘကြီးမြိုင် ရှေ့ တစ်လှမ်း တိုးရင်း ခပ်ဆတ်ဆတ် မေး လိုက်တယ် ။

“ ကျွန်တော် မေးတာ ကို သိပ်တောင် စိတ်ဝင်စားပုံ မ ပေါ်ဘူး ။ ဆိုင်း ရှေ့ မှာ တင်ပြဉ်ခွေ ထိုင်ရင်း သွားကြီး ဖြီး လို့ ။ ဆိုင်းနောက်ထ ကို ဆုတွေဘာတွေ ချလို့ ။ ကျွန်တော် လည်း မနေနိုင်တော့ တာ နဲ့ ကဲ - ကိုဘကျွဲ ကျွန်တော် ပြောတာ ကြားလား ၊ ထမင်းရုံ ထဲ မှာ ထမင်းပြတ်ပြီ ၊ ဟင်း လည်း မရှိတော့ဘူး ။ ဘယ်လို လုပ်မှာလဲ ဆိုတော့ သူ က ဘာ ပြန် ပြောတယ် မှတ်သလဲ ”

လှတိုး နဲ့ ဘကြီးမြိုင် ခေါင်း နှစ်လုံး ဟာ မကြား မှာ စိုး လို့ ထင်ရဲ့ ကိုစိန်မောင့် ပါးစပ် နား အထိ ကပ် လိုက်ပြီး ဘာ ပြောလဲ ဘာ ပြောလဲ လို့ ပြိုင်တူ မေး လိုက်တော့ -

“ ကျုပ် ဒါတွေ စိတ် မဝင်စားဘူး တဲ့ ၊ အဆင် ပြေ သလို သာ ကြည့်လုပ်ကြပါတဲ့ ။ ကျုပ် ဒီမှာ ဆိုင်း နားထောင် ကောင်း နေလို့ တဲ့ .. ကဲ ”

အဲဒီ အချိန် မှာ ပဲ -

“ ဟယ် ကောင်းလိုက်တာ အခု တီးနေတာ ဘယ်သူ တဲ့ လဲ ။ ပြည်တော်ချစ် ရွာစားလေး စိန်အောင်ဆင့် ဆိုပါ လား ။ ဘယ်သူ့ ပွဲ လည်း ကိုဝါယော ရေ ။ ဘုရားဒကာ ၊ ကျောင်းဒကာ ၊ အလှူဒါယကာ ဦးဘကျွဲ ရဲ့ အလှူပွဲ ဆိုပါ လား ကိုကျောက်စူး ရေ ” ဆိုတဲ့ အသံ ဟာ ရွာလယ် မဏ္ဍပ် က နေပြီး တအိအိ တိုက် လာတဲ့ ဧရာဝတီမြစ်ဆိပ် က လေပြည် နဲ့ အတူ လူတကာ နှာဖျား ကို တို့ထိ ပွတ်သပ် ကျီစယ် နေပါတော့တယ် ။

◾သာထက်အောင်

📖 ပေဖူးလွှာ မဂ္ဂဇင်း
     ၁၉၉၁ ၊ ဒီဇင်ဘာ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment