❝ သူလို မိန်းမ ❞
“ ဟောဒီ မှာ မဗြဲ ရေ ၊ နင် ရန်ကုန် က ရောက်တယ် ဆို လို့ မိကြည် ရယ် လာ နေတယ် ”
ကျွန်တော့် ဇနီး မေ အား သူတို့ အိမ်သားများ က ငယ်ငယ် က တဗြဲဗြဲ နှင့် အငို သန်လွန်းလို့ တဲ့ ‘ မဗြဲ ’ ဟု ခေါ်ကြသည် ။ ကျွန်တော်တို့ လင်မယား သည် ယခု လို နွေရာသီ တွင် ကမ္ဘောဇဌာနီ မောရှမ်းပြည် တက် ၍ အေးရိပ် ခိုလေ့ ရှိရာ မှတ်မှတ်ရရ ယခု စာ ရေးချိန် အထိ နောက်ဆုံး အခေါက် သည် ၁၉၈၀ ခုနှစ် က ဖြစ်သည် ။ အချိန် မှာ ဖဆပလခေတ် က ရှမ်းပြည်နယ် ဝန်ကြီး ဖြစ်ခဲ့ဖူးသော ကျွန်တော့် မိတ်ဆွေ ဦးတင်ကိုကို က တောင်ကြီး မြို့ မှာ အမဲသား လိုင်စင် ရထားသည် ဖြစ်သောကြောင့် သူ့ အမဲသားဆိုင် အားလုံး အား ကျွန်တော် လိုချင် သမျှ ပေးရမည် ဟု အမိန့် ထုတ် ထားသည် နှင့် ကျွန်တော် က လည်း အသားစား သရဲတဲ့ ကောင်ပဲ ။ နွား တစ်ကောင် လုံး ထွက် သမျှ လျှာ က နေ အမြီး အထိ ၊ တစ်နေ့ တစ်မျိုး တစ်မျိုး ယူ စား နေရာ ထို နေ့ မှ နွားဝမ်းတွင်း အချင်း ရ သဖြင့် ၎င်း အချင်းပြုတ် ရယ် ၊ အီကုတ် နှင့် ဆူးပုတ်ရွက်ကြော် ရယ် ၊ မြေပဲဆားလှော်ထောင်း နှင့် ငါးဖိန်းကြော် ဆီပြန် ချက် ရယ် ၊ ကြည့်စမ်း တက်စာတွေ ချည်းပဲ ။ အဲဒါတွေ ရှမ်းဆန် စေးစေး မွှေးမွှေး နှင့် အားရပါးရ လွေး ပြီး လင်မယား နှစ်ယောက် သား ဂွမ်းပုံခြုံ ၍ အိပ်ရာ ထဲ မှေး နေတုန်း ကျွန်တော့် မရီး ထံ မှ အထက်ပါ အသံ ကြား လိုက် ရတော့ အခြား သူ ဆိုလျှင် မနက် ထမင်း စားပြီး မှိန်း နေတာ ဖီလင် အောက် တယ်လို့ ကျွဲမြီး တို စရာပေါ့ ။ သို့သော် “ မိကြည် ” ဟု ဆိုသောကြောင့် ကျွန်တော့် ဇနီး သည် အိပ်ရာ ထဲ မှ ငေါက်ခနဲ ထ တဲ့ပြီး မီးဖိုချောင် ထဲ သို့ အပြေးအလွှား ဆင်း သွားပါ၏ ။
အနှီ မိကြည် သည် ဘာ မိကြည် မို့ နည်း ။ ဤ မိကြည် ကို ကျွန်တော် တို့ သိကျွမ်း ခဲ့သည် မှာ ဆယ့်လေးငါးနှစ် ရှိခဲ့ပါပြီ ။ ထို နှစ် နွေရာသီ ကျွန်တော်တို့ လင်မယား တောင်ကြီး အိမ် တွင်ရှိ နေစဉ် တစ်နေ့ သော နံနက်စာ ကို အုန်းနို့ခေါက်ဆွဲ ချက်စား ကြပါသည် ။ ထိုနေ့ မွန်းလွဲပိုင်း လောက် မှာ ကျွန်တော် အိပ်ခန်း ထဲ ဝင် ၍ ဂွမ်းပုံကြီး ခြုံကာ တုံးလုံး လှဲ လျက် တောင်စခန်းမြို့ ၏ နွေရာသီ အရသာ ကို ဇိမ် နှင့် မှိန်း နေတုန်း အိမ်ရှေ့ ခန်း မှ တောင်ပိုင်း ရှမ်းကုန်းမြင့်သံ ဝဲဝဲ နှင့် မိန်းမ တစ်ယောက် အပြင် ကလေးသံတွေ စီညံ စီညံ ကြားကြရ ၍ ကျွန်တော့် မရီးများ အိမ် မှာ လည်း ကလေးမြေးငယ် မရှိ သဖြင့် ဘယ်သူတွေများ ပါလိမ့် ဟု ကျွန်တော် အိပ်ရာ မှ ထ ကြည့်တော့ ရုပ်အဆင်း အင်္ဂါ ချို့တဲ့ ရှာသော အရပ် ပုကွကွ မိန်းမ တစ်ယောက် ၊ ဆံပင် နီကြောင်ကြောင်များ ကို မသေမသပ် ထုံးပတ် ထား ပြီး သူ့ မျက်နှာ ပြားပြားခွက်ခွက်ကြီး မှာ နှုတ်ခမ်းထူထူကြီး က အစွမ်းကုန် ပြုံးလျက် သူ့ လက် ထဲ က နေကြာစေ့ထုပ်တွေ ကျွန်တော့် မရီး အငယ် မဂျူး အား လှမ်း ပေးလျက် ...
“ ရန်ကုန် က အစ်မ လာတယ် ဆိုလို့ ကျွန်မ နေကြာစေ့လှော် ယူလာ တယ် အစ်မ ၊ နို့ပြီး မမတင် က အိမ် မှာ အုန်းနို့ခေါက်ဆွဲ ချက်တယ် ၊ နင့် ကလေးတွေ ပါ သွား စားချေ ဆိုလို့ ကျွန်မ ကလေးတွေ ခေါ် လာခဲ့ တယ် ”
သူ ခေါ်လာတဲ့ ကလေးများ မှာ သူတို့ ခြေထောက် ပေါ် သူတို့ ရပ်နိုင် တာ က သုံးယောက် ၊ ယောက်ျားလေး တွေ ချည်းပဲ ။ သူ့ ကျောကုန်း မှာ လွယ် လာ တာ က လသားကလေး တစ်ယောက် ။ ကျား မှန်း ၊ မ မှန်း ကျွန်တော် မသိပါဘူး ။ အဲ ... ကောင်လေး သုံးယောက် က ရုပ် သုံးမျိုး ဗျ ။ အကြီးဆုံး က မျက်စိ အစ်အစ် ၊ အသား ဝါဝါ ၊ အရပ် ခပ်ပုပု ၊ အသက် ၁ဝ နှစ် လောက် ထင်ပါ့ ။ အလတ် က အသား မည်းမည်း ၊ ဆံပင် ကောက် ကောက် နှင့် ထွား လည်း ထွားတယ် ။ နံပါတ် ၃ က တော့ အသား နီစပ်စပ် ၊ မျက်လုံး ပြာညို့ညို့ ၊ ဆံပင် နီကြောင်ကြောင်လေး နှင့် ။
သည် မိ န်းမ ဟာ သူ ခေါ်လာခဲ့တဲ့ ကလေး သုံးယောက် ကို ကျွေးမွေး ပြီး ပြန် လွှတ်လိုက်တဲ့ နောက် ဒေသ ထုံးစံ နို့စို့ကလေး ကျောပိုး မပျက် အိမ် မှာ ရှိတဲ့ အိုးတွေ ၊ ပန်းကန်ခွက်ယောက်တွေ သိမ်းကျုံး ဆေးရင်း ကျွန်တော့် ဇနီး ၊ မရီး တို့ နှင့် စကားစမြည် ပြောဆိုနေတာ ကျွန်တော် ကြား ရတယ် ။
“ သူ က လေ ကျွန်မ အရင် လင်တွေ နဲ့ မွေးတဲ့ ကလေးတွေ ကို မကြည်ဖြူဘူး တဲ့ ၊ ရော ... သူ စားဖို့ သောက်ဖို့ ရော ၊ ကလေးတွေ အတွက် ပါ ကျွန်မ ရှာကျွေး နေတဲ့ ဥစ္စာ ။ သူ က ခုလို မကြည်ဖြူဘူး ဆိုတော့ ခက် သား ပဲ ၊ ပြီးတော့ သူ က ပြော သေးတယ် ။ နင့် ကလေးတွေ ဘုရားဖြူရွာ က ခရစ်ယာန် မိဘမဲ့ကျောင်း သွား ပို့ ထား ။ ဒီ ကလေးတွေ မရှိ မှ နင့် ကို ဆက် ပေါင်းနိုင်မယ် တဲ့ ၊ စဉ်းစားကြည့်ပါ အစ်မ ရယ် ၊ ကျွန်မ အိမ်ထောင်ကလေး ကို သာသာယာယာ ၊ ချမ်းချမ်းမြေ့မြေ့ ရှိစေချင် လို့ မောတယ် ၊ ပန်းတယ် သဘော မထားဘဲ ကျွန်မ အလုပ် ဒီလောက် လုပ် နေတာ ပေါ့ ။ ဒါကို ကလေးတွေ တခြား ပို့ ပစ်ရမယ် ဆိုတော့ ဘယ် ကောင်းမှာလဲ ။ ဒါကြောင့် “ ငါ့ ကလေးတွေ ငါ မပစ်နိုင်ဘူး ၊ နင် မနေနိုင်ချင် လည်း သွား တော့လို့ ပြော လိုက်ရတယ် ”
“ ဒါဖြင့် ခု နင့် ယောက်ျား အိမ် မှာ မရှိတော့ဘူးပေါ့ ”
သူ့ ကျော ပေါ် က ကလေး ပြ ၍ ...
“ ဒီ အထုပ် ထားပြီး သွားတာ တစ်လ လောက် ရှိပြီလေ ။ သွားပါစေ အစ်မ ရယ် ။ သူ ရှိ လည်း ကျွန်မ ဟာ ကျွန်မ ရှာ စား ရတာပဲ ။ ဟော .. အခု ဆိုရင် သူ့ ဆေးခြောက်ဖိုး ၊ အရက်ဖိုး သက်သာ လို့ ဘဲမ ငါးကောင် တောင် ဝယ်ထား တာ အခု ဥ နေပြီ ။ အစ်မ စားချင်ရင် ယူလာ ပေးမယ်လေ ”
“ နေပါစေ ဟယ် ၊ နင့် မလည်း လင် တစ်ယောက် ရတိုင်း ရတိုင်း ကလေး တစ်ယောက် တစ်ယောက် အဖတ်တင် ကျန်ခဲ့တာပဲ ။ အေးလေ နောက်ထပ် လင် မယူဘဲ ကိုယ့် ဘာ ကိုယ် အေးအေး နေဖို့ စိတ်ကူး ပေါ့ ။ နင့် အသက် လည်း မငယ်တော့ ဘူး ၊ အခက်အခဲ ရှိ ရင်လည်း တို့ ကို တိုင်ပင်ပေါ့ ဟယ် ”
သို့ဖြင့် အခြား စကားစမြည်များ ပြောကြ၍ ထို အမျိုးသမီး ပြန်သွား တော့ မှ ကျွန်တော် နေ့လယ်စာ ကော်ဖီ သောက် ရန် မီးဖိုဆောင် ဆင်း ခဲ့ တော့ လှေကားထစ် တွင် ယှဉ် ထိုင် နေကြသော ကျွန်တော့် ဇနီး နှင့် မရီး အား ...
“ ခုန လာ တာ ဘယ်သူတုံး"
မေ က “ မမတင်တို့ ရုံး က ဆွီပါ မိကြည် လေ ”
“ သူ့ မြင်ရတာ ငါ တိရစ္ဆာန်ရုံ ထဲ က လူဝံမ သွား သတိရ သကွာ ”
“ အောင်မယ် ... မောင် က သာ အဲလို ပြော ၊ မိကြည် က အလွန် စွံတာ ။ အခု လင် လေးယောက် တောင် ရ ပြီးပြီ တော့ ”
“ ဟောဗျ ... ခုန သူ နဲ့ ပါလာတာ သူ့ ကလေးတွေ ပေါ့ ၊ တစ်ယောက် နှင့် တစ်ယောက် လည်း မတူဘူး ”
ဤတွင် မဂျူး က ပြုံးစိစိ နှင့် “ တူနိုင်ပါ့မလား ကိုဆွေ ရဲ့ ၊ ကလေး လေးယောက် ကို လင် တစ်ယောက် စီ နဲ့ မွေး ထားတာပဲ ၊ ပထမဦးဆုံး ယောက်ျား က တရုတ် ၊ ဒုတိယ က ကပ္ပလီ ၊ တတိယ က အင်ဂလို ခေါ်တဲ့ ဂေါ်ရာ စပ် ၊ စတုတ္ထ က သူ့ ကျောလွယ် ထားတဲ့ သမီးလေး အဖေက ကု,လား ”
“ ဟယ် ... တယ် လည်း စုံလိုက်ပါလား ”
“ ဒါပေမဲ့ မိကြည် က လင် ကံဆိုး ရှာတယ် ကိုဆွေ ၊ အခုလို လင် အဆက်ဆက် ယူရတာ လည်း သူ့ ကိုယ်ကျင့် က လော်လီဖောက်ပြား လို့ မဟုတ်ပါဘူး ၊ မိကြည် ဟာ သူ့ လင်တွေ ကို အိမ်ဦးနတ်တင် ချစ်ချစ်ခင်ခင် နဲ့ လိုလေသေး မရှိအောင် ကျွေးမွေး ပြုစု ရှာတယ် ။ တစ်ယောက် ဆိုရင် ဘိန်းရှူ တတ် လို့ ဘိန်းဖိုး ပေး ထားရတယ် ။ ကပ္ပလီ ကျ တော့ အရက် ၊ ဂေါ်ရာစပ် က ဖဲ နဲ့ အရက် ၊ အခု နောက်ဆုံး ဟာ က ဂန်ဂျာ နဲ့ ကဇော် ။ အဲသလို သူ့ လင် တွေ က အကျင့်ကောင်းလေး တွေ ကိုယ်စီ ပါ ကြတယ် ။ ဒါပေမဲ့ မိကြည် က ဘယ်တော့ မှ မငြူစူဘူး ၊ သူ့ လင်တွေ ဆန္ဒ ကို အလုပ် အမျိုးမျိုး နဲ့ ငွေ ရအောင် ရှာပြီး ဖြည့်ဆည်းတယ် ။ အစား အသောက် ဆို လူမျိုး အလိုက် သူ့ လင်တွေ ကြိုက်တဲ့ ထမင်းဟင်း ကို ချက်တယ် ။ ဒါတောင် သူ့ ကောင်တွေ က ကွန်းထောက် စခန်း အဖြစ် သာ သဘော ထားပြီး အချိန် တန်တော့ သား တစ်ကောင် စီ ပေး ထား ခဲ့ပြီး သူတို့ ခရီး သူတို့ ဆက် ကြတာပဲ ။ မိကြည် မှာ သာ ဒီ လင်တွေ ရဲ့ အချစ်စုဘူး ဖြစ်တဲ့ ကလေး လေးယောက် နဲ့ ကျန်ရစ် ခဲ့ ရော ၊ ဒါပေမဲ့ မိကြည် ရင် ထဲ မှာ အသည်း ကွဲပြီး ဆွေးမြည့် နေ တတ်တဲ့ စိတ်ဓာတ် မရှိဘူး ။ ခု မြင်တဲ့ အတိုင်း ပဲ လုပ်မြဲ ကိုင်မြဲ ရှာဖွေမြဲ ပဲ ”
“ သူ ဘာတွေ လုပ်သလဲ ”
“ အောင်မယ်လေး စုံ နေတာပဲ ၊ တော်ရုံတန်ရုံ မိန်းမ တတ်နိုင် မှာ မဟုတ်ပါဘူး ၊ မမတင်တို့ ရုံး မှာ မနက် ရုံးဖွင့်ခါနီး နဲ့ ညနေ ရုံးဆင်း ပြီး မှာ တံခါးတွေ ဖွင့်ရ ပိတ်ရတယ် ၊ သန့်ရှင်းရေး လုပ်ရတယ် ၊ နေ့လယ်ခင်း မှာ မြို့လယ် က ကျောင်း တစ်ကျောင်း မှာ အသုပ်စုံ နဲ့ သာကူ ရောင်းတယ် ၊ ည ရုပ်ရှင်ရုံတွေ မှာ နေကြာစေ့ ၊ မြေပဲလှော် ၊ ပဲလှော် ရောင်းတယ် ၊ အဲ သူ့ အိမ် မှာ သူ့ သားတွေ နဲ့ မပြတ် ရောင်းတာ က တော့ တောအရက် ပဲ ။ မြည်းစရာ အကြော်အလှော် နဲ့ အဲဒါတွေ လုပ်ရတာ ။ ကိုဆွေ စဉ်းစား ကြည့် ။ ည အိပ်ချိန် က လွဲပြီး သူ့ လက် နဲ့ အလုပ် နဲ့ ပြတ်ရတယ် မရှိဘူး ”
“ အေး ... ဟုတ်မှာပဲ ”
“ နောက်ပြီး မိကြည် မှာ စိတ်ကောင်း တစ်ခု ရှိတယ် ။ သူများ ကို သနားတတ်တယ် ၊ ကြင်နာတတ်တယ် ၊ ဒီ အဖမဲ့ ကလေး လေးယောက် ကို သေလုမြောပါး ရှာဖွေ ကျွေးမွေး နေရတဲ့ ထဲ က ခြေထောက် နှစ်ဖက် ပြတ် နေတဲ့ ဒုက္ခိတ ကု,လားအဘိုးအို တစ်ယောက် နဲ့ ဆယ့်လေးငါးနှစ်သား မိဘမဲ့ သားလေး တစ်ယောက် ကို ကျွေးမွေး ထားလိုက်သေးသတော့ ၊ အဲဒီ မှာ တစ်ခါ တော့ သူ့ မွေးစားသားလေး က သူ့ ရှိစုမဲ့စု ရွှေတိုရွှေစလေးတွေ ခိုးပြေး ပါလေရာ ။ အဲဒါလည်း မိကြည် က မဖြုံ ပေါင် ၊ ဒီ အကြောင်း ပြော ပြပြီး ကျွန် မမှာ အခိုး ခံရဖို့ ဇာတာ ပါ လို့ ထင်ပါရဲ့ အစ်မရယ် တဲ့ ၊ ကျွန်မ မှာ ဒီလို အခိုးခံရတာတွေ ရိုး နေပါပြီ တဲ့ ၊ ဟုတ်တယ် ၊ သူ က အိမ် မှာ နေရတဲ့ အချိန် ကို မရှိတော့ မကြာခဏ အခိုး ခံရတယ် ။ သူ နေတဲ့ ရပ်ကွက် က လူတန်းစား က လည်း ကြည့်ဦးလေ ။ သင်္ချိုင်း မှီခို နေကြတဲ့ အရက် သမား ၊ ဘိန်းစား ၊ ဖဲသမား ၊ အလစ်သုတ်သမား တွေ ချည်းပဲလေ ၊ ဟေ့ .. နင်တို့ တောင်ကြီး ရောက်သခိုက် မှာ မိကြည် အိမ် တော့ ရောက်အောင် သွား လည်ဖို့ ကောင်းသကွ ၊ သိပ် ပျော်စရာ ကောင်းတယ် ”
ကျွန်တော့် ဇနီး က မျက်နှာ ရှုံ့မဲ့ပြီး ...
“ ဟာ ... နင် က လည်း သူ့ အိမ် သင်္ချိုင်းတွေ ပတ်လည်ဝိုင်း နေ တာများ ပျော်စရာလား ဟ ”
“ သင်္ချိုင်းတွေ က အုတ်တံတိုင်းတွေ ထဲ မှာ သူတို့ ဘာသာ သူတို့ ရှိနေတာပဲ ။ ဘာ ဆိုင်လို့လဲ ။ ဘယ်နေရာပဲ နေနေ နေတဲ့ လူ စရိုက် ကို လိုက်ပြီး အခြေအနေ က ပြ စမြဲကွယ် ။ ဥပမာ ကွာ တို့ တောင်ပိုင်း က ဟို ကျောင်းဒကာကြီး ရဲ့အိမ် ကို ကြည့်ပါလား ။ တစ်အိမ်လုံး ကော်တရာ ကပ်စေးနှဲ ကြီး ပဲ ။ သူတို့ အိမ် ကို ဧည့်သည် လာ မှာ ကျွေးရ ၊ မွေးရ မှာ ကို သိပ် ကြောက် တယ် ။ အိမ်သားချင်း လည်း ဖက်လှဲတကင်း ချစ်ချစ်ခင်ခင် မနေကြဘူး ။ မှိုင်းလုံး ကော်ဇောကြီးတွေ အခန်းပြည့် ဟိန်း နေပေမယ့် လူတွေ ကြည့် လိုက်ရင် မျက်နှာသေလေး တွေ နဲ့ ။ ပြုံးပြုံးရွှင်ရွှင် ဘယ်တော့ မှ မတွေ့ ရဘူး ။ တစ်အိမ်လုံး တိတ်ဆိတ် ခြောက်ကပ် နေတာပဲ ။ လူနာ အသက် ထွက်ခါနီး အိမ် လိုပဲ ။ အဲဒါ သင်္ချိုင်းကုန်းတွေ အလယ် က ဆင်းရဲသူမ မိကြည် အိမ် နဲ့ ဘယ်လောက် ကွာသလဲ ဆိုတာ သိစေချင် လို့ နင်တို့ ငါ သွား ခိုင်းတာ ”
မေ့ အစ်မ မဂျူး ခေါ် ခင်ထားရီ သည် ကျောင်းဆရာမ ဖြစ်၏ ။ အပြော ကောင်း၏ ။ အသင်အပြ ကောင်း၏ ။ တောင်ကြီး အလက အမှတ် ( ၃ ) တွင် သူ ကိုင်သော အစိုးရစစ် စတုတ္ထတန်း မှာ ၁၆ နှစ် တိုင်တိုင် နှစ်စဉ် တန်းလုံးကျွတ် အောင် ခဲ့သော ကြောင့် ၁၉၈၁ ခုနှစ် က ဆရာမိဘ အသင်း က ဂုဏ်ပြုဆု ပေးခဲ့ကြောင်း သတင်းစာများ တွင် ပါခဲ့သည် ။ ကျွန်တော်တို့ လည်း သူ့ အပြော ကောင်းမှု ကြောင့် သူ့ ကို ပဲ လမ်းပြ စေကာ ထို နှစ် က မိကြည် အိမ် ရောက် သွား ခဲ့ပါ၏ ။ ယင်း မှ စ၍ မိကြည် နှင့် ကျွန်တော်တို့ ခင်မင် ခဲ့ကြသည် ။ နွေရာသီ ကျွန်တော်တို့ တောင်ကြီး ရောက်ပြီ ဆိုလျှင် သူ က ကျွန်တော်တို့ ဆီ လာမြဲ ၊ ထမင်း စားဖို့ ဖိတ်ခေါ် မြဲ ။
ယခု အစ က ဖော်ပြခဲ့သည့် အတိုင်း မဂျူး က ကျွန်တော်တို့ ရောက်တယ် ကြား လို့ မိကြည် လာတယ် ဆိုတော့ မေ သာ မက ကျွန်တော် ပါ အိပ်ခန်း ထဲ က ထွက်ပြီး ...
“ မကြည် နေကောင်းတယ် နော် ”
“ ကောင်းပါတယ် ဆရာ ”
“ ကလေးတွေ ကော ”
“ အားလုံး ကျန်းမာကြပါတယ် ဆရာ ”
မကြည် နှင့် ကျွန်တော် နှုတ်ဆက်ပြီး နောက် မေ က ...
“ ဟယ် ... မကြည် ၊ အလုပ် ပြီး လို့ လာတာ လား ၊ ငါ မင်း အတွက် ငါးပိရည်ကျို ကောင်းကောင်း ဝယ်ခဲ့တယ် ”
“ အို ... အားနာစရာကြီး အစ်မ ရယ် ၊ ကျွန်မ အစ်မ ရောက်တယ် ကြားတာ နဲ့ ရုံး က အလုပ်တွေ ပြီးပြီးချင်း ဝမ်းသာအားရ လာ ခဲ့တာ ၊ ရော့ ... အစ်မ စားဖို့ နေကြာစေ့ထုပ် ”
“ မကြည် က လည်း ဒုက္ခ ရှာလို့ဟယ် ၊ ရော့ ... ရော့ ငါးပိထုပ် တစ်ပိဿာပဲ ပါခဲ့တယ် ”
“ အို ... ကျေးဇူး အများကြီး တင်ပါတယ် အစ် မရယ် ၊ ကျွန်မ ကလေးတွေ က ရှမ်းပြည် မွေးပေမယ့် အစ်မကြီး မမမွန် ရှိစဉ် ကတည်း က ငါးပိရည်ကျို ယူ ယူ လာလို့ သူတို့ ခံတွင်း တွေ့ နေကြတာ လေ ။ သူတို့ ကို ငါးပိရည်မွှေးမွှေး ကို စပ်သီးထောင်း နဲ့ ဂေါ်ရခါးညွန့်ပြုတ် ဆိုရင် ဒီ့ပြင် ဟင်း တောင် မလိုဘူး အစ်မ ရဲ့ ၊ သူတို့ သိပ် ကြိုက်ကြတာ ၊ ဒါနဲ့ အစ်မ တို့ မနက်ဖြန် ညနေ ကျွန်မ အိမ် ထမင်း စား လာပါလား ”
“ အို ... နေပါစေဟယ် ၊ တို့ ဒီမှာ တစ်လ လောက် ကြာဦး မှာ ၊ ပြန်ခါနီး မှ ပေါ့ ”
“ မဟုတ်ပါဘူး အစ်မ ရဲ့ ၊ အစ်မ ကို တိုင်ပင်စရာ ရှိလို့ပါ ၊ ထမင်း မဟုတ် တောင် ချပါတီ နဲ့ ကြက်သားဟင်း စား ပါ ၊ တစ်ခါတလေ အပြောင်းအလဲ ပေါ့ ၊ ဆရာ ဖို့ တော့ ဂေါ်ရချို အရက် ကောင်းကောင်း ယူထား လိုက်မယ် ”
“ အေးလေ ... ဒါဖြင့် လည်း လာခဲ့မယ် ၊ ညနေ ၄ နာရီခွဲ လောက် ပေါ့ ။ ဘာမှ တော့ ကြီးကြီးကျယ်ကျယ်တွေ လုပ် မထားနဲ့ နော် ”
မကြည် မျက်နှာ အလွန် ရွှင်ပျ သွား ကာ မဂျူး အား ...
“ ဒီ အစ်မ လည်း လိုက်ခဲ့ပါ ”
“ ငါ မအားဘူး ၊ ညနေ ကလေးတွေ ကျူရှင် ရှိနေသေးတယ် ”
မေ့ အား “ အစ်မတို့ မြေးတွေ တော့ ခေါ်ခဲ့ နော် ”
“ အေးဟေ့ ... ဒါတော့ သူတို့ ထား ပစ်ခဲ့လည်း ရမှာ မဟုတ်ဘူး ”
သို့နှင့် နောက် တစ်နေ့ ညနေ ၄ နာရီ ကျော်ကျော် လောက် တွင် ၁ဝ နှစ် ၁၂ နှစ် အရွယ် မြေးမ နှစ်ယောက် နှင့် ကျွန်တော်တို့ လင်မယား သည် တောင်ကြီးမြို့ ၏ အနောက်ဘက် နိဗ္ဗာန်ရပ်ကွက် ခေါ်သော သင်္ချိုင်း များ ရှိရာ သို့ ပျော်ပျော်ပါးပါး မော်တော်ကား နှင့် မဟုတ်ဘဲ ခြေကျင် လျှောက် ခဲ့ ကြလေ၏ ။ တောင်ကြီးမြို့ သည် တောင် နှင့် မြောက် အလျား သာ ရှည်၍ အရှေ့ နှင့် အနောက် က တစ်မိုင် မျှ ရှိတာပဲ ။ ကျွန်တော်တို့ နေအိမ် က အရှေ့တောင်ခြေ နှင့် နီး၏ ။
ယခု ဤ ဝတ္ထု ၏ ဇာတ်လိုက် မိကြည် ၏ သီရိဂေဟာ မှာ သူ ၏ တတိယမြောက် ကြင်ရာတော် အင်ဂလိုဘားမင်း ခေါ် ဂေါ်ရာကပြား က ဘရင်ဂျီ ဘာသာဝင် ဖြစ်သောကြောင့် ဘရင်ဂျီသင်္ချိုင်းတံတိုင်း အုတ်နံရံ အပြင်ဘက် တွင် တစ်ဖက်ဟပ် ကပ်၍ ဆောက် ထားသည် ။ အရှေ့ဘက် လားသော် နှစ်ခြင်းခရစ်ယာန် သင်္ချိုင်း ၊ တောင်ဘက် လားသော် မြန်မာ သင်္ချိုင်း ၊ အနောက်ဘက် လားသော် မွတ်စလင်သင်္ချိုင်း ဤသို့လျှင် မိကြည် အိမ် သည် သင်္ချိုင်း လေးမျိုး ဝန်းရံ ထားပေ၏ ။
မိကြည် ဂေဟာ သည် သင်္ချိုင်း ကို ကျောမှီ၍ အိမ်ပြု ထားရသော် လည်း တတ်နိုင် သရွေ့ နေချင့် စဖွယ် ဖြစ်အောင် လုပ် ထားသည် ။ အိမ်ရှေ့ နှင့် နံဘေး တွင် သီးပင် ၊ ပန်းပင်တွေ နှင့် ကြက် ၊ ဘဲ မွေးမြူ ၍ ဘဲ ကူးဖို့ ရေကန် နှင့် ။ သူ့ အိမ်ခြေရင်း ဘက် လမ်းမ ကပ်၍ ကား ဆိုင်တဲကလေး ဆောက်ထား သေး၏ ။ ကလေး သရေစာ မုန့်ပဲဆိုင် ။ နို့ပြီး ဆိုင်အ တွင်း ဘက် ဝင်ခဲ့တော့ လူကြီးများ အတွက် ချက်အရက် ခွက်ခြင် နှင့် ရောင်း၏ ။
ကျွန်တော်တို့ ရောက်သွား သော အခါ မကြည် သည် သူ ၏ ဂေါ်ရချို အရက် ဖောက်သည်တွေ နှင့် အလုပ်များ နေသည့် ကြား က ဝမ်းသာအားရ ပြေးထွက် လာ ကာ ..
“ ဟော ... အစ်မတို့ လာပြီ ၊ လာကြ ... လာကြ ၊ အိမ်ပေါ် သွားကြပါ ”
ကျွန်တော် က လက်ကာ ပြပြီး ...
“ နေပေ့စေ မိကြည် ၊ ဒီ အောက်မှာပဲ လေ တဖြူးဖြူး နဲ့ နေလို့ ကောင်း တယ် ” ဆိုပြီး သူ့ ဆိုင် တဲ အပြင် မှာ ဖင်ထိုင်ခုံလေး တစ်ခု ပေါ် ကျွန်တော် ထိုင် လိုက်သည် ။ သည်တော့ မိကြည် သည် ဖန်ခွက် တစ်ခု နှင့် ပုလင်း တစ်လုံး ထုတ် ပေး၍ ...
"ဒီမှာ ဆရာဖို့ ကျွန်မ သတ်သတ် ယူထားတာ ၊ စပါယ်ရှယ် ဂေါ်ရချို ”
ဂေါ်ရချို ဆိုသည် မှာ တောင်ကြီးမြို့ အနီး ပတ်ဝန်းကျင် ရှိ ဂေါ်ရခါး ရွာများ မှ ပြောင်း သို့မဟုတ် ဂျုံ ကို ချက်သော ဂေါ်ရခါး အရက်များ ကို ခေါ်ခြင်း ဖြစ်ပါသည် ။
“ ဆရာ မြည်းဖို့ တော့ ကြက်ဥတွေ ရှိတယ် ၊ ဘယ်လို ကြော်မလဲ ၊ ဟတ်ဖရိုက် လား ”
မိကြည် သည် တိုင်းရင်းလူမျိုး ဖြစ်သော် လည်း ဂေါ်ရာကပြား နှင့် ညားဖူးသော ကြောင့် ဆု ၊ ရို့စ် ၊ ဟတ်ဘွိုင် ၊ ဟတ်ဖရိုက် ဆိုတာကို နားလည်သူ ဖြစ်သည် ။ နို့ပြီး ပထမဆုံး ယောက်ျား က တရုတ် ဖြစ်ခဲ့ ခြင်း ကြောင့် တရုတ်စာ လည်း ချက်ပြုတ် တတ်သည် ။ နောက်ဆုံး ယောက်ျား က ကု,လား ဖြစ်သော ကြောင့် ကု,လားစာ လည်း ကျွမ်းကျင်၍ ယခု ကျွန်တော်တို့ အတွက် ချပါတီ နှင့် ဟင်း ကျွေးရန် စီမံ နေပါသည် ။
ဤတွင် ကျွန်တော် က “ ဟေ့ ... မိကြည် ၊ အရက် နဲ့ မြည်းတာ ဟတ်ဖရိုက် ငါ မကြိုက်ဘူးကွာ ” ခရမ်းချဉ်သီးတွေ လည်း သူ့ စားဖိုချောင် မှာ မြင် ရ၍ ...
“ ခရမ်းချဉ်သီး နဲ့ ကြက်ဥ မွှေကြော်လိုက် ကွာ ”
“ ဟုတ်ကဲ့ ... ဆရာ ”
ကျွန်တော့် မြေးတွေ တော့ သူ့ ဆိုင် မှာ ရှိသော ကလေးသရေစာတွေ အမျိုးမျိုး မှ ကြိုက်တာ ယူစား ဆိုသဖြင့် မြေးမတို့ သည် ငရုတ်သီးရဲရဲ ဆေးသကြား နှင့် စိမ် ထားသော သရက်သီးခြမ်းတွေ ကို တကြွပ်ကြွပ် စား ကြ ကုန်သည် ။
မိကြည် သည် ဆင်းရဲသူမ ဖြစ် သော်လည်း ငွေ ကို နည်း အမျိုးမျိုး နှင့် ရအောင် ရှာဖွေ တတ်သည် ။ စုဆောင်း တတ်သည် ။ နို့ပြီး အလှူ အတန်း လည်း ရက်ရော၏ ။ သူ သည် နောက်ဆုံး ယောက်ျား နှင့် ကွဲ သွား ပြီး နောက်ထပ် ယောက်ျား မယူတော့ သဖြင့် မယား လုပ်စာ ကို သုံးမည့် ဖြုန်းမည့် လူ မရှိတော့သည့် အတွက် နို့ပြီး သူ့ သားကလေးများ က လည်း သူ့ လုပ်ငန်းမှာ ကူဖော်လောင်ဖက် ရပြီ ဖြစ်သောကြောင့် တရုတ် နှင့် ရ လိုက်သော သားအကြီးဆုံး ဖိုးထောင် ၊ ကပ္ပလီ နှင့် ရ လိုက်သော အလတ် ဇူလူး ၊ ဂေါ်ရာကပြား နှင့် ရလိုက် သော အငယ်ကောင် ဂျော်နီ တို့ ကို ၅ဝဝဝိ ( ငါးထောင် ) ကုန် ရှင်ပြု နိုင်သတဲ့ ခင်ဗျ ။ မြို့ ပေါ် က ဘယ် လူကြီး လူကောင်း မှ မဖိတ်ဘူး ။ သင်္ချိုင်းကုန်းတွေ ပတ်လည် မှာ နေတဲ့ သူတို့ ရပ်ကွက် ဆင်းရဲသားတွေ ချည်း ည မနက် စာ ကျွေး လိုက်တာ ဟင်း မှ သုံးမျိုး တဲ့ ခင်ဗျ ။ ဝက်သား ၊ အမဲသား ၊ ကြက်သား ။
အဲသည် ဟင်းသုံးမျိုး ကို သရက်သီးသုပ် ၊ သီးရွက်စုံဟင်းချို နှင့် လာ ပို့တော့ မှ မမတင် တို့ ၊ မဂျူး တို့ က သူ အလှူ လုပ်တဲ့ အကြောင်း ကို သိရ သတဲ့ ။
“ ဟယ် ... တောင်ကြီးမြို့ ပေါ် က သူဌေးတွေ အလှူ တောင် မှ ဟင်း တစ်မျိုးပဲ ကျွေး တတ်ကြတာ ကို ညည်း က ဘာကြောင့် သုံးမျိုး တောင် လုပ်ရသလဲ ” ဆိုတော့ ဝက်သား က ဖိုးထောင် အဖေ အတွက် ၊ အမဲသား က ဇူလူး အဖေ တဲ့ ၊ ကြက်သား က ဂျော်နီ အဖေ တဲ့ ။ တယ် ... သောက်ကျိုး နည်း အငယ်မလေး ခတီဂျာ က မိန်းကလေး ဖြစ်နေလို့ပေါ့ ။ သင်း သာ ယောက်ျားလေး ဖြစ်ပြီး ရှင် ပြုတဲ့ အထဲ ပါမည် ဆိုလျှင် ဆိတ်သား တစ်မျိုး စားရဦး မှာ ။ မယုံ မရှိ နှင့် ။ ကျွန်တော်တို့ တွေးထင်တာ မှန်ကြောင်း စာဖတ် သူ နောက်ပိုင်း မှာ တွေ့ ရပါလိမ့်မည် ။ ဒါ ကျွန်တော့် စိတ်ကူးယဉ် လံကြုတ် ဝတ္ထု မဟုတ်ဘူး နော် ။ တကယ့် အမျိုးသမီး တစ်ယောက် အကြောင်း ရေး နေ တာပါ ။
မေ့ အစ်မ မမတင် ဆိုတာ က မိကြည် သန့်ရှင်းရေး လုပ်ရတဲ့ ရုံး က ရုံးအုပ်ကြီး ပဲ ။ “ ဟဲ့ .... မိကြည် နင် ငွေ ၅ဝဝဝိ ကျော် ကုန်အောင် အလှူ လုပ်လိုက်တယ် ဆိုတော့ နင့် မှာ ကျန်သေးရဲ့လား ” မေး တော့ “ တစ်နေ့ ရင်းစား ပဲ ရှိတော့တယ် ”လို့ ပြော သတဲ့ ။
“ အမယ်လေး ဟယ် ... ငါတို့ ရှမ်းပြည်မှာ က ‘ တစ်ပဲ ရလို့ နှစ်ပြား လှူ ငါတို့ တောင်သူ တုနိုင်ရိုးလား ’ ဆိုတာ ရှိပါတယ် ။ ညည်း မှာ ငါးထောင် ရှိတာ ငါးထောင် လှူ ပစ်ရသလား ” ဆိုတော့ ...
“ အစ်မ ရယ် ... ဒါတွေ ရှိ နေ သူခိုး ကြောက်ရ ၊ ဓားပြ ကြောက်ရ နဲ့ ကျွန်မ စိတ် မအေးရဘူး ” လို့ ပြန် ပြောသတဲ့ ။
အဲ ... နောက်ထပ် မကြည် ဆီ က သိရတာ က တော့ “ အလှူ လုပ်တုန်း က ဘုန်းကြီးတွေ ပေးတဲ့ ဆု က နောင် ဘဝ မှာ ရမှာ တွေ ၊ အခု လက်ငင်းရ တာကတော့ အခု ကျွန်မ အိမ် ကို ဘယ်သူမှ မခိုးတော့ဘူး ၊ ဘာ ပစ္စည်း မှ မပျောက်တော့ဘူး ” တဲ့ ။
ယင်းသည် ဖြစ်နိုင်၏ ။ တစ်လုတ်စားဖူး သူ့ ကျေးဇူး ဆိုသော စကား ရှိလေရာ သူခိုးများ လည်း မကြည် ထမင်း စားဖူး သွားပြီ ဖြစ်ရကား မခိုးရက်တော့ပြီ ဖြစ်လိမ့်မည် တည်း ။
စာရှုသူ မှတ်မိပါလိမ့်မည် ။ မကြည် ကို ပထမဦးဆုံး တွေ့ရစဉ်က ကျွန်တော့် ဇနီး အား “ သူ့မြင်ရတာ ငါ တိရစ္ဆာန်ရုံ ထဲ က လူဝံမ သတိရ သကွ ” ပြော မိသည် ။ ယင်းကား အပြင်ပန်း ရုပ် ။ သူ ၏ အဇ္ဈတ္တစိတ် ကို သိရပြီး အခါတွင် ကား တကယ့် မိန်းမအာဇာနည် ဟု ကျွန်တော် ယူဆ မိ တော့၏ ။
ထို့ကြောင့် တောင်ကြီး သို့ ကျွန်တော်တို့ ရောက်တိုင်း ရောက်တိုင်း မကြည် ကို ကျွန်တော် က လေးစားစွာ ဆက်ဆံသည် ။ ယခု သူ ဧည့်ဝတ် ပြု သော ဂေါ်ရခါးအရက် နှင့် ကြက်ဥကြော် ကို ကျွန်တော် သောက်စား လျက် ရှိသည် ။ မကြည် က ကျွန်တော်တို့ အတွက် ချပါတီ ကြော်ရန် ဂျုံများ နှဲ နေသည် ။ အရက်ခွက်ခြင်သမားများ လာ တို င်းလည်း သူ ရောင်း နေ၏ ။
သူ နှင့် ဘေးချင်း ယှဉ် ထိုင်ရင်း သူ ဝတ်ပြုသော နေကြာစေ့ ကို ဝါးနေ သော မေ့ အား မီးဖို ပေါ် က မြေအိုးမည်းမည်း အဖုံး ကို ဖွင့် ပြလျက် ..
“ ကြည့်စမ်း အစ်မ ၊ ကြက်သား မဟုတ်ဘူး ၊ ကြက်သား ထက် ကောင်းတဲ့ နွားမ နို့အုံသား ၊ နို့စားနွားမ ၊ မတမ်းမလေး ပိုး ထိလို့ သေတာ တဲ့ ၊ တကယ်တော့ မဟုတ်ဘူး ၊ ကြား ကောင်းအောင် လို့ သာ ပြောတာ ၊ ဆရာ အမဲသား စား ရဲ့ မဟုတ်လား ”
ကျွန်တော့် မှာ သူ ဟင်းအိုး ဖွင့် ပြလို့ နို့အုံသား ဖြူဖြူဝင်းဝင်း ကြီးတွေ မြင်ရ ကတည်း က သွားရည် ကျ နေပြီ ။ ကု,လားချက် ချက်ထားတာ ရနံ့ က လည်း မွှေးလိုက်တာ ဗျာ ။
“ ဒီမှာ မကြည် ရေ ကျွန်တော် လူ စားတဲ့ အသား မှန်သမျှ အကုန် စားတယ် ”
“ မသိပါဘူး ဆရာ ရယ် ၊ တချို့တွေ က ခြေလေးချောင်းသား မစား ဘူး ဆိုတဲ့ လူတွေ ရှိတတ်လို့ ”
“ အောင်မယ်လေး ... မကြည် ၊ ခြေလေးချောင်း ခုတင် နူးအောင် ချက် ကျွေးလည်း ကျွန်တော် စားမယ် ”
မကြည် သည် မို့အစ် နေသော သူ့ မျက်လုံး ပိတ်အောင် ရယ်၏ ။ ယင်း အခိုက် လမ်းမ ပေါ်တွင် အလွန် စုတ်ချာသော အဝတ်အစား နှင့် အသက် ၅ဝ ခန့် ရှိသော လူ တစ်ယောက် ပုဆိုးစုတ် နှင့် ပတ်ထား သော အရာဝတ္ထု တစ်ခု ကို ရင် မှာ ပိုက်လျက် တစ်ယောက် တည်း လျှောက် လာ သည် ကို မြင်ရတော့ ကျွန်တော့် မြေးမ အကြီး က စပ်စုလိုစိတ် နှင့် မကြည် အား ..
“ အန်တီ အဲ ဟို လူကြီး ဘာ ပွေ့လာတာလဲ ဟင် ”
မကြည် က လမ်းမ လှမ်း ကြည့်ပြီး သူ့ စိတ်ထဲ ဘယ်လိုမျှ ခံစားမှု ရှိပုံ မပေါ်ဘဲ ...
“ ဪ ... ကိုစံတုတ် ပဲ ၊ သူ့ ကလေး သေလို့ သင်္ချိုင်း မြေမြှုပ် ဖို့ လာတာ နေမှာပေါ့ ”
“ ဟင် ... ဒီပြင် ပို့မယ့် လူ လည်း မပါဘူး ၊ နောက်ပြီး ကလေးသေ ကို ခေါင်း လည်း မသွင်းဘူး ”
“ ခေါင်း မသွင်းနိုင် လောက် အောင် ဆင်းရဲတဲ့ လူတွေ အများကြီး ရှိတာပဲ သမီး ရဲ့ ”
မကြည် က အေးဆေးစွာ ပြော၏ ။ သို့သော် ကျွန်တော့် မြေးများ က အငြိမ် မနေနိုင်ကြ ။
“ ဟင် .... သနားပါတယ် ၊ လာဟေ့ ... အက်ဖီ ၊ တို့ လိုက်ကြည့်ရအောင် ”
ဟု သူ့ ညီမ ခေါ်ပြီး နှစ်ယောက်သား ထ ပြေး ကြတော့ ဘွားအေကြီး က ...
“ ဟဲ့ ... မြေးတို့ ပြန်လာခဲ့ ပြန်လာခဲ့ ၊ နေဝင် မိုးချုပ်ခါ နီးကြီး ၊ ဒီ အချိန် သင်္ချိုင်း ထဲ မသွားကောင်းဘူး ”
မြေးများ က မကြားယောင် ပြု၍ ထို လူကြီး နောက် လိုက်သွား မြဲ သွားကြ တော့ မေ က ကျွန်တော့် ဘက် လှည့် ကာ ..
“ ကဲ ... အဘိုးကြီး တော့် မြေးတွေ လိုက် ခေါ်ချေ ၊ သင်္ချိုင်း ထဲ မှာ ကြောက်စရာ လန့်စရာ ”
ဤတွင် မကြည် က ...
“ အို ... အစ်မ က လည်း ဘာမှ ကြောက်စရာ လန့်စရာ မရှိပါဘူး ၊ ဒီ အရပ် မှာ ရှိတဲ့ လူတွေ ဟာ သင်္ချိုင်း တွေ ထဲ ညဉ့်နက်သန်းခေါင် ဖြတ် သွား နေကြတာပဲ ။ နို့ပြီး ဒီ အရပ် မှာ ပေါက်ဖွားတဲ့ ကလေးတွေ ဟာ လည်း သင်္ချိုင်းအုတ်ဂူတွေ ဟာ သူတို့ တူတူပုန်း ကစား နေတဲ့ နေရာတွေ ပဲ ၊ ဘာမှ ကြောက်စရာ မရှိပါဘူး ၊ လူသေတွေ နေတဲ့ သုသာန်မြေ ဟာ အင်မတန် အေးချမ်းသာယာ ပါတယ် ၊ အဲ ... လူ အရှင် တွေ နေတဲ့ အရပ်သာ အန္တရာယ် အမျိုးမျိုး ရှိတတ်တာပါ ”
အင်း ... မကြည် က အလာကြီး ဗျ ။ မေ က ဆက်လက် ၍ ..
“ နို့ .. နင် သင်္ချိုင်း ထဲ နေတာ တစ်ခါ မှ သရဲခြောက် မခံရဘူးလား ”
“ အစ်မ ရဲ့ သရဲတွေ ၊ တစ္ဆေတွေ ဆိုတာ ကြောက်တတ်တဲ့ လူ အဖို့ ရှိတာ ၊ မကြောက်တတ်တဲ့ လူ အဖို့ မရှိဘူး ”
“ ဘယ်လိုလဲ ဟေ့ ... ကြောက်တတ်တဲ့ လူ ကို သာ ခြောက်တယ် ၊ မကြောက်တတ်တဲ့ လူ ကို မခြောက်ဘူး ဆိုလိုတာ လား ”
“ တစ္ဆေ ၊ သရဲ က ဘယ်သူ့ မှ မခြောက်ပါဘူး အစ်မ ရယ် ။ ကြောက်တတ်တဲ့ လူ က သာ သူ့ စိတ်ကူး နဲ့ မည်းမည်းကြီး ဟဲ့ ၊ ဖြူဖြူကြီး ဟဲ့ ၊ ဘယ်လို အသံကြီး ကြားလိုက်ရတယ် လို့ ကိုယ့် အထင် နဲ့ ကိုယ် ကြောက် ကြတာပါ တဲ့ ၊ ဂျော်နီ တို့ အဖေ က ပြောခဲ့တယ် ၊ လူ ဆိုတာ သေ ရင် ဘုရား သခင် က ကောင်းကင်ဘုံ ခေါ် သွားရော ၊ မကောင်းတဲ့ လူ ရဲ့ ဝိညာဉ် က တော့ ပျက်စီး သွားရော ၊ ဘာမှ မရှိတော့ဘူး တဲ့ ”
ကဲ .. မှတ်ကရော ဒေါ်ရွှေမေ ။ ခရစ်ယာန်မ ကို ခရစ်ယာန်တရား ဟော ခံ လိုက်ရတယ် ။ စင်စစ် မကြည် သည် သူ က မူလ မိရိုးဖလာ ဗုဒ္ဓဘာသာ ဖြစ် သော်လည်း တရုတ် နှင့် ညားတုန်းက တရုတ်အယူဝါဒ ခင်ဗျ ။ ကု,လား နှင့် ညားတော့ ဝက်သား ကို လက်ဖျား နှင့် မှ မတို့ မထိ တော့ဘူး တဲ့ ။ မမတင် တို့ က ပြောတယ် ။ သူ့ ကို ခါတိုင်း ခိုင်း နေကျလို့ “ ဟဲ့ ... မကြည် ဝက်သား ဝယ်ပေးစမ်း ” ဆိုတာ ကို ...
“ ဟင် ... အစ်မ ကျွန်မ အခု တရုတ်အမဲ မကိုင်တော့ဘူး ၊ စား လည်း မစားတော့ဘူး ” လို့ ပြန် ပြောသတဲ့ ။
အနှီကဲ့သို့ မကြည် ပေတည်း ။
ထိုမှ အတန်ငယ် ကြာတော့ ကျွန်တော်တို့ မြေးများ ပြန် လာကြ သည် ။ သို့သော် အသွားတုန်း ကလို မြူးမြူးရွှင် မဟုတ်ကြ တော့ဘဲ ကွေတွေဝေဝေကလေး တွေ နှင့် ။ သွက်လက်ချက်ချာ လှသော မြေး အငယ်မ က ကျွန်တော့် ပခုံး လာ ဖက်ပြီး ...
“ ပါပါး ရယ် ကလေးအသေလေး က လည်း တစ်ကိုယ်လုံး အရိုး ကြီးပဲ ပိန် လိုက်တာ ။ နောက်ပြီး အဲဒီ လူကြီး က လည်း ငို လည်း မငိုဘူး ။ ဒါနဲ့ ဖီးဖီ က ဒါ ဦးလေးကြီး ကလေး မဟုတ်ဘူးလား မေးတော့ ဟုတ်ပါတယ် သမီး ရဲ့ တဲ့ ။ ဒါဖြင့် ကိုယ့်ကလေး သေတာ ဘာလို့ မငိုတာလဲ ဆိုတော့ ငါ ငိုလို့ အသက် ပြန် ရှင်လာမယ် ဆိုတောင် မငိုဘူး တဲ့ ။ ဘာဖြစ် လို့ လဲ ဦးကြီး ရဲ့ လို့ မေးတော့ ဪ ... တူမရယ် ဒီ ကလေး သေတာ သူ့ အတွက် ဝဋ်ကျွတ် သွားတယ် ။ ဦးကြီးတို့ အတွက်လည်း ဝန် ပေါ့ သွားတယ် ။ ဦးကြီး တို့ လင်မယား က သိပ် ဆင်းရဲတယ် ကွယ် ။ နှစ်ယောက် လုပ် မှ ထမင်း စားလောက်ရုံ ရှိတာ ။ ဒီ ကလေး မွေးကတည်းက ပါချည် ပါချဲ့ ဒုက္ခိတ လေး ။ ဘယ်တော့မှ ကျန်းမာတယ် မရှိဘူး ။ သူ့ ဆေးဖိုး ဝါးခလည်း မတတ်နိုင်တော့ သေတာပဲ ကောင်းသကွဲ့ လို့ ပြောတယ် ပါပါး ရယ် ”
ကျွန်တော် သည် ဤလို စိတ် မကောင်းစရာများ မကြား လို သည် ဖြစ်၍ ...
“ ကဲ ... သမီး ၊ တော်တော့ကွယ် ” မြေး စကား ဖြတ် လိုက်ပြီး ကျွန်တော့် ပုလင်း လည်း တစ်ဝက် ကျိုးပြီ ။ မကြည် လည်း ချပါတီ ကြော် ၍ အချို့အဝက် ပြီးပြီ ။ ဟင်းရနံ့ က လည်း သင်းပျံ့လှပြီ ဖြစ်ရကား ...
“ သမီးတို့ ဆာကြရောပေါ့ ” ဟု ဆို လိုက်တော့ မကြည် က အလိုက်သိစွာ ...
“ ကဲ ... ဆရာတို့ အိမ် ပေါ် တက် ကြပါ ၊ အပေါ်ထပ် မှာ ထမင်း စားပွဲ ပြင်ထား ပါတယ် ” ဆိုသဖြင့် ကျွန်တော်တို့ ထိုင် ရာ မှ ထ ကြတော့ သည် ။
မကြည် အိမ် သည် သုံးပင်နှစ်ခန်း ခြေတံရှည် အိမ်မြင့် အောက် ထပ် မှာ လူ ငှား ထားသည် ။ ၁၁ ထစ် သော လှေကား ကျွန်တော် တို့ တက်ခဲ့ ကြတော့ စားပွဲခင်း နှင့် အကျအန ။ ပန်းကန်ခွက်ယောက်များ ပြင်ဆင် ပြီး သား ။ လိမ္မော်သီး ၊ စပျစ်သီးတွေ လည်း ရှိနေ သဗျ ။
ဤ စပျစ်သီးများ က ဝယ်ရသည် မဟုတ်ပေ ။ မကြည်တို့ အိမ် က သင်္ချိုင်း အုတ်နံရံ ကျောကပ် ဆောက်ထားသည် ဖြစ်၍ သင်္ချိုင်းမြေ ထဲ က စပျစ်ပင်ကြီး တချို့သည် ထို အုတ်နံရံ တွယ် တက်ခဲ့ရာ အသီးအခိုင်တွေ ပြွတ်လို့ ။ မကြည်တို့ အိမ် အပေါ် ထပ် နောက်ဖေး ပြတင်းပေါက် မှ ထွက်၍ အုတ်နံရံ ပေါ် လျှောက် ခူး ရုံပဲ ။ ထို ပြတင်း မှ ဘရင်ဂျီသင်္ချိုင်း ကို လှမ်း မြင် နေရသည် ။ ခရစ်ယာန်သင်္ချိုင်း တို့ မည်သည် အစောင့် လည်း ထားသည် ။ ကွယ်လွန်သူ တို့ ၏ ဆွေမျိုးသားချင်းများ က လည်း အခွင့် သင့် တိုင်း လာ၍ အုတ်ဂူ ကို ဂါဝရ ပြုခြင်း ၊ သန့်ရှင်းရေး လုပ်ခြင်း တို့ကြောင့် မကြည် တို့ အိမ် နောက်ခန်း ရှုမျှော်ခင်း က သာယာ လှ ပါ၏ ။
ခဏ အကြာ ၌ မကြည် ၏ သား ဇူလူး နှင့် ဂျော်နီ တို့ က အငွေ့ တထောင်းထောင်း နှင့် စားစရာများ ယူ လာပါသည် ။ ပဲနီလေး ဟင်းချို ၊ ချပါတီ နှင့် နွားမနို့အုံသားဟင်း ။ ၎င်းတို့ နှင့် တွဲဖက် မိလှသည် က ချက်တနီ ခင်ဗျ ။ ချဉ် ၊ ငန် ၊ စပ် ၊ ချို ၊ ဆိမ့်မွှေး ။
ကျွန်တော် ခံတွင်းတွေ့ လှ၍ ...
“ ဟေ့ ... မကြည် ဒီ ချက်တနီ ဘာနဲ့ ဘာနဲ့ လုပ်တာလဲ ” မေး တော့ ...
“ သရက်သီးစိမ်း ရယ် ၊ ကြံသကာ ရယ် ၊ မြေပဲလှော်အ မှုန့်ထောင်း ရယ် ၊ ပဲနံ့သာစေ့ ရယ် ၊ ဆားရည်ပြုတ် ပျစ်ပျစ် မွှေပြီး ငရုတ်သီးမှုန့် ဆီချက် လောင်း ထားတာပါ ဆရာ ”
“ ကောင်းသကွာ ၊ ဟေ့ ... မေ အဲဒီနည်း အိမ် ယူခဲ့စမ်း ”
မြိန်ရှက်လှစွာ ကျွန်တော် တို့ စားသောက်ပြီး သစ်သီးများ နှင့် အချို တည်း နေစဉ် မကြည်သည် မေ့ အား ဓာတ်ပုံ တစ်ခု ထုတ် ပြ၏ ။ ကု,လားဆင် အပျိုပေါက်မလေး တစ်ယောက် ဂီတာကြီး ထောင် ကိုင် လို့ ။
“ အစ်မ ဒီ ကောင်မလေး မှတ်မိလား ”
“ ဟင့်အင်း ... ဘယ်သူလဲ ”
“ ကျွန်မ သမီး ခတီဂျာ လေ ”
ဪ ... ၁၉၆၅ ခုနှစ် ကျွန်တော် မကြည် ကို စ တွေ့စဉ်က သူ့ သားတွေ အုန်းနို့ခေါက်ဆွဲ ကျွေးရန် မမတင် တို့ အိမ် ခေါ် လာတော့ သူ့ ကျော တွင် သိုင်း ထားသော အထုပ် ထဲ က ကလေး ပေ တကား ။ မေ က အံ့အားသင့် လျက် ...
“ ဟင် ... တော်တော်တောင် ကြီးနေပါပြီ လား ၊ သူ့ အသက် ဘယ်လောက် ရှိပြီလဲ ”
“ ၁၅ နှစ် ၊ အစ်မ ကို တိုင်ပင်စရာ ရှိတယ် ဆိုတာ သူ့ ကိစ္စ ပဲ ”
“ ဘာဖြစ်လို့လဲ မကြည် ရဲ့ ”
“ သူ ဒီ ဂီတာကြီး နဲ့ ဓာတ်ပုံ ရိုက်တာ ဘာလို့လဲ အစ်မ သိလား ”
“ ဂီတာ ဝါသနာ ပါလို့ ဖြစ်မှာပေါ့ ”
“ ဘယ် ဟုတ်ရမှာလဲ အစ်မ ရယ် ၊ ဂီတာ တဒေါင်ဒေါင် နဲ့ ညည သူ့ လာ ရှိတ်နေတဲ့ ကောင်လေး ကို ပေးဖို့ ၊ သူ က လည်း ဂီတာ ဝါသနာ ပါပါတယ် ဆိုတဲ့ သဘော နဲ့ ရိုက်တာ ”
“ ဒီတော့ ဘာဖြစ်လဲ မကြည် ရယ် ”
“ ကျွန်မ က ဒီလို ဒိုးဒိုးဒေါင်ဒေါင်သမား နဲ့ သဘော မတူဘူး ၊ ဒီလို ကောင်လေးမျိုးတွေ ဟာ အလုပ် ကို လက်ကြော တင်း အောင် မလုပ်တတ် ဘူး ၊ နို့ပြီး ဘိန်းဖြူသမား လည်း ဖြစ်တယ် ”
“ ဒီကောင်လေး ကို မကြည် သိလား ”
“ သိတာပေါ့ ။ ကျွန်မ သရေစာ ရောင်း နေတဲ့ ကျောင်း က ပဲ ၊ အခု ကျောင်း မတက်တော့ဘူး ၊ ကိုးတန်း နှစ်ခါ ကျ ထားလို့ ၊ နို့ပြီး ဒီ ကောင်လေးမျိုး က ကျွန်မ သမီး ကို တကယ် ယူမှာလည်း မဟုတ်ပါဘူး ၊ သူ က ယူချင်ဦး တော့ သူ့ မိဘ က ကျွန်မတို့ ကို သင်္ချိုင်းကုန်း က ဟာတွေ ရယ် လို့ သဘော တူ မှာ မဟုတ်တဲ့ လူတန်းစားတွေ ”
“ ဒါတွေ မကြည် က ခတီဂျာ ကို ပြော မပြဘူးလား ”
“ ပြောပြပါတယ် ၊ ဒါပေမဲ့ ပြောတုန်း က တော့ နားထောင် သယောင် နဲ့ နောက်တော့ ခွေးမြီး ကောက် ကျည်တောက် စွပ် ပဲ ”
“ ခတီဂျာ ကို ကျောင်း မထားဘူးလား ”
“ ထားခဲ့ဖူးပါတယ် ၊ ဒါပေမဲ့ လေးတန်း သုံးခါ ကျ နေတော့ ဘာလုပ် တော့ မှာလဲ အစ်မ ရယ် ”
“ ဒါဖြင့် သူ့ ကို ဒီ အိမ်ဆိုင် မှာ ပဲ ထိုင်ရောင်း ခိုင်းပေါ့ ”
“ ရောင်းခိုင်းတယ်လေ ။ အဲဒါ ခက်တာပေါ့ အစ်မ ရဲ့ ၊ ရတဲ့ ပိုက်ဆံ ခိုးပြီး အဲဒီ ကောင်လေး ပံ့ပိုး ရတာ နဲ့ ၊ ဓာတ်ပုံ အမျိုးမျိုး ရိုက်ရတာ နဲ့ ဒါကြောင့် သူ့ ကို ဒီမှာ မထားဝံ့တော့ဘူး ၊ ဖိုးထောင် ဆီ ပို့ ထားလိုက် ရတယ် ”
“ ဖိုးထောင် က ဘယ်မှာလဲ ”
“ ပင်စင်ရွာ မှာ လေ ၊ ဂေါ်ရခါးမလေး တစ်ယောက် နဲ့ အိမ်ထောင် ကျ ပြီး ယာ လုပ်တယ် ၊ အဲဒါနဲ့ အစ်မ ကို တိုင်ပင်ချင်တယ် ဆိုတာ က ခတီဂျာ ကို လင် ပေးစား ပစ်လိုက်ရ ကောင်းမလားလို့ ”
“ ဘယ်သူနဲ့ လဲ ”
“ ကျွန်မ တွေ့ ထားတယ် ၊ သူ က ခတီဂျာ ကို လိုချင်တယ် ပြော တယ် ၊ အသက် ၂၀ ၊ အစိတ် လောက် ပဲ ရှိဦးမယ် ”
“ ဘာ လုပ်သလဲ ”
“ ပျံကျ အလုပ်သမား ပဲ ၊ တွေ့ရာကြုံရာ ကို လုပ်နိုင်တယ် ၊ ကျွန်မ က ကျွန်မ နဲ့ တူတဲ့ အဲဒီလို လူမျိုး မှ သဘောကျ တာ ၊ အခု သူ ဈေး ကူလီ လုပ် နေတယ် ၊ တော က လာတဲ့ ခရမ်းချဉ်သီးတောင်းကြီး တွေ အတင်အချ အပို့အယူ ပေါ့ ”
ယင်း ၌ မကြည် သမက်လောင်း ၏ လုပ်ငန်း ဝင်ငွေ ကို ကျွန်တော် မှန်းဆ မိ လေပြီ ။
ကျွန်တော် သည် တောင်ကြီးမြို့ နံနက်ခင်းများ ၌ ဈေးကြီး ၏ အနောက်မြောက် ထောင့် ခရမ်းချဉ်သီးများ အရောင်းအဝယ် လုပ်ရာ ဌာန သို့ သွားရောက် လေ့လာခဲ့ ဖူးသည် ။ တောင်ကြီးမြို့နယ် သည် ခရမ်းချဉ် သီး အလွန် ထွက်၏ ။ ပိဿာချိန် လေးငါး ၆ဝ ဝင် သည့် ခရမ်းချဉ်သီး ခြင်းကြီးတွေ အပြည့် တင် ထားသည့် လော်ရီကားကြီးများ တစ်စီး ပြီး တစ်စီး ဆိုက်ရောက် လာကြသည် ။ ရှေးခေတ် က ကူလီ ခေါ်ကြသော အလုပ်သမား နှစ်ယောက် တစ်တွဲ ၊ ကား ပေါ် က တစ်တွဲ ၊ ကား အောက် က တစ်တွဲ ခြင်းကြီးတွေ ကို ကား ပေါ် က ချ ကတ္တား ပေါ် တင်ပေး ။ အဲဒါ ရောင်းတဲ့ လူ ဆီ က တစ်ခြင်း တစ်ကျပ် ၊ တစ်ဖန် ဝယ်တဲ့ သူ ရဲ့ ကား ပေါ် တင်ပေး ရတာ က လည်း တစ်ကျပ် ၊ သို့မဟုတ် ဈေး အတွင်း သို့ လက်တွန်းလှည်း နှင့် တင်ပို့ရတာ လည်း တစ်ကျပ် စီ ပဲ ။ ယင်း၌ ကျွန်တော် အလုပ်သမား လေးယောက် တစ်ဆိုင်း ၏ ဝင်ငွေ ကို တွက် ကြည့်သည် ။ နေ့စဉ် ခရမ်းချဉ်သီးခြင်း ပျမ်းမျှ ၁ဝဝ လောက် တော့ အတင်အချ လုပ် ရ သည် ။ အခြား ပျံကျ အလုပ် လည်း ရှိပေဦးမည် ။
ဤ ခရမ်းချဉ်သီး အတင်အချ လုပ်သော လူငယ်လူရွယ်များ မှာ ဗလ ကောင်းသည် ။ ကျန်းမာသန်စွမ်း ကြသည် ။ အလုပ် လုပ်ရင်း တဟီးဟီး တဟားဟား နှင့် ပျော်ပျော်ရွှင်ရွှင် ရှိကြသည် ။ ယင်းကို ကျွန်တော် ပြန်လည် စဉ်းစားမိ သဖြင့် ...
“ မကြည် အကြံမဆိုးဘူး ” ဟု ပြောလိုက် မိ ရာ သူ့ မျက်နှာ ဝင်းပ သွား လျက် “ ဆရာ ဒီလိုမျိုး သဘောကျ သလား ”
“ စာမေးပွဲ ခဏခဏ ရှုံးပြီး ဂီတာ တဒေါင်ဒေါင် အကောင် နဲ့ စာ ရင် တွင်းထွက်ပတ္တမြား နဲ့ လမ်းပေါ် က ကျောက်ခဲ ပါ ပဲ မကြည်ရယ် ”
ထိုနှစ် ကျွန်တော်တို့ တောင်ကြီး မှ ပြန်ခဲ့ကြ ပြီး တစ်လ လောက် အကြာ မရီးများ ဆီ မှ စာထဲ မှာ ပါလာသည် ။ မကြည် သည် သူ့ သမီး ခတီဂျာ ကို ဈေး ထဲ မှ အလုပ်ကြမ်းသမားကလေး တစ်ယောက် နှင့် မင်္ဂလာ ဆောင် သည် ။ အောင်မယ်လေး လူချမ်းသာတွေ မှ ဖွယ်ဖွယ်ရာရာ ဆွေမျိုး သင်္ဂဟတွေ ရွေးချယ် ဖိတ်ပြီး ကော်ဖီ တစ်ခွက် စီ နှင့် ကိတ်မုန့် လောက် ကျွေး တတ်ကြတာ ။ မိကြည် က သူ့ သင်္ချိုင်းကုန်း မှ လူတွေ ကို ဆန် ခြောက်တင်း ကုန် ဒံပေါက် ချက် ကျွေး သတဲ့ ။ လာသမျှ လူ ကြိုက်သလောက် စား ၊ ကြက်သား ၊ ဆိတ်သားဟင်း က နှစ်မျိုး တောင် ငွေ ၈ဝဝဝိ ( ရှစ်ထောင် ) ကျော် ကုန် သတဲ့ ။ သူတို့ ရပ်ကွက်သားတွေ ဆီ က ဘာ လက်ဖွဲ့ မှ လည်း ဖွယ်ဖွယ်ရရ ရတာ မဟုတ်ဘူး တဲ့ ။
သည် စာ ဖတ်ပြီး ကျွန်တော် နှစ်ထောင်းအားရ ရှိလှသည် ။ စင်စစ် မကြည် သည် မျက်နှာကြီး မင်္ဂလာဆောင် များ လို ဘယ်လောက် ကုန် ကျွေးလိုက် ၊ ဘယ်မျှ တော့ ပြန် ရမှာပဲ လို့ တွက်ဆမှု မရှိ ။ မိမိ ကလေး ဆုံး လို့ မှ သေတာ ကောင်းတယ် ဟု ပြောဆို ရသော သူတို့ ရပ်ကွက် ရှိ ဆင်းရဲသားများ အား ကောင်းကောင်းမွန်မွန် ၊ ဝဝလင်လင် စား စေ လိုသော စေတနာ သာ ရှိလိမ့်မည် ဖြစ်ပါ၏ ။
ကဲ ... သူလို မိန်းမ သည် သူ မှ တစ်ပါး အခြား ရှိပါဦးမည် လား ... ။
◾သော်တာဆွေ
📖 ထို သုံးဦး ဤ ကိုးပုဒ်
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment