❝ တွတ်ပီ ဝက်သားတုတ်ထိုး ❞
ကျွန်တော် က ဝက်သား တုတ်ထိုး စားလေ့ ရှိ သူ မဟုတ်ပါ ။ တွတ်ပီ ဝက်သား တုတ်ထိုးဆိုင် က တုတ်ထိုး လုပ် ရောင်းတာ တစ်ရက် ကို ဝက်သား အချိန် ၂၀၀ လောက် ကုန်တယ် ဆိုတော့ ကျွန်တော့် အတွက် အံ့သြစရာကြီး ဖြစ်နေတယ် ။
ဝက်သား တုတ်ထိုးဆိုင် ဆိုတာ လမ်းဘေး မှာ အထမ်း နဲ့ ပျံကျ ရောင်းတာ မျိုး လို့ ပဲ ထင် ထားတာ ၊ တွတ်ပီ က ဘယ်မှာ အဲသည်လို ဟုတ်လို့လဲ ၊ ဆိုင် နဲ့ စားပွဲ နဲ့ အကျအန ၊ ကျွန်တော့် သူငယ်ချင်း စာရေးဆရာ ညီပုလေး နဲ့ ဘီဂျေကွန်ပလက် ထူထောင်သူ ကိုသန်းထိုက် တို့ က တွတ်ပီဆိုင် ကို လိုက် ပို့ကြတယ် ။
ဝက်သား တုတ်ထိုးဆိုင် က အအေးပုလင်းတွေ ၊ အအေးဘူးတွေ ထည့် ဖို့ ရေခဲသေတ္တာ အကောင်းစားကြီး နဲ့ ၊ သည် ရေခဲသေတ္တာကြီး ဝယ် တဲ့ ထဲ မှာ ကျွန်တော့် သားသမီးတွေ ရဲ့ ပိုက်ဆံ ပါတယ် လို့ ကိုညီပုလေး က အရွှန်း စကား ပြောတယ် ၊ သူ့ သားသမီးတွေ က တွတ်ပီ မှာ ဝက်သားတုတ်ထိုး စားနေကျ ဖောက်သည် ဆိုတဲ့ သဘော ပြောတာပါ ။
သည်လို ဆိုင်ကြီးတွေ ဖြစ် လာအောင် ထူထောင် လာခဲ့တဲ့ ကိုအောင်ဇော်လင်း က ကျောင်းပညာ မြင့်မြင့်မားမား တတ်ခဲ့ သူ မဟုတ်ဘူး ၊ မြို့ကြီးပြကြီး မှာ မွေးဖွား ခဲ့ရသူ မဟုတ်ဘူး ၊ မိဘ ထံ မှ ငွေ အရင်းအနှီး ကို လက်ဖြန့် ခံပြီး ကြီးပွားလာသူ မဟုတ်ဘူး ၊ ကိုယ်စွမ်း ကိုယ်စ နဲ့ ဘဝ ကို ထူထောင် လာခဲ့ သူ ဖြစ်တယ် ။
ကိုယ့်ထူး ကိုယ်ချွန် ပြီး ကြီးပွား ချမ်းသာချင်သူ လူငယ်တွေ အတွက် အတွေး လမ်းစ တွေ ရအောင် ကိုအောင်ဇော်လင်း နဲ့ ကျွန်တော် စကားစမြည် ပြော ကြည့် ပါတယ် ။
“ ပြောရရင် ကျွန်တော် က အညာသား ၊ ယောသား ၊ ပေါက်မြို့နယ် က ၊ ကျွန်တော် မန္တလေး စ ရောက်ခါ စ က မဟာမြိုင် နီလာဝင်း ကဖေး မှာ တစ်လ ( ကျပ် ) ၁၅၀ နဲ့ စားပွဲထိုး ဝင် လုပ်တာ ”
ဘယ် အရွယ် မှာ ဘယ်လို စိတ်ကူး နဲ့ ယောနယ်သား က မန္တလေး ရောက် လာတာလဲ ကျွန်တော် မေးတယ် ။
“ ကျွန်တော် က ညီအစ်ကို မောင်နှမ က များတယ်ပေါ့ ၊ ကိုးယောက် ရှိတယ် ၊ မိသားစု က အဆင် မပြေဘူး ၊ လေးတန်း အောင် ငါးတန်း မှာ ကျောင်း ထွက်ပြီး အလုပ် လုပ်ရတယ် ၊ ငါးတန်း တောင် မတက်ခဲ့ရပါဘူး ၊ ၁၁ နှစ်သား မှာ မန္တလေး သွား အလုပ် လုပ်မယ် ၊ ကျန်တဲ့ ညီတွေ ၊ နှမတွေ တော့ ပညာ တတ်အောင် ထား ပေးမယ်ပေါ့ ”
ငယ်ငယ်ရွယ်ရွယ် နဲ့ မိသားစု တာဝန် ပခုံး ပေါ် ကျလာတဲ့ လူငယ် တစ်ယောက် ရဲ့ ဘဝ က စိတ်ဝင်စား ဖို့ ကောင်းတယ် ။
“ ၁၁ နှစ်သား ကလေး တစ်ယောက် ကို ရပ်ဝေး ကို ထွက် သွား မှာ မိဘ က ခွင့်ပြုရဲ့လား ”
“ ခွင့် မပြုချင်ဘူး ၊ ကျွန်တော် က တော့ ချမ်းသာ ချင်တယ် ၊ ကျွန်တော် လေးတန်းနှစ် က အဖေ မကျန်းမာဘူး ၊ ဆေး ကု ဖို့ အဒေါ် တစ်ယောက် ဆီ ပိုက်ဆံ အစိတ် သွား ချေးတာ ၊ ချေး မပေးဘူး ၊ ကျွန်တော် စိတ် နာတယ် ၊ အဖေ နေကောင်း တာ နဲ့ လွယ်အိတ် တစ်လုံး လွယ် ပြီး မန္တလေး ထွက် လာတာ ”
“ လိုင်းကား နဲ့ လိုက် လာတာလား ”
သူ က ရယ်မောတယ် ။
“ ဘယ် မှာ ဘတ်စ်ကား စီး နိုင်မှာလဲ ။ ကားခ က ၄၅ ကျပ် ၊ အာရ်တီစီ ကုန်ကား က အစိတ် ( ၂၅ ကျပ် ) ၊ အာတီစီ နဲ့ ပခုက္ကူ ၊ လိုက်တယ် ၊ ပခုက္ကူ က မန္တလေး လည်း အာရ်တီစီ ပဲ ”
“ မန္တလေး ရောက်တော့ ...”
“ ကျွန်တော်တို့ နယ် က ဦးလေး တစ်ယောက် မန္တလေး မှာ စားသောက်ဆိုင် ဖွင့် ထားတယ် ၊ ကျွန်တော် က အလုပ် သွား တောင်း တော့ ကလေး မို့ အရပ် က ပုပုလေး ၊ ရေခဲသေတ္တာ တောင် မမီဘူး ၊ သူ က လက်ဖက်ရည်ဆိုင် စားပွဲထိုး လုပ်ဖို့ အပ် ပေး တယ် ”
“ နီလာဝင်း မှာ စားပွဲထိုး လုပ်တာ ဘယ်လောက် ကြာလဲ ”
“ သုံးနှစ် လောက် ကြာတယ် ၊ သုံးနှစ် ကြာတော့ ၂၀၀ ဖြစ် လာပြီ ၊ ကျွန်တော် စားပွဲထိုး ပုံ ကြိုက်လို့ စားသောက်ဆိုင် က ဦးလေး က ၄ဝဝ ပေး ခေါ် တယ် ။ သုံးနှစ် လောက် နေတော့ လခ က ၁ဝဝဝ ဖြစ်လာပြီ ”
“ ပိုက်ဆံ စုမိမှာပေါ့ ”
“ အဲဒီတုန်း က စုချိန် ကို မရဘူး ၊ အိမ် ကို ပဲ ထောက်ပံ့ နေရတာ ၊ အိမ် မှာ နွား က မရှိ ၊ အဲဒီ ခေတ် က နွား တစ်ကောင် ၆ဝဝဝ လောက် ပေးရတယ် ၊ လခ တစ်နှစ်စာ ကြို ထုတ်လိုက် ၊ အိမ် ကို နွားတစ်ကောင် ဝယ် ပေးလိုက် ၊ နောက် တစ်နှစ် လုပ်လိုက် ၊ နွား တစ်ကောင် ဝယ် ပေးလိုက် နဲ့ မိဘတွေ နွားတစ်ရှဉ်း ပိုင် သွားတယ် ”
သူ့ မိဘတွေ မှာ သား ယောက်ျားလေး အစား ခိုင်းစရာ နွား တစ်ရှဉ်း ရတာ ပေါ့လို့ ကျွန်တော် တွေးလိုက် မိပါတယ် ၊ သူ က သူ့ မိဘ လိုရာသုံး နိုင် ဖို့ ထောက်ပံ့ ခဲ့တာ ၊ သူ့ ဇာတိ ရပ်ရွာ မှာ အဝီစိတွင်း တွေ တူးလှူတာ ၊ အထက်တန်းကျောင်း ဆောက်လှူတာ ၊ ဆေးလာကုသူတွေ ကို အကူအညီ ပေးတာ ၊ လျှပ်စစ်မီး ရအောင် ကြိုးပမ်း ပေးခဲ့ပုံတွေ ကို ပြောပြတယ် ။
ကျွန်တော် က သူ့ ဘဝ လမ်းကြောင်း အကြောင်း ကို ပြန် မေးပါတယ် ။
“ ဒီလိုနဲ့ စားသောက်ဆိုင် က နေ သကြားစက် ကို ပြောင်း လုပ်ပြန်တယ် ၊ သူများ ဆီ မှာ အလုပ် လုပ်တာ ၁၇ နှစ် ကြာ သွားတယ် ၊ ကျွန်တော် စဉ်းစားတယ် ၊ ဒီပုံ အတိုင်း နေလို့ မဖြစ်သေးဘူး ၊ လည် ထွက် နေတာပဲ ၊ ကိုယ်ပိုင် လုပ်ငန်း တစ်ခု ခု တော့ လုပ်ရမယ် ပေါ့ ”
“ လုပ်ခဲ့တဲ့ လုပ်ငန်းတွေ က ဆရာတွေ ဆီ က ပညာတွေ ရမှာပေါ့ ”
“ ရတာပေါ့ ၊ ကျွန်တော် က ဆရာ တိုင်း ဆီ က သင်ယူတယ် ၊ ကျွန်တော့် ဆရာ ထဲ မှာ တရုတ် ပါတယ် ၊ ကု,လား လည်း ပါတယ် ၊ ဗမာ လည်း ပါတယ် ၊ ကျွန်တော့် ဆရာ ဆိုင်ရှင် တစ်ယောက် ဆိုရင် ဟိန္ဒူကု,လား ၊ သူ က ဈေးဝယ် ကို ပစ္စည်း ပေး ရင် ဖိနပ် ချွတ် ပေးတယ် ၊ ကျွန်တော့် ကို သူ့ လို မလုပ်ခိုင်းဘူး ၊ ဒါပေမဲ့ ဈေးဝယ် ဟာ ကိုယ့် ထမင်းရှင် လို့ တော့ ပြောတယ် ၊ အဲဒီ နေ့ က စပြီး ကျွန်တော် ဈေးဝယ် စိတ် ဆင်းရဲအောင် ဘယ်တော့မှ မလုပ်ဘူး ”
“ ကိုယ်ပိုင် လုပ်ငန်း ကို ဘယ်လို စ တည်သလဲ ”
“ သကြားစက် မှာ လုပ်ရင်း စုဆောင်း လိုက်တာ ပိုက်ဆံ ၃၀,၀၀၀ လောက် စုမိ လာတယ် ၊ အဲဒါ ကျွန်တော့် ဘဝ အစ ၊ ၃၀,၀၀၀ က သူများ အတွက် မုန့်ဖိုး ၊ ကျွန်တော် က တော်တော် စုခဲ့ရတာ ၊ ဝက်သား တုတ်ထိုး ကို ကိုယ်တိုင် ကြိုက်တယ် ၊ ထုတ်ထိုး ရောင်းမယ် ပေါ့ ”
“ ဘယ်နှခုနစ် လောက်ကလဲ ”
ကိုအောင်ဇော်လင်း က သူ့ ဇနီး မမြသီတာအေး ကို တို့ ဝက်သားတုတ်ထိုး စ ရောင်းတာ ဘယ်တုန်းကလဲ လို့ လှမ်း အော် မေးတယ် ။ ၂ဝဝဝ ဝန်းကျင် လို့ ပြန် ဖြေတယ် ။
“ ပထမဆုံး ဝက်သား တုတ်ထိုး စ ရောင်းတုန်းက တွန်းလှည်းလေး နဲ့ ရောင်းတာ ၊ တွန်းလှည်း ကို တစ်နေ့ ၅ဝ ပေး နဲ့ ငှားတယ် ၊ တွန်းလှည်းတစ်စီး မှ ၇ဝဝဝ ၊ ၈ဝဝဝ ကို ကျွန်တော် မဝယ်နိုင်ဘူး ၊ ပထမ စ ရောင်းတဲ့ နေ့ မှာ ၇ဝဝ ရှုံး သွားတယ် ”
အဲသည် တုန်း က အနေအထား ကို သူ က ရယ်ကာ မောကာ ပြန် ပြော ပါတယ် ။
“ တစ်လ လောက် ရောင်း လိုက်တာ အရင်း ပါ ပျောက် သွားရော ၊ ဝက်သားသည် ကို ကျွန်တော့် အကြွေး ပေးပါ သွား ပြောတယ် ၊ သူ က လည်း ပေးတယ် ”
“ လက်လျှော့ အရှုံးပေး ဖို့ စိတ် မကူးဘူးလား ”
“ အိမ် က လူတွေ ကတော့ အကုန်လုံး ဝိုင်း တားတယ် ၊ မင်း မလုပ်နဲ့ တော့ ၊ ကျွန်တော် က တော့ လုပ်မယ် ၊ အောင်မြင် အောင် ကို လုပ်မယ် ၊ မရပ်ဘူး ၊ မလုပ်တတ် သေးခင် ရှုံးချင် ရှုံးမယ် ၊ လုပ်တတ်တဲ့ နေ့ အောင်မြင် မှာ ပဲ ဆိုတာ ကျွန်တော် သိတယ် ”
အခက်အခဲ ကို ဘယ်လို စိတ်ဓာတ် နဲ့ သူ ရင်ဆိုင် ကျော်ဖြတ်ခဲ့တာလဲ ။
“ ကျွန်တော် ချောင်း ဆိုးတယ် ၊ ကျွန်တော့် အဘ ၊ အမေ့ အဖေ က ပြော တယ် ၊ ဟေ့ကောင် ချောင်း ဆိုး တာလောက် ကို ရောဂါ လုပ် မနေနဲ့ ၊ လောက မှာ မင်း တစ်ယောက် တည်း ဖြစ် နေတာ မဟုတ်ဘူး ၊ ဆေးရုံ ပေါ် တက် ခွဲ နေရသူတွေ ရှိတယ် ၊ ခြေတွေ လက်တွေ ပြတ် နေတဲ့ လူတွေ တောင် ရပ်တည် နိုင်သေးတာ ၊ မင်း က ဘာကြောင့် မလုပ်နိုင် ရမှာလဲ လို့ အားပေးတယ် ၊ အဲဒီ ပုံစံ နဲ့ ပဲ အားတင်း ခဲ့ရတာပဲ ”
“ အခုလို အောင်မြင်ပြီ ဆိုတဲ့ အခါ အဲဒီ အချိန် က အခြေအနေ ကို ပြန် သုံးသပ်ရင် ဘာ ချို့ယွင်းချက်တွေ ပြန် မြင်သလဲ ”
“ မရောင်းတတ်တာ ၊ ရောင်းချင် စိတ် အား လောကြီး ပြီး ( အသား ကို ) ကြီး လှီးပေးတာ ၊ ကိုယ့် ထဲ က ပါ ကုန်တာပေါ့ ”
သူ က ဟက်ဟက်ပက်ပက် ရယ်မောတယ် ။
ပထမ တစ်နေရာ တည်း မှာ ပဲ ရောင်းတယ် ၊ နောက် သုံးနေရာ ပြောင်း ရောင်းတယ် ၊ မန္တလေး မြို့ပေါ် က ပွဲတွေ ၁၂ ပွဲ လိုက် ရောင်းတယ် ၊ ဘယ်နေရာ မှာ ရောင်းတယ် ဆိုတာ ကြော်ငြာတယ် ၊ လိုက်လာကြတယ် ၊ အဆင်ပြေ လာတယ် ”
“ နေရာ အရွေး တည့် သွားလို့လား ”
“ ကျွန်တော် က လာ စားတဲ့ သူ ကို နောက်နေ့ လည်း စားချင် အောင် ပြော တယ် ။ ဖိတ်ခေါ်တာပေါ့ ”
“ တွန်းလှည်း ကိုယ်ပိုင် မဝယ်သေးဘူးလား ”
“ တွန်းလှည်း က နေ ဆိုင်ခန်း ပြောင်း လိုက်တာ ၊ အဲဒါ တော်တော် ခက် တယ် ၊ လူကြီးတွေ က ဝက်သားတုတ်ထိုး ဆိုတာ တွန်းလှည်း နဲ့ ရောင်းရတဲ့ ဟာ ၊ ဆိုင်တွေ ဘာတွေ လုပ် မနေနဲ့ တဲ့ ဖျက်ကြတယ် ၊ လေးနှစ် ရောင်း လိုက်တာ ကျွန်တော့် လက် ထဲ မှာ ပိုက်ဆံ က ခြောက်သိန်း ပဲ ကျန်တာ ၊ ဆိုင်ခန်း က တစ်လ တစ်သိန်း ၊ ၁၂ သိန်း တင် ရမှာ ၊ မြန်မာတိုင်း ( မ် ) ဂျာနယ် က အစ်ကို လို ခင်မင်တဲ့ ကိုမင်း က တော့ အားပေးတယ် ၊ လိုတဲ့ ပိုက်ဆံ ထုတ် ပေးတယ် ၊ ဆိုင်ခန်း ငှား လိုက်တယ် ”
“ ဘယ်နေရာလဲ ”
“ ၃၄ လမ်း ၊ ကျူရှင်တန်း ၊ ဘီအမ်ဘားမား ကျူရှင် ရှေ့ ၊ ဗလီပေါက် တည့်တည့် မှာ ”
သူ့ ဝက်သားတုတ်ထိုးဆိုင် တည်နေရာ ကို ပြောရင်း ကိုအောင်ဇော်လင်း ရယ်တယ် ၊ ဆိုင် အမည် ကို ကာတွန်း ကိုဆွေမင်း ( ဓနုဖြူ ) ရဲ့ ဇာတ်လိုက် တွတ်ပီ ဆိုတဲ့ အမည် ယူခဲ့ပုံ ကို ကျွန်တော် မေးတယ် ။
“ အနောက် အပ်ချုပ်ဝင်း ဗလီပေါက် မှာ ရောင်း နေတုန်း က ဆိုင် နာမည် မရှိဘူး ၊ ဗလီပေါက် က တုတ်ထိုး က စား ကောင်းတယ် နာမည် ထွက် လာတယ် ၊ ဗလီဆရာ ဦးကျော်သိန်း က ဟေ့ ကောင်လေး ၊ မင်း ဆိုင် နာမည် တစ်ခု တော့ တပ် တော့ ၊ ခုဟာ က မင်း ဆိုင် ထဲ ငါတို့ နာမည် ပါ ပါနေတာ မကောင်းဘူး တဲ့ ”
သူ က ရယ်ရင်း ပြောပါတယ် ။
“ ကျွန်တော် တအား ကြိုက်တဲ့ ကာတွန်းတွတ်ပီ က လည်း ချက်တာ ပြုတ်တာ ဝါသနာ ပါတယ် ၊ ဒါကြောင့် တွတ်ပီ လို့ နာမည် ပေးလိုက်တာ ”
ဆိုင်ခန်း နဲ့ ရောင်း ရတဲ့ အတွေ့အကြုံ ကို ကျွန်တော် မေးတယ် ။
“ ဆိုင်ခန်း နဲ့ ဆိုတော့ တစ်ရက် ပိဿာ ၃၀ လောက် ကုန်လာတယ် ၊ စားတဲ့ လူတွေ က များများ လာတော့ ဆိုင်ခန်း က ကျဉ်း လာတယ် ။ ဒါနဲ့ ဒီဆိုင် ( ၃၃ လမ်း ) ကို ငှားပြီး ပြောင်း လိုက်တယ် ”
“ စားတဲ့ လူတွေ ဘာကြောင့် များများ လာတယ် ထင်သလဲ ”
“ ဘယ် အလုပ် မဆို စေတနာ အဓိက ပဲ ၊ ကျွန်တော် က စေတနာ ပါ ထည့် ရောင်းတာ ၊ လာ စားတဲ့ လူတိုင်း ကျေနပ်စေတဲ့ ဆက်ဆံရေး ကျွန်တော် ပေးတယ် ၊ ဈေးနှုန်း ၊ ဆိုင်ခန်းကြီး နဲ့ ရောင်း ပေမယ့် လမ်းဘေး က ဈေးနှုန်း ပဲ ၊ သပ်ရပ်မှု ၊ စားတဲ့ လူတိုင်း သိတယ် ၊ ဝက်သားတုတ်ထိုး ဆိုင်တွေ အားလုံး ထဲ မှာ ပရော်ဖက်ရှင်နယ် ချက် တာ ကျွန်တော် ပဲ ရှိတယ် ”
ကျွန်တော်တို့ စားဖို့ ဝက်သားတုတ်ထိုး အမျိုးစုံ ကို လာဧည့်ခံ ပါတယ် ။
“ နောက် တစ်ခု က ခေတ် အမြင် လိုတယ် ၊ လမ်းဘေး အဆင့် မှာ ရပ် နေ လို့ မရဘူး ၊ သူများ ဘယ်လို သန့်ရှင်းအောင် ထူထောင် နေသလဲ သိရမယ် ၊ အမြင့် ဆိုင်တွေ ကို ကိုယ် က လိုက် စားပြီး နမူနာ ယူရတယ် ”
သူ့ ဝက်သား တုတ်ထိုးဆိုင်တွေ က မန္တလေးမြို့ မှာ ကျူရှင်တန်း ဖြစ်တဲ့ ၃၃ လမ်း ၊ မန္တလေး ပင်မ တက္ကသိုလ် အနီး ၊ မန္တလေး ဆေးတက္ကသိုလ် အနီး နဲ့ တောင်ကြီးမြို့တို့ မှာ ဆိုင် လေးဆိုင် ဖွင့် ထားတယ် ၊ သူ က လူငယ်တွေ များတဲ့ နေရာ ကို ပစ်မှတ် ထား သလား မေးတော့ သူ က ရယ်မော ရင်း ဝန်ခံတယ် ။
သူ့ ကို ဆိုင်နေရာ သစ် ရွေးပုံ ကို မေးတော့ ပထမ ကိုယ့် ပြိုင်ဘက်တွေ ကို လေ့လာတယ် ။ ပြိုင်ဘက် ထက် သာ အောင် လုပ်တယ် ၊ ကိုယ် က အသစ် တိုးမယ် ဆိုရင် ပြိုင်ဘက် နဲ့ တန်းတူ လုပ်လို့ မရဘူး ၊ သူ့ မိတ် က သူ့ ဆီ ပဲ သွားမယ် ၊ ကိုယ် က သာ မှ ဆွဲဆောင် နိုင်မယ်လို့ ဖြေပါတယ် ။ ကိုအောင်ဇော်လင်း က ကြီးပွားကြောင်း အခြေခံ ကို သူ့ အတွေ့အကြုံ နဲ့ တည်ပြီး ရှင်းပြတယ် ။
“ ဘယ် အလုပ် မဆို တစိုက်မတ်မတ် လုပ်ရင် ဖြစ်တယ် ၊ ကံ ထက် လုံ့လ ဝီရိယ နဲ့ လုပ်ဖို့ ပို လိုတယ် ၊ အောင်မြင် ချင် ရင် တော့ သူများ ထက် ကြိုးစားရမှာပဲ ၊ အလုပ် အပေါ် ဂရုစိုက် ရင် သေချာပေါက် အောင်မြင်တယ် ၊ ကြာတာ နဲ့ မြန်တာပဲ ကွာမယ် ၊ တချို့ က ကံအကြောင်း မလှလို့ ဆိုပြီး ပြောကြတယ် ၊ ကျွန်တော် ဆိုရင် ဘဝ တစ်လျှောက်လုံး ကံ မကောင်း အကြောင်း မလှခဲ့ဘူး ၊ မကြိုးစားဘဲ နဲ့ တော့ ဘယ်သူ မှ မအောင်မြင်ဘူး ”
ဘဝ ဖြတ်သန်းမှု နဲ့ ပတ်သက်တဲ့ သူ့ အမြင် ကို လည်း ပြောပြတယ် ။
“ ဘဝ ကို ငြိမ်းငြိမ်းချမ်းချမ်း ဖြတ်သန်းဖို့ လိုတယ် ၊ ပိုက်ဆံတွေ ဘယ်လောက် ချမ်းသာ ချမ်းသာ ၊ မငြိမ်းချမ်း ရင် နေရတာ မတန်ဘူး ၊ အငြိမ်းချမ်းဆုံး နည်း ရှာရမှာ ပဲ ၊ နေ့စဉ် ပိုက်ဆံ ရှာ ရာ မှာ လောဘ မပါဘဲ ရှာရင် အေးချမ်း မှာ ပဲ ”
ယခု တော့ ကိုအောင်ဇော်လင်း က ပေါက်မြို့နယ် က သူတို့ ရွာလေး မှာ စံနမူနာပြပုဂ္ဂိုလ် ၊ ရပ်ရွာ အကျိုးပြု နိုင်သူ ဖြစ်သွားတာ ဝမ်းသာ စရာတော့ ရပါ တယ် ။
◾ကျော်ရင်မြင့်
📖 ဘဝဇာတ်ခုံ စုစည်းမှု - ၈
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment