Wednesday, January 17, 2024

ကြောက်တယ်လို့ ဆိုနေ


 ❝ ကြောက်တယ်လို့ ဆိုနေ ❞


ကောက်ပင်များ ပေါ် မှ ဖြတ်သန်း တိုက်ခတ် လာသော လေအေး သည် ကျူထရံများ ကြား မှ ဝင်ရောက် ကာ အေးပို ၏ မျက်နှာ ကို ညင်သာစွာ ပက်ဖျန်း လိုက်လေသည် ။ အေးပို သည် အိပ်မောကျ နေရာ မှ လူးလွန့် လိုက်၏ ။ လူ မှန်း သိသည့် အချိန် မှ စ၍ ယနေ့ နံနက် သည် အေးပို အဖို့ အိပ်ရာ ထ နောက် အကျဆုံး နေ့ ဖြစ်၏ ။


မျက်လုံး နှစ်လုံး ပွင့် လာသော အချိန် ၌ သူ သည် ယီးတီးယောင်တောင် နှင့် ဖြစ်လေ၏ ။ သူ့ ဘေး ရှိ မြင်ကွင်းသည် သူ မြင်နေကျ မြင်ကွင်း မဟုတ် ။ သူ သည် အိပ်ရာ မှ ငေါက်ခနဲ ထ ၍ ထိုင် လိုက်၏ ။


အနားစုတ် နေသော သင်ဖြူး ပေါ် တွင် အစွပ် မရှိ သဖြင့် ဆီချေး တက် လျက် ပြောင်ချော နက်မှောင်၍ အေးစက်စက် နေသော ခေါင်းအုံး တစ်လုံး သည် သူ ၏ ခေါင်းအုံး ဘေး ၌ ယှဉ်လျက် ရှိ၏ ။


အေးပို သည် ခါတိုင်း နေ နေကြ အဘတို့ အိမ် မှာ မဟုတ်တော့ ဘဲ ညဦး ကတည်း က ကိုသာလူကြီး နှင့် ဤ ကွင်း ထဲ သို့ ခိုးရာ လိုက် လာမိခြင်း ကို သတိ ပြန် ရ လိုက်လေသည် ။


သတိရ သည် နှင့် တစ်ပြိုင်နက် အိပ်ရာ ဘေး ကျောက်ပျဉ် နောက်ဘက် ၌ ထောင် ထားသော မှန် ပေါ် တွင် သူ ၏ မျက်နှာ ကို လှမ်း ၍ ကြည့် လိုက်၏ ။


သူ ၏ မျက်နှာ သည် မျက်လုံးကလေးများ မို့ လျက် အိပ်ရေးဝ သော အသွင် ကို ဆောင် နေ သည် ။


သို့ရာတွင် အေးပို ၏ စိတ်ထဲ ၌ သူ ၏ မျက်လုံးကလေးများ သည် အနည်းငယ် ချိုင့်သွား ပြီးလျှင် ပါးရိုးကလေးများ ပင် နည်းနည်း ချောင်ကျ သွား သလိုလို တွေးထင် မိလျက် မျက်နှာ သစ် ရန် ရေစင် ရှိရာ သို့ ထွက်လာ ခဲ့လေ၏ ။


ရေစင် သည် တဲကုန်း ၏ အပြင်ဘက် ၌ ဆွယ်၍ ဆောက်ထားခြင်း ဖြစ်ရာ ရာဝင် စဉ့်အိုးကြီး များ သည် ရေစင် ၏ ဘေးပတ်လည် ၌ အစီအရီ ရှိ နေကြ၏ ။


အေးပို သည် ရေမှုတ် ကို ကိုင် ရင်း ရေစင် ပေါ် မှ မတ်တတ် ရပ် ကာ အဝေး သို့ မျှော် ကြည့် လိုက်၏ ။


ကောက်ပင်တွေ လှိုင်းထ နေသော ကွင်းကျယ်ကြီး ၏ မျက်စိ တစ်ဆုံး တွင် အေးပို တို့ ရွာ သည် ပြာညို့ညို့ကလေး တန်း လျက် ရှိ၏ ။


ရွာလယ် နား တွင် ရှိသော အေးပို တို့ ၏ ခပ်မို့မို့ အိမ်ခေါင်မိုး သည် နေရောင် နှင့် ပြောင်လျက် ရှိ၏ ။


ဒီ အချိန် မှာ ဆိုရင် အဘ တစ်ယောက် တော့ အကြမ်းအိုး ကို ငှဲ့ရင်း မျက်မှောင်ကြီး ကြုတ်ကြုတ် နှုတ်ခမ်းမွေးကြီး ကုပ်ကုပ် နဲ့ လုပ် နေမှာ တော့ ... ။


အေးပို သည် သူ့ အဘ ကို တွေး ကာ ကြောက်ရမည့် အစား မသိမသာကလေး ပြုံး သွား၏ ။ သို့ ပြုံးရင်း သူ့ အဘ ကိုင် နေကျ ကြိမ်လုံးခေါင်းပုကြီး ကို မျက်စိ ထဲ ၌ မြင်လာ ကာ ရင်ကလေး ဖို သွား၏ ။


“ ဒါ သူ့ ကြောင့် … သူ့ ကြောင့် ... ၊ သူ လုပ်လိုက် မှ ဖြင့် ဇွတ်တရွတ် ချည်းပဲ ” ဟု တွေးကာ ကိုသာလူကြီး ကို အပြစ် ဖို့ လိုက်ပြန်၏ ။ မည်သို့ပင် ဖြစ်စေ ၊ အေးပို သည် ယနေ့ နံနက် အိပ်ရာ ထ မှ စ၍ စိတ်သစ် လူသစ် ဖြစ် နေ၏ ။ မည်သည့် အသေးအမွှားကလေး ကို မဆို ဂရုတစိုက် ကြည့်ရှု မှတ်သား နေ မိ၏ ။ မိမိ ငယ်စဉ် က နေလာခဲ့သော ရွာလယ် ရှိ သွပ်မိုး အိမ် မြင့်မြင့်ကြီး နှင့် ယခု ရောက်ရှိ နေသော ကွင်းလယ်ကောင် မှ တစ်လုံးတည်း သော တဲကုပ်ကလေး ကို နှိုင်းယှဉ် ကြည့်မိ၏ ။


“ ကြည့်စမ်း ၊ လူမနီး သူမနီး ဒီ ကွင်းလယ်ကောင်ကြီး မှာ တဲ တစ်လုံး ထဲ သူများ ကို တစ်ယောက် တည်း ထား ပစ် ခဲ့ပြီးတော့ သူ ဘယ်များ သွားပြန်ပါလိမ့် ၊ ဒီ တဲ က လူတွေ က ကော ဘယ် တော့ မှ ပြန်လာကြမှာတဲ့ လဲ ၊ ဒါ သူ … သူ … သူ့ ဉာဏ်ချည်းပဲ ၊ နေဦး သူတော့လား ”


အေးပို သည် အတွေး နှင့် ကြောက်လာ ပြန်ကာ ကိုသာလူကြီး ကို ဒေါ ထောင် လိုက်ပြန်လေ သည် ။


ထို့နောက် တဲကလေး မှ သွားလမ်း လာလမ်း ဖြစ်သော လယ်ကန်သင်း ကို မျှော် ကြည့် လိုက် ပြန်၏ ။


ကန်သင်းကလေး သည် ကွေ့ကွေ့ ကောက်ကောက် နှင့် စိမ်းမြမြ လယ်ကွင်းကြီး ထဲ တွင် တဖြည်းဖြည်း ဝေးကာ ပျောက်ဝင် ၍ သွား လေသည် ။ ကန်သင်း ပေါ် ရှိ ရေခွက်ကလေး ထဲ တွင် ပုရွက်ဆိတ်နီကလေးများ သည် ရိုးရိုးရွရွ နှင့် လှုပ်ရှားကူးလူး လျက် ရှိ ကြရာ ရေခွက်ကလေး သည် ပြိုးပြိုးပြက်ပြက် နှင့် ငွေရောင်တွေ လက် လျက် ရှိနေ၏ ။ 


အေးပို သည် ကန်သင်း ဘက် သို့ ငေး နေရာမှ “ အိမ် မှာ သာ ဆိုရင် ... ”


“ အိမ် မှာ သာ ဆိုရင် .. ဟဲ့ ကောင်မ ... အိပ်ရာထ ဘာ ငိုင် နေရတာလဲ လို့ အစ်မ က အော် လိုက်မှာ တော့ ၊ ခုတော့ အော်မယ့် လူ ရှိပေါင် … ” ဟု တွေးကာ ပြုံး လိုက် ပြန်သည် ။


သို့ ပြုံးရင်း … သူ ကကော ဒီလိုများ အော်လိုက်မှာလား ။ အမယ်လေး … သူ့ မျက်နှာ ထားကြီး နဲ့ မျက်မှောင်ကြီး ကြုတ် ပြီး အော်များ အော် လိုက်ရင် သိပ် ကြောက်စရာ ကောင်းမှာ ၊ အသည်း ယား လိုက်ပါဘိတော့ ... ။


အေးပို သည် ကိုယ်ကလေးများ တုန် သွား အောင် ကြက်သီး ထ သွား၏ ။ ထို့နောက် အော်များ အော်လိုက် ရင်တော့ စိတ် ကောက်ပြီး ငို ပစ် လိုက်မှာ ပဲ ၊ သူ့ ကို စကား လည်း မပြောဘူး ၊ ဘယ်တော့မှ လဲ မခေါ်တော့ဘူး ဟု တွေးရင်း နှုတ်ခမ်းကလေး မသိမသာ စူ လာမိ၏ ။


သူ က လည်း အော်ရက်မှာ မဟုတ်ပါဘူးလေ ဟု ဆက် တွေးရင်း မျက်နှာ သစ် ရန် ရေအိုး ဘက် သို့ လှည့် လိုက်၏ ။


ရေစင် ပတ်လည်ရှိ ရာဝင်အိုးကြီးများ ၏ အခြေ တွင် သပွတ်ပင် တို့ သည် သန်စွမ်းစွာ ပေါက်ကြ ကုန်လျက် တဲကုန်း ပေါ် သို့ နွယ် တက်ကာ တဲ ခေါင်းမိုး တစ်ခြမ်း ကို အရွက်စိမ်း ဖားဖားကြီးများ နှင့် ဖုံးလွှမ်း ၍ ပေး ထားကြ၏ ။


တိုးလိုး တွဲလဲ သီး လျက် ရှိသော သပွတ်သီးများ ကြား ထဲ မှ ဝင်းဝါသော သပွတ်ပင် တို့ သည် ကြည်လင်သော မိုးတွင်း နေရောင်ခြည် ၏ အောက် တွင် လေ ဆော့တိုင်း နေကာ နော့ကာ လှုပ်ရှား ကစား လျက် ရှိကြ၏ ။


မောင့် တစ်ကိုယ်လုံး မဟူရာတုံးကြီး ကဲ့သို့ ဖြစ်ပါလျက် ရွှေလည်ပတ်ကြီးများ ဝတ်ဆင် ထား ကြသော ပိတုန်းညိုကြီး တို့သည် ရွှေရောင် ဝင့် နေသော သပွတ်ပွင့် တို့ ၏ ကြား ထဲ တွင် ဟိုဟိုဒီဒီ ကို တေး သီရင်း ကူးလူး နေကြကုန်၏ ။


အေးပို သည် တစ်ခု သော သပွတ်သီးကင်းကလေး ကို ချစ်လှစွာ ကြည့်ရင်း စဉ့်အိုး ပေါ်  ရှိ သံဇလုံကြီး ကို မ ၍ ဖွင့် လိုက်ရာ ဇလုံ ပေါ် တွင် ဖုံးအုပ် ၍ ထားသော ဆန်ကော သည် လျှောခနဲ ပွင့်ကျ ၍ သွားလေ၏ ။


“ အမေ့ … လန့်လိုက်တာနော် ... ကလူ ... လူလူလူ …”


အေးပို သည် ဇလုံ ကို လွှတ်ချ ပစ် လိုက်သည် ။ ဇလုံ ထဲ ၌ တွန့်လိမ် လူးလွန့် လျက်ရှိသော ငါးရှဉ့်များ သည် ထွက်ပြေးရန် လမ်းပေါက် ကို ရှာလျက် ရှိ နေကြ၏ ။


“ ကြည့်ပါဦး … တွန့်လိမ် တွန့်လိမ် နဲ့ အရှင်တွေ တော့ ၊ သူ ဘယ့်နှယ်များ လုပ်သွား ပြန်ပါ လိမ့် ၊ နေဦး သူ့ တော့ လား ပြန်လာ မှ ” ဟု တွေးရင်း အေးပို သည် ခါးကလေး တွန့် ကျောကလေး လွန့် နေရာ မှ ဆန်ကော ကို ဆွဲယူ လိုက်ကာ လှမ်း ကိုက် မှာ ကြောက် သကဲ့ သို့ ဇလုံကြီး ကို ဆတ်ခနဲ ဖုံးအုပ် လိုက် လေ၏ ။


 •••••   •••••   •••••


အိပ်ခန်း အတွင်း သို့ ပြန် ရောက်သော အခါ အေးပို သည် ရင် အခုန် မရပ်သေး ။


“ ဒီ လူကြီး ဟာ သူ လုပ်လိုက်မှ ဖြင့် ” ဟု တွေးရင်း အေးပို သည် ခေါင်းရင်း ၌ အခွေလိုက် သား ကျ နေသော တဘက် ကို တွေ့ ရလေသည် ။


“ ဟော့တော့ ... ကြည့်စမ်း ၊ သူ တဘက် ကို ခေါင်း ပတ် မသွားဘူး ။ သူ့ ဆံပင်တွေ တော့ လေ တိုက်တာ နဲ့ ဖိုသီဖတ်သီ ဖြစ်နေတော့ မှာပဲ ”


“ နေဦး သူ ပြန်လာမှ ၊ နောက် ကို ဒီလို မေ့ မသွားနဲ့ ၊ ခေါင်း ကို နေပူမယ် ၊ ဆံပင်တွေ ဖိုးရိုးဖားရား နဲ့ ကြည့်လို့ မကောင်းဘူး သိလားလို့ ပြောပြ ထားရဦးမယ် ”


“ အရင် က ပြောသူ မရှိလို့ ပစ်သလက်ခတ် နေခဲ့ပေမယ့် အခုတော့ ပြော ပေးရမယ် တော့ ၊ အရင်လို မဟုတ်တော့ဘူး သိလား ”


အေးပို သည် သူ့ အတွေး နှင့် သူ မလုံဘဲ ဘေးပတ်လည် ကို လှည့် ကြည့်လိုက်၏ ။ မည်သူ့ ကို မျှ မတွေ့ ရသော အခါ သူ့ ဘာသာ သူ ပြုံး၏ ။ ထို့နောက် တစ်ယောက် တည်း ရှက်ကိုးရှက်ကန်း နှင့် တဘက်ကလေး ကို ပြေး ၍ ကောက် လိုက်၏ ။


ရေပေါက်ကလေးများ သီး နေသော မျက်နှာ ပေါ်  သို့ တဘက် နှင့် ဖုံး လိုက်၏ ။ တဘက်ကလေး မှ အနံ့ သည် အေးပို ၏ နှာခေါင်း ထဲ သို့ ညင်သာစွာ ဝင် သွား၏ ။ အေးပို သည် ထို အနံ့ ကို ချက်ချင်း မှတ်မိ လိုက်၏ ။ စိတ် ထဲ ၌ တစ်မျိုးကြီး ဖြစ်သွား၏ ။ ရင် ထဲ ၌ တဒိတ်ဒိတ် ခုန် လာ၏ ။ ထို့နောက် အမှတ်မဲ့ တဘက်ကလေး ကို လုံး၍ ရှူ လိုက်မိသည် ။


အေးပို သည် ည ကတည်း က ဒီ အနံ့ ကို မှတ်မိ နေ၏ ။ ချစ်တာပဲလား ၊ ကြောက်တာပဲလား ဟူ၍ မသိ ။ မျက်နှာ တွေ ပူ နားရွက် တွေ ထူ လာပြီး တစ်ယောက် မျက်နှာ တစ်ယောက် မကြည့်ဝံ့တော့ ဘဲ တစ်ကိုယ်လုံး တုန်တုန်ယင်ယင် နှင့် ကိုသာလူကြီး ကို သာ အလိုလို ကုပ်ဖဲ့ ဖျစ်ညှစ် ထားမိသော အချိန် က စ၍ ဒီ အနံ့ ကို အေးပို မှတ်မိ နေသည် ။ 


အဘ တို့ က အအပ် မခံဘူး ဆိုရင် ဘယ့်နှယ် လုပ်ကြမလဲ ဟု ပြောလျက် ကိုသာလူ ၏ ရင်ဘတ်ကျယ်ကြီး ကို ခေါင်း နှင့် ခွေ့ ၍ မြိန်မြိန်ကြီး ငို လိုက် ရင်း နှင့် ပင် ဤ အနံ့ ကို ရှူလိုက် မိ သေးသည် ။ 


အေးပို သည် ဤ အနံ့ ကို ရင်းနှီးစွာ စ၍ မှတ်မိသည့် အချိန် ၌ ပင် ဘဝ ပြောင်း ခဲ့၏ ။ ထို့ကြောင့် ယခု ဒီ အနံ့ ကို ရှူရင်း ရင် ထဲ မှာ ဖို၍ နေ ပြန်၏ ။ 


“ သူ့ ကိုယ်နံ့ ဟာ မွှေးတာ မဟုတ်ပေမယ့် နံတာ လဲ မဟုတ်ဘူးတော့ ... ” 


ခိုးရာ လိုက်ခဲ့ သော မနေ့ ည က အိပ်မက်ဆိုး သည် အေးပို အား ယခု ထက် တိုင် ရင် တဖိုဖို နှင့် နေအောင် ပြန်လည် ခြိမ်းခြောက် ၍ နေသေး၏ ။


 •••••   •••••   •••••


တဲဘေး မှ ဆူဆူညံညံ နှင့် အသံများ ကို ကြား လိုက်၏ ။


အေးပို သည် အိပ်ရာ မှ လန့် နိုးသူ ပမာ ငုတ်တုတ် ငိုင် နေရာ မှ ငေါက်ခနဲ ထ,ရပ် လိုက်၏ ။ 


“ ဟယ် ... အဘတို့များလား ”


သူ သည် အခန်း ထောင့် သို့ ပြေး ကပ် လိုက်၏ ။ အခန်း ထဲ တွင် ဘာမျှ အကာအကွယ် မရှိ ၊ ပုန်းစရာ မရှိ ၊ ဝင် လာ လျှင် အခက် ဖြစ်၏ ။


အခန်း အပြင် သို့ ပြေး ထွက် လိုက်၏ ။


အခန်း နှင့် တစ်ဆက်တည်း ခင်း ထားသော ဝါးကြမ်းအဆင့်ကလေး ။


အဆင့်ကလေး ၏ တစ်ဖက်စွန်း ၌ မီးဖို ရှိ၏ ။ အကာအကွယ် နှင့် တူသော အရာ ဘာမျှ မရှိ ၊ ချိတ် ထားသော တောင်း နှစ်လုံး သာ ရှိ၏ ။


“ ကြည့်ပါဦး ... သူ ဘယ်များ သွား နေပါလိမ့် ၊ အဘ တို့ ဆိုရင်တော့ ဒုက္ခပါ ပဲ ” 


အေးပို သည် ဆင့်ကလေး ပေါ် မှ ပြေး ဆင်းလိုက်ရင်း ကိုသာလူကြီး ၏ ရင်ဘတ် ကို သာ တအား တအား ပြေးပြေး ထု လိုက်ချင် စိတ်တွေ ပေါ် လာ၏ ။


ရှေ့ တည့်တည့် တွင် တဲကုန်း ထဲ သို့ ဝင်သော အပေါက် ရှိ၏ ။ 


လက်ယာ ဘက် ဘေး တွင် ရေစင် သို့ ထွက်သော အပေါက် ရှိ၏ ။ 


လက်ဝဲဘက် ဘေး တွင် နောက်ချေး ပစ်သော အပေါက် ရှိ၏ ။ 


တဲကုန်း ၏ အလယ် တွင် နွားခြံ ရှိ၏ ။ 


နွားခြံ ၏ ပတ်လည် တွင် ခြင်ထောင်များ ကို သပ်ရပ်စွာ လိပ် ၍ တင်ထား၏ ။ 


တဲကုန်း တစ်ခုလုံး ဟာလာဟင်းလင်း နှင့် ရှင်းလျက် ရှိ၏ ။ အေးပို ကို မဆို ထား နှင့် နွားခြံ အလယ် ရှိ မြက်စင် ပေါ် ၌ ငုတ်တုတ် ထိုင် နေသော ကြောင်ကြီး ပင် ပုန်း ၍ ရလိမ့်မည် မဟုတ် ။ 


လူသံများ သည် ပို၍ နီးလာ၏ ။ 


အေးပို သည် နွားခြံ အမိုး ပေါ် သို့ မော့ ၍ ကြည့် လိုက်၏ ။ 


ငါးဆယ်ဝင် ပုတ်ကြီး နှစ်လုံး မှောက် ၍ ထား လေသည် ။


“ ငါ့ နှယ် နော် ... စောစောက မေ့ရန်ကော ” 


မြက်စင် ပေါ် ၌ ငုတ်တုတ်ကြီး ထိုင် နေသော ကြောင်ကြီး သည် အေးပို တစ်ယောက် ပျာယာခတ် နေသည် ကို ပင် မျက်ခြည် မပြတ် လိုက် ၍ ကြည့် နေ၏ ။


“ ဟဲ့ကောင်မ ဘယ် ပြေးမလို့လဲ ” ဟူသော အသံ နှင့် အတူ အေးသွယ် တို့ လူစု သည် တဲကုန်း အတွင်း သို့ ရောက် လာခဲ့ကြ၏ ။


အေးပို သည် ကြက်သေသေ ကာ မျက်လုံးတွေ ပြာ ၍ သွား၏ ။


“ တို့ ပါ အေ့ … ညည်း က ဘယ် တက် ပြေးဦး မလို့လဲ ”


ကျွဲ ကျောင်းဖက် ကောက် စိုက်ဖက် ဖြစ်ကြသော ရွာ ထဲ မှ အပျိုတော် တစ်စု သည် အေးပို ၏ ပတ်လည် တွင် ဝိုင်းဝိုင်းလယ် လျက် လည်ပင်း ဖက်သူ ဖက် ၊ ခါး ဖက်သူ ဖက် ၊ လက် ဆွဲသူ ဆွဲ နှင့် စီစီညံညံ ရှိနေကြ၏ ။


“ ကာလနာမတွေ ၊ ငါ က အဘတို့ လား လို့ လန့် သွားတာပဲ ”


“ အမယ် … ကောင်မ တစ်ည ရှိ သေးတယ် ၊ မျက်တွင်း တောင် အတော် ကျ သွားပါလား ”


“ ဘယ်မလဲ ညည်း ကောင် ရော ခေါ်ပါဦး ”


“ ဟုတ်တယ် ခေါ်ပါ ၊ ညည်းဟာကြီး ကို တို့ က မလုပါဘူး ” 


“ ဒီမှာဟေ့ စမ်း ကြည့်ကြပါဦး ၊ တော်တော် တောင် ပျော့ သွားပြီ ”


အေးပို သည် တစ်ယောက် တစ်ပေါက် နှင့် ဝိုင်းဝန်း ပြောဆို ဖက်ယက် နေကြသော မိန်းမပျို အုပ် ထဲ မှ ရုန်းထွက် လိုက် ကာ ...


“ ကောင်မတွေ နော် … ငါ က အကုန်လုံး ကို တုပ် လွှတ်လိုက်မှာ တော့ ”


“ ဟုတ်တယ် ဟေ့ တော်ကြတော့ ၊ ဒီကောင်မ က တို့ ဆိုရင် အရင် က လို ခံ နေမှာ မဟုတ်ဖူး ၊ သူ့ လူ ကို သာ သူ ခံ မှာ ... ”


အေးပို သည် ထစ်ထစ် ထစ်ထစ် နှင့် စကား မြန်မြန် ပြောတတ်သော မိဗျိုင်း ၏ ကျော ကို အုန်းခနဲ နေအောင် ထုလိုက်၏ ။


“ အမယ်လေး တော် … သူ့ ကျောကုန်း က အရိုးတွေ စူး လိုက်တာ ၊ လက် ကို နာ သွားတာပဲ ” 


“ ငါ က ပိန်တာ ကို အေ့ … ၊ ဝဝတုတ်တုတ် ဂင်တိုကြီး မှ မဟုတ်ဘဲ ၊ ငါ့ အရိုးတော့ စူးမှန်း သိတာပေါ့ ”


“ တော်ကြပါတော့ အေ ... ရှိကြီး ခိုးပါရဲ့ ၊ ငါ က ညည်းတို့ လာ လို့ ရွာ က သတင်းများ ကြားရမလား လို့ ”


“ ဘာ သတင်း ကြား ဖို့ လိုသေးလဲ အေ့ ၊ ရွာ မှာ ကွမ်းတောင်အုပ် ခွေး ချီ သွားတယ် ဆိုတဲ့ သတင်း ”


အေးသွယ် သည် သူ့ ပါးစပ် သူ လက် နှင့် ပိတ် လိုက်ရင်း “ ဘယ်မလဲ ဘယ်မလဲ ” ဟု မေး လိုက်၏ ။


“ ဘာတုံးအေ့ … ” 


“ ညည်း ကောင် … ညည်း ကောင် ” 


“ သူ မရှိပါဘူး ဆို …” 


“ အဟုတ်လား ”


“ အဟုတ် ပါ ၊ ငါ တောင် သူ ဘယ်အချိန် က ထွက် သွားမှန်း မသိလိုက်ဘူး ” 


“ ညည်း သတိ မထားလို့ပါ ၊ ဒါမှ မဟုတ်ရင် ညည်း ကြောက် နေလို့ ဖြစ်မှာပေါ့ ”


“ ဘာတုံး အေ့ ... ဟာ ... ဒီ ကောင်မ ...”


အေးပို သည် အေးသွယ် ၏ ပေါင်တွင်းကြော ကို ဆွဲ ၍ လိမ် လိုက်၏ ။ 


“ ဒီ ကောင်မတွေ ငါ က အကောင်း ပြောနေတာ ၊ အဘ တို့ သိပ်များ စိတ် ဆိုး နေကြသလား လို့ .…”


“ ဆိုးတာပေါ့ အေ့ … ညည်းတို့ အဘ တွင် မကဘူး ၊ တစ်ရွာလုံး ကလဲ အံ့သြ နေတာပဲ ။ ဒါ့ထက် နေပါဦး ၊ ညည်း က ဘယ်လို စိတ်ကူး စိတ်ကန်းများ ရပြီး ဒါကြီး နဲ့ .. ” 


အေးပို သည် စ ကတည်း က ဤလို အပြောမျိုး ၊ ဤလို မေးခွန်းမျိုး ကို အမေး ခံရလိမ့် မည် ဟု ကြိုတင်၍ သိခဲ့၏ ။


ဤလို မေး ကြ လျှင် မည်ကဲ့သို့ ပြန် ပြော ရမည်နည်း ဟုလည်း စဉ်းစား ခဲ့၏ ။ သို့ရာတွင် ယခု အချိန် ထိ မည်သို့ ပြန် ဖြေရမည် ကို စဉ်းစား၍ မရနိုင် ခဲ့ ။ ဘာပြုလို့များ ဒီ ကိုသာလူကြီး ကို မှ ရွေး ပြီး ကြိုက်မိပါလိမ့် ဟု သူ့ ဟာ သူ ပင် တွေး၍ မရနိုင်အောင် ရှိ၏ ။


•••••   •••••   •••••


အေးပို သည် နာမည် နှင့် လိုက်သူ မဟုတ်ချေ ။


ငယ်စဉ် ကတည်း က အင်မတန် ပူ၏ ။ အင်မတန် ဆူ၏ ။ စာစာ စာစာ နှင့် သူ့ အသံ ချည်း ဖြစ်၏ ။


ကလေး ကို လည်း စ၏ ၊ ကပ္ပိယ အဘိုးအိုကြီး ကို လည်း စ၏ ၊ မုဆိုးမကြီး အမေခြုံ ကို လည်း စ၏ ၊ လူကြီးတွေ ကို ပါ စ တတ်၏ ။


သို့ စ ပြီးနောက် အလွန် ကြောက် တတ်သူ လည်း ဖြစ်၏ ။


သူ ကြောက်သွားပကော ဟု အစ ရပ်လိမ့်မည် ဟု မအောက်မေ့ကြ နှင့် ၊ အကြောက် ပြေ လျှင် ပြန် ၍ စပြန်၏ ။ စ ပြီး လျှင် ကြောက် ပြန်၏ ။ ကြောက်ပြီး လျှင် စ ပြန်၏ ။ သူ့ အဖို့ ကြောက်ရခြင်း သည် ပင် အရသာ ဖြစ် နေသည် ။


တစ်ခါက ဒေါ်ဂျမ်းဘုံကြီး အိမ် က ကျားဘို ကို သွား၍ စ၏ ။ ကျားဘို က လိုက် ကိုက် သော အခါ ဖဝါး နှင့်တင်ပါး တစ်သားတည်း ကျ အောင် ပြေး၏ ။ ပြေးပြီးနောက် သွား၍ စ ပြန်၏ ။ စပြီး ပြေး ပြန်၏ ။  


နောက် အကြိမ်များ တွင် သူ သာ မဟုတ် ၊ အဖော်တွေ ပါ ခေါ်သွား၏ ။ ဒေါ်ဂျမ်းဘုံကြီး  အိမ်ဝိုင်း ထဲ မှ မာလကာသီးများ ကို ခူးရန် ဆွယ်၏ ။ အဖော် တစ်စု နှင့် မာလကာသီး နုနုကလေးတွေ ကို သွား၍ ခူးကြ၏ ။


ကျားဘို နှင့် တွေ့ကြ ပြန်၏ ။ မာလကာသီး ခူး ရုံမျှ မဟုတ် ၊ ကျားဘို ကို ပါ ခဲ နှင့် ပေါက်၍ ပြေး ကြ၏ ။


ကျားဘို က လိုက်၍ မီလု မီလု ရှိသော အခါ ငယ်သံ ပါ အောင် အော်၏ ။ လူကြီးတွေ က ဝိုင်း မောင်း သဖြင့် လွတ် သွားသော အခါ အေးပို သည် အဖော်များ နှင့် မာလကာသီး နုနုကလေး ကို လု စားရင်း တစ်ပျော်တစ်ပါးကြီး ဖြစ်နေတော့၏ ။


မာလကာသီးနုနုကလေးများမှာ အရသာ ရှိ နေ၏ ။


“ ပျော်လိုက်တာ ဟာ ၊ မော လဲ မော ရဲ့  ၊ ငါ့ ခြေသလုံး တော့ ကျားဘိုကြီး ပါးစပ် ထဲ ပါရော အောက်မေ့ လိုက်တာ ရင် ထဲ ကို ဖို သွားတာပဲ ၊ ပေးစမ်း ငါ့ တစ်ကိုက် ”


ပလုတ်ပလောင်း နှင့် မာလကာသီးနုကလေး ကို ဝါးရင်း အေးပို ၏ နဖူး တွင် ချွေးကလေး များ စို့လျက် မျက်လုံးကလေးများ ပင် ကြည်ရွှန်း တောက်ပ ၍ နေတော့၏ ။


တစ်ခါတစ်ရံ မည်သူ့ ကို မျှ စ စရာ မရှိသော အခါ အကြိုအကြား သို့ လိုက်၍ ကြွက်သိုက် တွေ ရှာ၏ ။


ကြွက်သိုက် ထဲ မှ မျက်လုံး မပွင့်သေးသော ကြွက်ပေါက်စ နီနီထွေးထွေးကလေးတွေ ထွက် ကျ လာသော အခါ စူးစူးဝါးဝါး နှင့် သံကုန် အော် ၍ ပြေး၏ ။


ထို့နောက် တဖြည်းဖြည်း အနီး သို့ ပြန်ကပ်၏ ။


ခြေကလေး လက်ကလေးများ လှုပ်တုပ် လှုပ်တုပ် နှင့် နေသော ကြွက် နီထွေးထွေးကလေး များ ကို ကြည့် ကာ အသည်း ယား နေ၏ ။


တစ်စုံ တစ်ယောက် က ရှေ့ သို့ တွန်း ပို့ လိုက် လျှင် သံကုန် ဟစ်၍ နောက် သို့ ဆုတ်၏ ။ 


ထို့နောက် တဖြည်းဖြည်း ကြွက်ကလေးတွေ အနီး သို့ ပြန် ကပ် ပြန်၏ ။ ကြွက်ကလေးတွေ က ခြေကလေး လက်ကလေးများ ကို လှုပ်လိုက် တိုင်း အသည်း ယား နေရ ပြန်၏ ။ 


ဤသို့နှင့် ပင် တစ်ယောက် ယောက် က ကြွက်ကလေးတွေ ကို ဝေးဝေး သို့ ယူ၍ မပစ် လိုက် သမျှ အေးပို အဖို့ အသည်း ယား နေရသည် မှာ အရသာ တစ်ခု ပင် ဖြစ်တော့၏ ။


ယခု မူ အေးပို သည် အပျိုကြီးဖားဖား ဖြစ်ခဲ့ လေပြီ ။ ငယ်စဉ် က လို ကြောက်စရာတွေ ရှာ၍ ကြောက်ရအောင် စ စပြီး ကြောက် ကြောက် နေရသည် ကို ပျော်မနေ စေကာမူ ကြောက် တတ်သော ဝါသနာ မှာ ပါမြဲ ပါနေ၏ ။


•••••   •••••   •••••


တောသူ ပင် ဖြစ် သော်လည်း အေးပို ၏ မိဘများ မှာ လယ်ပိုင် ချောင်းပိုင် ဖြစ် ကြ၏ ။ 


ထို့ကြောင့် အေးပို သည် လယ် ထဲ ချောင်း ထဲ သို့ မဆင်းဘဲ နေလို က နေနိုင်၏ ။ သို့ရာတွင် အေးပို က မနေ ၊ အဖော်များ ကောက်စိုက် လျှင် အေးပို ပါ ဆင်း၍ စိုက်၏ ။ မျှော့ကလေးများ တွယ် လိုက်သော အခါ အေးပို က သံကုန် အော်၍ ပြေး၏ ။ အဖော်တွေ က ဝိုင်းဝန်း ဖြုတ် ပေးကြသော အခါ အဖော် တစ်ယောက် ၏ ရင်ဘတ် တွင် ခေါင်းကလေး ဝှက် လျက် မျှော့ မပြုတ်မချင်း မျက်လုံး စုံ မှိတ်၍ ရင်ကလေး ဖို နေတတ်၏ ။


အေးပို မျှော့ ကြောက်ရမလားဟု မည်သူ က မျှ မကဲ့ရဲ့ … ။


အေးပို ၏ ရုပ်ရည် အခြေအနေ နှင့် မျှော့ အကြောက် ကြောက် ၊ ဖား အကြောက် ကြောက် ၎င်းတို့ နှင့် အတူ ဆင်း၍ လုပ် နေခြင်း ကို ပင် သနား နေကြ၏ ။


“ ကောင်မ ရယ် … ညည်းအသားတွေ မည်းပြီး လက်ကလေး ခြေကလေးတွေ တော့ သမန်းဆီတွေ တက် ကုန်တော့မှာပဲ ”


“ တောသူ ပဲ အေ … သမန်းဆီ တက် မှာပေါ့ ”


အဖော် တစ်စု သည် အေးပို ၏ လှပသော မျက်နှာ ကို နှမြော ကြင်နာစွာ ကြည့်ရင်း မက်မက် မောမော ငေးနေကြ၏ ။ အေးပို ၏ အလှ သည် မိန်းမဖော်ချင်း ကို ပင် တပ်မက် စေ၏ ။ ငယ်စဉ် က ရွံမုန်းကြီး ဖြစ်ခဲ့ကြသော ကပ္ပိယ အဘိုးအို နှင့် မုဆိုးမကြီး အမေခြုံ ပင် လျှင် အေးပို ကို မေတ္တာ ရှိလာ၏ ။ အရီးဂျမ်းဘုံ တို့ အိမ် မှ ကျားဘိုကြီး သည် ပင် အေးပို လာလျှင် အမြီးကလေး နှံ့လျက် ပွတ်သီးပွတ်သပ် လုပ် နေပေပြီ ။


 •••••   •••••   •••••


လှသော အေးပို ၊ ကြောက်တတ်သော အေးပို ၊ ဖော်ရွေသော အေးပို ၊ သွက်လက် ချက်ချာ သော အေးပို ၊ ကွမ်းတောင်ကိုင် သော အေးပို ၊ ဂုံညင်းဖြူရွာ ၏ ကျက်သရေဆောင် အေးပို ၊ ထို အေးပို ကို ဂုံညင်းချုံ ရွာသားများ သာ မက ရွာနီးချုပ်စပ် တို့ ပါ ပိုးပန်းကြ၏ ။


အစွမ်းကုန် ပြင်ဆင်ကြ လျက် လူရေလူလုံး ပြ ကြ၏ ။ မည်ရွေ့မည်မျှ တင် တောင်းပါမည် ဟု ကြေး ပစ်ကြ၏ ။ စေ့စပ်ကြောင်းလမ်း ကြ၏ ။


အေးပို ၏ မိဘများ က အေးပို ငယ်သေးသည် ဟု အကြောင်း ပြ၏ ။ အေးပို ၏ ရွာကာလသား များ က ဂုမ္ဘန် တစ်ထောင် ကဲ့ သို့ စောင့်ကြ၏ ။ အေးပို က ကလေးဆန်ဆန် ပြောင်စီစီ နှင့် ကြိုက်ချင်ပေါင် တော် ဟု ပြော တတ်၏ ။


သို့နှင့် မရ၍ သာ နေကြ ရသည် ။ အေးပို သည် လူပျိုတိုင်း ကြိုက် ပါတဲ့ နှင်းဆီခိုင် ဖြစ်နေတော့၏ ။


“ အေးပို များ ရမယ် ဆိုရင်တော့ကွာ ” ဟူသော စကားသည် ကာလသား တိုင်း က ဖွင့်ဟ ၍ ကြိမ်းကြသော စကား ဖြစ်၏ ။ သို့ရာတွင် မကြိမ်းသူ တစ်ဦး ရှိ နေပါသေးသည် ။


ထို သူ ကား အေးပို တို့ အိမ် သို့ ယခု နှစ် မှ ဝင် လာသော သူရင်းငှား ကိုသာလူ ဆိုသူ ပင် ဖြစ်၏ ။


ကိုသာလူကြီး အေးပို တို့ အိမ် ၌ အလုပ် လုပ်ရန် အထုပ်အပိုး ကို ထမ်း ၍ ရွာလမ်း မှ ဝင်လာ သော အချိန်တွင် ရွာ ထဲ ၌ ခွေး တစီစီ ဖြစ်၍ ကျန်ရစ်ခဲ့၏ ။


ရွာ လမ်းမ တွင် ကစား နေကြသော ကလေးငယ်များ သည် ကိုသာလူ ကို ငေး၍ ကြည့် နေရာ မှ လွန် သွားသော အချိန် တွင် ထိတ်လန့်တကြား အိမ် ထဲ သို့ ပြေးဝင်ကြ ကုန်၏ ။


အေးပို တို့ အိမ် သို့ ကိုသာလူ ဝင်ရောက် လာသော အချိန် ၌ လည်း ဆန်ပြာ နေသော အေးပို သည် ရုတ်တရက် မော့ကြည့် မိရာ မှ ဟစ်အော် လိုက်တော့မည် ကဲ့သို့ ဖြစ်သွား သေး၏ ။ ကိုသာလူ က ဦးကြီးကော ဟု မေးလိုက်သော အခါ အေးပို သည် ဘာမျှ ပြန် မပြောနိုင်ဘဲ ကတုန်ကယင် နှင့် အိမ် ထဲ သို့ ပြေး ဝင်ခဲ့၏ ။


“ ဟဲ့ … ကောင်မလေး ဘာဖြစ်လာတာလဲ ”


“ ဟို .. ဟို ... အပြင် ... အပြင် ….”


အေးပို ၏ အဘ သည် စိတ် မရှည် နိုင်ဘဲ အပြင် သို့ လှမ်းကြည့် လိုက်ရင်း ... 


“ တယ် … ဒီ ကောင်မလေး .. ရူးရန်ကော ၊ လာ လာဟေ့ ... သာလူ ” ဟု ပြောပြောဆိုဆို အပြင် သို့ လှမ်း နှုတ်ဆက်လျက် ထွက် သွား၏ ။


ကိုသာလူ သည် ရိုးသားသော အညာသား တစ်ယောက် ဖြစ်သော်လည်း အခြား အညာ သားများ ကဲ့သို့ ပိန်ကပ်ကပ် မည်းခြောက်ခြောက် မဟုတ် ၊ ဂင်တိုတို နက်ကျောကျော ဖြစ်၏ ။ 


မောင့် တစ်မျက်နှာလုံး ကျောက်ဖြုန်း နှင့် အပြည့် ဖြစ်၏ ။ ပြုံးရယ် လိုက်တိုင်း မှေးသော မျက်ပေါက် နှစ်ခုသည် ပိတ်၍ ကျယ်သော ပါးစပ်ကြီး က ပြဲ လာ ပြီးလျှင် ကြောက်ဖွယ် အတိ ပြီးသော မညီမညာ သွားများ မှာ ထိုးထိုးထောင်ထောင် နှင့် ပေါ်ထွက် လာ တတ်၏ ။


အေးပို သည် ကိုသာလူ ၏ မျက်နှာ ကို ရဲရဲ မကြည့်ဝံ့ ၊ ကွယ်ရာ မှ တိတ်တိတ် ခိုး၍ ကြည့်၏ ။ 


သို့ ခိုး ကြည့် လိုက်တိုင်း ရင်ထဲ ၌ ဖိုကာ စိတ် ထဲ တွင် ကြောက်၍ ကြောက်၍ လာ၏ ။ 


ကိုသာလူကြီး ရောက်စ က ဆိုလျှင် အိမ်မက် ထဲ ၌ ပင် မကြာမကြာ မြင်မက် ကာ လန့်၍ လန့်၍ အော် မိ၏ ။


တစ်ခါ တစ်ခါ ၌ ဒါလောက် ကြောက်စရာ ကောင်းအောင် အရုပ် ဆိုးသော လူ တစ်ယောက် သည် ဘယ်တော့မျှ မိန်းမ ရနိုင်တော့မည် မဟုတ်ဟု လည်း တွေး၏ ။


သို့ တွေးမိရင်း အေးပို သည် ကိုသာလူကြီး အား သနား သလိုလို လည်း ဖြစ် လာတတ် သေး၏ ။


နောက် အတော် နေသားကျသော အခါမှ ကိုသာလူကြီး ရှေ့ တွင် သွားဝံ့ လာဝံ့ စကား ပြောဝံ့ ဖြစ် လာတော့၏ ။


ကိုသာလူ မှာ ပုံတိုပတ်စများ အလွန် ရ တတ်၍ စကား ပြောကောင်းသူ တစ်ယောက် ဖြစ်၏ ။ ည ညတွင် ကိုသာလူ ပြောသော သရဲ တစ္ဆေအကြောင်း ၊ အညာ မှ ကျတ်တွေ အကြောင်း စသည် တို့ မှာ အလွန် နားထောင် ၍ လည်း ကောင်း၏ ။ ကြောက်စရာ လည်း ကောင်း၏ ။


ကြောက်စရာ ကောင်း နေရသည့် ကြား ထဲ တစ်ခါတစ်ခါ လူများ ငြိမ်၍ နားစိုက် နေကြ လျှင် သူ က ခြောက်လိုက်တတ် သေး၏ ။


ထို အချိန် ၌ အေးပို သည် ရင်ထဲ ၌ ဖိုကာ နေစရာ မရှိအောင် ကြောက် ကြောက်သွားတတ်၏ ။ 


အဘ နှင့် အစ်မ တို့ က အေးပို ကို ကြည့် ၍ ဝိုင်း ရယ်ကြ၏ ။ 


ဤလို အချိန် မျိုး ၌ အေးပို သည် ကိုသာလူကြီး အား နင်းကန် မုန်းပစ် လိုက်တတ်လေသည် ။ 


သို့ရာတွင် တစ်ခါတစ်ရံ မအားလပ်၍ စကားဝိုင်း မဖြစ်သော ညများ  ၌ အေးပို သည် ကိုသာလူ ပြော ပြသော တစ္ဆေပုံများ ကို တားမနိုင် ဆီးမရ အောင် နားထောင်ချင် စိတ်တွေ ပေါ်လာတတ်၏ ။


အိမ်ရှေ့ ချောင်းရိုး ထဲ ၌ ပေါက် နေသော လမုပင် မည်းမည်းကြီးများ ပေါ်တွင် ကိုသာလူကြီး ပြော ပြသော ဘုန်းကြီးသဘက်ကြီး သည် နားရွက်ကြီး နဲ့ များ ငါးသဲ့ နေတာ တွေ့ ရမလား ဟု လှမ်းကြည့် လိုက်မိ၏ ။


သူ ဘာပြုလို့ ညဉ့်နက် ပါလိမ့် ၊ လယ် ထဲ က ထန်း နှစ်ပင် မှာ ဖိုးသူတော် တစ္ဆေကြီး နဲ့ များ နပန်းလုံး နေရလို့လား ဟု စိတ် ပူလာမိ၏ ။


အေးပို သည် မသိမသာ အိမ်နောက်ဖေး သို့ ဆင်း ခဲ့သည် ။ လယ်ကွက် ထဲ တွင် ဖားလက်တက် ကလေးများ နှင့် ပုစဉ်းရင်ကွဲ တို့ က အော် နေကြ၏ ။


အေးပို သည် အိမ် နောက်ဖေး ခြံထောင့်  လယ်အစပ် သို့ ရောက်သွားသော အခါ ပုစဉ်း ရင်ကွဲတွေ က တိတ်သွားကြ၏ ။


ကွင်း ထဲ သို့ လှမ်းမျှော် လိုက်သည် ။


အမှောင် ထဲ တွင် ကောက်ပင်များ လှိုင်းထ နေသည်ကို ရေးရေးသာ မြင်ရ၏ ။ 


လေ တိုက် သဖြင့် ကောက်ပင်များ မှ ရှဲရှဲ - ရှဲရှဲ မြည်သံ သည် ကျယ်လွန်းလှသည် ဟု မှတ်ထင် နေရ၏ ။


လယ်ကွင်း ပေါ် မှ ဖြတ်ကျော်လာသော လေ သည် အေးပို ၏ တစ်ကိုယ်လုံး ကို စိမ့်ခနဲ အေး၍ သွားစေ၏ ။


“ ဟင် … ငါ ဘာပြုလို့ ဒီကို ဆင်းလာမိတာပါလိမ့် ”


အေးပို သည် သုတ်သီးသုတ်ပျာ နှင့် အိမ်ဘက် သို့ လှည့် လိုက်၏ ။ သူ့ အနီး တွင် ခပ်မည်းမည်း အကောင်ကြီး တစ်ကောင် ကို တွေ့ လိုက်ရသည် ။


ဒိတ်ခနဲ အေးပို ၏ ခေါင်းကြီး မှာ ပုတ်လောက် ဖြစ် သွား၏ ။ သံကုန် ကုန်း ၍ အော်တော့မည် အပြု တွင် လက် တစ်ဖက် သည် အေးပို ၏ ပါးစပ် ကို လာ၍ ပိတ် လိုက်၏ ။


“ မပို … မပို … ငါ ပါ ဟ ၊ ငါ ကွင်း ထဲ က ပြန် လာရင်း နင် ရပ် နေတာ တွေ့လို့ ဘယ်သူလဲ လို့ လာ ကြည့်တာ ”


အေးပို သည် ကိုသာလူ ၏ ပြော စကား ကို နား ထဲ က ကြားပါ၏ ။ နတ်ပူး သလို တစ်ကိုယ်လုံး ကတုန်ကယင်နှင့် ရပ်တည်ရာ မရ ဖြစ်နေ၏ ။ စကား လည်း မပြောနိုင် ။ ကိုသာလူ ၏ ရင်ခွင် ကို အားပြု လျက် အလန့် ပြေအောင် အတော်ကြီး နေ လိုက်ရသေး၏ ။

 

သည့်နောက် ၌ ကား အေးပို တစ်ယောက် လင့် နောက် လိုက်သွားပြီ ဟူသော သတင်းသည် ဝါကျွတ်ပွဲတော် နှင့် အတူ ဂုံညင်းချုံ တစ်ရွာလုံး တောမီး လောင် သလို ချက်ချင်း ပျံ့နှံ့ သွားတော့၏ ။


•••••   •••••   •••••


“ ဒါကြီး ကို ဘာများ မက်မောပြီး .… ” 


အေးပို သည် အေးသွယ် တို့ လူစု အား မည်သို့ ပြန် ဖြေရမည် ကို တွေး၏ ။ တွေး၍ မရ နောက်ဆုံး တွင် ...


“ ငါ ဘယ့်နဲ့ ပြောရမလဲ အေ့ … ဖူးစာ ပေါ့ ” 


“ စာ ပဲ စာလွန်း တော် ... ဒီ ရုပ်ကြီးများ ...”


“ အန်ချင်စရာ ငါ့ ပုံ က ဆိုးပေမယ့် ၊ ဘုံကြိုးပြတ်ပါတဲ့ နတ်မိမယ် တောင် ၊ ဓာတ် သိရင် မဖယ်လေဘူးဗျ ၊ ကျုပ် လူထူးဆိုတာ မကြားဖူးဘူးလား အေးသွယ် ရဲ့ ၊ ဒီ ကောင်မ လဲ တစ်ခု ခု ထူး နေမှာပေါ့ ”


“ ဟုတ်ဗျာ ... ဟုတ်ပေါ့ ”


“ အမယ်လေး …. လန့်လိုက်တာ နော် ... ကာလနာကြီး ၊ ဘယ် အချိန် တိတ်တိတ် ဝင်လာ လည်း မသိဘူး ”


လွတ်လပ်စွာ ပြောဆို နေကြသော မိန်းကလေး တစ်သိုက် မှာ ရုတ်တရက် လန့် သွားကြ၏ ။ 


“ တိတ်တိတ် လာရတာပေါ့ ဗျ … ကျုပ် မိန်းမ ကို ခင်ဗျားတို့ ဘာတွေ လာ နားချ နေကြမှန်း မှ မသိဘဲ ၊ မပို သူတို့ ပြောတိုင်း မယုံနဲ့ နော် ၊ ရော့ … ဟောဒီ ဖားတွေ ချက် စား ... ” 


“ အမေ့ … ကြောက်တယ်လို့ ဆိုနေ … သေနာကျကြီး … ကဲ …”


အေးပို သည် ဖားတွဲကြီး ကို ကြည့် ကာ ကြက်သီးကလေးများ ထ နေရာ မှ ကိုသာလူကြီး ၏ ရင်ဘတ် ကို ပြေး၍ ဗျောတီး လိုက်လေ သတည်း  ။


◾ရန်ကုန်ဘဆွေ


📖 ရန်ကုန်ဘဆွေ ဝတ္ထုတိုများ


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment