Sunday, January 7, 2024

သွားစိုက်ဆရာ တစ္ဆေ


 

❝ သွားစိုက်ဆရာ တစ္ဆေ ❞

တနေ့သ၌ ရန်ကုန်မြို့ ၏ အစွန်ပိုင်း တွင် ဖွင့်လှစ် ထားသော “ ကျင်ဝမ် ” ဆိုသည့် သွားစိုက်ဆိုင် ၌ သွားစိုက်ဆရာ တစ်ဦး သည် သွား စိုက်ရာ၌ အသုံးပြုသော ကိရိယာများ ကို ပြင်ဆင်၍ နေလေ၏ ။

ထိုအချိန် ၌ တော မှ တက် လာသော ကျေးတောသား တစ်ဦး သည် ဆိုင် အတွင်း သို့ ဝင် လာပြီး လျှင် ၎င်း ၏ အထုပ်အပိုးများ ကို စားပွဲ ပေါ်  ၌ ချ လျက် သွားစိုက်ရာ ၌ အသုံးပြုသော ဆုံလည် ကု,လားထိုင် ပေါ် သို့ အကျအန  တက်၍ ထိုင် လေ၏ ။

ထိုအခါ သွားစိုက်ဆရာ သည် ဆုံလည်ကု,လားထိုင် အနီး သို့ သွားကာ သွား ကြည့်ရန် အတွက် ဆုံလည် ကု,လားထိုင် ပေါ် တည့်တည့် မှ မီး ကို ဖွင့် လိုက်ပြီး လျှင် “ ပါးစပ်ဟ ” ဟု ပြော လိုက်လေရာ ကျေးတောသား လည်း ပါးစပ် ကို ဟ ၍

“ သွားတွေ ကောင်း နေသားပဲ ၊ ဘာ လုပ်မလို့လဲ ”

ဟု သွားစိုက်ဆရာ က မေး လိုက်ရာ ကျေးတောသား က

“ သွား မစိုက်ချင်ပါဘူး ၊ ဆံပင် ညှပ် မလို့ပါ ၊ လဆန်း ၃ ရက် နေ့ မှာ သူကြီးသမီး နဲ့ မင်္ဂလာ ဆောင် မယ် ထောင်ကဲ ရဲ့ ”

ဟု ပြောလေ၏ ။

ထိုအခါ သွားစိုက်ဆရာ “ ကျင်ဝမ် ” သည် လွန်စွာ ဒေါသ ထွက်ပြီး လျှင်

“ ဒါ ဆံပင် ညှပ် တဲ့ နေရာ မဟုတ်ဘူး ၊ သွား စိုက်တဲ့ နေရာ ”

ဟု အော် ပြောလိုက် မှ ပင် ကျေးတောသား သည် ဆုံလည်ကု,လားထိုင် ပေါ် မှ ကပျာကယာ ဆင်း ပြီး လျှင်

“ စိတ်မဆိုးပါ နဲ့ ပေါက်ဖော်ကြီး ရယ် ၊ ကျုပ် က ဟောဒီ ကု,လားထိုင်ကြီး ကို မြင် တာ နဲ့ ဆံပင်ညှပ်ဆိုင် မှတ် လို့ပါ သွားမယ် ”

ဟု ဆို ကာ ထွက် သွားလေတော့၏ ။

“ သိပ်ခက်တယ် ၊ မင်းတို့ တောသားတွေ ခဏခဏ လာပြီး ဒုက္ခ ရှာတယ် ၊ မင်းတို့ ရင်လဲ သေ မှ ၊ ငါ့ ဆိုင် ရင် လဲ မီးလောင် မှ ၊ ဒါမှမဟုတ် ငါ ရင်လဲ သိန်းထီ ပေါက် မှ ကောင်းမယ် ”

ဟု သွားစိုက်ဆရာ ကျင်ဝမ် က ညည်းတွား လိုက်လေတော့၏ ။

ထို့နောက် သွားစိုက်ဆရာ သည် ၎င်း ၏ ပစ္စည်းကိရိယာများ ကို ဆက်လက်၍ ပြင်ဆင် နေလေ၏ ။

ထိုအချိန် ၌ လူကြီး တစ်ယောက် သည် ဆိုင် အတွင်း သို့   ဝင် လာပြီး လျှင် “ သွားစိုက်တဲ့လူ ” ဟု ခေါ် လိုက်လေ၏ ။ “ ဘာကိစ္စလဲ ” ဟု သွားစိုက်ဆရာ က ပြန်၍ မေး လိုက်လေ၏ ။

ထိုအခါ လူကြီး က သူ ၏ ပါးစပ်ကြီး ကို ဟ ပြ လိုက်လေ၏ ။ သူ ၏ ပါးစပ်တွင်း ၌ ကား သွား ဟူ ၍ တစ်ချောင်း မှ မရှိသည် ကို တွေ့ ရသဖြင့်

“ အံပုံ လုပ် မလို့လား ”

ဟု သွားစိုက်ဆရာ က မေး လိုက်လေ၏ ။

“ အဲ ဒီ အံပုံ အကြောင်း ပြောမလို့ပဲ ၊ အသက်ကြီး မှ ကံ ပေါ်တယ် ဆိုတာ ကျုပ် လို လူ ပဲ ဗျ ၊ ရှေ့အပတ် ထဲ မှာ မင်္ဂလာ ဆောင် ရမယ် ၊ ကောင်မလေး က မုဆိုးမ သာ ဆိုရတယ် ၊ တော်ရှာပါတယ် ဗျာ ”

ဟု လူကြီး က ပြော လေ၏ ။

“ အင်းလေ ၊ အံပုံ လုပ်မလို့လား ”

ဟု သွားစိုက်ဆရာ က မေးလေ၏ ။ 

“ အံပုံ မလုပ်ချင်ဘူး ၊ ကျုပ် က သွား မရှိဘဲ သွားဖုံး နဲ့ ကြိတ်ပြီး စားရ သောက်ရတာ ကို ပိုပြီး ခံတွင်း တွေ့တယ်ဗျ ။ ဒါပေမဲ့ မင်္ဂလာဆောင် မှာ တော့ သွား မရှိလို့ မဖြစ်ပေဘူး ၊ ဒါကြောင့် ကျုပ် နဲ့ တော်တဲ့ အံပုံ တစ်ခု လောက် ခဏ ငှား ချင်လို့ပါ ”

ဟု လူကြီး က ပြော လိုက်ရာ သွားစိုက်ဆရာ သည် ခေါင်း ကို တွင်တွင် ယမ်း လိုက်၍

“ ဒီလို ငှားပြီး တတ်လို့ ရတာမျိုး မဟုတ်ဘူး ၊ စေတနာ ရှိရင် မိန်းမ ကို ငှားလို့ ရချင် ရမယ် ၊ သွားအတု က ငှားလို့ မရဘူးဗျ ”

ဟု အော် ပြောလိုက်ရာ လူကြီး လည်း

“ ငှားလို့ မရရင် လဲ ဒီအတိုင်း မင်္ဂလာ ဆောင် ရုံ ပေါ့ ကိုယ့်လူ ရယ် ၊ မိန်းမ ယူ တဲ့ ကိစ္စမှာ သွား က အရေး မကြီးပါဘူး ”

ဟု ပြောဆို ၍ ထွက် သွား လေတော့၏ ။

ထိုအခါ သွားစိုက်ဆရာ လည်း

“ ခက်တယ် ၊ခက်တယ် ၊ ဘယ်လို လူစားတွေလဲ မသိဘူး ၊ သူတို့ ရင် လဲ သေမှ ၊ ငါ့ ဆိုင် ရင် လဲ မီးလောင် မှ ၊ ငါ ရင်လဲ ပြည်ကြီး ပြန်မှ အေးမယ် ထင်တယ် ”

ဟု ညည်းတွား လိုက် လေတော့၏ ။ ထို့နောက် သွားစိုက်ဆရာ သည် ၎င်း ၏ ပစ္စည်းကိရိယာများ ကို ပြင်ဆင်၍ နေလေ၏ ။ ထိုအချိန် မှာ ပင် လူ တစ်ယောက် သည် ဆိုင် အတွင်း သို့ ဝင်လာပြီး လျှင် “ သွားဆရာ ” ဟု ကျယ်လောင်စွာ ခေါ် လိုက်လေ၏ ။ သွားစိုက်ဆရာ သည် လည်း ထို သူ ကို လှမ်း ကြည့် လိုက်ရာ မျက်နှာ ကို မျက်လုံး ပေါ်ရုံကလေး ချန်၍ အဝတ် စီး ထား ပြီး လျှင် သက္ကလတ်ဦးထုပ် ကို ခပ်ငိုက်ငိုက် ဆောင်း၍ ထားသည် ကို တွေ့ ရ လေတော့၏ ။

“ ဘာဖြစ်လို့လဲ ၊ သွား ကိုက် လို့လား ၊ အညှော် မိမှာ စိုးလို့ နှာခေါင်းကို အဝတ် စီး ထား တာလား ၊ ဒီမှာ အညှော် မရှိပါဘူး ၊ အ ဝတ် ကို ဖြုတ် လိုက်ပါ ”

ဟု သွားစိုက်ဆရာ က ပြော လိုက်လေ၏ ။

ထိုအခါ မျက်နှာ ကို အဝတ် စီး ၍ လာသူ က သူ ၏ အင်္ကျီ အောက် မှ ခြောက်လုံးပြူး ကို ထုတ်၍ သွားစိုက်ဆရာ အား ချိန်ရွယ် ထား လိုက်လေတော့၏ ။

“ ဒါက ဘာလဲ ”

ဟု သွားစိုက်ဆရာ က မေး လိုက် လေ၏ ။

“ သေမင်း က သူ့ ပါးစပ်ထဲ က သွားတွေ သွားပိုး စားနေလို့ တဲ့ ၊ သွားစိုက်ဆရာ တစ်ယောက် အမြန်ဆုံး ပို့ပေးပါ ဆို လို့ ကျုပ် က ကိုယ့် လူ ကို လာပြီး ခေါ်တာ ”

ဟု သေနတ် သမား က ပြော လိုက်လေတော့၏ ။

ထိုအချိန်၌ ပင် သွားစိုက်ဆိုင် အတွင်း သို့ လူ တစ်ယောက် ဝင် လာလေ၏ ။ ထို့ကြောင့် သေနတ်သမား က သွားစိုက်ဆရာ အား 

“ ဒီမှာ ကိုယ့်လူ ၊ ငြိမ်ငြိမ်ကလေး နေ ၊ ကျုပ် ဟာ ကျုပ် ကြည့် လုပ်မယ် ၊ အူကြောင်ကြောင် လုပ်မယ် မကြံနဲ့ ၊ ပစ်သတ်လိုက်မယ် ” ဟု ပြောဆို ကာ ဆိုင် အတွင်း  ဝင် သူ  ဘက် သို့ လှည့် ပြီး လျှင်

“ ဘာကိစ္စလဲ ”

ဟု မေး လိုက်လေ၏ ။ ထိုအခါ အပြင် မှ ဝင်လာ သူ က

“ သွား ကိုက်လို့ပါ ဆရာ ရယ် ၊ သွား ကလဲ မကောင်းပါဘူး ၊ အဲဒါကြောင့် နုတ် ပစ်ချင်ပါတယ် ”

ဟု ပြောလေ၏ ။ ထိုအခါ သေနတ်သမား သည် ထို သူ အား

“ ဟို ခုံပေါ်မှာ ထိုင် ”

ဟု ပြောလိုက်လေ၏ ။

ထို သူ လည်း ခုံပေါ် ၌ ထိုင်လေ၏ ။

“ ပါးစပ် ဟ ”

ဟု သေနတ်သမား က ပြော လိုက် လျှင် ထိုသူ သည် ပါးစပ် ဟ လေ၏ ။ သေနတ်သမား သည် ထို သူ ၏ ပါးစပ် အတွင်း သို့ နီကယ်ပြား အ ဝိုင်းကလေး ပါသော အတံကလေး တစ်ခု ကို ထိုးသွင်း ပြီးလျှင် ကိုက် နေသည် ဆိုသည့် သွား ကို ကြည့်လေ၏ ။ သွား ၏ အရိပ် သည် ထို နီကယ်ပြားကလေး ၌ ကောင်းစွာ မြင်ရလေ၏ ။

“ နုတ် ပစ်မှ ကောင်းမှာ ပဲ ” ဟု ဆိုကာ ထုံဆေးပုလင်း ကို ယူ၍ ဆေးထိုးပြွန် ဖြင့် ထုံဆေးများ ကို စုပ်ယူ လိုက်လေ၏ ။ ပြီးလျှင် ထို သူ ၏ သွားဖုံး ပေါ် သို့ ထုံဆေးများ ထိုးသွင်း လိုက်လေ၏ ။ ထို့နောက် သွား နုတ်သော ညှပ် ဖြင့် ထို သွား ကို ညှပ်ယူ ကာ ထွေးခံ အတွင်း သို့ “ ရှောခနဲ ” ပစ် ထည့်လိုက်လေ၏ ။ ပြီးလျှင် သေနတ်သမား သည် ဂွမ်းစ တစ်စ ကို ယူ၍ ဆေးမှုန့် အနည်းငယ် ကို တို့ ကာ နုတ် ပစ် လိုက်သော နေရာ၌ ထည့် ပေးရင်း

“ ဒါကို ငုံထား ”

ဟု ပြော ဆိုကာ ဆေးဘူး အတွင်း မှ အဖြူရောင် ဆေးပြားကလေး ( ၆ ) ပြား ကို စက္ကူဖြင့် ထုတ်၍

“ သိပ်ပြီး နာလာရင် နှစ်ပြား သောက် ၊ ထမင်း မစားနဲ့ ၊ ဆန်ပြုတ်ကလေး ဘာလေးပဲ သောက်နေ ၊ ဖျားချင် သလိုလို ဖြစ် လာလိမ့်မယ် ၊ ဘာမှ မကြောက်နဲ့ ၊ တစ်နာရီ ခြား တစ်ခါ နှစ်ပြား စီ သောက်သွား ”

ဟု ပြော လိုက်လေ၏ ။

ထိုအခါ သွားနုတ် ခံ သူ က

“ ဘယ်လောက် ပေးရမလဲ ဆရာ ”

ဟု မေး ရာ

“ သုံးကျပ် ပေးရမယ် ”

ဟု သေနတ်သမား က ပြောဆို သဖြင့် ထို သူ က ငွေ သုံးကျပ် ကို ပေး ပြီး လျှင် ထွက်သွားလေ၏ ။

သေနတ်သမား လည်း ငွေသုံးကျပ် ကို ယူပြီးလျှင် ဆွဲအံ အတွင်း သို့ ထည့်လိုက် လေ၏ ။ သေနတ်သမား ၏ ကျွမ်းကျင်စွာ လုပ်ကိုင်နေပုံ ကို ကြည့်ရင်း သွားစိုက်ဆရာ က

“ ခင်ဗျား ကောင်းကောင်း တတ် တာပဲ ၊ သွားစိုက်ဆိုင် တစ်ဆိုင် လောက် ဖွင့်ပါလား ”

ဟု ပြော လိုက်လေ၏ ။

“ ကျုပ် သွားစိုက်ဆိုင် မဖွင့်ချင်ပါဘူး ၊ ကျုပ် ဒီကို လာခဲ့တာ ဟောဒီ ဓာတ်ပုံကလေး အကြောင်း သိ ချင်လို့ပဲ ”

ဟု ဆိုကာ သေနတ်သမား သည် ၎င်း ၏ ကုတ်အင်္ကျီ အတွင်း မှ ဓာတ်ပုံတစ်ပုံ ထုတ်၍ သွားစိုက်ဆရာ အား ပြ လိုက်လေ၏ ။ သွားစိုက်ဆရာ လည်း ထို ဓာတ်ပုံ ကို ကြည့်ပြီးလျှင်

“ ကျုပ် မသိဘူး ၊ ဒီ ဓာတ်ပုံ နဲ့ ကျုပ် နဲ့လဲ ဘယ်လိုမှ မပတ်သက်ဘူး ”

ဟု ပြော လိုက်ရာ သေနတ်သမား သည် ဟက်ဟက်ပက်ပက် ရယ်မော လိုက်လေတော့၏ ။

များမကြာမီ အတွင်း ၌ ပင် ထို သွားစိုက်ဆိုင်ကလေး အတွင်း ၌ သေနတ်သံများ ထွက်ပေါ် လာလေ၏ ။ ထို့နောက် ဆိုင် တစ်ခုလုံး ကို မီး စွဲလောင် သွား လေတော့၏ ။ အနီးအနား မှ လာရောက် ငြိမ်းသတ် သော်လည်း မမီလိုက်တော့ပေ ။ သို့ရာတွင် ရုပ်ဖမ်း ၍ မရအောင် မီးကျွမ်း နေသော သွားစိုက်ဆရာ ၏ အလောင်း ကို မူ ဆိုင် အတွင်း ၌ တွေ့ ရ လေတော့၏ ။ 

ဤသည်ကား ရန်ကုန်မြို့စွန် တစ်နေရာ ရှိ မထင်ရှားသော “ ကျင်ဝမ် ” ဆိုသည့် သွားစိုက်ဆိုင်ကလေး တစ်ဆိုင် မီးလောင်ကျွမ်းခဲ့ ရ ပုံ နှင့် သွားစိုက်ဆရာ ကျင်ဝမ် ဆို သူ တစ်ဦး မီးလောင် သေဆုံး သွားခဲ့ရ ပုံ အကြောင်းပေတည်း ။

ထို့နောက်တွင် ကား ထို အနီးအနား တစ်ဝိုက် တွင် ရှိသော လူများသည် ညအခါ များ ၌ သွားစိုက်ဆိုင် အနီး မှ ဖြတ်သန်း သွားလာ ကြရသော အခါတွင် မီးလောင်မြေ ၌ တကုန်းကုန်း နှင့် အလုပ် ရှုပ် နေသော သွားစိုက်ဆရာ ကို တွေ့ရသည် ဆို၏ ။ ထို့ကြောင့် ကြောက်လန့် ကာ ထို နေရာ မှ ဖြတ်သန်း သွားလာကြခြင်း မပြု ဝံ့ ကြတော့ပေ ။

ထို အနီးအနား တစ် ဝိုက် တွင် နေထိုင်ကြ ကုန်သော သူတို့ ၏ ပြောနေကျ တစ္ဆေပုံပြင် စာရင်း ၌ လည်း မီးလောင် ၍ သေဆုံး သွားသော သွားစိုက်ဆရာ တစ္ဆေပုံပြင် တစ်ပုဒ် တိုး၍ လာလေတော့သတည်း ။

◾မင်းသိင်္ခ

📖 မိုးပေါ်မှာ ကြယ်တစ်လုံး

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment