Thursday, January 18, 2024

မစန်းအေး သနားဖွယ်


 

❝ မစန်းအေး သနားဖွယ် ❞

မောင်ခင်ဦး မှာ အလုပ် ကို ကောင်းစွာ မလုပ်ဘဲ သူဌေး ကဲ့သို့ သာ နေထိုင်လေ၏ ။ ၎င်း လုပ်ခဲ့သော နေရာ ၌ လည်း မန်နေဂျာ တစ်ယောက် ကို အဖိုးနှုန်း ချိုသာစွာ ဖြင့် ရှာဖွေ ခန့်ထား လေ၏ ။ ၎င်း က မူ ဝီစကီကလေး တမြမြ နှင့် နေလေ၏ ။

မောင်ခင်ဦး ၏ နေ့စဉ် လုပ်ငန်း တာဝန် မှာ “ အိပ် စား ကာမ ” တည်း ဟူသော တိရစ္ဆာန် တို့ ၏ တာဝန်မျိုး သာ လျှင် ရှိ လေ၏ ။ ထို သုံးမျိုး အနက် ၌ လည်း နောက်ဆုံး အမျိုး ကို သာလျှင် ပို၍ ဦးစား ပေး လေ၏ ။

ရိုးသားသော မံမယ်ဇယ်ကလေး မှာမူ အနှောင့်အယှက် ဟူ၍ မရှိတော့ လင် တစ်ယောက် ကို ဖြင့် ပိုင်ပိုင်နင်းနင်း ရပြီဟဲ့ ဟူ၍ စိတ်ချမ်းသာ ရလေတော့ ၏ ။

မောင်ခင်ဦး က  ...

“ မမယ်ဇယ် ရယ် ၊ ဆန်စက် ကိစ္စ နဲ့ ရန်ကုန် ကို မကြာခဏ သွား နေရတာ ဆိုတော့ မော်တော်ကားလေး တစ်စီး လောက်တော့ ဝယ် မှ ဖြစ်မယ် ” ဟု စကားစ လိုက်ရာ မမယ်ဇယ်ကလေး က ...

“ ကိုခင်ဦး သဘောပဲ လေ ၊ ဝယ်ချင်တယ်ပေါ့ ” ဟု သဘော တူ လိုက်လေ၏ ။

ထို့ကြောင့် စက်သူဌေးကြီး ဦးမြူ လက်ထက် က မော်တော်ကား မသုံးသော် လည်း ကြွားဝါတတ်သော သူဌေးသမက် မောင်ခင်ဦး လက်ထက် ၌ အော်စတင်ကားလေး တစ်စီး ဝယ်ဖြစ် လေတော့၏ ။

မော်တော်ကား ဝယ်ပြီး သည့် နေ့မှ စ၍ မောင်ခင်ဦး သည် ပဲခူး နှင့် ရန်ကုန် အိမ်ဦး နှင့် ကြမ်းပြင် ဆိုသကဲ့ သို့ ကူးချည် သန်းချည် လုပ် လေတော့၏ ။

“ ဆန်စက်ပစ္စည်း ဝယ်ဖို့ ကွယ့် ၊ မန်နေဂျာ ကို ခိုင်းလို့ မဖြစ်ဘူး ၊ ဒီ ပစ္စည်းမျိုး က တင်ပြောလို့ သိနိုင်တဲ့ ပစ္စည်းမျိုး မဟုတ်ဘူး ၊ ကိုယ်တိုင် သွားမှ ကောင်းတာ ” ဟူ၍ လည်းကောင်း ...

“ နိုင်ငံခြား နဲ့ တိုက်ရိုက် ဆက်သွယ်ပြီး ဆန် ရောင်းဖို့ ကိစ္စတွေ လုပ်နေတယ်ကွ ၊ ဒါကြောင့် ရန်ကုန် က ရုံးတွေ ကို နေ့တိုင်း သွားနေရတာ ” ဟူ၍ လည်းကောင်း .... 

“ ကိုခင်ဦးတို့ စက် က ဘွိုင်လာကြီး ကို လာပြီး စစ်မယ့် ဘွိုင်လာ အင်စပက်တော်ကြီး ကို ဟိုတယ် မှာ ထမင်း ကျွေးရမယ် ကွ ၊ ဆရာကြီး က ဘွိုင်လာ မကောင်းဘူး လို့ ဆိုပြီး ဘွိုင်လာအိုး ပေါ် မှာ မြေဖြူ နဲ့ တစ်ချက် ဝိုင်း ပြီး စာ တစ်ကြောင်း အထက် ကို ရေး လိုက်တာ နဲ့ ကိုခင်ဦး တို့ စက်ကြီး တစ်ခါ တည်း ပိတ် ထားရလိမ့်မယ် ” ဟူ၍ လည်းကောင်း ၊ အမျိုးမျိုး အဖုံဖုံသော နည်း တို့ဖြင့် လှည့်ဖြား ပြောဆိုကာ မောင်ခင်ဦး သည် ရန်ကုန် သို့ နေ့စဉ် သွား လေ၏ ။ မမယ်ဇယ်ကလေး မှာ လည်း မောင်ခင်ဦး ပြော သမျှ ကို အဟုတ် ထင်၍ နေ လေတော့၏ ။

မောင်ခင်ဦး မှာ မူ ရန်ကုန် သို့ သွား၍ အရက် သောက်၏ ။ ပြည့်တန်ဆာမများ အိမ် သို့ တစ်အိမ် ပြီး တစ်အိမ် သွား လေ၏ ။ သွားဖန် များ သောကြောင့် အချို့သော ပြည့်တန်ဆာမများ နှင့် ပင် ဖောက်သည် ဖြစ်ကာ ရင်းနှီး နေပြီ ဖြစ်၏ ။

တစ်ခုသော ညနေဘက် ၌ မမယ်ဇယ်ကလေး က ရန်ကုန် ရွှေတိဂုံဘုရား သို့ သွား လို ကြောင်း ပြော သဖြင့် မောင်ခင်ဦး လိုက်၍ ပို့ရလေ၏ ။ မမယ်ဇယ်ကလေး သည် အိမ် ထဲ မှ အိမ်ပြင် သို့ ထွက်သည် ဟူ၍ မရှိဘဲ ခပ်ကုပ်ကုပ် နေတတ်သူကလေး ဖြစ်ရာ ယခု ကဲ့သို့ လင်ယောက်ျား နှင့် အတူတကွ ခရီး သွားရသော အခါ၌ ပျော် သကဲ့သို့ ရှိလေ၏ ။

ရွှေတိဂုံဘုရား သို့ ရောက် လျှင် ပန်း ၊ ရေချမ်း ၊ မီးတိုင်များ လှူဒါန်း ၍ ပုတီးစိပ် လေ၏ ။ မောင်ခင်ဦး မှာ မူ စီးကရက် ကို ခဲလျက် မလှမ်းမကမ်း မှ စောင့် နေလေ၏ ။ မမယ်ဇယ်ကလေး ပုတီးစိပ် ပြီးသော အခါ၌ မောင်ခင်ဦး က ...

“ ဘယ်ကိုများ သွားဦးမလဲ မမယ်ဇယ် ” ဟု မေး လေ၏ ။

“ မသွားတော့ပါဘူး ၊ ကိုခင်ဦး ရယ် ၊ ပြန်ရင် လမ်း မှာ မှောင်နေလိမ့်မယ် ၊ စောစောပဲ ပြန်ကြရအောင် ”

ဟု ပြောဆိုကာ နှစ်ယောက်သား တောင်ဘက်မုခ် သို့ လျှောက် လာခဲ့ကြလေ၏ ။ ထိုသို့ လျှောက် လာစဉ် အင်္ဂါထောင့် သို့ အရောက်၌ မယ်ဇယ်ကလေး သည် တစ်စုံတစ်ယောက် ကို တွေ့ရ သဖြင့် ဝမ်းသာအားရ ဖြစ်ကာ ...

“ မစန်းအေး ” ဟု ခေါ် လိုက်လေ၏ ။

“ ဟင် မယ်ဇယ်ပါလား ” ဟု ထို မိန်းကလေးက ပြန်၍ ပြောကာ မမယ်ဇယ် ၏ လက် ကို လာ၍ ကိုင် လေ၏ ။

“ နေပါဦး သူငယ်ချင်း ရယ် ၊ မတွေ့ရတာ ကြာပြီနော် ” ဟု မမယ်ဇယ်ကလေး က ပြန်၍ မေးလိုက်လေ၏ ။

“ ညည်း ကိုယ့် အကြောင်း တကယ် မကြားဘူးလား ” ဟု မစန်းအေး က မေးလေ၏ ။

“ ဟင့်အင်း ၊ မကြားပါဘူး ၊ ဘာဖြစ်လို့လဲ ၊ ဪ ဒါနဲ့ ဟောဒါ ကိုယ့် ယောက်ျား ကိုခင်ဦး တဲ့ ၊ ဒီမှာ ကိုခင်ဦး ဟောဒါ ကျွန်မ ရဲ့ သူငယ်ချင်း လေ ၊ ဆရာလေး ကျောင်း မှာ အတူ နေခဲ့ကြတာ ၊ သူ့ အဖေ ရာဇဝတ်အုပ်ကြီး ရန်ကုန် ကို ပြောင်း ရတာနဲ့ ပြောင်း သွားတာ ၊ ဟိုတုန်းက ဆိုရင် တစ်လ ကို တစ်ကြိမ် လောက် သူငယ်ချင်း နှစ်ယောက် တွေ့ကြ သေးတယ် ။ နောက်တော့ သူ့ အဖေ အလုပ် ပြောင်း သွားတာနဲ့ အဆက် ပြတ် သွားကြတာ ”

ဟု မမယ်ဇယ်ကလေး က မစန်းအေး နှင့် မောင်ခင်ဦး ကို မိတ်ဆက် ပေး၏ ။

ထို့နောက် မမယ်ဇယ်ကလေး က ပင် ...

“ ပြောစမ်းပါဦး မစန်းအေး ရယ် ၊ ဘယ်လို ဖြစ်လို့ အဆက်ပြတ် သွားရတာတုံး ” ဟု မေးလေ၏ ။

“ မေမေ ဆုံးပြီး ဖေဖေ လဲ နောက် အိမ်ထောင် ပြုတယ် လေကွယ် ၊ ဒါက နယ် မှာ ပါ ၊ ကိုယ် လဲ အဒေါ်  က ပေးစား လို့ ယောက်ျား ယူ လိုက်ရတယ် ” ဟု မစန်းအေး က ပြော လေ၏ ။

“ မစန်းအေး ယောက်ျား က ဘယ်မှာလဲ ” ဟု မမယ်ဇယ်ကလေး က မေးလိုက် လေ၏ ။

“ ပြောမှာပေါ့ ကွယ် ၊ ကိုယ့် ယောက်ျား က ကိုယ် နဲ့ အိမ်ထောင် ပြုပြီး တစ်လ အကြာ မှာ ဒမြသ,တ် လို့ ဆုံးရှာတယ် ” ဟု မစန်းအေး က ပြောရာ မမယ်ဇယ်ကလေး က -

“ အိုး ဖြစ်ရလေကွယ် ၊ ငယ်ငယ်ရွယ်ရွယ် နဲ့ မုဆိုးမ ဖြစ်ရရှာတာကိုး ” ဟု ပြောရှာ လေ၏ ။

“ ယောက်ျား ဆုံးပြီးတဲ့ နောက် မှာ သူ ကျန်ခဲ့တဲ့ စိန်ထည် ရွှေထည်တွေ ကို ချပြီး ရောင်းစား ရင်း က ကိုယ် လဲ စိန်ပွဲစား ရွှေ့ပွဲစား ဖြစ်လာတော့တာ ပေါ့ ကွယ် ” ဟု မစန်းအေး က ပြောလေ၏ ။

“ ဒါပေါ့ သူငယ်ချင်းရယ် ... ဖြစ်သလို လုပ်ရတာပေါ့ ၊ အဲဒီလို စိန်ရွှေပွဲစား လုပ် နေတုံး ကိုယ် ရောင်းပေးမယ် ဆိုပြီး ယူ လာတဲ့ ပစ္စည်းထုပ် ကို အလိမ် ခံရရော ဆိုပါ တော့ကွယ် ၊ လိမ် တဲ့ လူ က တခြား မဟုတ်ဘူး ၊ ကိုယ် နဲ့ ယူမယ့် လူ ပဲ ၊ သူ က ကိုယ့် ထက် ငယ်တယ် ၊ ကောင်လေး က လူရှုပ်ကလေး မှန်း နောက် မှ သိတယ် ၊ ဒီတော့ ကိုယ် က ပဲ လူလိမ် ဖြစ်ပြီး ထောင် တစ်နှစ် ကျ ရတော့တာပေါ့ ကွယ် ၊ ကိုယ် အခုပဲ ထောင် က လွတ် လာတာ ၊ ဘယ်သွားလို့ ဘယ်လာရမှန်း မသိတာ နဲ့ ဘုရား ပေါ် တက် လာတာ ”

ဟု မစန်းအေး က ပြော လျှင် မမယ်ဇယ်ကလေး သည် သူငယ်ချင်း ဖြစ်သူ မစန်းအေး အား လွန်စွာ သနား ၍ သွား လေတော့၏ ။

“ မစန်းအေး ရယ် ၊ ဒီလို ဆို လဲ အိမ် မှာ လိုက်ပြီး နေပါလားကွယ် ” ဟု မမယ်ဇယ်ကလေးပြောလေ၏ ။ ထို့နောက် မောင်ခင်ဦး ဘက် သို့ လှည့်ကာ ...

“ ကိုခင်ဦးရယ် ၊ ကျွန်မ သူငယ်ချင်း သနားပါတယ် ၊ ခေါ်သွားရအောင် နော် ” ဟု ပြော လိုက်လေ၏ ။ မောင်ခင်ဦး က မူ ခေါင်း မညိတ် ချင် ညိတ် လိုက် ရလေ၏ ။

ဤသို့နှင့် ပင် မစန်းအေး သည် မမယ်ဇယ် တို့ လင်မယား နှင့် အတူ လိုက်ပါခဲ့ ရ လေတော့၏ ။ အိမ် သို့ ရောက် လျှင် မမယ်ဇယ် က မစန်းအေး နေရန် အတွက် အိပ်ရာ ခမ်းနား ပြင်ဆင် ပေးလေ၏ ။ ထိုသို့ ပြင်ဆင် နေစဉ် အတွင်း မောင်ခင်ဦး က မမယ်ဇယ် အနီးသို့ ကပ်ကာ ...

“ မမယ်ဇယ်ရယ် ၊ လူတွေ ကို သိပ်ပြီး ယုံတာကိုး ကွယ် ၊ သူငယ်ချင်း ဆိုပေမယ့် အခုက ထောင်ကျ ခဲ့ဖူးတယ် မဟုတ်လား ၊ တော်တော်ကြာ လူဆိုး တွေ နဲ့ ပေါင်းပြီး ကိုခင်ဦး တို့ ကို ဒုက္ခ ပေး သွားရင် ဘယ့်နှယ် လုပ်မလဲ ၊ သူ့ ကို အိမ်မကြီး ထဲ မှာ မသိပ်နဲ့ ၊ နောက်ဖေး က အစေခံတန်းလျား မှာ သိပ် ၊ နောက်ဖေး က အစေခံတန်းလျား ကလဲ ဘယ်သူ မှ အိပ်တဲ့ လူ မှ မရှိဘဲ ၊ ကြားလား ” ဟု ပြောလေ၏ ။

“ ဒုက္ခ ရောက်လာလို့ ကိုယ့် ဆီမှာ မှီခို တဲ့ သူငယ်ချင်း ကို အစေခံတန်းလျား မှာ အိပ် လို့  တော်ပါ့မလား ကိုခင်ဦးရယ် ” ဟု မမယ်ဇယ်ကလေး က ပြောလေ၏ ။

“ မမယ်ဇယ် ရယ် ... မင်း မသိပါဘူးကွယ် ၊ ကျုပ် ပြောသလို လုပ်စမ်းပါ ” ဟု မောင်ခင်ဦး က ဇွတ်ပြော လေ၏ ။ ထိုအခါ၌ “ မိမိ ပြုလုပ် လိုသော ကိစ္စ တွင် လင်ယောက်ျား နှင့် တိုင်ပင် ၍ လင်ယောက်ျား ၏ သဘော တူညီမှု ရ မှသာ ပြုလုပ်ရမည် ”

ဟူသော ဖခင်ကြီး ၏ စကား ကို ပြန်လည် ကြားယောင်မိ သဖြင့် “ ကိုခင်ဦး သဘောပဲ ” ဟု ပြောဆို ကာ မမယ်ဇယ်ကလေး သည် နောက်ဖေး အစေခံတန်းလျား မှ အခန်း တစ်ခန်း ကို ရှင်း လေ၏ ။

မစန်းအေး က လည်း ကူညီ၍ ရှင်းပေး လေ၏ ။ ထိုသို့ ရှင်းပေးရင်း မမယ်ဇယ်ကလေး က ...

“ မစန်းအေး ရယ် ၊ အိမ်မကြီး ထဲ မှာ မသိပ်တာ ကို စိတ်မဆိုးပါနဲ့နော် ၊ ဗေဒင်ဆရာ က ဧည့်သည် လက်မခံရဘူး လို့ ဟောထားတယ် ကွယ် ၊ ဒါကြောင့် ဒီနေရာမှာ ဆိုတော့ အိမ်မကြီး မှာ ထက် သက်သာမလား ဆိုပြီး ထား တာနော် ” ဟု မောင်ခင်ဦး ကြောင့် မထားရခြင်း ဖြစ်သည် ကို ဖုံးကွယ်၍ ပြောလေ၏ ။ ထိုအခါ မစန်းအေး က လည်း ...

“ ဘာဖြစ်လို့ စိတ်ဆိုးရမှာလဲ မယ်ဇယ် ရယ် ၊ ကိုယ့် မှာ က မယ်ဇယ် တို့ နဲ့ သာ မတွေ့ ရ ရင် ဇရပ် ပေါ် မှာ အိပ် ရတော့ မှာ ၊ အခုလို ခေါ် လာတာ ကို ကျေးဇူး တင်လှပါပြီ နက်ဖြန် ဆိုရင် ဘယ်မှာ သွားပြီး ဘယ်လို စားရမယ် ဆိုတာတောင် မတွေးဝံ့အောင်ဘဲ ကွယ် ” ဟု ပြောလေ၏ ။

“ နေစမ်းပါဦး မစန်းအေး ရယ် ၊ မစန်းအေး ရဲ့ ယောက်ျား ဆုံးတုန်းက ပစ္စည်းတွေ အတော်ပဲ ကျန်ခဲ့တယ် မဟုတ်လား ” ဟု မမယ်ဇယ်ကလေး က မေး လိုက်လေ၏ ။

“ ကျန်ပြီလားကွယ် ၊ ကိုယ့် ယောက်ျား က စိန်ဘာဘူကု,လားလေ အသက် ကြီး ပါပြီ ၊ ကိုယ် နဲ့ ရတော့ သူ့ အသက် ဟာ ခြောက်ဆယ် ကျော် နေပြီ ကွယ့် ၊ တိုက် ရော ကား ရော ၊ စိန်တွေ ရွှေတွေ ရော ကျန်ခဲ့တယ် ဆိုပါတော့ ” ဟု မစန်းအေး က ပြော လေ၏ ။

“ အဲဒါတွေ ကုန်အောင် လုပ် ပစ်ရသလား ကွယ် ” ဟု မမယ်ဇယ်ကလေး ပြန် ၍ မေး လိုက်လေ၏ ။

“ ကိုယ့် ဟာ ကိုယ် ဆိုရင်တော့ မကုန်ပါဘူး ကွယ် ၊ ကုန်ရင် တောင် မှလဲ ဒီလောက် တော့ မြန်မြန်ဆန်ဆန် မကုန်ပါဘူး ၊ အဘိုးကြီး သေတော့ ကိုယ် က ကောင်လေး တစ်ယောက် ထပ်ပြီး ယူတယ်လေကွယ် ၊ ကိုယ် ဟာ ကိုယ့် ထက် အဆမတန် အသက် ကြီး တဲ့ အဘိုးကြီး ရဲ့ မယား ဖြစ်ခဲ့ရ လေ တော့ ဒီတစ်ခါ ယူရင် ကိုယ့် ထက် အဆမတန် ငယ် တဲ့ ကောင်လေး တစ်ယောက် ကို ယူမယ်လို့ စိတ်ကူး ထားတာပေါ့ကွယ် ၊ ကိုယ် စိတ်ကူး ထားတဲ့ အတိုင်းပါပဲကွယ် ၊ အဲဒီ ကောင်လေး နဲ့ တွေ့တော့တာပဲ ၊ ကောင်လေး နာမည် က “ ငနော် ” တဲ့ ၊ ကိုယ် က ချစ်စနိုး နဲ့ “ နော်နော် ” လို့ ခေါ်တယ် ၊ ကောင်လေး ဟာ အလုပ်အကိုင် မရှိဘူးကွယ့် ၊ ကိုယ့် ကို ယူတာ ဟာ သူ့ အဖို့တော့ သုံး မကုန်တဲ့ ရတနာသိုက်ကြီး ကို ရ သလိုပါပဲ ကွယ် ၊ ကိုယ် ကလဲ လင် ငယ်ငယ်ကလေး ရတယ် ဆိုပြီး ပျော် နေ တာပေါ့ ။ ကိုယ်တို့ အသိုင်းအဝိုင်း မှာ က အဲ့ဒီတုန်း က အပြိုင်အဆိုင် ရှိတယ် ကွယ့် ၊ ရွှေ ပြိုင် တယ် ၊ စိန် ပြိုင် တယ် ၊ တိုက် ပြိုင် တယ် ၊ ကား ပြိုင် တယ် ပြီးတော့ လင် ငယ်ငယ်လေး ချင်း ပြိုင်ကြတယ် ၊ ကိုယ့် မိတ်ဆွေ ဆရာဝန်ကတော်ကြီး ဆိုရင် သူ့ လင် ဆရာဝန်ကြီး ငုတ်တုတ် နဲ့ ကို လင်စမောကလေး ဗြောင် ယူ ထားတာကွယ့်  ”

ဟု မစန်းအေး က ပြော လေ၏ ။

“ ရှက်စရာကြီးပါလား သူငယ်ချင်းရယ် ” ဟု မမယ်ဇယ်ကလေး က ပြော လေ၏ ။

“ ရှက်စရာ အနေနဲ့ ကြည့် ရင်တော့ ရှက်စရာပေါ့ ကွယ် ၊ ကြည်နူးစရာ အနေနဲ့ ကြည့် ရင်တော့ ဟီ ဟီ ဘာ ပြော ကောင်းမလဲ ၊ ကောင်လေး က သုံးလိုက် ဖြန်းလိုက် ၊ ကိုယ် က သုံးလိုက် ဖြုန်းလိုက်နဲ့ ပေါ့ ” ဟု မစန်းအေး က ပြောလေ၏ ။

“ ကောင်လေး က ငယ်ငယ်လေး ဆိုတော့ မစန်းအေး ကို အစ်မ လို့ ခေါ်ရတော့ မှာပေါ့နော် ” ဟု မမယ်ဇယ်ကလေး က မေး လိုက်လေ၏ ။

“ အို မောင်လေး နဲ့ မမ ခေတ် မဟုတ်တော့ဘူးကွယ့် ၊ သူ က ကိုယ့် ကို တစ်ခါတလေ အန်တီ လို့ ခေါ်တယ် ၊ တစ်ခါတလေ မာမီ လို့ တောင် ခေါ်ရတယ် ၊ ကိုယ် က မွေး ရင် ကိုယ့် သား လောက် ရှိသေးတာပဲ ၊ ဟိ ဟိ ပျော်စရာကြီးပါပဲ ကွယ် ။ ကောင်လေး က လဲ ကိုယ့် လက် ထဲ ကနေ တခြား ကောင်မလေး ဆီ ပါ ပါသွား လို့ ကိုယ့် မှာ ဒိန်းဒလိန်းနတ် ဖမ်းပြီး သူ့ ကို လိုက် ရှာ ရတာ အမော ပါ ပဲ ၊ ပြီးတော့ အဲဒီ ဒုက္ခဟာ ပျော်စရာလဲ ကောင်းပါရဲ့ ” ဟု မစန်းအေး က ပြောလေ၏ ။

“ ကဲပါ မစန်းအေး ရယ် ၊ ဒါနဲ့ပဲ ပစ္စည်းတွေ ကုန်ပါရော ဆိုပါတော့ကွယ် ” ဟု မမယ်ဇယ်ကလေး က ပြော လိုက်လေ၏ ။

“ ကုန်တာပေါ့ ကွယ် ၊ ကုန် လဲ ကုန်ရော ၊ ကောင်လေး လဲ ကိုယ့် ကို ခွာတော့တာပဲ ။ အဲဒီ နောက် တော့ ကိုယ် လဲ အကြီးအကျယ် ဒုက္ခ ရောက် တော့တာပေါ့ ၊ နောက်ဆုံး အချီ ကောင်လေး ကိုယ့် ကို နှံ သွားတော့ သူ များ ပစ္စည်းတွေ ပါ ပါ သွား တယ်ကွယ့် ၊ အဲဒါ ကြောင့် ကိုယ် က ထောင်နန်း စံ သွားရတာပေါ့ သူငယ်ချင်း ရယ် ” ဟု မစန်းအေး က ပြော လေ၏ ။

“ ကဲပါလေ ၊ လွန်ခဲ့တာတွေ ထား လိုက်ပါတော့ ၊ ဒီမှာ ပျော်ပျော်ပါးပါး နေပေါ့ မစန်းအေး ရယ် ” ဟု မမယ်ဇယ်ကလေး က ပြော လေ၏ ။

နောက် တစ်နေ့ တွင် မစန်းအေး အား မမယ်ဇယ် က အထည်ဆိုင် သို့ ခေါ်သွား ပြီး လျှင် မစန်းအေး ကြိုက်နှစ်သက်သော အထည်စများ ကို ဝယ်၍ ပေး၏ ။ ထို့နောက် စက်ဆိုင် သို့ သွားရောက် ကာ အင်္ကျီများ ၊ လုံချည်ကွင်းများ ချုပ် ပေး လေ၏ ။

ထို့နောက် လော့ကက်သီးကလေး နှင့် ရွှေဆွဲကြိုးကလေး တစ်ကုံး ကို လည်းကောင်း ၊ နားကပ်ကလေး တစ်ရံ ကို လည်းကောင်း ဝယ် ၍ ပေး လေ၏ ။ မစန်းအေး က

“ ရွှေတော့ ဝယ် မပေးပါနဲ့ သူငယ်ချင်း ရယ် ” ဟု ပြော လေ၏ ။

“ မဟုတ်တာဘဲ မစန်းအေး ရယ် နားပေါက် ဟောင်းလောင်းကြီး နဲ့ နေလို့ မကောင်းပါဘူး ၊ ပြီးတော့ မိန်းမ ဆိုရင် များများစားစား မဟုတ်တာ တောင် ဆွဲကြိုးလေး တစ်ကုံး လောက်တော့ ဆွဲထားသင့် ပါတယ် ” ဟု မမယ်ဇယ် က ပြော၍ အတင်း ဝယ်ပေး လေ၏ ။

မစန်းအေး လည်း မမယ်ဇယ် ကို ကူညီ ၍ အိမ်မှုကိစ္စများ လုပ်ပေး လေ၏ ။ ထမင်း ချက် ရာ ၌လည်း ကူညီ လေ၏ ။ တစ်နေ့ သ၌ မောင်ခင်ဦး ထမင်း စားမည် ဟု ဆို သဖြင့် မမယ်ဇယ် က ထမင်းပွဲ ပြင် ပေးလေ၏ ။ မစန်းအေး က မြင်းခွာရွက် သုပ် ပေးလေ၏ ။

မောင်ခင်ဦး သည် ထမင်း ဝ ၍ ထ သွားသည့် တိုင်အောင် မြင်းခွာရွက်သုပ် ကို တို့ မျှ ပင် မတို့ဘဲ ထားခဲ့ လေ၏ ။ ထို့ကြောင့် မောင်ခင်ဦး အား မမယ်ဇယ် က “ မြင်းခွာရွက်သုပ် ဘာဖြစ်လို့ မစားတာလဲ ” ဟု တိုးတိုး ကပ်၍ မေး လေတော့၏ ။

“ မစားချင်ပါဘူး ကွာ ၊ ရွံပါတယ် ၊ ထောင်ကျ လာ တဲ့ ကောင်မ ရဲ့ လက်ကြီး နဲ့ လုပ်တာ ကို မသတီပါဘူး ၊ နောက် ကို ကိုခင်ဦး ထမင်း စား တဲ့ အချိန် မှာ သူ့ ကို ခပ်ဝေးဝေး မှာ တစ်ခု ခု လုပ်ခိုင်း ထားစမ်းပါ ၊ ကိုခင်ဦး က မိန်းမ တိုင်း ကို သိပ် သတီ တာ မဟုတ်ဘူး ကွယ့် ”

ဟု မောင်ခင်ဦး က ပြော လေ၏ ။ ထိုအခါ မှ စ၍ မမယ်ဇယ် သည် မောင်ခင်ဦး ထမင်း စားသော အခါ ၌ မစန်းအေး ကို တခြားသော အလုပ် တစ်ခု ခု ကို ပြုလုပ်ရန် ဥပါယ်တံမျဉ် နှင့် စေခိုင်း ထားတတ်လေတော့၏ ။

◾မင်းသိင်္ခ

📖 မိုးပေါ် မှာ ကြယ်တစ်လုံး

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment