❝ မေတ္တာရေကြည် တစ်ပေါက် ခမ်းခြောက်ခဲ့လေသော် ❞
“ တကတည်းတော် မွေးရကျိုး မနပ်လိုက်တဲ့ သားသမီးတွေ .. ငါ ကျွေးမွေး ထား လို့ လူမွေးလူရောင် ပြောင်နေတာများ ..”
“ ဟဲ့ ဖဲညွန့် ဘာ ဖြစ်လာပြန်တာတုန်း ...နင့် ကြည့်လိုက်ရင် ဒေါသ မောဟ တွေ နဲ့ ပူလောင် နေတာပဲ ”
ခေါင်းပေါင်း ထား တဲ့ ပုဆိုး ကို ဖြည်ပြီး ဝါးကွပ်ပျစ်ပေါ် ခြေပစ်လက်ပစ် ထိုင်ချလိုက်ရင်ပဲ ဘုရား ဖြစ်မယ့် အုတ်ခဲ က စပြီ ။ ပြီးရင် ဟောတော့မယ် ရွှေပြည်အေး တရား ။
“ ဘာဖြစ်ရမှာတုန်း .. တော့် သမီး အလတ်မ ပေါ့ ၊ ကျုပ် က မြေးတွေ ကို လွမ်းလို့ အလည် သွားပါတယ် ၊ လူ ကို များ ချေး နိုးနိုး ၊ တောင်း နိုးနိုး ထင်နေတာ ”
လက်နှီးစုတ် မဲညစ်ညစ် ကို ကိုင်ပြီး ထမင်းအိုး ငှဲ့ နေတဲ့ အဖိုးကြီး တစ်ချက် ပြုံးသွားတာ ကို မြင် ဖြစ်အောင် မြင်လိုက်ရတယ် ။ သိနေတယ်လေ အဲဒီ အပြုံး ကို ။ ဒီ အဖွားကြီး အခု ထိ မာန် မချနိုင်သေးဘဲ ကိုး ဆိုတဲ့ အပြုံး ။ ဟွန်း .. ခန္တီ ပါရမီရှင်ကြီး ။ ကိုဘအေး ဆိုတဲ့ နာမည် နဲ့ လိုက်အောင် အေးပါ့ ။ သားသမီးတွေ အပေါ် ဘယ်တုန်း က မှ အပြစ် မမြင် ။ အမြဲ ခွင့်လွှတ် တတ်တဲ့ အဖိုးကြီး ပေါ့ ။ ကျုပ် က တော့ မရ ပေါင် ။
တရား မရသေးဘူးပဲ ပြောပြော ။ ဒေါသ ကြီးတယ်ပဲ ဆိုဆို ။ ကြည့်ပါအုံး တုန်တုန်ရီရီ နဲ့ ထမင်းချက် နေရှာတာ ။ လူ မြင်လို့ မှ မကောင်း ။ မိဘ နှစ်ပါး က သားသမီး ဆယ်ယောက် ကို ဝအောင် ကျွေးနိုင်တယ် ၊ သားသမီး ဆယ်ယောက် က မိဘနှစ်ပါး ကို ဝအောင် မကျွေးနိုင်ဘူး ဆိုတဲ့ စကား ။ အောင်မလေး သွေး ထွက်အောင် မှန်လှချည် လား ။ တွေးရင်း ဒေါသ က ထွက်လာ ပြန်ပြီ ။
“ စိတ်လျှော့ ဖဲညွန့် ရေ စိတ်လျှော့ ၊ နင့် မှာ လည်း သွေးတိုးရောဂါကြီး နဲ့ ၊ သာမညတောင် ဆရာတော်ဘုရားကြီး ရဲ့ လင်္ကာလေး မကြားဖူးဘူး လား ၊ မာန ထောင်မှု သတိပြု မသေခင် ဟုတ် သေရင် ပုပ် ၊ အနှစ် မပါ ငါ့ ခန္ဓာ တဲ့ ၊ တို့တွေ အသက် လည်း မငယ်တော့ဘူး လေ ၊ လောဘ ဒေါသ မာနတွေ လျှော့ပြီး တရားဘာဝနာ အားထုတ်သင့် နေပြီ ”
အောင်မလေး တရားတွေ ပေါက် နေလိုက်တာ ၊ အဲသလောက်တောင် ဖြစ်လှ တောထွက် လိုက်ပါလား ။ ဘုန်းကြီး ဝတ် လိုက်ပါလား ။
ဖဲညွန့် တို့ က တော့ သေတဲ့ ထိ အောင် မလျှော့ရေးချ မလျှော့ဘူး ဟေ့ ။ အသက် နဲ့ လူ လုပ်လာတာ မဟုတ်ဘူး ။ မာန နဲ့ လူ လုပ်လာတာ ။ ကိုယ့် ထမင်း ကိုယ် စား နေတာ ။ ဘယ် သားသမီး ဆီ က မှ လက်ဖြန့် တောင်း နေတာ မဟုတ်ဘူး ။
ညစာ စားပြီးတဲ့ အထိ ဒေါသ က မပြေသေးဘူး ။ အဖိုးကြီး က တော့ ဘုရား ရှိခိုး ပြီးလို့ အိပ်ရာ တောင် ခင်းနေပြီ ။
“ ဖဲညွန့် အဲဒီ ကွပ်ပျစ် ပေါ် အကြာကြီး မနေနဲ့နော် ၊ လေ တိုက်တယ် ဟ ၊ တော်နေ အအေးပတ်ပြီး လေဖြတ် နေအုံးမယ် ”
ဖွဟဲ့ လွဲပါစေ ဖယ်ပါစေ ။ အဖိုးကြီး နှယ် နိမိတ် မရှိ နမာ မရှိ ။ ဒေါသငွေ့ ကြောင့် လား မသိ ။ အိုက်စပ်စပ် နဲ့ ။ လေလေး က တဖြူးဖြူး ဆိုတော့ နေလို့တော့ ကောင်းသား ။ ကွပ်ပျစ် ပေါ် ခဏ မှိန်းလိုက်ပါဦးမယ် လေ ။
••••• ••••• •••••
စကားသံတွေ က ကြား တစ်ချက် မကြား တစ်ချက် ။ နား နား ကပ် ပြောသလို ကျယ်လာလိုက် ။ အဝေး က ပြောနေ သလို တိုး သွားလိုက် နဲ့ ။ မျက်လုံး ကို အားယူ ဖွင့် ကြည့် ပြန် တော့လည်း ကင်းမြှေး တန်း ထားသလို မှုန်ဝါးဝါး ။ ခေါင်း က လည်း မူး လိုက်တာ ။ နားထင် နှစ်ဖက် က သွေးကြောတွေ ခုန် နေလိုက်တာများ ပေါက်ထွက် တော့ မယ့် အတိုင်း ။ တဒိန်းဒိန်း နဲ့ ။
ကျော က ပူ လာတာ နဲ့ ကုန်းရုန်းထ လိုက်တယ် ။ ဟင် တုပ်တုပ်တောင် မလှုပ်ဘူး ။ ခန္ဓာကြီး က လေး လိုက်တာ ။ တစ်လက်မ တောင် မကြွပါလား ။ အေးလေ ကိုယ့် ဟာ ကိုယ် ထ မရ လည်း ဘေးလူ ကို အကူအညီ တောင်းရ မှာပဲလေ ။ ဟဲ့ ဟဲ့ ငါ့ ကို ထူပေးကြပါဦး ဟဲ့ ။
“ ဝူး ဝါး ဝူး ဝါး ဝါး ”
ဟင် ငါ့ အသံတွေ ဘာဖြစ် နေတာပါလိမ့် ။ လုပ်ကြပါဦး ။ ငါ ဘာဖြစ် သွား တာလဲ ။ အောင်မလေး ကယ်ကြပါဦး ။ ကြောက်လန့်တကြား နဲ့ ရုန်းကန် လိုက်တယ် ။ ညာဘက် လက် နဲ့ ခြေထောက် လှုပ်လို့ ရနေတာ ကို သတိထား မိတယ် ။
“ ဆရာ ဆရာ လုပ်ပါဦး အဖွား အတင်း ရုန်းနေလို့ ”
ဒါ ဒါ မြေးလေး အသံ ပဲ ။ လက်ကောက်ဝတ် ဆီ က ဆစ်ကနဲ နာ သွားလို့ ရုန်း လိုက်တယ် ။ တစ်ယောက် ယောက် က အတင်း ချုပ် ထား သလိုပဲ ။ သွေးကြော ထဲ ကို တစ်ခု ခု ဝင်လာ သလို ခံစားရပြီး တဖြည်းဖြည်း အိပ်ချင် လာတယ် ။ စကားသံတွေ က တိုး တစ်လှည့် ကျယ် တစ်လှည့် နဲ့ နောက်ဆုံး စကားသံ ကို ပီပီသသ ကြား လိုက်ရပြီး အိမ်ပျော် သွားလေရဲ့ ။
“ အဖွား ကိုယ် တစ်ခြမ်း လေဖြတ်သွားပြီ ဒေါ်ကြီး ”
••••• ••••• •••••
ငါ့ အဖြစ် က လည်း လေဖြတ် ရင်း တစ်ခါတည်း သေသွားပါတော့လား ။ အခုတော့ မဟုတ်ပေါင် ။ ရှင်လျက် နဲ့ သေ ဆိုတာ ဒါမျိုး ထင်ပါ့ ။ ကိုယ့် ကို ကိုယ် ကံ ဆိုး တာလား ၊ ကံ ကောင်းတာလား ဆိုတာ တောင် မဝေခွဲ တတ်တော့ဘူး ။ ခံစား နေရတဲ့ ဝေဒနာတွေ ပြောပြချင်ပေမယ့် အသံ က မထွက် ။
ဟင်း .. ဒုက္ခ ၊ ဒုက္ခ ။ ကဲပါလေ အခုလို ညည်း နေတော့လည်း ဝေဒနာ က ပျောက်မှာ မှ မဟုတ်တာ ။ နေသာ ထိုင်သာလေး ရှိတုန်း တရားလေး မှတ် နေမှ ။ အသိစိတ်လေး ပျောက် မသွားတာပဲ အဆိုး ထဲ က အကောင်း လို့ မှတ်ရုံပဲပေါ့ ။
အဲ ... နေပါဦးလေ ။ တရား မှတ်ရအောင် ငါ့ မှာ ဘာ တရား မှ မရှိတာ ။ ဘာ မှတ်ရမှာ ပါလိမ့် ။ ဘုရားစာတွေ ရွတ် ရမှာလား ။ ခေါင်း ထဲ မှာ လည်း ဘာမှ ရှိတာ မဟုတ်ဘူး ။ အိမ် က လူကြီး တရားထိုင် ခိုင်းတုန်း က အတူ လိုက် ထိုင်ခဲ့ရ အကောင်းသား ။ ကိုယ့် ဟာ ကိုယ် သိသလောက်လေး လုပ်ရမှာပဲလေ ။ အိမ် က လူကြီး ပြော ပြော နေတာ တော့ အမှတ်ရ မိပါရဲ့ ။ ဝင်လေ ထွက်လေ မှတ် ၊ အာရုံ ကို နှာသီးဝ မှာ ထား ဆိုလားပဲ ။ ဟုတ်ဟုတ် မဟုတ်ဟုတ် လုပ် ကြည့်ရမှာ ပဲ လေ ။ စိတ်အာရုံ ကို နှာသီးဝ မှာ ထားပြီး အသက် ရှူ လိုက်တယ် ။ ဟုတ်သား ။ နှာခေါင်း တစ်လျှောက် လေ ဝင်သွားတာ သတိ ထား လိုက်မိတယ် ။ ပြန် ထုတ် ကြည့်လိုက်မယ် ။ မှတ်ထား မှတ်ထား ... ။ ဝင်လေ .. ထွက်လေ ၊ ဝင်လေ ... ထွက်လေ ။ အား ကျွတ် ကျွတ် ကျွတ် တင်ပါးဆုံရိုး က နာ လိုက်တာ ။ မီးစ နဲ့ ထိုးထား သလို ပူ က ပူသေး ။ ဟဲ့ ဟဲ့ ငါ့ ကို စောင်း ပေးကြပါဦး ဟဲ့ ။ အား .. နာ လိုက်တာ ။ အသိစိတ် က နှာသီးဝ ဆီ ရောက်လိုက် ၊ ဝေဒနာ ဆီ ရောက်လိုက် နဲ့ ။ အိမ် က လူကြီး ပြောဖူးပါရဲ့ ။ နာ ရင် နာတယ်လို့ မှတ် ၊ နာတာ ပျောက် သွား လိမ့်မယ် တဲ့ ။ ဟုတ်သော် ရှိ မဟုတ်သော် ရှိ လုပ် ကြည့် ရမှာပဲ ။ သူ က တော့ လိမ် မပြောတန် ကောင်းပါဘူး ။ တင်ပါးဆုံရိုး ဆီ က နာတယ် .. နာတယ် .. နာတယ် ။
“ ဆေးရုံ မပို့တော့ပါဘူး ဆရာလေး ရယ် ၊ ရေ မှ မသိမ်းနိုင် တော့ တာ ၊ မရတော့ပါဘူး ... ”
စကားသံတွေ က အာရုံ ထဲ တဝဲလည်လည် ။ နာတယ် ... နာတယ် ... ဝင်လေ ... ထွက်လေ ... နာတယ် .... ထွက်လေ .... ဝင်လေ .... ။
“ ဆေးရုံ မပို့တော့ရင် လည်း ဦးနှောက်ကြည်ဆေးလေး ထိုး ကြည့်ရအောင် ။ ရလို ရငြားပေါ့ ၊ ကျွန်တော် က တော့ ဆယ်လုံး လောက် ထိုးကြည့် ချင်တယ် ၊ တစ်သိန်း ကျော် လောက်ပဲ ကျမှာပါ ၊ ဒေါ်ကြီးတို့ သားသမီး ငါးယောက် တစ်ယောက် နှစ်လုံး လောက် ဝယ် ပေးကြပေါ့ ”
“ တော်ပါပြီ ဆရာလေး ရယ် မထိုးတော့ပါဘူး ၊ အသက် က ရှစ်ဆယ် ကျော် နေပြီ ၊ တကယ်လို့ ရခဲ့အုံး တောင် မှ ဝဋ် ခံနေရမှာ ၊ ပိုက်ဆံ နှမြောလို့ မဟုတ်ဘူး နော် ”
ထွက်လေ ... ဝင်လေ .. နာတယ် ... ၊ ဟီး .. ဟီး ... ဟီး ။ မနေ့ က စကားသံတွေ ကို တရားမှတ် ရင်း ကြားယောင် လာတယ် ။ ဝမ်းနည်းစိတ် က လှိုက် တက်လာလို့ အားရပါး ရ ကို ငိုပစ်လိုက်တယ် ။
အမလေး ပြောရက်လိုက်တာ ။ သမီးကြီး ပေါ့ ... အချစ်ဆုံး မို့ အမွေ အများဆုံး ပေးထားရတဲ့ သမီးကြီး ...ဟင် အမေ ကို ကောင်းကောင်း ကျေးဇူး ဆပ် လိုက်တာ ပေါ့လေ ။ မွေး ရတာ ဝမ်းရေ စပ် လိုက်တာ ။ သားသမီး ငါးယောက် မွေးထားပါရဲ့ ။ အမေ ကို ဆေး ကုဖို့ ကျတော့ တစ်ယောက် မှ မလှုပ်ကြပါလား ။ အေးပေါ့လေ .. ငါ့ မှာ ပေးစရာ ဘာမှ မကျန်တော့ ဘယ် ဂရုစိုက်ကြမလဲလေ ။ ဒါကြောင့်လည်း ရှေး လူကြီး တွေ ပြောခဲ့ကြတာပေါ့ .. အမွေပေး မစောနဲ့ တဲ့ ။ ရှိသမျှ လယ်တွေ ၊ ယာတွေ ၊ ကိုင်းတွေ အမွေခွဲ ပေးလိုက် ရဲ့ ။ သားသမီး ငါးယောက် မွေး ထားတာပဲ ကိုယ် က တော့ ဘယ် သားသမီး အိမ် တက် စားစားပေါ့ ။ အမယ်လေး ကိုယ့် အတွက် လယ်ထွက်စာလေး ချန် ထားလို့ သာ တော် တော့တယ် ။ အမွေ ခွဲ ပေးပြီး တစ်လ လောက် သာ ကြည်ဖြူကြရဲ့ ။ တစ်လ လည်း ကျော်ရော ဟို လူ့ ဆီ တွန်းလိုက် ဒီ လူ့ ဆီ ပို့ လိုက်နဲ့ ။ သားသမီးတွေ မကြည်ဖြူတော့ ဘာ အရေးလဲ လေ ။ ကိုယ့် လယ်တွက်စာလေး ကို ခြိုးခြံ ပြီး ဖင် မည်း နေတဲ့ စလယ်ဝင်အိုးလေး မီးဖို ပေါ် ပြန် တင်ရုံပေါ့ ။ အောင်မလေး တော်တော်လေး တရား ကျဖို့ ကောင်းတဲ့ သားသမီးတွေ ။ အဖေ အမေ အို ရဲ့ အိုစာ မင်းစာလေး ကို တောင် မျက်စောင်း ထိုး ချင်ကြတယ် တော်ရေ ။
အခုလို မအေ လေ ဖြတ်ရော ဆေးဖိုးစားရိတ် ဟိုလူ ထုတ်နိုး ဒီလူ ထုတ်နိုး နဲ့ ။ ဟင် ကုန်ကျစားရိတ် က သူတို့ ကို ကျုပ် ပေးထားတဲ့ အမွေ ရဲ့ အဖျားအနား တောင် မရှိပါဘူး တော် ။ ကျုပ် လည်း လူ ပဲ လေ ဘယ် သေချင်သေး မတုန်း ။ မြေးတွေ မြစ်တွေ နဲ့ နေရ သလောက်လေး နေချင်သေး တာပေါ့ ။ ကုချင်သေး တာပေါ့ ။ အခုတော့ ဟီး အဟီး ဟီး ။
“ ဖဲညွန့် ... ထတော့ ထမင်း စား ရအောင် ၊ နင် ကြိုက်တဲ့ ပဲရေပွ နဲ့ ချဉ်ရည်ဟင်းလေး ဟ ”
“ အဖိုး ... အမေကြီး က အိပ် နေတာ .. အား ရှိအောင် ဆလိုင်း သွင်း ထားတယ် ... အဖိုး အရင် စားနှင့် နော် ”
“ အေး အေး နိုးလာရင် လည်း ဂရုစိုက် ကျွေး လိုက်ကြဟေ့ .... ငါ က တော့ စားနှင့် ပြီ ”
ဟင် အိမ် က လူကြီး ၊ အဖိုးကြီး ကျုပ် ကို ထမင်း စားဖို့ လာ ခေါ်တာပေါ့ ။ မစားနိုင်တော့ဘူး တော် ရေ ။ တော် သာ ဝအောင် စား ၊ ကျန်းမာ အောင် နေ ။ ကျုပ် မရှိ တဲ့ နောက် တော် တစ်ယောက် တည်း ဘယ်လို နေမလဲ ဟင် ။ ကိုယ့် ကိုယ် ကိုယ် သာ ဂရုစိုက်ပါ တော် ။ ကျုပ် က တော့ ဒီ တောင် ကို မကျော်နိုင်တော့ဘူး ။
အိမ် က လူကြီး က ကျုပ် ကို တော့ အချစ်သား ။ ငယ် က ကျွမ်းတဲ့ ငယ်ကျွမ်းဆွေ တွေဆိုတော့ လည်း သံယောဇဉ်ထု က မသေးဘူးလေ ။ သူ ယိုင် တော့ ကိုယ့် မှီ ၊ ကိုယ် လဲ တော့ သူ ဆွဲထူ ပေးရင်း စလယ်ဝင်အိုး မည်း ကတည်း က မေတ္တာတွေ ဒီ အရွယ် ထိ မပျက်ပြယ် ခဲ့ဘူးလေ ။ ကျပ် ချိုးဖို့ ရေ တုန်တုန်ရီရီ နဲ့ ခပ်ပေး ရှာတယ် ။ ကျုပ် ကြိုက်တဲ့ ဟင်းလေးတွေ ကို မျက်စိ က မှုန်မှုန် ၊ ထင်း က စိုတော့ မီးခိုး က မွှန် မျက်ရည်လေး စမ်းစမ်း နဲ့ ချက်ကျွေး ရှာတယ် ။
“ စားစမ်းပါ ဖဲညွန့် ရဲ့ ၊ နင့် အကြိုက် ပဲရေပွလေး ကို ရွ နေအောင် ကြော်ထားတာ .... မန်ကျည်းရွက်ချဉ်ရည်လေး လည်း သောက်စမ်းပါ ဟ .. ”
ပျော့ တစ်ခါ မာ တစ်လှည့် ၊ ပေါ့ တစ်ခါ ငံ တစ်လှည့် ဟင်းတွေ ကို တော်ကြီး ကျေနပ်အောင် ကျုပ် အားရပါးရ စားခဲ့တယ် တော်ရေ ။ ကျုပ် မသေခင်လေး တော် ချက် ကျွေးတဲ့ ထမင်း တစ်နပ် လောက် စားလိုက်ချင် စမ်းပါဘိ ။
သေခါနီး ကယောင် ခြောက်ချား စိတ် က အတိတ် ဆီ ကို တဝဲဝဲ လည် လို့ ပါလား ။
••••• ••••• •••••
ကိုဘအေး ၊ မဖဲညွန့် ဆို ရင် ဒီ တန့်ဆည်နယ် တစ်ကြော မသိသူ မရှိဘူး ။ အဲသလို မရှိအောင် လည်း ကျုပ်တို့ လင်မယား နှစ်ယောက် ဒိုးတူပေါင်ဘက် ကြိုးစား ခဲ့ ကြတာပေါ့ ။ မျိုးရိုးစဉ်ဆက် ချမ်းသာ တော့ မိဘ ဆီ က ရတဲ့ အမွေ က လည်း မနည်း ဘူးလေ ။ လယ် ချည်းပဲ ဧက သုံးဆယ် ။ ရင်းနှီး စားသောက်ဖို့ စပါးတင်း နှစ်ရာ ၊ နွား တစ်ရှဉ်း ၊ လှည်း တစ်စီး နဲ့ အောင်မလေး ဖဲညွန့် တို့ များ အိမ်ထောင် ကျတာ ရေကန် အသင့် ကြာ အသင့် ပေါ့ ။
ကိုဘအေး က လည်း နာမည် နဲ့ လိုက်အောင် ဘာ အေးသလဲ မမေးနဲ့ ။ အရက် မသောက် ၊ ဖဲ မရိုက် ၊ မိန်းမ မရှုပ် ။ ငွေ ရှာ က လည်း ကောင်း ။ ပြောင်းကူးချိန် ဆိုလည်း ရှေ့ က ၊ ကုလားပဲ မတ်ပဲ လှောင်ချိန် ဆိုလည်း ဂိုထောင်ကြီး ထဲ မှာ အိတ်တွေ ဟီးဟီး ထ လို့ ။ ဈေးကောင်း ရ ချိန် မှ ထုတ်ရောင်း ။ သားသမီးရတနာ က လည်း တစ်ယောက် ပြီး တစ်ယောက် ပွားစီး လာ လိုက်တာ အိမ်ထောင်သက် ဆယ့်ငါးနှစ် မှာ သား နှစ်ယောက် ၊ သမီး သုံးယောက် ။
ကျုပ်တို့ မိသားစု စီးပွား တက် လာ သလောက် ကျုပ် မိဘတွေ ရဲ့ စီးပွားရေး က တဖြည်းဖြည်း ကျ လာတယ် ။ ဝယ် ထားတဲ့ ပဲတွေ ပြောင်းတွေ က လည်း ပိုး ကျလို့ ရှုံး ။ လှောင်ထားတဲ့ ပြောင်းဖူးဖက်တွေ က လည်း မိုး မိပြီး မှိုပြောက်တွေ ကျ ။ အဆိုးဆုံး က လက်ရှိသုံး နေတဲ့ ငွေစက္ကူတွေ တရားမဝင် တော့ ဘူး လို့ အစိုးရ က ကြေငြာ လိုက်တော့ ယိုင်လုလု စီးပွားရေး ဟာ လုံး ဝ ပြိုကျ သွားတော့တယ် ။ ငွေကြိုပေး ဝယ်ထားတဲ့ ကုန်ပစ္စည်းတွေ က လည်း မရ ၊ အကြွေး တင် ၊ နောက်ဆုံး နေအိမ် ကို ရောင်းပြီး အကြွေး ဆပ် လိုက်ရတာပေါ့ ။ ငွေမည်းတွေ လို့ ကြေငြာ လိုက်တော့ ကျုပ်တို့ လည်း အထိ နာ တာပါပဲလေ ။ ကံကောင်းတာ က အဲဒီ အချိန် ရှိသမျှ ငွေတွေ နဲ့ ရွှေတွေ ဝယ်စု ၊ ကုန်တွေ ဝယ်လှောင် ထားတော့ မိဘတွေ လောက် အထိ မနာဘူး ပေါ့ ။ ကျုပ် အမေ ဆို သုံး မရတော့ တဲ့ ငွေစက္ကူတွေ ကို ကြည့်ပြီး ရင်ဘက် ကို တဗုန်းဗုန်း ထု လို့ ငို လိုက်တာ အိပ်ရာ ထဲ လဲ တဲ့ အထိပဲ ။ တကယ်ဆို စီးပွား ပျက် သွားတဲ့ မိဘ နှစ်ပါး ကို ကျုပ် တစ်လှည့် ပြန် စောင့်ရှောက်ခဲ့ သင့်တာ ၊ ဒါပေမယ့် ကျုပ် တာဝန် မကျေခဲ့ဘူး ။ ငွေဂုဏ် ၊ ကြေးဂုဏ်တွေ နဲ့ ဘယ်လောက်တောင်များ မာန ခေါင်ခိုက် နေခဲ့သလဲ ။ ဘယ်လောက်တောင်များ အတ္တတွေ ကြီးမား နေခဲ့သလဲ ။ တစ်ခါတစ်လေ အိမ် အလည် လာ တဲ့ မိအိုဖအို ကို တောင် ချေး နိုးနိုး ၊ တောင်း နိုးနိုး ထင်ပြီး ပြေပြေလည်လည် မဆက်ဆံခဲ့ဘူး ။ မိဘ ကို အိမ်ဦးခန်း မှာ ထားပြီး ကျွေးမွေး ဖို့ ဝေးစွ ။ အိမ် မှာ ဟင်းကောင်းကောင်း ချက် ရင် တောင် မိဘ အိမ် တစ်ခွက် မပို့ဖူးဘူး ။
မိဘတွေ နေကောင်း ထိုင်သာ ရှိရဲ့လား တစ်ခါမှ မတွေးဖူးဘူး ။ ငါ ကောင်းဖို့ ၊ ငါ့ လင် ၊ ငါ့သားသမီး တွေ ချမ်းသာ ဖို့ .. ။ ဟင် .... ငါ ငါ ငါ ဆိုတဲ့ အတ္တတွေ မိဘ မေတ္တာ ကို မမြင်နိုင် အောင် ဖုံးလွှမ်း နေခဲ့ပါလား ။ ကျပ်တည်း ဆင်းရဲ နေတဲ့ မိဘ နှစ်ပါး သားသမီး ဆီ က ဆန် လာမယ့် မေတ္တာတွေ ဘယ်လောက်တောင်များ ငတ်မွတ် တောင့်တ နေလိမ့် မလဲ ။ နှုတ် က နေ သာ ဖွင့် မပြောတာ ။ သားသမီး ပို့ ပေးမယ့် ဟင်း တစ်ခွက် ဘယ်လောက် တောင် စားချင် ရှာ မလဲ ။ မိဘတွေ ကို ရည်စူးပြီး ဘုန်းကြီး နှစ်ပါး ပင့် ဆွမ်းကပ်ရုံ လောက် နဲ့ တာဝန် ကျေပြီ လို့ ထင်ခဲ့တယ် ။
အောင်မလေး .. အဖေတို့ အမေတို့ ရဲ့ ကျေးဇူး မသိတတ်တဲ့ သမီးမိုက်ကြီး ကို လာ ကြည့်လှည့်ပါအုံး ။ ကျုပ် ဝဋ် လည်ပြီ တော့ ။ ကျုပ် မွေး ထားတဲ့ သားသမီးတွေ ကျုပ် ကို ပစ်ထားကြပြီ ။ ကျုပ် ဝဋ်လည်ပြီ အမေ ရေ့ ... ဟီး ဟီး ဟီး ။
••••• ••••• •••••
ဟီး ဟီး ဟီး .... ။ အမေ့ ကို ဆေးရုံ ပို့ပေးကြပါ ။ အမေ မသေချင်သေးဘူး ။ တစ်ကိုယ်လုံး ရှိသမျှ အားတွေ ညာဘက် တံတောင်ဆစ် ဆီ ပို့ပြီး အားတင်း ထ လိုက်တယ် ။
“ အဖွား မထနဲ့ လေ ၊ ဆလိုင်း ချိတ် ထားတာ တော်ကြာ အပ် လွဲ သွားလိမ့်မယ် ၊ အမေရေ လာပါဦး ဒီမှာ အဖွား အတင်း ရုန်း နေလို့ ”
မြေးလေးရယ် အဖွား ကို ထူ ပေးပါဦး ။ လက် ထောက်ပြီး ထလိုက် လဲကျလိုက် နဲ့ ။
“ အမေ အမေ ဘာလို့ ဇွတ် အတင်း ရုန်း နေတာလဲ ငြိမ်ငြိမ် နေတာ မဟုတ်ဘူး ”
ဟင် ဒါ သမီးထွေး အသံပဲ ။ ကျန်တဲ့ သားတွေသမီးတွေ ကော ။ သားတို့ သမီးတို့ ရေ အမေ့ ကို ပစ်မထားကြ ပါ နဲ့ ။ ဆေးရုံ ပို့ ပေးကြပါ ။ အမေ မသေပါရစေနဲ့ဦး ။ သားတို့ သမီးတို့ ကို စကား တစ်ခွန်း မှာခဲ့ချင် သေးတယ် ။
“ အမေ ဘာတွေ ပြော နေတာလဲ ဝူးဝူးဝါးဝါး နဲ့ ... ဘာလဲ ဘယ်လို နေလို့လဲ ”
ဟင် .... အမေ ပြောတဲ့ စကား သားတို့ သမီးတို့ နားမလည် နိုင်တော့ပါလား ။ ဘုရား ဘုရား ဒုက္ခပါပဲ ။
အမေ သေရမှာ မကြောက်ပါဘူး ။ သားတို့ သမီးတို့ အမေ့ လို ဝဋ် လည်မှာ ပဲ ကြောက်တာ ။ အမေ့ နှုတ် က မပြောနိုင်တော့ ပေမယ့် အမေ့ ရင်ထဲ က စကား နှလုံးသား နဲ့ သာ နားထောင်ကြပါတော့ ။ အမေ စကား တစ်ခွန်း မှာခဲ့ချင် ရဲ့ ။
“ ကြွေးဟောင်း ကျေအောင် ဆပ်ကြပါ ” လို့ ... ။
◾ညီကျော် ( တန့်ဆည် )
📖 တစ်ယောက် တစ်ဘဝ ( ၁ )
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment