❝ မိန်းမ ဆိုတာ ❞
မောင်တင်ညို ပြန် သွားတိုင်း ကိုရင်မောင် နှင့် မမယ်မ တို့ စကားများကြ ၊ ရန်ဖြစ်ကြရ၏ ။
“ ဟုတ်တာ လည်း မဟုတ်ပဲနဲ ၊ မောင်တင်ညို ကို ဘာဖြစ်လို့ မောင် မြှောက်ပေး နေတာလဲ ၊ ဒီ ကလေးမလေး ဟာ မောင်တင်ညို ကို လှည့်စား နေတာ အရှင်းကြီး ပဲ ။ ဒါကို သိရဲ့သား နဲ့ သူ့ ခမျာ ဒုက္ခ ရောက် အောင် မောင် ဘာဖြစ်လို့ အားပေး အားမြှောက် လုပ် နေတာလဲ ”
ယနေ့ လည်း မမယ်မ သည် ဤသို့ဖြင့် ငြင်းခုံပွဲ ကို စ လိုက်၏ ။
“ ဟ မိန်းမ ရ ၊ ခုလို ရောဂါ တက် နေတုန်း အချိန် ငါ သွား တားလို့ ရမလားကွ ၊ တားတဲ့ လူ အရူး ဖြစ် သွားမှာပေါ့ ”
“ အို .. ရှင် ကိုယ် က ဆရာသမား ဟာ ပဲ ၊ မဟုတ်တာ မမှန်တာ မသင့်တာ ရှိရင် ဖျောင်းဖျောင်းဖျဖျ ပြောပြရ မှာပေါ့ ။ အခုတော့ ဒီလို မဟုတ်ဘူး ။ မောင် ကိုယ်တိုင် က အားပေး အားမြှောက် ပုံ မျိုး နဲ့ ၊ ခေါင်းကလေး တညိတ်ညိတ် နဲ့ ”
ကိုရင်မောင် သည် ဆေးပေါ့လိပ်တို ကို ဆေးလိပ်ခွက် တွင်း ထိုးချ လိုက် ကာ မမယ်မ ရှိရာ သို့ လျှောက် လာခဲ့၏ ။
“ ကဲ ... ကဲ ဆိုစမ်းပါဦး ၊ မောင် က တားလို့ ကော ဒီ သူငယ် က ဒီ ကလေးမ ကို မချစ်တော့ဘူးတဲ့ လား ။ သူ က အရူးအမူး ဖြစ်နေတဲ့ ဥစ္စာ ၊ ခုလို အချိန် သွားပြီး အမှန်အတိုင်း ပြောလို့ ရတာ မဟုတ်ဘူး ခင်ဗျ ။ ဒါမျိုး ဆိုတာ ဇာတ်ရည် လည် မှ သူ့ ဘာသာ သူ နားလည် လာ တာ ။ တို့ က ဒါမျိုး ကြုံခဲ့ ပြီးပြီ ။ နောကြေ နေပြီ ။ ကိုယ် ကိုယ်တိုင် ခံစားရ ပြီး မှ ဇာတ်ရည် လည်တဲ့ ကိစ္စ ကွ ”
မမယ်မ သည် ကိုရင်မောင် စကား ဆုံးသွားသောခါ မဲ့ ပြ လိုက်ပြီး ခပ် ဟက်ဟက်ကလေး ရယ် လိုက်၏ ။
“ ဟုတ်ပါတယ် ၊ ဟုတ်ပါတယ် ။ မောင်တို့ က တော့ အတွေ့အကြုံ ကြီးတဲ့ သူ ကိုး ။ မိန်းမပေါင်းစုံ နဲ့ ချစ်ခဲ့ဖူးတဲ့ သူ ကိုး ။ မ တို့ က ဒီလိုတော့ အတွေ့အကြုံ မရှိခဲ့ပါဘူး ။ တရားနည်းလမ်း ကို သာ ပြောပြတာပါ ။ စိတ် ဒုက္ခ မခံရဘဲ ကြို သိပြီး ရှောင် နိုင်အောင် လို့ ပြောတာပါ ”
“ အေး အဲဒါ ပြောတာပေါ့ကွ ။ မ,တို့ မိန်းမတွေ ဟာ ဘာမှ အမြင် မကျယ်ဘူး ။ ကိုယ် လိုတာ တစ်ခုတည်း ပဲ သိတယ် ”
“ ဟုတ်ပါတယ် ၊ ဟုတ်ပါတယ် ။ ကိုအမြင်ကျယ်ကြီး ရယ် တော်ပါတော့ ”
ဤသို့နှင့်ပင် ငြင်းခုံပွဲလေး သည် ယာယီ ပြေငြိမ်း သွားပြန်၏ ။ မောင်တင်ညို ၏ အချစ်ပြဿနာ နှင့် ပတ်သက်၍ ကိုရင်မောင် တို့ အိမ် တွင် မပြေလည် နိုင်သော အငြင်းအခုံ တစ်ရပ် သည် ဤသို့ ဖြစ်မြဲပင် ။
မောင်တင်ညို သည် ကိုရင်မောင် နှင့် လက်ပွန်းတတီး ရင်းနှီးခဲ့သည့် တပည့်ဟောင်း တစ်ယောက် ၊ တက္ကသိုလ် တွင် စတုတ္ထနှစ်တန်း တက်နေသူ ဖြစ်သည် ။ သူ ၏ ကိုယ်ရေးကိုယ်တာ မှန်သမျှ ကို ကိုရင်မောင် ထံ အမြဲတမ်း တိုင်ပင်နှီးနှော
တတ်မြဲ ဖြစ်၏ ။
မကြာသေးမီ က မူ မောင်တင်ညို သည် သူ့ အဆို အားဖြင့် မြတ်နိုးစရာ မိန်းကလေး တစ်ယောက် ကို တွေ့ဆုံ ရင်းနှီးခဲ့သည် ဟူ၏ ။
ထို မိန်းကလေး သည် ချစ်စရာ ၊ မြတ်နိုးစရာ ပင် မကသေး ။ လေးစားစရာ ပင် ကောင်းသေးသည် ဟု လည်း မောင်တင်ညို က ဆိုချေ သေး၏ ။
သူ့ အား ချစ်တုံ့ မပြန်သည် မှလွဲ ၍ အစစအရာရာ အလိုလိုက် ခင်မင် သူ ဖြစ်သည် ။ မောင်တင်ညို စိတ်ချမ်းသာရေး အတွက် မသင့်လျော် ဟု ယုံကြည်
သော်လည်း ရုပ်ရှင်ပွဲ သို့ ပင် နှစ်ယောက် အတူ လိုက်လံ ကြည်ရှု ခဲ့သည် ။
ထိုကြောင့် မောင်တင်ညို သည် သူ့ ဘဝ တွင် တစ်ခါဖူး မှ မိန်းကလေး တစ်ဦး အား ဤသို စွဲစွဲလမ်းလမ်း မတွယ်တာဖူးပါချေ ဟူ၍ ကိုရင်မောင် အား တင်ပြ လာခဲ့ခြင်း ဖြစ်၏ ။
“ စဉ်းစားကြည့်စမ်းပါ ဆရာ ၊ ကျွန်တော် က လက်ဖက်ရည် ကြိုက်တယ် ဆိုလို နေ့တိုင်း ဓာတ်ဗူး နဲ့ အပြည့် အိမ် က ဖျော် လာတယ် ။ ကျွန်တော် ကျောင်း မတက် မှာ စိုးလို့ ဆိုပြီး သူ နဲ့ မဆိုင်ပေမယ့် ကျွန်တော် တက်ရမယ့် အတန်း မှာ လိုက် တက် ပေးတယ် ၊ ကျွန်တော့် ကိုယ်စား မှတ်စုတွေ လိုက် ကူး ပေးတယ် ၊ ဒါဟာ ကျွန်တော့် ကို ချစ်လို့ ဆိုတဲ့ လက္ခဏာ မဟုတ်ဘူးလား ဆရာ ”
“ အေးပေါ့ကွာ ၊ ဒါဟာ မင်း အပေါ် ချစ်တဲ့ နိမိတ်တွေ ပေါ့ ”
ကိုရင်မောင် သည် ဆေးလိပ် ကို ဖွာရင်း မဖြေချင့် ဖြေချင် ဖြေလိုက်၏ ။
မောင်တင်ညို က မူ ပိုပို၍ အားတက် လာပြီးလျှင် ...
“ ပြီးတော့ လည်း ဆရာ ရယ် ၊ ကျွန်တော် သူ့ ကို မေတ္တာ ရှိကြောင်း ပြောသမျှ စကား ကို ပြုံးပြုံးလေး နားထောင် ရှာတယ် ။ ကျွန်တော် နေ့စဉ် တစ်ထပ်ကြီး ရေးပေး လိုက်တဲ့ စာတွေ ကို လည်း သေသေချာချာ ဂရုစိုက် ဖတ်ရှာပါတယ် ။ ဒါတောင် ကျွန်တော် သူ့ ဆီ ကို စာတွေ ရေး တာ ကို စာကြည့် ပျက်မှာစိုးလို ဆိုပြီး တစ်ရက် ခြား လောက် ရေးဖို့ ချော့ ပြောရှာ သေးတယ် ။ ဒီလောက် ထိ တောင် သံယောဇဉ်ကြီး တဲ့ မိန်းကလေး ပါ ဆရာရယ် ”
ကိုရင်မောင် သည် အားပါးတရ ပြုံး လိုက်ပြီး လျှင် ...
“ ဟ ... မောင်တင်ညို ရ ၊ ဒီလောက် ဆို မင်း ကို ချစ်တယ်လို့ ပြောဖို့ လိုသေးလားကွ ၊ ဒါလောက် ဆို ရင် ရည်းစား တောင် ဖြစ်နေပြီ လို့ မှတ်လိုက် ”
မမယ်မ က မူ ဧည့်ခန်း ထောင့် မှ မဲ့၍ ပြ လိုက်၏ ။ မမယ်မ ၏ မဲ့ ပြသော အမူအရာ ကို မောင်တင်ညို မမြင်လိုက်ပါချေ ။
“ ခက်တာက ဆရာ ရယ် ၊ သူ က မချစ်ဘူး လို့ တော့ မပြောပါဘူး ။ ဒါပေမယ့် ကျွန်တော့် ကို မယူနိုင်ဘူး တဲ့ ”
မမယ်မ သည် မောင်တင်ညို ၏ ပြောစကား ကို ကြားသော အခါ ချုပ်လက်စ အဝတ် ကို ထား ခဲ့ပြီး ကိုရင်မောင် တို့ စကားဝိုင်း ရှိရာ ထ လာ ကာ မနေနိုင် မထိုင်နိုင် လှမ်း ပြော လိုက်၏ ။
“ ဟာ ... မောင်တင်ညို ရာ ၊ မင်း ကို မယူနိုင်ဘဲ ဒီလို တွဲ နေတယ် ဆိုရင် ဒီ မိန်းကလေး ဟာ မင်း ကို အပျော် ကြံတာပေါ့ကွ ”
ကိုရင်မောင် သည် ကြားဖြတ် ဝင် ပြော လာသော မမယ်မ ကို မျက်စောင်း ထိုး ကြည့် ကာ ...
“ တယ် … ဒီ မိန်းမ ဘာ သိလိုလဲ ၊ တစ်သက်လုံး မှ ရည်စား တစ်ခါ ပဲ ထားဖူးပြီး လူရေးလူရာ လည်း နားမလည် ၊ ဒီလိုပဲ ပေါ့ ၊ ဘယ်မိန်းကလေး က ချက်ချင်း ယူမယ် လို့ ပြောမလဲ ဟ ၊ ပထမဆုံး ကိုယ့် ကို ချစ်နေဖို့ အရေးကြီးတာ ပဲ ၊ နောက်
အချစ်ခရီး ရင့်မာ လာတဲ့ အခါ သူတို့ ကိုယ်တိုင် က ကိုယ့် ကို ယူဖို့ ပြောလာမှာ ပဲ ”
“ အေးပါ မောင်တင်ညို ရယ် ၊ အဲဒီ အချစ် ပရော်ဖက်ဆာကြီး စကား သာ မင်း နားထောင် နေ ၊ မင်း မကြာခင် ရူးမှာပဲ ”
မမယ်မ သည် သူ့ အပ်ချုပ်စက် ရှိရာ သို့ ပြောပြောဆိုဆို ပြန် သွား၏ ။
“ မဟုတ်ဘူး ဆရာ ရဲ့ ၊ “ အေး ” ပြောတာ ကို တော့ ကျွန်တော် တကယ် ယုံတယ် ။ သူ မယူနိုင်ဘူး ဆိုတာ တကယ် မယူနိုင် တာ ”
မောင်တင်ညို ၏ စကား ကို ကြား လိုက်ရသော အခါ ကိုရင်မောင် ပင် အလန့်တကြား ဖြစ် သွား၏ ။
“ ဟ ဘာဖြစ်လို့ မယူနိုင် ရမှာတုန်း မောင်တင်ညို ရ ”
“ ဒီလိုပါ ဆရာ ၊ သူ မှာ စေ့စပ်ပြီးသား ရှိနေပြီးပြီ ဆရာ ရဲ့ ၊ ကျွန်တော် နဲ့ တွေ့တာ နောက်ကျ သွားတယ် ”
ကိုရင်မောင် သည် သက်ပြင်းရှည်ကြီး ကို ချလျက် ...
“ အေး .. ဒါလည်း ခက်တာပဲ ” ဟု ညည်းညည်းညူညူ မှတ်ချက် ချလိုက်၏ ။
“ ဒီလိုဆိုရင် ကျွန်တော့် အတွက် မျှော်လင့်ချက် ရှိပါဦးမလား ဆရာ ရယ် ”
မောင်တင်ညို ၏ စိတ်အားငယ်ငယ် မေး လိုက်သော စကား ကြောင့် ကိုရင်မောင် အဖြေရ ကျပ် သွားလေ၏ ။
“ မင်း အနေနဲ့ ကော ၊ ဘယ်လို ထင်သလဲ ”
“ ကျွန်တော် က တော့ သေသည် အထိ မျှော်လင့် သွားမှာပဲ ဆရာ ၊ သူ့ ကို ရမယ် ဆိုရင် ကျွန်တော် ဘာမဆို လုပ် နိုင်ပါတယ် ”
“ အေး … အဲဒါ ယောက်ျား တစ်ယောက် မှာ ရှိရမယ့် ဇွဲပဲကွ ၊ စေ့စပ် ထားလို့ ဆိုတိုင်း သာ လက် လျှော့ ရရင် မခက်ဘူးလား မောင်တင်ညို ရ ၊ အရေးအကြီးဆုံး က ကိုယ့် ကို ပိုပြီး တွယ်တာ သထက် တွယ်တာ အောင် ကြိုးစားဖို့ပဲ ”
သိုဖြင့်ပင် ကိုရင်မောင် နှင့် မောင်တင်ညို တို့ သည် အချိန် ရ တိုင်း “ အေးသီတာ ” က မောင်တင်ညို ကို လက်ခံလာရေး အတွက် သေနင်္ဂဗျူဟာ အထွေထွေ ရေးဆွဲ ရသည် မှာ အမော ပင်ဖြစ်၏ ။ ကြား ထဲ မှ ဖျက်လို ဖျက်ဆီး အနှောင့် အယှက် ပေးနေသူ မှာ မမယ်မ ပင် ဖြစ်သည် ။ မမယ်မ အဖို့ မူ မောင်တင်ညို မြတ်နိုးသည် ဆို သော “ အေးသီတာ ” မှာ တစ်ဘက်သား ကို လှည့်စား ၍ ကိုယ့် အတွက် ပျော်ရွှင်မှု
ရှာ နေသော မိန်းမလည်လေး တစ်ယောက် ဟူ၍ သာ မှတ်ယူ ထား၏ ။ စေ့စပ်ပြီးသား ရှိပါ လျက် နှင့် ကိုယ့် ကို ရိုးသားစွာ မြတ်နိုးသူ တစ်ယောက် ကို မျှော်လင့်ချက် ကြိုးရှည်ရှည် လှန်ထားကာ ချစ် သယောင်ယောင် ၊ သံယောဇဉ် ရှိ သယောင်ယောင် ပြုလုပ်ခြင်း သည် ထို လူငယ် အတွက် လည်း မကောင်း ၊ စေ့စပ်ထားသူ အပေါ် လည်း သစ္စာ မဲ့ရာ ကျသည် ဟူ၍ မမယ်မ က အခိုင်အမာ ယူဆ၏ ။ သည်လို မိန်းကလေးမျိုး
ကို မချစ်သင့် ၊ ရှောင်ရှားသင့် သည် ဟု လည်း မမယ်မ က အတန်တန် တားမြစ် ပြောဆို ခဲ့၏ ။
ကိုရင်မောင် အဖို့မှာ မူကား ဤသို့ မဟုတ်ချေ ။ မိန်းကလေး သစ္စာ ရှိသည် မရှိသည် မှာ ကိုရင်မောင် အတွက် အကြောင်း မဟုတ် ။ မောင်တင်ညို စိတ်ချမ်း
သာမှု ရရေး အတွက်သာ အဓိက ဖြစ်သည် ။
မိန်းကလေး က မောင်တင်ညို ကို လှည့်စား သွားလျှင် လည်း မောင်တင်ညို အတွက် ကိုယ်ပိုင် အတွေ့အကြုံ ရ သဖြင့် လူငယ် တစ်ယောက် ကို ရင့်ကျက် သွားစေနိုင်သည် ဟု ယူဆသည် ။ ထို့ကြောင့် မောင်တင်ညို က လာရောက်ပြီး အကြံဉာဏ်
တောင်း လာတိုင်း မောင်တင်ညို လိုချင်သည့် အဖြေ ကို ပထမ စူးစမ်း၏ ။ မောင်တင်ညို က မျှော်လင့်ချက် ထားလိုသေး ဟန် ဖြင့် အကြံဉာဏ် တောင်း လာ လျှင် မျှော်လင့်ချက် ရှိသေးကြောင်း သာ လျှင် ကျိုးကြောင်းပြ ဖြေဆို ခဲ့၏ ။ မောင်တင်ညို က
စိတ်ပျက်လက်ပျက် လာရောက် ညည်းညူ လျှင် လည်း ပြေရာပြေကြောင်း သွယ်ဝိုက် ၍ ဖျောင်းဖျ လိုက်၏ ။
အရေးကြီးဆုံး မှာ မောင်တင်ညို သာ ဖြစ်သည် ဟု ကိုရင်မောင် ယူဆ ပေသည် ။ သူ့ အတွေ့အကြုံ က သူ့ ကို အဖြေ ပေးလိမ့်မည် ဟုသာ ကိုရင်မောင် ယုံကြည် လေသည် ။
••••• ••••• •••••
မောင်တင်ညို သည် ဤသို့ဖြင့် ပင် သမင် ဖမ်းရင်း တက္ကသိုလ် မိဂဒါဝုန်တော ၌ မောဟိုက် ပန်းလျ နေလေ၏ ။ သမင်မ သည် သူ ၏ ညိုသော မျက်လုံး ဖြင့် မောင်တင်ညို အား ညှို့ကာ အပြေး အလိုက် ကကွက် လှလှလေး ကို နင်းလျက် ရှိ၏ ။
မောင်တင်ညို မော လာတိုင်း ကိုရင်မောင် တို့ ထံ အပြေး လာမြဲ ဖြစ်သည် ။
ကိုရင်မောင် ၏ ဖျောင်းဖျမှု ကို နားထောင်ရင်း အမော ဖြေလေ့ ရှိသည် ။ ကိုရင်မောင် ၏ အားပေးချက် စကား ကို ကြားရတိုင်း မေတ္တာ ခွန်အားသစ်များ ဝင်ကာ တက္ကသိုလ် မိဂဒါဝုန်တော မှ သမင် ကို ဖမ်းရန် ပြန် သွားပြန်၏ ။
“ ဒီလို မိန်းကလေးမျိုး တက္ကသိုလ် မှာ ဘယ်လောက်များ နေလည်း မသိဘူး ၊ ဒါကြောင့် လူငယ်တွေ ပညာ တစ်ပိုင်းတစ်စ နဲ့ ပျက်စီး သွားကြတာ ”
မောင်တင်ညို ပြန်သွားတိုင်း မမယ်မ က ဤသို့ပင် ညည်းမြဲဖြစ်သည် ။ တက္ကသိုလ် က ကျောင်းသူများ ကို လည်း ပို၍ ပို၍ သာ အထင် သေးလျက် ရှိ၏ ။
“ မ , ရယ် ၊ တစ်ဘက်သတ် မပြောပါနဲ့ ကွာ ၊ ဘယ်သူက ချစ်ပါ ကြိုက်ပါ လို့ လူငယ်တွေ ကို ပြောလို့လဲ ၊ အခု မောင်တင်ညို ကို ကြည့် ၊ “ အေးသီတာ ” ဆိုတဲ့ မိန်းကလေး ကို သူ က စ ကြိုက်တယ် ၊ ဟို မိန်းကလေး က ရိုင်းရိုင်းစိုင်းစိုင်း မပစ်ခါ
လိုဘူး ၊ သူ့ ကို ဖျောင်းဖျ ထိန်းသိမ်းတယ် ၊ ဒါကို သူ က ချစ်တယ် လို့ ကိုယ့် ဘက် ကိုယ် ယက် ပြီး ထင်တယ် ၊ ကိုယ့် အပြစ် သူ့ အပြစ် မျှ ကြည့် ဖို့ ကောင်းတာပေါ့ကွ ”
“ ထင်အောင် မျှား လို့ ထင် ရတာပေါ့ ရှင့် ၊ မချစ်ရင် မချစ်ဘူး လို့ ပြော လိုက်ပါလား ၊ အခုတော့ မမုန်းပါဘူးလေး ဘာလေး နဲ့ စကားလုံး လှလှလေးတွေ သုံးပြီး တစ်ဘက်သား စွဲလမ်း အောင် မျှား နေတာ ”
“ အေး အေး ၊ မ , ပြောတော့ ဟုတ်ချင် ဟုတ်မယ် ၊ ဘာပဲဖြစ်ဖြစ် မောင်တင်ညို
နောက်တော့ သိလာ မှာ ပေါ့ကွာ ”
ဤသို့ ကိုရင်မောင် က စကား ကို လျှော့ချ၍ လက်စသိမ်း ရသည် များ လည်း ရှိလေသည် ။
••••• ••••• •••••
မောင်တင်ညို မပေါ်လာသည် မှာ အတော် ကြာပြီ ဖြစ်သဖြင့် ကိုရင်မောင် တို့ ဇနီးမောင်နှံ သည် ပင် လျှင် စိတ်ပူလာ မိကြ၏ ။ ထိုကြောင့် မောင်တင်ညို နေထိုင်ရာ ပင်းယဆောင် သို့ လိုက်သွား ကြသည် ။
အခန်း၌ မောင်တင်ညို ကို မတွေ့ ၊ သူငယ်ချင်း အပေါင်းအသင်းများ ကို
မေး ကြည့် သောအခါ မောင်တင်ညို ပြန် မလာသည် မှာ တစ်ပတ် ကျော်ပြီ ဟု သာ သိရသည် ။ ကျောင်းတက် သည် လည်း မတွေ့ရ ဟု ဆိုကြ၏ ။
ကိုရင်မောင် တို့ ဇနီးမောင်နှံ သည် နွေရာသီ ကျောင်းပိတ် သည် အထိ မောင်တင်ညို ရောက် မလာသည် ကို စုံစမ်း မေးမြန်းရင်းနှင့် ပင် အချိန် ကုန်ခဲ့ရ၏ ။
တစ်နေ့သော တနင်္ဂနွေနေ့ တွင် မောင်တင်ညို သည် ဆိုက်ဆိုက်မြိုက်မြိုက် ပင် ကိုရင်မောင် တို့ အိမ် ရောက် လာခဲ့၏ ။ သူ ၏ ရုပ်ဆင်းအင်္ဂါတို့ သည် ဖျော့တော့ ကြုံလှီ လျက်ရှိ၏ ။ အခြေအနေ ကို ကြည့် ရသည် မှာ ကောင်းသော နိမိတ် ကို မပြကြောင်း ကိုရင်မောင် တို့ ရိပ်စား မိလိုက်၏ ။
သို့သော် မောင်တင်ညို သည် ယခင် က ထက် ပင် ပို၍ တည်ငြိမ် လာဟန် ရှိသည် ။ ရောက်ရောက်ချင်း ပင် သူ့ လက် ထဲ ၌ ပါ လာသော သတင်းစာ ကို ကိုရင်မောင် အား လှမ်း ပေးလိုက်၏ ။ ကိုရင်မောင် နှင့် မမယ်မ သည် သတင်းစာ ရှိ မောင်တင်ညို ညွန်ပြရာ နေရာ သို့ အတူတကွ ဖတ်ရှု မိကြ၏ ။
အေးသီတာ ၏ လက်ထပ် သတင်းပါတည်း ။
မမယ်မ ၏ နှုတ် မှ “ ဟယ် ” ဟူသော အာမေဋိတ်သံ ထွက် လာ၏ ။
အတန်ကြာ တိတ်ဆိတ် နေပြီးမှ မောင်တင်ညို က ပင် ဆိတ်ငြိမ်ခြင်း ကို စတင် ဖျက်ဆီး လေသည် ။
“ အခုတော့ ကျွန်တော် ဆောက်တည်ရာ ရ သွားပါပြီ ဆရာ ၊ မေတ္တာ အကြောင်း လည်း ကျွန်တော် ကောင်းကောင်း နားလည် သွားပါပြီ ။ အေး ဟာ ကျွန်တော့် ဘဝ ရဲ့ ဆရာမ ပါပဲ ။ ကျွန်တော် စာမေးပွဲ မဖြေဘဲ ထွက် သွားခဲ့တာ မှားတာပဲ ၊ ဒီနှစ် ကျွန်တော် မဟာဝိဇ္ဇာတန်း တက်ခွင့် ရအောင် ကြိုးစားပါ့မယ် ၊ ဆရာ နဲ့ အစ်မ ကို ကျွန်တော် ဒီ ကတိ လာ ပေးတာပါ ”
“ အေးပေါ့ကွာ ၊ ဒီ အဖြစ်အပျက် ကို အဆုံးမ ရက်စက်တဲ့ ကျောင်းကြီး လို့ သာ သဘောထား လိုက်တာ အကောင်းဆုံးပဲ ၊ ငါ့ တပည့် ရင့်ကျက် လာတာ ဆရာ အများကြီး ဝမ်းသာတယ် ။ အတွေ့အကြုံ ဆိုတာ တစ်ခါတစ်လေ အရင်းအနှီး ကြီး ပေမယ့် တန်ဖိုး ရှိ တတ်ပါတယ် ။ ဒီ မိန်းကလေး က ဒီလို လှည့်စား လိုက်ပေမယ့်
မင်း ဘဝ ကို မင်း ပြန် ထိန်း နိုင်တာဟာ မင်း ကို ဆရာ က တောင် ချီးကျူးရ ဦးမယ် ”
တစ်ချိန်လုံး တိတ်ဆိတ်စွာ နားထောင် လာသော မမယ်မ သည် ယခု မှ ပင်
တစ်ခွန်းတည်း သော စကား ကို ဝမ်းနည်းပန်းနည်း ပြော လိုက်၏ ။
“ အေးသီတာ ဟာ အတော် သနားစရာ ကောင်းတဲ့ မိန်းကလေး ပဲ နော် ၊ သူ တကယ် ချစ်တဲ့ သူ နဲ့ မပေါင်းရဘဲ တစ်သက်လုံး စိတ်ဆင်းရဲ သွားရှာမှာပဲ ထင်တယ် ”
မမယ်မ ၏ ထူးဆန်းသော စကား ကို ကြား လိုက်ရသော အခါ ကိုရင်မောင် သည် အလန့်တကြား မမယ်မ ဘက် သို့ ပါးစပ် အဟောင်းသား ဖြစ်ကာ လှမ်း ကြည့် လိုက်မိသည် ။
◾မောင်ကိုယု
📖 ရှုမဝ မဂ္ဂဇင်း
အမှတ် ( ၃၈၄ )
၁၉၇၉ ခုနှစ် ၊ မေလ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment