❝ မီးရောင် အောက် ကို ဝင်ရင် ❞
“ ... မီးရောင် အောက် ကို ဝင်ရင် လူပြက်တွေ နဲ့ သော တော့ သူ့ သဘော က မကြည်ရွှင် ၊ ဪ .. မြရင် မြရင် မြရင် ချစ်ကြပေသရှင် ပြည်တစ်ခွင် သူ့ အချစ်မျိုး ဟာ ဘယ်အမျိုးအစား လဲ အားမရနိုင်အောင် ပင် ... ”
အငြိမ့် အကြောင်း ကို တွေးမိ တိုင်း သည် သီချင်း က နား ထဲ ဝင် လာရသည် ။ ထို့နောက် ငယ်ငယ် က အငြိမ့်စင် ဘေး ၌ မတ်ရပ် ရပ် ငေးမော့ ခဲ့ရသည် ကို မြင်ယောင် လျက် ပြုံး မိသည် ။
ပရိသတ် ကို ကျောခိုင်း ထိုင်နေသည့် အငြိမ့်သမကလေး က လူပြက် ခေါ် နေသည် ကို မထူးသေး ဘဲ အဆိုကလေး နှင့် ပရိသတ် ဘက် သို့ လှည့် ၍ တစ်ချက် လောက် ပြုံးပြ လိုက် လျှင် ပင် “ ဒါ ကိုယ့် ကို ကြည့်ပြီး ပြုံးပြတာ ဖြစ်မှာပဲ ” ဟု ရင် ထဲ ၌ ဒိတ်ဒိတ် ခုန်လာရသည် ။ သီချင်း ဆုံးသည် နှင့် ဖျတ်ဖျတ်လတ်လတ် လှည့်ပတ် က ပြ လိုက်သော အခါ လက်ခြေ တို့ သယ်ပုံ လှုပ်ပုံ ကို ကြည့် လျက် အငြိမ့်သမကလေး ၏ အက နှင့် အတူ ရင် ထဲ ၌ မြူးကြွ ရသည် ။
က အပြီး ပရိသတ် ကို ကျောပြု လျက် ပတ္တလား ဘက် သို့ မျက်နှာ မူ ကာ အငြိမ့်သမ ကလေး က ကျုံ့ကျုံ့ယို့ယို့ ပြန် ထိုင် လိုက်သည် နှင့် နှလုံး ၌ ခုန်သော သွေး ရပ် သွားကာ အောင့်ထား သည့် ပင့်သက် ကို မှုတ်ထုတ် ပြီး ဖြစ်ရသည် ။ ထို့နောက် ဝေးကမ္ဘာ သို့ ပြေးသွား လေသော ချစ်သူ ကို တအောက်မေ့မေ့ လွမ်းဆွတ် တမ်းတ နေရ သကဲ့သို့ အငြိမ့်သမကလေး ၏ ကျောကုန်း ကို ကြည့် လျက် ရွှမ်းပျပျ ပြုံး လိုက်သည့် မျက်နှာကလေး ကို တမ်းတ ရသည် ။
ကလိုက် ခုန်လိုက် ရ သဖြင့် ဖိုလှိုက် နေရှာသော အငြိမ့်သမကလေး ၏ ကျော နှင့် သိမ် သော ခါး ၊ ကား သော အိ သော တင်ပါးကြီး ကို ကြည့် လျက် မော နေသော အငြိမ့်သမကလေး နှင့် အတူ အသက်ရှူ မှား နေရသည် ။
တတိယအကြိမ် အခေါ် တွင် အငြိမ့်သမကလေး က သီချင်း မဆိုဘဲ မခေါ်သည့် လူပြက် ဘက် သို့ လျှောက် သွား ကာ ...
“ ဒီဘက် က ကိုစပယ်ဖူးကြီး မှတ်တယ် ရှင့် ” ဟု တစ်ဖက် လူ ကို မသိသလို ပြု၍ ဟန်ဆောင် ထား သော လုပ်သံ ကို ခပ်မြှင့်မြှင့် တင်၍ မေးလိုက်သော အခါ …
“ ဒါ ဟို ခေါ်တဲ့ လူပြက် ကို မသိချင်ယောင် ဆောင် တာ မဟုတ်ဘူး ၊ ကိုယ့် ကို မသိချင်ယောင် ဆောင် ပြတာ သူ တော်တော် တတ်နိုင်တယ် ” ဟု မချင့်မရဲ ဖြစ်ရသည် ။
ထို့နောက် အငြိမ့်သမကလေး က စိတ်ကောက် ပြ လျှင် ဆွဲယူ ပွေ့ပိုက် လိုက် ချင်သည် ။ အငြိမ့်သမကလေး က ငိုမဲ့မဲ့ ပြု လျှင် တူနှစ်ကိုယ် ပါးချင်းကပ် လျက် နှစ်ယောက် နား ကြားရုံ တိုးတိုးတွတ်တွတ် ချော့ ချင်သည် ။ အငြိမ့်သမကလေး က ပြုံး လိုက် လျှင် ကြည်နူးမဆုံး ဖြစ်ရသည် ။ တစ်ခါတစ်ရံ တော့ လူပြက်ကြီးတွေ ကို ပင် မနာလို တော့ ။
••••• ••••• •••••
ယခုမူ ဤသို့ မခံစားရ တော့ ။ အငြိမ့်တွေ ကို ကြည့်ပါ၏ ။ ယခင် ငယ်ငယ် က ကြည့်ရ သည် ထက် အပြင်အဆင် သာသည် ။ ရောင်စုံ မီးမောင်းကြီးများ ထိုးပုံ ပေးပုံ သာသည် ။ နောက်ခံ ကားတွေ စုံသည် ။ ဇာတ်ထုပ် ဇာတ်လမ်းတွေ ပို လာသည် ။ ရှေးရှေး က အချို့ ဇာတ်ကလေးများ ထက် ပင် သာသေးသည် ။
သို့ပါလျက် ယခု အငြိမ့်တွေ ကို ကြည့်ရသည် မှာ တစ်ခု ခု ဟာ နေ သလို ရှိသည် ။ ဘာလို နေပါလိမ့် ဟု တွေး မရ အောင် ဖြစ်သည် ။
အရွယ် ကြီးလာသော ကြောင့် ငယ်ငယ် က လို ရိုးရိုးရွရွ မဖြစ်လွယ် ၍ လား ဟု မိမိ ကိုယ် မိမိ မေး ကြည့်သည် ။ ဒီလိုတော့ မဟုတ်ပါ ၊ ကိုယ့်အကြောင်း ကိုယ် ပဲ သိသည် ။ အသက် နည်းနည်း ကြီး လာတော့ ငယ်ငယ် က အောင့်တာ ထက် ပို၍ အောင့် ထားနိုင် မျိုသိပ် ထားနိုင် တာ လောက်ပဲ ထူးသည် ။ ခံစားမှု က တော့ ငယ်ငယ် က နှင့် ဘာမျှ မထူး ။ ယခု ကြီးမှ ပိုလာသည် ဟုပင် ထင်သေး ၏ ။ သည်လို ဆိုလျှင် ဘာကြောင့် ငယ်ငယ် က ဖြစ် သလို ခံစားရ သလို မဖြစ်ရ မခံစားရပါလိမ့် ၊ အကြောင်း ရှိဟန် တူသည် ။
ထို အကြောင်း ကား ဖော်ပြရန် အားနာစရာ ကောင်း လှ၏ ။ ယခု အငြိမ့်တွေ သည် ယခင်က အငြိမ့်တွေ ထက် အဝတ်အဆင် ၊ နောက်ခံကား ၊ မီး အပေးအယူ အားလုံး သာ သော်လည်း ညံ့သွား သည့် အချက် ရှိသည် ။ ထို အချက် သည် ...
အက လည်း မဟုတ် ၊ အဆို လည်း မဟုတ် ၊ အပြော လည်း မဟုတ် ၊ အဖို မှန် သမျှ မတ်ခနဲ ခေါင်း ထောင် ကြည့်ချင် လာအောင် ဆွဲနည်း ဆွဲပုံ ဖြစ်သည့် “ အနုဘာဝ ” “ သာတွိကာဘာဝ ” နှင့် “ ဗျဘိစာရီဘာဝ ” တို့ လျော့ပါး ပျောက်ကွယ် ကုန်သောကြောင့် ဖြစ်၏ ။
ထို အနုဘာဝ ကို မာယာ လေးဆယ် ဟု ခေါ် လျက် သာတွိကာဘာဝ ကို ခံစား ထိခိုက်မှု လက္ခဏာ မူရင်း ရှစ်ခု ဟု ခေါ်၍ ဗျဘိစာရီဘာဝ ၃၃ - ခု ကို ခံစား ထိခိုက်မှု လက္ခဏာပွား ၃၃ - ခု ဟု ခေါ်သည် ။
ရှေး အငြိမ့်များ ၌ ဤ အကြောင်းအချက်များ ကို ဘာကြောင့် ဘာပြုလုပ်သည် ဟု အငြိမ့် ဆရာ တို့ က ရှင်းလင်း မပြကြ သော်လည်း အငြိမ့်သမများ ကို သင်ကြားရာ ၌ စာသံ ပေသံ မဖော်ပြဘဲ ဤ အကြောင်းအချက်တွေ အပြည့်အဝ ရအောင် သင်ကြား ပေးသည် ။
အငြိမ့်ထောင် ဆရာကြီး တစ်ဦး ဖြစ်သော မြန်မာညွန့် ဦးချစ်မောင် သည် မိမိ ၏ မင်းသမီး အတွက် သား ရှင်ပြုရန် ကလေး လိုချင်ကြောင်း ၊ ကလေးငယ်တို့ ၏ မျက်နှာ ကို မြင် ရ လျှင် ရင်ဝယ် တသိမ့် ပီတိတွေ စိမ့် သဖြင့် နှစ်သိမ့်မှု အပြည့် နှင့် ရင်ဖို လျက် ငို မလို ဝမ်းသာ ကြည်နူးရ ကြောင်း တွေ ကို ပြောဆိုကလေး ဖြင့် ပရိသတ် ကို ဖမ်းစားစေကြောင်း စသည် တို့ ကို ပြောပြ သဖြင့် မှတ်သား ရ၏ ။ ထို အဆို အပြော ဖြင့် မိမိ ၏ မင်းသမီး နောက် သို့ ကာလသားကြီးငယ် တို့ အစွဲကြီး စွဲခဲ့ရသည် တို့ ကို လည်း ပြောပြ၏ ။ ဤသည် တို့ ကို ထောက် သော် အငြိမ့် ၏ အသက် သည် ရတိရသ ပေါ် အောင် ဆွဲဆောင် ကပြနိုင်ခြင်း ဟူသည့် အမြုတေ အကြောင်းရင်း ကို တွေ့ ရသည် ။
ယခု အငြိမ့်တို့ ကား ထို အမြုတေ အကြောင်းရင်း ပျောက်ကွယ် လျက် အခြား အပြင်ပ အဆောင်အယောင်တွေ သာ တိုးတက် လာကြသည် ဆိုလျှင် မှားအံ့ မထင် ။
အကယ်၍ အငြိမ့်သမ တစ်ယောက် သည် ယောက်ျားကြီးငယ် တို့ ၏ အချစ်အကြိုက် ကို ငိုက်ခနဲ ရယူ နိုင်အောင် ယခု ခေတ် တွင် လည်း ပြုနိုင်ပါသည် ၊ ပြုနိုင်သူ ပါသေးသည် ထားဦး ။ ယခင် ခေတ် ကို မီအံ့ မထင် ၊ တမင် ပြုပြင် ၍ ထားသည့် ဖောင်းဖောင်းကြွကြွ နှင့် ကိုယ် အလှ ကို ဖော်ပြ ထားသော အဆင်အသွင်တို့ ၏ အကူအညီ ကို ယူကြ ရသည် ။
အငြိမ့် သည် မြန်မာ ဘုရင် လက်ထက် ကတည်း က ရှိခဲ့၏ ။ ဝဲယာ အငြိမ့်တော် တို့ကို ပေးရသည့် တစ်နှစ် အတွက် သုံးငွေ စာရင်း ကို ဗြဲတိုက် စာရင်း တို့ ၌ ဖတ်ရှု မှတ်သားရ ဖူး၏ ။ သို့သော် ထို အငြိမ့် သည် ရှေ့ မြန်မာဘုရင်များ ၏ လက်ထက်တော် ကတည်း က ရှိခဲ့ဖူးဟန် တူသည် ။ သို့သော် မည်သူ က မည်ကဲ့သို့ စ ခဲ့သည် ကို မတွေ့ရသေး ။
အငြိမ့် နှင့် ပတ်သက် ၍ မြန်မာပြည် သို့ ကူးစက် လာသည် ဟု ထင် ရသော အက တစ်မျိုး သည် အိန္ဒိယပြည် တန်ဂျိုနယ် ရှိ ဘုရားရှိခိုးကျောင်းများ ၌ လွန်ခဲ့သည့် အနှစ် ၃ဝဝ ခန့် က ပေါ်ပေါက် ကပြ ကြသည် ။
ထို အက ကို ‘ ကုရဝဉ္ဇိတ Kuravaji ’ အက ဟု ခေါ်ကြ၏ ။ ‘ ဘရိဟာ ဒိသွာရ ’ တန်ဆောင်း ၌ နှစ်ရှည်လများ ကခဲ့ကြ ဖူးသည် ။ ယခု မူ ထို အက ကို ဆက်လက် ထိန်းသိမ်း ထားနိုင်မှု မရှိတော့ပါ ဟု တစ်လောက အိန္ဒိယ မှ လာသည့် ယဉ်ကျေးမှုအဖွဲ့ ခေါင်းဆောင် က စာရေးသူ ၏ မေးမြန်းမှု ကို ဖြေဆို သွားသည် ။
ကုရဝဉ္ဇိတ အက ၌ အနုပညာ ပါသည် ၊ မိန်းကလေးများ သည် အားလုံး လိုလို အခြေအနေ မဲ့ လေလွင့် နေရသည့် အလှ အချောကလေးများ ( ဂျစ်ပစီ ) ပုံသဏ္ဌာန် ဝတ်ဆင် ထားကြလျက် -
ဇာတ်ဆောင် မိန်းကလေး တစ်ဦး က အဆိုဟန် အမူအရာ တို့ နှင့် ဦးဆောင် ကပြ ရ ရှာသည် ။
ထို ဇာတ်ဆောင် မိန်းကလေး ဘေး ၌ သူငယ်ချင်း မိန်းကလေး လေးယောက် ရှိသည် ။ မိန်းမ ချင်း မို့ အတွင်းရေး အပြင်ရေး တွေကို အဆို နှင့် ဟန် နှင့် ပွင့်ပွင့်လင်းလင်း ပြောကြား တိုင်ပင် ရာ အဖော် မိန်းကလေး လေးယောက် တို့ က ဇာတ်ဖြည့် အဖြစ် အဆို နှင့် ပင် ဝိုင်းဝန်း စိတ်ဆိုးကြ သနားကြ ပူပန်ကြ အားပေး အားမြှောက် ပြုကြ ပြုလုပ် ပြရလေ့ ရှိသည် ။
ဤသို့ ပြောရင်း အရေးကြီးဆုံး ဇာတ်ကောင် ပေါ်လာသည် ။ ထို ဇာတ်ကောင် ကို ပွဲကြည့်သူ တို့ က မျက်စိ ဖြင့် မမြင်ကြရ ၊ စိတ် ထဲ ၌ သာ ပေါ်လာသည် ။ မြင်ကြရသည် ။ ထို ဇာတ်ကောင် ကား အလွန်ချော အလွန်လှ ယောက်ျား ပီသသော ခေါင်းဆောင် မင်းသမီးကလေး တမ်းတ လွမ်းဆွတ် နေသည့် ဇာတ်ကောင် ယောက်ျား လုလင်ပျိုကလေး ဖြစ်သည် ။
ထို လုလင်ပျိုကလေး ကို ခေါင်းဆောင် မင်းသမီးကလေး က မိုး အဆုံး မြေ အဆုံး လိုက်၍ ရှာ ရင်း လေ ၌ လွင့်သော သစ်ရွက် ကဲ့သို့ ရပ်တည်ရာ မရှိဘဲ လွင့် နေရသည် ။
ပွဲကြည့် ပရိသတ်တို့ ပြန် သွားသော အခါ မိမိတို့ မျက်စိ ဖြင့် မမြင်ရဘူးသည့် ချစ်ဖွယ် ကြိုက်ဖွယ် ကောင်းသော သူရဲကောင်း ယောက်ျား လို လူပျို ...
ထို ကိုလူပျိုကလေး ကို တမ်းတ ရင်း မိုး အဆုံး မြေ အဆုံး လိုက်၍ ရှာရင်း လေလွင့် နေသည် သူငယ်ချင်း လေးယောက် တို့ အလယ် မှ အပျို မိန်းကလေး ... ။
ထို သနားဖွယ် လွမ်းဆွတ်စရာ ကောင်းသည့် အသွင်သဏ္ဌာန် တို့ ကို ရွှေပွဲလာ ပရိသတ် တို့ ၏ ခေါင်း ထဲ ၌ တစ်လ နှစ်လ အချိန် အထိ ထွက် မသွားကြ ...
“ ကျွန်မ ချစ်တဲ့ သူ ဟာ ဟောဒီ ပရိသတ် ပါ ” ဟူသော အငြိမ့် သည် ယခု ဖော်ပြခဲ့သော “ ကုရဝဉ္ဇိ ” အက မှ ကူးစက် လာခဲ့သလား ။
◾ရန်ကုန်ဘဆွေ
📖 ချင်းတွင်း ဂျာနယ် ၊ ၇၈
( ဇွန် ၊ ၁၉၆၄ )
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment