Friday, January 12, 2024

ကြို့ကုန်းဘက် လူသ,တ်မှု ( ၁ )


 

❝ ကြို့ကုန်းဘက် လူသ,တ်မှု ❞

( ၁ )

အထက်ပါ အဖြစ်အပျက်များ ဖြစ်ပွားပြီး များ မကြာမီ ၌ ကျွန်ုပ် နှင့် ဦးကိုကိုကြီး သည် ဆားပုလင်းနှင်းမောင် ၏ အိမ် သို့ သွားရောက် လည်ပတ်ကြလေ၏ ။ ကျွန်ုပ်တို့ အား ဆားပုလင်းနှင်းမောင် က တယော ထိုး ပြလေ၏ ။ ထို့နောက် ဦးကိုကိုကြီး က ပူဆာ သဖြင့် သီချင်း ပါ ဆိုရ ရှာလေ၏ ။ ဤသို့လျှင် ကျွန်ုပ်တို့ သည် စိတ်လွတ် လက်လွတ် အနား ယူ နေကြစဉ် ကျွန်ုပ် ၏ စီအိုင်ဒီရုံး မှ ပြာတာကလေး မောင်ညို သည် ရောက်ရှိ လာ ပြီးလျှင် စာ တစ်စောင် ပေးလေ၏ ။ စာ မှာ ကျွန်ုပ် တို့ မင်းကြီး မစ္စတာကရစ်ပင် ၏ စာ ပင် ဖြစ် လေ၏ ။ အင်္ဂလိပ်ဘာသာ ဖြင့် ရေးသား ထား၏ ။ အဓိပ္ပာယ် မှာ အောက်ပါ အတိုင်း ဖြစ်လေ၏ ။

ဆားပုလင်းနှင်းမောင် ကြို့ကုန်း ဘက် မှာ အလွန်တရာ စိတ်ညစ်စရာ ကောင်းတဲ့ လူသ,တ်မှုကြီး တစ် မှု ဖြစ် ပြန်ပြီ ။ ဂါတ် က လဲ စီအိုင်ဒီ ကို အကူအညီ တောင်း ထားတယ် ။ ကျွန်ုပ် က လဲ ဆားပုလင်းနှင်းမောင် ကို အကူအညီ တောင်း ရမှာပဲ ။ ဒီ စာ ရ ရချင်း ကြို့ကုန်း ကို လိုက် သွားပါ ။ အခင်း ဖြစ်ပွားတဲ့ ခြံ က “ မစ်နိုက်စတား ဗွီလာ ” လို့ ခေါ်တယ် ။

ကျွန်ုပ် တို့ လည်း ထို စာ ကို ဖတ်ပြီး နောက် ကြို့ကုန်း သို့ လိုက်ခဲ့ကြလေတော့၏ ။ ကျွန်ုပ် က ကား ကို မောင်း၏ ။ ရွှေဂုံတိုင် ဘက် မှ ဖြတ်ကာ ဟံသာဝတီအဝိုင်း ဘက် သို့ ဖြတ် ၍ မောင်း၏ ။ ထိုမှ တစ်ဖန် ပြည်လမ်း အတိုင်း ကြို့ကုန်းဘက် ဆီ သို့ ဦးတည် ၍ မောင်းနှင် ခဲ့လေ၏ ။

ကျွန်ုပ်တို့ ၏ မော်တော်ကား သည် ကမာရွတ် အဝိုင်းကြီး သို့ အရောက် တွင် စက်ပျက် ကာ ထိုး ၍ ရပ် သွားလေတော့၏ ။ ဆားပုလင်းနှင်းမောင် သည် ကား ပေါ် မှ ဆင်း ပြီးလျှင် စက်အဖုံး ကို ဖွင့် ၍ ပြင် လေ၏ ။

ထို့နောက် “ မောင်းတော့ ” ဟု ဆိုကာ ကား ပေါ် တက် လာလေ၏ ။ ကျွန်ုပ် သည် စက်နှိုး ၍ မောင်း ကြည့်ရာ ကောင်းစွာ မောင်း၍ ရလေတော့၏ ။

ဆားပုလင်း နှင်းမောင် သည် စီးကရက် တစ်လိပ် ကို ထုတ် ၍ ရှိုက်ဖွာ ရင်း စဉ်းစား၍ လိုက်ပါ လာခဲ့လေ၏ ။

ထိုအခါ ကျွန်ုပ် က ဆားပုလင်း နှင်းမောင် အား

“ အိုင်ဆေး ၊ အခု ကျုပ် တို့ သွား ကြည့်မယ့် လူသတ်မှု ဆိုတာက အတော့် ကို ရှုပ်ထွေးမယ့် အမှု ဖြစ်လိမ့်မယ် ဗျ ၊ မစ္စတာကရစ်ပင် ရဲ့စာ ထဲ မှာ အလွန်တရာ စိတ်ညစ်စရာ ကောင်းတဲ့ အမှု လို့ ရေးထားတယ် မဟုတ်လား ”

ဟု မေး လိုက် သော်လည်း ဆားပုလင်းနှင်းမောင် သည် တစ်စုံတစ်ရာ ပြန်လည် ဖြေကြားခြင်း မပြုဘဲ ငြိမ်၍ နေလေ၏ ။ ထိုအခါ ဦးကိုကိုကြီး က

“ လူသ,တ်မှု ဆိုတော့ အမှုကြီး ပဲ ၊ မစ္စတာကရစ်ပင် ကိုယ်တိုင် က အလွန်တရာ စိတ်ညစ်စရာ ကောင်းတဲ့ အမှု လို့ ဆို ကတည်း က အတော့် ကို ရှုပ်မယ့် အမှု ပေါ့ ၊ ဂါတ် ပုလိပ်တွေ က လဲ သူတို့ မတတ်နိုင် လို့ စီအိုင်ဒီ ကို အပ် တာ ပေါ့ဗျာ ၊ ဒီ အမှု ဟာ အတော် ခက်မယ့် အမှုပါ ၊ မဟုတ်ဘူးလား ကိုနှင်းမောင် ”

ဟု ပြော ပြန်လေ၏ ။

သို့ရာတွင် ဆားပုလင်း နှင်းမောင် က တစ်စုံတစ်ရာ ပြန်လည် ပြောဆိုခြင်း မပြုဘဲ ငြိမ်မြဲ ငြိမ် နေလေ၏ ။

“ ကြို့ကုန်းဘက် က ဆိုတော့ ခြံဝင်းကျယ်ကြီးတွေ နဲ့ နေကြတာဗျ ၊ တစ်အိမ် လူသ,တ်မှု ဖြစ်လို့ လဲ တစ်အိမ် က သိကြမှာ မဟုတ်ဘူး ၊ အဲဒီတော့ မေးဖို့ စမ်းဖို့ ဆိုတာ အတော့် ကို ခက် လိမ့်မယ်ဗျ ၊ ခက်လို့ လဲ ဂါတ် က ပုလိပ်တွေ က ကျုပ် တို့ စီအိုင်ဒီ ကို အကူအညီ တောင်းတာပေါ့ မဟုတ်ဘူးလား ကိုနှင်းမောင် ”

ဟု ကျွန်ုပ် က ပြော လိုက်ပြန် လေ၏ ။

သို့ရာတွင် ဆားပုလင်းနှင်းမောင် က မူ ငြိမ်ချက်သား ကောင်းလျက် ရှိ လေ၏ ။ သူ ၏ ထင်မြင်ချက် ကို တစ်လုံး တစ်ပါဒ မျှ ပင် ပြောဆိုခြင်း မပြုဘဲ စီးကရက် ကို သာ လျှင် ဖွာ နေလေတော့၏ ။ ထိုအခါ ဦးကိုကိုကြီး က

“ ဒီ လူသတ်မှု မှာ ဂါတ် က ဆရာတွေ က ဒီအတိုင်း နေကြမှာ မဟုတ်ဘူး ၊ သူတို့ နည်း သူတို့ ဟန် နဲ့ ကြိုးစား ကြည့်ကြဦးမှာ ၊ ကြိုးစား ကြည့်လို့ မရတဲ့ အဆုံးမှာမှ စီအိုင်ဒီ ကို အကြောင်း ကြား တာ ဖြစ်မယ်ဗျ ၊ ဒါကြောင့် ဒီ အမှု ဟာ အတော့် ကို ခက်တဲ့ အမှု ဖြစ်လိမ့် မယ် ၊ ကျုပ် ပြောတာ ဟုတ်တယ် မဟုတ်လား ကိုနှင်းမောင် ၊ ပြောစမ်းပါဦးဗျာ ”

ဟု အတိအလင်း တောင်းဆို လေတော့၏ ။ ထိုအခါ ဆားပုလင်း နှင်းမောင် သည် စီးကရက်တိုကလေး ကို ပစ် လိုက်ပြီးနောက် “ ကျုပ် ပုံပြင်ကလေး တစ်ပုံ ပြော ပြမယ် ” ဟု ဆိုလေ၏ ။

“ ပုံ မပြောပါနဲ့ အိုင်ဆေး ရယ် ၊ အမှု အကြောင်း ကျုပ် တို့ ပြောတာတွေ ဟာ ဟုတ် မဟုတ် ပြော စမ်းပါဗျာ ”

ဟု ဦးကိုကိုကြီး က ပူဆာ လေ၏ ။

“ ကျုပ် ပြောမယ့် ပုံ ကို နားထောင် ပြီးရင် ခင်ဗျား တို့ နားလည် သွားမှာပါ ”

ဟု ဆားပုလင်းနှင်းမောင် က ပြော လေ၏ ။

“ ဒီလိုဆိုလဲ လုပ်ဗျာ ”

ဟု ဦးကိုကိုကြီး က ပြော လိုက်လေ၏ ။ ထိုအခါ ကျွန်ုပ် ၏ မိတ်ဆွေကြီး ဆားပုလင်းနှင်းမောင် သည် စီးကရက် အသစ် တစ်လိပ် ကို မီးညှိ လိုက်ပြီး နောက်  ။

“ ဟိုး ရှေးရှေးတုန်းက ရှင်ဘုရင်ကြီး တစ်ပါး ရှိတယ် ၊ သူ့ မှာ အလွန်တရာ ဉာဏ်ပညာ ထက်မြက်တဲ့ ပညာရှိ အမတ်ကြီး လည်း ရှိတယ် ၊ တစ်နေ့ မှာ ရှင်ဘုရင် က ပညာရှိအမတ်ကြီး ကို ဘာ မေးသလဲ ဆိုတော့ “ ဒီမှာ အမတ်ကြီး ၊ လောက မှာ လူတွေ ဟာ ဘယ်သူ ဟာ ဖြင့် သိပ်ပြီး ညံ့တာပဲ ၊ “ လူနုံလူအ ” တစ်ယောက် ပဲ ။ ဒါလောက် နုံ တဲ့ ဒါလောက် အ တဲ့ လူ ကို ဖြင့် မတွေ့ဖူးပါဘူး လို့ ပြောဆိုလေ့ ရှိတာကို မကြာခဏ အနေနဲ့ ကြားရဖူးပါတယ် ။ ဒါပေမဲ့ သူတို့ ပြောတဲ့ “ လူနုံ လူအ ” ဆိုတာ ကိုတော့ ကျုပ် အနေ နဲ့ တစ်ခါ မျှ မတွေ့ဖူးပါဘူး ၊ အဲဒါကြောင့် လူနုံ လူအ ဆိုတာ ဘယ်လို လူစားမျိုး ကို ခေါ်သလဲ ဆိုတာ ကျုပ် သဲသဲကွဲကွဲ သိချင်တယ် ” လို့ ရှင်ဘုရင်ကြီး က မေးတာ ကိုး ”

ဟု ဆားပုလင်းနှင်းမောင် က သူ ၏ ပုံပြင် ကို အစ ပျိုး လိုက်လေတော့၏ ။

“ ဆက်စမ်းပါဦး ကိုနှင်းမောင် ရဲ့ ၊ ခင်ဗျား ပုံ ကလဲ စ ကတည်း က ယဉ်သကို ဆိုတာမျိုးပါလား ”

ဟု ဦးကိုကိုကြီး က ပြော လိုက်လေ၏ ။ ဆားပုလင်းနှင်းမောင် သည် စီးကရက် ကို ဖွာ လိုက်ပြီး နောက်

“ အဲဒီတော့ ပညာရှိ အမတ်ကြီး က ” အသင်မင်းကြီး ၊ မကြာမီ ကာလ အတွင်းမှာ ပဲ “ လူနုံ လူအ ” တစ်ယောက် ကို ကျွန်တော်မျိုး ပြသပါ့မယ် ” လို့ ရှင်ဘုရင်ကြီး ကို ကတိ ပေးလိုက်တယ် ။ အဲဒီလို ကတိ ပေးပြီး ရက် အနည်းငယ် အတွင်းမှာပဲ ရှင်ဘုရင် နဲ့ ပညာရှိ အမတ်ကြီး ဟာ တိုင်းစွန်ပြည်ဖျား ကို “ စနည်းနာ ” ထွက် ဖို့ အကြောင်း ပေါ်လာ တာ နဲ့ ဆင်းရဲသား အသွင် ဖန်တီးပြီး နှစ်ယောက်သား ခရီး ထွက်ခဲ့ရတယ် ဆိုပဲ ၊ အဲ့ဒီလို  ခရီး ထွက်လာတဲ့ အခါမှာ အမတ်ကြီး က သူ အင်မတန် ချစ်တဲ့ ခွေးကလေး ကို ပါ ခေါ် လာ ခဲ့တယ် ဆို ပဲ ” ဟု ပြော ဆိုကာ ဆားပုလင်းနှင်းမောင် သည် စီးကရက်မီးခိုးများ ကို မှုတ်ထုတ် လိုက်လေတော့၏ ။ ထို့နောက် အောက်ပါ အတိုင်း ဆက်လက်၍ ပြော ပြန်၏ ။

“ အဲဒီလို ခရီး ထွက် လာခဲ့ကြတာ တောစပ် တစ်ခု ကို ရောက် ခဲ့ကြတယ် ။ အဲ တောစပ် ရဲ့ လမ်း နံဘေး မှာ ခရီးသည် တစ်ဦး ဟာ သူ့ ရဲ့ ထမင်းထုပ်ကလေး ကို ဖြေ ပြီး စား နေတာ ကို ရှင်ဘုရင် ရော အမတ်ကြီး ပါ တွေ့ ကြရတယ် ။ အမတ်ကြီး ရဲ့ ခွေးကလေး ဆိုရင် အဲဒီ ခရီးသည် ဆီ ကို တစ်ခါတည်း ပြေး သွား တော့တာပဲ ၊ ခရီးသည် က လဲ သူ့ အနား ရောက်လာတဲ့ ခွေးကလေး ကို သူ စားမယ့် ထမင်းဟင်း တွေ ထဲ က တချို့တစ်ဝက် ကို ချပြီး ကျွေးတယ် ၊ အမတ်ကြီး နဲ့ ရှင်ဘုရင် လဲ အဲဒီ ခရီးသည် အနား ကို လျှောက်သွား ကြတယ် ။ ခရီးသည် ကလဲ သူတို့ နှစ်ဦး ကို မော့ ကြည့်ပြီး ရိုးရိုး ဆင်းရဲသား ခရီးသည်တွေ ထင် တာပေါ့ဗျာ ။ အဲဒီတော့ ခရီးသည် က ရှင်ဘုရင် နဲ့ အမတ်ကြီး ကို “ မိတ်ဆွေတို့ ထမင်း စားကြပါဦးလား ” လို့ ဖော်ဖော်ရွေရွေ နဲ့ ရဲရဲတင်းတင် နှုတ်ဆက် လိုက်တယ် ၊ အဲဒီအခါမှာ ပညာရှိ အမတ်ကြီး က “ စားပါဗျာ ၊ ကျုပ်တို့ အခုပဲ စားခဲ့ကြပြီးပါပြီ ၊ ဪ ဒါနဲ့ မိတ်ဆွေ ကို မမြင်တာ ကြာပြီ ၊ဘယ်များ ရောက်နေသလဲ ” လို့ မေး လိုက်တယ် ။ အဲဒီအခါ မှာ ခရီးသည် က ... “ မမြင်တာ ကြာဆို ဒီလိုပါဗျာ ၊ ကျွန်တော် က တစ်မြို့တစ်ရွာ ကို ထွက်ပြီး စီးပွား ရှာ နေတာ နှစ် နှစ် လောက် ရှိပါပြီ ” လို့ ပြန်ပြီး ဖြေ ရှာတယ် ။ အဲ့ဒီအခါ မှာ ပညာရှိ အမတ်ကြီး က “ ခင်ဗျား အိမ် က ခွေးကလေး ဟာ ဟောဒီက ကျုပ် ရဲ့ခွေးကလေး နဲ့ အလွန် တူ တာပဲနော် ” လို့ မေး လိုက်တယ် ။ ခရီးသည် က လည်း “ ဟုတ်တာပေါ့ဗျာ ၊ သိပ်ကို တူတာပဲ ၊ မိတ်ဆွေကြီး က ကျုပ် ကို သာ သိတာ မဟုတ်ဘူး ၊ ကျုပ် ရဲ့ ခွေးကလေး ကို ပါ သိ တာကိုး ” လို့ အားရ ဝမ်းသာ ပြန်ပြီး ပြောလိုက် တယ်ဗျို့ ” အဲဒီတော့ ပညာရှိအမတ်ကြီး က “ ခင်ဗျား ခွေးကလေး တင် ဘယ် က မလဲ ၊ ခင်ဗျား တစ်အိမ်လုံး ကို ကျုပ် က သိတာပေါ့ ” လို့ ပြော လိုက်ပြန်တယ် ၊ အဲဒီလို အမတ်ကြီး နဲ့ ခရီးသည် တို့ အချီအချ ပြော နေတာ ကို ရှင်ဘုရင်ကြီး က ဘာ တစ်ခွန်း မှ မပြောဘဲ နားထောင် နေတာကိုး ။ အဲဒီမှာ ခရီးသည် က အမတ်ကြီး ကို “ ဒီမှာ မိတ်ဆွေကြီး ရယ် ၊ ကျုပ် ရဲ့ ခွေးကလေး ကျုပ် အိမ် မှာ ရှိသေးရဲ့လား ” လို့ မေး လိုက်တယ် ၊ အမတ်ကြီး က လည်း ။ “ စိတ် မကောင်းပါဘူး ၊ ခင်ဗျား အိမ် က ထွက် သွားပြီး သိပ် မကြာခင်မှာပဲ  ခင်ဗျား ရဲ့ခွေးကလေး သေသွား ရှာတယ် ၊ သေရတဲ့ အကြောင်း က တော့ ခင်ဗျား အိမ် က မြည်းကလေး သေ လို့ ခွေးကလေး ဟာ မြည်းသားတွေ ကို တစ်ဝတပြဲ စားပြီး စားပိုး နင့် လို့ သေတာဗျ ” လို့ ပြောလိုက်တယ် ဆိုရင်ပဲ ခရီးသည် ဟာ ပါးစပ် ထဲ သွင်း တော့မယ့် ကို ထမင်းလုတ် ကို မသွင်းဖြစ်တော့ဘဲ ငိုင် ကျ သွားတာပေါ့ ။ ပြီးတော့
“ မြည်းကလေး ပါ သေရှာ ပြီကိုး ” လို့ ညည်း လိုက်တယ် ။ အမတ်ကြီး က အဲဒီ လို အချိန်မှာ  ။ “ မြည်းကလေး ဟာ ခင်ဗျား သားကလေး သေပြီး မကြာခင် မှာ ပဲ အစာ ကျွေး မယ့် လူ မရှိလို့ အစာ ငတ်ပြီး သေ ရှာတာဗျ ” လို့ ပြော လိုက်ပြန်ရော ၊ ခရီးသည် ရဲ့ လက်ထဲက ထမင်းလုတ် ဟာ ဘုတ်ခနဲ ပြုတ်ကျ သွားတယ် ။ “ သားကလေး ပါ သေရှာပြီကိုး ” လို့ လဲ ညည်းညူ လိုက်တယ် ၊ အဲဒီအခါ မှာ အမတ်ကြီး က “ သားကလေး ဘာကြောင့် သေသလဲ ဆိုတော့ ခင်ဗျား မိန်းမ သေပြီး မကြာခင်မှာပဲ ရင်ကွဲနာ ကျပြီး သေတာပါ ” လို့ ပြော လိုက်ပြန်တယ် ၊ အဲဒီအခါမှာ ခရီးသည် ဟာ ငို တော့တာပဲ ။ “ မိန်းမ ပါ သေရှာပြီးကိုး ” လို့ လဲ ပြောပြီး တဟည်းဟည်း ငို တော့တာပဲ ဗျို့ ၊ အဲဒီတော့ မှ ပညာရှိအမတ်ကြီး က ခရီးသည် ကို “ ဒီမှာ မိတ်ဆွေ ၊ ကျုပ် ကို ခင်ဗျား သိ သလား လို့ မေး လိုက်တယ် ” အဲဒီတော့ ခရီးသည် က “ ဟင့်အင်း မသိပါဘူး ၊ ဒါနဲ့ ခင်ဗျား ဟာ ကျုပ် အသိမိတ်ဆွေ ထဲ က မဟုတ်ဘူးလား ၊ ကျုပ် အကြောင်းတွေ ကို ခရေစေ့ တွင်း ကျ သိ နေပါလား ” လို့ ပြန်ပြီး မေး လိုက်တယ် ။ “ မဟုတ်ဘူး ၊ ခင်ဗျား က ကျုပ် ခွေးကလေး ကို အစာ ကျွေးတာ မြင် တာနဲ့ ခင်ဗျား ဟာ ခွေး ချစ်တတ်သူ ဆိုတာ ကျုပ် သိတယ် ၊ အဲဒီ အချက် ကို ယူပြီး ခင်ဗျား မှာ ခွေးရှိတယ် လို့ ပြောတာ ၊ အိုဗျာ ကျုပ် ဟာ မဟုတ်မဟတ် လိမ်ညာပြီး ပြော တာပါ ။ စိတ် မညစ်ပါနဲ့ ခင်ဗျား ထမင်း ခင်ဗျား စားပါတော့ ” လို့ အမတ်ကြီး က ခရီးသည် ကို နှစ်သိမ့် လိုက်ပြီး ရှင်ဘုရင် ဘက် ကို လှည့် လိုက်တယ် ။ ပြီးတော့ “ အရှင်မင်းကြီး ၊ အရှင်မင်းကြီး မြင်ဖူးချင်ပါတယ် ဆိုတဲ့ “ လူနုံ လူအ ” ဆိုတာ ဒီလို လူမျိုး ကို ခေါ်တာပါ ၊ ကိုယ်တိုင် မမြင်ရသေးတဲ့ ကိစ္စ ကို ကိုယ် မသိတဲ့ လူ တစ်ယောက် က ပြောတဲ့ စကား နဲ့ ယုံကြည်တတ်သူ ဖြစ်ပါတယ် ။ လောက မှာ ဒီလို လူမျိုး ကို လူနုံလူအ စာရင်း မှာ ထည့် ရပါလိမ့်မယ် ” လို့ ပြော လိုက်တယ် ၊ အခုလဲ ကျုပ် တို့ ဌာန က လူတွေ က မစ္စတာကရစ်ပင် ကို လူသတ်မှု အကြောင်း တိုင်ကြား အကူအညီ တောင်းရုံ ရှိသေးတယ်ဗျ ၊ ဒီ လူတွေ ကို လဲ မတွေ့ရသေးဘူး ၊ လူသတ်မှု ဖြစ်ပွားတဲ့ နေရာ ကိုလဲ မရောက်သေးဘူး ၊ အဲဒီတော့ မမြင်ရသေးတဲ့ ကိစ္စ ကို မတွေ့ဖူးတဲ့ လူ က ပြော တာ  ၊ ကျုပ်တို့ လျှောက်ပြီး စဉ်းစား နေမယ် ဆိုရင် ကျုပ် တို့ ဟာ စောစော က ခရီးသည် စာရင်း မှာ ဝင် သွားလိမ့်မယ် ”

ဟု ဆားပုလင်းနှင်းမောင် က သူ ၏ ပုံပြင် ကို နိဂုံးချုပ် လိုက်ရာ ဦးကိုကိုကြီး သည် သူ ၏ လက်ဝါးကြီး နှစ်ဘက် ကို ပွတ်ရင်း

“ ဟား ဟား ဟား ဦးအောင်သင်း ရေ ၊ ကျုပ်တို့ နှစ်ယောက် တော့ သူနုံလူအ ဖြစ် သွားပြီဗျို့ ၊ ကိုနှင်းမောင် က သာသာကလေး နဲ့ ဆော်တာ ကိုး ဗျာ ၊ ခင်ဗျား လုပ်ပုံ ဘာနဲ့ တူသလဲ ဆိုတော့ သံတုတ် နဲ့ ရိုက်တာမျိုး မဟုတ်ဘူး ၊ လက်သန်းလုံး လောက် ရှိတဲ့ ထားဝယ်ကြိမ်လုံးကလေး ကို ရေ ဆွတ်ပြီး ရိုက်တာ နဲ့ တူ တယ်ဗျာ ၊ တစိမ့်စိမ့် နာစရာ ကောင်း လိုက်တာဗျာ ၊ သံတုတ် နဲ့ ရိုက်တာမျိုး ကတော့ တစ်ချက်တည်း မှောက် သွားတာ ဆိုတော့ နာ တဲ့ အရသာ သိပ်ပြီး မသိရဘူးပေါ့ ဗျာ ၊ ဟား ဟား ဟား ပညာ ရှိပါပေတယ် ”

ဟု ပြော လိုက်လေ၏ ။

ကျွန်ုပ် လည်း ဦးကိုကိုကြီး ၏ စကား ကြောင့် ရယ်မော ရသေးတော့၏ ။ ကျွန်ုပ် သည် ထိုသို့ ရယ်မော ပြီး နောက် ကား ကို အရှိန် မြှင့်၍ မောင်းနှင် ရ လေတော့၏ ။ များမကြာမီ ၌ ပင် ကျွန်ုပ် တို့ သည် ကြို့ကုန်းရပ်ကွက် ရှိ “ မစ်ဒ်နိုက်စတားဗွီလာ ” ဆိုသည့် စာတန်းကလေး ချိတ်ဆွဲထားသည့် ခြံဝင်း ဆီ သို့ ရောက်ရှိ ခဲ့လေတော့၏ ။

ကျွန်ုပ်တို့ ၏ ကားကလေး သည် ခြံဝင်း ရှေ့ ၌ ရပ် လိုက်လေ၏ ။ ထိုအခါ ခြံဝင်း ရှေ့ တွင် ရပ်၍ နေသော ပုလိပ်ကလေး က ကျွန်ုပ်တို့ အား ဆလံ ပေး လိုက်လေ၏ ။ ကျွန်ုပ်တို့ လည်း ကျောက်ပြားများ စီ ခင်း ထားသော လမ်းကလေး အတိုင်း အိမ်ကြီး ဆီ သို့ ဝင် သွားကြလေ၏ ။ အိမ်ကြီး မှာ ရှေးဟောင်း နှစ်ထပ် အိမ်ကြီး ဖြစ်၏ ။ အိမ်တွင်း သို့ ကျွန်ုပ်တို့ ၏ စီအိုင်ဒီ မှ ရွှေသွားကိုအောင်မြင့် ဆိုသည့် သူ က ကျွန်ုပ်တို့ အား ဆီးကြို နှုတ်ဆက် နေလေ၏ ။ ၎င်း ကိုအောင်မြင့် သည် ဦးကိုကိုကြီး ကို မြင် လိုက်သည် နှင့် တစ်ပြိုင်နက်  ။

“ ဘယ်လိုလဲ ဦးကိုကိုကြီး ရဲ့ ၊ လူသ,တ်မှု ဆိုတာနဲ့ ဆားပုလင်းနှင်းမောင် ကို မုံရွာ မလွှတ်တော့ဘူးလား ”

ဟု ဆီး၍ ပြော လိုက်လေ၏ ။

“ မစ္စတာ ကရစ်ပင် က ခေါ်ထားဦး ဆို လို့ ခေါ် ရတာပါဗျာ ၊ ကျုပ် သဘောအတိုင်း ဆိုရင်တော့ ဆားပုလင်းနှင်းမောင် ကို ခေါ်ထားဖို့ မလိုပါဘူး ၊ နဂို ကတည်း က ကို ဘယ် ကို မှ မပို့တော့ဘူး ၊ ကျုပ် အနား မှာ ပဲ ထား ချင်တာ ”

ဟု ဦးကိုကိုကြီး က ပြော လိုက်လေ၏ ။ ကျွန်ုပ်တို့ လည်း အိမ် အတွင်း သို့ ဝင် လိုက်လေ၏ ။ ကျွန်ုပ်တို့ နှင့် အတူ ရွှေသွားကိုအောင်မြင့် ပါ လိုက်၍ ဝင် လာလေ၏ ။

အိမ် အတွင်း သို့ ဝင် လိုက်သည်နှင့် တစ်ပြိုင်နက် ကြမ်းပြင် ပေါ် တွင် ပက်လက်ဆန့်ဆန့်ကြီး သေ ၍ နေသော အသက် ၄၀ အရွယ် ရှိ လူ တစ်ယောက် ၏ အလောင်း တစ်လောင်း နှင့် ထို အလောင်း ၏ ပတ်ပတ်လည် တွင် အသုဘ ကမ္မဋ္ဌာန်း ရှုနေ သည့် အလား အလောင်းကြီး ကို ငေးမော ကြည့်ရှု နေသည့် ဂါတ် ထဲ မှ ပုလိပ်အရာရှိ နှစ်ဦး ၊ ကျွန်ုပ်တို့ စီအိုင်ဒီ မှ စုံထောက်ကိုစိန်လှ ၊ စုံထောက်ကိုတင်ဝင်း နှင့် ဘိလပ်ပြန် ဆရာစိန် တို့ ကို တွေ့ ရ လေတော့၏ ။

ထို့ကြောင့် ဦးကိုကိုကြီး က

“ ဘယ်လိုလဲ ကိုယ့် လူ တို့ ၊ အသုဘကမ္မဋ္ဌာန်း ပေါက် ကြပြီလား ”

ဟု မေး လိုက်လေ၏ ။ ထိုအခါ အလောင်းကြီး ၏ ပတ်ပတ်လည် တွင် ရှိကြကုန်သော လူ တို့ က
“ ခင်ဗျားလဲ ကျုပ်တို့ လို ပဲ ကမ္မဋ္ဌာန်း ရှုဖို့ လာ တာ မဟုတ်လား ” ဟု ပြန်၍ ပြောလေ၏ ။

“ ကမ္မဋ္ဌာန်း ရှုဖို့ လာတာ မဟုတ်ဘူး ၊ ဒီ လူသ,တ်မှု ရဲ့ တရားခံ ကို ဖော်ထုတ် မလို့ လာတာ ”

ဟု ဦးကိုကိုကြီး က အတည်ပေါက် နှင့် ပြော လိုက်လေ၏ ။စုံထောက် ကိုတင်ဝင်း သည် ဦးကိုကိုကြီး အား မော့ ကြည့် လိုက်ပြီးလျှင်

“ လူသ,တ်မှု တရားခံ ကို ခင်ဗျား က ဖော်ထုတ် မှာ လား ဦးကိုကိုကြီး ”

ဟု မေး လိုက်လေ၏ ။

“ ကျုပ် ဖော်ထုတ်မယ် ပြောတာ မဟုတ်ပါဘူးဗျ ၊ ဆားပုလင်းနှင်းမောင် ပါ လာ တယ် ”

ဟု ပြော လိုက် သဖြင့် စုံထောက်များ သည် “ ဘယ်မှာလဲ ” ဟု မေးကြ ကုန်၏ ။ ထိုအခါ ကျ မှ ပင် ကျွန်ုပ် နှင့် ဦးကိုကိုကြီး သည် ဆားပုလင်းနှင်းမောင် ကို လှည့် ၍ ကြည့် လိုက်ရာ ကျွန်ုပ် တို့ နှင့် အတူ ဝင် လာသော ဆားပုလင်းနှင်းမောင် သည် ကျွန်ုပ် တို့ နှင့်အတူ မရှိကြောင်း သိ ရလေတော့၏ ။

ဝင်ပေါက် အနီး လက်ဝဲဘက် တွင် အပေါ်ထပ် သို့ တက် သည့် လှေကားကြီး ရှိသည် ကို သတိ ပြုမိသောကြောင့် ဆားပုလင်းနှင်းမောင် သည် ကျွန်ုပ်တို့ နှင့် အတူ ဝင် လာ သော်လည်း အခန်း တွင်း သို့ ဆက် ၍ မဝင်ဘဲ ထို လှေကား မှ နေ၍ အိမ် အပေါ်ထပ် သို့ တက်၍ သွားခြင်း ဖြစ်မည် ဟု ကျွန်ုပ် အနေ နှင့် သာ တွေး ထင်မိပေ၏ ။

စုံထောက်ကိုစိန်လှ သည် အလောင်းကြီး ၏ နံဘေး မှ ထ လာ ပြီး လျှင် ဦးကိုကိုကြီး ၏ ပခုံး ကို လှမ်း ၍ ပုတ်ရင်း

“ ဒီမှာ ဦးကိုကိုကြီး နေရာတကာ သူတစ်ပါး ကို အား မကိုးစမ်းပါနဲ့ဗျာ ကိုယ့် ဘာသာ ကိုယ် ပဲ ကြိုးစား ကြည့်ပါဦး ”

ဟု ပြောလေ၏ ။

“ ခင်ဗျား ပြောတာ မှန်ပါတယ် ကိုစိန်လှ ၊ တခြား ကိစ္စတွေ မှာ တော့ ကိုယ့် ဘာသာ ကိုယ် ကြိုးစားတာ အကောင်းဆုံး ပါ ပဲ ၊ အမှု လိုက်တဲ့ ကိစ္စ ရယ် ၊ ဆံပင် ညှပ်တဲ့ ကိစ္စရယ် တော့ ကျုပ် ဟာ ကျုပ် ဘယ်တော့ မှ မလုပ်ဘူး ၊ သူ တစ်ပါး ကို အားကိုး တာ ချည်းပဲ ၊ တရားခံ မပေါ် တဲ့ အမှု ဆိုရင် ဆားပုလင်းနှင်းမောင် ကို အားကိုး ရမယ် ၊ ဆံပင် ရှည် လာ လို့ ဆံပင် ညှပ်ချင် ရင် ဆံပင်ညှပ်ဆရာ ကို အားကိုး ရမယ် ၊ ဒီမှာ ကိုစိန်လှ ခင်ဗျား ခေါင်း က ဆံပင် ကို ခင်ဗျား ကိုယ်တိုင် ညှပ် သလား ၊ ဆံပင်ညှပ်ဆရာ ညှပ် ပေးတာ မဟုတ်လား ၊ ကိုယ့် ကို ကိုယ် အားကိုးမယ် ဆိုပြီး ဆံပင်ညှပ်ဆိုင် မသွားဘဲ ခင်ဗျား ခေါင်း ကို ခင်ဗျား မညှပ်နဲ့ နော် ၊ ပုံမကျ ပန်းမကျ နဲ့ ကြွက် ကိုက်ကြီး ဖြစ် သွားလိမ့်မယ် ဟဲ ဟဲ ဟဲ ၊ သဘော ပေါက်စမ်းပါ ကိုယ့် လူ ရာ ၊ သဘော ပေါက်ရင် သက်သာတယ် ကိုယ့် လူ ရဲ့ ”

ဟု ဦးကိုကိုကြီး က ပြော၍ စုံထောက် ကိုစိန်လှ ၏ ပခုံး ကို လက်ဖြင့် ပုတ် လိုက်လေ၏ ။ ထိုအခါ စုံထောက် ကိုတင်ဝင်း သည် ထ လာ ပြန်၍

“ ကဲ ဦးကိုကိုကြီး တို့ က ဆားပုလင်းနှင်းမောင် ကို သိပ်ပြီး အား ကိုးတာ ကိုး ၊ ဆားပုလင်းနှင်းမောင် လဲ လူ ပါ ပဲ ဗျာ ”

ဟု ပြော ပြန်လေ၏ ။

“ မှန်ပါ့ဗျာ လူ အစစ် ပါ ၊ ကျုပ် ကလဲ နတ် ပါ လို့ မပြောပါဘူး ၊ ဒါပေမဲ့ အမှုမှန် နဲ့ တရားခံ အမှန် ကို ဖော်ထုတ်တဲ့ နေရာ မှာ တော့ ဆားပုလင်းနှင်းမောင် လို လူမျိုး ကျုပ်တို့ မြန်မာပြည်ပုလိပ်အဖွဲ့ တစ်ခုလုံး မှာ ကို မရှိဖူးသေးဘူး ဗျ ၊ ကျုပ် ပြောရဲ ပါ တယ် ဗျာ ။ ဟောဒီ အမှု မှာ ဆားပုလင်းနှင်းမောင် ဝင် ပြီး လိုက်ရင် အမှုလဲ အမြန်ဆုံး ပေါ်မယ် သက်လဲ သက်သာမယ် ၊ သူ မပါဘဲ ကျုပ်တို့ ဟာ ကျုပ်တို့ အလုပ် လုပ် ရရင်တော့ ကျုပ်တို့ ခင်ဗျားတို့ ဟာ ဘာများ တတ် လို့ တုံးဗျာ ၊ ထင်တဲ့ လူတွေ ကို ဖမ်း သွားပြီး ရိုက်နှက်ကြတဲ့ အလုပ် က လွဲပြီး ပညာသား ပါပါ အမှု လိုက်တတ်တဲ့ စုံထောက် ရယ် လို့ ဘယ်သူများ ကို ရှိ လို့တုံး ၊ ကိုယ့် ကို ကိုယ် အထင် မကြီးစမ်းပါနဲ့ ကိုတင်ဝင်း ရာ ၊ မင်္ဂလာ ဆောင် ထား တာ လဲ မကြာသေးဘူး မဟုတ်လား ၊ တခြား ကိစ္စတွေမှာ အပင်ပန်း မခံချင်စမ်းပါ နဲ့ လိမ္မာစမ်းပါ ”

ဟု ဦးကိုကိုကြီး က ပြောဆို ရယ်မော၍ စုံထောက်ကိုတင်ဝင်း ၏ပခုံး ကို သူ ၏ လက်ဝါးကြီး ဖြင့် ပုတ် လိုက်လေ၏ ။ ထို့နောက် ရွှေသွားကိုအောင်မြင့် ဘက် သို့ လှည့်ကာ

“ ဒီမှာ ရွှေသွား ၊ ခင်ဗျား က ရော ဘာများ ပြောချင်သေးလဲ အေးအေးဆေးဆေး နေစမ်းပါဗျာ ၊ ဆားပုလင်းနှင်းမောင် သူ့ ဟာ သူ ကြည့်ပြီး လုပ် သွားပါလိမ့်မယ် ၊ ဘေးကနေ အသာကလေး ဆေးလိပ် သောက်ရင်း သူ လုပ်တာ ကိုင်တာ ကို ကြည့်ပြီး ပညာ ယူ နေ ၊ ဒီထက် ပိုပြီး ဘာမှ ဝင် မလုပ်နဲ့ ၊ လ ကုန်ရင် လခ ရ လိမ့်မယ် ၊ ခင်ဗျား တို့ ဝင်ပြီး လုပ်ခါ မှ တဲ့ အမှု က ရှုပ် သထက် ရှုပ် ကုန်ရော ပြီးတော့လဲ ဘာမှလဲ ဟုတ်တာ မဟုတ်ဘူး ၊ ကိုယ့် အရည်အချင်း ကိုယ် သိ စမ်းပါဗျာ ”

ဟု ဦးကိုကိုကြီး က ပြော လိုက်ရာ ရွှေသွား ကိုအောင်မြင့် က

“ ဒီမှာ ဦးကိုကိုကြီး ”

ဟု ခေါ် လိုက်လေ၏ ။ 

“ ဆိုစမ်းပါဦး ကိုရွှေသွား ရဲ့ ”

ဟု ဦးကိုကိုကြီး က ပြန်၍ ပြောလေ၏ ။

“ လူ ဆိုတာ အမြဲ တိုးတက် နေရမယ်ဗျ ၊ တခြား လူ တော့ မပြောတတ်ဘူး ။ ကျုပ် က တော့ အမြဲ ကို တိုးတက် နေတာပဲ ၊ မယုံရင့် ဟောဒီမှာ ကြည့် ၊ ဒီ လူသ,တ်မှု နဲ့ ပတ်သက်လို့ ကျုပ် စဉ်းစားထားတာတွေ ခင်ဗျား ကို ရှင်း ပြမယ် ၊ ယုတ္တိ ရှိ မရှိ ခင်ဗျား ဟာ ခင်ဗျား စဉ်းစားပေါ့ ”

ဟု ဆို ကာ အလောင်းကြီး ဆီ သို့ ဦးကိုကိုကြီး ၏ လက် ကို ဆွဲ၍ ခေါ် သွားလေ၏ ။

“ ကြည့်ပါမယ်ဗျာ ကြည့်ပါမယ် ”

ဟု ဆိုကာ ဦးကိုကိုကြီး လည်း လိုက်ပါ သွားရလေ၏ ။

ရွှေသွား ကိုအောင်မြင့် သည် အလောင်းကြီး ကို ညွှန်ပြ၍

“ ဟောဒီ သေဆုံးတဲ့ လူ ဟာ မနေ့ည က အသ,တ် ခံရတယ် ဆိုတာ ကို တော့ က လူတိုင်း ပြောနိုင်ပါတယ် ၊ ဘယ်အချိန် ဘယ်နာရီ မှာ အသ,တ် ခံရတယ် ဆိုတာ ကို အတိအကျ ပြော နိုင်တဲ့ လူ ဆိုလို့ ကျုပ် တစ်ယောက် တည်း ရှိလိမ့်မယ် ထင်တယ် ”

ဟု ပြောလိုက်ရာ ဦးကိုကိုကြီး က

“ အလဲ့ကွယ့် ၊ ကျုပ် တူကြီး တယ် တော်နေပါလား ၊ ဆိုစမ်းပါဦး ”

ဟု ပြော လိုက် လေ၏ ။

“ မနေ့ ည ၁၂ နာရီ ၂၄ မိနစ် တိတိ မှာ အသ,တ် ခံရတာဗျ ”

ဟု ရွှေသား ကိုအောင်မြင့် က ပြောလိုက်လေ၏ ။

“ အတိအကျ ပါ ပဲ လား ၊ နည်းနည်း လဲ ရှင်းစမ်းပါဦး ရွှေသွား ရဲ့”

ဟု ဦးကိုကိုကြီး မေး လိုက်လေ၏ ။

“ ဒီလူ အသ,တ် ခံရတဲ့ အခါမှာ ကြမ်းပြင် ပေါ် ကို လဲကျ သွားတယ်ဗျာ ၊ အဲဒီ အခါ သူ့ လက်မှာ ပတ် ထားတဲ့ နာရီ ဟာ စက် ရပ် သွားတယ် ၊ အဲဒီ နာရီ ကို ကြည့် လိုက်တေ ၁၂ နာရီ ၂၄ မိနစ်တိတိ ဗျ ”

ဟု ရွှေသွား ကိုအောင်မြင့် က ဆို သဖြင့် ဦးကိုကိုကြီး လဲ နာရီ ကို ငုံ့ ကြည့်ပြီးလျှင်

“ ဟုတ်ပါ့ဗျာ ၊ နာရီလက်တံ အတို က ( ၁၂ ) မှာ ၊ နာရီလက်တံ အရှည် က နံပါတ် ( ၅ ) မရောက်ခင် တစ်မိနစ် အလို ၊ တော်ပါပေတယ် ကိုအောင်မြင့် ၊ စောစောက ကျုပ် ပြောခဲ့တဲ့ စကား ကို ပြန်ပြီး ရုပ်သိမ်းပါတယ် ၊ ကြိုးစားပါ ၊ ကြိုးစားပါ ၊ တက်လမ်းတွေ အများကြီး ရှိပါတယ် ”

ဟု အတည်ပေါက် နှင့် ချီးမွမ်း လိုက်လေ၏ ။

ထိုအခါ စုံထောက် ကိုစိန်လှ လည်း ၊ ကိုအောင်မြင့် ကို အားကျမခံ သဘောဖြင့်

“ ဒီမှာ ဦးကိုကိုကြီး ၊ ဟောဒီမှာ သေတဲ့ လူဟာ ပိုးမွှားတိရစ္ဆာန်တွေ ရဲ့အကြောင်း ၊ လေ့လာ နေတဲ့ လူကြီးဗျ ။ ဟောဟို တန်း ပေါ်မှာ ဆေးရည် စိမ် ထားတဲ့ ပုလင်းတွေ ကို ကြည့်စမ်းပါ ၊ ကင်းမြီးကောက်တွေ ၊ ကင်းခြေများတွေ ၊ တောက်တဲ့အနက်တွေ ၊ မြွေတွေ တွေ့ တယ် မဟုတ်လား ”

ဟု ပြော လိုက်ရာ ဦးကိုကိုကြီး က

“ ဟုတ်ပါ့ ကိုစိန်လှရယ် ၊ ခင်ဗျား လဲ အတော် ဖြစ်နေမှကိုး ၊ ဆိုစမ်းပါဦး ၊ စမ်းပါဦး ”

ဟု အားပေး လိုက်လေ၏ ။

“ ဟောဒီ သေတဲ့ လူ ဟာ လောကဓာတ်ဆရာကြီး တစ်ဦး ဆိုတာတော့ ဘယ်သူ မှ မငြင်းနိုင်ဘူး ၊ ပြီးတော့ ဒီ လူ ဟာ မြန်မာလူမျိုး မဟုတ်ဘူးဗျ ။ တရုတ်လူမျိုး ဖြစ်တယ် ။ သူ သေရတာဟာ အလွန် ကြောက်စရာ ၊ လန့်စရာ ကို တွေ့ပြီး ပက်လက်လန် လဲကျ သေဆုံး သွားတာဗျ ၊ သူ့ မှာ ဒဏ်ရာ ရယ်လို့ မရှိဘူး ၊ မျက်လုံးကြီး ပြူးပြီး သေ နေပုံ ဟာ ကျုပ် ပြောတဲ့ အချက် ကို ထောက်ခံနေပါတယ်ဗျာ ”

ဟု ကိုစိန်လှ က ပြော လိုက်လေ၏ ။

“ ခင်ဗျား မဆိုးဘူးဗျ ။ ကျုပ်တို့ စုံထောက် လောက မှာ နာမည် တစ်လုံး ရလာမယ့် ပါဗျာ ၊ ကြိုးစားစမ်းပါ ”

ဟု ဦးကိုကိုကြီး က ပြော လိုက်လေ၏ ။

ထိုအခါ ကိုတင်ဝင်း ဆို သူ လည်း အားကျမခံ သဘော နှင့်

“ သေ တဲ့ လူဟာ မသေခင်ကလေး မှာ စာ ရေးသေးတယ် ခင်ဗျ ။ သူ့ ရဲ့ဖောင်တိန် မှင်ယို တဲ့ ဖောင်တိန် ဖြစ်တယ် ၊ ဒါကြောင့် သူ့ ရဲ့လက်ခလယ် နဲ့ လက်ညှိုး ထိပ် မှာ မှင် တွေ စွန်းနေတာပေါ့ ၊ ဒီတော့ ဘာဖြစ်နိုင်သလဲ ဆိုရင် ဒီ လူ ဟာ တစ်စုံတစ်ယောက် က အကျပ် ကိုင်ပြီး လက်မှတ် ထိုးခိုင်းတာကို ထိုး ပေးလိုက်ရတဲ့ သဘောမျိုးပဲ ”

ဟု ပြောလိုက် ဦးကိုကိုကြီး က

“ မြင်တတ်ပါပေ့ဗျာ ၊ ကိုတင်ဝင်း လဲ အတော်ကလေး ဟုတ်နေပြီပဲ ၊ ကြိုးစားဗျာ ခင်ဗျား လဲ အသက် ငယ်သေးတာ ၊ စိန်စိန့် နား ချည်းပဲ ကပ် မနေနဲ့ ၊ ရုံး လဲ မှန်မှန် တက် ကိုယ့်လူ ရာ ”

ဟု ပြော လိုက်ရာ ကျွန်ုပ်တို့ သည် ဝါးခနဲ ရယ်မော လိုက်ကြတော့၏ ။

ထို့နောက် ကျွန်ုပ် သည် အခန်း ပတ်ပတ်လည် သို့ လှည့်လည် ကြည့်ရှုလေ၏ နံရံကပ်စာအုပ်ဗီရိုကြီးများ နှင့် စာအုပ်စင်ကြီးများ ကို တွေ့ရလေ၏ ။ ထို စာအုပ် ဗီရိုကြီးများ နှင့် စာအုပ်စင်မြင့် ၌ လည်း လွန်စွာ ထူသော စာအုပ်ကြီးများ နှင့် ပြည့်နှက်လျက် ရှိလေ၏ ။

ကျွန်ုပ် သည် အခန်း တွင်း လှည့်လည် ကြည့်ရှု ရင်း အပေါ် ထပ် သို့ တက်သော လှေကား ကို တွေ့သဖြင့် ထို လှေကား မှ နေ၍ အပေါ်ထပ် သို့ တက်သွား မိလေ၏ ။

အပေါ်ထပ် ၌ ကား အခန်း ဟူ ၍ ဖွဲ့ထားခြင်း မရှိပဲ တောက်လျှောက် ဖွင့် ထားသော “ ဟော ” ခန်း အကျယ်ကြီး ကို တွေ့ ရလေ၏ ။ ထို အခန်းကျယ်ကြီး ၏ တစ်ခုသော နံရံကြီး ကို နက်ပြာရောင် သင်္ဘောဆေး ဖြင့်သုတ် ထား ပြီးလျှင် ၊ ၎င်း အပေါ် ၌ ကောင်းစွာပင် ထွန်းလင်း တောက်ပသော ကြယ်တာရာများ ၏ ပုံ ကို အသေးစိတ် ရေး ထား လေ၏ ။

ထို ကြယ်တာရာ တို့ ၏ အောက် တွင် လည်း ကြယ်တာရာ ၏ အမည် နှင့် ထို ကြယ်တာရာ အကြောင်း တို့ ကို ဖော်ပြထားလေ၏ ။

ကျွန်ုပ် သည် နံရံ အနီး သို့ ကပ် သွားပြီး လျှင် သေးငယ်သော ကြယ်ကလေး တစ်လုံး ကို ကြည့်ရှု မိလေ၏ ။ ထို ကြယ်ကလေး အောက် တွင် စာ အချို့ ရေးသား ထားသဖြင့် ဖတ် ကြည့် မိလေတော့၏ ။

◾မင်းသိင်္ခ

📖 မိုးပေါ်မှာ ကြယ်တစ်လုံး

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment