Saturday, January 20, 2024

သုံးလ အပြတ်


 ❝ သုံးလ အပြတ် ❞ 


“ အပြတ် ပြောမယ် ”


“ အပြတ် လုပ်မယ် ”


“ အပြတ် မိုက်မယ် ”


စသော စသော နှစ် ဆယ်ရာစု လူသားတို့ ၏ အပြတ် ကြွေးကြော်သံများ ကို ကြားရလေ တိုင်း အပြတ် လုပ်တတ်လေ သူ တစ်ဦး ကို ကျွန်တော် သတိရ နေမြဲ ။ ထို့နောက် တစ်ကိုယ် တည်း ရင်နာ ပြုံး ပြုံး မိမြဲ ။


  •••••   •••••   •••••


ကိုလွမ်းမောင် နှင့် ကျွန်တော် စတင် သိကျွမ်းခဲ့ရသည့် နေ့ ကို လည်း ယနေ့ တိုင် မမေ့နိုင် သေး ။ လွန်ခဲ့သော အနှစ် ၂ဝ ကျော် ကာလ က ရန်ကုန်တက္ကသိုလ် ပရဂုဏ် အဝန်းအဝိုင်း ၌ ပဲခူးဆောင် ၏ အခန်းကျဉ်းလေး တစ်ခု အတွင်းဝ ယ် ကျွန်တော် တို့ နှစ်ဦး ဆုံခဲ့ကြရသည် ။ ဆုံ စ မှာ ပင် သူ ၏ အပြတ် ကြိုက် သော မူဝါဒ သဘောတရား ကို ကျွန်တော် သတိပြုခဲ့ မိသည် ။


“ ဟေ့ မင်းတို့ လို ပိုကာ ဒေါင်း ဖို့ မပြောနဲ့ ၊ ၂၁ ပေါက် တို့ ဘူကြီး တို့ တောင် ငါ က စိတ် မရှည်ဘူး ။ ကဲ ပြောနေ ကြာတယ်ကွာ ။ ငွေ အလယ် မှာ ပုံပြီး ဖဲပြား တစ်ချပ် ချင်း လှန် ကြရအောင် ။ အပေါက် အများ ဆုံး ကောင် က စား ၊ ပြီးရော ။ ငါတို့ က တော့ ပြတ်ပြတ် ပဲ ကြိုက်တယ် ။


“ ဘုရားဘုရား ”


ဘုရား တ သံများ ၏ အဆုံး ဝယ် ဖဲဝိုင်း တစ်ဝိုင်း ငြိမ် သွားသည် ။ အတန် ကြာ မှ မျှတစွာ ဖျန်ဖြေ ပြော တက် သော ကိုဉာဏ် ၏ အသံ က ဖြည်းဖြည်းချင်း ပေါ် လာသည် ။


“ ဒီမှာ လွမ်းမောင် ၊ တို့ အားလုံး ကို မင်း လို ငွေတွင်းတွေ ချည်းများ မှတ်နေသလား ဟင် ၊ ဒါ စီးပွား ဖြစ် ချိန်းဝိုင်း မဟုတ်ပါဘူးကွ ၊ အပျော်တမ်း ကျောင်းသားဝိုင်း ပါ ”


“ အို ဘာပဲ ဖြစ် ဖြစ် ဖဲဝိုင်း ဟာ ဖဲဝိုင်း ပါ ပဲ ။ အနိုင် အရှုံး ကစားကြ မှ တော့ စောစောစီးစီး ပြတ်သွား ၊ အေးတာပဲ မဟုတ်လား ”


“ ရှူး တိုးတိုး ဟ တိုးတိုး ၊ အဆောင်မှူး လာ မှ ပြဿနာ တက်နေဦးမယ် ”


“ အို လာ လည်း အပြတ်ပေါ့ ဗျာ ”


တကယ်ပင် ပြတ်ပါပေသည် ။ ထိုနှစ် နှစ် ကုန်ခါ နီး တွင် ကျွန်တော် တို့ လူစု ဖဲဝိုင်း ကို အဆောင်မှူး တတိယအကြိမ် မြောက် ဖမ်းမိ ပြန်သည် ။ ဤတွင် ကိုလွမ်းမောင် တစ်ယောက် တည်း အကြိမ်ကြိမ် အခါခါ အပြစ် ကျူး လွန်မှု ကြောင့် အဆောင် မှ အပြတ် အထုတ် ခံရသည် ။ ကျွန်တော် နှင့် ကိုဉာဏ် အပါ အဝင် ကျန် လူစု ကတော့ အလျှောက် ကောင်း၍ အထောင်း သက်သာ ခဲ့သည် ။ တစ်ကြိမ် တစ်ခါ မလိမ္မာ မိုက်မိ ၍ ရှိစေ ။


ဤတွင် ကျွန်တော် တို့ လူစု နှင့် ကိုလွမ်းမောင် တို့ အနေ ဝေး သွားသည် ။ သို့တိုင်အောင် ကိုလွမ်းမောင် ၏ သြဝါဒ တစ်ခု ကား ပဲခူးဆောင် တွင် ပျံ့လွှင့် ကျန်ရစ်ဆဲ ။


“ ကျုပ်တို့ ပဲခူးဆောင် မှာ ဗိုလ်ချုပ်အောင်ဆန်း တို့ နေခဲ့တုန်း က လွတ်လပ်ရေး ကြိုးပမ်းမှု တွေ ကို အပြတ် လုပ်ကြလို့ ထင်ရှား သဗျ ၊ အဲ ကျုပ် တို့ လက်ထက်ကျ ပြန်တော့ လည်း ဖဲ အပြတ် ရိုက် လို့ ပဲခူးဆောင် က ကျော်ကြား သဗျ ဟဲ ဟဲ ”


  •••••   •••••   •••••


မကြာမြင့်လှသေး သော တစ်နှစ် ဆီ က မူ ဖဲရိုက်ခြင်း ဖြင့် ပဲခူးဆောင် ကို ကျော်ကြားစေခဲ့သော ထို ပုဂ္ဂိုလ်ကြီး ကို အနော်ရထာလမ်း တစ်နေရာ ဝယ် ပြန်လည် တွေ့ ရသည် ။


“ ဟာ ကိုလွမ်းမောင်ကြီး ပါလား ။ နေကောင်းတယ် နော် ။ ခင်ဗျားနှယ် ဗျာ သတင်း မပေး ဘာ မပေး နဲ့ နေနိုင်လိုက် တာ ။ ကိုဉာဏ်ကြီး ဆို ခင်ဗျား စာမေးပွဲ အတွက် စိတ် တထင့်ထင့် နဲ့ ပြောလို့ ကို မဆုံးဘူး ”


“ ဒီမှာ လွမ်းမောင် တဲ့ ၊ တစ်မောင် တည်း ရှိတယ် ။ လုပ် အရှင်း မလုပ် အရှင်း ပဲ ။ တို့ စနစ်ဟောင်း ပညာရေး စာမေးပွဲ နောက်ဆုံး နှစ် မှတ်မိတယ် မဟုတ်လား ”


“ အင်း ၊ ၆၇ - ၆၈ မှာ မှတ်တယ် ”


“ အေး အဲဒီ နောက်ဆုံးနှစ် ကျ မှ နောက်ဆက်တွဲ စာမေးပွဲ ကို အပြတ် ဖြေပြီး အောင်လာခဲ့တာ ပဲ ၊ မှတ်ကြရော့ ၊ ကိုယ် က တော့ ပြတ်ပြတ်ပဲ ”


“ အခု ရော ခင်ဗျား ဘယ်မှာလဲ ” 


“ ရန်ကုန် မှာ ပဲလေ ”


“ ဩော် ၊ ခင်ဗျား ဇာတိ မှာ မနေဘူး ကို ”


“ ရွှေဘို မှာ နေလို့ မ ဖြစ်တော့ဘူး ကွ ၊ ၇ဝ ခုနှစ် မှာ အမေ ဆုံးတယ် ၊ ၇၁ ခုနှစ် မှာ အဖေ နောက် အိမ်ထောင် ပြုတယ် ၊ ငါ က မကျေနပ်ဘူး ”


“ အဲဒီ တော့ ”


“ အဲဒီ တော့ ငါ လည်း အဖေ့ ကို သေခန်းရှင်ခန်း ဖြတ်ပြီး ရန်ကုန် ကို တက် လာ ခဲ့တော့တာ ပဲ ”


“ ဟင် ၊ ဒီလိုဆို သား အဖ နှစ်ယောက် ”


“ အပြတ်ပေါ့ကွ ”


“ အခုရော ခင်ဗျား ဘာ လုပ်နေလဲ ”


“ ရန်ကုန် ရောက် စ က မူလတန်းပြ ဆရာ ဝင် လုပ်တယ်ကွာ ၊ အဲဒီ က အပြတ် ထွက်ပြီး ခုတော့ ကျုရှင်ဆရာ လုပ်နေတယ် ”


“ ကောင်းသားပဲ ဗျ ။ သမ္မာ အာဇီဝ ပဲ ။ အဆင် ကော ပြေရဲ့ လား ”


"လုပ်ခါစ တော့ စီးပွာရေး မဆန်သေး တော့ ယက်ကန် ယက်ကန် နဲ့ ခံ နေရတာ ပေါ့ကွာ ၊ အခုတော့ တော် တော် ပြေလည် လာပါပြီ ”


“ ဘာဆိုင်လဲ ဗျ ၊ စီးပွားရေး ဆန် တာ နဲ့ ကျောင်းဆရာ လုပ် တာ ”


“ ဟကောင် မှတ်ထားကွ ။ ကျူရှင်ဆရာ ဆိုတာ စီးပွားရေး သမား ကွ ၊ သာမန် မဟုတ်ဘူး ။ ကြေးစား ဆရာ ၊ စာ သင်တက်ရုံ နဲ့ မပြီးသေးဘူး ။ စည်းရုံးရေး က အစ မျက်ခြည် မပြတ်ရဘူး ”


“ ဘာ စည်းရုံးရေး လဲ ”


“ မင်း တော် တော် နား ဝေးတဲ့ ကောင်ပဲ ။ စည်းရုံးရေး ဆိုတာ ကိုယ့် ကျောင်း မှာ လူ များ အောင် ကျောင်းသား ဆွယ်တာ တို့ ၊ ဆရာ အချင်းချင်း အချိတ် အဆက် လုပ် ၊ သူ့ ကိုယ် ပင့် ကိုယ့် သူ မြှောက် နဲ့ သားကောင် ကို တော ခြောက် သလို ကျောင်းသား ကို ကိုယ့် ကျောင်း မရောက် ရောက်အောင် ပို့တာတွေ ပေါ့ကွ ”


“ ဪ ... ဪ ”


“ ဒါတင် ဘယ် က မလဲကွ ၊ ဘာသာ တူ ရင် ရန်သူ ဆိုတဲ့ ကျူရှင် လုံခြုံရေး မူ အရ ငါ နဲ့ ဘာသာ တူတဲ့ ကျောင်းတွေ ကို လည်း အချိန် ရှိသရွေ့ တိုက်ခိုက် တတ်ရသေးတယ် ”


“ ဟင်း ဟင်း ”


“ နောက်ပြီး တို့ က သမားရိုးကျ ကျောင်းဆရာကြီး တွေ နဲ့ ပြဒါး တစ်လမ်း သံ တစ်လမ်း စိတ်ဓာတ် မွေးရတယ် ။ ဟို ဆရာကြီးတွေ က စေတနာ ၊ ဝါသနာ ၊ အနစ်နာ ဆိုတဲ့ နာ သုံးနာ နဲ့ အရင်း ခံပြီး စာ သင်တယ် ၊ ငါတို့ က လျင် သုံးလျင် ကို အရင်းခံ တယ် ကွ ”


“ ဘာလဲဗျ ၊ ရှင်းစမ်းပါဦး ”


“ ကျောင်းလခ တို့ ၊ စာရွက်စာတမ်းကြေး တို့ ၊ စာမေးပွဲ အထူးထုတ် ကြေး တို့ စသဖြင့် ပေါ့ကွာ ၊ ခေါင်းစဉ် အမျိုး မျိုး တပ် ပြီး ငွေ ယူတဲ့ နေရာ မှာ လျင် ရတယ် ဗျ ”


“ နောက် တစ်လျင် က ရော ”


“ ဘာရယ် မဟုတ်ဘူးကွ ၊ ပြူးတူပြဲတဲ ထပြီး လေလုံး ထွားထွား နဲ့ ကြော်ငြာတဲ့ နေရာ မှာ လည်း လျင် ရ သကွ ၊ ပိပိရိရိ သေသေသပ်သပ် နဲ့ ကလေးတွေ ယုံလွယ်အောင် ဖြီး တတ်ဖို့ လျင် ရတယ် ”


“ နောက်ပြီးတော့ ကော ဗျ ”


“ အဲ အဲဒါ ကတော့ ထင်ကြေးတွေ ပေး စာမေးပွဲ မှာ ဒါ ပါမယ်လို့ အပြတ် အာ ပြီးတော့ မှ မေးခွန်း နဲ့ လွဲရင် ကျောင်းသားထု ရဲ့ ခဲဒဏ် က လွတ်အောင် အပြေး လည်း လျင် ရ သဗျ ဟဲ ဟဲ ”


“ ခင်ဗျားတို့ ဟာ ရက်စက်ပါ့ ဗျာ ”


“ ဒီမှာ ငါ့ ညီ ၊ ကျူရှင်ဆရာ ဆိုတာ စီးပွားရေးသမားတွေ ကွ ၊ ပညာရေး ကွမ်းယာဆိုင် ဖွင့်နေတဲ့ ကုန်သည်တွေ ကွ ”


“ ကျူရှင် ဆရာတိုင်း တော့ ဟုတ်မယ် မထင်ပါဘူး ၊ ကိုလွမ်းမောင် ရယ် ၊ ဝမ်းရေး အတွက် ငွေ ယူပြီး သင်တယ် ထား ၊ ပညာ သင်ပေးတာ ပဲ ၊ ထား တက်ရင် စေတနာ ပါ ၊ ကုသိုလ် လည်း ရ ဝမ်း လည်း ဝ ” 


“ တော် တော် ဟေ့ကောင် ၊ မင်း မသေချင်း မှတ်ထား ၊ ကုသိုလ် ရ တဲ့ လုပ်ငန်း မှန် သမျှ ဘယ်တော့ မှ ဝမ်း မဝဘူး မှတ် ” 


“ ခင်ဗျား ဟာ က တစ်ဖက်စွန်း ရောက်လွန်း ... ” 


“ ဟေ့ ကျုရှင်လောက ဆိုတာ အဲဒီလို ပြတ် မှ ကွ ၊ သင် ရင် လည်း အပြတ် ချစရာ ရှိလည်း အပြတ် ”


“ လူလား မမြောက်သေးတဲ့ ကျောင်းသားလေးတွေ ပဲဗျာ ။ ခင်ဗျားတို့ ဟာ က လည်း ညှာကြစမ်းပါဦး ”


“ အို နိုး ၊ ကိုယ်တို့ က တော့ ၊ ကျောင်းသား လို့ ကို မမြင်ဘူး ၊ တစ်ဆယ်တန် ငွေစက္ကူလေးတွေ လို့ ပဲ မြင်တယ် ကွ ၊ စီးပွားရေး အမြင် ဒီလို ပြတ်တယ် ”


ထိုနေ့ က မူ စိတ် မကောင်းခြင်း ကြီးစွာ ဖြင့် ကျွန်တော် တစ်ယောက် ကိုလွမ်းမောင် နှင့် ခွဲခွာ ခဲ့ ရပါသည် ။


သို့သော် မကြာခဏ ပင် ကိုလွမ်းမောင် ၏ သတင်းများ ကို ပတ်ဝန်းကျင် မှ တစ်ဆင့် ပဲ့တင်ခတ် လျက် ကျွန်တော် ကြား နေရသည် ။


“ ကိုလွမ်းမောင်တို့ တော အင်းလျားလိပ် ဟိုတယ် က ကို မပြန်တော့ဘူး တဲ့ ”


“ ကျောင်းသူလေးတွေ နဲ့ သိပ် ရောလွန်းတယ် ဗျာ ။ သူ့ မှာ လည်း သားကြီး မယားကြီး နဲ့ ”


“ အောင်မြင် လာ ရင် လူတွေ က ဒီလိုပဲ ဗျ ၊ အနေအထိုင် ဣန္ဒြေ ပျက် လာကြတာပဲ ”


ထိုသို့သော အသံတွေ ကြား မှ ပင် တစ်နေ့ တွင် ကိုလွမ်းမောင် ကျွန်တော် ထံ ရောက် လာသည် ။


“ ရော့ကွာ ၊ ဒီမှာ ဖိတ်စာ ၊ ငါ့ ကျောင်း ဆုနှင်းသဘင် အခမ်းအနား မနက်ဖြန် လုပ်မယ် ”


“ အမယ် တယ် ဟုတ်ပါလား ။ ဒီတစ်ခါ တော့ ခင်ဗျား ဆရာ ဆန် သားပဲ ၊ ချီးမြှင့် ထိုက် သူ ကို ချီးမြှင့် လို့ ဘယ် ဆိုးလို့လဲ ”


" အင်း ထားပါတော့လေ ၊ ဂုဏ်ထူးရှင်တိုင်း ကို ၅ဝဝ တန် ရွှေတံဆိပ် တစ်ခု စီ ပေးမယ်ကွာ ၊ ဂုဏ်ထူးရှင် က ၉ ယောက် ဆိုတော့ ငွေ ၄၅ဝဝ လောက် ထိ သွားတယ် ။ နောက်ပြီး ကျွေးမွေးဧည့်ခံ ရ တာ နဲ့ ခန်းမ ငှားခ နဲ့ စုစုပေါင်း တစ်သောင်း လောက် တော့ ချော မှာ ပဲ ”


“ အေးဗျာ ၊ ကြိုးစား တဲ့ သူတွေ ကို ဒီလို ထိုက်ထိုက်တန်တန် မြှောက်စား မှ လည်း ကျန်တဲ့ ကျောင်းသားတွေ ပါ ကြိုးစား ချင်လာကြမှာ ပေါ့ ၊ ဒါပေမယ့် ခင်ဗျား တော့ တော် တော် ငွေ ကုန် တယ် နော် ”


“ ဘယ်လို ဘယ်လို ”


“ ဒီလိုလေ ကွာ ဒီ ဆုပေးပွဲ က ၊ အောင်မြင်မှု အတွက် ငါ မင်္ဂလာ ယူ တဲ့ ပွဲ ဖြစ် သလို ၊ ကျောင်းသား ကို မြှူဆွယ် တဲ့ ပွဲ ဆိုလည်း မမှားဘူး ကွာ ။ အင်း တချို့ ကျောင်းသားများ ကလည်း တို့ ကျူရှင် ဆရာတွေ လိုပဲ စီးပွားရေး ဆန်တယ် ဗျ ”


“ ကျောင်းသား က စီးပွားရေး ဆန် တယ် ဟုတ်လား ။ ကြား မကြားဘူးပေါင် ဗျ ”


“ ဟုတ်တယ် ကွ ၊ တချို့ ကျောင်းသား က ဂုဏ်ထူး ထွက် ရင် ရွှေတံဆိပ် ပေးမှာ ကို မျှော်လင့် ကြတယ် ၊ တို့ ကို ပေးခဲ့ရတဲ့ ကျောင်းလခ တွေ နဲ့ ပြန် ထေချင် လို့ ပေါ့ကွာ ”


“ ဟာဗျာ ကလေးတွေ က တော့ ခင်ဗျားတို့ လို ကွက်ကျော် ရိုက် စီမံကိန်း ချပြီး စာ ကြိုးစားမယ် မထင်ပါဘူး ။ သူတို့ ဘဝ အတွက် သူတို့ ဘာသာ ကြိုးစား ကြရတာ နေပါလိမ့်မယ် ”


“ ဘာပဲ ဖြစ် ဖြစ်လေကွာ ၊

ဒီ ဆုပေးပွဲ ဆိုတာ ငါတို့ အတွက်တော့ အကောင်းဆုံး ကြော်ငြာပဲ ၊ ကျောင်းသား က ဆရာအပေါ် မှာ ယုံကြည်မှု  ၊ ကြည်ညိုမှု အင်မတန် တိုးစေတယ် ကွာ ၊ မနှစ် က ဆို ဟို ဘာသာ မှာ ရန်ကုန်တိုင်း တစ်တိုင်းလုံး ၅ ယောက် ပဲ ဂုဏ်ထူး ထွက်တယ် ကွ ၊ ၅ ယောက် စလုံး လည်း ငါ့ ကျောင်းသား ထွက် လို့ ဝန်ခံ ကြော်ငြာပေးတော် မူ သဗျ ”


“ အင်း ခင်ဗျားတို့ ကျုရှင် ဆရာတွေ လည်း ဝဋ် လည် တာပဲ နော် ၊ ကျောင်းသား ဆီ က ယူ သလို ပြန် လည်း ပေးရတာ ပဲပေါ့ ”


“ ဒါပေါ့ကွာ ၊ စီးပွားရေး လုပ်တဲ့ နေရာ မှာ ၁ ကျပ် မြတ် ချင် ရင် ၁ ပြား တော့ ရင်းရဲရ မှာ ပေါ့ ၊ ဒီလို ဆုပေးပွဲ တို့ ကြော်ငြာတို့ ဆိုတာ ရင်းနှီးမြှပ်နှံမှု တွေ ပဲ ”


“ တခြားရော ဘာ ရင်းသေးသလဲ ဗျ ”


“ စက္ကူတွေ  ၊ စက္ကူ ”


“ ဘာ စက်ကူ လဲ ”


"မှတ်စု ရိုက်ပြီး ပေးဖို့ စက္ကူ လေ ”


“ ဪ .. ဒါ ကတော့ ပေးသင့်တာပေါ့ ဗျာ ၊ ကျောင်းသား အကျိုး ကို ပဲ ဥစ္စာ"


“ မင်းက ဘာ နားလည်လို့လဲ ၊ မင်းတို့ ငါတို့ ခေတ် က လို မှတ်သင့် မှတ်ရာတွေ စု ထားတဲ့

မှတ်စု မဟုတ်ဘူးဗျ ။ အရေး ကြီး တာ ရော ၊ လွယ်တာ ရော ၊ ခက်တာ ရော အကုန် ပေးရတယ် ”


“ အို .. ဒီလို ဆိုတော့လည်း ခင်ဗျားတို့ မစားသာပါ လား ”


“ တကယ်ပဲ မောင် ရ ၊ မလွယ်ဘူး ဟ ၊ ငါတို့ က လည်း လျင် ပါတယ် ကွာ ၊ လျှောက်လွှာ စက္ကူ တစ်ရွက် ကို လေးခေါက် ခေါက်ပြီး စာအုပ် လို့ သမုတ် လိုက်တာပဲ ၊ ကျောင်း တစ်ခါ လာရင် အဲဒီ လိုမျိုး တစ်အုပ် ပေး တာပဲ ။ ကျောင်းသား က တော့ ကျောင်း တစ်ချိန် တက်ရင် စာအုပ် တစ်အု ပ် ရတယ် ဆိုပြီး သဘော ကို ကျလို့ လည်း ငါတို့ က အကြပ် ကိုင် လိုက်ရော ၊ ဟော လ ကို မှန် လို့ ”


“ အင်း ... ဒုက္ခ ဒုက္ခ ”


“ တကယ်လို့ မှတ်စု နဲ့ တင် မပြီးဘဲ တကယ် တတ် အောင် သင်မှ ဖြစ်မယ့် သင်ခန်းစာ ကို သင်ပြ ရင် လည်း ဂရု မစိုက်ကြဘူး ။ မှတ်စု ပဲ နားပူ တာ ပဲ ။ ကလေးတွေ က ကျူရှင် လာတက် တာ မဟုတ်ဘူး ကွ ၊ မှတ်စုစာအုပ် လာ ယူကြတာ ၊ အဲဒီ မှတ်စုတွေ အားကိုး နဲ့ သက်ဆိုင်ရာ အထက်တန်းကျောင်း က ဆရာတွေ သင် တာ ကို လည်း ဂရု မစိုက် ၊ ငါတို့ ကျုရှင် မှာ လည်း စာအုပ် လာ ထုတ် ၊ ပြက်လုံးတွေ ဟားတိုက် ပြန် နဲ့ ၊  တစ်ခါ လာ လည်း ကျ ရင်း နဲ့ သံသရာ လည် တော့တာပဲ ”


“ ကလေးတွေ က အမြင် မမှန်ကြ သေး တာ ထားပါတော့ ။ ခင်ဗျားတို့ က တော့ ထိန်း ပေးသင့် တာပေါ့ဗျာ ”


“ ဪ ... ငါ့ ညီ နှယ် ၊ တယ် ပြောရ ခက်ပါလား ၊ တို့ ကျူရှင် လုပ်စား နေတာကွ ၊ ပညာနို့ချို တိုက်ကျွေး နေတာ မဟုတ်ဘူး ။ စီးပွားရေးသမားတွေ ပဲ ။ ပြတ်တယ် ”


“ တော် ပါတော့ဗျာ ၊ စိတ် ဆင်းရဲလွန်းလို့ ”


“ တော် မှာ ပါပဲ ကွာ ၊ ငါ လည်း ဆုပေးပွဲ အပြီး မှာ ရောင်တော် ပြန် အချိန်လေး ယူပြီး သုံးလပြတ် သင်တန်း ထပ် ဖွင့်ဖို့ ကြော်ငြာ သွား ရိုက်ရဦးမယ် ”


“ အဲ နေစမ်းပါဦး ၊ ခင်ဗျား သင်တဲ့ ဘာသာရပ်ကြီး က အင်မတန် ကျယ်ပြန့် ပါတယ် ဗျာ ၊ သုံးလ နဲ့ ပြတ်ပါ့မလား ”


“ ပြတ် အောင် လုပ်ရမှာ ပဲကွ ၊ ဘာသာ ဘယ်လောက် ခက်ခက် တချို့ ကျောင်းသား က နှစ် စ ကတည်း က ကျောင်း တက်ပြီး ကြိုး စားချင်တာ မဟုတ်ဘူး ။ ခုလို သုံးလပြတ် တို့ တစ်လ အပြတ် တို့ ကျ မှ တစ်ရေး နိုး ရာ က မျက် စိလည် လာကြတာ ”


“ ဟုတ်ကဲ့ ... ဟုတ်ကဲ့ ”


သို့သော် ကိုလွမ်းမောင် ၏ ဆုပေးပွဲ သို့ ကျွန်တော် မရောက် ဖြစ်ခဲ့ပါ ။ 


ထို တစ်ပွဲ သို့ မရောက်ဖြစ် လိုက်သော ကျွန်တော် သည် ဤ တစ်ပွဲ ကို တော့ မလာ မကောင်း လာ ခဲ့ ရ၍  ၊ ယခု ရောက် နေ ရပါပြီ ။ သို့သော် သူ့ မိတ်ဆွေများ ၊ ဆရာများ ၊ ကျောင်းသားများ ဝိုင်းဝိုင်းလည် နေသော သူ့ အပါး သို့ ကျွန်တော် မကပ်နိုင် သေးပါ ။ သည်တော့လည်း အနား က လူ နှစ်ဦး ၏ စကားသံ ကို နားစွင့် ၍ သတင်း ယူ ရသည် ။


“ ဇာတ်လမ်း က အဲဒီ သုံးလပြတ် သင်တန်း က စ တာကွ ”


“ အင်း ... ဆိုစမ်းပါဦး ”


“ သုံးလ သင်တန်း မှာ ကြော်ငြာ အား လည်း ကောင်း ၊ နာမည် က လည်း ရပြီးသား ဆိုတော့

ဆရာလွမ်းမောင် တော် တော် အောင်မြင်တယ် ကွ ”


“ အေး .. ငါ လည်း ကြားတယ် ၊ ကျောင်းသား ၁၅ဝဝ ထပ် ရတယ် ဆို ”


“ ဟုတ်တယ် ၊ ဒါပေမယ့် အဲဒီ ၁၅ဝဝ ထဲ မှာ နောက်ထပ် ၁၅ဝဝ ထပ် ပါ လာတယ် ”


“ ဘယ်လို ဘယ်လို ”


“ ၁၅ဝဝ ကိလေသာ မီးလေး တစ်စ ပေါ့ ကွာ သိင်္ဂီလတ် တဲ့ ” 


“ အဲ အဲ ဆက်စမ်းပါဦး ”


“ အဲဒီ သုံးလ သင်တန်း က အောင်မြင်တော့ ကိုလွမ်းမောင် လည်း ကား တစ်စီး က နေ နှစ်စီး ဖြစ် ၊ စာ တစ်ချိန် သင်ရင် အဝတ် တစ်စုံ လဲ ခေါင်း တစ်ခါ ဖြီး ၊ ရေမွှေး တစ်ခါ ဆွတ် နဲ့ ရှေ့ ခုံတန်း က သိင်္ဂီလတ် နဲ့ ငြိပါလေ ရော ” 


“ အားကျသဗျာ ”


“ မင်း က အားကျ နေ သုံးလ သင်တန်း လည်း ပြီး ရော ကောင်မလေး လည်း ကိုယ်ဝန် သုံးလ ရှိ ရော ”


“ ဘုရား ရေ ”


“ ဒါနဲ့ တိုတိုပဲ ပြောကြပါစို့ ကွာ ၊ ကောင်မလေး ခမျာ စားမေးပွဲ တောင် မဖြေလိုက်ရပါဘူး ၊ ဆရာ တပည့် နှစ်ယောက် ပြင်ဦးလွင် ထွက်ပြေး သတဲ့ ”


“ နောက် ... ကောင်မလေး မိဘ က ခွင့်လွှတ်ပါတယ် ၊ ပြန်လာပါ လို့ ကြော်ငြာ တော့ ”


“ မှတ်မိပြီ ကြေးမုံ ထဲ မှာ လေ ”


“ မကြာပါဘူး ကောင်မလေး နဲ့ ကိုလွမ်းမောင် ပြင်ဦးလွင် က ပြန် လာပြီး ကိုလွမ်းမောင် သူ့ မယားကြီး နဲ့ ပြတ်စဲ တယ် ၊ ကောင်မလေး နဲ့ လက်ထပ် တယ် ၊ ကရိဝိတ် ဥတ္တရဆောင် မှာ မင်္ဂလာ ဧည့်ခံပွဲ လုပ်တယ် ”


“ အင်း .. ဒီ အထိတော့ ပန်းခင်းသော လမ်း ဆိုတာ လည်း ဆူး တစ်ချောင်း တလေ တော့ ပါတာပဲ ”


“ အင်း ... ”


“ ခုတော့ ဆူး က နှစ်ချောင်း ဗျ ”


“ ရှင်းစမ်းပါဦးဗျ ”


“ ကောင်မလေး ရဲ့ အစ်ကို နဲ့ ကောင်မလေး ရဲ့ ရည်းစားဟောင်း တို့ ပေါ့ ၊ အဲဒီ ကောင်လေး နှစ်ယောက် က မကျေနပ်ကြဘူး လေ ။ ကောင်မလေး မိဘတွေ က ဖျောင်းဖျ ထိန်းသိမ်း ပေမယ့် သူတို့ နှစ်ယောက် တော့ အပြတ် တင်းမာ နေတယ် လေ ”


“ နှမ လင် နေလို့ ရှက် နေတဲ့ ယောက်ဖ နဲ့ ချစ်သူ အလု ခံရလို့ အူနု ကျွဲခတ် ခံရတဲ့ အပယ်ခံလေး တို့ ရဲ့ အာဃာတ ဆိုပါတော့ ဟင်း ... ဟင်း .. ”


သည်အချိန် က အတင်း ပြောရမည် အချိန် မဟုတ်တော့ ။ အတင်း ပြောရမည့် နေရာ လည်း မဟုတ်တော့ ။ သို့သော် ကျွန်တော် ကိုယ်တိုင် က အတင်းအဖျင်း စကား ကို ကြားချင် နေမိ သဖြင့် နားစွင့် မိ ပြန်၏ ။


“ အေး မင်း ပြောတာ မှန်တယ် ၊ ဒါပေမယ့် တို့ ကိုလွမ်းမောင် က လည်း ခပ်ပြတ်ပြတ် မို့ လား ၊ နှစ်ဖက် တင်း ကြ တော့ ပိုဆိုး ကုန်တာပေါ့ ၊ အဲ တစ်နေ့ ကျ တော့ ”


“ အပြည့်အစုံ ပြောစမ်းပါ ကွာ ”


“ ကိုလွမ်းမောင် တို့ စုံတွဲ ရုပ်ရှင် သွား ကြည့်ရာက အပြန် သူတို့ လမ်းထိပ် လည်း ရောက် ရော ယောက်ဖ နဲ့ ရည်းစားဟောင်း အပါအဝင် ဆိုးသွမ်း လူငယ် တစ်စု နဲ့ ထိပ်တိုက် တွေ့ ကြရော ၊ အဲဒီ မှာ တင် ပြတ် တာပဲ ”


“ အင်း ... ရက်စက်ကြပါပေ့ ကွာ ၊ ဒါနဲ့ နေပါဦး ၊ ကောင်မလေး က ရော ”


“ အတွင်းလူနာ လေ ၊ ဆေးရုံကြီး မှာ ”


ထိုစဉ်မှာ ပင် ကိုလွမ်းမောင် ၏ ရုပ်ကလာပ် ကို သယ်ဆောင် လာ သော

အသုဘယာဉ် က ရေခဲတိုက် ရှေ့ မှ ဘီးလှိမ့် ထွက်ခွာသည် ။


ဪ ... အပြတ် အပြတ် ။


သုံးလ အတွင်း မှာ အားလုံး ပြတ် ကုန်ကြပါပေါ့လား ။ မည်သို့ပင် ဖြစ်စေ ၊ ကျွန်တော် သူငယ်ချင်း အတွက် ဆုတောင်းခြင်း အမှု ကို ကျွန်တော် ပြုမိ ပါချေ၏  ။


“ ကိုလွမ်းမောင် တစ်ယောက် နိဗ္ဗာန်မဂ်ဖိုလ် ကို ရက်တိုတို နှင့် အပြတ် ရောက်ပါစေ ဘုရား ”


◾မင်းသစ်


📖 မုံရွာ ဒေသကောလိပ် မဂ္ဂဇင်း ၊ ၁၉၈ဝ


📖 မြတ်လေး မဂ္ဂဇင်း      

      ၁၉၈၇ ၊ မေလ 


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment