❝ ဆရာတွေ စာမေးပွဲ ကျတဲ့ အခါ ❞
( ၁ )
သရုပ်ဆောင် နေတဲ့ မင်းသား က သိပ်တော့ အိုက်တင် မကောင်းလှဘူး ။ ပို ဆိုးတာ က ကျောင်းဆရာအိုကြီး နေရာ က သရုပ် ဆောင် တဲ့ အသက် ၅ဝ ကျော် ဇာတ်ပို့ ပုဂ္ဂိုလ် ပဲ ။ ဒါရိုက်တာ က လည်း အတင်း ပဲ မျက်ရည် မထွက် ထွက် အောင် ငိုခိုင်း နေတယ် ။
ဒါရိုက်တာ က ကျွန်တော့် သူငယ်ချင်း ၊ ဇာတ်ညွှန်း ရေးတဲ့ သူ က လည်း ကျွန်တော့် သူငယ်ချင်း ပဲ ။ သူငယ်ချင်း ဆိုပေမဲ့ အသက် အား ဖြင့် တော့ ကျွန်တော့် ထက် ကြီး တာပေါ့လေ ။ အနုပညာ နယ် ထဲ ရောက်တာ လည်း သူ က ပို စောတယ် ။
သူ ရေးထားတဲ့ ဇာတ်လမ်း က လူမိုက် တစ်ယောက် ရဲ့ ဘဝ အချိုးအကွေ့ ကို ဇာတ်လမ်း ဆင် ထားတာ ။ ဟို လူ့ ကို စော်ကား ၊ ဒီ လူ့ ကို စော်ကား ၊ ပြီးတော့ မှ နောင်တရ .. စသဖြင့် ပေါ့ ၊ ကျွန်တော် တို့ ကြည့် ဖူး နေကျ မြန်မာဗီဒီယိုကားတွေ အတိုင်းပါပဲ ။ ဘာမှ သိပ် မပိုလှဘူး ။ အခု သရုပ်ဆောင် နေတဲ့ ဇာတ်ကွက် က မင်းသား နောင်တ ရ တဲ့ နေရာ တောင် ရောက် နေပြီ ။ သူ အရင် တုန်း က စော်ကား မော်ကား မောက်မောက်မာမာ ဆက်ဆံခဲ့ဖူးတဲ့ သူ့ ရဲ့ အထက်တန်းပြ ကျောင်းဆရာ ကို ပြန် တောင်းပန် တဲ့ အခန်း ရိုက် နေတာ ။
ဆရာ့ ရဲ့ စေတနာမေတ္တာ ကို နားမလည် ခဲ့တာတွေ ၊ ဒုက္ခ ရောက်တော့ မှ ဆရာ့ ဂုဏ်ကျေးဇူး ကို သတိရ တာတွေ ၊ ခွင့်လွှတ်ပေးပါ ဘာညာ ပြောပြီး ဆရာ့ ကို ကန်တော့ ... ။
ဆရာ က လည်း
“ ခွင့်လွှတ်ပါတယ် တပည့် ရယ် ။ ဆရာ ဆိုတာ တပည့်တွေ ပေါ် မှာ အမြဲတမ်း .. ”
ဘလား .. ဘလား .. ဘလား ပေါ့ ဗျာ ။ ပြောနေကျ စကားတွေ ကို ပဲ အသံ တုန်တုန်ယင်ယင်တွေ လုပ်ပြီး ပြော ။ ဆရာ နဲ့ တပည့် မျက်ရည် အပြိုင်ကျ .. ဒါတွေပါပဲ ။
ကျွန်တော် က တော့ အဲဒီ ရုပ်ရှင် ရိုက်ကွင်း ကို ကြည့်ရင်း နဲ့ ပျင်းလာတယ် ။ ဒါမျိုးတွေ က ကျွန်တော်တို့ ငယ်ငယ်တုန်း က ရုပ်ရှင်ရုံ မှာ သုံးမတ်တန်း က ခဏခဏ ကြည့်ဖူးနေကျပဲ ဥစ္စာ ။
မိဘ ဆရာ ကို မိုက်မှား စော်ကား ၊ ပြီး မှ နောင်တရ တောင်းပန် ၊ ပရိသတ် မျက်ရည်ကျ ။ သူတို့ ရုပ်ရှင်သမားတွေ ပိုက်ဆံ အများကြီး ရ ။ ကျွန်တော့် လို ကလေးတွေ ပိုက်ဆံ ခုနှစ်ဆယ့်ငါးပြား ဆုံး ။ ပလုံ ။ အဲဒီ အဆင့်ပါပဲ ။
ဒါနဲ့ ရိုက်ကွင်း ခဏ နားတော့ ကျွန်တော် က ဒါရိုက်တာ ကို
“ မင်းသား ရော ၊ ကျောင်းဆရာ ရော တရှုပ်ရှုပ် ငို နေကြတော့ မင်း ဟာ က အိုဗာ အိုက်တင် တွေ ဖြစ် မကုန်ဘူးလားကွ ။ ဒီ အတိုင်း ရိုးရိုး တောင်းပန်ရင် လည်း ရပါတယ် ။ ဆရာ က လည်း ‘ အေးပါကွာ ’ လို့ ပြောလိုက်ရုံ နဲ့ ပြီးပါတယ် ဟ ”
“ ဟာ .. ဒါဆို ဇာတ် က ပေါ့ရွှတ်ရွှတ်ကြီး ဖြစ် သွားမှာပေါ့ ။ အငိုလေး ဘာလေး နဲ့ မြူးဇစ် က ကြေကြေကွဲကွဲလေး တာ နဲ့ ချွဲ ။ ဒါမှ ကြည့်တဲ့ လူ မျက်ရည် ကျ မှာ ။ မင်း မသိလို့ ပါ ။ မြန်မာ ပရိသတ် က ဒါမျိုး ကြိုက်တယ်ကွ ”
သူ့ စကား ကြောင့် ကျွန်တော် ပြုံး မိတယ် ။ ဘယ် မသိဘဲ နေပါ့ လဲ ။ သိတာပေါ့ ။ ဒါပေမဲ့ Paradigm ဆိုတာ ပြောင်းသင့် ပြောင်းထိုက် အဲ့ အချိန် ရှိတယ် မဟုတ်လား ။ ဒါကြောင့် ကျွန်တော် က
“ အဲဒါမျိုး ကြိုက်မှန်း သိပါတယ် ။ ဒါပေမဲ့ ဒီ အကွက်တွေ နဲ့ ချည်းပဲ လုပ်စား လာတာ ကြာလှပြီ မဟုတ်လား ။ ခေါက်ရိုး ကျိုး သလို ဖြစ်နေမှာ စိုးလို့ ပြောတာ ”
“ ခေါက်ရိုး ကျိုး တာ မဟုတ်ဘူးကွ ။ ဒါ စံ သတ်မှတ်ချက် ပဲ ။ မိဘတွေ ဆရာတွေ ကို အဲဒီလို သဘောထား တာ Value ပဲ အာရှတန်ဖိုး ဆိုတာ အဲဒါတွေ ပေါ့ ”
ကျွန်တော့် သူငယ်ချင်း ဒါရိုက်တာ က လည်း ခေတော့ မခေဘူး စာဖတ်အား ကောင်းတဲ့ သူ ဆိုတော့ ဟန်ကျပန်ကျ ပြန် ပြောနိုင်တယ် ။ ကျွန်တော် ခေါင်းညိတ် နေ လိုက် ရ တော့တာပေါ့ ။
မှန်တယ် ။ လူ မှာ “ စံ ” ဆိုတာ ရှိတယ် ။ ခပ်ရှင်းရှင်း ပြောရရင် ‘ စံ ’ ဆိုတာ လူ နဲ့ တိရစ္ဆာန် အကြား မှာ စည်းခြား ပေးထားတဲ့ အရာပဲ ။ တိရစ္ဆာန်တွေ မှာ မိဘ တို့ ဆရာ တို့ ဆိုပြီး ရိုသေလေးစား တာ မရှိဘူး ။ သူ တစ်ပါး အိမ်ရာ ကို မကျူးလွန် မစော်ကား ဖို့ ၊ မခိုးဝှက် ဖို့ ဆိုတဲ့ သီလ တွေ မရှိဘူး ။ သစ္စာဖောက်တာတွေ ၊ ဂုဏ်သိက္ခာတွေ စတဲ့ အဓိပ္ပာယ် တွေ မရှိဘူး ၊ ဒါက .. တိရစ္ဆာန် လောက ကိုး ။
လူ့ လောက မှာ တော့ အဲဒါတွေ အကုန် ရှိတယ် ။ အဲဒါတွေ ဟာ “ စံ ” တွေပဲ ။ အဲဒီ သတ်မှတ်ချက်တွေ အတိုင်း နေထိုင် နိုင် မှ လူ့အဖွဲ့အစည်း က ‘ လူ ’ လို့ သတ်မှတ်တာ ။ မဟုတ်လို့ က တော့ လူ စင်စစ် က နေ တိရစ္ဆာန် ဖြစ်အောင် ကို ပြောဆို ကဲ့ရဲ့ ရှုတ်ချ ကြတော့ တာပဲ ။
ကောင်းပါတယ် ။
လူ့ အဖွဲ့အစည်း မှာ အဲဒီလို စံ သတ်မှတ်ချက်မျိုး ရှိပါဦးမှ ။ ဒီလိုမှ မရှိရင် လည်း လူတွေ ဟာ ကိုယ် ထင်ရာ စိုင်း နေတာ နဲ့ ၊ ကိုယ့် လွတ်လပ်ခွင့် ဟာ သူများ ကို အနှောင့်အယှက် ပေးတာနဲ့ ၊ ပတ်ဝန်းကျင် က လူတွေ ကို ထိခိုက် စေတာနဲ့ ဘာနဲ့ ညာနဲ့ .. လူ့ အဖွဲ့အစည်း တစ်ခု လုံး ဖရိုဖရဲ ဖြစ်ကုန်မှာပေါ့ ။
ဒါပေမဲ့ ...
အဲဒီ ‘ ဒါပေမဲ့ ’ ဟာ တော်တော် အရေးကြီးတဲ့ ‘ ဒါပေမဲ့ ’ ပါ ။ ကျွန်တော့် သူငယ်ချင်း ဒါရိုက်တာ ကို မပြောဖြစ်ခဲ့ တဲ့ ‘ ဒါပေမဲ့ ’ လည်း ဖြစ်ပါတယ် ။ အဲဒါက ဘာလဲ ဆိုတော့ ‘ လူ့ အဖွဲ့အစည်း က သတ်မှတ်တဲ့ စံ ’ တင် မကဘူး ။ နောက်ထပ် အရေးကြီး တဲ့ ‘ စံ ’ တစ်ခု သတ်သတ် ရှိသေးတယ် ဆိုတာပါပဲ ။
အဲဒါကို တော့ သူ့ ကို ရှင်းပြ မနေတော့ပါဘူး ။ ရုပ်ရှင် ရိုက်ကွင်း ဆိုတာ အတွေးအခေါ် လေးလေးနက်နက်ကြီး တွေ ကို အကျယ်တဝင့် ဆွေးနွေးဖို့ ကောင်းတဲ့ နေရာ မဟုတ်ဘူးလေ ။
••••• ••••• •••••
( ၂ )
ရုပ်ရှင် ရိုက်ကွင်း က နေ တည်း တဲ့ ဟိုတယ် ကို ပြန် လာတဲ့ လမ်း တစ်လျှောက် မှာ လည်း အဲဒီ အကြောင်း ကို ပဲ ကျွန်တော် ဆက် တွေး နေ မိတယ် ။ အထူးသဖြင့် ကျွန်တော် တို့ ရဲ့ မြန်မာ လူ့ အဖွဲ့အစည်း ပေါ့ ။ မြန်မာ့ စံ သတ်မှတ်ချက် ထဲ မှာ သွား ပြီး တို့လို့ ထိလို့ မရနိုင် စကောင်းတဲ့ ကန့်သတ်ချက်တွေ အတော် တင်းတင်းကျပ်ကျပ် ရှိတယ် ။ ဥပမာ ပြောရရင် အနန္တောအနန္တ ငါးပါး ပေါ့ ။
ဘုရား ၊ တရား ၊ သံဃာ ၊ မိဘ ၊ ဆရာ ... ဒါတွေ ကို သွားပြီး ‘ တို့ ထိ ’ လို့ မရဘူး ၊ ဝေဖန်လို့ မရဘူး ။ ပြဿနာ အကြီးကြီး တက် သွား မယ် ။ ရယ်စရာ မောစရာ ပေါ့ပေါ့ပါးပါး ပြော မိရင်တောင်
“ မင်း နဲ့ ဝေးဝေး နေ မှာ မိုးကြိုး ပစ်ရင် စက်ကွင်း လွတ် မှာ မဟုတ်ဘူး ” တို့ ၊
“ ငရဲ ကြီးလိမ့်မယ် ” တို့ နဲ့ သူတို့ ရဲ့ အသိစိတ် ထဲ မှာ ( ဘယ်သူ က မှ ရိုက် မခိုင်းဘဲ ) အလိုလို ဆင်ဆာ ဖြတ် ပြီးသား ဖြစ်နေတယ် ။ စိတ် မကောင်းစရာပဲ ။ ကျွန်တော် တွေးရင်း နဲ့ တောင် သက်ပြင်း ချ မိတယ် ။
လူ့ အဖွဲ့အစည်း လှပအောင် ထိန်းကျောင်း ထားတဲ့ စံ ဟာ ဘယ်လိုကြောင့် လူ တွေ အတွက် ‘ အကြောက်တရား ’ အဖြစ် ပုံပြောင်း သွားပါလိမ့် ။ တကယ်တော့ လူတွေ ကိုယ်တိုင် ကို က သူတို့ ကိုးကွယ် ဖို့ အကြောက်တရား ကို လိုလိုချင်ချင် ရှာရှာဖွေဖွေ ဖန်တီး နေကြတာပါ ။
လူ အများစု က ကြောက် နေ ရ မှ နေပျော် တာ မဟုတ်လား ။
ဟိုတယ် ကို ပြန် ရောက် တော့ လော်ဘီခန်းမ ထဲ မှာ ကျွန်တော် နဲ့ တွေ့ဖို့ လာ စောင့် နေတဲ့ ဧည့်သည် ရှိ နေပါတယ် ။ ကျွန်တော့် အဖေ ရဲ့ တစ်ဝမ်းကွဲ အစ်မကြီး ပါ ။ သူ က
“ မင်းနှယ် ကွယ် ၊ ဒီ အထိ တောင် ရောက် နေမှပဲ ၊ ငါတို့ မြို့ ကို လှည့် ဝင်ခဲ့ရောပေါ့ ။ မသကာ တစ်နာရီ ၊ တစ်နာရီခွဲ လောက် ပဲ မောင်းရမယ့် ဥစ္စာ ”
ကျွန်တော်တို့ အခု ရုပ်ရှင် လာ ရိုက်နေတဲ့ မြစ်ဝကျွန်းပေါ် မြို့ လေး နဲ့ ကြီးဒေါ် ရဲ့ ဇာတိမြို့ ဟာ မိုင် ၂ဝ ကျော် ပဲ ဝေးပါတယ် ။ ကျွန်တော် က
“ ကိစ္စတွေ ပြီး ရင် လာ မလို့ပါပဲ ကြီးကြီး ရဲ့ ။ အလာ တုန်း က အဖွဲ့လိုက်ကြီး မို့ လို့ လှည့် မဝင်ခဲ့တာ ”
“ ဝင်ခဲ့ရောပေါ့ ဟယ် ။ ငါ့ မှာ တမျှော်မျှော် နဲ့ ။ မင်း ဆီ ဖုန်းဆက် တော့လည်း ဆက်လို့ မရ ။ အဲဒါနဲ့ ဆိုင်ကယ် တက္ကစီ ငှား ပြီး လိုက်ချ လာရတာ ”
ကျွန်တော် က ဖုန်း ကို ကိုယ် ဆက် ချင်တဲ့ အချိန်လေး ပဲ ဖွင့် ဆက် ပြီးတော့ ကျန်တဲ့ အချိန်တွေ မှာ တောက်လျှောက် ဖုန်း ပိတ် ထားတတ် တယ် ဆိုတာ အားလုံး သိကြပေမဲ့ ကျွန်တော့် ကြီးဒေါ် သိပုံ မပေါ်ပါဘူး ။
ကြီးဒေါ်ကြီး ကို ကြည့်ရင်း နည်းနည်း စိတ် မကောင်း ဖြစ်သလို ခံစားရတယ် ။
ကျွန်တော့် အဖေ နဲ့ အမေ ကွာရှင်းပြတ်စဲ ကြ ပြီးတော့ ကျွန်တော် က အဖေ နဲ့ ကျန် နေရစ်ခဲ့ ရော ။ နောက် .. အဖေ ဆုံးတော့ ကြီးဒေါ် ကြီး လက် ထဲ မှာ ပဲ ကျွန်တော် ကြီးပြင်း ခဲ့ရတာ ဆယ်တန်း အောင် တဲ့ အထိ ပါ ပဲ ။
တက္ကသိုလ် ဆက် တက်ဖို့ အထိ တော့ ကြီးဒေါ် က မတတ်နိုင် တော့ဘူးလေ ။ ဆင်းရဲတာ ကိုး ။ ဒီ ကြားထဲ ကျွန်တော် ကိုးတန်း နှစ် မှာ ကြီးဒေါ် က စပါးနဝလီ လိုက် တဲ့ လှေသမား တစ်ယောက် နဲ့ အိမ်ထောင် ကျတယ် ၊ ‘ အသက် ကြီး မှ အိမ်ထောင် ပြုတာ အားကိုးရာ ရှာမလို့ ထင် ပါရဲ့’ လို့တော့ မအောက်မေ့ နဲ့ ။ သူ့ ယောက်ျား က ဘာမှ အားမကိုး ရတဲ့ အပြင် ဆီးချိုရောဂါ ဖြစ်လို့ ဆေးဖိုးတွေ ကုန် လိုက်တာ မီးခိုး မဆုံး မိုး မဆုံးဘဲ ။ သွေး ထဲ မှာ သာ အချိုဓာတ် များ တာ .. ဘဝ က တော့ အချို ဓာတ် နည်း လွန်းပါတယ် လေ ။
ကျွန်တော့် ကို အမေ က တက္ကသိုလ် ဆက် ထား ပေးမယ် ဆိုပြီး လှမ်း ခေါ်တာ နဲ့ ရန်ကုန် ကို သွားဖို့ အဲဒီ မြစ်ဝကျွန်းပေါ် မြို့ကလေး ကို ကျောခိုင်း ခဲ့ ချိန် မှာ ကြီးဒေါ်ကြီး က ပထမဦးဆုံး သားဦး ကိုယ်ဝန် ကို လွယ် လို့ ။ လူမမာ ခင်ပွန်း ကို ပြုစုရင်း မီးခိုးရောင် မျက်လုံးအိုတွေ နဲ့ ငေးမော ကျန်ရစ်ခဲ့တာပေါ့ ။
အခုတော့ ကျွန်တော် က ပြန်ပြီး ငေးမော ကြည့်ရတဲ့ အလှည့် ပါ ။ ကြီးဒေါ်ကြီး ရဲ့ ရုပ်ရည် သွင်ပြင် ဟာ တကယ့် အသက် အရွယ် ထက် ပို ပြီးတော့ အိုစာ နေတယ် ။ လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးဆယ် ကျော် က ထက် လည်း ပိုပြီးတော့ နွမ်းဖတ် ၊ ပိုပြီးတော့ ယိုင် နဲ့ နေတယ် ။
မတ်လဆန်း ရဲ့ ညနေစောင်း နေပူကျဲကျဲကြီး ထဲ မှာ မိုင် ( ၂ဝ ) ကျော် ခရီး ကို ဆိုင်ကယ် တက္ကစီ ငှားပြီး ရောက်ချ လာတာ ဟာ ကျွန်တော့် တွေ့ချင်ရုံ သက်သက် ထက် တော့ ပို လိမ့်မယ် ဆိုတာ ရိပ်မိ နေ သလိုပဲ ။
ဒါနဲ့ ကျွန်တော် က
“ ကြီးကြီး ငွေရေး ကြေးရေး ရော အဆင် ပြေရဲ့လား ။ ကြီးကြီး သား အလတ်ကောင် ရော အလုပ် ရ သွားပြီလား ”
“ မရသေးပါဘူး ဟယ် ။ ဆန်စက် မှာ စာရေး လုပ်ဖို့ တော့ ပြော ထားတာပဲ ။ နေရာ မလွတ်သေးလို့ တဲ့ ။ အကြီးကောင် က တော့ မလေး က နေ နှစ်လ တစ်ခါ ၊ သုံးလ တစ်ခါ ပို့ပို့ပေးရှာ ပါတယ် ။ ဒါပေမဲ့ ဘယ် လောက် မှာလဲ ”
ကြီးတော် က သူ့ ပခုံး ပေါ် တင် ထားတဲ့ တဘက် အစွန်း ကို ကိုင် ပြီး တဖျတ်ဖျတ် ခပ် ရင်း ညည်းတယ် ။ တစ်ခု ခု ကို ပြောသင့် ၊ မပြောသင့် ချင်ချိန် နေပုံ လည်း ရတယ် ။ ကျွန်တော် က ဆက်ပြီး ..
“ အငယ်မ မိတူး တစ်ယောက် ရော .. ကြီးကြီး ”
“ အေး .. အခု လာ တာ အဲဒီ မိတူး ကိစ္စ ပေါ့ ။ မိတူး က အခု ဆယ်တန်း ဖြေ နေတယ်လေ ”
ကျွန်တော် ခေါင်းညိတ် လိုက်တယ် ။ ဒီ အချိန် က ဆယ်တန်း စာမေးပွဲတွေ စစ်လေ့ ရှိတဲ့ ရာသီ ပဲ ။ ကြီးဒေါ် က
“ အဲဒါ မိတူး ကျူရှင် တက် တုန်းက သုံးလစာ လောက် ကျူရှင် လခ အကြွေး ကျန် နေတယ် ဟယ် ။ အခု နှစ်ကုန်ပြီ ဆိုတော့ ပေး မှ ကောင်းတော့မယ် ။ ငါ လည်း သူ့ အတန်းပိုင် ဆရာမ ကို မျက်နှာ ပူ လှပြီ ”
.
“ ဪ သူ့ ကျောင်း က ဆရာမ ဆီ မှာ ကျူရှင် ယူ ရတာလား ”
“ အေးပေါ့ ဟဲ့ ။ ငါတို့ နေတဲ့ မြို့ဇနပုဒ်လေး မှာ ဘယ် က လာ ကျူရှင် ကြီးကြီးမားမား ရှိမှာလဲ ။ နင် လည်း ဒီ ကနေ ဆယ်တန်း အောင် သွား တာပဲ ဥစ္စာ ။ သိရဲ့ သား နဲ့ ”
ကျွန်တော် က ပိုက်ဆံအိတ် ကို ထုတ်ပြီး
“ မိတူး ကျူရှင်လခ ကို ကျွန်တော် ပေး လိုက်မယ်လေ ကြီးကြီး ။ ဘယ်လောက် တုန်း .. ”
“ ဘာသာစုံ နှစ်သောင်းခွဲ နဲ့ သုံးလစာ ကျန်တာ ဆိုတော့ ခုနစ် သောင်းခွဲ .. ”
ကျွန်တော် နည်းနည်း တော့ တွန့် သွားတယ် ။ အဲဒီလောက် များလိမ့်မယ် လို့တော့ ထင်မထားတာ အမှန်ပဲ ၊ ဒါကြောင့် ကြီးဒေါ်ကြီး က ကျွန်တော့် ကို ပြောဖို့ အတော်လေး အားတင်း နေရတာ ကိုး ။
ဘာပဲ ဖြစ်ဖြစ် ပေး ကို ပေးရမှာ က ကျွန်တော့် တာဝန် ပဲ လေ ။ အသွား အပြန် ဆိုင်ကယ် တက္ကစီခ ပါ ထည့် တွက်ပြီး တစ်သောင်းတန် ရှစ်ရွက် ကို ကြီးဒေါ်ကြီး လက် ထဲ ထည့် လိုက်တယ် ။
“ သာဓုပါ တော် သာဓု ပါ .. ငါ့ တူကြီး ကျန်းမာချမ်းသာ လို့ သွားလမ်း လာလမ်းများ လည်း .. ”
ရှေး နည်းနည်း ဆန် တဲ့ အဖွားကြီး ပီပီ သာဓု အထပ်ထပ် ခေါ်ရင်း ဆုတွေ တသီတတန်းကြီး ပေး နေပါလေ ရော ။ ဒါ သူ့ ဘက်က သူ တတ်နိုင်တာ ကို ပြန် ပေးတဲ့ သဘောပဲ ။
••••• ••••• •••••
( ၃ )
ကျွန်တော်တို့ ရဲ့ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာ ထဲ မှာ ဆုတောင်းတယ် ၊ ဆုပေးတယ် ဆိုတာကြီး က မသေးငယ် လှ တဲ့ အခန်းကဏ္ဍ တစ်ခု အနေ နဲ့ ပါ ပါ နေတယ်ဗျ ။
ဘုရား မှာ ပန်းဆီမီး ကပ်လှူ တဲ့ သူတွေ က လည်း ကိုယ် သဒ္ဓါ ရှိတဲ့ အတိုင်း လုပ်လို့ ပြီးရင် ဒီအတိုင်း လှည့် ပြန် ကြတာ မဟုတ်ဘူး ။ ဆုတောင်းတာ တို့ ဘာတို့ လုပ်ကြသေးတာ ။ ပရိနိဗ္ဗာန် ပြု သွားတဲ့ မြတ်စွာဘုရား က တော့ သူတို့ ဆုတောင်းတဲ့ စကားတွေ ကို မကြား တော့ မှာ သေချာပါတယ် ။
ဟော .. အနန္တော အနန္တ ငါးပါး နဲ့ ပတ်သက် ရင် မတို့ ထိ တာ ကောင်းတယ် လို့ ဆိုထားလျက် နဲ့ ကျွန်တော် ပြောမိ သွား ပြန်ပြီ ။
ဒါဖြင့် ဆုတောင်းတယ် ဆိုတာ ဘယ်သူ့ ဆီ မှာ တောင်းယူ နေတာလဲ ။ ဟိုး ရှေးရှေးက တည်း က တော့ ဆုတောင်းတာ ကို အသက်မွေး ဝမ်းကျောင်း အလုပ် တစ်ခု လို လုပ်ကိုင် စားသောက်တဲ့ သူတွေ ရှိခဲ့ဖူးပါတယ် ။ လူတွေ ဆီ မှာ စားသောက်ဖွယ်ရာ ပဲ ဖြစ်ဖြစ် ၊ ငွေကြေး အသပြာ ပဲ ဖြစ်ဖြစ် လိုက် အလှူ ခံတယ် ။ သူတို့ တောင်းဆို တာ ကို လှူ လိုက်ရင် သူတို့ က အလှူရှင် ကို “ ကျန်းမာပါစေ .. ချမ်းသာပါစေ .. ကောင်းချီး မင်္ဂလာ ကျရောက်ပါစေ ” စသဖြင့် ဆုတောင်း ပေး ကြတယ် ။
အဲဒီလို ဆုတောင်း တဲ့ အလုပ် ကို လုပ်စား ကြ တာမို့ သူတို့ ကို “ ဆုတောင်းစား ” လို့ ခေါ်တယ် ။ နောက်တော့ လည်း “ သူတောင်းစား ” လို့ ခေါ်ကြတာပေါ့လေ ။
ဘာရယ် မဟုတ်ဘူး ။
ရုပ်ရှင် ရိုက်ကူးရေး ကိစ္စတွေ ပြီးစီး လို့ ရှုတင် အဖွဲ့ ရန်ကုန် ပြန် ချိန် မှာ ကျွန်တော် တစ်ယောက် တည်း လမ်းခွဲ ပြီး မိုင် ( ၂၀ ) သာသာ လောက် ပဲ ဝေး တဲ့ ကျွန်တော် ငယ်စဉ် ကလေး ဘဝ ရဲ့ မြို့လေး ဆီ ကို အသွား ... ၊ လမ်း တစ်လျှောက်လုံး မှာ ‘ ဆုတောင်းစား ’ တဲ့ သူတွေ အများကြီး ကို တွေ့ လိုက်ရ လို့ အတွေးတွေ ဟိုဟိုဒီဒီ ပျံ့လွင့် သွားမိတာပါ ။
ဟိုး ရှေ့ မှာတော့ လွမ်းစရာ ကောင်းတဲ့ မြို့သေးသေးလေး ဟာ ကျွန်တော့် ကို စောင့် နေလေရဲ့ ။
••••• ••••• •••••
( ၄ )
သုံးပင် နှစ်ခန်း ခနော်နီခနော် နဲ့ အိမ်ကလေး ပေါ် ကို ကျွန်တော် တက် လိုက်တော့ ကြီးဒေါ် က ဝမ်းသာအားရ နဲ့ ..
“ ဟဲ့ .. ဖိုးကျော် ၊ နင် က လာမယ့် လာတော့ လည်း ဗြုန်းဗြုန်း ဒိုင်းဒိုင်း ၊ ကြို သိရင် ငါ ဟင်း ကောင်းကောင်း ချက် ထား မှာပေါ့ ။ နေဦး .. နေဦး ၊ ငါ ဖျာယူ ပေးမယ် .. ဖျာ ပေါ် မှာ ထိုင် ”
ပျာယာခတ် ပြီး လောကွတ် လုပ် နေတာနဲ့ ကျွန်တော် က ပဲ
“ နေပါစေ .. ကြီးကြီး ရဲ့ ၊ ကျွန်တော် က ဧည့်သည် မှ မဟုတ်တာ ”
ဘာညာ နဲ့ ပြောပြီး တား ယူရတယ် ။
ကွပ်ပျစ် ပေါ် မှာ လှဲ နေတဲ့ ကြီးဒေါ် ရဲ့ ခင်ပွန်း လူမမာ က လည်း ထ လာပြီး နှုတ်ဆက် တော့ ကျွန်တော် က သူ့ ဆီးချိုရောဂါ အခြေအနေ ကို မေး ကြည့် လိုက်သေးတယ် ။
“ ဘယ်လို နေသေးတုန်း ဦးလေး ရဲ့ ကျန်းမာရေး က ။ အင်ဆူလင်တွေ ဘာတွေ ထိုးရသေးလား ”
“ မထိုးဖြစ်ဘူး ကွာ ။ ခုတော့ သင်္ဘောရွက်တွေ ထောင်း ပြီး သောက်တယ် ။ ဆီးချို ပျောက်တယ်လို့ ပြော ကြတယ်ကွ ”
ခက်ပါလား ဦးလေး ရယ် ၊ ဆီးချို ဆိုတာ အဲဒီလို ကုလို့ ရတဲ့ ရောဂါမျိုး မှ မဟုတ်တာ လို့ ကျွန်တော့် စိတ် ထဲ က ညည်း မိတယ် ။ တောနယ် ဘက် က လူတွေ ရဲ့ ဘဝ က တော့ ဒီလိုပါပဲလေ ။
သူတို့ လက်လှမ်းမီ တဲ့ နေရာ မှာ အားကိုး လောက် တဲ့ ဆေးရုံ ဆေးခန်း မရှိ ၊ ခေတ်မီ ဆေးဝါး မရှိ နဲ့ .. ဆိုတော့ ကျန်းမာရေး ပညာ သွား ပေးလည်း စိတ် မဝင်စားကြဘူး ။ ဆေးမြီးတို .. ပဲ ။ ဟို အရွက် ထောင်း သောက် ၊ ဒီ အရွက် ပြုတ်သောက် .. လုပ် တာပဲ ။
ကျွန်တော် က ဆေးမြီးတို ဆိုတာ အမြဲတမ်း အတွက် ရာနှုန်းပြည့် ယုံကြည် အားကိုးရမယ့် ဟာ မဟုတ်ဘူး ဆိုတာ ပြောပြ ကြည့်တယ် ။ အမှန် က .. သွေး မှန်မှန်ဖောက်စစ် ၊ ဆရာဝန် နဲ့ မှန်မှန် ပြ ၊ ဆေး သောက် ၊ လေ့ကျင့်ခန်း လုပ် .. အဲဒီလို ကု ရမှာ မဟုတ်လား လို့ ပြောတော့ သူ က ..
“ အမှန်က ဘာ ဖြစ်သင့်သလဲ ဆိုတာ သိတော့ သိသပေါ့ကွာ ။ ဒါပေမဲ့ အဲဒီ အတွက် ပိုက်ဆံ မှ မတတ်နိုင်တာကိုး ။ ငွေတွင်း က နက်တယ် .. ငါ့ တူ ရ ”
ကျွန်တော် လည်း ဘာ ဆက် ပြောရမယ်မှန်း ကို မသိတော့ဘူး ။ ဒါ သူ့ ဆင်ခြေ ပါ ။ သူတို့ ရဲ့ စဉ်းစား တွေးခေါ် ယူဆပုံတွေ က အနောက်တိုင်း ဆေးပညာ နဲ့ သူစိမ်း ဆန်လွန်းပါတယ် ။ ကျွန်တော် က တော့ သူ့ ဘဝ နေထိုင်မှု ကို ကိုယ့် ပေတံ နဲ့ ဇွတ် တိုင်းသင့် မတိုင်းသင့် စဉ်းစား နေလိုက်တယ် ။
အဲဒီ အချိန်မှာ ပဲ ကြီးဒေါ် ရဲ့ အငယ်ဆုံး သမီး မိတူး က အဖြူ အစိမ်း ဝတ်စုံလေး နဲ့ အိမ် ပေါ် တက် လာရင်း ကျွန်တော့် ကို မြင်တော့ ..
“ ဟင် ... လေးလေး ရောက် နေတာ ကိုး ”
တကယ်ဆို မောင်နှမ ဝမ်းကွဲ တော် ပေမဲ့ အသက်ချင်း က ကွာ တော့ မိတူး စိတ် ထဲ မှာ ကျွန်တော့် ကို ဦးလေး လို့ ပဲ စွဲ နေတယ် ။ ကျွန်တော် က ..
“ အေး .. နင် စာမေးပွဲ ဖြေတုန်းလား ”
“ ပြီးပြီ .. လေးလေး ရဲ့ ။ ဒီနေ့ နောက်ဆုံး နေ့ .. ”
“ ဪ .. ဘယ်လိုလဲ .. ဖြေနိုင်ရဲ့လား ”
အဲဒီလို မေးလိုက်တော့ မိတူး မျက်နှာ ပျက် သွားတယ် ။ မနေ့ က တော့ သိပ် မဖြေနိုင်ဘူးလို့ လည်း ခပ်တိုးတိုး ပြောတယ် ။ ကျွန်တော် က
“ သေသေချာချာ ပြော စမ်းပါ ဟ ။ နင် ဘယ်နှမှတ်ဖိုး လောက် ဖြေခဲ့လဲ ။ သွား .. မေးခွန်းစာရွက် သွား ယူခဲ့ ၊ တွက် ကြည့်ရ အောင် ”
မိတူး က ပေစောင်းစောင်း နဲ့ မေးခွန်းစာရွက် ကို မယူချင့် ယူချင် ယူ လာ ပြတယ် ။ ဟိုခြစ် ဒီခြစ် နဲ့ တွက် ကြည့် လိုက်တော့ သူ ရနိုင် တဲ့ အမှတ် က (၃ဝ) လောက်ပဲ ရှိ လို့ ..
“ ဟဲ့ .. ဒါဆို နင် စာမေးပွဲ ကျပြီပေါ့ ”
“ ဟာ ... ဘာလို့ ကျရမှာလဲ ။ လေးလေး က လည်း ပါးစပ်ပုပ်ကြီး နဲ့ ။ မကျဘူး ... မကျဘူး ”
မိတူး က ခေါင်း ခါခါ လည် ခါခါ နဲ့ အကြောက်အကန် ငြင်းတယ် ။ ကျွန်တော် က ပဲ မဟုတ်မတရား စွပ်စွဲ နေတဲ့ အတိုင်းပဲ ၊ ကျွန်တော် က မေးခွန်းစာရွက် ကို ပြပြီး
“ ဒီမှာလေ ... နင် ဖြေထားတဲ့ အမှတ် ကို နင် ကိုယ်တိုင် တွက် တာပဲ ။ အောင်မှတ် မှ မရတဲ့ ဟာ အမှတ် ( ၃၀ ) ဖိုးလောက် ပဲ ရှိတယ် ”
“ ဟင့်အင်း .. ဟင့်အင်း .. မကျဘူး .. မကျဘူး ”
အဖြစ်မှန် ကို ရင်ဆိုင် လက်ခံ ဖို့ သတ္တိ မရှိ တဲ့ မိတူး က တော့ ခေါင်း ကို ပဲ တွင်တွင် ခါပြီး ဇွတ် ငြင်း နေတယ် ။
စိတ် ချမ်းသာစရာ ဖြစ်ချင် ဖြစ်မယ် .. စိတ် မချမ်းသာစရာ ဖြစ်ချင် ဖြစ်မယ် .. အမှန် ကို တော့ အမှန် အတိုင်း လက်ခံ နိုင်ရမှာပေါ့ ။ “ ဟင့်အင်း .. ဟင့်အင်း ” လို့ မျက်စိ စုံမှိတ် ငြင်းရုံ နဲ့ တော့ ပကတိတရား ကို ပြောင်းလဲ ပစ်လို့ မှ မရတာ ။
ထားလိုက်ပါလေ .. မိတူး က ကလေးစိတ် ဆို တော့ ။
ကျွန်တော် က စာမေးပွဲ တစ်နှစ် ကျ လို့ ပြုန်းတီး သွားတဲ့ အချိန် တွေ ရယ် ၊ လုပ်အားတွေရယ် ၊ ငွေကြေးတွေရယ် ကို နှမြော နေ မိတယ် ။ အဲဒီလို ကျွန်တော် လျှောက် တွေးပြီး ငေးမော နေမိတဲ့ အချိန် မှာ မိတူး က သူ့ အမေ နဲ့ တစ်စုံတစ်ရာ ကို တိုးတိုးကြိတ်ကြိတ် တိုင်ပင် နေလေရဲ့ ။
နောက်တော့ .. ကြီးဒေါ် က
“ ဖိုးကျော် ရေ .. နင့် ဟန်းဖုန်း ခဏ ပေးစမ်းပါဦး ဟယ် ။ မိတူး က သူ့ ဦးပဉ္စင်း ဆီ ဖုန်းဆက်ချင် လို့ .. တဲ့ ”
“ ဟာ ဒီ ကောင်မလေး ။ ဘုန်းကြီး ဆီ ကို ဘာကိစ္စ ဖုန်း ဆက် ဦး မှာလဲ ”
ကျွန်တော် က ငေါက်မယ့် သာ ငေါက်တာ ၊ အိတ် ထဲ က ဖုန်း ကို ထုတ် ၊ ပါဝါ ဖွင့်ပြီး လှမ်း ပေးမိ လျက်သား ဖြစ် သွားပြီ ။ မိတူး က မျက်နှာ ရှုံ့မဲ့မဲ့ နဲ့
“ ဘုန်းဘုန်း က စာမေးပွဲ မဖြေနိုင် ရင် သူ့ ကို ပြောလို့ မှာထား လို့ ”
“ နင် စာမေးပွဲ အောင်ဖို့ လို နေတဲ့ (၁၀) မှတ် ကို ဘုန်းကြီး က ဖြည့် ပေး မှာတဲ့လား ”
ဆင်ခြင် နေတဲ့ ကြား က ကျွန်တော့် ပါးစပ် က လည်း အငြိအစွန်း ပါတဲ့ စကား ကို မှ လွှတ်ခနဲ ထွက် သွား ရတယ် လို့ ။ နှုတ် ကို စောင့်စည်း မှ ။ နှုတ် ကို စောင့်စည်း မှ ။ အနန္တော အနန္တငါးပါး ကို သွား မတို့ထိ မိ လေနဲ့ ။
မိတူး ဖုန်း ဆက် နေတာကို ကျွန်တော် အတတ်နိုင်ဆုံး မျက်နှာ လွှဲ ထားတယ် ။ ဟိုး အဝေး က ချောင်းစပ် မှာ ဆယ်ယူမယ့် သူ မရှိဘဲ မျော ချင် သလို မျော နေတဲ့ လှေ အပျက် တစ်စင်း ကို လှမ်း မြင်နေရလေရဲ့ ။
••••• ••••• •••••
( ၅ )
ဇွန်လဆန်း ကျ တော့ တာမွေ မှာ ရှိတဲ့ ကျွန်တော့် ရုံးခန်း ကို ဖိတ်စာ တစ်စောင် ရောက်လာတယ် ။ အာစရိယ ပူဇော်ပွဲ ဖိတ်စာလေး ပါ ။ ကျွန်တော် ဆယ်တန်း အောင် ခဲ့တဲ့ အ .ထ .က ကျောင်း က ဆရာ ၊ ဆရာမတွေ ကို ကျောင်းသားဟောင်း တွေ က ကန်တော့ကြမယ့် ပွဲ ပေါ့ ။ တာဝန် ယူပြီး လုပ်ကြတဲ့ သူတွေ ကတော့ ကျွန်တော့် ထက် ၁ နှစ် ၊ ၂ နှစ် လောက် ပိုပြီး စီနီယာ ကျတဲ့ ကျောင်းသားဟောင်း တွေ ပါ ။ အလှူငွေ ကောက် ထား တာ က တော့ မနှစ် ကတည်း က ပဲ ၊ ဒါပေမဲ့ သူတို့ က စာပေဟောပြောပွဲ နဲ့ ပါ တွဲ လုပ်ချင်တာ ဆိုတော့ ဟောပြောပွဲ ပါမစ် မရလို့ ဒီနှစ် မှ လုပ်ဖြစ်တာ တဲ့ ။
အာစရိယ ပူဇော်ပွဲ ကို စာပေဟောပြောပွဲ နဲ့ တွဲ လုပ်တာ မြစ်၀ကျွန်းပေါ်မြို့ တွေ ရဲ့ ထုံးစံလား တော့ မသိဘူး ။ ဓနုဖြူ မှာ လည်း လုပ်တာ တွေ့ဖူးတယ် ၊ မော်ကျွန်း မှာ လည်း လုပ်တာ တွေ့ဖူးတယ် ။ ဓနုဖြူ မှာ တော့ လုပ်ကြကိုင်ကြ တာ အကြီးအကျယ် ပေါ့ ။ ကျွန်တော့် မြို့လေး မှာ တော့ ဘယ်လို နေမလဲ မသိသေးဘူး ။
အဲဒီ မြို့လေး ကို ပြန်ရမယ် ဆိုတော့ အရင်ဆုံး ကြီးဒေါ်ကြီး ကို သတိရတယ် ။ ကြိုပြီး အကြောင်းကြား ထား လိုက်ရင် ကောင်းမလား လို့ တောင် စဉ်းစား သေးတယ် ။ မကောင်းပါဘူး လေ ။ တော်ကြာ .. ကိုယ့် ကို ကျွေးချင်မွေးချင် လို့ ဆိုပြီး တကူးတက ဟင်းတွေ ချက် ၊ ဘာတွေ ချက် လုပ် နေရင် သူတို့ အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေပါ့မယ်လို့ တွေး လိုက်တယ် ။
ဒါနဲ့ အကြောင်းကြား မနေတော့ဘဲ စနေနေ့ မနက် အစောပိုင်း မှာ ရန်ကုန် က နေ ထွက် ဖြစ်တယ် ။ ဟောပြောပွဲ က စနေနေ့ ည လုပ်ပြီး တနင်္ဂနွေနေ့ မနက်ပိုင်း မှာ ဆရာတွေ ကို ကန်တော့ မှာ ကိုး ။ တစ်ည တော့ အိပ် ရမှာ ။
အဲဒါကြောင့် New World တည်းခိုခန်း ကို ပဲ အရင်ဆုံး တန်း သွား လိုက်တယ် ။ ရေတွေ ဘာတွေ ချိုး အနား ယူ ပြီးမှ ညနေစောင်း ခါ နီး တော့ ကြီးဒေါ် အိမ် ဘက် ဆီ ထွက် လာခဲ့တယ် ။
ကွပ်ပျစ် ပေါ် လှဲ နေတဲ့ ကြီးဒေါ် ရဲ့ ခင်ပွန်း က တော့ ယဲ့ယဲ့ ပဲ ။
လွန်ခဲ့တဲ့ သုံးလ လောက် က ကျွန်တော် တွေ့ခဲ့ရတာ နဲ့ စာ ရင် သိသိသာသာ ကို ကျ သွားပြီ ။ သင်္ဘောရွက်တွေ ထောင်း ပြီး သောက် နေ တုန်းပဲလား လို့ ကျွန်တော် မေးချင် ပေမဲ့ မမေးလိုက်တော့ဘူး ။
ကြီးဒေါ် က တော့ အပူရုပ် ကို ဟန် လုပ်ပြီး ဖုံး နေတာလား သိဘူး ၊ ဟို အကြောင်း ဒီ အကြောင်း သိပ် အရေး မကြီးလှတာတွေ ကို စီကာပတ်ကုံး လျှောက် ပြောနေတယ် ။ အဆက်အစပ် လည်း ရှိလှတာ ဟုတ်ပါဘူး ။ တောင်ရောက် မြောက်ရောက် နဲ့ ။
ခဏ အကြာ မှာ .. နောက်ဖေး မီးဖိုချောင် က နေ အိမ်ဘေး ကို ပတ် ပြီး ထွက်လာတဲ့ မိတူး ကို မြင်လိုက် တော့ မှ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ က ဆယ်တန်း အောင်စာရင်း တွေ ထွက် ထားတာ သတိရ သွားပြီး
“ ဟဲ့ .. မိတူး နင် စာမေးပွဲ အောင်လား ”
လို့ လှမ်း မေးလိုက်တယ် ။ ထုံးစံ အရ ‘ နင် စာမေးပွဲ ကျလား ’ သို့ မေးရိုးမေးစဉ် မရှိလို့ သာ .. တကယ် က အဲဒီလို မေးရ မှာ ။ ထင်တဲ့ အတိုင်းပဲ မိတူး က မျက်နှာ တစ်ချက် ပျက် သွားပြီး ခေါင်းခါ ပြတယ် ။ ပြီးတော့ ခပ်အုပ်အုပ် လေသံ နဲ့
“ အမေ သွားမယ်လေ ”
ဘယ်ကို သွားဖို့ ပြောနေတာ လဲ တော့ မသိဘူး ။ ကြီးဒေါ် က တော့ အင်း .. အဲ .. နဲ့ ကျွန်တော့် ကို ထားပစ် ခဲ့ပြီး ထ သွားရမှာ အားနာ နေ သလိုလို ဘာ လိုလို .. ။
ဒီလိုနဲ့ နောက်ထပ် ဆယ်မိနစ် လောက် ထပ် ကြာ သွားတော့ မိတူး က ပဲ
“ အမေ သွားမယ်လို့ ဆိုနေ ”
စိတ် မရှည်တဲ့ အသံ ပါ လာတယ် ။ ကြီးဒေါ် က တော့
“ အေးပါ မိတူး ရယ် .. ဒီမှာ ညည်း အစ်ကိုကြီး ရောက်တုန်း မို့လို့ .. ”
“ မသိဘူး .. မသိဘူး ၊ အမေ့ ဘာသာ နေချင် နေခဲ့ ၊ သမီး က တော့ အပြောအဆို ခံရတာ ရှက်တယ် ။ အရီးလေးတင် တို့ အိမ် မှာ ပဲ သွား နေမယ် ”
မျက်နှာ စူပုပ်ပုပ် နဲ့ ခြေထောက် နှစ်ဖက် ကို ဆောင့်ဆောင့်ပြီး ထွက် သွားတယ် ။ ဘာဖြစ် သွားတာလဲ လို့ နားမလည် နိုင်တာ နဲ့ ကျွန်တော် က မေး ကြည့်လိုက်တော့
“ မိတူး ရဲ့ ကျူရှင်လခ အကြွေး မဆပ်နိုင်သေးလို့ ပါ .. ဖိုးကျော် ရယ် ”
“ ဟင် .. ဟို တစ်လော က ကျွန်တော် ပေး လိုက်သေးတယ် မဟုတ်လား ”
“ ဟုတ်တယ် ငါ့တူ ရေ ။ ဖြစ်ချင်တော့ အလတ်ကောင် က ဆိုင်ကယ်တက္ကစီ ဆွဲဖို့ ကျင့်တယ် ဆိုလား ၊ ဘာဆိုလား ။ သူများ ဆိုင်ကယ် ယူ မောင်းတာ တိုက်မိလို့ လျော် လိုက်ရ တယ်လေ ။ တစ်သိန်း တောင်း တာ မနည်း တောင်းတောင်း ပန်ပန် လုပ်ပြီး ခုနစ်သောင်း နဲ့ ကိစ္စ အေးလိုက်ရပါရော လား ။ အဲဒါကြောင့် ကျူရှင်ကြွေး မဆပ်မိတာ ဖိုးကျော် ရဲ့ ”
ဖြစ်မှ ဖြစ်ရလေ ဆိုတဲ့ စကား ကို ပြော ရ မှာ သိပ် ဟောင်းနွမ်း လွန်းတယ် လို့ ခံစား ရတယ် ။ တခြား ဘာ စကား ပြောရမလဲ ဆိုတာ လည်း ကျွန်တော် မသိဘူး ။
သက်ပြင်း ချ ပြီး ငူငူကြီး ထိုင် နေတဲ့ ကြီးဒေါ် ကို ကြည့် ရင်း ကျွန်တော် က
“ ဆရာမ ကို အကျိုးအကြောင်း ပြော ကြည့်ပေါ့ .. ကြီးကြီး ရယ် ၊ ကလေး က လည်း စာမေးပွဲ ကျထားတယ် ဆိုတော့ ”
“ ပြောကြည့်ပြီးပါပြီ ကွယ်.. မရပါဘူး ။ စာမေးပွဲ ကျ တာ သူ နဲ့ မဆိုင်ဘူး .. တဲ့ ။ သူ့ ကျူရှင် လခ ကို တော့ ပေးရမှာပဲ .. တဲ့ ”
အဲဒီ သဘောတရား က မှန် သလား ၊ မမှန် သလား တော့ ကျွန်တော် မပြောတတ်ပါ ။ ကိုယ် ဝင်ရောက် စွက်ဖက် ဆုံးဖြတ်လို့ ရတဲ့ ကိစ္စ ဟုတ်သလား ၊ မဟုတ်သလား ဆိုတာ တောင် မသေချာပါ ။
ဒီ ဆရာ နဲ့ ဒီ ကျောင်းသား ။ သူတို့ နှစ်ယောက် ကြား က ဆက်ဆံရေး ကို ဘယ်လို တည်ဆောက် ထားသလဲ ဆိုတဲ့ အချက် အပေါ် မှာ သာ မူတည်မယ် လို့ ထင်တာပါပဲ ။
ရောင်းသူ နဲ့ ဝယ်သူ ပုံစံလား ၊ ကန်ထရိုက် စာချုပ်တွေ ကတိ ကဝတ်တွေ နဲ့လား ၊ စေတနာတွေ ၊ ဝါသနာတွေ ၊ အနစ်နာတွေ နဲ့ လား ။ ကျွန်တော့် ဦးခေါင်း ထဲ မှာ “ ... လား ” နဲ့ ဆုံးတဲ့ မေးခွန်းတွေ ဟာ နှင်းခါး ရိုက်တဲ့ ပန်းပွင့်တွေ လို မြင် မကောင်းအောင် ကြွေကျ နေကြတယ် ။
ကြီးဒေါ်ကြီး က
“ အဲဒါ .. အခုလို ညနေ ညနေ ဆို အဲဒီ ဆရာမ က တို့ အိမ် ရှေ့ လာ လာ ရပ်ပြီး ကျူရှင် လခ ကြွေးကျန် တောင်း တော့တာပဲ ။ မပေးနိုင် လို့ ပြောလိုက် ဆိုလိုက် တာ ကလည်း တို့ သားအမိ မှာ ခေါင်း တောင် မဖော်ဝံ့ဘူး ဟယ် ။ မိတူး က သူ့ ဆရာမ ကို ပြန် လည်း မပြောရဲ ၊ ရှက်လည်း ရှက်တာ နဲ့ တို့ သားအမိ ဟိုဘက် ရပ်ကွက် က အမျိုး အိမ် မှာ သွား သွား ရှောင် နေရတယ် ”
“ ဪ .. ”
ဒီ တစ်ခွန်း က လွဲပြီး ကျွန်တော့် နှုတ်ခမ်းဖျား မှာ ရေရွတ်စရာ စကားလုံး မရှိတော့ပါဘူး ။ ကျွန်တော့် လျှာ ဟာ ဂွမ်းစ လို ခြောက်သွေ့ လွန်း နေတယ် ။
စာ သင်ကြား ပေး ရ တဲ့ အခကြေးငွေ ကို ချေး ထားတဲ့ ပိုက်ဆံ လို အကြွေး တောင်း တဲ့ ကျောင်းဆရာမ တစ်ယောက် ... တဲ့ ။
တွေ့ဖူးချင် လိုက်တာ ။
ဘာပဲ ဖြစ်ဖြစ် အဲဒီ ဆရာမ ကို ကျွန်တော် ဦးညွှတ် မှာ ပါ ။ အာစရိယ ဂုဏော .. မဟုတ်လား ။ ဟော .. အနန္တော အနန္တ ငါးပါး ကို မရည်ရွယ် ဘဲ တို့ထိ မိ ပြန်ပြီ ။
‘ ဆရာ ဆရာမ ’ ကို ‘ ဘုရား ’ နဲ့ တစ်ဂိုဏ်း တည်း ထား တာ နည်းနည်းများ အလောတကြီး နိုင်သွား သလား မသိဘူး လို့ ကျွန်တော် အမှတ်တမဲ့ စဉ်းစား နေမိတယ် ။
လက်တွေ့ ဘ ဝမှာ ...
ဆရာမ ဟာ ကြွေးရှင် နဲ့ တစ်ဂိုဏ်း တည်း ဖြစ် နေတယ် မဟုတ်လား ။
••••• ••••• •••••
( ၆ )
လောက မှာ ‘ စံ ’ နှစ်မျိုး နှစ်စား ရှိတယ် ။ ပထမ တစ်မျိုး က ( ကျွန်တော့် သူငယ်ချင်း ဒါရိုက်တာ ပြော သလို ) လူ နဲ့ တိရစ္ဆာန် ကြား မတူညီ အောင် စည်းခြား ထားပေးတဲ့ မိဘ ၊ ဆရာသမား ၊ ဂါရဝတရား ။ ကိုယ်ကျင့်သိက္ခာ .. စတဲ့ စံတွေ ။
အဲဒီ ပထမ တစ်မျိုး က ရိုးရိုးစင်းစင်း ပါ ပဲ ။ လူတွေ သတ်မှတ် ထား သလို သာ လိုက်နာနေထိုင် လိုက် ။ ဘာမှ ပြဿနာ မဖြစ်ဘဲ အိုကေ သွား လိမ့်မယ် ။
ဒုတိယ ‘ စံ ’ က တော့ ကြောက်စရာ ကောင်းတယ် ၊ အန္တရာယ် ရှိတယ် ။ အဲဒါက ဘာလဲ ဆိုတော့ ‘ ပကတိ တရား ကို အရှိ အတိုင်း လက်ခံ ကြည့်မြင်ခြင်း ’ ဆိုတဲ့ စံ ပါ ။
တစ်ခါတစ်ရံ မှာ လူဦးရေ သန်း နဲ့ ချီ တဲ့ လူ့ အဖွဲ့အစည်း ဟာ အရုပ်ဆိုး တဲ့ အမှန်တရားတွေ ကို မမြင်ချင် ယောင် ဆောင်ပြီး မျက်နှာ လွှဲ ထားကြတယ် ။ တကယ် မဖြစ် သလိုလို ၊ မရှိ သလိုလို ဟန်ဆောင် လိမ်ညာ နေကြတယ် ။
အောင်မှတ် ရ အောင် မဖြေနိုင်ပါ ဘဲ နဲ့ ‘ စာမေးပွဲ ကျမယ် ’ ဆိုတဲ့ အမှန်တရား ကို ခါးခါးသီးသီး ငြင်းဆန် ပြီး ခေါင်း အထပ်ထပ် ခါ နေ သလို မျိုး ပေါ့ ။ လူ့ အဖွဲ့အစည်း ဟာ တစ်ခါတစ်ရံ မြီးကောင်ပေါက်ကလေး တစ်ယောက် လို ပဲ ။ မရင့်ကျက်ဘူး လေ ။
အဲဒီ အချိန် မှာ သူတို့ မျက်နှာ လွှဲ ထားတဲ့ အမှန်တရား ကို ပကတိ အတိုင်း လက်ညှိုး ထိုး ပြမယ့် သူ ပေါ် လာရင် မကြိုက်ချင်ဘူး ။ အဲဒီ လူ ကို ဝိုင်းပြီး ရန် လုပ် တော့တာပဲ ။ သူတို့ ရဲ့ သာယာ နေတဲ့ စိတ်ကူးယဉ် အိပ်မက်လေး ကို လှန့် နှိုးတဲ့ ‘ ရာဇဝတ်ကောင် ’ .. ပေါ့ ။
အခုလည်း ...
ဆရာမ ဟာ ကြွေးရှင် နဲ့ တစ်ဂိုဏ်းတည်း ဖြစ် နေတယ် လို့ ကျွန်တော် ပြောတာ ကို ကြိုက်ကြလိမ့်မယ် မဟုတ်ဘူး ။ မကြိုက်ပေ မဲ့ လည်း ကျွန်တော် က တော့ ပြောရ မှာ ပဲ ။
••••• ••••• •••••
( ၇ )
ကျွန်တော်တို့ ငယ်ငယ်တုန်း က တော့ ဆရာ ဆရာမတွေ ထဲ မှာ ဒါမျိုး မတွေ့ဖူး ဘူး ။ အဲဒီတုန်း က တော့ ပိုက်ဆံ နဲ့ ပတ်သက် လာ ရင် ဣန္ဒြေ ရတယ် ပေါ့ ။ အရမ်းကြီး မလိုအပ်လောက် တဲ့ ပမာဏ အထိ ပြည့်စုံတာ လား ။ ဒါမှမဟုတ် နည်းနည်းပါးပါး လိုအပ်ပေမဲ့ လို့ ဆရာ ဆို တဲ့ ဂုဏ် သိက္ခာ မဆုံးရှုံး အောင် တောင့်ခံ ဟန်ဆောင် နိုင်တာပဲ လား ။ တစ်ခုခု ပေါ့ လေ ။
သေချာတာ က တော့ ကျွန်တော် စာသင်သား ဘဝ တုန်း က ဆရာမတွေ ဟာ ဈေးသည် နဲ့ မတူခဲ့ဘူး ။ ကြွေးရှင် နဲ့ မတူခဲ့ဘူး ။ ဆရာ ဟာ အမှန်တကယ် ကို ဆရာ နဲ့ တူ ခဲ့တယ် ။
“ အမှန်တကယ် .. ” ဆိုတဲ့ စကားလုံး ကို သုံးစွဲ မိတော့ ကြီးဒေါ် ရဲ့ ယောက်ျား လူမမာ ပြောတဲ့ စကား ကို ပြန် သတိရ မိတယ် ။
“ အမှန်က ဘာ ဖြစ်သင့်သလဲ ဆိုတာ သိတော့ သိသပေါ့ ကွာ ။ ဒါပေမဲ့ အဲဒီ အတွက် ပိုက်ဆံ မှ မတတ်နိုင်တာ ကိုး ၊ ငွေတွင်း က နက်တယ် .. ငါ့ တူ ရ ” ... တဲ့ ။
ကျူးရှင် လခ ကို နေ့တိုင်း အကြွေး လာ လာ တောင်း နေတဲ့ ဆရာမ အတွက် ရော ငွေတွင်း က အတော် နက် နေ သလား မသိပါ ။ ဒါမှ မဟုတ် ပိုက်ဆံ ရဖို့ က လွဲ ရင် ဆရာ ဂုဏ်သိက္ခာတွေ ဘာတွေ ကို ဂရု ကို မစိုက်တော့ တာ လည်း ဖြစ်နိုင်ပါတယ် ။
ချောင်းစပ် နား ကို ကျွန်တော် လမ်းလျှောက် သွားတော့ မျောချင် ရာ မျော နေတဲ့ လှေပျက် တစ်စင်း က ရှိနေတုန်း ပဲ ။ ရွှံ့ညွန် အထပ်ထပ် နဲ့ လတာပြင် ဟာလည်း အရင်အ တိုင်း ပြာညစ်ညစ် ဖြစ်နေတုန်း ပဲ ။
အဝေး တစ်နေရာ မှာ ရှိတဲ့ မူလတန်းကျောင်း ဆီ က ကလေးငယ်လေး တွေ ပြိုင်တူ သံညီ နှုတ်ဆက် လိုက်ကြတဲ့ ...
“ မင်္ဂလာပါ ... ဆရာမ ”
ဆိုတဲ့ အသံစူးစူးလေးတွေ ဟာ လေ ထဲ မှာ လွင့်ပျံ့ လာ တယ် ။ ဘာပဲ ဖြစ်ဖြစ် ( လူ့ အဖွဲ့အစည်း ကို တိရစ္ဆာန် ဘဝ လျော့ကျ မသွားအောင် တော့ ) စာ သင်ပေးတဲ့ ဆရာ ဆရာမတွေ ကို လေးစား ရမယ် ဆို တဲ့ စည်း ကို ထားရမှာ ပဲ ။
ဒါပေမဲ့ ...
အဲဒီ စည်း ဟာ ပိုက်ဆံ ရှာတဲ့ နေရာ ၊ ကြွေး တောင်းတဲ့ နေရာ မှာ သုံးဖို့ တော့ မဟုတ်ဘူး လေ ။ ဆရာ ဆိုတာ ကို ဈေးသည်တွေ ၊ ကြွေးရှင်တွေ နဲ့ တစ်ဂိုဏ်းတည်း မမြင်ချင်ဘူး ဗျာ ။
ဘာပဲ ဖြစ်ဖြစ် ..
မနက်ဖြန် ဆရာ ကန်တော့ပွဲ ကို တော့ ရောက်အောင် သွားဦး မှ ပဲလေ လို့ ကျွန်တော့် စိတ်ထဲ က တွေး နေ မိတယ် ။
◾မင်းခိုက်စိုးစန်
ဇွန် ၁၄ ၊ ၂၀၁၄
📖 ကျွန်တော့် ကို အမေ သတ်ခဲ့တယ်
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment