❝ ပြည်တော်ဝင် စနေမောင်မောင် နှင့် တွေ့ဆုံခြင်း ❞
အင်္ဂလန်နိုင်ငံ ကို အလည်အပတ် ရောက်ရှိ လာကြတဲ့ စာပေဝါသနာရှင် နိုင်ငံခြား ဧည့်သည်တိုင်း ဘေကာလမ်း က စုံထောက်ကြီး ရှားလော့စ်ဟုမ်း နေထိုင် သွားတဲ့ နေရာ လို့ စာရေးဆရာကြီး ဆာအာသာကော်နင်ဒွိုင်းလ် က ဖော်ပြခဲ့ တဲ့ အိမ် ကို သွားရောက် လည်ပတ် လေ့လာကြပါ သတဲ့ ။ ဆရာကြီး ရဲ့ ဖန်တီးမှု က အောင်မြင် ပြောင်မြောက်တဲ့ အတွက် တကယ် မရှိခဲ့ဖူးတဲ့ သူ့ ဇာတ်ကောင် ကို ပဲ စာဖတ် ပရိသတ် က တကယ် ရှိခဲ့ သယောင် စွဲလမ်းပြီး သွားရောက် ကြည့်ရှုကြတာ ဖြစ်ပါတယ် ။
ကျွန်တော်တို့ မြန်မာစာပေ လောက မှာ လည်း ပင်တိုင် ဇာတ်ကောင် ထားပြီး ရေး ခဲ့တဲ့ စာရေးဆရာတွေ ထဲ မှာ ဆရာကြီး ရွှေဥဒေါင်း ရဲ့ စုံထောက်မောင်စံရှား ၊ ဆရာကြီးဒဂုန်ရွှေမျှား ရဲ့ စုံထောက် ဦးထင်ကျော် ၊ ဆရာမိုးဝေ ရဲ့ စုံထောက် တင်မောင်ဆွေ တို့ ကို ပရိသတ်တွေ စွဲလမ်း ခဲ့ကြဖူးပါတယ် ။ အဲဒီ ဆရာကြီးတွေ ကွယ်လွန် သွားကြ ပြီးတဲ့ နောက် ဒီနေ့ မြန်မာစာပေ လောက မှာ ပရိသတ် စိတ်ဝင်စား တဲ့ ဇာတ်ကောင် တစ်ယောက် ပေါ် လာပြန်ပါတယ် ။ သူ က ...
“ ဆားပုလင်းနှင်းမောင် ” ။
ဆားပုလင်းနှင်းမောင် က ဘိုးလိမ်းလမ်း ( ဗညားဒလလမ်း ) ၊ အိမ်အမှတ် ၂၉၅ မှာ နေတယ် ။ ယခု ကျောက်မြောင်း ၊ ဘုရားနောင် ရုပ်ရှင်ရုံ အနီး မှာ ဖြစ်တယ် လို့ နှင်းမောင် ကို ဖန်တီးတဲ့ စာရေးဆရာ မင်းသိင်္ခ က ဖော်ပြတဲ့ အတွက် စာဖတ်ပရိသတ် စိတ် ထဲ မှာ တကယ်လို့ ထင်လာတယ် ။ ဆရာကြီးတွေ ရဲ့ ဇာတ်ကောင် တွေ လိုပဲ နှင်းမောင် အောင်မြင် လာတယ် ။ ဒါပေမဲ့ ဆရာမင်းသိင်္ခ က နှင်းမောင် ရဲ့ အောင်မြင်မှု ကြောင့် နှင်းမောင် ချည်း ဆက်တိုက် မဖန်တီးဘူး ။ ပုဏ္ဍဘကွန်း ၊ ဖြစ်ချင်တာဖြစ် မောင်ဘချစ် စတဲ့ သူ့ ဇာတ်ကောင် နှင်းမောင် မပါတဲ့ ... စုံထောက် ဇာတ်လမ်း မဟုတ်တဲ့ ... စိတ်ဝင်စားစရာ ကောင်း တဲ့ ဇာတ်လမ်းမျိုးတွေ လည်း ဖန်တီးတယ် ။ ဗဟုသုတ ဖြစ်စရာ အချက်အလက် တွေ ၊ ဇွဲသတ္တိ နဲ့ ပတ်သက်ပြီး အတု ယူစရာ ကောင်းတာ တွေ ကို ထည့် ပေးတယ် ။ ဒါကြောင့် ဒီနေ့ မြန်မာစာပေ လောက မှာ ဆရာမင်းသိင်္ခ အောင်မြင်မှု မှတ်တိုင် စိုက်ထူ နိုင် ခဲ့ပါတယ် ။
သူ ရေးတဲ့ စာတွေ ကို လေ့လာ ကြည့်ရင် တကယ့် ဖြစ်ရပ်မှန် တချို့ ၊ တကယ့် နေရာ တစ်ချို့ ရောစပ် ရေး ထားတာ တွေ့ရတယ် ။ ဒီနည်း နဲ့ ပရိသတ် ကို ဖမ်း ထားတယ် ။ ဒါပေမဲ့ သူ့ ဇာတ်လိုက်တွေ ကို ဖန်တီးတဲ့ နေရာ မှာ တချို့အချက်အလက်တွေ က သဘာဝယုတ္တိ လွန်ကဲ နေတာ တွေ့ရမယ် ။ ဘာကြောင့် ဒီလို ဖန်တီး ထားတာလဲ ။ နှင်းမောင် လို အောင်မြင်တဲ့ ဇာတ်ကောင် တစ်ကောင် ဖန်တီး ပြီး ဖြစ်ပါလျက် နဲ့ ဘာကြောင့် ' စနေမောင်မောင် ' လို ဇာတ်လမ်းတွေ ရေးချင် နေ တာလဲ ။ ဒါတွေကို ကျွန်တော် သိပ် သိချင် ပါတယ် ။
ကျွန်တော့် လိုပဲ ဆရာမင်းသိင်္ခ ပရိသတ်တွေ လည်း သိချင် မယ်လို့ ယူဆပါတယ် ။ ဒါကြောင့် ဒီလ တွေ့ဆုံပေးခြင်း ကဏ္ဍ အတွက် ဆရာမင်းသိင်္ခ ကို ရွေးချယ်ခဲ့တယ် ။
••••• ••••• •••••
“ ဆရာ့ ကို စာဖတ် ပရိသတ်တွေ သိ လာ တာ ကတော့ ဆရာ့ ပထမဆုံး လုံးချင်းဝတ္ထု ဖြစ်တဲ့ မနုစာရီ ထွက်လာပြီး မှ ပေါ့လေ ။ ဒါပေမဲ့ မနုစာရီ မထွက်ခင် ကတည်း က ဆရာ စာ ရေးတယ် လို့ မှတ်သား ရ ဖူးပါတယ် ။ အဲဒီတော့ ကျွန်တော် တို့ မနုစာရီ အကြောင်း စပြီး မဆွေးနွေး ခင် စာ စ, ပြီး ရေးခဲ့တဲ့ အကြောင်း ကလေးတွေ က စ, ပြော ရအောင် ”
“ ငယ်ငယ်တုန်း က တော့ နည်းနည်းပါးပါး ရေး ဖူးတယ် ။ ဟို တစ်ပိုင်း ၊ ဒီ တစ်ပိုင်း နဲ့ ပျောက် ကုန်တယ် ။ ကလောင် နာမည် ကတော့ အမျိုးမျိုး ပဲ ။ နာမည် အရင်း ဖြစ်တဲ့ ' အောင်ထွန်း ' ဆိုတဲ့ နာမည် နဲ့ လည်း ရေးဖူးတယ် ။ ရှုမဝ မှာ ' နန်းဝေ ' ဆိုတဲ့ နာမည် နဲ့ လည်း ဝတ္ထုတိုလေး တစ်ပုဒ် ရေးဖူးတယ် ။ နောက် ၁၉၅၆ ခုနှစ် ကျွန်တော် ခုနစ်တန်း ကျောင်းသား ဘဝ မှာ ' အောင်စိုး ( အညတြ ) ' ဆိုတဲ့ နာမည် နဲ့ တစ်ပုဒ် ရေးဖူးတယ် ။ အဲဒါ က တော့ ဦးလှခင် ရဲ့ ဆန်းညွှန့်ဦး မဂ္ဂဇင်း မှာ ရေးဖူးတာပါ ။ အဲဒီ နောက်ပိုင်း မှာ စာပေ နဲ့ ကျွန်တော် အဆက်အသွယ် ပြတ်သွားတယ် ။
၁၉၆၅ ခုနှစ် မှာ ကျွန်တော် အထိန်းသိမ်း ခံရပြီး တော့ ၁၉၇ဝ ပြည့်နှစ် မှ ပြန် လွတ်တာ ဆိုတော့ ငါးနှစ် ကျော်ကျော် လောက် အဆက် ပြတ် သွားတယ် ။ ထောင် က နေ ထွက် လာတာ ဆိုတော့ စာ ရေးဖို့ စိတ်ကူး တော့ ရှိတယ် ။ ဒါပေမဲ့ ကျွန်တော်တို့ ဒီ စာပေနယ် ကို ခြေ မချ နိုင်ဘူး ။ ဒီ့ပြင် အလုပ်တွေ ပဲ ကြုံရာ ကျပန်း လုပ်စား နေရတယ် ။ အဲဒီ အထဲ မှာ ဈေး ရောင်း ရတာ တို့ ၊ ဘာ တို့ တောင် ပါတယ် ။ အဲဒီလို နေရင်း က နေ စက်သူဌေး တစ်ယောက် က ခန့် လို့ ကျွန်တော် ဆန်စက် မှာ အလုပ် ရတယ် ။ အဲဒီမှာ နေရင်း ကနေ အကြောင်း တစ်ခု နဲ့ ပုတီးစိပ် တဲ့ ဘက် ကို ရောက် သွားတယ် ။ ဒီလို အေးချမ်း တုန်း စာ ရေးဦး မှပဲ ဆိုပြီး ကျွန်တော် စာ စ ရေး ဖြစ်တာပါပဲ ။
ပထမဦးဆုံး ကျွန်တော် စာ စ, ရေးဖြစ်တာက ' မနုစာရီ ' ပါပဲ ။ မနုစာရီ က တစ်နှစ် လုံးလုံး ကျွန်တော် တရား ထိုင် ပြီး ရေးတဲ့ ဝတ္ထု ပါပဲ ။ ဆက်တိုက် ရေးတာ တော့ မဟုတ်ပါဘူး ။ တချို့ နေရာတွေ မှာ ပြတ် နေလိုက် ၊ ပုတီး စိပ်လိုက် ၊ ဘုရား တက်လိုက် ၊ အားတဲ့ အခါ စာ ဆက် ရေးလိုက် နဲ့ ရေး သွား တာပါ ။ ဒီ ဝတ္ထု ကို ရေးစဉ် က စာအုပ် အဖြစ် ထုတ်မယ် ဆိုတဲ့ ရည်ရွယ်ချက် မရှိပါဘူး ။ ရေးပြီး သိမ်း ထားဖို့ ရည်ရွယ်ချက် တစ်ခု နဲ့ ရေး ခဲ့တာပါ ။
“ မနုစာရီ ကို ရေးတဲ့ နေရာ မှာ ရွှေတိဂုံဘုရား မြောက်ဘက် စောင်းတန်း က တရုတ်ဘုန်းကြီးကျောင်း ၊ ဗျည်း - သရ ရေတွင်းကလေး ၊ တာမွေသင်္ချိုင်း က မနုစာရီ ရဲ့ အုပ်ဂူ စသဖြင့် နေရာမှန်ကလေးတွေ နဲ့ ရော ရေး ထားတော့ စာဖတ်ပရိသတ် စိတ် ထဲ မှာ တကယ့် ဖြစ်ရပ်လား လို့တောင် သံသယ ဝင်ခဲ့ကြပါ တယ် ”
“ ' မနုစာရီ ' က ' မင်းသိင်္ခ ' ဆိုတဲ့ အောင်မြင်တဲ့ ကလောင် တစ်ချောင်း ကို မွေးဖွားပေးခဲ့တယ် လို့ ကျွန်တော် မြင်ပါတယ် ။ အဲဒီတော့ ' မနုစာရီ ' နဲ့ ပတ်သက်ပြီး ကျွန်တာ် သိချင်တာက မနုစာရီ ဆိုတာ တကယ် ရှိခဲ့ဖူးတဲ့ ရာဇဝင် ကျမ်းဂန်လာ ပညာရှိအမျိုးသမီး တစ်ယောက် လား ၊ မနုစာရီ နဲ့ သုဓမ္မစာရီ အတူတူ ပဲ လား ဆရာ ဘယ်ကျမ်းကိုး နဲ့ ရေးခဲ့တာလဲ ဆိုတာပါပဲ ”
“ မနုစာရီ ထဲမှာ ပါတဲ့ အချက်အလက်တွေ က တကယ့် အချက်အလက် တွေ နဲ့ ကျွန်တော့် စိတ်ကူး တွေ နဲ့ ရေး ထားတာပါ ။ မနုစာရီ မင်းသမီး ဆိုတာ က ကျွန်တော်တို့ မြန်မာ ရာဇဝင်သမိုင်း ရဲ့ ယဉ်ကျေးမှုသမိုင်း ကို ပြန် ကြည့်တဲ့ အခါ အိန္ဒိယပြည် မှာ သုဓမ္မစာရီ ဆိုတဲ့ မင်းသမီး ဟာ ဘယ်ခါတုန်း က မှ မရှိ ခဲ့ဘူး လို့ သိရပါတယ် ။ ဒါပေမဲ့ ကျွန်တော်တို့ မြန်မာစာပေ မှာ သုဓမ္မစာရီ ဖြတ်ထုံး တို့ ဘာတို့ ရှိတာ ဖတ်ရတယ် ။ ဖြတ်ထုံး နဲ့ ပတ်သက်တဲ့ မင်းသမီး ဆိုရင်လည်း သုဓမ္မစာရီ လို့ အများ နားလည် နေကြ တယ် ။
မနုစာရီ နဲ့ ပတ်သက်လို့ ကျမ်းကြီး ကျမ်းခိုင် ရယ် လို့တော့ ပီပီပြင်ပြင် မရှိဘူး ။ ဆရာကြီး စစ်ကိုင်း ဦးဘိုးသင်း က တော့ မနုစာရီ ဆိုပြီး စာအုပ် တစ်အုပ် ရေး သွားတယ် ။ ဆရာကြီး က လည်း သူ့ ရှေ့ က ဆရာကြီးတွေ အဆိုအမိန့် အတိုင်း ရေးသွား တာပါပဲ ။ အဲဒီ စာအုပ်က လည်း ကျွန်တော် မနုစာရီ ရေးတဲ့ နေရာ မှာ အထောက် အထား အများကြီး ရပါတယ် ။ အမှန်တော့ အိန္ဒိယ က လာ တာ မဟုတ်ပဲ သရေခေတ္တရာ ခေတ် ရဲ့ မူရင်း လို့ ထင် ပါတယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ ပြည် ဟိုဘက် မှာ စေတုတ္တရာ တို့ ၊ ဘာတို့ မြို့ဟောင်းကြီး တွေ တွေ့ နေရတဲ့ အတွက် မနုစာရီ ဆိုတဲ့ အမျိုးသမီး ဟာ တကယ် ရှိခဲ့မယ် လို့ ကျွန်တော် တော့ ထင်တယ် ။ ဒါပေမဲ့ သူ့ အကြောင်း ကိုတော့ ကျွန်တော် ပီပီပြင် ပြင် မသိပါဘူး ။
ဝတ္ထု ရေးတဲ့ အခါ မှာ မနုစာရီ အကြောင်း ကို သိလို့ ရေးတာ မဟုတ်ပါဘူး ။ မနုစာရီ ဆိုတဲ့ နာမည်ကလေး ကို သဘော ကျလို့ ဖြတ်ထုံးတွေ ဖြတ်တမ်း တွေ ပြု တဲ့ မင်းသမီး တစ်ယောက် အနေ နဲ့ သူ့ ကို လေးစာပြီး သူ ကတော့ တကယ် ရှိတဲ့ ဇာတ်ကောင် လို့ ကျွန်တော် စိတ်ကူးတွေ နဲ့ ပေါင်း ထည့် ခဲ့တာပါတယ် ။ အဲဒီ အထဲ မှာ ကျွန်တော် ထည့်ထား တဲ့ တကယ့် အချက်အလက် အချို့ကတော့ ကျွန်တော် ထည့် ထားတဲ့ သဘောပါပဲ ။ ဒါတွေဟာ အမှန် တကယ် ဖြစ်ပျက်ခဲ့တာ မဟုတ်ပါဘူး ။ ဒါ စိတ်ကူးယဉ် ဝတ္ထုပါ ။
ဒီ ဝတ္ထု ကို ရေးပြီး မဂ္ဂဇင်းတိုက် နှစ်ခု လောက် ကို ပေး ဘူးပါတယ် ။ မရွေးကြပါဘူး ။ ဒီ ထဲ မှာ ကျွန်တော့် မိတ်ဆွေ တစ်ယောက် နဲ့ တွေ့တယ် ။ ကိုစန်းမြင့် တဲ့ ။ စန်းမြင့်ထွန်း စာပေ က ။ သူ ထုတ်မယ် ဆိုပြီး ထုတ် ခဲ့တာပါ ။ ပထမဦးဆုံး ထုတ်ဝေစဉ် က မနုစာရီ ဟာ ထုတ်ဝေသူ အတွက် တော်တော်လေး အရှုံး ပေါ် ခဲ့တယ် ။ ဝယ်ပြီး သိမ်းထားတဲ့ သူတွေ အတွက် တော့ နောက် ကျွန်တော် နာမည် ကလေး နည်းနည်း ထွက် လာတဲ့ အချိန် မှာ ထုတ် ရောင်း ကြတော့ မြတ် ပါတယ် ။
အဲဒီတော့ မနုစာရီ နဲ့ ပတ်သက်လို့ ပီပီပြင်ပြင် ကျွန်တော် ဘာ မှ မသိပါဘူး ။ တချို့ စကားလုံး ဆိုရင် မနုစာရီ လက်ထက် က ပြော ချင်မှ ပြောခဲ့မယ် ။ မပြောချင် လည်း မပြောခဲ့ တာ ဖြစ်မယ် ။ ဒါ စိတ်ကူး နဲ့ ဖန်တီးပြီး ထည့်ခဲ့ တာပါပဲ ”
“ ခုတော့ မနုစာရီ စာအုပ် က တော်တော့် ကို ရှား နေပါပြီ ။ ဆရာ့ ပရိတ်သတ် တချို့ ဖတ် တောင် ဖတ်လိုက်ရမယ် မထင်ဘူး ။ အဲဒီ စာအုပ် က နို့ဈေးတန်း နား မှာ ဆာဒူးကလေး “ ဇေ ” ပြောသွားတဲ့ “ နဂိုဒုက္ခ ” နဲ့ “ အပိုဒုက္ခ ” အကြောင်း မနုစာရီ မဖတ်လိုက်ရ တဲ့ ဆရာ့ ပရိတ်သတ် တွေ အတွက် ထပ် ရှင်းပြ စေချင်ပါတယ် ”
“ နဂိုဒုက္ခ ဆိုတာ က လူ တစ်ယောက် က ထမင်း ဆာတယ် ဆိုရင် ဆာတာ ဟာ သဘာဝ ဒုက္ခကြီး ပါပဲ ။ အချိန်တန် လို့ အစာအိမ် က တောင်းခံ လာရင် ဆာ တာပဲ ။ ဒါက နဂို ဒုက္ခ ပါ ။ ဒါပေမဲ့ စားတဲ့ အခါ ဒီ လူ က ငါးဟင်း မှ ကြက်သားဟင်း မှ ဒံပေါက်ထမင်း မှ ဆိုရင် တော့ နဂို ဒုက္ခ ရဲ့ အပို ဟိုဘက် ကနေ သူ့ တောင်းဆိုမှု တွေ ။ အဲဒါတွေ ကတော့ တဏှာ ဖြစ် သွား တာပေါ့လေ ။ အဲ့ဒီ နှစ်ခု ကို နှိုင်းယှဉ်ပြီး တော့ ဆာဒူးကလေး ပြောတယ် ဆိုပြီးတော့ ကျွန်တော် ထည့် ထား တာပါ ။ အဲ့ဒါနဲ့ ပက်သက်လို့ လည်း ကျယ်ကျယ်ပြန့်ပြန့်လေး ဖတ်ထားတာတွေ ရှိပါတယ် ။ နောက် စာအုပ်တွေ မှာ အလျင်း သင့် ရင် နဂိုဒုက္ခ နဲ့ အပိုဒုက္ခ ကို ကျွန်တော် ထပ် ရှင်းပြပါဦးမယ် ”
“ မနုစာရီ နဲ့ ပတ်သက်လို့ ကျွန်တော် မေးချင်တာ တော့ ကုန်ပါပြီ ။ ဆားပုလင်းနှင်းမောင် ဝတ္ထု တွေ ဆက်လိုက် ကြရအောင် ဆရာ ။ ဆားပုလင်းနှင်းမောင် ဝတ္ထု တွေ ဟာ သေနတ် မပစ် ၊ လက်သီး မထိုး တဲ့ စုံထောက်ဝတ္ထု တွေပါ ။ ဒီ ပုံစံမျိုး ကို ဆရာကြီး ရွှေဥဒေါင်း က လည်း ဆာအာသာကော်နင်ဒွိုင်းလ် ရဲ့ ရှားလော့ခ်ဟုမ်း ဝတ္ထုတွေ ကို မှီး ပြီးတော့ ဦးစံရှား ကို ဖန်တီးခဲ့ ဘူးပါတယ် ။ ဆရာ့ ဆားပုလင်းနှင်းမောင် ဝတ္ထု တွေ လည်း ရှားလော့ခ်ဟုမ်း တွေ ကို ပဲ မှီးတယ်လို့ ယူဆ ပါတယ် ။ ဟုတ်ပါသလား ဆရာ ”
“ ကျွန်တော် ငယ်ငယ် တုန်း က ဆရာကြီး ရွှေဥဒေါင်း ရဲ့ စုံထောက် မောင်စံရှား ဝတ္ထု တွေ ကို ကြိုက်ပါတယ် ။ နောက် ကျွန်တော်တို့ ငယ်စဉ် က ပဲ ကျွန်တော် တို့ အိမ် နား မှာ အဘိုးကြီး တစ်ယောက် ရှိပါ တယ် ။ အခုတော့ ဆုံး သွားပါပြီ ။ အင်မတန် မှ အင်္ဂလိပ်စာပေ နှံ့စပ် တဲ့ အဘိုးကြီး ပါပဲ ။ ဦးစီ တဲ့ ကျွန်တော်တို့ က အန်ကယ်ကြီး ခေါ်တယ် ။ မြန်မာစာပေ လည်း တော်တော်ကလေး နှံ့စပ် ပါတယ် ။ သူ က ရှားလော့ခ်ဟုမ်း ဝတ္ထုတွေ ဖတ် ပြတော့ ကျွန်တော် လေးတန်း ၊ ငါးတန်း ကျောင်းသား ဘဝ လောက် ကတည်း က ဟုမ်း ဝတ္ထုတွေ နဲ့ တော်တော်ကလေး ရင်းနှီး ခဲ့ပါတယ် ။ ကိုယ်တိုင် စာ ဖတ်နိုင် တဲ့ အရွယ် ရောက်လာတော့ အန်ကယ်ကြီး ဖတ်ပြ ခဲ့တာတွေ ရယ် ၊ ဆရာကြီး ဘာသာ ပြန်ခဲ့တာတွေ ရယ် က ခေါင်း ထဲ မှာ ရိုက်သွင်း ထား သလို ဖြစ် နေတယ် ။
ကျွန်တော် စုံထောက်ဝတ္ထု ရေးမယ် လို့ ရည်ရွယ်တော့ ဒီ ဟန်နဲ့ ဒီ style ဟာ ရေးလို့ အကောင်း ဆုံးပဲ လို့ ကျွန်တော် ထင် တယ်လေ ။ ရှင်းရှင်း နဲ့ ဘွင်းဘွင်း နဲ့ ဒီ ဟန် ဟာ အကောင်းဆုံး ပဲ ဆိုပြီး ဒီဟန် အတိုင်း ကျွန်တော် ရေး တာပါပဲ ။ ရေးတဲ့ နေရာ မှာ ဆရာကြီး ဘာသာ ပြန်ခဲ့တဲ့ ဟုမ်း ရဲ့ မူလ ဇာတ်အိမ် တချို့တောင် မှ မလွတ်ပါဘူး ။ ပထမပိုင်းတွေ မှာ ဟုမ်း ထောက်လှမ်း ပုံ က ကိုယ့် စိတ်ကူး နဲ့ ရေး ထားရင် နောက်ပိုင်း ဇာတ်လမ်း က ဆရာကြီး တို့ လုပ်ပြီးသားပဲ ။ ဆရာကြီး တို့ လုပ်ပြီးသား အပြင် ကျော်ပြီး လုပ်ဖို့ ဟုမ်း နဲ့ ပတ်သက် တဲ့ စာအုပ် တောင် ရှိတော့မယ် မထင်ပါဘူး ။ ဆရာကြီး ရွှေဥဒေါင်း နဲ့ ဆရာကြီး ဒဂုန်ရွှေမျှား လုပ် ထားတာ ကုန်သလောက် ရှိနေပါပြီ ။ အခု ကျွန်တော် နောက်ထပ် ထပ် ရထားတဲ့ ဟုမ်းဝတ္ထု တွေ ဆိုရင် အတိုကလေး တွေ ပဲ ရှိတယ် ။ ဒါကတော့ ကျွန်တော်တို့ ဒီဘက် က ဖတ် တာ မနှံ့စပ်လို့ လား မပြောတတ် ပါဘူး ”
“ ဆားပုလင်းနှင်းမောင် နဲ့ ပတ်သက်လို့ စာပေ ဝေဖန်ရေး ဆရာ တစ်ဦး က ကိုလိုနီ ခေတ် ပုလိပ် ချီးမွမ်းခန်း လို့ ဝေဖန်ထား တာ ဖတ် ရဖူးပါတယ် ။ ဆရာ ဘယ်လို သဘော ရပါသလဲ ”
“ မူရင်း ဟုမ်း ဝတ္ထုတွေ မှာ ဟုမ်း က အလွတ်စုံထောက် ဆိုတော့ ဆရာကြီး တို့ က လည်း အလွတ်စုံ ထောက် တွေပဲ ဖန်တီးခဲ့ကြပါတယ် ။ ဒါပေမဲ့ သူတို့ ကို အားကျ ရေးတဲ့ ကျွန်တော် ကတော့ အလွတ်စုံထောက် မဖန်တီး ဘဲ နဲ့ ပုလိပ် ဘက် က ဆားပုလင်းနှင်းမောင် ပဲ ဖန်တီး ခဲ့ပါတယ် ။
ကျွန်တော် စိတ်ကူး မှာ အလွတ်စုံထောက် ဆိုတာ မြန်မာပြည် မှာ လည်း မရှိဘူးလေ ။ အလွတ် စုံထောက် ဖန်တီး လိုက်ရင် ကျွန်တော် ဇာတ်လမ်း ထဲ မှာ အလွတ်စုံထောက် နဲ့ တကယ် ပုလိပ် အမှုထမ်းတွေ နဲ့ ( ပဋိပက္ခ ) Clash ဖြစ် ကုန်မှာ စိုးတဲ့ အတွက် နှင်းမောင် ကို ပုလိပ်အမှုထမ်း အဖြစ် ဖန်တီး ခဲ့တာပါပဲ ။ ပုလိပ် အမှုထမ်း ဖြစ်တဲ့ အတွက် ပရိတ်သတ်များ နဲ့ ပိုပြီးတော့များ နီးစပ် သွားမလား ပေါ့ လေ ။ ဘာဖြစ်လို့လဲ ဆိုတော့ ဝတ္ထု ထဲ ၊ စာအုပ် ထဲ ၊ ရုပ်ရှင် ထဲ လောက် မှာ သာ ဖတ်ဖူး ၊ မြင်ဖူး ကြတာ ကိုး ။ တကယ်နဲ့ တူအောင် ဆိုပြီး နှင်းမောင် ကို ပုလိပ် အမှုထမ်း အဖြစ် ဖန်တီး ခဲ့တာပါ ။
အဲဒီလို ဖန်တီးတဲ့ အခါ မှာ Police journal တွေ အတွဲလိုက် ကျွန်တော့် မှာ ရှိပါတယ် ။ အဲဒါကလည်း အထောက်အကူ တော်တော် ရပါတယ် ။ ဂျာနယ် စ ထုတ်တဲ့ အချိန် ကနေ တိုက် ပိတ် သွားတဲ့ အချိန် ထိ အတွဲ လိုက် ကျွန်တော် မှာ ရှိပါတယ် ။ အဲဒါကြောင့် ပုလိပ်တွေ အဲဒီတုန်း က ဘယ်လို ဝတ်ဆင် ခဲ့တယ် ၊ ရာထူးတံဆိပ်တွေ ဘယ်လို တပ်ဆင်ခဲ့တယ် ။ ဆုတံဆိပ်တွေ ဘယ်လို ရတယ် ၊ လခတွေ ဘယ်လောက် ရခဲ့တယ် ၊ ဘယ်တုန်း က ဘာတွေ ဖြစ်ခဲ့တယ် ဆိုတာ ဒီ ဂျာနယ် က အထောက်အထား ပြည့်ပြည့် စုံစုံ ရ ခဲ့တယ် ။ နောက် တစ်ခု က ကျွန်တော် ဟိုတုန်း က အခြေအနေ မကောင်း လို့ နေ့စား လက်နှိပ်စက် စာရေး လုပ် ဖူးသေးတယ် ။ အဲဒီတုန်းက ပုလိပ်အမှုတွဲ တော်တော်များများ ကို လက်နှိပ်စက် နဲ့ ကူး ပေးဖူး သေးတယ် ။ ကူးပေးဖူး တော့ အဲဒီ ပုလိပ်အမှုတွဲ တော်တော်များများ ဖတ် ထားတဲ့ ဟာ နဲ့ ဆရာကြီး တွေ ရဲ့ အရေးအသား နဲ့ ဇာတ်လမ်း ၊ ဇာတ်ကွက် ကို မှီးငြိမ်း ပြီးတော့ ပေါင်းစပ် ထည့် ထား တာပါ ။
ကိုဝင်းငြိမ်း မေးထား တဲ့ မေးခွန်း နဲ့ ပတ်သက်လို့ ဖြေ ရရင် ကျွန်တော် လည်း ပထမ တော့ အဲဒီတော့ အဲဒီလို ဝေဖန်ထားတာ ကို မဖတ် ဖြစ်ပါဘူး ။ နောက်တော့ သူ များ ပြောလို့ ဖတ် ဖြစ်ပါတယ် ။ ကျွန်တော် ရည်ရွယ်ချက် ကတော့ ကိုလိုနီ ပုလိပ် ကို အမွှမ်း တင် တာ မဟုတ်ပါဘူး ။ ကျွန်တော် နှင်းမောင် ဝတ္ထုတွေ ကို ဖတ်ကြည့် ရင် သိ ပါလိမ့်မယ် ။ သူ ဟာ မျိုးချစ်စိတ် ရှိတယ် ။ မဟုတ် မခံဘူး ။ သူ ကိုယ်တိုင် က လုံ့လဝီရိယ ရှိတယ် ။ လူငယ်တွေ ကို လမ်းပြနိုင်တဲ့ Ideal စံပြ ဇာတ်ကောင် တစ်ခု ပါပဲ ။ ကိုလိုနီတွေ ဘာတွေ ဆိုတာ ကတော့ အဲဒီ ပုဂ္ဂိုလ် ပြော မှ ပဲ ဪ .. ငါ ရေးတဲ့ ဥစ္စာ ကိုလိုနီ ခေတ် ဖြစ်နေတဲ့ အတွက် ကိုလိုနီပုလိပ် ပေါ့လေ ။ တကယ်လို့ ပုလိပ် မလုပ်ဘဲ အဲဒီ အချိန်မှာ တခြား အလုပ် လုပ် နေရင်လည်း ဒီ ကိုလိုနီ ဆိုတဲ့ စာလုံး နဲ့ ကင်းစရာ မရှိပါဘူး ။
အဲဒီတုန်းက ဝေဖန်ဆရာ အသက် ရှိလို့ သို့မဟုတ် မွေးပြီ ဆိုရင်လည်း သူ လည်း ကိုလိုနီလက် အောက် မှာပဲ တစ်နည်းနည်း နဲ့ ပေါ့လေ ။ သူ့ အဖေ က ရုံး တစ်ရုံး မှာ စာရေး ဝင်လုပ်တယ် ဆိုပါစို့ ။ ဒါဆို သူ လည်း ကိုလိုနီ နဲ့ မလွတ်ဘူး ။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီ အချိန် က တိုင်းပြည် အခြေအနေ နဲ့ ပတ်သက် တာ ကိုး ။ နှင်းမောင် တစ်ဦး တည်း သာ ကိုလိုနီ ကို အမွှမ်း တင် နေတာ မဟုတ်ပါဘူး ။ ဒီအချိန် အကြောင်း ရေးရင် ဒီခေတ် ပဲပေါ့ ။ တကယ်လို့ ကျွန်တော် တို့ က မင်းတုန်းမင်း ခေတ် အကြောင်း ရေး ရင် ပဒေသရာဇ်ခေတ် ကို အမွှမ်း တင် သလို ဖြစ် မှာပဲ ။ ကျွန်တော် က ကိုလိုနီခေတ် ကို အမွှမ်း တင် တာ မဟုတ်ပါဘူး ။ နှင်းမောင် တစ်ယောက် တည်း ရဲ့ စွမ်ရည် Ability ကို တင်ပြတာပါ ”
“ စုံထောက် ၊ လျှို့ဝှက်သည်းဖို စာပေတွေ ကို အပျော်ဖတ် စာပေ လို့ သတ်မှတ်ကြတာ နဲ့ ပတ်သက်ပြီး ဆရာ ဘယ်လို ခံစားရပါသလဲ ”
“ တစ်ခါတလေ စုံထောက်စာပေ တွေ ဟာ အပျော်ဖတ်စာပေ မဟုတ်ဘဲ မှတ်သားစရာ ကောင်းတာ တွေ ၊ နည်းယူစရာ ကောင်းတာတွေ ၊ သင်ခန်းစာ ယူစရာ ကောင်းတာတွေ ပါ တာ တွေ့ရပါတယ် ။ တစ်ခါတလေ တော့ လည်း အပျော်ဖတ် ပေါ့ ။ တချို့ ဆိုရင် အပျော်ဖတ် စာပေ အဆင့် တောင် မရှိဘဲ ၊ ဒါ ဘယ်သူ ဘယ်ဝါ မဟုတ်ပါဘူး ။ ကျွန်တော် တို့ စာအုပ် လည်း ပါချင် ပါမယ်ပေါ့ လေ ။ အပျော်ဖတ် အဆင့် ထက် နိမ့်သွားပြီး ပျော် ကို မပျော်ဘူး ။ ဖတ် လို့ မကောင်းတာတွေ လည်း ရှိ ပါတယ် ။ အဲဒီတော့ ခြုံပြီးတော့ အပျော်ဖတ် ၊ ဒါဟာ သိမ်းဆည်း ထားရမယ့် စာအုပ်မျိုး ၊ ဒါက သင်ခန်းစာ ယူရမယ့် စာအုပ် မျိုး စသဖြင့် ဆုံးဖြတ် ဖို့ရာ ခက် ပါတယ် ။
ဆရာကြီး တွေ မှီငြမ်း ရေးသားခဲ့တဲ့ ရှားလော့ဟုမ်း ဝတ္ထုတွေ ၊ စုံထောက် မောင်စံရှား ဝတ္ထု တွေ ဆိုရင် ကျွန်တော့် အနေ နဲ့ အပျော်ဖတ် လို့ မယူဘူး ။ စုံထောက် မောင်စံရှား ဟာ နှစ်ယောက် အတူ ခရီးသွား လို့ အိပ်စရာ နေရာလေး တစ်နေရာ ရှိရင် ကိုသိန်းမောင် ကို အိပ်ဖို့ ပေးတယ် ။ သူ က တော့ မအိပ်ဘဲ ဆေးတံ သောက် ပြီး အနစ်နာ ခံပုံတွေ ၊ ငဲ့ညှာပုံ က ကျွန်တော်တို့ ကို အများကြီး စိတ်ဓာတ် မြင့်မားအောင် လုပ်ပေးခဲ့တဲ့ စာပေတွေ ဖြစ်တဲ့ အတွက် ဒီ စာပေ အပေါ်မှာ အပျော်ဖတ် ၊ အပျင်းပြေ လို့ မယူဆ ခဲ့ပါဘူး ”
“ ပုဏ္ဏားဘကွန်း ဝတ္ထု ရဲ့ အဖွင့် က တစ်ထောင့်တစ်ည ပုံပြင်တွေ ထဲ က သင်္ဘောသား ဆင်းဘတ်ပုံ ပြင် အဖွင့် နဲ့ တူ ပါတယ် ။ ဆင်းဘတ် ကို ခြေခံ ထားတယ် လို့ ထင်ပါတယ် ၊ ဟုတ်ပါသလား ဆရာ ”
“ ဟုတ်ပါတယ် အဖွင့်ကလေး က ဆင်းဘတ် သည် ဆေးလား ပါပဲ ။ ခရီး မထွက်ဖူးသေးတဲ့ ဆင်းဘတ် နဲ့ ခရီးဝေး က ပြန်လာတဲ့ ဆင်းဘတ် အိမ် အဝင် ဝ မှာ တွေ့ ပြီးတော့ စကား ပြောခန်းကလေး ဟာ တော်တော် စိတ်ဝင်စား ဖို့ ကောင်းပါတယ် ။ ပြီးတော့မှ ခရီး မသွားဘူးသေးတဲ့ ဆင်းဘတ် က ဒီလို ဆိုရင် လည်း ခင်ဗျား သွားခဲ့တဲ့ ရေကြောင်း ခရီး ခုနစ်ခု ကို ပြောပြပါဦးဗျာ ဆိုတော့ မှ ဆင်းဘတ် သည် ဆေးလား ရေကြောင်း ခရီး ကို ပြော ပြတာကိုး ။ အဲဒီ အဖွင့်ကလေး ကို ယူ ထားတယ် ။
ကျန်တဲ့ ဟာ ကတော့ တော်တော်များများ ဟာ လူငယ်တွေ ကို လောကကြီး မှာ ကြီးပွားရေး ၊ ချမ်းသာရေး ၊ ဘာရေး ညာရေး အများကြီး အလုပ် လုပ်ရင် အောင်မြင်နိုင်တယ် ဆိုတာ ရေးခဲ့တာပါ ။ ဒါကတော့ လူငယ်များ ကြီးပွားရေး အတွက် အဓိဌာန် ပြုပြီး ရေးခဲ့တဲ့ စာအုပ် ထဲ မှာ တစ်အုပ် အပါအဝင် ဖြစ်တယ် ”
“ ဖြစ်ချင်တာဖြစ် မောင်ဘချစ် ရေး တဲ့ ရည်ရွယ်ချက် ကို သိပါရစေ ဆရာ ”
“ မောင်ဘချစ် ဆိုရင် လည်း ပုဏ္ဏားဘကွန်း က ရုပ် ရဲ့ ချမ်းသာမှု ကို ကျွန်တော် ရေး သွားတာ ။ မောင်ဘချစ် ကတော့ လူတွေ စိတ် ချမ်းသာ စေ ချင်တယ် ။ စိတ်ညစ် နေတဲ့ လူတွေ ၊ စိတ်ဆင်းရဲ နေတဲ့ လူတွေ ၊ စိတ်ချမ်းသာ စေချင်တာ နဲ့ ကို ဒီ ဝတ္ထု ကို ရေးခဲ့တာပါ ။ ဒါ ကျွန်တော့် ရည်ရွယ်ချက် ပါ ”
“ မောင်ဘချစ် ထဲ မှာ သံတုံးကြီး ကို အပ် ဖြစ်တဲ့ အထိ သွေး ခိုင်းထားတာ ဟာ ဇွဲသတ္တိ ကို ဖော်ပြတဲ့ အနေနဲ့ ဆရာ ရေး ထားတာ တွေ့ ရပါတယ် ။ ဒါပေမဲ့ စာဖတ် ပရိတ်သတ် အများစု ရင် ထဲ မှာ သဘာဝ ယုတ္တိ ကင်းလွတ် တဲ့ တင်စားမှု လို့ မြင်ကြပါတယ် ”
“ သံတုံး သွေး တဲ့ ဥပမာ က တရုပ်ပုံပြင် မှာ ရှိ ပါတယ် ။ တရုတ် လူမျိုး တော်တော် များများဟာ သမက် ရွေး ရင် အဲဒီလို ရွေးတယ် လို့ ကြား ဖူးပါတယ် ။ ဒါဟာ ဇွဲသတ္တိ ကို ပြ တာပါ ။ ဒါကို သဘာဝယုတ္တိ နဲ့ ကင်းလွတ် နေတယ် ဆိုတာ တော့ မငြင်း နိုင်ပါဘူး ။ ကျွန်တော် ကိုယ်တိုင် ပဲ သံတုန်း ကို အပ်ဖြစ် အောင် သွေးပြီး မှ ချမ်းသာတဲ့ နည်း ကို လည်း ယူ မှာ မဟုတ်ပါဘူး ။ သို့သော်လည်း အဲဒီလောက် တောင် ဇွဲ ရှိတဲ့ မောင်ဘချစ် လို့ ကျွန်တော် ဆိုလိုချင်တာ ပါပဲ ”
“ ဆရာ့ ဝတ္ထုတွေ အသံသွင်း ဇာတ်လမ်း လုပ်တာ တွေ့ရပါတယ် ။ တချို့ ဇာတ်လမ်း တွေ က ဝတ္ထု တွေ ကို ပျက်စီး သွားလောက်အောင် အရည်သွေး ညံ့ဖျင်းတာ တွေ့ရ ပါတယ် ။ ဆရာ အခု ဘယ် နှစ်ပုဒ် လောက် အသံ သွင်းပြီးပါပြီလဲ ”
“ ဘယ်နှပုဒ် သွင်းပြီးပြီလဲ ဆိုတော့ ရုတ်တရက် ဖြေ ဖို့ရာ ခက်ပါတယ် ။ တော်တော်များများ ပါပဲ ။ တချို့ဟာ တွေ ဆိုရင် ကျွန်တော် မသိဘဲ သွင်း လို့ နောက် က လိုက်ပြီး စကား ပြောရတာလဲ ရှိပါတယ် ။ အသံသွင်း ဇာတ်တွေ ကို ကျွန်တော် ကိုယ်တိုင် သိပ် ဝါသနာ ပါ လို့ သွင်းတာတော့ မဟုတ်ဘူး ။ ကိုဝင်းငြိမ်း တို့ လို မကင်းရာ မကင်းကြောင်း လူတွေ က ငါ တော့ ဒါလေး လုပ်ချင်တယ် ကွာ ၊ ဒီလို ဒီလို အကူအညီ ပေးပါ ဆိုပြီး လုပ် သွားတာ တွေက များတယ် ။ ကျွန်တော် ကိုယ်တိုင် က လည်း သိပ်ပြီး လိုက် မကြည့်နိုင်တော့ ခုနက ကိုဝင်းငြိမ်း ပြော တာ လို ဝတ္ထု ကို ပျက်စီး သွားစေတာမျိုးတွေ ဘာတွေ ဖြစ် ကုန်တာပါပဲ ”
“ စာပေ ဟောပြောပွဲ နဲ့ စာပေ ဆွေးနွးပွဲ ဆရာ ဘယ်ဟာ ကို ပိုပြီး သဘောကျပါသလဲ ”
“ ကျွန်တော့် ကိုယ်ပိုင် အယူအဆ ကို ပြောရရင် ဟောပြောပွဲ လည်း ကျွန်တော် ကိုယ်တိုင် က ဒါလောက် ဝါသနာ မပါဘူး ။ ဆွေးနွေးပွဲ လဲ အတူတူ ပါပဲ ။ အဲဒီနောက်မှာ တစ်ခု ကို ပြောပါ ဆိုရင်တော့ စာပေဟောပြောပွဲ ကတော့ ကျင်းပ ရတဲ့ လူတွေ အတွက် ဒါလောက်လည်း တာဝန် မရှိဘူး ။ သွားရာက် ပြော ဆိုရတဲ့ လူတွေ အတွက် လည်း အခက်အခဲ မရှိဘူး ။ ဆွေးနွေးပွဲ ဆိုတာ က တော့ တဖက် က မေးချင် တဲ့ မေးခွန်း တွေ မေး မှာ ။ တခါတလေ လည်း လူပုဂ္ဂိုလ် ထိခိုက်တဲ့ မေးခွန်းတွေ ပါချင် ပါလာမယ် ။ ဆရာ အိမ်ထောင် ဘယ်နှစ်ဆက် ရှိပါသလဲ ။ ဆရာ အရက် သောက် ပါသလား စတဲ့ ကိုယ်ကျင့် တရားဆိုင် ရာ မေးခွန်းတွေ လည်း ပါ လာမယ် ။ ကျွန်တော် ကြုံဖူးတဲ့ ရေးသူ ၊ ဖတ်သူ ဆွေးနွေးပွဲတွေ မှာ ဒါမျိုး မေးတာ တွေ့ရတယ် ။ တချို့ ဒေသတွေ မှာ ကျတော့ လည်း ဘယ်လို လုပ်လိုက်ပါသလား .. စတဲ့ အမေးမျိုးတွေ ပေါ့လေ ။ တစ်ခါတလေ မှာ သူတို့ အကြံ ပေး တာ က လုပ်လို့ မရတာမျိုးတွေ ။ အဲဒီတော့ ကျွန်တော့် အတွေ့အကြုံ အရ ပြောရမယ် ဆိုရင် ( တခြား ဆရာတွေ ကတော့ ဘယ်လို ယူဆသလဲ မသိဘူးပေါ့လေ ) ဆွေးနွေးပွဲ တွေ ဟာ တစ်ခါတလေ မှာ ရှိပြီးသား ခင်မင်မှု ကို တောင် ဆုတ်ယုတ် စေတတ်တယ် လို့ မြင် ပါတယ် ”
မလွှဲသာ မရှောင်သာ လုပ်ရမယ် ဆိုရင် ဟောပြောပွဲ ကို ပို နှစ်သက် ပါတယ် ။ အဲဒီ ဟောပြောပွဲ တောင် မှ ပဲ ဟောပြောမယ့် ပုဂ္ဂိုလ် ဟာ စာရေးဆရာ ဖြစ် ပြီးရော လို့ စီစဉ်တဲ့ ပွဲမျိုးတွေ ကို ကျွန်တော် စိတ် မဝင်စားဘူး ။ ဖြစ်နိုင်ရင် ကျွန်တော် တို့ တောင် မပါချင် နေပါ ၊ တကယ့် ဗဟုသုတ ရှိ ပြီးတော့ ရှေးမီ နောက်မီ ပုဂ္ဂိုလ်ကြီး တွေ ၊ စာပေအရာ မှာ နှံ့စပ်တဲ့ ပုဂ္ဂိုလ်ကြီးတွေ ၊ စာရေးဆရာ မဟုတ်ပေမယ့် စာ အများကြီး ဖတ်ထားတဲ့ ပုဂ္ဂိုလ် တွေ ပါ တက်ပြီး ပြောမယ် ဆိုရင် ဒါ ပရိတ်သတ် အတွက် အကျိုး ရှိပါတယ် ။
“ ဒီနေ့ ကျွန်တော်တို့ လုံးချင်းဝတ္ထုတွေ ဝယ်အား တော်တော် ကျဆင်း နေပါတယ် ။ ဒီ ပြဿနာ ကို ဘယ် လို ကုစား နိုင်မယ် ထင်ပါသလဲ ”
“ ကျွန်တော့် အမြင် ပြော ရရင် စာရေးဆရာ လေး ငါး ဆယ်ယောက် အများကြီး စုပြုံ ထွက်တဲ့ အခါမှာ ဝယ်အား ညံ့ဖျင်း တတ် ပါတယ် ။ နောက်တစ်ခု က ပရိသတ် က တချို့ဟာတွေ ကို နည်းနည်း အီ လာ တဲ့ သဘော လည်း ရှိပါတယ် ။ တစ်ခါတလေ ကျတော့ လည်း ပရိသတ် မှာ ငွေရေးကြေးရေး အကျပ်အတည်း ရှိတဲ့ အတွက် ဝယ် မဖတ်နိုင်တာ လည်း ရှိ ပါလိမ့်မယ် ။ ဝယ်အား ကျလာ တဲ့ အတွက် စာပေ လောကကြီး ဆုတ်ယုတ် သွားမယ့် လက္ခဏာ တော့ မမြင်သေး ပါဘူး ”
“ မျက်မှောက်ခေတ် စာပေလောက အပေါ် မှာ ကော ဆရာ ဘယ်လို မြင်ပါသလဲ ”
“ ဒါကတော့ အတော် ဆူးပေါ တဲ့ မေးခွန်း ဖြစ်နေတယ် ။ မျက်မှောက်ခေတ် စာပေ နဲ့ သတ်သက်ပြီး ကျွန်တော် ကိုယ်တိုင် က ဘာမှ မပြောလို ပါဘူး ။ ပီပီပြင်ပြင် မသုံးသပ်ရ သေးတဲ့ အတွက် အပြစ် လည်း မဆိုချင်ပါဘူး ”
“ ဆရာ့ ပရိတ်သတ် အတွက် ဆရာ့ စာရေးပုံ ရေးနည်း တင်ပြစေချင်တယ် ”
“ ကျွန်တော် စာ ရေးတဲ့ နေရာ မှာ ဆို ပြီး ( အသံ ထွက်ပြီး ) ရေးပါတယ် ။ ဘာကြောင့် ဆို ပြီး ရေး သလဲ ဆိုတော့ ကျွန်တော် ကိုယ်တိုင် သဒ္ဒါ မသိပါဘူး ။ သဒ္ဒါ မသိတော့ ဘယ်နေရာ မှာ ( ဝါကျ ) တွေ မှား တယ် ဆိုတာ ဆုံးဖြတ်ရ ခက်တယ် ။ အဲဒါကြောင့် ရေးတဲ့ ဝါကျတိုင်း ကို ဆို ပြီး မှ ရေး ပါတယ် ။
ဥပမာ ဆိုပါတော့ - “ တစ်နေ့သ၌ ကျွန်ုပ် သည် အင်းစိန် ဒီအိုင်ဒီရုံး ၌ ကျွန်ုပ် ၏ မိတ်ဆွေကြီး ဆားပု လင်းနှင်းမောင် နှင့် အတူ ရောက်တတ်ရာရာ စကားများ ပြောဆို နေကြရာတွင် ”
အဲဒီလို ဆို ကြည့်ပါ တယ် ။ ပါးစပ် မှာ ချော ပြီးတော့ ဝါစာသိလိဋ္ဌ ဖြစ် နေရင် အဲဒီ ဝါကျ ဟာ ဖတ်တဲ့ သူ အဖို့ ရော ၊ တစ်ဆင့် ဖတ် ပြတဲ့ သူ အဖို့ ရော မထောင့် ဘူး ။ မထောင့် ရင် မှန်တယ် ဆိုတဲ့ အယူအဆ နဲ့ ကျွန်တော် ရေးတာပါ ပဲ ”
“ နာမည် ကျော် တဲ့ စာရေးဆရာတွေ ရဲ့ ဝတ္ထုတွေ ကို လေ့လာ ကြည့်ရင် ကိုယ်ပိုင် ဖော်မြူလာလေး တွေနဲ့ ဖန်တီးထား တာ တွေ့ရပါတယ် ။ ဆရာ က ကော ဝတ္ထုတွေ ဖန်တီးတဲ့ နေရာမှာ အဲဒီလို ပုံသေ နည်း ကို သုံးပါသလား ”
“ အထူး ဖော်မြူလာ ရယ် လိုတော့ မရှိပါဘူး ။ အကြောင်းအရာကလေး တစ်ခု ကို ပဲ ဘယ်လို ဘယ်လို ရေးမယ် ။ အချက်အလက်တွေ ဘယ်လို ဘယ်လို ရှာမယ် ဆိုတာပဲ စဉ်းစားပါတယ် ။ ဒါနဲ့ ပတ်သက်လို့ ကျွန်တော့် ထက် အသက် အားဖြင့် ရော ၊ ဉာဏ်ပညာ အားဖြင့် ရော ကြီးတဲ့ ဆရာကြီး ရွှေဒုံးဘီအောင် ကို ဟောပြောပွဲ တစ်ခု မှာ တွေ့ တုန်း က ကျွန်တော် မေးဖူးပါတယ် ။ ဆရာ .... ဗိုလ်အောင်ဒင် ဇာတ်ကား ဟာ အလွန်ပဲ အောင်မြင် ပါတယ် ။ ကျွန်တော် တို့ ဆိုရင် လည်း ခုနစ်ကြိမ် ထက် မနည်း ကြည့်ပြီး ပါပြီ ။ ဗိုလ်အောင်ဒင် ကို ကြည့်တဲ့ အခါမှာ ဗိုလ်အောင်ဒင် အဖြစ် သရုပ်ဆောင်တဲ့ ခင်မောင်ရင်ကြီး ကို သိပ် သဘောကျတယ် လို့ ၊ အဲဒီလို သဘော ကျ နေအောင် စိတ် ထဲ မှာ တတမ်းတတ ဖြစ်အောင် ဆရာ ဘယ်လိုများ ဖန်တီးတာလဲ လို့ မေးတယ် ။ အဲဒီ အခါ ကျတော့ ဆရာကြီး က ဘာ ပြောသလဲ ဆိုတော့ ဒီ နည်း ကို မင်း လည်း သိပြီးသားပါကွာ တဲ့ ။ မင်း နှင်းမောင် လုပ် သလိုပါပဲ တဲ့ ။ ဟာ ... ကျွန်တော် မရှင်းဘူး ဆရာ လို့ ။ မင်း ဒါ ကို ဖွင့် သာ မပြောတတ်တာ ပါ ။ မင်း စိတ် ထဲ မှာ သိပြီး သား တဲ့ ။ ဆရာ ရယ် ... ရှင်းရှင်းသာ ပြော လိုက်ပါ ဆိုတော့ ဗိုလ်အောင်ဒင် ဇာတ်လမ်း တစ်ခု လုံး မှာ ကျန်တဲ့ ဇာတ်ကောင်တွေ ဟာ သဘာဝ နဲ့ လှုပ်ရှား နေတယ် ကွာ တဲ့ ။ ဦးဘချစ် ၊ မေမေဝင်း စတဲ့ ကျန် ဇာတ်ကောင် တွေ ဟာ အကုန်လုံး ကို သဘာဝ ကျအောင် လှုပ်ရှား ခိုင်းထားတယ် ။ ဗိုလ်အောင်ဒင် အဖြစ် သရုပ်ဆောင် တဲ့ ခင်မောင်ရင် တစ်ယောက် တည်း ကိုပဲ အိုဗာ အိုက်တင် လုပ် ခိုင်းထား တယ် တဲ့ ။
ခင်မောင်ရင် ရယ် တဲ့ ဟဲ ဟဲ ... ဟဲ ... ဟဲ ဆိုတဲ့ ရယ်နည်းမျိုး အပြင် မှာ သာ ရယ်ရင် ဘယ်သူ နဲ့ မှ တည့်မှာ မဟုတ်ဘူးတဲ့ ။ တမင်တကာ Character ( ဇာတ်ကောင် စရိုက် ) ကို ထူးအောင် လို့ သူ့ ကို အိုဗာ အိုက်တင် ပေး ထား တာတဲ့ ။ အခု မင်း နှင်းမောင် က လည်း လက်ဝှေ့ လည်း ထိုး တတ်တယ် ၊ အင်္ဂလိပ် စကား လည်း ပြော တတ်တယ် ၊ ရုပ် က လည်း ချောတယ် ၊ တယော ထိုး လည်း ကောင်းတယ် ၊ အမှု လိုက် ရင်လည်း တော်တယ် ၊ အနစ်နာ လည်း ခံတယ် ၊ ဘာညာဘာညာ ဖန်တီး ထားတယ် ။ လူ တစ်ယောက် တည်း ဒီလို အရည်အချင်း မျိုး အကုန် ဘယ် ရှိမလဲကွာ တဲ့ ။ မင်း က ဦးကိုကိုကြီး တို့ ၊ ဦးစိန်လှ တို့ ၊ ရဲ့ မင်းကြီး အရည်အချင်း တို့ ၊ ဘာတို့ ကို သဘာဝ ဇာတ်ကောင်တွေ ဖန်တီး ထားပြီး နှင်းမောင် ကျတော့ မှ မင်း က နည်းနည်း အိုဗာ ပေး ထားတာပဲ တဲ့ ။ အဲဒီတော့ ဒီ အထဲ မှာ နှင်းမောင် က Prominent ( ထင်ရှား ) နေတာ ပေါ့ တဲ့ ။ ဗိုလ်အောင်ဒင် ကလည်း အဲဒီ နည်း ပဲ တဲ့ ။ အဲဒီတော့ သဘာဝ နဲ့ တူတယ် ၊ မတူဘူး ဆိုတာ ဟာ ကျွန်တော့် အတွက် တချို့ နေရာတွေ မှာ သိပ်တောင် ထည့် မစဉ်း စားဘူး ။ ဇာတ်လမ်း အတွက် ဖတ်လို့ ကောင်းအောင် သူတို့ တစ်တွေ က ဟီးရိုး တွေ ဖြစ်တာကိုး ။
ကျွန်တော် ဖန်တီး လိုက်တဲ့ ဝတ္ထု တွေ မှာ သူတို့ ကို ပို ပေါ်လွင်အောင် သဘာဝ ထက် လွန်ကဲ ပြီးတော့ ပို ဖန်တီး ပေး လိုက်ရတာပါပဲ ။ ဒီ အချက် ကတော့ ဝတ္ထု ရေးတဲ့ နေရာ မှာ ကျွန်တော် ခံယူထားတဲ့ အချက် ကလေး ပါပဲ ”
“ ဇာတ်လမ်း ဇာတ်ကွက် တွေ ကို ဘယ်လို ဖန်တီး တည်ဆောက် ယူ ပါသလဲ ဆရာ ”
“ တစ်ခါတစ်ရံ မှာ ဇာတ်လမ်းတွေ ဟာ ထူးထူးဆန်းဆန်း စိတ် အာရုံ မှာ ဖြစ်ပေါ် လာပါတယ် ။ အိပ်ရာ က နိုး သလိုလို ၊ အိပ်ပျော် သလိုလို အချိန်မျိုး မှာ ခေါင်းစဉ် နာမည်တွေ နဲ့တကွ ဇာတ်လမ်း ဇာတ်ကွက်တွေ ဘယ်လို လုပ် ရမယ် ဆိုတာတွေ ကို တစ်စုံ တစ်ယောက် က ပဲ ပြော သလိုလို ၊ ကိုယ် ဟာ ကိုယ်ပဲ သိတာ လိုလို ဖြစ်တတ် ပါတယ် ။ ဒါလေးတွေ က တော့ သိပ်ပြီး ထူးဆန်းတာ မျိုး ဖြစ် နေတော့ အများ နဲ့ လည်း မဆိုင်ဘူးလေ ။ အဲဒါက တော့ ကိုဝင်းငြိမ်း ကို သီးခြား ပြော ပြတာပါ ။ ဒါမျိုးတွေ ရှိ ပါ တယ် ။
နောက်ပြီးတော့ စာအုပ် တစ်အုပ် ရေးတိုင်း ကျွန်တော် က ယုံကြည်တဲ့ ဘာသာတရား နဲ့ ၊ ဘာသာတရား က ညွန်ကြား ထားတဲ့ ကျင့်စဉ် ကျင့်ရပ်ကလေး တွေ ကျွန်တော် လုပ်လေ့ ရှိပါတယ် ။ ဥပမာ - ကိုဝင်းငြိမ်း တို့ ပေဖူးလွှာ မဂ္ဂဇင်း မှာ “ ပြည်တော်ဝင် စနေမောင်မောင် ” ရေးစဉ် က ဆိုရင် အခု ကိုဝင်းငြိမ်း တွေ့ တဲ့ ပြည်တော်ဝင် ဆိုတဲ့ ရေချမ်းအိုး နဲ့ သီးခြား ကန်တော့ပွဲ ပါ ထိုး ၊ ပုတီးစိပ် မေတ္တာ ပို့ ပါတယ် ။ ဒီ စာအုပ် ဖတ်တဲ့ သူတွေ အတွက် အနှောက်အယှက် ကင်း ပါစေ ၊ အန္တရာယ် ကင်းပါစေ ။ မသိသေးတာလေးတွေ သိ သွားကြပါစေ ၊ နောက်ပြီးတော့ ကောင်းတဲ့ စိတ်ဓာတ်တွေ မွေး နိုင်ကြပါစေ ။ အဲဒီလို မေတ္တာတွေ ပို့ပြီး ရေး ပါတယ် ။ ပုဏ္ဏားဘကွန်း လည်း ဒီလို ပါပဲ ။ မောင်ဘချစ် လည်း ဒီလို ပါပဲ ။ အထူး လုပ် ပြီး ရေး လေ့ ရှိ ပါတယ် ။
နောက် တစ်ခု က စာအုပ် ဖြန့်တဲ့ နေ့ မှာ တောင် တရား ထိုင်ခြင်း ၊ ပုတီး စိပ်ခြင်း ၊ စာအုပ်ဖတ်တဲ့ သူတွေ အန္တရာယ် ကင်းခြင်း အတွက် မေတ္တာ ပို့ခြင်း ၊ တိုင်တည်ခြင်း ၊ နောက် စာရေး လို့ ရတဲ့ ငွေ နဲ့ မတော်မတ ရား လုပ်ခြင်း ၊ တရား စွဲခြင်း စသည် တို့ ကို မလုပ်ပါဘူး ဆိုတာ ဘုရား မှာ သစ္စာ ဆိုပါတယ် ။ အဲဒီလို သစ္စာ ဆို ၊ သမ္မာဒေဝ တွေ တိုင်တည် ၊ လောကပါလ နတ်တွေ ကို တိုင်တည် ပြီးတော့ အောင်မြင်ချော မောခြင်း ဖြစ်ပါစေ ဆိုတဲ့ အဓိဋ္ဌာန် နဲ့ ရေးလေ့ ရှိပါတယ်“
“ ဆားပုလင်းနှင်းမောင် ဝတ္ထု တွေ နောက်ထပ် ရုပ်ရှင် ရိုက်ဖို့ အစီအစဉ် ရှိသေးလား ”
“ ဆားပုလင်းနှင်းမောင် ကို ရုပ်ရှင် ရိုက်ဖို့ ရုပ်ရှင်ကုမ္ပဏီ တော်တော်များများ က ကြိုးပမ်း ကြပါတယ် ။ ယမုံနာ ဦးကြီးမြင့် က ဇာတ်လမ်းတွေ တင် တယ် ။ ခွင့်ပြုချက် ရလို့ ရိုက်တယ် ။ အဲဒီမှာ ဘာ အခက်အခဲ ရှိသလဲ ဆိုတော့ ကျွန်တော် ရေးထားတာက အင်္ဂလိပ်ခေတ် ၊ ရိုက်ခွင့် ရတာ က မျက်မှောက်ခေတ် ။ ပြည်သူ့ရဲ ၊ နေပြည်တော်ရဲ အနေ နဲ့ ရိုက်ခွင့် ရတဲ့ အခါကျတော့ ဝတ္ထု ထဲ က နှင်းမောင် နဲ့ ရုပ်ရှင် ထဲ က နှင်းမောင် ၊ အဝတ်အစား အဆင်အပြင် က အစ ကွာဟ သွားတယ် ။ သို့သော်လည်း နှင်းမောင် ကို စာ နဲ့ သရုပ်ဖော် ပြီးတဲ့ နောက် ပရိသတ် ကို အရုပ် နဲ့ ပိတ်ကား ပေါ် မှာ တင်ပြချင်တဲ့ အတွက် သက်ဆိုင်ရာ ကုမ္ပဏီ ကို ခွင့်ပြုလိုက် ရတာတွေ လည်း ပါပါတယ် ။
အခု ဆို ရင် “ ဘုံပြတ်ဘမောင် ” ဆိုတာ ကို ပါ မင်းသား ကိုကျော်ဟိန်း နဲ့ ရိုက် နေပါတယ် ။ အဲဒါကတော့ သောင်းပြောင်းထွေလာ မှာ ကျွန်တော် အခန်းဆက် ရေး ခဲ့တာ ကို ရိုက် တာပါ ။ နောက်ထပ် နှင်းမောင် ဇာတ်လမ်း တွေ ကတော့ ယမုံနာ က ရော တခြား ကုမ္ပဏီတွေ က ပါ တောင်း ထားတာတွေ လည်း ရှိပါတယ် ”
“ ဟိုတစ်လော ဆီ က ရုပ်ရှင်စာစောင်တွေ ထဲမှာ ဆရာ ကိုယ်တိုင် ရုပ်ရှင် ထဲ မှာ သရုပ်ဆောင် တော့ မယ်လို့ သတင်း တွေ ပါ လာတာ တွေ့ရပါတယ် ။ ဟုတ်ပါသလား ”
“ အဲဒီ သတင်း က ဒီလို ဖြစ်တာပါပဲ ။ ကျွန်တော့် အိမ် ကို ရုပ်ရှင်သမားတွေ လာတဲ့ အခါ ဆရာမင်းသိင်္ခ ရုပ်ရှင် ထဲ မှာ ဝင် လုပ်ပါ ။ ဘယ်လို ဘယ်လို ဝင် လုပ်ပါ စသဖြင့် ရုပ်ရှင်သရုပ်ဆောင် အနေနဲ့ ဝင် လုပ် ဖို့ ပြော ကြပါတယ် နောက် ကြတာပါ ။ တစ်ရက် တော့ ကျွန်တော့် မိတ်ဆွေ ရုပ်ရှင်သမား တစ်ယောက် က အဲဒီလို နောက်တာ ကို ကျွန်တော် က ခင်ဗျား ပြောလည်း ပါရတာပေါ့ဗျာ လို့ ပြန် နောက် လိုက် တယ် ။ အဲဒါကို သူ က စိန်လိုက်လေ လို့ ပြောပြီး ပြန်သွားတယ် ။ နောက် တစ်နေ့ မှာ ရုပ်ရှင်ကန်တော့ ပွဲ ပေးမယ့် ဖိတ်စာ ရောက် လာတော့တာပဲ ။ အဲဒီ ဖိတ်စာ ထဲ မှာ ကျွန်တော် က ရုပ်ရှင်သရုပ်ဆောင် အနေ နဲ့ ပါ နေတယ် ။
တကယ် ပြောရရင် အဲဒီ သရုပ်ဆောင် အတတ်ပညာ ကို ကျွန်တော် လုံးဝ မတတ်ပါဘူး ။ ကျွန်တော့် မှာ သရုပ်ဆောင် လုပ် ဖို့ အရည်အချင်း လည်း မရှိဘူး ။ ဝါသနာ လည်း မရှိပါဘူး ။ ဒါနဲ့ ကမန်းကတန်း လိုက် ပိတ် တော့ သတင်း က ထွက် သွား ပြီးပြီ ။ ကျွန်တော် ရုပ်ရှင်သရုပ်ဆောင် လုပ်ဖို့ ရည်ရွယ်ချက် မရှိပါဘူး ။ လုပ် မှာ လည်း မဟုတ်ပါဘူး ”
“ ဆရာ အခု ဗေဒင်ခန်း လည်း ဖွင့်ထားတယ် နော် ”
“ ဟုတ်ပါတယ် ။ ဒီ လုပ်ငန်း က တော့ ကျွန်တော် စာရေးဆရာ မဖြစ်ခင် ကတည်း က လုပ် လာတဲ့ လုပ်ငန်း မို့ ကျွန်တော် မစွန့်ပစ် နိုင်ပါဘူး ။ ဒါလေးကတော့ အသက်အရွယ် ကြီးတဲ့ အထိ လုပ်သွားမယ် လို့ လည်း စိတ်ကူး ပါတယ် ။ လက္ခဏာ ဖတ်ရတာ လည်း ဝါသနာ လည်း ပါ တယ်လေ ။ ဒါလေး ဖွင့် ထားတဲ့ အတွက် ကျွန်တော့် စာဖတ်ပရိသတ် နဲ့ နေ့စဉ် ထိတွေ့ နေခွင့် ရလို့ တစ်ဖက်တစ်လမ်း က အထောက် အကူ ပြု ပါတယ် ”
“ အဲဒီလို လက္ခဏာ ကြည့်တဲ့ နေရာ က ပေဖူးလွှာ မှာ ရေးတဲ့ လက္ခဏာ အမြင် နဲ့ ချစ်မေတ္တာ ဇာတ်လမ်း များ အတွက် အထောက်အကူ ပြုနိုင်တဲ့ ဇာတ်လမ်း တွေ ရ ဖူးလား ”
“ ရေးလောက်တဲ့ ဇာတ်လမ်း တော့ မရပါဘူး ။ ဒါပေမဲ့ ဒီနေရာ က လူတန်းစား အားလုံး ရဲ့ စရိုက် ကို လေ့လာ လို့ ရတယ် ။ လူတွေ ရဲ့ အကျင့် ကို တော့ စာအုပ် ဖတ်တာ ထက် တောင် ပီပြင် သေးတယ် ။ ဒါတွေက စာ ရေးတဲ့ နေရာ မှာ အထောက်အကူ ပြုပါတယ် ”
“ ဗေဒင် က စာ မရေးခင် ကတည်း က လေ့လာတယ် ဆိုတော့ ဆရာ ဆေးဖော် တာ ကကော ”
“ ကျွန်တော် ဆေးကျမ်း တော်တော်များများ လေ့လာ ထားပါတယ် ။ အဘိဓမ္မာ တောင်သာ အဖွဲ့မှာ ကျွန်တော် က “ မဟာဘိသက္ကပဏ္ဍိတ ” ရထား ပါတယ် ။ တစ်ချိန်မှာ ဆေးကျမ်းတွေ ပြုစုဖို့ အစီ အစဉ် ရှိပါတယ် ။ အထူးသဖြင့် တော့ ကျွန်တော် စိတ်ဝင်စား တာ က ကလေးသူငယ်တွေ နဲ့ ပတ်သက် တဲ့ သူငယ်နာ ဆေးတွေ ပါ ပဲ ။ ကျွန်တော့် ပထမ ရည်ရွယ်ချက် ကတော့ ကျန်းမာရေး ချို့တဲ့ တဲ့ ဒေသ တွေ ၊ ဆရာဝန် အရောက်အပေါက် နည်းတဲ့ ဒေသတွေ ကို ဆေးလွယ်အိတ် တစ်လုံး နဲ့ လျှောက် သွားပြီး ကုသ ပေးချင်တာပဲ ။ ဒါပေမဲ့ ကံ မျက်စိ လည် လာလို့ ဒီ ဘက် မှာ စာရေးဆရာ လာ ဖြစ်တာ ဆိုတော့ ဒါတွေ မျက်ခြည် ပြတ် သွားပါတယ် ”
“ ဆရာ ရေးလက် စ ဘာတွေ ရှိလဲ ”
“ ဆေး ဆရာ တစ်ယောက် အကြောင်း ရေး ထားတဲ့ မဟာဘိသက္ကရာဇာ ဆိုတာ နဲ့ မြိုင်ခွင်အဝင်ထူး ဆိုတာ နှစ်အုပ် ရေးလက် စ ရှိပါတယ် ။ “ မြိုင်ခွင်အဝင်ထူး“ ကတော့ စိတ်ဓာတ် ညံ့ဖျင်းတဲ့ လက်သမားဆရာ ကိုဘာဘာ အကြောင်း နဲ့ ထူးဆန်း အံ့ဩဖွယ်ရာတွေ ကို ရော မွှေ ထားပါတယ် ။ ဒီ အထဲ မှာ တော့ မြန်မာမှု တွေ တော်တော် ပါ ပါမယ် ။ အိမ် ဆောက်ရင် မြေ ရွေးတာ တို့ ၊ မြေ ရှင်းတာ ၊ အိမ်တိုင် ထူ တာ ၊ လှေကား တပ်တာ ၊ ပြတင်းပေါက် ဖောက်တာ စသဖြင့် မြန်မာမှု တွေ ထည့် ထားပါတယ် ”
“ ဆရာ ရေးတဲ့ ပုံစံတွေ ကို ကြည့်ရင် ဆားပုလင်းနှင်းမောင် ပုံစံမျိုး ၊ ပုဏ္ဏားဘကွန်း ပုံစံမျိုး ၊ စနေမောင်မောင် ပုံစံမျိုး စသဖြင့် ခွဲခြား လို့ ရတယ် ။ အဲဒီ ပုံစံတွေ ထဲ က ဆရာ ဘယ်ဟာ ကို ပိုပြီး စိတ်အား သန် သလဲ ”
“ ကျွန်တော် က ပုဏ္ဏားဘကွန်း လို ဟာမျိုး ကို စိတ်အား သန်တယ် ။ နှင်းမောင် ကတော့ ငယ်ရွယ်သူ များ အတွက် ကောင်းမြတ်သော စိတ်ဓာတ် နဲ့ ရဲဝံ့ခြင်း အတွက် လက် လွှတ်လို့ မရဘူး ။ ဒါကြောင့် ကိုနှင်းမောင်ကြီး ကို တော့ အမှုတွေ လိုက် နေရဦးမှာပါပဲ ။ စံပြ လုပ်ငန်းတွေ လုပ် နေရ ဦးမှာပါပဲ ။ ဟိုဟာ တွေ ကတော့ အခါအားလျော်စွာ ရေး ရမှာပေါ့ ”
“ ဆရာ ဗေဒင် တွက်တယ် ဆိုလို့ ကျွန်တော် ဆရာ့ စာအုပ် နာမည်တွေ နဲ့ ပတ်သက်ပြီး မေးချင်တာ ရှိပါတယ် ။ ဆရာ့ လုံးချင်းတွေ အားလုံး က ကြာသပတေးနံ ( ပ ၊ ဖ ၊ ဗ ၊ ဘ ၊ မ ) နဲ့ စ တာချည်းပဲ တွေ့ ရ တယ် ။ “ သေသောသူ ” စာအုပ် ပဲ လွဲ ပါတယ် ။ အဲဒါ နာမည် ကို တမင်တကာ ရွေး တာလား ၊ တိုက်ဆိုင် မှုလား သိချင်လို့ပါ ”
“ ဟုတ်ပါတယ် ။ အားလုံး ကြာသပတေးနံ တွေ ချည်းပါပဲ ။ သေသောသူ က လွဲ ရင်ပေါ့ ။ အဲဒီ စာအုပ် က လည်း တစ်နှစ် လောက် ကြာ သွားတယ် ။ ကျွန်တော့် ကို တော်တော် ဒုက္ခ ပေး သွားပါတယ် ။ ဒါကြောင့် ဆက် ပြီးတော့ ကြာသပတေး တွေ ပဲ သုံး ပါတယ် ။ နောက် ထွက် မှာ တွေ လည်း ကြာသပတေး ပါ ပဲ ။
ကျွန်တော် ကျင့်စဉ်ကလေး တစ်ခု ထိုင် ပါတယ် ။ ဝင်သက် ထွက်သက် မှတ်တဲ့ အာနာပါန ပေါ့လေ ။ ပြီးရင် မေတ္တာ ပို့ပြီး စိတ်နှလုံး အေးချမ်း အောင် လုပ် ပြီး မှ စာ စရေးလေ့ ရှိပါတယ် ။ အဲဒီ မေတ္တာပို့ နေစဉ် အတွင်း မှာပဲ အင်မတန် ကောင်းမြတ်တဲ့ အတွေးကလေးတွေ ၊ အာရုံကလေးတွေ ၊ ထည့်ချင် စရာကလေး တွေ ပေါ် လာပါတယ် ။ မေတ္တာ ပို့ တာ ကတော့ အရှေ့ဘက် မှာ ရှိသော လူပုဂ္ဂိုလ် ၊ နတ် ပုဂ္ဂိုလ် ၊ အနာက်ဘက် မှာ ရှိသော ၊ တောင်ဘက် မှာ ရှိသော ၊ မြောက်ဘက် မှာ ရှိသော အဲဒီလို အလှည့် နဲ့ ပို့တာပါပဲ ။ ဘေးရန်ခပ်သိမ်း ကင်းကြပါစေ ၊ စိတ်နှလုံးဝမ်း ချမ်းမြေ့ပါစေ ... လို့ မေတ္တာ ပို့ တယ် ။ သူ က အားလုံး ၅၂၈ ခေါက် ရှိတယ် ။ ဒီလို မေတ္တာ ပို့ ပြီး မှ စာ စ ရေးပါတယ် ။
ရေးတဲ့ အခါ မှာ ဝတ္ထု ရေးတာ ကိုတော့ ကျွန်တော် ဆက်တိုက် ရေးပါတယ် ။ တစ်နေ့ တစ်ဖောင် ပဲ ရရ ၊ ဖောင်ဝက် ပဲ ရရ ၊ နှစ်ဖောင် ပဲ ရရ အချိန် ရ သလောက် ရေး ပါတယ် ။ ဒါပေမဲ့ စ ရေးရမယ့် နေ့ ကိုတော့ ကျွန်တော် ဗေဒင်ပညာ နဲ့ တွက်ချက် ပါတယ် ။ အခါကောင်း ၊ ရက်ကောင်း ၊ နာရီကောင်း ကို ရွေး ပြီး တော့ ခေါင်းစဉ် ပေးခြင်း စတင်ပြီး တော့ ပထမ တစ်ကြောင်း ဖြစ်ဖြစ်တော့ စပြီး ရေး ပါတယ် ။ အဲဒီ ပထမ နေ့ မှာ တော့ ကျွန်တော် သတ်သတ်လွတ် စားပါတယ် ။ တခြား နေ့ မှာတော့ မစား နိုင်ပါဘူး ။
ရေးခါ နီး မှာ စာရွက် နဲ့ ဖောင်တိန် ကို ဘုရား ၊ တရား ၊ သံဃာ ရတနာသုံးပါး နဲ့ ပတ်သက်တဲ့ မန္တန်ကလေး တစ်ခု ကို ရွတ်လေ့ ရှိတယ် ။ အဲဒီ ဟာ ကတော့ ကျွန်တော် မလုပ် မဖြစ် စာ စရေး ကတည်း က လုပ် ပါတယ် ။ မနုစာရီ ကတည်း က စ လုပ် ခဲ့တာပါ ”
“ ဆားပုလင်းနှင်းမောင် လို အောင်မြင်တဲ့ ဇာတ်ကောင် ဖန်တီးထား ပြီး ခါ မှ ဘာဖြစ်လို့ စနေမောင်မောင် လို ထူးထူးဆန်းဆန်း ဇာတ်လမ်းတွေ ရေး ချင်တာလဲ ”
“ ကျွန်တော့် ဘဝ ကိုယ်တိုင် က လည်း ထူးထူးဆန်းဆန်းကလေး တွေ ဖြစ်ခဲ့တယ် ။ ကျွန်တော် ဖြတ် သန်း လာရ တာ လည်း ထူးထူးဆန်းဆန်းကလေးတွေ ဖြတ်သန်း ခဲ့ရတယ် ။ အခုလည်း ကျွန်တော် လိုက်စား နေတဲ့ ပညာရပ် တချို့ ဟာ တော်တော် ထူးထူးဆန်းဆန်းကလေးတွေ ပါ ပဲ ။ Mystery တွေ ကို ကျွန်တော် ဝါသနာ ပါတယ် ။ အဲဒါတွေ ကို လိုက်လည်း လိုက်စားတယ် ”
“ ကျွန်တော် တို့ ဆွေးနွေး လိုက်ကြတာလည်း တော်တော်ကလေး ပြည့်စုံပြီ ထင်ပါတယ် ၊ ဆရာ့ လိပ် စာကလေးတွေ မစပါ ဦး ”
“ နေတာ ကတော့ ... အမှတ် - ၃၈၃ ၊ အခန်း၂၃ ၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း ၊ ရန်ကုန် ပေါ့ ဗျာ ။ ဗေဒင်ခန်း က တော့ အမှတ် - ၁၄ ၊ ကျောက်ရေတွင်းလမ်း ၊ ကျောက်မြောင်း ။ ဆေးခန်း ကတော့ အမှတ် - ၂၉၅ ဘိုးလိမ်းလမ်း ၊ ကျောက်မြောင်း ပါ ။ ဒီ လိပ်စာတွေ နဲ့ ဆက်သွယ်နိုင်ပါတယ် ”
“ ကျေးဇူးတင်ပါတယ် ဆရာ ၊ ပေဖူးလွှာမဂ္ဂဇင်း မှာ “ ပြည်တော်ဝင် စနေမောင်မောင် ” အခန်းဆက် ဝတ္ထု ရှည်ကြီး ရေးပေးခဲ့ တဲ့ အတွက် ရော ၊ အခု တွေ့ဆုံခန်း မှာ ပါဝင် ကူညီ တဲ့ အတွက် ပါ ပေဖူးလွှာ စာတည်းအဖွဲ့ ကိုယ်စား ကျေးဇူး တင်ပါတယ် ”
◾ဝင်းငြိမ်း
📖 ပေဖူးလွှာ မဂ္ဂဇင်း
အမှတ် - ၁၇
အောက်တိုဘာလ ၊ ၁၉၈၂ ခုနှစ်
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment