Wednesday, January 31, 2024

ချောင်းပိုင်ကြီး နှင့် ကျွန်းပိုင်ရှင်


 ❝ ချောင်းပိုင်ကြီး နှင့် ကျွန်းပိုင်ရှင် ❞


“ သည်အတိုင်း ဆို ရင်တော့ ဒီနှစ် လည်း နနွင်း ရှားမယ့် နှစ်ပဲ ဗျို့ ဒုက္ခပဲ ” 


ကိုသာရင် ၏ အသံသြကြီး ကို သုံးလေးအိမ် ကျော် ကပင် လှမ်း ကြားရ၏ ။ နနွင်း ရှားမည့် နှစ် ဆိုသည် မှာ ကျွန်တော်တို့ ဆီ ၌ ရပ်ဓလေ့ ရွာဓလေ့ စကား အရ မိကျောင်း ရဲမည့် နှစ် ဟု အဓိပ္ပာယ် ရလေသည် ။ 


ကျွန်တော်တို့ ဆီ ၌ မိကျောင်း တကယ် ရဲ လာပြီ ဆိုလျှင် ရွာ တွင် နနွင်း အလွန် ရှားတတ်သည် ။ 

အဘယ်ကြောင့် ဆိုသော် လယ်သမားတွေ မှာ ချောင်း တစ်ဖက်ကမ်း ရှိ လယ်ယာမြေများ ကို ထွန် ယက် စိုက်ပျိုးရန် ကျွဲ ၊ နွားများ ကို ချောင်း တစ်ဖက်ကမ်း သို့ မောင်း ချရာ၌ ကျွဲ ၊ နွားများ ဖြတ် ကူး သွားရမည့် ချောင်းရေ ထဲ ကျွဲကူး နွားကူး လမ်း ကို နနွင်းရေ ဖျော်ပြီး ပြွတ်တံ နှင့် ဆေးဖျန်း သလို ပက်ဖျန်း ပေးရသောကြောင့် ဖြစ်လေသည် ။ 


ထိုသို့ နနွင်းရေဖျော် နှင့် ပက်ဖျန်း မပေး လျှင် ကျွဲ ၊ နွားများ ချောင်းရေ ကို ဖြတ်ကူး နေချိန် ၌ အလွန် ရဲတင်း သောင်းကျန်းသော မိကျောင်း သည် ရေအောက် မှ ငုပ်လျှိုး လိုက်လာပြီး ကျွဲ ကို လည်းကောင်း ၊ နွား ကို လည်းကောင်း ၊ လူ ကို လည်းကောင်း ဆွဲနှစ် ကိုက်ချီ သွားတတ်သည် ။ ထို့ကြောင့် သည်နေရာ က ချောင်း တစ်ဖက်ကမ်း သို့ ကျွဲ ၊ နွားများ ကို မောင်းချတော့မည် ဆိုလျှင် ချောင်းရေ ထဲ သို့ ကျွဲ ၊ နွားများ ကို မောင်း မချမီ နနွင်းရေ ကို ပက်ဖျန်း ပေးရလေသည် ။ နနွင်း နံ့ ရ လျှင် မည်မျှ ရဲတင်း သောင်းကျန်း နေသော မိကျောင်း ပင် ဖြစ်စေ ဝေးရာ သို့ လစ် ပြေး သွားတတ် ၏ ။ နနွင်း အနံ့ ကို မိကျောင်း မခံနိုင်ပေ ။ နောက် တစ်ခု ထူးဆန်း အံ့သြဖွယ်ရာ ကောင်းသည် မှာ မိကျောင်း ရ၍ မိကျောင်းသား ဟင်း ချက် စားရာတွင် နနွင်း မည်မျှ ထည့်ချက် ထည့်ချက် မိကျောင်း သား သည် ဘယ်တော့ မှ ဝါထိန် မလာဘဲ ဖြူလျော်လျော် သာ ဖြစ် နေတတ်သည် ။ မိကျောင်းသား သည် တခြား သားငါးများ လို နနွင်း မစွဲပေ ။


မိကျောင်း ရဲ သော နှစ် ဆိုလျှင် လယ်သမားများ မှာ ချောင်း တစ်ဖက်ကမ်း ရှိ လယ်ယာမြေ များ ကို ထွန်ယက် စိုက်ပျိုး သွားရန် ကျွဲ ၊ နွားများ ကို ချောင်းရေ ထဲ မှ မောင်းချ ယူကြရာ၌ ကျွဲ ၊ နွား ကူး လမ်းကို နနွင်းရေဖျော် နှင့် မနက် အသွား တစ်ခါ ညနေ အပြန် တစ်ခါ တစ်နေ့ နှစ်ခါ နေ့စဉ် ပက်ဖျန်း ပေးရ သဖြင့် နနွင်း အကုန်အကျ များ သလို ချောင်းထဲ မြောင်းထဲ သို့ သားငါး ရှာဖွေရန် သွားသူ များ ကလည်း မိမိတို့ ၏ သားငါး ရှာလိုသော ချောင်းနား တစ်ဝိုက် ကို နနွင်းရေဖျော် နှင့် ပက်ဖျန်းပြီး မှ သားငါးများ ကို ရှာဖွေ ရဲကြသဖြင့် မိကျောင်း ရဲ သော နှစ် ဆိုလျှင် ကျွန်တော်တို့ ဆီ ၌ နနွင်း အလွန် ရှားတတ် လေသည် ။


“ ဟေး ... ဘာသတင်း ကြားလာပြန်ပလဲ ကွ သာရင် ရ ” 


လယ်တော ထဲ မှ ရွာ သို့ ဝင် လာသော ကိုသာရင် အား ကိုရင်ထွန်းမောင် က လှမ်း မေးလိုက်၏ ။


“ ဘာသတင်း ဟုတ်ရမှာတုံး ကိုရင် ရာ ၊ သပြေကန်ရွာ က ဖိုးသာဒွေး ကို ချောင်းပိုင်ကြီး ဆွဲ သွားပြန်ပြီတဲ့ ဗျို့ ” 


“ ဟယ် ... ”


မိုးဦး ကျစကပင် ကျွန်တော်တို့ သပြေချောင်း ထဲ ၌ လယ်သမားများ ၏ ကျွဲ ၊ နွားများ ကို တဆွဲ တည်း ဆွဲနေသော ( ချောင်းပိုင်ကြီး ) ခေါ် မိကျောင်းကြီး သည် ယခု သပြေကန်ရွာသား ဖိုးသာဒွေး ဆို သူ ကို ဆွဲသွားသည် ဟု ကြား ရသောအခါ ကိုရင် ထွန်းမောင် မှာ အထိတ်အလန့် ဖြစ်သွားပုံ ရသည် ။ ထို မိကျောင်း အား ချောင်းပိုင်ကြီး ဟု ခေါ် ကြခြင်း မှာ သပြေချောင်း ထဲ ၌ အထက် မှ အောက် အောက် မှ အထက် စုန်ချည်ဆန်ချည် သွား ၍ ကျွဲ ၊ နွား လူ ပါ မကျန် တဆွဲ တည်း ဆွဲ နေသောကြောင့် ချောင်းပိုင်ကြီး ဟု လူတွေ က တင်စား ၍ ခေါ် နေကြခြင်း ဖြစ် လေသည် ။


“ ဟယ် လုပ်မနေနဲ့ ကိုရင် ၊ သည်အတိုင်း ဆိုရင် လယ်သမား တွေ တော့ ဒီနှစ် ဒုက္ခပဲဗျ ။ ကျုပ်တို့ ရွာ က တော်သေးတယ် ၊ သပြေကန် နဲ့ ချောင်းဝ ဘက် က လူတွေ ဆိုရင် ခု ချောင်းနား ကို လှည့်တောင် မကြည့်ရဲ လောက်အောင် ဖြစ် နေကြပြီဗျ ”


“ သပြေကန် က ဖိုးသာဒွေး ကို ချောင်းပိုင်ကြီး ဘယ် မှာ ဆွဲတာလဲ ၊ ချောင်းရေ ထဲ ဆင်း ကူး လို့လား ၊ ဒီလောက် မိကျောင်း ရဲ နေတာ သိလျက်နဲ့ လူတွေ ကလည်း အတင့် ရဲလွန်းကြပါ တယ် ဗျာ ”


“ ဘယ်ကလာ ချောင်းရေ ထဲ ဆင်း ကူး ရမှာလဲ ၊ ချောင်းကမ်းပါး မှာ ငါး မျှား နေတာ ကို ရေ အောက် က ငုပ် လာပြီး အမြီး နဲ့ ရိုက်ချ ယူသွားတာ တဲ့ ၊ အမှန်က မိကျောင်း လာ ရိုက်ချတုန်း က ဖိုးသာဒွေး ကို မဟုတ်ဘူးဗျ ။ ဖိုးသာဒွေး ခွေး ကို ရိုက် ချတာ ၊ ဖိုးသာဒွေး ငါး မျှားနေတုန်း သူ့ ခွေး က အနား မှာ ဆောင့်ကြောင့် ထိုင်ပြီး ပျားတော ထဲ က ပျားမျောက်တွေ ကို တဝေါင်ဝေါင် ကြည့် ဟောင် နေတော့ အသံ ကြားတာနဲ့ ချောင်းပိုင်ကြီး ဟာ ရေအောက် က ငုပ်လာပြီး ခွေး ကို အမိအရ ရိုက် ဖမ်းတာ ၊ လူ က ကံ ဆိုး တော့ ခွေး က လွတ် သွားပြီး ဖိုးသာဒွေး ပဲ ပါ သွားတာပေါ့ ” 


“ ဟယ် ... တယ် ရဲတင်းလွန်းပါလား ဗျ ”  


ကိုရင်ထွန်းမောင် မှာ ပို၍ အံ့သြ ထိတ်လန့် သွားသည် ။ 


“ ရဲဆို ဒီ ကောင်ကြီး ကို နတ်မိကျောင်း လို့ တောင် ပြော နေကြပြီဗျ ”


“ အေးဗျာ သည်အတိုင်း ဆိုရင် ဒီကောင်ကြီး ကြောင့် လယ်သမား တွေ တော့ ဒုက္ခပါပဲ ။ ဘကြီးညို တို့ မြေးအဖိုးတွေ လည်း ဒီနှစ် ဘာ အစီအစဉ် မှ လုပ်ကြ သံ မကြားဘူးလား ”


“ လုပ်ပါသော်ကော ကိုရင် ရာ ၊ ကုက္ကိုတန်း က ဦးလှမောင် ကျွဲကြီး ကို ချောင်းပိုင်ကြီး ဆွဲ သွားတဲ့ နေ့က အဘညို ကို သပြေချောင်း နား မှာ ကျွန်တော် တွေ့ လိုက်သားပဲ ၊ ကျွန်တော် က အခြေအနေ ဘယ့်နှယ်လဲ အဘ ဆိုတော့ ကြိုးစား နေတာပဲလို့ ပြောတယ် ။ သူတို့ မြေး အဘိုး လည်း ချောင်းပိုင်ကြီး ကို မိအောင် ဖမ်း နိုင်ကြမှာ မဟုတ်ဘူး ထင်ပါရဲ့ဗျာ ၊ နတ်မိကျောင်း ဆိုတော့ လည်း လူ က ဘယ် တတ်နိုင်မှာလဲ ” 


ကိုသာရင် ပြော သည်မှာ အမှန်ပင် ဖြစ်သည် ။ အဘိုးလေး နှင့် ကျွန်တော် သည် ချောင်း ပိုင်ကြီး ( ခေါ် ) မိကျောင်း အား ဖမ်း မိ နိုင်ရန် နည်း အမျိုးမျိုးဖြင့် ကြိုးစား လာခဲ့ကြသည်မှာ နှစ်လ ပင် ကျော် သွားပြီ ဖြစ်သည် ။ သို့သော် မိုးဦး ကျ စကပင် ဤ သပြေချောင်း ထဲ တွင် အစုန်အဆန် သွားလာ သောင်းကျန်းပြီး ချောင်းဝ ၊ သပြေကုန်း ၊ ကုက္ကိုတန်း ၊ ထန်းစု ၊ သရက်ပြင် ၊ မြောင်းငယ် စသည့် သပြေချောင်း နား တစ်လျှောက် ရှိ ရွာ များမှ လယ်သမားများ ၏ ကျွဲနွားများ ကို နေ့စဉ် လိုလို သတ်ဖြတ် စားသောက် နေသော ချောင်းပိုင်ကြီး ကို ကား ယနေ့ အထိ မဖမ်းမိ နိုင်ကြသေးပေ ။


ကျွန်တော့် အဘိုးလေး ဦးညို မှာ မိကျောင်းကိုင်း ကျားကိုင်း ထောင် ရာ၌ ဤနယ် တစ်ဝိုက် တွင် စံမတူ ပုဂ္ဂိုလ် ဖြစ်သည် ။ မည်သည့် မုဆိုးကျော် ကမျှ ထောင်ဖမ်းနိုင်စွမ်း မရှိသော မိကျောင်း နှင့် ကျား ဆိုလျှင် ကျွန်တော့် အဘိုးလေး က ချည်း ထောင် ဖမ်းရ၏ ။ တစ်ခါတစ်ခါ ရဲတင်း သောင်းကျန်း လွန်းသော ကျားကြီးများ ကို ထောင် ဖမ်းရန် ရိုးမတောင်ခြေ တစ်လျှောက် ရှိ ရွာများ ကပင် ကျွန်တော့် အဘိုးလေး ကို တကူးတက လာ ခေါ်ပင့်ဖိတ် တတ် ကြသည်လည်း ရှိသည် ။ ထို့ကြောင့် ဤနယ် တစ်ဝိုက် တွင် မိကျောင်းကိုင်း ကျားကိုင်း ထောင်ရာ၌ အဘိုးလေး သည် ပြိုင်စံရှားသော မုဆိုးကျော်ကြီး တစ်ဦး ဖြစ် လေသည် ။


မိုးဦးကျစ ၌ မြစ်ငယ်များ ၏ ရေပြင် သည် လေပြင်းမုန်တိုင်း ကျ၍ လှိုင်းတံပိုးတို့ ကြီး မားလာကြပြီ ဆိုလျှင် မြစ်ငယ် ထဲ တွင် ကျက်စားလေ့ ရှိသော မိကျောင်းများ သည် လှိုင်းတံပိုး ဒဏ် ကို မခံနိုင်တော့ သဖြင့် ကျွန်တော် တို့ သပြေချောင်း  ထဲ သို့ မိုး ခိုရင်း ဝင်ရောက် လာတတ် ကြသည် ။ သပြေချောင်း ထဲ သို့ မိကျောင်း တစ်ကောင် ကောင် ဝင်ရောက်လာပြီ ဆိုလျှင် ကျွန်တော် တို့ မြေးအဘိုး လက် ထဲ က လွတ်ထွက် သွားသော မိကျောင်း ဟူ၍ ယခင် က မရှိခဲ့ပေ ။ သပြေချောင်း ထဲ တွင် သောင်းကျန်းသော မိကျောင်း ဆိုလျှင် တစ်နည်းနည်း နှင့် တော့ ဖမ်းမိ မိဖြစ်၏ ။ သို့သော် ယခုအခါ တွင် သပြေချောင်း ထဲ ၌ သောင်းကျန်း နေသော ချောင်းပိုင်ကြီး ကို ကား ကျွန်တော် တို့ မြေးအဘိုး မှာ ယနေ့ အထိ မဖမ်းမိ နိုင်ကြသေး၍ မုဆိုးတံငါ တို့ ၏ ဂုဏ်သိက္ခာ ပင် ကျလာတော့ သည် ။


ကျွန်တော်တို့ အရပ် ၌ မိုးဦးကျစ တွင် မိကျောင်း ရဲ တတ်သလို နတ်တော်ပြာသို ကျား မိတ်လိုက် ချိန် တွင် လည်း ကျားများ ရဲ တတ် လေသည် ။ ကျွန်တော်တို့ မြေးအဘိုး မှာ ကျားရဲ ချိန် ၌ ကျား ကို လည်းကောင်း ၊ မိကျောင်း ရဲ ချိန်၌ မိကျောင်း ကို လည်းကောင်း ကိုင်းထောင် ဖမ်း၍ အသက်မွေး ဝမ်းကျောင်း ပြုနေကြသော မုဆိုးတံငါ မြေးအဘိုး ဟု ဆိုက ဆို နိုင်သည် ။ သပြေချောင်း ထဲ သို့ ဝင် လာမိသော မိကျောင်းများ ကို ကိုင်းထောင် ၍ ဖမ်းဆီး ယူနိုင်ခဲ့သလို ရိုးမတော ထဲ မှ အထက် တော ဘက် သို့ နယ်ကျွံ ၍ ရောက်လာသော ကျားများ ဆိုလျှင်လည်း ကျွန်တော်တို့ မြေးအဘိုး လက် ထဲ က ပြေး မလွတ်နိုင်ခဲ့ပေ ။ ထို့ကြောင့် ယခု သပြေချောင်း ထဲ တွင် ထကြွသောင်းကျန်း နေသော ချောင်းပိုင်ကြီး ကို မဖမ်းမိ နိုင်လျှင် ကျွန်တော်တို့ မြေးအဘိုး မှာ မုဆိုးတံငါ တို့၏ သိက္ခာ ကျရတော့မည် ။


ယင်းသမို့ကြောင့် လည်း ချောင်းပိုင်ကြီး ကို အမိ ဖမ်းရန် ကျွန်တော်တို့ မြေးအဘိုး ကြိုး စားနေကြခြင်း ဖြစ်သည် ။ သို့သော် ချောင်းပိုင်ကြီး ကို ကား ယနေ့ အထိ မဖမ်းနိုင်ကြသေး ။ မိကျောင်း ထောင်နည်း ၊ ဖမ်းနည်း များစွာ တို့ တွင်လည်း မျောက်ကောင်ရှင် ထောင်ဖမ်းနည်း နှင့် ဘဲကောင်ရှင် ထောင်ဖမ်းနည်း နှစ်နည်း သာ ကျန် တော့၏ ။ နောက် သုံးလေးရက် ကြာ၍လည်း သပြေချောင်း ထဲ က မိကျောင်းကြီး ကို ဖမ်း မမိလျှင် ထို နည်း နှစ်ခု ကိုပင် အသုံးပြုရန် ကျွန်တော် တို့ မြေးအဘိုး စည်းလား ရိုက်ထားကြပြီး ဖြစ်လေသည် ။ 


     •••••   •••••   •••••   •••••


မသေမရှင် ရိုက်ပုတ်ကာ ခြေလက် တုပ်နှောင်ပြီး ထမ်းပိုး ယူလာသော ကျွန်တော် ၏ ကျော ပေါ်မှ မျောက်မကြီး ၏ တအင့်အင့် အသက် ငင် အော်ညည်း နေသံ မှာ အလွန်ပင် နား မချမ်းသာစရာ ကောင်း လှသည် ။ မသေမရှင် ရိုက်ပုတ် ထုထောင်း ထား သဖြင့် ငရဲ လည်း အလွန် ကြီးလေမည် ။ ထို့ကြောင့်လည်း ဤနည်း နှင့် မိကျောင်း ထောင်ဖမ်း ရမည့် အလုပ် ကို ကျွန်တော် တို့ မြေးအဘိုး က ရှောင်ကြဉ် ခဲ့ကြသေး၏ ။ သို့သော် ချောင်းပိုင်ကြီး အား ထောင်ဖမ်းရန် နည်းလမ်း မှာ ဤ နည်းလမ်း နှင့် ဘဲကောင်ရှင် ထောင်ဖမ်းနည်း နှစ်ခုသာ ကျန် တော့သဖြင့် ဤ နည်းလမ်း ကိုပင် ပထမဦးစွာ အသုံး ပြုရလေတော့သည် ။ ဤ နည်းလမ်း နှင့် ချောင်းပိုင်ကြီး ကို မမိ လျှင် နောက် တစ်ဆင့် တက် ရပေဦးမည် ။


ကျွန်တော် တို့ မြေးအဘိုး သည် မိကျောင်းကိုင်း ထောင်ရမည့် နေရာ ဖြစ်သော သပြေ ချောင်း နား ရှိ ကိုင်းကျင်း နား သို့ ရောက် လာကြ၏ ။ ကျွန်တော် သည် တအင့်အင့် ညည်းနေသော မျောက်မကြီး ကို ကျင်းနား တွင် ညင်သာစွာ ချ လိုက်၏ ။ မသေမရှင် ရိုက်ပုတ် ထုထောင်း ထားသော မျောက်မကြီး မှာ သတိ မရ တစ်ချက် ရ တစ်ချက် နှင့် တအင့်အင့် ညည်း နေ တုန်းပင်တည်း ။ 


မိကျောင်း ကို ကိုင်း ထောင်ရာတွင် ကြက် ၊ ဝက် ၊ ငှက် ၊ ကျား ၊ ဂျီငယ် များ ကို ထောင် ဖမ်းသလို ကိုင်းကြိုး တစ်ပင် ကိုင်းတံ တစ်ခု ကိုင်းကျင်း တစ်ခု နှင့် ထောင်ဖမ်း၍ မဖြစ်ပေ ။ ကိုင်း တံ နှစ်ခု ကိုင်းကြီး နှစ်ပင် ကိုင်းကွင်း နှစ်ခု ဖြစ်လေသည် ။ မိကျောင်းကိုင်း မှာ ဝိသေသထူးခြား ချက်တွေ အများကြီး ပါ၏ ။ ကိုင်းကြိုး ထဲတွင် သစ်သား ကို ပွတ် လုပ်ထားသော ပုတီးစေ့လေး တွေ လို ( တောင့် ) လည်း ထည့် ထားရသည် ။ ထိုသို့ ( တောင့် ) ထည့် မထားလျှင် မိကျောင်း သည် ကိုင်း ၌ မိ၍ ရုန်းကန် လှုပ်ရှားသော အခါ သူ ၏ ကြမ်းတမ်း ခက်ထန်သော ကိုယ်လုံးကြီး နှင့် ကိုင်း ကြိုး ပွတ်တိုက်ထိဖန် များသော အခါ ကြိုးပြတ် ထွက် သွားမှာ စိုးရသည် ။ ကိုင်းကြိုး ထဲ တွင် ပုတီးစေ့ ( တောင့် ) လေးတွေ ထည့်ထား ပေးပါ က မိကျောင်း သည် မည်မျှပင် ရုန်းကန် လှုပ်ရှားနေစေကာ မူ ပုတီးစေ့လေးတွေ က ဘော လို လည် နေသဖြင့် ကိုင်းကြိုး မပြတ်နိုင်ပေ ။


မိကျောင်း ကို ကိုင်းထောင် ဖမ်းရာ၌ ကိုင်းတံ နှစ်ခု ၊ ကိုင်းကြိုး နှစ်ပင် ကိုင်းကွင်း နှစ်ခု ဖြစ် သော်လည်း ကိုင်းသီး ခေါ် ကိုင်းခလုတ် မှာ တစ်ခုတည်း ဖြစ်သည် ။ ကိုင်းခလုတ် တစ်ချက် ပြုတ် ရုံနှင့် ကိုင်းကြီး နှစ်ပင် စလုံး တစ်ပြိုင်နက် တင်း သွားအောင် မိကျောင်း ကိုင်းထောင် ဖမ်းသော အတတ်ပညာ ပါ ရသည် ။ တခြား တိရစ္ဆာန်များ ကို ထောင်ဖမ်း သလို ကိုင်းကွင်းကြိုးခွေ ကို မြေပြင် တွင် လှဲ မထားဘဲ မတ်တတ် ထောင်ထားရ၏ ။ ကိုင်းကွင်း မတ်တတ် ကို မြေပြင် ထဲ တွင် တစ်ဝက် မြှုပ် ထားရသေးသည် ။ သို့မှသာ မိကျောင်း တွား တက်လာပါက မိကျောင်း ၏ ကိုယ်လုံး သည် ကိုင်းကွင်း ထဲ သို့ အဆင်သင့် ဝင်မည် မဟုတ်ပါလား ၊ မိကျောင်း ကို ကိုင်းထောင်ရာ ၌ တခြား  တိရစ္ဆာန်များ ကို ထောင်ဖမ်း သလို ခြေလက် တို့ ကို မထောင်ဖမ်းဘဲ ကိုယ်လုံး ကို ထောင်ဖမ်းရလေသည် ။  


မိကျောင်း တစ်ကောင် ကောင် ကို ကိုင်းထောင် ဖမ်းတော့မည် ဆိုလျှင် ကိုင်း မထောင်ခင် က ပင် မိမိ ထောင်ဖမ်းရမည့် မိကျောင်း ၏ ကိုယ်လုံး အရှည်အတို အလျားအရွယ်အစား စသည်တို့ ကို ခန့်မှန်း လေ့လာ ရသေး၏ ။ သို့မှသာ မိကျောင်းကိုင်း ၌ မိ ပါက ကိုင်းကြိုး နှစ်ပင်မှာ တစ်ပင် က လက်လှုပ် အောက် ကိုယ်ထည် ကို မိ၍ ကျန် တစ်ပင်က ခြေအထက် ခါး ကို မိ ရပေမည် ။ ထိုသို့ ကိုင်းကြိုး နှစ်ပင် မိထားမှသာ မိကျောင်းကြီး သည် လွှတ် မရုန်းနိုင် တော့ဘဲ စန့်စန့်ကြီး ဖြစ် နေလေ မည် ။ သို့မဟုတ် လျှင် အမြီး နှင့် ရိုက်ပုတ်၍ ကိုင်းကြိုး ကို ဖြတ် တတ်လေသည် ။ ဤသည်တို့ မှာ မိကျောင်း ထောင်ဖမ်းနေကျ ဖြစ်သော ကျွန်တော်တို့ မြေးအဘိုး အတွက် အခက်အခဲတော့ မဟုတ်ပေ ။

မိကျောင်း ထောင်ဖမ်းရန် ကိုင်းကျင်း အဆင်သင့် ပြုလုပ် ထားသော သပြေချောင်းနား သို့ ကျွန်တော် တို့ မြေးအဘိုး ရောက် လာချိန်မှာ မှောင်ရီပျိုးဖျ အချိန် ဖြစ်လေသည် ။ ချောင်းကမ်း ပါးဘေး နား ရှိ ပြူးပင် ၊ ပြာပင်များ ပေါ်မှ အိပ်တန်း လုရင်း ရန်ဖြစ် နေကြသော မျောက်များ ၏ အသံ မှာ ချောင်းပတ်ဝန်းကျင် ၌ ဆူညံလျက် ရှိလေသည် ။


သပြေချောင်းနား တစ်ဝိုက် တွင် မျောက် အလွန်ပေါ၏ ။ ယခု မိကျောင်း ထောင်ရန် အစာ အဖြစ် ဖမ်းဆီးယူ ဆောင်လာကြသော မျောက်မကြီး ကို လည်း ကျွန်တော်တို့ မြေးအဘိုး သည်  ဤ သပြေချောင်း နား ကပင် ဖမ်းယူ ရသည် ။ မျောက် ကို ထောင်ဖမ်း ရသည်မှာ အလွန် လွယ်ကူ၏ ။ ဒီရေ ကျ သွားပြီ ဆိုလျှင် မျောက်များ သည် ချောင်းဘေး နား ရှိ သစ်ပင်များ ပေါ် မှ လတာပြင် သို့ ဆင်း လာကြပြီး လတာပြင်ပေါ် မှ ငါးကလေးများ ၊ ဂဏန်းဗလီးကလေးများ ကို ဖမ်း စားတတ် သည် ။ ထိုအခါ လတာပြင် ထဲ ၌ ကြိုးကွင်း ပစ်၍ မျောက် ကို ဖမ်းယူရသည် ။ မျောက်တွေ မှာ သပြေချောင်း နား တစ်ဝိုက် ၌ အလွန် ပေါများသဖြင့် မျောက် တစ်ကောင် ဖမ်းမိရန်မှာ ဒီရေ ကျချိန် ၌ နာရီဝက် ပင် မကြာပါချေ ။


မျောက်များ ကို မိကျောင်း ဖမ်းစား တတ် ချိန်မှာလည်း ဒီရေ ကျချိန် မှာ ပင် ဖြစ်သည် ။ ဒီရေ ကျ ချိန်တွင် လတာပြင် သို့ မျောက်များ ဆင်း လာလေ့ ရှိသည်ကို သိထားသော မိကျောင်း သည် ဒီရေ ပြည့်လျှံ နေချိန် ၌ လတာပြင် ရွှံ့ညွံ ထဲတွင် သူ ၏ တစ်ကိုယ်လုံး ကို နှစ်မြှုပ် ၍ ဒီရေ ကျ သွား သောအခါ မျောက်များ လတာပြင် သို့ ဆင်း အလာ ကို မိကျောင်း က စောင့် နေတတ်သည် ။ ဒီရေ ကျ သွား၍  မျောက်များ လတာပြင် သို့ ဆင်း လာကြသော အခါ မိကျောင်းကြီး သည် လက်လှမ်း မှီ ရာ မျောက် ကို အမြီး နှင့် လှမ်း ရိုက်၍ ဖမ်း စားတတ်လေသည် ။ မျောက်သား မျောက်သွေး ကို မိကျောင်းများ အလွန် ကြိုက်၏ ။ ထို့ကြောင့်လည်း ယခု သပြေချောင်း ထဲ တွင် အစုန်အဆန် သွား လာ၍ သောင်းကျန်း နေသော ချောင်းပိုင်ကြီး ကို ကျွန်တော်တို့ မြေးအဘိုး သည် မျောက်သွေး မျောက်သား နှင့် ထောင် ဖမ်းရန် စိုင်းပြင်း နေကြလေသည် မဟုတ်ပါလား ။


ဒီရေ ကျချိန် တွင် မျောက်များ ကို မိကျောင်း က လတာပြင် ထဲ ၌ အမြီး နှင့် ရိုက်ပုတ်ပြီး ဖမ်းစား တတ်သလို ကျား များ သည် ကား မျောက်များ ကို အကာလ ညအခါ ၌ သာ ဖမ်း စားတတ် လေသည် ။ မျောက်များ အိပ်တန်း တက်နေကြသော သစ်ပင်ကြီးငယ်များ ကို ညဦးပိုင်း ကပင် တွေ့ ထားသော ကျားသည် ညအချိန် ၌ ထို သစ်ပင်အောက် ကို လာ၍ မျောက်များ ကို စောင့်ဖမ်း စား တတ်သည် ။ ညဉ့်ယံ အခါတွင် မျောက်များ သည် စိုးရိမ်ကြောင်းကြစိတ် နှင့် ကမ္ဘာမြေကြီး များ ပြို ကျ လေသလားဟု မြေပြင် ကို ဆင်း၍ တစ်ညဉ့် သုံးခါ စမ်းသပ် ကြည့်ကြသည် ဟု လူကြီး သူမများ ပြော ကြသည်မှာ ဟုတ်ချင်မှ ဟုတ်မည် ဖြစ် သော်လည်း အကောလ ညအချိန် ၌ မျောက် များ သည် မြေပြင် သို့ ဆင်း တတ် သည်မှာ တော့ အမှန်ပင် ဖြစ်သည် ။ တိရစ္ဆာန်များ တွင် လူတွေ သုတေသန ပြု၍ မရသေးသော လျှို့ဝှက်ချက် အကျင့် အလေ့အထ တစ်ခုစီတော့ ရှိကြသည် ။


တိရစ္ဆာန်များ ထဲ တွင် အလိမ္မာ ပါးနပ်ဆုံး ဖြစ်သော ကျား သည် ညအခါ ၌ မျောက်များ မြေပြင် သို့ ဆင်းအလာ ကို စောင့် ဖမ်း၍ စား တတ်လေသည် ။ သို့သော် သပြေချောင်းနား တစ်ဝိုက် တွင် မျောက်တွေ မှာ အလွန် ပေါသဖြင့် မိကျောင်း နှင့် ကျားများ က မည်မျှပင် ဖမ်းစားကြစေကာ မူ မျောက်များ ကား မကုန် နိုင်ပေ ။ ထို့ကြောင့်လည်း သပြေချောင်းနား သို့ မျက်စိလည် လမ်းမှား ၍ ရောက်လာကြသော ကျားများ သည် သပြေချောင်း ကို တော်တော် နှင့် မခွာ နိုင်သလို မိကျောင်း များ သည်လည်း  မခွာရက် ဖြစ်နေသည် ။ ယခု ကြည့်ပါဦး ၊ မိုးဦးကျ စကပင် လေမိုး ခိုရင်း သပြေ ချောင်း ထဲ သို့  မျက်စိလည် လမ်းမှား ကာ ယောင်ယောင်ပေါင်ပေါင် ရောက် လာသော မိကျောင်း သည် သပြေချောင်း ကောင်းမှန်း ကို သိ သဖြင့် သပြေချောင်း က မခွာဘဲ စခန်း ချကာ ချောင်းပိုင်ကြီး လုပ်နေပါလေပြီ ။


ကိုင်းကျင်း အဆင်သင့် ပြုလုပ်ပြီးသော အခါ ကျွန်တော် သည် သေလုလု ဖြစ်နေသော မျောက်မကြီး ၏ ဆီးစပ် ကို ဓားမြှောင် နှင့် တစ်ချက် ဆောင့် ထိုး လိုက်၏ ။ မျောက်သွေးများ သည် ကိုင်းကျင်း ထဲ မှ အသင့် ဖောက်လုပ် ထားသော ရေစီးကြောင်း အတိုင်း လတာပြင် ကို ဖြတ်၍ ချောင်း ရေ ထဲ သို့ စီးဆင်း သွားကြသည် ။ မျောက်သွေးများ ချောင်းရေ ထဲ သို့ တဖြည်းဖြည်း စီး ကျနေမှ မျောက်သွေး မျောက်သား ကို အလွန် ကြိုက်တတ်သော မိကျောင်း သည် သွေးနံ့ ခံပြီး မျောက်ကောင် ရှိရာသို့ လိုက်လာမည် ။ မျောက်သွေးစီးကြောင်း ကို တွေ့သောအခါ တဖြည်းဖြည်း သွေး သောက် ရင်း လတာပြင် ကို တွားတက် သွားပြီး ကိုင်းကျင်း ထဲ မှ မျောက်ကောင် ကို ဆွဲဟပ် လေမည် ။ ထို အခါ ကိုင်းခလုတ် က ဒေါက်ခနဲ ပြုတ် ၍ မိကျောင်း သည် စန့်စန့်ကြီး မိ နေလေမည်မှာ မုချ ပင် မဟုတ်ပါလား ။ ကိုင်းခလုတ် ချပြီးသောအခါ ကိုင်းဖျား တွင် နွားခလောက်ကလေး တစ် လုံး ကို ဆွဲ ချိတ်ထားရ၏ ။ ညအချိန် ၌ မိကျောင်းကိုင်း ၌ မိပြီ ဆိုလျှင် ဤ နွားခလောက်ကလေး က ဒိုးဒိုးဒေါင်ဒေါင် မြည်၍ ကျွန်တော် တို့ မြေးအဘိုး အား အချက် ပေးမည် ဖြစ်လေသည် ။


ကိစ္စဝိစ္စတွေ ပြီးသောအခါ ကျွန်တော်တို့ မြေးအဘိုး သည် ကိုင်းကျင်း နှင့် အနီးဆုံး ဖြစ်သော လယ်သမား တစ်ဦး နွားတင်းကုပ် သို့ သပြေချောင်း ထဲ မှ တက် လာကြသည် ။ ကျွန်တော် နှင့် အဘိုးလေး သည် နွားတင်းကုပ် တွင် လဲလျောင်းရင်း ကျွန်တော် တို့ အစောင့် အဖြစ် ထားခဲ့သော ခလောက်ကလေး ၏ တဒိုးဒိုး တဒေါင်ဒေါင် အချက်ပေးသံ ကို သာ နားစွင့် နေမိကြပေသည် ။


     •••••   •••••   •••••   •••••


မိကျောင်း လမိုင်း ကပ် နေသော ကျွန်တော် ၏ နား သည် ဒိုးဒိုးဒေါင်ဒေါင်း ခလောက်မြည်သံ ကို ချည်း ကြား နေမိတော့သည် ။ ကျွန်တော်တို့ မြေးအဘိုး ထောင် ထားသော ကိုင်း တွင် ချောင်း ပိုင်ကြီး မိ၍ တလူးလူး တလွန့်လွန့် လှုပ်ရှားရုန်းကန်နေသည် ကိုလည်း စိတ် ထဲ မှာ မြင် မိသလိုပင် ။ မိကျောင်း နှင့် ကျားများ ကို နှစ်ပေါင်း များစွာ ထောင်ဖမ်း သ,တ်ဖြတ်လာသော ကျွန်တော် ၏ နားမျက်စိ တို့ မှာ ကျား နှင့် မိကျောင်း သရဲများ စွဲဝင် ပူးကပ်နေ သကဲ့ သို့ ပင် ရှိတော့သည် ။


မိကျောင်း တစ်ကောင် ကို ကိုင်းထောင် ဖမ်းဆီးရမိပြီ ဆိုလျှင် ကျွန်တော်တို့ အဖို့ လေးငါးလ မလုပ်မကိုင်ဘဲ ထိုင် စားနိုင်သည် ။ မိကျောင်း တစ်ကောင် ကောင် ကို ဖမ်းဆီး မိပါက အနည်းဆုံး ငွေ သုံးလေးဆယ် ကို တစ်ရက် နှစ်ရက် အတွင်း ရနိုင်၏ ။ ကျေးလက်တောရွာများ ၌ ငွေသုံးလေး ဆယ် မှာ နည်းသည် မဟုတ်ပေ ။ 

မိကျောင်း တစ်ကောင် ကို ကိုင်းထောင် ၍ ဖမ်းဆီး ရမိပြီ ဆိုလျှင် ဦးစွာ ပထမ မိကျောင်းသား ကို ရောင်းရ၏ ။ နောက် လက်သည်း ခြေသည်း အမြီးအရေခွံ က အစ ဘာတစ်ခုမျှ လွင့်ပစ်ရသည် ဟု မရှိပေ ။ မိကျောင်း ၏ လက်သည်း ခြေသည်း အရေခွံ စသည် တို့ ကို ကလေးသူငယ်များ လည်ပင်း ၌ ဆွဲချိတ် ထားပါ က သူငယ်နာ က အစ အမှောင့် ပယောဂ အားလုံး ကို ကာကွယ်သည် ဟု တောရွာကျေးလက် မှ လူများ အယူ ရှိကြသည် ။ မြန်မာ သမားတော်ကြီးများ ကလည်း မိကျောင်း အသည်း ကျောက်ကပ် ၊ နှလုံး စသည်တို့ ကို ဈေး အများဆုံး ပေး၍ ဝယ်ယူ တတ်ကြသည် ။  


မိကျောင်း တစ်ကောင်လုံး တွင် ပိုက်ဆံ မတန်သော တန်ဖိုး မရှိသော အရာဝတ္ထု ဟူ၍ တစ်ခုမျှ မရှိပေ ။ အားလုံး ပိုက်ဆံ တန်သည် ။ နောက်ဆုံး ကုန်ကုန် ဆိုရသော် မိကျောင်း ၏ ဝမ်း ဗိုက် ထဲ ၌ပါသော ကျောက်ခဲကျောက်လုံးတွေများ ဆိုလျှင် ပို၍ပင် တန်ဖိုး ရှိသေးသည် ။ ထိုကျောက် ခဲကျောက်လုံးလေးတွေ ကို ဆောင် ထားပါက ကျောက်ကြီးရောဂါ ၊ ကျောက်ဝမ်းရောဂါ ၊ အနာကြီးရောဂါ နှင့် ဓားခုတ်လှံထိုး ပင် ပြီး သည် ဟု တောရွာ က လူများ အယူ ရှိကြသည် ။ ထို့ကြောင့် မိကျောင်း တစ်ကောင်လုံး တွင် ဝမ်းဗိုက် ထဲ က ကျောက်ခဲကျောက်လုံးလေး တွေ မှာ ပို၍ ပင် တန်ဖိုး ရှိ သေးလေသည် ။


မိကျောင်း တစ်ကောင် ကောင် ကို ကိုင်းတောင် ဖမ်းမိပြီ ဆိုလျှင် မိကျောင်း ၏ ဝမ်းဗိုက် ထဲ တွင် မိကျောင်း အကောင် အကြီးအသေး ကို လိုက်၍ ကျောက်ခဲ ကျောက်လုံးလေးများ ပါ စမြဲ ဖြစ်သည် ။ ကျွန်တော့် အဘိုးလေး ၏ ပြောပြချက် အရမူ ဥပမာ မိကျောင်း တစ်ကောင် သည် ချောင်း တစ်ချောင်း ထဲ သို့ ဝင် လာပါက ထို ချောင်း ထဲ ၌ သူ့ ထက် ကြီးသော သူ့ ကို နိုင်နင်းသော တစ်နည်း ဆိုရသော် သူ့ ကို ရန် မူနိုင်သော ချောင်းပိုင် မိကျောင်း ရှိ မရှိကို စုန်ဆန်ကာ ရှာဖွေသည် ။ တိုက်ခိုက်သည် ဟု ဆို၏ ။ ထို ချောင်း ၌ သူ့ ကို နိုင်နင်းသော မိကျောင်း တစ်ကောင် မျှ မရှိ လျှင် ထို မိကျောင်း သည် ကျောက်ခဲ တစ်လုံး ရှိတတ်သည် ဟု ဆိုသည် ။ အဓိပ္ပာယ် မှာ ဤ ချောင်း ကို သူ ပိုင်ပြီ ဟု ဆိုလိုသည် ။ ထို့ကြောင့် မိကျောင်း တစ်ကောင် ကောင် ကို ကိုင်းထောင် ဖမ်းမိ၍ ထို မိကျောင်း ၏ ဝမ်းဗိုက် ထဲ တွင် ကျောက်ခဲ သုံးလေးလုံး ကို တွေ့ ပါက ထို မိကျောင်း သည် ချောင်း သုံးလေးချောင်း ပိုင်သည် ဟု ယူဆ ရမည် ။ ငါးလုံး တွေ့ က ငါးချောင်း ပိုင်သော မိကျောင်း ဟု အဘိုးလေး က ပြောပြသည် ။


ကျွန်တော် သည် မပျော် တစ်ချက် ပျော် တစ်ချက် နှင့် အဘိုးလေး အနား က ကွပ်ပျစ် တွင် လူးလွန့် လှုပ်ရှား ရင်း ချောင်းပိုင်ကြီး ၏ အကြောင်း ကို သာ တွေး နေမိသည် ။ ဤ မိကျောင်းကြီး ကို သာ ကိုင်း ၌ ဖမ်းမိပါက အသား ကို ရောင်းစားရုံ နှင့် ငွေ လေးငါးခြောက်ဆယ် မှာ အလွယ် ကလေးနှင့် ရနိုင်သည် ။ နောက် လက်သည်းခြေသည်း ၊ အမြီးအရေခွံ ၊ အသည်းနှလုံး ၊ ဗိုက် ထဲ က ကျောက်ခဲကျောက်လုံးများ ။


အချိန် မှာ သက်ကြီးခေါင်းချ အချိန်တည်း ။ နွားတင်းကုပ် ၏ ပတ်ဝန်းကျင် တစ်ခို မှ ပိုး ကောင် မွှားကောင်ငယ်များ ၏ အော်မြည်သံ မှာ ညံစီ လျက် ရှိသည် ။


“ ဒေါင် ... ဒေါင် ... ဒေါင် ... ဒေါင် ”


ဒိုးဒိုးဒေါင်ဒေါင် မြည်နေသော နွားခလောက်သံ သည် သပြေချောင်းနား တစ်ဝိုက် ကို ပဲ့တင် ထပ် သွား လေသည် ။ ကျွန်တော် သည် အိပ်ရာ က လူးလဲ ထလိုက်၏ ။


“ အဘိုးလေး... အဘိုးလေး ၊ ချောင်းပိုင်ကြီး မိပြီဗျို့ ”


အိပ်ပျော် နေသော အဘိုးလေး ကို ကျွန်တော် က ကမန်းကတန်း လှုပ် နှိုးလိုက်၏ ။ ညဦး က ပင် အသင့် ပြုလုပ်ထားသော မီးတုတ် ကို ထွန်းညှိကာ လှံရှည် တစ်ချောင်း ကို ဆွဲတည့်ပြီး မိကျောင်းကိုင်း ရှိရာ သပြေချောင်း နား သို့ ဒုန်းစိုင်း ပြေး ချလာ၏ ။ အဘိုးလေး မှာ အသက်အရွယ် ကြီးသူ ပီပီ အလဲအလဲ အပြိုပြိုနှင့် ကျွန်တော့် နောက် ကို ပြေး လိုက်လာသည် ။ ကျွန်တော် သပြေချောင်း နား သို့ ရောက်သော အခါ အဘိုးလေး မှာ လမ်း တစ်ဝက် လောက် သာ ရောက်သေး၏ ။ 


အဘိုးလေး  လက် ထဲ က မီးရောင် ကို တော့ တရွေ့ရွေ့ လှမ်း မြင် နေရသည် ။ “ လူလေး အရမ်း မလုပ် နဲ့နော် အရမ်း မလုပ်နဲ့ ၊ အဘ ရောက်အောင် စောင့်ဦး ” ဟု လည်း ကျွန်တော့် အား စိတ် မချသဖြင့် လှမ်း အော်ရင်း သတိ ပေးလေသည် ။


ကိုင်းကျင်းနား သို့ ရောက်သော အခါ ကျွန်တော် ၏ ခြေလှမ်း မှာ တုံ့ခနဲ ရပ်သွားသည် ။ မိကျောင်း ရပြီ ဟူသော ဝမ်းသာအားရ စိတ် နှင့် ပြေး ချလာမိသည် မှာ ယခုအခါ ခဲလေသမျှ သဲရေကျ ဖြစ် ရလေပြီ ။ အဘယ်ကြောင့် ဆိုသော် မျောက်များ သည် တဆူဆူတညံညံ အော်ဟစ်၍ ကိုင်းတံ ကို တွယ်တက် ၍ ကိုင်လှုပ်သည့် အကောင် က လှုပ် ၊ ကိုင်းကျင်း ထဲ မှ မျောက်မကြီး ကို ဝိုင်း ဆွဲသည့်အကောင် က ဆွဲ ၊ ခလောက် ကို တဂျောင်ဂျောင် လှုပ်သည့် အကောင် က လှုပ် နှင့် မျောက် အကောင်ရေ သုံးဆယ် လောက် သည် ကိုင်း ကျင်းနား တွင် ရှုပ်ရှက်ခတ် ဖြစ်နေသည် ကို တွေ့လိုက် သောကြောင့် ဖြစ်၏ ။


မိကျောင်း မိပြီ အထင် နှင့် အလဲလဲ အပြိုပြို ပြေး လိုက်လာသော အဘိုးလေး ကျွန်တော့် အနီး သို့ အရောက် တွင် ကျွန်တော် သည် စိတ်ပေါက်ပေါက် နှင့် အဘိုးလေး လက်ထဲက မီးတုတ်တွေ ကို တစ်ခုပြီး တစ်ခု မီးညှိ ကာ ကိုင်းကျင်း ထဲ တွင် ဆော့ ပြေး နေကြသော မျောက်များ အား ပစ် ပေါက် လိုက်မိလေသည် ။ 


ချောင်းပိုင်ကြီး ကို ဤနည်း နှင့် လည်း မမိနိုင်ပါသေး ။ သို့သော် နောက်ဆုံး တစ်နည်းတော့ ကျန် သေး၏ ။ ချောင်းပိုင်ကြီး က ကျွန်တော်တို့ မြေးအဘိုး ထောင် ထားသော ကိုင်းကျင်း ထဲ သို့ မလာ လျှင် ချောင်းပိုင်ကြီး ရှိ ရာသို့ ကျွန်တော်တို့ မြေးအဘိုး လိုက် ရှာပြီး သူသေ ကိုယ်သေ ပညာ ပြိုင်ကြရပေတော့မည် ။


     •••••   •••••   •••••   •••••


အဘိုးလေး က လိုက်ခဲ့ပါ ဆို၍ သာ လိုက် လာရ သော်လည်း ကျွန်တော့် စိတ် ထဲ က မူ သိပ် မပါတော့ပေ ။ ဤ မိကျောင်း ကို ဖမ်း မိနိုင်ရန် ကျွန်တော်တို့ မြေးအဘိုး နည်းအမျိုးမျိုး ဖြင့် ကြိုးစား လာခဲ့ကြသည် မှာ သုံးလေးလ ရှိနှင့်လေပြီ ။ မိကျောင်း ကို ကား မမိသေး ။ ထို့ကြောင့် ကိုသာရင် ပြော သလို ဤ မိကျောင်း သည် တကယ်ပင် နတ်မိကျောင်း ဆိုတာများလား ဟု တွေး မိသောအခါ ကျွန်တော့် ကျော ထဲတွင် စိမ့် ၍ သွားသည် ။


ဤ မိကျောင်း ကို ဖမ်းမိ နိုင်ရန် မနေမနား ကြိုးစား နေသလို ယခု တစ်လော ကျွန်တော်တို့ နယ် တစ်ဝိုက် တွင် ထကြွသောင်းကျန်း နေသော ကျားကြီး ကို ဖမ်းဖို့ ကြိုးစားပါက သည်လောက် အချိန် မှာ မိ နိုင်ပြီ ဟု ကျွန်တော် က တွက်ကိန်း ထုတ်မိသည် ။ ထို့ကြောင့်လည်း အသက်အန္တရာယ် နှင့် နီးသော နတ်မိကျောင်းကြီး ကို အဘယ်ကြောင့် ဖမ်းချင်ရ သနည်း ဟု အဘိုးလေး ကိုပင် မကျေ မနပ်နှင့် အပြစ် တင် ချင်လာသည် ။ ဤ မိကျောင်း မှာ ရွာနီးချုပ်စပ် တစ်ဝိုက် က လူများ သိထား ကြသလို နတ်မိကျောင်း ဖြစ်သဖြင့် ကျွန်တော်တို့ မြေးအဘိုး က ဖမ်းဆီး၍ မရနိုင်ပါ ဆိုလျှင် မုဆိုး တံငါ တို့ ၏ ဂုဏ်သိက္ခာ လည်း ကျစရာ မရှိပေ ။ မိုးလယ် က ပင် ထကြွသောင်းကျန်း လာသော မိကျောင်း မှာ ငမိုးရိပ်နတ်မိကျောင်း လို လူယောင် ဆောင်၍ သွား နေသည် ။ ဘယ်ရွာ မှာ ဘယ် နေ့ က အမည်မသိ တစိမ်း ဧည့်သည် သည် မိကျောင်း လူယောင် ဆောင်လာခြင်း ဖြစ်သည် စသည် စသည်ဖြင့် ကောလာဟလတွေ ကလည်း ထပ်တလဲလဲ ဖြစ် နေလေသည် ။ ဤသည် ကို လုံးဝ မယုံကြည် မကျေနပ်သော ကျွန်တော့် အဘိုးလေး က လည်း ထို့ကြောင့် ဤ မိကျောင်း ကိုသာ ဖမ်းမိ နိုင်ရန် သဲသဲမဲမဲ ဖိ၍ ကြိုးစား နေခြင်း ဖြစ်သည် ။ အမှန်က ဤ မိကျောင်း ကို နတ်မိကျောင်း ဟု ပြော နေကြသလို ယခုတစ်လော အတင့်ရဲ သောင်းကျန်း လာသော ကျားကြီး ကိုလည်း နတ် ကျား ကျွန်းပိုင်ရှင် ဟု မိကျောင်းသံ လိုက်၍ လူတွေ က ပြော နေကြ ပြန်သည် ။ ကျားကြီး မှာ ကျွန်တော် တို့ ရမ်းဗြဲ တစ်ကျွန်းလုံး ကို လှည့်ပတ်၍ လယ်သမားများ ၏ ကျွဲနွားများ ကို တစ်နေ့ တစ် ကောင် ၊ သို့မဟုတ် နှစ်ကောင် သုံးကောင် အထိ ပင် ကိုက်ဖြတ် သ,တ်စား နေလေသည် ။


တစ်ခု ထူးဆန်း နေပြန်သည် မှာ ထို ကျား သည် သူ ကိုက်ဖြတ် သ,တ်ထားခဲ့သော ကျွဲနွား များ ကို တခြား ကျား များ လို ပြန် စားခြင်း လုံးဝ မရှိပေ ။ သည်နေ့ ဒီရွာ မှာ ကျွဲ တစ်ကောင် ကို ကိုက်စား သွားပြီ ဆိုလျှင် နောက် တစ်နေ့ မှာ နောက် တစ်ရွာ ရွာ ၌ နွား တစ်ကောင် ကို လည်းကောင်း ၊ ကျွဲ တစ်ကောင် ကို လည်းကောင်း ကိုက် သွားပြန်ပြီ ဟု သတင်း သာ ကြားရသည် ။ ဤသည်တို့ ကြောင့်လည်း လူတွေ က ထို ကျား ကို ကျွန်း ကို ပတ်ပြီး လှည့်လည် ကိုက်သ,တ် စားနေသော နတ် ကျား ကျွန်းပိုင်ရှင် ဟု ပြော နေကြလေသည် ။ သို့သော် ယနေ့ အထိ လူ ကို တော့ တစ်ယောက် တလေ မျှ မကိုက်သေးပေ ။ သပြေချောင်း ထဲ က မိကျောင်း နှင့် စာလျှင် တော်သေးသည် ဟု ဆိုရ ပေမည် ။ ဤ ကျား က လူ ကို ကိုက်သ,တ်စားခြင်း မရှိသေး၍လည်း ကျွန်တော့် အဘိုးလေး က ကျား ထက် လူ ကို စားသော နတ်မိကျောင်း ကို သာ ဖမ်းမိနိုင်ရန် မဲ၍ ကြိုးစားနေခြင်း ဖြစ်လေသည် ။ သို့သော် ကျားကြီး ကို လည်း တစ်ခါ နှစ်ခါ တော့ ကျွန်တော်တို့ မြေးအဘိုး ( ဘိ ) ထောင် ကြည့်ခဲ့ ကြ၏ ။ သို့သော် ထို ကျား ကား သူ ကိုက်သ,တ်ထားခဲ့သော ကျွဲနွား အသေကောင်များ ဆီသို့ နောက် တစ်ကြော့ ပြန်လာ စားသောက်ခြင်း မရှိသဖြင့် ကျွန်တော် တို့ ထောင် ထားသော ( ဘိ ) တွင် မမိနိုင်ခဲ့ပေ ။ 


ကျွန်တော်တို့ မြေးအဘိုး ထောင် ထားသော ကိုင်းကျင်း ထဲ သို့ နတ်မိကျောင်း မလာသဖြင့် နတ်မိကျောင်း ရှိရာ သပြေချောင်း ထဲ တွင် နတ်မိကျောင်း ကို ပိုက်စိပ်တိုက် အစုန်အဆန် ရှာဖွေကြသည် ။ နတ်မိကျောင်း ကို တွေ့ပါ က သူသေကိုယ်သေ အစွမ်း ပြိုင်ကြရန် ကိုလည်း ကျွန်တော် တို့ အစီအစဉ် လုပ်လာခဲ့ကြသည် ။


သပြေချောင်း ၏ ဒီရေ သည် တငြိမ့်ငြိမ့် ကျ စ ပြုနေသည် ။ ကျွန်တော် က ကြိုး ကို တဆတ် ဆတ် လှုပ် လိုက်သောအခါ လက်မလုံး လောက် ရှိသော တလောင်ပေါ် မျှားကြီး နှင့် ခြေတစ်ဖက် ကို ပူးချည်ထားခြင်း ခံရသော ဝမ်းဘဲကြီး အော်သံ ကို ကြား လျှင် ရေ ထဲ မှ ဘွားခနဲ ပေါ်လာ ပြီး ဝမ်းဘဲကြီး ကို ပြေး ဟပ်လာမည့် မိကျောင်း အား အဘိုးလေး သည် လှေပေါ် မှ နေ၍ လှံရှည် တစ်ချောင်း နှင့် အဆင်သင့် ချိန်ရွယ်ကာ အသင့် စောင့်လျက် ရှိသည် ။ ဒီရေ ကအကျ မြန်လာ၏ ။ ဒီရေ ကျ သွားလျှင် သောင်ပြင် သို့ ဆင်းရန် ပျားပြင် ပေါ် မှ တွဲလွဲ ဆွဲနေကြသော မျောက်များ ၏ အော်သံ နှင့် ဝမ်းဘဲကြီး ၏ တဂဲဂဲ တဂတ်ဂတ် အော်သံတို့မှာ ပို၍ ညံစီလာသည် ။


တစ်ကွေ့ နှစ်ကွေ့ ၊ သုံးလေးကွေ့ ။ တံတောင်ဆစ်ချိုး သပြေချောင်း ၏ အကွေ့အကောက် များကို လှေ နှင့် တရွေ့ရွေ့မျှော ကာ ကျော်လွန် လာကြသည် ။ ဝမ်းဘဲကြီး သည် ရေထဲ ၌ ပေါလော မျောပါးနေရင်း က တဂဲဂဲ တဂတ်ဂတ် အော် နေသည် ။ ဒီရေ မှာ အကျ မြန်လာသည် ။ သို့သော် မိကျောင်းကြီး ကား ပေါ် မလာသေး ။ နောက်တစ်ကွေ့ နှစ်ကွေ့ သုံးလေးကွေ့ ။ သို့နှင့်လည်း မိကျောင်း က ပေါ် မလာသေးပေ ။


နောက်ထပ် ကွေ့တစ်ခု သို့ ရောက်သော အခါ ဒီကျရေ မှာ သုံးပုံတစ်ပုံ လောက်သာ  ကျန် တော့သည် ။ လတာသောင်ပြင်ကြီးများ သည် ဖွေးဖွေးလှုပ် ၍ ပေါ် လာကြလေပြီ ။ နတ်မိကျောင်း သည် လတာပြင် ထဲ တွင် သူ ၏ တစ်ကိုယ်လုံး ကို ရွှံ့ထဲ တွင် နှစ်မြှုပ်ကာ မျက်လုံးနှစ်လုံး ကို သာ ဖော်ပြီး ပျားမျောက်များ လတာပြင် သို့ ဆင်း အလာ ကိုပင် စောင့် နေလေပြီလား မသိပေ ။ သို့သော် ရေ ထဲ မှာ ပေါလော မျော ပါနေသော ဘဲကောင် နှင့် ဘဲအသံ ကို ကြားလျှင် မြင်လျှင် တော့ မိကျောင်းကြီး သည် ချက်ချင်း ဆင်း လိုက်လာမည် မှာ မုချ ပင် ဖြစ်လေသည် ။ ထို့ကြောင့် ကျွန်တော် က ဘဲမျှားကြိုး ကို သာ တဆတ်ဆတ် ဆွဲ လှုပ်နေမိလေသည် ။


နောက်ထပ် ကွေ့ချိုး တစ်ခု သို့ ရောက်သော အခါ တဆတ်ဆတ် လှုပ် လာသော ကျွန်တော် ၏ လက် ထဲ မှ ကြိုးစ သည် တုံ့ခနဲ ရပ် သွား၏ ။ ကြိုးလှုပ်ရှားမှု ရပ်သွားသည် နှင့် တစ်ပြိုင်နက် ဘဲ အော်သံ လည်း ရုတ်ခြည်း ရပ် သွားသည် ။ သူသေ ကိုယ်သေ လတာပြင် ထဲ တွင် ဝုန်းဒိုင်းကြဲ ကာ တစ်ကောင် နှင့် တစ်ကောင် အသေသ,တ်ပုတ် နေကြသော တိရစ္ဆာန်ကြီး နှစ်ကောင် ဆီ သို့ ကျွန်တော် တို့ မျက်လုံးများ ချက်ချင်း ပြိုင်တူ ရောက်သွားကြသည် ။ မြင် စ က မည်သည့် တိရစ္ဆာန် များ ဟု ခွဲခြား၍ မရပေ ။ နှစ်ကောင် စလုံး ၏ ကိုယ်များ ပေါ် တွင် ရွှံ့ညံ့တွေ နှင့် အိုင်လူး ထားသော ကျွဲများ ပမာ ပြာနှမ်း နေကြသည် ။ အံ့သြထိတ်လန့်ခြင်း နှင့် အတူ ကျွန်တော်တို့ မြေးအဘိုး သည်

ရေရိုးချောင်းကြော ထဲမှ လှေ ကို ကမ်းစပ် နား သို့ ချဉ်းကပ် လိုက်ကြသည် ။ လတာပြင် အစပ် သို့ ရောက် မှ မိကျောင်းကြီး နှင့် ကျားကြီး တစ်ကောင် တို့ အပြန်ပြန် အလှန်လှန် သ,တ်ပုတ် နေကြသည် ကို ကွဲကွဲပြားပြား မြင် ရလေသည် ။ သူတို့ ကိုယ် ပေါ်မှာ ရွံ့ညံ့ ရွံ့ခဲများ သည် မိုးသီးမိုးပေါက်ပမာ ပြူးပင် ပြားပင်များ ၏ အရွက်အခက်များ ပေါ် သို့ တဖြောင်းဖြောင်း လွင့်စဉ် လျက် ရှိသည် ။ ရေ ထဲ တွင် အားသန်သော မိကျောင်းကြီး က ကျားကြီး ၏ ခါးလယ် ကို မိမိရရ ခဲကာ ရေ ထဲ သို့ ဆွဲ ချရန် ကြိုးစား နေသည် ။ သို့သော် ဒီရေ က အကျ မြန်သွားပြီ ဖြစ် သဖြင့် သူ၏ ကြိုးစားမှု မှာ အချည်းနှီးသာ ။ ချောင်းရေ အစပ် နှင့် လတာပြင် ကြား သည်ပင် ပေ အစိတ် သုံးဆယ် ကွာခြား နေလေပြီ ။ ကုန်း ပေါ် တွင် အားသန်သော ကျားကြီး က လည်း မိကျောင်း ၏ လည်မျို ကို အမိအရ ခဲကာ ကုန်းပေါ် သို့ ဆွဲ တင်နိုင်ရန် ကြိုးစား နေ၏ ။ သို့သော် သူ ၏ ကြိုးစားမှု မှာ လည်း အချည်းနှီးပင် ။ ကျားကြီး က မိကျောင်းကြီး ကို ကုန်း ပေါ် ဆွဲတင် နိုင်ရန် အားတင်း ထ ရပ် လိုက်တိုင်း မိကျောင်းကြီး ၏ အမြီး က ကျားကြီး ၏ ကိုယ်ပေါ် သို့ တဖြောင်းဖြောင်း ကျ လာ တော့သည် ။ ထိုအခါ ကျားကြီး မှာ အလဲလဲ အပြိုပြို နှင့် ရွှံ့ညံ့ ထဲ သို့ ဖင်ထိုင် လျက် လဲကျ သွားပြန်သည် ။ ဤသို့နှင့်ပင် မိကျောင်း တစ်ပြန် ကျား တစ်ပြန် မသေမရှင် သ,တ်ပုတ် နေကြလေသည် ။


အမှန်မှာ သူတို့ နှစ်ဦး သည် အကြံ တူ များ ဖြစ်ကြ လေမည် ။ လတာပြင် ထဲ တွင် မျောက်များ ကို ဖမ်းစားရန် လာရောက် ချောင်းမြောင်း ကြရင်း ရန်သူချင်း တွေ့ကာ သူသေ ကိုယ်သေ သ,တ်ပုတ် နေကြလေသည် မဟုတ်ပါလား ။ ကျွန်တော် သည် လှံရှည်တစ်ချောင်း ကို ဆွဲကာ လှေပေါ် မှ ခုန်ဆင်းရန် ဟန် ပြင်လိုက်၏ ။


“ ဟဲ့ ... နေပါဦး လူလေးရယ် ၊ သင်းတို့ နှစ်ကောင် ဟာ တို့ မြေးအဘိုး လက်ထဲ က ဘယ်လိုမှ မလွတ် နိုင်တော့ပါဘူး ။ သင်းတို့ နှစ်ကောင် ကို ဖမ်းမိဖို့ အရေး တို့ မြေးအဘိုးတွေ ကြိုးစား လာခဲ့ရ တာ ပင်ပန်း လွန်းလှပြီ ၊ ဘဲတွေ မျောက်တွေ လည်း အသေအပျောက် များလှပြီ ၊ ဒီ တစ်ခါတော့ မုဆိုး မုဆိုး ချင်း သူတို့ ဘာသာ သူတို့ သေအောင် သ,တ်ကြပါစေ ။ တို့ မြေးအဘိုး က စောင့်သာ ကြည့်နေ ။ သူတို့ နှစ်ကောင်စလုံး သေမှ လှေ ပေါ် ကို အသာလေး ဆွဲတင်ပြီး ပြန်ကြတာပေါ့ ။ ကြည့်လို့ လည်း ကောင်းပါတယ် ၊ ငါ့မြေး လက် ထဲ က ဝမ်းဘဲကြီး ကို တော့ ဘေးမဲ့ လွှတ်လိုက်ပေ တော့ ”


အဘိုးလေး ပြော သလိုပင် မျှားချိတ် နှင့် ပူး ချည် ထားခြင်း ခံရသော ဝမ်းဘဲကြီး ကို ကြိုး ဖြုတ် ကာ ကျွန်တော် က လွှတ် လိုက်လေသည် ။ လွတ်ရာ ကျွတ်ရာ သို့ သဘောရှိ သွားပါလေတော့ ။ သပြေချောင်း ထဲ တွင် ဘေးရန် ဟူသမျှ ကင်းရှင်း သွားပြီ မဟုတ်ပါလား ။  


◾ဖိုးကျော့ 

     ( ၁၉၆၀ )


📖 ၂၀ ရာစု မြန်မာဝတ္ထုတို


#ကိုအောင်နိုင်ဦး မှ မျှဝေသည် ။


.

No comments:

Post a Comment