❝ သာဓု ပြောမယ် ❞
( အဆက် )
“ ရုပ်ရှင် ဘက် ဆက် လိုက်ကြရအောင် ဆရာ ။ ဆရာ “ ကကြီးရေ က ” ရိုက်တော့မယ် ဆိုတော့ မရိုက် ခင် မှာ ရုပ်ရှင်ပညာ ကို ဘယ်သူ့ ဆီ မှာ ဆည်းပူးခဲ့ပါသလဲ ”
“ ဒီ ကား မရိုက်ခင် မှာ ဆရာ သဃင်္န်းကျွန်း က ခြံ ကို ဝယ် လိုက်တယ် ။ စတူဒီယို တစ်ခု လုပ်ထားပြီး အပြင် က ကားတွေ လာ ရိုက်ပါလို့ ဖိတ်ခေါ်တယ် ။ အဲဒီတုန်း က ဘီသုံးလုံး ကုမ္ပဏီ က ဆရာ့ “ တဇောက်ကန်း ” ဝတ္ထု ကို “ ဗိုလ်မြဒင် ” ဆိုပြီး ရုပ်ရှင် ရိုက်တယ် ။ ထွန်းဝေ နဲ့ ပေါ့ ။ ဒီ ကား မှာ ထွန်းဝေ ပါဖို့ လည်း ဆရာ ပဲ ရွေးခဲ့ တာပဲ ။ ကုမ္ပဏီ က တော့ နာမည်ကြီး မင်းသား နဲ့ ရိုက်ချင်တယ် ။ ဆရာ က မရဘူး ။ ကျွန်တော့် “ ဗိုလ်မြဒင် ” မှာ မင်းသား က ဆံပင် အတွန့်အလိမ် အမောက်တွေ နဲ့ ဆိုရင် မဖြစ်ဘူး ဆို လို့ ဆရာ ကြိုက်တဲ့ လူ ကို ရွေးပါ လို့ ပြောတယ် ။
အဲဒီတုန်း က ထွန်းဝေ က ဗြိတိသျှဘားမား မှာ ဆိုက်ပတ် ပဲ ရှိသေးတယ် ။ တစ်ခါ တလေ လူကြမ်း လုပ် ရတယ် ။ ဒီကောင် မဆိုးဘူး ဆိုပြီး ခေါ် သုံးတာပဲ ။ အဲဒါနဲ့ ဗိုလ်မြဒင် ၊ နောက် အသက် ၊ နောက် လေး ငါးကား ပါ ပဲ ။ ဆရာ့ ခြံ ထဲ တင် လာ ရိုက်တော့ ဆရာ ထွေထွေထူးထူး ဝေးဝေးလံလံ သွားစရာ မလိုတော့ဘဲ လေ့လာ နိုင်ခွင့် ရ ခဲ့တာပဲ ။
သူများ ရိုက်တာ ၊ လုပ်တာ ကိုင်တာ ကြည့် ပြီးတော့ “ ကကြီးရေ က ” ကို စ ရိုက်တာပဲ ။ တစ်ခု တော့ ရှိတယ် ။ ဆရာ့ အနေ နဲ့ သဘောတရားလေးတွေ ၊ ကင်မရာ ထောင်တာ ဘာညာ တို့ ကို တော့ သူတို့ ဆီက လေ့လာ ရတာပေါ့ ။ အဓိက အနှစ်သာရ ကိုတော့ ဘယ်သူ့ ကို မှ မကြည့်ဘူး ။ ဘယ်သူ့ ကို မှလဲ မလေ့လာဘူး ။ ရောသွားမှာ စိုးလို့ပါ ။ ဇာတ်ကား တစ်ကား ကို ကိုယ် ဘယ်လို ကြည့် ချင်သလဲ ၊ အဲဒီလို ရိုက်တာပဲ ။
ဆရာ “ ကကြီးရေ က ” ရိုက် တဲ့ ခေတ် မှာ ခေါင်းစီးစာတန်း ကို လေး ငါးရာ အကုန် ခံပြီး ပန်းချီစာလုံးတွေ ဘာတွေနဲ့ ရေးနေကြတဲ့ အချိန် ၊ ဆရာ ဘာ လုပ်လိုက်သလဲ ဆိုတော့ ပုဇွန်တောင် ကျောင်း က ကျောက်သင်ပုန်း တစ်ချပ် သွား ငှားပြီး မောင်ဝဏ္ဏ ကို ခေါင်းစီး စာတန်းတွေ ရေး ခိုင်း တာပဲ ။ ရုပ်ရှင် ဆိုတာ နေရာတကာ မှာ အလှအပ သိပ် မလိုပါဘူး ။ သူများ ထက် နည်းနည်း ထူးခြား ရတယ် ။ အဓိပ္ပာယ် ရှိရမယ် ဒါပဲ ”
“ ကကြီးရေ က ရိုက်တာ က ”
“ ၁၉၅၉ ခုနှစ် ”
“ ဒီ ကား အတွက် ဆရာ က ဒါရိုက်တာ ဆု ၊ ဦးထွန်းဝေ က မင်းသားဆု ၊ မြတ်မွန် က မင်းသမီးဆု ၊ ဒေါ်ခင်ညွန့် က ဇာတ်ရံဆု အကယ်ဒမီတွေ ရခဲ့ကြတယ် ။ ဘာကြောင့် ဒီလို အောင်မြင်သွားတယ် လို့ ယူဆပါ သလဲ ”
“ အလုပ် နဲ့ စေတနာ ကြောင့် အောင်မြင်တာပါ ၊ မင်းသမီး မြတ်မွန် ဆိုရင် တစ်နှစ် လောက် ကြာ အောင် သင်ခဲ့ ရတယ် ။ မင်းသမီးသစ် ရှာ တော့ ကျောင်းဆရာမ တစ်ယောက် က ကောင်မလေး တစ်ယောက် သိပ် တော် တာ ရှိတယ် ။ ဦးသာဓု စမ်းကြည့်ပါလား လို့ ခေါ်သွားတယ် ။ နာရီဝက် လောက် စကား ပြောကြည့် ပြီး ကတည်း က ဒီ ကောင်မလေး မင်းသမီး ဖြစ်တော့မယ် ဆိုတာ သိ သွားတယ် ။
ကောင်မလေး က ဆင်းရဲ တော့ ခြံ ထဲ မှာ အိမ်ကလေး တစ်လုံး ဆောက် ပေးပြီး ခေါ်ထားတယ် ။ ခြံ ထဲ က ပဲ ကျောင်း ဆက် တက် ခိုင်း ရတယ် ။ အားတဲ့ အချိန် မှာ သဘောတရား က အစ သင်ပေးတယ် ။ ဆရာ ပြောတဲ့ အတိုင်း လုပ် နိုင်ရင် ၊ လေ့လာ နိုင်ရင် အကယ်ဒမီ ရမယ်လို့ ပြောခဲ့တယ် ။ ကောင်မလေးက ဆယ့်ငါးနှစ် ၊ ဆယ့်ခြောက်နှစ် လောက် သာ ရှိသေးတော့ နား မလည်ဘူး ။ သူ က ပြောတယ် ။ ဆရာ ရယ် ခုပဲ စရိုက် ၊ ခုပဲ အကယ်ဒမီ ရနိုင်ပါ့မလား တဲ့ ။ ဟဲ့ အကယ်ဒမီ ပေးတယ် ဆိုတာ မင်းသမီး အသက် ဘယ်လောက် ရှိရမယ် လို့ ကန့်သတ် ထားတာ မဟုတ်ဘူးလို့ ပြောရတယ် ။ အခု ကောင်း ၊ အခု ပေးတာပဲ ။ နင် ဒါတွေ မပူနဲ့ ၊ ငါ ပြောတဲ့ အတိုင်းသာ လုပ် ဆိုပြီး ခိုင်းရတယ် ။
ဆရာ က လည်း ဖလင်တွေ တော်တော် ဖြုန်း ခဲ့တာပဲ ။ မကြိုက် ပြန် ရိုက် ၊ မကောင်း ပြန် ရိုက် အဲဒီလို အလုပ် နဲ့ ကြိုးစားခဲ့တယ် ။ ရုပ်ရှင်လောက မှာ သဘာဝ ကျကျ နဲ့ ထူးထူးခြားခြား ထွက်လာ နိုင်အောင် ကြိုးစား ခဲ့တယ် ။ ဘာကြောင့် ကြိုးစားတာလဲ ဆိုတော့ အဲဒီ အချိန်က စာပေနယ် မှာ “ သာဓု ” ဆိုတာ ထိတ်ထိတ်ကြဲ ဖြစ်နေ တဲ့ အချိန် ။ အဲဒီလို ထိတ်ထိတ်ကြဲ ဖြစ်နေတဲ့ အချိန် ။ အဲဒီလို ထိတ်ထိတ်ကြဲ တဲ့ သာဓု ရုပ်ရှင် ရိုက် ရာ မှာလည်း သူများ အောက်က မနေဘူး ဆိုပြီး ကြိုးစားခဲ့တာပဲ ။ အဲဒါကြောင့် အကယ်ဒမီတွေ ရခဲ့ ကြတယ် ။ မြတ်မွန် အကယ်ဒမီ ရ တာကတော့ သူ့ ရဲ့ ကြိုးစားမှု ၊ ဆရာ က ပြင်းပြင်းထန်ထန် သင်ပေးမှု တွေကြောင့် ရခဲ့တာ ။`
နောက် တစ်ခု က မင်းသားထွန်းဝေ အကယ်ဒမီ နဲ့ ပတ်သက်ပြီး စဉ်းစားကြ တော့ ပြဿနာ ပေါ်လာတယ် ။ ကား နာမည် တော့ ဆရာ မေ့ နေတယ် ။ “ ချစ်တော့ ချစ်တယ် ” ထင်ပါရဲ့ ။ အဲဒီ ကားက မျိုးချစ် ရဖို့ သေချာ သလောက် ဖြစ်နေတဲ့ အချိန် ။ ဆရာ က ဒီဇင်ဘာ ၂၃ ရက် မှာ ကပ်ပြီး ဝင် လိုက်တော့ အကယ်ဒမီစာရင်း ဝင် သွားတယ် ။ မျိုးချစ် နဲ့ ထွန်းဝေ ယှဉ်ပြီး စဉ်းစား ကြတယ် ။ ထွန်းဝေ က သိပ် ကောင်း တယ် ။ တစ်ဖက် က မျိုးချစ် က လည်း ကောင်းတာပဲ ။ ထိပ်တိုက် ဖြစ် နေရာ မှာ အသေးစိတ် ပြန် ကြည့်ကြတော့ ထွန်းဝေ လုပ်ရတာ တွေ က ခက်ခက်ခဲခဲတွေ ချည်း ပဲ ။ ဒါနဲ့ ထွန်းဝေ ရ သွားတယ် ။ သူ ရ ခဲ့တာ က လွတ်လွတ် ကျွတ်ကျွတ် မဟုတ်ဘူး ။ အကြိတ်အနယ် ယှဉ်ပြီး မှ ရ ခဲ့တာ ။
ညီလေး တို့ မဂ္ဂဇင်း မှာ မပါ ပါအောင် ဂရုစိုက်ပြီး ထည့်ပေးစေ ချင်တဲ့ အကြောင်းတစ်ခု ဆရာ ပြောပြ ချင် တယ် ။ လူတိုင်း လည်း မသိဘူး ။ အကယ်ဒမီ အကြောင်း ရေးတဲ့ လူတိုင်း လည်း မသိဘူး ။ သိ လည်း မရေးကြ ဘူး ။ ဘာလဲ ဆိုတော့ အကယ်ဒမီ ရ သွားတဲ့ ဒေါ်ခင်ညွန့် ကိစ္စပဲ ။ အဲဒီ အချိန် က ဇာတ်ပို့ ဇာတ်ရံ မင်းသားကြီး ၊ မင်းသမီးကြီး အကယ်ဒမီဆု ပေးတဲ့ အစဉ်အလာ မရှိဘူး ။ မပေးသေးတဲ့ အချိန် မှာ ဒေါ်ခင်ညွန့် က “ ကကြီးရေ က ” မှာ ဘယ်လောက် တော်သလဲ ဆိုတော့ အကယ်ဒမီ လူကြီးတွေ က ဒီ အဘွားကြီး ကို သူ တို့ အကယ်ဒမီ မပေးဘဲ မနေနိုင်အောင် သူတို့ ခံစားရတယ် ။
ထွန်းဝေ က မြတ်မွန် နဲ့ ပြဿနာ ရှုပ်ပြီး အမှားအယွင်း တွေ ဖြစ်မိတယ် ။ ဒါပေမဲ့ သူ့ မှာ ကလည်း စေ့စပ်ထား တဲ့ သူ ရှိတော့ ပဲခူး ကို လိုက်သွားရမယ့် အချိန် ၊ အဲဒီ အချိန် မှာ မအေကြီး က သမီး နဲ့ သမက်လောင်း ကြား မှာ ဗျာများ နေတဲ့ ပုံ ကို ထိထိမိမိ လုပ် သွားတယ် ။ ဘာ ပြောရသလဲ ဆိုတော့ “ မောင်ထွန်းမြင့် ရယ် ... အမာ မင်း ကို ဘယ်လောက် ထိ ချစ်တယ်ဆိုတာ မင်း သိပါတယ် ။ မင်း ဘယ်လောက် ချစ်တယ် ဆိုတာ လည်း အမာ သိပါတယ် ။ ဒါပေမဲ့ အခြေအနေ အရ ဖြစ်လာတော့ မင်း ချစ်တာ ကို စွန့်လွှတ်လိုက်ပါတော့ ။ အမာ့ အပေါ် မင်း ချစ်တဲ့ အချစ် ကို စွန့်လွှတ် လိုက်ပါတော့ ။ နောက် တစ်ခု က မင်း ကို ချစ်တဲ့ အမာ မင်း မျက်နှာ ကို မကြည့်ချင် တော့ လောက်အောင် ၊ မုန်းသွား အောင် လုပ်ပေးခဲ့ပါ ” လို့ ပြောတဲ့ နေရာမှာ အကယ်ဒမီ လူကြီး တွေ ကိုယ်တိုင် မျက်ရည်လည် ရပါတယ် လို့ ဖွင့်ပြော ခဲ့ကြတယ် ။ ဒီ အကွက် နဲ့ ရှေ့ က အကွက်တွေ ပေါင်းပြီး ဒီ အဘွားကြီး ကို ပေးကို ပေးရမယ် ဆိုပြီး ပေးခဲ့ကြတာပဲ ။ ဇာတ်ပို့ဆု ကို ထွင် ပြီး ပေးခဲ့တာပဲ ။ အဲဒီ က စပြီး ဒီ ဆု ကို ဒီနေ့ ထိ ဆက် ပေး နေကြတာပဲ ”
“ အောင်မြင် တဲ့ ရုပ်ရှင်ကား တစ်ကား ဖြစ်လာဖို့ ဘာတွေ အရေးကြီးဆုံးလဲ ဆရာ ”
“ အောင်မြင်ဖို့ ဆိုတဲ့ နေရာမှာ နှစ်မျိုး ရှိတယ် ။ အနုပညာ အရ အောင်မြင်ဖို့ ဆိုတာ က တစ်မျိုး ၊ ငွေရေး ကြေးရေး အရ အောင်မြင်ဖို့ ဆိုရင်တော့ ပရိသတ် ကြိုက်တဲ့ မင်းသား ၊ မင်းသမီးတွေ နဲ့ ရိုက် ။ အခု ခေတ် စကား အရ ပြောရရင် ထိုးတာတွေ ၊ ကြိတ်တာတွေ ၊ သ,တ်တာတွေ ၊ ပုတ်တာတွေ များများ ထည့် ။ မင်းသား နဲ့ လူဆိုး နှစ်ဆယ် လောက် ထိုးပြီး နောက်ဆုံး မှာ မင်းသား ပဲ နိုင် ။ အဲဒါမျိုး ဆိုရင် ငွေရေးကြေးရေး အရ အောင်မြင် မှာပဲ ။
အနုပညာ အရ အောင်မြင်ချ င်ရင် ဘာ လိုသလဲ ဆိုတော့ ဥပမာ အားဖြင့် ရုပ်ရှင် လောက မှာ နာမည်ကြီး မင်းသား ၊ မင်းသမီး တွေ ရှိတယ် ။ နာမည်ကြီး မင်းသား နဲ့ ရိုက်တယ် ။ ဇာတ် က သိပ် ကောင်းတယ် ။ အဲဒီ ဇာတ် မှာ မင်းသား က ဝတ်လုံ ဆိုပါတော့ ။ နာမည်ကြီး မင်းသား တိုင်း ဝတ်လုံ နေရာ မှာ ထားလို့ ရသလား ။ သိပ် ကောင်း တဲ့ ဇာတ် မှာ မင်းသား က စစ်ဗိုလ် ဆိုပါတော့ ၊ ဒီနေ့ နာမည်ကြီး မင်းသားတိုင်း စစ်ဗိုလ် နေရာ ထားလို့ ရမလား ။ ဇာတ် မှာ မင်းသမီး က ကျောင်းအုပ်ဆရာမကြီး ဆိုကြပါစို့ ။ ဒီ ဇာတ် မှာ အခု ဒါရိုက်တာ တွေ ၊ ကုမ္ပဏီပိုင်ရှင် တွေ က ဒီနေ့ နာမည်ကြီး မင်းသမီး ကို ထည့်မှာပဲ ။ နာမည်ကြီး မင်းသမီးတိုင်း က ကျောင်းအုပ် ဆရာမကြီး နဲ့ တူနိုင်ပါ့ မလား ။ ကုန်ကုန် ပြောရရင် မျက်ခုံးမွှေး သေးသေး ရိတ် တာ က အစ တူနိုင် ပါ့ မလား ။
ဒါကြောင့် ဇာတ်ကားကောင်း တစ်ခု ဖြစ်လာဖို့ ဆိုတာ ဇာတ်အိမ် ဇာတ်ကွက် ခိုင်မာဖို့ လိုသလို ပါဝင် သရုပ်ဆောင် ကြ တဲ့ သူ အားလုံး ၊ နောက်ဆုံး ဒရိုင်ဘာ က အစ ဂရုစိုက်ဖို့ လိုတယ် ။ သူ့ နေရာ နဲ့ သူ အံဝင်ခွင်ကျ ရှိရမယ် ။ ကိုယ့် နှမလေး ကို သိပ် ချစ်တဲ့ အစ်ကို နေရာမျိုးမှာ အံ့ကျော် နဲ့ ခင်သန်းနု ကို ထားရင် ဖြစ်နိုင်ပါ့ မလား ။ ရုပ်ချင်း က ဒါလောက် ကွာနေတာ ကို ။ ဆရာ က တော့ ဒါတွေက အစ ဂရုစိုက်တယ် ။ အံ့ကျော် ကို ထည့်ထား ကတည်း က ဒီကောင် တစ်ချိန် ချိန် မှာ ဆိုးတော့မှာ ပဲ ဆိုတာ ပရိသတ် က တွက်ထား ပြီးပြီ ။ ဆရာ လိုချင်တာ က ဆိုးရမယ့် ကောင် ဆိုရင် ပျော့ပျော့နွဲ့နွဲ့ကလေး နေပြီး လိုအပ် လာတဲ့ အချိန်ကျ မှ ဒိုင်းခနဲ ဆိုးပြ လိုက်မယ် ။ ဒါမှ ဇာတ်ကားကောင်း တစ်ကား ခေါ်တယ် ။ ကြို သိနေရင် ဇာတ် ကား ကောင်း ဖြစ်မလာဘူး ။
ပြောရရင်တော့ မကောင်းပါဘူး ။ ခု ဥစ္စာ က စား ရမလား ဆိုပြီး ကား ရိုက်နေကြတာကိုး ။ ဆရာတို့ ကျ တော့ စား ရရင် စားရ ၊ မစားရ ရင် လည်း နေ ကိစ္စ မရှိဘူး ။ ကိုယ် လုပ် လိုက်တဲ့ ပညာလေး တစ်ခု ပိတ်ကား ပေါ် မှာ ကြည့်ရမယ့် ပရိသတ် ကို တင်ပြနိုင်မယ် ဆိုရင် ကျေနပ်တယ် ။ ချီးမွမ်းတာ လည်း ရှိပါတယ် ။ ကဲ့ရဲ့တာ လည်း ရှိပါတယ် ။ ကဲ့ရဲ့တဲ့ လူ ကိုးဆယ်ထဲ က ဆယ်ယောက် ချီးမွမ်း ရင် တော်ပါပြီ ။
နောက် တစ်ခု က ဆရာ က ပရိသတ် အကြိုက် မလိုက်ဘူး ။ ပရိသတ် အကြိုက် လိုက် ရင် ကိုယ် က နောက် လိုက်ပဲ ။ ဆရာ မဟုတ်တော့ဘူး ။ ပရိသတ် ကို ကိုယ် က ဦးဆောင် နိုင်ရမယ် ။ ပညာ ပေး နိုင်ရမယ် ။ သူတို့ အကြိုက် လိုက်ချင် ရင် တော့ လွယ်ပါတယ် ။ ကရာတေးတွေ များများ ထည့်ပေါ့ ။
အဲဒီတော့ ညီလေး ပြော တဲ့ ဇာတ်ကား ကောင်း ဆိုတဲ့ နေရာ မှာ အနုပညာ အရ လည်း ကောင်းရမယ် ။ ဝင်ငွေ အရ လည်း ကောင်းရမယ် ၊ ညီညီညွတ်ညွတ် ဖြစ်လာဖို့ ရာ ဆိုတော့ မလွယ်ပါဘူး ။ ငွေ မရချင် နေပေစေ ငါ့ အနုပညာ ကို ပြရမယ် ဆိုတဲ့ စိတ် နဲ့ ရိုက်ရင် အနုပညာ ပေါ်လာမှာပဲ ”
“ ကျေးဇူးတင်ပါတယ် ဆရာ ။ ဆရာ ရိုက်တဲ့ ဧည့်သည် ဇာတ်ကား မှာ မြတ်မွန် နဲ့ တွဲပြီး ဆရာ ကိုယ်တိုင် ဝင်ပြီး သရုပ်ဆောင် ခဲ့ တာ တွေ့ရပါတယ် ။ ဘယ်လို ရည်ရွယ်ချက် နဲ့ သရုပ်ဆောင် ခဲ့တာလဲ ဆရာ ”
“ အမှန် က လုံးဝ ရည်ရွယ်ချက် မရှိပါဘူး ။ စိတ် လည်း မကူးခဲ့ဘူး ။ “ ကကြီးရေ က ” ရိုက်တယ် ။ ပြီးတော့ “ အငိုလွယ်သည် ” ရိုက်တယ် ။ “ အငိုလွယ်သည် ” ရိုက် ပြီးတော့ ဆရာ နဲ့ မြတ်မွန် နဲ့ အိမ်ထောင် ကျတယ် ။ အဲဒီ အချိန် မှာ “ ဧည့်သည် ” ဇာတ်ကား ရိုက် တဲ့ အတွက် နာမည်ကြီး မင်းသား တစ်ယောက် ကို တစ်သောင်းငါးထောင် နဲ့ ငှား လိုက်တယ် ။ ငွေတွေ ဘာတွေ လဲ ချေ ပြီးပြီ ။ ဆရာ နဲ့ မြတ်မွန် မန္တလေး ကို ထွက် သွားကြပြီး ပြန် လာတော့ “ ဧည့်သည် ” ကို စ ရိုက်တယ် ။ တခြား အ ခန်းတွေ အရင် ရိုက်ပြီး ဘယ်နေ့ ဘယ်ရက် မှာ မင်းသားအခန်း တွေ ရိုက်မယ် ဆိုပြီး ချိန်း လိုက်တယ် ။
ကား ရိုက်မယ့် နေ့ မတိုင်မီ နှစ်ရက် လောက် အလို မင်းသား ကို ဖုန်း လှမ်း ဆက်တော့ မရှိဘူး ။ မန္တလေး ထွက် သွား တယ်တဲ့ ။ ဒါနဲ့ မန္တလေး ကို လိုက် သွားတယ် ။ ကား ရိုက်မဲ့ မင်းသမီး က လည်း ကိုယ်ဝန် ပေါ် လာပြီ ။ မင်းသား ကို ၁၅ ရက် လောက် ရိုက်ရက်ပေးပါ ပြောတာ မရဘူး ။ ဆရာ့ အိမ်ထောင်ရေး ပြဿနာတွေ ရှုပ် နေ လို့ ကြာမယ် အောက်မေ့ လို့ တဲ့ ။ ဆရာ က ခုနစ်ရက် ပဲ ပေးပါ ။ နေ့ ည ရိုက် ပေးမယ် ပြောတာ လည်း မရဘူး နောက်တော့ ဆရာ သိ ရတာ က ဆရာ ပေးတဲ့ ဈေး ထက် ငါးထောင် ပို ပေး တဲ့ ကုမ္ပဏီ နဲ့ လိုက်သွား ပြီး ရိုက်တာ ။
ဒါနဲ့ ဆရာ ဒေါပွပြီး မင်း ပါ မှ ရုပ်ရှင် ရိုက်လို့ ရတာ မဟုတ်ဘူး ။ ငါ လုပ်ပြမယ် ဆိုပြီး “ ဧည့်သည် ” ဇာတ်ကား မှာ ဝင် ပါခဲ့တာပဲ ။ မင်းသမီး အခြေအနေ က လည်း စောင့် လို့ မရတော့ဘူးလေ ။ ဒါကြောင့် ဝင် ရိုက်ခဲ့တာပဲ ”
“ ဆရာ ရိုက် တဲ့ ဇာတ်ကား တွေ မှာ သရုပ်ဆောင်သစ်တွေ ကို တင် ပြီး ရိုက်တာ များ ပါတယ် ။ ဘယ်လို ရည် ရွယ်ချက် ကြောင့် ပါလဲ ”
“ ဆရာ့ မှာ ဘာ ပြဿနာ ရှိသလဲ ဆိုတော့ ပထမဆုံး “ ကကြီးရေ က ” ရိုက်မယ် ဆိုတော့ မင်းသား က တက္ကသိုလ် က မြန်မာစာကထိက ... အမောက် မထောင်ရဘူး ၊ ဘောင်းဘီ မဝတ်ရဘူး ၊ ဂျာကင် မဝတ်ရဘူး ၊ စတစ်ကော်လာ နဲ့ ပုဆိုး ဝတ်တဲ့ သူ ဖြစ်ရမယ် ။ နာမည်ကြီး မင်းသား တစ်ယောက် သွား ပြောတော့ သူ့ အမောက် ကို ဖျက် မပေးပါရစေနဲ့ တဲ့ ။ ဒါလေးက သူ့ Trade Mark ဖြစ် နေတယ် ။ သူ့ အမောက် တစ်ခု ကြေင့် ဆရာ့ ဇာတ် အပျက် မခံနိုင်ဘူး ။ တက္ကသိုလ် က ကထိကကြီး တစ်ယောက်လုံး က အမောက်ထောင် ပြ နေရင် ဘုန်းကြီး ကို ဘိုဆံတောက် ခွဲပြ သလို ဖြစ် နေမှာပေါ့ ။ အဲဒီ သဘောပဲ ။
မင်းသမီး က လည်း ကျောင်း နေတဲ့ ၁၅ နှစ် ၊ ၁၆ နှစ် အရွယ် ဖြစ်ရမယ် ။ မြတ်မွန် ကို သင်ပေး နေတုန်းမှာပဲ နာမည်ကြီး မင်းသမီး တစ်ယောက် ကို Reserve လုပ် ထားတယ် ။ ငွေ လည်း ပေး ထားတယ် ။ ဘာ ကား ရိုက်မယ် ဆိုတာ တော့ ပြော မထားဘူး ။ တကယ်တော့ မြတ်မွန် နေရာ မှာ သူ နဲ့ ရိုက်ခဲ့မယ် ဆိုရင် ဖြစ်မှာ မဟုတ်ဘူး ။ ဘာဖြစ်လို့ လဲ ဆိုတော့ သူ က နာမည်ကြီး မင်းသမီး ဖြစ်နေတော့ ပြောတာ ဆိုတာ က အစ ခေါက်ရိုး ကျိုး နေ တယ် ။ ဘယ်လို စကားပဲ ပြောရ ပြောရ လေသံ က တစ်မျိုးတည်း ထွက် နေတယ် ။ ဒါကြောင့် ဆရာ က မင်းသားသစ် ၊ မင်းသမီးသစ် စိတ်တိုင်းကျ တင် တာပဲ ။
ဒီနေ့ မင်းသား ၊ မင်းသမီး တွေ ခေါက်ရိုး ကျိုး နေကြတာ ကိုယ့် ဟာ ကိုယ် မသိကြဘူး ။ ဥပမာ ... ဆိုရင် လူဆိုး နဲ့ စကား ပြောလည်း ဒီ လေသံ ပဲ ။ မိဘ နဲ့ စကား ပြောလည်း ဒီလေသံပဲ ၊ ထိပ်တန်းမင်းသား တွေ ထဲ က ခေါက်ရိုး မကျိုးအောင် ထိန်းလို့ ရတာ ထွန်းဝေ နဲ့ ကောလိပ်ဂျင်နေဝင်း ပဲ ရှိတယ် ။ နောက် တစ်ခု က ဆရာ စိတ် မညစ်ချင်ဘူး ။ ဒါကြောင့် ဆရာ မင်းသမီး ၊ မင်းသား အသစ် ကို တင်ခဲ့တာပါ ။
ရုပ်ရှင် လောက မှာ မင်းသား ၊ မင်းသမီးသစ် ကို အရှုံး ခံပြီး မြေတောင်မြှောက် ပေးမယ့် သူ က ခပ်ရှားရှား ရယ် ။ ဥပမာ အားဖြင့် သုမောင် နဲ့ ရိုက်တဲ့ “ ချစ်စံနမူ ” ဆိုရင် ငွေ တစ်သိန်းခွဲ လောက် ရှုံးတယ် ။ ဒါပေမဲ့ သုမောင် ၊ မေခလာ ဆိုတာ နာမည် တင် ကျန်ရစ် ခဲ့တယ် ။ နောက် ရှုံး တာ ၊ မြတ် တာ တစ်ကဏ္ဍ ပေါ့ ။ မင်းသား ၊ မင်းသမီး အသစ်ကလေး တွေ ကိုယ့် မှာ တင်ကျန်ရစ်ခဲ့တယ် ။ နောက် သူတို့ လိမ္မာသလို စားကြ တော့ ပေါ့ ။
ဒါကြောင့် ဆရာ ကတော့ မင်းသား ၊ မင်းသမီး အသစ်တွေ မွေးထုတ်တယ် ။ နောက်လည်း မွေးထုတ်ဦး မှာပါ ပဲ ”
“ ဆရာ အခု “ ကြိုး ” ဇာတ်ကား ရိုက်နေတယ်နော် ”
“ ဟုတ်ပါတယ် ”
“ ဘာဖြစ်လို့ ကြာနေတာလဲ ဆရာ ”
“ ရယ်စရာ ပြောရဦးမယ် ။ ခုနက ပြော သလို မင်းသားမင်းသမီးသစ်ကလေးတွေ တင်ပေးချင်တဲ့ ရည်ရွယ်ချက် နဲ့ “ ကြိုး ” မှာ လည်း မင်းသမီးသစ် နဲ့ ပဲ ရိုက်တယ် ။ ဒါပေမဲ့ နောက် ကို မင်းသမီးသစ် နဲ့ ရိုက်မယ် ဆိုရင် “ ဟဲ့ လာဦး ၊ နင့် မှာ ရည်းစား ရှိသလား ” လို့ အရင် မေးရလိမ့်မယ် ။ ဘာဖြစ်လို့လဲ ဆို တော့ ကောင်မလေး တစ်ယောက် ဆရာ တင် ရိုက်တယ် ။ ပေတစ်ထောင် လောက် ရိုက်ပြီးတော့ မလာတော့ ဘဲ စာ လှမ်းရေး လိုက်တယ် ။ “ ကျွန်မ ရည်းစားက သဘော မတူလို့ ” တဲ့ ။ အဲဒီလို ဖြစ်မှာ စိုးလို့ နောက်ဆို ရည်းစား ရှိတယ် ဆိုရင် သဘော တူညီချက် အရင် တောင်း ရလိမ့်မယ် ။ နောက်ပိုင်း မှာ တော့ ဆရာ အဲဒီလို မေး ခဲ့တာ ချည်းပဲ ။
“ ကြိုး ” ရိုက်တော့ ရူပ နဲ့ တွဲပြီး မင်းသမီးသစ်ကလေး တစ်ယောက် တင် ရိုက်တယ် ။ ဆရာ သတိ လစ် သွားတဲ့ အချက် တစ်ခု တွေ့လာ ပြန်တယ် ။ မင်းသမီး က အဆုတ်ရောဂါ ရှိနေ သတဲ့ ။ အခုတော့ မင်းသမီး က ဆေးရုံ တက် လိုက် ၊ ဆင်း လာပြီး ကားရိုက် လိုက် နဲ့ ဆိုတော့ ကား ထဲ မှာ မင်းသမီးရုပ် က ပိန်လိုက် ဖောင်းလိုက် ဖြစ် နေ တယ် ။ အဲဒါကြောင့် ကြိုး က ကြာ နေတာပဲ ။ နောက်ပိုင်းဆို မင်းသမီး ၊ မင်းသား မွေးမယ် ဆိုရင် ကျန်းမာရေး အရင် စစ်ပေးရမလို ဖြစ်နေတယ် ”
“ ဆရာ ဆေးရောင်စုံ ဇာတ်ကား ရိုက်ဖို့ ရည်ရွယ်ချက် ရှိပါသလား ”
“ ရှိပါတယ် ။ ဆိုင်ရာ က လည်း ပြောတယ် ။ တိုက်တွန်းကြတယ် ။ ဆရာ ရိုက် ရင် သပ်သပ်ရပ်ရပ် ထွက်လာ မယ် ဆိုတာ သိကြတယ် ။ ဆေးရောင်စုံ ရုတ်တရက် မရိုက်ဖြစ် သေးတာ က ဆရာ နည်းနည်း လေ့လာချင် သေး လို့ပဲ ။ ဘာဖြစ်လို့လဲ ဆိုတော့ အခု ဆရာ ဝတ် ထားတဲ့ အင်္ကျီ ပေနေတယ် ။ ဒါကို အဖြူအမည်း နဲ့ ရိုက် ရင် မပေါ်ဘူး ။ ဆေးရောင်စုံ ကျ တော့ ပေါ် လာမယ် ။ အဲဒီလို အသေးစိတ်တွေ က ဂရုစိုက် ရ မှာ ဆိုတော့ လေ့လာ ချင်သေးတယ် ။ “ ကြိုး ” ပြီးသွားရင်တော့ ဆေးရောင်စုံ ရိုက်ဖို့ စိတ်ကူးထားပါတယ် ”
“ ကိုဝဏ္ဏ ရိုက်တဲ့ကားတွေ နဲ့ ပတ်သက်ပြီး ဆရာ ဘယ်လို မြင်ပါသလဲ ”
“ ပထမဆုံး သူ “ ကတ္တီပါဖိနပ်စီး ရွှေထီးဆောင်း ” ရိုက်တယ် ။ ပြီးသွားတဲ့ အချိန် မှာ ဆရာ့ ကို ပြတယ် ။ ဘာ သွားတွေ့ သလဲ ဆိုတော့ သူ ရိုက်တာတွေ က မြင် နေတယ် ။ တချို့ အခန်းတွေ က တွေး ယူ ရတယ် ။ တိုက် ရိုက် မပြဘူး ။ ဥပမာ အားဖြင့် ဘူးညွန့်ကလေးတွေ ဘာတွေ နဲ့ ပြတဲ့ အခန်း ဆိုရင် တွေးယူ မှ ရတယ် ။ ဒါက ပညာသည် အဖို့တော့ ကောင်းတယ် ။ အမေရိကန် သွားပြ ၊ အနောက်နိုင်ငံတွေ သွားပြ ကောင်းတယ် ။ ဒါ တောင် အနောက်နိုင်ငံတွေ မှာ ရုံ အမျိုးအစား ခွဲ ထားတာ ရှိသေးတယ် ။ ကရာတေးတွေ ပြတာ က တခြား ၊ ဖေတော့ မောင်တော့ ပြတာ က တခြား ၊ အဆင့်အတန်း မြင့်မြင့် ပြတဲ့ ရုံတွေ က တခြား ရှိတယ် ။ ဒီက ပရိသတ် က မောင်ဝဏ္ဏ ပြချင်တာ ကို မလိုက်နိုင်ဘူး ။ ပရိသတ် တွေး လို့ လွယ်အောင် အဓိပ္ပါယ် ပေါ် အောင် ပြရမယ် ။
ဥပမာ - လူဆိုး က မင်းသား ကို သေနတ် နဲ့ ပစ်တယ် ဆိုကြပါစို့ ။ လူဆိုး ခါးကြား မှာ သေနတ်အိတ် လွယ် ထား ရမယ် ။ မင်းသား လာ တာ ပြရမယ် ။ လူဆိုး က သစ်ပင် အကွယ် က နေ ကြည့်ရမယ် ။ ပြီးတော့ မင်းသား ကို ပြန် ပြ ၊ ဒိုင်းနဲ အသံ ကြားပြီး မင်းသား လဲသွား နောက် လူဆိုး ကို ပြန်ပြတော့ သေနတ်အိတ် ကို လက် နဲ့ ပုတ်နေတယ် ။ အဲဒါတောင် မှ ပရိသတ် တချို့က ဘယ်သူ ပစ်လိုက်ပါလိမ့် လို့ စဉ်းစား နေကြသေးတယ် ။ ဒီမှာ က လူဆိုး က ခြောက်လုံးပြူး ကို ကိုင်ပြီး ပစ်တာ ပြရမယ် ။ အခု ဝဏ္ဏ ပြ နေတာ က ခြောက်လုံးပြူး ကို ထုတ် မပြတော့ဘူး ။ ပရိသတ် ကို တွေးယူ ခိုင်းနေတယ် ။
နောက် တစ်ခု က ဝဏ္ဏ မှာ ဘာ အားလျော့ နေသလဲ ဆိုတော့ ဟာသ လျော့ နေတယ် ။ ဟာသ ဆိုတာ လူရွှင်တော် တွေ ပါ ပြီး ကလိ ထိုး တာ ပြောတာ မဟုတ်ဘူး ။ ဥပမာ - သူတို့ အချင်း ချင်း ပဲ ရယ်စရာလေး ဖြစ်သွား တာ မျိုး မပါဘူး ။ ရုပ်ရှင်စကား က တော့ အစာသွတ် တယ် ခေါ် တာပေါ့ ။ ဒီလို အစာသွတ် တဲ့ နေရာ မှာ သူ က မဆလာ နည်း နေတယ် ။ သူ က စင်းစင်းကြီး ပဲ ပြ သွားတယ် ။ ကြာ တော့ ပရိသတ် က ပျင်း လာတယ် ။
ဒါတွေက အဓိက တော့ မဟုတ်ဘူး ။ နောက်ပိုင်း “ ဇာခန်းဆီး နောက်ကွယ်မှာ ” “ ပန်းတွေနဲ့ဝေ ” တို့ ဘာတို့ ရိုက် တော့ အရက် သိပ် သောက် လာတယ် ။ ( ထည့်ရေး ) မူး ရင်း လည်း ကား ရိုက်တယ် ။ ကား ဆက် တော့ လည်း မူးနေတာပဲ ။ ကား ဘယ် ကောင်း တော့ မလဲ ။ နာမည် ပျက် လာတယ် ။ နာမည် ပျက် တော့ သူ့ ဘယ်သူ က ငှားတော့မလဲ ။ အခုတော့ သူ အရက် ပြတ် သွားပါပြီ ။ ပညာ က တော်ပါတယ် ။ တစ်ခါ တလေ ကျတော့ ခုနက ပြောသလို ပရိသတ် နဲ့ လေးငါးလှမ်း လောက် ကွာတာ က အရေး မကြီးဘူး ။ သူ က ဆယ့်လေး ငါးမိုင် လောက် အလှမ်း ဝေးနေတော့ ခက် တာပေါ့ ။ ဆရာ တို့ တောင် မှ ပရိသတ် ကို ကိုယ့် အနုပညာ ပြချင် ပေမယ့် မပြ ရဲ သေးဘူး ။ အခု တီဗွီ မှာ “ ဦးချမ်းသာ ” ဇာတ်လမ်း ဆရာ ရိုက် နေတယ် ။ အဲဒီ မှာ ပြမယ် ။ ဘာ တစ်ခွန်း မှ မပြောဘဲ လူ့ သဘာဝ ကို ပြ သွားမယ် ။ တီဗွီ မှာ လုပ်လို့ ရတယ် ။ ရုပ်ရှင် မှာ မရဘူး ။ တီဗွီ ကြည့် တဲ့ ပရိသတ် က တစ်မျိုး ကိုး ။
ဝဏ္ဏ က သူ ထင် တာ စွတ် လုပ် တတ်တယ် ။ ဝဏ္ဏ ရိုက် တဲ့ ကား ကို ဝဏ္ဏ ကြည့် ရင်တော့ နားလည် တာ ပေါ့ ။ သူ့ ဟာ က စိတ္တဇပန်းချီ နဲ့ တူ နေတယ် ။ အောင်စိုး တို့ ဆွဲတာ မျိုး ပေါ့ ။ ပန်းချီပြပွဲ တစ်ခု မှာ အောင်စိုး ကို တစ်ခါ ပြော ဖူးတယ် ။ ပြပွဲ မှာ သွားတော့ ၁၇၅ ကျပ်လို့ တန်ဖိုး တပ် ထားတဲ့ သူ့ ပန်းချီကား တစ်ချပ် ကို ဝယ်ပါ လို့ ပြော တယ် ။ ဝယ် တာ ကတော့ ဟုတ်ပါပြီ ။ မင်း ပန်းချီကား က ဘာမှန်း မှ မသိတာလို့ ။ သူ က ရှင်းပြတယ် ။ ဒီ ဥစ္စာ ဘာပေါ့ ။ ပန်းချီကား နာမည် က “ အနတ္တ ” တဲ့ ။ အဲဒီတော့ ဆရာ က “ အေး ... ဝယ်မယ်လို့ ၊ ဒါပေမဲ့ တနင်္ဂနွေ တစ်ပတ် မှာ တနင်္ဂနွေနေ့ တိုင်း အိမ် မှာ လာ ထိုင်ပြီး လာသမျှ လူ မေးတာ ဖြေ ပေးရမယ် ။ အဲဒီလို လုပ်နိုင် မယ် ဆိုရင်တော့ မင့် ကား ကို ကျပ် ၅၀ဝ ပေး ဝယ်မယ် ။ နို့မဟုတ် ရင် တော့ မင်း ပန်းချီကား ကို ငါ ရှင်း မနေ နိုင်ဘူး ။ မောတယ်လို့ ”
အဲဒီ အတိုင်းပဲ တစ်ခါ တစ်ခါ ဝဏ္ဏ ကားတွေ က သူ ပဲ သိတယ် ။ ပရိသတ် က မသိဘူး ။ သီချင်း တစ်ပုဒ် ကို ကက်ဆက် နဲ့ နားထောင် လို့ နား မလည်ရင် ပြန် ဖွင့်လို့ ရတယ် ။ ဝတ္ထု က ဆယ်ခါ ဖတ်လို့ ရတယ် ။ ရုပ်ရှင် က မရဘူး ။ ပြန် ကြည့်ချင် ရင် ပိုက်ဆံ ပေး ရတယ် ။ အဲဒီတော့ ရုပ်ရှင် ဆိုတာ အလွယ်ဆုံး နဲ့ အရှင်းဆုံး ရိုက် ပြ နိုင် ရမယ် ။ ညီလေး တို့ လည်း ဆရာ ရိုက်တာ ကြည့်ဖူး တာ ပဲ ။ လုံးဝ စဉ်းစား လို့ မရတာ မရှိခဲ့ပါဘူး“
“ ဟုတ်ကဲ့ ဆရာ ၊ ကိုသုမောင် ရဲ့ သရုပ်ဆောင်မှုတွေ နဲ့ ပတ်သက် လို့ ကော ဘယ်လို သဘော ရပါသလဲ ”
“ သုမောင် ရဲ့ သရုပ်ဆောင်ချက်တွေ နဲ့ ပတ်သက်ပြီး ပြောရရင် ပထမဆုံး ရိုက်ခဲ့တဲ့ “ ချစ်စံနမူ ” ရိုက်တုန်း က သရုပ်ဆောင်မှု သဘောတရား ကို ပြောပြတယ် ။ ကား ရိုက်မယ် ဆိုတုန်း က သူ့ ကို ကြို ပြော မထားဘူး ။ ကိုယ့် သား ပဲ ၊ သူ့ အရည်အချင်း ဘယ်လောက် ရှိတယ်ဆိုတာ သိနေတာ ပေါ့ ။ မင်းသား က မုန့်ဟင်းခါးသည် ။ ဗလကြီး ( သုမောင် ) က အရုပ်ဆိုးတယ် ။ ဒီလို ဇာတ်မျိုး နဲ့ စတင် မှ ရမယ်လို့ စိတ်ကူး မိတယ် ။ ကား ရိုက်မယ့် နေ့ မှာ ကား လွှတ် ခေါ် ၊ ဆံပင် ညှပ် ခိုင်းပြီး ရောက်လာတော့မှ ကားရိုက်မယ် ဆိုတာ သူ သိတာ ။
ပထမ တော့ သူ့ ကိုယ် သူ မယုံဘူး ။ မင်း သာဓု သား ပဲ ကွာ ၊ လုပ်ရင် ဖြစ်ရမှာပေါ့ ဆိုတော့ မှ သူ ရဲ သွားတာ ။ သုမောင် ဖြစ် လာတာ သာဓု သား မို့ ဖြစ်လာ တာ မဟုတ်ဘူး ။ သူ့ အရည်အချင်း နဲ့ သူ ကြိုးစား လို့ ဖြစ်လာတာ ။ ဆရာ နဲ့ ကားရိုက် တဲ့ နေရာ မှာ တောင် မှ တစ်ခါတလေ ဆရာ ခိုင်းတဲ့ ပုံစံ နဲ့ မလုပ်ဘဲ သူ လုပ်ချင်တဲ့ ပုံစံ နဲ့ လုပ်တတ်တာတွေ ရှိတယ် ။ တစ်ခါတလေ သူ လုပ်တာ က ပို ကောင်းသွားတယ် ။
သုမောင် မှာ လျော့နေ ၊ ဟာနေ တာ တွေ ရှိတယ် ။ ဆရာ နဲ့ ရိုက်ရင်တော့ ထိန်း နိုင်တယ် ။ တခြား ဒါရိုက်တာ တွေ ၊ နောက်ဆုံး မောင်ဝဏ္ဏ နဲ့ ရိုက်ရင် တောင် မှ ပေါ့ နေ တတ်တယ် ။ လုပ်သင့် လုပ်ထိုက်တာ ကို မလုပ်ဘူး ။ စိတ်ဝင်စားပါ လို့ ဆရာ အမြဲ ပြောတယ် ။ ကိုယ် က စစ်ဗိုလ်ကား ရိုက် နေရင် ကိုယ့် ကိုယ် ကိုယ် စစ်ဗိုလ် ကို သဘောထား ။ အိမ် ပြန် လာလို့ မိန်းမ နဲ့ ဆက်ဆံ ရင် တောင် စစ်ဗိုလ် လို ဆက်ဆံ ရမယ် ။ ခပ်မာမာ ဆက်ဆံ ။ လုပ်စရာ ရှိ စစ်ဗိုလ် အတိုင်း လုပ် ။ ဆိုက်ကားသမား အဖြစ် သရုပ်ဆောင် ရ ရင် တောက်လျှောက် ဆိုက်ကားသမား ဖြစ် နေရမယ် ။ ဒီကောင် က သူ့ အခန်း ပြီးရင် သူများ သရုပ်ဆောင် နေ တာကို မကြည့်တတ်ဘူး ။ တစ်နေရာ သွားပြီး ဟေးလားဝါးလား လုပ် နေတတ်တယ် ။ ဒီတော့ သရုပ်ဆောင် ရတာ လျော့ တာပေါ့ ။
ဆရာ လိုချင်တာ က အဖေ နဲ့ မို့ မပေါ့ဘူး ။ တခြား လူ နဲ့တော့ ပေါ့တယ် ဆို တာ မဖြစ်စေချင်ဘူး ။ သူတို့ အတွက် ပဲ မဟုတ်လား ”
“ ဟုတ်ကဲ့ ဆရာ ၊ ကျွန်တော် မေးချင်တာတွေ တော့ ပြည့်စုံသွားပါပြီ ”
“ ဟေ့ ... နေဦးကွ ၊ ခုနက မင်း ဓာတ်ပုံဆရာ စိုင်းဘုန်းထူး ဓာတ်ပုံ ရိုက်နေတာ ဆရာ့ ပုံ ကို ဒီ အတိုင်း ထည့် မှာလား ”
“ မဟုတ်ဘူး ဆရာ ၊ မောင်မောင်သိုက် က ပုံတူ ပြန် ဆွဲပေးမှာပါ ”
“ အေ ... ပန်းချီ ပြန် ဆွဲရင် အောက်တိုဘာလ ထုတ် မှာ ထင်တယ် ။ ပေဖူးလွှာ မှာ ပါတဲ့ သုမောင် သား ပုံ လို လှလှပပ လုပ် မနေနဲ့နော် ။ လူကြီး ပဲ ကွာ ... ဣန္ဒြေရရလေး လုပ်ပေါ့ ။ ပန်းချီဆရာတွေ လည်း ပြောထားဦး ။ သွားကျိုး ရင် ကျိုး တဲ့ အတိုင်း ၊ နှုတ်ခမ်း ပဲ့ ရင် နှုတ်ခမ်းပဲ့ တဲ့ အတိုင်း ၊ သူ့ သဘာဝ အတိုင်း ၊ မင်း အခု ဆရာ့ ကို မြင်တဲ့ အတိုင်း ပဲ ဖြစ်ပေစေ ။ တော်ကြာ လှလှပပ ဆွဲ ထားရင် အဘိုးကြီး ဓာတ်ပုံ ရိုက်ခါနီး မိတ်ကပ်တွေ ဘာတွေ လိမ်းထားတယ် လို့ ပြော ခံရရင် သေရောကွ ငါ့လခွီး ”
“ တိုက် ကို ကျွန်တော် မှာ ထားပါ့မယ် ဆရာ ။ အရှိ ကို အရှိ အတိုင်း ဖြစ်ရ ပါ စေမယ် ။ ကျွန်တော် နဲ့ စကား ပြော ရတာ ဆရာ တော်တော် မောသွားပြီ ။ ခုလို စိတ်ရှည်လက်ရှည် ဖြေပေးတဲ့ အတွက် ကျေးဇူး အများကြီး တင်ပါ တယ် ဆရာ ။ ကျွန်တော့် ကို ခွင့်ပြုပါဦး ”
◾ဝင်းငြိမ်း
📖 ပေဖူးလွှာ မဂ္ဂဇင်း
အမှတ် - ၄၄
ဇန်နဝါရီ လ ၊ ၁၉၈၅ ခုနှစ်
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment