Saturday, January 6, 2024

သေခန်းပြတ် ကုထုံး


 ❝ သေခန်းပြတ် ကုထုံး ❞


အမြစ်ပြတ် ကုထုံး လို့သာ ကြားဖူးပါသည် ။ သေခန်းပြတ် ကုထုံး လို့ တော့ မကြားဖူးပေါင် ဟု ပြောကြမည် ထင်ပါသည် ။ မှန်ပါသည် ။ ဘုရားရှင် လက်ထက်တော် အခါ က သမားတော် ဇီဝက မှ စ၍ ဝိဇ္ဇာ ရှစ်သောင်း အလယ် ၊ ယောအတွင်းဝန် ဦးဘိုးလှိုင် အဆုံး အသုံးပြု ကိုင်စွဲ ခဲ့ကြသည့် ကုထုံးကျမ်း တွေ ထဲ မှာ အမြစ်ပြတ် ကုထုံး တွေ သာ ရှိပါသည် ။ သေခန်းပြတ် ကုထုံး ဆိုတာ ရှိ မှ မရှိဘဲ ကိုး ။


ဒါပေမယ့် ကျွန်တော်တို့ ဆွေမျိုးစု ပိုင် ဆေးကျမ်း တစ်စောင် ထဲ မှာ တော့ ‘ သေခန်းပြတ်ကုထုံး ’ တစ်ခု ရှိနေပါသည် ။ မိသားစု မူပိုင် ကုထုံး ကို လက်တွေ့ကျကျ အသုံးချ ၍ အောင်မြင် သွားခဲ့သော သမားတော် နှင့် ဝေဒနာရှင် တို့ မှာ ယနေ့တိုင် ပင် အသက် ထင်ရှား ရှိနေကြပါသေးသည် ။ အဆိုပါ သမားတော်သည် ကား အခြားသူ မဟုတ် ၊ ကျွန်တော့် အမေ ၏ မောင် တစ်ဝမ်းကွဲ တော်သူ ကျွန်တော် ၏ ဦးလေးဝမ်းကွဲ ဦးဖဲသာအောင် ဆိုသူ လူပြန်တော် သိက္ခာ ရ သမားတော်ကြီး ပါ ခင်ဗျာ ။


ကျွန်တော် သည် နိုင်ငံခြား သင်္ဘော လိုက်ရာ မှ မြန်မာနိုင် ငံသို့ ပြန် ရောက် တိုင်း ကျွန်တော့် ဇာတိ ရွာ သို့ တစ်ခေါက် တော့ သွားရောက် လည်ပတ် စမြဲ ဖြစ်သည် ။ သွားသည့် အကြောင်း က မွေးရပ်ရွာ ကို လွမ်းတာ လည်း ပါသည် ။ ခြေသလုံး ရွှံ့ပေ နေသော ဘုန်းကြီးကျောင်း နေဖက် လယ်သမား ၊ ယာသမား ၊ ရေလုပ် သား သူငယ်ချင်းတွေ ရှေ့ မှာ နိုင်ငံခြား ပြန် အဖြစ် နဲ့ ကြွားချင်တာ လည်း ပါသည် ။ တခြား ထူးခြား ကြီးမား သည့် ရည်ရွယ်ချက် မရှိ သည့် အလျောက် ရွာ ကို ရောက်သည် နှင့် အောက် ခြေ လွတ် သွားပြီး သောက်သောက်စားစား ပျော်ပျော် ပါးပါး အချိန်ဖြုန်း ပိုက်ဆံ ဖြုန်းသည် ။ မူးမူးရူးရူး ဖြင့် လုပ်ချင်တာ လုပ်သည် ။ သွားချင် ရာ သွားသည် ။ ဆယ်တန် တစ်အုပ် ( ကျပ် တစ်ထောင် ) ကျပျောက် ဖူးသည် ။ ရေဘင် နေကာမျက်မှန် ကို အရက်ဝိုင်း မှာ ဖိ ထိုင် မိ၍ ကွဲဖူးသည် ။ သူငယ်ချင်း ၏ သား မင်္ဂလာပွဲမှ အပြန် တွင် နီကွန်ကင်မရာ ရော လူ ပါ လှေ ပေါ် မှ ရေ ထဲ လိမ့်ကျ ဖူးသည် ။ ရွာဦးကျောင်း ဆရာတော် ကို နှုတ်ဆက် ကန်တော့ရန် သွားစဉ် ဝပ်ကင်းရှူး ဖိနပ် ကို ချွတ်ဖို့မေ့ ပြီး ကျောင်းခြံဝင်း ထဲ သာ မက ကျောင်း ပေါ် က ဘုန်းကြီးတွေ ဖိနပ် ချွတ်သည့် နေရာအထိ ရောက် အောင် စီးသွား မိ ၍ ဆရာတော် ရိုက် လွှတ်တာ ခံရဖူးသည် ။


ယခု တစ်ခေါက် သွားရောက် လည်ပတ်သည့် ရည်ရွယ်ချက် က တော့ အတော်အတန် အဆင့်အတန်း ရှိ၍ မွန်မြတ်သည် ဟု ပင် ဆိုနိုင် သည် ။ ဆွေစဉ်မျိုးဆက် တွေ ထဲ က အသက် ရှင်လျက် ရှိနေသူ သက်ကြီး ရွယ်အိုတွေ ကို သွားရောက် နှုတ်ဆက် ကန်တော့ရန် အစီအစဉ် တစ်ခု ပါရှိ နေ၍ ဖြစ်သည် ။


အစီအစဉ် အရ လက်လှမ်း မီ သမျှ ဆွေမျိုး လူအိုလူမင်းတွေ ကို လိုရာ သုံးကြစေဖို့ တစ်ရာ မျိုး ကိုးဆယ် မျိုး အပြင် သင့်ရာ တော်ရာ ကန်တော့ ပစ္စည်းလေးများ ဖြင့် ကန်တော့ သော အခါ ဝမ်းသာ ကြသည် ။ ဆုတွေ ပေးကြသည် ။ “ နင် လဲ အသက် ကြီးပြီ ဖြစ်လို့ သတိ တရားရပြီး လိမ္မာဖို့ သင့်ပြီ ” ဟု သံဝေဂစကား ဆိုကြသည် ။


မှန်၏ ။ အနိစ္စ သင်္ခါရ ဆိုသည် က အမှည့် တဝင်းဝင်း အကင်း တဖြုတ်ဖြုတ် မို့ သူ အရင် လား ကိုယ် အရင် လား ဆိုတာ သာ ကြိုတင် မသိနိုင် သေးခြင်း ဖြစ်သည် ။ မလိမ္မာနိုင်သေး လို့ သာ မိုက် နေရတာ ၊ ကျွန်တော် က လည်း ငယ်တော့ တာ မှ မဟုတ်တာ ။ သေတဲ့ အကြောင်းတော့ သိပါတယ် ။ 


လက်လှမ်း နီး သည့် ဆွေအို မျိုးအို တွေ ကို နှုတ်ဆက် ကန်တော့ပြီး သောအခါ လက်လှမ်း ဝေး ၍ ဆွေမျိုးစု အသိုင်းအဝိုင်း ၏ အပြင်ဘက် တွင်  ၊ နှစ်ပေါင်း သုံးဆယ် ကျော်ခန့် ကတည်း က ရောက် နေသော ဦးလေး ဦးဖဲသာအောင် ရှိရာ မန်ကျည်းတောရွာ သို့ ခရီး ဆက်ခဲ့ပါသည် ။


မန်ကျည်းတောရွာ ဟူ သော အမည် နှင့် လိုက်ဖက် စေရန် ရည်ရွယ် ၍ စိုက်ပျိုး ခဲ့ကြဟန် တူသည် ။ သန်မာထွားကျိုင်း ၍ အင်အား ကောင်း လှသည့် မန်ကျည်းပင်ကြီးများ ကို နေရာတကာ မှာ တွေ့ရသည် ။ အုန်း ၊ ကွမ်း ၊ ငှက်ပျော ၊ ဩဇာ ၊ ဥသျှစ် ၊ သရက် ၊ မာလကာ ၊ ရှောက် ၊ သံပရာ ၊ ပင်ပျို ပင်အို တို့ ဖြင့် စိမ်းစိုညို့မှိုင်း နေသော မန်ကျည်းတောရွာကြီး တွင် ဓာတ် ၊ ဗိန္ဒော ၊ ပယောဂဆရာကြီး ဦးဖဲသာအောင် ဟု မေးလိုက်သည် ဆိုလျှင် ပင် လူတိုင်း သိသော စူပါစတား မဟာ သမားတော်ကြီး ဖြစ်နေတာ တွေ့ရတော့သည် ။ စူပါစတား သင်္ဘောသား ရဲ့ ဦးလေး ဆိုတော့ သူ လည်း ဘယ် ခေ လိမ့်မလဲ ။


ဧည့်သည် ကို အိမ်တိုင်ရာရောက် လိုက်ပို့ ပေးသူများ ကျေးဇူး ကြောင့် ရွာလယ် လမ်းဆုံလမ်းခွ က နှစ်ထပ်အိမ်ကြီး မှာ လှည်း နဲ့ နွား နဲ့ ကက်ဆက် နဲ့ အခန့်သား နေ နိုင်သော ဦးလေး အိမ် သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက် သွားပါသည် ။ ထူးထူးခြားခြား ရွာခံသား ကလေး တစ်အုပ် နှင့် အတူ ရောက် လာသော ဘောင်းဘီဝတ် ဧည့်သည် တစ်ယောက် အိမ် ထဲ ဝင်၍ အိမ် ထဲ ကလူတွေ တအံ့တသြဖြစ်နေကြသည် ။ အိမ်ရှေ့က ပက်လက် ကု,လားထိုင် မှာ ထိုင်ပြီး လူမမာ မျှော် နေဟန် တူ သော ဓာတ် ဗိန္ဓော ပယောဂ ဆရာကြီး က မူ သူ ၏ ကျော်ကြားမှု ကို သတင်း ယူရန် လာသော ဘီဘီစီသတင်းထောက် ဟု ထင်သွား ဟန် တူသည် ။ ချောင်း ဟန့်၍ ခါးဆန့် ထိုင်ပြီး အိုက်တင် ခံ လိုက်သည် ။


၁၉၅၆ ခုနှစ် ကျွန်တော့် အသက် ဆယ့်လေးနှစ်သား အရွယ် မှာ ရွာ နှင့် ဆွေမျိုး အသိုင်းအဝိုင်း ကို ကျောခိုင်း ထွက်သွား ခဲ့သော ကျွန်တော့် ကို ဦးလေး သည် လုံးဝ မမှတ်မိ နိုင်တော့ပါ ။ နှစ်ပေါင်း သုံးဆယ် ကျော် ခဲ့ပေပြီ ။ သူ ရွာ က ထွက်ခွာ သွားစဉ် က သူ့ အသက် သုံးဆယ် ပင် မပြည့်သေး ဟု ထင်ပါသည် ။ အခု တော့ အသက် ခြောက်ဆယ် ကျော် အဘိုးအို ဖြစ် နေပေပြီ ။ သူ့ အိမ် မှာ မဟုတ်ဘဲ အခြား တစ်နေရာ မှာ တွေ့လျှင် ကျွန်တော် လည်း သူ့ ကို မှတ်မိမည် မဟုတ်ပါ ။ အိမ် ပေါ် မှာ ဖြစ်နေသည့် အပြင် သူ့ အစ်ကို ဦးထွန်းသာအောင် နှင့် ရုပ်ချင်း တူ နေသောကြောင့် သာ မှတ်မိတော့သည် ။


ဖိနပ် ချွတ်ပြီး လွယ်အိတ် ၊ ဆွဲအိတ် ၊ ကင်မရာ စသည့် တိုးလို့ တွဲလောင်းတွေ ကို ကြမ်းပြင်ပေါ် မှာ အသာ ချ၍ ဦးလေး ထိုင် နေသည့် ကု,လားထိုင် ရှေ့ မှာ ဒူးတုပ် ထိုင်ချ လိုက်သည် ။ ဦးလေး ၏ မျက်နှာ ကို တစ်ချက် မော့ ကြည့်ပြီး လက်ဆယ်ဖြာ ထိပ် မှာ မိုး၍ ရိုသေစွာ ရှိခိုးကန်တော့ လိုက်ပါသည် ။ ဦးလေး သည် အလွန် အံ့ဩသော အမူအရာ ဖြင့် ကျွန်တော့် ကို ကြည့် နေပါသည် ။ ဘုရားငါးဆူ သိဒ္ဓိ သွင်း ထားသော သိမ်ဝင် သပိတ်ကွဲအင်း ကို နင်းမိထား သူ အရူး တစ်ကောင် ဆေး ကုရန် လာသည် ဟု ထင် သွားဟန် တူသည် ။ ချောင်း တစ်ချက် ဟန့်၍ ခါး ဆန့်ပြီး မတ် လိုက်သည် ။


“ ဦးလေး နေကောင်းတယ် နော် ” 


“ အေး ငါ က ဆေးဆရာ ပဲ ကွယ့် နေကောင်းပါတယ် ၊ မင်း သာ နေကောင်းရဲ့ လား ၊ ကဲ ဆို ဘာ ကိစ္စ ” 


ဦးလေး ဟု ခေါ်လိုက်၍ ထင်သည် ။ လေသံပျော့ ဖြင့် ခပ် ငေါ့ငေါ့ ပြန် ဖြေသည် ။ ဒေသ အခေါ်  ဖြင့် ဆရာကြီး ဟု သာ ခေါ်လိုက်မိ ပါ က အောက်လမ်း ထိ ထားသော ပယောဂ လူနာ သေချာတယ် ဆိုပြီး စီးပိုး လာ မှာ သေချာသည် ။


“ ဦးလေး ကျွန်တော့် ကို မမှတ်မိတော့ဘူးလား ” 


“ ဟေ့အေး နင် ဘယ်သူ ”


ထူးဆန်းသည့် တွေ့ဆုံပွဲ ကို ဝိုင်းအုံ စောင့်ကြည့် နေကြသည့် အိမ်သူ အိမ်သားများ နှင့် ရွာသူရွာသားများ အကြီးအကျယ် စိတ်ဝင်စား သွားကြပြီ ။ အချို့ မှာ အသက် ရှူရန် ပင် မေ့နေကြ ဟန် တူသည် ။


“ ကျွန်တော် ကိန္နရီချောင်း က ဒေါ်ကျေးဥ ရဲ့ သား ပါ ” 


“ ဟေ ငါ့ တူ ပါ လား ၊ ဟဲ့ မကြီး ၊ နင့် အမေ ကို ခေါ်လိုက်စမ်း ” 


ဝိုင်းအုံ ကြည့်နေသူတွေ ထဲ က သမီး လား ချွေးမ လား တိတိကျကျ မသိရသေး သော မကြီး ဆိုသည့် မိန်းမပျို တစ်ယောက် က မီးဖိုဆောင် ဘက် သို့ ပြေးဝင် သွားပြီး ဒေါ်သန်းကြည် ကို ခေါ် လာသည် ။ အသက် ခြောက်ဆယ် ကျော် နေပြီ ဖြစ်သော်လည်း ဖြူဖြူဖွေးဖွေး ၊ ခံ့ခံ့ချောချော ပင် ရှိပါသေးသည် ။ သူ့ ခေတ် သူ့ အခါ ဟု ဆိုရမည့် ကျွန်တော် တို့ ငယ်ငယ် တုန်း က တော့ ကိန္နရီချောင်းရွာ မှာ ဒေါ်သန်းကြည် သည် လည်း မိန်းမချော စာရင်းဝင် တစ်ဦး ဖြစ်ခဲ့သည် ။


“ ဟဲ့ မကြည် ၊ ဒီမှာ ကိန္နရီချောင်း က ယောက်ဖကြီး ကိုလှအေး အစ်မကျေး တို့ သား တဲ့ ဟ ” 


ဒေါ်သန်းကြည် က ဦးလေး ၏ ကု,လားထိုင် အနီး တွင် ဝင်ထိုင် ချ လိုက်ပြီး ကျွန်တော့် ကို မဝံ့မရဲ ကြည့် ၍ မေးသည် ။


“ မကျေး မှာ ဘယ်နှစ်ယောက် ရှိလို့လဲ ၊ တို့ သိတာ သုံးယောက် ၊ နင် က ဘယ်သူ ”


“ ဒေါ်လေး သိတဲ့ သုံးယောက် ထဲ က အငယ်ဆုံး က ကျွန်တော် ပါ ”


“ ဟေ နေပါဦး ၊ အကြီးကောင် ငသောင်းရယ် ၊ ပြီးတော့ ” 


“ မောင်သောင်း ၊ မောင်ကြီး ၊ ပြီးတော့ ကောက်ကြီး ဆိုတာ ကျွန်တော်ပါ ” 


“ ဪ မှတ်မိပြီ ၊ ဘုန်းကြီးကျောင်း မှာ နေတဲ့ ဆွမ်းခံ ထွက်တဲ့ ကောင်လေး မဟုတ်လား ” 


“ ဟုတ်တယ်လေ ၊ ကိုရင် ဆွမ်းခံ ထွက်ရင် ကြေးစည် ရိုက်တာ ကျွန်တော် ပေါ့ ”


“ အေး ဟုတ်ပြီ ၊ ပြော မှ ငယ်ရုပ် ပြန် ပေါ်လာတော့တယ် ”  


ကဲ ဇာတ်တော်ကြီး လဲ ပေါင်းမိပါပြီ ။ ဒီတော့မှ ပွဲကြည့် ပရိသတ် များ လည်း သက်မကြီး ချ၍ ပြုံးနိုင်ကြပါ တော့သည် ။ ပယောဂ ကု နေသည် ထင်၍ ဝင် ကြည့်သူများ လည်း ကိုယ့် ခရီးကိုယ် ဆက် သွားကြ လေပြီ ။


ဦးလေး နှင့် ဒေါ်လေး တို့ အခု လို ပူးကပ်စွာ အတူ ယှဉ်တွဲ ထိုင် နေသော ပုံ ကို ကြုံတောင့်ကြုံခဲ အမှတ်တရ ဓာတ်ပုံ ရိုက် ယူပြီးသော အခါ မှာ တော့ ကျွန်တော့် စိတ် အစဉ် သည် အတိတ် တစ်ခွင် သို့ နှစ်ပေါင်း သုံးဆယ် ကျော် ပြန် ရောက် သွားပါသည် ။


ဦးလေး သည် အသက် နှစ်ဆယ် အရွယ် တွင် ကိုရင် ဘဝ မှ ပဉ္စင်း တက် လိုက်သည် ။ ဦးလေး ၏ အမေ ကျွန်တော့် အဘွားလေး မှာ သား မောင် ပဉ္စင်း အတွက် ဂုဏ်ယူ မဆုံး ဖြစ်ခဲ့ရသည် ။ ငါ သေ ရင် ရွှေထီး ဆောင်း ရတော့မယ် ၊ မယ်တော်ပျံကြီး စည်ကားဦးမည် ဟု စိတ်ကူး ယဉ် နေတုန်း သားတော်မောင် က ရဟန်း ငါးဝါ အရ တွင် လူ ထွက်လို က်သည် ။ ရဟန်း မယ်တော်ကြီး စိတ်ဓာတ် ကျ သွားတော့သည် ။ ရဟန်း လူထွက် က တော့ လယ် မလုပ် ၊ ကိုင်း လည်း မထွန် ဘဲ သူ့ အဘိုး ( ကျွန်တော့် အဘွား ၏ အဖေ ) ကိုင် ခဲ့သည့် လက်ရေးမူ ဆေးကျမ်း တစ်စောင် အားကိုး ဖြင့် ဆေးဆရာ ယောင်ယောင် ၊ ဗေဒင်ဆရာ ယောင်ယောင် လုပ် နေ တော့သည် ။


ထို အချိန် က ကျွန်တော် တို့ ရွာ မှာ ကွမ်းတောင်ကိုင် အဆင့် မီ အောင် ချောသည့် အပျို သုံးလေးယောက် ရှိသည့် အနက် အိမ်ကြီးရခိုင် နှင့် နေနိုင် သည့် စာရင်းကိုင် စပါးကုန်သည် သမီး မသန်းကြည် လည်း တစ်ယောက် အပါအဝင် ဖြစ်သည် ။ တောသူ ဥစ္စာ ပေါ ရုပ် ချော တို့ ထုံးစံ အတိုင်း လိုချင်တဲ့ လင် ကို မရ ၊ ရတဲ့ လင် ကို မလိုချင် ၊ ရွာခံသား ကို လည်း မကြိုက် ၊ သူတို့ ကို ကြိုက်သည့် ရွာခံသား တို့ က လည်း သူတို့ ၏ ရုပ်ဆင်းရူပါ စီးပွားဥစ္စာ အရှိန် အဝါ တို့ ကြောင့် သူတို့ အနား မကပ်ရဲ ဖြစ်နေစဉ် အသက် နှစ်ဆယ့်ရှစ်နှစ် ခန့် အရွယ် တွင် မသန်းကြည် စိတ်တွေ ကယောက်ကယက် ဖြစ် လာပြီး သွက်သွက် လည် အောင် ရူး သွားလေ တော့သည် ။


ပိုက်ဆံ တတ်နိုင်သူများ ဖြစ်၍ ဓာတ် ၊ ဗိန္ဓော ၊ ပယောဂဆရာ အမျိုးမျိုး တို့ ဖြင့် ကုသ ပါသော်လည်း မသန်းကြည် ၏ စိတ် ဝေဒနာ မှာ ပျောက်ကင်း သက်သာမှု မရှိဘဲ ဖြစ်နေသည် ။ ထိုအချိန် က ကျွန်တော်တို့ အရပ်ဒေသ တွင် ရောဂါ အမျိုးမျိုးကို ကုသ ပေးနိုင်သည့် ကွန်မြူနစ်ဆေးရုံ က ဆရာဝန်ကြီး ဆဒ္ဒန်ဆင်မင်း တောင် လက်လျှော့ လိုက်ရသည် ။


ဟင်္သာတခရိုင် ဆေးရုံ ကို ကွန်မြူနစ်များ ဝင် စီးစဉ် က ဖမ်းဆီး ခေါ်ယူ လာခဲ့သော ပန်ချာပီ ဆရာဝန်ကြီး ဆဒ္ဒါးဆင်းမ် ( Suddah Sim ) ကို ကျွန်တော်တို့ အရပ် က လူတွေ က အသံထွက် မှန်အောင် မခေါ်တတ် ၍ မြန်မာ ဆန်ဆန် ' ဆဒ္ဒန်ဆင်မင်း ' ဟု ခေါ်ကြခြင်း ဖြစ်သည် ။ မေ့ဆေး မရှိ ၍ လူနာ ကို ချက်အရက် မူးအောင် တိုက်ပြီး အောင်မြင်စွာ ခွဲစိတ် ကုသ နိုင်သော ဆရာဝန်ကြီး ဖြစ်သည် ။ သို့သော် မသန်းကြည် ကို တော့ လက်လျှော့ လိုက် ရသည် ။


မသန်းကြည် ၏ အခြေအနေ မှာ လည်း တစ်နေ့ ထက် တစ်နေ့ ပိုမို ဆိုးရွား လာသည် ။ အိမ်သူ အိမ်သားတွေ လစ် လျှင် အိမ် က ထွက် ပြေးသည် ။ လိုက် ဖမ်းပြီး အခန်း လှောင် သော့ခတ် ရသည့် အဆင့် သို့ ရောက် လာသည် ။


မူလ ရွာဦးကျောင်း ဆရာတော်ဘုရားကြီး ၏ အန္တိမဈာပန ၊ ဘုန်းကြီးပျံပွဲတော် နောက်ဆုံး ည မှာ တော့ မသန်းကြည် ၏ မိဘဆွေမျိုး များ သာ မက ကိန္နရီချောင်း တစ်ရွာလုံး အရှက်တကွဲ အကျိုးနည်း ဖြစ်ရ သော ည ဟု ဆိုရ မလို ဖြစ်ခဲ့ရသည် ။ ဘုန်းကြီးပျံ ဈေးတန်း လူစည်ကား နေချိန် တွင် အရူးမ မသန်းကြည် ရောက် လာပြီး ပွဲတော် လာ ပရိသတ် ကို အော်ဟစ် တိုင်တန်း ပါ တော့သည် ။


“ ဒီမှာ ကြည့်ကြပါဦး တော် ၊ ဘယ် က အကောင်မှန်း မသိဘူး ၊ လူ ငါးယောက် ဝိုင်းပြီး ကျွန်မ ကို ---- ကြတယ်လေ ၊ ထဘီတွေ လဲ စိုရွှဲ ကုန်ပြီ ဟိုကောင် ပုလိပ် လူထွက် အောင်တင့် ပါတယ် ၊ ကျွန်မ ကို ယူမယ် ပြောပြီး အခုတော့ ထွက်ပြေး ခဲ့ပြီ ၊ ဒီ ပွဲခင်း ထဲ မှာ ရှိတယ် ရှာ ပေးကြစမ်းပါ ” 


သူ့ ထဘီ မှာ ပေကျံ စိုရွှဲ နေသော အစွန်းကွက် အညစ်အကြေး တွေ ကို ဖြန့် ပြ၍ တွေ့ သမျှ လူတွေ ကို အရှက်အကြောက် ကင်းမဲ့စွာ အော်ဟစ် တိုင်တန်းလေ တော့သည် ။ ( ထိုအမှု နင့် ပတ်သက်၍ အောင်တင့် နှင့် အပေါင်းပါ တစ်စု တို့ ထောင် ဆယ်နှစ် စီ အသီးသီး ကျသွားကြ သော်လည်း သာသနာ နှစ်ထောင့်ငါးရာ ဆဋ္ဌသင်္ဂါယနာပွဲတော် နှင့် ကြုံ ၍ ငါးနှစ်ခန့် စီ ဖြင့် ပြန် လွတ် လာကြသည် ။ ) မသန်းကြည် ၏ မိခင်ကြီး ခမျာ ရှက်လွန်း၍ စိန် နှင့် သံပရာရည် ရော သောက်ပြီး သေကြောင်းကြံ ကြ သော်လည်း ဆရာဝန်ကြီး ဆဒ္ဒန်ဆင်မင်း အစွမ်း ကြောင့် မသေဘဲ နောက်ထပ် ဆယ်နှစ် လောက် လူ့ ပြည် မှာ နေသွား ရ သေးသည် ။


ဒီ အခြေအနေ မှာ ကျွန်တော့် ဦးလေး ယောဆရာကြီး က လူ ပြုစား ခံ ထားရသော မသန်းကြည် ၏ ရောဂါ ကို ဆေးဖိုးဝါးခ တစ်ပြား မှ မယူဘဲ အထက်လမ်းနည်း ၊ အောက်လမ်းနည်း နှစ်မျိုး ကူးဆက် ၍ ကုသပေး ပေး မည် ဟု ချဲလင်း ခေါ် လိုက်သည် ။ အခမဲ့ ကုသပေးပါမည် ဆိုသည့် ဆရာ က ဘုန်းကြီး လူထွက် လူပျို ၊ အကုသခံမည့် လူနာ က အရူးမ အပျို ဆိုတော့ ကာယကံရှင် တို့ စဉ်းစားကြ သေးသည် ။ နောက်ဆုံးတော့ မုဒိမ်းကျင့် ခံထားရတဲ့ အရူးမ ပဲ ၊ ဒီထက် ပိုပြီး နာ စရာ အကြောင်း မရှိတော့ပါဘူး ဆိုပြီး လက်ခံ ခွင့်ပြု လိုက်ကြသည် ။


အဲဒီမှာ ဆရာ့ ဘက် က အထက်စီး ရ နေသမို့ ကုသရာ တွင် သူ လိုချင်သည့် ပုံစံတွေ ချပြ တော့သည် ။ မသန်းကြည် တို့ အိမ်ကြီး အပေါ် ထပ် တွင် ဆရာ ရော လူနာ ပါ လေးဆယ့်ငါးရက် ကြာ အောင် အဓိဋ္ဌာန် ဝင် ရမည် ။ အိမ် အပေါ်ထပ် တစ်ခုလုံး ကို ပရိတ်ရေ ၊ ပရိတ်ချည် တို့ ဖြင့် ဝိုင်းပတ်၍ စည်း ချ ထားမည် ။ ဆရာ ခွင့်ပြုချက် မရဘဲ အိမ် ပေါ်ထပ် သို့ မည်သူမျှ တက် မလာရ ။ နှစ်ကျိပ်ရှစ်ဆူ ကုန်သော ဘုရားရှင် တို့ ကို ပူဇော်ရန် ဘုရားပွဲ ၂၈ ပွဲ ထိုး ပေးရမည် ။ ဆီမီး ၂၈ တိုင် ကို ၄၅ ရက်လုံး မီး ဆက်ပြီး ပူဇော်ရမည် ဖြစ်၍ ဖယောင်းတိုင် အလုံ အလောက် ပေးရမည် ။ သံဗုဒ္ဓေဂါထာတော် ရွတ် ၍ ရေမန်း ပက် အစွဲ ချွတ်မည့် ဓာတ်ခန်း နေရာ ကို ကန့်လန့်ကာ ခုနစ်ထပ် ဝန်းပတ် ကာရံ ပေးရမည် ။ ဆရာ နှင့် လူနာ တို့ စားသောက်ရေး နှင့် ခင်းကြီးခင်းငယ် အတွက် အဆင်ပြေ အောင် စီစဉ် ပေးရမည် စသည်ဖြင့် တောင်းဆိုသည် ။ ကာယကံရှင် တို့ က လည်း အပန်းမကြီး သည့် ကိစ္စတွေ မို့ အားလုံး ကို လိုက်လျော ခွင့်ပြု လိုက်သည် ။


ပယောဂ ကပ် နေသော စိတ်ဝေဒနာသည် ကို ကုသမည့် ကုထုံးနည်း စနစ် က ဆန်းသစ် နေ၍ ကိန္နရီချောင်း တစ်ရွာလုံး သာ မက အနီးအနား ရွာတွေ က ပါ ကြားရသူ တိုင်း စိတ်ဝင်စား နေကြသည် ။ အစစ ပြင်ဆင် စီစဉ် ပြီးသော အခါ နေ့ကောင်း ရက်သာ ရွေး ၍ အဓိဋ္ဌာန် စခန်း စ ဝင် ကြတော့သည် ။


ပထမ တစ်ရက် မှာ ပင် ဝမ်းသာစရာ သတင်း ထွက်ပေါ် လာသည် ။ လူနာ သည် ဆရာ တိုက် သည့် ဆေး ကို သောက်သည် ။ ဆရာ တိုင်ပေး သည့် ဘုရားရှိခိုးစာ ကို လက်အုပ် ချီ လျက် လိုက် ဆိုသည် ဟူ၍ ပင် ဖြစ်သည် ။


ပထမပတ် ဒုတိယပတ် တွေ မှာ ထွက်ပေါ်လာသည့် သတင်း က ပို၍ ကျေနပ် အားရစရာ ကောင်းလာသည် ။ လူနာ ၏ ဆီး ၊ ဝမ်း ၊ သွေး ၊ လေ အားလုံး မှန်ကန် ကောင်းမွန် နေပြီး ဆရာ မေး သမျှ ကို လည်း ပြန်လည် ဖြေကြားပြီ ဟူ၍ ဖြစ်သည် ။


တစ်လ ပြည့်မြောက် သွားသော အခါ မှာ တော့ လူနာ ၏ မိဘဆွေမျိုး များ ပြုံးနိုင် ပျော်နိုင် ကြတော့သည် ။ လူနာ သည် ဝတ်ကောင်းစားလှ ဝတ်၍ သနပ်ခါး ပန်းမန် လိမ်းကျံ ခြယ်သ လာသော ကြောင့် ဖြစ်သည် ။ လူနာ ဘက် က ဆွေမျိုးတွေ ဝမ်းသာကြ သလို ၊ ကျွန်တော်တို့ ဘက် က ဆွေမျိုးတွေ က လည်း လက်မ ထောင်၍ ခေါင်းမော့ ရင်ကော့ ပြီး လမ်း လျှောက် ကြတော့သည် ။ “ ဆဒ္ဒန်ဆင်မင်း တောင် ကု မရလို့ လက်လျှော့ ထားရတဲ့ အရူးမ ကို တို့ ဆွေမျိုး ဆရာလေး မောင်ပဉ္စင်း ဖဲသာအောင် ကု လို့ ပျောက်တော့မယ်လေ” ဟူ၍ ဖြစ်သည် ။


တစ်ရွာလုံး ၊ တစ်နယ်လုံး စိတ်ဝင်တစား စောင့်စား မျှော်လင့် နေကြသော လေးဆယ့်ငါးရက် ပြည့်မြောက် ၍ အဓိဋ္ဌာန်စခန်း ထွက်မည့် နေ့ မှာ တော့ အိမ် အောက်ထပ် က ထိုးတင် ပေးရသည့် ဆွမ်းတော်ပွဲ ကို လည်း လှမ်း မဆွဲ ၊ ဆရာ နှင့် လူနာ အတွက် ထမင်းပွဲ ကို လည်း

လှမ်း မကိုင် သော အခါ မသင်္ကာ ၍ လှေကား တစ်ဝက် ခန့် တက်ပြီး ချောင်းမြောင်း ကြည့်သည် ။ အရိပ်အယောင် ပင် မမြင်ရ ၊ အသံဗလံ လည်း မကြား၍ အော် ခေါ်  ကြည့်သည် ။ ပြန် မထူး ။ စိုးရိမ်၍ အပေါ်ထပ် သို့ အရဲ စွန့် တက်ကြပြီး ကန့်လန့်ကာ ခုနစ်ထပ် ကို လှစ်ကြည့် လိုက်ရာ ဆရာ ရော လူနာ ပါ မရှိတော့ ရုံ သာ မက လူနာ ၏ အဝတ်အစား အသုံး အဆောင် တွေ ပါ မရှိတော့ တာ တွေ့ကြရ တော့သည် ။


နှစ်ဖက် ဆွေမျိုးတွေ အကြီးအကျယ် ရှက် သွားကြပြီး ပြုံးနေ သူတွေ တည်တည်ကြီး ဖြစ်သွားကြသည် ။ ခေါင်း မော့ ရင် ကော့ ပြီး လမ်းလျှောက် နေသူတွေ လမ်းပေါ်  မထွက်ရဲ ဖြစ်သွားကြသည် ။ မသန်းကြည် တို့ ဘက် က သူတို့ သိက္ခာ ကို ဆယ်သည့် အနေဖြင့် အရှက် ပြေ လေသံ လွှင့်သည် ။ ' စိတ် ဝေဒနာသည် ကို ခိုးယူ ပေါင်းသင်းမှု ဖြင့် တရားစွဲရန် စီစဉ်နေကြောင်း ' ဟု လေသံ ထွက် လာသော အခါ ကျွန်တော်တို့ ဘက် က လည်း အားကျမခံ လေသံ ပြန် လွှင့် ပေးလိုက်သည် ။ ' မုဒိမ်းကျင့် ခံရဖူးသည့် အရူးမ ကို ယူတဲ့ အကောင် ငဖဲသာအောင် အား ဆွေစာရင်း မျိုးစာရင်း မှ အရှင်း ပယ်ဖျက်၍ မိမွေ ဖမွေ ရပ် ၊ သေခန်း ဖြတ်လိုက်ကြောင်း ' ဟူ၍ ဖြစ်ပါသည် ။


အရေးအခင်းတွေ ပြီး၍ သုံးလေးနှစ် ကြာတော့ သူတို့ သတင်း ကို တစ်စွန်းတစ်စ ကြားရသည် ။ ရခိုင်ရိုးမ တောင်ခြေ အနီး က မန်ကျည်းတော ရွာကြီး မှာ အခြေချ နေထိုင်ကြကြောင်း ၊ မသန်းကြည် မှာ လူကောင်း ပကတိ ဖြစ် နေပြီး လှလို့ ဝလို့ သား နဲ့ သမီး နဲ့ ရွှေ နဲ့ ငွေ နဲ့ ဖြစ်နေကြောင်း ဟူ၍ ဖြစ်သည် ။ မသန်းကြည် ၏ မိဘများ က တိုးတိုးတိတ်တိတ် ထောက်ပံ့ နေဟန် တူသည် ။ ကျွန်တော်တို့ ဘက် က တော့ ထောက်ပံ့ဖို့ ဆိုတာ ထား ၊ ဖဲသာအောင် ဆိုတဲ့ အမည် ကို စကား ထဲ တောင် ထည့် မပြောရ ဟု အမိန့် ထုတ် ထားသည် ။


လေးဆယ့်ငါးရက် အဓိဋ္ဌာန် ဝင်သည့် နေ့မှ စပြီး ဦးလေး ကို ကျွန်တော် မမြင်ရ တော့ တာ အခုမှ ပဲ ပြန် တွေ့ တော့သည် ။ ကျွန်တော် ပင် လေးဆယ် ကျော် ၍ ငါးဆယ် ဘက် သို့ ချဉ်း လေပြီ ။ ဦးလေး က ခြောက်ဆယ် ကျော် နေပြီး အိမ်ထောင်သည် သားကြီး သုံးယောက် အပြင် မကြီး နှင့် မငယ် ဆိုသည့် သမီးပျို နှစ်ယောက် တို့ ဖြင့် ပျော်ရွှင် ချမ်းမြေ့စွာ ပြည့်စုံစွာ နေနိုင်တာ တွေ့ရသည် ။


ဦးလေး နှင့် ဒေါ်လေး တို့ ကို နှုတ်ဆက် ကန်တော့ပြီး သုံးလေးရက် ခန့် ကြာသော အခါ ကိန္နရီချောင်းရွာ သို့ ပြန်ရန် ပြင်ဆင် ရ တော့သည် ။ မပြန်မီ တစ်ရက် အိမ်သူ အိမ်သားတွေ အလစ် မှာ ဦးလေး အပါး သို့ ချဉ်း ကပ်၍ တိုးတိုး ပြောရသည် ။ ဦးလေး လဲ အသက် ကြီးလာပြီ ဖြစ်လို့ နောင်လာ နောက်သားတွေ အတွက် ကုသခဲ့ စဉ် က အသုံးပြု ခဲ့သည့် အစွမ်း ထက် လှသည့် ဆေး တစ်လက် ဖော်နည်းကားလေး ကို ပေး ပါရန် မေတ္တာရပ်ခံသည် ။


“ အေး ဟုတ်တယ် ဟေ့ ၊ ကဲ လိုက်ရေးစမ်း ၊ ပန်းဥ ၊ ပန်းနု ၊ ဝတ်ဆံ ၊ ကံ့ကော်ဝတ်ဆံ ၊ ဇဝက်သာ ၊ ဥပသကာ ၊ ပဲနံ့သာ ၊ သစ်ကြံပိုး ၊ နံ့သာဖြူ ၊ နံ့သာနီ ၊ စန္ဒကူးအဖြူ  ၊ စန္ဒကူးအနီ ၊ ထိန်ပွင့် ၊ ဇာတိပ္ဖိုလ်ပွင့် ၊ လေးညှင်း ၊ ကန့်ဘလူ ၊ အလေးတူ အမျှစု အမှုန့်ပြု၍ တာရှည်ဆောင် လျှင် ကမ္ဘာ တည် အောင် စွမ်းတဲ့ဆေး တဲ့ ကွယ့် မှတ်ထားလိုက် ၊ မှတ်ထားလိုက် ”


“ ဦးလေး ဒါ သာမန် သွေးဆေး ပဲ မဟုတ်လား ၊ ဘာ ဆန်းလို့လဲ ”


“ ဆေး က မဆန်းပါဘူး ကွဲ့ ၊ လူနာ ရဲ့ လက္ခဏာ ကို သိရင် ရေ လဲ သုံးပြီး ကုတဲ့ ကုထုံးကုနည်း က အရေးကြီးတာပါ ” 


“ ဟုတ်ပြီ ၊ အဲ အဲဒီ ကုထုံးလေး ပါ ညွှန်ခဲ့စမ်းပါဦး ”


“ လူနာ ရဲ့ ဝေဒနာ အမှန် ကို သိဖို့ လိုတယ် ၊ အနာ သိ ရင် ဆေး ရှိပါ တယ်ကွယ့် ၊ အဲဒီတုန်း က မင့် ဒေါ်လေး မှာ လင် လိုချင်တဲ့ ရောဂါ က လွဲ လို့ တခြား ဘာ ရောဂါ မှ မရှိဘူး ၊ အရှက်အကြောက် နဲ့ ဆွေကြီးမျိုးကြီး ဂုဏ်သိက္ခာတွေ ကို ငဲ့ပြီး သွေးသား က တောင်းဆို နေတဲ့ လိင်သဘာဝ နဲ့ ဆန္ဒတွေ ကို ချိုးနှိမ် ချုပ်တည်း ရ လွန်းလို့ သွေးလေ မမှန်ဘဲ စိတ် ကယောက်ကယက် ဖြစ်သွားတာပါ ”


ဦးလေး ပြော မှ သာကေတ ကျွန်တော့် သူငယ်ချင်း လင်မယား ကို သွား သတိရ သည် ။ ရေတပ်သား ဘဝ မှာ ညား လာ ခဲ့သော မော်လမြိုင် သူလေး ကို တစ်နှစ် လောက် သာ ယုယုယယ ပေါင်းသည် ။ နောက်ပိုင်း တွင် ကျွန်တော် တို့ နှင့် တွဲပြီး နေ့တိုင်း အရက် သောက်သည် ။ မူးမူး နဲ့ အိမ်ရှေ့ ဧည့်ခန်း မှာ တစ်ယောက် တည်း အိပ်သည် ။ တစ်နေ့ တော့ ကျွန်တော်တို့ ဝိုင်း မသိမ်းမီ သူတို့ အိမ်ခန်း အတွင်း မှ ဝုန်းဒိုင်း အသံ ကြား၍ ပြေးဝင် ကြည့် ကြရာ သရဲသဘက် စီးနေသည့် မျက်နှာကြီး ဖြင့် ထဘီ အင်္ကျီတွေ ဆုတ်ဖြဲ နေသော သူ့ မိန်းမ ကို တွေ့လိုက်ရသည် ။


ကျွန်တော့် သူငယ်ချင်း က ပြေးဝင် သွားပြီး ပွေ့ဖက် လိုက်ရာ ပက်လက်လန် လဲကျ သွားပြီး ဆန့်ငင် ဆန့်ငင် ဖြင့် တက် နေတော့သည် ။ ကျွန်တော်တို့ ပါ ဝိုင်းကူ ပွေ့ယူပြီး သူတို့ အိမ်နား က ဆေးခန်း မှာ အရေး ပေါ် ပြသည် ။ ဆရာဝန် က စိတ်ငြိမ်ဆေး တစ်လုံး ထိုး ပေးပြီး သောက်ဆေး ပါ ပေးသည် ။ လူနာ သတိ ပြန် ရ သော အခါ ဆရာဝန် က ကျွန်တော့် သူငယ်ချင်း ကို လူ ရှင်းရာ သို့ လက်ကုတ် ခေါ်ယူ ပြီး ပခုံး ပုတ် ၍ တိုးတိုး ပြောသည် ။


“ ရဲဘော်ကြီး အရက်ချည်း သောက် မနေနဲ့ ၊ မိန်းမ ကို ဂရုစိုက်ဦး ၊ မောင်ရင့် အမျိုးသမီး sexual hysteria ဖြစ်ဖို့ စနေပြီ ” တဲ့ ။


အဲဒီ နေ့ က စပြီး ကျွန်တော့် သူငယ်ချင်း လည်း အရက် ပြတ် ၊ သူ့ မိန်းမ လည်း ပယောဂ မကပ် တော့ ဟု သိရသည် ။ အဲဒီတုန်း က ဆရာဝန် မှတ်ချက် နှင့် အခု ဦးလေး ပြောတာ သဘောချင်း ဆင်တူ နေ၍ လေးတန်း တောင် မအောင် သော ကျွန်တော့် ဦးလေး ကို အတော် အထင် ကြီး သွားမိသည် ။


“ ဒီ သွေးဆေး ကို သကြားလေး နည်းနည်း ထည့်ပြီး ရေအေး နဲ့ တစ်နေ့ နှစ်ကြိမ် တိုက်တယ် ၊ ဆီး ၊ ဝမ်း ၊ လေ ၊ ဓမ္မတာ မှန်အောင် ရင်းပြား ၊ ရှားစောင်းလက်ပပ် ၊ ထန်းလျက် ၊ မန်ကျည်းနှစ် ၊ ပွေးကိုင်း နဲ့ ပျားရည် ပါတဲ့ တေဆေးလေး ကို ဆီးကင်း လောက် အိပ်ရာ မဝင် ခင် ညစဉ် ခွံ့ ပေးတယ် ၊ ဆေး တိုက် ပြီးတာနဲ့ ကန့်လန့်ကာ ခုနစ်ထပ် ကာ ထားတဲ့ ဓာတ်ကူးခန်း ထဲ မှာ လေးဆယ့်ငါးရက် လုံး တို့ နှစ်ယောက် အတူ ဖက် အိပ်ကြတယ် ၊ ကုထုံး က တော့ ဒါပါပဲ ၊ လေးဆယ့်ငါးရက် လဲ မြောက် ရော မင့် ဒေါ်လေး ရဲ့ ရောဂါ လဲ ပျောက်ရော ” 


“ အိုးမိုင်ဂေါ့ဒ် ဟော့ ဟော့ ”


ကျွန်တော် ဘိုလို ဘုရား တ ပြီး နှစ်ချက် ရှိုက် ၍ ရယ် လိုက်မိသည် ။ ဖြစ်မှ ဖြစ်ရလေ ဦးလေး ရယ် ဟု လည်း စိတ် ထဲ က ရေရွတ် လိုက် မိပါသည် ။ ဪ လက်စသတ်တော့ အထက်လမ်းနည်း ကို အယောင် ပြ ၊ အမှောင်ချ ထားသည့် နောက် ခန်းဆီး အလုံအခြုံ မှာ အောက်လမ်းနည်း အဖုံဖုံ တို့ ဖြင့် နည်းစုံ လမ်းစုံ ယုယ ပိုက်ထွေး ၍ မီးကုန် ယမ်းကုန် ကုသ တိုက်ကျွေး ခဲ့သော ကျွန်တော့် ဦးလေး ၏ “ အမွေလမ်းဖြတ် ပြုမဆုံးပါသည့် သေခန်းပြတ် ကုထုံး မဟာကြီး ” ကို မှတ်သား နာယူ ကာ မန်ကျည်းတော ရွာ မှ ပြန်ခဲ့ပါသည် ခင်ဗျာ ။


◾အဏ္ဏဝါစိုးမိုး


📖 ပေဖူးလွှာ မဂ္ဂဇင်း

      အောက်တိုဘာ ၊ ၁၉၉၀ 


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment