Tuesday, January 23, 2024

ကျိန်စာသင့်သော အိမ်ကြီး ၏ မှတ်တမ်း ( ၁ )


 

❝ ကျိန်စာသင့်သော အိမ်ကြီး ၏ မှတ်တမ်း ❞

ကျွန်ုပ် မောင်မြူ သည် ဤ မှတ်တမ်း ကို ၀မ်းနည်း ကြေကွဲစွာ ဖြင့် ရေးသား အပ်သည် ။ ရေးသားရသော ရည်ရွယ်ချက် မှာ ထူးဆန်းလှဖွယ် ကောင်းသော လူတို့ ၏ ကံကြမ္မာ အကြောင်း ကို မှတ်တမ်း တင်လိုသည် က လည်း တစ်ကြောင်း ၊ အကျဉ်းကျပ် ဘေးဒုက္ခ တွေ့ကြုံ လာရ သော အခါ ၌ သီလ သမာဓိ သာလျှင် မိတ်ဆွေကောင်း သဖွယ် ဖြစ်ကြောင်း တို့ ကို နောင်လာ နောက်သား တို့ သိစေလိုသည် က လည်း တစ်ကြောင်း ကြောင့် ရေးသားခဲ့ခြင်း ဖြစ်ပေ သတည်း ။

ကျွန်ုပ် ၏ ဖခင် မှာ စပါးပွဲစားကြီး တစ်ဦး ဖြစ်ပေသည် ။ ကျွန်ုပ် နှင့် ကျွန်ုပ် ၏ အစ်ကို ဖြစ်သူ မောင်ဘိုးထူ တို့ မမွေးမီ က ပင် စပါးပွဲစား အလုပ် ကို လုပ်ကိုင် ခဲ့သည် ဆို၏ ။

ထိုခေတ် ထိုအချိန် က နာမည် ကြီးသော စပါးပွဲစားကြီး ဆယ်ဦး အနက် ကျွန်ုပ် ဖခင်ကြီး ဦးပေတလူ မှာ လည်း တစ်ဦး အပါအဝင် ဖြစ်ပေသည် ။

ဖခင်ကြီး သည် ကျွန်ုပ်တို့ ညီအစ်ကို နှစ်ဦး အား မကြာခဏ အောက်ပါ အတိုင်း ဆုံးမလေ့ရှိလေ၏ ။

“ ငါ့ သား တို့ ရာ ပညာ က တော့ ခြောက်တန်း ခုနစ်တန်း လောက် ဆိုရင် တော် လောက် ပါပြီ ။ အတွက်အချက်ကလေး နိုင်နိုင်နင်းနင်း တတ်ရမယ် ။ ပြီးရင် ဆယ်လီ ကျေ ရမယ် ။ ဒါဆိုရင် ထမင်း မငတ် ပါဘူး ကွာ ”

ဖခင်ကြီး ၏ စကား ၌ ပါသော ဆယ်လီ ကျေရမည် ဆိုသည်မှာ အောက်သက် ကျေခြင်း ကို ဆိုလိုဟန် ရှိ၏ ။ သို့မဟုတ် နှံ့စပ်ခြင်း ကို ဆိုလိုဟန် ရှိ၏ ။ ထို့ကြောင့် ကျွန်ုပ်တို့ ညီအစ်ကိုနှစ်ဦး အား ခုနစ်တန်း အောင်သည့် နှစ် ၌ ကျောင်း မှ ထုတ်၍ ပွဲစားလုပ်ငန်းများ ၌ သွတ်သွင်း လေတော့၏ ။ ကျွန်ုပ် အစ်ကို မောင်ဘိုးထူ မှာ မူ ပွဲစားပေါက်စ ဖြစ်ခါစ ၌ ပင် လူရှုပ်လူပွေ ပွဲစားကြီးများ နှင့် ပေါင်းသင်း ၍ “ ကက် ” ဆွဲ တတ် လာ၏ ။ ပိုကာ ပစ် တတ် လာ၏ ။ အရက် သောက် တတ် လာ၏ ။ ပြည့်တန်ဆာမ အိမ် သို့ သွား တတ် လာ၏ ။

ထို အကြောင်း ကို သိသော ကျွန်ုပ် ၏ ဖခင်ကြီး က

“ ငါ့ သား မောင်ဘိုးထူ က တော့ ဆယ်လီ မဟုတ်ဘူး ။ ဆယ့်ငါးလီ တောင် ကျေနေပြီပေါ့ ” ဟု မကြာခဏ ပြောဆို ရ လေတော့၏ ။

ကျွန်ုပ် မှာ မူကား စပါးပုံများ ၊ တာလီတုတ်များ ၊ စပါးစာရင်း ၊ ငွေစာရင်း နှင့် သာ အချိန်ကုန် ၍ နေရလေ တော့၏ ။

တစ်နေ့ သ ၌ ကျွန်ုပ် ၏ ဖခင်ကြီး က

“ မောင်ဘိုးမြူ ရယ် ဒီ စပါးရာသီ ဟာ ဘယ်လို ဖြစ်မှန်း မသိပါဘူးကွယ် ။ နောက်ဆုံးပိတ် တို့ ဝယ်တဲ့ စပါးတွေ ကို ကြည့်စမ်း ။ ငစိန်စပါး ကို တင်း ထောင့်ငါးရာ ဝယ်ထားတယ် ကွ ။ အဲဒါက ထားဦး ။ ရှစ်ဆယ့်ငါးကျပ် ဈေး နဲ့ မီးဒုံး က တင်း ငါးရာ ကွာ ။ ကိုးဆယ့်ငါးကျပ်ဈေး နဲ့ ငါ က တင်း လေးရာ ကွာ ။ တစ်ရာ့အစိတ်ဈေး နဲ့ ကမာကြည် က တင်း ခြောက်ရာ ကွာ ။ စပါးပုံတွေ လဲ ပြန် ရောင်း လိုက်လို့ ကုန်ရော ။ အဖေ ထုတ်ထားတဲ့ ငွေ ဟာ သူ့ အတိုင်း သူ့ အတိုင်းပဲ ကွ ။ ဘယ်ဈေး နဲ့များ ပြန်ပြီး ရောင်း မိမှန်း ကို အဖေ တော့ မသိပါဘူးကွာ ။ အဲ့ဒီတုန်းက မင်း လဲ မြို့ တက် နေလို့ ။ မင်း လဲ သိမှာ မဟုတ်ဘူး ။ ဘိုးထူ ကို မေးလဲ အကြောင်းထူးမှာ မဟုတ်ပါဘူးကွာ ” ဟု ပြောလိုက် ရာ ကျွန်ုပ် သည် ဖခင် ပြောသော စပါးဈေးနှုန်း နှင့် စပါးတင်းရေများ ကို စိတ်တွက် ဖြင့် တွက်ကာ

“ အဖေ အားလုံး ကို တစ်ရာ့သုံးဆယ်ဈေး နဲ့ ပြန် ရောင်းလိုက်တာပါ ” ဟု မဆိုင်း မတွ ပြန်၍ ဖြေ လိုက်ရာ ဖခင်ကြီး သည် ကျွန်ုပ် ပြောသည် ကို မယုံ သဖြင့် စက္ကူကြမ်း ၌ ချ ၍ တွက် ပြီး လျှင် အဖြေ ကိုက်သော အခါ၌

“ ငါ့ သား မင်း တယ်ဟုတ် နေပါလား ။ စပါး တွက် တောင် အတော့် ကို ကျွမ်းနေပြီ ” ဟု ချီးကျူး လေ၏ ။

ထိုနေ့ မှ စ၍ ဖခင်ကြီး သည် ကျွန်ုပ် အား ၎င်း ၏ လုပ်ငန်းများ ကို တစ်စ တစ်စ လွှဲအပ်လေတော့၏ ။ ကျွန်ုပ် ၏ အစ်ကို ကိုဘိုးထူ မှာ မူ အလုပ် ၌ စိတ်ဝင်စားခြင်း မရှိဘဲ ပွဲစား ယောင်ယောင် ဟူသော ဂုဏ်ပုဒ် နှင့် သာ ကျေနပ် ၍ နေလေတော့၏ ။

သုံး၍ ဖြုန်း၍ ကုန် လျှင် ကျွန်ုပ် ထံ သို့ လက် ဖြန့် ကာ “ ဘိုးမြူ ရ  ပိုက်ဆံ ပေးစမ်းပါကွာ ” ဟု သာ တောင်း လေတော့၏ ။ ကျွန်ုပ် က

“ အစ်ကို က လဲ ဗျာ ၊ ခဏခဏ တောင်း နေလို့ ဘယ် ဖြစ်မတုံး ။ အဖေ က စာရင်း စစ် ရင် ငွေတွေ ကွာ နေမှာပေါ့ ” ဟု ပြောရာ မောင်ဘိုးထူ က

“ ဘိုးမြူ ရယ် ၊ မင်း ဟာ အတော့် ကို အ , တဲ့ အကောင် ပဲ ။ တို့ အဖေ ဦးပေတလူကြီး ရှာဖွေ နေတာ ဟာ ဘယ်သူ သုံးဖို့ ရှာနေတာတုံး ကွ ။ မင်း နဲ့ ငါ နဲ့ သုံးဖို့ ရှာနေတာပဲ မဟုတ်လား ။ သူတို့ သေသွားရင် လဲ ဒီ ငွေတွေ ကို မင်း နဲ့ ငါ နဲ့ ခွဲ ယူပြီး သုံးကြမှာ ပဲ မဟုတ်လား ။ နောင် ကို လဲ ငါတို့ သုံးရမယ့် ပိုက်ဆံ ပဲ ကွာ ။ နှမြော မနေပါနဲ့ ။ အခု ကတည်း က ကြိုပြီး သုံးနှင့်တာပေါ့ ” ဟု ဆို လေတော့၏ ။

မတတ်သာ သည့် အဆုံး ၌ ကျွန်ုပ် လည်း ၎င်း အလို ရှိသော ငွေ ကို ထုတ်ပေး ရ လေတော့၏ ။ ဖခင်ကြီး သည် မကြာခဏ ငွေစာရင်း ကို စစ်ဆေး ၏ ။ ငွေစာရင်း ကွာကြောင်း တွေ့လျှင်
“ ဘိုးထူ ယူ သုံးတယ် မဟုတ်လား ” ဟု ကျွန်ုပ် ကို မေးလေ၏ ။ ကျွန်ုပ် က လည်း ဟုတ်မှန်ကြောင်း ဝန်ခံ လိုက်လေ၏ ။ ထိုအခါ ၌ ဖခင်ကြီး သည် ဘိုးထူ ကို ခေါ်ယူ၍ ဆူပူကြိမ်းမောင်း လေတော့၏ ။ ကျွန်ုပ် ၏ ဖခင် သည် မောင်ဘိုးထူ ကို သာ လျှင် မကြာခဏ ဆူပူ နေရလေ၏ ။ ကျွန်ုပ် မှာ မူ ကား တစ်ကြိမ် တစ်ခါ မျှ ပင် ဆူပူကြိမ်းမောင်းခြင်း မခံရပေ ။ ကျွန်ုပ် သည် ဖခင်ကြီး ၏ အလုပ် ဝတ္တရားများ ကို ကျွမ်းကျင် နိုင်နင်းစွာ လုပ်ဆောင် ပေးလေ၏ ။ ထို့ကြောင့် ဖခင်ကြီး သည် ကျွန်ုပ် အား လွန်စွာ အားကိုး ၏ ။ စီးပွားရေး ကိစ္စများ ကို ကျွန်ုပ် နှင့် ပင် တိုင်ပင် လေ၏ ။ ကျွန်ုပ်တို့ မိသားစု သည် အစ်ကို ဖြစ်သူ မောင်ဘိုးထူ အသုံးအဖြုန်း ကြီး ၍ မကြာခဏ ဖခင်ကြီး က ဆူပူရသည် မှ လွဲ၍ အေးအေးချမ်းချမ်း ရှိ လှ၏ ။ စီးပွား လည်း ဒီရေ အလား တိုးတက် လာ၏ ။ ဤသို့နှင့် ပင် ကျွန်ုပ် အသက် နှစ်ဆယ် အရွယ် သို့ ရောက်သော အခါ၌ ကျွန်ုပ်တို့ မိသားစု သည် လူချမ်းသာများ ဖြစ်၍ လာလေ တော့သည် ။

ထိုသို့ ချမ်းသာလာခြင်း သည် ပင် လျှင် ကျွန်ုပ်တို့ မိသားစု အဖို့ ကံဆိုး မိုးမှောင် ကျလာခြင်း ၏ အစ ဖြစ်လေတော့၏ ။

တစ်နေ့သ၌ ကျွန်ုပ် ၏ ဖခင် သည် ရန်ကုန်မြို့ ကင်းဘဲ ( လ် ) လမ်း ၊ ကုန်းမြင့်ကလေး တစ်ခု ပေါ် ရှိ ချစ်တီးပိုင် အိမ်တန်းလျားကလေး တစ်လုံး ကို ဝယ်ယူရန် အတွက် သွားရောက် ကြည့်ရှု လေ၏ ။ ကျွန်ုပ် ကို လည်း ကြည့်ရှုရန် ခေါ်၍ သွားလေ၏ ။ ချစ်တီး ကု,လားကြီး နှင့် ကျွန်ုပ် ၏ ဖခင် သည် တန်းလျားကလေး အား မလှမ်းမကမ်း မှ နေ၍ လှမ်းမျှော် ကြည့်ရှုကာ စကား ပြော၍ နေကြလေ၏ ။ ကျွန်ုပ် မှာ မူကား ၎င်းတို့ နှင့် အတော် လှမ်းသော နေရာ သို့ သွားရောက် ၍ ကျောက်တုံးကလေး တစ်တုံး ပေါ် တွင် ထိုင်၍ နေလေ၏ ။ တန်းလျား တွင်နေထိုင်ကြ ကုန်သော အိမ်ငှား တို့မှာ စိတ် မချမ်းမြေ့သော မျက်နှာများ နှင့် ၎င်းတို့ ၏ အိမ်ပေါက်ဝများ မှ ထွက်ပြူ ကြည့်ရှု နေကြလေ၏ ။

ထိုအချိန် ၌ လူငယ် တစ်ဦး သည် ထို တောင်ကုန်းကလေး ပေါ် သို့ တက်၍ လာ လေ၏ ။ ၎င်း လူငယ် သည် ထို တန်းလျား တွင် နေထိုင်သူ ဖြစ်ဟန် ရှိ၏ ။

သူ သည် ကျွန်ုပ် အနီး သို့ ရောက်သော အခါ ၌ ကျွန်ုပ် ၏ မျက်နှာ ကို စေ့စေ့ ကြည့်ပြီး လျှင် ခပ်လှမ်းလှမ်း တွင် တန်းလျား ကို ကြည့်၍ စကား ပြော နေသော ကျွန်ုပ် ၏ ဖခင် နှင့် ချစ်တီးကု,လား ကို လှမ်း ၍ ကြည့် ကာ တန်းလျား ဆီ သို့ လျှောက် သွား လေ၏ ။ တန်းလျား အနီး သို့ ရောက်သွားသော အခါ ၌ တန်းလျား မှ လူများ သည် ၎င်း လူငယ်အား ဆီးကြို ၍ ပြောဆို ကြလေ၏ ။ ချစ်တီးကု,လား နှင့် ကျွန်ုပ် ၏ ဖခင် ကို လည်း ညွှန်ပြ၍ လူငယ် အား ပြောပြကြလေ၏ ။ ၎င်းတို့ ၏ အမူအရာ မှာ လူငယ် အား တိုင်တန်း သကဲ့သို့ ရှိလေ၏ ။ ထိုအခါ လူငယ် သည် တစ်စုံတစ်ယောက် အား ရေ သောက် လိုကြောင်း ပြောဆို သဖြင့် မိန်းကလေးတစ်ဦး က သောက်ရေ တစ်ခွက် ပြေး ၍ ခပ်ပြီး လျှင် လူငယ် အား လာရောက် ပေးသည် ကို လည်း ကျွန်ုပ် သည် မြင်၍ နေရလေ၏ ။ ၎င်းတို့ သည် ကျွန်ုပ် ၏ ဖခင် နှင့် ချစ်တီးကု,လား ကို မကျေမနပ် ဖြစ်၍ နေကြကြောင်း မှာ ၎င်းတို့ ၏ အမူအရာ ကို မြင်ရုံ နှင့် ပင် သိနိုင်ပေ၏ ။

ကျွန်ုပ် သည် ၎င်း တို့ ပြောဆိုသော စကားများ ကို မကြားရ သော်လည်း လူငယ် အား အဖြစ်အပျက် ကို ပြောပြ၍ အကူအညီ တောင်း နေပုံ ရှိ လေ၏ ။ လူငယ် သည် မိန်းကလေး တစ်ဦး ခပ် ပေးသော သောက်ရေ ကို သောက်ပြီး လျှင် သူ ၏ လူများ ကို ငြိမ်ငြိမ်ကလေး နေရန် လက်ဟန်ခြေဟန် ဖြင့် ပြ၍ ၎င်း က မူ ကျွန်ုပ် ၏ ဖခင် နှင့် ချစ်တီးကု,လား ရှိရာ သို့ ဣန္ဒြေရရ လျှောက်လာ လေ တော့၏ ။ တန်းလျား မှ လူများ သည် လူငယ် ကို အားကိုးကြီးစွာ ဖြင့် ငေးမော ကြည့်ရှု၍ နေကြလေ၏ ။ လူငယ် သည် ကျွန်ုပ် ၏ ဖခင်ကြီး နှင့် ချစ်တီးကု,လား ၏ အနီး သို့ ရောက်သော အခါ ၌ ခြေ ကို ခပ်ကျဲကျဲ ထား၍ ရပ် ကာ လွန်စွာ စူးရှသော မျက်လုံး ဖြင့် ကျွန်ုပ် ၏ ဖခင်ကြီး အား

“ ဒီမှာ သူဌေးမင်း ခင်ဗျား ။ ဒီ တန်းလျား ကို ဝယ် မလို့လား ” ဟု ချိုသာစွာ မေး လိုက်၏ ။ ကျွန်ုပ် သည် ၎င်း ၏ စကား ကို ဂရုစိုက် ၍ နားထောင် နေ မိလေ၏ ။ ၎င်း အသံ မှာ ပါးစပ် မှ လာသော အသံမျိုး မဟုတ်ဘဲ ရင်ခေါင်း မှ လာသော အသံမျိုး ဖြစ်၏ ။

ကျွန်ုပ် ၏ ဖခင် က ၎င်း အား ခြေဆုံး ခေါင်းဆုံး ကြည့်ရှု ပြီး လျှင်

“ အေး ဟုတ်တယ် ။ ဝယ် မလို့ ” ဟု တုံးတိတိ ပြန်၍ ဖြေ လိုက်လေ၏ ။

“ မဝယ်ပါနဲ့ ခင်ဗျာ ” ဟု ထို လူငယ် က တောင်းပန်သော လေသံ ဖြင့် ပြန်၍ ပြော လေ၏ ။ ထိုအခါ ချစ်တီးကု,လား က

“ ဟဲ့ ကန်လေး ။ နင် နဲ့ ဘာဆိုင်တယ် ” ဟု ပြော လေ၏ ။ ကန်လေး ဆိုသည် မှာ ကောင်လေး ဟု ခေါ်ခြင်း ဖြစ်၏ ။ သို့ရာတွင် မပီသော ကြောင့် “ ကန်လေး ” ဟု သာ အသံ ထွက် လေ၏ ။

“ ငါ နဲ့ ဆိုင်တယ် ချစ်တီး ။ ဘာဖြစ်လို့လဲ ဆိုတော့ ငါ ဟာ မြန်မာလူမျိုး ဖြစ်လို့ပဲ ။ ဒီ မြေ ဟာ မြန်မာပြည် က မြေ ဖြစ်တယ် ။ မင်း နဲ့ ဘာမှ မဆိုင်ဘူး ”

ဟု လူငယ် က ပြန်၍ ပြော လေ၏ ။

“ ငါ နဲ့ မဆိုင်ဘူး ဟုတ်လား ။ ဘာဖြစ်လို့ မဆိုင်ရမှာလဲ ။ ဒီ အိမ်ရှင် ဟာ ငါ့ ကို ကြွေး မပေးဘူး ။ ဒါကြောင့် ငါ သိမ်း ထားတာ ။ ငါ့ မှာ စာချုပ် ရှိတယ် ။ နင် ကြည့် မလား ” ဟု ချစ်တီး က ပြန် ၍ ပြောလေ၏ ။

“ မင်း ဆီ က စာချုပ် ကို ငါတို့ အသိအမှတ် မပြုဘူး ။ မင်း ဟာ မြန်မာ တစ်ယောက် မဟုတ်ဘဲ မြန်မာ့ မြေပေါ် က ပစ္စည်းတွေ ကို ပိုင်ဆိုင်ပါတယ် လို့ ဘယ်လို စာချုပ်မျိုး နဲ့ ရေးထား ရေးထား ယုံဖို့ မလိုပါဘူး ။ စဉ်းစားဖို့ လဲ မလိုပါဘူး ။ နောက်ပြီး မင်း လို အောက်တန်း ကျ တဲ့ လူယုတ်မာ တစ်ယောက် နဲ့ စကား မပြောချင်ဘူး ။ ဟောဒီ က ဦးလေး နဲ့ပဲ ပြောချင်ပါတယ် ။ မင်း တစ်ခွန်း မှ ဝင် မပြောပါနဲ့ ” ဟု လူငယ် က ပြောလေ၏ ။ ထိုအခါ ချစ်တီး က

“ ငါ့ ရဲ့ စာချုပ် ကို နင် က အသိအမှတ် မပြုဘူး ဟုတ်လား ။ နင် က ဘာကောင် လဲ ။ နင် အသိအမှတ် မပြုလဲ ကိစ္စ မရှိဘူး ။ ရုံးတော် က အသိအမှတ် ပြုဖို့ပဲ အရေးကြီးတယ် ” ဟု ပြော လိုက်ရာ လူငယ် သည် ချစ်တီးကု,လား ၏ ရင်ဘတ် ကို လက် ဖြင့် ဆောင့် ၍ တွန်းလိုက်ရာ ချစ်တီးကု.လား သည် ဖင် ထိုင်လျက် သား လဲကျ သွားလေ၏ ။

“ နောက်ထပ် တစ်ခွန်း ဝင်ပြီး ပြောရင် မင်း ပါးစပ် ထဲ က သွားတွေ အားလုံး မြေကြီး ပေါ်ကို ကျွတ်ပြီး ကျ ကုန်မယ် ” ဟု လူငယ် က ပြော လိုက်ရာ ချစ်တီးကု,လား သည် စကား တစ်ခွန်းမျှ မဟရဲတော့ ဘဲ ငြိမ်၍ ထ လာ လေတော့၏ ။ ထိုအခါ ကျွန်ုပ် ၏ ဖခင် က

“ ကျုပ် ဟာ ကျုပ် ဝယ်မယ့် ကိစ္စ မှာ မောင်ရင် က ဘာကြောင့် ကန့်ကွက်ရတာ ” ဟု လူငယ် အား မေး လိုက်လေ၏ ။

“ ဦးလေး က ဝယ်ပြီး ရင် ဒီ က လူတွေ ကို မောင်းထုတ် ပစ် မှာ မဟုတ်လား ” ဟု လူငယ် က မေး လိုက်လေ၏ ။

“ ကျပ် ငွေ နဲ့ ဝယ်ပြီး ရင် ကျုပ် အိမ် ဖြစ်သွားပြီပဲ ။ ကျုပ် သဘောပေါ့ ဗျာ ။ ပြောင်းခိုင်း ချင် ပြောင်းခိုင်း ရမယ် ။ တစ်အိမ်လုံး ဖျက်ချင် ဖျက်ပစ်မယ် ။ အဲဒါ မောင့် အပူလား ” ဟု ကျွန်ုပ် ၏ ဖခင် က မေး လိုက်ရာ ဟို လူငယ် က

“ ငွေ ရှိ လို့ လုပ်ချင်တာ လုပ်မယ် ဆိုရင် တော့ ရတာပေါ့ ဦးလေး ရာ ။ ဒါပေမဲ့ ဒီ တန်းလျား မှာ နေတဲ့ လူတွေ ဟာ ဆင်းရဲသားတွေ ပါ ။ အိမ် မဝယ်နိုင် လို့ အိမ်ငှား နေ ကြရှာတာပေါ့ ။ လခကလေး ကို တောင် မှန်အောင် မနည်း ကြိုးစား ပေးရတာပါ ။ ဒီ လူတွေ ကို မသနားဘဲ ချစ်တီး ဆီ က ဝယ်ပြီး အားလုံး ကို မောင်းထုတ် တော့ မှာ လား ။ မောင်းထုတ် တာလဲ ဟုတ်ပါပြီ ။ သူတို့ တွေ တခြား မှာ နေဖို့ ထိုင်ဖို့ ပြောင်းဖို့ ရွှေ့ဖို့ကလေးများ အတွက် ရော ငွေကလေး ဘာလေး မထောက်ပံ့ တော့ ဘူးလား ” ဟု ပြန် ၍ မေး လိုက်လေ၏ ။

“ ဒါတွေ စဉ်းစားဖို့ ငါ့ အလုပ် မဟုတ်ဘူးကွ ။ နေစမ်းပါဦး ။ မင်း က ဒီ တန်းလျား မှာ နေတဲ့ လူ လား ” ဟု ကျွန်ုပ် ၏ ဖခင် က မေး လိုက်ပြန် လေ၏ ။

“ ကျွန်တော် က ဒီမှာ နေတာ မဟုတ်ပါဘူး ။ ဒီ တန်းလျား မှာ နေတဲ့ ကလေးတွေ ကို နေ့ခင်း မှာ လာပြီး စာ သင် ပေးတယ် ။ ညဘက် ကျရင် လူကြီးတွေ ကို သင် ပေးတယ် အတွက်အချက် နဲ့ အင်္ဂလိပ်စာကလေး သင် ပေး ပါတယ် ။ သူတို့ ဟာ ဆိပ်ကမ်း မှာ ကူလီ ထမ်း တဲ့ လူတွေ က ထမ်းတယ် ။ ကား မောင်းတဲ့ လူ က မောင်းတယ် ။ ဆိုက်ကား နင်း တဲ့ လူ က နင်းတယ် ။ ဈေး ရောင်းကြတဲ့ လူ က ရောင်း ။ တကယ့် ကို သနားစရာ ကောင်း ကြပါတယ် ။ လူရိုးလူအ တွေ လဲ ဖြစ်ပါတယ် ။ သနားပါ ဦးလေး ရယ် ” ဟု လူငယ် က တောင်းပန် လေ၏ ။

“ ဒီမှာ မောင်ရင် ရဲ့ ။ မင်း ဥစ္စာ က မင်း နဲ့ လဲ ဘာမှ မဆိုင်ဘဲ ဘာဖြစ်လို့ လာပြီး လူလည် လုပ်ရတာလဲ ကွယ့် ။ ကိုယ့် ဟာ ကိုယ် နေစမ်းပါကွာ ” ဟု ကျွန်ုပ် ၏ ဖခင် ပြောလိုက်လေ၏ ။

“ ကျွန်တော် လူလည် လုပ် ရတာ က ဘာမှ မသိတဲ့ လူရိုးလူအ, ဆင်းရဲသားတွေ ကို ဦးလေး တို့ လို ငွေ ရှိတဲ့ လူတွေ က ချည်း လူလည် လုပ် နေလို့ ကြား က ဝင်ပြီး လုပ်ပေးရတာပါ ” ဟု ထို လူငယ် က ပြောရာ ချစ်တီးကု,လား က

“ နင် ဘာဆိုင်လဲ ကန်လေး ။ နင် ပိုက်ဆံ လိုချင်ရင် နည်းနည်းပါးပါး ငါ ပေးမှာပေါ့ ” ဟု ပြောလေ၏ ။ ထိုအခါ လူငယ် သည် ချစ်တီးကု,လား ၏ မျက်နှာ ကို လက်သီး ဖြင့် ခွပ်ခနဲ ထိုးချ လိုက် လေတော့၏ ။

ချစ်တီးကု,လား သည် နောက်သို့ လဲကျ သွား ပြီးလျှင် သွား နှစ်ချောင်း ကျွတ် ၍  သွားလေ၏ ။

“ မင်း ဘယ်လို လုပ် လိုက်တာတုံး ” ဟု ကျွန်ုပ် ၏ ဖခင် က မေးရာ ထို လူငယ် က

“ မြင်တဲ့ အတိုင်းပဲလေ ။ မြန်မာ နှစ်ယောက် စကား ပြော နေတဲ့ အထဲ မှာ ဝင် ရှုပ် လို့ ဆုံးမ လိုက်တာ ” ဟု ပြန် ၍ ပြော လိုက်လေ၏ ။

“ မင်း ကို ဆုံးမ ဖို့ ပုလိပ်တွေ မကြာခင် ရောက်လာ လိမ့်မယ် ” ဟု ကျွန်ုပ် ၏ ဖခင် က လည်း ပြန်၍ ပြော လိုက်လေ၏ ။

“ ဒါက အရေးမကြီးပါဘူး ဦးလေး ။ ဒီ အိမ် ကို ဝယ်ပြီး ဒီ အိမ် က လူတွေ ကို နှင် ပစ်ဖို့ မလုပ်ပါနဲ့ လို့ နောက်ဆုံး အကြိမ် ကျွန်တော် တောင်းပန် ပါတယ် ။ ကျွန်တော့် စကား နား မထောင် ရင်တော့ ဦးလေး ဒုက္ခ ရောက် လိမ့်မယ် ။ ဦးလေး တစ်ယောက် တည်း ရောက် မှာ မဟုတ်ဘူး ။ ဆွေစဉ်မျိုးဆက် ဒုက္ခ ရောက်လိမ့်မယ် ” ဟု ထို လူငယ် က ပြောရာ ကျွန်ုပ် ၏ ဖခင် က

“ ငါ ဒုက္ခ ရောက် မရောက်တော့ မသိဘူး ။ မင်း တော့ မကြာခင် ဒုက္ခ ရောက်တော့မယ် ” ဟု ပြောဆို ကာ ချာခနဲ လှည့်ထွက် ခဲ့လေ၏ ။

ကျွန်ုပ် မှာ မူ ချစ်တီးကု,လား ကို တွဲ၍ တောင်ကုန်းကလေး အောက် တွင် ရပ် ထားသော ကျွန်ုပ်တို့ ၏ မော်တော်ကား ရှိရာ သို့ ခေါ်လာ ခဲ့ ရ လေ၏ ။ ထို့နောက် ကျွန်ုပ် က ကား ကို မောင်း ရလေ၏ ။ ကား မှာ ကျွန်ုပ် တို့ ၏ ကား မဟုတ်ပေ ။ ချစ်တီးကု,လား အကြွေး ဖြင့်သိမ်း ထားသော ကား ဖြစ်၏ ။ ကျွန်ုပ် သည် ကား ကို ဖြည်းညင်းစွာ မောင်းနှင် လေ၏ ။ ကျွန်ုပ် ၏ ဖခင် ကမူ စောစောက လူငယ် ကို စိတ်ဆိုး လျက် တဖျစ်တောက်တောက် ပြော ကာ လိုက်ပါလာ ခဲ့လေ၏ ။

“ ထွီ တောက် ။ မဖြစ်စလောက် ကျောင်းဆရာ ပေါက်စ က ဟန်တလုံး ပန်တလုံး နဲ့ ပြောလိုက်တာ ။ သူ့ ကို ပဲ ကြောက်ရဦးတော့ မလိုဘဲ ။ မောင်ဘိုးမြူ ဂါတ် ကို မောင်းစမ်းကွာ ” ဟု ကျွန်ုပ် ၏ ဖခင် က ပြော လိုက်လေ၏ ။

◾မင်းသိင်္ခ

📖 မိုးပေါ်မှာ ကြယ်တစ်လုံး

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment